မအပ်ရာသော ချိုမြိန်မှု
Vol. 2 Ch. 14
"အားကျောက်"
အားကျောက် ငြိမ်သက်သွားသည်ကို သတိထားမိသွား၍ ကျန်းကျင်းခိုင် လန့်သွား၏။
ဘုရားဘုရား...အသက်ရှုလမ်းကြောင်းပိတ်ပြီး တခုခုများ ဖြစ်သွားပြီလားမသိဘူး...
"အားကျောက်"
အားကျောက်တကိုယ်လုံးကို ထွေးပွေ့ပြီး ကျန်းကျင်းခိုင် အော်ဟစ်မိလေသည်။ ထို့နောက် သူ အားကျောက်၏ နှာခေါင်းအနီး လေတိုးခြင်းရှိမရှိ စမ်းသပ်ပြန်၏။ အသက်ရှုနေသည်က်ို မတွေ့ရချေ။ လက်ကောက်ဝတ်ရှိ သွေးခုန်နှုန်းမှာလည်း အတော်ပင် အားနည်းနေ၏။
"အားကျောက် ထပါတော့ ကျုပ် တောင်းပန်ပါတယ်ကွာ"
အားကျောက်၏ ပါးနှစ်ဖက်ကို သူ့လက်ဖြင့် ငြင်သာစွာ ပွတ်သပ်ပြီး ကျန်းကျင်းခိုင် တောင်းပန်လိုက်လေသည်။။
ဟာ...ဟုတ်ပြီ...အရေးပေါ်အသက်ကယ်နည်းနဲ့စမ်းကြည့်အုံးမှပဲ...ထို့နောက် သူသည် အားကျောက်ကို ခေါင်းမော့စေပြီး ပါးစပ်အတွင်း လေများမှုတ်သွင်းလိုက်၏။
"အဟွတ် အဟွတ်"
ချောင်းဆိုးသံထွက်ပေါ်လာ၏။ တဖန် အားကျောက်၏ စကားသံကိုပါ ကျန်းကျင်းခိုင် ကြားလိုက်ရသည်။
"မဆိုးပါဘူး ဒါပေမယ့် ကျွန်မကို ခွင့်မတောင်းပဲနမ်းတဲ့အတွက်တော့ ပိုက်ဆံပေးရမယ်"
"ကံကြီးပေလို့ကွာ"
ကျန်းကျန်းခိုင်က အားကျောက်ကို ပွေ့ဖက်ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
"ကျုပ်က မင်း သေများသွားပြီလားလို့"
"အဟွတ်...အဟွတ်"
အားကျောက်ထံမှ ချောင်းဆိုးသံ ထပ်မံထွက်ပေါ်လာပြန်သည်။ သူမ၏ ကိုယ်ခန္ဓာကတော့ ကျင်းကျင်းခိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်လာ၏။
"အခုတော့အဆင်ပြေသွားပါပြီ ခုနကတော့ သေတော့မလိုပဲရှင် ဘာဖြစ်ဖြစ် ရှင် ကျွန်မကို တောင်းပန်ရအုံးမယ်"
ကျန်းကျင်းခိုင်အား စိုက်ကြည့်နေသော အားကျောက်၏ မျက်လုံးအစုံမှာ ရယ်မောလိုဟန် ရှိသည်။
"ဟဟ မင်းဘာပြောလိုက်တာ"
အားကျောက် ဘာမှမဖြစ်တော့မှန်း သိလိုက်ပြီဖြစ်၍ ကျန်းကျင်းခိုင်က ခပ်တည်တည်နှင့် အရူးကွင်နင်းလိုက်ပြန်သည်။ သူ့လက်တဖက်ကမူ အားကျောက်၏ နှာခေါင်းအား ချစ်စနိုးဟန်ဖြင့် ဖျစ်ညှစ်လိုက်၏။
"ရှင့်ကိုကြည့်ပြီး ကျွန်မ ချစ်ချင်စိတ်ပေါက်လာပြီ"
အားကျောက်၏ လေသံမှာ တဲ့တိုးဆန်လှသည်။
"သိပ်ကောင်းတာပေါ့ကွာ"
ပြောပြောဆိုဆို ကျန်းကျင်းခိုင်က သူမ၏ ချိုင်းကြားကို ကလိထိုးလိုက်တော့သည်။
"ရှင်နော်...ရှင်...ရှင် ကျွန်မ အော်လိုက်မှာနော်"
ရယ်မောလိုစိတ်ကို ထိန်းထားရန် အားကျောက် အတင်းကြိုးစားနေရ၏။ အကယ်၍ သူမ၏ ရယ်သံကိုသာ တာဝန်ကျဆရာမကြားသွားပါက ဆေးရုံအုပ်ထံ သတင်းပို့လိုက်မည် မဟုတ်ပါလား။
"အော်လေ အော်စမ်းပါ ကျုပ် မင်းကိုမကြောက်ဘူးကွ"
"ကယ်ကြ....."
အားကျောက် ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းကျင်းခိုင်က အားကျောက်၏ ပါးစပ်ကို လက်ဝါးဖြင့် ပိတ်လိုက်သည်။ သို့သော် သူမ၏ လျင်မြန်မှုက သူ ထင်ထားသည်ထက် ပိုနေ၏။ အကြောင်းမှာ သူမက သူ့လက်ကို ကိုက်ထည့်လိုက်သောကြောင့်ပင်။
"အား"
ကျန်းကျင်းခိုင်၏ ခပ်အုပ်အုပ်အော်သံ ထွက်ပေါ်လာ၏။ သို့သော် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်နှင့်အညီ ကျန်းကျင်းခိုင်၏ ကျင့်သားရနေသောလက်အစုံက အားကျောက်၏ လည်ပင်းကို အလိုအလို သွားညှစ်မ်ိတော့သည်။ သို့သော် သူက သူ့လက်က်ို ချက်ချင်းဖြေလျော့လိုက်၏။
သို့တိုင်အောင် အားကျောက်တယောက် ခံလိုက်ရသည်မှာ မသက်သာလှ။
"အဟွတ်.. တော်ပြီ ရှင်က လုပ်လိုက်ရင် အားကြီးနဲ့...ကျွန်မ ရှင်နဲ့ မကစားတော့ဘူး"
အားကျောက် မကျေမနပ်နှင့်ပြောပြီး ကျန်းကျင်းခိုင်ကို ကျောခိုင်းထားလိုက်လေသည်။
"အိုး ဒါဆိုလဲပြီးရော ကျုပ်ကတော့ တောင်းပန်မှမဟုတ်ဘူးနော်"
ပြောပြောဆိုဆို သူက ဆိုဖာပေါ်လှဲချပြီး ပြောလိုက်၏။
"ကျုပ် အိပ်ပြီနော်"
မကြာမီ ကျန်းကျင်းခိုင်၏ ဟောက်သံများ ထွက်ပေါ်လာလေသည်။
"ယောက်ျားတွေအားလုံး ဒီအတိုင်းချည်းပဲ"
ကျန်းကျင်းခိုင်က်ိုကြည့်ရင်း အားကျောက် ညီးတွားလိုက်သည်။ သို့သော် မိနစ်အနည်းငယ်အကြာတွင် သူမသည် အိပ်ယာမှ ခက်ခက်ခဲခဲထလာပြီး ကျန်းကျင်းခိုင်ကို စောင်ခြုံပေးလိုက်၏။ သူမ အိပ်ယာပေါ်ပြန်ရောက်သွားချိန်တွင် ကျန်းကျင်းခိုင်၏ နှုတ်ခမ်းအစုံမှာ ပြုံးယောင်သမ်းလာလေသည်။
နောက်နေ့မနက် ကျန်းကျင်းခိုင် နိုးလာသည့်အခါ အားကျောက်တယောက် အိပ်ပျော်နေဆဲဖြစ်လေသည်။အားကျောက်အဖို့ နေ့လည်တွင် အိပ်သည်မှာ အကျင့်ပါနေသည် မဟုတ်ပါလား။
အင်း...ဒီမိန်းကလေးကတော့ကွာ...
အားကျောက် အိပ်နေသောပုံစံက်ိုကြည့်ရင်း ကျန်းကျင်းခိုင် ပြုံးမိ၏။
သူသာ မိန်းမကောင်းလေးဆိုရင် ငါ သူ့ကို ချစ်မိမလားမသိဘူး...
အားကျောက်၏ မျက်နှာကိုကြည့်ရင်း ကျန်းကျင်းခိုင် အထက်ပါအတိုင်း တွေးမိလေသည်။ သူမ၏ နှုတ်ခမ်းနှင့် သဘာဝအတိုင်းရှည်လျားလှသောမျက်တောင်ကော့ကြီးများမှာ ထူးထူးခြားခြား လှပလှသည် မဟုတ်ပါလား။ နောက်ဆုံးတော့ အခန်းထဲမှ သွားခါနီးတွင် ကျန်းကျင်းခိုင်တယောက် မလုပ်သင့်သောအရာကို လုပ်မိတော့၏။ ၎င်းမှာ သူမပါးကို သူ နမ်းမိခြင်းပင်။ သို့သော် အိပ်ပျော်နေသောအားကျောက်အဖို့ ထိုအပြုအမူကို သတိထားမိလိမ့်မည်မဟုတ်။
ထို့နောက် ကျန်းကျင်းခိုင် ဆေးရုံမှထွက်ခွာလာခဲ့၏။ နေရောင်ခြည်သည် နွေးထွေးလှပေသည်။ လူသားတယောက်အဖို့ စိတ်ပျော်ရွှင်နေချိန်တွင် အရာအားလုံး လှပသည်ဟု ခံစားရတတ်ကြသည်မှာ ဓမ္မတာပင်။
မကြာမီ သူ ရဲစခန်းသို့ရောက်လာ၏။ မိနစ်အနည်းငယ်အကြာတွင် ဝေစင်းက ဖိုင်တစ်ခုကိုင်ရင်း ဝင်လာလေသည်။
"အားရှုရဲ့ဖိုင်ကို ကျွန်မတို့တွေ့လာတယ် အင်စပက်တာ"
"ကောင်းပြီ"
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်၏။
"ဒါ အရေးကြီးတာပေါ့ကွာ"
"ဒါနဲ့ အားကျောက်ဆီက သဲလွန်စများ ရခဲ့သလား အင်စပက်တာ"
ဝေစင်းက မေးလိုက်ပြန်သည်။
"အော် သူ့ဆီကလား"
ကျန်းကျင်းခိုင် ခေါင်းခါလိုက်သည်။
"ဘာမှမရပါဘူးကွာ"
ဤအချိန်တွင် သူလုပ်နိုင်သည်မှာ လိမ်ညာရန်သာ မဟုတ်ပါလား။
"ဒီဖိုင်ကမပြည့်စုံဘူးအင်စပက်တာ အတော်များများ ပျောက်နေတယ်"
ဝေစင်းက ဆက်ပြောလိုက်၏။
"ဒီမိန်းမတွေအားလုံးဟာ တစ်ခုခုနဲ့တော့ ဆက်စပ်နေသလိုပဲ ဒါပေမဲ့ သူတို့နဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ကနဦးစုံစမ်းမှုတွေက ဘာသဲလွန်စမှ မရလေတော့ ကျွန်မတို့အနေနဲ့ သူတို့ကိုဆက်မစုံစမ်းမိတော့ဘူးလေ"
"ဟုတ်လား"
ကျန်းကျင်းခိုင် ခေါင်းမော့လာ၏။
"ဒါတွေကို ကျုပ် ဘယ်လ်ိုဖြစ်လို့မသိရတာတုန်း"
"ဒီအမှုက အထူးတပ်ဖွဲ့ရဲ့လုပ်ပိုင်ခွင့်အောက်မှာရှိနေတယ်အင်စပင်တာ ဒါကြောင့် ကျွန်မတို့နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး"
ဝေစင်း၏ အဖြေကြောင့် ကျန်းကျင်းခိုင်၏ စိတ်ထဲတွင် မနှစ်မြို့မှုများ ဖြစ်ပေါ်လာသည်။ သို့သော် သူက ဟန်ဆောင်ပြီး မေးလိုက်၏။
"ဒီဖိုင်ကို ဘယ်မှာရှာတွေ့တာလဲ"
"မော်ကွန်းတိုက်ကနေတွေ့လာတာပါအင်စပင်တာကျန်း"
"ကောင်းပြီ"
ကျန်းကျင်းခိုင်င်က ခေါင်းညိတ်လိုက်သည်။
"တခြားမိန်းကလေးတွေနဲ့ပတ်သက်တဲ့ သံသယဖြစ်စရာဖိုင်တွေကိုလိုက်ရှာ များများရှာနိုင်လေ ကောင်းလေပဲကွာ"
"ဒါပေမယ့်..."
ဝေ့စင်း နားမလည်နိုင်ပဲဖြစ်နေ၏။
"သွားမယ်သာသွားပါဝေဝေ နောက်ဆုံးတော့ မင်းနားလည်သွားလိမ့်မယ်"
ကျန်းကျင်းခိုင် ထပ်မံအမိန့်ပေးလိုက်ပြန်သည်။
"ဟုတ်ကဲ့ အင်စပက်တာ"
ဝေစင်း ခေါင်းညိတ်လိုက်၏။
နေ့လည်၁၀ နာရီခန့်တွင် အားကျောက် နိုးလာ၏။ အိပ်ယာနိုးသည်နှင့် သူမ တွေးမိသည်မှာကား..ငါတကယ်ပဲ ဦးရဲကြီးကိုချစ်မိသွားပြီလားမသိဘူး... ဟု၍ ဖြစ်လေသည်။ အတန်ကြာသော် သူမ ပြန်လည်အိပ်ပျော်သွား၏။ အိပ်ပျော်ချိန်တွင် သူမ၏ နှုတ်ခမ်းအစုံမှာ ပြုံးယောင်သန်းနေလေသည်။
ထိုအချိန်တွင် ကျန်းကျင်းခိုင်သည် အားရှု၏ ဖိုင်ကို လေ့လာလျက်ရှိ၏။ သို့သော် ဖိုင်ထဲတွင် ဟာကွက်များစွာ ရှိနေ၏။
ဒီအချက်အလက်တွေကို ဘယ်သူတွေများ ဖြည့်ထားသလဲမသိဘူး ဒါမှမဟုတ် အထူးတပ်ဖွဲ့မှာများ ပြဿနာရှိနေသလား...
တဆက်တည်းမှာပင် သူက အောက်ပါအတိုင်း တွေးမိပြန်သည်။
အရင်ညက ငါ မြင်ခဲ့တဲ့မိန်းမကဘာလဲ...
ထိုစဥ် ကျန်းကျင်းခိုင်၏စားပွဲပေါ်ရှိ တယ်လီဖုန်းမြည်လာသည်။
"အင်စပက်တာ"
ဖုန်းထဲမှ ကျန်းနန်၏ အသံထွက်ပေါ်လာသည်။
"ကျန်းနန်လား ဘာဖြစ်ပြန်ပြီလဲကွ ဒီလူသတ်သမားက နေ့လည်နေ့ခင်းမှာတောင် ပြောင်ပြောင်တင်းတင်း လူသတ်နေပြီလား"
ကျန်းကျင်းခိုင် အရွှန်းဖောက်လိုက်၏။
"ဟဲဟဲ မဟုတ်ပါဘူးအင်စပက်တာ"
ကျန်းနန် ရယ်မောလိုက်၏။
"မနေ့ကသေသွားတဲ့မိန်းမက အားရှုလို့ခေါ်တယ်အင်စပက်တာ သူ အနားယူထားတာကြာပြီ လမ်းကြားထဲကို ပေါ်မလာတာ ၂နှစ်လောက်ရှိပြီတဲ့"
"ဒီမိန်းမကို မင်းသိလားကွ"
ကျန်းကျင်းခိုင်ကမေးလိုက်သည်။
"ဟုတ်ကဲ့ သိပါတယ်အင်စပက်တာ"
ကျန်းနန်၏အသံမှာ မရေရာဟန်ရှိသည်။
"ဟုတ်လား ကောင်းပြီ ဒါဆို ကျုပ် မင်းရုံးခန်းကိုလာခဲ့မယ်"
ကျန်းနန်၏အသံတွင် အားရှုနှင့်ပတ်သက်၍ ပြောပြလိုဟန်မရှိဟု ကျန်းကျင်းခိုင် ခံစားလိုက်ရသည် မဟုတ်ပါလား။ ဤမှတဆင့် နောက်ထပ်သဲလွန်စများ ရကောင်းရနိုင်ပေသည်။
သူ လှေကား ဆီသို့သွားနေစဉ်မှာပင် ဝေစင်းတယောက် ဖိုင်အထပ်လိုက်ကြီးကိုင်လျက်လာနေသည်ကို ကျန်းကျင်းခိုင် တွေ့လိုက်ရသည်။
"ဒါတွေကို ကျုပ်စားပွဲပေါ် ချထားလိုက် ကျုပ်တို့ ကျန်းနန်ဆီသွားကြမယ်"
ပြောပြောဆိုဆို ကျန်းကျင်းခိုင်က ရှေ့မှဦးဆောင်ထွက်သွားလေသည်။