အခန်း (၁၅၀၁-၁၅၀၅)
Vol. 61 Ch. 1501-1505
အပိုင်း (၁၅၀၁)
မီးငှက်နှင့် နဂါးစိမ်းတို့ ထွက်ပေါ်လာသည့်အခါ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင့်ကြံသူအားလုံး ငါးပါးမှောက်ကုန်ကြလေတော့သည်။
မီးငှက်ကို ရန်ကိုင် စရခဲ့စဉ်က ၎င်း၏ စွမ်းအားမှာ သိပ်မမြင်သေးခဲ့ချေ။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မီးငှက်၏ စွမ်းအားမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့လေရာ ယနေ့တွင် မီးငှက်၏ စွမ်းအားသည် တန်ခိုးရှင်တတိယအဆင့် တစ်ယောက်ကိုပင် အနိုင် ယူနိုင်သည်အထိ အားကောင်းနေခဲ့လေပြီ။
ထို့အပြင် မီးငှက်သည် အတိုင်းအတာ တစ်ခုအထိ မြင့်မားသော အသိစိတ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ လူတစ်ယောက်ကဲ့သို့ပင် ပါးနပ်ကာ မည်သည့်အချိန်တွင် တိုက်ခိုက်ရမည်၊ မည်သည့် အချိန်တွင် ပြန်ဆုတ်ရမည်ကို ကောင်းကောင်းသိသည်။ ရန်ကိုင်မှ အမိန့်ပေးစရာ မလိုဘဲ သူ့ဘာသာ တိုက်ခိုက်တတ်လေသည်။
နဂါးစိမ်းဓါးမှ ပြောင်းလဲထားသော နဂါးစိမ်းသည် မီးငှက်ကဲ့သို့ အသိဥာဏ် မြင့်မားခြင်း မရှိသော်လည်း ရှေးနတ်ဘုရားမျိုးစိတ်ဖြစ်သော နဂါးအစစ်တစ်ကောင်၏ အရိုးနှင့် ဓါတ်လုံးမှ သန့်စင်ထားသော လက်နက်တစ်ခု ဖြစ်သည်နှင့်အညီ ၎င်းမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ပြိုင်ဘက်အများစုကို ဖိနှိပ်ပစ်နိုင်သည်အထိ အားကောင်းပေသည်။ ရန်ကိုင် ကိုယ်တိုင်က ထိုဓါးကို ထိန်းချုပ်နေခြင်း ဖြစ်သည့်အတွက် နဂါးစိမ်းသည် ပြိုင်ဘက်များအတွက် ထိတ်လန့်ဖွယ်ရာ ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့တော့သည်။ ထို့အပြင် နဂါးစိမ်းဓါးသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ အသက်စွမ်းအင် အဆီအနှစ်ကို စုပ်ယူဝါးမြိုနိုင်သည့်အတွက် တိုက်ပွဲချိန်ကြာလေ ပိုပို၍ အားကောင်းလာလေ ဖြစ်နေခဲ့လေသည်။
မီးဘောလုံးကြီးများ၊ မီးငှက်မွှေးပျံများ အဘက်ဘက်မှ ကျဆင်းလာနေချိန် အစိမ်းရောင် အဆိပ်ငွေ့များကပါ ဘက်ပေါင်းစုံမှ ဝင်ရောက်လာသည့်အခါ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင့်ကြံသူများ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြတော့သည်။ သနားစဖွယ် အော်ဟစ်သံများနှင့်အတူ ရန်ကိုင်၏ ရန်သူများ တစ်ယောက်ပြီး တစ်ယောက် တောက်လျှောက် သေကုန်ကြလေသည်။
“ဂိုဏ်းချုပ်ရန်၊ ဒီလူအိုကြီး တစ်ခုလောက် ဆွေးနွေးချင်တယ်၊ အဆင်ပြေမလား မသိဘူး” ချွေးသံတရဲရဲဖြင့် အဆင့်ကိုး တိမ်သားရဲများ၏ ပူးပေါင်းတိုက်ခိုက်မှုကို အသည်းအသန် ကာကွယ်နေရင်း လျန်ရုန်က ရန်ကိုင်က ရန်ကိုင်အား လှမ်းပြောလိုက်သည်။ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသော သူ့အပေါင်းအပါများ၏ အဖြစ်ကို မြင်တွေ့ပြီးနောက် သူ့အလှည့်လည်း မကြာခင် ကျရောက်လာတော့မည်မှန်းကို လျန်ရန်ု နားလည်လိုက်သည်။
ရန်ကိုင် တစ်ယောက်တည်းကိုသာ ဆိုလျှင် သူတို့ပေါင်းတိုက်၍ နိုင်ကောင်း နိုင်နိုင်မည် ဖြစ်သော်လည်း သူ့အိတ်ကပ်ထဲ ဆောင်ထားသော အမျိုးမျိုးသော နည်းစနစ်များနှင့် အပေါင်းအပါများကြောင့် ရန်ကိုင်အား အနိုင်ယူချင်သည့် သူတို့၏ အတွေးအားလုံးသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်လာရတော့သည်။
သူဤနေရာတွင် မသေချင်သေးပေ။ ထို့ကြောင့် ရန်ကိုင်အား ဆွေးနွေးရန် လှမ်းကမ်းလိုက်ခြင်း ဖြစ်သည်။
“အခုမှ ဘာတွေ လာပြောချင်နေရတာတုန်း” ရန်ကိုင်၏ အသံ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ လျန်ရုန်သည် ရန်ကိုင်၏ အရိပ်အယောင်ကို လိုက်ရှာကြည့်သော်ငြား သဲလွန်စလေးပင် မရခဲ့ပေ။ မီးငှက်သည် သူ့အပေါင်းအပါတစ်ယောက်ကို သတ်ပြီးနောက် သူ့ဆီ လှည့်လာနေသည်ကို မြင်သော် လျန်ရုန် တုန်လှုပ်ခြောက်ခြားသွားပြီး အလျင်အမြန် ထပ်အော်ပြောလိုက်လေသည် “မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ငါတို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးက မင်းကို အခုလိုလုပ်ချင်နေတယ်လို့ မင်းထင်နေတာလား။ အဲ့လို ထင်နေရင် မင်းမှားသွားပြီ”
“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့၏။
“လျန်ရုန်၊ မင်းပါးစပ် ပိတ်ထားလိုက်စမ်း။ မင်းဆက်ပြောရဲရင် အသေဆိုးနဲ့ သေရမှာနော်” အဝေးတစ်နေရာတွင် ရှိနေသော မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် စီတုဟုန်က လှမ်းအော်ပြောလိုက်သည်။
သူ့စကားသံ ဆုံးသွားသည်နှင့် ရွှေရောင်သွေးမျှင်များစွာ ထူးထူးဆန်းဆန်း ထွက်ပေါ်လာပြီး ဧကရာမလှံတံတစ်ချောင်းအဖြစ်သို့ သိပ်သည်းသွားကာ စီတုဟုန်ဆီသို့ တိုးဝင်သွားလေသည်။
တိမ်သားရဲများနှင့်ပင် ငါးပါးမှောက်နေသည် ဆိုပါမှ ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များပါ တိုက်ပွဲထဲ ဝင်ရောက်လာသည့်အခါ စီတုဟုန် လုံးဝကို ချောင်ပိတ်မိသွားတော့လေသည်။ လုပ်မိလုပ်ရာဖြင့် သူတော်စင်ချီကို အသည်းအသန်ကို လှည့်ပတ်၍ သူ့ပတ်လည်၌ အကာအရံ တစ်ခု ဖန်တီးကာ ရွှေရောင်သွေးမျှင်များ၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်ငြား ရွှေရောင်သွေးမျှင်၏ စွမ်းအားကို သူအထင်သေးမိသွားခဲ့သည်။ ယခင်ကတည်းက ရွှေရောင်သွေးမျှင်များသည် အလွန်ကိုမှ ထက်ရှသော စွမ်းအားသော ပိုင်ဆိုင်ထားသော မှော်ရတနာမဟုတ်သည့် မှော်ရတနာများ ဖြစ်ကြသည်။ ရန်ကိုင်မှ ထိုရွှေရောင်သွေးမျှင်များအား သွေးနတ်ဆိုးကျင့်စဉ်၏ ဒုတိယအပိုင်းတွင်ပါသော နည်းလမ်းအတိုင်း အသွင်ပြောင်းလိုက်သည့်အခါ ၎င်းတို့၏ စွမ်းအားမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းသွားရလေသည်။
ရွှေရောင်လှံတံသည် စီတုဟုန်၏ သူတော်စင်ချီ အကာအကွယ် ဖောက်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ကိုပါ အပေါက်ဖောက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် အချိန်မှီ ခန္ဓာကိုယ်ကို လှည့်၍ ရှောင်လိုက်သည့် အတွက်ကြောင့် သွေကွင်းသေကွက်နေရာကို ကာကွယ်လိုက်နိုင်ကာ သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရသည်။
သို့သော်လည်း ရွှေရောင်လှံတံကို ကာကွယ်ပြီး အသက်ရှူချိန်လေးပင် မရသေးခင်မှာဘဲ သူ့အား ဝိုင်းထားသော တိမ်သားရဲများအားလုံး သူ့ပေါ်သို့ ခုန်အုပ်လာကြလေသည်။
ရွှေရောင်လှံတံကို ကာကွယ်ရာမှ ဒဏ်ရာရသွားသဖြင့် အလစ်အငိုက် ခုန်အုပ်လာသော တိမ်သားရဲများကို စီတုဟုန် မည်သို့မှ မတားဆီးနိုင် ဖြစ်ခဲ့ရသည်။ အသက်လေးရှိုက်စာအတွင်း မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် တိမ်သားရဲများလက်၌ အသက်ပျောက်သွားခဲ့ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အခြာသူများ အလန့်တကြား ထအော်ကြကုန်လေသည်။
“အခု ခင်ဗျားပြောလို့ရပြီ” ရန်ကိုင်၏ အသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
လျန်ရုန် ခေါင်းပြန်လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်သည် မနီးမဝေးတွင် ရပ်လျက် သူ့အား မှုန်ကုတ်ကုတ် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့အား တိုက်ခိုက်နေသည့် တိမ်သားရဲများသည် အမိန့်ရလိုက်သည့်နှယ် သူအား ဆက်မတိုက်ကြတော့ဘဲ အစွယ်ဖြဲ၍သာ စိုက်ကြည့်နေတော့သည်။
ထိုစဉ် နောက်ထပ် အော်ဟစ်သံနှစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သူ့အဖော်နှစ်ဦး ထပ်သေသွားခဲ့ပြန်လေပြီ။
ဘေးပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းကြည့်လိုက်သည့်အခိုက် ဤထူးဆန်းသော လောကကြီးထဲတွင် သူနှင့်ရန်ကိုင် နှစ်ဦးသား ကျန်တော့သည်ကို လျန်ရုန် တွေ့ရှိလိုက်ရသည်။ သူနှင့်အတူ ပါလာသည့် လူအားလုံး မရဏလမ်းသို့ မြန်သွားကြကုန်လေပြီ။ ထိုလူ အားလုံးသည် သေရာတွင်ပင် ကောင်းကောင်း သေသွားနိုင်ခြင်း မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ အစုတ်ဖြဲခံလိုက်ရပြီးမှ သေသွားခဲ့ရသည်။ အလောင်းပင် အပြည့်အစုံ မရှိတော့ရုံမက သူတို့၏ ဝိဥာဉ်များဟာလည်း မည်သည့်အသို့ ရောက်လို့ရောက်မှန်းမသိ ပျောက်ကွယ်ကုန်ကြလေပြီ။
တန်ခိုးရှင်အဆင့်သို့ ရောက်သွားသည့် ကျင့်ကြံသူများ သေသွားသည့်အခါတိုင်း သူတို့၏ ဝိဥာဉ်သည် အသိစိတ်ပင်လယ်ထဲမှ လွတ်ထွက်၍ လောကကြီးနှင့် ပေါင်းစပ်သွားကြသည်။ ထိုသို့ ပေါင်းစပ်သည့်ဖြစ်စဉ် အတော်လေးကို သိသာလှသဖြင့် အလွယ်တကူ သတိပြုမိနိုင်ပေသည်။ သို့သော်ငြား လက်ရှိ သူ့အပေါင်းအပါ တန်ခိုးရှင်အဆင့်အားလုံး သေသွားသည့်တိုင် ထိုဖြစ်စဉ် ပေါ်လာခြင်းမရှိသည်ကို လျန်ရုန် တွေ့ရှိလိုက်ရသည်။
ဘာတွေများ ဖြစ်ပျက်နေလေသနည်း။ သူတကယ်ကို နားမလည်နိုင်တော့။ လက်ရှိ အဖြစ်အပျက်သည် အလွန်ကိုမှ ထူးဆန်းနေသည်။
သို့သော် ထိုနားမလည်နိုင်သော ထူးဆန်းမှုသည် လျန်ရုန်အား ပို၍ ကြောက်သွားစေ၏။ လျန်ရုန်၏ရင်ထဲ လွန်ခဲ့သော နှစ်တစ်ရာအတွင်း တစ်ခါမှ မဖြစ်ပေါ်ဖူးသော အကြောက်တရားတို့ စတင် ဖြစ်ပေါ်လာရသည်။
“ခင်ဗျား ပြောမှာလား မပြောဘူး။ ကျုပ် စိတ်သိပ်ရှည်တာ မဟုတ်ဘူးနော်” ရန်ကိုင်က ပြောလိုက်သည်။
“ဒီအထိ ရောက်လာမှတော့ ဒီလူအိုကြီး ဘာလို့ ဆက်ဖုံးကွယ်ထားရဦးမှာလဲ။ ဂိုဏ်းချုပ်ရန် သိချင်တယ်ဆိုရင် ဒီလူအိုကြီး ပြောပြပေးလို့ရတယ်” လျန်ရုန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ သို့သော်လည်း ထိုအကြောင်းကို ပြောလိုက်သဖြင့် မည်သို့သော အကျိုးဆက်အား ရင်ဆိုင်ရမည်လဲ ဆိုသည်ကို သူသာသိသည်။ သို့သော်လည်း မပြောလျှင် သူချက်ချင်း သေရတော့ပေလိမ့်မည်။ သေရာတွင်ပင် သာမန် သေခြင်းမျိုးနှင့် သေရလိမ့်မည် မဟုတ်ဘဲ အသေဆိုးနှင့် သေရလိမ့်မည် ဖြစ်သည်။
“အဲ့ဒါဆို ခုဏတုန်းက ခင်ဗျား ဘာပြောဖို့လုပ်နေတာလဲဆိုတာ ပြောပြ” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ ပြောလိုက်သည်။
လျန်ရုန်က မဲ့ပြုံးပြုံးလျက် “ဒီလူအိုကြီး ပြောပြမယ်ဆိုရင် ဂိုဏ်းချုပ် ကျုပ်အသက်ကို ချမ်းသာပေးမှာလား”
“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြဲပြလိုက်သည်။
လျန်ရုန်က ခေါင်းတခါခါနှင့် “ကျုပ်သေမယ်၊ ရှင်မယ်ဆိုတာ ဂိုဏ်းချုပ်ရန်ရဲ့ ဆုံးဖြတ်ချက်လေ။ ဂိုဏ်းချုပ်ရန်က သေစေချင်ရင် ကျုပ်သေရလိမ့်မယ်။ ဂိုဏ်းချုပ်ရန်က မသေစေချင်ရင်တော့ ကျုပ်မသေရဘူးပေါ့။ ဒါပေမယ့် ကျုပ်ပြောပြလိုက်လည်း သေရမယ့် အတူတူဆိုရင် ဘာလို့ အာညောင်းခံပြီး ပြောပြနေရဦးမှာလဲ။ မဟုတ်ဘူးလား ဂိုဏ်းချုပ်ရန်”
ရန်ကိုင်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ခဏကြာအောင် စဉ်းစားနေပြီးနောက် ခေါင်းတစ်ညိတ်၍ “ကောင်းပြီလေ။ ခင်ဗျားပြောတာသာ တကယ် အဖိုးတန်တဲ့ သတင်းတစ်ခုဆိုရင် ကျုပ်ခင်ဗျားအသက်ကို ချမ်းသာပေးမယ်။ အဲ့လိုမှ မဟုတ်ဘဲ အခြားသူတွေ လာကယ်တာကို စောင့်ဖို့ အချိန်ဆွဲနေတာဆိုတော့ ခင်ဗျားဘဝက သေတာထက် ဆိုးသွားရလိမ့်မယ်”
“စိတ်ချထားလိုက်။ ဒီလူအိုကြီး ပြောမယ့်အရာကို ဂိုဏ်းချုပ်ရန် ကျိန်းသေ စိတ်ဝင်စားမှာ။ ဒါပေမယ့် ဒီအတိုင်းပေးတဲ့ ကတိတွေက မယုံရတာများတာဆိုတော့ ဒီလူအိုကြီး ဂိုဏ်းချုပ်ရန်ကို ဘယ်လို ယုံကြည်ပေးရမှာလဲ”
“ခင်ဗျား ယုံယုံ၊ မယုံယုံ၊ ခင်ဗျားမှာ အခြားရွေးစရာ ရှိသေးလို့လား” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
တစ်ချိန်တည်းတွင် လျန်ရုန်အား ဝိုင်းထားသော တိမ်သားရဲများသည် လျန်ရုန်ပေါ်သို့ ခုန်အုပ်ရန် မစောင့်နိုင်တော့သည့်နှယ် လျန်ရုန်အားကြည့်လျက် စတင် ဟိန်းဟောက်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လျန်ရုန်၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။ ဆက်နှောင့်နှေးနေ၍ မဖြစ်တော့မှန်း သိလိုက်သည်နှင့် အလျင်အမြန် လက်ထောင်ပြ၍ ပြောလိုက်လေသည် “ကောင်းပြီ၊ ငါပြောမယ်၊ ငါပြောမယ်။ မင်းလက်သီးက ပိုကြီးတာဆိုတော့ ငါလည်း မင်းပြောတဲ့အတိုင်းပဲ လုပ်ရတော့မှာပေါ့”
“ခင်ဗျားမှာ စဉ်းစားဥာဏ်တော့ ရှိသေးသားပဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။
“အခုတစ်ကြိမ်…” လျန်ရုန်သည် မျက်မှောင်ကြုတ်၍ စပြောပြလိုက်သည် “အခုတစ်ကြိမ် ငါတို့မိုးကြိုးမုန်တိုင်းဂိုဏ်းနဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံး နှစ်ခုစလုံးက အခြားသူတွေ အမိန့်ပေးလို့ လှုပ်ရှားရတာ”
“အမိန့်ပေးလို့” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး “ဘယ်သူ အမိန့်ပေးတာလဲ”
“ဘယ်သူလဲဆိုတော့…” လျန်ရုန်သည် ခဏတာ တုန့်ဆိုင်းနေပြီးနောက် အနည်းငယ် ကြောက်လန့်နေသည့် လေသံဖြင့် “ဒီလူအိုကြီး မပြောရင်တောင် ဂိုဏ်းချုပ်ရန် စဉ်းစားလို့ ရပါတယ်။ အရိပ်ကြယ်ပေါ်မှာ ကောင်းကင်တိုက်ပွဲအစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်း ကြောက်ရတာ ဘယ်သူရှိလို့လဲ”
ရန်ကိုင်သည် လျန်ရုန်အား သင်္ကမကင်းအမူအရာဖြင့် ကြည့်နေပြီးနောက် တစ်ခုခုကို အလျင်အမြန် နားလည်သွားခဲ့လေသည် “ကြယ်ဧကရာဇ်တောင်ကို ပြောတာလား”
ရန်ကိုင်သည် အရိပ်ကြယ်သို့ ပထမဆုံး ရောက်ဖူးသည် သူတော်စင်အဆင့် ငချွတ်လေး မဟုတ်တော့။ လက်ရှိသူသည် တန်ခိုးရှင်အဆင့်သို့ ရောက်နေပြီး အရိပ်ကြယ်အကြောင်း အတော်လေး နှံ့နှံ့စပ်စပ် သိနေသည့် လူတစ်ယောက် ဖြစ်နေခဲ့လေပြီ။ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် အရိပ်ကြယ်တစ်ခုလုံး၏ ထိပ်သီး မဟာအင်အားစုကြီး နှစ်ခုဖြစ်သည်။ ထိုကဲ့သို့သော အင်အားစုနှစ်ခုကို အမိန့်ပေးနိုင်သူဆို၍ အရိပ်ကြယ်ပေါ်တွင် ကြယ်ဧကရာဇ်တောင်တစ်ခုသာ ရှိသည်။
“ဒီလူအိုကြီး ဘာမှမပြောဘူးနော်။ ဂိုဏ်းချုပ်ရန်ဘာသာ ခန့်မှန်းလိုက်တာ” လျန်ရုန်သည် ချက်ချင်းပဲ သူဘာမှမပြောလိုက်ဟန် လုပ်ပြလာသည်။ သူ့အမူအရာကို မြင်ပြီးနောက် သူ့ခန်းမှန်းသည်မှာ မှန်သွားပြီမှန်း ရန်ကိုင် သိလိုက်သည်။
သို့သော်လည်း သူနှင့် ကြယ်ဧကရာဇ်တောင်သည် တစ်ခါမှ ပြဿနာ မတက်ဖူးပါချေ။ ထိုသို့ဆိုလျှင် ဘာကြောင့် ထိုအင်အားစုသည် သူ့အား သတ်ချင်နေရသနည်း။
“ကျုပ် ကြယ်သင်္ဘောကြောင့်လား” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ထပ်မေးလိုက်၏။
“ဟုတ်တော့ ဟုတ်ပေမယ့် အခြား လူတစ်ယောက်ကြောင့်လည်း ပါတယ်” လျန်ရုန်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ဒုဂိုဏ်းချုပ်တစ်ယောက် ဖြစ်သဖြင့် ယခုတစ်ကြိမ် သူတို့အားလုံး လှုပ်ရှားရခြင်း၏ အကြောင်းအရင်းအချို့ကို နားလည်ထားပေသည်။
“အကြီးအကဲရီလား” ရီရှီယွင်ကို ရန်ကိုင် ချက်ချင်း စဉ်းစားမိလိုက်သည်။
ရီရှီယွင်သည် ကြယ်ဧကရာဇ်တောင်၏ ယခင် ဂိုဏ်းချုပ် ဖြစ်သည်။ ကြယ်ဧကရာဇ်တောင် ယခုတစ်ကြိမ် လှုပ်ရှားရခြင်းသည် သူမကြောင့်လည်း ပါသည်ဆိုသော အချက်ကို ရန်ကိုင် မသိခဲ့ပေ။ ယခု ကြည့်ရသလောက် ရီရှီယွင်နှင့် ကြယ်ဧကရာဇ်တောင်ကြားတွင် ပြဿနာအချို့ တက်ခဲ့သည့်ပုံပင်။
ငါတို့ မတွေ့ခင်တုန်းက သူအဆိပ်မိနေခဲ့တာကို ငါမေ့နေတာပဲ။ သူ့လို လူကိုတောင် အဆိပ်ခတ်နိုင်တယ်ဆိုတော့ ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး။ သူ့ကို အဆိပ်ခတ်တာ ကြယ်ဧကရာဇ်တောင်များလား
ရန်ကိုင် အတွေးနက်သွားခဲ့သည်။ လျန်ရုန်မှာမူ နေရာတွင်သာ ရင်တမမဖြင့် ရပ်လျက် ရန်ကိုင်၏ အမူအရာကို အဆက်မပြတ် စောင့်ကြည့်နေလေသည်။ အချိန် အတော်ကြာပြီးနောက် “ဂိုဏ်းချုပ်ရန် ဒီလူအိုကြီး ပြောစရာရှိတာအကုန် ပြောပြီးသွားပြီ။ ဒီလောက်ဆို ဂိုဏ်းချုပ်ရန် ကျေနပ်ပြီလား”
“ခင်ဗျား ဘာမှ ချန်မထားခဲ့တာ သေချာလား” ရန်ကိုင်က လျန်ရုန်အား အေးစက်စက် လေသံဖြင့် စိုက်ကြည့်လျက် “အပြင်မှာ ခင်ဗျားလူတွေ ရှိနေသေးတယ် ဆိုရင်တောင် ကျုပ်ကို တားလို့ရမှာ မဟုတ်ဘူးဆိုတာ ခင်ဗျား သိသင့်လောက်ပြီ။ တကယ်လို့ ခင်ဗျား တစ်ခုခု ချန်ထားခဲ့တယ် ဆိုတဲ့အကြောင်းကို ကျုပ်ရှာတွေ့ခဲ့ရင် ကျုပ်ခင်ဗျားကို ပြန်လာရှာပြီး သတ်မှာနော်။ အကြီးအကဲလျန် အကျိုးဆက်ကို သိပါတယ်”
လျန်ရုန် အနည်းငယ် တုန့်ဆိုင်းတွေဝေနေပြီးနောက် အံကြိတ်၍ ပြောလိုက်လေသည် “လူအုပ်ထဲက ဆံပင်မီးခိုရောင်နဲ့ အညိုရောင်ဝတ်ရုံ ဝတ်ထားတဲ့ လူအိုကြီးကို ဂိုဏ်းချုပ်ရန် သတိထားသင့်တယ်”
“အို” ရန်ကိုင် လျန်ရုန်အား ပြုံးလျက် ကြည့်နေလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ အခုလို သတိပေးတဲ့အတွက် အကြီးအကဲလျန်ကို ကျေးဇူးတင်ပါတယ်ဗျ”
လျန်ရုန် သက်ပြင်းရှိုက်လိုက်မိသည်။ အချိန်မရွေး သေသွားနိုင်သည့် ခံစားချက်သည် အမှန်တကယ်ကို ချောက်ခြားဖွယ် ကောင်းလှပေသည်။
“ဂိုဏ်းချုပ်ရန်၊ ဒီလူအိုကြီး ထပ်သိထားတာ ဘာမှ မရှိတော့ဘူး။ ဒီတော့…”
“စိတ်မပူနဲ့။ ကျုပ်ကတိပေးပြီးမှတော့ ကျုပ်စကားကို ပြန်မရုတ်သိမ်းပြီး” သူနှင့် လျန်ရုန်ကြား မည်သည့် ရန်ငြိုးမှမရှိသဖြင့် လျန်ရုန်အား သတ်သတ်၊မသတ်သတ် ဘာမှမထူးချေ။ ထိုသို့ပြောပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်၌ ရှိနေသော တိမ်သားရဲအားလုံးသည် တိမ်တိုက်များအဖြစ်သို့ ပြန်ပြောင်းသွားပြီး ကောင်းကင်ပေါ်၌ ပြန်လွင့်မျောကုန်ကြလေသည်။
ထူးဆန်းသော စိတ်ဝိဥာဉ်အစီအရင်သည်လည်း စတင် တွန်လိမ်ဝေဝါးလာပြီး မကြာခင်တွင် ပျက်စီးသွားတော့လေသည်။
လျန်ရုန် အသိပြန်ဝင်လာချိန်တွင် အပြင်ဘက်သို့ ပြန်ရောက်နေပြီမှန်း သိလိုက်ရသည်။ သူ့အပေါင်းအပါအားလုံးသည် သူရှိနေရာဆီသို့ စုပြုံစိုက်ကြည့်နေကြလေသည်။
လျန်ရုန် ရှိနေရာကို လှမ်းကြည့်ပြီးနောက် ထိုလူအားလုံး ထိတ်လန့်သွားကုန်ကြ၏။
လျန်ရုန် ရပ်နေရာ အရပ်တစ်ခုလုံး အရိုးများဖြင့် ပွစာကြဲနေခဲ့သည်။ မည်သည့် အသားစမှမရှိ။ သွေးကွက်များလည်းမရှိ။ အချိန်၏ တိုက်စားခြင်း ခံလိုက်ရသည့်အလား ဖြူလွလွ အရိုးများသာ ကျန်ရစ်တော့လေသည်။
သေဆုံးသွားသော ကျင့်ကြံသူများ၏ အသက်စွမ်းအင်များကို နဂါးစိမ်းဓါးမှ ဝါးမြိုသွားခြင်း ဖြစ်သည့်အတွက်ကြောင့် မည်သည့် အသက်ဓါတ်စွမ်းအင်မှ မကျန်ရစ်တော့ခြင်း ဖြစ်သည်။
ရန်ကိုင်သည် အရိုးဖြူများအလယ်တွင် ရပ်လျက် ထိုလူများအား ထီမထင်ဟန်ဖြင့် လှမ်း၍ ကြည့်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၂)
အကုန်လုံး သူတို့မျက်လုံးသူတို့ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
ရန်ကိုင် အစီအရင်ပြားကို အသက်သွင်းသွားသည်မှာ မည်မျှပင် ကြာသေးလို့သနည်း။ ခဏလေးသာ ရှိသေးပေသည်။ သို့သော်လည်း ထိုအချိန်အတွင်း သူနှင့်အတူ ပါသွားသော သူတို့၏ အပေါင်းအပါအားလုံး၊ လျန်ရုန်မှလွဲ၍ အသက်ပျောက်ကုန်ကြလေပြီ။ အစီအရင် အတွင်းတွင် မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း။
အကြောင်းအရင်းကို သူတို့ မသိကြသော်လည်း ရန်ကိုင်ကိုမူ ဆက်၍ အထင် မသေးရဲကြတော့ချေ။
“မင်းအသက်ရှင်နေတာ ကောင်းတယ်” ချူကျန်းသည် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်တို့ ပြည့်လျမ်းနေသည့် မျက်ထောင့်နီးကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူ့သားချူကျန်းကို သတ်သွားသည့်လူကို မည်ကဲ့သို့ အလွယ်တကူ အလွတ်ပေးနိုင်မည်နည်း “မင်းတကယ်ကို ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ။ ငါကိုယ်တိုင် မင်းအသက်ကို ယူရတော့မှာပေါ့”
ပြောပြီးသွားသည်နှင့် ချူကျန်းသည် ရန်ကိုင်ဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
“ဂိုဏ်းချုပ် မလုပ်နဲ့” အဘက်ဘက် အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့ အဖွဲ့တစ်ဝက်ကို သတ်သွားသော ရန်ကိုင်၏ ခွန်အားကို သွားအထင်မသေးသင့်ချေ။ ချူကျန်းသည် ဒေါသထွက်ထွက်ဖြင့် ဘာကိုမှ မစဉ်းစားဘဲ ရန်ကိုင်ကို သတ်ချင်ဇောဖြင့် ပြေးထွက်သွားသည်။ အကျိုးဆက်ကို သူမသိလေသလော။ ရန်ကိုင်ကို သတ်နိုင်နိုင်၊ မသတ်နိုင်နိုင် ခံရမည့်လူသည် သူသာ ဖြစ်သည်။
ရန်ကိုင်အား မသတ်နိုင်လျှင် ပြင်းပြင်းထန်ထန် ပြန်ဒဏ်ရာရသွားနိုင်သည်။
ရန်ကိုင်အား သတ်နိုင်ခဲ့လျှင်လည်း ဧကရာဇ်တောင်၏ အမျက်ကို ခံရပေဦးမည်။
ချူကျန်း လှုပ်ရှားလိုက်သည်နှင့် လူများစွာ သူ့အား တာရန် ကြိုးစားလိုက်ကြသော်ငြား မတားဆီးနိုင်ခဲ့ချေ။ လမ်းတစ်ဝက် အရောက်တွင် ချူကျန်းသည် သူ့လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်လျက် လက်ဝါးထိပ်နှစ်ဖက်တွင် သူတော်စင်ချီကို စုစည်းလိုက်ပြီး ရန်ကိုင်ဆီသို့ ရိုက်ချလိုက်သည်။
ရန်ကိုင်ကမူ ကြောက်လန့်မသွား၊ နှာခေါင်းရှုံ့၍သာ သူ့လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်သည်။ ရန်ကိုင်၏ လက်ဝါးချက်သည် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် နေအလင်းရောင်ကိုပင် ကွယ်သွားသည်အထိ ကြီးမားလာခဲ့သည်။
ထိုလက်ဝါးချက်သည်ကား ကောင်းကင်ဖုံးလက်ဝါးပင် ဖြစ်လေသည်။
ရန်ကိုင်၏ လက်ဝါးချက်ကို မြင်သည့်နောက် ချူကျန်း၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့သည်။ ဒေါသဇောကပ်နေသည့် အတွက် သေချာ မစဉ်းစားနိုင်သော်ငြား မရေမတွက်နိုင်သော တိုက်ပွဲပေါင်းအလီလီကို နွှဲလာဖူးသည့် တန်ခိုးရှင်တတိယအဆင့် တစ်ယောက် ဖြစ်သည်နှင့်အညီ ထိုလက်ဝါးချက်ကို မြင်လိုက်သည်နှင့် ဤလက်ဝါးသည် ပေါ့သေးသေး လက်ဝါးချက်တစ်ခု မဟုတ်မှန်း တန်းသိလိုက်သည်။
သို့သော်လည်း ထိုလက်ဝါးချက်ကို သူကြောက်ရမည်လား၊ မကြောက်ချေ။ သူတော်စင်ချီကို သူတိုက်ကွက်ထဲသို့ သူတော်စင်ချီကို ထပ်ပေါင်း၍ပင် ထည့်လိုက်သေးသည်။
လက်ဝါးချက်နှစ်ခု ထိပ်တိုက်တွေ့သွားသည့်အခါ မိုးချိန်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အားကောင်းလှသော စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့၏။ ချူကျန်း နောက်သို့ လွင့်စင်သွားခဲ့ပြီး ရန်ကိုင်သည်လည်း နောက်ဘက်သို့ ခြေလှမ်းတော်တော်များများ ဆုတ်လိုက်ရသည်။
နှစ်ဦးသားထိပ်တိုက် တွေ့ဆုံမှုသည် သရေကျသွားခဲ့၏။
ထိုအခြင်းအရာကို မြင်သော် ဖန်ဖုန်းမျက်နှာ ဖြူလျော်သွားခဲ့လေသည်။
ချူကျန်း၏ ဒေါသတကြီး တိုက်ခိုက်မှုကို မည်သည့် လှည့်ကွက်မှမသုံးဘဲ ထိပ်တိုက် တန်ပြန်နိုင်ခြင်းမှာ ရန်ကိုင်၏ ခွန်အားသည် သူတို့နှင့် အဆင့်တူသို့ ရောက်နေပြီဖြစ်ကြောင်း ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။
ထိုကောင်လေးသည် တကယ်ကို မွန်းစတားကောင်ပင်။
“အစ်ကိုချူ စိတ်လျှော့” ဖန်ဖုန်းက လှမ်းအော်ပြောလိုက်သည် “သေတဲ့လူက ပြန်ရှင်မလာနိုင်တော့ဘူး။ ဒီနေရာမှာ မင်းစိတ်လွတ်သွားလို့ ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး။ ပိုဆိုးလာရုံပဲရှိမှာ”
ထိုစကားကို ကြားလိုက်သည့်အခါ ချူကျန်း၏ နီရဲနေသည့် မျက်လုံးအစုံ အနည်းငယ် အရောင်လျော့သွားခဲ့သည်။ ရန်ကိုင်အား အေးစက်စက် စိုက်ကြည့်နေရင်းမှ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “အစ်ကိုဖုန်းပြောတာ အမှန်ပဲ။ ငါမစဉ်းစားမဆင်ခြင်ဘဲ လုပ်မိလိုက်တယ်”
ယခုတစ်ကြိမ် သူတို့၏ တာဝန်သည် ရန်ကိုင်ကို သတ်ရန်မဟုတ်ဘဲ ရန်ကိုင်ကို ဖမ်းရန် ဖြစ်ကြောင်းကို ယခုမှပဲ ချူကျန်း ပြန်သတိရလိုက်သည်။
ထိုနှစ်ယောက် စကားပြောနေစဉ် ရန်ကိုင်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိခဲ့။ သို့သော် လူအုပ်ထဲရှိ အညိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုလူအိုကြီးသည် လျန်ရုန်ပြောသည့် လူအိုကြီး ဖြစ်လောက်သည်။
အပေါ်ယံ ရှပ်ကြည့်လိုက်လျှင် ဘာမှ သတိပြုမိစရာ မရှိသော်လည်း သေချာ စစ်ဆေးကြည့်လိုက်သည့်နောက် ထိုလူအိုကြီးမှ စိတ်မသက်မသာဖွယ်ရာ အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။ ထိုအရှိန်အဝါသည် သူ့အား အမှန်တကယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော်ငြား တစ်ဖက်လူ သူစစ်ဆေးနေသည်ကို သတိထားမိသွားမည် စိုးသဖြင့် ဆက်၍ မစစ်ဆေးတော့ဘဲ မသိချင်ယောင်သာ ဆောင်နေလို်ကသည်။
ဒီလူ တကယ် အပုန်းကောင်းတာပဲ လျန်ရုန်သာ မပြောခဲ့လျှင် ထိုလူအိုကြီးကို သူသတိထားမိခဲ့လိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ရန်က လူငယ်မျိုးဆက်ရဲ့ ထိပ်တန်းဆိုတဲ့ အတိုင်းပါပဲလား။ ဒီလူအိုကြီးတောင် မချီးကျူးဘဲ မနေနိုင်တော့ဘူး” ဖန်ဖုန်းသည် ရန်ကိုင်အား အစာမကြေဟန်ဖြင့် ကြည့်လိုက်ရင်း ပြောလိုက်သည်။ ရန်ကိုင် အစီအရင်ထဲ ခေါ်သွားပြီး သတ်လိုက်သည့် ကျင့်ကြံသူများထဲတွင် သူ့ဂိုဏ်းမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများစွာ ပါပေသည်။ ထိုမျှ များပြားသော ထိပ်တန်းအဆင့် ကျင့်ကြံသူများကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့ဂိုဏ်းအား ကြီးကြီးမားမား ထိခိုက်စေနိုင်လေရာ ဖန်ဖုန်း မည်ကဲ့သို့ နောင်တမရဘဲ နေမည်နည်း။ သူ့နှလုံးသွေးယိုစီးကျနေခဲ့လေပြီ။
“ဒီလောက်လူလေးနဲ့ ကျုပ်ကို ဖမ်းနိုင်လိမ့်မယ်လို့ ဂိုဏ်းချုပ်ဖုန်း ထင်နေသေးတာလား” ရန်ကိုင်က ဖန်ဖုန်းအား ထူးမခြားနားဟန်ဖြင့် ကြည့်ရင်း မေးလိုက်သည်။
“အစတုန်းကတော့ အဲ့လို ထင်ခဲ့ပေမယ့် ဂိုဏ်းချုပ်ရန်ရဲ့ စွမ်အားကို မြင်ပြီးတဲ့ နောက်မှာတော့ အဲ့လို ထပ်မတွေးရဲတော့ဘူး” ဖန်ဖုန်းသည် ကူကယ်ရာမဲ့နေဟန်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ဖန်တွေးတာ တကယ် အမှန်ပဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ဂိုဏ်းချုပ်ရန်နဲ့ ရန်သူ မဖြစ်ချင်ပေမယ့် ကျုပ်ဂိုဏ်းလူတွေ အများကြီး အသတ်ခံထားရဆိုတော့ ဂိုဏ်းချုပ်ရန်ကို ဒီအတိုင်းတော့ လွှတ်မပေးလိုက်နိုင်ဘူး။ အင်း၊ ခဏစောင့်၊ ဂိုဏ်းချုပ်ရန်ကို တွေ့ချင်နေတဲ့ မိတ်ဆွေနှစ်ယောက် ရှိတယ်”
“မိတ်ဆွေနှစ်ယောက်” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။
“သူတို့ကို ဒီကို ခေါ်လာခဲ့” ဖန်ဖုန်းက လက်ခုပ်တီးလျက် ရန်ကိုင်အား အထက်စီးဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
ဖန်ဖုန်းမှ အမိန့်ပေးလိုက်သည့်နောက် မနီးမဝေးဆီမှ အလင်းတန်းနှစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ မကြာမီ ထိုအလင်းတန်းနှစ်ခု ပျောက်ကွယ်သွားခဲ့ပြီး လူရိပ်များ ထွက်ပေါ်လာခဲ့သည်။ ထိုထဲရှိ လူနှစ်ယောက်ကို မြင်ပြီးနောက် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့လေသည်။
ထိုနှစ်ယောက်သည် ချင်းတုန်နှင့် ဖေးကျီတုတို့မှလွဲ၍ အခြားမဟုတ်ချေ။
နှစ်ယောက်စလုံးမှာ အခြေအနေမှာ သိပ်မကောင်းကြဘဲ အတော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေခဲ့သည်။ ချင်းတုန်သည် လက်တစ်ဖက်ချိုးထားခံရပြီး ဖေးကျီတုမှာမူ ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်ခုလုံး ဓါးဖြင့် အထိုးခံရထားရသည်။ သို့သော် သေကွင်းသေကွက် နေရာများကိုမူ ထိခိုက်ထားခြင်း မရှိချေ။
ရန်ကိုင်ကို မြင်ပြီးနောက် နှစ်ယောက်စလုံး ခါးသက်စွာ ပြုံးလိုက်ကြ၏။
သူတို့ ယခုကဲ့သို့ ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် သူတို့ နှစ်ယောက်စလုံးသည် ရန်ကိုင်အား အကွက်ဆင်ဖမ်းရန်အတွက် ထောင်ချောက်တစ်ခု အနေဖြင့် အသုံးချခံလိုက်ရခြင်း ဖြစ်သည်။ ချူကျန်းနှင့် ဖန်ဖုန်းတို့၏ သတ္တိကို သူတို့ တကယ် အထင်သေးမိသွားခဲ့သည်။
ချင်းတုန်နှင့် ဖေးကျီတုတို့သည် လအရိပ်လခန်းမ၏ အကြီးအကဲများ ဖြစ်ကြသဖြင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းပင် သူတို့အား အလွယ်တကူ ရန်စမရဲကြပေ။ သိုသော်လည်း လက်ရှိတွင် ကြယ်ဧကရာဇ်တောင်၏ နောက်ခံ ရှိနေသဖြင့် ချူကျန်းနှင့် ဖန်ဖုန်းတို့သည် လအရိပ်ခန်းမကို လုံးဝ ဂရုမစိုက်တော့ချေ။
“ငါတို့ ချုံခိုတိုက်ခိုက်ခံလိုက်ရတာ” ချင်းတုန်က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။
အလစ်ချောင်းတိုက်ခိုက်ခံရခြင်း ဖြစ်သော်ငြား အောင်နိုင်သူသာ ဘုရင်ဖြစ်သည်။
အလစ်ချောင်းတိုက်ခိုက်ခံရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့၏ ခွန်အားအရ ချင်းတုန်နှင့် ဖေးကျီတုအား ဘာကြောင့် ဤကဲ့သို့ အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့ရမည်နည်း။ သူတို့ မနိုင်လျှင်ပင် ထွက်ပြေးနိုင်ပေသည်။ နှစ်ယောက်စလုံးသည် တန်ခိုးရှင် တတိယအဆင့်များ ဖြစ်ကြသည်။ တတိယအဆင့်ထဲတွင်ပင် အတော်လေး အားကောင်းသည့်အထဲ ပါပေသည်။ သူတို့ ပတ်ဝန်းကျင်ကို သေချာ သတိမထားခဲ့သည့်အတွက် တစ်ဖက်လူ၏ အလစ်ချောင်းဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ထိုနှစ်ယောက်ကို ဖမ်းရန်အတွက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် ပညာရှင် ခြောက်ယောက်ကိုပင် စေလွှတ်ခဲ့သည်။
“ကျုပ်သိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ခင်ဗျားတို့နှစ်ယောက် အဆင်ပြေလား”
“ဘာမှသိပ်မဖြစ်ဘူး။ သူတော်စင်ချီ ပိတ်လှောင်ခံထားရတာကလွဲလို့” ဖေးကျီတုက ပြုံး၍ ပြောလိုက်သည်။
“အင်း” ရန်ကိုင် တစ်ချက် ရှူသွင်းလိုက်ပြီး ဖန်ဖုန်းဘက်သို့ လှည့်၍ “ဂိုဏ်းချုပ်ဖန်၊ ဒါဘာသဘောလဲ”
“ဘာမှမဟုတ်ပါဘူး” ဖန်ဖုန်းက ရယ်ရယ်မောမောဖြင့် “ဂိုဏ်းချုပ်ရန်က ပေါ့သေးသေးလူမှ မဟုတ်တာ။ ဒါကြောင့် ကျပ်ဘက်က နည်းနည်းပါးပါး ကြိုပြီး ပြင်ဆင်ထားခဲ့တာ။ ဂိုဏ်းချုပ်ရန်နဲ့ အကြီးအကဲချင်းနဲ့ မြို့သခင်ဖေးတို့က အတော်လေး ရင်းနှီးကြတယ်မလား။ ကျုပ်သိချင်တာက သူတို့ နှစ်ယောက်အတွက် ဂိုဏ်းချုပ်ရန် အညံ့ခံချင်လား ဆိုတာပဲ”
“ကျုပ်ကို အညံ့ခံခိုင်းစေချင်တာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဂိုဏ်ချုပ်ဖန် အိပ်နေရင်း ယောင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒီအကြောင်းသာ ပြန့်သွားခဲ့ရင် မိုးကြိုးမုန်တိုင်းဂိုဏ်းနဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံး နှစ်ခုစလုံး လူအများပြောစရာ ဖြစ်ကုန်လိမ့်မှာကို မကြောက်တာလား”
ဖန်ဖုန်းကမူ ခေါင်းသာခါလျက် “အခြားလူတွေ ဘာထင်ထင် အရေးမကြီးဘူး။ ဂိုဏ်းချုပ်ရန် ဘာရွေးမလဲဆိုတာပဲ အရးကြီးတာ။ ကျုပ်တို့လူတွေ အများကြီးကို ဂိုဏ်းချုပ်ရန် သတ်ထားတာ ဆိုတော့ ဒီနေ့ကိစ္စက ဒီမှာတင် ပြီးပြတ်သွားတော့မှာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ရန် မခုခံဘူးဆိုရင် အကြီးအကဲချင်းနဲ့ မြို့သခင်ဖေးတို့ ဘာမှ မဖြစ်စေရဘူးလို့ ဒီလူအိုကြီး အာမခံတယ်”
“ကျုပ်ဘက်က သဘောမတူဘူး ဆိုရင်တော့…”
“ဟားဟား…” ဖန်ဖုန်းက ရယ်မောလျက် ခဏလောက် စဉ်းစားပြီးနောက် “ဂိုဏ်းချုပ်ရန်က ကျုပ်ပြောင်နေတယ်လို့ ထင်နေတာလား”
“သူနားမလည်မှအောင် သူနားလည်သွားအောင် ငါလုပ်ပေးရတာပေါ့” ချူကျန်းက ရုတ်တရက် ပြောလိုက်သည်။
ပြောပြီးသည်နှင့် ဖေးကျီတုရှေ့သို့ ပျံသန်းသွားပြီး ဖေးကျီတုရှေ့သို့ ရောက်သည်နှင့် လှံတို တစ်ချောင်းကိုထုတ်ကာ ဖေးကျီတု၏ ရင်ဘတ်ကို ထိုးချလိုက်သည်။
သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့လေသည်။
လှံတိုသည် ဖေးကျီတု၏ ရင်ဘတ်ကို ဖောက်ထွက်ပြီး နောက်ကျောမှ ပြန်ထွက်လာခဲ့သည်။
“ဖေးအိုကြီး” ချင်းတုန် ထိတ်လန့်သွားခဲ့သည်။
အဟွတ်… အဟွတ်…
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့သည်။
သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရသလောက် လှံချက်သည် ဖေးကျီတု၏ သေကွင်းသေကွက်နေရာကို ထိမသွားခဲ့ချေ။ သူ့နှလုံးသားကို ရှပ်ထိရုံလေး ထိသွားခဲ့ခြင်း ဖြစ်သည်။ နည်းနည်းလေးသာ ဘေးသို့ ထပ်စောင်းသွားခဲ့လျှင် ဖေးကျီတု တကယ် သေသွားရပေလိမ့်မည်။
“ဟဲဟဲ။ ဂိုဏ်းချုပ်ချူက သူ့သားကို ဆုံးရှုံးထားတာဆိုတော့ အခုလို အချိန်မျိုးမှာ သူ့ကို ဒေါသထွက်အောင် မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်နော်၊ ဂိုဏ်းချုပ်ရန်” ဖန်ဖုန်းက ဇိမ်ပြေနပြေ အမူအရာဖြင့် ပြောလိုက်သည် “အကြီးအကဲချင်းနဲ့ မြို့သခင်ဖေးတို့ ခင်ဗျားမျက်စိ ရှေ့မှာ သေသွားမှာကို ဂိုဏ်းချုပ်ရန် မမြင်ချင်ဘူးမလား။ အဲ့ဒါဆို ဂိုဏ်းချုပ်ရန် မြန်မြန်နဲ့ သေသေချာချာ ဆုံးဖြတ်ဖို့လိုပြီ။ အခု သူတို့ရဲ့ အသက်က ဂိုဏ်းချုပ်ရန်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေတာနော်”
“ရန်ကိုင်၊ ငါမင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်။ အဲ့အချိန်မှ မင်းဆုံးဖြတ်လို့ မပြီးသေးဘူးဆိုရင်တော့ ငါ့အဆိုးမဆိုတော့နဲ့” ချူကျန်းက အော်ပြောလိုက်သည်။
ရန်ကိုင်အား ခြိမ်းခြောက်ရန်အတွက် ဓါးစာခံအဖြစ် အသုံးပြုနေရသည့်အပေါ် ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက်စလုံး မကျေမနပ် ဖြစ်နေခဲ့ကြသည်။ သူတို့ရင်ထဲ မကျေမနပ် ဖြစ်နေမိသော်လည်း ရန်ကိုင်အတွက် သူတို့ ပြန်လုပ်ပေးနိုင်သည့်အရာ ဘာမှမရှိချေ။
“ကောင်းပြီလေ။ အကြီးအကဲချင်းနဲ့ မြို့သခင်ဖေးကို လွှတ်ပေးလိုက်၊ ကျုပ်ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်” သို့သော်လည်း ရန်ကိုင် ချက်ချင်း သဘောတူလိုက်လိမ့်မယ်ဟု အကုန်လုံး မထင်ထားခဲ့ချေ။
“ရန်ကိုင်။ မင်း…” ချင်းတုန်သည် ရန်ကိုင်အား အပြစ်မကင်းသည့် အမူအရာဖြင့် ကြည့်လျက် “မင်းဒီလို လုပ်စရာမလိုပါဘူးကွာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၃)
သတိလက်လွတ် ဖြစ်သွားသည့်အတွက် အဖမ်းခံလိုက်ရပြီး ရန်ကိုင်ကိုပါ ဆွဲချမိသလို ဖြစ်သွားသည့်အတွက် ချင်းတုန် သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။
“ဒီဂျူနီယာ အရိပ်ကြယ်ကို ရောက်ကတည်းက အကြီးအကဲချင်းနဲ့ မြို့သခင်ဖေးတို့ကပဲ ကူညီပေးခဲ့ကြတာလေ။ အခု စီနီယာတို့နှစ်ယောက် ဒုက္ခရောက်နေတာကို ဒီဂျူနီယာ ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ။ ပြီးတော့ အခုကိစ္စက ကျုပ်ကြောင့် ဖြစ်တာလေ။ ကျုပ်ကြောင့် ဖြစ်တဲ့ပြဿနာကို ကျုပ်ကပဲ ရှင်းရမှာပေါ့” ရန်ကိုင်က တောက်ပစွာပြုံးလျက် ပြောလိုက်သည်။
“မင်းပြောတာ အမှန်ပဲ” ဖန်ဖုန်း ရယ်မောလိုက်ပြီး လက်ခုပ်တီးလျက် “ဂိုဏ်းချုပ်ရန်က တကယ်ကို သစ္စာတရား ကြီးမားတဲ့လူပဲ။ ဒီလူအိုကြီးတောင် ကိုယ့်လုပ်ရပ်ကိုယ် ရှက်ချင်သလို ဖြစ်သွားပြီ”
“သောက်ပိုတွေ လာပြောမနေနဲ့။ အစောကြီးကတည်းက အကွက်ချထားတာကို အခုမှ ရှက်ချင်သလိုတွေ ဖြစ်လာပြီတွေ၊ ဘာတွေ လာပြောနေတာလဲ။ သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်တော့၊ ကျုပ်ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်”
“ဟဲဟဲ၊ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ဂိုဏ်းချုပ်ရန်ကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်ယောက်ကိုတော့ လွှတ်ပေးရမှာပေါ့။ ဒါပေမယ့် အဲ့မတိုင်ခင် ဂိုဏ်းချုပ်ရန် ကိုယ်ပေါ်မှာ ကျုပ်နည်းနည်းလေး စည်းခတ်ချင်တယ်။ မဟုတ်ရင် မတော်တဆတွေ ဖြစ်လာနိုင်တယ်လေ။ ဟုတ်တယ်မလား” ဖန်ဖုန်းက ရန်ကိုင်အား အပြုံးဖြင့် ကြည့်လျက် ပြောလိုက်သည်။
ရန်ကိုင် လက်လျှော့လိုက်သည်မှာ အနည်းငယ် မသင်္ကာစရာ ကောင်းနေသည်။
ရန်ကိုင်အား အညံ့ခံအောင် လုပ်ရန်အတွက် ချင်းတုန်နှင့် ဖေးကျီတုတို့ကို ထောင်ချောက်ဆင် ဖမ်းခဲ့ခြင်း ဖြစ်ပြီး ထိုကောင်လေး အညံ့ခံလိုက်လျှော့လိုက်ရန် မျှော်လင့်ထားမိသော်ငြား လက်ရှိ သူ့ပုံစံသည် အရမ်းကို လိုက်လျောလွန်းနေသည်။ သူကိုယ်တိုင်ကပဲ တကယ်ကို သစ္စာတရား ကြီးမားလွန်းခြင်းလား၊ သို့မဟုတ် တစ်ခုခု ကြံစည်နေခြင်းပေလား။ ဒုတိယတစ်ခု ပိုဖြစ်နိုင်သည်ဟု ဖန်ဖုန်စိတ်ထဲ ခံစားမိနေသည်။
သူသာ ဆိုလျှင်တော့ ဘယ်တော့မှ အညံ့ခံလိမ့်မည် မဟုတ်ချေ။ သူ့အသက်သည် မည်သူ့ အသက်ထက်မဆို ပိုအရေးပါလေရာ ဘာကြောင့် အခြားတစ်ယောက် အတွက်နဲ့ သူ့အသက်ကို စွန့်လွှတ်ရမည်နည်း။
ရန်ကိုင်၏ စွမ်းအားကို ချိတ်ပိတ်မထားနိုင်သရွေ့ ဖန်ဖုန်း စိတ်အေးအေး မနေနိုင်သေးချေ။
“ကိစ္စမရှိဘူး” ရန်ကိုင်က အလွယ်တကူ သဘောတူလိုက်သည်။
ရန်ကိုင်၏ တုန့်ပြန်မှုကိုမြင်သော် ဖန်ဖုန်း ပို၍ မျက်မှောင်ကြုတ်သွားခဲ့သည်။ ချက်ချင်းပဲ တန်ခိုးရှင်တတိယအဆင့် နှစ်ယောက်အား ရန်ကိုင် ကိုယ်ပေါ်တွင် စည်းသွားခတ်ရန် အချက် လှမ်းပြလိုက်သည်။ တန်ခိုးရှင်တတိယအဆင့် နှစ်ယောက်သည် သတိကြီးကြီးထားလျက် ရန်ကိုင်၏ ဘယ်ညာ နှစ်ဖက်ခြမ်းဆီမှ ချဉ်းကပ်သွားခဲ့သည်။ ရန်ကိုင် သူ့စကားပြန်ဖျက်ပြီး သူတို့အား ရုတ်တရက် ထတိုက်ခိုက်မည်ကို စိုးရိမ်နေသည့် အတွက် အလွန်အမင်း သတိ ကြီးကြီးထားနေခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်နှင့် မီတာဝက် အတွင်းသို့ ရောက်လာသည့်တိုင် ရန်ကိုင်သည် လှုပ်ရှားခြင်း မရှိသေးဘဲ သူတို့အား လှောင်ပြောင်လိုဟန် အပြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်၏ အကြည့်ကြောင့် ထိုနှစ်ယောက် အနည်းငယ် ရှက်သွားခဲ့ကြလေသည်။ စီနီယာတန်မယ့် ဂျူနီယာလေး တစ်ယောက်ကို ဤမျှ ကြောက်လန့်နေသည့် သူတို့၏ လုပ်ရပ်သည် တကယ်ကို ရှက်စရာကောင်းလှပေသည်။
ဖန်ဖုန်း ဘာအမိန့်မှ ထပ်ပေးနေစရာ မလိုတော့ချေ။ ထိုပညာရှင် နှစ်ယောက်သည် လက်ကွက်များ ဖန်တီးလိုက်ပြီး ရန်ကိုင် ခန္ဓာကိုယ်အား သူတို့လက်ဝါးဖြင့် ဖိကပ်လိုက်ကြသည်။
ရန်ကိုင် ကိုယ်ထဲတွင် စည်းတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ပြီး သူ့အရှိန်အဝါသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ အကုန်လုံး သက်ပြင်းချနိုင်တော့သည်။ ရန်ကိုင် မည်မျှပင် အားကောင်းသည် ဖြစ်ပါစေ၊ သူ့သူတော်စင်ချီကို အသုံးမပြုနိုင်တော့မှဖြင့် သူ့အား ဘာကြောင့် ကြောက်နေရဦးမည်နည်း။ သူသည် အစွယ်မရှိတောသည့် မြွေတစ်ကောင်သာ ဖြစ်သွားလေပြီ။
ဖန်ဖုန်းလည်း ပျော်သွားခဲ့သည်။
ယခုတစ်ကြိမ် လူများစွာ ဆုံးရှုံးလိုက်ရသော်လည်း အဆုံးတွင်မူ အောင်မြင်သွားခဲ့သည်။
သို့သော်ငြား သူပျော်လို့ မပြီးသေးခင်မှာပဲ စည်းခတ်ထားခံရသည့် ရန်ကိုင် တစ်ကိုယ်လုံး အနက်ရောင်မီးတောက်တို့ဖြင့် ရုတ်တရက် တောက်လောင်လာခဲ့သည်။ ယခုလေးတင် ပျောက်ကွယ်သွားပြီဖြစ်သော ရန်ကိုင်၏ အရှိန်အဝါသည်လည်း ရုတ်ချည်း တစ်ဖန်ပြန်လည် အားကောင်းလာခဲ့လေသည်။
“မဖြစ်နိုင်ဘူး” ရန်ကိုင်၏ ခန္ဓာကိုယ်ပေါ် စည်းခတ်ခဲ့သော ပညာရှင်နှစ်ဦး မျက်လုံး အပြူးသားဖြင့် အလန့်တကြား ထအော်ကြတော့၏။
ရန်ကိုင် ကိုယ်ပေါ်တွင် စည်းတစ်ခု သေချာ ခတ်လိုက်နိုင်သည် ဆိုသည်ကို သူတို့ သေချာ သိသည်။ ထိုစည်းကို သူတို့နှင့် အဆင့်တူအတွင်းတွင် ရှိနေသော မည်သည့် ကျင့်ကြံသူမှ ဤမျှ အချိန်တိုအတွင်း ဖျက်စီးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ရန်ကိုင်၏ သူတော်စင်ချီသည် အလွန်ကိုမှ အားကောင်းပြီး သန့်စင်လှသဖြင့် ထိုစည်းကို အချိန်တိုအတွင်း ဖျက်စီးပစ်နိုင်ခဲ့၏။
ရန်ကိုင် ရုတ်တရက် သူတို့အား တိုက်ခိုက်မည်ကို ကြောက်လန့်သဖြင့် ထိုနှစ်ဦးသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် အလျင်စလို နောက်သို့ ဆုတ်လိုက်ကြသည်။ ရန်ကိုင်ကမူ သူတို့ နှစ်ဦးနောက်သို့ မလိုက်၊ ရုတ်တရက် သူ့ခန္ဓာကိုယ်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
“ဒီနေရာမှာ လေဟာနယ်စွမ်းအားကို တတ်ထားတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား။ မင်းဒီလိုလုပ်မယ်မှန်းသိလို့ ငါကြိုစောင့်နေတာကွ” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အကြီးအကဲချုပ် မိုရှောင်ရှန်း ရန်ကိုင်၏ ဘေးတွင် ထူးထူးဆန်းဆန်း ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ လေဟာနယ် စွမ်းအားတို့ ထွက်ပေါ်လာပြီး ရန်ကိုင်၏ လေဟာနယ်စွမ်းအားကို ကြားဖြတ် နှောင့်ယှတ်လိုက်သည်။
ရန်ကိုင် စည်းခတ်ခံလိုက်ရချိန် အကုန်လုံး စိတ်အေးသွားသော်ငြား မိုရှောင်ရှန်းကမူ ရန်ကိုင်၏ လှုပ်ရှားမှုများကို သေသေချာချာ စောင့်ကြည့်နေသေးသည်။
သူကိုယ်တိုင်သည်လည်း လေဟာနယ်စွမ်းအားကို နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားသူတစ်ယောက် ဖြစ်သည်မို့ နို့နှံ့ပင်မစင်သေးသည့် ရန်ကိုင်ကဲ့သို့ ကောင်လေး တစ်ယောက်ကို တားဆီးနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားသည်။ လေဟာနယ် စွမ်းအားအရာတွင် မည်သူ ဆရာလဲဆိုသည်ကို အားလုံး မြင်အောင် သူပြချင်သည်။
ရုတ်တရက် သူ့ပတ်လည်တွင် ဝဲကတော့သဖွယ် ပေါ်လာသော လေဟာနယ်စွမ်းအားကြောင့် ပျောက်ကွယ်ခါနီး ဖြစ်နေသော ရန်ကိုင်၏ ခန္ဓာကိုယ်သည် တစ်ဖန် ပြန်ပေါ်လာခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သော် မိုရှောင်ရှန်း ဂုဏ်ယူစွာ ပြုံးလိုက်၏။
သို့သော်လည်း ချက်ချင်းဆိုသလို ပြုံးယောင်သန်းနေသည့် သူ့မျက်နှာထက်တွင် မှင်သက်ကြောင်အနေသည့် အမူအရာက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“မိကျောင်းမင်း ရှေ့မှာများ လာပြီး ရေခင်းပြချင်နေသေးတယ်။ ကိုယ်နေရာ ကိုယ်မသိတာ” အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ ရန်ကိုင်၏ပုံရိပ် မိုရှောင်ရှန်းရှေ့မှ ပျောက်ကွယ်သွားခဲ့၏။
“ဘယ်လိုဖြစ်သွားတလဲ” မိုရှောင်ရှန်းသည် ထိုနေရာတွင်သာ မှင်သေသေဖြင့် ရပ်နေတော့လေသည်။ သူ့ချုပ်နှောင်မှုမှ ရန်ကိုင် မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားမှန်းကို သူတကယ် နားမလည်တော့ချေ။
ဒီကောင် ငါ့ထက်များ လေဟာနယ်စွမ်းအားကို ပိုကျွမ်းကျင်နေတာလား။ ဒီကောင်က နားလည်ထားတဲ့ လေဟာနယ်တာအိုက ငါနားလည်ထားတာထက်တောင် ပိုအဆင့်မြင့်နေပြီပေါ့
ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အရှိန်အဝါလှိုင်းများနှင့်အတူ အနက်ရောင် မြှားတိုလေး တစ်ချောင်း လေထဲ ရုတ်တရက် ထွက်ပေါ်လာပြီး ချူကျန်းဆီသို့ လျှပ်စီးတန်းတစ်စင်းနှယ် တစ်ဟုန်ထိုး တိုးဝင်သွားခဲ့သည်။ ထိုမြှားတိုလေး၏ စွမ်းအားကို မည်သူမှ အထင်မသေးဝံ့ချေ။
ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တန်ခိုးရှင် ဒုတိယအဆင့် သက်လတ်ပိုင်း အမျိုးသမီးပင်လျှင် ထိုမြှားတိုလေး၏ လက်အောက်၌ မရှုမလှ သေဆုံးသွားခဲ့ရသည်။ မြှားတိုလေး၏ စွမ်းအားကို ကောင်းကောင်းသိထားသည့် ဖြစ်သည့်အတွက်ကြောင့် ချူကျန်းသည် မြှားတိုလေး၏ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုဘဲ ချက်ချင်း တိမ်းရှောင်းလိုက်သည်။
မြှားတိုလေးသည် ချူကျန်း၏ ခန္ဓာကိုယ်ကို ကပ်သီးလေး ပွတ်ဆွဲသွားခဲ့သည်။ အချိန်မှီ ရှောင်တိမ်းလိုက်သဖြင့် လွတ်မြောက်သွားခဲ့သော်လည်း ချူကျန်းနောက်တွင် ရှိနေသော တန်ခိုးရှင် အဆင့် ပညာရှင်မှာမူ မြှားတိုလေး၏ သားကောင်အသစ် ဖြစ်သွဦးခဲ့ရလေသည်။
“သူဘယ်မှာလဲ” ဖန်ဖုန်းက အသံအကျယ်ကြီး ထအော်လိုက်ရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်၏ အရိပ်အယောင်ကို ရှာဖွေလိုက်ရာ မကြာခင် ရန်ကိုင် မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို တွေ့သွားခဲ့သည်။ ရန်ကိုင် မည်ကဲ့သို့ လုပ်သွားမှန်း မသိသော်လည်း ရန်ကိုင်သည် ချင်းတုန်နှင့် ဖေးကျီတုတို့ ရှိနေသည့် နေရာအနီးသို့ ရောက်နေခဲ့လေသည်။
မြှားတိုလေးသည် ချူကျန်းအား အာရုံလွှဲထားရန် သက်သက်သာ ဖြစ်ပြီး ရန်ကိုင်၏ တကယ့် ပစ်မှတ်သည် ချင်းတုန်နှင့် ဖေးကျီတုတို့ကို ကယ်ဆယ်ရန် ဖြစ်သည်။
“မကောင်းတော့ဘူး” ဖန်ဖုန်း မျက်နှာ မည်းမှောင်သွားပြီး အလျင်စလို လှမ်းအော်လိုက်သည် “အဲ့ကောင်ကိုတားထား”
“ငါ့လမ်း လာပိတ်ရဲ့တဲ့ကောင် မှန်သမျှ အကုန် သေလမ်းပို့ပစ်မယ်” ရန်ကိုင် ပြေးလွှားနေရင်း အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ ထို့နောက် လေဟာနယ်ဓါးသွားကို သုံးလျက် ချင်းတုန်နှင့် ဖေးကျီတုအား ထွက်မပြေးနိုင်အောင် စောင့်ကြည့်နေသော ရန်သူ နှစ်ယောက်ကို ခေါင်းဖြတ်ပစ်လိုက်သည်။
ရန်ကိုင် သူ့တို့ဆီ ပြေးလာနေသည်ကို မြင်သော် ထိုနှစ်ယောက် တုန်လှုပ်သွားခဲ့သည်။ ရန်ကိုင် ပစ်လွှတ်လိုက်သည် ဓါးသွားနှစ်ချောင်းကို ရှောင်ချင်သော်လည်း ဖန်ဖုန်း၏ အမိန့်ကြောင့် မရှောင်ဝံ့ဘဲ ပြန်၍သာ ခုခံခဲ့ရသည်။ အံကိုကြိတ်၍ အကာအကွယ် မှော်ရတနာနှင့် ပညာရပ်များကို အသက်သွင်းကာ ရန်ကိုင်၏ တိုက်ကွက်ကို ခုခံရန် ပြင်လိုက်သည်။
သို့သော်ငြား ထိုစဉ် ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့သည်။ သူတို့ မလှုပ်ရှားနိုင်သေးခင်မှာပဲ ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးတစ်ခုလုံး ရွှေရောင်တောက်နေသည်ကို သတိပြုမိလိုက်သည်။ ထိုရွှေအလင်းရောင်စဉ်ထဲ ရောင်စုံအလင်းအချို့ကို လှမ်းမြင်လိုက်ရသည်။
ထိုရွှေရောင်အလင်းနှင့် ရောင်စုံအလင်းသည် သူတို့၏ ဝိဥာဉ်ကို ဆွဲခေါ်နေသလို ခံစားရသည်။ ထိုအလင်းရောင်နှစ်မျိုးကို ကြည့်ရင်း သူတို့၏ ဝိဥာဉ် ခန္ဓာကိုယ်ထဲမှ လွတ်ထွက်သွားတော့မလို ခံစားလာရသည်။
ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင်ဖန်အလင်းတို့ ပေါင်းစပ်ထားသည့် အကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုနှစ်ခုစလုံးသည် တစ်ဖက်လူ၏ ဝိဥာဉ်ကို ဖိနှိပ်ချုပ်နှောင်နိုင်စွမ်း ရှိလေရာ နှစ်ခုကိုအတူ ပူးပေါင်း အသုံးပြုလိုက်သည့်အခိုက် ထွက်ပေါ်လာသော စွမ်းအားသည် ပိုမို ပြင်းထန်သွားလေသည်။
ထိုနှစ်ယောက် အနေဖြင့် ထိုဖိနှိပ်ချုပ်နှောင်မှုအောက်မျ အလျင်အမြန် ရုန်းထွက်လာနိုင်သော်ငြား ရန်ကိုင် လိုအပ်သည်မှာ အချိန် တဒင်္ဂတာလေးသာ ဖြစ်သည်။ ထိုနှစ်ယောက် ငေးငိုင်မိန်းမောသလို ဖြစ်နေစဉ် လေဟာနယ်ဓါးသွားသည် သူတို့၏ ခေါင်းကို ဖြတ်တောက်သွားခဲ့သည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်တောက်သွားခဲ့ရာ အသွေးအသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါအားလုံး ပွင့်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်ထဲသို့ ရောက်သွားခဲ့လေသည်။
အကုန်လုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်မှ မြှားတိုလေးကို ပစ်လွှတ်လိုက်ပြီး ထိုနှစ်ယောက်ကို သတ်သွားသည်မှာ တစ်ခဏလေးသာ ကြာမြင့်ခဲ့သည်။ အကုန်လုံး အသိပြန်ဝင်လာချိန် ရန်ကိုင်သည် ချင်းတုန်နှင့် ဖေးကျီတုရှေသို့ ရောက်နေခဲ့လေပြီ။ ဆက်လက် အချိန်ဆွဲမနေတော့ဘဲ ရန်ကိုင်သည် ချင်းတုန်နှင့် ဖေးကျီတုကို ခေါ်ကာ လေဟာနယ်စွမ်းအားကို အသက်သွင်း၍ ထိုနေရာမှ ထွက်သွားရန် လုပ်သည်။
သို့သော်ငြား ထိုစဉ် ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ငါ့ရှေ့မှာ ဒါမျိုး လာလုပ်လို့ ရမလားကွ” လူအုပ်ထဲမှ အညိုရောင်ဝတ်ရုံ ဝတ်ထားသည့် မီးခိုရှောင်ဆံပင်နှင့် လူအိုကြီးတစ်ဦးသည် တောကြက်မောက်အရွယ် အလုံးလေးတစ်လုံးကို ကိုင်၍ ရှေ့သို့ ပြေးထွက်လာခဲ့သည်။
ထိုအလုံးလေးကို မြင်လိုက်သည်နှင့် အကုန်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။
ထိုအလုံးလေးမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ခံစားမိလိုက်သည့် လူတိုင်းအား အလွန်ကိုမှ မသက်မသာ ဖြစ်စေသည်။ ထိုအရှိန်အဝါ အားကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ၊ သိပ်အရေးမကြီး။ အကုန်လုံး ထိတ်လန့်နေရသည့် တစ်ချက်မှာ ထိုအရှိန်အဝါသည် သူတို့ ခံစားခဲ့ဖူးသည် အရှိန်အဝါတစ်ခုနှင့် အလွန်ကိုမှ ဆင်တူနေခြင်းဖြစ်သည်။
“ဧကရာဇ်ဖိအား” ဖန်ဖုန်းမျက်လုံးအစုံ မှေးစဉ်းသွားပြီး အလန့်တကြား ထအော်သည်။
ထိုအလုံးလေးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဧကရာဇ်ဥယျာဉ်မှ ထုတ်လွှတ်သော ဧကရာဇ်ဖိအားနှင့် အတူတူပင်။ သို့သော် ဧကရာဇ်ဥယျာဉ်မှ ထုတ်လွှတ်သော ဧကရာဇ်ဖိအားကဲ့သို့ အားကောင်းခြင်း မရှိချေ။ သို့သော်လည်း မည်သို့ပင် အားမကောင်းသည် ဖြစ်ပါစေ၊ ထိုအရှိန်အဝါသည် ခံစားမိလိုက်သည့် လူတိုင်းအား သေသိမ်သွားသလို ခံစားရလေသည်။
မီးခိုရောင်ဆံပင်နှင့် လူအိုကြီးသည် ထိုအလုံးလေးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ပြီး ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်သည်။
ထိုအလုံးလေးသည် လမ်းတစ်ဝက်အရောက်တွင်၊ တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှ လေးလုံး၊ လေးလုံးမှ ရှစ်လုံး စသဖြင့် တောက်လျှောက် ကွဲထွက်သွားခဲ့သည်။
မကြာမီ ကောင်းကင်တစ်ခွင်လုံး ထိုအလုံးလေးများဖြင့် ပြည့်နှက်သွားတော့သည်။ အကုန်လုံးသည် အစစ်နှင့် ခွဲမရလောက်အောင်ကို တူလွန်းလှကာ တစ်ခုချင်းစီသည်လည်း အားကောင်းလွန်းလှသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။
နားပင်းမတတ် ကျယ်လောင်သော မိုးချိန်းသံနှင့်အတူ ထိုအလုံးလေးများဆီမှ ပိုးချည်မျှင်များကဲ့သို့ လျှပ်စီးတန်းများ ဖြာထွက်လာခဲ့သည်။ ထိုလျှပ်စီးတန်းများကို မြင်သည်နှင့် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ထိုလျှပ်စီးတန်းများဆီမှ သေမင်း အငွေ့အသက်ကို သူခံစားနေမိသည်။ သူသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် ထိုလျှပ်စီးတန်းများ လက်အောက်၌ သေရလိမ့်မည်မှန်း နားလည်လိုက်သည်။
ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ချက်ချင်းပဲ ခရမ်းရောင်ဒိုင်းကို ထုတ်ကာ သဲမုန်တိုင်း အကာအကွယ်ကို အသက်သွင်းလိုက်သည်။ ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ မီးငှက်ကိုပါ ထုတ်ကာ သူ၊ ဖေးကျီးတုနှင့် ချင်းတုန် ပတ်လည်တွင် ကာရံထားလိုက်သည်။
ထို့နောက် တစ်ရာနီးပါးရှိသော ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်၍ သူ့ပတ်ပတ်လည်၌ ပိုက်ကွန်တစ်ခုသဖွယ် ရစ်ပတ်ထားလိုက်သည်။ ထိုမျှ ပြင်ဆင်ထားသည့်တိုင် ရန်ကိုင်စိတ်ထဲ မသက်မသာ ခံစားနေရသေးသည်။ သို့သော် သူ့တွင် နောက်ထပ် ပြင်ဆင်ချိန် ထပ်မရှိတော့ချေ။ လျှပ်စီးတန်းများသည် သူ့ဆီသို့ ရောက်လာနေခဲ့လေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၄)
လျှပ်စီးတန်းများနှင့် ထိတွေ့တွေ့ခြင်း သဲမုန်တိုင်းအကာအကွယ် ပျက်စီးသွားခဲ့ရသည်။ ခရမ်းရောင်ဒိုင်း၏ အရောင်အဝါမှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့လေသည်။ သို့သော် လျှပ်စီးတန်းများမှာမူ နည်းနည်းလေးပင် အားလျော့သွားခြင်း မရှိသေး။
သဲမုန်တိုင်းအကာအကွယ်ကို ဖြတ်ကျော်လာပြီးနောက်၌ လျှပ်စီးတန်းများသည် ရွှေရောင်သွေးမျှင်များကို လာရောက်ထိမှန်သည်။ လျှပ်စီးတန်းများ၏ ထိမှန်ခြင်း ခံလိုက်ရသည့် အခိုက် ရွှေရောင်သွေးမျှင်များ ရုတ်ချည်း မှိန်ကျသွားခဲ့သလို ရန်ကိုင်သည်လည်း သွေးတစ်ပွက် အန်လိုက်ရသည်။
ရွှေရောင်သွေးမျှင်များသည် သူ့ခန္ဓာကိုယ်နှင့် ဝိဥာဉ်ဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သည့် အတွက် ထိုအရာများ ထိခိုက်သွားသည့်အခါ ရန်ကိုင်လည်း ဘေးထွက်ဆိုးကျိုး ခံစားရသည်။ ဤအချက်သည် နတ်ဆိုးသွေးမျှင်ကျင့်စဉ်၏ အားနည်းချက် ဖြစ်ပေသည်။
လောလောဆယ်တွင်မူ ရန်ကိုင် အရမ်းကြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခြင်း မရှိသေးချေ။ ရွှေရောင်သွေးမျှင် အကာအကွယ်ကို ဖြတ်ကျော်လာပြီးနောက်တွင် လျှပ်စီးတန်းများ၏ စွမ်းအား စတင် လျော့ပါးလာရသည်။ သို့သော်လည်း စွမ်းအင် အကုန်လုံး ပျောက်ကွယ်သွားခြင်း မဟုတ်သည့်အတွက် လက်ကျန် လျှပ်စီးတန်းများသည် မီးငှက်၏ အကာအကွယ်ကို လာရောက် ထိမှန်လေသည်။
လျှပ်စီးတန်းများနှင့် ရင်ဆိုင်ရလိုက်သည့် အချိန်၌ မီးတောက် အကာအရံ စတင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ မီးငှက်သည် တိုးဝင်လာနေသော လျှပ်စီးတန်းများသည် အားကြိုးမာန်တက် ပြန်လည် တိုက်ခိုက်နေသော်လည်း လျှပ်စီးတန်းများမှာ ပို၍ အားကောင်းနေခဲ့သည်။ ဤအတိုင်းသာ ဆက်သွားနေလျှင် မကြာခင် မီးငှက် ပျက်စီးရတော့မည်မှန်း ရန်ကိုင် သိလိုက်သည်။
သူဤမျှ ကာကွယ်ထားသည်ကိုပင် ဖြတ်ကျော်လာနိုင်ရအောင် ထိုအလုံးလေးသည် မည်သို့သော မှော်ရတနာများ ဖြစ်လေသနည်း။ ဘာကြောင့် ထိုအလုံးလေးဆီမှ ဧကရာဇ် ဖိအားကို ခံစားနေမိရသနည်း။
တစ်ခဏအတွင်း မီးတောက်အကာအရံ ပျက်စီးခါနီး ဖြစ်လာခဲ့သည်။ မီးတောက် အကာအရံဆီမှ ထွက်ပေါ်နေသော အပူချိန်သည် ဆောင်းတွင်းရောက်သည့် နေအပူချိန်နှယ် ရုတ်ချည်း ထိုးကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် မီးငှက်၏ အော်သံတို့မှာလည်း တဖြည်းဖြည်း တိုးလျလာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် အံကြိတ်လျက် မီးငှက်ကို ပြန်ဆင့်ခေါ်လိုက်လေသည်။ မီးငှက်ကို ဤအတိုင်း အသေခံခိုင်းလိုက်၍ မဖြစ်ချေ။
မီးငှက်၏ အကာအကွယ် မရှိတော့သည့်နောက်တွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် ရန်ကိုင်ဆီသို့ အဆီးအတားမရှိ တိုးဝင်လာခဲ့သည်။ ထိုလျှပ်စီးတန်းများကို မြင်လိုက်သည့်အခါ ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့သော်လည်း နောက်ထပ် ကာကွယ်စရာ ဘာမှမရှိတော့သဖြင့် သူ့သူတော်စင်ချီကိုသာ အားကိုးရတော့လေသည်။
“ရန်ကိုင် ငါမင်းကို ကူညီပေးမယ်” ထိုစဉ် ဖေးကျီတု၏ အသံ ထွက်ပေါ်လာခဲ့သည်။ သူ့လက်စွဲတော် ကျောက်စိမ်းပြာပန်းကန်လုံး ထွက်ပေါ်လာပြီး ထိုပန်းကန်လုံး အတွင်းပိုင်းဆီမှ လရောင်ကဲ့သို့သော စွမ်းအားတစ်မျိုး ဖြစ်ပေါ်လာပြီး အကာအရံ တစ်ခုအသွင်သို့ ပြောင်းကာ လျှပ်စီးတန်းများ၏ လမ်းတွင် ပိတ်ကာလိုက်သည်။
လျှပ်စီးတန်းများသည် တရစပ်ထိုးနှက် တိုက်ခိုက်မှုကြောင့် ထိုအကာအရံ၏ အရောင်အဝါမှာ အလျင်အမြန် မှိန်ကျလာခဲ့လေသည်။ အသက်သုံးရှိုက်စာအတွင်း ထိုအကာအရံ ပျက်စီးသွားခဲ့သည်။
ထိုအကာအရံ ပျက်စီးသွားသည့် အကျိုးဆက်အနေဖြင့် ဖေးကျီတု မျက်နှာလည်း ဖြူလျော်သွားခဲ့ပြီး သွေးများအန်တော့လေသည်။ သူအမြဲတလေ အားကိုးခဲ့ရသော သူ့လက်စွဲတော် ကျောက်စိမ်းပြာပန်းကန်လုံးသည် စတင် အက်ကွဲလာပြီး နောက်ဆုံး၌ တစ်စစီ ပျက်စီးသွားခဲ့သည်။
တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာပင်လျှင် ထိုလျှပ်စီးတန်းများ၏ တိုက်ခိုက်မှုကို အသက်သုံးရှိုက်စာသာ ခုခံနိုင်ခဲ့သည်။ မှော်ရတနာ ပျက်စီးသွားသည့်အတွက် ဖေးကျီတု၏ ခန္ဓာကိုယ် အခြေအနေမှာ ပိုမို ဆိုးရွားသွားခဲ့ရသည်။
“ဖေးအိုကြီး” ချင်းတုန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ဖေးကျီတုအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ဖေးကျီတုမှာမူ စကားပင် မပြောနိုင်တော့ဘဲ ခေါင်းသာ ခါပြနိုင်တော့သည်။ အဖမ်းခံရစဉ်က ဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း ချူကျန်း၏ လှံတိုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ရသည်။ ယခု သူ့မှော်ရတနာပါ ဖျက်စီးခံလိုက်ရသည့်အတွက် သူ့အခြေအနေမှာ ဟိုးအောက်ဆုံးသို့ ထိုးကျသွားရတော့၏။
သို့သော်လည်း သူ့ကြိုးစားအားထုတ်မှု အချည်းနှီး ဖြစ်မသွားခဲ့ချေ။ ကျောက်စိမ်းပြာ ပန်းကန်လုံးသည် လျှပ်စီးတန်းများကို လုံးဝ မတားဆီးလိုက်နိုင်သော်လည်း ထိုလျှပ်စီးတန်းများ၏ စွမ်းအားကို သိသိသာသာ လျော့ကျသွားအောင် လုပ်နိုင်ခဲ့သည်။ ယခု ထိုလျှပ်စီးတန်းများဆီမှ မည်သည့် အန္တရာယ်အငွေ့အသက်ကိုမှ ရန်ကိုင် မခံစားရတော့ချေ။
လျှပ်စီးတန်းများသည် ထက်ရှသော သံမဏိအပ်များနှယ် ရန်ကိုင်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ဟုန်ထိုး စုပြုံးကျရောက်လာခဲ့လေရာ မရေမတွက်နိုင်သော အပေါက်လေးများ ရန်ကိုင်၏ ကိုယ်ထက် ထွက်ပေါ်လာခဲ့ရလေသည်။ သွေးများသည် ထိုအပေါက်လေးများဆီမှ ရေတံခွန်သဖွယ် စီးကျလာနေခဲ့သည်။ ရန်ကိုင်သည် နာကျင်မှုကို အံကြိတ်တောင့်ခံရင်း ဖေးကျီတုနှင့် ချင်းတုန်တို့အား သူတော်စင်ချီဖြင့် ကာကွယ်ပေးလိုက်သည်။
ထိုအခြင်းအရာကို မြင်သော် အကုန်လုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြသည်။ သူတို့သာ ရန်ကိုင်နေရာတွင် ဆိုပါက အသက်ပျောက်သည်မှာ ကြာနေလောက်ပေပြီ။ ဖေးကျီတု၏ ကူညီမှုကြောင့် ပါသော်လည်း လျှပ်စီးတန်း၏ စွမ်းအားအများစုကို သူတစ်ယောက်တည်း တားဆီးသွားခဲ့ခြင်း ဖြစ်သည်။ ယခု လက်ကျန် စွမ်းအားများကိုလည်း သူ့ခန္ဓာကိုယ်ဖြင့် စီးခံနေသေးသည်။ သို့တိုင် သူ့အရှိန်အဝါသည် ယုတ်လျော့အားနည်းသွားခြင်း မရှိသည့် အပြင် ပို၍ပင် အားကောင်းလာနေသေးသည်။
ထိုကောင် လူကော ဟုတ်လေရဲ့လော။ တန်ခိုးရှင်ပထမအဆင့် တစ်ယောက်သည် ဤအတိုင်းအတာအထိ အားကောင်းနိုင်သည်လား။
ဖန်ဖုန်းနှင့် ချူကျန်းတို့ နှစ်ယောက် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ သူတို့သာ မဟုတ်၊ ကြယ်ဧကရာဇ်တောင်မှ ဆံပင်မီးခိုးရောင်နှင့် အဖိုးကြီးသည်လည်း ရန်ကိုင်အား တစ္ဆေသရဲ တစ်ကောင်ကို မြင်သလို ကြည့်နေခဲ့သည်။
“ရန်ကိုင်၊ ငါတို့ အရင် ထွက်သွားကြရအောင်၊ ဖေးအိုကြီးကို ကြည့်ရတာ သိပ်အခြေအနေ မဟန်တော့ဘူး…” ချင်းတုန်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
ရန်ကိုင်၏ တရိပ်ရိပ် ထိုးတက်လာနေသော အရှိန်အဝါ ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။ ချင်းတုန်အား ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လျှာကိုကိုက်ကာ လေထဲသို့ ရွှေရောင်သွေးတစ်စက် ထွေးထုတ်လိုက်သည်။ ထိုရွှေရောင်သွေးစက်သည် လေထဲသို့ ရောက်သွားသည်နှင့် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။
ရွှေရောင်သွေးစက် ပျောက်ကွယ်သွားပြီး မကြာမီ ထူးဆန်းသော စွမ်းအင်လှိုင်းတို့ ရန်ကိုင်ရှေ့မှ စတင် ဖြာထွက်လာခဲ့ပြီး အနက်ရောင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အက်ကွဲကြောင်းမှာ အစပိုင်းတွင် သေးနေသော်လည်း တဖြည်းဖြည်းနှင့် အလျင်အမြန် ကြီးထွားလာခဲ့လေသည်။
“မဖြစ်နိုင်ဘူး” ထိုအက်ကွဲကြောင်းကို မြင်သော် မိုရှောင်ရှန်း၏ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် အလန့်တကြား ထအော်တော့လေသည် “မ… မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။ သူလေဟာနယ် အက်ကွဲကြောင်းကို ဖန်တီးလိုက်တာ လုံးဝ မဖြစ်နိုင်ဘူး”
“ဘယ်လို၊ လေဟာနယ် အက်ကွဲကြောင်း ဟုတ်လား” ဖန်ဖုန်း ထိတ်လန့်သွားခဲ့သည်။
ထိုစကားကို ကြားသည့်အခါ အခြားသူများလည်း ထိတ်လန့်ကုန်ကြပြီး အနက်ရောင် အက်ကွဲကြောင်းဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။ သို့သော် သူတို့၏ ကောင်းကင်စိတ်အာရုံ ထိုအနက်ရောင် အက်ကွဲကြောင်းထဲသို့ ရောက်သည့်အခါ အသူရာ ချောက်နက်ထဲသို့ ရောက်သွားသည့်နှယ် ဘာကိုမှ အာရုံခံမရတော့ပေ။
ရန်ကိုင်သည် ထိုအက်ကွဲကြောင်းရှေ့တွင် ရပ်ရင်း လူအုပ်ကြီးဘက်သို့ တစ်ချက် ပြန်လှည့်ကြည့်ကာ အေးစက်စက် အမူအရာဖြင့် သွားကိုဖြဲလျက် ပြောလိုက်သည် “ခင်ဗျားတို့ ပေးတဲ့ လက်ဆောင်ကို ဒီဂိုဏ်းချုပ် သေချာ မှတ်ထားလိုက်ပါမယ်။ ဂိုဏ်းချုပ်ကြီးတွေရဲ့ ကျေးဇူးကို ဒီဂိုဏ်းချုပ်ရန် ကျိန်းသေ အတိုးနဲ့အရင်းနဲ့ ပေါင်းပြီးတော့ကို ပြန်ဆပ်ပေးမှာပါ။ အခုတော့ ကျုပ်ကို အရင် သွားခွင့်ပြုပါဦး”
အေးစက်စက် သူ့မျက်နှာနှင့် ကျောချမ်းဖွယ်ရာ သူ့လေသံသည် ငရဲကြီးကိုးထပ်မှ ထွက်ပေါ်လာသည့် မရဏခေါ်သံနှယ် အကုန်လုံးအား ခေါင်းအစခြေအဆုံး တုန်ရီသွားစေခဲ့သည်။
ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် တစ်ခါတည်း အက်ကွဲကြောင်းထဲသို့ ခုန်ဝင်သွားလေတော့သည်။
“သူ့ကိုတား” ရန်ကိုင် ထွက်ပြေးသွားသည်ကို မြင်သည့်နောက် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီး ချက်ချင်း အသိပြန်ဝင်လာပြီး ပျာသလဲလဲ ထအော်တော့လေသည်။ သို့သော် သူအော်နေချိန် ရန်ကိုင်မှာမူ အားလုံး၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။ အကုန်လုံး ရန်ကိုင်အား လှမ်းတိုက်ခိုက်လိုက်ကြသော်လည်း သူတို့၏ တိုက်ခိုက်မှု အားလုံးသည် အနက်ရောင် အက်ကွဲကြောင်းထဲသို့သာ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
အသက်တစ်ရှိုက်စာ ကြာပြီးနောက်တွင် အက်ကွဲကြောင်းသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် အကုန်လုံး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွား၏။
“မဖြစ်နိုင်ဘူး၊ လုံးဝကို မဖြစ်နိုင်ဘူး” အကုန်လုံး တိတ်ဆိတ်နေချိန် မိုရှောင်ရှန်း၏ အရူးတစ်ယောက်ကဲ့သို့ ရေရွတ်သံမှာမူ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
သူဂုဏ်အယူရဆုံး နယ်ပယ်တွင် ဂျူနီယာလေး တစ်ယောက်၏ အပြတ်အသတ် အနိုင်ယူခြင်း ခံလိုက်ရသည့် မိုရှောင်ရှန်း စိတ်နှင့်ကိုယ် မကပ်နိုင် ဖြစ်နေခဲ့သည်။
ချူကျန်းနှင့် ဖန်ဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ အကြည့်ထဲ တုန်လှုပ်ချောက်ခြားရိပ်တို့ကို အထင်းသား မြင်တွေ့နေရသည်။ ထို့နောက် ချူကျန်းက မိုရှောင်ရှန်းဘက်သို့ လှည့်၍ အလျင်အမြန် မေးလိုက်သည် “အကြီးအကဲချုပ်၊ အဲဒါ ဟင်းလင်းပြင် အက်ကွဲကြောင်းဆိုတာ သေချာလား”
“ဟားဟားဟား…” မိုရှောင်ရှန်း၏ အကြည့်သည် အရက်မူးနေသည့် လူတစ်ယောက်၏ အကြည့်နှယ် မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ ပြုံးလျက် “ဒီလူအိုကြီးလည်း မဟုတ်ဘူးလို့ ထင်ချင်ပေမယ့် ထင်လို့မှမရတာ။ အဲ့ဒါကြီးက တကယ့် ဟင်းလင်းပြင် အက်ကွဲကြောင်း အစစ် ဖြစ်နေတာလေ။ ဒီလောက် ငယ်ငယ်လေးနဲ့ လေဟာနယ်စွမ်းအားကို ဒီလောက် တတ်နေတယ် ဆိုမှတော့ အရိပ်ကြယ်ကြီး သူ့ကို ဘာလုပ်နိုင်တော့မှာလဲ။ သူသာ ထွက်ပြေးချင်ရင် အရိပ်ကြယ်ပေါ်က ဘယ်သူမှ သူ့ကို ဖမ်းနိုင်တော့မှာ မဟုတ်ဘူး။ အခု သူထွက်မပြေးဘဲ လုပ်နေတာ ကျုပ်တို့ကို ပတ်ဆော့သွားတာ၊ မပြေးနိုင်လို့ မဟုတ်ဘူး”
“ဘယ်သူမှ သူ့ကို မဖမ်းနိုင်ဘူး ဟုတ်လား” ချူကျန်း၏ အမူအရာ အရုပ်ဆိုးသွားခဲ့၏။
မိုရှောင်ရှန်းက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး တုန်လှုပ်ချောက်ခြားနေသည့် လေသံဖြင့် “လေဟာနယ်စွမ်းအား ကျင့်ကြံထားတဲ့ လူတွေ ဘယ်လောက် ရင်ဆိုင်ရခက်လဲဆိုတာကို ဂိုဏ်းချုပ် မသိလို့။ သိသာသိရင် ဂိုဏ်းချုပ် အခုလိုမျိုး အံ့ဩနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူအိုကြီး ကိုယ်တိုင်းက လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတာဆိုတော့ အဲ့အကြောင်းကို ကောင်းကောင်း သိတယ်။ ဒီတစ်ကြိမ် သူ့ကို မဖမ်းနိုင်မှတော့ နောက်တစ်ကြိမ် သူ့ကို ဘယ်လိုမှ ထပ်ဖမ်းလို့ရတော့မှာ မဟုတ်ဘူး”
ချူကျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် မထွက်သွားခင် ပြောခဲ့သည့် စကားကို ပြန်အမှတ်ရလိုက်သည့်အခါ သူ့ရင်ထဲ တင်းကြပ်သွားခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းသည် မည်သူမှ ဝင်မရသည့် သဲမီးတောက်နယ်မြေ အတွင်း၌ ရှိနေသည်။ ရန်ကိုင် ကိုယ်တိုင်ကလည်းက အလွန်ကိုမှ ရင်ဆိုင်ရ ခက်လွန်းသည်။ လေဟာနယ်ကိုပင် ဆုတ်ဖြဲပြီး ထွက်ပြေးနိုင်လေရာ သူ့ကို ဖမ်းဖို့ရာ အလွန် ခက်လှသည်။ သူ့ကဲ့သို့ လူတစ်ယောက်ကို သွားရန်စလိုက်ပြီ ဖြစ်သဖြင့် သူ့အနေဖြင့် နောက်ပိုင်း မည်ကဲ့သို့ ကောင်းကောင်း စားဝင် အိပ်ပျော်နိုင်ပါတော့မည်နည်း။
“ပိုင်အိုကြီး…” ဖန်ဖုန်းသည် ယခုအချိန်ထိ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မီးခိုးရောင် လူအိုကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုလူအိုကြီး၏ အရှိန်အဝါသည် အတော်လေးကို မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူ့အား ခေါ်သံကြားသော် အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည် “သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးတောင်မှ သူ့ကို မသတ်နိုင်ဘူးဆိုတော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး။ ဒီအကြောင်းကို ဂိုဏ်းချုပ်ဆီပဲ ပြန်တင်ပြရတော့မယ်။ နောက်ဘဆက်လုပ်ရမယ် ဆိုတာကို ဂိုဏ်းချုပ်ကပဲ ညွှန်ကြားလိမ့်မယ်။ အခု ငါအရင် သွားတော့မယ်”
ပြောပြီးသည်နှင့် မည်သူ့ကို ဂရုမစိုက်ဘဲ ကြယ်လွန်းပျံကိုထုတ်ကာ တစ်ယောက်တည်း ထွက်သွားလေသည်။
ဖန်ဖုန်းမှာ စကားတစ်ခွန်းပင် ပြန်မပြောလိုက်ဘဲ ထိုလူအိုကြီး ထွက်သွားသည်ကိုသာ ဤအတိုင်း ထိုင်ကြည့်နေလိုက်ရသည်။ တာဝန်ခံလိုစိတ် မရှိသော ထိုလူအိုကြီး၏ အပြုအမူကိုလည်း စိတ်ထဲ ကြိတ်၍ ကျိန်ဆဲနေလိုက်လေသည်။
သူနှင့် ချူကျန်းတို့ ရန်ကိုင်အား သွားရန်စမိခြင်းမှာပဲ ကြယ်ဧကရာဇ်တောင်၏ အမိန့်ကြောင့် ဖြစ်သည်။ ယခု သူတို့၏ အစီအစဉ် မအောင်မြင်သည့်အခါ ကြယ်ဧကရာဇ်တောင်သည် တာဝန်ခံလိုစိတ် မရှိဘဲ ခေါင်းရှောင်သွားခဲ့သည်။
မည်သည့် အကျိုးအမြတ်မှလည်း မရ၊ အဆုံးအရှုံးလည်း များခဲ့သည့် အပြင်ကိုမှ သူတို့အား အမြဲတစေ ခြောက်လှန့်နေမည့် ကြောက်မက်ဖွယ် ရန်သူ တစ်ယောက်ကိုပါ ဖန်တီးလိုက်မိသည့် အကြောင်း စဉ်းစားမိလိုက်သည့်အခါ ဖန်ဖုန်း သွေးအန်လုမတတ် ဖြစ်သွားခဲ့ရသည်။
သို့သော် ချူကျန်းအကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ စိတ်ထဲ အနည်းငယ် သက်သာသလို ခံစားလိုက်ရသည်။ ချူကျန်းသည် သူကဲ့သို့ အဆုံးအရှုံး များခဲ့ရုံမက သူ့ဂိုဏ်း၏ အနာဂတ် ထောက်တိုင်ဖြစ်သော သူ့သားကိုပါ ဆုံးရှံးလိုက်ရသေးသည်။
“အစ်ကိုချူ၊ ကျုပ်လည်း သွားပြီနော်” ဖန်ဖုန်းက အသာအယာ ချောင်းဟန့်၍ ပြောလိုက်သည်။
“အစ်ကိုဖုန်း ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား” ချူကျန်းက မျက်ခုံးပင့်၍ ဖန်ဖုန်းအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ဖန်ဖုန်းက လှောင်ပြုံးပြုံးလျက် “အဲ့ကောင်လေး ထွက်မသွားခင် ပြောသွားတာကို အစ်ကိုချူလည်း ကြားတာပဲ။ သူဒီနေ့ကိစ္စကို လုံးဝ လွှတ်ထားလိုက်မှာ မဟုတ်ဘူး။ ကျိန်းသေ လက်စားလာပြန်ချေမှာ။ ဒါကြောင့် ဒီဖုန်း ဂိုဏ်းဆီ မြန်မြန်ပြန်ပြီး နှစ်နည်းနည်းလောက် တံခါးပိတ်ကျင့်စဉ် ဝင်တော့မလားလို့။ အဲ့ကောင်းလေး အားကောင်းတာ မှန်ပေမယ့် ကျုပ်ဠာနချုပ်ကိုတော့ လာမတိုက်ရဲလောက်ပါဘူး။ လာတိုက်ရဲရင်တော့ အဲ့ကောင် တကယ် မောက်မာနေလို့ပဲ ဖြစ်ရမယ်။ အစ်ကိုချူလည်း ဂိုဏ်းကို မြန်မြန်ပြန်တော့လေ။ အပြင်ရောက်နေတဲ့ ဂိုဏ်းသားတွေကိုလည်း ပြန်ခေါ်ထားဦး။ အခုလောလောဆယ် တစ်ယောက်ကိုမှ အပြင်ထွက်ခွင့် မပေးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် တစ်ယောက်ချင်း အမဲလိုက်ခံနေရလိမ့်မယ်”
“အစ်ကိုဖုန်း ဒီလောက်တောင် ကြောက်နေတာလား။ အခြိမ်းခြောက်ခံလိုက်ရတာနဲ့ လိပ်တစ်ကောင်လို ပုန်းနေတော့မယ်ပေါ့” ချူးကျန်းသည် ဖန်ဖုန်းအား အထင်တသေး အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
“ငါဘယ်တုန်းက အဲ့လို ပြောလိုက်လို့လဲ…” ဖန်ဖုန်းက အထင်တသေးဖြင့် “ငါ့ဘာသာ အသေအပျောက် အနည်းဆုံး ဖြစ်အောင် လုပ်နေတာ။ ဘာပဲအဖြစ်ဖြစ်၊ အခုကိစ္စက ဧကရာဇ်တောင်ရဲ့ တာဝန်လေ။ ငါတို့နဲ့ အဲ့လောက်ဆိုင်တာမှ မဟုတ်တာ။ မလိုသာ မလိုအပ်ရင် အခုကိစ္စထဲ ငါတကယ်ကို ဝင်မရှုပ်ချင်တာ”
“ဟန့်၊ ငါ့သားအတွက် လက်စားမချေနိုင်ရင် ငါယောကျာ်း မဟုတ်တေ့ဘူး။ အစ်ကိုဖုန်းက ငကြောက်လုပ်ချင်နေမှတော့ လုပ်ပေါ့။ ငါကတော့ လုပ်မှာမဟုတ်ဘူး။ အဲ့ကောင် ငါ့ဠာနချုပ်ကို လာတိုက်ခိုက်ရဲရင် သူ့အတွက် ပြန်လမ်းမရှိအောင် လုပ်ပေးလိုက်မယ်” ချူကျန်းက အံကြိတ်၍ ပြောလိုက်သည်။
“အစ်ကိုချူ မျှော်လင့်တဲ့အတိုင်း ဖြစ်ပါစေဗျာ” ဖန်ဖုန်းက လက်သီးဆုပ်၍ ပြောလိုက်ပြီးနောက် နှုတ်ဆက်ကာ သူ့လက်ကျန် အဖွဲ့သားများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားလေသည်။
“ငကြောက်ကောင်” အလျင်အမြန် ထွက်သွားသော ဖန်ဖုန်းကို ကြည့်ရင်း ချူကျန်းက အထင်တသေးဖြင့် ပြောလိုက်သည်။ သို့သော်လည်း ချက်ချင်းဆိုသလို သူ့မျက်နှာ ညိုးကျသွားပြီး တစ်နေရာကို ကြည့်လျက် နာကျင်နေသည့် အမူအရာဖြင့် “သခင်လေးရဲ့ အလောင်းကို ပြန်ကောက်လာခဲ့။ ငါတို့ ပြန်ကြမယ်”
“ဟုတ်ကဲ့” တစ်ယောက်ယောက်သည် ချူချန်ဖုန်း၏ ခေါင်းမပါတော့သည့် အလောင်းကို သွားကောက်လိုက်ပြီး လက်ကျန် ကောင်းကင်တိုက်ပွဲအစည်းအရုံး အဖွဲ့သားများနှင့်အတူ ချူကျန်း နောက်မှ လိုက်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၅)
ရှေးဟောင်းအပျက်အစီး နယ်မြေမှ မိုင်းပေါင်းသောင်းနှင့်ချီ ဝေးကွာသော အရပ်တွင် မိုးမြေစွမ်းအင် ကျဲပါးပြီး သစ်ပင်ပန်းပင်များ ပေါက်ရောက်ခြင်းမရှိသည့် တောင်တစ်တောင် ရှိနေခဲ့သည်။ မည်သည့် အဖိုးတန်ရတနာမှ မရှိသဖြင့် ဤနေရာသို့ လူအရောက်အပေါက် နည်းလှသည်။ တောင်သည် သိပ်မကြီးလှဘဲ တောင်စပ်တစ်ခုမှ နောက်တစ်ခုသို့ အကွာသည် မိုင်အနည်းငယ်သာ ရှိသည်။
ရုတ်တရက် အလင်းတန်းတစ်ခု ထိုတောင်နားသို့ ရောက်လာခဲ့သည်။ တောင်နားသို့ ရောက်လာပြီးနောက် ဆက်မသွားတော့ဘဲ တောင်အလယ်နားတွင် ရှိနေသော သဘာဝအတိုင်း ဖြစ်နေသည့် လိုဏ်ဂူတစ်ခုဆီသို့ ထိုးဆင်းသွားလေသည်။
အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ လူသုံးယောက် ပေါ်လာခဲ့၏။ ထိုသုံးယောက်သည် အခြားမဟုတ်၊ ရန်ကိုင်၊ ချင်းတုန်နှင့် ဖေးကျီတုတို့သာ ဖြစ်ကြသည်။
မိုင်းသောင်းနှင့်ချီလောက် ထွက်ပြေးလာပြီးပြီ ဖြစ်သဖြင့် သူတို့အား လိုက်မဖမ်းလောက်တော့ချေ။ သို့သော် လောလောဆယ် အခြေအနေအရ အထက်စကြာဝဠာ ဂိုဏ်းသို့ ပြန်သည်မှာ အကောင်းဆုံး ဖြစ်သော်ငြား ဖေးကျီတု၏ အခြေအနေမှာ အတော်လေးကို ဆိုးရွားနေသဖြင့် တောင်နားတစ်ထောက် ခေတ္တရပ်နားရခြင်း ဖြစ်သည်။
လိုဏ်ဂူထဲသို့ ဝင်လာပြီးနောက် ဖေးကျီတုအား အောက်သို့ ချပေးလိုက်ပြီး လိုဏ်ဂူနံရံသို့ မှီစေလျက် သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
သုံးယောက်ထဲတွင် ဖေးကျီတု၏ အခြေအနေ အဆိုးဆုံးဖြစ်သည်။ သူ့လက်ရှိ အခြေအနေသည် အချိန်မရွေး ငြိမ်းသွားတော့မည့် မီးအိမ်တစ်လုံးလိုပင်။
ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရန်ကိုင်၊ သူ့အခြေအနေ ဘယ်လိုလဲ” ချင်းတုန်လည်း ရင်တမမ ဖြစ်နေခဲ့သည်။
“သိပ်မကောင်းဘူး” ရန်ကိုင်က အနည်းငယ် စိတ်ညစ်နေသည့် လေသံဖြင့် ဖေးကျီတုကို စိုက်ကြည့်ရင်း မေးလိုက်သည် “မြို့သခင်ဖေး ဘယ်လို ကျင့်စဉ်တွေကို သုံးလိုက်လို့များ အခုလိုတောင် ဖြစ်သွားရတာလဲ”
“ဟဲဟဲ…” ဖေးကျီတုက ခါးသက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဘာကျင့်စဉ်မှမဟုတ်ဘူး”
“ကျင့်စဉ်မဟုတ်ရင်…” ရုတ်တရက် တစ်ခုခုကို မှတ်မိသွားသည့်အလား ချင်းတုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။
“သူတို့တွေ ငါတို့ကို ဖမ်းမိသွားတုန်းက သူတို့ သတိမထားမိတဲ့အချိန် ယွမ်ပေါက်ကွဲ ဆေးလုံးကို ထုတ်ပြီး ငါ့လျှာအောက်မှာ ဝှက်ထားလိုက်တယ်လေ”
“ယွမ်ပေါက်ကွဲဆေးလုံး” ထိုဆေးလုံး နာမည်ကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ဆေးပညာရှင် တစ်ယောက် ဖြစ်သည်နှင့်အညီ ထိုဆေးလုံးအကြောင်း သူသိပေသည်။ ယွမ်ပေါက်ကွဲဆေးလုံးသည် ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားကို တစ်မုဟုတ်ချည်း မြှင့်တင်ပေးနိုင်သည်။ သို့သော် ဆေးအာနိသင် ကုန်သွားသည့်နောက် ဆေးလုံးကို သောက်လိုက်သည့် ကျင့်ကြံသူလည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။
ထိုဆေးလုံးသည် အသက်စွမ်းအင်နှင့် အလဲအထပ်လုပ်ကာ ခွန်အားကို တိုးမြှင့်ပေးသည်။
ထိုကဲ့သို့သော ဆေးလုံးမျိုးကို ကျင့်ကြံသူများ သုံးခဲလှသဖြင့် ဆေးပညာရှင်များလည်း သိပ်ဖော်စပ်လေ့ မရှိချေ။
ဖေးကျီတု သူ့ကိုယ်ပေါ်တွင် ချိတ်ပိတ်ထားသည့် စည်းများကို တစ်ခဏအတွင်း ဖျက်စီးပြီး သူ့ခွန်အားကို ချက်ချင်း ပြန်လာရသည်မှာ အထူးအဆန်း မဟုတ်တော့။ ထိုဆေးလုံးကို သောက်လိုက်သည့် အတွက်ကြောင့်ပေကိုး။ ရန်ကိုင် နားလည်သွားခဲ့လေပြီ။
သူတို့ စကားပြောနေစဉ် ဖေးကျီတု သောက်ထားသည့် ယွမ်ပေါက်ကွဲဆေးလုံး၏ အာနိသင် ကုန်ဆုံးသွားခဲ့သည်။ ဆေးအာနိသင် ကုန်သွားသည်နှင့် ဘေးထွက်ဆိုးကျိုးများ စတင် လက်စွမ်းပြတော့လေသည်။
ဖေးကျီတု၏ မျက်နှာ ဖြူလျော်သည်ထက် ဖြူလျော်လာပြီး အရေးအကြောင်းများ သူ့မျက်နှာထက် စတင် ထွက်ပေါ်လာခဲ့သည်။ သူ့အသားအရေးသည်လည်း တဖြည်းဖြည်း ခြောက်သွေ့မွဲခြောက်လာခဲ့လေသည်။ တဒင်္ဂသော အချိန်လေးအတွင်း နှစ်ပေါင်းရာနှင့်ချီ အိုစာသွားသည့်နှယ်။
ယခင်က အသက်လေးဆယ်လောက်သာ ရှိမည်ထင်ရသော ဖေးကျီတု၏ ရုပ်ရည်သည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် လူအိုကြီးတစ်ယောက်၏ အသွင်အပြင်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သူ့ကျင့်ကြံခြင်းပင်လျှင် တန်ခိုးရှင်တတိယအဆင့်မှ ဒုတိယအဆင့်၊ ထိုမှတစ်ဆင့် ပထမအဆင့်ထိသို့ လျော့ကျသွားခဲ့သေး၏။
“ဖေးအိုကြီး…” ထိုမြင်ကွင်းကို ကြည့်ရင်း ချင်းတုန် ဝမ်းနည်းလာခဲ့သည်။ သူနှင့် နှစ်ပေါင်းများစွာကြာ ခင်မင်လာသည့်တစ်ယောက် ယခုကဲ့သို့ ဖြစ်သွားသည်ကို ကြည့်ရင်း ချင်းတုန်း ဝမ်းမနည်းဘဲ ဘယ်နေမည်နည်း။ ဖေးကျီတု သောက်လိုက်သည့် ယွမ်ပေါက်ကွဲ ဆေးလုံး မည်သည့် နေရာမှ ရလာမှန်းကိုလည်း သူသိထားသေးသည်။
သူတို့ငယ်ရွယ်စဉ်က အတွေ့အကြုံရှာထွက်ရင်း တစ်ကြိမ်တွင် ယွမ်ပေါက်ကွဲ ဆေးလုံးကို ရှာတွေ့ခဲ့သည်။ ချင်းတုန်သည် ထိုယွမ်ပေါက်ကွဲဆေးလုံးကို အထင်တသေးဖြင့် မယူခဲ့သော်ငြား ဖေးကျီတုကမူ သိမ်းထားခဲ့သည်။ ယခု နှစ်ပေါင်းသုံးရာကြာပြီးနောက် ထိုဆေးလုံးကို ဖေးကျီတု အသုံးပြုနိုင်ခဲ့လေပြီ။
သူသာ ယွမ်ပေါက်ကွဲ ဆေးလုံးကို သိမ်းထားခဲ့သူ ဖြစ်ခဲ့လျှင် ဖေးကျီတု ယခုကဲ့သို့ ဖြစ်သွားရလိမ့်မည် မဟုတ်ချေ။ သူနှင့် နှစ်ပေါင်းများစွာကြာအောင် ခင်မင်လာသည့် မိတ်ဆွေ အရင်းခေါက်ခေါက်ကြီး သူ့ရှေ့တွင် သေသွားတော့မည်ကို ကြည့်ရသည်မှာ အမှန်တကယ်ကို ရင်နာစရာကောင်းလှပေသည်။
ယွမ်ပေါက်ကွဲ ဆေးလုံးကို မသောက်ခင်ကတည်းက ဖေးကျီတုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့သည်။ ယွမ်ပေါက်ကွဲ ဆေးလုံးကို သောက်ပြီးနောက်ပိုင်း သူ့မှော်ရတနာ ပျက်စီးသွားသည့် ဒဏ်ရာကိုလည်း ထပ်ခံစားခဲ့ရသေးသည်။ ယခု ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးပါ ခံစားလာရသည့်အခါ သူမသေမှ တကယ်ကို အံ့အားသင့်စရာ ကောင်းနေပေလိမ့်မည်။
“မင်းရုပ်က ဘာလဲကွ။ မသိရင် မင်းမိဘတွေ သေသွားတာ ကျနေတာပဲ” ဖေးကျီတုက သွားပေါ်အောင်ပြုံးလျက် “ငါ့အခြေအနေကို ငါနားလည်ဆုံးပဲ။ ဒီတစ်ကြိမ် ငါတို့ ပတ်ဝန်းကျင်ကို သတိထားမိလို့ အခုလို ဖြစ်သွားရတာ။ ငါသေတာ ဘာမှ ဝမ်းနည်းနေစရာ မလိုဘူး။ ချင်းအိုကြီး၊ သေချာနားထောင်၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ အခုလို လုပ်ရဲတယ် ဆိုတာ သူတို့ကို ကျောထောက်နောက်ခံပေးနေတဲ့ အင်အားစု တစ်ခုခု ရှိလို့ပဲ”
“အားကိုးစရာ။ မင်းပြောချင်တာက…” ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါငါ့ခန့်မှန်းချက် သက်သက်ဆိုတော့ ဟုတ်မဟုတ် ငါလည်း သေချာမသိဘူး။ ဘာပဲဖြစ်ဖြစ်၊ အလောတကြီး လက်စားသွားချေဖို့ မလုပ်နဲ့။ အရိပ်လခန်းမက သူတို့ထက် ပိုအားကောင်းနေတာ မဟုတ်ဘူး။ တကယ့် နောက်ကွယ်ကလူသာ အဲ့လူတွေ ဖြစ်နေမယ်ဆိုရင် ငါတို့ပဲ ပြန်ဒုက္ခရောက်မှာပဲ”
“လက်စားချေဖို့ ကိစ္စကို ကျုပ်တာဝန်ထားလိုက် မြို့သခင်ဖေး” ရန်ကိုင်က ပြောလိုက်သည်။
“မင်းတကယ် တွေးပေးတတ်တာပဲ ရန်ကိုင်။ အဲ့လိုဆိုမှတော့ ငါအဲ့ကိစ္စကို ထပ်မပြောတော့ဘူး” ဖေးကျီတု အသာအယာ ခေါင်းညိတ်လိုက်သည်။
ဖေးကျီတု၏ အဖြစ်ကိုကြည့်ရင်း ချင်းတုန်၏ မျက်ခမ်းစပ်တွင် မျက်ရည်စများ ဝေ့သီလာခဲ့လေသည်။
“ခင်ဗျားတို့ နှစ်ယောက်ကလည်းဗျာ။ မသိရင် ဘယ်တော့မှ ပြန်မတွေ့တော့မယ့် လူတွေကျနေတာပဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “မြို့သခင်ဖေးရဲ့ အုတ်မြစ် ထိခိုက်သွားပေမယ့် ဘာမျှော်လင့်ချက်မှ မရှိတော့တာမှ မဟုတ်တာ”
ထိုစကားကို ကြားသည့်အခါ ချင်းတုန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ဖေးကျီတုသည်လည်း ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။
သူ့ပြောခဲ့သလိုပင် သူ့လက်ရှိ အခြေအနေကို သူသာ အနားလည်ဆုံးဖြစ်သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည့် ကိစ္စတစ်ခုတည်း အတွက်ကြောင့်သာ ဆိုလျှင် ဘာမှ ဒီလောက်ကြီး စိုးရိမ်နေစရာ မလို။ နှစ်အနည်းငယ်လောက် တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ရုံဖြင့် ပြန်ကောင်းသွားပေလိမ့်မည်။ သို့သော် ယွမ်ပေါက်ကွဲဆေးလုံးကို သောက်လိုက်သည့်အတွက် အခြေအနေသည် တစ်မျိုးတစ်ဖုံ ကွဲပြားသွားခဲ့ရသည်။ သူ့အသက်စွမ်းအင် အဆက်မပြတ် ယုတ်လျော့နေပြီး ကျင့်ကြံခြင်းပင် လျော့ကျနေရသည်။ နောက်ရက်အနည်းငယ် သို့မဟုတ် နာရီ အနည်းငယ်အတွင်း သူကျိန်းသေကို သေရတော့ပေလိမ့်မည်။
“ရန်ကိုင် အခုအချိန်က နောက်လို့ကောင်းတဲ့ အချိန်မဟုတ်ဘူးနော်။ မင်းမှာ ဖေးအိုကြီးကို ကယ်ပေးနိုင်မယ့် နည်းလမ်းရှိရင် မြန်မြန် ကယ်ပေးပါကွာ။ ငါမင်းကျေးဇူးကို တစ်သက် မမေ့ပါဘူး” ချင်းတုန်က စိုးရိမ်တကြီး ပြောလိုက်သည်။ ဖေးကျီတုသည်လည်း ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။
အသက်သာ ရှင်နိုင်မည်ဆိုလျှင် မည်သူကများ သေချင်မည်နည်း။ သိုသော် သူသိချင်နေသည်ကား ရန်ကိုင်တွင် သူ့အား ကယ်နိုင်မည့်နည်းလမ်း တကယ် ရှိသလား၊ သို့မဟုတ် သူတို့ စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးနေခြင်း သက်သက်ပဲလား ဆိုသည်ကိုပင်။
“ဂျူနီယာ နောက်နေတာ မဟုတ်ဘူး။ တကယ် ပြောနေတာ” ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခိုက် လိုဏ်ဂူတစ်ခုလုံး လန်းဆန်းသစ်လွင်ဖွယ်ရာ ရနံ့များဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ထိုအနံ့ကို ရှုမိလိုက်ချိန် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ဖေးကျီတု၏ မျက်နှာ အနည်းငယ် သွေးရောင်ပြန်သမ်းလာခဲ့သည်။
“အဲ့ဒါဘာလဲ” နှစ်ပေါင်းများစွာ အသက်ရှင်လာသော လူတစ်ယောက်ပီပီ အနံ့နှင့်ပင် ထိုပုလင်းထဲရှိ အရာသည် သာမန် အရာတစ်ခု မဟုတ်နိုင်မှန်း ချင်းတုန် ဒက်ခနဲ တန်းသိလိုက်၏။ လက်ရှိ ရန်ကိုင် ထုတ်လိုက်သည့် ပုလင်းထဲရှိ အရာသည် နို့တစ်မျိုးမျိုးနှင့် ဆင်တူလှသည်။
“နတ်ရေစင်သုံးမျိုး အကြောင်းကို စီနီယာတို့ ကြားဖူးတယ်မလား” ရန်ကိုင်က အသာအယာ ပြုံးလျက် မေးလိုက်သည်။
“ဘယ်လို၊ နတ်ရေစင်သုံးမျိုးဟုတ်လား” ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့သည်။
“ဟုတ်တယ်။ ဒီပုလင်းထဲကဟာက နတ်ရေစင်သုံးမျိုးထဲက တစ်မျိုးဖြစ်တဲ့ အသက်ရေစင်ပဲ” ပြောပြီးသည်နှင့် ကျောက်စိမ်းပုလင်းထဲမှ အသက်ရေစင်တစ်စင်ကို ထုတ်ယူလိုက်ပြီး သူတော်စင်ချီဖြင့် ရစ်ပတ်ကာ ဖေးကျီတုဆီသို့ ပို့ပေးလိုက်သည်။
“တကယ်ကြီး အသက်ရေစင်ပဲ” ချင်းတုန် ဝမ်းသာသွားခဲ့သည်။ တကယ် အသက်ရေစင်သာ ဆိုပါက ဖေးကျီတုကို ကယ်လို့ရပေလိမ့်မည်။
လက်ရှိ ဖေးကျီတု ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာသည် သူ့အသက်စွမ်းအင် အဆက်မပြတ် ယုတ်လျော့နေသည်ကို မတားဆီးနိုင်သည့် ပြဿနာပင်။ အသက်စွမ်းအင် တောက်လျှောက် ဆွဲယူခံနေရသည့်အတွက် သူ့ဒဏ်ရာအခြေအနေလည်း ပိုဆိုးရွားလာခဲ့သည်။
သို့သော် အသက်ရေစင်သည် ထိုပြဿနာကို ဖြည့်ရှင်းပေးနိုင်ပေသည်။ အသက်ရေစင်သည် ဖေးကျီတု ရင်ဆိုင်နေရသည့် အသက်စွမ်းအင် ယုတ်လျော့သည့် ပြဿနာကို မတားဆီးနိုင်သော်ငြား အသက်စွမ်းအင်ကို တစ်မုဟုတ်ချည်း ပြန်ဖြည့်တင်းပေးနိုင်ပေသည်။ အသက်စွမ်းအင် ယုတ်လျော့ခြင်းသည် အတိုင်းအတာ တစ်ခုအထိ ယုတ်လျော့သွားပြီးလျှင်ပင် ရပ်တန့်သွားပေလိမ့်မည်။ အသက်ရေစင်သည် အသက်စွမ်းအင်ကို ဖြည့်တင်းပေးနေမည် ဖြစ်သည့် အတွက် ထိုပြဿနာကို စိုးရိမ်စရာ မလိုတော့ချေ။
“မြို့သခင်ဖေး မြန်မြန် သောက်လိုက်” ရန်ကိုင်က ပြောလိုက်သည်။
သူအသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့ပြီးနောက် ဖေးကျီတုလည်း အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ တုန့်ဆိုင်းမနေတော့ဘဲ ထိုအသက်ရေစင်ကို တန်းသောက်ချလိုက်၏။
ထိုအသက်ရေစင် သူ့ပါးစပ်ထဲ ဝင်သွားသည်နှင့် သူ့လည်ချောင်းတစ်လျှောက် စီးဆင်းသွားသော နွေးထွေးသည့် စွမ်းအင်လှိုင်းတစ်ခုကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်သည် လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်အထိသို့ ရောက်သည်အထိ စီးဆင်းသွားပြီးနောက် သူ့ဝမ်းဗိုက်မှ နေကာ ခန္ဓာကိုယ်အနှံ့ စတင် စီးဆင်းတော့လေသည်။ ဖေးကျီတု အံ့ဩသွားခဲ့သော်လည်း ချက်ချင်းပဲ မျက်လုံးပိတ်၍ သူတော်စင်ချီကို လှည့်ပတ်ကာ ထိုစွမ်းအင်များကို သန့်စင်ရန် ကြိုးစားတော့လေသည်။
ချင်းတုန်၏ အသက် ယုတ်လျော့သွားခြင်း မရှိတော့ဘဲ တဖြည်းဖြည်း အားကောင်းလာနေသည်ကို မြင်လိုက်သည့်အခါ ချင်းတုန် ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့လေသည်။
“ရန်ကိုင် ငါမင်းကျေးဇူးကို တစ်သက် မမေ့ဘူးပါကွာ” ချင်းတုန်သည် မျက်ခမ်းစပ်ရှိ မျက်ရည်စများကိုသုတ်ရင်း ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။
“အခုလိုမျိုး လုပ်နေစရာ မလိုပါဘူးဗျာ။ မြို့သခင်ဖေး အခုလို ဖြစ်သွားရတာ ကျုပ်ကြောင့်ပဲဟာကို။ ကျုပ်ကြောင့်သာ မဟုတ်ရင် အကြီးအကဲချင်းနဲ့ မြို့သခင်ဖေး အခုလိုမျိုး ချောင်းတိုက်ခံရမှာ မဟုတ်ဘူး။ မြို့သခင်ဖေးကိုသာ ပြောနေတာ။ အကြီးအကဲချင်းရဲ့ ဒဏ်ရာလည်း…”
“ငါဘာမှမဖြစ်ဘူး။ ဒီစည်းကို ငါ့ဘာသာ ဖျက်စီးလို့ရတယ်။ နည်းနည်းလောက် ကျင့်ကြံလိုက်ရုံပဲ။ လက်မောင်းကတော့… ဟဲဟဲ၊ ဘာပြဿနာမှ မရှိဘူး။ ငါအသက်ကြီးလာပြီ ဆိုပေမယ့် ဒေါင်ဒေါင်မြည်နေတုန်းပဲ။ လက်မောင်းလေး တစ်ဖက်ပြတ်သွားတာ ဘာမှ မဖြစ်ဘူး”
“အဲ့လိုဆိုရင်တောင် အကြီးအကဲချင်း သေချာပြန်ကုသသင့်တယ်။ ကျုပ်မှာ ကုသရေးဆေးလုံး အချို့ပါတယ်။ ဒီဆေးလုံးတွေနဲ့ဆို အကြီးအကဲချင်းရဲ့ အခြေအနေ ပိုပြီး မြန်မြန် ကောင်းလာလိမ့်မယ်” ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်ပုလင်း ထုတ်လိုက်ပြီး ဆေးတစ်လုံးထုတ်ကာ ချင်းတုန်ကို ပေးလိုက်သည်။
အရိပ်လခန်းမ၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ သူ့တွင် ဆေးလုံးများ မရှားသည့်အတွက်ကြောင့် ငြင်းရန်လုပ်လိုက်သော်လည်း ရန်ကိုင် ပေးလာသည့် ဆေးလုံးကို မြင်ပြီးနောက် ချင်းတုန် မငြင်းနိုင်တော့ဘဲ ပြုံး၍သာ လက်ခံထားလိုက်လေသည် “ငါငြင်းရင် ရိုင်းရာကျနေမှာပေါ့နော်”
“ဒါက ဂျူနီယာ လုပ်သင့်တာပဲလေ။ ကျုပ်စောင့်ထားပေးမယ်။ စီနီယာတို့ နှစ်ယောက် ပြန်ကုနှင့်ကြ”
“အင်း။ မင်းဒဏ်ရာတွေကိုလည်း ဂရုစိုက်ဦး။ မဟုတ်ရင် အတွင်းဒဏ်ရာတွေ ရနေလိမ့်မယ်”
သုံးယောက်စလုံး လိုဏ်ဂူထဲတွင် နေရာတစ်ခုစီယူပြီး ရထားသည့် ဒဏ်ရာအသီးသီးကို ပြန်ကုကြလေတော့သည်။
သုံးယောက်ထဲတွင် ဖေးကျီတု၏ ဒဏ်ရာ အပြင်းဆုံးဖြစ်သော်လည်း အသက်ရေစင် ရှိနေပြီ ဖြစ်သဖြင့် သူ့အသက်စွမ်းအင် ယုတ်လျော့မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။ သူ့ယခင် ကျင့်ကြံခြင်းအား ပြန်ရနိုင်၊ မရနိုင်သည် သူ့ကိုယ်တိုင် ပေါ်တွင်သာ မူတည်နေပသေည်။ ရန်ကိုင်နှင့် ချင်းတုန်တို့၏ ဒဏ်ရာမှာမူ သိပ်ပြီး မပြင်းလှချေ။
ရန်ကိုင်သည် ရွှေရောင်သွေးစက်ကြောင့် အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားရုံမက ကြံခိုင်သော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် လျှပ်စီးတန်းများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့်တိုင် သိပ်ပြီး ထိခိုက်ဒဏ်ရာရသွားခြင်း မရှိခဲ့။ ခဏလောက် အနားယူလိုက်လျှင် ပြန်ကောင်းသွားပေလိမ့်မည်။