← Chapters

အားကျောက်၏ဇာတ်ကြောင်း

Vol. 3 Ch. 30

အားကျောက်၏ဇာတ်ကြောင်း

Vol. 3 Ch. 30

သိပ်မကြာမီ ရဲတပ်ဖွဲ့ဝင်များ အင်တာနက်ကဖေးသို့ ရောက်ရှိလာ၏။ ထို့နောက် သူတို့သည် သတိလစ်နေသော ဝေစင်းကို ဆေးရုံသို့ အမြန်ဆုံး သယ်ဆောင်သွားကြလေသည်။ တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာရခဲ့ခြင်းဖြစ်၍ အထူးခန်းကို အလွယ်တကူပင် ရရှိခဲ့၏။ ကံမကောင်းအကြောင်းမလှစွာပင် ဝေစင်း၏ အခန်းမှာ ယခင် အားကျောက်နေခဲ့သောအခန်းနှင့် အတူတူဖြစ်နေလေသည်။ ကံကြမ္မာ၏စေစားခြင်းပေလား သို့မဟုတ် ဘုရားသခင်၏ အလိုတော်ပင်လားဟု သံသယဝင်စရာဖြစ်နေ၏။

ကျန်းကျင်းခိုင် ဝေစင်းအခန်းသို့ မကြာခင်မှာပင် ရောက်ရှိလာ၏။ မြို့နယ်ရဲမှူးရုံးတွင် အစည်းအဝေးတက်နေချိန်ဖြစ်၍ ဝေစင်းကိုရှာတွေ့ချိန်ဝယ် သူမရှိခဲ့။ လမ်းကြားမှ လူသတ်မှုများသည် အလွန်ထူးဆန်းနေ၍ ယောက်ထန်းယု ကိုယ်တိုင်စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူ၏ပထမနေ့မှာပင် "အမျိုးသမီးရဲအရာရှိတဦးမုဒိမ်းမှု" ဖြစ်စဉ်ပေါ်ပေါက်လာခြင်းမှာ ကံဆိုးသည်ဟုပင် ဆိုရပေတော့မည်။

ကျန်းကျင်းခိုင်သည် ဝေစင်း၏အိပ်ရာဘေးတွင် ထိုင်နေ၏။ သူ့မျက်နှာတွင် ရှက်ရွံ့ဟန်၊ နောင်တရဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။ မှတ်တမ်းဓာတ်ပုံများအရ ဝေစင်းကိုတိုက်ခိုက်သူမှာ အားကျောက်ကိုတိုက်ခိုက်သူနှင့် တယောက်တည်းဖြစ်နေနိုင်၏။ သို့သော် မှုခင်းဖြစ်စဉ်နေရာကွဲပြားနေခြင်းအပြင် ဝေစင်း၏ခန္ဓာကိုယ်ပေါ်တွင် ဆီးများနှင့် ညစ်ပတ်နေသောကြောင့် သက်သေများ ပျက်စီးကုန်၏။ ထို့ကြောင့် တရားခံကို ဖမ်းဆီးလိုက်ပါက သက်သေမရှိ၍ နောက်တကြိမ် လွတ်မြောက်သွားအုံးမည်သာ။

သတိလစ်နေသော ဝေစင်းကိုကြည့်ရင်း ကျန်းကျင်းခိုင် အတွေးလွန်နေလေသည်။ သူ့ရှေ့တွင် လဲလျောင်းနေသူမှာ အားကျောက်ဟု သူ ခံစားမိလာ၏။ ထိုအခါ အားကျောက်၏ပါးပြင်ကို နူးညံ့စွာ နမ်းခဲ့မိချိန်ကို သူ သတိရသွားပြန်သည်။

"ကျန်းကျင်းခိုင် သူ့အခြေအနေ ဘယ်လိုရှိသလဲ"

ထိုအခိုက်မှာပင် ယောက်ထန်းယုနှင့် ဒေါက်တာဝမ်တို့ အခန်းထဲ ဝင်လာလေသည်။

"သူ သတိမရသေးဘူးကော်မရှင်နာ"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။

"အေး... မင်းတို့ကို အတန်တန် သတိထားဖို့ ပြောနေတဲ့ကြားက ဒီလိုဖြစ်လာတယ်ဆိုတော့ကွာ...ဒါနဲ့ သူ ဘယ်တုန်းက ပျောက်သွားတာလဲ"

"ကျွန်တော်တို့ ဆက်စုံစမ်းနေပါတယ် လူသတ်မှုဖြစ်တဲ့ညက ပျောက်သွားတာဖြစ်မယ်လို့ ယူဆရတယ်"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။

"ကျွန်တော်ခန့်မှန်းတာကတော့ လူသတ်မှုဖြစ်တဲ့အချိန်မှာပဲ ဝေဝေ တိုက်ခိုက်ခံခဲ့ရတာဖြစ်လိမ့်မယ် သူ့သူငယ်ချင်းတွေ သူ အဆောင်ကနေ ထွက်သွားတာကိုတွေ့တယ် ပြန်လာတာကိုတော့ ဘယ်သူမှ မမြင်ဘူး"

"အေး ဆက်စုံစမ်းထား"

ထို့နောက် ယောင်ထန်းယုက ဒေါက်တာဝမ်ဘက်သို့ အာရုံပြောင်းကာ "အစ်မကြီးကိုလဲ ဒီက ကိစ္စတွေကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ပြောလိုက်ပြန်သည်။

"ထူးခြားမှုလို့ပဲဆိုရမလားတော့မသိဘူး"

ဒေါက်တာဝမ် တစုံတခုကို တွေးမိဟန်တူသည်။

"ဝေစင်းရဲ့အခြေအနေက..."

သူမ ကျန်းကျင်းခိုင်က်ို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

"ဝေစင်းရဲ့အခြေအနေက လွန်ခဲ့တဲ့တစ်လလောက်က လူနာနဲ့ တော်တော်တူတယ် တကယ်တော့ ဝေစင်းက အဲဒီလူနာထက်တောင် အခြေအနေပိုဆိုးနေသေးတယ်"

"ဒါဆို အရင်ကလည်း ဒီလိုဖြစ်စဉ်မျိုးရှိခဲ့တာလား"

ယောက်ထန်းယုက ကျန်းကျင်းခိုင်ဘက်လှည့်ပြီး မေးလိုက်သည်။

"မှန်ပါတယ် ကော်မရှင်နာ... အရင်တုန်းက"

ကျန်းကျင်းခိုင်က အားကျောက်၏ဖြစ်စဉ်ကို ယောက်ထန်းယုအား ရှင်းပြလိုက်၏။

"တိုက်ခိုက်သူရဲ့နည်းလမ်းက အမှုနှစ်ခုလုံးမှာ အတူတူပါပဲ ဒါပေမယ့် သက်သေမခိုင်လုံတဲ့အတွက် သံသယတရားခံကို ဖမ်းဆီးလို့မရသေးဘူးကော်မရှင်နာ"

ယောက်ထန်းယုက မေးခွန်းထုတ်လိုက်ပြန်သည်။

"ပထမအမှုက အကြမ်းဖက်ခံရသူဆိုတာ ဟော့ပေါ့ဆိုင်ဖြစ်စဉ်က မိန်းကလေးပဲလား"

"ဟုတ်...ဟုတ်ပါတယ်ကော်မရှင်နာ"

ကျန်းကျင်းခိုင် ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ ဒါဆို သံသယတရားခံရဲ့လှုပ်ရှားမှုတွေကို မင်းတို့ သေသေချာချာ စောင့်ကြည့်ထားမှရမယ်"

ထို့နောက် ယောက်ထန်းယု တစုံတရာကို လေးလေးနက်နက် စဥ်းစားရင် အခန်းထဲမှ ထွက်ခွာသွားလေသည်။ သူသည် ကျန်းကျင်းခိုင် ရင်ဆိုင်နေရသော အခက်အခဲများကို နားလည်၏။ ထို့ကြောင့် သူ့အား အထူးတလည် ဖိအားပေးမနေတော့ပေ။

ဝေစင်း၏ဖြစ်စဉ်မှာ အရေးကြီးသည်မှန်၏။ သို့သော် ရဲတပ်ဖွဲ့အနေနှင့် စံနှုန်းများ၊ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအရသာ စုံစမ်းစစ်ဆေးရပေလိမ့်မည်။ တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် ရဲတပ်ဖွဲ့သည် စိတ်ကြိုက်လုပ်ခွင့်မရှိချေ။ ကျန်းကျင်းခိုင်ကိုယ်တိုင်သည်လည်း စည်းကမ်းကြီးသော ရဲတစ်ဦးဖြစ်ပြီး စုံစမ်းစစ်ဆေးရာတွင် မည်သည့်အခါမှ ဘောင်ကျော်ခြင်းမရှိချေ။

ဆဋ္ဌမမြောက်လူသတ်မှုတွင် အသတ်ခံရသော သားကောင်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ကျန်းကျင်းခိုင်၏စားပွဲပေါ် ရောက်ရှိလာပြီ ဖြစ်သည်။ သေဆုံးသူအမျိုးသား၏ အမည်မှာ ကောက်ရှုကွန်းဖြစ်ပြီး နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီမှ အရောင်းစာရေးဖြစ်သည်။ သေဆုံးသူအမျိုးသမီး၏ အမည်မှာကား အားတီးဖြစ်ပြီး မကြာသေးမီကမှ ဤမြို့သို့ပြောင်းရွှေ့လာသည့် လူသစ်တဦးပင်။

မည်သို့ဆိုစေ ကျန်းကျင်းခိုင်အတွက်တော့ နောက်ထပ်ရှုပ်ထွေးသောအမှုတခုဟု ဆိုရပေလိမ့်မည်။ စုံစမ်းမှုများအရ ကောက်ရှုကွန်းသည် ပြည့်တန်ဆာများနှင့် မကြာခဏပျော်ပါးတတ်သူဖြစ်သော်လည်း လမ်းကြားသို့ ပုံမှန်သွားတတ်သူတော့မဟုတ်။ ၎င်းမှာ ဧည့်သည်များကို ပုံမှန်ဧည့်ခံ​ရသူဖြစ်ပြီး ဧည့်သည်များနှင့် ရောပျော်တတ်သူဟု ဆိုနိုင်သည်။ သို့သော် လတ်တလောတွင် ဤလုပ်ငန်းနှင့်ပတ်သက်၍ တားဆီးမှုများနေ၍ သူ့အနေနှင့် ဧည့်သည်များကို အဆင့်မြင့် ဖျော်ဖြေရေးနေရာများသို့ ခေါ်မသွားနိုင်တော့။ ဤသို့နှင့် သူ လမ်းကြားသို့ ရောက်လာခြင်းဖြစ်သည်။ အားတီးမူကား လွန်ခဲ့သော သုံးရက်ကမှ မြို့ကိုရောက်လာသူ ဖြစ်သည်။ ထို့ကြောင့် ဤအမှုသည် ယခင်အမှုများနှင့် ဆက်စပ်မှုမရှိပဲ သီးခြားဖြစ်နေ၏။

ညနေခင်းတွင် ကျန်းကျင်းခိုင်သည် ဆေးရုံသို့သွားပြီး ဝေစင်းကို ကြည့်လိုက်သေး၏။ သို့သော် သူမမှာ ယခုတိုင် သတိမရသေးချေ။ ည ၈နာရီတွင် သူသည် ဦးလေးကိုင်၏ခေါက်ဆွဲဆိုင်အပြင်တွင် ကားရပ်ကာ ညစာစား၏။ ထို့နောက် ကျူအန်းအိမ်ရာသို့သွားကာ အားကျောက်ကို စောင့်ပြန်သည်။ ဤသည်မှာ သူ၏ညပိုင်းလုပ်ရိုးလုပ်စဉ်များပေတည်း။

ဒေါက်တာဝမ် ဂရုတစိုက်နှင့် ကုသပေး၍ ဝေစင်းတယောက် သုံးရက်ကြာသတိလစ်ပြီး နောက်ဆုံးတွင် သတိရလာသည်။ သို့သော် သူမသည် တိုက်ခိုက်မှုကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာရသွားဟန်ရှိသည်။ ထိုအခါ ဝေစင်း၏ စိတ်အခြေအနေက ယောက်ထန်းယုနှင့် ကျန်းကျင်းခိုင်ကို အကြီအကျယ် အခက်တွေ့စေ၏။ ဝေစင်းထံမှ သက်သေအထောက်အထားများ ရမှသာ တရားခံကို သူတို့ ဖမ်းဆီးနိုင်မည် မဟုတ်ပါလား။

ဤရက်များတွင် ဝေစင်းသည် တချိန်လုံး ဆေးရုံမျက်နှာကျက်ကိုသာ ငေးစိုက်လျက်ရှိ၏။ ဆေးရုံဝန်ထမ်းများနှင့်လုပ်ဖော်ကိုင်ဖက်များ လာရောက်သည့်တိုင် သူမ စကားတစ်ခွန်းမှ မပြောချေ။ တစ်ခါတစ်ရံတွင် သူမသည် အူသည်းလှိုက်သည်းပင် ငိုကြွေးနေတတ်၏။ ထိုအခါ ပြည့်တန်ဆာများသည်ပင် သာမန်အမျိုးသမီးများထက် စိတ်ဓာတ်ခိုင်မာသည်ဟု ထင်ရလေသည်။

ထိုကနေ့ညနေတွင် ကျန်းကျင်းခိုင်တယောက် ဆေးရုံမှ လေးလံစွာ ထွက်ခွာသွား၏။ ဝေစင်းကား ဆေးရုံမျက်နှာကျက်ကိုသာ ငေးကြည့်နေခဲ့သည်။ သိပ်မကြာမီ ဝေစင်း၏ တံခါးဝသို့ လူရိပ်တရိပ် ရောက်လာလေသည်။

"မင်္ဂလာပါရှင် ကျွန်မဝင်လာလို့ရမလား"

တဖက်မှ ဘာမှပြန်မဖြေ၍ အားကျောက် အခန်းထဲသို့ ဝင်လာ၏။

"ရှင် နေကောင်းရဲ့လားကျွန်မ အားကျောက်ပါ ရှင် မှတ်မိတယ်မလား"

အားကျောက်သည် ဝေစင်း၏ကုတင်ဘေးတွင် ထိုင်ကာ ခပ်တိုးတိုး ပြောလိုက်၏။

"ဒီလောက်စိတ်မညစ်နဲ့ရှင် ကျွန်မက ဒီလိုအလုပ်မျိုးလုပ်နေတာ ကျွန်မလိုလူတောင် ခုထိအသက်ရှင်နေတုန်းပဲလေ"

ဝေစင်းသည် အသံကိုကြားသည်နှင့် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အားကျောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤအချိန်မျိုးတွင် ပြည့်တန်ဆာတဦးသာ ဝေစင်း၏ ခံစားချက်မျိုးကို နားလည်နိုင်မည် မဟုတ်ပါလား။

"ရှင် ဒဏ်ရာတွေအများကြီးရလာတာ ကျွန်မသိတယ် ဒါပေမယ့် ဒီဒဏ်ရာတွေက ကျွန်မတို့ကို ပိုအားကောင်းလာစေတယ် ကျွန်မဆိုရင်လဲ မွေးကတည်းက ပြည့်တန်ဆာမဟုတ်ခဲ့ဘူး ကျွန်မမှာ မိသားစုရှိတယ် အဖေ အမေ ပြီးတော့ ညီမတောင်ရှိခဲ့တယ် ကျွန်မလည်း ပျော်ရွှင်ခဲ့ဖူးပါတယ်ရှင် ဒါပေမယ့် ပျော်ရွှင်မှုတွေက အခုဆိုရင် အတိတ်မှာကျန်ရစ်ခဲ့ပြီ..."

ထို့နောက် အားကျောက်သည် ဝေစင်းဘေးတွင် ထိုင်ကာ သူမ၏ဘဝဇာတ်ကြောင်းကို တိုးညှင်းသောအသံဖြင့် ပြောပြနေလေသည်။

"ကျွန်မအသက် ၁၈ နှစ်မှာ မိဘတွေကွာရှင်းသွားတယ် ကျွန်မအမေက ဦးနှောက်ပျက်သွားတယ် အသက်၁၉နှစ်ရောက်တော့ ကျွန်မ ယောကျာ်းတစ်ယောက်နဲ့တွေ့တယ်လေ သူကကျွန်မကိုချစ်တယ်တဲ့ ကျွန်မကလည်း တကယ်ကိုယုံခဲ့မိတယ် နောက်ဆုံးတော့ ကျွန်မကိုချစ်တဲ့သူတစ်ယောက်ရပြီပေါ့ ဒါပေမယ့် ကျွန်မမှားသွားခဲ့တယ် သိပ်မကြာပါဘူး ကျွန်မကိုယ်ဝန်ရှိလာရော အဲဒီအခါမှာ ကျွန်မ သူ့လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့ဘူးလေ နောက်ဆုံးတော့ သူ တခြားမိန်းမတွေဆီရောက်သွားခဲ့တော့တာပေါ့"

"ကျွန်မ အသက်၂၀ နှစ်ပြည့်တဲ့နေ့မှာပေါ့ အမေနဲ့ကျွန်မဟာ ညစာစားဖို့ သူ့ကိုစောင့်နေခဲ့တယ် ဒါပေမယ့် သူမလာခဲ့ဘူး ကျွန်မဖုန်းဆက်မေးတော့ သူက ကျွန်မနဲ့ ကွာရှင်းချင်တယ်လို့ပြောလာတယ်လေ အဲဒီအချိန်မှာ ကျွန်မ ကိုယ်ဝန် ၈ လရှိနေပြီ သူ့ကိုဆုံးရှုံးရမှာကြောက်တဲ့အတွက် ကျွန်မ သူ့ကိုလိုက်ရှာခဲ့တယ် တကယ်တော့ သူ တခြားမိန်းမတယောက်နဲ့ အိပ်နေတာကိုး"

"အဲဒီမိန်းမက ကျွန်မကို ဆဲလားဆိုလားလုပ်တော့ ကျွန်မက သူ့ကိုရိုက်လိုက်တယ် သူဟာ ကျွန်မကို ကာကွယ်ရမဲ့အစား အဲဒီမိန်းမနဲ့အတူ ကျွန်မကိုပါ ရိုက်လိုက်သေးတာရှင့် အမေ ကျွန်မကိုရှာတွေ့တော့ ကျွန်မ သေလုမြောပါးဖြစ်နေပြီ ကျွန်မကိုယ်ဝန်ပျက်ကျသွားခဲ့တယ် အမေကလည်း စိတ်နောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တယ်"

ဤနေရာအရောက်တွင် အား​ကျောက်၏ မျက်လုံးများတွင် မျက်ရည်များနှင့် စိုစွတ်လာ၏။

"ကျွန်မသေချင်လာတယ် သေလိုက်တာပဲကောင်းမယ်လို့ တွေးမိလာတယ်"

"ကျွန်မအမေဆုံးရှုံးခဲ့ရတယ် ကျွန်မကလေးကိုလဲ ဆုံးရှုံးလိုက်ရပြီ ကျွန်မချစ်တဲ့သူကိုလဲ ဆုံးရှုံးသွားပြီ အဖေကလည်း ကျွန်မတို့မိသားစုကနေ အဝေးကြီးကို ထွက်သွားတယ် ကျွန်မဘဝမှာ ဘာအနှစ်သာရမှမရှိတော့ဘူးလို့ ခံစားမိလာတယ်လေ ဒါနဲ့ တရက်မှာတော့ ပင်လယ်ကမ်းခြေကိုသွားပြီး ရေထဲခုန်ချပစ်ဖို့ စဉ်းစားလိုက်တယ် ဒီတန်ဖိုးမရှိတဲ့ဘဝကို အဆုံးသတ်ပစ်တော့မယ်ပေါ့လေ ဒါပေမယ့် ရုတ်တရက် မိန်းမတစ်ယောက်က ကျွန်မဘေးမှာထိုင်ပြီး ပြောလာတယ် သေချင်နေတာလား ကောင်မလေးတဲ့ မင်းသေသွားရင် မင်းဝတ်ထားတဲ့လက်ဝတ်လက်စားတွေကို နောက်ဘဝထိ ယူမသွားနိုင်ဘူးဆိုတော့ ငါ့ကိုပေးလိုက်တော့တဲ့ သူ့ဆီက ပျံ့လွင့်လာတဲ့ အပေါစားရေမွှေးနံ့ကို ကျွန်မ အခုထိမှတ်မိနေတုန်းပဲ"

"သူမပြောတာမှန်တယ်လေ ဒါကြောင့် ကျွန်မမှာပါလာတဲ့ပစ္စည်းတွေအားလုံး သူ့ကို ပေးလိုက်တယ် ဒါပေမယ့် သူက ထပ်ပြောတယ် မင်းက လက်ဝတ်လက်စားတွေကိုတော့ စွန့်လွှတ်နိုင်တယ် နှလုံးသားထဲကနာကျင်မှုကိုတော့ ဘာလို့မစွန့်လွှတ်နိုင်တာလဲတဲ့"

"ကျွန်မလဲ ဘယ်လိုဖြေရမှန်းမသိလို့ ခေါင်းခါလိုက်တယ်"

"သူက ပြန်ပြောတယ် ယောကျာ်းတွေဆိုတာ ဘာလဲလို့ မင်းကိုပြောပြမယ်သူတို့က မင်းသေသွားရင် သူကို့ မင်း ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ မှတ်မိမှာမဟုတ်ဘူး မင်း ကိုယ့်ကိုယ်ကို သတ်သေရလောက်အောင် မိုက်မဲတဲ့အတွက်ပဲ လှောင်ရယ်လိမ့်မယ် ဒီတော့ ဘာလို့သတ်သေနေအုံးမှာလဲတဲ့"

"သူ ပြောတာ အရမ်းမှန်တာပဲ ကျွန်မ သူ့ကိုအရမ်းချစ်လို့ ကျွန်မကလေးနဲ့အမေ သေသွားတာ ကျွန်မမှာ သူတို့အတွက် ဝမ်းနည်းပူဆွေးနေတုန်းပဲ ဒါပေမဲ့ ကျွန်မသေသွားရင်တော့ ဘယ်သူမှ ကျွန်မအတွက် ဝမ်းနည်းနေကြမှာ မဟုတ်ဘူး ဒါနဲ့ ကျွန်မ လက်စားချေဖို့ဆုံးဖြတ်လိုက်တယ် ရှင် တွေးနေတာ ကျွန်မ သိပါတယ် ကျွန်မ သူ့ကို ဘာမှမလုပ်ခဲ့ဘူးပေါ့လေ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မဟာ ချစ်ခြင်းမုန်းခြင်းအကုန်လုံးကို နောက်မှာချန်ရစ်ခဲ့ပြီ ကျွန်မရဲ့လက်စားချေခြင်းကတော့ ကျွန်မ တဘဝလုံး ဘယ်သူ့ကိုမှမငဲ့တော့ပဲ လုပ်ချင်ရာလုပ်မယ် ပျော်ပျော်နေမယ် ဒါပါပဲ"

အားကျောက်သည် စကားကိုခနရပ်ပြီး ဝေစင်းကို ကြင်နာသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

"ရှင်မကြိုက်တဲ့ယောကျာ်းက ရှင့်ကို အတင်းအဓမ္မလုပ်ခဲ့တာ ကျွန်မ သိပါတယ် ကျွန်မဆိုရင် ဒါမျိုးကို တရက်ထဲမှာတောင် အကြိမ်ကြိမ်ကြုံရလေ့ရှိတယ် ဒါပေမဲ့ ကျန်တဲ့အရာတွေ...တခြားဘာတွေများ ရှင် ဆုံးရှုံးသွားလို့လဲ ဘာမှမဆုံးရှုံးသေးဘူးမလား ဒါဆိုရင် ဒီနာကျင်စရာတစ်ခုတည်းကိုပဲ ရှင် ဘာလို့ အာရုံစိုက်နေမှာလဲ"

အားကျောက်၏ နောက်ဆုံးစကားကိုကြားသည်နှင့် ဝေစင်း ငိုချလိုက်တော့၏။

All Chapters