ဆေးရုံဘေလ်ကို ဘယ်သူရှင်းတာလဲ
Vol. 2 Ch. 20
နေ့လည်စာမစားခင်မှာပင် ဆေးရုံအတွင်းလူနာဌာနမှ သူနာပြုတဦး အားကျောက်၏ အခန်းထဲသို့ဝင်လာပြီး ဆေးရုံတက်စဉ်က ကုန်ကျရိတ်စာရင်းကို ပေးလိုက်၏။
"အမယ်လေး... ဒီလောက်တောင်ကျသွားတာလား"
စာရင်းကြည့်ရင်း အားကျောက် အံ့သြသင့်သွား၏။
"၂၀%လောက် လျှော့ပေးလို့မရဘူးလား"
"ဟာသပြောနေတာလား ဒါဆေးရုံရှင့် ဈေးမဟုတ်ဘူး"
သူနာပြုက အထက်ပါအတိုင်းပြောလိုက်၏။
"ဒေါက်တာဝမ်ရဲ့တောင်းဆိုမှုကြောင့်သာ ရှင် ဆေးရုံဆင်းတဲ့ရက်မှ ငွေရှင်းရတာ ပြီးတော့ ငွေရှင်းရတာ ရှင်လဲမဟုတ်ဘူး ဒီတော့ ဘာမှစိတ်ပူမနေနဲ့"
ထိုသို့ပြောပြီး သူနာပြုက အခန်းထဲမှ ထွက်ခွာသွားလေသည်။
"သူ ဘာတွေပြောနေတာလဲ ကျွန်မ ပိုက်ဆံမရှင်းရဘူးဟုတ်လား... ဒါဆို ဘယ်သူပေးမှာလဲ ရှင်လား"
အားကျောက်က သူနာပြုနောက်ကျောကိုကြည့်ရင်း ရွဲ့စောင်းကာ ပြောလိုက်သည်။
"ငါ ပိုက်ဆံမရှင်းရဘူးဆိုတော့... ဟယ် ဦးရဲကြီးများ ပေးနေတာလားမသိဘူး"
အထက်ပါအတိုင်း ရေရွတ်ပြီး အားကျောက်၏မျက်နှာ နီမြန်းလာ၏။ ဒီလောက်များတဲ့ငွေကို...ငါ့အတွက် အကုန်ခံပေးနိုင်တဲ့ ယောက်ျားတစ်ယောက် တကယ်ပဲရှိသလား...
ထို့နောက် အားကျောက်က ဒေါက်တာဝမ်၏ ရုံးခန်းဆီသို့ တည့်တည့်ပင်လျှောက်သွားလိုက်လေသည်။
"ဝင်ခဲ့ပါ"
ဒေါက်တာဝမ်က တံခါးခေါက်သံ ကြားသည်နှင့် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။
အိုး... အားကျောက်ပါလား လာ ဝင်ခဲ့လေ"
အားကျောက်သည် ရိုးရှင်းစွာ ဝတ်ဆင်ထား၏။ ထို့ကြောင့် တင့်တယ်စွာ လှပနေလေသည်။ သူမ၏ အလုပ်အကိုင်အမှန်ကိုသာ မသိခဲ့လျင် သူမအား ရုံးဝန်ထမ်း သို့မဟုတ် ကျောင်းသူလေးတဦးဟု ထင်မှတ်မိပေလိမ့်မည်။
အားကျောက်ကား ရုံးခန်းတံခါးကို ဖွင့်ဝင်လာရင်း ရှက်တက်တက်ဖြစ်နေ၏။
"ဒေါက်တာ... ကျွန်မဒီနေ့ ဆေးရုံက ဆင်းတော့မယ်... ဒါကြောင့်..."
"ကျေးဇူးတင်စရာမလိုပါဘူး လူနာတိုင်းကို ကောင်းကောင်းကုသပေးဖို့က ကျွန်မရဲ့တာဝန်လေ"
ဒေါက်တာဝမ်က ပြုံးရင်း ပြောလိုက်သည်။
"ဆေးကုသစရိတ်တွေအတွက် စိတ်ပူစရာမလိုပါဘူးနော် နောက်တော့ အင်စပက်တာကျန်း လာပေးလိမ့်မယ်"
ထိုသို့ပြောလိုက်ချိန်တွင် ဒေါက်တာဝမ်၏ မျက်နှာမှာ လေးနက်သွား၏။ သို့သော် အသံထဲမှာ ယဉ်ကျေးမှုရှိနေဆဲပင်။
"အားကျောက်ရေ... ပုံမှန်အလုပ်တစ်ခုရှာပါလား နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် မလွယ်ဘူးနော်... အသက်ကြီးမှ နောင်တမရအောင် အခုကတည်းက ကြိုတင်တွေးထားတာကောင်းမယ်နော်"
"အို..."
အားကျောက်၏ မျက်နှာမှာ ပို၍ နီရဲလာ၏။ "ဒေါက်တာ... ကျေးဇူးပါရှင်... ဒါဆို ကျွန်မရဲ့ဆေးရုံစားရိတ်က အရာရှိကျန်းပေးနေတာပေါ့နော် ဟုတ်လား"
"ဟုတ်တယ်"
ဒေါက်တာဝမ်က ခေါင်းညိတ်လိုက်သည်။
"သူက စိတ်သဘောထားကောင်းတဲ့ရဲအရာရှိပါ ကြည့်ရတာ သူ မင်းအပေါ် အကြွေးတခုခုတင်နေသလိုပဲ ဒါမှမဟုတ်ရင် သူ့ဟာသူ ဒီလောက်များတဲ့ငွေတွေ ပေးမှမဟုတ်ဘူး"
ဒေါက်တာဝမ်က ပြုံးရင်း ပြောလိုက်သည်။ မိန်းမချင်းပီပီ သူမရှေ့တွင် ထိုင်နေသည့် အမျိုးသမီးလေးသည် ကျန်းကျင်းခိုင်အား ချစ်နေပြီမှန်း သူမ သိလိုက်၏။ အားကျောက်သည် အပျော်မယ်တယောက်ဆိုသော်ငြား လူသားတစ်ယောက်ပီပီ သူမတွင်လည်း ခံစားချက်များ ရှိပေလိမ့်မည်။
"ဒေါက်တာ... ကျေးဇူးပါ... ကျွန်မ ဒီနေ့ပြောတဲ့စကားတွေကို မမေ့ပါဘူး ဒါပေမယ့်... တစ်ခုတော့တောင်းဆိုပါရစေ"
အားကျောက်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ သူ့မျက်နှာတွင် ချစ်စဖွယ်အပြုံးလေး ဆင်မြန်းလျက်ရှိ၏။
"မင်းတောင်းဆိုတာက ကျင့်ဝတ်နဲ့ညီတယ်ဆိုရင် လက်ခံပေးရမှာပေါ့"
ဒေါက်တာဝမ်က ပြန်ဖြေလိုက်၏။ အားကျောက်သည် ထူးဆန်းပြီး ဉာဏ်ကောင်းသော ချစ်စရာ အမျိုးသမီးတဦး ဖြစ်သည်။ မည်သည့်အတွက်များ ဤအလုပ်မျိုးကို ရွေးချယ်လိုက်ရလေသနည်း။
"တခြားမဟုတ်ပါဘူးဒေါက်တာ... အရာရှိကျန်းကိုလေ... ကျွန်မ ဆေးရုံ ဘယ်နေ့ပြန်လာပြမယ်ဆိုတာ မပြောဖို့ပါပဲ"
အားကျောက်၏ လေသံမှာ တည်ငြိမ်နေလေသည်။
"ရပါတယ် ကျွန်မ လက်ခံပါတယ် လူနာတစ်ယောက်အနေနဲ့ ကိုယ်ရေးကိုယ်တာအရလုံခြုံမှုအရ ဒါ တောင်းဆိုခွင့်ရှိပါတယ်"
ဒေါက်တာဝမ်က ခေါင်းညိတ်လိုက်သည်။ သို့သော် အားကျောက် ဘာကြောင့် ဤကဲ့သို့ တောင်းဆိုရသည်ကိုတော့ သူမ နားမလည်နိုင်။ ဆေးရုံစရိတ်များ ပြန်လာတောင်းမည်ကို ကြောက်၍ပေလားတော့ မပြောတတ်။
"ကျေးဇူးတင်ပါတယ်ရှင်"
ထို့နောက် အားကျောက် ဝမ်းသာအားရနှင့် ဒေါက်တာဝမ်ရုံးခန်းမှ ထွက်သွားလေသည်။
မွန်းလွဲပိုင်းတွင် ကျန်းကျင်းခိုင် ဆေးရုံသို့ ရောက်လာ၏။ ဆေးရုံအတွင်းလူနာဌာန၏ ငွေရှင်းကောင်တာတွင် တစ်နေ့လုံးနီးပါးလောက် စောင့်ပြီး သူ့အလှည့်ရောက်လာလေသည်။ သူ့ ဘဏ်ကတ်နှင့် ငွေစာရင်းကို ကောင်တာအောက်မှ ထိုးထည့်ပေးလိုက်သည်။
"ကျေးဇူးပါ... ခဏစောင့်ပေးပါ"
ငွေကိုင်က စာရင်းကိုခပ်မြန်မြန်ကြည့်ပြီး ငွေသေတ္တာထဲမှ ယွမ် ၆၀၀ ထုတ်ယူကာ ကျန်းကျင်းခိုင်လက်ထဲသို့ ဘဏ်ကတ်နှင့်အတူ ပြန်ပေးလိုက်၏။
"ပြီးပါပြီ... နောက်တစ်ယောက်"
"အစ်မ... ဘာမှားသွားလို့လဲ"
ကျန်းကျင်းခိုင် သူ့လက်ထဲမှ ပိုက်ဆံကိုကြည့်ရင်း ခေါင်းရှုပ်သွား၏။ ဘဏ်ကတ်မှာ ပင် နံပါတ်လို၏။ ငွေကိုင်သာ သူ့စိတ်ထဲမှ အကြံကို ဖတ်နိုင်သူမဟုတ်လျင် သူ့ဘဏ်အကောင့်မှ ငွေထုတ်မယူသည်မှာ သေချာနေ၏။
"ဆေးရုံအကောင့်မှာ ငွေပိုကျန်နေတယ်ရှင့် အဲတာ ရှင် မသိဘူးလား"
ငွေကိုင်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
"ရှင်က ယွမ် ၄၄,၀၀၀ ကြိုတင်ပေးထားတယ်လေ ကုန်ကျစရိတ်က ၄၃,၄၀၀ပဲကျတာ ဒါကြောင့် ပိုငွေ၆၀၀ကို ပြန်အမ်းတာပါ ကျွန်မ မှားများမှားသွားသေးလားမသိဘူး"
"ဒါပေမယ့်..."
ကျန်းကျင်းခိုင် ငိုင်တွေသွား၏။ ထို့နောက် သူ ရဲအရာရှိကတ်ပြားကို ထုတ်ပြပြီး မေးလိုက်သည်။
"ဒီငွေတွေ ဘယ်အချိန်မှ အကောင့်ထဲဝင်သွားတာလဲ"
"တောင်းပန်ပါတယ် အင်စပက်တာ... ဒါပေမဲ့ ဒီလို အချက်အလက်မျိုးကို ကျွန်မ ထုတ်ပြောခွင့်မရှိဘူးရှင့် ပြီးတော့ ဆေးရုံကွန်ပျူတာစနစ်မှာလည်း ဒီလိုအချက်အလက်တွေ သီးခြား မှတ်တမ်းတင်ထားတာမျိုး မရှိဘူးရှင့်"
ငွေကိုင်က အေးဆေးသောအမူအရာနှင့် ရှင်းပြလိုက်၏။
"ကောင်းပါပြီ"
ကျန်းကျင်းခိုင် စိတ်ပျက်လက်ပျက်နှင့် ငွေရှင်းကောင်တာမှ ထွက်လာခဲ့လေသည်။
"ကောင်လေး... ကျုပ် အမှတ်မမှားဘူးဆိုရင် မိန်းကလေးတစ်ယောက်က မင်းအတွက်ပေးသွားတာပဲ"
ဆေးရုံလုံခြုံရေးဖြစ်ဟန်တူသူ အဖိုးကြီးတဦးက ကျန်းကျင်းခိုင်၏ မျက်နှာအမူအရာကိုကြည့်ပြီး ချည်းကပ်ကာ ပြောလိုက်လေသည်။
"နေ့လည်စာစားချိန်လောက်က မိန်းကလေးတစ်ယောက် လာပေးသွားတာ သူ ငွေကိုင်နဲ့တောင် စကားများကြသေးတယ် နောက်ဆုံးတော့ အခန်းထဲက တခုခုယူပြီး ထွက်သွားတာပဲ"
"ကျေးဇူးပါပဲဗျာ"
ကျန်းကျင်းခိုင် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ဘယ်လိုမှသဘောမထားနဲ့နော် ကြည့်ရတာ တော်တော် စိတ်ထားကောင်းမဲ့ကလေးကွ ဒါကြောင့်မို့ မင်း ဒီလောက် ဂရုစိုက်နေတာပဲမလား"
လုံခြုံရေးအဖိုးကြီးက ပြုံးစိစိနှင့် ပြောနေလေသည်။
"မင်းတို့နှစ်ယောက် ချစ်သူတွေမလား တယောက်ယောက်ရဲ့မိဘ ဆေးရုံတက်နေလို့ အပြိုင်အဆိုင် ငွေထုတ်ရှင်းနေကြပုံပဲ
ကျန်းကျင်းခိုင် သွားဖြဲပြလိုက်၏။
ဒီဆေးရုံက လုံခြုံရေးတွေ...တော်တော်လေး စပ်စုကြပါလား...
"ဒေါက်တာဝမ်"
ကျန်းကျင်းခိုင်က ဒေါက်တာဝမ်၏ ရုံးခန်းထဲဝင်လာပြီး တိုက်ရိုက်မေးလိုက်၏။
"အားကျောက် ဒီနေ့ နေ့လည်လောက်က ဒေါက်တာ့ဆီများ လာသေးလား"
"လာတယ်"
ဒေါက်တာဝမ်က ပြုံးပြရင်း ဖြေလိုက်သည်။
"မင်းက တကယ့်စုံစမ်းရေးမှုးပါလား... ဘယ်လိုများသိလိုက်တာလဲ"
"ကျွန်တော် ဆေးရုံစားရိတ်ပေးဖို့လာတာပါဒေါတာ"
ကျန်းကျင်းခိုင်က ပြုံးပြီး ဖြေလိုက်၏။
"တကယ်လား ငွေလုံလောက်ရဲ့လား" ဒေါက်တာဝန်းက စိုးရိမ်ဟန်ဖြင့် မေးလိုက်၏။
"မလုံလောက်ရင် ကျွန်မ ပေးလိုက်မယ်လေ"
"မဟုတ်ဘူးဗျ... တစ်ယောက်ယောက်က ကြိုပေးထားပြီးသားဖြစ်နေတယ်"
ကျန်းကျင်းခိုင် အထက်ပါအတိုင်း ပြန်ဖြေရင်း ငွေစာရင်းနဲ့ ယွမ် ၆၀၀ ကို ဒေါက်တာဝမ်အား ပြလိုက်၏။
"တစ်ယောက်ယောက်က ပေးပြီးသား ဟုတ်လား"
ဒေါက်တာဝမ် ငွေစာရင်းကိုကြည့်ပြီး အံ့သြသင့်သွား၏။
"ဟုတ်ပြီ... ဒီနေ့နေ့လည် အားကျောက် ကျွန်မရုံးခန်းကို ဝင်လာပြီး ဆေးပတ်တီးတဘူးနဲ့ အကြောဆေးတဘူး ထပ်လိုချင်တယ်လို့ ပြောသွားတယ် ပြီးတော့ ဒီနှစ်မျိုးထပ်ပေါင်းရင် ငွေလုံလောက်သွားပြီဆိုလားပဲ ပြောသွားသေးတယ်"
"ဆေးပတ်တီး... ငွေ လုံလောက်သွားပြီ..."
ကျန်းကျင်းခိုင်တယောက် ငွေစာရင်းကိုကြည့်ရင်း ဒေါက်တာဝမ်၏ ပြောစကားကို နားလည်အောင် ကြိုးစားနေ၏။ ထိုအခိုက်မှာပင် သူ အလင်းတချက် ပွင့်သွားသလိုရှိသည်။
"ဒီမိန်းကလေးကတော့ကွာ"
ကျန်းကျင်းခိုင် ထအော်မိတော့မတတ် ဖြစ်သွား၏။
ငွေလုံလောက်သွားမယ်...ယွမ် ၆၀၀...လက်စသတ်တော့ သူ တည ယွမ်၆၀၀နှုန်းနဲ့ ငါ့ကိုရှင်းဖို့ကြိုးစားနေတာကိုး...
"ဘာတွေဖြစ်နေတာလဲ"
ဒေါက်တာဝမ်တယောက် နားမလည်နိုင်ပဲ ဖြစ်နေဟန်တူသည်။
"ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ ကျေးဇူးပါပဲ ဒေါက်တာ"
ကျန်းကျင်းခိုင်က ထိုသို့ ပြောပြီး ရုံးခန်းမှ ပြေးထွက်လာခဲ့၏။ အားကျောက်၏ အတွေးကို ဒေါက်တာဝမ်အား ရှင်းပြ၍ နားလည်နိုင်မည်မဟုတ်ချေ။
ကျန်းကျင်းခိုင် ကားကို အားကျောက်၏ ကွန်ဒိုအောက်တွင်ရပ်ပြီး အဆောက်အဦး၏ ဒီဂျစ်တယ်အသံဖမ်းစက်ကို သုံးကာ အားကျောက်၏ ကွန်ဒိုနံပါတ်ကို နှိပ်လိုက်သည်။ အားကျောက်၏အသံ ထွက်ပေါ်လာ၏။
"မင်္ဂလာပါ... ကျွန်မအခုအိမ်မှာမရှိပါဘူး... အကယ်၍ ဦးရဲကြီးဆိုရင် ၁ ကိုနှိပ်ပါ... တခြားလူဆိုရင်း ၂ ကိုနှိပ်ပါ... အရေးကြီးရင် မက်ဆေ့ချ်ချန်ထားခဲ့ပါ... ကျွန်မပြန်ရောက်တာနဲ့ ဆက်သွယ်ပါမယ်"
ကျန်းကျင်းခိုင် ၁ ကို နှိပ်လိုက်၏။ အားကျောက်၏အသံ ထွက်ပေါ်လာပြန်သည်။
"ဦးရဲကြီး... ကျွန်မ ငွေပေးပြီးသားနော်... တစ်ညအတွက် ၆၀၀ဆိုတာ ပုံမှန်ဈေးပဲ ...ရှင် မယုံရင် စုံစမ်းကြည့်"
ခွေးကောင်မလေး...ဒါ ငါ့ကို တမင်လုပ်တာပဲ...
ကျန်းကျင်းခိုင် ကွန်ဒိုအဆောက်အဦးအပြင်ဘက်တွင်ရပ်ပြီး ဒေါသူပုန်ထလျက်ရှိ၏။ အတန်ကြာသော် သူ ၂ ကို နှိပ်ကြည့်လိုက်လေသည်။
"မင်္ဂလာပါ... ကျွန်မ အခုအိမ်မှာမရှိပါဘူး... မက်ဆေ့ချ်ချန်ထားခဲ့ပါ"
ထို့နောက် အသံပျောက်ကွယ်သွား၏။
"တယ်...ဒီခွေးမ...."