← Chapters

အချက်အလက်သစ်များထပ်မံရရှိခြင်း

Vol. 2 Ch. 15

အချက်အလက်သစ်များထပ်မံရရှိခြင်း

Vol. 2 Ch. 15

နေရောင်ခြည်သည် ဆေးရုံခန်းအတွင်းသို့ စူးရှစွာ တိုးဝင်လာ၏။ အိပ်ယာပေါ်တွင် လှဲနေသော အားကျောက် အညောင်းတချက်ဆန့်လိုက်သည်။ နေ့ခင်းကြီးကျမှ အားကျောက် နိုးလာခြင်းဖြစ်သည်။ သို့မဟုတ် ဗိုက်ဆာ၍နိုးလာခြင်းပေလားမပြောတတ်။

"ဒီအရူးကြီးကတော့ကွာ"

သူမ အထက်ပါအတိုင်း ညည်းတွားရင်း အိပ်ရာမှခက်ခက်ခဲခဲထကာ ရေချိုးခန်းသို့သွားရ၏။ ယနေ့အဖို့ သူမ၏အခြေအနေမှာ သိပ်မသက်သာလှ။ လည်ပင်းတခုလုံး နာကျင်နေပြီး ကိုယ်လက်များလည်း ပြင်းပြင်းထန်ထန် ညောင်းညာကိုက်ခဲနေသည်မဟုတ်ပါလား။ ကျန်းကျန်းမာမာမဟုတ်သေးသော သူမအဖို့ ကျန်းကျင်းခိုင်၏ သန်မာသောလက်ချောင်းများဒဏ်ကိုခံရသည်မှာ သိပ်မချောင်လှချေ။

"ဒီအရူးကြီး သူ့အိတ် ကျန်ခဲ့ပြန်ပြီ"

ထမင်းစားနေရင်းနှင့်မှ ကျန်းကျင်းခိုင်၏ အိတ်ကို အားကျောက် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ အိတ်မှာ ယမန်နေ့ကအတိုင်း ပြတင်းပေါက်နားမှာပင် ရှိနေ၏။

"သူ တကယ်ပဲ အသက်ကြီးနေပြီလားမသိဘူး"

အိတ်မေ့ကျန်ခဲ့သည်ကိုကြည့်ရင်း အားကျောက် တွေးမိခြင်း ဖြစ်သည်။

"ဒါပေမဲ့ သူ့မျက်နှာကိုကြည့်ရတာ နှစ်ဆယ့်ခွန် နှစ်ဆယ့်ရှစ်လောက်ပဲရှိမယ်ထင်တယ်"

သို့သော် အချစ်ဟူသည်မှာ လူသားတို့ကို မျက်စေ့ကန်းစေတတ်သည် မဟုတ်ပါလား။ မည်သို့ဆိုစေသူမ၏အမြင်တွင် ကျန်းကျင်းခိုင်သည် အသက် ၃၅ နှစ်ရှိ လူလတ်ပိုင်းအရွယ်ယောက်ျားတစ်ဦးမဟုတ်ပေ။

ထမင်းစားပြီးသောအခါ အားကျောက်သည် ပန်းကန်များကို စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ်ထားပြီး ပြတင်းပေါက်ဘေးသို့သွားကာ ကျန်းကျင်းခိုင်၏အိတ်ကို ကောက်ယူလိုက်၏။ ပန်းကန်များကို သူမကိုယ်တိုင်ဆေးရန်မလိုသလို အစားအသောက်အတွက်လည်း ပူစရာမရှိချေ။ ဆေးရုံမှသူမအတွက် ပြင်ဆင်ပေးထားသည် မဟုတ်ပါလား။

ကျန်းကျင်းခိုင်၏ အိတ်ကိုကိုင်ပြီး အားကျောက် အိပ်ရာပေါ်သို့ပြန်တက်လာ၏။

"ဒီလူကြီး ငါ့ကိုတကယ်ဒုက္ခပေးသွားတာပဲ"

အိပ်ရာပေါ်ပြန်လှဲရင်း အထက်ပါအတိုင်း သူမ ညည်းတွားမိပြန်သည်။ သူမသည် အမှန်တကယ် မသက်မသာဖြစ်နေ၏။ သို့သော် လက်ထဲရှိအိတ်ကိုမြင်သောအခါ သူမ စိတ်ဓာတ်တက်ကြွလာပြန်သည်။

"သူ ဒီအိတ်ထဲမှာ ဘာတွေဝှက်ထားလဲ ငါကြည့်လိုက်အုံးမယ်"

ထို့နောက် သူမက အိတ်ကိုဂရုတစိုက်ဖွင့်လိုက်၏။

"ဟွန့်... အသုံးမကျတဲ့ဟာတွေ"

အိတ်ထဲတွင် ကျန်းကျင်းခိုင်၏ အလုပ်နှင့်ပတ်သက်သော ပစ္စည်းများကိုသာ တွေ့ရ၍ အားကျောက် စိတ်ပျက်သွား၏။ တကယ်တော့ ကျန်းကျင်းခိုင်၏ အသက်အရွယ်အား ညွှန်ပြနိုင်မည့်တစုံတရာကို အားကျောက် ရှာဖွေနေခြင်းပင်။။

"ဟားဟား ဒီမှာပဲ တယ်တော်တဲ့ငါ့ပါလား"

အိတ်၏ အတွင်းဘက် အိတ်ကပ်ထဲတွင် ကျန်းကျင်းခိုင်၏ ဓာတ်ပုံပါသောမှတ်ပုံတင်ကတ်ကို တွေ့လိုက်ရ၍ အားကျောက် ရယ်မောလိုက်ခြင်းပင်။

"သူတကယ်ပဲ ဦးလေးကြီးအရွယ်ရောက်နေပြီလား အသက်က ၃၅နှစ်တောင်ရှိနေပြီတဲ့"

သူမသည် အိတ်ကို တစ်ဖက်တွင်ကိုင်ရင်း မှတ်ပုံတင်ကတ်ကို ကျန်တစ်ဖက်တွင်ကိုင်ကာ အဝေးဆီသို့ ငေးကြည့်နေ၏။ ကျန်းကျင်းခိုင်မှာ သူမနှင့် အသက်အတော်ကွာနေ၍ အား​ကျောက် စိတ်ညစ်ညူးသွားခြင်းပင်။

"ဟွန့် သူ့မိန်းမက ဘယ်လိုပုံစံလဲမသိဘူး"

သူမက အထက်ပါအတိုင်း တွေးမိပြီး ညစ်ကျယ်ကျယ်ပြုံးမိ၏။

"သူ့မ်ိန်းမဟာ ဝဝကြီးနဲ့မျက်နှာပေါက်ဆိုးဆိုးနဲ့ ဖြစ်ရမယ်"

ထိုသို့တွေးပြီး အားကျောက်သည် မှတ်ပုံတင်ကို အိတ်ထဲ ပြန်ထည့်ပြီး အိပ်ယာပေါ် လှဲချလိုက်တော့သည်။

_______________________

"ဆာဂျင်ကျန်း နောက်ဆုံးအသတ်ခံရတဲ့အမျိုးသမီးအကြောင်း ခင်ဗျား ဘာတွေသိထားသေးတုန်း"

ကျန်းနန်၏ ရုံးခန်းသို့ရောက်သည်နှင့် ကျန်းကျင်းခိုင်က မေးခွန်းထုတ်လိုက်သည်။

"အားရှုလား"

ကျန်းနန်က ကျန်းကျင်းခိုင်၏ မေးခွန်းကို တလေးတစားပင် ဖြေလိုက်သည်။

"ဒီမိန်းကလေးဟာ အရင်တုန်းက လမ်းကြားထဲမှာ အလုပ်လုပ်ခဲ့တာပေါ့ အင်စပက်တာအနေနဲ့ ဒီမိန်းကလေးဟာ ဒီလောကမှ တောက်လျှောက်ကျင်လည်လာခဲ့တဲ့သူလို့ ထင်နေမယ်ဆိုတာ ကျုပ်သိတယ် ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်တို့အထူးတပ်ဖွဲ့ကမိတ်ဆွေတွေ သူ့ကို ခေါ်ယူစစ်ဆေးဖူးတယ် အဲဒီကတည်းက သူ လမ်းကြားထဲ ပြန်မတွေ့ရတာ တော်တော်ကြာပြီ... ဒီရက်ပိုင်းမှ သူ ပြန်ပေါ်လာတာအင်စပက်တာ"

ကျန်းနန်း၏ ​စကားနှင့် အားချွန်၏ စကားတို့ကိုက်ညီနေ၏။ နှစ်ဦးလုံး အမှန်ကိုပြောနေကြခြင်းပင်။

ကျန်းကျင်းခိုင်သည် ကျန်းနန်းး၏စကားကိုနားထောင်ရင်း မထိန်းနိုင်တော့ဟန်ဖြင့် ပြုံးလိုက်သည်။

"ဟုတ်ပြီ"

သူ မသိမသာ မေးခွန်းထုတ်လိုက်ပြန်၏။

"ဆာဂျင်ကျန်းအနေနဲ့ သူ ဒီနှစ်နှစ်အတွင်း လမ်းကြားထဲမှာ အလုပ်မလုပ်တော့ဘူးဆိုတာ ဘယ်လိုများသိနေသလဲ"

"ဒါကတော့..."

ထိုမေးခွန်းကိုကြားသောအခါ ကျန်းနန် ဘာပြောရမှန်းမသိဖြစ်သွား၏။ ထို့နောက် သူ ဖွင့်ထားသောတံခါးကိုကြည့်လိုက်သည်။ ဝေစင်းသည် ကျန်းကျင်းခိုင်နှင့်အတူပါလာသော်လည်း သူမကို ကျန်းကျင်းခိုင်က မော်ကွန်းတိုက်သို့ ထပ်မံစေလွှတ်လိုက်ပြန်သဖြင့် တိုနေရာတွင် မရှိချေ။

"စိတ်အေးအေးထားစမ်းပါ ဒီမှာဘယ်သူမှမရှိဘူး ပြသနာအကြီးကြီးမဟုတ်ရင် ကျုပ်ကိုပြောလို့ရပါတယ်ဗျ"

ကျန်းနန်း၏ မျက်နှာပေါ်ရှိ အခံရခက်နေသောအမူအရာကိုမြင်သောအခါ ကျန်းကျင်းခိုင်က လက်ကာရင်း နှစ်သိမ့်လိုက်ပြန်သည်။

"ဒါပေမယ့် ဒီလိုပြောရတာ အဆင်မပြေဘူးဆိုရင် ကျုပ်မေးတဲ့မေးခွန်းကို မေ့လိုက်ပါဗျာ ခင်ဗျား ဘာမှ စိတ်ပူနေစရာမရှိဘူး ဒီမိန်းကလေးကလဲ မကောင်းတဲ့မိန်းကလေးတယောက်ပဲဟာ"

"ဟဲ ဟဲ အင်စပက်တာ ခင်ဗျား ဒီလိုပြောလိုက်တော့ ကျုပ်အဖို့ ပြောဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးပေါ့ဗျာ"

ကျန်းနန် သက်ပြင်းချလိုက်၏။

"အင်စပင်တာ ခင်ဗျားလဲ အရင်က လှည့်ကင်းလှည့်ခဲ့ဖူးတော့ လှည့်ကင်းတပ်ဖွဲ့ဝင်တွေရဲ့ ဘဝဘယ်လောက်ကြမ်းတမ်းမှန်း ကောင်းကောင်းသိမှာပါပဲ ဒါကြောင့် ရဲစခန်းက လမ်းကြားထဲကလုပ်ငန်းတွေလို စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ 'အလှူငွေ'နည်းနည်းပါးပါး ကောက်တယ် အပြန်အလှန်အနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို မသိချင်ယောင်ဆောင်ပေးရတယ်... ဒါပေမယ့် ကျုပ်တို့မသိချင်ယောင်ဆောင်ပေးတာဟာ ပြည့်တန်ဆာလုပ်ငန်းသက်သက်က်ိုပဲ အင်စပက်တာ ကျုပ်တို့နယ်မြေအတွင်းမှာ တခြားမသမာတဲ့လုပ်ရပ်တွေကို ကျုပ်တို့ ခွင့်မပြုထားဘူး"

"အင်း ဒါကို ကျုပ် သိထားပါတယ်"

ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။ ကျန်းနန်းပြောသောကိစ္စမှာ အသစ်အဆန်းမဟုတ်။ မြို့တွင်းရှိ ရဲစခန်းတိုင်းသည် တစ်နည်းနည်းဖြင့် အလှူငွေကောက်ခံ​နေကြသည် မဟုတ်ပါလား။ သို့မဟုတ်လျှင် နှစ်ကုန်ချီးမြှင့်ငွေများကို ဘယ်ကရမည်နည်း။ ထိုသို့ ကိစ္စများမှာ တရားမဝင်သလို မမှန်ကန်ချေ။ သို့သော် ပြည်သူများထံမှ တိုင်ကြားမှုမရှိပါက အထက်လူကြီးများအနေနှင့် လျစ်လျူရှုထားလေ့ရှိကြသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာတော့...ပြည့်တန်ဆာလုပ်ငန်းအပြင် လမ်းကြားထဲက အမျိုးသမီးတွေဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတာကို စစ်ဆေးတွေ့ရှိခဲ့ကြတယ်"

နောက်ဆုံးစကားလုံးများကို ပြောချိန်ဝယ် ကျန်းနန်၏အသံသည် ပို၍တိမ်ဝင်သွား၏။ ထို့နောက် သူက ကျန်းကျင်းခိုင်၏ တုံ့ပြန်မှုကို ငေးကြည့်နေလေသည်။

"တကယ်ကြီးလား"

ကျန်းကျင်းခိုင်သည် ကျန်းနန်ကို အံ့အားသင့်စွာကြည့်လိုက်၏။ မူးယစ်ဆေးရောင်းဝယ်ခြင်းသည် ကြီးလေးသောပြစ်မှုမျိုး ဖြစ်နေသည် မဟုတ်ပါလား။ သူ့ နယ်မြေတွင် ဤအမှုမျိုး ဖြစ်ပွားနေသည်ကို သူ ဘာကြောင့်မသိရလေသနည်း။

"ဟုတ်တယ်အင်စပက်တာ နောက်ဆုံးမှာ ဖောက်သည်တယောက် မူးယစ်ဆေးသုံးစွဲပြီး သေသွားပါလေရော ကျုပ်တို့စခန်းက ဒီအမှုကို ခနတဖြုတ် ဝင်ကိုင်လိုက်ရသေးတယ်"

ကျန်းခမ်းတယောက် ဤကိစ္စများကို တကယ်မသိရှိကြောင်း သိလိုက်ရ၍ ကျန်းနန် အနည်းငယ်သက်သောင့်သက်သာဖြစ်သွား၏။

"နောက်ပိုင်းမှာ အထူးတပ်ဖွဲ့ကပဲ အမှုကို လက်လွှဲယူလိုက်တယ် ကျုပ်တို့က သူတို့ကို ပံ့ပိုးပေးရတာပေါ့ စစ်ဆေးခံရတဲ့လူတွေထဲမှာ အားရှုဆိုတဲ့အမျိုးသမီးလည်းပါတယ် သူကတော့ ဘူးခံငြင်းတယ် တခြားလုံလောက်တဲ့ သက်သေအထောက်အထားလဲမရှိတော့ သူ လွတ်သွားတယ်"

"ခဏနေပါအုံး မူးယစ်ဆေးဆိုင်ရာပြစ်မှုတွေက မူးယစ်တိုက်ဖျက်ရေးရဲ့တာဝန်မလား ဒါ အထူးတပ်ဖွဲ့နဲ့မဆိုင်တာပဲ ဒါဆို အထူးတပ်ဖွဲ့က ဒီကိစ္စကိုဘာလို့ပါဝင်နေတာလဲ"

ကျန်းကျင်းခိုင်က အံ့အားသင့်စွာ မေးလိုက်သည်။ ခရိုင်လက်ထောက်ရဲတပ်ဖွဲ့တွင်ရှိသော အမျိုးမျိုးသောတပ်ဖွဲ့များသည် မည်သည့်ကိစ္စများကို ကိုင်တွယ်မည်ဟူသည်ကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထား၏။ ပြည့်တန်ဆာမှုနှင့် လောင်းကစားခြင်းသည် အထူးတပ်ဖွဲ့၊ မူးယစ်ဆေးရောင်းဝယ်မှုသည် မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့၊ လူသတ်မှုများသည် ကျန်းကျင်းခိုင်တို့၏ တာဝန် ဖြစ်သည်။

"ဟဲဟဲ ဒါတော့ ကျုပ်လဲမပြောတတ်ဘူးအင်စပက်တာ"

ကျန်းနန် ပြုံးရင်း ဖြေလိုက်သည်။

"ဒါ ခရိုင်လက်ထောက်ရဲတပ်ဖွဲ့ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်လေ အင်စပင်တာ အဲဒီအချိန်မှာကျုပ်က အရာရှိငယ်အဆင့်တောင်မဟုတ်ဘူး ရဲဘော်အဆင့်ပဲရှိသေးတော့ ဘာမှမေးခွန်းထုတ်ပိုင်ခွင့်မရှိဘူးလေ"

"ဒါဆို အဲဒီတုန်းက စခန်းမှူးက ဘယ်သူလဲ"

ကျန်းကျင်းခိုင်က ဖြတ်ခနဲ မေးလိုက်ပြန်သည်။ ကျူအန်းလမ်းရဲစခန်းသည် ယန်းဟွာလမ်းကြားကို တာဝန်ယူထားသော်လည်း ဤပတ်ဝန်းကျင်တွင် အကြမ်းဖက်မှုများ ဖြစ်လေ့ဖြစ်ထသိပ်မရှိချေ။ ထို့ကြောင့် ကျန်းကျင်းခိုင်အဖို့ ဤနေရာနှင့် သိပ်နီးစပ်မှုမရှိလှ။ ထိုအခါ ယခင်စခန်းမှူး မည်သူမည်ဝါမှန်း သူ မမှတ်မိချေ။

"အိုး အဲဒီတုန်းကစခန်းမှုးက ဆရာကောက်ပါ အင်စပက်တာ ခုတော့ သူ တခြားနေရာကို ပြောင်းသွားပြီ"

ကျန်းနန်းက ဖြေလိုက်သည်။

"သူပြောင်းသွားတာ နှစ်နှစ်လောက်ရှိရောပေါ့"

"ဒါဆို အားရှုကို မေးပြီးတဲ့နောက် တစ်လအတွင်း သူပြောင်းသွားတဲ့သဘောပေါ့ ဟုတ်လား"

ကျန်းကျန်းခိုင် ထပ်မေးလိုက်လေသည်။

"ဟုတ်တယ်၊ အဲဒီသဘောပဲ အင်စပက်တာ"

"ကျုပ်တို့ခရိုင်ခွဲမှာ ဒီလူ့နာမည် ကျုပ် မကြားဖူးပါလား"

ကျန်းကျင်းခိုင် ခေါင်းမော့ရင် တွေးနေလေသည်။

"သူ တခြားခရိုင်ခွဲတစ်ခုကို ပြောင်းသွားတာအင်စပက်တာ"

ကျန်းနန်းက ပြုံးရင်း ဖြေလိုက်သည်။

"သူ မပြောင်းဘူးဆိုရင် အငြိမ်းစားယူဖို့အချိန်ရောက်နေပြီ"

"ဟုတ်ပြီ"

ကျန်းကျင်းခိုင် မျက်မှောင်ကုတ်သွားပြန်၏။

"ဒီ "ကောက်" ဆိုတဲ့စခန်းမှူးအကြောင်း ခင်ဗျား ဘာတွေ​ဘယ်လောက်သိထားလဲ"

"သူဟာ တစ်သက်လုံးရဲတပ်ဖွဲ့မှာပဲ အလုပ်လုပ်ခဲ့တဲ့ ဝါရင့်ရဲအိုကြီးတယောက်ပဲ အင်စပက်တာ..သူက..."

ကျန်းနန်းသည် ကောက်၏ အကြောင်းကို ကျန်းကျင်းခိုင်အား အသေးစိတ် ပြောပြလိုက်၏။ သူ့စကားအရ ကျန်းနန်တယောက် ဆရာကောက်ကို အလွန်လေးစားကြောင်း သိရှိနိုင်ပေသည်။ သို့သော် ဆရာကောက်၏ အားရှုကိစ္စကိုင်တွယ်ပုံနှင့်ပတ်သက်၍ ကျန်းနန်ကိုယ်တိုင်တွင်လည်း သံသယများရှိနေသည်။သို့သော် ကောက်၏ အလုပ်အကိုင်ဂုဏ်သတင်းနှင့် အထက်အောက်အဆင့်ကွာဟချက်တို့ကြောင့်သာ ကျန်းနန် ရေငုံနှုတ်ပိတ်နေခဲ့ရပုံပေါ်သည်။ ရဲများသည်လည်း လူသားများပင် ဖြစ်လေရာ ရာဇဝတ်ဇာတ်လမ်းများတွင်သရုပ်ဖော်ထားသော စူပါဟီးရိုးများ (သို့) နတ်ဘုရားများနှင့် လားလားမျှမတူချေ။ လူသားများဖြစ်သည့်အတွက် နေ့စဉ် လူတိုင်း ကြုံတွေ့ရသော ဖိအားများကို ခံစားရ၏။ ဆုံးဖြတ်ချက်ချရာတွင် လူတိုင်းအနေနှင့် မိမိတို့၏အမြင်တွင် အသင့်တော်ဆုံးဟူသော ဆုံးဖြတ်ချက်မျိုးကိုသာ ချမှတ်တတ်ကြသည် မဟုတ်ပါလား။

"ဟော နှစ်ယောက်သား ဒီမှာကိုး"

ဝေစင်း အထက်ပါအတိုင်း အော်ဟစ်ပြီး အခန်းထဲ ဝင်လာ၏။

"ဟော အရည်အချင်းရှိတတဲ့လူငယ်တွေရောက်လာပါပြီဗျာ"

ဝေစင်းကိုကြည့်ရင်း ကျန်းနန် မှတ်ချက်ပြုလိုက်၏။ ထို့နောက် သူက ကျန်းကျင်းခိုင်ကို အဓိပ္ပါယ်ပါပါကြည့်ရင်း ပြောလိုက်လေသည်။

"အင်စပက်တာ ခင်ဗျားလဲ အသက်မငယ်တော့ဘူးနော်"

"ဟဲဟဲ ဟုတ်တယ်ဗျ ဝေဝေက တကယ်ကို အရည်အချင်းပြည့်ဝတဲ့သူ အဲ.. ကျုပ်အတွက်ကတော့ စိတ်မပူပါနဲ့ဗျာ"

ကျန်းကျင်းခိုင်က ကျန်းနန်၏ စကားကို ရှောင်တိမ်းလိုက်လေသည်။

"ရှင်တို့နှစ်ယောက် ဘာတွေပြောနေတာလဲ ကျွန်မ နားမလည်ပါလား"

ဝေစင်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။

"ဟားဟား ဘာမှမဟုတ်ဘူးကွာ အချိန်ရရင် မင်းဆရာကိုခေါ်ပြီး အိမ်ကိုလာခဲ့ပါအုံး ကျုပ်ဇနီးကို ဟင်းတွေလုပ်ခိုင်းထားလိုက်မယ်"

ကျန်းနန်က စကားလွှဲလိုက်၏။

"ဟာ သိပ်ကောင်းတာပေါ့"

ဘာမှမသိရှာသော ဝေစင်း ဝမ်းသာသွား၏။

"အိမ်ထမင်း အိမ်ဟင်းဆို ကျွန်မက သိပ်ကြိုက်တာ"

All Chapters