ထူးဆန်းသော လူသတ်မှု
Vol. 1 Ch. 1
မြို့တိုင်းလိုလိုတွင် မီးထိန်ထိန်လင်းနေသည့် နေရာများရှိသလို၊ ထိုအလင်းရောင်များ၏ အလွန်တွင် စွဲမက်ဖွယ်ရာ ပြင်ဆင်ခြယ်သထားသော အမျိုးသမီးငယ်များ လမ်းသလားနေတတ်သည့် အမှောင်ရိပ်သန်းနေသော လမ်းကျဉ်းလေးများလည်း အမြဲရှိနေတတ်၏။ အဆိုပါအမျိုးသမီးငယ်များသည် မိတ်ကပ်ထူထူခြယ်သထားပြီး လျပ်ပေါ်လှော်လှီသည့် အဝတ်အစားများကို ဝတ်ဆင်ကာ လမ်းပေါ်တွင် ပျင်းရိစွာ ရပ်နေလေ့ရှိကြသည်။ တချို့မှာမူကား အုတ်နံရံကို မှီကာ ဖြတ်သွားသော ယောက်ျားတိုင်းကို စိုက်ကြည့်နေတတ်ကြလေသည်။
အချို့ယောက်ျားများသည်၎င်းတို့အား မြန်မြန်ဆန်ဆန်ပင် ဖြတ်ကျော်သွားကြသော်လည်း အချို့မှာမူ အနှီအမျိုးသမီးငယ်များနှင့်အတူ အမှောင်ထဲသို့ ပျောက်ကွယ်သွားတတ်လေသည်။ ထိုအမျိုးသမီးများကား ကမ္ဘာ့ပေါ်တွင် အစောဆုံး အလုပ်အကိုင်တစ်ခုဖြစ်သည့် "လိင်ဖျော်ဖြေရေးလုပ်ငန်း" တွင် ပါဝင်နေသူများဖြစ်သည်။ တရုတ်ယဉ်ကျေးမှု၏ အစဖြစ်သော ရှန်းနှင့် ကျိုးမင်းဆက်များကတည်းက ဤလုပ်ငန်းမျိုး ရှိခဲ့သည်ဟု တချို့က ဆိုကြ၏။
အားကျောက်သည် ဤအလုပ်ကို လိုလိုချင်ချင်နှင့် လုပ်ကိုင်နေသော ရှာမှာ့ရှား အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ငယ်ရွယ်၏။ ဆွဲဆောင်မှုကောင်း၏။ထို့ကြောင့် သူမအတွက် ဖောက်သည်မှာ မရှားလှ။အလုပ်ကောင်းသည်နှင့်အမျှ ဝင်ငွေမှာလည်း ကောင်းမွန်၏။
အားကျောက်အတွက်တော့ ဤယနေ့မှာလည်း မထူးခြားလှသော သာမန်နေ့တစ်နေ့ပင်။ ဤယနေ့တွင်လည်း သူမသည် တခြားအဖော်များနှင့်အတူ လမ်းကျဥ်းထဲတွင် ကိုယ်စီမတ်တပ်ရပ်ပြီး ဖောက်သည်ကို စောင့်မျှော်နေကြလေသည်။နေ့တိုင်းလိုလိုတွင် သူမတို့သည် လမ်းကျဥ်းလေးထဲတွင် ကိုယ်စီကိုယ်စီ မတ်တပ်ရပ်ကာ ဤပုံဤနည်းအတိုင်း ဖောက်သည်ကို မျှော်ကြရ၏။ ဖောက်သည်ရလျင် လမ်းကျဥ်းလေးအတွင်း အိုမင်းရင့်ရော်နေသည့် အဆောက်အဦးတခုရှိ ညစ်ပတ်နံစော်နေသော အိပ်ယာတစ်ခုထဲတွင် ထုံးစံကို လုပ်ကြရသည် မဟုတ်ပါလား။
"အနှိပ်ခံအုံးမလားရှင့်"
အားကျောက်က သူမရှေ့မှ ဖြတ်သွားသော ယောက်ျားတစ်ဦးအား လှမ်းမေးလိုက်သည်။ ဤလမ်းကြားများသို့ ရောက်လာတတ်သည့်သူများမှာ ရွှေစွန်ညို ဘာကိုလို၍ ဝဲချင်သူများသာ ဖြစ်ကြလေရာ ဤမေးခွန်းမျိုး အမေးခံရတတ်သည်မှာ ပုံမှန်ပင်။ တချို့ယောက်ျားများဆိုလျင် သူမ၏အသံကိုကြားသည်နှင့် သူမဆီသို့ ချည်းကပ်လာတတ်သည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင်တော့ အားကျောက်အဖို့ စိတ်ပျက်စရာဖြစ်သွား၏။ အဆိုပါယောက်ျားသည် အားကျောက်အား လှည့်ပင်မကြည့်ပဲ လျင်မြန်စွာ ထွက်သွားခဲ့လေသည်။
"ဟေ့ အချောလေး ဒီည အားတယ်မလား"
ဗလတောင့်တောင့် ကိုယ်ခန္ဓာကြီးမားသော ယောက်ျားတစ်ဦးက အားကျောက်ဆီသို့ ချည်းကပ်လာပြီး အောက်ပါအတိုင်း မေးလိုက်၏။
"အင်း အားပါတယ် ဘယ်လိုခေါ်မှာလဲ နာရီနဲ့လား တညလုံးပဲလား"
မေးခွန်းကိုဖြေရင်း သူမက ဖောက်သည်အား အကဲခတ်လိုက်၏။ တကယ်တော့ သူမအနေနှင့် ကြံ့ခိုင်သန်စွန်းသော ယောက်ျားများကို သိပ်မနှစ်သက်တတ်။ သူမ၏အလုပ်သည် စိတ်ပျော်ရန်မဟုတ်။ ဖောက်သည်များ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်မျှသာဖြစ်သည်။ ထို့ကြောင့် ပျော့တီးပျော့ဖတ်ပုံစံများကိုသာ သူမ သဘောကျသည်။ သူမလည်း သက်သာသည် မဟုတ်ပါလား။
"အားကျောက်ရေ ဒီတစ်ခေါက် ငါ့ကိုအလှည့်ပေးပါလား သူငယ်ချင်း"
သူမ၏နောက်တွင် ရပ်နေသော ရှောက်မေက မေးလိုက်ခြင်းပင်။ ဤအလုပ်ထဲသို့ ရောက်လာတတ်ကြသော အမျိုးသမီးများအားလုံးသည် လက်ကြောမတင်း၍ သို့မဟုတ် လူကုန်ကူးသူများက ဖျားယောင်းသွေးဆောင်၍ ရောက်လာကြခြင်းတော့ မဟုတ်ပေ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု သဘောထားကာ လုပ်ငန်းခွင်တွင် စိတ်ပါလက်ပါ ဝန်ဆောင်မှုပေးတတ်ကြသည့် အားကျောက်ကဲ့သို့ မိန်းကလေးများရှိသလို ဆင်းရဲတွင်းနက်လွန်း၍ ဤဘဝမျိုးသို့ ရောက်လာတတ်သည့် ရှောက်မေကဲ့သို့ မိန်းကလေးများလည်း ဒုနှင့်ဒေးပင်။ ရှောက်မေအတွက်တော့ ဤအလုပ်မျိုးကို မျက်စေ့မှိတိလုပ်ကိုင်ရန်မှလွဲ၍ တခြားရွေးစရာ သိပ်များများစားစား မရှိလှ။
"ဟေ့ ချစ်ချစ် ...ခု ကျွန်မနောက်မှာ ရပ်နေတဲ့ ဒီအချောလေးဆိုရင် ဘယ်လိုလဲ"
အားကျောက်က ရှောက်မေအား ညွှန်ပြရင်း ဖောက်သည်ကို မြှုဆွယ်လိုက်၏။
" ကြည့်ပါအုံး သူက ကျွန်မထက်လည်း အသက်ငယ်တယ် ပြီးတော့ အသစ်လေးရှင့် ကျွန်မအစား သူ့ကိုပဲ ခေါ်သွားပါလား ရှင်တို့ သေချာပေါက် ပျော်ရမှာပါ"
"ကောင်းသားပဲ"
ဖောက်သည်က ရှောက်မေ၏ ကိုယ်လုံးကိုယ်ပေါက်ကို စေ့စေ့စပ်စပ် ကြည့်ရင်း အားကျောက်၏ အဆိုပြုချက်ကို လက်ခံလိုက်သည်။ ရှောက်မေက အားကျောက်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်ပြီး ဖောက်သည်အား နောက်ကွယ်ရှိ အဆောက်အဦးထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
"ညည်းတို့ခေတ်ဆိုတော့ သွားပျော်ကြပေါ့အေ"
အားကျောက်က နှာခေါင်းရှုံရင်း တီးတိုးရေရွတ်လိုက်၏။
"တစ်နေကုန် အလုပ်လုပ်နေရတာ ပုပ်သွားမှာမှမဟုတ်တာ ဒီတစ်ယောက်မရတော့လဲ နောက်တယောက်ပေါ့"
အကျင့်အတိုင်း ရေရွတ်လိုက်ခြင်းမျှသာဖြစ်ပြီး အားကျောက်အနေနှင့် သူငယ်ချင်းဖြစ်သူ ရှောက်မေအား အနည်းငယ်မှ စိတ်ဆိုးခြင်းမရှိ။ အကြောင်းမှာ သူမကိုယ်တိုင် ထိုဖောက်သည်ကို လွှဲပေးခဲ့ခြင်းပင် မဟုတ်ပါလား။ ထို့အပြင် သူမကိုယ်တိုင်လည်း ရှောက်မေ၏ ဘဝအား ကိုယ်ချင်းစာမိ၏။ ဆင်းရဲသောမိသားစုအား ထောက်ပံ့ရန် ကိုယ့်ခန္ဓာကိုယ်အား ရောင်းစားရသည်မှာ မိန်းကလေးတစ်ဦးအတွက် မလွယ်လှချေ။
ယခုညသည် အထူးတလည် အေးစက်နေသကဲ့သို့ ရှိလေသည်။ ရှောက်မေ ထွက်ခွာသွား၍ လမ်းကျဥ်းထဲတွင် အားကျောက်တစ်ဦးတည်း ကျန်ရစ်ခဲ့လေပြီ။
"အံမလေး အေးလိုက်တာနော်"
အားကျောက် မကျေမနပ်နှင့် ရေရွတ်လိုက်သည်။ အင်း... ဖောက်သည်မရှိပဲလဲ အိမ်ထဲဝင်အိပ်လို့ ရအုံးမှာမဟုတ်ဘူး...
တကယ်တော့ သူမတွင် ငွေကြေးအနေနှင့် အထူးတလည် လိုအပ်နေခြင်းတော့ မရှိလှ။သို့ဆိုလျင် ဤမျှရှက်ဖွယ်အလုပ်ကို အားကျောက် အဘယ်ကြောင့် ဆက်လုပ်နေရသနည်း။ ဖြစ်နိုင်သည်မှာ ဤအလုပ်လုပ်ကိုင်နေရခြင်းကို အားကျောက်ကိုယ်တိုင် သဘောကျနေ၍ သို့မဟုတ် လူစိမ်းတယောက်ဆီမှ သစ်လွင်သော အထိအတွေ့ကို တပ်မက်နေ၍သာ ဖြစ်နိုင်ပေသည်။
"အား"
ထိုစဥ် မိန်းကလေးတစ်ဦး၏ အသံနက်ကြီးဖြင့် အော်သံကို အားကျောက် ကြားလိုက်ရ၏။ တဆက်တည်းမှာပင် လည်ချောင်းအတွင်းမှ ထွက်ပေါ်လာသော ထူးထူးဆန်းဆန်း အသံတစ်ခုကိုပါ သူမ ဆက်တိုက်ဆိုသလို ကြားလိုက်ရလေသည်။ ဤအသံများသည် အဆောက်အဦအတွင်းမှ ထွက်ပေါ်လာခြင်းပင်။ တံခါးဝတွင် မတ်တပ်ရပ်နေသော အားကျောက်ခမျာ အသံများကြောင့်ဆံပင်မွှေးများ ထောင်သွားသည်အထိ ထိတ်လန့်သွားရှာသည်။ သူမ၏ လည်ပင်းဆီမှ ချွေးများပင် စိမ့်ထွက်လာ၏။
ထိုအသံမှာ ရှောက်မေ၏ အသံမှန်း ယုံမှားသံသယ ဖြစ်စရာမလိုလျေ။
ဘာတွေဖြစ်ကုန်ကြပြီလဲ...
အားကျောက် ရင်တုန်ပန်းတုန် ဖြစ်လာ၏။ ထို့နောက် သူမသည် လမ်းတစ်ဖက်ရှိ ဆိုင်တစ်ဆိုင်ဆီသို့ ကမန်းကတန်း ဦးတည်ပြေးသွားကာ အောက်ပါအတိုင်း အော်ဟစ်လိုက်လေသည်။
"အားချွန် အားတီး အပြင်ကို ထွက်ခဲ့ကြစမ်းပါ ဒီမှာ တစ်ခုခု ဖြစ်နေပြီ"
အားကျောက်၏ အော်သံကို ကြားလိုက်ရသောအခါ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်သန်မာသော ယောက်ျားနှစ်ဦးသည် ဆိုင်တံခါးကို ဖွင့်ကာ အပြင်သို့ လျင်မြန်စွာ ထွက်လာကြ၏။ သူတို့နှစ်ဦးလုံး၏ လက်ထဲတွင် လက်နက်များ အသင့်ကိုင်ဆောင်ထားကြလေသည်။ သိပ်မကြာမီ သူတို့အားလုံး ရှောက်မေ၏ အခန်းရှေ့သို့ ရောက်ရှိသွားကြ၏။ အားတီးက အခန်းတံခါးကို ကန်ဖွင့်လိုက်ရာ "ဗုံး" ခနဲ အသံကြီး ထွက်ပေါ်လာကာပြီး တံခါးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အခန်းထဲတွင် ဆီးကြိုနေသည့် မြင်ကွင်းကြောင့် အားတီး၊ အားချွန်ကဲ့သို့သော ယောကျာ်းကြီးများပင် ကြက်သေသေသွား၏။
အားကျောက်သည် အခန်းတွင်းသို့ လိုက်ဝင်လာ၏။ရှောက်မေအပေါ် သူမ အကြီးအကျယ် စိတ်ပူနေခဲ့သည် မဟုတ်ပါလား။
"ဆင်းရဲတဲ့ အမျိုးသမီးတွေကို ယောက်ျားတွေ ဟာ ဘာလို့ ဒီလောက်ထိ အနိုင်ကျင့်နှိပ်စက်နေကြတာလဲ မသိဘူး"
ကြိတ်တွေးရင်း သူမ ဒေါသထွက်မိနေလေသည်။ အခန်းအတွင်းသို့ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားကျောက် အလန့်တကြား ထအော်လိုက်၏။ သူမ၏မျက်လုံးများ ရုတ်ချည်းပင် ပြာဝေလာပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။တကိုယ်လုံးရှိ အရိုးများ တစ်ချောင်းမျှပင် မကျန်တော့ဟု သူမ ခံစားနေရလေသည်။
နာရီဝက်အကြာတွင် ရဲများ ဖြစ်စဉ်နေရာသို့ ရောက်ရှိလာကြ၏။ အားချွန်က ရဲများအား ဦးဆောင်ခေါ်ယူလာလေသည်။ အမှန်တကယ်တော့ ဤလမ်းထဲရှိ အပျက်မလေးများ သေဆုံးသွားသည့် ဖြစ်စဥ်မှာ ဘာမှမဆန်းလှ။ အားချွန်နှင့် အားတီးတို့ကလည်း ရဲများကို မည်သည့်အခါမျှ ခေါ်ဖူးကြသည်မဟုတ်။
မိန်းကလေးတစ်ဦး အကြောင်းတစုံတရာကြောင့် သေဆုံသွားသည်ဆိုပါက လူမသိသူမသိ လက်စဖျောက်လိုက်ကြသည်သာ။ ဤမိန်းကလေးများသည် ရှင်သန်စဉ်ဘဝတွင်လည်း ဂုဏ်သိက္ခာကင်းမဲ့စွာ ရှင်သန်ကြရ၏။ သေဆုံးပြီးနောက်တွင်လည်း မည်သူတဦးတလေ၏ အသိအမှတ်ပြုခြင်းကိုမှ မခံရပဲ ပျောက်ကွယ်သွားကြရလေသည်။။ သူတို့အတွက် စျာပနအခမ်းအနားဟူသည် ဘယ်သောအခါမှ မရှိခဲ့ဖူးပေ။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဖြစ်စဥ်မှာ သာမာန်မဟုတ်။ မိန်းကလေးတစ်ဦးသာမက ဖောက်သည်တစ်ဦးလည်း သေဆုံးသွားခဲ့၏။ ထို့အပြင် သူတို့၏သေဆုံးမှုမှာလည်း အလွန်ထူးဆန်းနေသည်မဟုတ်ပါလား။
အင်စပက်တာ ကျန်းကျင်းခိုင်။ ၎င်းသည် ဤနယ်မြေတဝန်း ဖြစ်ပွားသော ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော ရဲအရာရှိတစ်ဦး ဖြစ်သည်။ အသက် ၃၅ နှစ်သာရှိသေးသော်လည်း၊ ကျန်းကျင်းခိုင်သည် ရဲသက် ၁၆ နှစ် ရှိခဲ့ပေပြီ။ မရေမတွက်နိုင်သော အမှုကြီးများကို တာဝန်ယူခဲ့ဖူးပြီး အတွေ့အကြုံရင့်ကျက်လှသူ ကျန်းကျင်းခိုင်လို လူစားမျိုးပင် အခင်းဖြစ်ပွားရာနေရာတွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
အခင်းဖြစ်ပွားရာ မြင်ကွင်းမှာ သူမြင်ဖူးသမျှ မည်သည့်မြင်ကွင်းနှင့်မျှ မတူချေ။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် လက္ခဏာများ မတွေ့ရပေ။ ယုတ်စွအဆုံး တခန်းလုံး သွေးစသွေးနများပင် မရှိ။ အိပ်ရာပေါ်တွင် အသွေးအသားများဟူ၍ လုံးဝမရှိတော့ပဲ အရေပြားနှင့်အရိုးများသာ ကျန်တော့သော အလောင်းနှစ်လောင်းသည် လိင်ဆက်ဆံနေရင်း တန်းလန်းအနေအထားနှင့် ရှိနေ၏။ အမျိုးသား၏ခေါင်းသည် အပေါ်သို့ လန်နေပြီး ပါးစပ်မှာ အနည်းငယ်ဟနေသည်။ ၎င်းမှာ မည်သည့်နာကျင်မှုမှမခံစားလိုက်ရပဲ သေဆုံးသွားဟန်တူနေသည်။ သို့သော် အမျိုးသမီး၏ပါးစပ်မှာ အဟောင်းသားဖြစ်နေပြီး မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်နေ၏။ သူမသည် သေဆုံးခါနီးအချိန်တွင် အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့မှုနေမှန်း သိသာနေသည်။ ၎င်းကိုကြည့်ရုံနှင့်အမျိုးသားက ပထမဦးစွာ သေဆုံးပြီး ဒုတိယသေဆုံးသူမှာ အမျိုးသမီးမှန်း မေးခွန်းထုတ်နေစရာပင် မလိုတော့။
"ဘာသဲလွန်စတွေ တွေ့ရသေးလဲ"
ကျန်းကျင်းခိုင်က ကျန်ရဲအရာရှိများအား မေးခွန်းထုတ်လိုက်၏။
"ထူးထူးခြားခြား ဘာမှမတွေ့ရဘူး အင်စပက်တာ အားလုံးက ပုံမှန်လိုပဲဗျ"
ဆာဂျင်ကျန်းနန်က ကျန်းကျင်းခိုင်၏ မေးခွနိးအား ဝင်ဖြေလိုက်သည်။
"ကျွန်တော်တို့ မြင်တွေ့ရသလောက်ကတော့ ခြေရာတွေအများကြီး တွေ့ရတယ် ဒါပေမဲ့ ခြေရာတွေကို သုံးသပ်မိသလောက် အခင်းမဖြစ်သေးခင် အရင်ရက်တွေတုန်းက အခန်းထဲကို ဝင်ထွက်သွားလာဖူးတဲ့ လူတွေရဲ့ ခြေရာတွေပဲ ဖြစ်ဖို့များတယ် သေဆုံးသူတွေ အခန်းထဲသို့ ရောက်တဲ့အချိန်ကနေ ကျွန်တော်တို့ကို ဖုန်းခေါ်တဲ့အချိန်ထိ ဒီတံခါးကနေ တခြားသူတွေ ဝင်လာတဲ့လက္ခဏာမျိုး မတွေ့ရဘူး ပြတင်းပေါက်တွေကိုလဲ ဖျက်ဆီးထားတာမျိုး မရှိဘူး ပြတင်းတံခါးတွေက အခန်းထဲကဖွင့်မှပဲ ရလိမ့်မယ် ဒါကြောင့် လူသတ်တရားခံဟာ ပြတင်းပေါက်က ဝင်လာတာလဲ မဖြစ်နိုင်ပြန်ဘူး ဒါ့အပြင် ဖုန်းခေါ်ဆိုသူ၏အဆိုအရ တံခါးကို သူတို့ကန်ဖွင့်ခဲ့တာပါတဲ့ ကျွန်တော်တို့တံခါးဂျက်ကို စစ်ဆေးကြည့်ပြီးပြီ အတွင်းဘက်ကနေ ဂျက်ချထားတာကို တွေ့ခဲ့ရပါတယ်"
"ဖြစ်စဉ်နေရာကို ဦးဆုံးရောက်လာတဲ့ရဲတွေက ဘယ်မှာလဲ"
ကျန်းကျင်းခိုင်က မေးလိုက်သည်။ သူ့အနေနှင့် သေဆုံးသူများ၏ အဝတ်အစားများ၊ ကိုယ်ပိုင်ပစ္စည်းများနှင့်ပတ်သက်၍ ဆာဂျင်ကျန်းနန်ကို အထူးတလည် မေးခွန်းထုတ်နေရန် မလိုတော့။ အဆိုပါ ပစ္စည်းများကို သက်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးနေပြီ မဟုတ်ပါလား။
"သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ အကြံပေးနဲ့တွေ့ဖို့ ရဲစခန်းကို ပြန်သွားကြပြီ အင်စပက်တာ"
ဆာဂျင်ကျန်းနန်က ပုခုံးတွန့်ရင်း ဖြေလိုက်သည်။
"ရဲသစ်လေးတွေ အင်စပက်တာ ဒီလိုမြင်ကွင်းမျိုးကို သူတို့တခါမှ မမြင်ဖူးကြဘူးလေ"
"ကျုပ်တို့ဆီ ဖုန်းဆက်သတင်းပေးတဲ့သူတွေကရော"
ကျန်းကျင်းခိုင် မျက်မှောင်ကုတ်ရင်း မေးလိုက်ပြန်သည်။ ယခုခေတ် ရဲများသည် ဦးနှောက်ကောင်းပြီး နည်းပညာကျွမ်းကျင်ကြသော်လည်း စိတ်ဓာတ်ခိုင်မာမှု နည်းပါးလှကြောင်းကို သူ မတွေးမိပဲ မနေနိုင်ချေ။
"အိုး... သူတို့လား"
ကျန်းနန် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွား၏။
"သူတို့အားလုံးကိုလည်း ရဲစခန်းကို ခေါ်သွားပြီ အင်စပက်တာ"
"စုစုပေါင်း ဘယ်နှစ်ယောက်လဲ"
"သုံးယောက် အင်စပက်တာ ယောက်ျားနှစ်ယောက် အမျိုးသမီးတစ်ယောက်"
"ကောင်းပြီ ဒါဆိုလဲ ရဲစခန်းကို ပြန်ကြတာပေါ့"
ရဲစခန်းဆီသို့ ခြေဦးလှည့်ရင်း ကျန်းကျင်းခိုင် အမိန့်ပေးလိုက်လေသည်။