← Chapters

အခန်း (၁၀၄၂-၁၀၄၄)

Vol. 70 Ch. 1042-1044

အခန်း (၁၀၄၂-၁၀၄၄)

Vol. 70 Ch. 1042-1044

အခန်း(၁၀၄၂)

ခန်းမထဲမှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းဆေးဥယျာဥ် အတွင်းမှ ဆေးပင်များကို ရှာဖွေခဲ့သည်။

သို့သော်လည်း ရှေးဟောင်းဆေးဥယျာဥ်ရှိ ဆေးစိုက်ခင်းအများစုကို အစီအရင်များဖြင့် တားဆီး ကာကွယ်ထားသဖြင့် ကျန်းချန်၏ စွမ်းရည်ဖြင့်ပင် ထိုအစီအရင်များကို ဖြိုခွဲရန် အလွန်ပင် ခက်ခဲခဲ့ရသည်။

ထို့ကြောင့် ကျန်းချန်သည် သူ့အတွက် အသုံးဝင်သော တန်ဖိုးရှိ ဆေးပင်များကိုသာ ရွေးချယ်၍ စုဆောင်းခဲ့သည်။

ဤသို့ဖြင့် ရှေးဟောင်း ဆေးဥယျာဥ်ထဲတွင် နှစ်ရက်တာ ကုန်ဆုံးပြီးနောက်တွင် ကျန်းချန်သည် အဖိုးတန်ဆေးပင် အများအပြားကို ရရှိခဲ့သည်။

တတိယမြောက်နေ့၏ နံနက်ခင်းတွင် ကျန်းချန်သည် ရှောင်ပိုင်ရီ ထံမှ ရုတ်တရက် ဆက်သွယ်မှုကို လက်ခံရရှိခဲ့ပြီး ဆေးဥယျာဥ်မှ ဆေးပင် ရှာဖွေစုဆောင်းခြင်း လုပ်ငန်းစဥ်ကို ရပ်တန့်လိုက်သည်။

အကြောင်းရင်းမှာ ရှောင်ပိုင်ရီက သူ့ကို ရွှယ်မင် ကျောင်းဆောင် ပေါ်ထွက်လာပြီ ဖြစ်ကြောင်း ပြောပြလိုက်၍ ဖြစ်သည်။

ရွှယ်မင်ကျောင်းဆောင်။

၎င်းသည် ရွှယ်မင် သူတော်စင်နယ်မြေ၏ အချက်အချာ အကျဆုံးနေရာ ဖြစ်ပြီး သူတော်စင်ရွှယ်မင် ကိုယ်တိုင် ကျင့်ကြံခဲ့သောနေရာလည်း ဖြစ်သည်။

ထိုနေရာတွင် ပကတိအင်ပါယာတစ်ပိုင်း ဖြစ်သည့် သူတော်စင်ရွှယ်မင်၏ တစ်သက်တာ အမွေအနှစ်များသာမက အင်ပါယာအဆင့်ကို ထိုးဖောက်မည့် လျှို့ဝှက်ချက်လည်း ချန်ထားခဲ့သည်ဟု ဆိုကြသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီးသည် ကြီးမားသော ကပ်ဘေးကို ကြုံတွေ့ခဲ့ရပြီး အင်ပါယာအဆင့်ကျင့်ကြံသူများသည် တစ်ညတည်း ပျောက်ကွယ်သွားကာ အင်ပါယာလမ်းကြောင်းသည်လည်း လုံးဝ ပြတ်တောက်သွားခဲ့ရသည်။

ထို့နောက်ပိုင်းတွင် ရှန်းဝူတိုက်ကြီး၌ အင်အားကြီးမားသော အင်ပါယာ တစ်ပါးမှ မပေါ်ထွန်းတော့ပေ။

နတ်သန္ဓေအင်ပါယာ အထွတ်အထိပ်အဆင့်ရှိ ပြိုင်ဘက်ကင်းကျင့်ကြံသူ များစွာပင်လျှင် သူတို့၏ တစ်သက်တာလုံးကို အစွမ်းကုန် ကျင့်ကြံခဲ့သော်လည်း အဆုံးသတ်ခြေလှမ်းကို မလှမ်းနိုင်ခဲ့၍ အင်ပါယာအဆင့်သို့ မရောက်ရှိခဲ့ကြပေ။

ထိုအထဲတွင် ပကတိအင်ပါယာအဆင့်နှင့် အနီးစပ်ဆုံးသူမှာ သူတော်စင်ရွှယ်မင် ဖြစ်သည်။

သူတော်စင်ရွှယ်မင် ချန်ထားခဲ့သော လျို့ဝှက်ချက်သည် သူတော်စင်မြို့တော် ငါးမြို့အတွက် အလိုချင်ဆုံးအရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

လွန်ခဲ့သော နှစ်‌ထောင်‌ပေါင်းများစွာကပင် သူတော်စင်မြို့တော် ငါးမြို့သည် နှစ်တစ်ရာတွင် တစ်ကြိမ် အင်ပါယာအမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ခဲ့သည်။

သို့သော်လည်း ထိုလျှို့ဝှက်ချက်ကို မည်သူမှ မရရှိခဲ့ပေ။

"ရွှယ်မင်ကျောင်းဆောင် ထွက်ပေါ်လာပြီ ဆိုတော့ ငါဒီကနေအရင်ဆုံး ထွက်သွားမှ ဖြစ်တော့မယ်ထင်တယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ပကတိ အင်ပါယာ တစ်ပိုင်း ချန်ထားရစ်ခဲ့သော အမွေအနှစ်နေရာသည် ဤရှေးဟောင်း ဆေးဥယျာဥ်ထက် များစွာပို၍ တန်ဖိုးရှိမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ရွှယ်မင်ကျောင်းဆောင်က ပေါ်ထွက်လာပြီ ဖြစ်ရာ သူ့အနေဖြင့် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ချေ။

ထို့နောက်တွင် ကျန်းချန်၏ ပုံရိပ်သည် လင်းလက်သွားခဲ့ပြီး ရှေးဟောင်းဆေးဥယျာဥ်၏ အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

ကျန်းချန် ရှေးဟောင်းဆေးဥယျာဥ်ကနေ ထွက်ခွာလာသောအချိန်တွင် လုရွှေဝိညာဥ်ကန်ထဲတွင် ဝူကျန့်ယန်သည် ထျန်းဝူမြို့တော်မှ တပည့်အချို့နှင့်အတူ ကန်ထဲရှိ ရတနာများကို ရှာဖွေနေခဲ့သည်။

သူက လုရွှေဝိညာဥ်ကန်ထဲမှ ရတနာများကို ရှာဖွေရင်း တစ်ဖက်ခြမ်းရှိ ဝိညာဥ်မြူများ ဖုံးအုပ်နေသည့် နေရာသို့ မကြာမကြာ လှမ်းကြည့်နေခဲ့သည်။

"ဒီစောက်ရူးက ရက်အနည်းငယ်တောင် ကြာနေပြီ.. ဘာလို့ ဆေးဥယျာဥ်ထဲကနေ မထွက်လာရသေးတာလဲ"

ဝူကျန့်ယန်က စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

သူ၏ မျက်နှာထားက အလွန်ပင် သုန်မှုန်နေခဲ့သည်။

ထိုကောင်လေးက ရှေးဟောင်း ဆေးဥယျာဥ်ထဲကို မည်ကဲ့သို့ဝင်သွားမှန်း သူနားမလည်နိုင်ခဲ့ပေ။

ဤရက်ပိုင်းတွင် ဝူကျန့်ယန်သည်လည်း ရှေးဟောင်းဆေးဥယျာဥ်ထဲကို ဝင်ရန်ကြိုးစားခဲ့သည်။

သို့သော်လည်း သူတို့ ထျန်းဝူမြို့တော်၏ အစီအရင်သခင်သည် ရှေးဟောင်းဆေးဥယျာဥ်၏ အတားအဆီးကို မည်ကဲ့သို့ ဖြေရှင်းရမည်မှန်း မသိခဲ့ပေ။

ထို့ကြောင့် ဝူကျန့်ယန်က မတက်သာဘဲ နောက်ဆုတ်ဖို့သာ ရွေးချယ်လိုက်ရသည်။

သူက ရှေးဟောင်း ဆေးဥယျာဥ်ကနေ ကျန်းချန် ပြန်လည်ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့သော်လည်း ရက်အနည်းငယ် ကြာသည်အထိ ကျန်းချန်သည် မထွက်ပေါ်လာခဲ့ပေ။

"စီနီယာအကို ကျန့်ယန်.. ကျွန်တော်တို့ ဆက်စောင့်လို့မဖြစ်တော့ဘူး.. အစောပိုင်းကပဲ ရွှယ်မင်ကျောင်းဆောင်ကို ဖွင့်လှစ်လိုက်ပြီဆိုတဲ့ သတင်းကို ရခဲ့တယ်.. ကျွန်တော်တို့ အရင်ဆုံးရွှယ်မင်ကျောင်းဆောင်ကို သွားလိုက်ရအောင်.. ဒီကောင့်ကို စောင့်ဆိုင်းနေတာထက် ရွှယ်မင်ကျောင်းဆောင် ထဲကို ဝင်တာက ပိုပြီးတော့ ကျွန်တော်တို့ အတွက် တန်ဖိုးရှိလိမ့်မယ်"

ထိုအချိန်တွင် ထျန်းဝူမြို့တော်မှ တပည့်တစ်ယောက်သည် ဝူကျန့်ယန်ကို ရုတ်တရက်ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်.. ငါတို့ ရွှယ်မင်ကျောင်းဆောင်ကို အရင်သွားပြီး အခွင့်အလမ်းတွေ ရအောင်ယူမယ်.. ပြီးရင် ဒီကောင့်ကို အတိုးနဲ့ လက်စားချေမယ်"

ရွှယ်မင်ကျောင်းဆောင်သည် သူတော်စင် ရွှယ်မင်၏ အမွေအနှစ်နေရာ ဖြစ်၍ ဝူကျန့်ယန်သည် အလွယ်တကူ လက်လွှတ်ခံရန် ဆန္ဒမရှိခဲ့ပေ။

သူက ရှေးဟောင်း ဆေးဥယျာဥ်ကို နောက်ဆုံးအနေဖြင့် ပြင်းထန်စွာ ကြည့်လိုက်ပြီး တစ်ဖက်သို့ လှည့်ထွက်ရန် ပြင်လိုက်စဥ်မှာပင် လုရွှေကန်၏ တစ်ဖက်ခြမ်းကနေ သူနှင့်အလွန်ရင်းနှီးသော ပုံသဏ္ဌာန်တစ်ခုသည် ရှေးဟောင်း ငရဲမိကျောင်း တစ်ကောင်ကို စီးကာ လာနေသည်ကို သူမြင်လိုက်ရသည်။

အခန်း(၁၀၄၂)ပြီး၏။

အခန်း(၁၀၄၃)

"ကျန်းချန် မင်းနောက်ဆုံးတော့ ရှေးဟောင်း ဆေးဥယျာဥ်ထဲကနေ ထွက်လာပြီပေါ့"

အဝေးမှလာသော ပုံသဏ္ဌာန်ကို ကြည့်ရင်း ဝူကျန့်ယန်၏ မျက်လုံးများသည် အေးစက်နေခဲ့သည်။

သူ၏ တစ်ကိုယ်လုံးတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့၏။

ကျန်းချန်က ငရဲမိကျောင်းထက်တွင် ဝံ့ကြွားစွာ ရပ်နေရင်း လုရွှေကန်ဘေးရှိ ဝူကျန့်ယန်ကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"မင်းက အခုထိ ဒီမှာရှိနေတုန်းပဲလား.."

ကျန်းချန်က ဝူကျန့်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"မင်းငါ့ကို ဒီလုရွှေကန်မှာ စောင့်နေတာလား.."

"ဟုတ်တယ်.. ငါဒီမှာမင်းကိုစောင့်နေတာက အဲဒီနေ့က မင်းငါ့ကို ပေးခဲ့တဲ့ အရှက်ကွဲမှုကို ဆယ်ဆပြန်တောင်းဖို့ပဲ"

ဝူကျန့်ယန်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေးပြီး ငါ့ရှေ့မှာ ဒူးထောက်အသနားခံလိုက်.. ဒါဆိုရင် ငါမင်းကို ခွင့်လွှတ်ဖို့ စဥ်းစားပေးမယ်"

"ဟမ့်.. အရှုံးသမားကများ ငါ့ရှေ့မှာ ဒီလို လေကျယ်ရဲတယ်.. လုရွှေကန်မှာ ရှိစဥ်ကတောင် မင်းငါ့ကို မနိုင်ခဲ့ဘူး.. အခုဆိုရင် မင်းက ငါ့ရှေ့မှာ ပုရွတ်ဆိတ်နဲ့ မခြားတော့ဘူး.. မင်းကို သိုလှောင်လက်စွပ်ပေးပြီး ဒူးထောက် အသနားခံရအောင် မင်းက ထိုက်တန်မှုရှိလို့လား"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် ကမ္ဘာလောကတစ်ခွင်လုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ငါ့မျက်စိရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားရမယ် မဟုတ်ရင်တော့ မင်းသေရလိမ့်မယ်"

ကျန်းချန်၏ သူ့ကို မျက်စိထဲပင် မထည့်သည့် စကားများကိုကြားလျှင် ဝူကျန့်ယန်သည် ရုတ်တရက် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

"ဟမ့်.. မင်းသာ လုရွှေကန်ရဲ့ ပထဝီဝင် အနေအထား အားသာချက်ကို အားမကိုးခဲ့ရင် ငါ့ကို ဘယ်လိုလုပ်ပြီး နောက်ဆုတ်အောင် လုပ်နိုင်ခဲ့မှာလဲ.. မင်းက အကောင်းအဆိုးကို နားမလည်မှတော့ သွားသေလိုက်တော့.."

ဝူကျန့်ယန်က မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် လေးညှို့မှ ပစ်လိုက်သောမြှားတစ်စင်းနှယ် ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

"မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက တန်ဖိုးမထားမှတော့ မင်းထိုက်နဲ့ မင်းကံပဲ"

ကျန်းချန်က သူ့ဆီသို့ ပြေးဝင်လာသော ဝူကျန့်ယန်ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘုရင့်စိတ်ဆန္ဒကို ချက်ချင်း ဆိုသလို စုစည်းကာ ဝူကျန့်ယန်ကို ဖိနှိပ်လိုက်သည်။

"ဝေါ့"

ကျန်းချန်ဆီသို့ ပြေးဝင်လာနေသည့် ဝူကျန့်ယန်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်ကာ လေထဲကနေ ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။

"ဘုရင့်စိတ်ဆန္ဒပါလား.. မင်း.. မင်းတကယ်ပဲ ဘုရင့်စိတ်ဆန္ဒကို စုစည်းနိုင်ခဲ့တာလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဝူကျန့်ယန်က သွေးများပေပွနေသည့် ခန္ဓာကိုယ်ဖြင့် မြေပြင်ကနေ ထရပ်လိုက်သည်။

သူက ဆန့်ကျင်ဘက် အရပ်တွင် ရှိနေသည့် ကျန်းချန်ကို ကြည့်ကာ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်စွာ ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသည့် ဤကောင်လေးသည် လုရွှေကန်၏ မြေမျက်နှာသွင်ပြင် အားသာချက်ကို အသုံးချကာ သူ့ကို အစွမ်းကုန် တိုက်ခိုက်ပြီးမှ နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။

ထိုကောင်လေးက မျက်စိတစ်မှိတ် အတွင်း ဤအဆင့်အထိ တိုးတက်လာလိမ့်မည်ဟု ဝူကျန့်ယန် ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ဝူကျန့်ယန်၏ အနောက်ဘက်ရှိ ထျန်းဝူမြို့တော်မှ တပည့်များသည်လည်း ဤအချိန်တွင် ထိတ်လန့် တုန်လှုပ်နေခဲ့ကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

"ဘုရင့်စိတ်ဆန္ဒပါလား"

သိုင်းသခင်နယ်ပယ် ကျင့်ကြံခြင်းအဆင့်ဖြင့် ဘုရင့်အဆင့်စိတ်ဆန္ဒကို စုစည်းနိုင်ခြင်းသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်၏ လက္ခဏာရပ်ပင် ဖြစ်သည်။

"မင်းတို့က င့ါရှေ့မှာ ပုရွတ်ဆိတ်ထက် မပိုဘူးလို့ ငါအစောကတည်းက ပြောခဲ့သားပဲ.."

ကျန်းချန်က ဂရုမစိုက်သော အမူအရာဖြင့် ဝူကျန့်ယန် ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

"ကျန်း.. ကျန်းချန် ငါက ထျန်းဝူမြို့တော်ရဲ့ အင်ပါယာအဆင့်ပါရမီရှင် တစ်ယောက်ပဲ.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. မဟုတ်ရင် ထျန်းဝူမြို့တော်က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ဝူကျန့်ယန်က သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော ကျန်းချန်ကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဟားဟား.. ထျန်းဝူမြို့တော်ရဲ့ အင်ပါယာအဆင့်ပါရမီရှင် ဆိုတော့ရော ဘာဖြစ်လဲ.. ငါက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်အောက်က ပြိုင်ဘက်ကင်း ဆိုတဲ့ လင်ရှီမြို့က လင်ပိုင်ချွမ်ကိုတောင် ဓားတစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့ပြီးပြီ မင်းတစ်ယောက် ထပ်တိုးလာတာ ဘာများ ထူးခြားသွားမှာမို့လို့လဲ"

ကျန်းချန်က အေးစက်စက် ရယ်မောလိုက်ပြီးနောက်တွင် သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားအလင်းသည် ဝူကျန့်ယန်နှင့် အခြားသူများကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

နောက်ထပ် တခဏတွင် ဝူကျန့်ယန်နှင့် ထျန်းဝူမြို့မှ တပည့်များသည် ထိုဓားအလင်းအောက်တွင် ဘာမှ မကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၀၄၃)ပြီး၏

အခန်း(၁၀၄၄)

ဝူကျန့်ယန်တို့ လူစုကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင် ရှိရာသို့ မဆိုင်းမတွပင် တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

နေ့ဝက်မျှ ကြာပြီးနောက်တွင် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင် ရှိရာသို့ ရောက်ရှိလာခဲ့သည်။

နန်းတော်ကဲ့သို့ အဆောက်အအုံ တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ထိုနန်းတော်ကို ထူးခြားသော သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး ထိုသတ္ထု၏ အရောင်သည် အထူးပင် တောက်ပနေခဲ့သည်။

ကျန်းချန်သည် ကီလိုမီတာ အနည်းငယ်အကွာမှပင် ထိုနန်းတော်ကြီး၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ခံစားမိခဲ့သည်။

"ဒါက ရွှယ်မင်ကျောင်းဆောင်လား.. ပကတိအင်ပါယာအဆင့်တစ်ပိုင်း ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်နေရာ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. တကယ်ကို ထူးခြားဆန်းကြယ်တာပဲ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ရွှယ်မင်ကျောင်းဆောင်သည် အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် လျှို့ဝှက်အနက်နဲဆုံးနေရာ ဖြစ်သည်။

ဒဏ္ဍာရီများအရ ဤရွှယ်မင်ကျောင်းဆောင်သည် မူလတွင် သူတော်စင်ရွှယ်မင် ဖန်တီးခဲ့သော အထွတ်အမြတ် ရတနာ တစ်ပါး ဖြစ်သည်။

အင်ပါယာအမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီး ရက်အနည်းငယ်ကြာတိုင်းတွင် ရွှယ်မင်ကျောင်းဆောင်သည် အလိုအလျောက်ပေါ်ထွက်လာလိမ့်မည် ဖြစ်၏။

ဤရွှယ်မင်ကျောင်းဆောင်တွင် အင်ပါယာအမွေအနှစ်နယ်မြေထဲရှိ အရေးအပါဆုံး အခွင့်အလမ်းများရှိပြီး ရွှယ်မင်သူတော်စင်နယ်မြေ၏ တစ်သက်တာလုံး စုဆောင်းထားသောရတနာများစွာကိုလည်း ထည့်သွင်းထားသည်။

ထိုရတနာများတွင် ကမ္ဘာပေါ်တွင် ရှားပါးသော ရတနာများနှင့် ရွှယ်မင်သူတော်စင် နယ်မြေမှ ချန်ထားရစ်ခဲ့သော သိုင်းအမွေအနှစ် အမျိုးမျိုး ပါဝင်၏။

ဆိုရလျှင် ရွှယ်မင်ကျောင်းဆောင်ထဲမှ ထူးခြားဆန်းကြယ်သော ရတနာတစ်ခုချင်းစီတိုင်းသည် သာမန်လူများ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

အင်ပါယာအမွေအနှစ် နယ်မြေကို သူတော်စင်မြို့တော် ငါးမြို့က စတင်ဝင်ရောက်စဥ်ကတည်းနေ နှစ်ထောင်ပေါင်းများစွာအတွင်း ရွှယ်မင်ကျောင်းဆောင်သည် သူတော်စင်မြို့တော် ငါးမြို့တွင် ထိပ်တန်း ကျင့်ကြံသူများစွာကို ဖန်တီးပေးခဲ့သည်။

သူတော်စင်မြို့တော် ငါးမြို့တွင် ပါရမီထူးချွန်သည့် တပည့်အများအပြား ရှိခဲ့ကြသည်။

၎င်းတို့သည် ရွှယ်မင်ကျောင်းဆောင်၏ ကောင်းချီးကြောင့် ကောင်းကင်ကိုပင် ဆန့်ကျင်ပြီး ကျုံးကျိုးကုန်းမြေ၏ အင်အားကြီးမားသော ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။

ကျန်းချန် သိထားသလောက်ဆိုလျှင် လက်ရှိ ယန်ဒီမြို့၏ ခေါင်းဆောင်ဖြစ်သည့် ရှောင်ထျန်းဟန်သည် ယခင်က သာမန်တပည့်တစ်ယောက်သာ ဖြစ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်တစ်ရာက အင်ပါယာအမွေအနှစ် နယ်မြေ ဖွင့်စဥ်တွင် ရှောင်ထျန်းဟန်သည် ဤရွှယ်မင်ကျောင်းဆောင် ထဲမှ လျှို့ဝှက်ဆန်းကြယ်သည့် အဆီအနှစ် သွေးတစ်စက်ကို ရရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ယန်ဒီ သွေးစွမ်းအားကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ရှောင်ထျန်းဟန်သည် ကောင်းကင်ကိုပင်ဆန့်ကျင်ကာ တိုးတက်လာခဲ့ပြီး အဆုံးသတ်တွင် ယန်ဒီမြို့၏ ရှောင်မိသားစု ခေါင်းဆောင်ပင် ဖြစ်လာခဲ့သည်။

မှန်ပါသည်။ ဤကဲ့သို့ ထူးခြားဆန်းကြယ်သော အမွေအနှစ်များအပြင် ရွှယ်မင်ကျောင်းဆောင်တွင် သူတော်စင်မြို့တော်ငါးမြို့လုံး စိတ်ကူးယဥ် အိပ်မက်မက်နေရသည့် အရာတစ်ခု ရှိသည်။

ထိုအရာမှာ အင်ပါယာအဆင့်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်ပင်။

ရွှယ်မင်ကျောင်းဆောင် ဖွင့်လှစ်သောသတင်းကို ရရှိလျှင် သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင် အားလုံးသည် ထိုနေရာသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

ဤနေရာတွင် သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင် ဒါဇင်ပေါင်းများစွာ စုဝေးနေကြသည်ကို ကျန်းချန်က တွေ့ရှိခဲ့ရသည်။

၎င်းတို့ထဲတွင် သူနှင့်ရင်းနှီးသော ပုံရိပ်အများအပြားလည်း ရှိနေခဲ့သည်။

ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင် ငါးဦးထဲတွင် အပါအဝင် ဖြစ်သော ရှောင်ကျင့်ယွင်နှင့် ရှောင်ပိုင်ရီ တို့လည်း ဤနေရာသို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။

"ကျန်းချန်.. မင်းရောက်လာပြီပေါ့"

ကျန်းချန်ကို မြင်လျှင် ရှောင်ပိုင်ရီတို့ ခြောက်ဦးအဖွဲ့သည် သူ့ကို လျင်မြန်စွာ နှုတ်ဆက်လိုက်ကြသည်။

"စီနီယာအကို ပိုင်ရီ ဒဏ်ရာရထားတာလား"

ရှောင်ပိုင်ရီ၏ ကိုယ်ပေါ်မှ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာထားသည် အလွန်ပင် သုန်မှုန်သွားခဲ့သည်။

"ဘာကိစ္စတွေဖြစ်ခဲ့တာလဲ"

ရှောင်ပိုင်ရီ၏ မျက်နှာက အလွန်ပင် ဖြူဖျော့နေခဲ့ပြီး အရှိန်အဝါက အလွန်ပင် အားနည်းနေ၍ ပြင်းထန်သောဒဏ်ရာရထားသည်မှာ ထင်ရှားနေသည်။

"ကိစ္စသေးသေးလေးပါပဲ ဘာမှမဟုတ်ပါဘူး"

ရှောင်ပိုင်ရီက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လျစ်လျူရှုသောအမူအရာဖြင့် ပြောလိုက်သည်။

"ငါတို့ မကြာခင်က ရတနာတစ်ခုကို ရှာဖွေရင်း မတော်တဆ ဒဏ်ရာရသွားခဲ့တာပါ"

ထိုအချိန်တွင် ကျန်းချန်သည် ရှောင်ပိုင်ရီ၏ အနောက်မှ ဒေါသထွက်နေပုံရသည့် တပည့်များကို ကြည့်ရင်း ဤကိစ္စသည် ရှောင်ပိုင်ရီ ပြောသလောက် မရိုးရှင်းမှန်း သိလိုက်သည်။

သို့သော်လည်း ရှောင်ပိုင်ရီက ဘာမှ မပြောချင်ပုံရသည့် အတွက် ကျန်းချန်သည် အတင်းအကြပ် မမေးတော့ပေ။

"ဂျူနီယာညီငယ်လေးကျန်းချန်လည်း ရောက်လာပြီကိုး.. ဒီကိုရောက်လာပြီ ဆိုမှတော့ ရွှယ်မင်ကျောင်းဆောင်ထဲကို အတူတူ ဝင်ကြတာပေါ့.. ငါတို့အားလုံးက ယန်ဒီမြို့ရဲ့ တပည့်တွေဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်သင့်တယ်မဟုတ်လား"

ကျန်းချန်က ရှောင်ပိုင်ရီနှင့် စကားပြောဆိုနေစဥ်မှာပင် သူ၏ နံဘေးကနေ ဖော်ရွေသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၁၀၄၄)ပြီး၏။

All Chapters