လော်လီသူလေး
Vol. 1 Ch. 2
နယ်မြေရဲစခန်းသည် ကျူအန်းလမ်းပေါ်တွင် တည်ရှိသည်။ ထိုအခါ တရုတ်နိုင်ငံ၏ ဥပဒေစိုးမိုးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ထိုစခန်းကို ကျူအန်းလမ်းရဲစခန်းဟု အလိုလိုသတ်မှတ်ပြီးသွား ဖြစ်သွားလေသည်။ ဝင်းအတွင်းသို့ဝင်လိုက်သည်နှင့် ကားပါကင်တစ်ခု ရှိ၏။ ဝင်အတွင်းပိုင်းတွင် သုံးထပ်ပုံ အဆောက်အဦးငယ်တစ်လုံး ရှိသည်။ ပထမအထပ်တွင် သံချောင်းများဖြင့်ကာရံထားသော အခန်းများ အတန်းလိုက်ရှိပြီး ထိုအခန်းများမှာ မှောင်မဲစိုစွတ်နေ၏။ ဤအချုပ်ခန်းများကား သံသယတရားခံများအား ချုပ်နှောင်ထားရာ ယာယီအချုပ်ခန်းများပင် ဖြစ်သည်။
လက်ရှိတွင် အားချွန်၊အားတီးနှင့် အားကျောက်တို့သုံးဦးလုံးကို အဆိုပါ ယာယီအချုပ်ခန်းများထဲတွင် ချုပ်နှောင်ထားလေသည်။သူတို့ သုံးဦးလုံးသည် လူသတ်မှုအား သတင်းပို့ကြသူများ ဖြစ်သည်။ သို့သော် ဤမှုခင်းအတွက် အဓိကသံသယတရားခံများမှာလည်း ၎င်းတို့ပင်။ အကြောင်းမှာ ၎င်းတို့အားလုံး တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်နေကြသောကြောင့် ဖြစ်လေသည်။
အားချွန်နှင့် အားတီးတို့သည် အချုပ်ခန်းအား အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် သဘောထားကြသူများဖြစ်လေရာ ရဲလုပ်ထုံးလုပ်နည်းများကို နားလည်၏။ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရမည်ကိုလည်း ကောင်းစွာ သိထားကြလေသည်။ အလုပ်တွင် ၎င်းတို့၏ တာဝန်မှာ ပြည့်တန်ဆာများအား စောင့်ကြည့်ထားရန်ပင်။ ရဲများအနေနှင့် မည်မျှပင် ကျွမ်းကျင်စွာ စစ်ဆေးမေးမြန်းနိုင်စေကာမူ၊ အားချွန်၊ အားတီးတို့အနေနှင့် ၎င်းတို့မသိသောအရာများကို မည်သို့မည်ပုံ ဖော်ပြနိုင်လိမ့်မည်နည်း။ ၎င်းတို့၏ အဖြေမှာကား
"အော်သံတွေကြားတယ်ဆိုပြီး ကျွန်တော်တို့ကို အားကျောက်လာခေါ်လို့ ရှောက်မီအခန်းကို သုံးယောက်အတူတူ လာခဲ့ကြတယ် တံခါးကို ကန်ဖွင့်လိုက်တော့ သူတို့သေကုန်ကြပြီ ဒီလောက်နဲ့ကတော့ ကျွန်တော်တို့ကို တရားခံဆိုပြီး ဆရာတို့ ယိုးစွပ်လို့မရဘူးနော်"
အင်း...ဒီကောင်တွေ မှန်တယ်...ဒီလောက်နဲ့ ဒီကောင်တွေကို တရားခံလို့ စွပ်စွဲလို့မရဘူး..
ကျန်းကျင်းခိုင်တယောက် အထက်ပါအတိုင်း တွေးမိ၏။ ယခုတွင် သူတို့သည် တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်နေကြပြီ မဟုတ်ပါလား။
နောက်ဆုံးကျန်သည့် သံသယတရားခံမှာကား အားကျောက်ပင်။ သူမသည် အမျိုးသမီးရဲအရာရှိ နှစ်ဦးနှင့်အတူ စစ်ကြောရေးခန်းထဲသို့ ဝင်လာ၏။
“နာမည်"
ရဲမှတ်တမ်းရေးမှတ်ရသူ ဝေစင်းက မေးလိုက်၏။ဝေစင်းသည် သိပ်မကြာသေးခင်ကမှ သင်တန်းဆင်းလာသူဖြစ်ပြီး ကျန်းကျင်းခိုင်၏ လက်ထောက်အဖြစ် မကြာခန တာဝန်ပေးခံရလေ့ရှိသူလည်း ဖြစ်သည်။
“အားကျောက်"
အားကျောက်က ဖြေလိုက်၏။
“ဒါရှင့်ရဲ့ နာမည်ရင်းပဲလား"
ဝေစင်းက ထပ်ဆင့်မေးခွန်းထုတ်လိုက်ပြန်သည်။
“ကျွန်မမသိဘူးအစ်မရေ သူတို့အားလုံးကတော့ ကျွန်မကို အားကျောက်လို့ ခေါ်ကြတာပဲ”
အားကျောက်၏ လေသံတွင် စိတ်မရှည်ဟန်များ ရောစွက်နေ၏။
“မေးခွန်းကို သေသေချာချာ ဖြေပါ ရှင့်နာမည်ဘယ်လိုခေါ်လဲ”
ဝေစင်း ရှုးရှုးရှဲရှဲ ဖြစ်စပြုလာလေသည်။
“ဒါဆိုလဲ လင်းအားကျောက်လို့ မှတ်ထားလိုက်ပေါ့ရှင်"
အားကျောက်ကတော့ ဘာကိုမှ အလေးအနက်ထားဟန်မရှိချေ။
“မွေးရပ်ဇာတိပြောပါ"
ဝေစင်းက ဆက်လက်မေးမြန်းလိုက်လေသည်။
"ဒီမယ် အစ်မ ကျွန်မက သက်သေနော် တရားခံမဟုတ်ဘူး တစ်ခုခုမှားနေပြီထင်တယ်"
အားကျောက် က ဝေစင်းအား စိတ်မရှည်ဟန်ဖြင့်ကြည့်ရင်း မေးခွန်းကို ဖြေလိုက်သည်။
"တာပန်က"
ရှင့်ရဲ့အလုပ်အကိုင်"
ဝေစင်းက ဆက်မေးပြန်သည်။
“ကျွန်မက ရောင်းစားတယ်”
အားကျောက် ပြုံးစိစိနှင့် ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
“ဘာရောင်းတာလဲ"
ဝေစင်းက ဆက်မေးပြန်သည်။
“အသားရောင်းတယ်”
ထိုအချိန်တွင် အားကျောက်၏ အသံသည် သတိမပြုမိပဲ မနေနိုင်လောက်အောင် ကျယ်လောင်နေ၏။ ထို့နောက် သူမသည် ထိုင်ခုံပေါ်တွင် တခစ်ခစ်နှင့် ရယ်မောနေတော့သည်။ အတန်ကြာမှ သူမက ဝေစင်းအား လှမ်းကြည့်ပြီး အရယ်ရပ်သွား၏။
“ဟား ဟား ဟား"
ဘေးမှရပ်ကြည့်နေသော ကျန်းကျင်းခိုင်တယောက် မနေနိုင်တော့ပဲ အားရပါးရ ရယ်မောမိတော့သည်။ ပြီးမှ သူ့ကိုယ်တိုင် ဆက်လက်မေးမြန်းတော့မည့်သဘောဖြင့် ဝေစင်းအား လက်ဝါးကာပြရင်း အချက်ပြလိုက်၏။
“ကဲ အားကျောက် ခင်ဗျားကို ကျုပ်မေးမယ် မနေ့ညနေ ၉ နာရီလောက်မှာ ခင်ဗျား ဘာလုပ်နေခဲ့သလဲ ပြီးတော့ ဘာတွေမြင်ခဲ့သလဲ"
"ကျွန်မတို့ အလုပ်လုပ်နေတာ ဖောက်သည်တစ်ယောက်ရောက်လာပြီး ရှောက်မီနဲ့ကျွန်မကို စကားလာပြောတယ် နောက်ဆုံးတော့ သူ ရှောက်မီနဲ့ စျေးတည့်သွားတယ် နောက်ပိုင်းဖြစ်ခဲ့တာတွေကတော့ ရှင်တို့ကိုယ်တိုင် သိထားပြီးသားပဲလေ"
ဖောက်သည်သည် သူမနှင့်အရင်စကားစပြောခဲ့ကြောင်းကိုတော့ သူမ ထိန်ချန်ထားလိုက်၏။အကယ်၍ ရဲများသာ ထိုအကြောင်းကိုသိသွားပါက အတောမသတ်သည့် မေးခွန်းများဖြင့် အားကျောက် ရင်ဆိုင်ရပေတော့မည်။ အားကျောက်သည် ကိုယ့်ဒုက္ခ ကိုယ်ရှာမည့်သူ မဟုတ်ချေ။
“သေဆုံးသူရှောက်မီမှာ သမီးရည်းစားဆန်ဆန် အထူးတလည်ဦးစားပေးတဲ့ လူမျိုးများ ရှိသလား” ကျန်းကျင်းခိုင်က ဆက်လက်မေးမြန်းပြန်သည်။
“အထူးတလည် ဟုတ်လား"
အားကျောက်က ကျန်းကျင်းခိုင်အား ကြည့်ရင်း ဖြေလိုက်သည်။
"ဒီမယ် အရာရှိကြီး ကျွန်မတို့အားလုံး အထူးတလည်ဦးစားပေးတာကတော့ ပိုက်ဆံပဲရှင် ရှင်လဲသိမှာပါ လူတွေနဲ့ပတ်သက်ရင်တော့ ကျွန်မမှတ်မိမှာမဟုတ်ဘူး လူတွေက အများကြီးရှင့် လူအမျိုးမျိုး ရုပ်အမျိုးမျိုး စိတ်နေစိတ်ထားအမျိုးမျိုး ဒီတော့ အကုန်လုံးကို ကျွန်မ ဘယ်မှတ်မိပါမလဲရှင်"
“အင်း"
ကျန်းကျင်းခိုင် သက်ပြင်းတချက်ချလိုက်ရင်း ဆက်မေးပြန်သည်။
"ကောင်းပြီ ခုနကဖောက်သည်အကြောင်းပြောတယ်နော် သူ့ရဲ့ပုံစံကို ပြောစမ်းပါအုံး"
“သူလား"
အားကျောက် တွေခနဲ ဖြစ်သွား၏။
“ငယ်ငယ်ရွယ်ရွယ် တောင့်တောင့်တင်းတင်း သန်သန်မာမာပဲရှင့် ကျွန်မ ဒီလောက်ပဲ မှတ်မိတော့တယ်"
“ကောင်းပြီ အခု နောက်တစ်ခေါက်လောက် မင်းမှတ်မိသမျှ အသေးစိတ်ပြန်ပြောပေးပါအုံး အော်သံ ကြားပြီးတဲ့နောက် အခန်းထဲကိုရောက်သွားတဲ့အထိ မင်း မြင်သမျှကို တိတိကျကျလေး ပြောပြပေးပါ"
“ကောင်းပြီလေ ရှောက်မီ ထွက်သွားတဲ့နောက် ကျွန်မ…”
အားကျောက်သည် ကျန်းကျင်းခိုင်၏ မေးခွန်းများကို အတတ်နိုင်ဆုံးဖြေဆိုပေးနေလေသည်။ သူမသည် ပြည့်တန်ဆာတစ်ဦးမျှသာ ဖြစ်သည်။ သို့သော် ၎င်းမှာ ရဲများအနေနှင့် တရားခံကို ရှာတွေ့ပြီး သူမသူငယ်ချင်းအတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးမည့်အရေးအား မလိုလားဟုတော့ မဆိုလိုချေ။ တစုံတဦးသည် အမျိုးသမီးငယ်တစ်ဦး၏ အသက်ကို အချိန်မတိုင်ခင် နှုတ်ယူသွားသည် မဟုတ်ပါလား။
“ကောင်းပြီ၊ ဒီလောက်ဆိုရပါပြီ ခုလိုပြန်ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မနက်ဖြန်မနက်ကျရင် ခင်ဗျားတို့ သွားလို့ရပါပြီ ဒါနဲ့..… အင်း ထားလိုက်ပါလေ ခင်ဗျားသွားလို့ရပါပြီ”
သူက အားကျောက်အား ခေါ်ဆောင်သွားရန် ရဲမေများအား အချက်ပြလိုက်လေသည်။ ကနဦးက သူသည် သူမအား သမ္မာအာဇီဝကျသော တခြားအလုပ်အကိုင်တခုခု ရှာဖွေရန် တိုက်တွန်းမိတော့မလိုလို ဖြစ်သွားလိုက်သေး၏။ နှစ်ပေါင်းများစွာအတွေ့အကြုံအရ ထိုစကားများသည် အားကျောက်ကဲ့သို့မိန်းကလေးများအတွက် အသုံးမဝင်ကြောင်း ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် စကားမဆက်တော့ပဲ ရေငုံနှုတ်ပိတ်နေလိုက်ခြင်းပင်။
“ကျေးဇူးတင်ပါတယ်ရှင်”
အားကျောက်သည် ဖိနပ်စီးပြီး ထိုင်ခုံမှ မတ်တပ်ရပ်လိုက်သည်။ အခန်းဝသို့ရောက်ချိန်တွင် သူမသည် ဝေစင်းအား လှည့်ကြည့်ပြီး ဖလိုင်းကစ်စ်သဏ္ဍာန်ပြုလိုက်ကာ ပြောလိုက်လေသည်။
"အော် အစ်မ ရှင် ခုနက မေးဖို့မေ့သွားတဲ့မေးခွန်းတစ်ခုရှိတယ် ကျွန်မအသက် ၂၂ နှစ်ပါရှင့်"
ထို့နောက် အားကျောက်သည် ဝေစင်းအား အေးစက်စက်ကြည့်ကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။
အားကျောက်၏ မထီတရီ ရိသဲ့သဲ့စကားကြောင့် ဝေစင်း၏ မျက်နှာ ဖွေးဖွေးဖြူသွား၏။ ကျန်းကျင်းခိုင်က ဝေစင်းအား ပြုံးစေ့စေ့နှင့်ကြည့်ကာ ပြောလိုက်လေသည်။
“ဝေဝေ ဟိုမိန်းကလေးက မင်းကို ရိသဲ့သဲ့လုပ်သွားလေရဲ့ နက်ဖြန် သူ့ကို ပါးစပ်မဟရဲတော့အောင် ပညာပြန်ပေးလိုက်ပါလား"
"ဟွန့် ကျွန်မက သူနဲ့ ပြိုင်မိုက်စရာလား"
ထို့နောက် သူမက ကျန်းကျင်းခိုင်အား ရိုသေလေးစားဟန်ဖြင့်ကြည့်ကာမေးလိုက်၏။
"ဒါနဲ့ ဆရာကျန်း ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရသလဲရှင့်"
“အမှန်အတိုင်းပြောရရင် ကျုပ် ဘာမှဝေခွဲမရသေးဘူး”
ကျန်းကျင်းခိုင်က ခေါင်းခါပြရင်း ဖြေလိုက်သည်။
“မှုခင်းဆေးအဖွဲ့ကတော့ ဖုန်းဆက်လာတယ် သေဆုံးသူအမျိုးသားရဲ့ ကိုယ်ပိုင်ပစ္စည်းတွေထဲမှာ ကိုယ်ရေးကိုယ်တာနဲ့သက်ဆိုင်တဲ့ ဘယ်ကတ်ပြားမျိုးမှ ပါမလာဘူးတဲ့ မိုဘိုင်းဖုန်းလဲ မဆောင်ထားဘူး ဒါပေမဲ့ သူ့ရဲ့အဝတ်အစား ပုံပန်းသွင်ပြင်အရ ရွေ့ပြောင်းလုပ်သားတော့ မဟုတ်နိုင်ဘူး အလုပ်အကိုင်အတည်တကျနဲ့ လူစားမျိုး ဖြစ်ရမယ်"
“ဒါဆိုရင် သေဆုံးသူနှစ်ဦးရဲ့ သေဆုံးချိန်နဲ့ သက်သေတွေ ရောက်ရှိချိန်ကြားမှာ တစ်စုံတစ်ဦးက သက်သေခံကတ်ပြားတွေ ဖျောက်ဖျက်ပစ်လိုက်နိုင်တာပေါ့နော်"
“အင်း ဒါဖြစ်နိုင်ခြေရှိတယ်”
ကျန်းကျင်းခိုင် က ခေါင်းညိတ်လိုက်၏။
“ဒါပေမယ့် တရားခံဟာ အခန်းထဲကို ဘယ်လိုများဝင်လာခဲ့သလဲ ပြီးတော့ ဘယ်လိုပြန်ထွက်သွားခဲ့သလဲ ”
ထို့နောက် သူက အနည်းငယ်စဉ်းစားပြီး ဖုန်းကိုကောက်ယူကာ ကျန်းနန်အား ဆက်လိုက်သည်။ “ဗို
"ဆရာကျန်းနန် ဒီည အခင်းဖြစ်ပွားတဲ့နေရာပတ်ပတ်လည်မှာ ခင်ဗျား လုံခြုံရေးချထားသလား"
“ချထားပါတယ် အင်စပက်တာ”
ကျန်းနန်က ပြန်ဖြေလိုက်၏။
“ဒါဆို အဆောက်အဦရဲ့ပတ်ပတ်လည်ပြတင်းပေါက်များတွေကို အာရုံစိုက်ဖို့ ပြောလိုက်ပါ ပြတင်းပေါက်အပြင်ဘက်မှာ လမ်းလျှောက်နေသူတွေကို မတားနဲ့ ပြီးတော့ ပြတင်းပေါက်တွေဆီ ချဉ်းကပ်ဖို့ ကြိုးစားသူတိုင်းကို သေသေချာချာ စောင့်ကြည့်ထားပါ"
အားချွန်နှင့် အားတီးတို့သာ အမှန်တရားကိုပြောနေပါက လူသတ်သမား အခန်းထဲသို့ဝင်ရောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ပြတင်းပေါက်များပင်ဖြစ်သည်။ အားကျောက်ကား လှေကားအောက်တွင် ရပ်နေခဲ့၏။ ထို့ကြောင့် မည်သူမဆို လှေကားဖြင့် အတက်အဆင်းပြုလုပ်ပါက သို့မဟုတ် အခန်းတံခါးကိုဖွင့်ခဲ့ပါက အားကျောက်သည် ၎င်းတို့ကို မြင်ရမည် သို့မဟုတ် ကြားရပေလိမ့်မည်။
ထိုနေ့ညကား ထူးထူးခြားခြားတစုံတရာမှ ဖြစ်ပျက်ခြင်းမရှိပဲ ကုန်လွန်သွားခဲ့၏။ နောက်တစ်နေ့မနက်တွင်အခင်းဖြစ်ပွားခဲ့ရာနေရာသို့ ဦးစွာ ရောက်ရှိလာကြသူများမှာ ကျန်းကျင်းခိုင်နှင့် ဝေစင်းတို့ပင်ဖြစ်သည်။ ပထမဦးစွာ ကျန်းကျင်းခိုင်သည် အခင်းဖြစ်ပွားရာအခန်းအား ပြန်လည်စစ်ဆေး၏။ သူ အထူးတလည် စစ်ဆေးသည်မှာကား ပြတင်းပေါက်များပင်။ ၎င်းတို့ပေါ်ရှိ တံခါးဂျက်များမှာ အလွန်တင်းကျပ်စွာပိတ်ထားလေရာ ရွေ့ဖို့ကိုပင် အတော်အားစိုက်နေရ၏။ နောက်ဆုံးတွင် သူနှင့်ဝေစင်းတို့နှစ်ဦးသားသည် အဆောက်အဦး၏နောက်ဘက်သို့ သွားရောက်စစ်ဆေးကြပြန်သည်။ ထိုနေရာတွင်လည်း ရဲနှစ်ဦး စောင့်ကြပ်နေကြ၏။
“မနေ့ညက ဘာထူးသေးလဲ"
ကျန်းကျင်းခိုင်က ရဲနှစ်ဦးအား မေးမြန်းလိုက်၏။
“မထူးခြားပါဘူး အင်စပက်တာ"
ရဲတစ်ဦးက ကျန်းကျင်းခိုင်၏ မေးခွန်းကို ဖြေလိုက်၏။
“မနေ့ညကနေ ခုချိန်ထိ ဘယ်သူမှ ပြတင်းဘက်ကို ချည်းကပ်လာတာမျိုး မရှိဘူးခင်ဗျ"
ကျန်းကျင်းခိုင်က ရဲနှစ်ဦးအစီရင်ခံသည်ကို နားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်မှာပင် ဝေစင်း၏ အော်သံထွက်ပေါ်လာ၏။
“အင်စပက်တာကျန်း ဟော ဟိုမှာ ခြေရာတခု”
ပြတင်းပေါက်အပြင်ဘက်မြေပြင်ရှိ ရွှံဗွက်ပေါ်တွင် ထင်ရှားသော ခြေရာတခုကို ဝေစင်းက ညွှန်ပြလိုက်ခြင်းပင်။
“သိပ်ကောင်းတယ်ဟေ့”
ကျန်းကျင်းခိုင်က ဝေစင်းအား ချီးကျူးလိုက်၏။
“မှုခင်းဆေးတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြား”
ကျန်းကျင်းခိုင်၏ အမိန့်ရသည်နှင့် ဝေစင်းက ချက်ချင်းပင် မှုခင်းဆေးတပ်ဖွဲ့အား အကြောင်းကြားလိုက်တော့သည်။ ခြေရာသည် လူသတ်တရားခံအား ဖမ်းဆီရရှိရန် အဓိကသော့ချက်ဖြစ်လာနိုင်သည်မဟုတ်ပါလား။
စခန်းသို့ပြန်ရောက်ရောက်ချင်းမှာပင် ကျန်းကျင်းခိုင်နှင့် ဝေစင်းတို့နှစ်ဦးသည် ကားပါကင်တွင် အားကျောက်နှင့် ထိပ်တိုက်တိုးမိတော့သည်။ အားကျောက်အားမြင်သည်နှင့် ကျန်းကျင်းခိုင်က လှမ်းပြောလိုက်၏။
"အားကျောက် ခနလေးပါ ကျုပ် မင်းကို မေးစရာရှိသေးတယ်"
စကားမဆက်မှီ ကျန်းကျင်းခိုင်က ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သေး၏။ ဘေးနားတွင် ဘယ်သူမှ မရှိမှန်း သေချာမှ သူက စကားဆက်လိုက်သည်။
"မှုခင်းဖြစ်ပွားတဲ့အခန်းနဲ့ပတ်သက်ပြီး ကျုပ်က မေးချင်တာပါ ဒီလိုကွ အဲဒီအခန်းထဲကို ပြတင်းပေါက်ကနေ ဝင်ထွက်သွားလာတတ်တဲ့ လူတွေများ ရှိသလားလို့ပါ"
"အင်စပက်တာကြီးက ဒီနေရာမျိုးကို တခါမှ မသွားဖူးမလာဖူးဘူးနဲ့တူတယ်"
အားကျောက်၏ မျက်နှာတွင် အပြုံးရိပ်ထင်နေ၏။ ထိုအပြုံးမှာ ကျန်းကျင်းခိုင်အား လှောင်ပြောင်နေသကဲ့သို့ ရှိလေသည်။
"ကျွန်မတို့ လုပ်ငန်းသဘာဝအရ ဧည့်သည်ကို ပြုစုပေးရတဲ့အခန်းကို ဘယ်တော့မှ တဖက်ပိတ်မထားဘူးရှင့်"
"ဒါဆို မင်းရဲ့ဆိုလိုရင်းက"
ကျန်းကျင်းခိုင်က စကားထောက်ပေးလိုက်၏။
"ကျွန်မတို့ အလုပ်လုပ်တဲ့အခန်းတွေရဲ့ ပြတင်းပေါက်တွေကို အမြင့်ကြီးမထားဘူးရှင့် ဒါမှ ခြေလက်အင်္ဂါချို့ယွင်းနေတဲ့ဖောက်သည်တွေ ဒါမှမဟုတ် အသက်ကြီးတဲ့ဖောက်သည်တွေကလွဲပြီး ကျန်ဖောက်သည်တွေအားလုံး ပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးလို့ရမှာမလား"
အားကျောက်၏ အမူအရာပြောင်းလဲသွားပြီး ကျန်းကျင်းခိုင်ကို မြှုဆွယ်ဟန်ပေါ်လာ၏။
"ကဲ အင်စပက်တာကြီးရေ ဒါပဲ မေးချင်တာဆိုရင် ကျွန်မ အိမ်ပြန်အိပ်တော့မယ် တကယ်လို့ အင်စပက်တာကြီးက ဒီနေ့လည်နေ့ခင်းမှာ ကျွန်မရဲ့ဝန်ဆောင်မှုကို လိုချင်တယ်ဆို အခမဲ့ဝန်ဆောင်မှုပေးပါ့မယ်"
အားကျောက်၏စကားကြောင့် ကျန်းကျင်းခိုင် စိတ်ထွက်သွားလေသည်။
"ဟေ့ ဟေ့ မင်း ဒီလိုတွေပြောနေမယ်ဆိုရင်တော့ အချုပ်ထဲ ပြန်ထည့်ထားလိုက်မှာနော်"
"အံမလေး ဒါလေးပြောတာတောင် တရားမဝင်တော့ဘူးလား ထားလိုက်ပါတော့ရှင် ကျွန်မလဲ အချုပ်ထဲရောက်သွားမှာ ကြောက်သွားပါပြီနော်"
ထိူ့နောက် သူမသညိ ရဲစခန်းဝင်းအတွင်းမှ လှုပ်လှီလှုပ်လှဲ့နှင့် ထွက်ခွာသွားလေသည်။
"ထွီ အမျိုးယုတ်မ"
ထို့နောက် ကျန်းကျင်းခိုင်သည် တံတွေးတချက် ထွီခနဲ ထွေးချပြီး မြေကြီးပေါ် ဖနောင့်ဖြင့် ဆောင့်နင်းလိုက်၏။ ထို့နောက် သူက ရဲစခန်းဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။