အခန်း ၁၆၇
Vol. 12 Ch. 167
လင်းဖေးဟန် အရှေ့က မိန်းကလေးရဲ့ သုန်မှုန်နေတဲ့မျက်နှာကို ကြည့်လိုက်သည်။ မတတ်နိုင်စွာ သူ အနည်းငယ် စိတ်ပူမိသွားသည်။ လုရွှယ်ယင်လို အထက်တန်းကျတဲ့ သူ အများစုတွင် ချို့ယွင်းချက် တစ်ခုရှိသည်။ အဲ့ဒါက မြင့်မားလွန်းတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပဲ။ ဒီယုံကြည်ချက်မြင့်တာက ကောင်းလဲကောင်းသလို၊ မကောင်းလဲ မကောင်းဘူး။ တစ်ခါတစ်လေ အဲ့ဒါက မောက်မာမှုအဖြစ် ပြောင်းသွားတတ်သည်။
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မြင့်မားခြင်းကြောင့် မင်းကို သတိမမူမိစေဘဲ နေရာကို ဆုံးရှုံးသွားစေတတ်သည်။
လင်းဖေးဟန်မှာ နတ်ဘုရား ဉာဏ်ပညာ ရှိတဲ့အတွက် လီယွင်လုံက ထောင်ချောက်ထဲကို ဝင်လာဖို့ အချိန်အကြာကြီး လိုအုံးမှာကို သိပေမဲ့ လုရွှယ်ယင်က ထိုသို့ မဟုတ်ပေ။
လုကုမ္ပဏီရဲ့ ငွေကြေးရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် လုရွှယ်ယင် အကျိုးအမြတ် အကြောင်းကို ဂရုစိုက်ပြလိုက်တာနဲ့ သေချာပေါက် ကြုံလာရမဲ့ ပြဿနာတွေ ရှိသည်။
အဲ့လိုဖြစ်လာလို့ ငါ လုရွှယ်ယင်ဘေးမှာ အချိန်မှီ ပေါ်မလာနိုင်ခဲ့ရင် ယဲ့ဖန်းက သေချာပေါက် ဝင်ဖျာခင်း သွားလိမ့်မယ်။
ဒါကြောင့်မို့ အချိန်အကြာကြီး တွေးကြည့်ပြီး နောက်တွင် လင်းဖေးဟန် သတိပေးလိုက်သည်။
“ အခု လီယွင်လုံနဲ့ မင်းနဲ့ကြားမှာ မျက်နှာ နာစရာမရှိသေးဘူး။ မျက်စိရှေ့က အဖြစ်အပျက်ကြောင့် မင်း မျက်ကန်းတစ်ယောက်လို ပြုမူလိုက်လို့ မရဘူး။ မင်း သေချာ မလုပ်နိုင်ရင် သွေးထွက်ရမဲ့သူက သေချာပေါက် မင်း ဖြစ်သွားနိုင်တယ်”
လင်းဖေးဟန် ခပ်ဖြည်းဖြည်း ရှင်းပြလိုက်သည်။
ဒီလေပြင်းတွေက ငါလွှတ်လိုက်တာပဲ လီယွင်လုံရေ!
လီယွင်လုံက ဒီကမ္ဘာအတွက် ခြိမ်းခြောက်နိုင်စွမ်း ရှိသူ မဟုတ်ပေမဲ့ သူက လုရွှယ်ယင်ကို အသေအလဲ ကြိုက်နေသည်။ ဒီကောင်က ငါ့ကို ခွေးမုန်းဝက်မုန်း မုန်းနေပြီး သတ်ချင်နေတာလေ။ ငါ့လိုသွေးဆိုးတဲ့ ဗီလိန်က ဒါကို ဘယ်သည်းခံနိုင်မှာလဲ!
မင်းငါ့ကို လာသတ်မှာ စောင့်မနေဘူး။ ငါအရင် သတ်ပေးမယ်!
လင်းဖေးဟန်ရဲ့ ဘဝအတွက် မိုတီပေးနေကြ စကားသည် ရိုးရှင်းလှသော စကားလုံးသုံးလုံးထဲသာ…’မသေစေနဲ့!’
လုံခြုံမှုက အဓိကပဲလေ။
လုရွှယ်ယင် အေးစက်နေတဲ့ မျက်နှာနဲ့ စိတ်မရှည်စွာ ပြောလိုက်သည်။
“ ကောင်းပြီ ငါ့ကို မနှောက်ယှက်နဲ့တော့။ ငါသေချာပေါက် သူ့ကို သွားမရှာဘူး”
“ ကောင်းပြီ!”
လင်းဖေးဟန် ကူကယ်ရာမဲ့စွာ ခေါင်းရမ်း လိုက်သည်။
တစ်ကယ်က ငါမင်းကို စိတ်ပူပြီး မင်းကို အကြံပေးခဲ့တာပါကွာ။ ဒီလောက်ကြီး အေးစက်တဲ့ စကားတွေပဲ ပြန်ရမယ် မထင်ထားဘူး။ မင်းရဲ့ ဒေါသကလဲ ဆိုးလိုက်တာ။ ရာသီလာတာ မပြီးသေးဘူး ဖြစ်ရမယ်။ မင်းကို ငါ့အပြင် လိုချင်တဲ့သူ ရှိမှာမဟုတ်တော့ဘူး။
လင်းဖေးဟန် နာရီကို တစ်ချက်ကြည့်လိုက်ပြီး
“ အလုပ်တွေများနေခဲ့တာ နေ့လည်တောင် ရောက်လာပြီပဲ။ ငါ့ကုမ္ပဏီမှာ လုပ်စရာတွေ ရှိသေးတယ်။ ငါပြန်နှင့်မယ်။ မင်းလဲနားလိုက်အုံး”
“ အင်း” လုရွှယ်ယင် အဖက်မလုပ်စွာ ပြန်ဖြေလိုက်သည်။
သူမရဲ့ လက်ထဲက အလုပ်ပုံထဲမှာ ဆက်ပြီး ခေါင်းမဖော်တမ်း အလုပ်ရှုတ်နေတော့သည်။
ဒါကိုမြင်တော့ လင်းဖေးဟန် မနေနိုင်စွာ သက်ပြင်းပဲချရပြန်သည်။ ဒီမိန်းမက တစ်ကယ် လိုက်ရခက်လိုက်တာ!
လုရွှယ်ယင်ကို ကျိုးပဲ့လွယ်တဲ့ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်လောက်ဘူး။
လင်းဖေးဟန် တွေးနေရင်းနဲ့ ထွက်သွားဖို့ ပြင်လိုက်သည်။
လုရွှယ်ယင် လှမ်းအော်လာသည်။
“ ခဏနေအုံး”
လင်းဖေးဟန် ချက်ချင်းပဲ ပြန်လှည့်လာရင်း တစ်ဆက်ထဲ တွေးမိသွားသည်။
‘ ဒီမိန်းမမှာ အသဲနှလုံးရှိသေးတာပဲ။ ငါသိနေတယ်!’
လုရွှယ်ယင် ပြောလိုက်သည်။
“ တံခါးပိတ်ဖို့ မမေ့နဲ့”
“.....”
လင်းဖေးဟန် ပြောစရာ ပျောက်သွားသည်။ ချက်ချင်းပဲ သူထွက်သွားပြီး ကားထဲဝင်လိုက်သည်။
လင်းဖေးဟန် ကားထဲရောက်တာနဲ့ ချက်ချင်းပဲ ဖုန်းဖွင့်လိုက်သည်။ အားသောင်ရဲ့ အလုပ်လုပ်ပုံက အရမ်းမြန်သည်။ ဒီအချိန်အတွင်းမှာ များစွာတဲ့ မက်ဆေ့များကို ပို့ထားပြီးပြီပင်။
လင်းဖေးဟန် အားသောင်ရဲ့ အလုပ်ကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ပေါက်ဆီစားဖို့ပဲ သိတဲ့ ဝမ်တကုံလို မဟုတ်ဘူး။ အခုလဲ တစ်နေကုန် ခေါင်းဆောင်ငယ်အနောက်ကိုပဲ ပတ်လိုက်နေတာ။ သူ့ကို ဒီတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး။ ကြာရင် ဝမ်တကုံ အကျင့်ပျက်သွားလိမ့်မည်။
လင်းဖေးဟန် တွေးနေရင်းနဲ့ အချက်အလက်တွေကို ဖွင့်ကြည့်ဖို့ လုပ်လိုက်သည်။ ယဲ့ဖန်းနဲ့ စကား အတူပြောနေတာကို cctv ကတစ်ဆင့် သူ ရိုက်ကူးထားတဲ့ပုံက မိန်းကလေးရဲ့ အချက်အလက်တွေပဲ။
အရင်ဆုံး လင်းဖေးဟန် မြင်လိုက်ရတဲ့ နာမည်သုံးလုံးက ယန်ရှောင်းရွှယ်!
လင်းဖေးဟန်ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး အခြေအနေ အနည်းငယ် မကောင်းတော့တာကို ရိပ်စားမိလိုက်သည်။ ယဲ့ဖန်းက ဒီမိန်းမနဲ့ တစ်ကယ်ကို ဆက်စပ် မိသွားပြီပဲ!
ဘယ်လို ကံကောင်းမှုကြီးက ယဲ့ဖန်းပေါ် ဖြစ်ပေါ်နေတာလဲ? ယဲ့ဖန်းက လုကုမ္ပဏီနဲ့ မသက်ဆိုင်တော့တာကို ဒီမိန်းမနဲ့ ရင်းနီးသွားသေးတယ်လား? တစ်ကယ်ကို ယဲ့ဖန်းကို နတ်ဘုရားက စောင့်ရှောက် ထားတာပဲ။
ဒီဇာတ်ကြောင်းစုတ်က အမြဲတိုင်း လိုက်ပြောင်းနေလိုက်။ ငါ အကောင်းဆုံး ကြိုးစားပြီး ယဲ့ဖန်းကို တိုက်ခိုက်လဲ၊ ယဲ့ဖန်းကို လှုပ်မရအောင် ကြံစည်လဲ ရတဲ့အချိန်အတွင်းမှာ ဆိုးကျိုးတွေကို အမြန် ဖယ်ထုတ်ပြီး ငါ ဘယ်လောက် ဇာတ်ကြောင်း ပြောင်းပြောင်း လိုက်ပြင်ဆင်နေတယ်။
သူ တစ်ကယ် ဇာတ်ကြောင်းကို တစ်ခုမှ မပြောင်းပဲ နဂိုအတိုင်း ဖြစ်စေမယ်ဆိုလဲ သူ့ရဲ့ အဆုံးသတ်ကတော့ မပြောင်းမလဲ သေပဲ သေရလိမ့်မယ်။ ယဲ့ဖန်းကတော့ အခုလို အောင်မြင်မဲ အောင်မြင်ဆဲ ဖြစ်နေမှာ!
လင်းဖေးဟန် စိတ်ထဲမှ သက်ပြင်းမောကြီးကို ချလိုက်သည်။ တစ်ကယ်ကို ဇာတ်လိုက်ကို တိုက်ရတာ မလွယ်ပါလား?
ပြောရမယ်ဆိုရင် ယန်ရှောင်းရွှယ်က ယဲ့ဖန်းရဲ့ အရန်ဇာတ်လိုက်မတွေထဲက တစ်ယောက် မဟုတ်ဘူး။
သူမက ဒုတိယဇာတ်လိုက်မနဲ့ တတိယ ဇာတ်လိုက်မ အနေအထားမှာ ကြားမှာ ညပ်နေတဲ့ ဇာတ်ကောင်ပဲ။ သူမက အဓိက ဇာတ်ကောင် မဟုတ်ပေမဲ့ ဒုတိယ ဇာတ်ကောင် တစ်ယောက်လို့ ပြောလို့ရသည်။ တတိယ ဇာတ်လိုက်မတွေထက် သူမရဲ့ အခန်းက ပိုများသည်။
ယန်ရှောင်းရွှယ်က လုရွှယ်ယင်ရဲ့ အလှကို ပိုတိုးအောင် ထောက်ပံ့ပေးဖို့နဲ့ ဇာတ်ကြောင်းကို တိုးအောင်လုပ်ပေးရတဲ့ ဇာတ်ကောင်တစ်ယောက်ပဲ။
မူရင်းဇာတ်ကြောင်းတွင် ယဲ့ဖန်းက လုရွှယ်ယင်ရဲ့ ဘော်ဒီဂတ်ဖြစ်လာပြီး နောက်ပိုင်းတွေမှာ အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ်၊ တစ်ခြား မတော်တဆမှုတွေ ကြောင့်ဖြစ်ဖြစ် သူမက မကြာခဏ ယဲ့ဖန်းနဲ့ ထိတွေ့ရပြီး ရင်းနီးသွားခဲ့သည်။ အဲ့ဒီကာလပိုင်းမှာ ယန်ရှောင်းရွှယ်ရဲ့ ဘဝအခက်အခဲတွေ မြင့်တက်လာခဲ့ပြီး ယဲ့ဖန်းက သူမကို ကူညီဖြေရှင်းပေးခဲ့တယ်။ အခုလို အနီးကပ် ထောက်ပံ့မှုတွေကြောင့် အဆုံးတွင် ယန်ရှောင်းရွှယ်မှာ ယဲ့ဖန်းအတွက် ခံစားချက်တို့ ပေါ်ပေါက်လာတော့သည်။
ဇာတ်လိုက်ရဲ့ ဦးနှောက် လွှမ်းမိုး အရှိန်အဝါကိုလဲ မေ့လို့မရဘူးလေ။ ဇာတ်လိုက်က ကျန်တဲ့မိန်းမတွေကို ကောင်းကောင်း ဆက်ဆံပေးလိုက်တာနဲ့ အကုန်လုံး သူ့ကိုကြိုက်သွားကြမှာပဲ။
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ယဲ့ဖန်းမှာ သူမအတွက် ခံစားချက် မရှိခဲ့ဘူး။ လုရွှယ်ယင် တစ်ယောက်ထဲကိုသာ သူက အတွေးရှိခဲ့ပြီး လုရွှယ်ယင်ကလဲ မျက်နှာများတဲ့ ယောက်ျားတွေကို အလွန်မုန်းသည်။ ယန်ရှောင်းရွှယ်နဲ့ တစ်ခုခု ဖြစ်ချင်ခဲ့ပေမဲ့ ယဲ့ဖန်း တုံ့ဆိုင်းမှုမရှိ ရွေးချယ်မှု လုပ်ခဲ့ရသည်။
ယန်ရှောင်းရွှယ်ရဲ့ အနားကနေ ခပ်ခွာခွာနေပြီး လုရွှယ်ယင်ဘက်ကိုပဲ သူလှည့်ကြည့်ခဲ့သည်။
လုရွှယ်ယင်ကပဲ သူ့ကို ကြီးမားတဲ့ ကူညီမှုတွေကို ပေးနိုင်မှာပင်။ ပြီးတော့ လုရွှယ်ယင်က ယန်ရှောင်းရွှယ်ထက် ပိုလှသည်။
အဆုံးမှာ ယန်ရှောင်းရွှယ်ရဲ့ ဘဝက မြင့်တက်သွားပေမဲ့ သူမရဲ့ ခံစားချက်တွေကတော့ ဗလာသက်သက် ဖြစ်ခဲ့ရသည်။
ဝတ္ထုထဲမှာ ယဲ့ဖန်းက ဒီကမ္ဘာရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကံကြမ္မာ သားတော် လေးပဲ။ ကံကြမ္မာသားတော်ကို ချစ်ကျွမ်းဝင်သွားတဲ့ မိန်းမတစ်ယောက်က ကျန်တဲ့သူတွေကို ဘယ်လိုလုပ် လှည့်ကြည့်တော့မလဲ?
ယန်ရှောင်းရွှယ် သူမရဲ့ ခံစားချက်တွေကို မရုတ်သိမ်းနိုင်ခဲ့သလို သူမရဲ့ အဆုံးသတ်ကလဲ မကောင်းခဲ့ဘူး။
ထိုအချိန်က စာရေးဆရာပင် ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရသည်လို့ လင်းဖေးဟန် ထင်သည်။
ထိုအချိန်က ကောမန့်တော်တော်များများတွင် အကုန်လုံးက ယန်ရှောင်းရွှယ်ကို သနားပြီး ယဲ့ဖန်းကို လက်ခံခိုင်းလိုက်ဖို့ စာဖတ်သူတွေက အပူကပ်ခဲ့ကြသေးသည်။
ဒါပေမဲ့ ထိုအချိန်မှာ ဇာတ်ကြောင်းက တော်တော်ရောက်လာခဲ့ပြီး ဇာတ်လိုက်မ တော်တော်များများရဲ့ ဇာတ်ကွက်တွေပင် သိပ်မပါတော့ဘူး။ မိန်းမတွေ များလွန်းရင်လဲ ပြဿနာဖြစ်တတ်သည်လေ။ ဒီတော့ ယန်ရှောင်းရွှယ်အနေနဲ့ ဆက်မတည်ရှိ နိုင်တော့ပေ။
ယဲ့ဖန်းနဲ့ လုရွှယ်ယင်ကြားက ဆက်နွယ်မှုကို ဖြတ်လိုက်ရင် ယဲ့ဖန်း လုကုမ္ပဏီကို လာစရာ အကြောင်း မရှိတော့ဘူးလို့ လင်းဖေးဟန် တွေးခဲ့မိသည်။