အခန်း ၁၅၇
Vol. 12 Ch. 157
“အာ”
လင်းဖေးဟန် သက်ပြင်းချလိုက်ပြီး အမြန် ပြောလိုက်သည်။
“ လုရွှယ်ယင် ဒီနေရာနဲ့ ငါ့အိမ်နဲ့ကလဲ ဝေးတယ်။ ဒီလိုဆိုရင်ရော မင်း သီးသန့်ကြီး လှည့်ပတ်မသွားနေဘဲ မင်းရဲ့အိမ်ကိုပဲ တန်းမောင်းလိုက်ရင်ကော။ အန်ကယ်နဲ့ အဒေါ့်ကို မတွေ့ရတာ ရက်တစ်ချို့ ကြာပြီဆိုတော့လေ၊ ပြီး မင်းတို့အိမ်ရဲ့ အဒေါ်ကြီးချက်ပေးတဲ့ ဟင်းတွေကိုလဲ ငါလွမ်းနေတာ။ မင်းတို့အိမ်က အဒေါ်ကြီး ချက်တဲ့ဟင်းတွေက စားသောက်ကြီးက ဟင်းတွေလိုပဲ အရမ်းအရသာရှိတယ်။ ပြီး လူအများကြီး စုစားရရင် ပိုပြီးအသက်ဝင်တယ် မဟုတ်ဘူးလား?”
လုရွှယ်ယင် တစ်ခဏလောက် ပြောစရာ ပျောက်ဆုံးသွားသည်။
ဒီလင်းဖေးဟန်က တစ်ကယ် အရှက်မဲ့တာပဲ!
ငါ အရောင်လေး တစ်ချို့ပြလိုက်တာနဲ့ တစ်ခါထဲ ဆိုးဆေး စက်ရုံထောင်ဖို့ လုပ်နေတယ်။
ကော်လိုမျိုးပဲ။ တစ်ခါကပ်မိသွားတာနဲ့ ခွာဖို့ မလွယ်တော့ဘူး။
ဒါမှန်းသိခဲ့ရင် လင်းဖေးဟန်ကို အစတည်းက ကားပေါ်တင်ခေါ်မလာခဲ့ပါဘူး!
မီးနီပြီးဖို့အတွက် စက္ကန့်နှစ်ဆယ်လောက် လိုသေးသည်။
လုရွှယ်ယင် ဘာမှမပြောလာတာကို တွေ့တဲ့အခါမှာ လင်းဖေးဟန် ဆုံးဖြတ်ချက် ချပေးဖို့ လုပ်လိုက်သည်။
လင်းဖေးဟန် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ ဒီလိုဆုံးဖြတ်လိုက်ရအောင်၊ ငါဒီည မင်းအိမ်မှာ ညစာလိုက်စားမယ်။ ဒီလိုဆို ပြန်တဲ့အချိန်မင်းကို ဒုက္ခပေးစရာ မလိုတော့ဘူး။ အိမ်က ခြံစောင့်ကိုဖြစ်ဖြစ် အိမ်ထိန်းကိုဖြစ်ဖြစ် အကူအညီတောင်းလိုက်လို့ ရသွားပြီလေ။ အဆင်မပြေရင် အိမ်ကို ကိုယ့်ဘာသာ ပြေးသွားလိုက်တောင် ရတယ်”
စက္ကန့်နှစ်ဆယ်က ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားသည်။
လုရွှယ်ယင် တစ်ခွန်းတောင် မဟသေးပေ။
လင်းဖေးဟန်ရဲ့ မျက်နှာပေါ်က အပြုံးက တစ်ဖြည်းဖြည်း ဗလာဖြစ်လာခဲ့သည်။
ဒီကိစ္စကို သူမ မကြားလိုက်ဘူးလား?
လုရွှယ်ယင်က ကားကိုဆက်မောင်းနေခဲ့ပြီး ဦးတည်ရာက သူ့ရဲ့အိမ်မဟုတ်တာကို မြင်တဲ့ အခါမှာ လင်းဖေးဟန် မတတ်နိုင်စွာ ပျော်သွားသည်။
လုရွှယ်ယင်က သူမအိမ်ကို မောင်းနေတာပဲ။
“ ကောင်းပြီ” သူမ ရိုးရိုးရှင်းရှင်းပဲ အဖြေပေးလိုက်သည်။
လင်းဖေးဟန် တိတ်တိတ်လေး စိတ်သက်သာစွာ သက်ပြင်းခိုးချလိုက်သည်။ သူ ကျယ်လောင်စွာ အော်ရယ်ချင်လှသည်။ ဒီမိန်းကလေး ဒီလောက် အကြောတင်းမယ် မထင်ခဲ့မိဘူး။ ရပါတယ်။ အရေးမပါဘူး။ ငါသည်းခံနိုင်တယ်။ အကြိမ်အနည်းငယ် ထပ်ကြုံပြီးရင် ကျင့်သားရသွားမှာပါ။
ဘယ်လို ရေခဲတောင်၊ ဘယ်လို ရေခဲတုံး မလို့လဲ?
ငါဘာကိုမှ မကြောက်ဘူးကွ။ လာသမျှ လူတိုင်းကို ငါအနိုင်ယူပစ်မယ်။
ဟားဟားဟား!
ငါက စောက်ရမ်းမိုက်တဲ့ ဉာဏ်ကြီးရှင်ပဲလေ!
ဆယ်မိနစ်ကြာပြီးနောက်တွင် လျင်လျင်မြန်မြန်ပဲ လုအိမ်တော်ကို ရောက်လာခဲ့သည်။
သူတို့နှစ်ယောက်လုံး ကားထဲမှ တစ်ပြိုင်နက် ဆိုသလို ထွက်လိုက်ကြသည်။
မမျှော်လင့်ထားစွာ လုအိမ်တော်က ဒီနေ့ အရမ်းခြောက်ကပ်နေသည်။ အိမ်ထိန်းကိုပင် မမြင်ရပေ။ တံခါးဝတွင် အတင်းအကျပ် လုပ်ယူထားတဲ့ အပြုံးတစ်ခုနဲ့ ထူးဆန်းစွာ မတ်တပ်ရပ်နေသော အဒေါ်ကြီးသာ ရှိသည်။
လုရွှယ်ယင် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး သူမတို့ မိသားစုရဲ့ ဒီနေ့အခြေအနေက အနည်းငယ် ပုံမှန် မဟုတ်တာကို ရိပ်စားမိလိုက်သည်။
“ အဒေါ်ကျွမ်း ဘာမှားလို့လဲ?”
အဒေါ်ကြီးသည် သူမရဲ့လက်ကို ဘယ်ထားရမှန်း မသိဖြစ်နေခဲ့သည်။ သူမရဲ့ လက်ကို မြှောက်လိုက်ပြီး ခဏအကြာတွင် အောက်ပြန်ချလိုက်ပြန်သည်။ အဒေါ်ကျွမ်းက အနေခက်စွာပြောလိုက်သည်။
“ သခင်ကြီးနဲ့ သခင်မက သခင်မလေးကို တစ်ခုခု ပြောခိုင်းလိုက်လို့ပါ”
လုရွှယ်ယင် လမ်းလျှောက်လာရင်း မေးလိုက်သည်။
“ ဘာကိစ္စလဲ?”
ဘာတွေ ဖြစ်နေလဲ သူမတစ်ကယ်ကို လိုက်လို့ မမှီနေဘူး။
လေရှည်ပြီး အချိန်ဆွဲ တုံ့ဆိုင်းနေတတ်တာကို လုရွှယ်ယင် အမုန်းဆုံးဆိုတာ အဒေါ်ကျွမ်းသိသည်။ ထို့ကြောင့် သူမ မကြန့်ကြာရဲဘဲ အမြန်ပြောလိုက်သည်။
“ ဒီလိုပါ။ သခင်ကြီးနဲ့ သခင်မက လွန်ခဲ့တဲ့ ရက်တစ်ချို့တည်းက အုန်းရည်သောက်ဖို့ မလေးရှားကို ခရီးထွက်ဖို့ လုပ်နေတာပါ။ ပြင်ဆင်ပြီးတော့ ဒီနေ့ပဲ ထွက်သွားခဲ့ပါတယ်”
လုရွှယ်ယင် ကြားတော့ ချက်ချင်းပဲ အနောက်လှည့်လာပြီး မေးလိုက်သည်။
“ ကျွန်မဘာလို့ မသိခဲ့ရတာလဲ? ဘာလို့ မပြောသွားကြတာလဲ?”
အနေခက်စွာ ပြုံးပြပြီးနောက်တွင် အဒေါ်ကျွမ်းသည် လင်းဖေးဟန်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။
“ သခင်ကြီးက သိပ်မကြာခင်က သခင်ကြီးရှီနဲ့ ပရောဂျက်တစ်ခုကို ပူးပေါင်းလုပ်ဆောင်နေခဲ့တာလေ..”
“ ပြီးတော့ သခင်မကြီးက သူတို့တွေ ကမ္ဘာကြီးက လှည့်ပတ်မကြည့်ရတာ အရမ်းကြာခဲ့ပြီမို့ အခုလို ခရီးထွက်ဖို့ လိုတယ်ဆိုပြီး ပြောခဲ့ပြီး ဒါကြောင့် သူတို့တွေ သခင်မလေးကို မပြောခဲ့တာနေမယ်…”
လင်းဖေးဟန် သေချာ ကြားလိုက်သည်။ လုရွှယ်ယင်က သူမ အမေနဲ့အဖေရဲ့ သမီးအရင်းတော့ ဟုတ်ပါတယ်နော့?..
ကောင်းတယ်၊ သူတို့တွေ ထွက်သွားတော့ ပိုကောင်းတာပေါ့။ ဒါသူအောင်မြင်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ!
စကားတစ်ချို့ပြောပြီးနောက်မှာ လင်းဖေးဟန်နဲ့ လုရွှယ်ယင် အိမ်ထဲကို ဝင်ခဲ့လိုက်ကြသည်။
ဒီထိ ရောက်နေမှတော့ ပြန်လှည့်ရင် ရှက်ဖို့ ကောင်းနေမှာမလား?
မကြာခင်မှာ ညစာ စားချိန်ရောက်လာသည်။
ညစာ စားဝိုင်းရဲ့ လေထုက အနည်းငယ် ထူးဆန်းပြီး ခြောက်ကပ်နေသလိုပဲ။
လုရွှယ်ယင်ရဲ့ အတွင်းစိတ်သည် သူမရဲ့ အပြင်ပိုင်း ရုပ်လိုမျိုး မတည်ငြိမ်နေခဲ့ပေ။ သူမ အထူး စိတ်ပူနေခဲ့သည်။
လုရွှယ်ယင်ရဲ့ ဒေါသကို လင်းဖေးဟန် ကောင်းကောင်းသိသည်မို့ သူလဲ ထပ်မစရဲပေ။ သူ ထပ်စမိရင် သူမ ပေါက်ကွဲလိမ့်မည်။ ထိုအချိန်မှာ လင်းဖေးဟန် တိတ်တဆိတ်ပဲ ညစာ စားနေလိုက်သည်။
လင်းဖေးဟန်ရဲ့ ရုတ်တရက် တိတ်ဆိတ်နေမှုက လုရွှယ်ယင်ကို မသက်မသာ ခံစားရစေပေမဲ့ သူမဘက်ကလဲ စကားမစခဲ့ပေ။ နင် မပြောရင် ငါလဲ စကားမပြောဘူး။
လုရွှယ်ယင် ထမင်းစားနေရင်းနဲ့ ကုမ္ပဏီရဲ့ ပင်မရန်ပုံငွေတိုးအောင် အုပ်စုတွေရဲ့ ရန်ပုံငွေ အသီးသီးကို ဘယ်လိုပြောင်းရွှေ့သင့်လဲ တွေးနေလိုက်သည်။
လင်းဖေးဟန်နဲ့ အတူ ပူးပေါင်းမဲ့ ရင်းနီးငွေး 5ဘီလီယံကို ထုတ်ဖို့က အလွယ်တကူ ဖြစ်နိုင်တာမှ မဟုတ်တာပဲ။
စည်းမျဥ်းတွေ အများကြီးကို ကြည့်ရအုံးမှာဖြစ်ပြီး ပြဿနာအများကြီး ဖြေရှင်းဖို့ လိုသေးသည်။
လင်းဖေးဟန်လဲ တွေးတောနေခဲ့သည်။ အချိန်တွေ တစ်ဖြည်းဖြည်း ကုန်လာတာနဲ့အမျှ ဇာတ်ကြောင်းကလဲ တစ်ဖြည်းဖြည်း တိုးတက် လာနေပြီ။ တစ်ချို့ကိစ္စတွေက ရှောင်လွှဲလို့ မရဘူး။
ဥပမာပြရလျှင် ယဲ့ဖန်းပဲ။ အခုဆို ယဲ့ဖန်းနဲ့ ဟွမ်လောင်ပနဲ့ ပူးပေါင်းထားသည်။ ဒီအချိန်မှာ လင်းဖေးဟန်က လက်ဦးမှုရနေတယ်ဆိုရင် တောင် ယဲ့ဖန်းရဲ့ အဖွဲ့အစည်းက လင်းဖေးဟန်ရဲ့ ခေါင်းတည့်တည့်မှာ ထောက်ထားတဲ့ ဓားချွန်တစ်ချောင်းလိုပဲ။
ရှောင်လွှဲလို့မရနိုင်တဲ့ ပြဿနာအကြီးကြီး တစ်ခုဖြစ်သည်။
လူသတ်ဖို့နဲ့ သွေးမြင်ရမဲ့ ကိစ္စက ရှောင်လွှဲလို့ မရနိုင်ဘူး။
ယဲ့ဖန်းက ကြီးမားတဲ့စိန်ခေါ်မှုပဲ။ တစ်ချက်မှားတာနဲ့ ဖျက်ဆီးခံရနိုင်သည်။
“ ငါရေချိုးတော့မယ်”
လုရွှယ်ယင် သူမရဲ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်ရင်း အေးစက်စွာပြောလိုက်သည်။
လင်းဖေးဟန် ရုတ်တရက် ခေါင်းထောင်လာပြီး ပါးစပ်ထဲ ထမင်းအပြည့် တစ်လုပ်သွင်းလိုက်ကာ ဝါးတားတား ပြောလာသည်။
“ သွားလေ။ ငါစားပြီးရင် ပြန်လိုက်မယ်”
လုရွှယ်ယင် လင်းဖေးဟန်ကို ကြည့်နေခဲ့သည်။ ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှာ ဆက်ပြောလာသည်။
“ ဂိုထောင်မှာ ကားရှိတယ်။ နင့်ဘာနင် မောင်းသွားလို့ရတယ်”
ဂိုထောင်ထဲက ကားအများစုက လင်းဖေးဟန် လုရွှယ်ယင်နောက်ကို လိုက်တုန်းက ပေးထားခဲ့ ဖူးတာများပင်။
လင်းဖေးဟန် သူမနောက်ကို လိုက်ခဲ့တုန်းက အချိန်တွေကို လုရွှယ်ယင် ပြန်မတွေးချင်တော့ဘူး။ ဘာလို့ဆို အဲ့ဒီအချိန်တုန်းက လင်းဖေးဟန်ရဲ့ ပုံစံက အလွန်စိတ်တိုဖို့ ကောင်းခဲ့တာမို့ပဲ။
ဒါပေမဲ့ သူမ တစ်ကယ်ပြန်စဥ်းစားလိုက်မိတော့ လင်းဖေးဟန် သူမနောက်ကို လိုက်ခဲ့တာ လွန်ခဲ့တဲ့နှစ်လက ဆိုပေမဲ့ အရမ်းကို ကြာခဲ့တဲ့ အချိန်ကာလတစ်ခုလို ခံစားလိုက်ရသည်။
ဒါပေမဲ့ သူမဘာလို့ အခုလို ခံစားနေရတာလဲ? သူမရဲ့ မှတ်ဉာဏ်ထဲမှာ လင်းဖေးဟန်အတွက် အမုန်းသာ ရှိခဲ့ဖူးသည်။ ဘာလို့ အဲ့ဒီအမုန်းတွေက အခုတစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လင်းဖေးဟန်ကို သူ့ရဲ့ပုံစံအတိုင်းပဲ ဘာလို့မြင်နေတော့တာလဲ?
ပြောရမယ်ဆိုလျှင် လင်းဖေးဟန် ကိုယ်တိုင်ကလဲ အများကြီး ပြောင်းလဲသွားတာလို့ ပြောလို့ရသည်။
အခုလင်းဖေးဟန်က ချို့ယွင်းချက် များစွာ ရှိဆဲပဲ။ သူက ကလေးဆန်ပြီး အတည်အတံ့မရှိဘူး။ အခု ထမင်းစားတဲ့အချိန်မှာကို ငတ်ပြတ်နေတဲ့ သရဲတစ်ကောင် အစာစားနေသလိုမျိုး ကျယ်လောင်နေတာလေ။
လင်းဖေးဟန် စားတာက အရမ်းဆူညံလွန်းသည်။ သူမရဲ့ တိတ်ဆိတ် တည်ငြိမ်တဲ့ပုံစံနဲ့ လုံးဝ မလိုက်ဖက်ဘူး။
ဒါပေမဲ့ သူမဘာလို့ သူ့ကို မရွံရှာမိနေတာလဲ?
သူမ ဘယ်တုန်းကတည်းက အခုလို ခံစားမိနေတာလဲ?
အခု သူမနဲ့လင်းဖေးဟန်ရဲ့ကြားက ဆက်ဆံရေးက တစ်ကယ်ပဲ ဘာတွေလဲ?
အချိန်ဆိုတာ အကောင်းဆုံး ဆရာဝန်ဆိုတဲ့ စကားက မှန်တာပဲ။
မဟုတ်ဘူး။ အချိန်က အကောင်းဆုံး ဆရာဝန်မဟုတ်ဘဲ ဒေါက်တာရမ်းကုပဲ ဖြစ်ရမယ်။
လင်းဖေးဟန်ဘက်က အရင် ငါနဲ့ကြားက စေ့စပ်ပွဲကို ဖျက်ဖို့လုပ်ခဲ့တယ်။ သူ အဲဲ့ဒီတုန်းက အရင်လို ငါ့နောက်ကိုလိုက်မှာ မဟုတ်ဘူးလို့ပါ ပြောသွားသေးတာ။ ဒီအချိန်ကပဲစပြီး အချင်းချင်း ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်လို့ သူ ကိုယ်တိုင် ပြောသွားတာပဲ။
ဒါပေမဲ့ မသိလိုက်ဘာသာနဲ့ သူမတို့နှစ်ယောက်ရဲ့ လမ်းကြောင်းက တစ်ခုထဲ ဖြစ်လာခဲ့သည်။ ထိုလမ်းကြောင်းက တစ်ဖြည်းဖြည်း ကျဥ်းသထက် ကျဥ်းလာပြီး သူမတို့နှစ်ယောက် ပူးကပ်တော့မည်။
မင်းလာမှာသိလို့ ငါစောင့်နေတာလို့တောင် လင်းဖေးဟန် အစောက ပြောသွားတာသေးတာ မလား?
ဒါဆိုသူငါ့ကို ဘာအတွက် စောင့်နေတာလဲ?