) ပဉ္စမမြောက် လူသတ်မှု
Vol. 3 Ch. 21
ကျန်းကျင်းခိုင်၏ ရဲကားသည် ကျူအန်းအဆင့်မြင့်အိမ်ယာမှ ငြင်သာစွာ မောင်းထွက်လာခဲ့၏။ ထိုစဥ် တတိယထပ် အလုံပိတ်မှန်ပြတင်းပေါက်နောက်ကွယ်မှ သူ့အား ငေးမောကြည့်နေသော မိန်းကလေးတဦး ရှိနေကြောင်းကိုတော့ သူ သတိမထားမိတော့ချေ။
မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော အားကျောက်ခမျာ ကျန်းကျင်းခိုင် ထွက်ခွာသွားသည်ကို ငေးမောကြည့်နေရှာ၏။ ပြည့်တန်ဆာတဦးဖြစ်သည့် သူမအဖို့ လူမှုအဆင့်အတန်းတွင် အောက်ခြေနင်းပြားသာဖြစ်မှန်း သူမကိုယ်သူမ သိထားပြီးသားပင်။ အထူးသဖြင့် သူမ အနိုင်ကျင့်ခံရခြင်းကို မြင်ဖူးသော ရဲတဦးနှင့် အခြေအနေတခုကို တက်လှမ်းဖို့ရာ သူမတွင် မည်သည့်အခွင့်အရေးမှ မရှိချေ။ နောက်ဆုံးတွင် သူမသည် ခရီးဆောင်အိတ်ကိုကောက်ယူပြီး အိမ်ကို တိတ်တဆိတ်စွန့်ခွာလာခဲ့လေသည်။
အင်တာကွန်းပေါ်မှ စကားများသည် နားလည်မှုလွဲခြင်းမဟုတ်ပါ။ ထွက်ခွာရန်ဆုံးဖြတ်ထားပြီးသားဖြစ်သည့် အားကျောက်၏ ကြိုတင်ပြင်ဆင်မှုမျှသာ ဖြစ်သည်။ နှလုံးသားများ တစစီ ပဲ့ကြွေသွားသည့် မိန်းကလေးတဦး၏ နောက်ဆုံး အမှတ်တရများဟုလည်း ဆိုနိုင်ပေသည်။
ကျန်းကျင်းခိုင်၏ ကားသည် နယ်မြေခံရဲစခန်း၏ ကားပါကင်ထဲသို့ ဝင်ရောက်လာ၏။ ထို့နောက် သူ ကားထဲမှထွက်ပြီး ကျန်းနန်၏ ရုံးခန်းသို့ ခပ်သုတ်သုတ် ချီတက်လာခဲ့လေသည်။
"ဆာဂျင်ကျန်း ဒီရက်ပိုင်း လမ်းကြားထဲမှာ အခြေအနေ ဘယ်လိုရှိသလဲ"
ကျန်းနန်ကို တွေ့သည်နှင့် သူက မေးလိုက်၏။
"တော်တော်ငြိမ်နေတယ်အင်စပက်တာ"
ကျန်းနန်က ပြန်ဖြေခဲ့လိုက်သည်
"လမ်းကြားထဲမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးအရေအတွက် သိသိသာသာကို နည်းသွားတယ်"
သူပြောသည်မှာ မှန်ပေသည်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများမှာလည်း လူသားများသာ ဖြစ်ကြ၏။ လူသားဆိုလျင် မည်သူမဆို သေရမည်ကြောက်ကြသည်သာ။ ဤမိန်းကလေးများသည် ငွေရှာလို၍သာ ဤလုပ်ငန်းကို ဇွတ်မှိတ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အသက်စွန့်လို၍မဟုတ်ပေ။ ရဲများကိုပင် မလိုအပ်ပဲ မစွန့်စားရန် ညွှန်ကြွားထားသည်မဟုတ်ပါလား။ ဤမိန်းကလေးများသည်လည်း သေရမှာ ကြောက်ကြရှာပေလိမ့်မည်။
"ကောင်းပြီ"
ကျန်းကျင်းခိုင်က ကျန်းနန်၏ စားပွဲရှေ့တွင် ထိုင်ရင်း ပြောလိုက်သည်။
"သူတို့ လူနည်းသွားလေလေ နောက်ထပ်လူသတ်မှုဖြစ်နိုင်ခြေနည်းလေလေပေါ့ဗျာ ဒါဆို ကျုပ်တို့လဲ အထုအထောင်းခံရတာ သက်သာတာပေါ့"
"မှန်တယ် အင်စပက်တာ"
ကျန်းနန် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ကိုယ်ကိုယို့ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလူသတ်မှုတွေ စဖြစ်ကတည်းက ထောက်ပံ့ငွေ တော်တော်နည်းသွားတယ် အင်စပက်တာ"
ထို့နောက် သူတို့နှစ်ယောက် ပြိုင်တူရယ်မောလိုက်ကြ၏။ ရဲများသည်လည်း လူသားများပင်ဖြစ်လေရာ အတင်းအဖျင်း ပြောတတ်ကြသည် မဟုတ်ပါလား။ အတင်းအဖျင်းမပြောသောရဲဟူ၍ ခေတ်ဟောင်းရဲရုပ်ရှင်ကားများ၌သာ တွေ့နိုင်ပေလိမ့်မည်။
"ကောင်းပြီ ည ၈ နာရီထိုးပြီ ကျုပ်တို့ လမ်းထဲ တချက်သွားကြည့်ရအောင်"
ကျန်းကျင်းခိုင်က နာရီကိုကြည့်ရင်း ပြောလိုက်၏။ သိပ်မကြာခင်မီမှာပင် သူတို့နှစ်ဦးသည် ရဲအရာရှိ ၁၀ ကျော်နှင့်အတူ လမ်းကြားဆီသို့ ထွက်ခွာလာခဲ့ကြ၏။
ညအချိန်ဖြစ်သော်ငြား လေမှာငြိမ်နေ၏။ ရဲများသည် လုံခြုံရေးဝတ်စုံဝတ်မထားပဲ လမ်းကြားကို လှည့်လည်စစ်ဆေးပြီးနောက် ကျန်းကျင်းခိုင်နှင့် ကျန်းနန် စောင့်ကြည့်နေသောနေရာဆီသို့ ပြန်လာကြလေသည်။
"အင်စပက်တာကျန်း ဒီနေရာတစ်ခုလုံးကို ကျွန်တော်တို့ သေသေချာချာစစ်ဆေးပြီးပြီ ဒီည အလုပ်လုပ်နေတဲ့ မိန်းကလေး ၇ယောက် ၈ ယောက်လောက်ပဲရှိတယ်"
သူတို့ထဲမှ တစ်ယောက်က အစီရင်ခံလိုက်၏။
"ကောင်းပြီ သူတို့တစ်ယောက်ချင်းစီကို သေသေချာချာ စောင့်ကြည့်ပါ လမ်းကြားထဲကို ဝင်လာတဲ့ ယောက်ျားတိုင်းရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားပါ"
ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်၏။
လက်ရှိအချိန်တွင် လမ်းကြားထဲ အလုပ်လုပ်နေသော မိန်းကလေးမှာ အလွန်နည်းပါးလှ၏။ ထို့ကြောင့် လမ်းကြားထဲ ဝင်လာသော ယောက်ျားများဦးရေမှာ ပိုမို နည်းပါးနေလေသည်။ တကယ်တော့ ယောက်ျားတစ်ယောက်၏ ဆန္ဒက်ို ဖြေဖျောက်ရန်မှာ အလွန်လွယ်ကူလှ၏။ယခုကဲ့သို့ အန္တရာယ်များချိန်တွင် ခဏတာပျော်ရွှင်မှုအတွက် မည်သူမှ အသက်စွန့်ရန် ဆန္ဒမရှိကြချေ။
ညနက်ပြီးနောက်ပိုင်း လမ်းကြားထဲ ပေါ်လာသမျှ ယောက်ျားတိုင်းမှာ ရဲ (သို့) ဒေသခံများသာ ဖြစ်ကြသည်။ အံ့သြစရာကောင်းသည်မှာ ဤလမ်းကြားအတွင်းကို ဝင်လာသည့် သူစိမ်းယောက်ျားတစ်ယောက်မှ မရှိခဲ့ခြင်းပင်။ လူတိုင်း ဤညတွင်လည်း အေးအေးဆေးဆေးဖြစ်လိမ့်မည်ဟု ထင်နေကြစဥ်မှာပင် မိန်းမတစ်ယောက်၏ ကြောက်စရာကောင်းအော်ဟစ်သံများ လေထဲသို့ ပျံ့လွင့်လာ၏။ အသံမှာ ဒေသခံတစ်ဦး၏ အိမ်ရှိ ပြတင်းပေါက်မှ ထွက်ပေါ်လာပုံရသည်။ အသံသည် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွား၏။
"မြန်မြန်သွားကြဟေ့ အပေါ်မှာဟ"
ကျန်းကျင်းခိုင်က အော်ဟစ်အမိန့်ပေးလိုက်သည်။ ရုတ်ချည်းပင် နေရာအနှံ့မှ ရဲဝတ်စုံဝတ်မထားသည့် ရဲအရာရှိ ၄၀ခန့်သည် အဆိုပါအိမ်ဆီကို စုရုံးလာကြ၏။ သိသာထင်ရှားသည်မှာ ကျူအန်းလမ်းရဲစခန်းမှ ရဲများအားလုံး အလုပ်လုပ်နေသော မိန်းကလေးများ၏ လုံခြုံရေးကို စောင့်ကြည့်ရန် မကြာသေးခင်ကမှ အမိန့်ရထားဟန်ပေါ်သည်။
ကံမကောင်းစွာပင် ရဲများသည် လူသတ်သမားကို ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ချေ။ မှုခင်းဖြစ်စဉ်မှာလည်း ယခင် လူသတ်မှုများအတိုင်း အနည်းငယ်မှ ကွဲပြားခြင်းမရှိပဲ တထပ်တည်းကျနေ၏။
"ဒီကောင် ပိုပြီးအရဲတင့်လာပြီ"
အိပ်ယာပေါ်မှ အခြေအနေကို မြင်သည်နှင့် အခန်းထဲရောက်လာခါစ ကျန်းနန် ဒေါသတကြီးနှင့် ကြိမ်းမောင်းလိုက်သည်။
"အင်..."
ကျန်းကျင်းခိုင် စိတ်ပျက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ စုံစမ်းစစ်ဆေးမှုများမှာ လားလားမှ တိုးတက်လာခြင်းမရှိသေး။ သို့သော် မည်သူမည်ဝါမှန်း မသိရသေးသော လူသတ်သမား၏ ပစ်မှတ်သားကောင်များ၏ ပုံစံမှာ စတင်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ လူသတ်သမားကား ပြည့်တန်ဆာလုပ်ငန်းမှ မိန်းကလေးများနှင့် ၎င်းတို့၏ ဖောက်သည်များသာမက သာမာန်စုံတွဲများကိုပင် ပစ်မှတ်ထားလာခဲ့ချေပြီ။
ကျန်းကျင်းခိုင် အလောင်းများကိုသာမက ၎င်းတို့၏ အိပ်ရာအောက်ကိုပါ စစ်ဆေးကြည့်၏။ ထို့နောက် အခင်းဖြစ်ပွားရာအခန်း၏ အပေါ်ထပ်ကိုပါ စစ်ဆေးကြည့်လေသည်။ သို့သော် အရာအားလုံးမှာ ပုံမှန်အတိုင်းရှိနေ၏။ တခါတုန်းကရခဲ့ဖူးသော အေးစိမ့်စိမ့်ခံစားချက်မှာလည်း အစပင်ရှာမရချေ။
"ကောင်းပြီ အားလုံးအလုပ်ပြီးပြီ"
ကျန်းကျင်းခိုင်က အထက်ပါအတိုင်း ကြေငြာလိုက်၏။ ထို့နောက် သူ ကျန်းနန်ဖက်သို့လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"ဆာဂျင်ကျန်း ဒီအိမ်ထောင်စုနဲ့ပတ်သက်တဲ့မှတ်တမ်းတွေ ဝေစင်းကတဆင့် ကျုပ်ဆီပို့ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ အင်စပက်တာ"
ထို့နောက် ကျန်းနန်က အခင်းဖြစ်ပွားရာနေရာအား ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်လေသည်။
ကျန်းကျင်းခိုင်သည်လည်း ကားပေါ်တက်ကာ လမ်းကြားမှ ထွက်ခွာလာခဲ့သည်။ ကျူအန်းအဆင့်မြင့်အိမ်ယာသို့ရောက်ချိန်တွင် သူ ကားကို ခေတ္တရပ်လိုက်၏။ ထိုနေရာမှ သူ အားကျောက်၏ အခန်းပြတင်းပေါက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ သူမ၏ အခန်းမှာ မှောင်မိုက်နေ၏။ အခန်းထဲတွင် ဘယ်သူမှမရှိ သို့မဟုတ် အိပ်မောကျနေခြင်း ဖြစ်ပေလိမ့်မည်။
သူ ကားထဲတွင် ဆေးလိပ်သောက်ရင်း ပြတင်းပေါက်ကို ငေးကြည့်နေခဲ့လေသည်။ သူဘာကိုမျှော်လင့်နေမှန်း သူ ကိုယ်တိုင် သိပုံမရ။ အခန်းထဲမှ ရုတ်တရက် မီးလင်းလာမည်၊ ထို့နောက် မိန်းကလေးတယောက် ပြတင်းပေါက်မှ ပေါ်လာပြီး သူ့ကို လက်ပြမည် စသော အံ့ဖွယ်ဖြစ်ရပ်မျိုးကို ကျန်းကျင်းခိုင် မျှော်လင့်ကောင်း မျှော်လင့်နေပေလိမ့်မည်။
၁၀မိနစ်ခန့်အကြာ ကျန်းကျင်းခိုင် အိမ်ပြန်လာခဲ့၏။ သူ့အိမ်မှာ သာမန်အိမ်ရာတစ်ခုတွင် တည်ရှိပြီး သူနေထိုင်သည်မှာ သာမန်အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းလေး ဖြစ်သည်။ သူ့အိမ်အတွင်းပိုင်းမှာ သန့်ရှင်းသည်ဟု ဆိုနိုင်ပေသည်။ သူ့အိမ်နှင့် ပတ်သက်ပြီး သက်တောင့်သက်သာမရှိသည့် တစ်ခုတည်းသောအရာက အခန်း၏ အေးစက်စက်အငွေ့အသက်ပင် ဖြစ်သည်။ ဟာလာဟင်းလင်းဖြစ်နေသော အိမ်မျိုးဖြစ်၍ ဤအငွေ့အသက်မျိုး ရနေသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
"ဟန်နီရေ.. ငါ ပြန်လာပြီ"
ကျန်းကျင်းခိုင် တီးတိုးရေရွတ်လိုက်၏။ သို့သော် သူ မီးကို ပိတ်မြဲတိုင်း ပိတ်ထားလိုက်၏။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ တအိမ်လုံးကို သူ အလွတ်ရနေသည် မဟုတ်ပါလား။ ဘယ်နေရာတွင် ဘာရှိမှန်း သူ ကောင်းကောင်းသိထား၏။ အိမ်ထဲရှိ ပစ္စည်းပစ္စယများကို ရှောင်ကွင်းပြီး အမှောင်ထဲမှာ ကျွမ်းကျင်စွာ လမ်းလျှောက်နိုင်သည်ကပင် ကျန်းကျင်းခိုင် သူ့အိမ်နှင့် ဘယ်လောက်အသားကျနေမှန်း သိသာနေသည်။ အိမ်မှုကိစ္စများကို သူ တယောက်တည်း ကျဲနေရသည်မှာ ကြာပြီမဟုတ်ပါလား။
"ဒီနေ့ဘယ်လိုလဲ"
အမှောင်ထဲမှ ကျန်းကျင်းခိုင်၏အသံ ထွက်ပေါ်လာသည်။ သူ့ဇနီး အိပ်ပျော်နေသလား...သို့မဟုတ်။
"ကောင်းပါပြီဗျာ ကျုပ်လဲ ပင်ပန်းနေပြီ အိပ်တော့မယ် ကောင်းသောညပါ"
ထိုသို့ပြောပြီး သိပ်မကြာမီ ကျန်းကျင်းခိုင်၏ ဟောက်သံ ထွက်ပေါ်လာလေသည်။
နောက်တစ်နေ့မနက်တွင် ဝေစင်းတယောက် ကျန်းနန်ထံမှ ကျန်းကျင်းခိုင် အလိုရှိသော စာရွက်စာတမ်းများ ရရှိလာ၏။ ထို့နောက် သူမ ခရိုင်လက်ထောက်ရဲစခန်းက်ို တိုက်ရိုက်ပင် လာခဲ့လေသည်။ ကျန်းကျင်းခိုင်၏ အခန်းဝအရောက်တွင် ဝေစင်းက မေးလိုက်၏။
"အင်စပက်တာကျန်း ဝင်ခဲ့လို့ရမလား" လို့ သူမမေးလိုက်ပါတယ်။ ကျန်းကျင်းခိုင်ကား ထိုင်ခုံတွင်ထိုင်ပြီး မျက်မှောင်ကုတ်နေ၏။ ပါးစပ်ထဲတွင်လည်း စီးကရက်တစ်လိပ် ရှိနေလေသည်။
"အိုး လာလေ ဝေဝေ"
ဝေစင်းကို ဖိတ်ခေါ်ရင်း သူ စီးကရက်ကို ချက်ချင်းငြိမ်းသတ်လိုက်၏။
"ကျုပ်လဲ စိတ်ဖိစီးမှုတွေ များနေတော့ ဆေးလိပ်သောက်မိတယ်နော် အနှောင့်အယှက် မဖြစ်ဘူးမလား"
"စိတ်မပူပါနဲ့အင်စပက်တာ ကျွန်မအဖေလည်း အိမ်မှာ ဆေးလိပ်သောက်တယ်ရှင့်"
ဝေစင်းက ပြုံးပြရင်း ပြောလိုက်လေသည်။ ထို့နောက် သူမရဲ့ရုံးခန်းထဲဝင်လာပြီး ဆက်ပြောလိုက်၏။
"ဒီမှာ အင်စပက်တာ လိုချင်တဲ့ စာရွက်စာတမ်းတွေ"
"ကောင်းပြီ ကျေးဇူးပဲဝေဝေ ဒါနဲ့ ဆာဂျင်ကျန်းတို့ဖက်မှာ တခြားဘာထူးခြားတာများ တွေ့ရသေးလဲ"
ကျန်းကျင်းခိုင်က စာရွက်စာတမ်းတွေကို ကောက်ယူပြီး မေးလိုက်သည်။
"အခုထိတော့ ဘာမှ မတွေ့သေးဘူး အင်စပက်တာ မနေ့ညက သေဆုံးသူနှစ်ဦးလုံးဟာ လမ်းကြားထဲက သာမန်နေထိုင်သူတွေလို့သိရတယ် သူတို့မှာ ရာဇဝတ်မှုမှတ်တမ်းလည်း မရှိဘူး အင်စပင်တာ"
"ဟုတ်လား?"
ကျန်းကျင်းခိုင် ဖိုင်တွဲအား စစ်ဆေးရင်း မေးလိုက်၏။ အမှန်တကယ်ပင် အမျိုးသားသေဆုံးသူမှာ အလယ်တန်းကျောင်းဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီးမှာ သူနာပြုတစ်ဦးဖြစ်နေသည်။ ဤတကြိမ်တွင်လည်း ဝေဝေဝါးဝါးနှင့် လမ်းစပျောက်သွားမည့်ဟန် ပေါ်နေ၏။ ထို့နောက် သူ ဝေစင်းအား မေးလိုက်ပြန်သည်။
"အိမ်နီးချင်းတွေကရော သူတို့အကြောင်း ဘာပြောကြသေးလဲ"
"လူတိုင်းကတော့ အမျိုးသားက ထုံထိုင်းပြီး အမျိုးသမီးကတော့ ဒေါသကြီးတယ်လို့ ဆိုကြပါတယ် ဒါပေမယ့် အိမ်နီးချင်းအားလုံးရဲ့ပြောပုံအရ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကောင်းမွန်ပြီး မနေ့ညက ဘာအချေအတင်မှ မရှိခဲ့ဘူးလို့ သိရတယ် ပြီးတော့ အမျိုးသားက သူ့ဇနီးကို အလွန်အလိုလိုက်သတဲ့ အင်စပက်တာ"
"ကောင်းပြီ"
ကျန်းကျင်းခိုင် အမှုဖိုင်ကို ပိတ်ပြီး ဝေစင်းကို အမိန့်ပေးလိုက်၏။
"ဒီလိုလုပ်ကြရအောင် မင်းက သေဆုံးသူတွေ အလုပ်လုပ်ခဲ့တဲ့ ကျောင်းနဲ့ ဆေးရုံကိုသွား ပြီးတော့ သူတို့ရဲ့ အလုပ်အတွေ့အကြုံနဲ့ လူမှုဆက်ဆံရေးအခြေအနေတွေကို ထပ်စုံစမ်း သူတို့ရဲ့ အလုပ်ဖော်တွေ သူတို့အကြောင်း ဘာပြောမလဲဆိုတာကိုကြည့် အသုံးဝင်မဲ့ သဲလွန်စတခုတလေလောက် ရမလား စမ်းကြည့်ကြတာပေါ့"
"ဟုတ်ကဲ့ အင်စပက်တာ"
ဝေစင်း အမိန့်ကို လက်ခံကြောင်း ခေါင်းညိတ်ရင်း ထိုင်ရာမှထလိုက်သည်။ ရုံးခန်းထဲမှ ပြန်ထွက်တော့မည့်အချိန်တွင် သူမက သမင်လည်ပြန်လှည့်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
"ဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပါတယ်နော် အင်စပက်တာ"