အခန်း (၁၀၄၅-၁၀၄၇)
Vol. 70 Ch. 1045-1047
အခန်း(၁၀၄၅)
ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် မှင်တက်သွားခဲ့သည်။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်ဝတ် အမျိုးသားကို ကျန်းချန်သည် မစိမ်းပေ။
၎င်းသည် သူတို့ ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦးဖြစ်သော ရှောင်လီ ဖြစ်သည်။
ယန်ဒီမြို့၏ ပါရမီရှင်တပည့် စုဝေးပွဲတွင် ရှောင်လီသည် ရှောင်ကျင့်ယွင်၏ နံဘေးတွင် ရပ်နေခဲ့ရာ ရှောင်ကျင့်ယွင်၏ လူ ဖြစ်သည်မှာ ထင်ရှားနေ၏။
"ရှောင်လီ.. မင်းဘာတွေ လှည့်စားဦးမလို့လဲ"
သူတို့ဆီသို့ လျှောက်လှမ်းလာနေသည့် ရှောင်လီကို ကြည့်ရင်း ရှောင်ပိုင်ရီ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဘာမှမလှည့်စားပါဘူး..လူများလေ အင်အားပိုများလေ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ငါတို့အဖွဲ့ထဲကို မင်းတို့တွေ ပူးပေါင်းဖို့ပဲ လိုချင်တာပါ.. ငါတို့အားလုံး ဒီရွှယ်မင်ကျောင်းဆောင်ထဲကို အတူတကွ ချီတက်ကြမယ်လေ"
ရှောင်လီက ပြုံး၍ ပြောလိုက်သည်။
"မင်းက ငါတို့ကို ပူးပေါင်းခိုင်းတိုင်း ပူးပေါင်းရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
ကျန်းချန်က ရှောင်လီကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။
"ဒီက ဘယ်သူမှ မင်းအဖွဲ့ထဲကို ဝင်မှာမဟုတ်ဘူး.. ဒီနေရာကနေ ချက်ချင်းထွက်သွားစမ်း.."
"ကျန်းချန်.. ရှောင်တုလီရဲ့ တပည့်ဆိုတာနဲ့ ငါ့ရှေ့မှာ မာနထောင်လွှားလို့ ရမယ်မထင်နဲ့"
ရှောင်လီ၏ မျက်နှာထားက ရုတ်တရက် အေးစက်သွားခဲ့သည်။
သူ၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာခဲ့သည်။
"စီနီယာအကို ကျင့်ယွင်က မင်းတို့ရဲ့ခွန်အားကို အားနည်းလွန်းတယ်လို့ မြင်တဲ့အတွက် မင်းတို့ကို ဖိတ်ခေါ်ပြီး အခွင့်အရေးပေးနေတာပဲ.. မင်းတို့က တကယ်ပဲ အကောင်းအဆိုးကို နားမလည်ကြဘူး"
"ရှောင်လီ.. မင်းငါတို့ကို နောက်တစ်ကြိမ် လှည့်စားလို့ရမယ် မထင်နဲ့.. အရင်တစ်ကြိမ်ကလည်း ငါတို့ကို ပူးပေါင်းဖို့ မင်းဘက်က အရင် တောင်းဆိုခဲ့ပြီး ရှေ့ဆုံးကနေ အန္တရာယ်နဲ့ ရင်ဆိုင်ခိုင်းခဲ့တယ်.. စီနီယာအကို ပိုင်ရီတောင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တယ်.. မင်းတို့တွေ ငါတို့ကို အသုံးချတာ အဆင်ပြေပါသေးတယ်.. ဒါပေမဲ့ မင်းတို့က ရရှိခဲ့တဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို အတင်းအကြပ် သိမ်းယူသွားခဲ့တယ်.. မင်းတို့က တကယ်ပဲ ငါတို့ကို မင်းတို့ စိတ်ကြိုက် နင်းချေလို့ရတဲ့ သစ်သီးပုပ်တွေလို့ ထင်နေတာလား"
ထိုအချိန်တွင် ရှောင်ပိုင်ရီ၏ နံဘေးရှိ တပည့်တစ်ယောက်သည် ဒေါသတကြီး ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ရှောင်လီသည် အေးစက်စက်ပြုံး၍ ပြန်ပြောဆိုလိုက်သည်။
"စီနီယာအကိုကျင့်ယွင် အတွက် အသုံးချခံရတာ မင်းတို့အတွက် ဂုဏ်ယူစရာကိစ္စပဲ.. ဘာလဲ မင်းတို့လို အမှိုက်တွေက ဒီကိစ္စကို မကျေနပ်နိုင်သေးဘူးလား"
"ရှောင်လီ.. မင်းက ဘာမို့လို့ ငါ့ရှေ့မှာ အမှိုက်ဆိုတဲ့ စကားလုံးကို ပြောနေရတာလဲ.. ဒီစကားလုံးကို အသုံးပြုဖို့ မင်းက ထိုက်တန်မှု ရှိလို့လား"
ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။
"မင်းကို အခွင့်အရေးပေးမယ်..အခုချက်ချင်း ဒူးထောက်ပြီး အကို ရှောင်ပိုင်ရီနှင့် အားလုံးကို တောင်းပန်ပါ.. မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား.."
ရှောင်လီက မထီမဲ့မြင်ပြုံးလိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
သူက ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦး ဖြစ်သည်။
ဤကောင်လေးသည် အလွန်ပင် ပါရမီရှိပြီး ယန်ဒီမြို့ကို ဝင်ရောက်ပြီး လေးလပင်မပြည့်ခင်မှာပင် ထိပ်တန်းအင်ပါယာအဆင့် ပါရမီရှင်တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားနှင့်နေပြီ ဖြစ်သည်။
ဤကောင်လေးကိုသာ နောက်ထပ် နှစ်အနည်းငယ် အချိန်ပေးလိုက်လျှင် သူနှင့် ပုခုံးချင်းယှဥ်နိုင်လောက်သည် အထိ တိုးတက်လာမည်မှာ သေချာသလောက်ပင်။
အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဤကောင်လေးသည် သူ့ရှေ့တွင် မာနထောင်လွှားရန် အလှမ်းဝေးနေပါသေးသည်။
"ညီလေးကျန်းချန်.. ရွှယ်မင်ကျောင်းဆောင်က ဖွင့်လှစ်တော့မှာဆိုတော့ ဒီကိစ္စကို မေ့ပစ်တာ ပိုကောင်းမယ်လို့ထင်တယ်"
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို တီးတိုးပြောလိုက်သည်။
ယခုအခါတွင် သူတို့လူစုသည် အားနည်းနေခဲ့သည်။
ရှောင်လီနှင့်သာ ပဋိပက္ခ ဖြစ်လျှင် သူတို့ဘက်မှသာ နစ်နာလိမ့်မည် ဖြစ်၏။
"အကိုပိုင်ရီ ကျွန်တော်တို့ အားလုံးက ယန်ဒီမြို့ရဲ့ တပည့်တွေပဲ.. သူတို့အနေနဲ့ တစ်ယောက်ကိုတစ်ယောက် မကူညီနိုင်ရင်တောင် ကိစ္စမရှိဘူး.. ဒါပေမဲ့ သူတို့က အကိုတို့ကို စော်ကားခဲ့တယ်.. ဒီကိစ္စကို ဘယ်လိုလုပ်ပြီး မေ့ပစ်လိုက်လို့ရမှာလဲ.. ဒီနေ့ ကျွန်တော် သူတို့ကို သင်ခန်းစာပေးမှဖြစ်မယ်.. ဘယ်လိုမှနောက်ဆုတ်မှာ မဟုတ်ဘူး"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် ရှောင်လီ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
"ဒူးထောက်စမ်း.."
ကျန်းချန်က ဒေါသတကြီး အော်ဟစ်လိုက်ရာ ကောင်းကင်ကနေ ဝိညာဥ်စွမ်းအားများသည် လှိုင်းလုံးများပမာ ထွက်ပေါ်လာခဲ့ပြီး ရှောင်လီကို ဖိနှိပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရှောင်လီသည် နာကျင်စွာ ညီးညူလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်ကာ မျက်နှာဖြူဖျော့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
အခန်း(၁၀၄၅)ပြီး၏။
အခန်း(၁၀၄၆)
"မင်း.. မင်းက တကယ်ပဲ ဘုရင့်စိတ်ဆန္ဒကို စုစည်းနိုင်ခဲ့ပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှောင်လီက ပါးစပ်ထဲကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။
ကျန်းချန်ကို ကြည့်ကာ သူ၏ နှုတ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
သိထားရမည်မှာ ဤလူငယ်သည် အင်ပါယာ အမွေအနှစ်နယ်မြေထဲ မဝင်ခင် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံခြင်း အဆင့်သာ ရှိသည်။
ယန်ဒီမြို့၏ ပါရမီရှင်စုဝေးပွဲတွင် ကျန်းချန်၏ အစွမ်းအစကြောင့် ဧကရာဇ်အဆင့် ပါရမီရှင်ထဲတွင် နံပါတ်တစ် အဖြစ်သတ်မှတ်ခဲ့သော်လည်း သူက ကျန်းချန်ကို သိပ်အာရုံမထားခဲ့ပေ။
သို့သော် ကျန်းချန် ဟူသော ကောင်လေးသည် အင်ပါယာအမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကနေ နဝမအဆင့်ထိ တိုးတက်လာနိုင်ခဲ့သည့် အပြင် ဘုရင်စိတ်ဆန္ဒကိုပါ စုစည်းကာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့မည်ဟု ရှောင်လီ မထင်မှတ်ထားခဲ့ပေ။
"ဒီကောင်လေးက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလား.. သူက ဘယ်သူလဲ.. ယန်ဒီမြို့မှာ ဘယ်တုန်းက ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်လာတာလဲ"
"............."
ရွှယ်မင်ကျောင်းဆောင် အပြင်ဘက်ရှိ သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင် အမြောက်အများသည် အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြသည်။
"ညီလေးကျန်းချန်က ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ရောက်သွားပြီကိုး"
ရှောင်ပိုင်ရီနှင့် အခြားသူများသည် အံ့အားသင့်စွာဖြင့် ကျန်းချန်ကို မှင်တက်စွာ ငေးကြည့်နေမိကြသည်။
ခဏအကြာမှသာ မှင်တက်ရာကနေ ပြန်လည် ကောင်းမွန်လာခဲ့၏။
"နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်လို့ မပြောရဘူး တကယ်ကို သာမန်မွန်းစတားတစ်ကောင် မဟုတ်ဘူး"
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။
အင်ပါယာအမွေအနှစ် နယ်မြေထဲ မဝင်ခင် ကျန်းချန်သည် သူတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေးဟောင်း ဆေးဥယျာဥ်ကို အရင်ဆုံး သွားရောက်ရန် ရွေးချယ်ခဲ့သည်။
သို့သော် သူတို့ကို ရှောင်လီနှင့် တခြားလူများက ပိတ်ဆို့ခဲ့ကြပြီး အဆုံးသတ်တွင် ကျန်းချန်နှင့် ချိန်းထားသည့် နေရာသို့သွားရန် အဆင်မပြေခဲ့ပေ။
ထို့ကြောင့် ရှောင်ပိုင်ရီသည် ရှေးဟောင်းဆေးဥယျာဥ်သို့ ဝင်ရောက်ရန် ကျန်းချန် လက်လျှော့လိမ့်မည်ဟု ထင်ခဲ့သည်။
ယခုကြည့်ရသည်မှာ ကျန်းချန်သည် လုံးဝ လက်လျှော့ခဲ့ပုံမရဘဲ တစ်ယောက်တည်း ရှေးဟောင်းဆေးဥယျာဥ်ကို သွားကာ အောင်မြင်မှုများ ရရှိခဲ့ပုံပင်။
ကျန်းချန်က ရှေးဟောင်း ဆေးဥယျာဥ်ထဲရှိ အမြင့်မြတ်ဆုံးရတနာဖြစ်သည့် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရရှိသွားပုံရသည်။
သို့မဟုတ်လျှင် အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် သိုင်းသခင်နယ်ပယ်ဆဋ္ဌမအဆင့်ကနေ သူတော်စင်မြို့တော် ငါးမြို့၏ စတုတ္ထမြောက် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် မည်ကဲ့သို့ ဖြစ်လာနိုင်ပါမည်နည်း။
[နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်က တကယ်ကို ထူးခြားတာပဲ]
ကျန်းချန်က ရှောင်လီကို ဘုရင်စိတ်ဆန္ဒဖြင့် ဖိနှိပ်လိုက်သည်ကို မြင်လျှင် ရှောင်ကျင့်ယွင်၏ တည်ငြိမ်နေသော မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူက ယန်ဒီမြို့၏ အသန်မာဆုံး အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူတော်စင်မြို့တော် ငါးမြို့ထဲရှိ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦးထဲမှ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူ၏တည်ရှိမှုသည် လူငယ်မျိုးဆက်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူက ယန်ဒီမြို့၏ မည်သည့်တပည့်ကိုမှ မျက်လုံးထဲ မထည့်ခဲ့ပေ။
ကျန်းချန်က ယန်ဒီမြို့၏ ဧကရာဇ်အဆင့် သိုင်းပညာရပ်အမွေအနှစ်ကို ဆက်ခံခဲ့ပြီး သိုင်းသခင်နယ်ပယ်ဆဋ္ဌမအဆင့်ဖြင့် ယန်ဒီမြို့၏ အသန်မာဆုံး ဧကရာဇ်အဆင့်ပါရမီရှင်ကို အနိုင်ယူခဲ့သည့်တိုင် ရှောင်ကျင့်ယွင်သည် ကျန်းချန်ကို သူ၏ စိတ်ထဲတွင် လုံးဝ ထည့်မထားခဲ့ပေ။
သို့သော်လည်း သူထင်မထားသည်မှာ ကျန်းချန်သည် ဤမျှတိုတောင်းလှသည့် အချိန်ကာလအတွင်း ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ အမှန်တကယ် ဖြစ်လာခဲ့ခြင်းပင်။
ဤအချိန်တွင် ရှောင်ကျင့်ယွင်သည် ကျန်းချန်ဆီကနေ ခြိမ်းခြောက်မှု အနည်းငယ်ကို စတင်ခံစားလာခဲ့ရပြီ ဖြစ်၏။
ကျန်းချန်ကိုသာ ဆက်လက် ကြီးထွားခွင့်ပြုမည်ဆိုလျှင် ဤလူငယ်သည် ယန်ဒီမြို့၏ ဒုတိယမြောက် ရှောင်တုလီ အမှန်တကယ် ဖြစ်လာနိုင်ပေသည်။
"ရှောင်လီ.. အားလုံးက ယန်ဒီမြို့ရဲ့တပည့်တွေ ဖြစ်တဲ့အတွက် မင်းသာ ရှောင်ပိုင်ရီနဲ့ တခြားသူတွေကို မင်းလုပ်ခဲ့တဲ့ အပြစ်တွေ အတွက် ဒူးထောက်တောင်းမယ်ဆိုရင် ဒီနေ့ ငါမင်းအသက်ကို ချမ်းသာပေးမယ်.."
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ပိုက်ကာ ရပ်နေခဲ့သည်။
"ဟမ့်.. ဒီလိုကောင်တွေကို ငါက ဒူးထောက်ရမှာလား စိတ်ကူးမယဥ်စမ်းနဲ့"
ရှောင်လီက အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်ကို စူးရှစွာစိုက်ကြည့်လိုက်သည်။
"ဘာလဲ.. မင်းက ငါ့ကိုသတ်ရဲလို့လား"
သူက ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦးဖြစ်ပြီး သူ၏နောက်တွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်ဖြစ်သည့် ရှောင်ကျင့်ယွင် ရှိသည်။
သို့ဖြစ်ရာ ကျန်းချန်က ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
"ငါမင်းကို မသတ်ရဲဘူးလို့ မင်းထင်နေတာလား.. ဒီလောကမှာ ငါ ကျန်းချန် မသတ်ရဲတဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး"
အေးစက်စက် စကားသံဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်ကို တစ်ချက်လှုပ်ရှားလိုက်ရာ သွေးရောင်ဓားရှည် တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
အခန်း(၁၀၄၆)ပြီး၏။
အခန်း(၁၀၄၇)
ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် ဘုရင့်စိတ်ဆန္ဒကို ရှောင်လီအပေါ်တွင် ပစ်မှတ်ထားလိုက်ရာ ချက်ချင်းဆိုသလိုပင် ရှောင်လီ၏ တစ်ကိုယ်လုံးသည် ရေခဲတိုက်ထဲကို ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
"စီနီယာအကိုကျင့်ယွင် ကျွန်တော့်ကို ကယ်ပါဦး.."
ကျန်းချန်က သူ့ကို အမှန်တကယ် သတ်ပစ်တော့မည်ဟု ခံစားမိလျှင် ရှောင်လီသည် ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး ရှောင်ကျင့်ယွင်ကို အလျင်အမြန် အော်ခေါ်လိုက်သည်။
သူက ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း အင်ပါယာအဆင့် ပါရမီရှင်ငါးဦးတွင် စတုတ္ထနေရာတွင်သာ ရှိပြီး ရှောင်ပိုင်ရီထက်သာ အနည်းငယ်ပိုအစွမ်းထက်သည်။
ထို့ကြောင့် သူ၏ ခွန်အားသည် ကျန်းချန်၏ ပြိုင်ဘက် လုံးဝမဖြစ်နိုင်ခဲ့ပေ။
"မင်းလုပ်ရဲလား"
ကျန်းချန်က ရှောင်လီကို ဘုရင့်စိတ်ဆန္ဒဖြင့် ဖိနှိပ်နေသောအချိန်တွင် လေထဲကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တခဏတွင် ဘုရင့်စိတ်ဆန္ဒ တစ်ခုသည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ရှောင်လီကို ဖိနှိပ်နေသည့် ကျန်းချန်၏ ဘုရင့်စိတ်ဆန္ဒကို ခုခံလိုက်သည်။
"ရှောင်ကျင့်ယွင်.. မင်းနောက်ဆုံးတော့ မနေနိုင်တော့ဘူးပဲ"
ကျန်းချန်က သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာနေသော ရှောင်ကျင့်ယွင်ကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
ရှောင်ကျင့်ယွင်၏ မျက်နှာထက်တွင် ဒေါသထွက်နေသောအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"ကျန်းချန်.. ဒီလောက်ဆို တော်သင့်ပြီ ငါရှောင်ကျင့်ယွင်ရဲ့လူကို မင်းသတ်ချင်တိုင်း သတ်ခွင့်မရှိဘူး"
"တကယ်လား.. ငါသူ့ကို သတ်ပစ်မယ်ဆိုရင်ရော"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ကျန်းချန် မင်းကံကောင်းထောက်မပြီး ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်လာတယ် ဆိုတာနဲ့ပဲ ငါ့ရှေ့မှာ ရမ်းကားလို့ရမယ် မထင်နဲ့"
ရှောင်ကျင့်ယွင်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။
"ဒီလို အရေးပါတဲ့အချိန်မှာ မင်းကို ငါ မတိုက်ခိုက်ချင်ဘူး.. ဒါကြောင့် မင်းဘက်ကလည်း သိပ်ပြီး တရားလွန်မလာနဲ့"
ယန်ဒီမြို့၏ ကြယ်ရှစ်ပွင့် သွေးစွမ်းအားကို နိုးထစေခဲ့သော ပါရမီရှင် အနေဖြင့် ရှောင်ကျင့်ယွင်သည် မွေးဖွားစဥ်ကတည်းကပင် သူ၏မျိုးဆက်၌ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်၂၀ အတွင်း ယန်ဒီမြို့တွင် မည်သူကမှ သူ၏ ရှေ့၌ မာနထောင်လွှားရဲခြင်းမျိုး မရှိခဲ့ပေ။
ဤနေရာသာ အင်ပါယာ အမွေအနှစ်နယ်မြေ မဟုတ်ခဲ့လျှင် သူသည် မည်မျှပင် ပေးဆပ်ရပါစေ၊ ကျန်းချန်ကိုသတ်ပစ်ရန် ကြိုးစား၍ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။
"ဂျိမ်း"
ကျန်းချန်နှင့် ရှောင်ကျင့်ယွင်တို့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး ထိပ်တိုက်ရင်ဆိုင်နေစဥ်မှာပင် ရွှယ်မင်ကျောင်းဆောင်ကနေ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တခဏမှာပင် ရွှယ်မင်ကျောင်းဆောင်၏ အောက်ဆုံးထပ်ရှိ သုံးပေအမြင့် ရှိသော ရွှေရောင်တံခါးကြီးသည် အဆုံးသတ်တွင် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
"ရွှယ်မင်ကျောင်းဆောင်ရဲ့ တံခါး ပွင့်သွားပြီဟေ့"
သူတော်စင်မြို့တော်ငါးမြို့မှ ပါရမီရှင် အမြောက်အများက တပြိုင်နက်တည်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ၎င်းတို့သည် ကျန်းချန်နှင့် ရှောင်ကျင့်ယွင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို လျစ်လျူရှုကာ ရွှယ်မင်ကျောင်းဆောင်၏ တံခါးဆီသို့ ပြေးဝင်သွားခဲ့ကြသည်။
"ကျန်းချန်.. မင်းနဲ့ငါ တိုက်ပွဲတစ်ပွဲတော့ ကျိန်းသေ ဖြစ်လာဦးမှာပဲ ဒါပေမဲ့ ဒီအချိန်တော့မဟုတ်ဘူး.. အချိန်ကျရင် မင်းသိလာပါလိမ့်မယ်.. ငါရှောင်ကျင့်ယွင် ရှိနေသ၍ ယန်ဒီ မြို့မှာ ဒုတိယမြောက် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ မရှိလာစေရဘူး"
ရှောင်ကျင့်ယွင်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ရှောင်လီနှင့်အတူ လှည့်ထွက်သွားခဲ့သည်။
"ဟားဟား.. ငါမင်းကိုစောင့်နေမယ်"
ကျန်းချန်က ထွက်ခွာသွားသည့် ရှောင်ကျင့်ယွင်၏ နောက်ကျောကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
ယန်ီဒမြို့၏ အသန်မာဆုံးအင်ပါယာအဆင့် ပါရမီရှင် ဖြစ်တော့ရော ဘာအရေးနည်း။
သူ့ဆရာ ရှောင်တုလီ လက်ထက်တွင် သူတော်စင်မြို့တော် ငါးမြို့မှ မျိုးဆက်တူ ပါရမီရှင်အားလုံးကို ဖိနှိပ်နိုင်သကဲ့သို့ သူ့လက်ထက်တွင်လည်း လုပ်ဆောင်နိုင်သည် မဟုတ်ပါလော။
ရှောင်ကျင့်ယွင်တို့ ထွက်ခွာသွားသည်ကို မြင်ပြီးနောက်တွင် ရှောင်ပိုင်ရီနှင့် အခြားသူများသည် မှင်တက်ရာကနေ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏အကြည့်တွင် အလွန်အမင်း လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီ၏ တပည့်ဖြစ်ပြီး ပါရမီထူးချွန်သည်ဟုသာ သူတို့သိခဲ့ကြသည်။
သို့သော်လည်း ယခုလောက်ထိ နတ်ဆိုးဆန်စွာ ပါရမီရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ယန်ဒီမြို့ကို ရောက်သည်မှာ လေးလပင် မပြည့်သေးသောကောင်လေးသည် ရှောင်ကျင့်ယွင်နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည့်အဆင့်ထိ အမှန်တကယ်ပင် ကြီးထွားလာခဲ့သည်မဟုတ်ပါလော..
ဤကောင်လေးသည် ရှောင်တုလီ တုန်းကထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင် ဖြစ်လာနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ သိပ်မကြာခင်မှာပင် နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ၏ အင်အားစုသည် ယခင်ကကဲ့သို့ ဂုဏ်ကျက်သရေများကို ပြန်လည်ရရှိတော့မည် ဖြစ်၏။
အခန်း(၁၀၄၇)ပြီး၏။