ဦးလေးကိုင်၏ခေါက်ဆွဲဆိုင်
Vol. 2 Ch. 11
ကျန်းကျင်းခိုင်သည် ကားကို စာတိုက်အနီးတွင် ရပ်နားကာ အားကျောက်အား အေတီအမ်မ်စက်ရှိရာသို့ ပို့ပေးလိုက်၏။ အပြင်ဘက်မှာ မှောင်နေပြီဖြစ်၍ စာတိုက်ပိတ်သွားခဲ့ပေပြီ။ ထို့ကြောင့် ငွေထုတ်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ အေတီအမ်မ်စက်သာ ရှိတော့၏။ သို့သော် ဤတစ်ကြိမ်တွင် အားကျောက်က ကျန်းကျင်းခိုင်အား ဟန့်တားလိုက်သည်။
"ငါ့ရဲ့လျှို့ဝှက်နံပါတ်ကို ရှင် လိုက်ကြည့်မနေနဲ့နော်"
ကျန်းကျင်းခိုင် ရယ်ချင်သွား၏။ ထို့နောက် သူက အားကျောက်အနီးမှခွာပြီး နာရီကို ကြည့်လိုက်သည်။ ညနေ ၆နာရီ၄၆မိနစ်ပင် ရှိခဲ့လေပြီ။
ကျန်းကျင်းခိုင် မည်သို့သောရဲအရာရှိမှန်း အားကျောက် မေ့သွားပုံရသည်ဟုလည်း သူ တွေးမိလေသည်။ သူမ ဘယ်ကိုငွေလွှဲနေမှန်း ကျန်းကျင်းခိုင်သိချင်လျင် ဘာမှခက်လှသည်မဟုတ်ချေ။
"ပြီးသွားပြီရှင့်"
အားကျောက်က အေတီအမ်မ်စက်မှထွက်လာပြီး အနီးရှိ ခေါက်ဆွဲဆိုင်ကို ညွှန်ပြလိုက်သည်။
"ဒါပေမယ့် ဒီခေါက်ဆွဲဆိုင်မှာကျွန်မ ခေါက်ဆွဲတစ်ပွဲ စားချင်သေးတယ်ရှင့် ရှင်သာ ကျွန်မနဲ့အတူစားပေးမယ်ဆိုရင် စားပြီးတာနဲ့ ဆေးရုံကို ချက်ချင်းပြန်သွားမယ် ကျွန်မ ကတိပေးတယ်"
အားကျောက်၏ မျက်နှာတွင် ခေါင်းမာသော အမူအရာများ မြငတွေ့နေရသည်။
"ကောင်းပြီလေ ဒါဆို ညစာကို ကျုပ်တာဝန်ယူမယ်"
"မဟုတ်တာ ကျွန်မပေးမှာပေါ့ရှင့်"
အားကျောက် က ကန့်ကွက်လိုက်သည်။
"ကောင်းပါပြီဗျာ"
ထို့နောက် သူက အားကျောက်ကို ချက်ချင်းပွေ့ချီပြီး ခေါက်ဆွဲဆိုင်သို့ လျှောက်လာခဲ့သည်။ ခေါက်ဆွဲဆိုင်သည် စာတိုက်မှ မီတာသုံးလေးဆယ်ခန့်သာ ဝေး၏။ ထို့ကြောင့် ကားစီးသွားရန် မလိုအပ်ချေ။ ထို့ပြင် ကျန်းကျင်းခိုင်အနေနှင့် ရဲတဦး ရဲကားပေါ်မှဆင်းလာပြီး ပြည့်တန်ဆာတဦးကို ပွေ့ကာ ခေါက်ဆွဲဆိုင်သ်ို့ဝင်သွားခြင်းကို လူမြင်သွားမည်ကို မလိုလားချေ ။
"ဦးလေးကိုင် ခေါက်ဆွဲနှစ်ပွဲ ပေးပါလား"
ဆိုင်ထဲရောက်သည်နှင့် အားကျောက် မီးဖိုထဲသို့ လှမ်းအော်လိုက်သည်။
"ရပါပြီဗျာ"
ဦးလေးကိုင်းက ပြေးထွက်လာရင်း ဖြေလိုက်သည်။
"ဒီရက်ပိုင်း ပျောက်နေပါလားသမီး ဦးလေးက သတိရနေတာ"
"ကျွန်မပြန်ရောက်ပြီလေ ဦးလေးကိုင် ကျွန်မလည်း ဦးလေးကိုသတိရနေတာ"
အားကျောက် နှုတ်ခမ်းစူရင်း ပြောလိုက်သည်။
"ကျုပ်ခေါက်ဆွဲတွေကို ပိုလွမ်းမယ်ထင်တယ်၊ ဟုတ်လား"
ဦးလေးကိုင်က ပြက်လုံးထုတ်လိုက်၏။ ထိုအချိန်မှာပင် အားကျောက်၏အင်္ကျီအောက်မှ ဆေးရုံဝတ်စုံကို သူ သတိထားမိလိုက်သည်။
"ဘာဖြစ်တာလဲသမီး နေမကောင်းဘူးး ဒါမှမဟုတ် ချစ်သူက ရိုက်တာလား"
ဦးလေးကိုင်က ကျန်းကျင်းခိုင်က်ို ကွက်ခနဲကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။
"မဟုတ်ပါဘူးဦးလေးကိုင်ရ ကျွန်မအဆင်ပြေပါတယ် ပြီးတော့ ကျွန်မမှာချစ်သူမရှိဘူး ဦးလေးကိုင်ရဲ့ ဒါကြောင့် မဟုတ်တာတွေပြောမနေနဲ့ ခေါက်ဆွဲရရင် ပို့ပေးအုံးနော်"
"ကောင်းပါပြီဗျာ ကောင်းပါပြီ"
သို့သော် သူက မီးဖိုထဲမဝင်ခင် ကျန်းကျင်းခိုင်အား ပြောဖြစ်အောင် ပြောလိုက်သေးသည်။
"ဒီမှာ ကောင်လေး အားကျောက်ဟာ မိန်းမကောင်းလေးနော်"
ကျန်းကျင်းခိုင် သွားဖြဲပြလိုက်၏။ ပြည့်တန်ဆာတယောက်က ဘယ်လိုလုပ် မိန်းမကောင်းဖြစ်နိုင်မှာလဲဟု သူ့စိတ်ထဲတွင် တွေးမိနေလေသည်။
"ရှင်က ဘာပြုံးတာလဲ"
အားကျောက်က ကျန်းကျင်းခိုင်အား လက်သီးထောင်ပြလိုက်၏။
"ဒါ ကျွန်မနယ်နော် ရှင် ရဲအရာရှိဖြစ်နေလဲ ဒီနယ်မှာတော့ ကျွန်မကို လေးစားရမယ်ရှင့်"
"အေးပါကွာ မင်းနိုင်ပါတယ်"
ကျန်းကျင်းခိုင်က အားကျောက်ကို ကြောက်ဟန်ပြုလိုက်လေသည်။
"မင်းဒီမှာ မကြာခဏ စားလေ့ရှိသလား"
"ဆိုပါတော့ ရှောက်မီရှိကတည်းက... အို ထားလိုက်ပါတော့ရှင် ထမင်းစားတဲ့အချိန်မှာ ဒီအကြောင်းတွေ မပြောတာကောင်းပါတယ်"
"ဟော ရပါပြီဗျာ"
ဦးလေးကိုင်းက စားစရာများကို သယ်ဆောင်ရင်း ထွက်လာ၏။
"ခေါက်ဆွဲနှစ်ပွဲ ပဲငံပြာရည်တစ်ပွဲ အမဲသားတစ်ပွဲ ဘီယာတစ်ပုလင်း ဒီညစာက ကျုပ် ကျွေးတာ ဒါကြောင့် အားရပါးရ စားကြနော်"
ထို့နောက် သူက ချက်ချင်းမီးဖိုထဲသို့ပြန်ဝင်သွားသည်။
"မဟုတ်တာ ဦးလေးကိုင် အားနာစရာကြီး"
အားကျောက်က ထိုင်နေရာမှအော်လိုက်သည်။
"ဟားဟား စိတ်မပူပါနဲ့ကွာ ဒီနေ့ကျုပ် စိတ်ကြည်နေလို့ကျွေးတာကွ မင်းချစ်သူကိုခေါ်လာရင် နောက်တစ်ခါပါ ထပ်ကျွေးမယ်"
"ဒါဆို ဘယ်အချိန်ပဲ ယောက်ျားတစ်ယောက်ခေါ်လာခေါ်လာ ဦးလေးကိုင်က ကျွန်မကို ကျွေးမှာလား"
အားကျောက်က ဦးလေးကိုင်ကို နောက်လိုက်၏။
"ကျွေးပါ့မယ်ဗျာ ကျွေးပါ့မယ်"
ဦးလေးကိုင်က မီးဖိုထဲမှ ပြန်ပြောလိုက်သည်။
"ဟားဟား ဟုတ်ပြီကွ ဦးလေးကိုင်ကို အကြွေးထူသွားအောင်လုပ်ပစ်မယ်၊"
အားကျောင်က လျှာထုတ်ပြီး ချစ်စရာဟန်ပန်နှင့် ပြောလိုက်သည်။
"မင်း"
ကျန်းကျင်းခိုင်က ပြုံးရင်း တစုံတခုပြောရန် ဟန်ပြင်လိုက်၏။
"ရှင်နော် ပါးစပ်ပိတ်"
အားကျောက်က ရုတ်တရက်အော်လိုက်ရင်း ကျန်းကျင်းခိုင်ကို တူနှင့်ညွှန်ကာ ခပ်တ်ိုးတိုး ပြောလိုက်၏။
"ကျွန်မက ဒီမှာ အိန္ဒြေနဲ့နေတာရှင့် ရှင် လျှောက်လျှောက်မပြောနဲ့နော်"
"ဟား ဟား ဟုတ်ပါပြီကွာ သိပါပြီ"
ကျန်းကျင်းခိုင်တယောက် ခေါင်းညိတ်လိုက်ရလေသည်။
"ရှင် ပြောသမျှထဲမှာ ဒီစကား အကောင်းဆုံးပဲ"
အားကျောက် တီးတိုးရေရွတ်လိုက်၏။
"ဟင် မင်းဘာပြောလိုက်တာလဲ"
အားကျောက် ဘာပြောလိုက်မှန်း ကျန်းကျင်းခိုင် ရေရေရာရာ မကြားလိုက်။
"မြန်မြန်စားလို့ပြောတာရှင့်"
ထို့နောက် အားကျောက်က အမဲသားတစ်တုံးကိုကောက်ယူပြီး ကျန်းကျင်းခိုင်၏ပါးစပ်ထဲသို့ ထည့်လိုက်၏။ တဖန် သူမက ပဲငံပြာရည်တချို့ကို ခေါက်ဆွဲထဲသို့ လောင်းထည့်လိုက်ပြန်သည်။
"အငန်တွေဒီလောက်မစားနဲ့အုံးလေကွာ"
ကျန်းကျင်းခိုင်က အမဲသားကိုမျိုချပြီးနောက် သတိပေးလိုက်၏။
"ဟေ့ ကိုရဲကြီး"
အားကျောက် က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
"ရှင် အရင်က သူငယ်တန်းဆရာမ ဖြစ်ဖူးတာလား ဒါကြောင့် ကျွန်မကိုကလေးတစ်ယောက်လို ဆက်ဆံနေတာလား"
ပြောပြောဆိုဆို သူမက ပဲငံပြာရည်သုံးပုံတပုံကို ခေါင်းဆွဲထဲ လောင်းချလိုက်ပြန်သည်။
"ဦးလေးကိုင် တွေ့လိုက်လား သူ ကျွန်မပဲငံပြာရည်တွေ အကုန်ခိုးသွားပြီ"
ကျန်းကျင်းခိုင်ကို ညွှန်ပြရင်း အားကျောက် ထအော်လိုက်၏။
ကျန်းကျင်းခိုင်သည် သူ့ရှေ့တွင် ရှိနေသော မိန်းကလေးကို စိုက်ကြည့်နေ၏။ ထိုလမ်းကြားတွင် အလုပ်မလုပ်ခဲ့ပါက သူမသည် ပုံမှန်မိန်းကလေးတဦးအတိုင်းပင်။ သူမ၏နှလုံးသားတွင် နာကျင်မှုများရှိနေ၍ သို့မဟုတ် သူမ၏မိသားစုမှာ ငွေကြေးအလွန်လိုအပ်နေ၍သာ အားကျောက်တယောက် ဤအလုပ်ကို ရွေးခဲ့ပုံရပေသည်။
၈နာရီထိုးရန် နီးပေပြီ။ အားကျောက်၏ ခေါက်ဆွဲလည်း ကုန်သွားပေပြီ။ ထိုအခါ သူမသည် ယွမ်တရာကို သပ်သပ်ရပ်ရပ်ခေါက်ပြီး ခေါက်ဆွဲပန်းကန်အောက်တွင် ဝှက်ထားလိုက်၏။ ထို့နောက် အားတင်းကာထရပ်ရင် ဦးလေးကိုင်ကို အားကျောက် နှုတ်ဆက်လိုက်သည်။
"ဦးလေးကိုင် နေကောင်းအောင်နေနော် ကျွန်မတို့ သွားနှင့်ပြီ"
တဆက်တည်းမှာပင် သူမက ကျန်းကျင်းခိုင်ကို ပြုံးပြရင်း ပြောလိုက်၏။
"ကျွန်မကို လာချီ ဦးလေးကိုင် ဒီပိုက်ဆံကို မမြင်ခင် ကျွန်မတို့ ထွက်သွားရအောင်"
ဦးလေးကိုင် မီးဖိုထဲမှ ထွက်လာ၏။ ကျန်းကျင်းခိုင်တယောက် အားကျောက်ကိုချီပြီး ဆိုင်ထဲမှ ထွက်သွားသည်ကို သူ မြင်လိုက်ရလေသည်။
"သူကိုယ်တိုင်ကတော့ သမီးရည်းစားတွေမဟုတ်ဘူးလို့ ပြောတာပဲ အင်း... ဒီခေတ်လူငယ်တွေကတော့ကွာ"
ထို့နောက် သူက ပန်းကန်များကို စတင်သိမ်းဆည်းလေသည်။ ထိုစဥ် အကျော်ရဲ့ပန်းကန်အောက်မှ တရာတန်ယွမ်စက္ကူတရွက် ထွက်ပေါ်လာ၏။
"ဒီကောင်မလေးကတော့ကွာ မပေးပါနဲ့ဆိုတာကိုနောက်တစ်ခါ ငါ့ဆိုင်ကိုပြန်လာရင် ခြေနဲ့ကို ကန်ထုတ်လာပစ်အုံးမယ်"
ဦးလေးကိုင်၏ စကားတွင် အားကျောက်အား ချစ်စနိုးဟန်ပန်များ အတိုင်းသားပါဝင်နေသည်။
"ခစ် ခစ် ကိုရဲကြီးက ဒီလောက်မြန်မြန်ပြေးနိုင်တာကိုး"
ရဲကားအနီးအရောက်တွင် အားကျောက်က ကျန်းကျင်းခိုင်ကို စနောက်လိုက်သည်။
"ဟုတ်တယ် ကျုပ် ငယ်ငယ်တုန်းကဆိုရင်..." ကျန်းကျင်းခိုင်က စကားကိုရပ်ပြီး အားကျောက်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"မင်းအရွယ်လောက်တုန်းကဆိုရင် မီတာ၁၀၀ပြိုင်ပွဲမှာ ကျုပ် ပထမရခဲ့သလားမှ မသိတာ"
"တကယ်လား"
အားကျောက် နှုတ်ခမ်းစူလိုက်သည်။
"ဟာ ဒီတိုင်းဆိုရင် ကိုရဲကြီးလို့ ခေါ်လို့မဖြစ်တော့ဘူးပဲ ဦးရဲကြီးလို့ခေါ်မှ ဒါနဲ့ ဦးရဲကြီး ရှင် အသက်ဘယ်လောက်ရှိပြီတုန်း"
"မင်း မမှန်းနိုင်လောက်ပါဘူးကွာ"
ထို့နောက် သူက ကားစက်နှိုးပြီး ဆေးရုံကိုမောင်းလာခဲ့လေသည်။
အားကျောက်ကား အိပ်ရာပေါ်လှဲလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွား၏။ ယနေ့ တနေကုန် အပြင်ထွက်လိုက်ခြင်းကြောင့် သူမ ပင်ပန်းသွားသည် မဟုတ်ပါလား။ အိပ်ပျော်နေသော အားကျောက်ကိုကြည့်ရင်း ကျန်းကျင်းခိုင်၏ မျက်နှာ ပြုံးပန်းဝေလာ၏။
သူ ဆေးရုံကမထွက်ရဘူးဆိုရင် ကောင်းမှာပဲ.. သူဒီဆေးရုံခန်းထဲမှာပဲ အမြဲနေရရင် ဘယ်လောက်ကောင်းမလဲ...
သို့သော် ဒဏ်ရာသက်သာသွားသည်နှင့် အားကျောက်တယောက် ယခင်အလုပ်ကို ပြန်လုပ်မည်မှန်း သူ သိရှိနေလေသည်။
ထိုစဥ် ဖုန်းမြည်လာ၏။ ကျန်းနန်၏ ဖုန်းဖြစ်နေလေသည်။
" ဟယ်လို ကျုပ် ကျင်းကျင်းခိုင်ပါ"
"အင်စပက်တာ ကျန်း နောက်ထပ်အမှုတမှု ထပ်ဖြစ်နေပြီ"
ဖုန်းထဲမှ ကျန်းနန်၏ အသံ ထွက်ပေါ်လာလေသည်။
"ဘာတွေဖြစ်နေတာလဲ"
ကျင်းကျန်ကိုင်းက အံ့အားသင့်သွား၏။ သူ့နှလုံးသားတွင်တော့ လမ်းကြားတွင် နောက်ထပ်အမှုတမှု ပေါ်ပေါက်နေပြီဟု သံသယဝင်နေခဲ့လေပြီ။
"အရင်အခင်းဖြစ်တဲ့နေရာရဲ့ အောက်ထပ်မှာ နောက်ထပ်အလားတူ လူသတ်မှုတစ်ခုဖြစ်နေပြီ"
ကျန်းနန်ရဲ့အသံမှာ ထိတ်လန့်သံပေါက်နေ၏။
"ခင်ဗျားအခုချက်ချင်းလာသင့်တယ်"
"ကောင်းပြီ ကျုပ် ဆယ်မိနစ်အတွင်း အရောက်လာခဲ့မယ်"
ထို့နောက် ကျန်းကျင်းခိုင် ဖုန်းကိုကိုင်ပြီး ကားပါကင်သို့ အပြေးလှမ်းလာခဲ့လေသည်။