ခုတင်အောက်က အမျိုးသမီး
Vol. 2 Ch. 12
မှုခင်းဖြစ်စဉ်နေရာမှာ ရဲများနှင့် ပြည့်နှက်နေ၏။ ကျန်းကျင်းခိုင်ရောက်သည့်အချိန်တွင် မှုခင်းဆေးအဖွဲ့မှာ ဓာတ်ပုံများရိုက်ပြီး သက်သေအထောက်အထားများ စုဆောင်းနေကြလေသည်။ အခင်းဖြစ်ပွားရာနေရာတွင် နောက်ထပ် အလောင်းနှစ်လောင်းရှိနေ၏။
"နောက်ထပ် နှစ်ယောက်ပါလား"
ကျန်းကျင်းခိုင် အထက်ပါအတိုင်း ငြီးတွားမိလေသည်။
"အင်စပက်တာ ကျန်း ရောက်ပြီလား"
ကျန်းကျင်းခိုင်ကို မြင်သည်နှင့် ကျန်းနန်က နှုတ်ဆက်လိုက်၏။
"သက်သေအသစ်များ တွေ့မိသလား"
ကျန်းကျင်းခိုင်က ခုတင်ပေါ်ရှိ အလောင်းများကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
"မရှိဘူးအင်စပက်တာ"
ကျန်းနန်၏အသံမှာ တိမ်ဝင်နေ၏။
"မှုခင်းနေရာမှာ ရှာတွေ့ရှိသမျှအရ ဒီလူသတ်မှုဟာ အရင်လူသတ်မှုတွေနဲ့ အတူတူပဲ အင်စပက်တာသွေးထွက်သံရိုဖြစ်ထားတာတွေ ရုန်းရင်းဆန်ခတ်ဖြစ်ထားတာတွေ ဖောက်ထွင်းဝင်ရောက်ထားတာတွေ ဘာတခုမှ မတွေ့ရဘူး"
"မဟုတ်သေးဘူးကွ ကျုပ်မြင်ရသလောက် ဒီအမှုက နည်းနည်းတော့ကွဲနေတယ်"
ကျန်းကျင်းခိုင်၏အသံမှာ သိပ်မကျယ်လှ။ သို့သော် အခန်းထဲရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်ဟန်ရှိသည်။ လူတိုင်းက ကျန်းကျင်းခိုင်နဲ့ သူ့ဘေးရှိ ခုတင်ကို လှည့်ကြည့်လိုက်ကြ၏။ ဘာများအသစ်အဆန်းကြားရမလဲဟု သူတို့ စိတ်ဝင်စားနေကြလေသည်။
"ဒီမှာကြည့် အမျိုးသမီးရဲ့ မျက်နှာအမူအရာက နည်းနည်းထူးဆန်းမနေဘူးလား"
ကျန်းကျင်းခိုင် ကျန်လူများ၏ အာရုံ သူ့အပေါ်တွင် ရှိနေမှန်း သတိမထားမိ။ သူ့အာရုံမှာ အလောင်းနှစ်လောင်းအပေါ်တွင်သာ ရှိနေလေသည်။ ကျန်းနန်က ကျန်းကျင်းခိုင်၏စကားအတိုင်း အမျိုးသမီးအလောင်းကို သေသေချာချာ ကြည့်လိုက်သည်။ ကျန်းကျင်းခိုင်၏စကားမှာ အမှန်ပင်။ အမျိုးသမီးအလောင်းသည် ယခင်အလောင်းများနှင့်မတူ။ ပါးစပ်အဟောင်းသားဖြစ်နေခြင်းမရှိသလို မျက်လုံးပြူးနေခြင်းလည်း မရှိ။
"ပြီးတော့ သူ့လက်တွေက်ို ကြည့်လိုက်စမ်းဟေ့"
ကျန်းကျင်းခိုင်က အမျိုးသမီးအလောင်း၏ လက်များကို ညွှန်ပြလိုက်သည်။ အရိုးငေါငေါထွက်နေသည့်လက်များသည် ယခင်အလောင်းများကဲ့သို့ ကုတင်အား ဆုပ်ကိုင်ထားခြင်းမရှိပဲ လက်အုပ်ချီထားဟန် ရှိနေသည်။ မျက်နှာအမူအရာနှင့် တွဲကြည့်လျင် သူမ၏ ပုံစံမှာ တစ်စုံတစ်ယောက်ကို တောင်းပန်နေသည်နှင့် သွားတူနေ၏။
"အင်စပက်တာကျန်း သူ လူသတ်သမားကို မြင်ခဲ့တယ်လို့ ဆိုလိုတာလား"
ကျန်းကျင်းခိုင် ညွှန်ပြသည်များကိုကြည့်ရင်း နောက်ဆုံးတွင် ကျန်းနန်ပါးစပ်ထဲမှ အံ့အားသင့်စရာ ကောက်ချက်ထွက်ပေါ်လာတော့သည်။
"ဟုတ်တယ် တိတိကျကျပြောရရင် သူ လူသတ်သမားကို သိနေတယ် ဒါမှမဟုတ် လူသတ်သမားဆီက တစ်စုံတခုကို တောင်းဆိုနေတဲ့သဘောပဲ"
ပြောရင်းနှင့် ကျန်းကျင်းခိုင်က သူ့ဟာသူ ပြုံးလိုက်၏။ ယခင် အမျိုးသမီးသုံးယောက်သည် သေခါနီးတွင် အပြင်းအထန်ကြောက်လန့်ရင်းနှင့် အသက်ထွက်ကုန်ကြ၏။ ၎င်းမှာ အဘယ်ကြောင့်ပေနည်း။ သူတို့အပေါ်တွင် ထပ်လျက်သားရှိနေသည့် ယောက်ျားများကြောင့်ပေလော။ သို့တည်းမဟုတ် လျှို့ဝှက်ဆန်းကြယ်လှသည့် ကွင်းဆက်လူသတ်သမားကြောင့်ပေလော။
"အင်စပက်တာကျန်းပြောတာအမှန်ပဲ"
ကျန်းနန်က ခေါင်းညိတ်လိုက်သည်။
"နောက်ဆုံးတော့ အမှုကို ဖြေရှင်းနိုင်ဖို့ လမ်းစလေးပေါ်လာပြီတူရဲ့"
"မင်းပြောတဲ့အတိုင်း ဖြစ်ပါစေကွာ"
ကျန်းကျန်းခိုင် ပြုံးရင်း ကျန်းနန်ကို မေးလိုက်ပြန်သည်။
ဒါနဲ့ ဒီအမျိုးသမီးကဘယ်သူလဲ သိရပြီလား"
"ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ အင်စပက်တာ"
ကျန်းနန်က ရှက်သွား၏။
"သူ့လိုမိန်းကလေးတွေက အမြဲပြောင်းရွှေ့နေတော့ ခြေရာခံဖို့ခက်တယ်"
"ဒါဆိုလဲ အမြန်ဆုံးသိရအောင်လုပ်စမ်းကွာ"
ကျန်းကျင်းခိုင် အမိန့်ပေးလိုက်၏။ ထို့နောက် သူက ယောက်ျားအလောင်းကို ကြည့်ပြီး ထပ်မပြောတော့ပဲ ထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။
"အင်စပက်တာ ကျန်း"
ဝေစင်းက အူယားဖားယားနှင့် ဝင်လာ၏။
"အိမ်ကနေ တန်းလာတာလား"
ကျန်းကျင်းခိုင်က ပြုံးရင်း မေးလိုက်သည်။
"မင်းနှယ် အားလပ်ရက်မှာ အေးအေးဆေးဆေး နားမှပေါ့ ဒီလောက်တက်ကြွနေစရာမလိုပါဘူးကွာ"
"ဒါပေမယ့်..."
ဝေစင်းကား အသက်ကိုဝအောင်မရှုနိုင်သေးချေ။
ကျန်းကျင်းခိုင် လက်ကာပြလိုက်၏။
" အင်း မင်း ရောက်နေပြီဆိုတော့ ဒီအမျိုးသမီးဘယ်သူဘယ်ဝါလဲဆိုတာ ရှာဖွေဖို့ ဆာဂျင်ကျန်းနန်ကို ကူညီလိုက်ကွာ"
"ဟုတ်ကဲ့အင်စပက်တာ"
ဝေစင်း က ခေါင်းညိမ့်လိုက်သည်။ ဝေစင်းကို ကြည့်နေရင်း ဆေးရုံဝတ်စုံဝတ်ထားသည့် အားကျောက်၏ ပုံစံအား ကျန်းကျင်းခိုင် မြင်ယောင်လာ၏။ သူ ခေါင်းတချက်ခါရင်း အားကျောက်၏ ပုံရိပ်ကို မောင်းထုတ်လိုက်သည်။
အရေးထဲ ငါ့နှယ်...သူကိုမှ သတိရနေသေးတာလား...
"အင်စပက်တာကျန်း ဘာဖြစ်လို့လဲ အုံးလွဲနေလို့လား"
မသိသားဆိုးရွားလှသော ဝေစင်း၏ မေးခွန်း ဖြစ်လေသည်။
"အင်း နည်းနည်းပါကွာ" ကျန်းကျင်းခိုင်က အလေးမထားဟန်ဖြင့် ဖြေလိုက်သည်။
"ဝေဝေ မင်းက ဆာဂျင် ကျန်းနန်ကို ကူညီလိုက်နော် ကျုပ် အပေါ်ထပ်ကို တက်ကြည့်လိုက်ဦးမယ်"
တခုခု လွဲချော်နေသောခံစားချက်ဖြင့် ကျန်းကျင်းခိုင် အပေါ်ထပ်သို့ ပြေးတက်လိုက်၏။
ကံကောင်းသည်မှာ အပေါ်ထပ် အခန်းသော့က သူ့ထံတွင် ရှိနေသေးခြင်းပင်။ သူ တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းကား ပိန်းပိတ်အောင် မှောင်နေ၏။ သူ သူ့ခါးပတ်ကြားမှ ဓာတ်မီးကို ထုတ်ယူပြီး တခန်းလုံးကို ထိုးကြည့်လိုက်သည်။ နေရာတိုင်းမှာ သူ နောက်ဆုံးကြည့်ခဲ့စဥ်ကအတိုင်းပင်။ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိ။
ထို့နောက် ကျန်းကျင်းခိုင်သည် တံခါးဘေးရှိ မီးခလုတ်ကို စမ်းသပ်တွေ့လိုက်ရသည်။ ကလစ်ဟု အသံတချက်ထွက်ပေါ်လာပြီး အခန်းထဲရှိ မီးများ ချက်ချင်းလင်းသွားလေသည်။ သူ ကြမ်းပြင်ကို သေချာစွာ စစ်ဆေးလိုက်၏။ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်များ ခပ်ပါးပါး ဖုံးအုပ်နေလေသည်။ မည်သည့်ခြေရာမှ မတွေ့ရ။ တဖန် သူသည် အခန်းထဲရှိ ကုတင်တည်ရှိရာနေရာကို တွက်ဆမိလိုက်၏။ အပေါ်ထပ်ရှိ ကုတင်နှင့် အောက်ထပ်ရှိကုတင်မှာ ထောင့်မှန်ကျကျ တည်ရှိနေကြသည်။
သစ်သားခုတင်ကို ကျန်းကျင်းခိုင် လက်ဖြင့် စမ်းလိုက်ပြန်သည်။ အပူချိန်မှာ အခန်းအပူချိန်နှင့်အတူတူပင်။ ထို့နောက် ကျန်းကျင်းခိုင်က ကုတင်အောက်ကိုကြည့်ရန် အိပ်ယာခင်းစကို မြှောက်လိုက်၏။ ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို သူ တွေ့လိုက်ရလေသည်။
သူ အမျိုးသမီးကို သတိထားမိချိန်မှာပင် အမျိုးသမီးကလည်း သူ့ကို သတိထားမိသွားဟန်ရှိသည်။ အမျိုးသမီး၏ခေါင်းမှာ ကျန်းကျင်းခိုင်ဆီသို့ ဖြည်းဖြည်းချင်း လှည့်လာ၏။ ကျန်းကျင်းခိုင်ကို မြင်သည်နှင့် အမျိုးသမီး ပါးစပ်ဟလိုက်သည်။ သူမ၏ ပါးစပ်မှာ အရေပြားများကွာလျက်ရှိပြီး အသားစများ တွဲလွဲခိုနေ၏။ သူ လဲကျသောနေရာမှ အမျိုးသမီးရင်ဘတ်ကို သူ မြင်နေရလေသည်။အရိုးပေါ်အရေတင်နေသော င်ဘတ်။ အသက် ၈၀၊ ၉၀ အရွယ် အဖွားအိုတဦးထက်ပင် မြင်ရသည်မှာ ဆိုးနေသေူးး၏။
အရိုးစု...ဒါကြီးက အရိုးစုပဲ...
အမျိုးသမီးအရိုးခြောက်သည် ကျန်းကျင်းခိုင်ဆီ သို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူမ၏ ပုံစံမှာ ကုတင်အောက်မှ ထွက်လာဖို့ ကြိုးစားနေသလိုလိုပင်တည်း။ ကျန်းကျင်းခိုင် နှလုံးသွေးရပ်သွားသည့်နှယ် ခံစားနေရလေသည်။ သူ အော်ချင်၏။ သို့သော် အသံကားမထွက်။ အရိုးခြောက်သည် တဟင့်ဟင့်ငြီးရင်း ရှေ့ကိုတိုးလာနေ၏။
ကျန်းကျင်းခိုင်သည် ကြမ်းပြင်ဝယ် လဲကျနေပြီး တစုံတခုက သူ့ကို ဖိထားသည့်နှယ် လှုပ်မရပဲ ဖြစ်နေ၏။ ထိုအချိန်မှာပင် သူ့ဖုန်းသံ ထမြည်လာလေသည်။
"အား"
ကျန်းကျင်းခိုင်၏ အော်သံကြီး ထွက်ပေါ်လာ၏။ သူ ဓာတ်မီးကို ယူပြီး အရိုးခြောက်ကို မီးနှင့်ထိုးလိုက်လေသည်။
နောက်ဆုံးတော့ ကျန်းကျင်းခိုင်၏ ကိုယ်ခန္ဓာမှာ တုံ့ပြန်မှုပြန်ရလာ၏။ သူ နောက်ပြန်ဆုတ်ရင်း ကုတင်နှင့်ဝေးရာဆီသို့ သွားရန် ကြိုးစားလိုက်သည်။သို့သော် ကုတင်အောက်တွင် ဘာမှမရှိတော့ပဲ ပြောင်သလင်းခါနေပြန်၏။
ငါစိတ်ကူးယဉ်နေတာလား...စိတ်ထင်ယောင်ထင်မှားဖြစ်နေတာလား..
ဖုန်းသံထပ်မံထွက်ပေါ်လာပြန်ရာ ကျန်းကျင်းခိုင် ဖုန်းကို ဖြေလိုက်ရလေသည်။
"ဟဲ...ဟဲ...ဟဲလို..."
"ဘာလုပ်နေတာလဲ ကြာလိုက်တာ"
ဖုန်းခေါ်နေသူမှာ အားကျောက်ပေတကား။
"နှုတ်တောင်မဆက်ပဲ ပြန်သွားတာလား"
"အင့်...ကျုပ် .ဒီမှာ အမှုတခုပေါ်လာလို့ကွ"
ကျန်းကျင်းခိုင် တံတွေးမျိုချရင်း စိတ်ကိုထိန်းကာ ပြောလိုက်၏။ သူ့တကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေလေသည်။
"ခစ် ခစ် ...ဦးရဲကြီးရေ မယုံပါဘူးနော်"
အားကျောက် ပြောရင်းနှင့် ရီနေ၏။
"မိန်းကလေးတွေနောက် လိုက်နေရင်လဲ ပြောပါရှင် ဒါ ရှက်စရာမှမဟုတ်တာ ကျွန်မဖုန်းဆက်တာက ရှင့်အိတ်ကျန်ခဲ့တယ်လို့ ပြောမလို့ရှင့်"
"အင်း...အင်း.....ခုတော့ မင်းဆီမှာပဲ ခဏထားအုံးမယ်ကွာ"
ကျန်းကျင်းခိုင်၏ အသံမှာ ထိုအချိန်ကျမှ ပုံမှန်ပြန်ဖြစ်လာလေသည်။
"အိုး..ဒါနဲ့ ခုနက ရှင် အာသာဖြေနေတာလား"
အားကျောက်က ခပ်တည်တည်နှင့် ပြောလိုက်ပြန်သည်။
"ကဲ ကဲ ရှင့်ကို ကျွန်မ မနှောင့်ယှက်တော့ဘူး နေပြန်ကောင်းသွားရင် ကျွန်မက ရှင့်ကို အခမဲ့ဝန်ဆောင်မှုပေးပြီး ကျေးဇူးဆပ်ပါ့မယ်ရှင် တာ့တာဦးရဲကြီး"
ပြောချင်ရာစွတ်ပြောပြီး အားကျောက် ဖုန်းချသွား၏။
"တယ် ငတိမကတော့ကွာ"
ကျန်းကျင်းခိုင် စိတ်ပေါက်ပေါက်နှင့် သူ့ဒူးကိုသူ ဖြန်းခနဲ ရိုက်လိုက်၏။
ဒီငတိမလေး ယုတ်ကိုယုတ်မာတယ်...
အမြင်ကတ်၍ အထက်ပါအတိုင်း တွေးမိသော်လည်း အားကျောက်ကို ကျန်းကျင်းခိုင် မမုန်းပါ။
ထို့နောက် သူက ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး ကြမ်းပြင်တွင်ထိုင်ကာ စိတ်အာရုံကို စုစည်းလိုက်သည်။ ကုတင်အောက်မှာ အမှန်တကယ် ဘာမှရှိမနေချေ။ သို့သော် ထင်ယောင်ထင်မှားဖြစ်မှုက အစစ်ဟုထင်ရလောက်အောင် ထင်ရှားလွန်းနေ၏။
ကျန်းကျင်းခိုင် သက်ပြင်းတချက်ချရင်း လက်ကို ကြမ်းပြင်ပေါ် ချလိုက်သည်။ ကုတင်အောက် ကြမ်းပြင်မှာ အေးခဲနေ၏။ ထိုခနမှာပင် အောက်ထပ်ရှိအခန်းကိုလည်း စစ်ဆေးရန်လိုအပ်ကြောင်း သူ ဖြတ်ခနဲ တွေးမိလေသည်။
ထို့နောက် ကျန်းကျင်းခိုင် အောက်ထပ်သို့ တဟုန်ထိုး ပြေးဆင်းလိုက်၏။
"အင်စပက်တာကျန်း..."
ဝေစင်းက တစုံတခု ပြောလိုဟန်ဖြင့် တံခါးဝမှ နှုတ်ဆက်လိုက်လေသည်။
"ခနလေး"
ကျန်းကျင်းခိုင်က သူမကို တွန်းဖယ်ပြီး အခန်းထဲသို့ ပြေးဝင်သွား၏။ ထို့နောက် သူ ကုတင်ဆီပြေးသွားပြီး အိပ်ယာခင်းကို ဆွဲဖယ်လိုက်လေသည်။အိပ်ယာအောက်တွင် ခွေးတကောင်ကြောင်တမြီးမျှပင် မရှိ။
"ဘာတွေဖြစ်နေတာလဲ"
ကျန်းကျင်းခိုင်က တီးတိုးရေရွတ်လိုက်သည်။ သို့သော် သူက အဖြစ်အပျက်ကို လက်မခံနိုင်သေးပဲ ကြမ်းပြင်ကို စမ်းသပ်လိုက်သေး၏။ အရာအားလုံးကား ပုံမှန်သာတည်း။
တကယ်ပဲ ငါထင်ယောင်ထင်မှားဖြစ်နေတာလား...
သူ ကြမ်းပြင်ပေါ်ထိုင်ပြီး အထက်ပါအတိုင်း တွေးနေမိ၏။
လူသားတိုင်း အတူတူသာ။ တစ်ယောက်ယောက်နှင့် အတူရှိနေလျင် သတ္တိရှိလာတတ်၏။ တစ်ယောက်တည်းရှိနေလျင်တော့ အလွယ်တကူပင် ကြောက်လန့်သွားတတ်ကြလေသည်။