ရန်ပွဲ
Vol. 2 Ch. 13
"အင်စပက်တာကျန်း တစ်ခုခုများရှာတွေ့သလား"
ကျန်းနန်က ကြမ်းပြင်ပေါ်ထိုင်နေရင်း ကျန်းကျင်းခိုင်ကိုမေးလိုက်၏။
"အင်း… ကျုပ် မပြောတတ်သေးဘူးဗျို့"
မျက်နှာကျက်ကို မော့ကြည့်ရင်း ကျန်းကျင်းခိုင် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်ပြန်၏။
"ခုံတစ်လုံးယူခဲ့စမ်းဟေ့ ကုတင်ပေါ်က မျက်နှာကျက်ကို တချက်စစ်ကြည့်ရအောင်"
ရဲများသည် ခုံတစ်ခုံကို မြန်မြန်ဆန်ဆန်ပင် ယူလာကြ၏။ ထို့နောက် ရဲနှစ်ဦးက ထိုင်ခုံကိုထိန်းထားပြီး တတိယရဲက အပေါ်တက်ကာ မျက်နှာကျက်ကို စစ်ဆေးလိုက်လေသည်။
"ဘာမှထူးထူးခြားခြာမတွေ့ရဘူး အင်စပက်တာ"
"အပူချိန်ကရော"
ကျန်းကျင်းခိုင် ထပ်မံမေးခွန်းထုတ်လိုက်ပြန်၏။
"ပုံမှန်ပါပဲအင်စပက်တာ"
ခုံပေါ်မှရဲက မရေရာဟန်ဖြင့် ဖြေလိုက်၏။ ပြီးမှ သူက နံရံကို ကိုင်ကြည့်ကာ အတည်ပြုလိုက်လေသည်။
"ဟုတ်တယ်အင်စပက်တာ အပူချိန်က ပုံမှန်ပါပဲ မျက်နှာကျက်နဲ့ နံရံရဲ့ အပူချ်ိန်က အတူတူပဲဗျ"
"ကဲ မင်းတို့သုံးယောက် ကျုပ်နဲ့ အပေါ်ထပ်က်ို လိုက်ခဲ့ကြအုံး"
ကျန်းကျင်းခိုင် မတ်တပ်ရပ်ပြီး ရဲသုံးလေးဦးကို လက်ဟန်ခြေဟန်ပြကာ အပေါ်ထပ်သို့ ခေါ်သွားလေသည်။ ထို့နောက် သူက ခန်းတံခါးဝတွင် ရပ်လိုက်ပြီး အခြားသူများ မဝင်ရန် ကနဦးစွာ တားမြစ်လိုက်၏။ အခန်းကြမ်းပြင်ပေါ် ဖုန်မှုန့်များပေါ်တွင် သူ့ခြေရာမှလွဲ၍ ကျန်ခြေရာများမရှိ။
ထိုအခါမှ သူက အဖွဲ့ကို အခန်းထဲခေါ်သွင်းပြီး အမိန့်ပေးလိုက်သည်။
"ဒီအခန်းကို သေသေချာချာ ရှာကြစမ်းကွာ တစ်ခုခုထူးနေရင် ကျုပ်ကိုပြော"
တဖန် ကျန်းကျင်းခိုင် ကုတင်ဘေးသို့ပြန်သွားလိုက်ပြန်သည်။ အမှန်တော့ သူ ရင်တုန်ပန်းတုန် ဖြစ်နေသေး၏။ မကြာသေးမီက မြင်ခဲ့ရသည့်မြင်ကွင်းမှာ ခြောက်ခြားစရာကောင်းလှသည် မဟုတ်ပါလား။ မည်သူမဆို၊ မည်မျှပင်စိတ်ဓာတ်ခိုင်မာသူ ဖြစ်စေကာမူ ဤမျှထိတ်လန့်စရာမြင်ကွင်းကို မြင်လိုက်ရပါက အချ်ိန်တိုအတွင်း ပုံမှန်ပြန်ဖြစ်၍ မလွယ်ကူချေ။
တစ်... နှစ်...သုံး...
ကျန်းကျင်းခိုင် စိတ်ထဲတွင် ရေတွက်ပြီး အိပ်ရာခင်းကို ဆွဲခွာလိုက်၏။ အိပ်ရာပေါ်တွင် ဘာမှရှိမနေ၍ သူ အတော်လေး စိတ်သက်သာရသွားလေသည်။တဖန် သူက ဒူးတစ်ဖက်ထောက်ကာ လက်ကို အိပ်ရာအောက်သို့ ထိုးသွင်းရင်း အပူချိန်ကို စမ်းသပ်လိုက်ပြန်သည်။ ကုတင်နှင့် ကြမ်းပြင်အပူချိန်မှာ ပုံမှန်အနေအထားပင်။
"အင်စပက်တာကျန်း ကျွန်တော်တို့ ဘာမှမတွေ့ပါဘူးခင်ဗျ"
ကျန်းကျင်းခိုင်နှင့်အတူ အခန်းထဲရောက်နေသည့် ရဲများ တစ်ဦးပြီးတစ်ဦး သူ့ဘေးနားသို့ရောက်လာကြသည်။ ငါ စိတ်ဖိစီးမှုပဲများလွန်းနေသလား...။ သူ ထိုသို့တွေးပြီး မချိပြုံးပြုံးလိုက်၏။ အင်း... ဟုတ်တော့လဲဟုတ်တယ်...ခုရက်ပိုင်း ငါ အလုပ်တော်တော်များနေတာပဲကိုး....။
"ကောင်းပြီ လူတိုင်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြပါ"
နောက်ဆုံးတော့ ကျန်းကျင်းခိုင် ရဲများအားလုံးကို ပြန်လွှတ်လိုက်လေသည်။ အခန်းထဲတွင် ပုံမှန်အတ်ိုင်း အမှောင်ဖုံးသွားပြန်၏။ နောက်ပိုင်း ဤနေရာ၌ မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူအတိအကျ ပြောနိုင်အံ့နည်း။
နောက်ဆုံးတော့ ရဲနှစ်ဦးသာ အစောင့်အဖြစ် ကျန်ရစ်ခဲ့ပြီး ကျန်လူများအားလုံး ရဲစခန်းသို့ ပြန်လာခဲ့ကြ၏။အမှု၏အနေအထားမှာ အတော်အသင့် တိုးတက်မှုရှိသော်လည်း အသုံးဝင်သည့် သက်သေအထောက်အထားများကား နည်းပါးနေဆဲပင်။ ရေခဲတိုက်တွင်တော့ နောက်ထပ်အလောင်းနှစ်လောင်း တိုးလာလေသည်။
"ဒါနဲ့… ဝေဝေ ခုနက မင်း ကျုပ်ကိုတစ်ခုခုပြောမလို့လား"
ကျန်းကျင်းခိုင် မျက်မှောင်ကုတ်ရင်း မေးလိုက်၏။ သူတို့နှစ်ဦးလုံး ဌာနသို့ပြန်လာသည့် ကားနောက်ခန်းတွင် ရှိနေကြလေသည်။
"ဟုတ်ကဲ့ အင်စပက်တာ"
ဝေစင်းက စဉ်းစားဟန်ပြုပြီး ဆက်ပြောလိုက်သည်။
"အမျိုးသမီးသားကောင် ဘယ်သူဆိုတာ ကျွန်မတို့သိရပြီအင်စပက်တာ သူ့နာမည် အားရှုလို့ခေါ်တယ် ကောင်မလေးက ဒီလမ်းထဲကတော့မဟုတ်ဘူး တခြားတနေရာကနေ အသစ်ရောက်လာတာ ဒါပေမဲ့ ခေါင်းအားချွန်ပြောပုံအရ သူဟာ အရင်ကတည်းက ဒီလမ်းထဲမှာ လူဟောင်းပဲ ပျောက်နေတာတော့ကြာပြီတဲ့ ကျွန်မတို့ မြို့ထဲက တခြားအိမ်တွေအကုန်လုံး ပိတ်ပစ်တော့ သူလဲဘုံပျောက်သွားပုံရတယ် ဒီလိုနဲ့ ဒီကိုပြန်ရောက်လာပုံပဲ"
"ဒီကောင်မလေးနဲ့ပတ်သက်ပြီး တခြားတိကျတဲ့ ဘာအချက်အလက်တွေ ရှိသေးလဲ "
ကျန်းကျင်းခိုင် မျက်မှောင်ကုတ်ရင်း မေးလိုက်ပြန်သည်။
"မရှိတော့ဘူးအင်စပက်တာ"
ဝေစင်းက ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ အားချွန်ပြောတာတခုတော့ရှိတယ် သူ ပျောက်မသွားခင်တုန်းက သူနဲ့အားကျောက်ဟာ အတော်ကိုအလွမ်းသင့်တယ်တဲ့ အားကျောက်ကိုမေးရင် တခုခု ထူးခြားတာများ သိရမလားမသိဘူး"
"အားကျောက် ဟုတ်လား"
အားကျောက်၏နာမည်ကိုကြားလိုက်သည်နှင့် ကျန်းကျင်းခိုင် မျက်လုံးပြူးသွား၏။ အားကျောက်သည် ဆေးရုံတက်နေဆဲပင်။ အကယ်၍ လူသတ်သမားသာ သူမအား ခြေရာခံမိပါက…
"ဆေးရုံကိုသွားမယ်ဟေ့"
ဒရိုင်ဘာ၏ ပုခုံးကိုပုတ်ရင်း ကျန်းကျင်းခိုင် စိုးရိမ်တကြီးနှင့် လောဆော်လိုက်သည်။
"မြန်မြန်မောင်းဟေ့"
ဆေးရုံတွင် အားကျောက်တယောက် တီဗီကြည့်ရင်း အချိန်ဖြုန်းနေ၏။ ထိုအချိန်တွင် သူမအနားတွင် ဘယ်သူမှမရှိ။ လမ်းအနည်းငယ်လျှောက်လျှင်ပင် နာကျင်နေ၍ သူမအတွက် အကောင်းဆုံးရွေးချယ်မှုမှာ အခန်းထဲတွင် နေရုံသာဖြစ်သည်။ ထိုအခါ တီဗီသည် သူမ၏ အကောင်းဆုံးမိတ်ဆွေ ဖြစ်လာတော့၏။
"အားကျောက်"
ကျန်းကျင်းခိုင် အခန်းထဲသို့ ကမူးရှုးထိုးဖြင့် ဝင်လာ၏။
"ဘာလဲရှင့်" အိပ်ယာပေါ်တွင် လှဲနေသော အားကျောက်က ကျန်းကျင်းခိုင်ဘက်သို့ ခေါင်းငဲ့ရင်း ဖြေလိုက်သည်။
"ဒီလောက်ညဥ့်နက်မှ လာရသလားရှင့် ဘာလဲ ခုနက ကျွန်မ ရှင့်ကို အနှောင့်အယှက်ပေးမ်ိလို့ အကြွေးပြန်လာတောင်းတာလား"
"ဟူး"
အားကျောက်ကို ဘေးမသီရန်မခ မြင်လိုက်ရ၍ ကျန်းကျင်းခိုင် စိတ်သက်သာရသွား၏။ ထိုအခါ သူ ရွဲ့လိုက်လေသည်။
"ဟုတ်တယ် ကျုပ် အကြွေးပြန်လာတောင်းတာ"
"အိုး ဦးရဲကြီးရယ် ရှင် တကယ်ပြီးပြောနေတာလား"
ပြောရင်းနှင့် အားကျောက်က အိပ်ယာပေါ် အားစိုက်ပြီး ထိုင်လိုက်၏။
"ရှင် ဒီလောက်အဝေးကြီးပြန်လာရတာ အလကားဖြစ်ကုန်ပြီ ဒါပေမဲ့ ကျွန်မဒဏ်ရာတွေက အားလုံးမသက်သာသေးဘူးရှင့်"
ပြောရင်းနှင့် အားကျောက်က နှုတ်ခမ်းတို့ကိုစုစည်းပြီး အမူအရာပြုကာ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မ ပါးစပ်နဲ့ဝန်ဆောင်မှုပေးလို့ရတယ်လေ"
အားကျောက် ပြုံးနေ၏။ သူမ၏ အပြုံးတွင် စိန်ခေါ်ဟန်တချို့ ပါဝင်နေသည်။
"မင်း"
ကျန်းကျင်းခိုင် ဒေါသထွက်သွား၏။
"မင်းစိတ်ထဲမှာ ဒီလိုညစ်တီးညစ်ပတ်အတွေးတွေကလွဲပြီး တခြားဘာမှမရှိတော့ဘူးလား"
"မရှိတော့ဘူးလေ ကျွန်မက အပျက်မပဲကို"
အားကျောက် နှုတ်ခမ်းစူရင်း မေးလိုက်ပြန်သည်။
"ဒါဆို ကျွန်မစိတ်ထဲမှာ ဘာတွေရှိသင့်လဲဆိုတာ ရှင်ပဲ ပြောစမ်းပါအုံး"
ကျန်းကျင်းခိုင် ပို၍ဒေါသထွက်လာလေသည်။
"အေး မင်း အဲဒီလိုဆက်ပြောနေ ကျုပ် မင်းကို မရိုက်ဘူးမထင်နဲ့"
ပြောပြောဆိုဆို သူက ကုတင်ဘေးသို့ကပ်သွားပြီး အားကျောက်အား ဇက်ပိုးအုပ်လိုက်လေသည်။ အားကျောက် ဟန်ချက်ပျက်ပြီး ကုတင်ပေါ် လဲကျသွား၏။
"ရှင်နော် ရှင်"
အားကျောက် စိတ်ဆိုးသွားတော့သည်။
"ရှင်နော် ကျွန်မကို တောင်းပန်လိုက်စမ်း မဟုတ်လို့ကတော့"
"ဟ ဘာလို့တောင်းပန်ရမှာလဲ မင်း ဒီလို ဆက်ပြီးဆိုးသွမ်းနေရင် မနက်ဖြန်မနက် မင်းကို အရင်ဆုံးထောင်ထဲပို့ပစ်မယ်"
"ကယ်ကြပါအုံး"
ကျန်းကျင်းခိုင် လက်ရွယ်လိုက်ပြန်၏။ သို့သော် တကယ်တမ်းတော့ မရိုက်ဖြစ်ချေ။
ထိုစဥ် သူမသည် ဆံပင်တွင်ညှပ်ထားသည့် ကလစ်ကိုချွတ်ပြီး ရည်ရွယ်ချက်ရှိရှိ ဆံပင်များကိုဖွာလန်ကျဲလိုက်၏။ တဖန် အောက်ပါအတိုင်း အော်ဟစ်လိုက်ပြန်သည်။
"ကယ်ကြပါအုံးရှင့် ရဲတွေကျွန်မကို ရိုက်နေတယ်"
"ရှင်တို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ"
အားကျောက်၏ အော်သံကြောင့် တာဝန်ကျဆရာမတယောက် အခန်းဝသို့ရောက်လာ၏။
"အင်စပက်တာကျန်း ဒါ ဆေးရုံနော် ရဲစခန်းမဟုတ်ဘူးရှင့်"
ကျန်းကျင်းခိုင် ကြောင်အမ်းအမ်းနှင့် ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။ တကယ်တမ်းတော့ သူ မရိုက်ရသေး။ လက်ရွယ်မိခြင်းသာ ရှိသေးသည်။ သို့သော် တာဝန်ကျဆရာမကတော့ တမျိုးထင်သွားပုံရ၏။
သေစမ်း...
"ကဲ ကဲ ရှင်တို့နှစ်ယောက်လုံး တော်ကြတော့ ရန်ဖြစ်မနေနဲ့တော့"
ဆရာမက ကျန်းကျင်းခိုင်ကို မနှစ်မြို့ဟန်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ အကယ်၍ ကျန်းကျင်းခိုင်သာ အားကျောက်ကို ကြင်ကြင်နာနာဆက်ဆံသူမဟုတ်လျင် သို့မဟုတ် ဂုဏ်သိက္ခာရှိသူ မဟုတ်လျင် ဆေးရုံမှ မောင်းထုတ်ခံရမည်မှာ မုချပင်။
ဆရာမက ဆက်ပြောလိုက်ပြန်သည်။
"ညသန်းခေါင်ရှိပြီရှင့် ရှင်တို့နှစ်ယောက် ဒီလိုအော်ကြီးဟစ်ကျယ်ဆက်ဖြစ်နေရင် ဆေးရုံဒါရိုက်တာကို ကျွန်မ ခုချက်ချင်း ဖုန်းဆက်ရလိမ့်မယ်"
ထို့နောက် ဆရာမက ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်ခွာသွားလေသည်။
"ကျေးဇူးတင်ပါတယ်အစ်မ"
အိပ်ယာပေါ်တွင် ပက်လက်လန်နေရင်းက အားကျောက် ကျေးဇူးတင်စကားလှမ်းပြောလိုက်လေသည်။
"မင်း ပြီးပြီလား"
အားကျောက်၏ ဘေးတွင်ထိုင်ချရင်း ကျန်းကျင်းခိုင်က ပြောလိုက်သည်။
"မင်း သရုပ်ဆောင်လုပ်ရင် အကယ်ဒမီတွေဘာတွေတောင် ရလောက်တယ်ကွ"
"ရှင် ဘာတွေပြောနေတာလဲ ကျွန်မ သရုပ်ဆောင်နေတာမှမဟုတ်တာ"
ကုတင်ပေါ်ခက်ခက်ခဲခဲ ထထိုင်ရင်း အားကျောက်က ပြောလိုက်သည်။ ထို့နောက် သူမက ဖွာလန်ကျဲနေသော ဆံပင်များကို လက်နှစ်ဖက်ဖြင့် ရှင်းလင်းရင်း ကျန်းကျင်းခိုင်ကို တံတောင်ဖြင့်တွက်ကာ ပြောလိုက်ပြန်သည်။
"ရှင် တောင်းပန်မယ်ဆို ခုတောင်းပန် မတောင်းပန်ရင် ကျွန်မ ထပ်အော်လိုက်မှာနော်"
"မင်း"
အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိပဲ ဖြစ်နေလေသည်။ ပြီးမှ သူက အားကျောက်ကို ခပ်တင်းတင်းကြည့်ရင်း ပြောလိုက်သည်။
"အိပ်မက်တောင်မမက်နဲ့ကွာ"
"အင်း ရှင်ပြောတာနော်"
ပြောပြောဆိုဆို အားကျောက် ပါးစပ်ဟလိုက်၏။ သို့သော် ဤတကြိမ်တွင် ကျန်းကျင်းခိုင် လည်သွားပေပြီ။ သူက ချက်ချင်းပင် အားကျောက်အား ကုတင်ပေါ်လှဲချပြီး ပါးစပ်ကို လက်ဖြင့်ပိတ်ထားလိုက်၏။
"အင့်...အင့်..."
အားကျောက်၏အသံမှာ ဗလုံးဗထွေးဖြစ်နေ၏။ ကျန်းကျင်းခိုင်၏ လက်က သူမ၏ ပါးစပ်နှင့်နှာခေါင်းကို ပိတ်မိထားသည် မဟုတ်ပါလား။
ကျန်းကျင်းခိုင် ညစ်ကျယ်ကျယ်ဟန်ဖြင့်ပြုံးရင်း မေးလိုက်ပြန်သည်။
"အော်လေ အော်စမ်းပါ မင်း အော်အုံးမလား"
အားကျောက် ဗလုံးဗထွေးအသံနှင့်ငြီးတွားပြီး ခေါင်းခါပြလိုက်သည်။
"မင်း ခုလိုပဲ ကိုယ့်ကိုယ်ကို မဟုတ်တရုတ်တွေ ပြောနေအုံးမှာလား ပြောစမ်း"
ကျန်းကျင်းခိုင် ထပ်မေးလိုက်၏။ တကယ်တော့ အားကျောက်၏ ကိုယ်ခန္ဓာဆီမှ နွေးထွေးနူးညံ့သော အထိအတွေ့ကြောင့် သူ သာယာမိနေသည်မှာ အမှန်ပင်။
အားကျောက် တကိုယ်လုံး လှုပ်ရှားနေ၏။ သူမ အဆက်မပြတ် ခေါင်းခါပြလိုက်လေသည်။ ကျန်းကျင်းခိုင်၏ လက်ဝါးက သူ့ပါးစပ်က်ိုသာမက နှာခေါင်းကိုပါ ပိတ်မိထားသည် မဟုတ်ပါလား။
"ဒါဆို..."
ကျန်းကျင်းခိုင်က လက်က်ိုမဖယ်သေးပဲ ထပ်မေးရန် ဟန်ပြင်လိုက်သည်။ လူတဦးသည် တစုံတရာတွင် သာယာနေပါက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း နည်းပါးသွားတတ်သည် မဟုတ်ပါလား။
ထိုအခိုက်မှာပင် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော အားကျောက်တယောက် ရုတ်တရက် ပျော့ခွေသွားတော့လေသည်။