လူသတ်မှုထပ်မံဖြစ်ပွားခြင်း
Vol. 1 Ch. 5
ရက်သတ္တပတ်အနည်းငယ်အတွင်း လူလေးဦးအသတ်ခံရခြင်းကြောင့် စည်ကားသိုက်မြိုက်လှသော အားကျောက်တို့လမ်းကြားလေး တစပြင်ပမာ လူသူကင်းမဲ့သွားတော့၏။ ထိုအခြေအနေသည် သူမတို့၏ ဝင်ငွေအပေါ် တိုက်ရိုက်သက်ရောက်လာလေရာ အားကျောက်နှင့် သူ့ညီမများမှာ အမှုကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် အထူးပင် မျှော်လင့်နေကြလေသည်။ အလားတူပင် အင်စပက်တာကျန်းကျင်းခိုင်သည်လည်း လူသတ်မှုများသည် ဤလုပ်ငန်းနှင့် ဆက်စပ်နေသည်ဟု ယူဆထားခြင်းကြောင့် အားကျောက်တို့လူစုအား တရားမဝင်လုပ်ငန်းလုပ်ကိုင်နေ၍ အရေးယူရန်ထက် အမှုကို အမြန်ဆုံး ဖြေရှင်းနိုင်ရန်သာ အားထုတ်နေလေသည်။
လတ်တလောတွင် ကျန်းကျင်းခိုင်သည် အားကျောက်တို့လူစု အလုပ်လုပ်သည့် အဆောက်အဦအနီးရှိ တိုက်ခန်းတစ်ခန်းကို ငှားရမ်းထားလိုက်၏။ ထို့နောက် သူက ငှားရမ်းထားသည့်အခန်းနှင့် မျက်နှာချင်းဆိုင်အဆောက်အဦး၏ သုံးလွှာရှိ ပျော်ရွှင်မှု" စတစ်ကာကပ်ထားပြီး မီးအိမ်ချိတ်ဆွဲထားသည့်အခန်းကို ရဲအရာရှိနှစ်ဦးအား နေ့ညမပြတ် စောင့်ကြည့်ရန် စေခိုင်းထားလေသည်။ သူ၏တိုက်ရိုက်ညွှန်ကြားချက်အရ လမ်းသွယ်အတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းကို ရဲများက တမင်တကာ မျက်နှာလွှဲထားကြလေရာ မကြာမီ တခြားနေရာဒေသများမှ ပြောင်းရွှေ့ရောက်ရှိလာသည့် မိန်းမပျက်လေးများနှင့် လမ်းကျဥ်းလေးမှာ ယခင်အတိုင်း စည်ကားသိုက်မြိုက်လာပြန်သည်။
အခြေအနေတခုလုံး အေးချမ်းသွားပြီဟု ထင်မှတ်ရ၏။ အားကျောက်၏ ပါးနှစ်ဖက်တွင်လည်း နှင်းဆီရောင်များ ပြန်လည်သန်းလာပြန်သည်။
ရှောက်မီသေဆုံးပြီး တစ်လခန့်ကြာသောနေ့တွင်ဖြစ်သည်။ နေမွန်းတည့်ချိန်တွင် အားကျောက်တယောက် အိမ်မှထွက်ပြီး စာတိုက်သို့သွား၏။ ထိုမှတဆင့် သူမ အလုပ်သို့ တန်းတန်းမတ်မတ်ပင် လာခဲ့လေသည်။
"အားဟွီး နေကောင်းတယ်နော် ခုတလော အခြေအနေ ဘယ်လိုလဲဟဲ့"
အားကျောက်က လမ်းထဲတွင် မတ်တပ်ရပ်နေသည့် အားဟွီးအား မေးလိုက်၏။
"ပြောပြဖို့တောင်ခက်ပါတယ်အားကျောက်ရယ်.. ဒီနေရာကြီးတခုလုံးက သင်္ချိုင်းကုန်းနဲ့တောင် တူနေပြီ"
အားဟွီးက ပြန်ဖြေလိုက်လေသည်။ အားဟွီး၏ အဖြေကို အားကျောက်က သဘောတူဟန်ဖြင့် ခေါင်းတချက်ညိတ်ရင်း အဆောက်အဦးကို လှမ်းငေးကာ ပြောလိုက်၏။
"နင်ပြောတာမှန်တယ် ဟိုတိရိစ္ဆာနှစ်ကောင် အားချွန်နဲ့အားတီးတို့ကလဲ ငါတို့ပိုက်ဆံတွေကျတော့ယူပြီး နေရာသစ်လေးဘာလေးရှာဖို့ သူတို့သူဌေးကိုကျ မပြောရဲကြဘူးတော်"
"တမြို့လုံးမှာ တခြားဘယ်နေရာမှ အလုပ်မကောင်းတော့ဘူး အားကျောက်ရဲ့"
အားဟွီးက ခေါင်းခါရင်း ပြောလိုက်သည်။
"နင်ဘာမှမကြားမိသေးဘူးထင်တယ် ရဲတွေက တခြားအိမ်တွေကို ပိတ်ပစ်ကုန်ပြီဟဲ့ ဒီနေရာကိုသာ ခုထိ လာမထိသေးတာ"
"ဟဲ့ တကယ်ကြီးလား"
အားကျောက် ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်သွား၏။
"ဒါဆို ရဲတွေက ငါတို့အပေါ် သဘောကောင်းနေတာပေါ့ ဒါနဲ့ လူသစ်တွေလဲ အတော်လေးတော့ များလာသားပဲနော်"
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အားဟွီ အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။
"နေရာအနှံ့က လာကြတာပေါ့ဟယ် လူတိုင်း ပိုက်ဆံလိုကြတယ်မလား"
ထို့နောက် အားဟွီးက အားကျောက်အား မေးလိုက်ပြန်သည်။
"ဟဲ့ အားကျောက် နင် ဒီနေ့ အလုပ်လာလုပ်တာ အလှတောင်ပြင်မထားပဲ မျက်နှာပြောင်ကြီးနဲ့ပါလား"
"အခုကစပြီး အလှမပြင်တော့ဘူးဟာ"
အားကျောက် ခေါင်းခါရင်း ဖြေလိုက်၏။
"အချိန်ကုန်တယ် ပြီးတော့ ဖောက်သည်နဲ့ တခါဝင်ပြီးရင် အကုန်ပျက်တာပဲ အလကားပါဟာ ပြင်လဲဘာမှမထူးပါဘူး"
"နင်ကတော့ လှတာကိုးဟယ် ဟုတ်တာပေါ့"
ထိုအချိန်တွင် ယောက်ျားတစ်ဦး သူတို့ရှေ့မှ ဖြတ်သွား၏။ အားကျောက်က ချက်ချင်းပင် ထိုလူဘေးသို့ ကပ်သွားပြီး လက်မောင်းကို ဆွဲကာ အဆောက်အဦးအတွင်းသို့ ဦးဆောင်သွားလေသည်။ သိပ်မကြာမီ အားဟွီသည်လည်း အသက်အရွယ်အိုမင်းသော ယောက်ျားတစ်ဦးနှင့် အတူ အဆောက်အဦထဲသို့ ဝင်သွားပြန်၏။ အားကျောက်တို့၏ လမ်းကျဥ်းလေးဝယ် အရောင်းအဝယ်များ ပြန်လည်ကောင်းမွန်လာပုံ ရလေသည်။
နေဝင်ချိန်တွင် ကျန်းကျင်းခိုင်ကိုယ်တိုင် အဆောက်အဦအနီးရှိ ငှားရမ်းထားသောတိုက်ခန်းသို့ ရောက်လာ၏။ သူသည် သုံးလွှာရှိ မီးအိမ်ချိတ်ထားသည့်အခန်းတွင် လျှို့ဝှက်ကင်မရာတစ်လုံး တပ်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ထိုအခန်းအတွင်း ဖြစ်ပျက်သမျှကို သူ ၂၄ နာရီ စောင့်ကြည့်နိုင်၏။
ညဥ့်မှာ ပို၍နက်လာခဲ့ပေပြီ။ လမ်းကျဥ်းလေးထဲတွင် လမ်းသလားနေသော အပျော်မယ်လေးများ ပိုမိုများပြားလာ၏။ ထိုနည်းတူစွာ အမှောင်ထုကို အကာအကွယ်ယူပြီး လမ်းထဲဝင်လာသည့် ယောကျာ်းထုမှာလည်း ပိုမိုများလာလေသည်။ ထိုအထဲမှ တချို့မှာ အသော့ပင် ဖြတ်လျှောက်သွားကြ၏။ တချို့မှာမူ အေးအေးဆေးဆေး လျှောက်လာနေကြလေသည်။ မည်သို့ဆိုစေ လူတိုင်းသည် နံရံကိုမှီကာ ရပ်နေကြသော မိန်းကလေးများအပေါ် မျက်စေ့ကစားနေကြသည်မှာ ငြင်းမရသော အမှန်တရားပင်။ တစုံတဦးသည် သူ နှစ်သက်သဘောကျသော မိန်းကလေးတဦးတွေ့ပါက အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတတ်ကြ၏။
ညဆယ်နာရီခန့်တွင်တော့ အားကျောက်သည် ဖောက်သည်တဦးအား မီးအိမ်ချိတ်ထားသည့် အခန်းသို့ ဦးဆောင်ခေါ်ယူလာ၏။ ထိုအချိန်တွင် ကျန်းကျင်းခိုင်သည် တီဗီဖန်သားပြင်ပေါ်တွင် ထင်ဟပ်နေသော ပုံရိပ်များကို အသေးစိတ်စောင့်ကြည့်လျက်ရှိသည်။ တစုံတဦး၏ မအပ်မရာကိစ္စအား ချောင်းမြောင်းကြည့်ရှုခြင်းသည် ကျင့်ဝတ်နှင့် မညီချေ။ သို့သော် စစ်ဆေးရေးတရပ်အနေနှင့် ဆောင်ရွက်နေသည့်အခိုက်တွင် တခါတရံ ကျင့်ဝတ်ကို ဘေးဖယ်ထားရန် လိုအပ်တတ်ကြသည် မဟုတ်ပါလား။
တီဗီမှန်သားပြင်ပေါ်တွင် အသက်နှစ်ဆယ်ခန့် ပိန်ပိန်ရှည်ရှည်လူငယ်တယောက်က်ို ကျန်းကျင်းခိုင် မြင်တွေ့နေရသည်။ သူ့ပုံစံမှာ အားကျောက် စိတ်ကြိုက်ပုံစံပင်။ အားကျောက်သည် လူငယ်အား အိပ်ယာပေါ်သို့ ဦးဆောင်ခေါ်ယူသွား၏။ ကိစ္စမစမီ သူတို့နှစ်ဦး စကားစမြည် ပြောလိုက်ကြသေးသည်။ထို့နောက် အားကျောက်က စတင်ပြီး အဝတ်အစားများအား စတင်ချွတ်ချတော့သည်။ လူငယ်ကလည်း အားကျောက်၏ ဦးဆောင်မှုအတိုင်း လိုက်ပါလျက်ရှိ၏။ တခနအကြာ အားကျောက်သည် လူငယ်ပေါ် တက်ခွလိုက်လေသည်။ အတန်ကြာသော် သူတို့နှစ်ဦးလုံး တဏှာရေယာဥ်ကြောဝယ် ပျော်ပျော်ကြီး ကူးခတ်လျက်ရှိကြလေပြီ။
ကျန်းကျင်းခိုင်သည် လက်ဖက်ရည်သောက်ရင်း ဖန်သားပြင်ပေါ်မှ ပုံရိပ်များအား စောင့်ကြည့်လျက်ရှိသည်။ သူ့ကိုယ်တွင်း၌ကား တစုံတရာကို တုံ့ပြန်နေသယောင် ရှိ၏။ ယခင်ကလည်း ကျန်းကျင်းခိုင်တယောက် အလုပ်သဘောအရ ဤမြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ စောင့်ကြည့်ဖူး၏။ ဤသို့ တခါမှ မခံစားဖူး။ သို့သော် အားကျောက်၏ ဝလစ်စလစ်ကိုယ်ခန္ဓာကို မြင်မိချိန်တွင်တော့ သူ တမျိုးတဖုံ ဖြစ်သွားပုံရလေသည်။
အခန်းထဲတွင်တော့ လူငယ်သည် အသော့နှင်လျက်ရှိ၏။ သိပ်မကြာမှီ ကိစ္စဝိစ္စပြီးသွားကြောင်း ကျန်းကျင်းခိုင် မြင်တွေ့ရသည်။ စုစုပေါင်းသုံးမိနစ်ခန့်သာ ကြာလိုက်ပုံရ၏။ သုံးမိနစ်အတွက် ယွမ်တစ်ရာ။
"တယ်ဟန်တဲ့အလုပ်လားဟေ့"
အားကျောက်၏ ဝင်ငွေမှာ ရဲအရာရှိတယောက်၏ လစာထက်ပင် သာနေသည်မဟုတ်ပါလား။ လမ်းများပေါ်မှ ပြည့်တန်ဆာများအား ရှင်းမထုတ်နိုင်သည်မှာ ၎င်းအကြောင်းရင်းတရပ်လည်း ဖြစ်နေပုံရ၏။ မည်သည့်အတန်းပညာမှလည်း တတ်မြောက်မထားသည့်အပြင် ကောင်းရောင်းကောင်းဝယ်လုပ်စားလိုခြင်းမရှိသည့် အားကျောက်လို မိန်းမများအတွက် ဤနည်းလမ်းမျိုးဖြင့် ငွေရှာခြင်းက အလွယ်ကူဆုံးပင်တည်း။
ထိုစဥ် မိန်းမတယောက်၏ အော်ဟစ်သံကြီး အမှောင်ထုအား ဖောက်ထွင်းလျက် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ကျန်းကျင်းခိုင် ချက်ချင်း တီဗီမှန်သားပြင်က်ို လှည့်ကြည့်လိုက်သည်။ အားကျောက်နှင့် ဖောက်သည်လူငယ်သည်လည်း အော်သံကိုကြားဟန်ဖြင့် ပြတင်းပေါက်ဆီသို့ အပြေးသွားနေကြ၏။ ကျန်းကျင်းခိုင် ရေဒီယိုကို ချက်ချင်းကောက်ကိုင်ပြီး အော်ဟစ်မေးမြန်းလိုက်သည်။
"အော်သံ ဘယ်ကလာတာလဲဟေ့"
“တိုက်နံပါတ်၃ကလာတာပါ အင်စပက်တာကျန်း"
ရေဒီယိုမှတဆင့် ရဲအရာရှိတဦး တုံ့ပြန်လာ၏။
"ကျွန်တော်တို့ဆီကအဖွဲ့တွေ ခုပဲ တက်သွားပါပြီ သုံးလွှာက အော်သံကြားရတယ်လို့ ထင်တယ်"
“တိုက်နံပါတ်၃ ဟုတ်လား”
ကျန်းကျင်းခိုင် ကန့်လန့်ဖြတ်အဆောက်အဦးကို လှမ်းကြည့်လိုက်ရာ တိုက်နံပါတ်၆ ဖြစ်နေ၏။ တိုက်နံပါတ် ၃မှာ သူ ရောက်နေရာအခန်း၏ ညာဖက်တွင် ဖြစ်ပုံရသည်။ ပြတင်းပေါက်အားလုံး ပိတ်လျက်သားရှိနေ၏။ မည်သူတဦးတယောက်မှ ပြေးထွက်သွားဟန်မတူချေ။ မကြာမီ သုံးလွှာရှိ အခန်းတခန်း မီးလင်းလာ၏။ သူ့အရာရှိများ ရောက်ရှိနေပြီဖြစ်ကြောင်း ကျန်းကျင်းခိုင် သိလိုက်လေသည်။
“အင်စပက်တာကျန်း ယောကျာ်းတယောက်နဲ့ မိန်းမတယောက်ပဲ သေကုန်ကြပြီ အရင်ပုံစံတွေအတိုင်းပဲ”
ရေဒီယိုမှ သတင်းပို့သံ ထွက်ပေါ်လာသည်။
ကျန်းကျင်းခိုင်သည် အနည်းငယ်မှ အလျင်လိုခြင်းမရှိ။ ပြတင်းပေါက်မှနေ၍ ပတ်ဝန်းကျင်တခုလုံးအား မျက်တောင်မခတ်ပဲ စောင့်ကြည့်လျက်ရှိသည်။ သံသယဖြစ်ဖွယ်ရာ တစုံတရာမှ မတွေ့ရ။ တစ်နာရီခန့်အကြာတွင် ရေဒီယိုမှ သတင်းပို့သံ ထွက်ပေါ်လာပြန်၏။
“အင်စပက်တာကျန်းခင်ဗျာ ဆရာလာမကြည့်ဘူးဆိုရင် ကျွန်တော်တို့ အလောင်းတွေကို ထုတ်သွားလိုက်တော့မယ်"
“ခနစောင့်ဗျို့ ကျုပ် အခုပဲ လာပြီ"
ထို့နောက် ကျန်းကျင်းခိုင် အခန်းထဲမှ ထွက်လာခဲ့လေသည်။
မှုခင်းဖြစ်ပွားရာအခန်းတွင်းရှိ အခြေအနေမှာကား ယခင်အမှုများအတိုင်းပင်။ အရိုးပေါ်အရေတင်နေသော အလောင်းနှစ်လောင်းသည် လိင်ဆက်ဆံရင်းတန်းလန်းအနေအထားနှင့် ရှိနေကြ၏။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသော အခြေအနေမရှိ။ သွေးစသွေးနမရှိ။ တခြားသံသယဖြစ်ဖွယ်ရာ တစုံတရာမှ မတွေ့ရ။ ဤအမှုတွင် ပြတင်းပေါက်ကိုသုံး၍ တဦးတလေမျှ ဝင်ထွက်သွားလာခြင်းမရှိသည်ကို ကျန်းကျင်းခိုင်ကိုယ်တိုင် အတည်ပြုနိုင်ခဲ့၏။
“ဟူး"
အမှုတခုလုံးအား ပြန်လည်သုံးသပ်ပြီး ကျန်းကျင်းခိုင် စိတ်သက်သာရသွားသလို ခံစားလိုက်ရသည်။ သူ့ရင်ထဲမှ အလုံးကြီးတလုံး ပြုတ်ကျသွားသည့်နှယ်ပင်တကား။ ဘာကြောင့် ထိုသို့ခံစားရမှန်း ကျန်းကျင်းခိုင်ကိုယ်တိုင်လည်း မသိချေ။ တဖန် ကျန်းကျင်းခိုင်၏အာရုံထဲတွင် အားကျောက်၏ ကိုယ်လုံးတီးပုံစံကို မြင်ယောင်လာပြန်သည်။ ဤအမှုနှင့် အားကျောက် လားလားမျှ သက်ဆိုင်ခြင်းမရှိသည်ကိုပင် သူ ဝမ်းသာနေသလား မပြောတတ်တော့ချေ။ ၎င်းမှာ ပြောရလျင် ဟာသတော့ဆန်နေ၏။
အပျက်မတယောက်၏ အပြစ်ကင်းခြင်းမကင်းခြင်းသည် သူနှင့် ဘာတွေများ သက်ဆိုင်နေသနည်း။