← Chapters

အခြေအနေသစ်များ

Vol. 1 Ch. 4

အခြေအနေသစ်များ

Vol. 1 Ch. 4

လွန်ခဲ့သော နှစ်ပတ်ကအတိုင်း ကျန်းကျင်းခိုင်တယောက် လမ်းကြားလေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်၏။ သို့သော် ယခင်တကြိမ်နှင့်မတူပဲ ကွဲပြားနေသည်မှာ အခင်းဖြစ်ပွားရာအခန်းသည် ပထမတစ်ကြိမ် အခင်းဖြစ်ပွားခဲ့သည့် အခန်းမဟုတ်တော့။ထိုအခန်း၏ အပေါ်ထပ်ရှိ အခန်းတွင် ဖြစ်သည်။ အသတ်ခံရသူများမှာကား အားဟွေအမည်ရှိအမျိုးသမီးနှင့် ဒေသခံလူငယ်တစ်ဦးဖြစ်သူ ယင်ကျောက်တို့ပင်တည်း။

သို့သော် အခင်းဖြစ်စဥ်နှင့်အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရသော လက္ခဏာများမှာ ယခင်တကြိမ်ကအတိုင်းပင် ဖြစ်နေပြန်၏။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် လက္ခဏာများ မရှိ။ မည်သည့်သွေးစသွေးနမှလည်း တွေ့ရခြင်းမရှိ။ အိပ်ရာပေါ်တွင် လိင်ဆက်ဆံနေရင်းအသက်ပျောက်သွားကြဟန်တူသော အရိုးပေါ်အရေတင်နေသည့် ရုပ်အလောင်းနှစ်လောင်းရှိနေ၏။ အခန်းထဲသို့ မည်သူတဦးတလေမှ ဝင်ရောက်ခဲ့သည့် လက်စလက်နလည်းမရှိချေ။ အရာအားလုံးသည် ပိဘိ ငြိမ်သက်အေးချမ်းနေဟန်ရှိသည်။ သို့သော် အနှီအေးချမ်းမှု၏နောက်ကွယ်တွင် နောက်ထပ်လူသတ်မှုတစ်ခု ပေါ်ပေါက်လာခဲ့ပြန်ချေပြီတကား။

ထိုအခါ ထုံးစံအတိုင်း သံသယရှိသူများအားလုံးရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြန်သည်။ ဤတကြိမ်တွင်လည်း ယခင်အတိုင်း ကနဦးစစ်ဆေးမှုများတွင် ထင်ရှားသော သဲလွန်စဟူ၍ စိုးစဥ်းမျှ မတွေ့ရ။ ဖြစ်စဥ်နှစ်ခုအကြား တူညီသောအချက်မှာ သားကောင်များသည် အပျော်လုပ်ငန်းနှင့် ဆက်စပ်နေပြီး အဝတ်ဗလာနှင့် အိပ်ယာပေါ်တွင် သေဆုံးနေကြပြီး အားကျောက်အမည်ရှိ အမျိုးသမီးက အနီးအနားတနေရာတွင် ရှိနေခြင်းပင်။

ကျန်းကျင်းခိုင်တယောက် စစ်ကြောရေအခန်းထဲတွင် ငုပ်တုတ်ထိုင်နေ၏။ သူ့ခေါင်းတခေါင်းလုံးမူးနောက်ရီဝေနေလေသည်။ ဤအမှုနှစ်မှုတွင် သဲလွန်စဟူ၍ မရှိသလောက် ဖြစ်နေ၏။ သီးခြားဆက်စပ်မှုမရှိသော အသတ်ခံရသူအုပ်စုနှစ်စုသည် အဆောက်အဦးတစ်လုံးတွင်းရှိ အခန်းနှစ်ခန်းတွင် သေဆုံးနေကြသည်။ ၎င်းမှာ ဘာကိုဆိုလိုသနည်း။ တစ်ညလုံး စဉ်းစားနေခဲ့သော်လည်း ကျန်းကျင်းခိုင်တယောက် အဖြေကို ရှာမတွေ့ခဲ့။

မိုးလင်းခါနီးအချိန်တွင်တော့ သူက ဘေးနားတွင် အိပ်ပျော်နေသော ဝေစင်းကို လက်ဖြင့် ပုတ်နှိုးလိုက်သည်။

"ဝေဝေ အားကျောက်ကို ပြန်ခေါ်လာခဲ့ ကျုပ် သူ့ကို နည်းနည်းထပ်မေးအုံးမယ်"

ဝေစင်းတယောက် အိပ်ချင်မူးတူးနှင့် စစ်ကြောရေးအခန်းထဲမှ ထွက်သွားခဲ့၏။

မိနစ်အနည်းငယ်အကြာတွင် ဝေစင်း နှင့် ကျန်အမျိုးသမီးရဲများက အားကျောက်အား စစ်ကြောရေးအခန်းဆီသို့ ခေါ်သွင်းလာကြသည်။

“မင်္ဂလာပါအားကျောက် မနေ့က ဖြစ်ပျက်ခဲ့တာတွေ ကျုပ် ပြန်ကြားချင်သေးတယ် ပြန်ပြောပေးပါအုံး"

ကျန်းကျင်းခိုင်က အားကျောက်အား နှုတ်ဆက်ရင်း အောက်ပါအတိုင်း ပြောလိုက်၏။

“မနေ့ညက...”

အားကျောက်၏ နှုတ်ခမ်းများသည် ဖြူရော်နေ၏။ သူမ၏ဆံပင်များမှာလည်း ပွယောင်းရှုပ်ပွနေလေသည်။ ကျန်းဝေတုန်နှင့်လီချွန်းဟိုင်တို့၏ အကြမ်းပတမ်းဆက်ဆံမှုများကြောင့် သူမ အတော်လေး ပင်ပန်းနေပုံရ၏။

"မနေ့ညက ဖောက်သည်လေးယောက်ရလို့ အားဟွေက သူ့ဖောက်သည်နဲ့အတူ သူ့အခန်းဆီတက်သွားခဲ့တယ် အားဟွီးကတော့ အားဟွေနဲ့ဆန့်ကျင်ဘက်အခန်းမှာ ကျွန်မကတော့ အောက်ထပ်မှာရှိတဲ့ ရှောက်မေရဲ့အခန်းကို ယူခဲ့တယ်"

“အောက်ထပ် ဟုတ်လား"

ကျန်းကျင်းခိုင် အတော်လေး အံ့သြသွား၏။

"ပြီးခဲ့တဲ့အကြိမ်က လူသတ်မှုဖြစ်ခဲ့တဲ့ အခန်းထဲမှာ မင်းရှိနေတယ်လို့ ဆိုလိုတာလား"

ကျန်းကျင်းခိုင် သူ့နားကိုသူ မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။

“ဟုတ်တယ်ရှင့်”

အားကျောက်၏အသံမှာ ယခင်ကထက် ပို၍တည်ငြိမ်လာ၏။ သူမက အေးအေးဆေးဆေးပင် ရှင်းပြလိုက်လေသည်။

"တခြားဘယ်အခန်းမှ မအားတော့ဘူးရှင့် ကျွန်မအနေနဲ့ ဧည့်သည်တွေကို ပြုစုရအုံးမယ်လေ အဲဒီအခန်းကို မသွားရင် ကျွန်မ ဘယ်အခန်းကို သွားရမှာလဲ"

“ဒါဆို... အဲဒီအခန်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားတာနေတာများ မင်း သတိထားမိသေးလား မကြာသေးခင်ကရော အဲဒီအခန်းထဲကို မင်း ဝင်မိသေးလာူ"

“မဝင်မိပါဘူးရှင်"

အားကျောက် ခေါင်းခါရင်း ဖြေလိုက်သည်။ သူမ၏ပုံစံမှာ သိသိသာသာ ပင်ပန်းနေပုံရ၏။ ယမန်နေ့ညက အားဟွေသာ မသေဆုံးခဲ့ပါက ယနေ့အိပ်ရာပေါ်တွင် အရိုးခြောက်ဖြစ်နေသူမှာ သူမ ဖြစ်နိုင်သည် မဟုတ်ပါလား။ တကယ်တမ်းတွေးကြည့်လျင် သိပ်တော့မထူးလှ။ အားကျောက်ကိုယ်တိုင်လည်း အမျိုးသားနှစ်ဦး၏ မီးကုန်ယမ်းကုန်ဆက်ဆံမှုကြောင့် မနေ့ညက သေသွားကောင်းသေသွားနိုင်သေး၏။

“ဒီတော့ အဲဒီအခန်းထဲမှာ ဘာမှ ထူးခြားတာမရှိဘူးလို့ ဆိုလိုတာလား ဒါမှမဟုတ် မကြာသေးခင်က အဲဒီအခန်းထဲကို မင်း လုံးဝမဝင်ဖူးဘူးလို့ ဆိုလိုတာလား"

ကျန်းကျင်းခိုင်က ထပ်မံမေးမြန်းလိုက်ပြန်သည်။

“နှစ်ခုလုံးပဲရှင့်”

အားကျောက်ကလည်း မေးခွန်းကို ပြန်ဖြေရပြန်၏။ အကြိမ်ကြိမ်​အပြန်အလှန်မေးခွန်းများ ဖြေဆိုနေရသည့်အတွက် သူမ၏နှုတ်ခမ်းများ ယခင်ထက် ဖြူဖွေးလာလေသည်။

“သူ့ကို ရေတစ်ခွက်တိုက်လိုက်ပါ”

ကျန်းကျင်းခိုင်က ဝေစင်းအား အမိန့်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ်ရှင့်”

အားကျောက်က ပြန်ပြောလိုက်သည်။ သူမကား ကျေးဇူးတင်စကားပြောတတ်သူတဦး ဖြစ်ပုံရချေသည်။

“အဲဒီအခန်းထဲမှာ သာမာန်နဲ့မတူပဲ ကွဲပြားနေတာမျိုး နည်းနည်းတောင်မရှိဘူးလား မင်းစဥ်းစားစမ်းပါအုံး”

“အိုး နေအုံးရှင့် ကျွန်မ မှတ်မိပြီ အဲဒီအခန်းဟာ အရမ်းအေးနေတယ်ရှင့်"

တွေးဆနေသောဟန်ပန်ဖြင့် အားကျောက်က ဖြေးဖြေးချင်း ပြောလိုက်သည်။

“အစကတော့ ကျွန်မ စိတ်ထင်နေတာလားလို့ ဒါပေမဲ့ ရာသီဥတုကလည်း အရမ်းမအေးတော့ဘူးအဲဒီအခန်းထဲမှာတော့ သိသိသာသာကို အေးနေတယ်"

“တကယ်လား အခန်းက အေးနေတယ်လို့ ဆိုလိုတာလား"”

ကျန်းကျင်းခိုင်၏ စိတ်ထဲတွင် နည်းနည်းတော့ ထူးဆန်းသလို ခံစားလိုက်ရ၏။

“ဒါအပြင် တခြားထူးခြားတာမျိုးရော မင်း သတိထားမိသေးလား"

“အခန်းက အရမ်းအေးနေတာကလွဲရင် ကျွန်မတော့ တခြားဘာမှသတိမထားမိဘူးရှင် ဒါပေမယ့် ဟိုလူနှစ်ယောက်က်ို ထပ်မေးကြည့်ပါလား သူတို့များ တခြားသတိထားမိတာရှိသေးလားလို့”

“ကဲ ဒီလောက်ဆို ရပါပြီကွာ”

ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ပြောလိုက်၏။

"မင်းသွားနိုင်ပါပြီ"

သူ့အနေနှင့် အားကျောက် အုပ်စုလိုက် လိင်ဆက်ဆံနေသည်ဖြစ်စေ တစ်ယောက်ချင်းလိင်ဆက်ဆံနေသည်ဖြစ်စေ ဂရုမစိုက်။ ၎င်းမှာ သူ့တာဝန်မဟုတ်။

အားကျောက် ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က ဝေစင်းကို မေးလိုက်၏။

“ကျန်းဝေတုန်နဲ့ လီချွန်းဟိုင်တို့ရဲ့ ထွက်ဆိုချက်တွေထဲမှာ အခန်းက အရမ်းအေးနေတယ်လို့များ ပါသလား စစ်ကြည့်စမ်း"

“ကျန်းဝေတုန်ကတော့ မပြောခဲ့ဘူး"

ဝေစင်းက ခေါင်းခါပြလိုက်သည်။

" လီချွန်းဟိုင်ရဲ့ ထွက်ဆိုချက်ထဲမှာတော့ အခန်းက အရမ်းအေးနေတယ်လို့ ပါတယ် ဒါပေမဲ့ သူ စိတ်လှုပ်ရှားနေလို့ ထင်ယောင်ထင်မှား ဖြစ်မိတာလဲ ဖြစ်နိုင်ပါတယ်တဲ့"

“ဒါဆို ကျန်းဝေတုန်ကို ပြန်ခေါ်စမ်းကွာ သူ့ကို ထပ်မေးမြန်းကြည့်ကြမယ်"

ကျန်းကျင်းခိူင်က ဝေစင်းအား အမိန့်ပေးလိုက်ပြန်သည်။ စဥ်းစားရလွန်း၍ သူ ခေါင်းတခေါင်းလုံးပင် ထူပူလာ၏။ လက်ရှိအချိန်ထိ သိရသလောက်မှာ ပထမအခင်းဖြစ်ပွားခဲ့ရာအခန်းသည် အလွန်အေးနေခဲ့သည်ဟူသော အချက်တစ်ချက်သာ ရှိသေးသည်။ ၎င်းမှာ သဲလွန်စတခုဟု ထင်ရသော်လည်း ဘာကိုမှ ရေရေရာရာ ရှင်းပြနိုင်ခြင်းမရှိ။ ကျန်းကျင်းခိုင်တွင်လည်း ထိုမေးခွန်းအတွက် အဖြေမရှိ။

“ဟဲလို အင်စပက်တာကျန်း"

အမူးပြေသွားဟန်တူသည့် ကျန်းဝေတုန် စစ်ကြောရေးခန်းထဲသို့ ဝင်လာ၏။

“ထိုင်ပါအုံးကွာ ပြီးတော့ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ကျုပ်ကို ထပ်ပြောစမ်းပါ"

ကျန်းကျင်းခိုင်က မေးလိုက်သည်။

“ဟုတ်ကဲ့ မနေ့ညက ကျွန်တော်တို့ လေးယောက် အတူစုပြီး ပျော်ပျော်ပါးပါးသောက်စားကြတယ် နောက်တော့ အကုန်လုံးလဲ မူးနေပြီဆိုတော့ အိမ်ပြန်ဖို့ ပြင်ကြတယ် အိမ်ပြန်တဲ့လမ်းမှာပဲ ကျွန်တော်တို့...."

“မဟုတ်သေးဘူး ကျုပ်က နောက်ပိုင်းအဖြစ်အပျက်တွေကို သိချင်တာ"

ကျန်းကျင်းခိုင် စကားဖြတ်မေးလိုက်သည်။

"မနေ့ညက မင်း အားကျောက်ရယ် ပြီးတော့ လီချွန်းဟိုင် မင်းတို့သုံးယောက် ဘယ်အခန်းကိုသွားခဲ့ကြသလဲ"

“ဘယ်အခန်းပါလိမ့်"

ကျန်းဝေတုန် စဥ်းစားဟန်ပြုလိုက်သည်။

"ကျွန်တော် အရမ်းမူးနေတာဆိုတော့ အတိအကျမမှတ်မိတော့ဘူး ဒါပေမယ့် ယင်ကျောက်ရဲ့အော်ဟစ်သံတွေကြားရတဲ့နေရာကနေ တွက်ကြည့်ရင် ကျွန်တော်တို့အခန်းဟာ ယင်ကျောက်တို့အခန်းရဲ့ အောက်တည့်တည့်ကအခန်းများ ဖြစ်နေမလားပဲ"

“မင်းမှတ်မိသလောက်ပေါ့ကွာ အဲဒီအခန်းနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာ သတိထားမိသေးလား"

ကျန်းကျင်းခိုင်က ဆက်မေးပြန်၏။

“ထူးခြားတာ ဟုတ်လား အင်စပက်တာ”

ကျန်းဝေတုန်၏ အမူအရာမှာ တစုံတခုကို တွေးမိသကဲ့သို့ ရှိသည်။

"အခန်းထဲမှာ နည်းနည်းအေးနေတာကလွဲရင် တခြားထူးခြားတာတော့ ကျွန်တော် မမှတ်မိတော့ဘူးဗျ အခန်းထဲကို ပထမဆုံးဝင်တဲ့အချိန်မှာ ချမ်းစိမ့်စိမ့်ဖြစ်နေတာတော့ အမှန်ပဲ ဒါကြောင့် နောက်ပိုင်းမှာ အဝတ်အစားအကုန်မချွတ်မိတာနဲ့တူတယ်"

“ဒါဆို အခန်းက အေးနေတာ အမှန်ပေါ့ ဟုတ်သလား"

ကျန်းကျင်းခိုင်က ပြန်လည်အတည်ပြုလိုက်၏။

“ဟုတ်တယ်ဗျ သိသိသာသာ အေးနေတာအမှန်ပဲ"

“ကောင်းပြီ မင်းသွားနိုင်ပါပြီ”

ထို့နောက် ကျန်းကျင်းခိုင်က ကျန်းဝေတုန်အား ခေါ်လာသည့်ရဲကို ထပ်မံအမိန့်ပေးလိုက်ပြန်၏။

"လီချွန်းဟိုင်ကို ခေါ်လာခဲ့အုံးဟေ့"

ဆယ်မိနစ်ခန့်အကြာတွင် လီချွန်းဟိုင်တယောက် စစ်ကြောရေးခန်းသို့ ရောက်လာ၏။ ကျန်းကျင်းခိုင်က ၎င်းကိုကြည့်ပြီး မေးလိုက်လေသည်။

"မင်းရဲ့ထွက်ဆိုချက်ကိုကျုပ်ဖတ်နေတာ အခန်းထဲမှာ အရမ်းအေးနေတယ်လို့ မင်း ထွက်ဆိုထားတယ် ဟုတ်သလား"

“ဟုတ်တယ်အင်စပက်တာ အဲဒီအခန်းက သိသိသာသာကို အေးနေတာဗျ"

“ကောင်းပြီ ဒါဆိုရင် အခန်းရဲ့ တည်နေရာကို မင်း မှတ်မိသေးလား"

ကျန်းကျင်းခိုင်၏ ထပ်ဆင့်မေးခွန်း ဖြစ်သည်။

“မမှတ်မိတော့ဘူးဗျ"

လီချွန်းဟိုင်က ခေါင်းခါ​လိုက်သည်။

"ဒါပေမယ့် အခန်းက လှေကားနဲ့ သိပ်မဝေးဘူး အော်ဟစ်သံတွေကြားရတဲ့နေရာကိုထောက်ရင် ကျွန်တော်တို့အခန်းဟာ ယင်ကျောက်တို့အခန်းအောက်တည့်တည့်က အခန်းပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ် ပြဿနာတစ်ခုရှိတာက လှေကားဟာ ရှည်လျားပြီး ကောက်ကွေ့နေတယ် ဒီတော့ ကျွန်တော်တို့ရှိတဲ့ နေရာကို ဘယ်လိုမှ အတိအကျ မမှတ်မိတော့ဘူးဗျ အိုး နောက်တစ်ခုရှိသေးတယ်အဲဒီအမျိုးသမီး...သူဟာ အဲဒီအခန်းထဲကို အစကတည်းက သွားချင်ဟန်မတူဘူး"

“အိုး"

ကျန်းကျင်းခိုင်နှင့် လီချွန်းဟိုင် အကြည့်ချင်းဆုံသွား၏။

“မင်း ဘယ်လိုများသိလိုက်တာလဲ ပြောစမ်းပါအုံးကွာ"

“ရိုးရိုးလေးပါ အင်စပက်တာရယ်"

လီချွန်းဟိုင် ရယ်မောလိုက်၏။

"အဆောက်အဦထဲကို ခြေလှမ်းလိုက်တာနဲ့ သူ အဲဒီအခန်းကို ကြည့်နေတာဗျ သိတယ်မလား တစ်ခုခုကို ကြောက်နေသလိုပုံစံနဲ့လေ သူ့ရဲ့အဲဒီပုံစံကြီးက တော်တော်ကို သိသာတယ်"

“အခန်းထဲမှာ အေးတာကလွဲရင် တခြားထူးထူးခြားခြား ဘာတွေသတိထားမိသေးလဲ ဒါမှမဟုတ် တခြား ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုများ တွေ့ခဲ့သလား"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။

"အေးတာတခုပါပဲ တခြား ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးဗျ"

လီချွန်းဟိုင်က ပြန်ဖြေလိုက်၏။

"ဒါနဲ့ နေပါအုံး တတိယထပ်က ဘယ်အခန်းကို သူက မင်းတို့ကို ခေါ်သွားတာလဲ"

ကျန်းကျင်းခိုင် ခေတ္တစဥ်းစားပြီး ရုတ်တရက် မေးလိုက်၏။

"အဲဒီအခန်းကို မင်း ပြောပြနိုင်မလား"

"ပြောပြနိုင်ပါတယ် တံခါးမှာ 'ပျော်ရွှင်ပါစေ' ဆိုတဲ့စာသားပါ စတစ်ကာတခု ကပ်ထားတယ် ပြီးတော့ ဘေးမှာ မီးအိမ်တလုံးလဲ ချိတ်ထားသေးသဗျ"

လီချွန်းဟိုင်အား ပြန်လွှတ်ပေးပြီးနောက် ကျန်းကျင်းခိုင်အနေနှင့် အချက်နှစ်ချက်ကို သိရှိလာခဲ့၏။ ပထမတချက်မှာ ဒုတိယလူသတ်မှု ဖြစ်ပွားခဲ့သောညတွင် ပထမလူသတ်မှုဖြစ်ပွားရာအခန်းထဲ၌ လူအချို့ရှိနေခဲ့ကြောင်းပင် ဖြစ်သည်။ ဒုတိယတချက်မှာကား ပထမလူသတ်မှုဖြစ်ပွားခဲ့ရာအခန်းမှာ အအေးလွန်နေကြောင်းပင် ဖြစ်သည်။ ဤအချက်နှစ်ချက်နှင့်ပတ်သက်၍ အားကျောက် မုသားမပြောခဲ့ကြောင်း သူ သိလိုက်ရ၏။ သို့သော် သူ၏စိတ်ထဲတွင် မေးခွန်းတချို့ ပေါ်ထွက်လာခဲ့ပြန်သည်။၎င်းမှာ ဒုတိယလူသတ်မှုဖြစ်ပွားသည့်ညတွင် ပထမလူသတ်မှုဖြစ်ပွားခဲ့ရာအခန်းထဲ၌ လူများရှိနေခဲ့ကြသော်လည်း ၎င်းတို့အားလုံး ဘာမှမဖြစ်ခဲ့ကြပေ။ ၎င်းမှာ အဘယ်ကြောင့်ပေနည်း။ လူသတ်မှုများ၏ ဇစ်မြစ်သည် ဒုတိယလူသတ်မှုဖြစ်ပွားခဲ့ရာအခန်းတည်ရှိသည့် အထပ်နှင့်သာ သက်ဆိုင်နေသလား။

All Chapters