အားတီး၏ ဝန်ခံချက်
Vol. 3 Ch. 25
ကျန်းကျင်းခိုင်တယောက် အခြေအနေကို ပြန်လှန်သုံးသပ်ပြီး စိတ်ပျက်လာ၏။ ထိုအချိန်မှာပင် သူ့စားပွဲပေါ်မှ ဖုန်းမြည်လာသည်။
"အင်စပက်တာကျန်း ကျွန်တော် ကျန်းနန်ပါ"
ဖုန်းထဲမှ ကျန်းနန်၏အသံ ထွက်ပေါ်လာသည်။
"အချက်အလက်သစ်တခုရလာလို့ အင်စပက်တာ ဒီမနက် စာတိုက်ကနေ ကျူးယုပင်အိမ်ကို စာတစ်စောင်ရောက်လာတယ် စစ်ချွမ်ပြည်နယ်ကနေ ပို့လိုက်တဲ့စာပဲ စာရောက်လာတော့ ကျွန်တော်တို့လှည့်ကင်းအဖွဲ့တွေက လမ်းကနေ ဖြတ်ယူထားလိုက်တယ်"
"တကယ်လား စာကို စစ်ချွမ်ပြည်နယ်က ပို့လိုက်တာပေါ့ ဟုတ်လား"
ကျန်းကျန်းခိုင် ပြန်မေးလိုက်၏။ ကျူးယုပင်တွင် စစ်ချွမ်ပြည်နယ်မှ ဆွေမျိုး သို့မဟုတ် မိတ်ဆွေရှိသည်မှာ ဘာမှထူးဆန်းသော ကိစ္စမဟုတ်ချေ။
"မှန်တယ်အင်စပက်တာ ဒါပေမယ့် စာက ကျူးယုပင်ကို တိုက်ရိုက်ပေးတဲ့စာမဟုတ်ဘူး"
ကျန်းနန် ဆက်ပြောလိုက်၏။
"စာအိတ်မှာ လူရှောက်မေလို့ ရေးထားတယ် ကျူးယုပင်ကနေတဆင့် လူရှောက်မေကို ပေးတဲ့စာ"
"လူရှောက်မေ"
ထိုနာမည်၏ အရေးပါပုံကို ကျန်းကျင်းခိုင် ချက်ချင်း သတိထားမိလိုက်သည်။
"ခဏလေး ကျန်းနန် ကျုပ်တို့ရဲ့ပထမဆုံးအမှုကသားကောင် ရှောက်မေကို ပြောနေတာလား"
ဟုတ်သားပဲ...စစ်ချွမ်... ရှောက်မေက စစ်ချွမ်းပြည်နယ်ကလာတာပဲ...အားကျောက် တခါပြောတာ ငါကြားဖူးတယ်
ထို့ပြင် ရှောက်မေ၏ အမှုတွဲဖိုင်ထဲတွင် လူရှောက်မေဟူသော နာမည်ကို သူ မြင်ဖူးသည် မဟုတ်ပါလား။
"မှန်တယ်အင်စပက်တာ"
ကျန်းနန် ပြန်ဖြေလိုက်သည်။
"စာကို ကျွန်တော် ဖတ်ပြီးသွားပြီ သူ့မိသားစုကရေးလိုက်တဲ့ ပုံမှန်စာပါပဲ ဒါပေမယ့် စာထဲမှာ စိတ်ဝင်စားစရာတစ်ခုတွေ့တယ် စာအရ သူ့အမေရဲ့ ကျန်းမာရေး အများကြီးတိုးတက်လာပြီတဲ့ သူ့အစ်ကိုလည်း ဒီနှစ်ကျောင်းပြီးတော့မယ်လို့ ရေးထားတယ် ဒါကြောင့် ရှောက်မေအနေနဲ့ အိမ်ကို လစဉ်ပို့နေတဲ့ငွေကို ဆက်မပို့တော့ဖို့ ပြောထားတယ် ပြီးတော့ ရှောက်မေဟာ ပြီးခဲ့တဲ့လက အိမ်ကို ငွေအများကြီးပို့လိုက်တယ် သူတို့မိသားစုအတွက် ဒီလောက်ငွေအများကြီး မလိုဘူးလို့လည်း ရေးထားတယ် စာရဲ့အဆုံးမှာ သူ့ကိုယ်သူ ဂရုစိုက်ဖို့ ပြောထားသေးတယ်"
"တစ်ယောက်ယောက်က ရှောက်မေသေပြီးနောက်မှ သူ့မိသားစုကို ပိုက်ဆံဆက်ပို့နေတာလား"
ကျန်းကျင်းခိုင် အံ့သြသင့်သွား၏။ရှောက်မေမှာ လွန်ခဲ့သော နှစ်လကျော်ကတည်းက သေဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင် ငွေပို့နိုင်မည်မဟုတ်။သို့သော် သူ မဟုတ်လျင် မည်သူငွေဆက်ပို့နေသနည်း။ထိုအခိုက်မှာပဲ သူ့ခေါင်းထဲသို့ ရင်းနှီးကျွမ်းဝင်သော အသံတသံ တိုးဝင်လာ၏။
"ကျွန်မကို စာတိုက် ခေါ်သွားပေးနိုင်မလား"
"ကျွန်မမိဘတွေဆီ ငွေလွှဲမယ် သူတို့ ငွေ အရေးတကြီးလိုနေတယ်"
"ကျွန်မပင်နံပါတ်ရိုက်တဲ့အချိန် မကြည့်နဲ့နော်"
အားကျောက်လား...ရှောက်မေလား...ဒါမှမဟုတ် အားကျောက်က ရှောက်မေဖြစ်နေသလား...အားကျောက်ကပဲ ရှောက်မေကိုယ်စား ငွေပို့နေတာလား...
ကျန်းကျင်းခိုင်အနေနဲ့ ရွေးရမည်ဆိုလျင် နောက်ဆုံးအချက်ကို ယုံကြည်ချင်နေ၏။ သို့သော်အားကျောက်သည် ငွေအတွက် ကိုယ်ခန္ဓာကိုရောင်းစားနေသူ။ သူမ၏စိတ်ထားက လောဘထက် စာနာမှုကို ပိုဦးစားပေးနေသည်မျိုး ဖြစ်နိုင်ချေရှိပါမည်လား။
မဖြစ်နိုင်ဘူး...ဒါ အဓိပ္ပါယ်မရှိဘူး...ဒါဆို ပထမဆုံးသေဆုံးသူက ရှောက်မေမဟုတ်ဘဲ အားကျောက်ပဲ ဖြစ်နေမလားမသိဘူး...
"ကျန်းနန် ခင်ဗျားဆီမှာ အားကျောက်နဲ့ပတ်သက်ပြီး တခြားမှတ်တမ်းမှတ်ရာတွေများ ရှိသေူလား"
အတွေးပေါက်လာသဖြင့် ကျန်းကျင်းခိုင်က ကျန်းနန်ကို လွှတ်ခနဲ မေးလိုက်သည်။
"အားကျောက်လား"
ကျန်းနန် ခေတ္တ နှုတ်ဆိတ်သွား၏။
"ပထမနှစ်မှုအတွက် မျက်မြင်သက်သေမလား အမှန်တိုင်းပြောရရင် သူ့အကြောင်း ကျုပ် သိပ်မသိဘူး ပြီးတော့ သူက နေ့တိုင်းအလုပ်လုပ်တဲ့သူလဲ မဟုတ်ဘူး"
"အိုး ဒီလိုအလုပ်မျိုးမှာတောင် အချိန်ပိုင်းရယ်လို့ ရှိသေးတာလား"
ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။ပြည့်တန်ဆာများတွင် ရုံးပိတ်ရက်ရှိနေခြင်းမှာ ရယ်စရာကောင်းနေသည် မဟုတ်ပါလား။
"အားကျောက်နဲ့ပတ်သက်လာရင်တော့ ဟုတ်တယ်လို့ပြောရမှာပဲ"
ကျန်းနန် ရယ်မောရင်း ပြန်ဖြေလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်ပါ ကျုပ် အားကျောက်နဲ့ပတ်သက်ပြီး အချက်အလက်အသစ်တွေ ထပ်ရှာလိုက်မယ်လေ"
"ကောင်းပြီ ထူးထူးခြားခြားချက်သိရတာမျိုးရှိပြီဆိုရင် ကျုပ်ကို ချက်ချင်းဖုန်းခေါ်ပါ"
ကျန်းနန်ကို ညွှန်ကြားပြီး ကျန်းကျင်းခိုင် ဖုန်းချလိုက်သည်။ သူ့စိတ်ထဲတွင်တော့ အားကျောက်တယောက် ခါးထောက်လျက် အောက်ပါအတိုင်း ရန်တွေ့နေသည်ဟု ခံစားရလေသည်။
"ကျွန်မအလုပ် ကျွန်မလုပ်ချင်တဲ့အချိန် လုပ်မှာပေါ့ ရှင်နဲ့ဘာဆိုင်လို့လဲ ဦးရဲကြီးရဲ့ "
"အင်စပက်တာကျန်း ဒီညကျူအန်းလမ်းမှာ တာဝန်ကျတယ် တခုခု ခိုင်းစရာများရှိသလား"
ဝေစင်းက မေးလိုက်ခြင်း ဖြစ်သည်။ သူမသည် အရပ်သားဝတ်စုံကိုသာ ဝတ်ဆင်ထား၏။တာဝန်ကျဇယားအရ ဤနေ့တွင် ဝေစင်း၏ အလှည့်ရောက်လာသည် မဟုတ်ပါလား။
"အင်း မရှိပါဘူးကွာ ကျေးဇူးပါပဲ"
ကျန်းကျင်းခိုင် ပြုံးပြပြီး ပြန်ဖြေလိုက်၏။ပြီးမှ သူက တခုခုကို သတိရလာဟန်ဖြင့် ပြောလိုက်သည်။
"ဝေဝေ ခနနေအုံး တခုတော့ရှိတယ် ဒီည အားချွန် ကိုတွေ့ရင် သူ့ကို အားကျောက်အကြောင်း မေးခဲ့အုံး ပြီးတော့ ဒီည အေးလိမ့်မယ် အဝတ်အစားထူထူဝတ်"
ပြည့်တန်ဆာတယောက်၏ ဝတ်စားဆင်ယင်ပုံနှင့်တူအောင် ဝတ်ဆင်ထားသော ဝေစင်း၏ အဝတ်အစားက တိုနှံ့နှံဖြစ်နေ၍ ကျန်းကျင်းခိုင်က သတိပေးလိုက်ခြင်းပင်။
"ကျွန်မ လှရဲ့လား အင်စပက်တာ"
ကျန်းကျင်းခိုင် သတိပေးသည်ကို ဂရုစိုက်ဟန်မရှိပဲ ဝေစင်းက မေးလိုက်သည်။
"အင်း အင်း လှပါတယ်ကွာ"
"ဟုတ်ပြီ နောက်တစ်ခါ အင်စပက်တာနဲ့ အပြင်ထွက်စားရင် ဒီလိုဝတ်မယ်"
ပြောပြီးမှ ရှက်သွားဟန်ဖြင့် ဝေစင်း အခန်းထဲမှ ထွက်ပြေးသွား၏။
ကျန်းကျင်းခိုင် သက်ပြင်းတချက် ရှည်လျားစွာ ချလိုက်သည်။ဝေစင်း၏ သဘောထားကို သူ ကောင်းကောင်းနားလည်၏။ သို့သော် သူ့နှလုံးသားထဲတွင်ကား ဝေစင်းအတွက် နေရာမရှိချေ။ ဤကမ္ဘာပေါ်တွင် မိန်းမနှစ်ယောက်သာကျန်၍ ဝေစင်းနှင့်အားကျောက်အကြား သူ ရွေးရမည်ဆိုလျင် အားကျောက်ကိုသာ ရွေးချယ်မိမည်ဖြစ်သည်။၎င်းမှာ အားကျောက်က ဝေစင်းထက် ပိုကောင်းနေ၍ မဟုတ်။ ကျန်းကျင်းခိုင်၏ နှလုံးသားထဲတွင် အားကျောက်က နက်နက်ရှိုင်းရှိုင်း နေရာယူထား၍သာဖြစ်လေသည်။
ညနက်လာချေပြီ။ ကျန်းကျင်းခိုင်သည် ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်အနီးတွင် ကားရပ်လိုက်သည်။ ထို့နောက် သူ စားပွဲတစ်လုံးတွင်ထိုင်ကာ ဦးလေးကိုင်ကို လှမ်းအော်လိုက်၏။
"ဦးလေးကိုင် လက်ဖြစ်ခေါက်ဆွဲတပွဲ ပြီးတော့ ဆော့စ်နည်းနည်းပိုထည့်မယ်"
"ရမယ်"
အသံနှင့်အတူ ဦးလေးကိုင် မီးဖိုချောင်ထဲမှ ထွက်လာ၏။
"မင်း အခုတလော တစ်ယောက်ထဲပဲလာနေပါလား အားကျောက်ကော ဘယ်ရောက်နေတာလဲ"
"ခရီးထွက်နေတယ်ထင်တယ်"
ကျန်းကျင်းခိုင် မရေရာဟန်ဖြင့် ဖြေလိုက်၏။ယခုနောက်ပိုင်းတွင် အလုပ်များသည့်ရက်များမှလွဲလျင် ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်သို့ ကျန်းကျင်းခိုင် မရောက်သည့်ရက် တရက်မှမရှိ။ တစ်ခါတစ်ရံ သူ ခေါက်ဆွဲစား၏။ တစ်ခါတစ်ရံ သူ ဦးလေးကိုင်နှင့် စကားစမြည်ပြောဖြစ်လေသည်။ ကျူအန်းအိမ်ယာရှေ့တွင် ကားရပ်ပြီး အိမ်ပြန်ခင် ဆေးလိပ်တစ်လိပ်သောက်သောအကျင့်ကဲ့သို့ပင် ဦးလေးကိုင်၏ ဆိုင်သို့ လာရောက်စားသောက်ခြင်းမှာလည်း ကျန်းကျင်းခိုင်အတွက် လုပ်ရိုးလုပ်စဥ် တခုနှယ် ဖြစ်လာ၏။ "ဦးလေးကိုင် လက်ဖြစ်ခေါက်ဆွဲတစ်ပွဲ" ဟု လှမ်းအော်မည့် မိန်းကလေးတဦးကို သူ မျှော်လင့်နေခြင်းပေတည်း။
နောက်တစ်နေ့မနက်တွင် ကျန်းကျင်းခိုင်သည် လမ်းကြားထဲမှ ပြည့်တန်ဆာခေါင်းအားတီးကို ကျူအန်းရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်လာခဲ့၏။
စစ်ကြောရေးခန်းအရောက်ဝယ် ကျန်းကျင်းခိုင်က မေးလိုက်၏။
"အားတီး ဒီတစ်ရက်နှစ်ရက် အားချွန် ပျောက်နေပါလား သူ ဘယ်ရောက်နေသလဲ"
"အော် သူလား သူ ကလေးနေမကောင်းလို့ ခွင့်ယူထားတယ် အင်စပက်တာ"
အားတီးက ပြန်ဖြေလိုက်၏။
"ဒါဆို အားကျောက်အကြောင်းရော မင်း သူ့အကြောင်း ဘယ်လောက်သိသလဲ"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။
"အားကျောက်လား သူ ပျောက်နေတာ တော်တော်လေးကြာသွားပြီဗျ သူ့အကြောင်းပြောရရင် သူဟာ စိတ်ရင်းကောင်းတယ် ဒါပေမယ့် တခါတလေကျရင် စိတ်တိုလွယ်တယ် လူတွေကို ရိုက်လားပုတ်လား လုပ်တတ်တယ် ကျန်တာတော့ ကျွန်တော် သူနဲ့ပတ်သက်ပြီး သိပ်အများကြီး မသိဘူး"
"စိတ်တိုလွယ်ပြီး လူတွေကိုရိုက်လားပုတ်လား လုပ်တတ်တယ် ဟုတ်လား"
သူတို့နှစ်ယောက်အကြား အပြန်အလှန်ဆက်ဆံပုံကို ပြန်စဥ်းစားကြည့်ရင်း အားတီး၏ စကား ဖြစ်နိုင်သည်ဟု ကျန်းကျင်းခိုင် လက်ခံလိုက်သည်။
"ဒါဆို ရှောက်မေအကြောင်း ပြောပြပါအုံး"
"ရှောက်မေလား သူက တော်တော်ကိုလိမ္မာတဲ့မိန်းကလေးဗျ"
အားတီး သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"မိသားစုအဆင်မပြေလို့ ဒီဘဝက်ို ရောက်လာတဲ့မိန်းကလေး သိပ်သနားဖို့ကောင်းတယ် လမ်းကြားထဲက မိန်းကလေးတွေထဲမှာ သူဟာ အလုပ်အကြိုးစားဆုံးပဲ"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်၏။
"ရှောက်မေနဲ့ကျူးယုပိုင်တို့နှစ်ယောက် ဘာပတ်သက်မှုရှိသလဲ"
"သူတို့နှစ်ယောက် ဘာပတ်သက်မှုရှိသလဲ ဟုတ်လား"
အားတီး တွေခနဲ ဖြစ်သွား၏။
"အိုး ကျွန်တော် မှတ်မိပြီ ရှောက်မေဟာ ကျူးယုပိုင်ကို သူ့အိမ်အတွက် စာရေးခိုင်းလေ့ရှိတယ် ဘာလို့လဲဆိုတော့ ရှောက်မေဟာ စာမရေးတတ်ရှာဘူးလေ"
"အားကျောက်ကရော"
ကျန်းကျင်းခိုင် ခေါင်းစဉ်ပြောင်းလိုက်၏။
"အားကျောက်လား သူက လှတယ် ခေတ်ဆန်တယ် အင်တာနက်သုံးရတာ ကြိုက်တယ် ပညာတတ်ပုံရတယ် အလုပ်မလုပ်တဲ့အချိန်တွေမှာဆိုရင် တခြားမိန်းကလေးတွေနဲ့ ခပ်ကင်းကင်းနေလေ့ရှိတယ်"
အားတီးက ကျကျနနပင် ရှင်းပြလိုက်သည်။
"ဒါပေမဲ့ သူ ရှောက်မေနဲ့တော့ ဆက်ဆံရေးကောင်းတယ် သူ ရှောက်မေကို အနိုင်ကျင့်တာမျိုး လုံးဝမရှိဘူး"
"ရှောက်မေကို တခြားမိန်းကလေးတွေက မကြာခဏ အနိုင်ကျင့်တတ်ကြသလား"
ကျန်းကျင်းခိုင်က အားတီးကို သေသေချာချာ စိုက်ကြည့်ရင်း မေးလိုက်၏။
"ဟုတ်တယ် ရှောက်မေက အသက်ငယ်တယ် လူကောင်ကလဲသေးတယ် ဒါကြောင့် တခြားမိန်းကလေးတွေက သူ့အပေါ် မကြာခန အနိုင်ကျင့်တာမျိုး ရှိတတ်တယ် သဘောကဗျာ ဒီမိန်းကလေးတွေဟာ နေ့တိုင်း ယောက်ျားတွေဆီမှာ အနိုင်ကျင့်ခံနေရတာကိုး ဒီတော့ဒေါသစိတ်တွေ များပြီး ထွက်ပေါက်ရှာနေကြတာပေါ့"
အားတီးကား ကျန်းကျင်းခိုင် မေးသမျှကို အမှန်အတိုင်းပင် ပြောပြေနေလေသည်။
"လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်မှာ ရှောက်မေရှေ့က ရပ်ပေးမဲ့သူ ပေါ်လာတယ် သူကတော့ အားကျောက်ပဲ ဒါကြောင့် လမ်းထဲက တခြားမိန်းကလေးတွေက မေကို အနိုင်မကျင့်ရဲကြတော့ဘူး ဘာကြောင့်လဲဆိုတော့ ရှောက်မေကို ဆက်ပြီးအနိုင်ကျင့်နေရင် အားကျောက်က သူတို့ကို ပြန်ပြီးလက်စားချေမှာလေ"
"လက်စားချေမယ်ဟုတ်လား"
ကျန်းကျင်းခိုင် စားပွဲခုံကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်ရင်း မေးလိုက်ပြန်သည်။
"ဘယ်လိုမျိုး ပြန်ပြီးလက်စားချေမှာလဲ"
"ဟဲ ဟဲ ပုံမှန်ဆိုရင် အားကျောက်က သဘောကောင်းတဲ့ မိန်းကလေးပါ ဒါပေမယ့် သူ့ကို ဒုက္ခပေးမယ်ဆိုရင်တော့ မိန်းမကြမ်းကြီးအဖြစ် ပြောင်းသွားလိမ့်မယ် ပြီးတော့ သူက နောက်ခံအင်အားကလဲ တောင့်တယ်လေ ဒါကြောင့် လမ်းထဲက မိန်းကလေးတွေ သူနဲ့ထိပ်တိုက်တိုးမှာကို လန့်ကြတယ်"
အားတီး ပြုံးရင်း ရှင်းပြလိုက်၏။
"လမ်းကြားထဲကအသိုင်းအဝိုင်းဟာ ရဲကို ဖုန်းဆက်ပြီး လက်စားချေတတ်တဲ့ အသိုင်းအဝိုင်းမျိုး မဟုတ်ဘူးလေဗျာ"
"ပထမဆုံးလူသတ်မှုမှာ ဘယ်သူသေသွားတာလဲ"
ကျန်းကျင်းခိုင် ရုတ်တရက် မေးလိုက်၏။
"ရှောက်မေ မဟုတ်ဘူးလား"
အားတီး အတော်လေး အံ့သြသွား၏။
"ခဏလေး...အင်စပက်တာ...ခင်ဗျားက သေတဲ့သူ ရှောက်မေမဟုတ်ဘူးလို့ ပြောနေတာလား"
"ရှောက်မေရဲ့နာမည်အရင်းကို မင်းသိလား"
အားတီး၏ မေးခွန်းကို လစ်လျူရှုပြီး ကျန်းကျင်းခိုင် ဆက်မေးလိုက်သည်။
"တကယ့်နာမည်အရင်းလား ဒီလိုအလုပ်မျိုးမှာ တကယ့်နာမည်ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးလေ အင်စပက်တာ"
အားတီက ခေါင်းကုတ်ရင်း ပြောလိုက်၏။
"ရှောက်မေဟာ စစ်ချွမ်သူ နာမည်အရင်းက လူ...ဘာဆိုလဲ...သေချာမမှတ်မိဘူးဗျ...အားချွန် တခါတလေတော့ ပြောဖူးသလိုပဲ"
"အားကျောက်က ဘယ်နှစ်ရက်ခြားလောက်စီ အလုပ်လုပ်တတ်သလဲ"
နောက်ဆုံးမေးခွန်းကို ကျန်းကျင်းခိုင် မေးလိုက်လေသည်။
"သူလား သူကတော့ သူကြိုက်တဲ့အချိန် အလုပ်လုပ်တာပဲ သူက ငွေသိပ်မမက်ဘူး ဒါကြောင့် လမ်းထဲက တခြားမိန်းကလေးတွေနဲ့ မတူတာပေါ့ ရှောက်မေသေပြီးနောက်ပိုင်း သူအလုပ်ပိုလုပ်လာတယ်၊ ဒါပေမယ့် ခုကျတော့ သူ ပျောက်နေတာ တလကျော်သွားပြန်ပြီ"
ညနေခင်း၏ အအေးဓာတ်က ကားထဲသို့ တိုးဝင်လာ၏။ ကျန်းကျင်းခိုင် ကားထဲတွင်ထိုင်ပြီး အားကျောက်အကြောင်း တစိမ့်စိမ့် တွေးနေမ််ိလေသည်။