စော်ကားခံလိုက်ရတယ်လို့ပဲ ခံစားရတယ်
Vol. 13 Ch. 175
အခန်း (၁၇၅) စော်ကားခံလိုက်ရတယ်လို့ပဲ ခံစားရတယ်
"မင်းကိုး…"
သူတို့ရှေ့တွင် လာရပ်သူကိုကြည့်ပြီး ကျိုးစူး အနည်းငယ် အံ့အားသင့်သွားသည်။
ထိုသူက သူနှင့် မရင်းနှီးသော်လည်း တောင်ခြေသေရည်ဆိုင်မှ စားပွဲထိုးဖြစ်ကြောင်း သိရှိလိုက်သည်။
လုချန်က…
"ကျွန်မတို့ အခု သေရည်ဝယ်မှာ မဟုတ်တာ… သူ့ကို ဘာအရေးစိုက်နေစရာလိုလဲ…"
လုချန်က အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူမက သုန်သုန်မှုံမှုံမျက်နှာထားဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။
ကျိုးစူးနှင့် လုချန်ရှေ့တွင် မတ်တတ်ရပ်နေသူမှာ ကျန်းလန် ဖြစ်လေ၏။
သူက အခြားလမ်းသွားလမ်းလာများကို မသိရှိသည့်အတွက် ကျိုးစူးနှင့် လုချန်က သူ့ကို ကူညီနိုင်မည်ဟု ယူဆခဲ့သည်။
အခြားသူများကို အလောတကြီး သွားရောက်အကူအညီတောင်းလျှင် အခန့်မသင့်ပါက မလိုအပ်သည့် အငြင်းပွားမှုများ ဖြစ်လာနိုင်သည်။
ကျိုးစူးနှင့် လုချန်ကတော့ အရင်ကလည်း ဆုံတွေ့ခဲ့ဖူးသူများဖြစ်သလို ခွန်လွန်တောင်မှ တပည့်များလည်း ဖြစ်သောကြောင့် ပြဿနာမရှိနိုင်ပေ။
သို့သော် ထို (၂)ယောက်၏ လေသံကိုကြည့်ရသည်မှာ သေရည်ဆိုင်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များအပေါ် ကျေနပ်ပုံ မရသေးပေ။
ထိုပြဿနာကလည်း ရှောင်ယွိကြောင့် ဖြစ်ရခြင်းပင်။
ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…
"မင်းတို့ဆီမှာ ကျုပ်အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ…"
လုချန်က…
"ကျွန်မတို့က အားယားမနေဘူး… ဘေးဖယ်ပေးစမ်း…"
ကျိုးစူးက သူမကို တားဆီးလိုက်သည်။
"ဂိုဏ်းတူညီမလေး… ခဏနေပါဦး…"
ထို့နောက် ကျိုးစူးက ကျန်းလန်ကို ကြည့်လိုက်ပြီး…
"ရွှေပြဒါးအမြုတေအဆင့် တက်ရောက်နိုင်ခဲ့ပြီးတဲ့နောက် ကျုပ် စိတ်တွေကြည့်လင်နေတယ်… ၊ ဒီတော့… မင်း ဘာလိုချင်လဲ ပြောလေ… ၊ ကျုပ် ကူညီနိုင်ရင် ကူညီပါ့မယ်…"
လုချန်က အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း မည်သည့်စကားမှ မပြောတော့ပေ။
သူမက ဘာမှမဟုတ်သူဖြစ်ရာ ကျိုးစူး၏ဆန္ဒကို မလွန်ဆန်နိုင်ပေ။
ကျန်းလန်က သူတို့ (၂)ယောက်ကို တစ်ချက်အကဲခတ်လိုက်ပြီး လေသံခပ်အေးအေးဖြင့်…
"ကျုပ်က ပြင်ပလောကိုု မထွက်တာကြာပြီဆိုတော့ လက်ထဲမှာ ပိုက်ဆံမရှိဘူး… ၊ အဲဒါ မင်းတို့ဆီမှာ ဝိညာဉ်ကျောက်တုံးနဲ့ ကြေးပြားငါးပြားလောက် လဲယူချင်လို့ပါ…"
ကျိုးစူးနှင့် လုချန်က မကူညီချင်ဘူးဆိုလျှင်တော့ ကျန်းလန်က ထပ်မပြောတော့ရန် စဉ်းစားထားသည်။
လမ်းသွားလမ်းလာနောက်တစ်ယောက်ကိုသာ အကူအညီတောင်းရပေမည်။
ကျိုးစူးက ရွှေစတစ်စကို ကျန်းလန်ထံ ပစ်ပေးလိုက်ရင်း…
"ကျုပ်မှာ ကြေးပြားတော့မရှိဘူး… ရွှေပဲရှိတယ်… ရော့…"
ခဏနားပြီးမှ ကျိုးစူးက…
"ဒီနေ့ ကျုပ် စိတ်ပျော်နေလို့ မင်းကို ရွှေစတစ်စပေးလိုက်မယ်… ၊ ကျေးဇူးတင်စရာမလိုဘူး… ရတယ်…"
ကျန်းလန်က ကျိုးစူးပစ်ပေးသည့် ရွှေစကို ဖမ်းယူလိုက်ရင်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ထပ်မံမေးမြန်းလိုက်သည်။
"ငွေစနည်းနည်းလောက်ရော ရနိုင်မလား…"
"မင်းက လောဘကို အတောမသတ်နိုင်ပါလား…"
ရွှေစပေးလိုက်သည့်တိုင် ငွေစထပ်တောင်းနေသည့် ကျန်းလန်ကို ကျိုးစူးက ဝေဖန်ပြစ်တင်လိုက်သည်။
ထို့နောက် သူက ကျန်းလန်ကို ငွေစအချို့ ထုတ်ပေးလိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"ကဲ… ဒီနေ့တော့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်ခဲ့ပြီ…"
ကျိုးစူး ရေရွတ်လိုက်၏။
လုချန်က ကျန်းလန်ကိုကြည့်လိုက်ရင်း…
"သိတယ်နော်… နောက်တစ်ခါ ကျွန်မတို့နဲ့တွေ့ရင် ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ…"
ပြောပြီးသည်နှင့် သူမက ကျိုးစူးနှင့်အတူ ထွက်ခွာသွားသည်။
သို့သော် ကျန်းလန်က သူတို့ (၂)ယောက်ကို ထပ်မံတားဆီးလိုက်ပြန်သည်။
ကျန်းလန်က ကျိုးစူး၏လက်ထဲသို့ ဝိညာဉ်ကျောက်တုံးတစ်ထုပ်ထည့်ပေးလိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်…
"ဒါက မင်းပေးတဲ့ပိုက်ဆံအတွက် ဝိညာဉ်ကျောက်တုံးတွေပါ…"
ထို့နောက် ကျန်းလန် လှည့်ထွက်သွားလေသည်။
ကျန်းလန်၏ ကျောပြင်ကို ကျိုးစူးက တအံ့တသြငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
"ဒီလူက ဘယ်လိုလူလဲ… ရွှေစ အလကားပေးတာတောင် မလိုချင်ဘူးလား…"
လုချန်က ကျိုးစူးလက်ထဲမှ ဝိညာဉ်ကျောက်တုံးအထုပ်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ကျွန်မတို့ပေးတာထက်တောင် သူက ပိုပေးသွားသေးတယ်…"
"ဟက်… သူက ကျုပ်တို့ကို ဘောက်စူးတောင် ပြန်ပေးလိုက်တဲ့ သဘောပေါ့… ကျုပ်တော့ စော်ကားခံလိုက်ရတယ်လို့ပဲ ခံစားရတယ်…"
"ဟုတ်တယ်… ကျွန်မရောပဲ…"
သူတို့ (၂)ယောက် အနည်းငယ် ဒေါသထွက်သွားကြသည်။
သို့သော် ယနေ့ သူတို့လုပ်စရာကိစ္စများစွာရှိနေလေရာ ကျန်းလန်လို အဆင့်မရှိသည့် စားပွဲထိုးတစ်ယောက်နှင့် ဖက်ပြိုင်ရန်ဖြစ်မနေတော့ဟု ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက် သူတို့ အခြားနေရာသို့ ထွက်ခွာသွားကြလေတော့၏။
ကျိုးစူးက…
"နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေစစ်ဖြစ်နေတာ အဆုံးသတ်တော့မယ်လို့ သတင်းကြားတယ်… ၊ အဲဒီကိစ္စက ကျုပ်တို့ကို ထိခိုက်စေမလား မသိဘူး… ၊ ကျုပ်တို့ကိုသာ ဆိုးဆိုးရွားရွားထိခိုက်စေမယ်ဆိုရင်တော့ ဒုက္ခပဲကွာ…"
လုချန်က…
"ကျွန်မတော့ အဲဒါတွေ သိပ်နားမလည်ပါဘူး… ၊ ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမ စေ့စပ်ပွဲကို မသွားလိုက်ရတာ နာတာပဲ… ၊ ကျွန်မ ကျောက်စိမ်းရေကန်နတ်ဘုရားမကို တစ်ခါမှ မမြင်ဖူးဘူး…"
"အမှန်ပဲ… အဲဒီတုန်းက ခရီးထွက်သွားတဲ့သူတိုင်း စေ့စပ်ပွဲလွတ်သွားလို့ စိတ်မကောင်းဖြစ်ကြရတာ… ၊ ဒါပေမဲ့ အဲဒီတုန်းက ကျုပ်တို့က ကျင့်ကြံခြင်းအဆင့်နိမ့်သေးတယ်လေ… ၊ ခရီးမထွက်ဘူးဆိုရင်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမကိုတွေ့ရဖို့ မနီးစပ်ပါဘူး…"
"အမှန်ပဲ… နောက်ဆိုရင်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ဆုံတွေ့ရဖို့ အခွင့်အရေးရနိုင်ကောင်းပါရဲ့…"
သူတို့ (၂)ယောက် စကားပြောရင်း တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
ကျန်းလန်ကတော့ တုတ်ထိုးသကြားလုံးရောင်းသည့်ဆိုင်သို့ ပြန်လာပြီး တုတ်ထိုးသကြားလုံးများကို ဝယ်ယူလိုက်သည်။
ထို့နောက် တုတ်ထိုးသကြားလုံးများကို အနီရောင်ဘူးသီးခြောက်ထဲသို့ထည့်ကာ သိမ်းဆည်းလိုက်ပြီး ဆရာဖြစ်သူအတွက် လက်ဆောင်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
သူက မြို့တော်ထဲတွင် အချိန်အတန်ကြာ လှည့်လည်ကြည့်ရှုနေသည့်တိုင် ဆရာဖြစ်သူနှင့် သင့်တော်သည့် လက်ဆောင်ပစ္စည်းကို ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတော့ တောင်ခြေသေရည်ဆိုင်မှ အကောင်းစားသေရည်တစ်အိုးသာဝယ်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သေရည်အပြင် အမဲခြောက်ဖုတ်များနှင့် ပဲငံပြာရည်လည်း ဝယ်ယူသွားလျှင်ကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။
…………………
တောင်ခြေသေရည်ဆိုင်…
ကလေးငယ်က ကြမ်းတိုက်နေရင်းမှ…
"အဘိုး… နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေ တိုက်ခိုက်နေတယ်လို့ သတင်းကြားတယ်… ၊ အဲဒါ တကယ်ပဲလားဟင်…"
"အဲဒါက တိုက်ပွဲသေးသေးလေးပါကွာ… ၊ သူသေကိုယ်သေတိုက်ကြာတဲ့ တိုက်ပွဲမျိုး မဟုတ်ပါဘူး…"
ဆိုင်ရှင်အဘိုးအိုက အကောင်းစားသေရည်တစ်အိုးပြင်ဆင်နေရင်း ပြောလိုက်သည်။
ကလေးငယ်က…
"ဒါဖြင့် အဲဒီတိုက်ပွဲကို ကျွန်တော် သွားကြည့်လို့ရလား…"
"မင်းက သေသွားချင်လို့လား…"
အဘိုးအိုက ကလေးငယ်ကို မော့မကြည့်ဘဲ ပြောလိုက်သည်။
ကလေးငယ်က…
"ကျွန်တော် အခု တန်ခိုးစွမ်းအားမြင့်မားနေပါပြီ… ၊ လူသားအင်မော်တယ်တွေတောင်မှ ကျွန်တော့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး…"
အဘိုးအိုက ကလေးငယ်ကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။
"ပျက်သုန်းတစ်စပြင်လောကကြီးမှာ မင်းအဆင့်က အောက်ခြေမှာ ရှိနေတုန်းပဲ… ၊ စစ်သည်တော်တစ်ယောက်လောက်တောင် မင်းက အသုံးမကျသေးဘူး… ၊ ဒါနဲ့… မင်းနဲ့ကျုပ် အရင်က သဘောတူထားတာကို မေ့မယ်မကြံနဲ့နော်…"
ပြောပြီးသည်နှင့် ဆိုင်ရှင်အဘိုးအိုက ခေါင်းကို ငုံ့လိုက်ပြီး အကောင်းစားသေရည် ဆက်လက်ပြုလုပ်နေလိုက်သည်။
"ဒါဖြင့်…"
ကလေးငယ်က တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ မည်သည့်စကားမှ မပြောနိုင်ခင် အဘိုးအိုက ပိတ်ပြောပစ်လိုက်သည်။
"ဇာမဏီမျိုးနွယ်က ကောင်မလေးက မင်းကို စိတ်ဝင်စားမှာမဟုတ်ဘူး… ၊ စိတ်ကူးယဉ်မနေနဲ့…"
ကလေးငယ် စိတ်များရှုတ်ထွေးသွားသော်လည်း အဘိုးဖြစ်သူ၏စကားကို မယုံကြည်ပေ။
အမှန်တော့ ကျန်းလန်၏ စိတ်ထဲသို့သာဝင်ရောက်နိုင်မည်ဆိုလျှင် အဘိုးဖြစ်သူက သူလုပ်ချင်ရာ လုပ်ခွင့်ပြုမည် ဖြစ်သည်။
"ဟာ… အစ်ကိုကြီး…"
ကျန်းလန်၏ စိတ်ထဲ မည်သို့ဝင်ရောက်ရမည်ကို ကလေးငယ် တွေးနေဆဲမှာပင် သေရည်ဆိုင်တံခါးဝသို့ ကျန်းလန်က တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာလေသည်။
ဟုတ်ပေ၏။
ကျန်းလန် ပြန်လာပြီ ဖြစ်သည်။
ကောင်းကင်ပြာမြို့တော်တွင် လက်ဆောင်ပစ္စည်းလျှောက်ကြည့်နေရင်း အချိန် (၂)လခန့် ကြာမြင့်ခဲ့သည်။
ရှောင်ယွိအတွက်ဝယ်လာသည့် တုတ်ထိုးသကြားလုံးများ ပျက်စီးမသွားစေရန် မန္တန်အသုံးပြုပြီး သူက သိမ်းဆည်းထားခဲ့သည်။
ကျန်းလန်က ကလေးငယ်ကို နှုတ်ဆက်စကားဆိုပြီးနောက် ကောင်တာသို့ လမ်းလျှောက်သွားလိုက်သည်။
"အဘိုး… အကောင်းစားသေရည်တစ်အိုးလောက် ပေးပါ…"
ပြောပြီး သူက ဝိညာဉ်ကျောက်တုံးတစ်ထုပ်ပေးလိုက်သည်။
"မင်း ဒီကိုရောက်လာတာ နာမ်ဝိညာဉ်သေရည်ဆိုင်အကြောင်း မေးမလို့ မဟုတ်လား…"
ဆိုင်ရှင်အဘိုးအိုက ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး အေးဆေးစွာဖြင့် မေးလိုက်သည်။
ကျန်းလန်က အဘိုးအိုကို ရိုရိုသေသေပင် ဦးညွှတ်လိုက်ရင်း…
"အဘိုးသင်ပြပေးမယ်လို့ မျှော်လင့်ပါတယ်…"
"ရော့… ဒီမှာ မင်းရဲ့ သေရည်…"
ဆိုင်ရှင်က သေရည်အိုးကို ကျန်းလန်ရှေ့သို့ တွန်းပို့လိုက်သည်။
ထို့နောက် အဘိုးအိုက ကျမ်းစာအုပ်တစ်အုပ်ကို ကျန်းလန်ဆီ ကမ်းပေးလိုက်ရင်း…
"ကျုပ်လိုအဘိုးကြီးဆီက သင်ပြပေးတာကို လိုချင်တယ်ဆိုရင် တန်ရာတန်ကြေးတော့ ပေးရလိမ့်မယ်… ၊ တန်ရာတန်ကြေးက သိပ်မများပေမယ့် မင်းကတော့ ပေးလို့မဖြစ်ဘူး… ၊ မင်း ဆရာဆီက တောင်းမှ ဖြစ်မှာ… ၊ ဒါပေမဲ့ မင်း စိတ်မပူပါနဲ့… ၊ ကျုပ်တောင်းတဲ့ တန်ရာတန်ကြေးက မင်းရဲ့ဆရာကို မထိခိုက်စေပါဘူး…"
အဘိုးအိုက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
"မင်း ခရီးထွက်သွားပြီး နောက်တစ်နေ့မှာတောင် မင်းရဲ့ဆရာနဲ့ ကျုပ်နဲ့ ဆုံဖြစ်သေးတယ်… ၊ သူက မင်းသိချင်တဲ့အရာအတွက် တန်ရာတန်ကြေးကိုတောင် ကြိုပြီးပေးပြီးသွားပြီ…"
အဘိုးအို၏စကားကြောင့် ကျန်းလန် အံ့အားသင့်သွားသော်လည်း ကျမ်းစာအုပ်ကို လက်ခံယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး…"
ထို့နောက် ကျန်းလန် လှည့်ထွက်လာခဲ့သည်။
သေရည်ဆိုင်ရှင်အဘိုးအိုကို ဆရာဖြစ်သူက မည်သို့သော တန်ရာတန်ကြေး ပေးလိုက်ရသည်ကို မေးမြန်းကြည့်ရမည် ဖြစ်သည်။
နောက်တစ်ကြိမ်တော့ သေရည်ဆိုင်ရှင်အဘိုးအိုထံမှ သင်ပြပေးမှုကို မရယူတော့ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ရယူခဲ့လျှင်တောင်မှ တန်ရာတန်ကြေးပေးရသူက သူကိုယ်တိုင် ပေးရမှသာ ရယူမည် ဖြစ်သည်။
ကျန်းလန်က ယခု အရွယ်ရောက်လာပြီဖြစ်လေရာ ကိစ္စအတော်များများကို ကိုင်တွယ်ဖြေရှင်းနိုုင်နေပြီ ဖြစ်သည်။ ဆရာဖြစ်သူကို အရာရာလိုက်ပြီး အပူကပ်နေစရာ မလိုတော့ပေ။
ကျန်းလန်လျှင်မြန်စွာ ထွက်ခွာသွားသည့်အတွက် ကလေးငယ်မှာ မြေပဲထုပ်ပင် လက်ဆောင်ပေးချိန် မရလိုက်ပေ။
"အဘိုး… ကျွန်တော့်အထင်ပြောရရင် နောက် (၂)နှစ်လောက်ဆို အဲဒီအစ်ကိုကြီးရဲ့ စိတ်ထဲကို သေချာပေါက် ဝင်နိုင်မယ်ဗျာ… ၊ အဲဒီအချိန်ကျရင် အဲဒီအစ်ကိုကြီးကိုသာ ဆိုင်ကိုခေါ်လိုက်စမ်းပါ…"
ကလေးငယ်က ရုတ်တရက် ပြောလိုက်သည်။
ဆိုင်ရှင်အဘိုးအိုက ကလေးငယ်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ မြေးဖြစ်သူ၏ သတ္တိကတော့ ချီးကျူးစရာပင်။
ထို့နောက် သူက ထွက်ခွာသွားသည့် ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ဒီကောင်လေးရဲ့ အနှစ်သာရတွေ ၊ စွမ်းအားတွေ ၊ ဝိညာဉ်တွေက အခု လုံးဝပြောင်းလဲသွားပြီ… ၊ ပြင်ပလောကကိုသွားပြီး အတွေ့အကြုံရှာတာ သူ့အတွက် အတော်လေး အကျိုးရှိခဲ့ပုံရတယ်… ၊ သူ့ကိုတွေ့လိုက်တိုင်း အများကြီးတိုးတက်လာတာကိုပဲ ခံစားရတယ်… ၊ အိမ်း… ဒီကောင်လေး အနာဂတ်မှာ ဘယ်လိုအောင်မြင်မှုတွေရမလဲဆိုတာ ကျုပ် သိချင်လိုက်တာ…"
…………………
သေရည်ဆိုင်မှ ထွက်ခွာလာသည်နှင့် ကျန်းလန် နဝမတောင်ထွတ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
သူ ခရီးထွက်သွားသည်က အချိန် (၄)နှစ်တောင် ကြာခဲ့လေသည်။
ယခုဆိုလျှင် ရှောင်ယွိ၏ သစ်သားဓားမှ နဂါးသုတ်သင်ဓားဝိညာဉ်သည်လည်း ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။ ထိုကိစ္စက သူမကို ထိခိုက်စေမည်လားဆိုသည်ကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။
သူက (၃)နှစ်အတွင်း အရောက်ပြန်လာရန် ရည်ရွယ်သော်လည်း တစ်နှစ်နောက်ကျသွားသည်မှာ စိတ်မကောင်းစရာပင်။
အပြန်လမ်းတွင်တော့ မည်သည့်အတားအဆီးမှ ရင်ဆိုင်ရခြင်း မရှိပေ။
ကျန်းလန် နဝမတောင်ထွတ်ရှိ မက်မွန်တောလေးရှေ့သို့ ရောက်ရှိလာသည်။ သူက မက်မွန်ဝင်္ကပါအတွင်းသို့ ခြေတစ်လှမ်းချင်းလှမ်းကာ ဝင်ရောက်သွားသည်။
ဆရာဖြစ်သူကို သွားရောက်မနှုတ်ဆက်မီ သူနေထိုင်ရာ ခြံဝန်းကို အရင်ဆုံးသွားကြည့်ရန် စဉ်းစားထားသည်။
ပြီးလျှင် သူ ခရီးမှပြန်ရောက်ပြီဖြစ်ကြောင်း ရှောင်ယွိကို အကြောင်းကြားရပေမည်။
သူ ခြံဝန်းနားရောက်လာသည်နှင့် ရောင်စုံပန်းများ ဝေေ၀ဆာဆာပွင့်လန်းနေသည်ကို တွေ့လိုက်ရသည်။ ပန်းများပွင့်လန်းသည့် ရာသီသို့ ရောက်ရှိနေလေပြီ။
ထို့နောက်…
ပန်းပွင့်များကြားတွင် တင်ပျဉ်ခွေထိုင်နေသည့် မိန်းမပျိုလေးတစ်ယောက်ကို ကျန်းလန် တွေ့လိုက်ရလေသည်။
သူမက အဖြူရောင်နှင့် အပြာရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်လေးကို ရိုးရိုးရှင်းရှင်းလေး စည်းနှောင်ထားသည်။
သူမပုံစံလေးက အလွန်နူးညံ့သိမ်မွေ့လှသည်။
ထိုမိန်းကလေးသည်ကား ရှောင်ယွိပင် ဖြစ်လေသည်။
လူသံကြား၍ထင့် ရှောင်ယွိက သူရှိရာသို့ လှည့်ကြည့်လာသည်။
ကျန်းလန်ကို တွေ့လိုက်သည်နှင့် သူမကအံ့သြဝမ်းသာစွာဖြင့် ပြုံးပြနှုတ်ဆက်လေသည်။ နေရောင်အောက်တွင် သူမ၏ အပြုံးလေးက အလွန်မှ ချစ်စရာကောင်းလွန်းလှသည်။
"ကြည့်ပါဦး… ခြံထဲမှာ ပန်းတွေပွင့်နေတာ အရမ်းလှတာပဲ… ၊ ကြည့်ရတာ ပန်းတွေက သူတို့သခင် ခရီးကပြန်လာတာကို ကြိုဆိုနေကြတာထင်တယ်နော်…"
ခြံဝန်းထဲတွင် ရောင်စုံပန်းများက လှပစွာပွင့်လန်းနေပြီး လန်းဆန်းသည့် ပန်းရနံ့များက လေထဲတွင် ပြန့်လွင့်လျှက် ရှိသည်။
ပန်းများထက်သို့ နူးညံ့သည့်လေပြေလေးက တိုက်ခတ်သွားသည့်အခါ ပန်းပင်ေးလများ ယိမ်းထိုးသွားပြီး ပန်းပွင့်ချပ်လွှာများထက်တွင် ခိုတွဲနေသည့် နှင်းရည်စက်လေးများက လွင့်စင်သွားသည်။
ကျန်းလန်၏စိတ်ထဲတွင် ကြည်နူးမှုကို ခံစားလိုက်ရလေသည်။
သူက ရှောင်ယွိကို ပြုံးပြနှုတ်ဆက်လိုက်ရင်း…
"ဂိုဏ်းတူအစ်မ… မတွေ့တာကြာပြီနော်…"