အင်တာနက်ကဖေးတွင် ဆေးလိပ်သောက်သူ
Vol. 1 Ch. 6
ကျန်းကျန်းခိုင်သည် လတ်တလောဖြစ်ပွားခဲ့သော လူသတ်မှုကြောင့် အမိန့်ပေးရင်း အလုပ်များနေ၏။ သူ မသိလိုက်သည်မှာ လမ်းတစ်ဖက်ကမ်းရှိ အဆောက်အဦတစ်ခုအတွင်းမှ မျက်လုံးတစုံက သူ့အား စူးစိုက်ကြည့်ရှုနေခြင်းပင် ဖြစ်သည်။ ထိုမျက်လုံးပိုင်ရှင်မှာ တခြားသူမဟုတ်။ အားကျောက်ပင် ဖြစ်သည်။
အော်သံကိုကြားလိုက်ချိန်တွင် အားကျောက်နှင့် သူမ၏ဖောက်သည်သည် ပြတင်းပေါက်မှနေ၍ လမ်း၏ တဖက်ခြမ်းသို့ လှမ်းကြည့်လိုက်ကြ၏။
"ဟေ့ ညီမ အသံဟာ တိုက်နံပါတ်၃က လာတာ ဖြစ်လိမ့်မယ်" အားကျောက်၏ ဖောက်သည်က ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း လမ်းတစ်ဖက်ရှိ အဆောက်အဦးကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်လား"
အားကျောက်၏ တုံ့ပြန်မှုကား မရေမရာဟန်။ သို့သော် သူမက ဖောက်သည်ပြောသည့်အတိုင်း တိုက်နံပါတ် ၃ဖက်သို့ လှမ်းကြည့်လိုက်၏။
"ဘာမှလဲမမြင်ရပါဘူးဟယ်"
ပြောရင်းနှင့် သူမသည် လမ်းကြားတစ်ဖက်ရှိ ပြတင်းပေါက်များကို ကြည့်ပြီး လက်နှစ်ဖက်ကို လေဟုန်စီးသည့်နှယ် အပေါ်သို့ မြှောက်လိုက်၏။ ထိုအချိန်တွင် တဖက်အဆောက်အဦးအတွင်းမှ ကျန်းကျင်းခိုင်ကို သူမ သတိထားမိလိုက်ခြင်း ဖြစ်သည်။ သူမ ရင်ထိတ်ထိတ်တုန်သွား၏။
"သူဒီမှာ ဘာလုပ်နေတာလဲ ငါ့ကိုများ စောင့်ကြည့်နေသလားမသိဘူး"
ကျန်းကျင်းခိုင်အားကြည့်ရင်း အထက်ပါအတိုင်း သူမ တွေးမိ၏။
"ခု မြင်နေရတဲ့ အဆောက်အဦးနဲ့ ကပ်လျက်ဟာ ဖြစ်လိမ့်မယ်"
ဖောက်သည်က အားကျောက် ဘာဖြစ်နေမှန်း သတိထားမိဟန်မတူပဲ ဆက်လွှတ်နေပြန်၏။
"ကြည့် ကြည့် တစ်ယောက်ယောက် လှေကားပေါ် ပြေးတက်လာပြီ"
"တော်လောက်ပြီ ဆရာသမား"
အားကျောက်၏ လေသံမှာ အေးစက်နေ၏။
"ရှင် ဒီလောက်ကြည့်ချင်တယ်ဆိုရင်လဲ အပြင်သာ ထွက်ကြည့်လိုက်ပါတော့လား"
ထို့နောက် သူမက ပြတင်းပေါက်မှန်မှတဆင့် လမ်းတဖက်ကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
"ရှင် မြင်ပြီလား အဲဒါတွေက ရဲတွေ ရှင် အခုပဲ ထွက်သွားဖို့သင့်နေပြီ"
သူမ၏စကားကိုကြားလိုက်ရသည့်အခါ ဖောက်သည်လူငယ် မျက်နှာကြောတင်းသွား၏။ သူက အားကျောက် လက်ညှိုးထိုးပြသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ လမ်းတဖက်ခြမ်း လှေကားအခြေတွင် ကျန်းကျင်းခိုင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သာမန်အားဖြင့် သူသည် ဥပဒေကို လိုက်နာသူ ဖြစ်သည်။ ထို့ကြောင့် သူ ကျန်းကျင်းခိူင်ကို မသိ။ မည်သို့ဆိုစေ ထိုသို့ပြောပြသည့်အတွက် သူ့အနေနှင့် အားကျောက်အား ကျေးဇူးတင်ရမည်သာ။ ထိုအခါ သူက ပြောလိုက်၏။
"ညီမကိုပါ ခေါ်သွားပေးရမလား"
"ကျွန်မကိုပါ ခေါ်သွားမယ်ဟုတ်လား အံမလေးကျေးဇူးရှင်လေးရယ် ဘယ်တုန်းကများ ကျွန်မက အကူအညီလိုတဲ့ မိန်းကလေး ဖြစ်သွားရတာတုန်း"
အားကျောက်က ပြုံးရယ်ရင်း ပြောင်လိုက်၏။ သူမ၏ အပြုံးမှာ ရွှန်းရွှန်းစိုနေလေသည်။ ထိုအပြုံးကြောင့် ဖောက်သည်လူငယ်၏ ရင်ထဲတွင် ပန်းများပွင့်သွားသည့်နှယ် ခံစားလိုက်ရ၏။
"တို့အတူတူထွက်သွားကြမယ်လေ တော်ကြာ ရဲတွေမိသွားရင် ညီမပါ ဒုက္ခများသွားလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်အစ်က်ိုရယ်"
အားကျောက်သည် ဖောက်သည်လူငယ်၏ လည်ပင်းကို ပွေ့ဖက်ရင်း ပါးကို နမ်းလိုက်၏။
"ဒါပေမယ့် လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုပဲ အရင်ကူညီလိုက်ပါအုံးရှင်ရယ် ကျွန်မကို ကူညီချင်တယ်ဆိုရင် တခြားဘာအကူအညီမှ မလိုပါဘူး ကျွန်မဆီကိုသာ မကြာခန လာလည်ပါ"
အထက်ပါစကားကို ပြောလိုက်သည့်အချိန်တွင် အားကျောက်၏ လေသံမှာ ပျော့ပြောင်းငြင်သာနေ၏။ မိမိ၏ ကိုယ်ခန္ဓာကို ရောင်းစားနေရသော မိန်းကလေးတဦးအတွက် အထက်ပါတောင်းဆိုချက်မှာ အသင့်တော်ဆုံးပင် မဟုတ်ပါလား။
နောက်ထပ်လူသတ်မှုတစ်ခုဖြစ်ပွားပြီးသကာလ သန်းခေါင်ယံစီးပွားရေးမှာ ပျက်စီးခြင်းငါးပါးဆိုက်သွားတော့သည်။ အားကျောက်တို့အဖို့ အိပ်ရုံမှအပ တခြားမရှိတော့ ။ လမ်းကြားတလျှောက် ရဲများနှင့် ပြည့်သိပ်နေပြီဖြစ်လေရာ အလုပ်လုပ်ရဲသူ မည်သူရှိတော့မည်နည်း။
နောက်တစ်နေ့နံနက်တွင် ကျန်းကျန်းခိုင်သည် မြို့တော်ရဲမင်းကြီး ယောက်ထန်းယု၏ ရုံးခန်းသို့ ဆင့်ခေါ်ခြင်းခံရ၏။ ကော်မရှင်နာ ယောက်ထန်းယုသည် မြို့တော်ရှိ အမြင့်ဆုံးရဲအရာရှိဖြစ်ပြီး ကျန်းကျန်းခိုင်၏ လက်ဦးဆရာလည်း ဖြစ်၏။ သို့သော် ဆရာဒကာဆက်ဆံရေးရှိရုံနှင့် ကျန်းကျင်းခိုင် အဆဲလွတ်မည်ဟု မဆိုလိုချေ။ ထိုနေ့တွင် ယောက်ထန်းယုက ကျန်းကျင်းခိုင်အား အကြီးအကျယ် ဆူပူကြိမ်းမောင်းလိုက်လေသည်။
"အင်စပက်တာကျန်း ကျွန်မတို့ ဌာနကိုပြန်သွားမလား ဒါမှမဟုတ် အခင်းဖြစ်တဲ့နေရာကိုပဲ သွားကြမလား"
ကျန်းကျန်းခိုင်တယောက် ရဲဌာနချုပ်မှ ထွက်လာသည်ကို မြင်သည်နှင့် ဝေစင်းက မေးလိုက်ခြင်းဖြစ်သည်။
"အင်း ကျုပ်တို့ ဘယ်ကိုသွားသင့်သလဲ"
ကျန်းကျန်းခိုင် မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်သည်။
"ဌာနကို အရင်ပြန်ကြရအောင်ကွာ မှုခင်းရဲ့ အသေးစိတ်အချက်အလက်တွေကို ကျုပ်တို့ ပြန်သုံးသပ်ရအောင်"
ထို့နောက် သူတို့နှစ်ဦးသည် ရဲကားတစ်စီးပေါ်တက်ကာ ရဲဌာနခွဲသို့ မောင်းထွက်သွားကြ၏။
-------------------------------------------------
အိပ်ရေးပျက်ခဲ့သည်မို့ အားကျောက်တယောက် နေ့လည်ကျမှ နိုးလာပြီး ကန့်လန့်ကာများကို ဖွင့်လိုက်သည်။ ထို့နောက် သူမသည် ပြတင်းပေါက်အပြင်ဆီမှ ရှုခင်းများကိုငေးရင်း နေ့စဉ် လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်တော့သည်။
အားကျောက်သည် မိခင်ဖြစ်သူရှိစဥ်က အတူနေခဲ့သော အိမ်မှာပင် ဆက်လက်နေထိုင်ခဲ့၏။ သူမ၏ဖခင်ကား သူမနှင့်အတူမနေ။ တိုင်းတပါးတွင် အခြေချနေထိုင်သူဖြစ်သည်။မည်သို့ဆိုစေ သူမ၏ ဖခင်သည် သူမအတွက် လစဥ်ငွေကြေးထောက်ပံ့မြဲဖြစ်လေရာ မဆိုးလှဟု ဆိုနိုင်၏။
ထို့ကြောင့် အားကျောက်၏ အခြေအနေသည် သူမ၏ အလုပ်မှ ညီမလေးများနှင့် ကွဲပြားနေပေသည်။ သူမသည် ဆင်းရဲမွဲတေနေသူမဟုတ်။ ငွေရေးကြေးရေးလိုအပ်ချက်လည်း တယောက်တည်းသမားဖြစ်၍ သိပ်မရှိလှ။ သို့ဆိုလျင် သူမ အဘယ်ကြောင့် ပြည့်တန်တာတယောက် ဖြစ်လာရသနည်း။ ၎င်းမှာ သူမ၏ ရွေးချယ်မှုကြောင့်ပင်။ တကယ်တော့ အားကျောက်သည် သူမ၏ ချစ်သူဟောင်းအား အရွဲ့တိုက်လိုခြင်းနှင့် နှလုံးသားထဲမှဆန္ဒတချို့အား ဖြည့်ဆည်းလိုခြင်းကြောင့် ပြည့်တန်ဆာလုပ်နေသည့် ရူးရူးမိုက်မိုက်မိန်းကလေးဟု ဆိုနိုင်၏။
မည်သို့ဆိုစေ အားကျောက်အတွက်တော့ သူမ၏ခန္ဓာကိုယ်သည် သူမ၏ အရင်းအနှီးပင် ဖြစ်သည်။ ထိုအခါ သူမသည် လေ့ကျင့်ခန်းပြီးဆုံးသွားသည်နှင့် တီဗွီဖွင့်ပြီး အာဟာရပြည့်ဝသော နံနက်စာကို စတင်ပြင်ဆင်၏။ သို့တည်းမဟုတ် နေ့လယ်စာဟု ခေါ်လိုက ခေါ်နိုင်ပေသည်။ အာကျို့၏ "မနက်ခင်း" များသည် ပုံမှန်အားဖြင့် နေ့လည်မှသာ စတင်တတ်သည် မဟုတ်ပါလား။
တီဗွီတွင် မနေ့ညက ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်သည့် သတင်းများကို ထုတ်လွှင့်နေ၏။
"အိမ်တစ်လုံးအတွင်း၌ ယောကျာ်းတစ်ဦးနှင့် မိန်းမတစ်ဦးသည် ထူးထူးဆန်းဆန်း သေဆုံးနေကြသည်။ ရဲများက သေဆုံးမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဤသတင်းဌာနသည် လူသတ်မှုနှင့်ပတ်သက်သော နောက်ဆုံးရသတင်းများကို ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်သည် ..........."
အားကျောက်သည် တီဗွီရှေ့တွင်ရပ်ကာ သတင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေ၏။ သတင်းတွင် မှုခင်းဖြစ်ပွားသည့်နေရာနှင့်ပတ်သက်၍ တည်နေရာတိတိကျကျ ဖော်ပြထားခြင်းမရှိ။ သို့သော် ရင်းနှီးသူများအနေဖြင့် နောက်ခံမြင်ကွင်းကိုမြင်ရုံနှင့် အာကျောက် အလုပ်လုပ်သော လမ်းကြားဖြစ်ကြောင်း သိသွားနိုင်ပေသည်။
"အင်း ဒီတစ်ညတော့ နားလိုက်အုံးမယ်ကွာ"
အထက်ပါအတိုင်းရေရွတ်ပြီး အားကျောက်တယောက် ပြုတ်ထားသော ကြက်ဥက်ို ဆယ်ယူကာ မီးဖိုကိုပိတ်လိုက်၏။
ညနေကျရင် အင်တာနက်ကဖေးတစ်ခုခုမှာ အင်တာနက်သွားသုံးအုံးမှပါ....
အင်တာနက်ကဖေးတွင် လေထုမှာ သိပ်မလတ်ဆတ်လှ။ သူမကား ဆေးလိပ်နံ့ကို မုန်းတီးလှသူ ဖြစ်သည်။ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသည့်အခါတိုင်း အသက်ရှူကျပ်သည်ဟု သူမ ခံစားရလေ့ရှိ၏။ထိုအခါ သူမ ဘေးနားမှ လူတစ်ဦး ဆေးလိပ်သုံးလိပ် ဆက်တိုက်သောက်သောအခါ အားကျောက်၏ ဒေါသသည် ပွင့်ထွက်ကုန်တော့သည်။
"ဒီမယ်ရှင့် ဒီမယ် ရှင် စာမဖတ်တတ်ဘူးလား"
အာကျို့က သူမ၏လက်ကိုင်အိတ်ဖြင့် ထိုလူကို ရိုက်ပုတ်ရင်း ဒေါသတကြီးနှင့် ပြောလိုက်၏။
"ဒီမှာရေးထားတာ မဖတ်တတ်ဘူးလား ဆေးလိပ်မသောက်ရလို့ရေးထားတယ်ရှင့် ဒါမှမဟုတ် ရှင်က ဂျပန်လူမျိုးလား မိုးပေါ်ကကျလာတဲ့ ဂြိုလ်သားလား"
ဤသို့ လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက သူ့အား ဒေါသထွက်နေသည်ကို တွေ့မြင်ရသည့်အခါ ထိုလူသည် အတော်လေးအံ့သြသွား၏။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးသည် လူအုပ်ထဲတွင် သူစိမ်းတစ်ဦးနှင့် ရန်ဖြစ်ရန် ရှက်ရွံ့တတ်ကြငည် မဟုတ်ပါလား။ သို့သော် အားကျောက်သည် ပုံမှန်အမျိုးသမီးမဟုတ်၊ သူမသည် ပြည့်တန်ဆာတစ်ဦး ဖြစ်သည်။ သူစိမ်းများထံ မိမိကိုယ်ခန္ဓာကို ငွေကြေးနှင့် ရောင်းစားရဲသူတဦးအဖို့ တခြားရှက်စရာကြောက်စရာဟူ၍ ဘယ်မှာရှိတော့မည်နည်း။
"ဘာတွေဖြစ်နေတာလဲ" အင်တာနက်ကဖေးပိုင်ရှင် အာတောင်းက ချက်ချင်းပင် လာရောက်မေးမြန်းလိုက်သည်။
"ဒီခွေးသားလေ ဒီမှဆေးလိပ်လာသောက်နေတယ်"
"အားကျောက်က လူစိမ်းအား ညွှန်ပြရင်း ပြောလိုက်သည်။
"အားတောင်း ရှင် ဒီကောင့်ကို မြန်မြန်မောင်းထုတ်လိုက်ပါတော့လား"
"အင်း ကျုပ် တွေ့တယ်"
အားတောင်းအမည်ရှိ အင်တာနက်ကဖေးဆိုင်ပိုင်ရှင်က သူ့ခေါင်းပြောင်ကြီးအား ပွတ်သပ်ရင်း ပြောလိုက်လေသည်။
"ဒီမှာမိတ်ဆွေ ဥပဒေအရ အများပြည်သူနေရာမှာ ဆေးလိပ်သောက်ခွင့်မရှိဘူး ဒါပေမဲ့ တခြားအချိန်ဆိုရင် ကျုပ်က ခွင့်ပြုတယ် ဒါပေမဲ့ ဒီမိန်းကလေး အားကျောက်ရှိတဲ့အချိန်မှာတော့ ဘယ်သူမှ ဆေးလိပ်မသောက်ရဘူး ဒီတော့ မိတ်ဆွေအနေနဲ့ ဒီဆိုင်ကနေ မြန်မြန်လစ်တာကောင်းလိမ့်မယ်"
အားကျောက်၏ နာမည်က််ိုကြားသည်နှင့် ဆိုင်အတွင်းရှိ လူငယ်၇ယောက်ခန့် ထိုင်ရာမှ ဝုန်းခနဲ ထလိုက်ကြသည်။ ထိုအထဲမှ တချို့သည် ပိုနီတေးလ်ဆံပင်ပုံစံနှင့်ဖြစ်ပြီး တချို့မှာ တက်တူးများထိုးထားကြလေသည်။ ၎င်းတို့အားလုံး ပြိုင်တူပင် ကြုံးဝါးလိုက်ကြ၏။
"ဘယ်ကောင်လဲကွ ဆေးလိပ်သောက်တာ အဲကောင်ကို ဝုန်းပစ်လိုက်စမ်း"