← Chapters

ဝေစင်းနှင့် ချိန်းတွေ့ခြင်း

Vol. 3 Ch. 26

ဝေစင်းနှင့် ချိန်းတွေ့ခြင်း

Vol. 3 Ch. 26

ဝေစင်းသည် နေ့လယ်စာစားချိန်လွန်မှ ရဲစခန်းသို့ ရောက်လာ၏။ ကျန်းကျင်းခိုင်တယောက် ရုံးခန်းထဲတွင် ထိုင်နေသည်ကို မြင်သောအခါ သူမက တံခါးခေါက်လိုက်သည်။

"အင်စပက်တာကျန်း ကျွန်မ ဝင်ခဲ့လို့ရမလား"

တံခါးခေါက်သံကြား၍ ဝေစင်းကို မြင်သောအခါ ကျန်းကျင်းခိုင် ပြုံးပြုံးရွှင်ရွှင်ပင် ဖိတ်ခေါ်လိုက်သည်။

"ဟေ့ ဝေဝေ အခြေအနေဘယ်လိုလဲ ဝင်လာခဲ့လေ မင်း ညက အလုပ်လုပ်ခဲ့တယ်ထင်တယ် အေးဆေးမှလာရော့ပေါ့"

"အင်စပက်တာကျန်း ကျွန်မတော့ ဒီမနက် အိပ်ကိုမအိပ်ရသေးဘူး"

ဝေစင်းက သန်းဝေရင်း ပြောလိုက်၏။

"ဒီမနက်စောစော ကျွန်မ ဆေးရုံကို သွားခဲ့တယ် မနေ့ညက အားချွန်က်ို လိုက်ရှာတော့ သူ့ကလေးဖျားနေတယ်လို့ပြောလို့ ဒါနဲ့ ဒီမနက် သူ့ကိုရှာဖို့ ကျွန်မ ဆေးရုံကို သွားလိုက်ရတယ်"

"တကယ်လား မင်းမှာ ဒီလောက်ကြင်နာတတ်တဲ့နှလုံးသားရှိမှန်း ကျုပ် မသိခဲ့ပါလား"

ကျန်းကျင်းခိုင်က ဝေစင်းကို စလိုက်၏။

"ဒီတော့ပြောပါအုံး တိုးတက်မှုတွေရှိသလား"

"အချက်အလက်သစ်တွေတော့ ရလာတယ် အင်စပက်တာ ဒါပေမယ့် ညစာကျွေးမယ်ဆိုမှပဲ ကျွန်မပြောပြမယ်"

ဝေစင်းက ပြုံးစိစိနှင့် ပြောလိုက်၏။

"သဘောတူတယ် ဒါပေမဲ့ မင်း ဘာရထားလဲဆိုတာအရင်ပြောပြ ဒါမှ ကျုပ်က ဘယ်လောက်စျေးကြီးတဲ့ညစာဝယ်ကျွေးရမလဲဆိုတာ သိမယ်"

ထိုင်ခံပေါ် ကျောမှီထိုင်ချရင်း ကျန်းကျင်းခိုင်က ပြန်ပြောလိုက်၏။ သူ၏မျက်နှာတွင် ဝေစင်းအား စနောက်ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။

"အားချွန်ရဲ့​စကားအရ အားကျောက်ဟာ ဒီမြို့သူပဲ အင်စပက်တာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ သူ ဒီအလုပ်ထဲရောက်လာတာ သူ့ကို ခေါ်လာတဲ့သူကတော့ အားရှုပဲ"

ဝေစင်းက လေးနက်သောဟန်ပန်နှင့် ပြောလိုက်သည်။

"အားကျောက်ဟာ ဒီမြို့က ဟုတ်လား"

ထိုစကားကြောင့် ကျန်းကျင်းခိုင် ထိုင်ခုံမှ ဖင်ကြွသွားလေသည်။

"ဟုတ်တယ်အင်စပက်တာ အားချွန်ပြောပုံအရကတော့ အဲဒီအတိုင်းပဲ အဲဒီတုန်းက သူမဟာ မြို့ခံတယောက် ဖြစ်ဟန်ပေါ်တယ်လို့ ပြောကြတယ် ဒါပေမယ့် နောက်ပိုင်းကျတော့ ဒီအကြောင်းတွေကို ဘယ်သူမှမပြောကြတော့ဘူး သူ့နာမည်ရင်းကိုတော့ အားချွန်လဲမသိဘူး သူကပြောတယ် အားကျောက်ဟာ ဒီအကြောင်းနဲ့ပတ်သက်ပြီးစကားစမိရင် အမြဲတမ်းရှောင်ထွက်သွားတတ်တယ်တဲ့"

ဝေစင်း အသေးစိတ်ရှင်းပြလိုက်သည်။

ဝေစင်း၏ စကားကို နားထောင်ပြီးနောက် ကျန်းကျန်းခိုင်က ပြောလိုက်သည်။

"အင်း ဒါဆိုရင်တော့ ကျုပ် မင်းကို ညစာကောင်းကောင်းကျွေးမှရတော့မယ် ဘာစားချင်လဲပြော ထိုင်ဝမ်ခေါက်ဆွဲတော့ မလုပ်တော့နဲ့နော်"

"ဒီအနားမှာ ဖူကျိန်းခေါက်ဆွဲဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ရှိတယ်"

ဝေစင်းက ရွှတ်နောက်နောက်လေသံနှင့် ပြောလိုက်၏။

"ကဲ ကဲ ခေါက်ဆွဲတော့မလုပ်တော့နဲ့ ဟော့ပေါ့ဆိုရင်ရော"

ဟော့ပေါ့အကြောင်း စကားစမိသည်နှင့် ကျန်းကျင်းခိုင်မှာ အားကျောက်ကို အလိုလို သတိရလာပြန်၏။

အားကျောက် မည်သူမည်ဝါမှန်း သိရှိရန်သည် ဤအမှုကို ဖြေရှင်းရန် အဓိကသော့ချက်သဖွယ် ဖြစ်လာ၏။ သို့သော် သူမကို ဘယ်နေရာတွင် သွားရှာရမည်နည်း။ လက်ရှိအချိန်တွင် အားကျောက်၏ "အချိန်ပိုင်း" အ​လုပ်ဆင်းပုံသည် အံ့သြသင့်စရာကောင်းနေ၏။ သူမသည် မည်သည့်အခါမှ ဖမ်းဆီးခံရခြင်းမရှိသောကြောင့် မှုခင်းမှတ်တမ်းမရှိသလို သူမ၏ ဓာတ်ပုံ၊ လက်ဗွေရာနှင့် တခြားကိုယ်ပိုင်အချက်အလက်များလည်း မရှိပဲ ဖြစ်နေသည်။ အစိုးရမှသာ ဤလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုင်စင်ထုတ်ပေးနိုင်ပါက အားကျောက်၏ အခြေအနေမျိုးကို ပို၍လွယ်ကူစွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

တခြားနည်းလမ်းလည်းမရှိသေး၍ ကျန်းကျင်းခိုင်က ပြင်ပရေးရာဌာနသို့ ဖုန်းခေါ်လိုက်၏။

"လီဝေတုန် ကျုပ် မင်းရဲ့အကူအညီလိုနေပြီ ကျူအန်းအိမ်ယာတိုက်နံပါတ်၅ အခန်း၃၀၂ရဲ့မှတ်တမ်းကို အိမ်ယာရုံးမှာ ရှာပေးနိုင်မလား"

"ရပါတယ် အင်စပက်တာ ပြဿနာမရှိဘူး"

လီဝေတုန်က ပြန်ဖြေလိုက်၏။

"ပြီးတော့ အင်စပက်တာမေးထားတဲ့ စာတိုက်အကြောင်း ကျွန်တော် သူတို့ကို မေးထားပြီးပြီ တခုခုထူးရင် ဖုန်းဆက်လိုက်မယ်"

"ကျေးဇူးတင်ပါတယ် ငါ့ညီရာ တကယ်ကျေးဇူးတင်တယ်"

ကျန်းကျင်းခိုင် ထိုသို့ပြောပြီး က ဖုန်းကိုချလိုက်သည်။ အလုပ်ကိုမျှဝေလုပ်ကိုင်ခြင်းသည် ကောင်းခြင်းအဖြာဖြာမှာ အံ့ချီးဖွယ်ရာပင်။ ထိုသို့ မျှဝေလိုက်ခြင်းကြောင့် များစွာ အလုပ်တွင်ကျယ်သွားသည် မဟုတ်ပါလား။

သိပ်မကြာမီ ကျန်းကျင်းခိုင်နှင့် ဝေစင်းတို့နှစ်ယောက် သွားနေကျ ဟော့ပေါ့ဆိုင်သို့ ရောက်လာကြ၏။ ဘာကြောင့်မှန်းတော့မသိ ဝေစင်းသည်လည်း အားကျောက်ရွေးခဲ့သော စားပွဲကိုပင် ရွေးချယ်လိုက်လေသည်။ မကြာမီ စားပွဲထိုးတစ်ဦး သူတို့ဝိုင်းသို့ ရောက်လာ၏။

ကျန်းကျင်းခိုင် မီနူးကို လှန်ကြည့်ပြီး ဝေစင်းကို ရိုးရိုးသားသား မေးလိုက်သည်။

"မင်းဘာစားမလဲ"

ကျန်းကျင်းခိုင်၏ မှတ်ဉာဏ်သည် သိပ်မကောင်းလှ။ သို့သော် နောက်ဆုံးအကြိမ် မှာကြားခဲ့သည့် အစားအသောက် အများစုကိုတော့ သူ မှတ်မိနေသေးလေသည်။

"အရမ်းမစပ်တဲ့ဟော့ပေါ့ပဲ စားကြရအောင် ကျွန်မက အစပ်အရမ်းမကြိုက်ဘူး အင်စပက်တာကရော"

ဝေစင်းက မီနူးကိုကြည့်ပြီး ကျန်းကျန်းခိုင်ကို ပြန်မေးလိုက်၏။

"ကျုပ်က နည်းနည်းစပ်တာစားနိုင်တယ် ဒါဆိုလဲ မျှပြီးမှာလိုက်ရအောင်"

"ဟုတ်ကဲ့ ဒါဆို အမဲသားတစ်ပွဲ သိုးသားတစ်ပွဲနဲ့ ရောထားတဲ့ပင်လယ်စာတစ်ပွဲ..."

ဝေစင်းက စားပွဲထိုးအား မှာကြားရင်း ကျန်းကျင်းခိုင်ကို မေးလိုက်ပြန်သည်။

"အင်စပက်တာကျန်း ဘာတွေထပ်မှာအုံးမလဲ"

"မလိုတော့ဘူးကွာ မင်းအဆင်ပြေရင် ရပါပြီ"

ဝေစင်းကို ပြုံးပြရင်း ကျန်းကျင်းခိုင် နှစ်သိမ့်လိုက်၏။သူသည် မိန်းကလေးတစ်ဦး ပျော်ရွှင်အောင် မည်သို့ ပြောရမည်ကို မသိလောက်အောင် ငယ်ရွယ်သူ မဟုတ်တော့။ သူသည် မိန်းကလေးများ စိတ်ကျေနပ်အောင် မည်သို့ ဆက်ဆံရမည်ကို ကောင်းကောင်းသိသလို ပြောလည်းပြောတတ်၏။မည်သို့ပြောရမည်ကိုလည်း သိသည်။

"အင်စပက်တာကျန်း ဒီည ကျွန်မ ဝတ်ထားတာ လှရဲ့လား"

"အင်း မဆိုးဘူး လှပါတယ်ကွ"

ကျန်းကျင်းခိုင်က ပြတင်းပေါက်ဘက်သို့ငေးနေရာမှ ဝေစင်းဆီ မျက်နှာလှည့်ပြီး ပြန်ဖြေလိုက်သည်။ တကယ်တော့ ဝေစင်းသည် အားကျောက်လောက် ဖက်ရှင်မကျဟု ကျန်းကျင်းခိုင် ထင်မိသည်။ သို့သော် ယောကျာ်းတကာကို ဆွဲဆောင်နေရသည့် မိန်းကလေးလောက် နေ့စဥ် ယူနီဖောင်းဝတ်ကာ ရုံးတက်နေရသည့် ရဲမေတဦးက ဖက်ရှင်မကျသည်မှာ လက်ခံလောက်စရာပင်။

"တကယ်လား"

မည်သို့ဆိုစေ ကျန်းကျင်းခိုင်၏ ချီးကျူးစကားကြောင့် ဝေစင်း အတော်လေး ဝမ်းသာသွား၏။ ထို့နောက် ဝေစင်းသည် သူမ ကျောင်းသူဘဝက ကြုံခဲ့ရသည်များကို ကျန်းကျင်းခိုင်အား ပြောပြလေသည်။ ကျန်းကျင်းခိုင်အဖို့ကား နားသာထောင်နေရသည်၊ စိတ်နှင့်လူတခြားစီ ဖြစ်နေ၏။ အားကျောက်သာ သူမ၏အတိတ်အကြောင်း ပိုမိုပြောပြခဲ့လျှင် သူ့အနေနှင့် အမှုကိုဖြေရှင်းရသည်မှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သိပ်မကြာမှီ သူတို့ဝိုင်းသို့ အစားအစာအားလုံးရောက်ရှိလာ၏။ ကျန်းကျင်းခိုင်ကတော့ ဟော့ပေါ့အား ချက်ပြုတ်ပြင်ဆင်ရာတွင် အဓိက ကူညီခဲ့လေသည်။ ဤသည်မှာ အမျိုးသားတစ်ဦးအနေဖြင့် အမျိုးသမီးတစ်ဦးနှင့် အပြင်ထွက်စားသောက်ရာတွင် လုပ်ပေးသင့်သောအရာဟု ကျန်းကျင်းခိုင် လက်ခံထား၏။ ထို့အပြင် ဝေစင်းကိုယ်တိုင်ကလည် မိန်းမချောလေး ဖြစ်နေသည်။ အားကျောက်က သူမကို "ပြားချပ်ချပ်" ဟုတမင်ခေါ်သော်လည်း သူမ၏ရင်သား၊ခါးနှင့်တင်ပါးအချိုးအစားမှာ... ။

မကောင်းသောအတွေးများ ရုတ်တရက် တိုးဝင်လာ၍ ကျန်းကျင်းခိုင် ရုတ်တရက် သူ့ခေါင်းကိုသူ လက်ဖြင့် ဖျောင်းခနဲ ရိုက်ချလိုက်သည်။

တောက်...ဒီ ညစ်တီးညစ်ပတ်အားကျောက်ကြောင့် ငါ့စိတ်တွေပါ ညစ်ညမ်းသွားပါလား...

"ခေါင်းကိုက်လို့လား အင်စပက်တာကျန်း"

ဝေစင်း အံ့အားသင့်သွားကာ ကျန်းကျင်းခိုင်၏ခေါင်းကို ပွတ်သပ်ပေးရန် လက်ကိုဆန့်ထုတ်လိုက်သည်။

"မဟုတ်ပါဘူးကွာ ခြင်ကိုက်တာပါ"

ကျန်းကျင်းခိုင် လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်ပြီး ဝေရှင်း၏လက်ကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို မသိမသာ နောက်သို့ဆုတ်လိုက်သည်။ ထို့နောက် သူက ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်ကာ ရေရွတ်လိုက်၏။

"သိပ်ကိုလှပတဲ့ညပါလား"

"ဟုတ်တယ်နော် အင်စပက်တာ"

ဝေစင်းကလည်း အိန္ဒြေမပျက် ပြန်ပြောလိုက်လေသည်။

"ဒီလိုညမျိုးမှာ လူသတ်မှုတွေဖြစ်နေတယ်ဆိုတာ မယုံနိုင်စရာပဲ"

"စိတ်မပူပါနဲ့ အင်စပက်တာကျန်း ကျွန်မတို့ ဒီအမှုကိုဖြေရှင်းနိုင်မှာပါ"

ဝေစင်း၏ အမူအရာမှာ လေးနက်လှသည်။

"ကဲ အလုပ်အကြောင်းပြောတာ တော်လောက်ပြီ စားကြရအောင်"

ကျန်းကျင်းခိုင် ဆော်သြလိုက်၏။ သူ့မျက်လုံးထဲတွင် ဝေစင်းသည် မိန်းမကောင်းလေးတဦးပင်။ သို့သော် သူမသည် အားကျောက်ကဲ့သို့ လွတ်လွတ်လပ်လပ် မနေတတ်ရှာ။ ထို့ကြောင့် အလုပ်ဖော်တစ်ဦးအနေဖြင့် ဝေစင်းသည် ပြောစရာမရှိ။ သို့သော် ဘဝဖော်တစ်ဦးအနေနှင့်ဆိုလျင် အားကျောက်ကသာ...

ရပ်လိုက်စမ်း...ငါဘာတွေးလျှောက်တွေးနေတာလဲ...

ကျန်းကျင်းခိုင် ခေါင်းခါပြီး အတွေးများကို မောင်းထုတ်လိုက်၏။ သူ တကယ်ပင် ပြည့်တန်ဆာတဦးကို ချစ်မိလေပြီလားမပြောတတ်။

ညစာစားပြီးနောက် ဝေစင်းကို ကျန်းကျင်းခိုင် အိမ်ပြန်ပို့လိုက်၏။ ပြီးလျင် ကျူအန်းအိမ်ယာရှေ့တွင် ကားရပ်ကာ ထုံစံအတိုင်း ဆေးလိပ်တလိပ်ကုန်သည်အထိ အချိန်ဖြုန်း၏။ ထို့နောက် သူ အိမ်ပြန်လာခဲ့လေသည်။

"ဟန်နီရေ ငါပြန်ရောက်ပြီ"

အထက်ပါအတိုင်း ရေရွတ်ပြီး ကျန်းကျင်းခိုင် မီးမဖွင့်ပဲ ရေချိုးခန်းသို့ တန်းသွားလိုက်၏။ တအိမ်လုံး အပ်ကျသည်မှအစ သိနေ၍ မီးဖွင့်ရန် တကယ်လည်း မလိုအပ်ချေ။ ထို့အပြင် ညဘက် အိမ်ပြန်ရောက်၍ မီးဖွင့်လိုက်ပါက သူ့အိမ်တွင် တွေ့ရနိုင်သည့်အရာကို သူကြောက်နေလေသည်။

သွားတိုက်ပြီးနောက် သူ ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် နံရံကို မျက်နှာမူပြီး အောက်ပါအတိုင်း သူ တီးတိုး ရေရွတ်လိုက်ပြန်သည်။

"ဟန်နီရေ ကျုပ် တစ်ခြားမိန်းကလေးတစ်ယောက်ကိုချစ်မိသွားပြီထင်တယ် သူက ကျုပ်မချစ်သင့်တဲ့မိန်းကလေးတစ်ယောက် ဒီတော့ ကျုပ်ကိုပြောစမ်းပါ ကျုပ်ဘာလုပ်ရမလဲ"

သူ ဆိုဖာပေါ်တွင် ခေတ္တထိုင်နေသေး၏။ ပြီးမှ အောက်ပါအတိုင်း ပြောကာ အိပ်ခန်းနှစ်ခန်းအနက် တစ်ခန်းထဲသို့ ဝင်သွားလေသည်။

"ထားလိုက်ပါတော့ အိပ်တော့မယ်ကွာ မင်္ဂလာညချမ်းပါဟန်နီ"

ထိုနေ့ညက ဝေစင်းခမျာလည်း အကြီးအကျယ် စိတ်လှုပ်ရှားနေခြင်းကြောင့် အိပ်၍မပျော်ရှာ။

All Chapters