← Chapters

အမှတ်တရနေ့

Vol. 2 Ch. 17

အမှတ်တရနေ့

Vol. 2 Ch. 17

လူတစ်ယောက်၏ စိတ်ထဲတွင် တစုံတခုကြောင့် လေးလံနေလျင် အချိန်မှာ ပိုမိုနှေးကွေးသည့်နှယ် ခံစားရတတ်၏။ တယောက်နှင့်တယောက် အပြန်အလှန် ဒေါသထွက်နေ၍ တခန်းလုံး တိတ်ဆိတ်နေလေသည်။ ကျန်းကျင်းခိုင်သည် လူနာစောင့်ကုတင်ပေါ်တွင် ထိုင်ပြီး အမှုနှင့်ပတ်သက်သည့်ဖိုင်ကို ဖတ်နေ၏။ သို့သော် တခါတရံတွင် သူက အားကျောက်ဘက်သို့ လှည့်ကြည့်မိတတ်ပေသည်။ အားကျောက်ကား လုံးဝဂရုမစိုက်ပဲ ရေငုံနှုတ်ပိတ်လျက်ရှိနေ၏။

၈နာရီထိုးချိန်တွင်တော့ အားကျောက်တယောက် မနေနိုင်တော့ပဲ စကားစပြောလာတော့သည်။ သူမက ဆေးရုံကုတင်ပေါ်တွင် ခက်ခက်ခဲခဲထထိုင်ပြီး ကျန်းကျင်းခိုင်ကိုကြည့်ကာ ဒေါသသံနှင့် ပြောလိုက်၏။

"ဟေ့ အင်စပက်တာကျန်း ကျွန်မ ဗိုက်ဆာနေပြီရှင့် စားစရာရှာပေးအုံး"

ဤတချီတွင် သူနိုင်ပြီမှန်း ကျန်းကျင်းခိုင် သိလိုက်သည်။ ထိုအခါ သူက ဘာမှမပြောပဲ ပြုံးစေ့စေ့နှင့် စာရွက်များကို ဆက်လက်လှန်လှောနေလေသည်။

"ဟိတ် ကျွန်မကိုကြည့်စမ်း"

အားကျောက်က ကျန်းကျင်းခိုင်ကို ခေါင်းအုံးနှင့် လှမ်းပေါက်လိုက်၏။

"အင်စပက်တာကျန်း ရှင် ကျွန်မကို ဗိုက်ဆာအောင်ထားရင် ဒုက္ခရောက်ပြီသာမှတ်"

"ကျုပ် တောင်းပန်ပါတယ်ကွာ"

ကျန်းကျင်းခိုင် အေးဆေးသောအမူအရာနှင့် ပြောလိုက်၏။

"ဒါပေမယ့် အခုက ကျုပ် တာဝန်ချိန်မဟုတ်ဘူးကွ ဒါကြောင့် မင်းဗိုက်ဆာပြီးသေသွားရင်တောင် ကျုပ်နဲ့မဆိုင်သေးဘူး"

"ရတယ်လေ"

အားကျောက် ကုတင်ပေါ် ပြန်လှဲချလိုက်၏။ သို့သော် မမျှော်လင့်ပဲ သူမ၏ ခေါင်းမှာ ကုတင်စောင်းနှင့် မိတ်ဆက်သွားရှာသည်။ ချက်ချင်းလိုလိုပင် သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာ၏။

ငါ့ကိုဂရုစိုက်တယ်ဆိုတဲ့ယောက်ျားတွေအားလုံးက...ငါ့ကို လှည့်စားနေကြတာ...

"နာသွားသလား"

အားကျောက်၏ ခေါင်းနှင့်ကုတင်စောင်းရိုက်မိသံကို ကျန်းကျင်းခိုင် ကောင်းကောင်းကြားလိုက်ရသည်။ ထိုအခါ သူ မနေနိုင်တော့ပဲ စာရွက်များကိုပစ်ချပြီး အားကျောက်ဘေးတွင် လာထိုင်လိုက်လေသည်။ အားကျောက် အသံမထွက်အောင် ကြိတ်ငိုရင်း ခေါင်းခါနေ၏။

"ဒါဆိုနာတာမဟုတ်ဘူးပေါ့ ဟုတ်လား"

ကျန်းကျင်းခိုင်က သူမ၏ မျက်နှာကို လိုက်ကြည့်သောအခါ အား​ကျောက်က ရှောင်လွှဲနေလေသည်။

"ဟေ့ မငိုနဲ့တော့လေ ကလေးလဲမဟုတ်ပဲနဲ့"

"ကျွန်မဖာသာကျွန်မ ငိုချင်လို့ငိုတာ ပြီးတော့ ကျွန်မက ပြည့်တန်ဆာတောင်လုပ်နေတာရှင့် ကလေးဘယ်ဟုတ်မလဲ"

ပြောနေရင်ူနှင့် အားကျောက်တယောက် မျက်ရည်များ သွင်သွင်စီးကျနေလေသည်။

"ရှင် ကျွန်မကို ညစာဝယ်ကျွေးမယ်ဆိုရင် ကျွန်မ မငိုတော့ဘူး"

"ရပြီ"

ကျန်းကျင်းခိုင် ဝမ်းသာအားရနှင့် သဘောတူလိုက်လေသည်။

"ဟော့ပေါ့စားမလား"

ကနဦးအဖြစ်အပျက်များအတွက် ကျန်းကျင်းခိုင်၏ ရင်ထဲတွင် နောင်တတစုံတရာများ ရနေသလားပင် မပြောတတ်။

"သွားစားမယ်လေ အမှန်တော့ ကျွန်မက ဟော့ပေါ့သိပ်ပြီးကြိုက်လှတာမဟုတ်ဘူးရယ်"

ပြောရင်းနှင့် မတ်တပ်ရပ်ရန် အားကျောက် ကြိုးစားလိုက်သည်။ သို့သော် သူမ တကိုယ်လုံး အားမရှိသည့်နှယ် ပျော့ခွေနေလေသည်။

"ရှင် ကျွန်မကို ကုန်းပိုးမလား"

"အလကားတော့ဘယ်ရမလဲကွ ခြေတလှမ်းကို ငါးယွမ်ပေးရင် ပိုးမှာပေါ့"

ကျန်းကျင်းခိုင် ပြုံးစိစိနှင့် အားကျောက်ထံ ပိုက်ဆံလှမ်းတောင်းလိုက်သည်။

"ကဲ ပေးမယ်ဆိုမြန်မြန်ပေးနော်"

"ရှင်ဟာလေ တကယ်စိတ်ရှုပ်ဖို့ကောင်းတာပဲ ခက်တာက ကျွန်မမှာ ပိုက်ဆံမရှိဘူးရှင့် ဒီတော့ အကြွေးမှတ်ထားလိုက်"

"ပိုက်ဆံမရှိဘူး ဟုတ်လား ပိုက်ဆံမရှိရင် ကုန်းမပိုးဘူးကွာ ကျုပ်က မင်းရဲ့ကျွန်လား"

ကျန်းကျင်းခိုင်က အားကျောက်၏ လေသံအာူ အတုယူရင်း ပြောလိုက်သည်။

"မြန်မြန်ပေးစမ်းပါကွာ"

"ကျွန်မ...ပြန်ပြီး နားလန်ထလာရင်..ခန္ဓာကိုယ်နဲ့ရင်း...."

ပြောရင်းနှင့် အားကျောက် မျက်နှာ နီရဲသွား၏။ သူမ ကျန်းကျင်းခိုင်အား မကြည့်ရဲသလို ဖြစ်နေလေသည်။ အမှန်တော့ သူမက "ရှင် ဘယ်လိုချစ်သူမျိုးလဲ" ဟု ပြောချင်စိတ်ပေါက်နေခြင်းပင်။ သို့သော် နှစ်ဦးသား၏ အလုပ်အကိုင်များအကြောင်း တွေးမိသောအခါ သူမပါးစပ်မှ စကားတခွန်းပင် ထွက်မလာတော့။

"ဟာ အဲလိုကြီးလား"

အားကျောက် စိတ်ပြေသွားစေရန် ကျန်းကျင်းခိုင် အရွှန်းဖောက်လိုက်သည်။ "

"ဒါဆိုလဲ ကျုပ်က မင်းကို ခနတဖြုတ်လောက် ကုန်းပိုးပေးပါ့မယ်ကွာ"

"ရှင်က မုန်းစရာကြီး"

အားကျောက်က ကျန်းကျင်းခိုင်ဆီ လက်နှစ်ဖက်ဆန့်ပေးရင်း ပြောလိုက်သည်။

"ကျွန်မကို ထူပေးပါအုံး ကျွန်မ အားမရှိတော့ဘူးရှင့်"

"ဗိုက်ဆာနေလို့လား"

ကျန်းကျင်းခိုင်က အားကျောက်၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်၏။ သူမ၏ မျက်နှာ ဖြူလျောနေသည်။ သို့သော် အဆင်ပြေနေဟန်ပေါ်၏။

ကျန်းကျင်းခိုင်၏အကူအညီဖြင့် အားကျောက် က ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ တကိုယ်လုံး တဆစ်ဆစ် ကိုက်ခဲနာကျင်နေလေသည်။ သို့သော် ကျန်းကျင်းခိုင်နှင့်အတူ ညစာ စားလို၍ ညည်းသံမထွက်အောင် အားကျောက် တင်းထားလိုက်၏။

ဟော့ပေါ့ဆိုင်အရောက်ဝယ် စားပွဲထိုးတယောက် ရောက်လာ၏။

"ဆရာ အမယ် ဒီနေ့ဘာစားကြမလဲခင်ဗျ"

"အမယ်" ဆိုသော စကားလုံးကိုကြားသည်နှင့် အားကျောက် ချက်ချင်းလှည့်ကြည့်လိုက်၏။ထိုစကားလုံးကို သူမ အာရုံစိုက်မိဟန်ပေါ်လေသည်။

"အားကျောက် ဘာစားမလဲ"

အားကျောက်၏ မသာယာသောမျက်နှာကြောင့် ကျန်းကျင်းခိုင် စိတ်ပူသွားသည်။

"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

"အို၊ မဟုတ်ဘူး"

အားကျောက် ခေါင်းခါလိုက်သည်။

"ကျွန်မ...အဆင်ပြေပါတယ်"

"ဒါဆိုဘာစားမလဲ"

ကျန်းကျင်းခိုင် မီနူးကိုကြည့်ရင်း မေးလိုက်၏။

"အစပ်မပါတဲ့ဟင်းရည်ပဲ မှာကြမလား"

"မဟုတ်ဘူး ကျွန်မက အစပ်စားချင်တာရှင့်"

"ဆရာဝန်က အစပ်မစားသင့်ဘူးလို့ မှာထားတယ် မရဘူး ဟင်းရည်ချိုပဲ မှာလိုက်မယ်"

ကျန်းကျင်းခိုင် အားကျောက်၏ ဆန္ဒကို ငြင်းပယ်လိုက်သည်။

"ကောင်းပြီလေ... ဒါဆိုလဲ သိုးသားလျှာစားမယ် ပြီးတော့ ကမာရယ် ဝက်အူရယ်"

အားကျောက်က သူမဆန္ဒက်ို ပြောပြလိုက်သည်။

"မရဘူး ဆရာဝန်က မင်းကို အမဲသား သိုးသား ပင်လယ်စာတွေမစားဖို့ပြောထားတယ် ဒါပေမယ့် ပုဇွန်လုံးတော့စားလို့ရမယ် အသားထဲက ဝက်သားရမယ် ပြီးတော့ ဟင်းသီးဟင်းရွက်တွေ"

ကျန်းကျင်းခိုင်က အထက်ပါအတိုင်း တတွတ်တွတ်ပြောနေ၏။

"ကျွန်မက ယုန်မဟုတ်ဘူးရှင့် အသီးအရွက်တွေအများကြီး ဘာလုပ်မှာလဲ"

"ကဲ ကဲ ဘာထပ်စားချင်သေးလဲ ပြောပါအုံး"

အားကျောက်စားသင့်သည်များကို မှာပြီး ကျန်းကျင်းခိုင်က ထပ်မေးပြန်သည်။

"ရပြီ"

အားကျောက် နှုတ်ခမ်းစူလိုက်သည်။

"ကျွန်မ စားချင်တာမှခွင့်မပြုပဲ ဘာလို့မေးနေမှန်းမသိဘူး"

ကျန်းကျင်းခိုင် စားပွဲထိုးကို ပြောလိုက်သည်။

"ကဲ ရပြီ ကျုပ်တို့လိုရင်ထပ်မှာလိုက်မယ်"

"ဒါနဲ့ အားကျောက်ရေ အားရှုလို့ခေါ်တဲ့တယောက်ကို မင်းသိလား"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်၏။ သို့သော် အားကျောက်ကား ပြတင်းပေါက်အပြင်ဘက်မှ ညရှုခင်းများကို ငေးမောနေလေသည်။ သူမ၏ အတွေးများသည် လမ်းမီးများ၏ မှိန်ဖျော့ဖျော့အလင်းများ၊ ကားမီးလုံးများ၊ အနီးအနားရှိဆိုင်များ၏ နီယွန်ဆိုင်းဘုတ်များနှင့်အတူ ရွက်လွှင့်နေ၏။ ဆေးရုံမှာနေရသောဘဝမှာ ပျင်းရိဖွယ်ပင်။သို့သော် ဤအခိုက်အတန့်တွင် အပြင်ဘက်ရှိ အရာအားလုံးမှာ လတ်ဆတ်ပြီးသစ်လွင်နေ၏။ ကျန်းကျင်းခိုင်သာမရှိလျင် ဤရှုခင်းများကို သူမ မြင်တွေ့ခွင့်ရလိမ့်မည်မဟုတ်။

"အားရှု ဟုတ်လား အားရှုက ဘယ်သူလဲ"

ကျန်းကျင်းခိုင်၏ မေးခွန်းကြောင့် သတိပြန်ဝင်လာပြီး အားကျောက် ပြန်မေးလိုက်သည်။

"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်လေ"

ကျန်းကျင်းခိုင်က အားရှု၏ ဓာတ်ပုံကို ကမ်းပေးလိုက်သည်။

"ကြည့်လိုက် မင်း သူ့က်ို သိသလား"

"သိတယ်"

အားကျောက် ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ် သူ့နာမည် အားရှုလို့ခေါ်တယ် ဒါပေမယ့် ကျွန်မကတော့ သူ့ကို အစ်မကြီးလို့ခေါ်တယ် ဘာလဲဦးရဲကြီး ရှင် ကျွန်မကိုအပြင်ခေါ်တာ အားရှုအကြောင်းမေးဖို့ပဲလား ဘာဖြစ်လို့လဲ သူ့ကိုရှင်ကြိုက်ရင် ကျွန်မမိတ်ဆက်ပေးမယ်လေ"

"မင်းမှာ တခြားစဥ်းစားစရာဘာမှမရှိတော့ဘူးလား"

ကျန်းကျင်းခိုင် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့လမ်းကြားက မိန်းမတွေကို ကျုပ် စိတ်မဝင်စားဘူးကွ မင်းအပါအဝင်ပဲ"

"စိတ်မဝင်စားဘူးဆိုရင်လဲ ပြီးတာပဲပေါ့ ဒါနဲ့ ဘာလို့ ဦးရဲကြီးက စိတ်ဆိုးနေတာလဲ"

ထို့နောက် အားကျောက်သည် အသံမထွက်ပဲ ပွစ်ိပွစိနှင့် ပြောနေလေသည်။

"မင်း ဘာတွေပြောနေတာလဲ"

"ကျွန်မပြောတာ ကျွန်မနားလည်ပြီလို့"

အားကျောက်က ကျန်းကျင်းခိုင်က်ို ဖြတ်ခနဲကြည့်ပြီး ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်လိုက်သည်။

"ရှင်က ဖင်မရှိရင်မရှိတဲ့ ဟိုလက်ထောက်ငဖောင်ရိုးမကို စိတ်ဝင်စားနေတာပဲ"

ဝေစင်းကို သူမ ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

"ကျုပ် ဘယ်သူ့ပဲ စိတ်ဝင်စားဝင်စား မင်းနဲ့မဆိုင်ဘူးကွာ"

အားကျောက်နှင့် ဤအကြောင်းကို သူ ဘာကြောင့် ဆွေးနွေးနေမိသနည်း။ တွေးရင်းနှင့် သူ အံ့သြလာ၏။ ထို့နောက်သူ အမှုနှင့် ပတ်သက်၍ မေးလိုက်ပြန်သည်။

"အားကျောက် အားရှုဘာလို့လမ်းကြားထဲက ထွက်သွားသလဲ မင်းသိလား"

"မသိဘူး"

အားကျောက် ခေါင်းခါပြပြီး ပြတင်းပေါက်အပြင်ကို ငေးကြည့်နေလေသည်။ ကျန်းကျင်းခိုင် မမြင်လိုက်သည်မှာ အားကျောက်၏ မျက်လုံးထဲတွင် ထူးဆန်းသောအရိပ်အယောင်တခု ယှက်သန်းနေခြင်းပင်။ သူမ အားရှုနှင့် ပတ်သက်၍ တစ်ခုခုကို ဖုံးကွယ်ထားပုံရ၏။

All Chapters