ဆူပူကြိမ်းမောင်းခြင်း
Vol. 2 Ch. 19
ဒေါက်တာဝမ်၏ ရုံးခန်းတွင် ဖြစ်သည်။ ဒေါက်တာဝမ်သည် သူမ၏ မျက်မှန်ကို နှာတံပေါ်မှ ပင့်တင်ပြီး ကျန်းကျင်းခိုင်ကို တချက်ကြည့်ကာ စကားစလိုက်၏။
"အင်စပက်တာကျန်း ကျွန်မတို့အချင်းချင်း သိလာတာ နှစ်တွေလဲကြာပြီ ကျွန်မအနေနဲ့ ရှင့်ကို လူကောင်းတစ်ယောက်လို့ အမြဲထင်ခဲ့တယ် ဒါပေမယ့် မနေ့ညကတညလုံး လူနာခန်းထဲမှာ ရှိတယ်လို့ ကျွန်မသိရတယ်"
"မှန်ပါတယ် ကျွန်တော် ရှိနေခဲ့ပါတယ်"
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။ သို့သော် မေးခွန်းကြောင့် သူ ခေါင်းရှုပ်သွား၏။ ဒေါက်တာဝမ်က အားကျောက်တယောက် အိမ်သာထဲတွင် အကြမ်းဖက်ခံရသည်ဟု ဆိုလိုနေခြင်းပေလော။
"ညတာဝန်ကျဆရာမပြောတာကတော့ ရှင်တို့နှစ်ယောက်ဟာ ညကြီးမိုးချုပ်မှာ ရန်ဖြစ်နေကြသတဲ့ သူ့ လည်ပင်းပေါ်က အညိုအမည်းရာတွေက ရှင့်လက်ချက်ဆိုတာ ကျွန်မသိတယ်"
"အညိုအမည်းရာလား... ကျွန်... ကျွန်တော်..."
ကျန်းကျင်းခိုင်မှာ ဘာပြောရမှန်းမသိပဲဖြစ်နေ၏။ ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်တွေ့ခြင်းခံရသည့် ကျောင်းသားတစ်ဦးသဖွယ် သူ ခံစားနေရလေသည်။
"ရှင် အမှတ်တမဲ့နဲ့ လုပ်မိတယ်ဆိုတာ ကျွန်မ သိပါတယ်"
ဒေါက်တာဝမ်က ဆက်ပြောလိုက်သည်။
"ဒါပေမယ့် လူနာဟာ အရမ်းအားနည်းနေသေးတယ် သူ့ ခန္ဓာကိုယ်က ဒီလိုအကြမ်းဖက်တာမျိုးကို ခံနိုင်ရည်မရှိသေးဘူး ပြီးတော့ ရှင်က သူ့ကို ဒီနေ့ ဟော့ပေါ့စားဖို့ ခေါ်သွားသေးတယ်ဆို အဲတာဟုတ်သလား"
"ဟုတ်ပါတယ်ခင်ဗျာ"
ကျန်းကျင်းခိုင်က ခေါင်းညိတ်လိုက်ရပြန်သည်။
"ရှင့်ကို အစာခြေရခက်တဲ့အစားအစာတွေ မကျွေးဖို့နဲ့ တစ်ခါတည်း အများကြီး မကျွေးဖို့ ကျွန်မ မပြောထားဘူးလား"
ဒေါက်တာဝမ်က ကျန်းကျင်းခိုင်အား ဆူပူလိုက်သည်။
"သူ့အစာအိမ်က ဒီလို အစားအစာတွေကို လက်မခံနိုင်သေးဘူး"
"ကျွန်တော်... ကျွန်တော် မှားသွားပြီ"
ကျန်းကျင်းခိုင် ဝန်ခံလိုက်၏။ ဒေါက်တာဝမ်က အစားအသောက်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ကနဦးကတည်းက သတိပေးထားပြီး ဖြစ်သာ်။ ထမင်းစားနေစဉ် သူ ထိုအကြောင်းကို သတိထားမိသေးသော်လည်း အားကျောက်အတွက် ပြသနာတစုံတရာ ဖြစ်လိမ့်မည်ဟုတော့ လုံးဝထင်မထားချေ။
"လူနာရဲ့အလုပ်အကိုင်ကို ခနမေ့ထားပြီး သူ့ကို လူသားတယောက်အနေနဲ့ လေးစားဖို့ လေးလေးစားစား ဆက်ဆံဖို့ ကျွန်မ မျှော်လင့်တယ် သူ့အခြေအနေက ခုချိန်မှာ ၂၄ နာရီ စောင့်ကြည့်စရာ မလိုတော့ဘူး ရှင် သူ့ရဲ့ လုံခြုံရေးကို အရမ်းစိုးရိမ်နေတယ်ဆိုရင် အမျိုးသမီးရဲတစ်ယောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးလို့ မရနိုင်ဘူးလား"
ဒေါက်တာဝမ်က မေးခွန်းထုတ်လိုက်သည်။
"ဟုတ်ကဲ့...ကျွန်တော် မစဉ်းစားမိဘူး... အဓိကကတော့... ကျွန်တော့မှာ သူ့ကိုမေးရမဲ့ အရေးကြီးမေးခွန်းတချို့လဲ ရှိနေတော့..."
ကျန်းကျင်းခိုင် မရေရာစွာနှင့် အကြောင်းပြချက် ပေးလိုက်၏
"ပြီးတော့...ကျွန်တော်က နေ့ဘက်မှာ အလုပ်များတယ်လေ... ဒါကြောင့်..."
"အင်စပက်တာကျန်း တချို့သောအရာတွေကို ရှင် ပိုပြီးတွေးထားမှရမယ် သူ့အတွက် သီးသန့်အိပ်ခန်းစီစဉ်ပေးတာ အပြင်ထွက်စားသောက်ဖို့ ခေါ်သွားတာ... ဒါတွေကို ကော်မရှင်နာယောက်သိသွားရင် ရှင် ဘာဖြစ်သွားမယ်ထင်သတုန်း ကျွန်မကိုပါ ဒုက္ခရောက်စေချင်တာလား"
ပြောရင်းနှင့် ဒေါက်တာဝမ်က သက်ပြင်းချလိုက်သည်။
"ကျွန်တော်... ကျွန်တော်မှားသွားတာ သိပါပြီဒေါက်တာ"
ကျန်းကျင်းခိုင်က ခေါင်းညိတ်ဝန်ခံလိုက်သည်။ ထိုအခါ ဒေါက်တာဝမ်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြေလျော့လာ၏။ ထိုစဥ် ကျန်းကျင်းခိုင်က လွှတ်ခနဲ မေးလိုက်ပြန်သည်။။
"ဒါနဲ့ ဒေါက်တာ... သူ့ အခြေအနေက..."
"အိုး သူ အဆင်ပြေနေပါပြီ အမှန်က သူ ဓမ္မတာလာနေတာ၊ ဒီနေ့ကလဲ အစားအသောက်ကို အလွန်အကျွံစားမိတယ်ဆိုတော့ သားအိမ်ပေါ် ဖိအားများသွားပြီး မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေမှာ သွေးယိုစီးမှုဖြစ်သွားတာ အရငဖြစ်စဥ်တုန်းက သူ သွေးလွန်ထားတော့ သွေးပမာဏက ပုံမှန်ထက် နည်းနေတယ် ဒါကြောင့်မို့ သူ သတိလစ်သွားတာ ရှင် အချိန်မီ သူ့ဆီရောက်သွားတာ ကံကောင်းတာပဲ မဟုတ်ရင် သူ သွေးလွန်ပြီးသေသွားန်ိုင်တယ်"
"ဒါဆို သူ့အတွက် အသက်အန္တရာယ်မရှိတော့ဘူးပေါ့ ဟုတ်လား ဒေါက်တာ"
ဘာပြောပြော ကျန်းကျင်းခိုင် အတော်လေးတော့ စိတ်သက်သာရသွား၏။
"သူ့အတွက် အန္တရာယ်မရှိတော့ပါဘူး"
ဒေါက်တာဝမ်က ပြောလိုက်သည်။
"အခုကစပြီး ကျွန်မ ပြောတဲ့အတိုင်း လိုက်နာပါ သူမကို အနားယူခိုင်းပါ ကဲ ဒါဆို ကျွန်မပြန်တော့မယ်"
ထို့နောက် ဒေါက်တာဝမ်သည် ဆေးရုံဝန်ထမ်းများ၏ အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။
ဒေါက်တာဝမ် ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်သည်လည်း အနားယူလိုက်လေသည်။ အသက်အရွယ်အားဖြင့် ဒေါက်တာဝမ်က သူ့ထက် အများကြီး၏။ ထို့ကြောင့် သူ့အား ဆူပူကြိမ်းမောင်းသည်မှာ ပြသနာမရှိ။ ပိုဆိုးသည်မှာ ဒေါက်တာဝမ်သည် ကော်မရှင်နာယောက်နှင့် မောင်နှမ ဖြစ်နေခြင်းပင်။ ယခုတော့ သူသည် ကော်မရှင်နာကို ဒေါက်တာဝမ် ပြန်မတိုင်ရန် ဆုတောင်းနေရ၏။ မဟုတ်ပါက နက်ဖြန်မနက်တွင် သူ ကောင်းကောင်းကြိမ်းမောင်းခံရပေတော့မည်။
သို့သော် သတင်းသည် ပွဖြစ်အောင် ပွသွားသေး၏။ လူထူထပ်သော မြို့လယ်တွင် သေနတ်ကိုင်ခဲ့သည့် ဖြစ်ရပ်ကြောင့် ဖြစ်နိုင်ပေသည်။ပြည်သူများနှင့် မီဒီယာများ၏ အမြင်တွင် သေနတ်ပါသည့် ဖြစ်ရပ်များသည် ဖြစ်ရပ်ကြီးများ ဖြစ်နေတတ်၏။ ထို့ကြောင့် ထိုညနေပိုင်းမှာပင် သတင်းမီဒီယာလှိုင်းလုံးကြီး ဟော့ပေါ့ဆိုင်သို့ တိုက်ခတ်လာတော့သည်။ နောက်တစ်နေ့ နံနက်ပိုင်း သတင်းထုတ်လွှင့်မှုများတွင် ကျန်းကျင်းခိုင်၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်များကို ဖော်ပြခဲ့ကြ၏။ နောက်ဆုံးတော့ ဖြစ်စဥ်မှန်ကို ကော်မရှင်နာ သိသွားတော့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ကျန်းကျင်းခိုင်ကို ကော်မရှင်နာရုံးခန်းက လှမ်းခေါ်လိုက်၏။ ခေါင်းကြိမ်းအောင်အဆူခံရပြီးနောက် ရုံးခန်းထဲမှ ထွက်လာချိန်တွင် အကြီးတဦး ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို သူ နားလည်သွားခဲ့လေသည်။
"မင်းရဲ့အထက်အကြီးအကဲတစ်ယောက် အပျက်မတယောက်နဲ့ ညစာစားနေတာမြင်ရင်တောင်ညစ်တီးညစ်ပတ်မထင်နဲ့ တစ်ခါတစ်ရံမှာ သူတို့အလုပ်လုပ်နေတာပဲလို့တွေးရမယ်ကွ" ဟူ၏။ ကံဆိုးသည်မှာ ကျန်းကျင်းခိုင်၏ အကြီးအကဲနှင့် ညစာစားမည့် အပျက်မ ဤလောကကြီးဝယ် မမွေးသေးခြင်းပင်။
နောက်ဆုံးတော့ ကျန်းကျင်းခိုင် လိမ္မာသွား၏။ သူ အားကျောက်ကို ဆေးရုံတွင် သွားမတွေ့တော့။ ၎င်းမှာ စွန့်စားရာကျလွန်းသည်မဟုတ်ပါလား။ အားကျောက်တယောက် လက်ရှိအချိန်တွင် အားငယ်နေမည်လား။ ဤမေးခွန်းကလည်း ဖြေဆိုရန်မလိုသည့်မေးခွန်း ဖြစ်သွားလေပြီ။
အားကျောက်သည် တစ်ရက်လုံး သတိလစ်နေခဲ့ပြီး နောက်တစ်နေ့ ညနေတွင် ပြန်သတိရလာခဲ့၏။ ထိုအခါ လူနာကုတင်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေသည်ကို သူမ မြင်လိုက်ရသည်။
"ဦးရဲကြီး... အင်စပက်တာကျန်း ကျွန်မ ရေသောက်ချင်တယ်..."
သူမ ဖြည်းညှင်းစွာ ခေါ်လိုက်သည်။ "ဟန်နီ" သို့မဟုတ် "ဘေဘီ" ကဲ့သို့သော ခေါ်ဝေါ်မှုမျိုးကို အသုံးမပြုမိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ အကယ်၍ အဆိုပါစကားလုံးများကို အသုံးပြုမိပါက ကျန်းကျင်းခိုင်၏ ရဲဘဝ ဆုံးခန်းတိုင်ကောင်း တိုင်သွားပေလိမ့်မည်။
"ရေဆာနေတာလား"
လူနာကုတင်ပေါ်မှ အသံတစ်သံက ပြန်ဖြေလိုက်၏။
"ရေယူလိုက်အုံးမယ်"
"အင်း... ရှင်က ဘယ်သူလဲ"
အားကျောက် ဖျော့တော့သောအသံနှင့် မေးလိုက်၏။
"ဘာလို့ အင်စပက်တာကျန်း ဒီည မလာတာလဲ နောက်ထပ်လူသတ်မှုတစ်ခု ဖြစ်သွားပြန်ပြီလား"
"မဟုတ်ဘူး ကျွန်မနာမည်က ဝေစင်း အင်စပက်တာကျန်းက ရှင့်ကို ကူညီဖို့ ကျွန်မကို တာဝန်ပေးထားတယ် ရှင့်မှာ အချက်အလက်အသစ်တွေ သတိရမိတာရှိရင် ပြောပါ ကျွန်မ အင်စပက်တာကို ပြန်ပြောပေးမယ်"
"ဟုတ်ပါပြီ"
အားကျောက် ဘာမှပြန်မပြောတော့ပဲ မျက်လုံးမှိတ်ထားလိုက်၏။
အချိန်မှာ နှစ်ပတ်ကြာသွား၏။ ကျန်းကျင်းခိုင်တယောက် ဘာအထောက်အထားမှ မယ်မယ်ရရ မရခဲ့။ အရေးအကြီးဆုံးသော အချက်အလက်မှာစခန်းမှုးဟောင်းကောက် သိထားသည့်အချက်အလက်များဖြစ်သော်လည်း ၎င်းသည် အငြိမ်းစားယူပြီးနောက် ဇာတိမြို့သို့ ပြန်သွားခဲ့၏။ ဤတွင် အားလုံး လမ်းစပြတ်သွားပြီး အမှု၏ ကွင်းဆက်တခု ပျောက်ဆုံးသွားတော့သည်။
"ကျန်းနန်ဆီမှာ ဘာသတင်းများ ထူးသေးလဲ"
ကျန်းကျင်းခိုင်က ပြက္ခဒိန်ပေါ် ကြက်ခြေခတ်ရင်း မေးလိုက်သည်။
"နှစ်ပတ်ကျော်သွားပြီ လမ်းထဲမှာ ဘာမှမထူးခြားဘူးလား"
"ဟုတ်ကဲ့ အင်စပက်တာကျန်း"
ဝေစင်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဒါပေမယ့် အရင်လူသတ်မှုတွေအရတော့ နောက်ထပ်လူသတ်မှုတစ်ခု ဖြစ်တော့မယ်လို့ ကျွန်မ ခန့်မှန်းမိတယ်"
"ဒါဆိုလဲ ဆက်ပြီး စောင့်ကြည့်ထားကွာ"
ထို့နောက် သူက ဆက်မေးလိုက်ပြန်သည်။
"ဒါနဲ့ အားကျောက်တယောက်ရော ဘယ်လိုနေသလဲ"
"သူ ဒီနေ့ ဆေးရုံဆင်းမယ်ထင်တယ် အင်စပက်တာ"
ဟော့ပေါ့ဆိုင်ဖြစ်ရပ်ပြီးနောက် ဝေစင်းက အားကျောက်အား စောင့်ကြည့်နေရသည် မဟုတ်ပါလား။
"အိုး ဒါဆို ဒီ နေ့လည်မှာ ကျုပ် သူ့ဆီ သွားလည်မယ်"
ကျန်းကျင်းခိုင်က လက်နှစ်ဖက် စားပွဲပေါ်ထောက်ပြီး စိတ်မသက်မသာဟန်ဖြင့် ပြောလိုက်သည်။ တဖန် သူက ဆက်ပြောလိုက်ပြန်၏။
"သူ ဆေးရုံက ဆင်းပြီးရင် မင်းက သူ့ကို ဆက်ပြီး စောင့်ကြည့်ထားရမယ် ကျုပ်အထင် သူ တခုခုကိုတော့ သိနေတယ် ပိုအရေးကြီးတာက အားရှုနဲ့ အရင်းနှီးဆုံးလူဟာ သူပဲ"
"ကျွန်မ နားလည်ပါပြီ အင်စပက်ျာကျန်း
ဝေစင်းက အမိန့်ကို တည်ငြိမ်စွာ လက်ခံလိုက်သည်။
"အဲဒီမိန်းကလေး.. သူစိတ်ရင်းတော်တော်ကောင်းတယ် လမ်းမှားရောက်သွားလို့သာ ခုလိုဖြစ်နေတာ အင်စပက်တာ"
ဝေစင်းကိုယ်တိုင်ပင် ထိုစကားလုံးများ ဘယ်ကနေထွက်လာမှန်း မသိချေ။
"ဘာပဲဖြစ်ဖြစ် နေ့လည်စာစားပြီးရင် ဆာဂျင်ကျန်းဆီတန်းသွားနော် ကျုပ် ဆေးရုံကနေ ပြန်ရောက်ရင် မင်းနဲ့အဲဒီမှာတွေ့မယ်"
ထို့နောက် ကျန်းကျင်းခိုင် မတ်တပ်ရပ်လိုက်၏။
"သွားကြရအောင်! နေ့လည်စာစားချိန်ရောက်ပြီ"
သူသည် အားကျောက်အကြောင်း သိပ်ဆွေးနွေးလိုခြင်းမရှိ။ အဆူခံရသည်မှာ ရက်အနည်းငယ်သာ ကြာသေးသည် မဟုတ်ပါလား။ သို့သော် သူ ဆေးရုံသို့ မဖြစ်မနေသွားရမည်။ အကြောင်းမှာ အားကျောက်၏ ဆေးရုံစရိတ်အများစုကို သူ့ကိုယ်ပိုင်ငွေဖြင့် ထုတ်ရှင်းထားသောကြောင့်ပင်။ သံသယရှိသူ သို့မဟုတ် သက်သေများအား ဤနည်းဖြင့် ကျန်းကျင်းခိုင် မဆက်ဆံတတ်။ သို့သော် အားကျောက်အတွက်မူ သူတစ်ခုခု ကြွေးကျန်နေသည်ဟု ခံစားရ၏။ အကယ်၍ သူသာ အားကျောက်ကို ပုံမှန်အမျိုးသမီးတစ်ဦးသဖွယ် မှတ်ယူခဲ့ပါက သူမအား တိုက်ခိုက်ခဲ့သူသည် ယခုအချိန်တွင် ထောင်ကျနေပေလိမ့်မည်။