သူမကို ဂရုစိုက်သောသူ
Vol. 1 Ch. 9
"လူနာဟာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ဘူးဖြစ်နေတယ်အင်စပက်တာ"
ဒေါက်တာဝမ်က အားကျောက်၏ အခြေအနေကို ကျန်းကျင်းခိုင်အား ရှင်းပြလိုက်၏။
"အခုအချိန်မှာ တခြားလူနာတွေက သူနဲ့အတူနေဖို့ကို ငြင်းဆန်နေကြတယ် ဒီတော့ ကျွန်မအနေနဲ့ သူ့ကို ထောင်ဆေးရုံပြောင်းပေးထားမလားလို့ ဒါကို အင်စပက်တာကျန်းဘယ်လိုများသဘောရသလဲ"
"ဒါပေမယ့် ဒေါက်တာဝမ် သူဟာ ရာဇဝတ်သားမဟုတ်ဘူးလေဗျာ"
ဒေါက်တာဝမ်၏ စကားကြောင့် ကျန်းကျင်းခိုင် အံ့သြသွား၏။ သူသည် ဒေါက်တာဝမ်ကို လေးစားသူဖြစ်သည်။ သို့သော် လက်ရှိအခြေအနေတွင် သနားစရာကောင်းလှသော အမျိုးသမီးအတွက် လူသားမဆန်သည့်အကြံမျိုး ခေါင်းထဲကထွက်လာသည့် ဒေါက်တာဝမ်ကို ဤတချီတွင် ကျန်းကျင်းခိုင် စိတ်ပျက်သွားမိ၏။
"ရှင်ပြောတာမှန်ပါတယ် ဒါပေမယ့် ကျွန်မအနေနဲ့ လူနာတိုင်းအတွက် တာဝန်ရှိနေတော့ အားလုံးအတွက် အဆင်ပြေလောက်မဲ့အခြေအနေမျိုးကို တွေးရတဲ့သဘောပါ"
ဒေါက်တာဝမ်က ရှင်းပြပြန်သည်။
"ပြီးတော့ လောလောဆယ်မှာ တခြားလူနာတွေကလဲ သူနဲ့အတူ မနေချင်ကြဘူးဆိုတော့ရှင်.."
ပြောနေရင်း စိတ်မသန့်ဟန်ဖြင့် ဒေါက်တာဝမ်၏အသံသည် တဖြည်းဖြည်းတိမ်ဝင်သွား၏။ ထို့နောက် သူမက အားတင်းလိုက်ဟန်ဖြင့် ဆက်ရှင်းပြန်သည်။
"တကယ်တော့ သူ့ကို ထောင်ဆေးရုံပြောင်းပေးလိုက်ရင် သူ ပိုပြီးမြန်မြန်တောင် သက်သာကောင်းသက်သာလာနိုင်သေးတယ်"
ဒေါက်တာဝမ်၏ စကားကိုခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရင်း ကျန်းကျင်းခိုင် အောက်ပါအတိုင်း တွေးမိနေ၏။
ဒေါက်တာဝမ်ပြောတာလဲ မှန်ကောင်း မှန်နိုင်တယ်... အာကျောက်ကို ဒီမှာဆက်ထားရင် တခြားလူနာတွေနဲ့သူ့မိသားစုဝင်တွေက သူ့ကို ဆက်ပြီးကျဥ်ထားကြအုံးမှာပဲ ထောင်ဆေးရုံကို ပြောင်းပေးလိုက်တာကမှ ဟုတ်တုတ်တုတ်...ဒါပေမဲ့ ထောင်ဆေးရုံဆိုတာ ရာဇာဝတ်သားတွေကို ထားတဲ့နေရာ ဒါက သူ့စိတ်ပိုင်းဆိုင်ရာကို အများကြီး ထိခိုက်သွားနိုင်တယ်...
ထို့နောက် ကျန်းကျင်းခိုင်က ပြောလိုက်၏။
"ဒေါက်တာဝမ်... ကျွန်တော် တွေးနေမိတာတခုရှိတယ်... သူ့ကို... သီးသန့်ခန်းတခန်းထဲ ပြောင်းထားပေးရင် ပိုကောင်းမလားလို့လေ"
"သီးသန့်ခန်းလား အင်စပက်တာ"
ကျန်းကျင်းခိုင်၏စကားကြောင့် ဒေါက်တာဝမ် အံ့သြသင့်သွားလေသည်။
"အင်စပက်တာကျန်း ရှင်က လူကောင်းပါ ဒါပေမဲ့ သီးသန့်အခန်းအတွက် ပိုက်ဆံကို ဘယ်သူကပေးမှာလဲ ရှင်တို့စခန်းကပဲ ပေးမှာလား"
ကျန်းကျင်းခိုင် ခေါင်းတခါခါ လည်တခါခါနှင့် တွေခနဲ ဖြစ်သွား၏။ ထို့နောက် စိတ်ဓာတ်ကျဟန်ဖြင့် သူက ပြောလိုက်သည်။
"ဒီလူနာက ကျွန်တော့်အမှုအတွက် အရေးကြီးတယ်ဒေါက်တာ သူဟာ အမှုမှာ အရေးပါတဲ့ သက်သေတစ်ဦးဖြစ်နေတယ် ဘာပဲဖြစ်ဖြစ်ပါဗျာ သူဟာ မကောင်းတဲ့မိန်းမတယောက်ဆိုပေမဲ့ တရားခံတယောက်တော့ မဟုတ်ဘူးလေ"
မကောင်းသောမိန်းမဟူသော အသုံးအနှုံးကို သုံးမိ၍ ကျန်းကျင်းခိုင် စိတ်မကောင်းဖြစ်သွား၏။တကယ်တော့ အာကျောက် သူကိုယ်တိုင် မသေချာသေး။ သို့သော် ဤသနားစရာအမျိုးသမီးငယ်အား လက်လွတ်စပယ်ပစ်ထားရန်ကိုတော့ သူ့နှလုံးသားက မည်သို့မှ လက်မခံနိုင်ပဲ ဖြစ်နေ၏။
နေ့ခင်းတွင် ကျန်းကျင်းခိုင်၏ တောင်းဆိုမှုကို ဆေးရုံက လက်ခံလိုက်၏။ နောက်ဆုံးတော့ အားကျောက်တယောက် သီးသန့်ခန်းသို့ ရောက်သွာူလေပြီ။ ထို့ကြောင့် သူမအနေနှင့် တခြားသူများ နှောင့်ယှက်မည်ကို စိတ်ပူစရာမလိုတော့။
အာကျောက် ဆေးရုံတက်နေစဉ်ကာလအတွင်း သူမတို့လမ်းကြားရှိ လုပ်ငန်းများသည် လုံးဝနီးပါး ရပ်တန့်သွားခဲ့၏။ ၎င်းမှာ ထိုနေရာတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်လူသတ်မှုများကို မီဒီယာများက ဖော်ပြခဲ့ခြင်းနှင့် များစွာ သက်ဆိုင်နေပေသည်။ ထိုအခါ လူသတ်မှုများမှာလည်း ဆက်လက်ဖြစ်ပွားခြင်းမရှိတော့။
လူသတ်မှုများကို လက်ရှိအချိန်တွင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည်မှာ မှန်၏။ သို့သော် နောက်ထပ်မှုခင်းသစ်ဖြစ်ပွားလာမှုမရှိခြင်းသည် ကျန်းကျင်းခိုင်ကို အတော်အသင့်သက်သာရာ ရစေလေသည်။ မုန်တိုင်းကား ယာယီအားဖြင့် ငြိမ်သက်သွားပြီဟု ဆိုနိုင်၏။ ထို့ကြောင့် အထက်ဌာနမှလည်း ဖိအားများလည်း လျော့ပါးသွားပြီ ဖြစ်သည်။။
ထို့အပြင် အမှုဖြေရှင်းရန်အတွက် ကျန်းကျင်းခိုင်ကို ရက်သတ်မှတ်ခြင်းသည် ရဲမှူးကြီး ယောက်ထန်းယု၏ ဒေါသနှင့်စိတ်ပျက်မှု၏ သင်္ကေတမျှသာ။ ရဲမှုးကြီးကိုယ်တိုင် အမှုဖိုင်များကို ဖတ်ဖူး၏။ အမှုသွားအမှုလာများကို သဘောပေါက်ထား၏။ထို့ကြောင့် ကျန်းကျင်းခိုင်အပေါ် အလွန်အမင်းဖိအားပေးထားခြင်းက ဘာအကျိုးမှမရှိမှန်း ရဲမှုးကြီး သိထားပြီးဖြစ်သည်။
မည်သို့ဆိုစေ ကျန်းကျင်းခိုင်အနေနှင့် အချက်တချက်ကိုတော့ သေသေချာချာ သိရှိထားလိုက်၏။ လမ်းကြားတွင် လူသတ်မှုများထပ်မံမဖြစ်ပွားတော့ခြင်းကြောင့် လူသတ်မှုများနှင့် လိင်လုပ်ငန်းသည် တစ်နည်းနည်းဖြင့် ဆက်စပ်နေကြောင်း အတည်ပြုပြီးသား ဖြစ်သွားလေပြီ။ သို့သော် ထိုနှစ်ခုကြား အတိအကျဆက်နွယ်မှုကား အဘယ်နည်း။ ထိုမေးခွန်းအတွက် အဖြေကို ကျန်းကျင်းခိုင်ကိုယ်တိုင် မသိရှိသေး။
သီးသန့်အခန်းသို့ ပြောင်းပြီးနောက် အားကျောက်၏ ကျန်းမာရေးမှာ ပို၍ပို၍ တိုးတက်လာ၏။ ဆရာဝန်များနှင့် သူနာပြုများသည် အားကျောက်၏အလုပ်အကိုင်ကို အထင်သေးနေဆဲပင် ဖြစ်သည်။ သို့သော် အားကျောက်နှင့်ပတ်သက်၍ မကောင်းသောအမြင်တော့ မရှိကြတော့။ အမှန်တော့၊ အားကျောက်ကိုယ်တိုင်မှာလည်း အငြင်းပွားတတ်သူမဟုတ်သလို တဖက်သားအား ဒုက္ခပေးတတ်သူလည်း မဟုတ်။ ဤသို့နှင့် သူတို့အကြားဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာလေသည်။
ဤသို့နှင့် အားကျောက် ပြန်လည်လမ်းလျှောက်နိုင်တော့သည်။ ထိုအခါ သူမသည် အခန်းကို ကိုယ်တိုင်ပင် သန့်ရှင်းရေးလုပ်၏။ အကျိုးဆက်မှာ သူနာပြုများ အလုပ်ပါးသွားခြင်းပင်။ အချိန်ကုန်လာသည်နှင့်အမျှ လူတိုင်းသည် သူမကို နွေးနွေးထွေးထွေးပင် ဆက်ဆံစပြုလာ၏။ တချို့ဆိုလျင် ပြုံးပြလာပြီး အလာပသလာပများပင် ပြောဆိုလာကြလေသည်။
အားကျောက်သည် မူလကတည်းကိုက ချစ်စရာအမျိုးသမီးငယ်တဦးဖြစ်သည်။ အထူးသဖြင့် ပြုံးလိုက်တိုင်း ပါးပြင်ပေါ်တွင် ပေါ်လာတတ်သည့် ပါးချိုင့်လေးများက သူမကို ထူးထူးခြားခြားနှစ်လိုဖွယ်ရာ ကောင်းနေစေ၏။ ထို့ကြောင့် ဆေးရုံရှိ လူတိုင်းလိုလိုသည် တဖြည်းဖြည်းနှင့် သူမ၏တည်ရှိမှုကို လက်ခံလာကြ၏။ မည်သူမှ သူမ၏ အလုပ်အကိုင်နှင့်ပတ်သက်၍ တခုတ်တရ မပြောကြတော့။ ထိုသို့ပြောခြင်းကို ရိုင်းစိုင်းရာရောက်သည်ဟု လူတိုင်း သဘောပေါက်ကုန်ကြသည် မဟုတ်ပါလား။
သို့သော် ဤနှစ်လိုဖွယ်ရာအခြေအနေမျိုး၌ပင် ခြွင်းချက်တစ်ခုတော့ ကျန်နေသေး၏။ ၎င်းမှာ အားကျောက်နှင့် ကျန်းကျင်းခိုင်တို့၏ ဆက်ဆံရေးပင်။ ကျန်းကျင်းခိုင်ဘက်ကတော့ အတတ်နိုင်ဆုံး လိုက်လျောညီထွေဆက်ဆံရန် ကြိုးစား၏။ သို့သော် အားကျောက်ကတော့ သူ့ကို တူးတူးခါးခါးပင် ဖြစ်နေလေသည်။ အကြောင်းမှာ ကျန်းကျင်းခိုင်၏သက်သေခံချက်ကြောင့် အားကျောက်အား အကြမ်းဖက်ခဲ့သူ အမှုမှ လွတ်မြောက်သွားခြင်းဖြစ်သည် မဟုတ်ပါလား။ မည်သို့ဆိုစေ ကျန်းကျင်းခိုင်သည် အားကျောက်အား အလွန်ပင် ကြင်ကြင်နာနာ ဆက်ဆံ၏။ သူသည် အလုပ်ပြီးတိုင်း သူမ၏ အခန်းသို့ လာရောက်လည်ပတ်လေ့ရှိပြီး သစ်သီးများ၊မဂ္ဂဇင်းများ အစရှိသည်တို့ကိုယူဆောင်လာလေ့ရှိလေသည်။
"ဟော အားကျောက် မင်းနိုးနေပြီလား"
ကျန်းကျင်းခိုင်က ငှက်ပျောသီးတစ်ဖီးကို ကိုင်ထားရင်း သူမ၏ အခန်းထဲသို့ ဝင်လာကာ မေးလိုက်၏။
"ဒီနေ့ နေလို့ထိုင်လို့ ပိုကောင်းတယ်မလား"
"ဂရုစိုက်တဲ့အတွက် ကျေးဇူးပါအင်စပက်တာ"
အားကျောက်၏ အကြည့်မှာ ကျန်းကျင်းခိုင်အား ထေ့ငေါ့နေဟန်ရှိသည်။
"ကျွန်မအတွက် စိတ်ပူနေစရာ မလိုပါဘူးအင်စပက်တာကြီး ကျွန်မကြာခင် အလုပ်ပြန်လုပ်တော့မယ် ရှင်ဖမ်းဆီးရေးဌာနကို ပြောင်းသွားရင် ကျွန်မကို ဖမ်းဖို့ မမေ့နဲ့အုံးနော်"
"ကျုပ်ကတော့ တသက်လုံး လူသေတွေနဲ့ပဲ အလုပ်လုပ်နေရမဲ့ကောင်ပါကွာ မင်းပြောတာ မဖြစ်နိုင်ပါဘူး"
ကျန်းကျင်းခိုင်က ရယ်မောရင်း ပြောလိုက်၏။
"ဟေ့ အားကျောက် ဒီရေနွေးအိုး မင်းတည်ထားတာလားကွ"
ကျန်းကျိုက်က ရေနွေးအိုးအတွင်းရှိ ရေနွေးကိုပြည့်မပြည့်ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်တယ် ဒါပေမယ့် ရှင် ဒီရေနွေးကို မသောက်သင့်ဘူး ဘာလို့လဲဆိုတော့ ကျွန်မအဆိပ်ခတ်ထားလို့ပေါ့"
အားကျောက် ကုတင်ပေါ် ပြန်လှဲရင်း ပြောလိုက်၏။ ကျန်းကျင်းခိုင်သည် သူ့ထံသို့ လာလည်တ်ိုင်း ရေနွေးသောက်လေ့ရှိသည်မဟုတ်ပါလား။
"တကယ်လား"
ကျန်းကျင်းခိုင်က အားကျောက်၏ စကားက်ို စိတ်ထဲမထည့်ဟန်ဖြင့် ရေနွေးတခွက် ငှဲ့လိုက်သည်။
"ဒီထဲမှာ ဆေးလုံးပြာလေးတွေတော့ မင်း မထည့်ထားဘူးလား"
"ထည့်ထားရင်ကော"
အားကျောက် ခေါင်းမော့ရင်း မေးလိုက်၏။
"ဘယ်သူမှရှင့်ကိုမကူညီနိုင်တော့ဘူး ရှင် ရေနွေးကိုသောက်လိုက်ပြီလေ"
"ဒါလဲတမျိုးကောင်းတာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ကျုပ် ဖမ်းလို့ရရသွားပြီး မဟုတ်ဘူးလား ကျုပ် ပြောတာ"
"ကျွန်မကိုဖမ်းမလို့ဟုတ်လား"
အားကျောက်၏မျက်နှာတွင် ပြုံးယောင်သမ်းသွား၏။
"ကျွန်မတို့နှစ်ယောက်လုံးအဖမ်းခံရမှာရှင့် သိပြီလား ဒါပေမဲ့ တကယ်တမ်းစွဲချက်တင်ခံရရင်တော့ ကျွန်မပဲနေမှာပါ ရဲအရာရှိတယောက်ကို ဖျားယောင်းသွေးဆောင်မှုတို့ ဘာတို့ပေါ့လေ"
"ကဲ ကဲ ငှက်ပျောသီးတစ်လုံးလောက် စားပါအုံးကွ"
ကျန်းကျင်းခိုင် စကားလမ်းကြောင်းပြောင်းလိုက်၏။ အားကျောက် ဘာကိုဆိုလိုမှန်း သူ နားလည်ပြီးသား မဟုတ်ပါလား။ ထိုနေ့ညက ဖြစ်ရပ်သည် အားကျောက်ကိုစိတ်ကို ကြီးစွာနာကျင်စေခဲ့သည်မှာ မုချပင်။ ကျန်းကျင်းခိုင်အတွက်လည်း ထိုနေ့ညမြင်ကွင်းသည် သူ့အာရုံတွင် တသက်လုံး ထင်ဟပ်နေတော့မည်သာ။
"မလိုပါဘူး"
အာကျောက်က ငြင်းပယ်လိုက်ပြီး ကျန်းကျင်းခိုင်ကို ကျောခိုင်းလိုက်သည်။
"ကျွန်မက မျောက်မဟုတ်ဘူး"
သူ့အပေါ် ဂရုစိုက်လှသည့် ကျန်းကျင်းခိုင်ကို သူ ဘာကြောင့်ခါးခါးသီးသီးဖြစ်နေမှန်း အားကျောက်မသိ။ မိန်းကလေးများ၏ သဘာဝပင် ဖြစ်နေသလား မပြောတတ်တော့။
အားကျောက်က သူ့ကို ကျောခိုင်းထား၍ ကျန်းကျန်းခိုင် ပါးစပ်ပိတ်ထားလိုက်လေသည်။ သူသိပါသည်။ သူသည် အာကျောက်၏ ချစ်သူ မဟုတ်၊ ထို့ကြောင့် သူမ၏ ခံစားချက်များကို အလွန်အမင်း ဂရုစိုက်ရန် မလို။ သူ အားကျောက်အား ဂရုစိုက်နေသည်မှာ ထိုညက ဖြစ်ရပ်များအတွက် အပြစ်ရှိသည်ဟု ခံစားရသော စိတ်နှင့် သဘာဝအားဖြင့် ပင်ကိုယ်ကြင်နာတတ်သော စိတ်ထားကြောင့်သာတည်း။
"ဒီနေ့... ဘယ်နှစ်ရက်လဲ"
ကျောခိုင်းထားရာမှ အားကျောက် ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။ ဤသည်မှာ သူမ ဤအခန်းသို့ ပြောင်းပြီးနောက် ကျန်းကျင်းခိုင်အား ပုံမှန်အသံဖြင့် ပြောဆိုသည့် ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"ရှစ်ရက်"
မိုဘိုင်းဖုန်းပေါ်ရှိရက်စွဲကို စစ်ဆေးပြီးနောက် ကျန်းကျင်းခိုင် တိုတိုတုတ်တုတ် ဖြေလိုက်သည်။
"ဒါဆို... ရှင့်ကိုကျွန်မ တစ်ခုလောက် တောင်းဆိုလို့ရမလား"
အားကျောက်က ကျန်းကျင်းခိုင်ဘက်သို့ ပြန်လှည့်ရင်း တောင်းပန်သံဖြင့် မေးလိုက်၏။
"ကျွန်မ...ကျွန်မ အိမ်ပြန်ချင်တယ်"
"မင်း အခုအခြေအနေနဲ့တော့ အိမ်ပြန်လို့မရသေးဘူးကွယ်"
ကျန်းကျင်းခိုင်က ငြင်းလိုက်၏။
"ကျွန်မတောင်းပန်ပါတယ်ရှင် ခဏလောက်ပဲ ပြန်ခွင့်ပြုပါ ပြီးတာနဲ့ ချက်ချင်းပြန်လာမယ် ကျွန်မကတိပေးပါတယ်"
"မရဘူးကွ"
ကျန်းကျင်းခိုင်၏ ငြင်းပယ်မှုကြောင့် အားကျောက် မျက်ရည်များ စီးကျလာလေသည်။
"ဒါပေမယ့်... ကျုပ်ရဲ့ကြီးကြပ်မှုနဲ့ တစ်နာရီလောက်တော့ ဆေးရုံကနေ ခနတဖြုတ်သွားလို့ရနိုင်တယ်"
ကျန်းကျင်းခိုင် တချက်စဥ်းစားရင်း ပြောလိုက်သည်။ သူမ၏ လက်ရှိအခြေအနေကို ကြည့်ရင်း၊ သူ ဤသနားစရာမိန်းကလေးငယ်အတွက် စိတ်မကောင်းဖြစ်နေသည် မဟုတ်ပါလား။
"ရှင်တကယ်ပြောတာလား"
သူမ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်သစ်များ ရုတ်ချည်းတိုးပွားလာသည့်အလား အားကျောက်တယောက် ကျန်းကျင်းခိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။
"တကယ်ပေါ့ကွ"
သူက ပြန်ဖြေလိုက်သည်။ "
ပြီးတော့ ဟေ့ မင်းငိုနေတာရပ်လိုက်ရင် ပိုကောင်းလိမ့်မယ်"