လူတွေဘယ်ပျောက်သွားတာလဲ (၂)
Vol. 3 Ch. 135
သတိဝင်လာတဲ့အချိန်ရောက်တော့ ကျွန်မကိုယ်ကျွန်မ စားပွဲခုံမှာ မျက်နှာအပ်ပြီး အိပ်နေခဲ့မိတာ သတိထားမိလိုက်တယ်။ ပြီးတဲ့ အခါမှာတော့ ကျွန်မနဲ့အတူတစ်ဝိုင်းထဲ ထိုင်နေခဲ့တဲ့သူဆီကို ကြည့်လိုက်ပေမဲ့ ဘယ်သူမှမရှိတော့ဘူး။
“ဟင်... သူဘယ်ပျောက်သွားတာလဲ။”
ကျွန်မတွေးကြည့်လိုက်မိတယ်။ နိုးမလာခင်က ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်စဥ်းစားဖို့အတွက် ကြိုးစားကြည့်နေပေမဲ့ အလွန်ခက်ခဲတာကို သတိထားမိလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကို ပြန်ကြည့်တဲ့ အခိုက်အတန့်မှာတောင် သိပ်ပြီးတော့ မမှတ်မိချင်ဘူး။
ဒါပေမဲ့ ကျွန်မရင်ထဲမှာ ဆိုးဆိုးဝါးဝါး ခံစားလာရပြီးတော့ လုံးဝ မေ့သွားလို့မဖြစ်ဘူးဆိုတဲ့ နာမည်တစ်ခုကို အလိုလိုနေရင်းနဲ့ ရေရွတ်လိုက်မိပါတယ်။
“နက်ဆန်... ငါနဲ့အတူတူ ထိုင်နေခဲ့တဲ့သူက နက်ဆန်ပဲ။ ငါသူ့ကို ရှာရမယ်။” ဒါပေမဲ့ ကျွန်မနာမည်တစ်ခုကိုပဲ မှတ်မိတာဖြစ်ပြီး သူ့ရဲ့ရုပ်ရည်နဲ့ တခြားအကြောင်းအရာတွေကို မမှတ်မိတော့ဘူး။ ပိုဆိုးတာက ကျွန်မကိုယ်ကျွန်မပါ ဘယ်သူလဲတွေးမရတာ။ မေ့နေတယ် ဆိုတာထက် တစ်စုံတစ်ယောက်က ကျွန်မကို အဲဒီအကြောင်းအရာတွေ စဥ်းစားလို့မရအောင်လို့ ပိတ်ပင် ထားလိုက်သလိုပါပဲ။
“ရှာမှဖြစ်မယ်....” ကျွန်မ ထိုင်နေရာကနေ ထလိုက်ပြီးတော့ အောက်ထပ် စားသောက်ဆိုင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်တယ်။ တချို့စားပွဲတွေပေါ်မှာ စားလက်စ စားစရာတွေ၊ ပူနွေးနေဆဲ လက်ဖက်ရည်ပန်းကန်တွေကို တွေ့ရတယ်ဆိုပေမဲ့ လူတွေ ရှိမနေပါဘူး။
“စားစရာတွေရှိတယ်ဆိုတော့ ချက်ပြုတ်နေတဲ့ သူတွေရှိသင့်တယ် မဟုတ်လား။”
အဲဒီအတွေးနဲ့အတူ ကျွန်မစားသောက်ဆိုင် နောက်ဘက်မှာရှိတဲ့ မီးဖိုချောင်ခန်းထဲကို ဝင်သွားလိုက်တယ်။ ကြော်လှော်နေတဲ့ အနံတွေရပေမဲ့ အထဲကိုရောက်တဲ့အခါ ဘယ်သူမှရှိမနေတာကို မြင်ရပြန်တယ်။ မီးပူပေါ်မှာတင်ထားပြီး တူးလုနီးပါးဖြစ်နေတဲ့ ဝက်အူချောင်းကြော် တချို့ရယ်၊ ဆူလွန်းလို့ အမြုပ်တွေတောင် ဝေကျနေတဲ့ နွားနို့အိုးရယ်ကို မြင်ရပြီးတဲ့နောက် အလိုလိုသိစိတ်နဲ့ မီးဖိုမီးတွေကို ပိတ်ချလိုက်မိပါတယ်။ မဟုတ်ရင် ဒီပစ္စည်းတွေက မီးထလောင်ပြီး တည်းခိုခန်းတစ်ခုလုံး ပြာကျသွားလိမ့်မယ်။
“ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့လို့ အားလုံးလုပ်လက်စတွေကို ထားခဲ့ပြီး ထွက်ပြေးကုန်တာများလား။”
ကျွန်မရင်ထဲမှာ အတွေးတစ်ခုတွေးလိုက်မိတယ်။ အဲဲဒီနောက် အပေါ်ထပ်ကိုတက်တဲ့လှေကားကို ကြည့်လိုက်မိပြီးတဲ့နောက် “ဒီနေရာက တည်းခိုခန်းပဲ။ အိပ်ခန်းတွေထဲမှာ လူတွေရှိနေမယ် ထင်တာပဲ။”
ကျွန်မစိတ်ကူးရရချင်းမှာပဲ အပေါ်ထက်ကို ပြေးတက်သွားခဲ့ ပါတယ်။ အဲဒီနောက် နှစ်ဆယ်ကျော်သာရှိတဲ့ တည်းခိုခန်းက အခန်းတိုင်းကို လိုက်ဖွင့်ကြည့်ခဲ့ပေမဲ့ သက်ရှိလူသားရယ်လို့ လုံးဝမတွေ့မမြင်ရပါဘူး။
အဲဒီအစား ပွစာကျဲနေတဲ့အဝတ်တွေ၊ ဖွင့်ထားတဲ့ ရေချိုးခန်း ရေပန်းတွေ၊ ဖတ်လက်စ စာအုပ်တွေ စသည်ဖြင့်သာတွေ့ရပြီး ဒီနေရာမှာရှိနေခဲ့တဲ့သူတွေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့တာ မကြာသေးဘူးဆိုတဲ့ ခံစားချက်ကိုသာ ရနေပါတယ်။
“ရုပ်ရှင်တွေထဲကလိုများ ဂြိုဟ်သားတွေရောက်လာပြီး လူတွေကို ဖမ်းသွားတာများလား။”
မဖြစ်နိုင်ဘူးလို့တွေးမိပေမဲ့ အူကြောင်ကြောင်နိုင်တဲ့ အတွေး တစ်ခုကို ကျွန်မခေါင်းထဲမှာ တွေးမိလိုက်တယိ။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မခေါင်းကို ခါယမ်းလိုက်မိပါတယ်။
“ဆယ်ဗီ... ဆယ်ဗီ... နင်ဘာတွေ လျှောက်စဥ်းစားနေတာလဲ။ နက်ဆန်သာ ငါတွေးနေတာတွေကိုသိရင် ထပ်ပြီးခေါင်းခေါက် လိမ့်ဦးမယ်။ အမ်....”
အဲဒီနောက်တော့ ကျွန်မကိုယ်ကျွန်မ ကိုယ့်ခေါင်းကိုယ်ခေါက်လိုက် မိပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် အံ့ဩမိသွားတယ်။
“ဘုရားရေ... ငါ့နာမည်က ဆယ်ဗီလား။” တဖြည်းဖြည်းချင်းနဲ့ ကျွန်မကို ဘာမှတွေးမရအောင် တားဆီးထားတဲ့ အရံအတားက အားနည်းလာတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဒီလူတွေပျောက်နေတဲ့ ကိစ္စကိုဖြေရှင်းဖို့အတွက်ကတော့ အဝေးကြီးကျန်နေသေးတယ်။
“တစ်ယောက်ယောက်က ငါ့မှတ်ဉာဏ်တွေကို စည်းခတ်ဖို့ ကြိုးစားခဲ့ပုံပဲ။ ဒါပေမဲ့ ငါက သက်တံမီးတောက်နဲ့ ရင်ဆိုင်မိထားတာတောင် မှတ်ဉာဏ်တွေပြန်ရခဲ့တဲ့သူဆိုတော့ ဒီစည်းခတ်တဲ့နည်းစနစ်က ငါ့အတွက်မလုံလောက်သေးတာ ဖြစ်ရမယ်။”
ကျွန်မမှတ်ဉာဏ်တွေပြန်ရလာပြီး ကျွန်မနဲ့အတူရှိနေခဲ့တဲ့ လူတွေရဲ့နာမည်ကို အော်ခေါ်ကြည့်တယ်။ သူတို့တွေသာ အနားမှာရှိနေခဲ့ရင် ကျွန်မကို ပြန်ထူးနိုင်မလားဆိုပြီးပေါ့။
“မိုနီကာ... နက်ဆန်.... အိုလီရာနာ... နင်တို့ဘယ်ရောက်နေတာလဲ။”
တည်းခိုခန်းထဲမှာ လှည့်ပတ်ရှာပြီး တစ်ယောက်ကိုမှ မတွေ့ရတဲ့ နောက်မှာတော့ တည်းခိုခန်းထဲမှာ လူလိုက်ရှာဖို့ကိုကျွန်မ လက်လျှော့လိုက်ပြီးတော့ အပြင်ကိုထွက်လာခဲ့မိပါတယ်။ မြို့ထဲမှာတော့ လူတစ်ယောက်ယောက်ရှိလောက်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
ဒါပေမဲ့.. လမ်းမပေါ်မှာ ကားတွေရပ်ထားတာကိုသာတွေ့ရပြီး ဘယ်သူ့ကိုမှ ကျွန်မမမြင်မိဘူး။ လမ်းသွားလမ်းလာလည်း မရှိဘူး၊ ကြောင်တို့ခွေးတို့ငှက်တို့လည်း ရှိမနေဘူး။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး အဲဒီငြိမ်သက်မှုကပဲ ကျွန်မစိတ်ကိုမတည်ငြိမ် စေရတဲ့အကြောင်းအရင်း ဖြစ်လာပါတယ်။
ကောင်းကင်ကိုမော့ကြည့်လိုက်တော့ နေရောင်ရှိနေပေမဲ့ လေတိုက်နှုန်းရှိမနေဘဲ တိမ်တွေလှုပ်ရှားမနေပါဘူး။ ကျွန်မ မြင်နေရတဲ့လောကကြီးက အစစ်အမှန်နဲ့တူပေမဲ့ တစ်ချိန်တည်း မှာပဲ အတုအယောင်နဲ့ တူနေပြန်ပါတယ်။
“တခြားအဆောက်အဦတွေ ဆိုင်တွေမှာတော့ လူတွေရှိလောက် ပါတယ်နော်။”
ဒီအတွေးနဲ့အတူ ကျွန်မလမ်းတစ်ဖက်မှာရှိနေတဲ့ ကုန်စုံဆိုင်ထဲ ပြေးဝင်လိုက်တယ်။ ကုန်စုံဆိုင်ထဲမှာ လူသူကင်းမဲ့နေပြီးတော့ စျေးဝယ်ခြင်းတစ်ခြင်း မြေပေါ်မှာပြုတ်ကျနေတာ မြင်ရတယ်။ တစ်ယောက်ယောက်က ပစ္စည်းဝယ်ဖို့အတွက် ခြင်းထဲကို လိုချင်တဲ့ပစ္စည်းတွေထည့်ထားပြီးမှ ခြင်းတောင်းကိုမြေပေါ် ပစ်ချခဲ့ရသလိုမျိုးပဲ။
ငွေရှင်းကောင်တာဆီသွားတော့လည်း အံ့ဆွဲကပွင့်နေပြီး ဝယ်သူကို ပိုက်ဆံအမ်းဖို့ ကြိုးစားနေဟန်နဲ့ စားပွဲဘောင်ပေါ်မှာ ယူရိုငွေတချို့ တင်ထားတာတွေ့ရတယ်။ ဒါပေမဲ့ ဝယ်သူကိုရော ဆိုင်ဝန်ထမ်းကိုပါ မတွေ့ရပါဘူး။
နောက်ထပ် ဆိုင်ပေါင်းများစွာ၊ အိမ်ပေါင်းများစွာ လိုက်လံပြီး ရှာကြည့်ခဲ့ပေမဲ့လည်း အလားတူပါပဲ။ နာရီပေါင်းများစွာကြာ လူသူကင်းမဲ့နေတဲ့မြို့ထဲမှာ ပိတ်မိနေပြီးနောက် အထီးကျန်ဆန်တဲ့ ခံစားချက်က ပိုပြီးဆိုးဝါးလာတယ်။
တစ်လောကလုံးဒီလိုဖြစ်သွားပြီး ကျွန်မတစ်ယောက်တည်း ကျန်ရစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့အတူ ကျွန်မပိုပြီး တုန်လှုပ်လာတယ်။ လူတွေပျောက်ဆုံးမသွားခင်က ဖြစ်ရပ်အားလုံးနီးပါးကိုပြန်ပြီး သတိရနေပြီဆိုပေမဲ့ အခုလိုမဖြစ်ခင်မိနစ်ပိုင်းအလိုက ကိစ္စတွေကို ကျွန်မမှတ်မိခဲ့ပါဘူး။ ဒါပေမဲ့....
အိတ်ကပ်ထဲမှာထည့်ထားတဲ့ ကျွန်မဖုန်းကို စမ်းမိပြီးတဲ့နောက်မှာ ပြုံးလိုက်မိပြီး ဖုန်းထဲမှာရှိနေတဲ့ ဖုန်းနံပါတ်တွေတစ်ခုချင်းစီကို ခေါ်ကြည့်ပါတယ်။ ဒါပေမဲ့ ပြန်ထူးတဲ့သူ မရှိခဲ့ပါဘူး။
ကျွန်မခေါ်ကြည့်တဲ့ လူတွေထဲက တချို့က မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေဖြစ်ပြီး တခြားနေရာတွေမှာရှိနေသင့်တဲ့ သူတွေဖြစ်လို့ ဒီလိုလူတွေပျောက်သွားတာ မြို့တစ်မြို့တည်းမှာသာ ဖြစ်ခဲ့တယ်ဆိုရင် သူတို့ကိုခေါ်လို့ရရမှာ။ ဒါပေမဲ့ ခေါ်လို့မရဘူး ဆိုတော့...
“တစ်ကမ္ဘာလုံး ဒီလိုဖြစ်နေတာလား။”
အဲဒီအတွေးကြောင့် ကျွန်မပိုပိုပြီး ခြောက်ခြားလာခဲ့မိပါတယ်။ နောက်တော့ ကျွန်မမျက်လုံးထောင့်ကနေ အဖြူရောင်ဗင်ကား တစ်စီးကိုမြင်လိုက်တယ်။ ဗင်ကားပေါ်မှာ လူတစ်ယောက်ရှိနေပြီး ကားဒရိုက်ဘာလို့ထင်ရတာပဲ။ ဒါနဲ့ကျွန်မလည်း အားတက်သွားပြီး ပြေးသွားလိုက်တယ်။
“ဟေး... ဟေး....” ကျွန်မ လက်ကိုကာပြပြီး သူ့ကိုလမ်းပြီး နှုတ်ဆက်ပေမဲ့ ဘာတုံ့ပြန်မှုမှမရပါဘူး။ အနီးကပ်ရောက်တဲ့ အခါကျမှ ကားထဲကလူက လူတစ်ယောက်ဟုတ်မနေဘဲ အဝတ်ဆိုင်မှာသုံးတဲ့ ပလက်စတစ်ရုပ်ထုကြီးတစ်ခုဆိုတာကို သိရတော့တာ။
“ဟုတ်တာပဲနော်... ဘယ်လိုလုပ်ပြီးတော့ လူတစ်ယောက်ကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်တော့မှာလဲ။”
အဲဒီအတွေးနဲ့အတူ ကျွန်မစိတ်ဓာတ်ကျသွားတယ်။ ဘက်စ်ကား မှတ်တိုင်တစ်ခုကိုတွေ့တော့ အဲဒီကခုံတန်းရှည်မှာ ဝင်ပြီးတော့ ထိုင်နေဖြစ်တယ်။ ဒီနေရာမှာလည်း ဘက်စ်ကားစောင့်နေတဲ့ လူတွေရဲ့ပစ္စည်းတွေလို့ထင်ရတဲ့ ပိုက်ဆံအိတ်တို့ဘာတို့ကို တွေ့ရတယ်ဆိုပေမဲ့ ဘယ်သူမှရှိမနေပါဘူး။
ခဏနေတော့... “နေပါဦး၊ ဘယ်သူမှ ရှိမနေတော့ဘူးဆိုတော့ ငါလုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ သဘောပဲမဟုတ်ဘူးလား။”
လူတွေမရှိတော့တာကို အတည်ပြုပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့မသိစိတ်ထဲမှာ ဖုံးကွယ်ထားခဲ့တဲ့ မကောင်းတဲ့ ညဥ်တချို့က လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မခြေလှမ်းတွေက ပီဇာဆိုင်တစ်ဆိုင်ဆီရောက်သွားပြီး စားပွဲပေါ်မှာရှိနေတဲ့ ကောင်းမယ်ထင်ရတဲ့ ဗီဇာတချို့ကိုယူပြီး အလကားစားပစ် ခဲ့ပါတယ်။
အဲဒီနောက် အဝတ်ဆိုင်ကိုသွားပြီး လှမယ်ထင်တဲ့အဝတ်မှန်သမျှ ဝတ်ကြည့်ပြီး လျှောက်လမ်းသလားမိတယ်။ ဖုန်းဆိုင်ကိုဝင်ပြီး ဖုန်းအသစ်တစ်လုံးလည်း ဝင်ယူခဲ့သေးတယ်။ ဒါပေမဲ့ နာရီနဲ့ချီ ကြာလာပြီးတော့ တခြားလူတစ်ယောက်ကိုရှာမတွေ့ချိန်မှာတော့ ပျင်းရိစိတ်က ပိုများလာတယ်။
တဖြည်းဖြည်းအဲဒီပျင်းရိစိတ်က သက်သောင့်သက်သာမဖြစ်ဘဲ ကြောက်ရွံစရာကောင်းတဲ့ ခံစားချက်တစ်ခုလိုမျိုး ဖြစ်လာခဲ့တယ်။ အဲဒီနောက် ကျွန်မလျှောက်သွားနေရင်းကနေ မျက်စိဆေးခန်း တစ်ခုရှေ့ကနေ ဖြတ်သွားမိတော့ ဆိုင်းဘုတ်မှာရှိနေတဲ့ မျက်လုံးပုံ ဗီနိုင်းကြော်ငြာကြီးကိုမြင်ပြီး နောက်ကျောမလုံသလိုမျိုး ခံစားမိလာပါတယ်။
“တစ်ယောက်ယောက်က ငါ့ကိုစောင့်ကြည့်နေသလိုပဲ။”
ဒါကိုသတိပြုမိပြီးတဲ့နောက် စိုးရိမ်စိတ်တွေက ပိုပြီးတော့များပြား လာခဲ့ပါတယ်။ အဲဒီစောင့်ကြည့်နေတဲ့အရာက ကမ္ဘာပေါ်ကလူတွေ အားလုံးကို ပျောက်သွားစေခဲ့တဲ့ တရားခံဖြစ်နေပြီးတော့ ကျွန်မကို ရန်ပြုဖို့အတွက် ချောင်းနေတာဆိုရင်ရော။
အဲဒီအတွေးကို တွေးမိရုံနဲ့တင် လမ်းမပေါ်မှာလျှောက်ပြီးတော့ သွားနေတာ သိပ်ကိုအန္တရာယ်များတယ်လို့ တွေးမိလာပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်လာရင် တန်ပြန်တိုက်ခိုက်ဖို့နဲ့ လက်နက် တစ်ခုခုရှာဖို့အတွက် ရဲစခန်းကိုရှာပြီး အထဲဝင်နေလိုက်တယ်။
ရဲစခန်းကလည်း အပြင်ဘက်ကမ္ဘာကြီးလိုပဲ တိတ်ဆိတ်နေပြီး ဘယ်သူမှရှိမနေဘူး။ လက်နက်တိုက်ကိုရှာတွေ့ခဲ့ပေမဲ့ အာမခံ သော့နဲ့ခတ်ထားတဲ့အတွက် ခေါင်းခဲရပြန်ပါတယ်။
နောက်တော့ ကျွန်မအကြည့်က တိုက်ကပ်နာရီဆီရောက်သွားပြီး နာရီက ရပ်နေတာကို သတိထားမိလိုက်တယ်။ နာရီဓာတ်ခဲ ကုန်နေတာဖြစ်မယ်လို့တွေးမိပြီး ယူလာတဲ့ဖုန်းအသစ်ကို ဖွင့်ကြည့်တော့လည်း ဖုန်းနာရီက တိုင်ကပ်နာရီကအချိန်နဲ့ အတူတူပဲဖြစ်နေပြီး ရှေ့တိုးမလာဘူး။
“ဘာဖြစ်တာလဲ၊ အချိန်ကိုယ်တိုင်က ရပ်နေတာလား။”
ဒီတော့မှ ကျွန်မပြန်စဥ်းစားမိသွားပြီး ရဲစခန်းအပြင်ကိုထွက် ကောင်းကင်ပေါ်က နေကို ကြည့်လိုက်တယ်။ ကျွန်မ တည်းခိုခန်းကနေ ထွက်လာကစကလည်း နေရာက ဒီအမြင့်ဒီနေရာမှာပဲ ရှိနေတာဖြစ်ပြီး နာရီပေါင်းများစွာ ကုန်ဆုံးသွားသင့်ပြီးပြီဖြစ်တဲ့ အခုလိုအချိန်မှာလည်း ဒီနေရာမှာပဲ ရှိနေသေးတယ်။
“တကယ်ကြီး အချိန်ရပ်သွားတာလား၊ ဒါမှမဟုတ် ငါရောက်နေတာ အချိန်တည်ရှိမှု ကင်းမဲ့နေတဲ့နေရာမှာလား။”
ကျွန်မအဲဒီလို တွေးလိုက်မိတဲ့အချိန်မှာပဲ ကောင်းကင်ပေါ်က နေလုံးကြီးက လျင်လျင်မြန်မြန် ရွေ့လျားပါတယ်။ သိပ်ကို မြန်ဆန်လွန်းပြီး ခဏအတွင်းမှာပဲ မွန်းတည့်နေကနေ ဝင်လုဆဲဆဲ နေအဖြစ်ကိုပြောင်းသွားတယ်။ ပြီးတဲ့နောက်မှာတော့ ကောင်းကင် ပေါ်ကနေ လုံးဝပျောက်သွားပြီး လကအစားထိုးဝင်ရောက် လာတယ်။ ကျွန်မဖုန်းနာရီကိုထုတ်ကြည့်တော့ ညခုနစ်နာရီ ဖြစ်သွားပြီ။
“ဘုရားရေ... ဘယ်လိုဖြစ်စဥ်ကြီးလဲ။”
ကျွန်မ နားမလည်နိုင်တော့ဘူး။ ပြီးတော့ နောက်ထပ်ထူးဆန်းတာ တစ်ခုကိုလည်း သတိထားမိလိုက်တယ်။ မိုးကောင်းကင်ပေါ်က လမင်းကြီးက ကျွန်မရင်းနှီးတဲ့အရောင်မဟုတ်ဘဲ အနီရောင်ပါ။ အနီရောင်က တောက်ပလွန်းလို့ မြို့ထဲမှာရှိနေတဲ့အိမ်တွေတောင် အနီရောင်သန်းတဲ့အလင်းရောင်နဲ့ အထိုးခံထားရသလိုမျိုး ဖြစ်နေတာ တွေ့ရတယ်။
“ဒါကလည်း သာမန်ဖြစ်စဥ်မဟုတ်တာတော့ သေချာတယ်။” ကျွန်မ တွေးလိုက်မိတယ်။
များမကြာခင်မှာပဲ မြို့ထဲမှာ အရိပ်တချို့လှုပ်ရှားသွားလာနေတာကို ကျွန်မမြင်ရတယ်။ ဒါပေမဲ့ အဲဒါတွေက လူမဟုတ်ဘူးဆိုတာကို ကျွန်မ ကျိန်းသေပေါက်ပြောရတယ်။ အကြောင်းအရင်းကတော့ သူတို့ထဲက အသေးဆုံးဆိုတဲ့အရာတွေကတောင် ရှစ်ပေနီးပါး ရှည်ပြီးတော့ အနက်ရောင်အရိုးစုကြီးတွေနဲ့ဆင်တူတယ်။ ဒါပေမဲ့ လုံးဝအရိုးပျိုင်းပျိုင်းကျနေတာလည်းမဟုတ်ဘဲ သူတို့ကိုယ်ပေါ်မှာ စိမ်းညှိညှိရောင် နွယ်ပင်တချို့ရှိနေပြီး အဲဒီနွယ်တွေက အရိုးစုကို ရုပ်သေးလိုမျိုးချုပ်ကိုင်ပြီး လှုပ်ရှားနေစေတာပါ။
“ကမ္ဘာပေါ်ကလူတွေကို သူတို့စားလိုက်တာတော့ မဟုတ်ပါဘူးနော်။”
ခြောက်... ခြောက်...
ရုတ်တရက် နောက်ကျ ခြေသံကြားရတဲ့အတွက် ကျွန်မ လှည့်ကြည့်လိုက်တယ်။ မျှော်မှန်းထားပြီးသားဆိုပေမဲ့ လုံးဝမဖြစ်ချင်တဲ့ အဖြစ်အပျက်တစ်ခု တကယ်ဖြစ်လာခဲ့ပါပြီ။ အစိမ်းရောင်အညှိတွေတွယ်ကပ်နေတဲ့ အကောင်ကြီးက ကျွန်မနောက်မှာရှိနေပြီး သူ့လက်တွေကိုမြှောက်လိုက်တယ်။ ရွံစရာကောင်းလောက်အောင် ပြူးကျယ်နေတဲ့မျက်လုံးတွေ ရှိနေပြီးတော့ အနံအသက်ကလည်း ရွှံ့ပုပ်နံကြီး။
နောက်တော့ ကျွန်မလည်း ဆောက်တည်ရာမရဘဲ အကျယ်ကြီး အော်လိုက်မိတော့တာပဲ။
“နက်ဆန်...”