ကျွမ်းကျင်မှုနှင့် ဂုဏ်သိက္ခာ
Vol. 1 Ch. 8
ကျန်းကျင်းခိုင်သည် နောက်ဆုံးလူသတ်မှုဖြစ်ပွားခဲ့ရာအခန်းထဲ၌ တယောက်တည်း ထိုင်နေ၏။ မီးမျှပင်မထွန်းပဲ အမှောင်ထဲတွင် ထိုင်နေခြင်းဖြစ်သည်။ သူရောက်ရှိလာချိန်တွင် ရဲစခန်းမှ ရဲနှစ်ဦး မှုခင်းနေရာကို စောင့်ကြည့်နေကြ၏။ ကျန်းကျင်းခိုင်က ၎င်းတို့ကို ချက်ချင်းပြန်လွှတ်လိုက်လေသည်။ သဲလွန်စအသစ်များ ထပ်မံတွေ့ရလိမ့်မည်မဟုတ်။ ထို့ကြောင့် ထိုရဲများ စောင့်နေ၍ ဘာမှမထူးချေ။ သို့သော် ဤနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း သတ်ခံရသူများ၏ ဝိညာဉ်များထံမှ စကားသံတချို့ကို ကြားနိုင်လေမလား၍ မရဲတရဲတော့ သူ မျှော်လင့်နေမိလေသည်။
တခန်းလုံး တိတ်ဆိတ်နေ၏။ နောက်ဆုံးတော့ ကျန်းကျင်းခိုင် ထိုင်ရာမှထလာရင်း အလောင်းနှစ်လောင်း တည်ရှိခဲ့ဖူးသည့် ခုတင်ကို နောက်ဆုံးအနေနှင့် လှမ်းကြည့်ရင်း တံခါးကို သော့ခတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ညနေခင်းအချိန်ဖြစ်၍ အေးမြသောလေညှင်းလေးများသည် သူ၏မျက်နှာကို ဖြတ်သန်းသွား၏။ ထိုအခါ ကျန်းကျင်းခိုင် တကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
သူသည် လမ်းကြားထဲသို့ လျှောက်လာခဲ့၏။ သူ ရောက်နေသောနေရာနှင့် မဝေးလှသော အဆောက်အဦးသည် အားကျောင်နှင့် သူ့ညီမများ အလုပ်လုပ်သည့်နေရာဖြစ်သည်။ လမ်းလယ်တွင် ရပ်ပြီး ထိုအဆောက်အဦးကို သူ စိုက်ကြည့်နေသည်။ ထိုအချိန်မှာပင် အဆောက်အဦးအတွင်းမှ ထူးဆန်းသောအသံတချို့က သူ၏အာရုံကို ဆွဲဆောင်လိုက်၏။
ကျန်းကျင်းခိုင် အသံမထွက်ပဲ နံရံဆီသို့ လျင်မြန်စွာ ပြေးကပ်လိုက်၏။ အတွင်းမှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း သူ စိတ်ရှုပ်ထွေးသွားလေသည်။ မိန်းကလေးများအားလုံး ဤနေရာမှ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။ သို့သော် အသံမှာ လိင်ဆက်ဆံသူနှစ်ဦး၏အသံနှင့် တူနေ၏။ အတွင်းမှ အသံများကား ဆက်လက်ထွက်ပေါ်နေဆဲပင်။
သူသည် သေနတ်ကို ဆွဲထုတ်ပြီး လုံခြုံရေးခလုတ်ကို ဖြုတ်ကာ အဆောက်အဦးတွင်းသို့ လျင်မြန်စွာ ပြေးဝင်လိုက်၏။ ပြေးနေရင်းနှင့်ပင် သူက ဘယ်ဘက်လက်ဖြင့် ခါးပတ်တွင်ချိတ်ထားသည့် အာူကောင်းသော ဓာတ်မီးကို ဖွင့်လိုက်လေသည်။
"ဟေ့ ဘယ်သူလဲ"
ကျန်းကျင်းခိုင် အော်ဟစ်မေးမြန်းလိုက်၏။ အတွအထဲရှိလူများကို ခြောက်လှန့်ရန်လား သို့မဟုတ် သူ့ကိုယ်သူ သတ္တိမွေးရန်လားဟူသည်ကို ကျန်းကျင်းခိုင်ကိုယ်တိုင်ပင် ကွဲကွဲပြားပြား မသိချေ။
ကြမ်းပြင်ပေါ်တွင် ခြေထောက်နှင့်လက်များကို ဖားကဲ့သို့ စုစည်းအချည်ခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် သူမ၏အပေါ်တွင် ကြံ့ခိုင်သောအမျိုးသားတစ်ဦး ရှိနေ၏။ ကျန်းကျင်းခိုင်၏ အသံကိုကြားသည်နှင့် အမျိုးသမီးထံမှ အော်ဟစ်အကူအညီတောင်းသံ ထွက်ပေါ်လာလေသည်။
"ဘယ်ကောင်လဲကွ"
အမျိုးသမီး၏အပေါ်တွင် ရှိနေသော အမျိုးသားက ဒေါသဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
"ကိုယ့်လူ ကိုယ့်လမ်းကိုယ်သွား ဝင်မရှုပ်နဲ့ ဝင်ရှုပ်ရင်နာသွားမယ်"
ထိုအချိန်ထိ ၎င်းသည် အမျိုးသမီးကို ဆက်လက်ဖိထားဆဲဖြစ်သည်။ အမျိုးသမီး၏ အကူအညီတောင်းသံ ဆက်လက်ထွက်ပေါ်နေ၏။
"မလှုပ်နဲ့ ရဲကွ"
သာမန်အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသာ ရှိနေသည်ကို မြင်လိုက်ရ၍ ကျန်းကျင်းခိုင် ပို၍ရဲတင်းသွား၏။ ရဲလုပ်သက် ၁၆ နှစ်ရှိသူတဦးအဖို့ သာမန်လူဆိုးတစ်ဦးသည် မှုလောက်စရာမဟုတ်။ သူသည် အမျိုးသားထံသို့ ပြေးသွားပြီး၊ သေနတ်ဖြင့် နားထင်ကို ထောက်လိုက်၏။
"ထစမ်းဟေ့ကောင်"
"မိန်းမတစ်ယောက်နဲ့ ငါဟာငါ အပျော်ရှာနေတာ ဘာအပြစ်ရှိလို့လဲဟ"
လက်နက်ကိုင် ရဲအရာရှိတဦးနှင့် ရင်ဆိုင်နေရမှန်းသိလိုက်ရ၍ ထိုလူ လေ့သံပျော့သွား၏။ သို့သော် ၎င်းက အမျိုးသမီးကို ဆက်လက်ဖိထားဆဲဖြစ်၍ မတ်တပ်ရပ်ရန် မလွယ်ကူချေ။ ထို့နောက် ထိုလူက အမျိုးသမီးကို ခပ်ကြမ်းကြမ်းတွန်းချလိုက်ပြီး လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင် ထားကာ ကျန်းကျင်းခိုင်ကို အပြစ်မဲ့ဟန်ဖြင့် မော့ကြည့်နေ၏။
ထိုအချိန်တွင် ကြမ်းပြင်ပေါ်ရှိ အမျိုးသမီးကား အမျိုးသား၏ တွန်းထိုးမှုကြောင့် နာကျင်မှုကို မခံနိုင်တော့ပဲ သတိလစ်သွားခဲ့ရှာသည်။
"ဟေ့ ဘာဖြစ်နေတာလဲ"
ကျန်းကျင်းခိုင် ကြမ်းပြင်ပေါ်ရှိ အမျိုးသမီးကို ကြည့်ရင်း မေးလိုက်၏။ ထိုအမျိုးသမီး အားကျောက်ဖြစ်နေမှန်း ထိုအချိန်ထိ သူ လုံးဝမသိသေးချေ။
"အရာရှိကြီး ဘာဖြစ်လို့ ဒီလောက်ထိ လောနေတာတုန်း" အမျိုးသားက ခပ်တည်တည်နှင့် ပြောလိုက်၏
"ဘာတွေများ အရေးတကြီး ဖြစ်နေကြတာလဲကွာ"
တမြို့လုံး ဤနေရာကို ပြည့်တန်ဆာများ၏စားကျက်မှန်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ကြမ်းပြင်ပေါ်ရှိ အမျိုးသမီးသည် အကြမ်းဖက်နေသူသည် နှစ်ဦးသဘောတူညီမှုရထားပြီးသည်ဟု လူတိုင်း ယူဆကြမည်သာ။
ကျန်းကျင်းခိုင်သည် အမျိုးသားကို သံသယဖြင့် ကြည့်နေ၏။ ထို့နောက် ဓာတ်မီးကို အမျိုးသမီး၏ မျက်နှာပေါ်သို့ ထိုးလိုက်လေသည်။ သူမ၏ပုံစံမှာ အနည်းငယ် ရင်းနှီးနေသလို သူ ခံစားရ၏။ ရုတ်တရက် "အားကျောက်" ဟူသော အမည်တစ်ခု သူ့ဦးနှောက်ထဲသို့ တိုးဝင်လာလေသည်။
အမျိုးသမီးသည် သတိလစ်နေ၏။ သူ့ခေါ်သံကို သူမ မတုန့်ပြန်နိုင်ရှာ။ ကျန်းကျန်းကိုင်သည် ဓာတ်မီးကို အမျိုးသား၏ မျက်နှာပေါ်သို့ ပြန်ထိုးလိုက်၏။ ရဲများအား အကြမ်းဖက်မှုကို တားမြစ်ထားသော ဥပဒေသာမရှိပါက ထိုလူ၏မျက်နှာ စုတ်ပြတ်သွားဖွယ်ရာ ရှိပေသည်။
"ခွေးမသား ပြည့်တန်ဆာဆိုတိုင်း ဒီလိုဆက်ဆံ သလားကွ"
သူက အမျိုးသားကို ဆဲဆိုရင်း၊ ရဲစခန်းသို့ ဖုန်းဆက်လိုက်လေသည်။
နောက်ဆုံးတော့ အားကျောက်တယောက် ဆေးရုံသို့ရောက်သွားရှာသည်။ အကြမ်းဖက်သူသည် အားကျောက်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့၏၊ သို့သော် ပြည့်တန်ဆာတယောက်ကို ပိုက်ဆံပေး၍ လိင်ဆက်ဆံနေခြင်းဟု အခိုင်အမာ ပြောဆိုနေလေရာ ရဲများအနေနှင့် မည်သို့မှ အရေးမယူနိုင်ပဲ ဖြစ်နေလေသည်။ သူမ၏အလုပ်အကိုင်ကြောင့် ရဲများအနေနှင့် သူမကို အထင်သေးနေကြ၏။ တဖက်တွင်လည်း သတိလစ်နေသောသူမအဖို့ ဖြစ်ကြောင်းကုန်စင်က်ို ပြောပြနိုင်စွမ်းမရှိခဲ့ပေ။နောက်ဆုံးတွင် အကြမ်းဖက်သူအမျိုးသားကို ယွမ်ငါးထောင် ဒဏ်တပ်ပြီး အမှုကို ပိတ်လိုက်ရလေသည်။
သုံးရက်အကြာတွင် အားကျောက် ပြန်သတိရလာ၏။
"ကျွန်မဘယ်မှာလဲ"
အားကျောက် ဒရစ်ပုလင်းကြီး လှဲနေသော သူနာပြုကို အားအင်ဖျော့တော့စွာ မေးလိုက်သည်။
"ဆေးရုံ"
သူနာပြု၏ လေသံမှာ အေးစက်နေ၏။ ပြည်ြတန်ဆာအလုပ်လုပ်ကိုင်နေသော အမျိုးသမီးများအဖို့ လူမှုအသိုင်းအဝိုင်း၏ အပြင်ဘက်သို့ ရောက်နေသည့်နှယ်ပင်။ မည်သူမှ ၎င်းတို့အား လူရာမသွင်းချင်ကြပေ။
"ငြိမ်ငြိမ်လေးလှဲနေပါမိန်းကလေး"
သူနာပြုက အမိန့်သံဖြင့် ခပ်မာမာပြောပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။
အတန်ကြာသော် အားကျောက် ရေငတ်လာ၏။ သို့သော် သူမတကိုယ်လုံး ပျော့ခွေနေလေရာ အနီးမှရေဘူးကိုပင် လှမ်းယူနိုင်စွမ်းမရှိပဲ ဖြစ်နေလေူည်။ တချို့၏ အမြင်တွင် သူမ၏ ပုံစံမှာ သေလုမျောပါးဖြစ်နေသည့်ပုံပင်။ သို့တည်းမဟုတ် သေပါစေဟု ဆုတောင်းနေကြသလားပင် မပြောတတ်။
နောက်ဆုံးတော့ သူမ ဘေးဘီဝဲယာရှိ တခြားလူနာများကို လှည့်ကြည့်နိုင်လာ၏။ အခြားလူနာများ၊ ထို့နောက် သူတို့၏ မိသားစုဝင်များ။ သူမကဲ့သို့သော အထီးကျန်လေလွင့်ပြည့်တန်ဆာတစ်ဦးနှင့် ဘာမှမဆိုင်ကြောင်း မြင်သာနေ၏။ သူမပါးစပ်ကို တင်းတင်းစေ့ပြီး နံရံဘက်သို့ ခေါင်းပြန်လှည့်လိုက်သည်။
သမီးရေ...ကိုယ့်ကိုယ်ကိုဂရုစိုက်အုံးနော်...
ဦးလေးကိုင်၏အသံကို သူမ ပြန်လည်ကြားယောင်လာ၏။ တချိန်တည်းမှာပင် မျက်ရည်ပူများ သူမမျက်နှာပေါ်သို့ စီးကျလာလေသည်။
မကြာမီ ကျန်းကျင်းခိုင် ဆေးရုံဟောခန်းထဲသို့ ဝင်လာ၏။
"အစ်ကိုကျန်း မင်္ဂလာပါ"
လူနာရှင်များအနက် တဦးက ကျန်းကျင်းခိုင်ကို လှမ်းနှုတ်ဆက်၏။
"ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
"ဝမ်းသာပါတယ်ဗျာ ဒါနဲ့ အဒေါ် ကျန်းရဲ့ အခြေအနေ ဘယ်လိုလဲဗျ"
ကျန်းကျန်းကိုင်သည် လူနာများ၊ လူနာရှင်များနှင့် ဆက်ဆံရာတွင် အမြဲယဥ်ကျေးတတ်သူ မဟုတ်ပါလား။
ထိုစဥ် တစ်ဦးက အားကျောက်ဘက်သို့ မေးငေါ့ပြီး ပြောလိုက်သည်။
"အစ်ကိုကျန်း ဟိုမိန်းမ နောက်ဆုံးတော့ သတိရလာပြီ"
"တကယ်လား ကျေးဇူးပဲ အဒေါ် လျူရေ"
ထို့နောက် သူက အားကျောက်ဆီသို့ လျှောက်လာပြီး ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထ်ိုင်လိုက်သည်။
"အားကျောက် နေကောင်းရဲ့လား နည်းနည်းတော့ သက်သာသွားပြီမလား"
အားကျောင်သည် နံရံဘက်သို့ မျက်နှာလှည့်ထားဆဲဖြစ်သည်။ သူမသည် နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ရည်များ တသွင်သွင်စီးကျနေရှာ၏။
"မင်းနာကျင်နေတာ ကျုပ် သိပါတယ်ကွာ ဒါပေမယ့် မင်း ကြံ့ခိုင်နေဖို့လိုတယ်"
ကျန်းကျန်းကိုင်သည် ပြည့်တန်ဆာတစ်ဦးအား မည်သို့နှစ်သိမ့်ရမည်မှန်း သိထားသူမဟုတ်ချေ။ သူသည် စုံထောက်တစ်ဦးမျှသာ မဟုတ်ပါလား။
"ဟေ့ မင်းဟာ မကောင်းတဲ့မိန်းမပဲ"
ထိုစဥ် အခြားလူနာတစ်ဦးက အားကျောက်တယောက် ကျန်းကျင်းခိုင်၏ မေးခွန်းကို မဖြေသည့်အတွင် ဒေါသနှင့် လှမ်းအော်လိုက်လေသည်။
"အစ်ကိုကျန်း မင်းကို စကားပြောနေတာ မမြင်ဘူးလား"
ထိုအခါ ကျန်လူနာရှင်များကလည်း ဝိုင်း၍ ဆွမ်းကြီးလောင်းကြတော့သည်။
"ဟုတ်သားပဲ တော်တော်ကို မကောင်းတဲ့မိန်းမ အပျက်မပါလား"
"ဟုတ်တယ် မင်းကို အစ်ကိုကျန်း တွေ့တာ ကံကောင်းတာဟဲ့ ငါဆိုရင် မင်းကို အဲဒီမှာပဲ သေအောင်ပစ်ထားလိုက်မှာ"
"ကျွန်မ ဘယ်တုန်းက ရှင်တို့ရဲ့ အမြင်တွေကို တောင်းခဲ့ဖူးလို့လဲ"
အားကျောက်သည် ဘယ်ကနေရုတ်တရက်ထွက်ပေါ်လာမှန်းမသိသောအင်အားဖြင့် ကုတင်ပေါ် ဝုန်းခနဲ ထထိုင်လိုက်ပြီး ဝေဖန်ပြစ်တင်နေသူများကို ဒေါသထွက်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"ကျွန်မကို သေအောင်ပစ်ထားလိုက်မှာ ဟုတ်လား? မှန်တယ်၊ ကျွန်မက ပြည့်တန်ဆာ မကောင်းတဲ့မိန်းမ အပျက်မ ပြီးတော့ ကျွန်မက ပြည့်တန်ဆာလုပ်ချင်လို့ကိုလုပ်တာ ဟုတ်ပြီလား ရှင်တို့ ဘယ်လိုထင်ထင် ကျွန်မဂရုမစိုက်ဘူး"
အားကျောက်သည် ထိုလူများအားလုံးကို စက္ကန့်အနည်းငယ်ကြာ ကြည့်နေပြီးနောက် ကျန်းကျင်းခိုင်ဘက်သို့ ဒေါသတကြီးနှင့် လှည့်လိုက်သည်။ တထို့နောက် သူမ၏ လက်ဖျံရှိ အကြောဆေးသွင်းထားသည့်အပ်ကို အားဖြင့် ဖိချလိုက်၏။ ကျန် လက်တဖက်ဖြင့် ဒရစ်ပုလင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ပုလင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ ပလတ်စတစ်ပိုက်အတွင်းရှိ အကြောဆေးများသည် အားကျောက်၏ သွေးများကြောင့် နီရဲကုန်လေသည်။
ထိုအခါမှသာ ကျန်းကျင်းခိုင်သည် သတိဝင်လာပြီးအားကျောက်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။သို့သော် အားကျောက်ကား အပြင်းအထန် ရုန်းကန်နေလေသည်။
"ကျွန်မကို သေခွင့်ပေးလိုက်ပါ ကျွန်မကမိန်းမပျက် လူတိုင်းကျွန်မကို တက်ခွပြီးအနိုင်ကျင့်ကြတယ်"
သို့သော် ဘာကြောင့်မှန်းမသိ အားကျောက်၏ အင်အားများ ရုတ်တရက်ပျောက်ကွယ်သွား၏။ သူမ၏ တကိုယ်လုံး ပျော့ခွေသွားလေသည်။ ထိုအခါကျမှ ကျန်းကျင်းခိုင်သည် ဆေးထိုးအပ်ကို သူမလက်ထဲမှ ဆွဲနှုတ်နိုင်ခဲ့၏။
ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် အိပ်ယာခင်းများပေါ်တွင် သွေးများ စီးကျနေခဲ့၏။ ထိုသွေးများသည် အားကျောက်၏ မျက်ရည်များနှင့်အပြိုင် ကြမ်းပြင်ပေါ်သို့ တစက်ချင်း ကျဆင်းနေလေသည်။