အခန်း ၁၆၀
Vol. 12 Ch. 160
“ငါပြောမယ်။ ငါသာ အကယ်လို့ မင်းဘက်မှာ သူလျှိုထည့်ထားမိရင် ငါ့ကို မိုးကြိုးငါးချက် ပစ်ခံရပြီး ငါ…”
“ဘုန်း!”
လင်းဖေးဟန်ရဲ့ စကားမဆုံးခင်မှာပဲ ကောင်းကင်ထက်မှ ကျယ်လောင်လှတဲ့ ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
“…..”
လင်းဖေးဟန် အကြောက်လွန်ပြီး ဇက်ပင် ပုသွားခဲ့သည်!
ဒါမိုးကြိုးပစ်တာပဲ!
ကောင်းကင်ကို ရိုက်ခွဲနိုင်စွမ်းရှိတဲ့ ကျင့်ကြံမှုကနေ ထွက်လာတဲ့ ခရမ်းရောင် မိုးကြိုးပဲ!
ဆောရီး ငါ တပ်ဆုတ်သင့်ပြီ!
တစ်ဖက်ခန်းက လုရွှယ်ယင်ရဲ့ လက်ထောက်မလေး ရုတ်တရက် နှာချေလိုက်သည်။ သူမရဲ့နားရွက်တွေ ပူလာခဲ့သည်။
“ ငါဘာဖြစ်တာလဲ? အအေးမိတာ များလား?”
ရုံးခန်းတွင် လင်းဖေးဟန် လုရွှယ်ယင်ကို ကြောင်တောင်တောင် မျက်နှာနဲ့ ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး ပြောစရာ ဆွံ့အနေကြပြီး လေထုသည် ထူးဆန်းနေလေသည်။
လင်းဖေးဟန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“ နတ်ဘုရားရေ မင်းငါ့ကို ဒီလောက်မုန်းနေလား? ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါကွာ!”
လုရွှယ်ယင် အများကြီး မတွေးခဲ့သလို လင်းဖေးဟန်ကိုလဲ အပြစ်မတင်ချင်ပေ။ လင်းဖေးဟန်ရဲ့ ကြောင်တောင်တောင်နဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကိုမြင်တော့ သူမရဲ့ စိတ်ထဲမှာ တစ်ကယ် ပျော်သွားခဲ့သည်။ လုရွှယ်ယင် သူမရဲ့ အေးစက်စက် မျက်နှာထားကို ထိန်းထားနိုင်သေးပေမဲ့ သူမရဲ့ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတက် နေခဲ့သည်။
လုရွှယ်ယင် ခေါင်းကို ရမ်းလိုက်ရင်း လက်တစ်ဖက် မြှောက်လိုက်ကာ
“ ထားတော့၊ ထားတော့ နင်ပြောမဲ့ဟာသာ ဆက်ပြောပါ”
လုရွှယ်ယင် ခဏရပ်သွားပြီး ဆက်ပြောလာသည်။
“ ဒီတစ်ခေါက် နင့်ရဲ့အပြုအမူက အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားရတယ်! နင် သစ္စာဖောက်ကို ရှာတွေ့တော့မှ အချိန်ကောင်းယူပြီး ငါ့ကိုဘာလို့မပြောလဲ? ဒီလိုဆို ငါနဲ့ပိုနီးစပ်နိုင်လို့လား? ဒုတိယအချက်က ဒီလောက်အစောကြီးမှာ ဘာလို့လာပြောတာလဲ? ပုံမှန်ဆို နင် ဒီအချိန် အိပ်နေတုန်းပဲမလား?”
“ ဒီကိစ္စက အရေးကြီးရင်တောင် ဒီလောက်ကြီးထိ စိတ်အလောတကြီးဖြစ်ဖို့ မလိုပါဘူး။ နင်တံခါးခေါက်ဖို့ကိုတောင် မေ့သွားခဲ့တယ်။ နင့်ရဲ့ အပြုအမူက အနည်းငယ် သံသယ ဝင်ဖို့ကောင်းတယ်!”
လုရွှယ်ယင် လင်းဖေးဟန်ကို အနည်းငယ် သံသယဖြစ်စွာ ကြည့်လိုက်သည်။ သူမ မျက်လုံးတွင် ရန်လိုမှုတစ်ချို့ပါ ကိန်းဝင်နေသည်။
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမရဲ့ စကားကို အဖြေမပေးခဲ့ပေ။ စကားဝိုင်းတစ်ခုရဲ့ အနှစ်သာရက မေးခွန်းတိုင်းကို အဖြေမပေးတာပဲ!
လင်းဖေးဟန် ပြန်မေးလိုက်သည်။
“ မင်းနဲ့ငါက ပါတနာတွေပဲ။ မင်း ကုမ္ပဏီ အကြောင်းကို ငါဂရုစိုက်တာ ပုံမှန်ပဲမလား? မင်းနဲ့နီးစပ်ဖို့ အချိန်ကောင်းကို ငါဘာလို့ စောင့်နေဖို့လိုမှာလဲ? ဒီစကားပြောဖို့အတွက် ငါက ရက်ကောင်းရက်မြတ် ရွေးလာရအုံး မှာလား?”
လုရွှယ်ယင် ထပ်မေးလိုက်သည်။
“ တစ်ကယ်ပဲ ဒီလိုပဲလား?”
ထိုအချိန်မှာ လုရွှယ်ယင်ရဲ့ လေသံက မယုံကြည်မှုတို့ ပြည့်နေခဲ့ပေမဲ့ သူမရဲ့မျက်နှာကတော့ စကားနားမထောင်ခဲ့ဘူး။ သူမ မျက်နှာထက်က ဂုဏ်ယူမှုအနည်းငယ်ကို လင်းဖေးဟန် တွေ့လိုက်ရသည်။
လင်းဖေးဟန် စိတ်ထဲမှ တွေးမိလိုက်သည်။
“ မင်းဘာတွေ ဂုဏ်ယူနေတာလဲ?”
လင်းဖေးဟန် တွေးမိပြီးနောက်မှာ ချက်ချင်း နားလည်သွားသည်။ ဒါမနေ့က စကားကြောင့်ပဲ။ မနေ့က သူမကို ‘ငါမင်းကို စောင့်နေတာလို့’ ပြောမိလိုက်တာက သူမကို ကြိုက်နေသည်လို့ ထင်သွားစေခဲ့တာပဲ။
ဒီစကားကြောင့် လင်းဖေးဟန်ရဲ့ အားနည်းချက်ကို သူမ ရသွားပြီဆိုပြီး လုရွှယ်ယင်ကို အထင်မှားသွားစေခဲ့သည်။
လင်းဖေးဟန် အတွေးပေါက်သွားတော့ သူ့ရဲ့ နှလုံးသားတွင် ချက်ချင်းပဲ ဒေါသကြောင့် ယားယံလာသည်။ ဒီမိန်းမက ခွေးနှစ်မှာ မွေးတာပဲ ဖြစ်ရမယ်။ သူမရဲ့ အနံ့ခံစကေးက သေလောက်သည်။
သူ လုရွှယ်ယင်ကို စကားလုံးတွေနဲ့ အီစီကလီ လုပ်ခဲ့ချင်ရုံပေမဲ့ မသိဘာသာနဲ့ သူမကို ချစ်ကြောင်း ထပ်ဝန်ခံမိသလို ဖြစ်သွားရသည်။
ဇာတ်လိုက်မတွေက တစ်ကယ်ကို မိန်းမ ဝါဒီသမားတွေပဲ။
နေရောင်လေး အနည်းငယ် ခံခိုင်းလိုက်တာနဲ့ သူတို့ကိုယ်သူတို့ အရမ်းတော်တတ်သည်လို့ ထင်သွားကြသည်။ ပင်လယ်ရေ အနည်းငယ် မြည်းခိုင်းလိုက်တာနဲ့ သူတို့ကိုယ်သူတို့ အငန်ဓာတ်ကိုရရှိသွားသလို ပြုမူတတ်ကြသည်!
ငါသာ မှင်ဆေးရည် တစ်ချို့ ပေးလိုက်ရင် ဆိုးဆေးစက်ရုံများ ထထောင်လောက်မလားပဲ?
အာဏာပြဖို့ ငှက်မွှေးလေးလို အကွက်ရွှေ့ပြနေတာကို ငါလင်းဖေးဟန်က မင်းရဲ့ သစ်ပင်မှာ ဆက်ပြီး တွဲလောင်းခိုနေအုံးမယ် ထင်လား?
မင်းကိုယ်မင်း နေမင်းကြီးလို့ ထင်နေပြီး ငါက မင်းကို လှည့်ပတ်နေမယ် ထင်နေလားကွ?
မှန်တယ်၊ တစ်ကယ်တော့ မင်းအရမ်းမှန်တယ်။ မင်းကငါ့ရဲ့နေမင်းလေးပဲ။ ငါမင်းကို လှည့်ပတ်နေရတာ အရမ်းကြိုက်တယ်။
မင်းမှန်းတာမှန်တယ်ကွာ၊ ငါမင်းကို စောက်ရမ်းကို ကြိုက်နေတာကွာ! အဲ့တော့ ဘာဖြစ်သလဲ?
လင်းဖေးဟန် အနည်းငယ် ဒေါကန်လာသည်။ ဒါပေမဲ့ သူ ပေါက်ကွဲပြမဲ့အစား ပြုံးလိုက်ကာ
“ မင်းရဲ့အနားမှာ သစ္စာဖောက်ရှိတယ်ဆိုပြီး ကြားလိုက်တော့ မင်းကုမ္ပဏီရဲ့ လုံခြုံရေးကို ငါစိတ်ပူသွားခဲ့တယ်။ ဒါကြောင့် ငါအမြန်ဆုံး နှုန်းနဲ့ကားမောင်းလာပြီး မင်းကို လူကိုယ်တိုင် ပြောပြချင်ခဲ့တာ။ ဘာလို့ဆို ငါမင်းကို အထူးစိတ်ပူလို့ပဲ။ ငါစိတ်ပူလွန်းလို့ တံခါးတောင် မခေါက်လိုက်မိဘူး။ ဒီ ရှင်းပြချက်က လက်ခံနိုင်ရဲ့လား? မင်း ငါ လင်းဖေးဟန်ကို ဘယ်လိုထင်နေတာလဲ?”
လင်းဖေးဟန် တစ်ကယ် စိတ်ပူနေတာကို မြင်တော့ လုရွှယ်ယင် တိတ်သွားသည်။ အချိန်အကြာကြီးနေပြီးနောက်မှ သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကောင်းပြီ၊ နင်ပြောတာ အကြမ်းဖျင်းတော့ မှန်ပါတယ်။ နင့်ရဲ့ ရှင်းပြချက်က အရမ်း အပေါ့ယိကနိုင်ပြီး နင့်ရဲ့အကြောင်းပြချက်ကလဲ တုံးအပုံပေါက် ပေမဲ့ ငါ မစ္စလုက ကြင်နာတတ်တဲ့ သူတစ်ယောက်မို့ နင့်ကို ထပ်ပြီး မနှောက်ယှက် တော့ဘူး”
လင်းဖေးဟန် သူမကို စိုက်ကြည့်လိုက်သည်။ ဂုဏ်ယူနေမှုကို မျက်နှာထက် ဆင်မြန်းထားသော လုရွှယ်ယင်ကို ကြည့်ရင်း သူ မနေနိုင်စွာ လက်သီးဆုတ်ထားလိုက်သည်။ သူ အလွန်ကို လုရွှယ်ယင်ကို မေးချင်နေပြီ။ မင်းငါ့ရဲ့ ဆယ်နှစ်ကျော်စကေးကို ပိတ်နိုင်မယ်ထင်လား?
ဒီလိုမျိုး ချစ်စရာရုပ်လေးနဲ့မလိုက် ဂုဏ်မောက်နေတဲ့ အမျိုးသမီးကို တစ်ချက်လောက် လက်သီးစာ ကျွေးမိလို့ကတော့ အချိန်အကြာကြီး ငိုသွားလောက်သည်!
လင်းဖေးဟန် တွေးနေတုန်းမှာပဲ လုရွှယ်ယင်ရဲ့ စကားသံကို ကြားလိုက်ရသည်။
“ ဒီတော့ပြောပါ၊ ဘာလဲငါ့ကို ပူးပေါင်းစေချင် တာလား?”
ရုတ်တရက် လင်းဖေးဟန် အသိပြန်ဝင်လာပြီး ‘ဟုတ်တယ်၊ မင်းကို လက်သီးယှဥ်ထိုးဖို့ ပူးပေါင်းစေချင်နေတာကွာ ဟုတ်ပြီလား!’ ဟု မေးမိတော့မည်။
အချိန်ခဏလောက် တွေးပြီးနောက်မှာ လင်းဖေးဟန် ပြောလိုက်သည်။
“ မင်းငါ့ကို ကင်မရာစစ်ဆေးဖို့ cctv ခန်းကို သွားခိုင်းဖို့ပဲ လိုတယ်။ သူ ဒီအချိန်မှာ ဘာလုပ်နေလဲရယ်၊ ဘာလျှိို့ဝှက်ချက်တွေကို ခိုးပြီးပြီလဲကို ငါစစ်ကြည့်ချင်တယ်။ ငါ သက်သေတစ်ချို့ ရှာတွေ့နိုင်တယ်”
လင်းဖေးဟန်ရဲ့ ရုပ်တည်ကြီးကို ကြည့်ပြီး လုရွှယ်ယင်ရဲ့ မျက်နှာလဲ တည်သွားခဲ့သည်။
“ ဘယ်သူ ထားထားလဲ သူလျှိုက?”
လင်းဖေးဟန် အခိုင်အမာပြောလိုက်သည်။
“ လီယွင်လုံ!”
ဒီလောက် ဟင်းအိုးအကြီးကြီးကို ယူချင်သူ ရှိမှာမဟုတ်ဘူး။ လီယွင်လုံး မင်းကိုပဲ ပေး ရတော့မယ်!
လင်းဖေးဟန် တစ်ကယ်တော့ လိမ်ပြောနေတာ မဟုတ်ပေ။ သေချာ ရှာတွေ့ထားတဲ့ အမှန်တရားဖြစ်ပြီး ပြောင်းလဲလို့ မရဘူး။
လီယွင်လုံ တစ်ကယ်ပဲ လုရွှယ်ယင်ရဲ့အနားမှာ သူလျှိုထားထားခဲ့သည်။ ဒါပေမဲ့ အနေအထားက အရမ်းမမြင့်တော့ သူမအတွက် ခြိမ်းခြောက်မှု တစ်ခုလဲ မဖြစ်လာနိုင်သေးဘူး။ ဒါကြောင့်မို့ လင်းဖေးဟန် ဂရုမစိုက်ဘဲ ဒီကိစ္စကို မဖော်ထုတ်ခဲ့ဘူး။
ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးလေ။ ယဲ့ဖန်းက လုကုမ္ပဏီထဲကို ရောက်လာခဲ့ပြီ။ ယဲ့ဖန်း ဘာဆက်လုပ်မယ်ကို လင်းဖေးဟန် မသိဘူး။ ဒီတော့ သူ့အနေနဲ့ ယဲ့ဖန်း ဘာတွေ လုပ်နေလဲ CCTVမှ စစ်ကြည့်မှဖြစ်မည်။ ဒီအတွက် အကြောင်းအရင်းက လိုလာပြီ။ ဒီလိုနဲ့ လီယွင်လုံကို ဖော်ထုတ်ဖို့ ဖြစ်လာရတေ့ာသည်။ ပြောရမယ်ဆိုရင် ဒီလီယွင်လုံက သူ့မိန်းမကို စနိုက်ဖို့ ကြံနေတဲ့ကောင်ပဲ။ သူ လီယွင်လုံကိုမှ ဒုက္ခမပေးရင် ဘယ်သူ့ကို ပေးရမှာလဲ?
လုရွှယ်ယင်ရဲ့ မျက်လုံးတွင် ခံစားချက် တစ်ချို့ဖြတ်ပြေးသွားပြီး သိချင်စွာ မေးလိုက်သည်။
“ သူ့နာမည်က ဘာလဲ?”
နှစ်ပေါင်းများစွာ အတွင်းမှာ လုရွှယ်ယင် သူလျှိုပေါင်းများစွာကို ကြုံခဲ့ရပြီးပြီ။ လင်းဖေးဟန်ထက်ပင် ယောကျာ်းတွေရဲ့ အတွေးကို သူမကပိုပြီး အထိမခံ ဖြစ်တတ်သည်။
အရင်တစ်ခေါက်က လင်းဖေးဟန် သူမကို လီယွင်လုံကို သတိထားဖို့ ပြောသွားတုန်းက သူမဘာမှ ပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာ သတိကပ်ပြီး စောင့်ကြည့်နေခဲ့တာဖြစ်သည်။