← Chapters

ထိုင်ဝမ်ခေါက်ဆွဲဆိုင်

Vol. 3 Ch. 22

ထိုင်ဝမ်ခေါက်ဆွဲဆိုင်

Vol. 3 Ch. 22

အချိန်ဟူသည် တခါတရံတွင် မည်သူမှသတိမထားလိုက်မိပဲ မြန်မြန်ဆန်ဆန်ပင် ကုန်လွန်သွားတတ်၏။ ဝေစင်းကား နောက်ဆုံးဖြစ်ပွားခဲ့သည့် လူသတ်မှုရှိ သားကောင်စုံတွဲကို စုံစမ်းရန် သုံးရက်တိတိ အချိန်ယူခဲ့ရလေသည်။ နောက်ဆုံးမှာတော့ စတုတ္ထမြောက်နေ့တွင် သူမ၏ နောက်ဆုံးအစီရင်ခံစာ ကျန်းကျင်းခိုင်၏ စားပွဲပေါ် ရောက်လာ၏။

သေဆုံးသူအမျိုးသားမှာ ကျူးယုပင်အမည်ရှိဒေသခံအလယ်တန်းကျောင်းမှ ရူပဗေဒဆရာတစ်ဦးဖြစ်သည်။ သူသည် တာဝန်သိတတ်ပြီး ရိုးသားသူဟု လူသိများပြီး သိပ္ပံဘာသာရပ်ကို သင်ကြားနေသည့်တိုင် တရုတ်ရိုးရာစာလုံးရေးခြင်းကိုလည်း အထူးပင် နှစ်သက်သည် ဟူ၏။ လက်ရေးမှာလည်း အလွန်လှသည်ဟု ဆိုကြသည်။ ထို့ကြောင့် နှစ်သစ်ကူးတိုင်း လုပ်ဖော်ကိုင်ဖက်များနှင့် အိမ်နီးချင်းများက ရွှေစကားလုံးများ ရေးခိုင်းလေ့ရှိ၏။ သူသည် လူကြိုက်များသူ ဖြစ်ဟန်တူသည်။ မည်သူတဦးတယောက်ကမှ သူ့အား မကောင်းပြောခြင်း မရှိပေ။

သေဆုံးသူအမျိုးသမီးမှာ ယင်ကျူးမီ အမည်ရှိပြီး အထွေထွေဆေးရုံမှ သူနာပြုတစ်ဦးဖြစ်ပြီး ကျူးယုပင်၏ ဇနီးဖြစ်သည်။ သူမသည် လှပပြီး ဉာဏ်ကောင်း၏။ စွမ်းဆောင်ရည်ရှိသူဖြစ်သော်ငြား စိတ်ဆတ်လေ့ရှိကြောင်း သိရလေသည်။ သို့သော် အလုပ်တွင် ထူးချွန်ပြီး လူတိုင်းက သူမ၏အကောင်းမြင်စိတ်နှင့် စိတ်အားထက်သန်မှုကို ချီးကျူးကြ၏။ သူမနှင့်ပတ်သက်၍ အနှုတ်လက္ခဏာဆောင်သောတချက်မှာ ယုတီခေါ် ခွဲစိတ်ဆရာဝန်တဦးနှင့် ချစ်ရေးချစ်ရာရှိနေခြင်းပင်။

"ယုတီ ဟုတ်လား ခွဲစိတ်ဆရာဝန်ပေါ့..."

ကျန်းကျင်းခိုင်တယောက် အစီရင်ခံစာကိုဖတ်ရင်း စဉ်းစားနေ၏။

ယုတီဟာ ကွင်းဆက်လူသတ်သမားဖြစ်နိုင်ပါ့မလာ...

သူ ဝေစင်းကိုကြည့်ပြီး မေးလိုက်ပြန်သည်။

"လူသတ်မှုဖြစ်တဲ့ညမှာ သူ့ တာဝန်ကျနေသလား"

"အဲဒီနေ့က သူ့ရဲ့အားလပ်ရက်ပါ အင်စပက်တာ"

ဝေစင်းက ပြန်ဖြေလိုက်၏။

"တခြားလူသတ်မှုတွေဖြစ်တဲ့နေ့တွေမှာလည်း သူအားလပ်ရက်ယူထားတာမျိုး တွေ့ရတယ်"

"ဟုတ်လား"

ကျန်းကျင်းခိုင်က မေးလိုက်သည်။သို့သော် သူ့တွင် သံသယများ ပြည့်နှက်နေဆဲပင်။ ယုတီတွင် ကျူးယုပင်နှင့် ယင်ရှောက်မီကိုသတ်ရန် အကြောင်းပြချက် ရှိနေ၏။ သို့သော် ယခင်လူသတ်မှုများသည် ယုတီနှင့် မည်သို့သက်ဆိုင်နေသနည်း။

"ယုတီကို ခေါ်စစ်လိုက်ရမလား အင်စပက်တာ"

ဝေစင်းက ကျန်းကျင်းခိုင်၏ မျက်နှာအမူအရာကိုကြည့်ရင်း အကြံပြုလိုက်သည်။

"ဒီနေ့ သူ ဘယ်အချိန် တာဝန်ကျသလဲ"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။

"ဒီနေ့ သူ နိုက်ဂျုတီကျတယ် အင်စပက်တာ"

ဝေစင်းက သူမ၏ မှတ်စုစာအုပ်ကို ပြန်စစ်ရင်း ​ဖြေလိုက်သည်။

"ကောင်းပြီ ကျုပ်နဲ့မင်း ဒီည ဆေးရုံကိုသွားပြီး သံသယတရားခံကို စောင့်ကြည့်ကြတာပေါ့"

ကျန်းကျင်းခိုင်အနေနှင့် ယုတီ၏ အခြေအနေကို ကိုယ်တိုင် အကဲခတ်လိုစိတ်ရှိနေသည် မဟုတ်ပါလား။

ညစာစားချိန်ရောက်သည်နှင့် ဝေစင်းက ကျန်းကျင်းခိုင်၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

"အင်စပက်တာကျန်း ညစာစားချိန်ရောက်နေပြီ ကျွန်မတို့ အတူစားလိုက်ကြမလား"

"အေး ကောင်းပါတယ် စားကြတာပေါ့"

ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ထိုင်ရာမှထလိုက်၏။

"အင်စပက်တာ ဘာစားချင်လဲ"

ဝေစင်းက ချိုမြိန်စွာ ပြုံးရင်း မေးလိုက်သည်။

"ကျွန်မကတော့ အကုန်စားတယ် ဒါမှမဟုတ် ကျွန်မက အင်စပက်တာကို ခေါက်ဆွဲတပွဲ ကျွေးရမလား"

"ခေါက်ဆွဲကျွေးရမလား"

ထိုစကားလုံးကိုကြားသည်နှင့် ကျန်းကျင်းခိုင်၏စိတ်က တခြားတနေရာသို့ ဖြတ်ခနဲ ရောက်သွားလေသည်။

"ဦးလေးကိုင် လက်ဖြစ်ခေါက်ဆွဲနှစ်ပွဲရမလား"

"ကျွန်မ ပြန်လာပြီလေ ကျွန်မလဲ ဦးလေးကိုင်ကို သတိရပါတယ်"

"ဒါဆို ကျွန်မ ယောကျာ်းတယောက်ခေါ်လာတိုင်း ဦးလေးကိုင်က အလကားကျွေးမှာလား"

"ဦးလေးတွေ့လား သူက ကျွန်မရဲ့ပဲငံပြာရည်တွေ အကုန်ယူသွားပြီ"

"အင်စပက်တာ..အင်စပက်တာကျန်း"

ဝေစင်းက ကျန်းကျင်းခိုင်၏ မျက်နှာရှေ့တွင် လက်ဝါးလှုပ်ပြလိုက်သည်။

"အင်စပက်တာ ဘာဖြစ်နေတာလဲ"

"အော် ဘာမှမဖြစ်ပါဘူးကွာ ကျုပ် အဆင်ပြေပါတယ် ကဲ ကဲ သွားကြရအောင်"

ထိုအခါမှ ကျန်းကျင်းခိုင်၏ စိတ်က ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာလေသည်။ အားကျောက်ကို သူ နောက်ဆုံးမြင်လိုက်ရသည်မှာ ရက်အတန်ကြာသွားပေပြီ။ လူဟူသည်မှာ ထူးဆန်းသော သတ္တဝါများ ဖြစ်၏။ အားကျောက်နှင့် အတူရှိနေစဥ် သူမကို လျစ်လျူရှုထားမိ၏။ မရှိပြန်တော့လည်း သူမအကြောင်းကိုသာ စဥ်းစားနေမိပြန်သည်။ ကျန်းကျင်းခိုင်၏ ရင်ထဲတွင် ဘဝအတွက် အရေးအကြီးဆုံးအရာတခု ပျောက်ဆုံးသွားသည့်နှယ် ခံစားနေရလေသည်။

သိပ်မကြာမီ သူတို့နှစ်ယောက် ထိုင်ဝမ်ခေါက်ဆွဲဆိုင်တဆိုင်သို့ ရောက်လာကြ၏။ တဆိုင်လုံးမှာ နွေးထွေးပြီး နူးညံ့သော ခံစားချက်တချို့ကို ပေးစွမ်းလျက်ရှိသည်။ ဖွင့်ထားသောသီချင်းကလည်း ရိုမတ်တစ်ဆန်လှ၏။

"ညနေစာအတွက် ဘာများသုံးဆောင်ကြမလဲခင်ဗျ"

စားပွဲထိုးကမေးလိုက်လေသည်။

"ကျုပ်အတွက် လက်ဖြစ်ခေါက်ဆွဲတစ်ပွဲပေးပါ"

မီနူးကိုပင်မကြည့်တော့ပဲ ကျန်းကျင်းခိုင် တုံးတိကြီး မှာလိုက်၏။

"တောင်းပန်ပါတယ်ဆရာ ဒီမှာ လက်ဖြစ်ခေါက်ဆွဲမရပါဘူးခင်ဗျ"

စားပွဲထိုးက ပြန်ဖြေလိုက်လေသည်။

"အော် အေး အေး"

ကျန်းကျင်းခိုင်က ဝေစင်းကို မျက်မှောင်ကုတ်ရင်း လှမ်းကြည့်လိုက်၏။

"အင်စပက်တာ ဒါမှမဟုတ် အမဲအရွတ်စားကြည့်ပါလား"

ဝေစင်းခမျာ ကျန်းကျင်းခိုင်အား ကယ်တင်လိုက်ရလေသည်။

"အေး ကောင်းသားပဲ"

ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်၏။

"ဒါဆို ကျွန်မတို့ကို အမဲရွတ်ခေါက်ဆွဲနှစ်ပွဲပေးပါ အရွတ်တဝက် အသားတဝက်စီ လုပ်ပေးနော်"

ဝေစင်းက စားပွဲထိုးအား မှာလိုက်လေသည်။

"ပြီးရင် သိုးသားကြော်တပွဲနဲ့ ဖိုက်တင်းဘောတပွဲ"

"ဟုတ်ကဲ့ နောက်ထပ်ဘာများထပ်မှာအုံးမလဲဗျ"

"အင်း ပဲငံပြာရည်ဖျော်ထားတာတပွဲပေးကွာ"

ကျန်းကျင်းခိုင်က ထပ်မှာလိုက်ပြန်၏။

"တောင်းပန်ပါတယ်ဆရာ... ဒီဆိုင်မှာ ပဲငံပြာရည်ဖျော်လဲ မရပါဘူးခင်ဗျ ဒီဆိုင်က ထိုင်ဝမ်စတိုင်ခေါက်ဆွဲဆိုင်ပါဆရာ"

"ဟေ ထိုင်ဝမ်တွေက ပဲငံပြာရည်မစားဘူးလား"

ကျန်းကျင်းခိုင် ရေခွက်ထဲမှရေကို ဂွတ်ခနဲသောက်ချပြီး စားပွဲထိုးအား အံ့သြတကြီးနှင့် မေးလိုက်သည်။

"မှန်ပါတယ်ဆရာ"

စားပွဲထိုးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ပြုံးစိစိနှင့် ဆက်ပြောလိုက်ပြန်သည်။

"နောက်ပြီး ဒီရေက ခုံသန့်ရှင်းရေးလုပ်ဖို့ချထားတာပါခင်ဗျ... ဒါပေမယ့် စိတ်မပူပါနဲ့ဆရာ ဒီရေကသန့်ပါတယ်"

"ကဲ ကဲ ရပြီ မှာထားတာတွေသွားလုပ်လိုက်တော့"

ဒေါသထွက်လာဟန်တူသော ကျန်းကျင်းခိုင်၏ မျက်နှာကိုမြင်သည်နှင့် ဝေစင်းက စားပွဲထိုးကို မောင်းထုတ်လိုက်၏။

"ထွီ ငါ့ကို မသန့်တဲ့ရေကြိုက်တယ်လို့ ပြောချင်လဲ ပြောကြစမ်းကွာ "

စားပွဲထိုးထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က ဆဲဆိုပြီး ခွက်ထဲမှရေများကို အကုန်မော့ချလိုက်၏။

"အင်စပက်တာ ဒီရေက.. မသန့်ဘူး မသောက်နဲ့ ဟေ့ စားပွဲထိုး စားပွဲထိုး လိမ္မော်ရည်နှစ်ခွက်ပေးပါ"

ဝေစင်းက စိုးရိမ်တကြီးနှင့်တားမြစ်ရင်း အအေးနှစ်ခွက် လှမ်းမှာလိုက်လေသည်။

ပြောင်သလင်းခါနေသောခွက်က်ို ကျန်းကျင်းခိုင် ဘေးသို့တွန်းဖယ်လိုက်၏။ သို့သော် ခွက်၏ အလင်းပြန်နေသော မျက်နှာပြင်တွင် အားကျောက်ကို တွေ့မြင်ရသလို သူ ခံစားလိုက်ရလေသည်။

သူမကား

"ဟားဟားဟား ဦးရဲကြီး မရှက်ဘူးလား ဒါသောက်ရေမဟုတ်ဘူးနော်"ဟု ပြောင်နေသလိုလိုပင်တကား။

"အင်စပက်တာကျန်း ဘာဖြစ်နေတာလဲ"

ဝေစင်းကား ကျန်းကျင်းခိုင်ကို စိတ်ပူနေဟန်ရှိလေသည်။

"ဘာမှမဖြစ်ပါဘူး ကျုပ် အဆင်ပြေပါတယ်ကွာ"

ကျန်းကျင်းခိုင် အရှက်ပြေပြောလိုက်၏။

"ကျုပ်ကြောင့် ရှက်စရာများဖြစ်သွားလားမသိဘူး ကျုပ် ထိုင်ဝမ်ခေါက်ဆွဲဆိုင်ကို ခုမှပထမဆုံးရောက်ဖူးတာ"

"ဒါဖြင့် အင်စပက်တာက လက်ဖြစ်ခေါက်ဆွဲကို ပိုကြိုက်တာပေါ့ ဟုတ်လား"

ဝေစင်းက ရှက်တက်တက်အမူအရာဖြင့် မေးလိုက်သည်။

"အင်စပက်တာ လမ်းဘေးဆိုင်က အစားအသောက်တွေက သိပ်မသန့်ဘူးနော် နေမကောင်းဖြစ်မယ်"

"အေး မင်းပြောတာမှန်ပါတယ်ကွာ"

ကျန်းကျင်းခိုင် အားရပါးရကြီး ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူ့နားထဲတွင် တခြားမိန်းကလေးတဦး၏အသံကို ကြားယောင်နေလေသည်။

ရှင် အရင်က ကျောင်းဆရာမများ လုပ်ခဲ့သလား....

စဥ်းစားရင်း ကျန်းကျင်းခိုင်၏ မျက်နှာမှာ ပြုံးယောင်သန်းလာ၏။

ည ၁၀ နာရီအရောက်တွင် သူတို့နှစ်ယောက် ယုတီအလုပ်လုပ်သောဆေးရုံသို့ ရောက်လာကြသည်။

"ကျုပ်တို့ဝင်တဲ့အခါ ကျုပ်က လူနာဟန်ဆောင်မယ် ပြီးရင် ယုတီ ရဲ့လက်ဗွေရာ ဒါမှမဟုတ် ဆံပင်နမူနာရဖို့ နည်းလမ်းရှာကြည့်မယ်"

ကျန်းကျင်းခိုင်က တီးတိုးပြောလိုက်၏။

"နားလည်ပါတယ် အင်စပက်တာ"

တစ်စက္ကန့်အကြာမှာပင် ကျန်းကျင်းခိုင်က သူ့လက်ဝဲဘက်လက်မကိုကိုင်ပြီး အားနှင့်ဆွဲလိုက်ရာ ဂျွတ်ခနဲ အသံတချက်ထွက်ပေါ်လာပြီး သူ့လက်မအဆစ်လွဲသွားတော့သည်။

"အင်စပက်တာကျန်း"

ဝေစင်း ကြောက်လန့်တကြား ထအော်လိုက်သည်။

"ကဲ သွားကြရအောင်"

ကျန်းကျင်းခိုင်၏ နဖူးမှာ ချွေးများသီးနေ၏။ နာကျင်လှသည် မဟုတ်ပါလား။

ဤသို့နှင့် သူတို့နှစ်ဦး အရေးပေါ်ခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ ခွဲစိတ်ခန်းဆီသို့အသွား တနေရာအရောက်တွင် အခန်းတခန်းထဲမှ အမျိုးသားနှင့်အမျိုးသမီးရယ်မောသံများကို သူတို့ ကြားလိုက်ရလေသည်။ ထိုအသံများနှင့်အတူ အမျိုးသမီး၏ "ကယ်ကြပါ...ကယ်ကြပါ.."ဟု ခပ်တိုးတိုးအော်သံကိုပါ ကြားနေရ၏။ ထိုစဥ် ရုတ်တရက် အခန်းတခန်း၏ တံခါး ပွင့်သွားလေသည်။

ကျန်းကျင်းခိုင်က ဝေစင်းကိုဆွဲပြီး နံရံထောင့်တွင် ရပ်နေလိုက်သည်။ သိပ်မကြာမီ အခန်းထဲမှ ထွက်လာသူများ ဆန့်ကျင့်ဘက်အရပ်ဆီသို့ လျှောက်သွားသည်ကို သူတို့ ကြားလိုက်ရသည်။

"အင်စပက်တာကျန်း ဟိုလူက ယုတီပဲ"

ဝေစင်းက ကျန်းကျင်းခိုင်ကိုညွှန်ပြရင်း တိုးတိုးလေးပြောလိုက်၏။ ဆရာဝန်ဝတ်စုံ ဝတ်ဆင်ထားသည့်ထိုလူသည် အရပ် ၅ ပေ ၉ လက်မခန့်ရှိပြီး နောက်မှကြည့်လျင် ကိုယ်ခန္ဓာအချိုးအစား ညီညွတ်မျှတ၏။ သူက အမျိုးသမီးသူနာပြု၏လက်ကိုကိုင်ထားသည်။ သူနာပြုကလည်း ယုတီနောက်ကိုလိုက်နေရင်း "ကယ်ကြပါ...ကယ်ကြပါ.." ဟု တခစ်ခစ်နှင့် ရယ်မောရင်း အော်နေလေသည်။

"သူတို့နောက်ကိုလိုက်ကြမယ်"

ကျန်းကျင်းခိုင်က တီးတိုးပြောလိုက်၏။ ထို့နောက် သူ လက်မအဆစ်လွဲနေသည်ကို ပြန်တည့်အောင်လုပ်လိုက်သည်။ တော်ကြာ ထိုးကြကြိတ်ကြဆိုလျင် လက်မအဆစ်လွဲနေခြင်းက ပြသနာများနိုင်သည် မဟုတ်ပါလား။

ယုတီနှင့် သူနာပြုမှာ သူတို့နောက်မှလိုက်နေသည်ကို သတိထားမိဟန်မရှိချေ။ သူတို့နှစ်ဦးသည် ဆေးရုံ၏ ဆေးစတိုးသို့ ရောက်သွား၏။ အခန်းထဲရောက်သည်နှင့် တံခါးမှာ ဖြည်းညှင်းစွာ ပိတ်သွားလေသည်။

All Chapters