← Chapters

အကြမ်းဖက်မှု

Vol. 1 Ch. 7

အကြမ်းဖက်မှု

Vol. 1 Ch. 7

ကျန်းကျင်းခိုင်တယောက် ရုံးခန်းထဲတွင် တစ်နေကုန် ငုတ်တုတ်ကြီးရှိနေ၏။ ဤမှုခင်းသည် သူ့စိတ်ပိုင်းဆိုင်ရာကို အတော်လေး ထိခိုက်ပျက်စီးသွားစေသည်။ ယခုအချိန်ထိ အသုံးချ၍ရမည့် သဲလွန်စ တခုတလေမျှပင် မရသေးလေရာ ရှာမှရှားအမှုဟုပင် ဆိုရတော့မည်။ သူ့လက်ထဲတွင် ရှိရှိသမျှ သဲလွန်စဟူ၍ အသွေးအသားများခန်းခြောက်နေသည့် ရုပ်အလောင်း၆လောင်းသာတည်း။

ဝေစင်းသည် ကျန်းကျင်းခိုင်၏ ရုံးခန်းတံခါးကို ညင်သာစွာခေါက်ကာ အတွင်းသို့ဝင်လာပြီး တတိယ​လူသတ်မှု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို စားပွဲပေါ်တင်လိုက်၏။ စုံစမ်းရေးအဖွဲ့အနေနှင့် အသတ်ခံရသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ သေဆုံးသူအမျိုးသမီးမှာ အားကျောက်တို့အုပ်စုမှ အားလီဖြစ်ပြီး အမျိုးသားမှာ ရွှေ့ပြောင်းလုပ်သား လျူနန်းချွန်ပင်ဖြစ်သည်။ ထို့နောက် ဝေစင်းက ပြောလိုက်၏။

"အင်စပက်တာကျန်း ရှင် တညလုံးအလုပ်လုပ်ဖို့များ တွေးနေသလား"

ကျန်းကျန်းခိုင် ခေါင်းခါယမ်းရင်း ပြောလိုက်၏။ "မဟုတ်ဘူး ကျုပ် အိမ်ပြန်လိုက်အုံးမယ် တကယ်တော့... ကျုပ်မှမဟုတ်ဘူး လူတိုင်းကို အားလပ်ရက်နှစ်ရက်ယူကြဖို့ ပြောလိုက်ကွာ သူတို့တွေ အနားမရတာကြာပြီ ဒါကြောင့် ကျုပ်က အားလုံးကို ခွင့်နှစ်ရက်စီပေးလိုက်မယ်"

"ဒါပေမယ့်... အင်စပက်တာကျန်း...ဟိုဟာလေ... ရဲမှုးကြီးက..."

ပြောရင်းနှင့် ဝေစင်းအသံ တိုးသွား၏။ သူမအနေနှင့် ကျန်းကျန်းခိုင်ကို စိတ်မကွက်စေချင်ပါ။ သူမ၏စိတ်ထဲတွင်တော့ အပူတပြင်းမလုပ်ပဲ အနားယူနေလျင် အမှုဖြေရှင်းနိုင်ရန် အခွင့်အလမ်းမှ ပိုဝေးသွားတော့မည်ဟု တွေးမိနေလေသည်။

"ဟားဟား... သတင်းထဲမှာ ဒီလောက် အုပ်အော်သောင်းနင်းဖြစ်နေတာကွာ ဒီလိုညမှာ အဲဒီအမျိုးသမီးတွေ အပြင်ထွက်ရဲကြမယ်လို့ မင်းထင်နေသလား"

ကျန်းကျင်းခိုင်က ဝေစင်းကိုကြည့်ရင်း ပြုံးနေလေသည်။

"ဘာပဲဖြစ်ဖြစ်ကွာ...အိမ်ပြန်ပြီး စနေတနင်္ဂနွေနှစ်ရက်နားလိုက် တို့ တနင်္လာနေ့မှ ပြန်ဆုံကြမယ်"

ညလေညှင်းသည် သွင်သွင်တိုက်ခတ်နေ၏။ ကျန်းကျင်းခိုင် လမ်းပေါ်တွင် တယောက်တည်း အေးအေးလူလူပင် လျှောက်လာလေသည်။ ဤအမှုသည် သူ့ကို အကြီးအကျယ်ပင် ခေါင်းကိုက်စေ၏။ ထိုအခါ သူသည် မရည်ရွယ်ပဲ အားကျောက်တို့အလုပ်လုပ်သော လမ်းကြားဆီသို့ ခြေဦးလှည့်မိတော့သည်။

အင်း...ဒီထိတောင်ရောက်လာပြီ အထဲဝင်ကြည့်လိုက်ပါအုံးမယ်...

ထိုအတွေးနှင့် သူသည် လမ်းကြားထဲသို့ ဆက်ဝင်လာမိတော့၏။

"အားတောင်းရေ ကျွန်မသွားတော့မယ် တာ့တာ"

အားကျောက်သည် အင်တာနက်ကဖေးပိုင်ရှင်ကို နှုတ်ဆက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့၏။ အချိန်မှာ ညနေစာစားချိန်ပင် လွန်ခဲ့ပေပြီ။ သို့သော အားကျောက်တယောက် ထိုအချိန်ထိ ဘာမှမစားရသေး။

ညနက်နက်အမှောင်ထုအောက်ဝယ် အားကျောက်သည် သူမ၏ အိတ်ကလေးကို ဆော့ကစားရင်း အိမ်ဆီသို့ လမ်းလျှောက်ပြန်လာခဲ့၏။ လမ်းတနေရာတွင် ခေါက်ဆွဲဆိုင်တစ်ဆိုင် ရှိနေ၏။ အားကျောက် ဆိုင်ထဲသို့ ဝင်လာလိုက်သည်။ ယခင်အားကျောက်သာဆိုလျင် ဤဆိုင်မျိုးတွင် ဘယ်တော့မှ ထိုင်လိမ့်မည်မဟုတ်။ သို့သော် ရှောက်မီသေဆုံးပြီးနောက် အားကျောက်၏ တစုံတရာက ပြောင်းလဲသွားပုံပေါ်သည်။

"ဒီနေ့ ဘာစားမလဲ အားကျောက် ခေါက်ဆွဲပဲလား"

ဆိုင်ရှင်က ကြင်နာသောလေသံဖြင့် မေးလိုက်သည်။

"ဟုတ်တယ် ဦးလေးကိုင်"

အားကျောက် ပြုံးပြရင်း ပြန်ဖြေလိုက်သည်။ ညအချိန် အမှောင်ရိပ်အောက်ဝယ် မတ်တပ်ရပ်ရင်ူ ဖောက်သည်ကို စောင့်မျှော်နေခြင်းမျိုးသာမရှိခဲ့လျင် အားကျောက်၏ ရုပ်ရည်သည် ထိုအလုပ်မျိုးလုပ်နေသည်ဟု ထင်ရက်စရာမရှိချေ။

"ကောင်းပြီ ဒီမှာထိုင် ကျုပ် ခေါက်ဆွဲယူလာခဲ့မယ်"

ဦးလေးကိုင်က အားကျောက်၏စားပွဲကို သန့်ရှင်းရေးလုပ်ရင်း ပြောလိုက်၏။ ထို့နောက် သူက စိတ်ပူသောအသံဖြင့် သတိပေးလိုက်ပြန်သည်။

"အားကျောက်ရေ ညဖက်တယောက်ထဲလမ်းထွက်ရင် သတိထားနော် ခုနောက်ပိုင်း ဒီလမ်းတွေက သိပ်စိတ်မချရဘူး"

"ကျေးဇူးပဲ ဦးလေးကိုင် ကျွန်မအဆင်ပြေပါတယ်"

အားကျောက်က ပြုံးပြရင်း ပြန်ပြောလိုက်သည်။ သူမ၏ အပြုံး၊ ထို့နောက် ရိုးရှင်းသောဝတ်စုံ ပေါင်းစပ်လိုက်သောအခါ အားကျောက်မှာ အပျိုဖြန်းလေးနှင့် တူနေပြန်သည်။

"ဘာပဲဖြစ်ဖြစ် သတိထားတော့ ကောင်းတာပေါ့ကွယ်"

ဦးလေးကိုင်က မှတ်ချက်ချရင်း မီးဖိုထဲသို့ ဝင်သွား၏။

မြို့တော်၏ ညသဘာဝသည် ထူးခြားသောဆွဲဆောင်မှုတမျိုးနှင့် ဖြစ်တည်နေဟန်ရှိ၏။ အားကျောက်သည် ညဖက်တွင်မှ အလုပ်လုပ်ရသူ ဖြစ်သည်။ သို့သော် သူမခမျာ ည၏ အလှတရားကို တခါမှ မခံစားဖူး။ မှန်ပေသည်။ ယန်းဟွာလမ်းကြားတွင် အလှတရားဟူသည် မရှိ။ သို့သော် အားကျောက်၏ အချိန်အများစုမှာ ထိုနေရာ၌ပင် ကုန်ဆုံးရလေသည်။

"အားကျောက်ရေ.. ဒီမှာ သမီးခေါက်ဆွဲရောက်ပြီ"

ဦးလေးကိုင်က မီးဖိုခန်းမှ ခေါက်ဆွဲတစ်ပွဲကို ယူလာရင်း ပြောလိုက်၏။

"ဟုတ် ဟုတ် ကျေးဇူးပဲ ဦးလေးကိုင်ရေ ဒီမှာ ခေါက်ဆွဲဖိုးနော်"

အားကျောက်က ငါးယွမ်တန်ငွေစက္ကူကို ဦးလေးကိုင်လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဦးလေးကိုင်ခေါက်ဆွဲတွေ အရမ်းစားကောင်းတယ်"

"ကျေးဇူးတင်တယ် သမီးရေ အားရပါးရစားနော် ခေါက်ဆွဲတွေ အေးမသွားခင်စားကွဲ့ အေးသွားရင် အရသာမရှိတော့ဘူး နောက်ထပ်ဟင်းရည်လိုချင်ရင်လဲ ဦးလေးကိုပြောနော်"

ခေါက်ဆွဲစားပြီးနောက် အားကျောက်က ဦးလေးကိုင်ကို နှုတ်ဆက်လိုက်သည်။

"ဦးလေးကိုင်...သမီးစားပြီးပြီ သွားတော့မယ်နော်"

"ကောင်းပြီသမီးရေ"

ဦးလေးကိုင်၏အသံက မီးဖိုခန်းအတွင်းမှ ထွက်ပေါ်လာ၏။

"သတိထားပြီးပြန်အုံးနော်သမီး"

"ဟုတ်ကဲ့"

အားကျောက်က ပြန်ဖြေလိုက်၏။

ခေါက်ဆွဲဆိုင်မှထွက်လာပြီး လမ်းဆုံအရောက်ဝယ် သူမသည် အလုပ်လမ်း​ကြားဘက်သို့ မျက်နှာမူကြည့်မိ၏။ မမြင်ရသောအားတစ်ခုက သူမကို ထိုလမ်းဆီသို့ ဆွဲခေါ်နေသယောင်ယောင်ပင်တကား။

အားကျောက်မသိလိုက်သည်မှာကား လူတစ်ဦး တစ်နေကုန် သူမနောက်ကို လိုက်နေခဲ့ခြင်းပင်။ ထိုသူမှာ မနက်ပိုင်း အင်တာနက်ကဖေးမှ မောင်းထုတ်ခံလိုက်ရသူပင် ဖြစ်သည်။ မိန်းမတစ်ဦး၏ စော်ကားခံလိုက်ရခြင်း၊ထို့နောက် ဒေသခံလူဆိုးအုပ်စုတစ်စု၏ လှောင်ပြောင်ခြင်းခံရခြင်းသည် အမျိုးသားအများစုအတွက် သည်းခံနိုင်စရာမဟုတ်ပေ။ ထို့အပြင် သူသည် လူယဉ်ကျေးတစ်ဦးလည်းမဟုတ်။

အားကျောက် လမ်း​ကြားသို့ဝင်လာခဲ့၏။ ယနေ့အဖို့ လူသူကင်းမဲ့လှသည်ဟု သူမ ခံစားလိုက်ရသည်။ တလမ်းလုံး လူသူကင်းမဲ့နေ၏။ သတင်းမီဒီယာများကြောင့် လူတိုင်း ကြောက်လန့်သွားသည်မှာ ထင်ရှားလှသည်။ လက်ရှိအချိန်ဝယ် လူတိုင်းသည် အမှောင်ရိပ်များအတွင်း ပုန်းခိုနေသော မကောင်းဆိုးဝါးများ၏ ဆွဲဆောင်မှုကို ကြောက်ရွံ့ကုန်ကြလေပြီတည်း။

တလမ်းလုံး အားကျောက်၏ ဖိနပ်သံသာ တဒေါက်ဒေါက်နှင့် ထွက်ပေါ်နေ၏။ တိတ်ဆိတ်သောညဥ့်အချိန်တွင် အဆိုပါ ဒေါက်ဒေါက်သံသည် အဝေးဆီသို့ ရောက်သွားသည်ဟုပင် ထင်မှတ်ရသည်။ သို့သော် သူမ၏နောက်မှ အရိပ်တစ်ရိပ်သည် တိတ်တဆိတ်နှင့် သူမ၏လှုပ်ရှားမှုတိုင်းကို ခြေရာခံနေ၏။

အားကျောက်တယောက် သူမအလုပ်လုပ်သော အဆောက်အဦးသို့ရောက်သောအခါ အထဲကို လှမ်းကြည့်လိုက်၏။ အဆောက်အဦးတခုလုံး ပိန်းပိတ်အောင် မှောင်မဲနေလေသည်။ ၎င်းမှာ အထဲသို့ဝင်လာသည့် မည်သူ့က်ိုမဆို ဝါးမြိုရန် အသင့်ဖြစ်နေသည့် သတ္တဝါဆိုးကြီးတကောင်နှင့်တူနေလေသည်။

"အားကျောက် သက်ပြင်းချရင်း အိမ်ပြန်ရန် လှည့်ထွက်လိုက်သည်။ ထိုအချိန်မှာပင် လက်ကြီးတဖက်က သူမ၏ ပါးစပ်ကို လှမ်းပိတ်ပြီး ကျန်လက်တစ်ဖက်က အုတ်ခဲကျိုးနှင့်တူသောအရာတခုနှင့် သူမ၏ ခေါင်းကို ရိုက်ချလိုက်တော့သည်။

အုတ်ခဲသည် အားကျောက်၏ နောက်စေ့ကို ရိုက်မိဟန်ရှိသည်။ သူမ၏ဒူးခေါင်း ပျော့ခွေသွားပြီး မျက်လုံးများ ပြာဝေသွားကာ အားကျောက် ကြမ်းပြင်ပေါ် လဲကျသွားလေသည်။ ထို့နောက် လက်ပိုင်ရှင်အမျိုးသားသည် သူမအား မဲမှောင်နေသော အဆောက်အဦးအတွင်းသို့ သယ်ဆောင်သွားတော့သည်။

"ကဲ မာနကြီးပြစမ်းပါအုံး ငတိမ"

အဆိုပါအမျိုးသားသည် အားကျောက်၏ အိတ်ကို ဆွဲချွတ်ပြီး ဖွင့်ကြည့်လိုက်၏။ အိတ်ထဲတွင် ငွေ​​ေယွမ်တစ်ရာကျော်၊ဖုန်းတစ်လုံးနှင့် ခရက်ဒစ်ကတ်တစ်ခုကို တွေ့ရ၏။ အားလုံးကို ၎င်းက သူ့အိတ်ထဲသို့ ထည့်လိုက်လေသည်။ကျန်ပစ္စည်းများမှာကား နှုတ်ခမ်းနီနှင့် ကျန်အလှကုန်ပစ္စည်းများသာ။ အနက်ရောင်ပိုးသားခြေအိတ်တစုံနှင့် ကွန်ဒုံးများလည်း အိတ်ထဲတွင် ရှိနေ၏။ အားကျောက်၏ လုပ်ငန်းသုံးပစ္စည်းများ ဖြစ်ပုံရသည်။

ထ်ိုလူ၏ လက်များသည် အားကျောက်ကိုယ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေ၏။ အားကျောက်၏ ရင်အစုံသို့ ထိုလူ၏ လက်များအရောက်ဝယ် ခြေသံတချို့ ထွက်ပေါ်လာလေသည်။ ထိုလူသည် လှုပ်ရှားမှုကို ချက်ချင်းရပ်လိုက်၏။ ထို့နောက် အသက်အောင့်ကာ နားစွင့်နေ၏။ ခြေသံသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။

"လူဖြတ်သွားတာနေမှာ"

ထိုလူ တီးတိုးရေရွတ်လိုက်၏။ သို့သော် ဤဖြစ်ရပ်သည် သူ့အား တစ်စုံတရာကို သတိပေးလိုက်သလို ရှိလေသည်။ အကယ်၍ အားကျောက်သာ တိုးလိုးတန်းလန်းနှင့် သတိရလာပါက သူ ပြသနာ ကြီးကြီးမားမား တက်သွားနိုင်သည် မဟုတ်ပါလား။

စက္ကန့်အနည်းငယ်စဉ်းစားပြီးနောက် ၎င်းသည် အားကျောက်၏ အဝတ်အစားများကို သုံးကာ လက်နှစ်ဖက် ခြေနှစ်ဖက်အား ပက်လက်အနေအထားဖြင့် စုချည်ထားလိုက်၏။ ပုံစံမှာ ဖားတကောင်နှင့် တူလှပေသည်။ တလောကလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းနေ၏။ လူယုတ်မာအဖို့ လုပ်စရာရှိသည်များကို ဒင်ပြည့်ကျပ်ပြည့် လုပ်ခွင့်ရသွားလေပြီ။

ထို့နောက် ဒဏ်ရာရနေသော သို့မဟုတ် သေလုဆဲဆဲ တိရိစ္ဆာန်တကောင်၏ ငိုညည်းသံများနှင့် အောင်သေအောင်သားစားနေဟန်တူသော တောဘုရင်၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်(ဒီစာပိုဒ်ရဲ့အောက်နှစ်ပိုဒ်ခန့်က နည်းနည်းလွန်နေသလိုရှိလို့ ဖြတ်ထုတ်ပြီး တကြောင်းတည်းနဲ့ အစားထိုးလိုက်ပါတယ် ပုံ စာရေးသူ)။

တကယ်တော့ ဤဖြစ်ရပ်မျိုးက ဤလမ်းထဲတွင် ပုံမှန်ဖြစ်နေကျပင်။ ဤလမ်းထဲသို့ လာကြသူတိုင်းသည် ဤရည်ရွယ်ချက်မျိုးနှင့် လာကြသည်မဟုတ်ပါလား။ တစ်ခုတည်းသော ကွာခြားချက်မှာ ယခင်ဖြစ်ရပ်များသည် အဆောက်အဦး၏ အိပ်ခန်းများထဲတွင် ဖြစ်ပွားလေ့ရှိပြီ ယနေ့ဖြစ်ရပ်ကတော့ လျှောက်လမ်းတွင် ဖြစ်ပွားနေခြင်းပင်ဖြစ်သည်။

ယနေ့အဖို့ ညအမှောင်ရမက်ကပွဲ၏ သရုပ်ဆောင်များမှာ အားကျောက်နှင့် သူမအား နိုင်ထက်စီးနင်းပြုလုပ်နေသူမှအပ တခြားမရှိချေ။

All Chapters