Chapter 134 - လူတွေ ဘယ်ရောက်သွားတာလဲ (၁)
Vol. 3 Ch. 134
လူတစ်ယောက်က ဘယ်လိုပဲ တားဆီးချင်တားဆီးချင် တားဆီးလို့ မရဘဲ ကုန်ဆုံးသွားတတ်တဲ့အရာက အချိန်ပါပဲ။ ဟော၊ မနက် မိုးလင်းလို့ ကျွန်မဖုန်းမှာပေးထားတဲ့ နာရီအလန်းတောင်မှ မြည်နေပြီ။
အဲဒီနေ့ညက နက်ဆန်ပြောခဲ့တဲ့အရာတွေကို ကျွန်မစဥ်းစားရင်းနဲ့ အိပ်နက်ခဲ့တာမလို့ အိပ်ရေးက သိပ်မဝချင်ဘူး။ ဒါပေမဲ့ မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကျွန်မမျက်နှာက အခန်းထဲက ကော်ဇောနဲ့ အပ်မိပြီးသားဖြစ်နေတာ မြင်လိုက်ရတယ်။
“ဟင်... ငါဘယ်လိုလုပ်ပြီးတော့ အောက်ရောက်နေတာလဲ။” ကျွန်မလည်း တွေးမရတာကြောင့် စိတ်ရှုပ်ရှုပ်နဲ့ထထိုင်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ ကျွန်မက အိပ်ရာပေါ်မှာ ရှိနေရမယ့်အစား ကြမ်းပြင်ပေါ်ခင်းထားတဲ့ စျေးပေါပေါ ကော်ဇော အဝိုင်းပေါ်ကိုရောက်နေတာပါ။
“မဟုတ်သေးပါဘူး။ ငါမနေ့က အိပ်ရာပေါ်မှာပါ။” ကျွန်မမှာ မဆိုသလောက်လေး အအိပ်ကြမ်းတဲ့အကျင့်ရှိတယ်ဆိုပေမဲ့ ခါတိုင်း ဘယ်တုန်းကမှ အိပ်ရာပေါ်ကနေ ပြုတ်ကျဖူးတာ မဟုတ်ဘူး။ ဒါကြောင့် အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ မျက်လုံးကို ပွတ်ပြီးတော့ အိပ်ရာပေါ်ကိုကြည့်လိုက်တော့ နှစ်ယောက်အိပ် ကင်းဆိုက်ဒ်အိပ်ရာကြီးတစ်ခုလုံးကို ခြေကားယားလက်ကားယားနဲ့ တစ်ယောက်တည်းနေရာယူထားတဲ့ မိုနီကာမကို တွေ့လိုက်ရတော့တာပဲ။
ပြီးတော့ သူ့ကြည့်ရတာ တော်တော်အိပ်ကောင်းနေတဲ့ပုံစံနဲ့ စပ်ဖြီးဖြီးလုပ်နေသေးတယ်။ ကျွန်မညက အသုံးပြုခဲ့တဲ့ ခေါင်းအုံးကိုလည်း ဖက်လုံးလိုမျိုး ပေါင်ခွဖက်ထားပြီးတော့ ကြင်နာသူတစ်ယောက်ကိုနမ်းသလို အကြိမ်ကြိမ်နမ်းနေ သေးတယ်။
“အာ... ဒါလင်... ဒီတစ်ခါတော့ ကျွန်မဆီကနေ ထွက်မပြေးတော့ဘူးပေါ့နော်။”
အမယ်၊ စကူးဘတ်မသမီးက ယောင်တောင်နေသေးတယ်။
ကျွန်မလည်း အမြင်ကပ်လာတာနဲ့ ထရပ်လိုက်ပြီး မွေ့ရာအောက်မှာ သေသေသပ်သပ်ထိုးထည့်ထားတဲ့ အိပ်ရာခင်းအစကို သာသာလေး ဆွဲထုတ်လိုက်တယ်။ နောက်တော့ အိပ်ရာခင်းကိုအနားကနေကိုင် ဆောင့်ဆွဲလိုက်တာပေါ့။ အိပ်ရာခင်းက မွေ့ရာကနေကျွတ်ပါလာပြီး အိပ်ရာပေါ်မှာအိပ်နေတဲ့ မိုနီကာကလည်း အိပ်ရာခင်းနဲ့အတူ ကြမ်းပြင်ပေါ်ပြုတ်ကျသွားရော။
“ဟဲ့ဟဲ့....” မိုနီကာက လန့်နိုးလာပြီး ထခန်တယ်။ နောက်တော့ ကျွန်မတို့နှစ်ယောက် မျက်လုံးချင်းဆုံမိကြရော။
“ သူများအကောင်းအိပ်နေတာကို နင်ဘာလုပ်တာလဲဟဲ့။”
မိုနီကာက ခါးထောက်ပြီး ကျွန်မကို ရန်တွေ့တယ်။ ကျွန်မမှာ လက်လျှော့ဖို့အတွက် အစီအစဥ်မရှိတာကြောင့် သူ့ကိုပြန်ပြီး ခါးထောက်ကြည့်လိုက်တယ်။
“မနေ့ညက ငါ့ကိုအိပ်ရာပေါ်ကနေ ကန်ချတာနင်မဟုတ်လား။”
“အဲဒီတော့ ဘာဖြစ်လဲ၊ နင့်လိုပိန်းဥမကို ငါနဲ့တစ်အိပ်ရာတည်း အတူအိပ်ခွင့်ပေးစရာလား။”
အခန်းထဲကလေထုက ကျွန်မတို့နှစ်ယောက်ရဲ့ရန်ပွဲနဲ့အတူ တင်းကျပ်လာတယ်။ ဒါပေမဲ့ခဏနေတော့ အပြင်ဘက်ကနေ တံခါးခေါက်သံထွက်လာပြီး တည်းခိုခန်းပိုင်ရှင် အဒေါ်ကြီးအသံထွက်လာ ပါလေရော။
“ဧည့်သည်တို့၊ ဒီမိုတယ်မှာက ညကိုးနာရီကနေ မနက်ကိုးနာရီအထိ မဆူညံရစည်းကမ်းရှိပါတယ်။ ဘေးအခန်းတွေကို အားနာတဲ့အနေနဲ့ အသံလေးလျှော့ပေးကြပါ။”
အဲဒီနောက်တော့ ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းပဲ ပြိုင်နေနိုင်ကြတော့တယ်။
...
ကိုယ်လက်သန့်စင်ပြီးတဲ့နောက် ကျွန်မတို့နှစ်ယောက် အောက်ထပ် ဆင်းလာဖြစ်ကြတယ်။ မိုနီကာက သူ့ရဲ့ပုံစံတူ ဂေါ့သစ်ဂါဝန် တစ်ခုကိုဝတ်ထားပြီး ကျွန်မကတော့ အသစ်ဝယ်ထားတဲ့ ပန်းနုရောင် သူနာပြုယူနီဖောင်းလေးကို ထုတ်ဝတ်လိုက်တယ်။ အောက်ကိုရောက်တော့ တည်းခိုခန်းအဆောက်အဦးအပြင်ဘက် လေသာဆောင်မှာ ကော်ဖီသောက်နေတဲ့ နက်ဆန်ကို တွေ့ရတော့တာပဲ။ ဒါပေမဲ့ နက်ဆန်တစ်ယောက်တည်း မဟုတ်ဘဲ အသက်တစ်နှစ်လောက်လို့ထင်ရတဲ့ ကလေးမလေးလည်း သူ့ပေါင်ပေါ်မှာရှိနေပြီး ထောပတ်ကွက်ကီးလေးတွေကို အားရပါးရစားနေတယ်။
အဲဒီကလေးကို မြင်လိုက်ရတာနဲ့ ကျွန်မရင်ထဲ တစ်မျိုးဖြစ်ပြီး မျက်နှာကို အလိုလိုမဲ့လိုက်မိတယ်။ နောက်တော့ မိုနီကာကို တစ်ခါကြည့်လိုက်တယ်။ အမြင်ကပ်စရာစကူးဘတ်မက ကျွန်မကို သွားပေါ်အောင် ပြုံးပြနေသေးတယ်။ နက်ဆန်ကို ထပ်ကြည့်တော့ သူက ကျွန်မရောက်လာတာကို သတိထားမိနေပြီးသားဖြစ်ပြီး လေပူတွေ မှုတ်ထုတ်လိုက်ပါတယ်။ နောက်တော့ ကျွန်မဘာမှ မပြောနိုင်သေးခင်မှာပဲ နက်ဆန်က သူ့ပေါင်ပေါ်က ကလေးမကို ချိုင်းကြားကနေ မြှောက်ချီပြီး ကျွန်မကိုအနီးကပ်မြင်ရအောင် ပြလိုက်တယ်။
“ဆယ်ဗီ၊ ဒါက မိုနီကာနဲ့ငါနဲ့ရထားတဲ့ကလေးမဟုတ်ဘူး။ ဒဏ်ရာ ရထားပြီး ခုထိနဂိုအရွယ်ပြန်မရောက်သေးတဲ့ အိုလီရာနာပဲ။”
“.....” ဒီတော့မှ ကျွန်မသေချာကြည့်မိတယ်။ အိုလီရာနာလိုပဲ ဆံပင်အညိုရောင်ကောက်ကောက်တွေရှိပြီးတော့ ကျွန်မကို ပြုံးပြနေတယ်။ အသည်းယားစရာ လက်ကလေးတွေကို ဆန့်ထုတ်ပြီးတော့ ကျွန်မကို ပြောလိုက်ပါလေရော။
“ဂျယ်ဗီ.... အာဂျူး...မ...”
“.....” အခုတော့ သေချာသွားပြီ။ လူမှားစရာမရှိတော့ဘူး။ အဲဒါ သေချာပေါက် အိုလီရာနာပဲ။
ဒါပေမဲ့ နက်ဆန်က ကျွန်မဘာမှမပြောရသေးတာတောင်မှ ကျွန်မ တွေးနေတာတွေကို ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ။ မဟုတ်မှ လွဲရော၊ သူ့ဗိုက်ထဲ ပုဏ္ဍားလေးရှိနေတာများလား။
“ဆယ်ဗီ၊ လာထိုင်ပြီး မနက်စာစားလေ။”
နက်ဆန်က ကျွန်မကို ဝိုင်းမှာလာထိုင်ဖို့ ပြောလိုက်တဲ့အတွက် အတွေးစကိုဖြတ်ပြီး ကျွန်မက နက်ဆန်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ဖို့ကြိုးစားပေမဲ့ မိုနီကာက ကျွန်မကိုတွန်းဖယ်ပြီးတော့ အဲဒီမှာထိုင်ပြီးသွားပြီ။
“ဟဲ့၊ နင်ဒီတစ်မနက်လုံး ဘာဖြစ်နေတာလဲ။”
ကျွန်မက မိုနီကာကို အထွန့်တက်လိုက်တော့ မိုနီကာက ကျွန်မကို လက်ယမ်းပြပြီး မောင်းထုတ်တဲ့အမူအရာမျိုး လုပ်ပြပါတယ်။
“မျက်နှာချင်းဆိုင်ထိုင်ခုံဆိုတာက စုံတွဲတွေဖို့ဟဲ့။ နင်က ဘာလုပ်ဖို့ ဒီမှာထိုင်မှာလဲ ရှုးရှုး။”
“ဟွန့်....” ကျွန်မ စိတ်တိုတိုနဲ့ရတဲ့ခုံမှာပဲ ဝင်ထိုင်လိုက်ရတယ်။ နက်ဆန်ကတော့ စိတ်တွေအများကြီးလေးလံနေပုံရှိပြီးတော့ ကျွန်မကို မေးပါတယ်။
“တကယ်ပဲ မင်းကိုယ်မင်း ဘယ်နတ်ဘုရားလဲ မသိဘူးလား။”
ဒယ်ဖိုင်ဝိညာဥ်ဆီကနေ ကျွန်မတို့သိခဲ့ရတဲ့ လျှိ့ဝှက်ချက်ကြီးက သိပ်ကိုကြီးမားတယ်။ နက်ဆန်တို့က ကျွန်မကိုနတ်ဘုရားတစ်ပါး ဖြစ်နိုင်တယ်လို့ ယူဆကြပေမဲ့ ကျွန်မကတော့ အဲဒီလိုမျိုးမထင်ဘူး။ အမြဲတမ်းမက်လေ့ရှိတဲ့အိပ်မက်တွေရှိပြီး နာမည်တစ်ခုကိုကျွန်မ အလွတ်ရလုနီးပါး ထပ်ခါထပ်ခါကြားနေခဲ့ရပေမဲ့ မသိသလိုမျိုး ဟန်ဆောင်နေလိုက်ဖို့ ဆုံးဖြတ်ထားတာရှိတယ်။
ကျွန်မ စားပွဲခုံကို ငိုင်ငိုင်ကြီး ငုံကြည့်နေမိတယ်။ နောက်တော့ တီးတိုးလေသံနဲ့ နက်ဆန်ကို ပြောလိုက်မိတယ်။
“ကျွန်မက ဆယ်ဗီပါ...”
“....” နက်ဆန်က ကျွန်မပြောတာတွေကို တိတ်တဆိတ်သာ နားထောင်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ပြောနေရင်းက ပိုပြီးတော့ ရင်ထဲမှာနာကျင်လာသလို ဖြစ်လာပါတယ်။
“ကျွန်မကို ဘယ်သူလဲလို့မမေးပါနဲ့။ ရှင်သိထားပြီးသားပဲ မဟုတ်လား။ ကျွန်မက ဆယ်ဗီလေ။ ရှင်အလုပ်ခန့်ထားတဲ့ အသုံးမကျတဲ့ သူနာပြုမိန်းကလေးတစ်ယောက်ပါပဲ။ တခြား ဘယ်သူဖြစ်ရဦးမှာလဲ။ ပြီးတော့ ကျွန်မအနေနဲ့ ရှင့်အတွက် တခြားလူတစ်ယောက် ဖြစ်ပေးဖို့မလိုဘူးလို့ ထင်တာပဲ။”
ရုတ်တရက် နွေးထွေးတဲ့ခံစားချက်ကို ကျွန်မခံစားလိုက်ရတယ်။ တစ်စုံတစ်ယောက်က ကျွန်မကိုထွေးပွေ့ထားပြီး ကျွန်မက နက်ဆန်ရဲ့ကျယ်ပြန့်လှတဲ့ရင်ခွင်ထဲ ကျရောက်နေခဲ့မှန်းကို သတိထားမိလိုက်ပါတယ်။
“ဟုတ်ပြီ၊ အခုအချိန်ကနေစပြီးတော့ မင်းက အမြဲတမ်း ကိုယ့်အတွက်ဆယ်ဗီပဲ။ မင်းဘယ်တော့မှ ပြောင်းလဲမသွားအောင် ကာကွယ်ပေးမယ်လို့ ငါကတိပေးတယ်။”
ကျွန်မရင်တွေ တအားခုန်သွားတာပဲ။ သူနောက်တစ်ခါထပ်ပြီး ကတိပေးပြန်ပြီလား။ ဒီလူသားက ကတိတစ်ခါပေးထားပြီးရင် သူ့အသက်ကိုတောင် ပေးဆပ်ပြီးတော့ ကတိတည်အောင် စောင့်ထိန်းမယ့် လူတစ်ယောက်ဆိုတာ ကျွန်မသိခဲ့ရပြီးသား။ ကျွန်မကို ဆယ်ဗီလိုပဲအမြဲတမ်းဆက်ဆံပေးမယ်ဆိုတဲ့ကတိက ကျွန်မစိတ်ထဲမှာရှိနေတဲ့ ရှုပ်ထွေးမှုတွေအားလုံးကို ဖြေလျှော့ ပေးလိုက်သလိုပါပဲ။
ကျွန်မသူ့ရင်ခွင်ထဲမှာ ဘယ်လောက်ကြာတဲ့အထိ သာယာနေခဲ့မိတယ်မသိဘူး။ အချိန်တွေကိုတစ်ခဏတာ ကျွန်မမေ့သွားခဲ့တယ်။
ဂွီ...
နောက်ဆုံး ကျွန်မဗိုက်က သတိပေးလိုက်တော့မှပဲ သတိဝင်လာ ပါတော့တယ်။ ဟုတ်သားပဲ၊ မနက်စာမှ ကျွန်မမစားရသေးတာ။ နက်ဆန်က ကျွန်မကိုလွှတ်ပေးလိုက်တယ်။ အိုလီရာနာကတော့ နက်ဆန်ထိုင်နေခဲ့တဲ့ခုံပေါ်မှာ ဆက်ထိုင်နေသေးပေမဲ့ သူ့ခန္ဓာကိုယ် သေးသေးလေးနဲ့ စားပွဲပေါ်က စားစရာတွေကို မမီတဲ့အတွက် ငိုမဲ့မဲ့ဖြစ်နေပြီ။ သူ့ခုံသူပြန်သွားပြီဖြစ်တဲ့ နက်ဆန်ကတော့ အိုလီရာနာကို ချိုင်းကနေချီပြီး ကလေးလေးတစ်ယောက်လို ပေါင်ပေါ်ပြန်တင်ထားပေးလိုက်တယ်။
“မသိရင် ငါတို့တွေက ကလေးရကာစ စုံတွဲတွေကျလို့။”
ကျွန်မအလိုလိုနေရင်း စိတ်ကူးယဥ်လိုက်မိတယ်။ ဒါပေမဲ့ ခဏနေတော့ စားပွဲဝိုင်းမှာ တစ်ခုခုလိုအပ်နေတာကိုသတိထား မိလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကာကြည့်လိုက်မိတယ်။
“ထူးဆန်းလိုက်တာ... မိုနီကာ ဘယ်ရောက်သွားတာပါလိမ့်။”
ကျွန်မမှတ်မိသလောက် သူကလည်းပဲ ကျွန်မတို့နဲ့အတူတူ တစ်ဝိုင်းထဲမှာ ထိုင်နေခဲ့တာလေ။ အခုတော့ စားပွဲဝိုင်းမှာ ကျွန်မရယ်၊ နက်ဆန်ရယ် အိုလီရာနာရယ်ပဲ ရှိတော့တာပါ။
“ထားလိုက်တော့၊ ဗိုက်ဆာနေပြီဆိုတော့ တစ်ခုခုမှာစားရအောင်။”
ခဏနေတော့ တော်တော်လေးစားချင်စရာကောင်းတဲ ဂရိစတိုင် ကြက်သွန်ပါစတာခေါက်ဆွဲကြော် ရောက်လာရော။ ခေါက်ဆွဲ ပြားကြီးကြီးနဲ့လုပ်ထားတာဖြစ်ပြီး မုန့်သားက နီရဲရဲလေးပါ။ ထုံးစံအတိုင်း ဟင်းခတ်အမွှေးအကြိုင်တချို့နဲ့ ညီညာစွာလှီးဖြတ် ထားပေးတဲ့ အသားတုံးတချို့လည်းပါသေးတယ်။ မုန့်သား အရောင်ပြောင်းသွားရတဲ့အကြောင်းက အဓိကသုံးထားတဲ့ အချဥ်ရည်က ကြက်သွန်ချဥ်ဖြစ်နေလို့ပါ။
ကြက်သွန်ဆော့စ်ပူပူအနံလေးက မွှေးနေတော့ မိုနီကာ ပျောက်သွားတာကိုတောင် မေ့သွားပြီး စစားမိတော့တာပါပဲ။ ပူပူစပ်စပ်နဲ့ အငန်နည်းနည်းလေးပါတယ်။ စားနေရင်းနဲ့ ခေါက်ဆွဲသားကလည်း လျှာပေါ်မှာ အရည်ပျောက်သွားသလိုပဲ။ နတ်ဘုံက မနက်စာကိုစားနေရသလိုတောင် ထင်မိတော့တာပါ။
ဒါပေမဲ့ ကျွန်မမနက်စာစားနေတုန်း ပတ်ဝန်းကျင်ကအသံတွေ ရုတ်တရက် ဆူညံ့လာတာကို သတိထားမိလိုက်တယ်။ နက်ဆန် ကိုယ်တိုင်လည်းပဲ ဘေးပတ်ဝန်းကျင်ကိုအကဲခတ်နေရင်းက မျက်မှောင်ကြုတ်လိုက်တဲ့အတွက် ကျွန်မလည်းစားနေတာကို ရပ်လိုက်တယ်။
နက်ဆန်နည်းတူ အကဲခတ်ကြည့်လိုက်ချိန်မှာတော့ အားလားလား၊ ပုံမှန်မှမဟုတ်တာ။
ကျွန်မရင်းနှီးနေပြီးသားဖြစ်တဲ့ ယူနီဖောင်းဆင်တူဝတ်ဆင်ထားတဲ့ လူတချို့က တည်းခိုခန်းထဲကိုရောက်နေပြီဖြစ်ပြီး ဧည့်သည်တွေကို လိုက်လံစကားပြောနေတယ်။ သူတို့တွေက ဧည့်သည်တွေကို ဒီ တည်းခိုခန်းထဲကနေ ထွက်သွားဖို့အတွက် ဖျောင်းဖျနေတာ ဖြစ်ပြီးတော့ ပြည်သူတွေထဲကတချို့က ကျွန်မတို့ဝိုင်းကို ကြောက်လန့်နေပုံနဲ့ တစ်ချက်ကြည့်လိုက်ရင်း အပြင်ဘက်ကို ပြေးထွက်ကုန်ကြတယ်။ မသိရင် ကျွန်မတို့တွေက အစွန်းရောက် အဖွဲ့ဝင်တွေလိုလိုဘာလိုလို။
ခဏနေတော့ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီ။ ယူနီဖောင်း ဝတ်ထားတဲ့သူတွေက စီစီရီရီရပ်နေကြပြီးတော့ တည်းခိုခန်းရဲ့ဝင်ပေါက် ထွက်ပေါက်တွေအားလုံးကို ထိန်းချုပ် ထားခဲ့ပါပြီ။
“ဒီလူတွေက EUOCက လူတွေမဟုတ်လား။ ဒီတည်းခိုခန်းမှာ တစ်ခုခုဖြစ်နေလို့များလား။”
ကျွန်မ မတွေးတတ်တော့ဘူး။ နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့... “အဲဒီတစ်ခုခုဆိုတာက ငါတို့ဒီနေရာမှာရှိနေလို့ ဖြစ်လိမ့်မယ်။”
“.....” ကျွန်မ နက်ဆန်ပြောတဲ့စကားကို နားလည်မလိုလိုနဲ့ နားမလည်ဘူးဖြစ်နေတယ်။
ဒေါက်... ဒေါက်... ဒေါက်...
ခဏနေတော့ တည်းခိုခန်းထဲကို ဒေါက်ဖိနပ်စီးထားတဲ့ မိန်းမ တစ်ယောက်ဝင်လာတယ်။ အရပ်ရှည်ရှည်ထောင်ထောင် မောင်းမောင်းဖြစ်ပြီး ယောက်ျားလေးတွေထားတတ်တဲ့ စစ်ကေလိုဆံပင်ကေမျိုးညှပ်ထားတဲ့အတွက် ကြည့်ရတာ တစ်မူထူးခြားနေတယ်။ အသက်သုံးဆယ်နှောင်းလေးဆယ်နား ရှိနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပုံရပြီး နေလောင်ခံထားရလို့ အနည်းငယ်နီစပ်နေတဲ့ အသားအရေမျိုးရှိတယ်။ ပေါင်တံရှည်တွေ ရှိပြီးတော့ ညာဖက်ပေါင်မှာမြွေပုံတက်တူး ထိုးထားတယ်။
“EUOCက အရာရှိတစ်ယောက်ယောက်များလား။” ကျွန်မ တွေးမိလိုက်တယ်။ ဒီအမျိုးသမီးဝတ်ထားတာက နာတာရှာ ဝတ်ထားတဲ့ယူနီဖောင်းနဲ့အတူတူပဲ။
အဲဒီအမျိုးသမီးရဲ့နောက်မှာတော့ ငယ်ရွယ်ပြီး အီဂျစ်ရိုးရာ အဝတ်အစားတွေဝတ်ထားတဲ့ ညိုချောမိန်းကလေးတစ်ယောက် ပါလာပါတယ်။ အဲဒီအမျိုးသမီးက ကျွန်မတို့ရှေ့ကိုရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။
“ငါက EUOCရဲ့အမှတ် (၆) စစ်ဆင်ရေးတပ်ဖွဲ့၊ စစ်ဆင်ရေးမှူး အယ်မာပဲ။ အမှောင်ကျောင်းတော်ရဲ့ညမင်းသားနက်ဆန်၊ ရှင်က အခုရက်ပိုင်းအတွင်း ဆေးရုံတစ်ရုံမှာ တခြားအုပ်စုတစ်ခုနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်က ဥရောပသမဂ္ဂ သဘာဝလွန်ရေးရာကောင်မရှင်ရဲ့စည်းမျဥ်းတွေနဲ့ ဆန့်ကျင်နေတယ်။ ပြီးတော့ အမှတ် (၃) တပ်ဖွဲ့ စစ်ဆင်ရေးမှူး နာတာရှာကို မှော်နက်ပညာသုံးပြီး ဖုတ်ကောင်အဖြစ် ပြောင်းခဲ့တယ်လို့ သံသယရှိတဲ့အတွက် ရှင့်ကိုဖမ်းဆီး စစ်ဆေးရလိမ့်မယ်။”
“ဘယ်... ဘယ်.... ဘယ်.... ဘယ်လို။” ဒါ... ဒါဖြင့်ရင် သူတို့တွေက နက်ဆန့်ကို ဖမ်းဖို့လာကြတာပေါ့။ ဒါပေမဲ့ EUOCက တစ်ချိန်လုံး ကျွန်မတို့တွေအတွက် မိတ်ဖက်လိုမျိုးရှိနေခဲ့တာလေ။ အခုမှ ဘယ်လိုဖြစ်သွားတာလဲ။ ဒါမှမဟုတ် နာတာရှာဖုတ်ကောင် ဖြစ်သွားကတည်းက သူတို့အဖွဲ့က ကျွန်မတို့ကိုအရေးယူဖို့ ချောင်းနေတာများလား။
နက်ဆန်ကတော့ တုန်လှုပ်နေတဲ့ကျွန်မနဲ့မတူဘဲ ကော်ဖီခွက်ကိုသာ အနည်းငယ်လှုပ်ပြီး တစ်ငုံဆက်သောက်တယ်။ နောက်တော့ အခုလိုပြောလိုက်လေရဲ့။
“မင်းတို့အဖွဲ့က ဒီကိစ္စမှာပါတဲ့ တခြားတစ်ဖွဲ့ဆီအရင်မသွားဘဲ ငါ့ဆီအရင်လာရလောက်အောင် သတ္တိနည်းကြတာပဲ။ စိတ်ပျက်စရာ ကောင်းလိုက်တာ။”
ဟုတ်တယ်၊ ဆေးရုံမှာတိုက်ခိုက်ခဲ့တာက နက်ဆန်တစ်ယောက်ပဲ မဟုတ်ဘူးလေ။ ရိုမြူလက်ဘုရားကျောင်းက ဒိုင်းသူတော်စင်နဲ့ ဟိုလှံအကြီးကြီးကိုင်ထားတဲ့ မိန်းကလေးလည်းပါတယ်။
“ရှင့်လေသံကို နားထောင်ရတာ အလွယ်တကူ လက်နက်ချမယ့် ပုံစံမရှိဘူး။ ဒါဆိုရင်လည်း....”
အယ်မာက လက်ဖျောက်တီးလိုက်တယ်။ သူ့နောက်မှာရပ်နေတဲ့ မိန်းကလေးက ထူးဆန်းတဲ့ရွှေရောင်ကျိုင်းတုတ်ကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီးတဲ့နောက် ရွှေရောင်အလင်းရောင်တွေက တည်းခိုခန်း တစ်လုံးကို ဖုံးလွှမ်းသွားပါတော့တယ်။