အခန်း (၁၀၄၈-၁၀၅၀)
Vol. 70 Ch. 1048-1050
အခန်း(၁၀၄၈)
"ညီလေးကျန်းချန်က တကယ်ကို ပြိုင်ဘက်ကင်းဖြစ်လာပြီပဲ .. ဒီလောက် အချိန်တိုအတွင်းမှာ ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ် အစောပိုင်းက ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ညီလေးကျန်းချန်ကို ကျေးဇူးတင်ပါတယ်"
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
"အကိုပိုင် အဲဒီလောက်ထိ စိမ်းကားစရာမလိုပါဘူး.. ကျွန်တော်တို့က တစ်လှေတည်းစီးတွေပဲ မဟုတ်လား"
ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
"ရွှယ်မင်ကျောင်းဆောင်က ဖွင့်ပြီ ဆိုတော့မှ ကျွန်တော်တို့လည်း ဝင်ကြရအောင်"
"ကောင်းပြီ.."
ရှောင်ပိုင်ရီက ခေါင်းညိတ်လိုက်သည်။
ဤအချိန်တွင် သူတို့လူစု၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။
အင်ပါယာအမွေအနှစ် နယ်မြေထဲကို ဝင်ရောက်လာပြီးနောက်တွင် ရှောင်ပိုင်ရီသည် သူ၏လူများကို စုစည်း၍ ကျန်းချန်ဆီသို့ သွားရောက်ရန် ကြိုးစားခဲ့သည်။
မထင်မှတ်ဘဲ သူတို့သည် ကံဆိုစွားဖြင့် လမ်းတစ်ဝက်တွင် ရှောင်ကျင့်ယွင်တို့ လူစုနှင့် တွေ့ဆုံခဲ့သည်။
ရှောင်ကျင့်ယွင်က သူတို့ကို လမ်းခရီး တစ်လျှောက်လုံးတွင် ရတနာရှာဖွေရန် အသုံးချခဲ့ပြီး သူတို့ရရှိခဲ့သည် ရတနာဆယ်ခုထဲမှ ကိုးခုကို ရှောင်ကျင့်ယွင်တို့ လူစုသည် သိမ်းယူသွားခဲ့ကြသည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်း ရှောင်ပိုင်ရီတို့ လူစုသည် မည်သည့်ရတနာကိုမှ မရရှိခဲ့ကြပေ။
ယခုအခါတွင် သူတို့သည် ရှောင်ကျင့်ယွင်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူတို့အဖွဲ့ကို ဦးဆောင်သူမှာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာသည့် ကျန်းချန်ဖြစ်ရာ ဤရွှယ်မင်ကျောင်းဆောင်တွင် တစ်စုံတစ်ရာ အကျိုးအမြတ် ရရှိမည်မှာ သေချာသလောက် ဖြစ်သည် မဟုတ်ပါလား။
ကျန်းချန်က ရှောင်ပိုင်ရီတို့ လူစုကို ဦးဆောင်ကာ ရွှယ်မင်ကျောင်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ရွှယ်မင်ကျောင်းဆောင်သည် သူတော်စင်ရွှယ်မင် သန့်စင်ထားသော ရတနာတစ်ပါး ဖြစ်ပြီး အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်။
ရွှယ်မင်ကျောင်းဆောင်တွင် အထပ်ငါးထပ် ရှိသည်။
ပထမတစ်ထပ်သည် ကျယ်ပြန့်သောကမ္ဘာကြီး ဖြစ်ပြီး သူတော်စင်ရွှယ်မင်သည် သူ၏ တစ်သက်တာတွင် စုဆောင်းထားသော ရတနာအများစုကို ထိုနေရာတွင် သိမ်းဆည်းထားသည်ဟု ဆိုကြသည်။
သူတော်စင်ရွှယ်မင် သေဆုံးပြီးနောက်တွင် ဤပထမအထပ်သည် အမြင့်မြတ်ဆုံး မှော်အစွမ်းများဖြင့် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဒုတိယအထပ်ကနေ ပဉ္စမအထပ် အထိကမူ သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်စမ်းသပ်မှုများ ဖြစ်ကြသည်။
စမ်းသပ်မှု တစ်ခုချင်းစီကို အောင်မြင်သူတိုင်းသည် သူတော်စင်ရွှယ်မင် ချန်ထားရစ်သည့် အမွေအနှစ်များကို ဆုလာဘ်အဖြစ် ရရှိကြမည် ဖြစ်၏။
ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်သည် သူတော်စင်ရွှယ်မင် တစ်ချိန်က ကျင့်ကြံခဲ့သောနေရာ ဖြစ်သည်ဟု ဆိုကြသည်။
ထိုနေရာတွင် သူတော်စင်ရွှယ်မင်၏ အမွေအနှစ်များသာမက အင်ပါယာအဆင့်ကို ထိုးဖောက်သည့် လျှို့ဝှက်ချက်လည်း ရှိနေသည်ဟု ဆိုကြသည်။
သို့သော်လည်း သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သောအမွေအနှစ် စမ်းသပ်မှုများသည် အလွန်ပင် ခက်ခဲ၏။
နှစ်ထောင်ပေါင်းများစွာ အတွင်း သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီထူးချွန်သည့် တပည့်အများအပြား ဝင်ရောက်ခဲ့ကြသော်လည်း စမ်းသပ်မှုကို အောင်မြင်ပြီး စတုတ္ထထပ်ကိုပင် ရောက်လာနိုင်သူ အနည်းငယ်သာ ရှိသည်။
ပဉ္စမထပ်ရှိ စမ်းသပ်မှုကိုမူ မည်သူမှ မအောင်မြင်ဖူးခဲ့ပေ။
ထို့ကြောင့် နှစ်ထောင်ပေါင်းများစွာ အတွင်း အင်ပါယာရွှယ်မင်၏ အမွေအနှစ်များနှင့် အင်ပါယာအဆင့်ကို ထိုးဖောက်သည့် လျှို့ဝှက်ချက်သည် ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်တွင် ဆက်လက် ရှိနေခဲ့သည်။
ရွှယ်မင်ကျောင်းဆောင် ဖွင့်လှစ်သည့် အခါတိုင်းတွင် သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်တပည့်များသည် မီးထဲကို တိုးဝင်သော ဖိုးဖလံကောင်များ ကဲ့သို့ ရွှယ်မင်ကျောင်းဆောင်ထဲကို အလုအယက် ဝင်ရောက်ကြပြီး ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်ရှိ အရေးပါဆုံးသော အမွေအနှစ်ကို ရယူနိုင်ရန် အားခဲထားကြသည်။
ကျန်းချန်တို့အဖွဲ့သည် ရွှယ်မင်ကျောင်းဆောင်၏ တံခါးကိုဖြတ်ကျော်ပြီးသည်နှင့် ပထမထပ်တွင် ပေါ်လာခဲ့သည်။
"ဒီရွှယ်မင်ကျောင်းဆောင်က တကယ်ကို ပကတိအင်ပါယာတစ်ပိုင်း သန့်စင်ထားတဲ့ရတနာပဲ.. ဒီအဆောက်အဦးရဲ့ ပထမထက်တောင် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်"
ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။
သူရှေ့မှာ ကမ္ဘာကြီးသည် သူဝင်ရောက်ခဲ့ဖူးသည့် လေပင်လယ် လျှို့ဝှက်နယ်မြေနှင့် အနည်းငယ်ဆင်တူသည်။
"ပကတိအင်ပါယာတစ်ပိုင်းက တကယ်ကို အစွမ်းထက်တာပဲ.. ညီလေးကျန်းချန် ငါတို့ပထမထပ်မှာ စူးစမ်းကြမလား ဒါမှမဟုတ် ရွှယ်မင်သူတော်စင် ချန်ရစ်ခဲ့တဲ့ အမွေအနှစ် စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ဒုတိယထပ်ကို တစ်ခါထဲ သွားကြမလား.."
ရှောင်ပိုင်ရီက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို မေးလိုက်သည်။
"အကိုပိုင်ရီ မလောပါနဲ့.. ကျွန်တော်တို့ပထမထပ်ကိုပဲ အရင် စူးစမ်းကြည့်ကြတာပေါ့"
ဤပထမထပ်သည် သူတော်စင်ရွှယ်မင်၏ ရတနာများ သိမ်းဆည်းထားသောနေရာ ဖြစ်ပြီး ထိုအထဲတွင် ကောင်းကင်နှင့်မြေကြီး၏ ရတနာအများအပြားပင် ပါဝင်သောကြောင့် သဘာဝကျစွာပင် ကျန်းချန်သည် စူးစမ်းလိုခဲ့သည်။
ကျန်းချန်ထံမှစကားကို ကြားသည်နှင့် ရှောင်ပိုင်ရီတို့ အဖွဲ့သည် ပတ်ဝန်းကျင်ကို စူးစမ်းရန် စတင်ကြတော့သည်။
ထိုအချိန်မှာပင် ကျန်းချန်တို့၏ ဘယ်ဘက်ခြမ်းရှိ တောင်တန်းတစ်ခုကနေ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အရှိန်အဝါ နှစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၀၄၈)ပြီး၏။
အခန်း(၁၀၄၉)
"ဟားဟား..ငါတို့လူစုတော့ ကံကောင်းပြီ ထင်တယ်.. ရွှယ်မင်ကျောင်းဆောင်ထဲကို ဝင်ဝင်ချင်းမှာပဲ ရတနာရှိတဲ့ နေရာတစ်ခုကို ရောက်လာခဲ့ပြီထင်တယ်"
ကျန်းချန်က စူးရှသော မျက်လုံးများဖြင့် အရှိန်အဝါထွက်ပေါ်လာသည့် နေရာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီတောင်တန်းက အတော်လေး ထူးဆန်းနေပုံပဲ.. ငါတို့ သွားကြည့်ကြရအောင်"
ကျန်းချန်က ရှောင်ပိုင်ရီတို့အဖွဲ့ကို ဦးဆောင်ကာ စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ပျံသန်းသွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်တို့ အဖွဲ့သည် တောင်တန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုတောင်တန်းက အလွန်ပင် ခြောက်သွေ့နေသော တောင်တစ်တောင် ဖြစ်ပြီး တောင်တစ်ခုလုံးသည် တောင်ကတုံး ဖြစ်နေကာ အပင်များလည်း လုံးဝ ပေါက်မနေခဲ့ပေ။
ထိုတောင်၏ မြေပြင်ပေါ်တွင် အချိန်ကြာမြင့်စွာကတည်းက ရှိနေပုံရသော ကျောက်တုံးပုံများ ပြန့်ကျဲနေခဲ့သည်။
ဤတောင်က စွန့်ပစ်ထားသော သတ္တုတွင်း တစ်တွင်းနှင့် ဆင်တူနေသည်။
"ရွှယ်မင်ကျောင်းဆောင်ရဲ့ ပထမထပ်မှာ ဝိညာဥ်သတ္တုတွင်း ရှိတယ်လို့ ကောလဟာလ ထွက်ခဲ့ဖူးတယ်"
ရှောင်ပိုင်ရီက သူတို့ ရှေ့မှ တောင်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ဒါဆို ဒီတောင်က အဲဒီ သတ္တုတွင်း နေရာပဲ ဖြစ်မယ်ထင်တယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
"သေချာတယ် ဒီနေရာပဲ"
ရွှယ်မင်ကျောင်းဆောင်သည် သူတော်စင်ရွှယ်မင် သန့်စင်ထားသည့် ရတနာတစ်ပါး ဖြစ်သည်။
ဤရွှယ်မင်ကျောင်းဆောင်၏ ပထမထပ်သည် ကြီးမားသောသိုလှောင်ရာ နေရာတစ်ခုနှင့် ဆင်တူသည်။
သူတော်စင်ရွှယ်မင်သည် သူသေဆုံးခါနီးတွင် သူ၏ အထွတ်အထိပ် စွမ်းအားများဖြင့် ရွှယ်မင်ကျောင်းဆောင်ကို လျှို့ဝှက်ဆန်းကြယ်သော ဖြစ်တည်မှု အဖြစ် ပြောင်းလဲပစ်ခဲ့သည်၊။
ရွှယ်မင်ကျောင်းဆောင်၏ ပထမထပ်ကိုမူ လျှို့ဝှက်နယ်မြေ တစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။
သူတော်စင် ရွှယ်မင်သည် အဓိကနေရာ လေးနေရာကိုလည်း ဖန်တီးခဲ့သေးသည်။
ထိုနေရာလေးနေရာမှာ သူတော်စင်ရွှယ်မင် ဘဝတစ်လျှောက်လုံး စုဆောင်းထားသည့် ဆေးဝါးများ ထားရှိသောနေရာ၊ သူတော်စင်ရွှယ်မင် ဘဝတစ်လျှောက် ရရှိခဲ့သည့် မှော်လက်နက်များ မြှုပ်နှံထားသောနေရာ၊ သူတော်စင်ရွှယ်မင် ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်ခဲ့သည့် သိုင်းလျှို့ဝှက်ချက်များ သိမ်းဆည်းထားသော နေရာနှင့် သူတို့ရှေ့ရှိ တောင်းတန်းမှ ဝိညာဥ် သတ္တုတွင်းပင် ဖြစ်သည်။
ဝိညာ်သတ္တုတွင်း၏ နေရာသည် သာမန်နေရာ တစ်ခု မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်စွမ်းအင်များ လွှမ်းမိုးနေသော နေရာတစ်ခု ဖြစ်သည်။
"မမျှော်လင့်ဘဲ ငါတို့က ရွှယ်မင် ကျောင်းဆောင်ထဲကို ဝင်ဝင်ချင်းမှာတင် အထွတ်အမြတ်နေရာ လေးနေရာထဲက တစ်နေရာကို ရောက်လာခဲ့တယ်.. ငါတို့တွေ တော်တော်လေး ကံကောင်းတာပဲ"
ရှောင်ပိုင်ရီက ပြုံးရွှင်စွာ ပြောလိုက်သည်။
မကြာမီမှာပင် သူက တောင်ထိပ်ကို ခေါင်းမော့ကာ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ညီလေးကျန်းချန်.. အစောပိုင်းက ပေါက်ကွဲထွက်လာတဲ့ အရှိန်အဝါနှစ်ခုက ဒီတောင်ထိပ်ကနေ ထွက်ပေါ်လာတာဖြစ်နိုင်တယ်.. ငါတို့ မရောက်ခင် အဲဒီနေရာကို တစ်ယောက်ယောက် ရောက်နေပြီလား မသိဘူး"
"သွားကြည့်ကြစို့"
စကားဆုံးသည်နှင့် ကျန်းချန်သည် ထိုနေရာသို့ ပျံသန်း၍ သွားရောက်ခဲ့သည်။
တောင်၏ ဧရိယာသို့ ဝင်ရောက်လာသည်နှင့်အမျှ ကျန်းချန်သည် နက်နဲသော စွမ်းအားတစ်ခုက သူ၏ ကိုယ်ပေါ်သို့ သက်ရောက်လာပြီး သူ့ခန္ဓာကိုယ် အတွင်းရှိ အသက်စွမ်းအင်များကို ဖိနှိပ်နေသည်ဟု ခံစားလိုက်ရသည်။
"ရွှယ်မင်ကျောင်းဆောင်ရဲ့ သတ္တုတွင်း နယ်မြေမှာ ကျင့်ကြံသူရဲ့အသက်စွမ်းအင်ကို ဖိနှိပ်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ရှိတယ်လို့ ကောလဟာလ ထွက်ပေါ်ခဲ့တာ အမှန်တကယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး"
ဤအချိန်တွင် ရှောင်ပိုင်ရီတို့ လူစု၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒီနေရာက နည်းနည်းထူးဆန်းတယ်.. အားလုံးပဲ သတိထားကြပါ"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ပိုင်ရီတို့ လူစုကို တောင်တန်း ဆီသို့ ဖြည်းညင်းစွာ ဦးဆောင်သွားခဲ့သည်။
သူတို့က ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့် အမျှ ဖိအားများသည်လည်း ပို၍ ပြင်းထန်လာခဲ့သည်။
"ကျန်းချန်.. ဒီနေရာက ဖိအားက အတော်လေး ကြောက်ဖို့ကောင်းတယ်.. ငါအခု ပုံမှန် အသက်စွမ်းအင် တစ်ဝက်လောက်ကိုပဲ အသုံးပြုနိုင်တော့တယ်"
ရှောင်ပိုင်ရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါတို့ ဆက်သွားကြမလား.. အကယ်၍ ဆက်သွားမယ်ဆိုရင် ဒီသတ္တုတွင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖိအားကြောင့် ငါတို့ရဲ့ အသက်စွမ်းအင်တွေ လုံးဝ ပိတ်ပင်ခံလိုက်ရမှာ စိုးရိမ်မိတယ်"
"အကိုပိုင်ရီ.. ဒီအထိ ရောက်လာပြီ ဆိုမှတော့ ဘယ်လိုကိစ္စပဲ ရှိရှိ ဆက်သွားကြရအောင်"
"မစိုးရိမ်ပါနဲ့ ကျွန်တော်ရှိနေသ၍ ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး"
ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
သူက ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာ နှစ်မျိုးစလုံးကို ကျင့်ကြံသူဖြစ်ရာ ဤသတ္တုတွင်းနယ်မြေသည် သူ၏ အသက်စွမ်းအင်ကို ပိတ်ပင်နိုင်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ပိတ်ပင်နိုင်မည် မဟုတ်ပေ။
ဆိုရမည်ဆိုလျှင် အသက်စွမ်းအင်ကို ပိတ်ပင်ထားသည့် ဤသတ္တုတွင်း နယ်မြေတွင် ကျန်းချန်သည် အားသာချက် အပြည့်အဝ ရှိနေခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအရ ပြောရမည်ဆိုလျှင် သူ သတ်ဖြတ်ခဲ့သည့် ဝူကျန့်ယန်က လွဲ၍ ဤသူတော်စင် မြို့တော် ငါးမြို့တွင် မည်သူက သူ့ကို ယှဥ်နိုင်ပါအံ့နည်း။
အခန်း(၁၀၄၉)ပြီး၏။
အခန်း(၁၀၅၀)
သူတို့အဖွဲ့က ရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကြီးမားပြီး ထူးဆန်းသော ကျောက်တုံးတစ်လုံးသည် ကျန်းချန်တို့လူစု၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ထူးဆန်းသော ဧရာမ ကျောက်တုံးကြီးသည် အချင်းမီတာ တစ်ရာခန့်ရှိပြီး မျက်နှာပြင်သည် အလွန်ပင် ပြန့်ပြူးကာ နေရောင်အောက်တွင် ရွှေရောင်မှိန်ပျပျ လက်နေခဲ့သည်။
ထိုကျောက်တုံး၏ အလယ်ဗဟိုတွင် အချင်းသုံးပေရှိသော ရှေးဟောင်း တွင်းတစ်တွင်း ရှိသည်။
ထိုရှေးဟောင်းတွင်းဘေးတွင် ခန္ဓာကိုယ်ငါးပေ ခြောက်ပေခန့်မြင့်သော ခရမ်းရောင်သားရဲကြီး တစ်ကောင်သည် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
ထိုခရမ်းရောင်သားရဲသည် သမင်ကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ဦးခေါင်းထိပ်တွင်လည်း သမင်ဦးချိုများ ရှိသည်။
ထိုဦးချိုများနှင့် ခန္ဓာကိုယ်ရှိ အမွေးများတွင် ကြည်လင်တောက်ပသော ခရမ်းရောင် အလင်းကို ထုတ်လွှတ်နေခဲ့သည်။
အဝေးမှ ကြည့်လျှင် ဤခရမ်းရောင်သားရဲသည် ဧရာမခရမ်းရောင် ခရစ်စတယ် တစ်ခုနှင့်ပင် ဆင်တူနေ၏။
ခရမ်းရောင်သားရဲ၏ ခြေရင်းတွင် သွေးများဖြင့် ပေပွနေသော အလောင်းတစ်လောင်း ရှိနေခဲ့သည်။
ထိုအလောင်းသည် သူတို့ထက် ခြေတစ်လှမ်းစောစွာ ရောက်ရှိလာသူ ဖြစ်သည်မှာ ထင်ရှားနေပြီး ခရမ်းရောင်သားရဲနှင့် တိုက်ခိုက်ပြီးနောက်တွင် သေဆုံးသွားခြင်း ဖြစ်ပုံရသည်။
"ဒီလူက ရှန်းဖုန်းမြို့တော်ရဲ့ အင်ပါယာအဆင့် ပါရမီရှင် ဖုန်းလင်းပဲ"
ရှောင်ပိုင်ရီက ခရမ်းရောင် သားရဲ၏ ခြေရင်းမှ အလောင်းကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဖုံးလင်းသည် ရှန်းဖုန်းမြို့၏ အင်ပါယာအဆင့် ပါရမီရှင် ရှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ခြေလှမ်းတစ်ဝက် ဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟု ဆို၍ ရသော ပါရမီရှင် ဖြစ်သည်။
၎င်း၏ခွန်အားသည် ယန်ဒီမြို့မှ ရှောင်ရှင်းယာထက် မနိမ့်ပေ။
ဤကဲ့သို့ ထိပ်တန်း အင်ပါယာအဆင့် ပါရမီရှင် တစ်ဦးသည် ခရမ်းရောင်သားရဲ၏ ခြေရင်းတွင် လူမသိ သူမသိ သေဆုံးသွားခဲ့ရသည်။
"ငါ့ခန့်မှန်းတာ မမှားရင် ငါတို့ကို ဖိနှိပ်နေတဲ့ ထူးဆန်းတဲ့စွမ်းအားက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းတွင်းထဲကနေ ထွက်လာတာ ဖြစ်နိုင်တယ်.. ရှေးဟောင်းတွင်းရဲ့ ပေတစ်ရာ အချင်းဝက် အတွင်းမှာ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားက လုံးဝ ပိတ်ပင်ခံထားရတာ ဖြစ်မယ်.. ဒီလူက ကံဆိုးခဲ့တာပဲ.. ရွှယ်မင်ကျောင်းဆောင်ထဲ ဝင်ဝင်ချင်းမှာတင် ဒီရှေးဟောင်းတွင်းရဲ့ ဘေးကို ဆင်းသက်မိတာ ဖြစ်ဖို့များတယ်.. အသက်စွမ်းအင်လည်း အသုံးပြုလို့ မရဘူး ဆိုတော့ ခရမ်းရောင်သားရဲက သူ့ကို အလွယ်တကူ သတ်ဖြတ်လိုက်တဲ့ပုံပဲ"
ကျန်းချန်က သူ၏ သုံးသပ်ချက်ကို ရှင်းပြလိုက်သည်။
"............"
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ပိုင်ရီတို့ လူစုသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
ရှန်းဖုန်းမြို့တော်၏ အင်ပါယာအဆင့် ပါရမီရှင် တစ်ဦးသည် ရွှယ်မင်ကျောင်းဆောင် ထဲကို ဝင်ရောက်လာပြီး နောက်တွင် အသက်စွမ်းအင် ဖိနှိပ်ခံထားရသည့် နေရာကို တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး ခရမ်းရောင်သားရဲ၏ ခြေရင်းအောက်တွင် သေဆုံးသွားခဲ့ရသည်။
ဤသည်မှာ အတော်လေး ဆိုးရွားသော ကံတရားပင် မဟုတ်ပါလော..
"ဒီခရမ်းရောင် သားရဲရဲ့ အရှိန်အဝါက လုံးဝ အားမနည်းဘူး.. အနည်းဆုံး ဆဋ္ဌမအဆင့် သားရဲ ဖြစ်နိုင်တယ်.. အသက်စွမ်းအင် ပိတ်ပင်ခံထားရတဲ့ နေရာမှာ ငါတို့ ဘာမှ တတ်နိုင်လောက်မှာ မဟုတ်ဘူး.."
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်၍ ကျန်းချန်ကိုလေးနက်စွာ ပြောလိုက်သည်။
"ညီလေးကျန်းချန်.. ခရမ်းရောင်သားရဲ ငါတို့ကို အန္တရာယ်မပြုခင် ငါတို့ ဒီကနေ ထွက်သွားကြရအောင်"
ကျန်လူများကလည်း ရှောင်ပိုင်ရီ၏ အဆိုပြုချက်ကို ချက်ချင်းပင် သဘောတူလိုက်ကြသည်။
သူတို့၏ အသက်စွမ်းအင်များ ပိတ်ပင်မခံရလျှင် သူတို့ရှေ့မှ ခရမ်းရောင်သားရဲကို ကြောက်မည်မဟုတ်ချေ။
သို့သော်လည်း ယခုအခါတွင် အသက်စွမ်းအင် အပိတ်ခံထားရ၍ သူတို့၏ခွန်အားသည် ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။
ခရမ်းရောင်သားရဲကို သွားနှောင့်ယှက်မိလျှင် သူတို့သည်လည်း ဖုန်းလင်း၏ ခြေရာနောက်သို့ လိုက်သွားရမည်ကို စိုးရိမ်နေမိကြသည်။
"ထွက်သွားမယ် ဟုတ်လား"
ကျန်းချန်က မျက်လုံးများတောက်ပစွာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းတွင်းထဲမှာ သူတော်စင်မြို့တော်ငါးမြို့ရဲ့ ပါရမီရှင်တိုင်းကို လောဘတက်စေမဲ့ အရာ ရှိတယ်.. မင်းတို့တွေ တကယ်ပဲ ဒီနေရာက ထွက်သွားမှာ သေချာလား"
"သူတော်စင်မြို့တော် ငါးမြို့ရဲ့ ပါရမီရှင်တွေကို လောဘတက်စေမဲ့ ရတနာဟုတ်လား"
ရှောင်ပိုင်ရီတို့ လူစုသည် ကျန်းချန်၏ စကားကိုကြားလျှင် အေးစက်သော လေထုကို ရှုရှိုက်မိသလို ဖြစ်သွားကြ၏။
သူတို့အားလုံး၏ အကြည့်က ကျန်းချန်၏ ကိုယ်ပေါ်တွင် ကျရောက်နေခဲ့ပြီး ဤလျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းတွင်းထဲမှ အရာက မည်သည့်အရာလဲ ဆိုသည်ကို သိချင်နေခဲ့ကြသည်။
"ဒီရှေးဟောင်းတွင်းရဲ့ ဘေးမှာရှိတဲ့ ခရမ်းရောင်သားရဲက ဘာသားရဲလဲ ဆိုတာ မင်းတို့သိလား.."
ကျန်းချန်က ခရမ်းရောင်သားရဲကို အနီးကပ် စူးစိုက်ကြည့်ရင်းပြောလိုက်သည်။
"ငါ့ခန့်မှန်းတာမမှားရင် ဒီခရမ်းရောင်သားရဲက ဝိညာဥ်သတ္တုမိုင်းတွင်း ထဲမှာ မွေးဖွားလာတဲ့ ခရမ်းရောင် ခရစ္စတယ် သားရဲပဲ"
"ဝိညာဥ်သတ္တုမိုင်းတွင်း ထဲမှာ မွေးဖွားလာတဲ့ ခရမ်းရောင်ခရစ္စတယ်သားရဲ.. ဟုတ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ပိုင်ရီတို့ လူစုသည် မှင်တက်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များသည် ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ စကားသည် ဤလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း တွင်းအောက်တွင် ဝိညာဥ်သတ္တုမိုင်းတွင်း ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
အခန်း(၁၀၅၀)ပြီး၏။