← Chapters

ခရီးရှည်တခု၏ ရက်စွဲများ

Vol. 3 Ch. 27

ခရီးရှည်တခု၏ ရက်စွဲများ

Vol. 3 Ch. 27

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီဂတ်စီမြို့၊ ဒရိုလ်မာရီတောင်ခြေတွင် တည်ရှိသော တာရှီလွန်ပိုဘုန်းတော်ကြီးကျောင်းသည် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပူဇော်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုအခါ သန်းနှင့်ချီသော ဗုဒ္ဓဘာသာဝင်ဘုရားဖူးများသည် သူတို့၏မြင့်မြတ်သောပုဝါများကို ကိုင်ဆောင်ကာ ရင်ပြင်တော်တွင် စုဝေးကြ၏။ ထိုနေ့တွင် သူတို့သည် မြတ်စွာဘုရားကို ဆီမီးများ ပူဇော်ကြ၏။ မြင့်မြတ်သော ပုဝါများကို ဆက်ကပ်ကြ၏။ ထို့နောက် မကောင်းသောနတ်ဆိုးများ၏ အန္တရာယ်မှ ကာကွယ်ရန်နှင့် တလောကလုံး ငြိမ်းချမ်းပါစေရန် ဆုတောင်းကြ၏။

မိန်းကလေး ဘာစားချင်လဲဟု အဓိပ္ပါယ်ရသော တိဘက်ဘာသာစကားနှင့် သက်လတ်ပိုင်းအရွယ် တိဘက်အမျိုးသမီးတဦးက အားကျောက်ကို နွေးထွေးစွာ ဆီးကြိုလိုက်သည်။

"အမ်... ထမ့်ထွတ်.. အနီ မာ... ကျွန်မ ပြောချင်တာက ဟိုဟာလေ..."

ဟိုမရောက်ဒီမရောက်တိဘက်စကားနှင့် အားကျောက် ကိုးရိုးကားယား ပြန်ဖြေလိုက်၏။

"ဟားဟား သမီးက ဟန်လူမျိုးမလား"

အားကျောက်၏ တိဘက်စကားပြောဟန်ကိုကြားသည်နှင့် အမျိုးသမီးက ရယ်မောလိုက်သည်။ တိဘက်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အားကျောက်၏ပုံစံမှာကား တကယ့် တိဘက်အမျိုးသမီးငယ်တစ်ဦးနှင့် မခြားပေ (မှတ်ချက် - 'ဟန်' လူမျိုးသည် တရုတ်နိုင်ငံ၏ အဓိကလူမျိုးစုဖြစ်သည်။ နိုင်ငံခြားသားများက 'တရုတ်' ဟုခေါ်သောအခါ ရည်ညွှန်းလေ့ရှိသော်လည်း တကယ်တော့ 'တရုတ်'ဟူသည်မှာ လူမျိုးတစ်မျိုးတည်းကို ရည်ညွှန်းခြင်းမဟုတ်ပဲ ဟန်အပါအဝင် လူမျိုးစု ၅၆ မျိုးပါဝင်သော နိုင်ငံသားဖြစ်မှုကို ရည်ညွှန်းခြင်းဖြစ်သည်)။

"ဟုတ်ကဲ့အဒေါ် ကျွန်မက ဟန်လူမျိုးပါ ထန်းထုပ်တစ်ပွဲ နွားလျှာအရောရောတစ်ပွဲ ပြီးတော့ နို့တစ်ခွက် ပေးပါရှင်"

အားကျောက်က ပြုံးရွှင်သောအမူအရာနှင့် စားစရာများ မှာကြားလိုက်သည်။

"ခဏလေးစောင့်နော် သမီး မကြာစေရဘူး"

တိဗက်အမျိုးသမီးက ထိုသို့ပြောပြီး မီးဖိုချောင်ဘက်သို့ နားမလည်နိုင်သော အသံများဖြင့် အော်ဟစ်ကာ ကျန်ဖောက်သည်များကို ဆက်လက်ဧည့်ခံနေလေသည်။ ရှီဂတ်စီမြို့သည် ဗုဒ္ဓပွဲတော်ကာလများတွင် အလွန်တရာ စည်ကားသောမြို့ဖြစ်၏။ လမ်းများပေါ်တွင် လူအများအပြား သွားလာလှုပ်ရှားနေကြလေသည်။ တိဘက်ရိုးရာ ဗိသုကာလက်ရာများကို သတိမထားမိလျင် ဤနေရာကို ပြည်မရှိ မြို့ကြီးတမြို့ဟု ထင်မှတ်မိပေလိမ့်မည်။

မကြာမီ စားပွဲထိုးတစ်ဦး အားကျောက် မှာကြားထားသည်များကို ယူဆောင်လာ၏။ စားပွဲပေါ်ရှိ ငရုတ်သီးမှုန့်ဘူးကို မြင်တွေ့သည်နှင့် သူမ လျှာယားလာတော့သည်။ သို့သော် ငရုတ်သီးမှုန့်ဘူးကို ကိုင်လိုက်သည့်အချိန်မှာပင် ဒေါက်တာဝမ်၏ အသံကို သူမ ကြားယောင်လာ၏။

"အားကျောက် ဆေးရုံကဆင်းပြီးရင် ကောင်းကောင်းအနားယူရမယ် ပြီးတော့ အစပ်တွေ မစားနဲ့"

သူမ ခေါင်းကို သွက်သွက်ခါလိုက်၏။ ဒေါက်တာဝမ်၏ အသံကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်နှင့်ပင် တူနေသေးသည်။ သို့သော် ဒေါက်တာဝမ် ပျောက်သွားသည်နှင့် တစုံတယောက်ကို အားကျောက် သတိရလာပြန်၏။

"မဖြစ်ဘူး အခုမှ နလန်ထတုန်း အစပ်စားလို့ ဘယ်ဖြစ်မလဲ"

"ဒီရဲစုတ်"

အားကျောက် နှုတ်ခမ်းစူပြီး ကျိန်ဆဲလိုက်၏။ သို့သော် ငရုတ်သီးမှုန့်ဘူးကိုတော့ လက်လွှတ်လိုက်လေသည်။

ဦးရဲကြီး...ခုတလော..ဘာတွေများလုပ်နေမလဲမသိဘူး...

------------------

ဤညကား ဝေစင်း တာဝန်ကျသည့် ညဖြစ်သည်။ ညပိုင်းအတွက် အထူးညွှန်ကြားချက်ရှိမရှိ သိလို၍ သူမ ကျန်းကျင်းခိုင်၏ ရုံးခန်းသို့ သွားလိုက်သေး၏။ ပြီးမှ သူမ လမ်းကြားဆီသို့ ထွက်ခွာလာခဲ့လေသည်။ ရဲတပ်ဖွဲ့၏ကြိုးပမ်းမှုနှင့်အတူ နောက်ထပ်လူသတ်မှုများ ထပ်မံဖြစ်ပွားခြင်းမရှိလေရာ လမ်းကြားတွင် ပြန်လည်စည်ကားသိုက်မြိုက်လာမည့် အရိပ်အယောင်များ တွေ့မြင်နေရလေပြီ။

လမ်းကြားရှိ ပြည့်တန်ဆာခေါင်းအားချွန်ကား ရဲများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ဘယ်တယောက်က သူ့အတွက် အလုပ်လာလုပ်သည်၊ ဘယ်တယောက်က ရဲမေဖြစ်သည်ကို သူ ကောင်းကောင်းကြီး သိနေ၏။ရဲများအနေနှင့် ပြည့်တန်ဆာလုပ်ငန်းနှင့် ပတ်သက်လျင် သူ့ကို လုပ်ပိုင်ခွင့်အပြည့်ပေးထားလေရာ သူ့မိန်းကလေးတဦးအား ဒုက္ခပေးမည့် ဖောက်သည်တစ်ဦးဦးနှင့်ကြုံလာလျင် သူကိုယ်တိုင် ဝင်ရောက်ဖြေရှင်းနိုင်ပေသည်။ ၎င်းမှာ အားချွန်အတွက် ဘာမှခက်ခဲသောအလုပ်မဟုတ်။ သူ့အလုပ်ကိုက ဤပြသနာမျိုးကို ဖြေရှင်းပေးရန် ဖြစ်လေရာ သူ့ကိုယ်သူ "တရားဥပဒေစိုးမိုးရေး အရာရှိ" တစ်ဦးအဖြစ် ခံယူထား၏။

အားကျောက်နှင့်ပတ်သက်၍ တောင်းထားသည့် စာရွက်စာတမ်းများ ကျန်းကျင်းခိုင်လက်ထဲ ရောက်လာခဲ့ပေပြီ။ စာတိုက်ကိစ္စမှာ ထူးထူးခြားခြား မရှိလှ။ အားကျောက် ငွေလွှဲပေးသူမှာ စစ်ချွမ်ပြည်နယ်ရှိ လူရှောက်မေ၏ မိသားစုဖြစ်ကြောင့် အလွယ်တကူပင် အတည်ပြုနိုင်ခဲ့သည်။ ကွာခြားသည်မှာ ရှောက်မေသည် သာမန်အားဖြင့် ယွမ်၂၀၀၀သာ ငွေပို့တတ်ပြီး အားကျောက် ငွေလွှဲရာတွင်တော့ ယွမ်၁၀၀၀ပိုနေခြင်းပင်။ အိမ်ခြံမြေရေးရာဌာနမှလည်း ကျူအန်းအိမ်ယာတိုက်ခန်းနှင့်ပတ်သက်၍ အားကျောက်၏ ပိုင်ဆိုင်မှုမှတ်တမ်းကို ဖော်ထုတ်နိုင်ခဲ့လေသည်။ တိုက်ခန်း၏ ပိုင်ရှင်ဟောင်းမှာ လင်ဖန်းယွမ်အမည်ရှိ အမျိုးသမီးတဦးဖြစ်ပြီး လွန်ခဲ့သောနှစ်နှစ်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့၏။ ထိုမတိုင်မီက ပိုင်ရှင်မှာ ရန်ပင်းဖိုင်ဆိုသူ ဖြစ်၏။ ထိုလူမှာ နိုင်ငံခြားထွက်သွားပြီဖြစ်ကြောင်း သိရသည်။ အဖြေမှာ မျက်စေ့ရှေ့မှောက်မှာပင် ရှိ၏။ သို့သော် ရံဖန်ရံခါတွင် မျက်စေ့မှောက်နေတတ်ပေသည်။

ကျန်းကျင်းခိုင် အချက်အလက်များကို ငြီးငွေ့ပျင်းရိစွာ ဖတ်ရှုနေ၏။ အားကျောက်၏ ဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးသည့်တိုင် ရှောက်မေမဟုတ်ကြောင်းမှာတော့ သေချာသွားပေပြီ။ ရဲများအနေနှင့် ရှောက်မေ၏ ဇာတိမြို့မှ အချက်အလက်များ ရယူနိုင်ခဲ့၏။ ထို့ကြောင့် သေဆုံးသူ ရှောက်မေဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ပေပြီ။

မည်သို့ဆိုစေ သူ့လက်ထဲရောက်လာသည့် စာရွက်စာတမ်းများကိုဖတ်ပြီး ကျန်းကျင်းခိုင် စိတ်ချမ်းသာသွားသည်မှာ အမှန်ပင်။ အားကျောက်နှင့်ပတ်သက်ပြီး သူတို့ အချက်အလက်ပြည့်ပြည့်စုံစုံ မရရှိသေး။ သို့သော် ရရှိသမျှသော အချက်အလက်များကြောင့် အားကျောက်သည် စိတ်ထားကောင်းသူ၊ သနားကြင်နာတတ်သူမှန်း သိသာလာ၏။ သူမသည် သေဆုံးသူရှောက်မေမိသားစုထံ ငွေများပို့ပေးခဲ့၏။ ၎င်းမှာ သေချာပေသည်။ တဖန် တိုက်ခန်းပိုင်ရှင် နိုင်ငံခြားထွက်သွားပြီဟူသောစကားမှာလည်း တစိတ်တပိုင်းအနေနှင့် မှန်ကန်နေ၏။ သို့သော် နောက်ဆုံးပိုင်ရှင် လင်ဖန်းယွမ်၏သေဆုံးမှုကို သူမ ဘာကြောင့်ဖုံးဖိထားရလေသနည်း။ သူမနှင့် လင်ဖန်းယွမ် မည်သို့ဆက်နွယ်နေသနည်း။ အားကျောက်သည် လင်ဖန်းယွမ်၏ ဆွေမျိုး သို့မဟုတ် သမီးပေလား။ သို့သော် လင်ဖန်းယွမ်၏ မှတ်တမ်းများအရ သူမတွင် အိမ်ထောင်မရှိချေ။ သူမ၏ မိဘများမှာလည်း ယဉ်ကျေးမှုတော်လှန်ရေးတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် လင်ဖန်းယွမ်သည် မျိုးဆက်ပြတ်နေပြန်၏။

နောက်ဆုံးတော့ အားကျောက်၏ ဇစ်မြစ်ကို ယခုတိုင် မဖော်ထုတ်နိုင်သေးဟုပင် ဆိုရပေတော့မည်။

ညသန်းခေါင်အချိန်တွင် ဝေစင်းနှင့် ကျန်အဖွဲ့ဝင်တချို့ လမ်းထိပ်တွင် ရပ်နေကြ၏။ သူတို့နှင့် ကိုက်အနည်းငယ်အကွာတွင် အမှန်တကယ်အလုပ်လုပ်သည့် မိန်းကလေးများ ရှိနေကြသည်။ ညမှာ အလွန်အေးလှပေရာ ကျန်အဖွဲ့ဝင်များသည် သူတို့၏လင်ယောကျာ်းများနှင့် အလျှိုလျှို ပြန်ကုန်ကြ၏။ နောက်ဆုံးတွင် ဝေစင်းတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။။

ဝေစင်း ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်သည်။ သူမ၏ အတွေးထဲတွင် ကျန်းကျင်းခိုင် ရောက်လာပုံကို စိတ်ကူးယဥ်လျက် ရှိ၏။

"ဝေဝေ အရမ်းအေးတယ် အထဲဝင်ကြရအောင်"

သူတို့နှစ်ယောက် အတူတူ အဆောက်အအုံထဲဝင်သွားသည်ကိုမြင်ယောင်ပြီး ဝေစင်း၏ မျက်နှာ ရဲရဲနီသွားလေသည်။

သိပ်မကြာမီ ဝေစင်း အိမ်သာသွားချင်လာ၏။ ရဲများ ငှားထားသည့် အခန်းထဲမှ အိမ်သာသုံးလျင် ရှက်စရာဖြစ်နေမည်ဟု သူမ တွေးမိလေသည်။ အကြောင်းမှာ ရဲစုံတွဲများသည်"တာဝန်အရ" အမှန်တကယ် အလုပ်လုပ်နေကြသောကြောင့်ပင်။ ထို့ကြောင့် အများပြည်သူသုံးအိမ်သာကိုပင် သွားရန် သူမ ဆုံးဖြတ်လိုက်လေသည်။ ထိုအခါ သူမက အနီးရှိ စောင့်ကြည့်ရေးကင်မရာထဲတွင် အိမ်သာသွားမည့်အကြောင်း အချက်ပြလိုက်သည်။ အကြောင်းမှာ ကင်မရာ၏ တဖက်ခြမ်းမှ ကျန်းနန်၏ စောင့်ကြည့်ရေးအဖွဲ့က သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည် မဟုတ်ပါလား။

ဝေစင်း၏ ဒေါက်ဖိနပ်သံ ဖြည်းဖြည်းမှန်မှန် ထွက်ပေါ်နေသည်။ အိမ်သာအဝင်ဝအရောက်မှာပင် မိန်းကလေးတဦး၏ အော်သံကို ထွက်ပေါ်လာလေသည်။

“နောက်ထပ် လူသတ်မှုဖြစ်ပြန်ပြီဟေ့"

အော်သံနှင့်အတူ စက္ကန့်ပိုင်းအတွင်း လမ်းကြားတခုလုံး ရဲများနှင့် ပြည့်နှက်ကုန်လေသည်။

“အဲဒီအသံ တိုက်နံပါတ်၇ရဲ့၆လွှာကလာတာ"

ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသော ရဲတဦး၏ အော်သံကြောင့် ကျန်ရဲများအားလုံး တိုက်နံပါတ်၇ဆီသို့ ဦးတည်ပြေးလွှားသွားကြသည်။

များပြားလှသောအပျော်မယ်များနှင့် ကျန်လူများ ခြောက်ခြားထိတ်လန့်စရာမြင်ကွင်းက်ို ဝိုင်းကြည့်နေကြ၏။ ထိုအခိုက်မှာပင် အရိပ်များထဲတွင် ပုန်းအောင်းနေသော လူတယောက်သည် လမ်းကိုဖြတ်ပြီး ဝေစင်း မတ်တပ်ရပ်သော နေရာသို့ရောက်လာ၏။

အခြေအနေကို နောက်ဆုံးမှတုံ့ပြန်သူမှာ ဝေစင်း ဖြစ်နေသည်။ ဗိုက်ထဲမှအစာဟောင်းများကို ရှင်းထုတ်ပြီးချိန်တွင် သူမ၏ သူငယ်ချင်းများအားလုံး တိုက်နံပါတ်၇သို့ ရောက်ကုန်ကြလေပြီ။ လမ်းတဘက်ခြမ်းမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုကြည့်ရင်း သူမ နဝေတိမ်တောင်နှင့် လမ်းထဲပြန်ဝင်လာ၏။ ထိုအချိန်တွင် လူရိပ်တစ်ရိပ်က သူမအား စောင့်ဆိုင်းနေခဲ့လေပြီ။

ဘုန်းခနဲအသံနှင့်အတူ ကြီးမားလေးလံသောအရာတခု ဝေစင်း၏ ခေါင်းကို ထိမှန်သွား၏။ တချိန်တည်းမှာပင် လက်ကြီးတစ်ဖက်က သူမ၏ နှာခေါင်းကို ဖုံးအုပ်လိုက်သည်။ သူမ ချက်ချင်းပင် သတိလစ်သွား၏။ အားကျောက်၏ ဖြစ်စဥ်နှင့်မတူသည်မှာ ဤတကြိမ်တွင် တိုက်ခိုက်သူသည် ဝေစင်းကို ဖမ်းခေါ်သွားရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ထိုလူသည် ဝေစင်း၏ ပါးစပ်ကို ပိတ်လိုက်၏။ လက်များကို ကြိုးဖြင့်တုပ်လိုက်၏။ ထို့နောက် အိတ်ကြီးတအိတ်အတွင်း ထည့်လိုက်လေသည်။

လူရိပ်သည် ဘေးဘီဝဲယာကို ကြည့်လိုက်၏။ ဘယ်သူမှမမြင်ကြောင်း သေချာသွားမှ ဝေစင်းကို ထည့်ထားသောအိတ်ကို ပုခုံးပေါ်တင်ပြီး လမ်းကြားအဝတွင် ရပ်ထားသော သုံးဘီးတစီးဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။

All Chapters