ချစ်မှုရေးရာကိစ္စတွေက ဆရာလည်းမင်းကိုသင်မပေးတတ်ဘူး
Vol. 13 Ch. 176
အခန်း (၁၇၆) ချစ်မှုရေးရာကိစ္စတွေက ဆရာလည်းမင်းကိုသင်မပေးတတ်ဘူး
ရှောင်ယွိ ပန်းပင်များကြားမှ ထွက်လာလေသည်။
သူမက ပန်းပင်လေးများအပေါ် ခြေထောက်ဖြင့် တက်နင်းမိမည် စိုးသောကြောင့် ဂရုတစိုက်ဖြင့် လှမ်းထွက်လာခြင်း ဖြစ်သည်။ ပန်းပင်လေးများကို သူမက အလွန် အလေးထားလေသည်။
သူမက လက်ထဲမှ သစ်သားဓားလေးကို ကျန်းလန်ဆီ ကမ်းပေးလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… ခရီးထွက်တာ ချောချောမွေ့မွေ့ရှိခဲ့ရဲ့လား…"
"အင်း… အတော်လေး အဆင်ပြေခဲ့ပါတယ်…"
ကျန်းလန်က သစ်သားဓားလေးကို လှမ်းယူရင်း ပြောလိုက်သည်။
ရှောင်ယွိက နဂါးသုတ်သင်ဓားဝိညာဉ်ကို ရယူရန် သူ့ကို စောင့်ဆိုင်းနေခြင်း ဖြစ်ဟန်တူသည်။
သို့သော် သူပြန်လာသည်နှင့် အချိန်ကိုက် ရောက်နေသည်မှာတော့ အနည်းငယ်ထူးဆန်းနေသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။
"ဂိုဏ်းတူမောင်လေး… လူစည်ကားတဲ့ နေရာဒေသတွေကိုရော ရောက်ခဲ့လား…"
ကျန်းလန်နှင့် လုန်ယွိ အိမ်ရှိရာသို့ အတူတူလမ်းလျှောက်လာစဉ် ရှောင်ယွိက မေးလိုက်ခြင်း ဖြစ်သည်။
"ရောက်ခဲ့တယ်… ဂိုဏ်းတူအစ်မအတွက်တောင် လက်ဆောင်ဝယ်လာခဲ့သေးတယ်…"
ကျန်းလန်က စကားပြောရင်း ရှောင်ယွိအတွက် ဝယ်လာသည့် တုတ်ထိုးသကြားလုံးများကို ထုတ်ပေးလိုက်သည်။
"တုတ်ထိုးသကြားလုံးတွေလား…"
ရှောင်ယွိက ကျန်းလန်ပေးသည့် တုတ်ထိုးသကြားလုံး (၂)ချောင်းကို ယူလိုက်ပြီး သွားဖြင့်အသာကိုက်ကာ မြည်းကြည့်လိုက်သည်။
ထို့နောက် သူမက ပြုံးလိုက်ရင်း…
"အနံ့လေးက မွှေးနေတာပဲ… ၊ ဒီတုတ်ထိုးသကြားလုံး (၂)ခုလုံး ကျွန်မအတွက်လား…"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အင်းလေ…"
ရှောင်ယွိမျက်နှာထက်တွင် တုတ်ထိုးသကြားလုံးကို သဘောမကျသည့် အမူအရာကို မတွေ့ရတော့မှ ကျန်းလန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။
ရှောင်ယွိက…
"ဒါနဲ့… စကားမစပ်…"
ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…
"တုတ်ထိုးသကြားလုံးကို သဘောကျတယ်ဆိုပေမယ့် ကျွန်မက ကလေးမဟုတ်ဘူးနော်… ၊ ရှင်နဲ့ အရင်ဆုံးတွေ့ခဲ့ဖူးတဲ့ လုန်ယွိပုံစံက ကျွန်မရဲ့ ပုံစံအမှန်ပဲ… ၊ အခု နည်းနည်းငယ်နေတဲ့ပုံစံ ဖန်ဆင်းထားတာက လွတ်လွတ်လပ်လပ် သွားရလာရလွယ်ကူအောင် ဖန်ဆင်းထားတာ…"
အစကတည်းက ရှောင်ယွိ ထိုအကြောင်းကို ရှင်းပြပြီးသား ဖြစ်သော်လည်း ယခု ထပ်ရှင်းနေပြန်လေပြီ။
သို့သော် သူမ တုတ်ထိုးသကြားလုံးကို ကိုက်လိုက်သည့် ပုံစံလေးက သူမပြောသည့်စကားကို ယုံကြည်ချင်စရာ မကောင်းအောင် ကလေးဆန်လွန်းသည်။
သို့ရာတွင် ကျန်းလန်ကလည်း ရှောင်ယွိကို ကလေးတစ်ယောက်ပမာ ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ။
ယခုဆိုလျှင် သူမက အရင်ကလို ကလေးမလေးပုံစံလည်း မဟုတ်တော့ပေ။ အပျိုမလေးတစ်ယောက်ပုံစံ ဖြစ်နေပြီ ဖြစ်သည်။
သို့ပေသိ သူမပုံစံက ကလေးတစ်ယောက်ပမာ အပြစ်ကင်းစင်လွန်းသည်။
မည်သို့ပင်ဖြစ်စေ…
အရွယ်ရောက်ပြီးသား လုန်ယွိပုံစံကတော့…
မာနကြီးသည်။
စကားနည်းသည်။
သူမအနားရောက်လာသူများကို အဖက်မလုပ်ဘဲ ငြင်းဆန်လေ့ရှိသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက … ကျွန်မရဲ့ သစ်သားဓားလေးထဲကို နဂါးသုတ်သင်ဓားဝိညာဉ်ထည့်ပေးနေတာ (၁၀) ကြိမ်ကျော်သွားပြီဆိုတော့… ဂိုဏ်းတူမောင်လေးကို ဘာပြန်ပေးရမလဲဟင်… ၊ နေဦး… ဂိုဏ်းတူမောင်လေးကို နဂါးဘာသာစကား သင်ပေးရမလား…"
အိမ်ထဲရောက်သည်နှင့် ကျန်းလန်က ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ရှောင်ယွိကလည်း သူ့နံဘေးတွင် ဝင်ထိုင်လိုက်လေ၏။
"ကောင်းပြီလေ…"
ကျန်းလန်က ရှောင်ယွိ၏စကားကို ချင်းချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။
သူက ယခင်ကလည်း နဂါးဘာသာစကားအနည်းငယ် သင်ယူဖူးပြီး အကြမ်းဖျင်းနားလည်သော်လည်း ကျွမ်းကျင်မှု မရှိသေးပေ။
နဂါးဘာသာစကားကို သင်ယူခြင်းက ကျန်းလန်အတွက် အမှန်ပင် အကျိုးရှိနိုင်သည်။
ရှောင်ယွိ သူ့အနားရှိနေလျှင် သူလည်း ကျင့်ကြံ၍မရနိုင်သည့်အတူတူ နဂါးဘာသာစကားသင်ယူခြင်းက မဆိုးလှသည့်ကိစ္စ ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ကိုကြည့်ကာ ပြုံးလိုက်ရင်း…
"ဒါဆို နဂါးဘာသာစကားကို အရေးကစပြီး လေ့လာရမယ်… ၊ အစပိုင်းတော့ လက်ရေးလှအောင် ရေးနိုင်မှာ မဟုတ်ဘူး… ၊ ဘာလို့လဲဆိုတော့ နဂါးဘာသာစကားက ရေးရတာခက်တယ်…"
"…………………"
ကျန်းလန်က တိတ်ဆိတ်သွားသည်။
"လာပြန်ပြီ… ဒီလက်ရေးကိစ္စ…" ဟု ကျန်းလန် တွေးလိုက်၏။
နှစ်ပေါင်း (၅၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရှောင်ယွိက သူလက်ရေးမလှသည့်ကိစ္စကို အဘယ့်ကြောင့် ယနေ့ထိတိုင် မမေ့ရသေးပါသနည်း။
ကျန်းလန် တိတ်ဆိတ်နေဆဲ ဖြစ်လေသည်။
ယနေ့တော့ ခရီးမှ ပြန်လာခါစလည်း ဖြစ်သလို ရှောင်ယွိ၏ သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရဦးမည် ဖြစ်လေရာ နဂါးဘာသာစကား သင်ယူရန် အချိန်မရှိတော့ပေ။
နောက်တစ်ခေါက်မှသာလျှင် သူ သင်ယူနိုင်မည် ဖြစ်သည်။
ထို့ပြင် သူ့တွင် လုပ်စရာကိစ္စများစွာလည်း ရှိနေသေးသည်။
ထိုနေ့ညနေတွင်တော့…
ရှောင်ယွိ နဝမတောင်ထွတ်မှ ပြန်ခါနီးတွင် ကျန်းလန်က ထုံးစံအတိုင်း သူမကို လိုက်ပို့ပေးလေသည်။
ရှောင်ယွိ ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်သို့ ပြန်တော့မည်ဟု ကျန်းလန်ထင်နေစဉ်မှာပင် သူမက ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
ကျန်းလန်လည်း ဇဝေဇဝါဖြစ်သွားပြီး…
"ဂိုဏ်းတူအစ်မ… တစ်ခုခုများ မေ့ကျန်ခဲ့လို့လား…"
"ကျွန်မကို ပြန်ပေး…"
ရှောင်ယွိက လက်တစ်ဖက်ကို ဆန့်တန်းပြီး ကျန်းလန်ရှေ့တွင် လက်ဖဝါးများဖြန့်ကာ ပြောလိုက်သည်။
ကျန်းလန် အံ့အားသင့်သွားလေသည်။
"ဂိုဏ်းတူအစ်မ… ဘာပြန်ပေးရမှာလဲ…"
"ကျွန်မရဲ့ဓားလေ… ဆောင်းဝိညာဉ်ဓား…"
ရှောင်ယွိက ဆက်ရှင်းပြလိုက်သည်။
"ခရီးထွက်တုန်းက ကျွန်မ ငှားလိုက်တာလေ…"
ထိုအခါမှ ကျန်းလန် သတိရသွားပြီး ဆောင်းဝိညာဉ်ဓားကိုထုတ်ယူကာ ရှောင်ယွိလက်ထဲ ထည့်ပေးလိုက်သည်။
"ဒီမှာ… ဂိုဏ်းတူအစ်မရဲ့ ဓားပါဗျာ…"
သူ အများကြီး ရှင်းပြမနေတော့ပေ။
ဓားကို ပြန်ပေးလိုက်လျှင် အဆင်ပြေသည်ပဲ ဖြစ်လေသည်။
"ဒါဖြင့် ကျွန်မ ပြန်တော့မယ်… နောက်တစ်ခါကျမှ ရှင့်ကို နဂါးဘာသာစကား သင်ပေးတော့မယ်…"
ထို့နောက် ရှောင်ယွိက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် ကျောက်စိမ်းရေကန်သို့ ပြန်သွားလေတော့သည်။
ရှောင်ယွိ မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားသည်အထိ ကျန်းလန် ငေးကြည့်နေပြီးမှ ဆရာဖြစ်သူရှိရာ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
ဆရာဖြစ်သူအတွက် ဝယ်ယူလာသည့် အကောင်းစားသေရည် ၊ အမဲခြောက်ဖုတ်နှင့် ပဲငံပြာရည်များကို ဂါရဝလက်ဆောင်ပေးရဦးမည် ဖြစ်သည်။
ရှောင်ယွိက သူလက်ဆောင်ပေးသည့် တုတ်ထိုးသကြားလုံးများကို သဘောကျလေသည်။
သို့သော် ဆရာဖြစ်သူကိုတော့ တုတ်ထိုးသကြားလုံးသွားပေးလျှင် သေချာပေါက် သဘောကျမည် မထင်ပေ။
…………………
ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်သွားလေသည်။
သူမက တုတ်ထိုးသကြားလုံးမျာကို ပါးစပ်ဖြင့်ကိုက်ထားရင်း လက်ထဲမှ ဆောင်းဝိညာဉ်ဓားကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
"ဟင်… ဓားကိုအသုံးပြုထားတဲ့ပုံလည်း မပေါ်ဘူး… ၊ ပြင်ပလောကကိုသွားတာ ဓားသုံးဖို့ မလိုဘူးလား… ၊ ဒါမှမဟုတ် သူက ငါ့ရဲ့ဓားကိုသုံးဖို့ ရှက်နေတာများလား…"
သူမ ပဟေဠိ ဖြစ်သွားသည်။
ဆောင်းဝိညာဉ်ဓားက ကျန်းလန်ကို ကူညီနိုင်မည်ဟု မျှော်လင့်ပြီး သူမက ဓားကို ငှားရမ်းလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် သူမ၏ ဂိုဏ်းတူမောင်လေးက ဒဏ်ရာရခဲ့ပုံလည်း မရှိသလို ခရီးမထွက်ခင်ကထက်ပင် အခြေအနေကောင်းနေဟန် ရှိသည်။
ကျန်းလန်ကိုကြည့်ရသည်မှာ အပြောင်းအလဲတစ်ခုခုနှင့် ရင်ဆိုင်ခဲ့ရဟန် ရှိသော်လည်း ကောင်းမွန်သည့် အပြောင်းအလဲ ဖြစ်ပုံရလေသည်။
ထို့နောက် သူမက ဓားကို သိမ်းဆည်းလိုက်ပြီး တုတ်ထိုးသကြားလုံးများကို စတင်စားသောက်လိုက်သည်။
တုတ်ထိုးသကြားလုံးများက အရသာ သိပ်မရှိလှပေ။ သို့သော် သူမ ထိုသကြားလုံးများကို သဘောကျလေသည်။
သူမကို မည်သူမှ လက်ဆောင်မပေးဖူးသောကြောင့် ထိုသို့ သဘောကျနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တုတ်ထိုးသကြားလုံးများက အပေါစားအစားအသောက်တစ်ခုဖြစ်သည့်တိုင် သူမကို မည်သူကမှ လက်ဆောင်ပေးခြင်း မရှိခဲ့ပေ။
ထို့ပြင် ကျန်းလန်က သူမနှင့် စေ့စပ်ထားသူ ဖြစ်လေရာ ကျန်းလန်ပေးသည့်လက်ဆောင်ကို သူမ စိတ်အေးလက်အေးဖြင့် လက်ခံနိုင်လေသည်။
ကျန်းလန်က ရည်ရွယ်ချက်ကောင်းဖြင့် လက်ဆောင်ဝယ်လာခြင်းဖြစ်လေရာ သူမက ကျန်းလန်ကို စိတ်ပျက်အောင်လုပ်၍ မဖြစ်ပေ။
ထို့ကြောင့် သူမက တုတ်ထိုးသကြားလုံးများကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်က တန်ဖိုးကြီးသည့် လက်ဆောင်တစ်ခုခု ပေးမည်ဆိုလျှင်တောင်မှ သူမက အပြန်အလှန်အနေဖြင့် လက်ဆောင်တစ်ခုခု ပြန်ပေးမိမည် ဖြစ်သည်။
သို့သော် တုတ်ထိုးသကြားလုံးများအတွက်တော့ ပြန်လည်ကျေးဇူးတုန့်ပြန်နေစရာ မလိုအပ်ပေ။
………………
ကျန်းလန် နဝမတောင်ထွတ်အစွန်းတွင် ရပ်နေလေသည်။
သူက ဝယ်လာသည့် အကောင်းစားသေရည် ၊ အမဲခြောက်ဖုတ်နှင့် ပဲငံပြာရည်များကို ဆရာဖြစ်သူထံ ကမ်းပေးလိုက်သည်။
"ဆရာ… သေရည်…"
"………………"
ကျန်းလန် ဝယ်လာသည့် လက်ဆောင်များကိုကြည့်ပြီး မော့ကျန်းသုန့် ဘာပြောရမှန်း မသိဖြစ်သွားသည်။
ပြင်ပလောကသို့ အချိန် (၄)နှစ်ကြာ အလည်အပတ် ခရီးထွက်သွားသည့်တပည့်က သူ့အတွက် လက်ဆောင်အသစ်အဆန်းတစ်ခုခု ဝယ်မလာဘဲ တောင်ခြေမှသေရည်ကိုပင် ဝယ်လာသည် မဟုတ်ပါလား။
လက်ဆောင်ပေးသည့်နေရာတွင် သူ့တပည့်က သူ့လောက်ပင် အသုံးမကျဟု မော့ကျန်းသုန့် တွေးလိုက်မိသည်။
သူ ကျန်းလန်ကို ပထမဆုံးလက်ဆောင်ပေးစဉ်က ဝိညာဉ်သားရဲဥလေးတစ်ခု ပေးခဲ့လေသည်။ ထိုသားရဲဥလေး အကောင်မပေါက်ဘဲ သစ်ဥဖြစ်သွားသည်ကိုတော့ ထည့်မပြောနှင့်ပေါ့လေ။
နောက်တစ်ကြိမ်တွင်လည်း ရေသဖန်းပင်လေး လက်ဆောင်ပေးခဲ့သည်။ အပင်လေး ညှိုးခြောက်သွားသည်က လွဲလို့ပေါ့လေ။
သို့သော် တပည့်ဖြစ်သူကတော့ အကောင်းစားသေရည်မှလွဲပြီး သူ့ကို အခြားလက်ဆောင် မပေးတတ်တော့ဘူးလား။
ကျန်းလန် ပြင်ပလောကသို့ အလည်အပတ်ထွက်ခြင်းမှာ ရှားပါးကိစ္စ ဖြစ်သည်။ ထို့ကြောင့် သေရည်အပြင် အမဲခြောက်ဖုတ်နှင့် ပဲငံပြာရည်က အဆစ်ပါလာလေသလားတော့ မပြောတတ်ပေ။
မော့ကျန်းသုန့်က…
"မင်းကောင်မလေးအတွက်ရော ဘာလက်ဆောင်ဝယ်ခဲ့လဲ…"
ကျန်းလန်က…
"တုတ်ထိုးသကြားလုံး (၂)ချောင်း…"
"………………"
မော့ကျန်းသုန့် ဆွံ့အသွားပြီး ကျန်းလန်ကို တအံ့တသြနှင့် ကြည့်လိုက်မိသည်။
ထို့နောက် မော့ကျန်းသုန့်က…
"အိမ်း… ဒီလို ချစ်မှုရေးရာကိစ္စတွေက ဆရာလည်း မင်းကို သင်မပေးတတ်ဘူး… ၊ ဒီတော့ မင်း အချိန်အားရင် တတိယတောင်ထွတ်နဲ့ ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးတွေဆီ အလည်အပတ်သွားပြီး မေးမြန်းကြည့်ပါလား…"
"………………"
ယခုတစ်ကြိမ် ဆွံ့အသွားရသူက ကျန်းလန် ဖြစ်၏။
သူက ရှောင်ယွိကို လက်ဆောင်ပေးရန် အဆင်ပြေသည့် ပစ္စည်းတစ်ခုခုကို ဝယ်လာခြင်း ဖြစ်သည်။ ထိုမျှဖြင့် အဘယ့်ကြောင့် ဆရာဒေါ်လေးများထံ အချစ်အရေးအချစ်ရာများ သွားရောက်မေးမြန်းရပါမည်နည်း။
ပြီးတော့ ထိုဆရာဒေါ်လေး (၂)ယောက်မှာ မိန်းကလေးများဖြစ်ကြသည်ဆိုသော်ငြား ဂေါ်မစွံသည့် အပျိုကြီးများသာ ဖြစ်လေရာ အချစ်ရေးအချစ်ရာနှင့်ပတ်သက်ပြီး သူ့ကို မည်သို့ အကြံဉာဏ်ပေးနိုင်ပါမည်နည်း။
တွေးရင်း ကျန်းလန် ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့ပြောသည့်စကားများကို ပြန်လည်အမှတ်ရသွားသည်။
ဆရာဒေါ်လေးပြောခဲ့သည်က…
"သူမက ဆရာဖြစ်သူ မော့ကျန်းသုန့်ကို သဘောကျနေသည်မှာ ကြာပြီ…" ဟူ၏။
သူ့ကိုပင်လျှင် အောင်သွယ်လုပ်ခိုင်းထားသေးသည် မဟုတ်ပါလား။
ထို့ပြင် သူ့ဆရာကလည်း လူပျိုကြီးပင် ဖြစ်လေရာ ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းကြည့်လျှင်ကောင်းမည်လားဟု ကျန်းလန် တွေးလိုက်၏။
"ခုလိုချိန်ကျ ရုတ်တရက်ကြီးမေးသလို ဖြစ်နေမယ်… အချိန်စောင့်ရင်းနဲ့မှ နည်းနည်းပါးပါး တီးခေါက်ကြည့်တာပေါ့…"
ကျန်းလန်တွေးလိုက်သည်။
သူက အင်မော်တယ်တစ်ပါး ဖြစ်လာပြီ ဖြစ်သည်။
ဆရာဖြစ်သူမှာလည်း တဖြည်းဖြည်း အသက်ကြီးလာပြီ ဖြစ်သည်။ ဆရာသမားနှင့် အသက်ကြီးသူမျးကို ဂရုစိုက်ရသည်က တပည့်သားမြေးတို့၏တာဝန်ပင်ဖြစ်သည်။
သို့သော် သူ သိချင်နေသည်က ဆရာဒေါ်လေးမြောင်ယွဲ့ပြောလိုက်သည့်စကားက တကယ်ပြောလိုက်သည်လား ၊ နောက်ပြောင်ပြေလိုက်သည်လားဆိုသည့်အချက် ဖြစ်၏။
အချိန်အားလပ်မှ ဆရာဖြစ်သူက အချစ်ရေးနှင့်ပတ်သက်ပြီး မည်သို့ခံစားချက်ရှိသည်ကို မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မော့ကျန်းသုန့်က…
"ဒီတစ်ခေါက် ခရီးထွက်တာ ဘာတွေများ အကျိုးရှိခဲ့သလဲ…"
(၄)နှစ်ဆိုသည့်အချိန်က သိပ်မကြာသော်လည်း ကျန်းလန်အတွက် အလွန်အရေးကြီးသည့် ခရီးတစ်ခု ဖြစ်ကြောင်း မော့ကျန်းသုန့် သိရှိလေသည်။
ထို့ကြောင့် ခရီးစဉ်အကြောင်း အကြမ်းဖျင်းသိရှိလိုသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
အနည်းဆုံးတော့ ကျန်းလန်အနေဖြင့် အင်မော်တယ်ဖြစ်လာရန် အခွင့်အရေး ရခဲ့ခြင်း ရှိ မရှိ သူ သိချင်မိသည်။
ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…
"အတော်လေး အကျိုးရှိခဲ့ပါတယ်… ၊ ဉာဏ်အလင်းပွင့်သွားပြီး အနာဂတ်လျှောက်ရမယ့်လမ်းကို ပိုပြီး လွယ်ကူသွားစေတယ်…"
အမှန်တော့ အင်မော်တယ်ဖြစ်သွားသည့်တိုင် အနာဂတ်လမ်းက ချောမွေ့ဦးမည် မဟုတ်သေးပေ။
သို့သော် အရင်ကထက်ပိုပြီး လွယ်ကူလာသည်ဟု ဆိုနိုင်သည်။
ဆရာဖြစ်သူ၏ နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့်သာ အရာအားလုံးက အဆင်ပြေချောမွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားကြောင့်သာ စနစ်တွင် မှတ်ပုံတင်ရင်း မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ရရှိခဲ့ပြီး အင်မော်တယ်ဖြစ်လာရန် အလွန်အရေးပါသည့် အခွင့်အလမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
မော့ကျန်းသုန့် ခေါင်းတစ်ချက်ညိတ်လိုက်သည်။
ဤသည်က ကောင်းသည့်ကိစ္စပင်ဖြစ်ပြီး အခြားအပိုကိစ္စများကို မေးမြန်းရန် မလိုအပ်တော့ပေ။
ကျန်းလန်က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…
"ဆရာ… ကျွန်တော် တစ်ခုလောက် သိချင်လို့…"
မော့ကျန်းသုန့်က…
"ပြောလေ…"
"သေရည်ဆိုင်ပိုင်ရှင်ပြောတာ ဆရာက ဒီစာအုပ်အတွက် တန်ရာတန်ကြေး ပေးခဲ့ရတယ်ဆို…"
ပြောရင်း ကျန်းလန်က အဘိုးအိုပေးလိုက်သည့် ကျမ်းစာအုပ်ကို ထုတ်ပြလိုက်သည်။
စာအုပ်အဖုံးထက်တွင်…
"နာမ်ဝိညာဉ်ရောင်ပြန်ပညာ"
ဟု ရေးသားထား၏။
ကျမ်းစာအုပ်ထဲတွင် နာမ်ဝိညာဉ်သေရည်ဆိုင်နှင့်ပတ်သက်သည့် မှတ်တမ်းများ ပါရှိနိုင်သည်။
ကျန်းလန်က လောလောဆယ်တွင် မလေ့လာသေးဘဲ အချိန်အားမှသာ လေ့လာရန် ဆုံးဖြတ်ထားသည်။ သူ့တွင် လုပ်စရာအလုပ်များစွာ ရှိနေသေးသည် မဟုတ်ပါလား။
မော့ကျန်းသုန့်က ခေါင်းခါရမ်းလိုက်ရင်း…
"ဘာမှ မဟုတ်ပါဘူးကွာ… သူ့မြေးလေးအတွက် ရုပ်ခန္ဓာနဲ့ပတ်သက်တဲ့ ဝိညာဉ်ဆေးပင်လေးတွေ နည်းနည်းပါးပါး ရှာခိုင်းတာပါ…"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားလေသည်။
ဆရာဖြစ်သူက စကားကို ပေါ့ပေါ့ပါးပါးပင် ပြောနေသည်။
သို့သော် တန်ခိုးစွမ်းအားမြင့်မားလှသည့် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုသည်ပင် ဆရာဖြစ်သူထံမှ အကူအညီတောင်းရသည့်ကိစ္စဖြစ်လေရာ သိပ်ပြီး လွယ်ကူနိုင်မည် မထင်ပေ။
ကျန်းလန် ဘယ်လိုပင်တွေးပါစေ ထိုကိစ္စက ဆရာဖြစ်သူပြောသလောက် ရိုးရှင်းလွယ်ကူသည့်ကိစ္စ မဟုတ်သည်မှာ ထင်ရှားနေလေ၏။