အခန်း (၁၅၀၆-၁၅၁၀)
Vol. 61 Ch. 1506-1510
အပိုင်း (၁၅၀၆)
လဝက်ကြာအောင် ကုစားပြီးနောက်ပိုင်းတွင်၊ ချင်းတုန်၊ ဖေးကျီတုနှင့် ရန်ကိုင်တို့ လိုဏ်ဂူထဲမှထွက်ကာ အိမ်ပြန်လာခဲ့ကြသည်။ အချိန်အတော်ကြာသည်အထိ ကုစားပြီးနောက် ချင်းတုန်နှင့် ရန်ကိုင်တို့ အတော်လေး သက်သာ ပျောက်ကင်းသွားခဲ့လေပြီ။ သို့သော် ဖေးကျီတုမှာမူ ပြန်မကောင်းသေးချေ။
ရန်ကိုင်သည် ချင်းတုန်အား သေမင်းခံတွင်းပေါက်မှ အချိန်မှီ ကယ်တင်လိုက်သော်ငြား ယွမ်ပေါက်ကွဲဆေးလုံး၏ ဘေးထွက်ဆိုးကျိုးကိုမူ မချေဖျက်နိုင်ခဲ့ချေ။ ထို့အတွက် ဖေးကျီတုသည် သူ့ယခင် အခြေအနေသို့ အလုံစုံ ပြန်မရောက်နိုင်ခဲ့ပေ။ မျက်နှာမှာ သွေးရောင် သန်းလာသော်ငြား ဆံပင်မှာမူ ဖြူနေဆဲ။
သူ့ကျင့်ကြံခြင်းသည် ယခင်အဆင့်သို့ ပြန်မရောက်ခဲ့သည့်တိုင် ဒုတိယအဆင့်သို့ ပြန်ရောက်ခဲ့သေးသည်။ တန်ခိုးရှင်တတိယအဆင့်သို့ ပြန်ရောက်ရန်မူကား နောက်ထပ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ထပ်အချိန်ယူရလောက်ပေသည်။ တန်ခိုးရှင်တတိယအဆင့်သို့ ပြန်ရောက်ရန် ကြိုးစားခြင်းသည် ယခင်ရောက်ပြီးသား အဆင့်သို့ ပြန်တက်ခြင်းသာ ဖြစ်သည့်အတွက် ယခင်ကကဲ့သို့ အဆင့်တစ်ဆို့သည့် အခြေအနေမျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ပေ။
သူတို့အားလုံး၏ အခြေအနေ အတော်အတန် ပြန်ကောင်းလာပြီ ဖြစ်သည့် အတွက်ကြောင့်ပဲ သဲမီးတောက်နယ်မြေသို့ ပြန်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သဲမီးတောက်နယ်မြေသို့ ပြန်နေရင်း ရန်ကိုင်သည် ယခုတစ်ကြိမ် ကိစ္စနှင့် ပက်သက်သည့် ဖြစ်ကြောင်းကုန်စင်ကို ချင်းတုန်နှင့် ဖေးကျီတုတို့အား ရှင်းပြလိုက်သည်။ နောက်ကွယ်မှ ကြိုးဆွဲသူသည် ကြယ်ဧကရာဇ်တောင်မှန်း သိလိုက်သည့်နောက်တွင် ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြသည်။ အရိပ်လခန်းမသို့ ပြန်သွားလျှင် ထပ်အဖမ်းခံရပြီး ရန်ကိုင် ထိပ်အခြိမ်းခြောက်ခံရမည့် ကိစ္စမျိုး ထပ်ဖြစ်မည် စိုးသဖြင့် အရိပ်လခန်းမသို့ မပြန်ရဲတော့ချေ။
ကံကောင်းစွာဖြင့် အရိပ်လခန်းမထဲတွင် သူတို့ နှစ်ယောက်သာ ရန်ကိုင်နှင့် ရင်းနှီးကြသည့် အတွက် သူတို့သာ မရှိသရွေ့ ကြယ်ဧကရာဇ်တောင် အရိပ်လခန်းမအား မတိုက်ခိုက်လောက်ချေ။
လောလောဆယ်တွင် သဲမီးတောက်နယ်မြေထဲ ဝင်နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ကြယ်ဧကရာဇ်တောင်မှ အင်အားအကုန် စေလွှတ်လိုက်လျှင်ပင် သဲမီးတောက်အကာအရံကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်သဖြင့် အထက်စကြာဝဠာဂိုဏ်းကိုလည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ယခင်က ကျင့်ကြံရေး အရင်းအမြစ်များ ဝယ်ယူရန် အပြင်သို့ ထွက်လာခဲ့သည့် အတွက်ကြောင့် အပြင်သို့ ရောက်သည်နှင့် တစ်မြို့ဝင်တစ်မြို့ထွက်ကာ အရင်းအမြစ်များ လိုက်လံ ဝယ်ယူခဲ့သည်။ သို့သော်လည်း အပြန်တွင်မူ ထိုကဲ့သို့ မလုပ်တော့ဘဲ သဲမီးတောက်နယ်မြေ ဆီသို့သာ တိုက်ရိုက် တန်းပြန်လိုက်တော့သည်။
ဟင်းလင်းပြင် အစီအရင်များကို အားကိုးရင်းဖြင့် ရန်ကိုင်တို့ အဖွဲ့သည် ဆယ်ရက်အတွင်း သဲမီးတောက်နယ်မြေ အပြင်ဘက်သို့ ရောက်လာနိုင်ခဲ့သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း သတင်းများစွာ ကြားသိခဲ့ရသော်လည်း အရေးကြီးသည့် မည်သည့် သတင်း မယ်မယ်ရရကိုမှ မကြားသိခဲ့ရချေ။
ကျဆုံးဧကရာဇ်တောင်အတွင်း ဖြစ်ပျက်သွားသည့် အကြောင်းအရာအားလုံး အပြင်ဘက်သို့ ပေါက်ကြားလာခဲ့ခြင်း မရှိပေ။
သို့သော်ငြား ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ် သူတို့၏ ဠာနချုပ် အကာအကွယ်အား ရုတ်တရက် တိုးမြှင့်သည့် သတင်းများမှာမူ တောမီးတောက်သည့်နှယ် အလျင်အမြန် ပျံ့နှံ့လာခဲ့သည်။
မဟာအင်အားစုကြီးနှစ်ခု ဘာကြောင့် ထိုကဲ့သို့ လုပ်မှန်းကို ရန်ကိုင်တို့ သုံးယောက်မှလွဲ၍ အခြား မည်သူမှမသိကြပေ။
ရန်ကိုင် လက်စားပြန်လာချေမည်ကို ကြောက်သည့်အတွက်ကြောင့် ထိုကဲ့သို့ လုပ်နေကြခြင်း ဖြစ်သည်။
ဒီလောက်လေးနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာပေါ့ ထိုအကြောင်းကို ကြားလိုက်သည့် အခိုက် ရန်ကိုင် လှောင်ပြုံးပြုံးမိသွားသည်။
သူသည် မလိုအပ်လျှင် ပြဿနာ မရှာချင်သည့် လူစားမျိုးဖြစ်သည်။ သို့သော် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် သူ့အား သတ်ရန် ကြံရဲမှဖြင့် အကျိုးဆက်ကို ရင်ဆိုင်ရန်လည်း ပြင်ဆင်ထားသင့်ပေသည်။ သူ့အား သတ်ချင်သည့် လူတိုင်းကို အလွှတ်ပေးရိုးထုံးစံ သူ့အဘိဓါန်တွင် မရှိချေ။
အရိပ်ကြယ်မှ မထွက်ခွာခင် ဤပြဿနာ အားလုံးကို အမြစ်ပြတ် ရှင်းထုတ်သွားရမည်။ ယခုတစ်ကြိမ် သွားမည့်ခရီးသည် တစ်လ၊နှစ်လ၊ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးနိုင်သည့် ခရီးမျိုး မဟုတ်။ သူပြန်မလာနိုင်သေးခင် အချိန်အတွင်း ဘာတွေ ဖြစ်ပျက်မည်လဲ ဆိုသည်ကို ကောင်းကင်သာ သိနိုင်ပေလိမ့်မည် ဖြစ်လေရာ သူမထွက်သွားခင် တတ်နိုင်သလောက် ပြင်ဆင်ထားပေးသွားရပေမည်။
ယခင်ကိစ္စကြောင့် စိတ်ထဲတင်းနေရုံရှိသေး၊ သဲမီးတောက်နယ်မြေ အပြင်ဘက်သို့ ရောက်လာပြီးနောက် နောက်ထပ် မြင်လိုက်ရသည့် ကိစ္စကြောင့် ရန်ကိုင် ထပ်ဒေါသထွက်သွားရပြန်၏။
သဲမီးတောက်နယ်မြေ အပြင်ဘက်မှ အတွင်းသို့ သွားရလာရ လွယ်ကူစေရန်အတွက် ယန်ယန်သည် သဲမီးတောက်အပြင်ဘက်၌ ဟင်းလင်းပြင်အစီအရင်တစ်ခု တည်ဆောက်ပေးခဲ့၏။ ယခု ထိုအစီအရင် မရှိတော့ချေ။ အစီအရင်တစ်ခုလုံး ပျက်စီးနေခဲ့လေပြီ။ အစီအရင် အနား တစ်ဝိုက်တွင်လည်း ခြောက်သွေ့နေသော သွေးများ ရှိနေခဲ့သည်။
အစီအရင်ကို စောင့်ကြပ်နေသည့် အထက်စကြာဝဠာဂိုဏ်း တပည့်များ၏ ခွန်အားမှာ နိမ့်ကျသဖြင့် သူတို့ အသက်ရှင်မရှင် ရန်ကိုင် မပြောတတ်။ ဟင်းလင်းပြင် အစီအရင်ကို အသုံး မပြုနိုင်တော့သည့် အတွက်ကြောင့် ရန်ကိုင်လည်း ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ အထဲသို့ လှမ်းအကြောင်းကြားရတော့သည်။
ကြယ်ဧကရာဇ် တံဆိပ်ပြားကိုသုံး၍ အထဲသို့ ဖြတ်သွားနိုင်သော်လည်း တံဆိပ်ပြားသည် သူ့တစ်ယောက်တည်းကိုသာ ကာကွယ်ပေးနိုင်ပြီး ချင်းတုန်နှင့် ဖေးကျီတုတို့ကို ကာကွယ် မပေးနိုင်ပေ။ ထို့ကြောင့် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်နှင့် သူတို့အား လာခေါ်ရန် အထဲသို့ လှမ်းပြောခြင်း ဖြစ်သည်။
တစ်နာရီ မရှိတတ် ရှိတတ် စောင့်နေပြီးနောက် သူတို့ စောင့်နေသည့် ငါးမန်းပျံတိုက်ပွဲ လွန်းယာဉ် ရောက်လာခဲ့သည်။ ယန်ယန်မှ အထူးတလည် ပြုလုပ်ထားသည့် လွန်းယာဉ်တစ်ခု ဖြစ်သည့်အလျောက် ငါးမန်းပျံတိုက်ပွဲလွန်းယာဉ်သည် သဲမီးတောက်နယ်မြေ အကာအရံကို ဖြတ်ကျော်သွားနိုင်စွမ်း ရှိပေသည်။
ငါးမန်းပျံတိုက်ပွဲလွန်းယာဉ် တံခါးပွင့်လာပြီးနောက် ဝူရီ အပြင်သို့ ထွက်လာခဲ့သည်။
“ရန်ကိုင်၊ နင်ပြန်လာပြီးလား” ဝူရီသည် အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် နှုတ်ဆက်လာသည်။ ချင်းတုန်နှင့် ဖေးကျီတုတို့ကို မြင်ပြီးနောက် အလျင်အမြန် နှုတ်ဆက်စကား ပြောလိုက်သည်။
“ငါတို့ အထဲဝင်ကြာရအောင်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ပြောလိုက်၏။ သုံးယောက်စလုံး အထဲသို့ ဝင်လာပြီးနောက် လွန်းယာဉ် ကိုယ်ထည် တစ်ချက် တုန်သွားပြီး အလွန် လျင်အမြန်သော အမြန်နှုန်းဖြင့် သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားလေသည်။
“ဟင်းလင်းပြင်အစီအရင်ကို ဘယ်သူ ဖျက်စီးလိုက်တာလဲ။ စောင့်နေတဲ့ တပည့်ကော အခြေအနေ ဘယ်လိုရှိလဲ” အထဲသို့ ရောက်လာပြီးနောက် ရန်ကိုင်က မေးလိုက်သည်။
“ဘယ်သူ လာတိုက်တာလဲတော့ မသိဘူး။ စောင့်နေတဲ့ တပည့်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။ အရမ်းကြီးတော့ မဟုတ်ဘူး။ တိုက်ခိုက်ခံရတာတော့ လွန်ခဲ့တဲ့ လေးးငါးရက်လောက်ကပဲ။ အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး ဟင်းလင်းပြင် အစီအရင်ကို ဝင်လုဖို့ လုပ်တာ။ ဒါပေမယ့် သူတို့ မရလိုက်ပါဘူး။ တပည့်တွေ အစီအရင်ကို ဖျက်စီးတာ မြန်သွားတယ်လေ”
“အဲ့ဒါ ကောင်းတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ တစ်ယောက်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသည်မှာ အကောင်းဆုံးဖြစ်သည်။
“ငါတို့ အထက်စကြာဠာဂိုဏ်းကို ဘယ်သူ တိုက်ခိုက်ဖို့ လုပ်တာလဲဆိုတာ နင်သိလား” ဝူရီက ဒေါသတကြီး မေးလိုက်သည်။
“ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ပဲ ဖြစ်မှာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“သူတို့လား” ဝူရီ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး “သူတို့ ဘာလို့ ငါတို့ကို တိုက်ခိုက်ချင်ရတာလဲ။ ငါသူတို့ သူတို့ကိုလည်း တစ်ခါမှ ရန်မစဖူးပါဘူး”
“နင်တို့ ရန်မစတာ ဟုတ်ပေမယ့် သူတို့က နင်တို့ ပစ္စည်းကို လိုချင်နေတာလေ။ ဒီတော့ နင်တို့ သူတို့ကို သွားရန်စစ၊ မစစ သူတို့က နင်တို့ကို လာတိုက်မှာဘဲ။ နင်တို့တင် မဟုတ်ဘူး။ ရန်ကိုင်ပါ သူတို့ ချုံခိုတိုက်ခိုက်တာ ခံလိုက်ရသေးတယ်” ချင်းတုန်က သက်ပြင်းချလိုက်သည်။
“သူတို့သတ္တိက မသေးပါလား” ဝူရီမျက်နှာ ခက်ထန်သွားပြီး “ကျွန်မတို့ အထက် စကြာဝဠာဂိုဏ်းက နေရာလေးတစ်ခုယူပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေး နေချင်ရုံပဲ။ အဲ့ဒါကိုတောင် သူတို့က မကျေနပ်ဘဲ ကျွန်မတို့ကို လာတိုက်ခိုက်တယ်ဆိုတော့ ကျွန်မတို့ကို သူတို့ တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့ရတဲ့ လူတွေများ ထင်နေတာလား။ ကြည့်ရတာ ကျွန်မတို့ဘက်က တစ်ခုခု ပြန်လုပ်ပြလိုက်မှ နားလည်လိမ့်မယ်နဲ့တူတယ်”
ရန်ကိုင်နှင့် အခြားသူအားလုံး သူမအား အံ့ဩတကြီး ကြည့်လိုက်သည်။
ဖေးကျီတုက လက်ခုပ်တီးလျက် ပြုံးကာ ပြောလိုက်သည် “ကောင်မလေး, နင်က ငယ်သာငယ်တာ သတ္တိကတော့ တကယ်ကို မသေးပါလား။ ရန်ကိုင် နောက်လိုက် ဆိုတဲ့ အတိုင်းပဲ၊ နင့်သတ္တိက ရွယ်တူတွေထက်ကို သာနေတာပဲ”
ဝူရီ ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့လျက် တိုးတိုးလေး ပြန်ပြောလိုက်လေသည် “စီနီယာတို့ မရယ်နဲ့လေ။ ဂျူနီယာက ဒီအတိုင်းပဲ ပြောလိုက်တာ။ ဘယ်လိုလုပ်မလဲဆိုတာက ဂိုဏ်းချုပ်ပေါ်မှာ မူတည်မှာ”
“ဘယ်လိုလုပ်မလဲဆိုတာ မေးနေစရာတောင် မလိုဘူး။ ကျိန်းသေကို သင်ခန်းစာ ပြန်ပေးရမှာ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အကြွေးဆိုတာရှိရင် ပြန်ဆပ်ရသလို ရန်ကြွေးဆိုတာမျိုးကလည်း ရှိရင်လည်း လက်တုန့်ပြန်ရတယ်တဲ့”
ဝူရီ၏ အမူအရာ ချက်ချင်း တောက်ပသွားခဲ့သည်။
တစ်နာရီကြာပြီးနောက် ကြယ်လွန်းပျံသည် အထက်စကြာဝဠာဂိုစ်း၏ အဓိက မြေကွက်လပ်ဆီသို့ ရောက်လာခဲ့သည်။ ရန်ကိုင်သည် ဝူရီအား ချင်းတုန်နှင့် ဖေးကျီတုတို့အတွက် နေစရာ စီစဉ်ပေးရန် ပြောလိုက်ပြီးနောက် ပန်းတစ်ရာတောင်ဆီသို့ ထွက်ခွာလာခဲ့လိုက်သည်။
ရီရှီယွင်ကိုရှာပြီး တစ်ခုခု သွားမေးကြည့်ရပေမည်။
ပန်းတစ်ရာတောင်ထက်တွင် ရီရှီယွင်သည် ပန်းပင်အမျိုးမျိုးကို ရေလောင်း ပေါင်းသင်ပေးနေသည်။ သူမ ဆက်ပြီး ကျင့်ကြံမနေတော့ချေ။ အရိပ်ကြယ်က ဖိနှိပ်ထားမှဖြင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်လေရာ သူမ ဆက်ပြီး ကျင့်ကြံနေလည်း ဘာထူးဦးမည်နည်း။ ဘာမှမထူးမှဖြင့် ဘာကြောင့် ကျင့်ကြံနေတော့မည်နည်း။
ထို့ကြောင့် ကျင့်ကြံမနေတော့ဘဲ သူမ၏ စိတ်အစုံကိုသာ တည်ငြိမ်လာအောင် ကြိုးစားကျင့်ကြံနေတော့သည်။ သူမ စိတ်ထဲတွင်လည်း တစ်နေ့တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည်ဟု မျှော်လင့်မိနေပေသည်။
“ဂိုဏ်းချုပ် ပြန်လာပြီလား” ရန်ကိုင် လမ်းလျှောက် ဝင်လာသည်ကို မြင်သော် ရီရှီယွင်က မေးလိုက်သည်။
“အင်း” ရောက်သည်နှင့် ရန်ကိုင်သည် ရီရှီယွင်ဆီသို့ တိုက်ရိုက် လမ်းလျှောက်သွားလိုက်၏။
“ဂိုဏ်းချုပ်ခရီး အဆင်ပြေခဲ့ရဲ့လား”
“လုံးဝကို မပြေဘူး”
“အို” အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ရီရှီယွင်သည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည် “ဘာဖြစ်လို့လဲ”
“ကျုပ် ချုံခိုတိုက်ခိုက်ခံလိုက်ရတယ်လေ” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ရှင်းပြလိုက်သည်။
“ကြယ်ဧကရာဇ်တောင်က နောက်ကွယ်ကနေ ကြိုးဆွဲနေတာလို့ ဂိုဏ်းချုပ် ပြောချင်တာလား” ရီရှီယွင်၏ အမူအရာ အနည်းငယ် အေးစက်သွားခဲ့သည်။
“ဒါပေမယ့် သူတို့ပါပါ မပါပါ ကိစ္စမရှိဘူး။ ကျုပ်ရန်သူ ဘယ်သူဖြစ်ဖြစ် ကျုပ်ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်ကို လာရန်စရဲမှတော့ အကျိုးဆက်ကို သူတို့ ရင်ဆိုင်ရမှာပေါ့”
“ကျေးဇူးနဲ့ ရန်ကြွေးကို ဂိုဏ်းချုပ် ကောင်းကောင်း နားလည်တာပဲ”
“ကျုပ်ခင်ဗျားဆီလာတာ တစ်ခုခု အကြောင်း မေးချင်လို့။ ခင်ဗျား ကြယ်ဧကရာဇ်တောင်မှာ ကိုယ်ပွားတွေ အများကြီး ခွဲပြီး လျှပ်စီးတန်းတွေ ပစ်လွှတ်လို့ရတဲ့ ဓါတ်လုံးပုံစံမျိုး မှော်ရတနာ တစ်ခုခုများ ရှိလား”
“သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို ဂိုဏ်းချုပ် ပြောချင်တာလား” ရီရှီယွင် မျက်မှောင်ကြုတ်သွားပြီး “ဂိုဏ်းချုပ် အဲ့ဒါနဲ့ တိုက်ခိုက်ခံလိုက်ရတာလား”
“ဟုတ်တယ်။ သေခါနီးပဲ” ထိုအကြောင်း ပြန်တွေးလိုက်တိုင်း ရန်ကိုင် ကြောက်စိတ် ဝင်မိသည်။ ကြောက်ချင်လည်း ကြောက်ချင်စရာပင်။ မှော်ရတနာ၏ စွမ်းအားကိုက အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်ကိုး။ အကာအကွယ် အထပ်ထပ် ကာထားသည့်တိုင် ထိုအကာအကွယ် အားလုံးကို ထိုးဖောက်နိုင်ခဲ့သေးသည်။ သူ့တစ်ဝက် ထိုမျှ အားကောင်းလှသည့် မှော်ရတနာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ “အဲ့သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးက တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာ တစ်ခုလား”
“မဟုတ်ဘူးလား” သို့သော် ရီရှီယွင်က ခေါင်းခါပြလာသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ အပင်အား ရေလောင်းနေသည့် ပစ္စည်းကို ချထားလိုက်ပြီးနောက် သူမဘာသာ သေချာစဉ်းစားကြည့်လိုက်သည်။ ခဏကြာ စဉ်းစားနေပြီးနောက် အနားရှိ ကျောက်တုံးစံအိမ်ဆီသို့ လျှောက်သွားကာ ရန်ကိုင်ကို လက်ယပ်ခေါ်လိုက်လေသည် “ဒီမှာပြောကြာတာပေါ့ ဂိုဏ်းချုပ်”
ရန်ကိုင်လည်း လိုက်သွားလိုက်သည်။
ထိုင်ခုံအသီးသီး ယူထိုင်ပြီးနောက် ရီရှီယွင်သည် ရန်ကိုင်အတွက် ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ ဆံပင်ကို နားသယ်နောက်သို့ သပ်ပြီးနောက်၌ စပြောတော့လေသည် “အဲ့သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံး လက်ကနေတောင် လွတ်အောင် ပြေးလာနိုင်တယ်ဆိုတော့ ကျွန်မ အရင်က ဂိုဏ်းချုပ်ကို အတော်လေး အထင်သေးလိုက်မိတယ်နဲ့တူတယ်”
“အဲ့လောက်ကြီး မဟုတ်ပါဘူးဗျာ။ ကံကောင်းသွားရုံပါပဲ။ ဒါနဲ့ အဲ့သုတ်သင်ခြင်း မိုးကြိုး ဓါတ်လုံးက ဒီလောက် အားကောင်းတာ ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ မဟုတ်ရတာလဲ” ရန်ကိုင်သည် လက်ဖက်ရည် တစ်ငုံ စုပ်သောက်လိုက်ပြီးနောက် ရီရှီယွင်ကို ကြည့်ကာ မေးလိုက်သည်။
“အဲ့ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးက ကြယ်ဧကရာဇ်တောင်ရဲ့ အဖိုးအတန်ဆုံး ရတနာတွေထဲက တစ်ခုပဲ။ အဲ့မှော်ရတနာရဲ့ အဆင့်က တန်ခိုးရှင်ဘုရင်အဆင့်ထက်ကို ပိုတယ်။ တကယ်တမ်း ပြောရရင် အဲ့မှော်ရတနာက ဧကရာဇ်မှော်ရတနာ တစ်ခုပဲ”
“ဧကရာဇ် မှော်ရတနာ” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့၏ “မဟာဧကရာဇ် သုံးခဲ့တဲ့ မှော်ရတနာလား”
“အသေအချာပဲ” ရီရှီယွင် ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် မှင်သက်သွားခဲ့သည်။ နေမီးလျှံသုံးစင် လက်စွပ်ဟု ခေါ်သော ဧကရာဇ်မှော်ရတနာတစ်ခုကို သူမြင်ခဲ့ဖူးပေသည်။ ကံမကောင်းစွာဖြင့် ယန်ယန်သည် နေမီးလျှံသုံးစင် လက်စွပ်မှ တစ်ခုကိုသာ ပြန်ယူရသေးပြီး ကျန်နှစ်ခုသည် အရိပ်ကြယ်ပေါ်၌ ဆက်ရှိနေသေးကာ အထက်စကြာဝဠာဂိုဏ်းကို အခြားသူများ မကျူးကျော်လာနိုင်အောင် ကာကွယ်ပေးထားသေးသည်။
“ကျွန်မ တကယ် ပြောနေတာ။ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးက ဧကရာဇ်မှော်ရတနာ ဆိုပေမယ့် ကြယ်ဧကရာဇ်တောင်က လူတွေအကုန်လုံးက အဲ့မှော်ရတနာကို သုံးရုံလေးပဲ သုံးနိုင်တာ။ ကျွန်မ ကိုယ်တိုင် သုံးမယ်ဆိုရင်တောင် အဲ့မှော်ရတနာရဲ့ စွမ်းအား ဆယ်ရာခိုင်နှုန်းထက်ကို ပိုထုတ်သုံးနိုင်မှာ မဟုတ်ဘူး”
“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်။ ဧကရာဇ်မှော်ရတနာ ဘယ်လောက် အားကောင်းလဲဆိုတာ ကျွန်မရော၊ ဂိုဏ်းချုပ်ရော တွေးနိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူး။ ပြီးတော့ ကျင့်ကြံခြင်း နိမ့်နိမ့်လေးနဲ့ ဧကရာဇ်မှော်ရတနာကို အသက်သွင်းတာ အရမ်း အားကုန်တယ်။ ဂိုဏ်းချုပ်ကို သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးနဲ့ တိုက်သွားတဲ့လူ အခြေအနေ ဘယ်လိုလဲ ဂိုဏ်းချူုပ် သတိထားမိလိုက်လား”
“အင်း၊ ကျုပ်သတိထားမိလိုက်တယ်”
“သူသာ အဲ့သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးရဲ့ စွမ်းအားကုန်ကို အသက်သွင်းနိုင်မယ်ဆိုရင် ဂိုဏ်းချုပ် မပြောနဲ့၊ တန်ခိုးရှင်အဆင့်ကိုတောင် အလွယ်လေး သတ်လို့ရတယ်”
ရန်ကိုင် တကယ်ကို ထိတ်လန့်သွားမိလေပြီ။
ဖေးကျီတု သူ့ကျောက်စိမ်းပြာပန်းကန်လေးကို စတေးပေးခဲ့သည့်အတွက် ရန်ကိုင် ကံကောင်းသွားခဲ့ရသည်။ မဟုတ်သာ မဟုတ်လျှင် ရန်ကိုင် အပြင်အထန် ဒဏ်ရာရသွားရပေလိမ့်မည်။ ယခုတစ်ကြိမ် သူကံကောင်းပြီး လွတ်လာနိုင်ခဲ့သော်ငြား နောက်တစ်ကြိမ် ဆိုလျှင်ကော။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၇)
“ဂိုဏ်းချုပ် အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုဘူး။ ဧကရာဇ် မှော်ရတနာတွေက အားကောင်းတယ်ဆိုပေမယ့် ကျွန်မတို့ရဲ့ ကျင့်ကြံခြင်း အကန့်အသတ်ကြောင့် ဂိုဏ်းချုပ် ထင်သလောက် အန္တရာယ်မများဘူး။ အဲ့မှော်ရတနာကို တစ်ကြိမ် သုံးပြီးတာနဲ့ ပြီးပြီပဲ။ ဘယ်လိုမှ နောက်တစ်ကြိမ် သုံးလို့မရတော့ဘူး။ အဲ့မှော်ရတနာကို သုံးပြီးသွားတဲ့လူ ဘယ်လို ဖြစ်သွားလဲ ဆိုတာကို ဂိုဏ်းချုပ်လည်း မြင်ခဲ့ဖူးတာပဲ၊ ဟုတ်တယ်မလား” ရန်ကိုင် စိုးရိမ်သွားသည်ကို မြင်သော် ရီရှီယွင်က နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယခုမှပဲ သူအတော်လေး စိတ်သက်သာရာ ရသွားတော့သည်။
မှော်ရတနာတစ်ခု ထုတ်ဖော်နိုင်သည့် စွမ်းအားသည် အသုံးပြုသူနှင့် တိုက်ရိုက် ပက်သက်နေပေသေသည်။ ထို့ကြောင့် မှော်ရတနာ၏ စွမ်းအား အလွန် မြင့်မားသော်ငြား အသုံးပြုသူ၏ ကျင်ကြံခြင်းသာ နိမ့်ကျနေပါက ထိုမှော်ရတနာလည်း စွမ်းအား များများစားစား ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
နဂါးစိမ်းဓါးသည်လည်း ဥပမာဖြစ်သည်။ ရန်ကိုင်သည် ထိုမှော်ရတနာကို အသုံးပြုနိုင်သော်ငြား နဂါးစိမ်းဓါး၏ တကယ့် ခွန်အားအစစ်အမှန်သည် ထိုမျှသာလျှင် မဟုတ်သေးချေ။
သူနဂါးစိမ်းဓါးကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည်မှာ နဂါးစိမ်းဓါး၏ အသိအမှတ်ပြုမှုကို ရရှိထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။
“ဂိုဏ်းချုပ် လှုပ်ရှားမယ်ဆိုရင် ကျွန်မကိုပါ တစ်ခါတည်း ခေါ်သွား။ ကြယ်ဧကရာဇ်တောင် သူ့လမ်းစဉ်နဲ့ လွဲနေတာကို ကျွန်မ ဒီအတိုင်း ရပ်ကြည့်နေလို့ မဖြစ်တော့ဘူး… ပြီးတော့ ကျွန်မရဲ့ မိတ်ဆွေဟောင်းအချို့နဲ့ ကိစ္စရှင်းစရာလည်း ရှိသေးတယ်”
“အို” ရန်ကိုင် မျက်ခုံးပင်သွားခဲ့သည်။
ရီရှီယွင် ဘာကြောင့် ကြယ်ဧကရာဇ်တောင်မှ ထွက်လာခဲ့သလဲ ဆိုသည်နှင့် ပက်သက်၍ သူတွေးခဲ့ဖူးသည်။ အရိပ်ကြယ်တစ်ခုလုံးက လေးစားအားကျရသည့် အဆင့်အတန်းကို သူမ ဘာကြောင့် စွန့်လွှတ်ပြီး နှစ်တစ်ရာလောက် တံခါးပိတ်ကျင့်ကြံ နေခဲ့သနည်း။ သို့သော်လည်း သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်လေရာ သွားမေး၍ မကောင်းသဖြင့် မမေးခဲ့ချေ။
ရန်ကိုင် သေချာသည့် တစ်ချက်သည်ကား ရီရှီယွင်နှင့် ကြယ်ဧကရာဇ်တောင်ကြား ရန်ငြိုး ရှိသည်ဆိုသည်ကိုပင်။
ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အလေးအနက် လေသံဖြင့် “ကျုပ်မှာ အစီအရင်တော့ ရှိတယ်။ ဒါပေမယ့် ကျုပ်အစီအရင် အကွက် ကျမကျကိုတော့ အကြီးအကဲချုပ်ဆီက အကူအညီတောင်းရလိမ့်မယ်”
ပြောပြီးနောက် ရန်ကိုင်သည် သူ့တိုက်ပွဲ အစီအစဉ်ကို ရှင်းပြလိုက်သည်။ နာရီဝက် ကြာပြီးနောက် ပန်းတစ်ရာတောင်မှ သူနေရာ ပထမကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။ နန်းတော်ထဲသို့ ရောက်သည်နှင့် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ငှက်မွှေးဝိဥာဉ် မြှားတိုလေးကို ထုတ်ကာ အားပြန်ဖြည့်လိုက်သည်။
ဤမြှားတိုလေးသည် အားပြန်ဖြည့်ရသော်လည်း ၎င်း၏ ပစ်ချက်တိုင်းသည် အလွန်ကိုမှ အားကောင်းလှသည်။ ၎င်း၏ ပစ်ချက်တစ်ချက်သည် တန်ခိုးရှင်ဒုတိယအဆင့်ကို တစ်မုဟုတ်ချည်း သတ်ပစ်နိုင်ပြီး တန်ခိုးရှင်တတိယအဆင့် ဖြစ်သော ချူကျန်းတို့ပင်လျှင် ထိပ်တိုက် မရင်ဆိုင် ရဲသည်အထိကို အားကောင်းလှသည်။ နာရီဝက်ကြာအောင် သူတော်စင်ချီ ထည့်သွင်းပြီးနောက် ငှက်မွှေးဝိဥာဉ်မြှား အားပြန်ပြည့်သွားခဲ့သည်။
မှော်ရတနာကို ပြန်သိမ်းထားလိုက်ပြီးနောက် လာမည့် တိုက်ပွဲအတွက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်တော့မည်အပြု ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်ပြီး တစ်နေရာကို လှမ်းကြည့်လိုက်သည်။ မကြာမီ မြေကြီးထဲမှ ခေါင်းတစ်ခေါင်း ပြူထွက်လာခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ်ပင်…
ယခုတစ်ကြိမ် ခရီးတွင် ကျောက်တုံးရုပ်သေးရုပ်ကို သူနှင့်အတူ ခေါ်မသွားဘဲ တစ်ယောက်တည်းသာ ထွက်ခွာလာခဲ့သည်။ ပထမတစ်ချက်မှာ တိုက်ပွဲကြီး တစ်ပွဲ တိုက်ခိုက်ရမည်ကို မမျှော်လင့်ထားခဲ့သည့် အတွက်ကြောင့် ဖြစ်သလို ကျောက်တုံး ရုပ်သေးရုပ်တွင် အခြား အာရုံစိုက်စရာ ကိစ္စတစ်ခု ရှိနေသေးသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။ ကျောက်တုံးရုပ်သေးရုပ်သည် လက်ရှိအချိန်တွင် နောက်ထပ် ကျောက်တုံး ရုပ်သေးရုပ်တစ်ရုပ် မွေးဖွားလာမည်ကို စောင့်ကြည့်နေပေသေးသည်။
သူမရှိသည့် အချိန်အတွင်း ဒုတိယကျောက်တုံးရုပ်သေးရုပ် မွေးဖွားလာမည့် ကိစ္စ မည်သည့် အတိုင်းအတာထိ ရောက်ရှိနေမလဲဆိုသည်ကို သူအတော်လေး သိချင်နေပေပြီ။
သို့သော်လည်း ကျောက်တုံးရုပ်ကို အနီးကပ် မြင်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အလျင်အမြန် မေးလိုက်သည် “မင်းဘာဖြစ်ထားတာလဲ”
ယခင်က ကြည်လင်တောက်ပနေလေ့ရှိသော ကျောက်တုံးရုပ်သေးရုပ်၏ မျက်ဝန်းထဲ ထိတ်လန့်တုန်လှုပ်ရိပ်တို့က အစားထိုး တည်ရှိနေခဲ့သည်။ မြေပြင်ပေါ်သို့ တက်လာပြီးနောက် ရန်ကိုင်ဆီသို့ အလျင်အမြန် ပြေးလာပြီး ဘာမှန်းမသိသော စကားများကို အသံအဝါပြုရင်း ရန်ကိုင်အင်္ကျစီကိုဆွဲကာ သူ့အား တစ်နေရာရာဆီသို့ အတင်း ဆွဲခေါ်တော့လေသည်။
“ဘာဖြစ်လို့လဲ” ကျောက်တုံးရုပ်သေးရုပ်၏ ပိုင်ရှင် ဖြစ်သည်နှင့်အညီ လက်ရှိတွင် ကျောက်တုံးရုပ်သေးရုပ် အလွန်ကိုမှ စိုးရိမ်ပူပန်နေမှန်း ရန်ကိုင် ပြောနိုင်သည်။ အသေးစိတ်ကိုမူ သူမသိချေ။
“ငါ့ကို မင်းနဲ့ လိုက်စေချင်နေတာလား” ရန်ကိုင်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ယခုတစ်ကြိမ်တွင် ကျောက်တုံးရုပ်သေးရုပ် ခေါင်းညိတ်ပြလာခဲ့သည်။
“သွားကြတာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးရုပ်သေးရုပ်နှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။ ကျောက်တုံးရုပ်သေးသည် သူ့အား အထက်စကြာဝဠာဂိုဏ်း အပြင်ဘက်ရှိ တောင်စဉ်တောင်တန်း၏ အတွင်းပိုင်းဆီသို့ ခေါ်လာခဲ့သည်။
အထက်စကြာဝလာဂိုဏ်းသည် ယခင်ဂိုဏ်းပျက်ကြီး တည်ရှိနေသည့် နေရာတွင် ရှိနေခြင်းဖြစ်သည်။ သို့သော် ယခင်ဂိုဏ်းပျက်ကြီး ရှိနေသည့် နေရာနှင့် ယှဉ်လိုက်လျှင် အထက်စကြာဝဠာဂိုဏ်း ယူထားသည့် နေရာအကျယ်အဝန်းသည် အတော်လေးကိုမှ ကျဉ်းလွန်းလှသည်။
ကျောက်တုံးရုပ်သေးရုပ် သူ့အား ခေါ်လာသည့် ယခင်ဂိုဏ်းပျက်ကြီးထဲရှိ တောင်တစ်လုံး ရှိနေသည့် နေရာဖြစ်သည်။ ထိုတောင်သည် အလွန်ကိုမှ လှပပြီး မိုးထိမတတ် မြင့်မားလှကာ တိမ်ယံများကိုပင် ထိုးဖောက်နေခဲ့သည်။
တစ်နာရီကြာအောင် တက်လာပြီး နောက်ဆုံးတွင် တောင်ထိပ်ပေါ်ရှိ နန်းတော်တစ်လုံးဆီသို့ ရောက်လာခဲ့သည်။ နန်းတော်ထဲသို့ ဝင်လာပြီးနောက် ကြမ်းပြင်ပေါ်၌ လက်ဆေးဇလုံအရွယ် အနက်နီရောင်ကျောက်တုံးတစ်တုံး ှရိနေသည်ကို တွေ့လိုက်ရသည်။ မိုးမြေစွမ်းအင်များသည် ထိုကျောက်တုံးအထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့လေသည်။
ထိုကျောက်တုံးဆီမှ လူ့နှလုံးခုန်သံကဲ့သို့ တဒုန်းဒုန်း အသံများကိုလည်း ကြားနေရ၏။ ထိုအရာသည် ဒုတိယကျောက်တုံး သန္ဓေသား ဖြစ်ပေသည်။ ကျောက်တုံးကို မြင်လိုက်သည့် အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ သို့သော်လည်း သေချာ ကြည့်နေပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုကျောက်တုံး သန္ဓေသား၏ အရှိန်အဝါအရ ၎င်း အသက်ရှင်နေသည်မှာ သိသာလှသည်။ ဥမှ ခွဲမထွက်လာသေးခြင်းသာ။ သို့သော် ထိုမျှ အားကောင်းသော အရှိန်အဝါအရ ဥကိုခွဲပြီး ထွက်လာသင့်သည်မှာ ကြာနေလေပြီ။ ဘာကြောင့် ထွက်မလာရသေးသနည်း။ ထိုဥနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သတိပြုမိလိုက်သည်။ ထို့ကြောင့် ရှောင်ရှာင် ထိတ်လန့်ပြီး သူ့အား လာခေါ်ခြင်း ဖြစ်လောက်သည်။
အထဲသို့ ဝင်လာပြီးနောက် ကျောက်တုံးရုပ်သေးရုပ်သည် အယားရောဂါ မိနေသည့် မျောက်တစ်ကောင်နှယ် ကျောက်တုံး သန္ဓေသားဆီသို့ ပြေးသွားပြီး ထိုအရာကို ဝိုင်းကြီးပတ်ပတ် ပတ်ကာ သူ့နားရွက်နှင့် ပါးများကို ကုတ်တော့သည်။
“မစိုးရိမ်နဲ့၊ ငါတစ်ချက် ကြည့်ကြည့်လိုက်မယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။ ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ရှောင်ရှောင် ငြိမ်သွားခဲ့ပြီး ဘေးတွင်ထိုင်ကာ ကျောက်တုံး သန္ဓေသားကိုသာ ထိုင်ကြည့်နေတော့သည်။
ကျောက်တုံးသန္ဓေသားအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ ဥထဲတွင် အလွန်ကိုမှ များပြားလှသော စွမ်းအင်များ စုဝေးနေသည်ကို သူအာရုံခံမိလိုက်သည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်လေးကိုမှ သိပ်သည်းနေသည့်အတွက် ကျောက်တုံးသန္ဓေသားသည် ထိုမိုးမြေစွမ်းအင်များကို စုပ်ယူကာ သူ့ကိုယ်သူ အားကောင်းလာအောင် အဆက်မပြတ် လုပ်ဆောင်နေခဲ့သည်။
နှလုံးခုန်သံမှာလည်း ပိုပို၍ ပီပြင်လာသည်။ သို့သော် ရန်ကိုင် မည်မျှပင် စစ်ဆေးကြည့်စေကာမူ ဥထဲရှိ ကျောက်တုံးရုပ်သေးရုပ်သည် ဥကိုခွဲပြီး အပြင်သို့ ထွက်မလာခဲ့ချေ။ ရန်ကိုင် သတိပြုမိသည့် နောက်ထပ် တစ်ချက်လည်း ရှိသေးသည်။ ထိုကျောက်တုံးသန္ဓေသားဆီမှ မည်သည့် ဝိဥာဉ်စွမ်းအင်လှိုင်းကိုမှ ရန်ကိုင် အာရုံမခံမိချေ။
ဝိဥာဉ်စွမ်းအင် မရှိခြင်းသည် ထိုကျောက်တုံးရုပ်သေးရုပ်၌ အသိစိတ် မရှိသေးသည့် အတွက်ကြောင့် ဖြစ်သနည်း။ ဘာကြောင့် ထိုသို့ ဖြစ်နေရသနည်း။ ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။
ယန်ယန်မှ ကျောက်တုံးမျိုးနွယ်စုအကြောင်း ပြောပြထားသည့် အတွက်ကြောင့်သာ ထိုကဲ့သို့သော သက်ရှိမျိုး တည်ရှိကြောင်း သိနေခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ကျောက်တုံးမျိုးနွယ်စု တစ်ကောင်အား မည်ကဲ့သို့ လုံလုံခြုံခြုံ မွေးဖွားရမလဲ ဆိုသည်ကိုမူ သူလုံးဝ မသိပါချေ။ ယန်ယန်သာ ရှိနေလျှင် အကူအညီပေးနိုင်ကောင်း ပေးနိုင်လောက်သော်ငြား ယန်ယန် ရှိမနေခဲ့ချေ။
ခဏလောက် စဉ်းစားပြီးနောက် ကျောက်တုံးရုပ်ကို ထိကြည့်လိုက်သည်။ ဥထဲတွင် ရှိနေသော စွမ်းအင်ပမာဏသည် အန္တရာယ်များလောက်သည်အထိကို များပြားလွန်းလှသည်။ ဒုတိယ ကျောက်တုံးရုပ်သေးရုပ် မမွေးဖွားနိုင်သည်မှာ ဤကိစ္စနှင့် ပက်သက်နေလောက်၏။
ထို့ကြောင့် ဥထဲတွင် ရှိနေသော စွမ်းအင်အချို့ကို အထဲတွင် ရှိနေသော သန္ဓသားအား မထိခိုက်စေရန်အတွက် လမ်းလွှဲပေးလိုခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်တုံးသန္ဓေသားကို သူ့လက်နှင့် ထိလိုက်သည့်အခိုက် ၎င်း၏ မျက်နှာပြင်ထက်တွင် ရှုပ်သေးသော အကွက်များ ပေါ်လာခဲ့သည်။ ထိုအကွက်သည် အဆက်မပြတ် လည်ပတ်၍ တောက်ပလာပြီးနောက် အတွင်းပိုင်းထဲမှ စွမ်းအင်များ အပြင်သို့ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့သည်။
ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး သူ့လက်ကို အလျင်စလို ပြန်ရုတ်လိုက်၏။
ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ခဏအကြာ၌ ကောင်းကင်ပေါ်ရှိ တိမ်ယံများကြား အပေါက်ကြီးတစ်ပေါက် ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ထိတ်လန့်သွားပြီး ဆက်၍ မဆင်မခြင် မလှုပ်ရှားရဲတော့ပေ။
ရှောင်ရှောင်သည် သူ့အား ကူညီပေးရန် တောင်းဆိုနေသည့်နှယ် ရန်ကိုင်အား ဝမ်းနည်းစွာ စိုက်ကြည့်ရင်း ဘာမှန်းမသိသော စကားများကို စတင် ရေရွတ်ပြန်သည်။ ရန်ကိုင်ကူမ ကူကယ်ရာ မဲ့စွာဖြင့် ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။
ယခု အချိန်တွင်တော့ သူတကယ်ကို ကူကယ်ရာမဲ့နေလေပြီ။
ရန်ကိုင်၏ အတွေးများကို နားလည်သည့်အလား ရှောင်ရှောင် ခေါင်းငိုက်ငိုက် စိုက်ကျသွားပြီး ကျောက်တုံး သန္ဓေသားကိုသာ ငေးကြောင်ကြောင် အမူအရာဖြင့်သာ စိုက်ကြည့်နေတော့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံး သန္ဓေသားထဲရှိ စွမ်းအင်များ တစ်စထက်တစ်စ ပိုမိုများပြားလားပြီ တဒုန်းဒုန်း မြည်သံနေသည့် အသံမှာလည်း ပိုပို၍ မြန်လာခဲ့သည်။
သို့သော် ထိုနှလုံးခုန်သံသည် မြန်လာသည့်တိုင် အစီအစဉ် မကျဘဲ ကယောက်ကယက် ဖြစ်နေခဲ့သည်။ မြန်ဆန်လာသော နှလုံးခုန်သံနှင့်အတူ ကျောက်တုံးသန္ဓေသားပေါ်ရှိ အကွက်များမှာလည်း တဖျက်ဖျင်း လင်းလက်လာတော့လေသည်။
အခြေအနေသည် ထိုအတိုင်း ငါးဆက်တိုင်တိုင် ဆက်သွားနေခဲ့သည်။
ငါးရက်မြောက်နေ့တွင် ကျောက်တုံးရုပ်သေးရုပ်မှ ထွက်ပေါ်နေသော သွေးနီရောင် စွမ်းအင် အလင်းတန်း ရုတ်တရက် ပြင်းအားလျော့သွားခဲ့ပြီး ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းများ ကျောက်တုံး သန္ဓေသားဆီမှ ဖြာထွက်လာခဲ့သည်။
ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် ထိုမြင်ကွင်းကို သေချာ စိုက်ကြည့်နေခဲ့သည်။
ချက်ချင်းဆိုသလို ကျောက်တုံးသန္ဓေသားပေါ်ရှိ အလင်းကွက်များ မှိန်ကျသွားပြီး ၎င်း၏ နှလုံးခုန်သံမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ တစ်ချိန်တည်းတွင်း ကျောက်တုံး သန္ဓေသားအတွင်းမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေ၏။
ရန်ကိုင် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားပြီး ကျောက်တုံးသန္ဓေသားကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်၏ အမူအရာ ပိုမို ပျက်ယွင်းသွားခဲ့ရလေသည်။
အစောပိုင်းက သူခံစားမိခဲ့သော ကျောက်တုံး သန္ဓေသားအတွင်းရှိ အသက်ဓါတ် လုံးကို အာရုံမခံမိတော့။ လက်ရှိ ကျောက်တုံးသန္ဓေသားသည် သာမန် ကျောက်တုံးတစ်တုံးနှင့် ဘာမှ မခြားတော့ချေ။
ရှောင်ရှောင်သည်လည်း ထိုအချက်ကို သတိပြုမိလိုက်သည့်နောက် ကျောက်တုံး သန္ဓေသားဆီ အလျင်အမြန် ပြေးသွားပြီး ၎င်းအား လက်နှစ်ဖြင့် သူ့ရင်ခွင်ထဲ ထည့်ပိုက်ကာ အော်ငိုတော့လေသည်။ ထို့နောက် ကျောက်တုံးသန္ဓေသားကို ပိုက်လျက် ရန်ကိုင်ဆီ ပြေးသွားပြီး ရန်ကိုင်ရှေ့သို့ ရောက်သည်နှင့် ကျောက်တုံးသန္ဓေသားကို မြှောက်ပြကား ရန်ကိုင်အား ကူညီပေးရန် တောင်းဆိုတော့သည်။
ရန်ကိုင်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ပြောစရာစကား ရှာမတွေ့သဖြင့် သက်ပြင်းသာချလိုက်တော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၈)
ရှောင်ရှောင်၏ ပိုင်ရှင် ဖြစ်သည့်အလျောက် ရှောင်ရှောင် မည်မျှ ခံစားနေရသလဲ ဆိုသည်ကို သူမသိဘဲ နေမည်လား။ တကယ်သာ ကူညီပေးနိုင်မည်ဆိုလျှင် သူလုံးဝကို မငြင်းပါချေ။
သို့သော် သူတတ်နိုင်သည့်အရာ ဘာမှမျှ မရှိလေဘဲ။ ကျောက်တုံးရုပ်သေးရုပ် မျိုးနွယ်စုနှင့် ပက်သက်သည့်အကြောင်း ယန်ယန် ပြောသလောက်သာ သိထားသဖြင့် ဒုတိယ ကျောက်တုံး သန္ဓေသားနှင့် ပက်သက်၍ မည်သည့် ပြဿနာ ရှိနေမှန်းကို အဖြေမထုတ်နိုင် ဖြစ်နေခဲ့သည်။
ရှောင်ရှောင်နှင့် သူသည် စိတ်ချင်းဆက်နေသဖြင့် ရန်ကိုင် ဘာမှ မတတ်နိုင်သည်ကို သတိပြုမိသော် ရှောင်ရှောင်၏ မျက်လုံးများ မှိန်ဖျော့သွားခဲ့လေသည်။ ထို့နောက် ယူကြုံးမရ ဖြစ်ကာ ဝမ်းနည်းကြေကွဲနေသည့် ကလေးတစ်ယောက်နှယ် ငိုကြွေးတော့သည်။
အချိန် အတော်ကြာပြီးနောက် ရှောင်ရှောင်သည် ကျောက်တုံး သန္ဓေသားကို အလွန်တရာကိုမှ ဂရုတစိုက်ဖြင့် ရန်ကိုင်ရှေ့တွင် ချလိုက်သည်။ ပြီးသည်နောက် ချောက်ကမ်းပါး အစွန်းဆီသို့ ပြေးထွက်သွားပြီး ၎င်း၏ ရင်ကိုထုရိုက်တော့သည်။ သေးသေးကွေးကွေး သူ့ခန္ဓာကိုယ်လေးသည် မျက်တောင်တစ်ခတ်အတွင်း မီတာ ရာပေါင်းများစွာ မြင့်မားသော ကျောက်တုံးဘီလူကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ရင်ကိုထုရိုက်ရင်း ကောင်းကင်ပေါ်သို့ မော့ကာ နာကျင်ကြေကွဲစွာဖြင့် အော်ဟစ်လိုက်သည်။ ထိုအော်သံကြောင့် အထက်ကောင်းကင်ယံထက် ဝဲအုံ့နေသော တိမ်စိုက်၊ တိမ်တိုက်များပင် လွင့်ပြယ်ကုန်ကြရသည်။ သူ့အော်သံထဲ အလွန်ကိုမှ ကြွေကွဲဝမ်းနည်း၊ နာကျင်နေသည့် အငွေ့အသက်တို့ကို ခံစားမိနိုင်ပေသည်။
ထို့နောက် သလင်းကျောက်ကဲ့သို့ ကြည်လင်သော သလင်းတုံးလေးများ ရှောင်ရှောင်၏ မျက်ဝန်းစီမှ စီးကျလာပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ် တစ်ရုပ် ငိုကြွေးသည့် မြင်ကွင်းကို တစ်နေ့ မြင်တွေ့ရလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ချေ။ ဒုတိယ ကျောက်တုံးရုပ်သေးရုပ် ရှောင်ရှောင်အတွက် မည်မျှ အဖိုးတန်သလဲ ဆိုသည်ကို သူမသိသော်လည်း သူခံစားနေသည့် ပုံစံအရ သူ့အတွက် အလွန်ကိုမှ အရေးပါမှန်း သိနိုင်သည်။
ဤလောကကြီးတွင် သူတစ်ယောက်တည်းသာ ရှိပြီး သူ့အတွက် အဖော်မရှိ။ သူနှင့် မျိုးနွယ်တူ ကျောက်တုံးရုပ်သေးရုပ် တစ်ယောက်လောက် ရမည် ထင်ထားခဲ့သော်လည်း လက်တွေ့သည် သူထင်ထားခဲ့သလို ဖြစ်မလာခဲ့ချေ။ သူ့ဘဝကြီးသည် ခါတိုင်းကဲ့သို့ တစ်ကိုယ်တည်း အထီးကျန်မြဲ ကျန်ဆန်နေရပေဦးမည်။
ရှောင်ရှောင်ကို ကြည့်နေရင်း ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျောက်တုံးသန္ဓေသားဆီသို့ အလျင်အမြန် သွားလိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ကို ရွှေရောင်သွေးမျှင်သုံး၍ လှီးဖြတ်လို်ကသည်။
အရိုးထိနက်သည့် ဖြတ်ရှရာတစ်ခု သူ့လက်ကောက်ဝတ်တွင် ပေါ်လာပြီး ရွှေရောင်သွေးစက်များသည် ထိုဒဏ်ရာမှတစ်ဆင့် ကျောက်တုံး သန္ဓေသားပေါ်သို့ တစ်စက်ပြီး တစ်စက် စီးကျတော့လေသည်။
ဘာလို့ ဒီလို ဖြစ်ရတာလဲ ရှောင်ရှောင် မွေးဖွားစဉ်က အလွန်ကိုမှ လွယ်ကူလွန်းခဲ့သည်။ ရန်ကိုင်ကိုယ်တိုင် ဘာမှ လုပ်စရာမလိုခဲ့။ ရှောင်ရှောင် ကိုယ်တိုင်သာ သူ့ဘာသာ သွေးအဆီအနှစ် ကျောက်တုံးနှင့် ပေါင်းစပ်သွားခြင်းဖြစ်ပြီး သူ့ဘာသာ ဥခွံထဲမှ အလွယ်တကူ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်ဘက်မှ ဘာမှ သိပ်ကူညီပေးစရာ မလိုခဲ့ချေ။
သို့သော်လည်း ပထမတစ်ကြိမ် လွယ်ခဲ့ပါလျက်နှင့် ဒုတိယတစ်ကြိမ်မှ ဘာကြောင့် ဤမျှ ခက်ခဲနေရပါသနည်း။ သူ့ခေါင်းစဉ် အဖြေရှာမရသော်လည်း တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ရပေမည်။
အလွန်အားကောင်းသော အသက်ဓါတ်ကို ပိုင်ဆိုင်ထားသည့် ကျောက်တုံးရုပ်သေးရုပ် ကဲ့သို့ သက်ရှိတစ်ကောင်သည် ဤနည်းဖြင့် သေသွားလိမ့်မည်ဟု ရန်ကိုင် သိပ်မယုံချင်။ ထို့ကြောင့် လက်ရှိ သူ့ဘက်မှ တတ်နိုင်သလောက် ကြိုးစားကြည့်ရမည်။ သူ့ဘက်က ကြိုးစားကြည့်လို့၍ မရသည့် အခါမှပဲ ကံကြမ္မာအပေါ် အပြစ်ပုံချရပေလိမ့်မည်။
တတောက်တောက် မြည်သံနှင့်အတူ ရွှေရောင်သွေးစက်များသည် ကျောက်တုံး သန္ဓေသားပေါ်သို့ တစ်စက်ပြီးတစ်စက် စီးကျလာခဲ့သည်။ ရွှေရောင်သွေးစက် တစ်စက်စီထဲတွင် အလွန်ကိုမှ များပြားလှသော အသက်ဓါတ်တို့ ပါဝင်နေသည့်အတွက် ရှောင်ရှောင် မွေးဖွားစဉ်ကပင် ရန်ကိုင် အနေဖြင့် သူ့အား ရွှေရောင်သွေးစက်တစ်စက်သာ တိုက်ကျွေးခဲ့သည်။ ယခုမှ ရွှေရောင် သွေးစက်များကို တစ်စက်ပြီးတစ်စက် ချပေးနေခဲ့ပေသည်။
ရန်ကိုင်၏ လှုပ်ရှားမှုများကို သတိပြုမိလိုက်သည့်အခါ၊ ရှောင်ရှောင်သည် ချောက်ကမ်းပါဆီမှ အမြန် ပြန်ပြေးလာပြီး ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်ပြီးနောက် ကျောက်တုံး သန္ဓေသားအား မျှော်လင့်တစ်ဝက်၊ စိုးရိမ်တစ်ဝက်ဖြင့် ကြည့်လိုက်သည်။
အချိန်ကြာလာသည်နှင့် ကျောက်တုံးသန္ဓေသားတစ်ခုလုံး ရွှေရောင် သန်းသွားခဲ့သည်။ သို့သော်လည်း ကျောက်တုံးသန္ဓေသားသည် သူချပေးလိုက်သည့် ရွှေရောင်သွေးစက်များကို စုပ်ယူခြင်း မရှိသေးချေ။
ရှောင်ရှောင်သည်လည်း မီးခုဖင်ခုထိုင်နေရသည့်နှယ် ဖင်ဂနာမငြိမ် ဖြစ်နေခဲ့သည်။
ရုတ်တရက် ကျောက်တုံးသန္ဓေသားဆီမှ နှလုံးခုန်သံ သဲ့သဲ့လေးကို ကြားလိုက်ရသည်။ သူပဲ နားကြားမှားလိုက်သလား ဆိုသည့်အပေါ် သိပ်မသေချာသဖြင့် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားရ၏။ သို့သော် ကောင်းကင်စိတ်အာရုံဖြင့် သေချာ စစ်ဆေးကြည့်ပြီးနောက်တွင် သူနားကြားမှားသွားခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
ကျောက်တုံးသန္ဓေသားဆီမှ အသက်စွမ်းအင်လှိုင်း အချို့ကို သူအာရုံခံမိလိုက်သည်။
မီးပွင့်မှ မီးတောက်တစ်ခု အစပျိုးသလို ထိုအလွန်ကိုမှ အားနည်းလှသော အသက်ဓါတ်သည် တဖြည်းဖြည်းနှင့် အားကောင်းသည်ထက် အားကောင်းလာခဲ့ပြီး ကျောက်တုံး သန္ဓေသားသည်လည်း ၎င်း၏ ဥမျက်နှာပြင်ထက်တွင် ရှိနေသော ရွှေရောင်သွေးစက်များကို စတင် စုပ်ယူတော့လေသည်။
ဒုတ်… ဒုတ်…
သက်ရှိတစ်ခု မွေးဖွားမှု၏ အစဖြစ်တည်မှုကို သက်သေပြနေသည့်နှယ် နှလုံးခုန်သံ တစ်သံသည် တောင်ယံထိပ်ဖျားဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးမိသွားခဲ့ပြီး ကျောက်တုံးရုပ်သေးရုပ်၏ ဝမ်းနည်းနေသော မျက်ဝန်းအစုံသည်လည်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ရသည်။
ဒုတ်… ဒုတ်…
နှလုံးခုန်သံသည် တဖြည်းဖြည်း အားကောင်းလာသလို နှလုံးခုန်နှုန်းမှာလည်း ပိုပို၍ မြန်ဆန်လာနေခဲ့သည်။ အားကောင်းလာနေသော အသက်ဓါတ်နှင့်အတူ ကျောက်တုံး သန္ဓေသား၏ မျက်နှာပြင်ထက်ရှိ အကွက်များဟာလည်း တစ်ဖန်ပြန်လည် လင်းလက်လာတော့သည်။ သို့သော် ယခင်တစ်ကြိမ်နှင့် မတူသည်ကား ယခုတစ်ကြိမ် လင်းလက်လာသော အကွက်များသည် သွေးရောင် မဟုတ်တော့ဘဲ ရွှေရောင်ဖြစ်နေခြင်းပင်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ရှောင်ရှောင် မွေးဖွားစဉ်က ဤကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပေါ်ခဲ့။ ဒုတိယ ကျောက်တုံးရုပ်သေးရုပ် မွေးဖွားသည့် အခါမှ ဘာကြောင့် ဤသို့သော ဖြစ်စဉ်မျိုး ဖြစ်ပျက်နေရသနည်း။
ဤသို့ဖြင့် သုံးရက်ကြာညောင်းသွားခဲ့သည်။
ကျောက်တုံးသန္ဓေသားပေါ်သို့ ရွှေရောင်သွေးစက်များ ရန်ကိုင် ထပ်မချတော့ချေ။ ရွှေရောင် သွေးစက် အစက်နှစ်ဆယ်၊ သုံးဆယ်လောက် စုပ်ယူပြီးနောက် ကျောက်တုံးသန္ဓေသားသည် ယခင်ကကဲ့သို့ တစ်ဖန်ပြန်လည် တောက်ပနေခဲ့လေပြီ။
လက်ရှိတွင် ရန်ကိုင်နှင့် ရှောင်ရှောင်တို့ နှစ်ယောက်စလုံး ဘေးချင်းကပ်ထိုင်ရင်း နောက်ဘာဆက်ဖြစ်လာမည်လဲ ဆိုသည်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
ခရက်ဆိုသော တိုးလျလျ အက်ကွဲသံတစ်သံကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း ဝင်လက်သွားခဲ့သည်။ ကျောက်တုံးသန္ဓေသားပေါ်တွင် အက်ရာတစ်ရာ ဖြစ်ပေါ်နေခဲ့လေပြီ။ ထိုအက်ရာ ပေါ်လာပြီးသည်နှင့် မကြာခင်မှာပဲ နောက်ထပ် အက်ရာများ တစ်ခုပြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။ မကြာမီ ကျောက်တုံး သန္ဓေသားတစ်ခုလုံး ပင့်ကူအိမ်ကဲ့သို့ အက်ရာများဖြင့် ပြည့်နှက်သွားတော့လေသည်။
ခရက်… နောက်ဆုံးတွင် ကျောက်တုံးသန္ဓေသားတစ်ခုလုံး အက်ကွဲသွားခဲ့ပြီး ဒုတိယ ကျောက်တုံးရုပ်သေးရုပ် မွေးဖွားလာခဲ့သည်။
ကြက်ပေါက်လေးတစ်ကောင် ဥမှ အကောင်ပေါက်လာသည့်နှယ် ကျောက်တုံးသန္ဓေသားသည် ဥထဲမှ ခက်ခက်ခဲခဲ ထွက်လာပြီးနောက် ရင်းနှီးခြင်းမရှိသည့် လောကအသစ်ကြီးအား လှည့်ပတ်ကြည့်လိုက်သည်။
ယခုတစ်ကြိမ် ကျောက်တုံးရုပ်သေးရုပ်သည် မီးခိုးရောင်ဖြစ်ရမည့်အစား ရွှေရောင် ဖြစ်နေခဲ့သည့်အတွက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့မိ၏။ သို့သော် ထိုသို့ ရွှေရောင် တောက်နေရခြင်းမှာ ရွှေရောင်သွေးစက်အများကြီကို စုပ်ယူလိုက်သည့် အတွက်ကြောင့် ဖြစ်နိုင်လောက်သည်။
ရှောင်ရှောင် မွေးဖွးလာစဉ်က ကဲ့သို့ပင် ဤရွှေရောင် ကျောက်တုံးရုပ်သေးရုပ်သည်လည်း အပြင်သို့ ထွက်လာပြီးသည်နှင့် ၎င်း၏ အခွံများကို စတင် ဝါးစားတော့သည်။ အခွံများကို စာပြီးသည်နှင့် နေရာတွင်သာ မလှုပ်မယှတ် ထိုင်နေတော့သည်။
ရှောင်ရှောင်ကမူ အဖော်အသစ်တစ်ယောက် ရလိုက်သည့်အတွက် ပျော်လွန်းသဖြင့် ထခုန်နေပေသည်။
ပြီးသည်နှင့် သူ၏ အဖော်သစ်လေးကို မချလိုက်ပြီး ပခုံးပေါ်တင်ကာ တောင်ထိပ်တစ်ဝိုက် ဝိုင်းကြီးပတ်ပတ် ပတ်ပြေးတော့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ကြည့်ရင်း ကြည့်ရင်းဖြင့် ရန်ကိုင် တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားမိသည်။
ကျောက်တုံးရုပ်သေးရုပ်များသည် ဥာဏ်နိမ့်ကျသည့် သက်ရှိများ ဖြစ်ကြသည်။ ရှောင်ရှောင်လည်း အတူတူပင်။ လောလောဆယ်တွင် ရှောင်ရှောင်သည် အဖော်သစ်တစ်ယောက် ရလိုက်သည့်အတွက် အလွန်ကိုမှ အူမြူး ပျော်ရွှင်နေခဲ့သည်။ သို့သော် အသစ်မွေးလာသည့် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။
ထို့ကြောင့် ရှောင်ရှောင်အား ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်အား ပြန်ချထားရန် လှမ်းပြောလိုက်သည်။ ရှောင်ရှောင်လည်း ရန်ကိုင် ပြောသည့်အတိုင်း ရွှေရောင် ကျောက်တုံး ရုပ်သေးရုပ်ကို အလျင်အမြန် ပြန်ချထားလိုက်လေသည်။
ထို့နောက် အသစ်မွေးလာသည့် ကျောက်တုံးရုပ်သေးရုပ်ကို ရန်ကိုင် သေချာစတင် စစ်ဆေးတော့သည်။ စစ်ဆေးပြီးနောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားရတော့သည်။
ထိုရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် ရှောင်ရှောင် မွေးဖွားစဉ်ကထက် ပို၍ အားကောင်းသော်လည်း ရှောင်ရှောင်ထက် ဥာဏ်ရည်နိမ့်နေခဲ့သည်။ ရှင်းရှင်းပြောရလျှင် ဤရွှေရောင်ကျောက်တုံးရုပ်သေးရုပ်၏ အသိဥာဏ်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်ဟု ပြောရမည်။ ရှောင်ရှောင်မှ အောက်သို့ ပြန်ချပေးလိုက်ပြီးနောက်တွင် ရွှေရောင် ကျောက်တုံး ရုပ်သေးရုပ်သည် လှုပ်ရှားသွားလာခြင်း မရှိဘဲ ရပ်နေမြဲသာ ရပ်နေခဲ့သည်။ ရန်ကိုင်က တစ်ခုခု စေခိုင်းရန် ကြိုးစားလိုက်သော်လည်း တုတ်တုတ်မျှ မလှုပ်။
ဥာဏ်ရည် မပြည့်ဝတာလား ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။
ကျောက်တုံး ရုပ်သေးရုပ်များသည် ဥာဏ်ရည် နိမ့်ပါးကျသော်လည်း အထိုက်အလျောက်တော့ အသိဥာဏ်ရှိကြသည်။ သို့သော် ဤရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် ပိုင်ဆိုင်ထားသည့် ဥာဏ်ရည်ကမူ သာမန် ကျောက်တုံးရုပ်သေးရုပ်များ ပိုင်ဆိုင်ထားသည့် ဥာဏ်ရည်ထက်ကို နိမ့်ကျနေခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ဤရွှေရောင်ကျောက်တုံး ရုပ်သေးရုပ် မွေးဖွားစဉ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် ဖြစ်ဟန်တူပေသည်။
ထိုအချက်ကို နားလည်လိုက်သည့်နောက် ရန်ကိုင် တိတ်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ရှောင်ရှောင်သည် ထိုအချက်ကို နားမလည်ခဲ့ပေ။ မဟုတ်လျှင် သူမည်မျှ ဝမ်းနည်းကြေကွဲနေမည်လဲ သူမပြောတတ်။
ရန်ကိုင် အတွေးနက်နေစဉ် ရှောင်ရှောင်သည် ပါးစပ်ပြီး သူဝါးမြိုထားသည့် မသန့်စင်ရသေးသော သတ္တုများကို အန်ထုတ်ကာ သူ့မိတ်ဆွေအသစ်ကို ပေးလေတော့သည်။
ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် ဥာဏ်ရည်နိမ့်ပါးလွန်းသော်လည်း မသိစိတ်အရ ထိုအရာများသည် သူ့အစားမှန်း နားလည်ထားသည်။ ထို့ကြောင့် ရှောင်ရှောင်မှ ပေးလာသည့်အခါ မဆိုင်းမတွ လက်ခံလိုက်ပြီး တစ်ခုပြီးတစ်ခု ကြိတ်ဝါး မြိုချတော့လေသည်။
သူ့မိတ်ဆွေအသစ်အား ဘာတွေ လုပ်လိုက်မိ၍များ သူ့အား အေးစက်စက်ဖြင့် ဆက်ဆံနေရသလဲ ဆိုသည်ကို ရှောင်ရှောင် နားမလည်နိုင် ဖြစ်နေသည်။ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်နေပြီးနောက် သတ္တုအနည်းငယ် ထပ်ပေးလိုက်ပြန်သည်။
ရွှေရောင်ကျောက်တုံးရုပ်ကလည်း မငြင်း၊ ပေးသမျှအကုန်လုံးကို လက်ခံပြီး တစ်ခုပြီးတစ်ခု ကိုက်ဝါးမြိုချလေသည်။
ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ကြည့်ရင်း ရန်ကိုင် သက်ပြင်းချမိလိုက်သည်။ လက်ရှိ အခြေအနေသည် လုံးဝ မွေးမလာသည်နှင့်ယှဉ်လျှင် ပိုကောင်းသော်လည်း အကောင်းကြီးတော့ မဟုတ်လှချေ။ သူတတ်နိုင်သလောက် ကြိုးစားခဲ့သည်တိုင် ဥာဏ်ရည်နိမ့်ပါးလွန်းသော ရွှေရောင် ကျောက်တုံးရုပ်သေးရုပ်ကိုသာ မွေးဖွားပေးနိုင်ခဲ့သည်။
ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ကြည့်ရင်း ရန်ကိုင် တစ်ခုခုကို ပြန်သတိရသွားသည်။ ထို့နောက် မျက်မှောင်ကြီးကြုတ်လျက် အတွေးရေယာဉ်ကြောထဲ နစ်မြောသွားလေတော့သည်။
မကြာမီ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို သေချာစတင် လေ့လာတော့သည်။ လေ့လာနေရင်း ရန်ကိုင် တဖြည်းဖြည်း စိတ်လှုပ်ရှားသည်ထက် စိတ်လှုပ်ရှားလာခဲ့လေသည်။
ရွှေရောင်ရုပ်သေးရုပ် လှုပ်ရှားလာနိုင်အောင် မည်ကဲ့သို့ လုပ်ရမည်လဲ ဆိုသည်ကို ရန်ကိုင် သိသွားခဲ့လေပြီ။
ရွှေရောင်ရုပ်သေးရုပ်သည် သူတို့ ပြောသည်ကို ပြန်လည် မတုန့်ပြန်နိုင်ခြင်းမှာ ၎င်း၏ မပြည့်စုံသော အသိစိတ်ကြောင့်ဖြစ်သည်။ သူသာ ထိုပြဿနာကို ဖြေရှင်းလိုက်နိုင်လျှင် လက်ရှိ အခက်အခဲကို ဖြေရှင်းလိုက်သလို ဖြစ်သွားလေပြီ။ ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်၏ မပြီးပြည့်စုံသော အသိစိတ်ကို ပြန်လည် မကုသပေးနိုင်သော်လည်း အခြား တစ်ခုဖြင့် အစားထိုးပေးနိုင်ပေသည်။ ရွှေရောင်ရုပ်သေးရုပ်သည် သူ့ဝိဥာဉ်ခွဲထွက်ခြင်း ပညာရပ်ကို အသုံးပြုရန်အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
ထုန်းရွှမ်လောကကြီးရှိ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိစဉ်က တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်တစ်စက်ို ရခဲ့သည်။ ထိုရွှေရောင်သွေးစက်ကို သန့်စင်ပြီးနောက်တွင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားပညာရပ် တစ်ခုဖြစ်သော ဝိဥာဉ် ခွဲထွက်ခြင်း ပညာရပ်ကို နားလည်နိုင်ခဲ့လေသည်။
ဝိဥာဉ်ခွဲထွက်ခြင်း ပညာရပ်ကို ကျင့်ကြံထားနိုင်ခဲ့သော်လည်း သင့်လျော်သော အစားထိုး ခန္ဓာကိုယ်ကို ရှာမတွေံသဖြင့် သူ့အသိစိတ်ပင်လယ်ထဲတွင်သာ ထိန်းသိမ်းထားခဲ့ရသည်။
ကြယ်စီရင်စုထဲသို့ ဝင်လာပြီးနောက် လွင့်မျောတိုက်ကြီးထဲတွင် ပိတ်မိကာ ကွေ့ဇူ၏ စေခိုင်းမှုကြောင့် ဟင်းလင်းပြင်အစီအရင်ကို စမ်းသပ်ခဲ့ရသည်။ ထိုစဉ်က သူကိုယ်တိုင် မစမ်းသပ်ဘဲ သူ့ဝိဥာဉ်ကိုယ်ပွားကိုသာ စေခိုင်းခဲ့သည်။ အကျိုးဆက် အနေဖြင့် ဝိဥာဉ်ကိုယ်ပွား ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ရကာ ပျက်စီးလုမတတ်အထိ ဖြစ်သွားခဲ့ရသည်။ သို့သော် နှစ်ပေါင်းများစွာကြာအောင် ပြန်လည် ကုစာပြီးနောက် ဝိဥာဉ်ကိုယ်ပွားလည်း အကောင်းအတိုင်း ပြန်ဖြစ်လာခဲ့ရသည်။ အကောင်းအတိုင်း ပြန်ဖြစ်လာရုံတင် မဟုတ်ဘဲ ယခင်ကထက်ပင် အများကြီး ပိုအားကောင်းလာခဲ့ပေသေးသည်။
ဝိဥာဉ်ကိုယ်ပွားသည် သူ့ကိုယ်ပိုင်စိတ်နှင့် လှုပ်ရှားနိုင်သော ဝိဥာဉ်တစ်မျိုး ဖြစ်ပြီး အလွန်ကိုမှ ထူးခြားသော သက်ရှိမျိုးတစ်တစ်ခု ဖြစ်သည့်အတွက် ထိုအရာ ဖျက်စီးခံလိုက်ရလျှင်ပင် ရန်ကိုင်အား ဘာမှ ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၀၉)
ဝိဥာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သင့်လျော်သော ခန္ဓာကိုယ်တစ်ခုကိုသာ ရှာတွေ့သရွေ့ အသိဥာဏ်ရှိသော သူ့ကိုယ်ပွားတစ်ခု ဖန်တီးနိုင်မည်ဖြစ်ကြောင်း ရန်ကိုင် သိခဲ့သည်။ သူ့အစစ်အမှန် ခန္ဓာကိုယ် သွား၍ အဆင်မပြေသည့် နေရာများဆီသို့ သူ့ကိုယ်ပွားကို စေလွှတ်၍ ရပေသည်။ ဥပမာပြရသော် ယန်ယန်ပင်၊ ယန်ယန်ည် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေသည်။
မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင်အဆင့်သာ ဖြစ်သော်လည်း ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ လျှို့ဝှက်နည်းစနစ်နှင့် ပြိုင်ဆိုင်နိုင်သော လျှို့ဝှက်နည်းစနစ် တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်သည် အသိစိတ်မရှိသော်လည်း အလွန်ကိုမှ အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ ဝိဥာဉ်ကိုယ်ပွားအတွက် အသင့်တော်ဆုံး ခန္ဓာကိုယ်ပင် မဟုတ်လေလော။
ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ကြည့်ရင်း ရန်ကိုင် အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူအောင်မြင်မည်လား၊ ကျဆုံးမည်လား မသိသော်လည်း ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ဤအတိုင်း ထားလိုက်ခြင်းထက် အများကြီး ပိုကောင်းပေသည်။
ရှောင်ရှောင်အား စောင့်ကြပ်ခိုင်းထားပြီးနောက်တွင် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ရှေ့ တင်ပလင်ခွေ ထိုင်ချလိုက်သည်။ မကြာဆီ သူ့ဆီမှ အားကောင်းသော စိတ်စွမ်းအင်လှိုင်း နှင့်အတူ ဝေဝါးဝါးပုံရိပ်တစ်ခု သူ့နဖူးဆီမှ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် အနည်းငယ် ဝေဝါးနေသော်လည်း သေချာ အနီးကပ် ကြည့်လိုက်မည်ဆိုပါက ရန်ကိုင် ဆင်တူသည်ကို တွေ့မြင်နိုင်ပေသည်။ ထိုအရာသည် ရန်ကိုင် ကျင့်ကြံထားသည့် ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေသည်။ အပြင်သို့ ရောက်လာသည်နှင့် ဝိဥာဉ်ကိုယ်ပွားသည် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်၏ နဖူးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
…………
အထက်စကြာဝဠာဂိုဏ်း၏ ခန်းမကြီးထဲတွင် အကြီးအကဲချုပ် ရီရှီယွင်၏ ဦးဆောင်မှုဖြင့် ဂိုဏ်း၏ တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး စုဝေးနေခဲ့ကြသည်။ ဝူရီနှင့် ချင်းယွဲ့တိုသည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့တင်သာ မဟုတ်ဘဲ ချင်းတုန်နှင့် ဖေးကျီတုတို့သည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ အကုန်လုံး၏ ရှေ့မှောက်တွင် တွင်ရှိနေသော လက်ဖက်ရည်ခွက်များပင် အေးစက်နေခဲ့လေပြီ။
“ဂိုဏ်းချုပ် ဘယ်သွားနေတာလဲ။ ကျုပ်တို့သူ့ကို မတွေ့တာ တစ်လလောက် ရှိသွားပြီ။ တပည့်တွေကိုလည်း သွားစစ်ဆေးခိုင်းကြည့်ပြီးပြီ။ သူ့ကို ပထမကောင်းကင်နန်းတော်မှာလည်း မတွေ့ဘူး” ချန်ချီက ရီရှီယွင်ဘက်သို လှည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်သည် “အကြီးအကဲချုပ်၊ ဂိုဏ်းချုပ် ဘယ်ရောက်နေလဲသိလား”
“သူဂိုဏ်းထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် သူဘယ်ရောက်နေလဲတော့ ဒီဘုရင်မ မသိဘူး။ သူပုံမှန်မဟုတ်တဲ့ ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတာ ဖြစ်လောက်တယ်။ ဒါကြောင့် ငါသူ့ကို သွားမနှောင့်ယှတ်တာ။ ဒီအတိုင်းပဲ စောင့်လိုက်ကြတာပေါ့” ရီရှီယွငက် ပြန်ပြောလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အနည်းငယ် ဝေးကွာသော တောင်တစ်တောင်ဆီမှ ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်သည်။ ရန်ကိုင် ကျင့်စဉ် တစ်ခုခုကို ကျင့်ကြံနေသည်ဟု ထင်သည့်အတွက် သူ့အား သွားမနှောင့်ယှတ်ခဲ့ခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ် ပြန်လာဖို့ သိပ်မကြာလောက်ဘူး။ နောက်ဘာ ဆက်လုပ်မလဲ ဆိုတာကို ဒီဘုရင်မနဲ့ တိုင်ပင်ပြီးသွားပြီ။ သူ့အစီအစဉ်နဲ့ ဘာပြဿနာမှ မရှိဘူး။ အစီအစဉ်အရ ဆိုရင်တော့ အကြီးအကြတွေ အကုန်လုံး လိုက်ရမယ်။ ဝူရီတို့ ချင်းယွဲ့တို့ကတော့ ဂိုဏ်းမှာ နေရစ်ခဲ့ရမယ်”
“ဟုတ်ကဲ့” ဝူရီနှင့် ချင်းယွဲ့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
“အကြီးအကဲဟွမ်ကျွမ်းက အဆင့်ချိုးဖျက်နေတုန်းဆိုတော့ သူကို သေချာလေး ဂရုစိုက်ပေးလိုက်ကြဦး။ ပြီးတော့ ရှိသေးတယ်။ ယွမ်အာကိုလည်း သေချာ စောင့်ကြည့်ဦး။ အဲ့မိန်းကလေးက အားနေရင် ဆော့ဖို့ချည်းပဲ။ ငါတို့ ထွက်သွားရင် သူသေချာ လေ့ကျင့်လား၊ မလေ့ကျင့်ဘူးလား စောင့်ကြည့်ထား”
“အကြီးအကဲချုပ် စိတ်မပူပါနဲ့။ အကြီးအကဲချင်းယွဲ့နဲ့ ကျွန်မက ဂိုဏ်းကို သေချာ တာဝန်ယူ စောင့်ရှောက်ထားလိုက်ပါ့မယ်။ အကြီးအကြတို့ပဲ လုံလုံခြုံခြုံနဲ့ ပြန်လာပေးကြပါ” ဝူရီက အလေးအနက် လေသံဖြင့် ပြောလိုက်သည်။
“ကြယ်သင်္ဘောက မဒမ်ကိုယ်တိုင် ဖန်တီးထားတာဆိုတော့ ဘာပြဿနာမှ မရှိလောက်ဘူး။ ဟုတ်သားပဲ။ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို သင်္ဘောပေါ် တင်ပြီးသွားပြီလား”
“တင်ပြီးသွားပါပြီ”
“ကောင်းတယ်” ရီရှီယွင်သည် အသာအယာ ခေါင်းညိတ်လိုက်ပြီး ချင်းတုန်နှင့် ဖေးကျီတုတို့ဘက်သို့ လှည့်၍ “ဂျူနီယာတို့ နှစ်ယောက်ကိုလည်း လိုက်ခဲ့ဖို့ ငါပြောရဦးမယ်”
“စီနီယာအစ်မရီ အရမ်း ယဉ်ကျေးနေတာပဲ” ချင်းတုန်က ရယ်သွမ်းသွေးလျက် “ဖေးအိုကြီးနဲ့ ကျုပ်တို့ နှစ်ယောက်စလုံး အလစ်ချောင်းတိုက်ခံရတာ ရန်ကိုင် ကယ်လို့သာပေါ့၊ မဟုတ်ရင် မျက်မြင်သက်သေ မကျန်အောင် တစ်ခါတည်း နှုတ်ပိတ်သတ်ခံရမှာ။ အဲ့ဒါကို ကျုပ်တို့ဘက်ကလည်း ဘယ်လိုလုပ်ပြီး ငြိမ်ခံနေလို့ ဖြစ်ပါ့မလဲ”
ဖေးကျီတုကလည်း ခေါင်းညိတ်ထောက်ခံလိုက်ရသည်။ ဖန်ဖုန်းနှင့် ချူကျန်းတို့၏ လက်ချက်ကြောင့်သာ မဟုတ်လျှင် သူ့ကျင့်ကြံခြင်းအဆင့်လည်း လျှောကျသွားခဲ့ရလိမ့်မည် မဟုတ်ချေ။ သူ့ဆံပင်များ မီးခိုးရောင်သို့ ပြောင်းသွားရုံမက သူ့ကျင့်ကြံခြင်းလည်း တစ်ဆင့် နိမ့်ကျသွားခဲ့ရသည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည် ချင်းတုန် အလွန်ကိုမှ ဒေါသထွက်ရသည်။
“ဟန်၊ ဂိုဏ်းချုပ် ပြန်လာပြီပဲ” ရီရှီယွင်၏ အမူအရာ အပြောင်းလဲသွားပြီး ခန်းမ ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ ပြောသည်ကို ကြားသည့်အခါ အခြားသူများလည်း ခန်းမ ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
သူမ ပြောသည့်အတိုင်း သူတို့ဆီသို့ အလင်းတန်းတစ်ခု ပျံသန်းလာနေခဲ့သည်။ အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် ရန်ကိုင်၏ ပုံရိပ် ထွက်ပေါ်လာခဲ့လေသည်။ သူ့ကြည့်ရသည်မှာ အနည်းငယ် ပင်ပန်းနွမ်းနွယ်နေပုံ ပေါက်သော်လည်း သူ့မျက်လုံးများမှာမူ တောက်ပသော စွမ်းအင်တို့ဖြင့် ဖြာထွက်နေခဲ့လေသည်။
“ဂိုဏ်းချုပ် အခွင့်အလမ်း တစ်ခုခုနဲ့ ကြုံခဲ့တာလား” ရီရှီယွင်သည် တစ်ခုခုကို သတိပြုမိသွားခဲ့သည်။
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းသာ ညိတ်ပြလိုက်ပြီး အကြောင်းစုံကိုတော့ ရှင်းပြမနေခဲ့ချေ။ ခန်းမတစ်ဝိုက်ကို ဝေ့ကြည့်လိုက်ပြီးနောက် အလေးအနက် လေသံဖြင့် မေးလိုက်သည် “အကုန်လုံး ပြင်ပြီးသွားပြီလား”
“ပြင်ပြီးသွားပြီ”
“အဲ့ဒါဆို စထွက်ကြတာပေါ့” ရန်ကိုင်က တောက်ပစွာ ပြုံးလိုက်လေသည်။
ထိုစကားနှင့်အတူ အကုန်လုံး ထိုင်ရာမှ ထလိုက်ကြသည်။
အကုန်လုံးသည် ပွင့်နေသော ကြယ်သင်္ဘော၏ တံခါးပေါက်မှတစ်ဆင့် အထဲသို့ ဝင်သွားခဲ့ကြသည်။ အကုန်လုံး ဝင်သွားပြီးနောက် ကြယ်သင်္ဘော၏တံခါး ပြန်ပိတ်သွားပြီး ကြယ်သင်္ဘောသည်လည်း လျှပ်စီးတန်းကဲ့သို့ အမြန်နှုန်းဖြင့် အားလုံး၏ မြင်ကွင်းဆီမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
…………
ကောင်းကင်တိုက်ပွဲမြို့တော်သည် အလွန်ကိုမှ ကျယ်ဝန်းပြီး လူသန်းပေါင်းများစွာ နေထိုင်ကြသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ဤမြို့တွင် ဂိုဏ်းအသီးသီးမှ ဖွင့်လှစ်ထားသော ဆိုင်ခန်း အသီးသီးလည်း ရှိကြပေသည်။ ဤနေရာသည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ဠာနချုပ်လည်း ဖြစ်ပေ၏။
အရိပ်ကြယ်၏ မဟာအင်အားစုကြီး နှစ်ခုအနက် တစ်ခုဖြစ်သည်နှင့်အညီ ကောင်းကင်တိုက်ပွဲမြို့တော်သို့ လူပေါင်းများစွာ လာရောက်ကြသည်။ အချို့သည် ကောင်းကင် တိုက်ပွဲ အစည်းအရုံးထဲသို့ ဝင်လိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ပြီး အချို့မှာမူ အခွင့်အလမ်းများကို ရှာဖွေရင်း လာရောက်ကြခြင်း ဖြစ်သည်။ အချို့မူကာ သူတော်စင် သလင်းကျောက် ရှာဖွေရန်အတွက် ဆိုင်ခန်းများ လာဖွင့်ကြခြင်းဖြစ်သည်။
ကောင်းကင်တိုက်ပွဲမြို့တော်ကို အတွင်းမြို့တော်နှင့် အပြင်မြို့တော်ဟူ၍ နှစ်ပိုင်း ခွဲထားပေသည်။ အပြင်မြို့တော်သည် ပြင်ပ ကျင့်ကြံသူများနှင့် ကူးလူးဆက်သွယ်သည့် နေရာ တစ်ခုဖြစ်ကာ ထိုနေရာတွင် ဆိုင်ခန်းပေါင်းများစွာကို မြင်တွေ့နိုင်သည်။ အတွင်းမြို့တော်ကိုမူ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ တပည့်များသာ ဝင်နိုင်ပေသည်။
ကောင်းကင်တိုက်ပွဲမြို့တော် အရိပ်ကြယ်ပေါ်တွင် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီ ရှိနေခဲ့လေပြီ။ အချိန်ကြာလာသည်နှင့်အမျှ ဤမြို့ကြီးသည် ပိုပို၍ စည်ပင် တိုးတက်လာခဲ့ရသည်။ ဤမြို့ တိုးတက်လာသည့်အလျောက် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ခွန်အားလည်း မြင့်တက်လာခဲ့ရလေသည်။ သို့သော် အင်အားစုကြီးတိုင်းတွင် ရန်သူနှင့် မိတ်ဆွေ ဆိုသည်မှာ ရှိတတ်ကြစမြဲ။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည်လည်း အတူတူပင်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း တိုက်ပွဲတိုင်းကို ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့သည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံး အားအနည်းဆုံး အချိန်တွင်းပင် ထိုဘေးကပ်ဆိုးကြီးများမှ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့သည်။
အန္တရာယ်အများဆုံး အခိုက်အတန့်ကို ပြောပါဆိုလျှင် ရှေးဟောင်းယန်ဂိုဏ်းက အင်အား အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်သည့် အဖြစ်အပျက်ကို ပြောရပေလိမ့်မည်။
ထိုစဉ်က ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းအပြင် ရှေးဟောင်း ယန်ဂိုဏ်းဆိုသော ဂိုဏ်းတစ်ဂိုဏ်းလည်း ရှိသေးသည်။ ရှေးဟောင်းယန်ဂိုဏ်းသည် လက်ရှိ အရိပ်ကြယ်၏ ထိပ်သီးအင်အားစုကြီး နှစ်ခုနှင့် အဆင့်တူဖြစ်ရုံမက ပို၍ပင် အားကောင်းသေး၏။ ထိုစဉ်က ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ဂိုဏ်းသုံးဂိုဏ်းတွင် အားအနည်းဆုံးဂိုဏ်း ဖြစ်သည်။
ရှေးဟောင်းယန်ဂိုဏ်းသည် ၎င်းတို့၏ လက်ရွေးစင်များကို စေလွှတ်ကာ ကောင်းကင်တိုက်ပွဲအစည်းအရုံးအား တိုက်ခိုက်ခဲ့သည်။ အင်အား မမျှသည့်အတွက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးအနေဖြင့် ဂိုဏ်း၏ အကာအကွယ် အစီအရင်ကို အားကိုးပြီး ခုခံရုံသာ တတ်နိုင်ခဲ့သည်။ ထိုစဉ်က ဂိုဏ်းပျက်စီးမည့် အရေးနှင့် ရင်ဆိုင်ခဲ့ရသော်ငြား နောက်ဆုံးတွင် ရှေးဟောင်းယန်ဂိုဏ်းကို ပြန်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။
ထိုစဉ်က ကောင်းကင်တိုက်ပွဲအစည်းအရုံး အားကိုးအားထား ပြုခဲ့ရသော အစီအရင်သည် မဟာရေခဲဝိဥာဉ် စည်းတံဆိပ် အစီအရင်ကြီးသာ ဖြစ်လေသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ၎င်းတို့၏ ဠာနချုပ်ကို ကောင်းကင်တိုက်ပွဲမြို့တော်တွင် တည်ခဲ့ရခြင်းမှာ အတွင်းမြို့တော် အောက်ဘက်တွင် ရှိနေသော ရေခဲဝိဥာဉ်ကျောက်စိမ်းစမ်းကြောင့်ဟု ပြောကြသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ထိုရေခဲဝိဥာဉ်ကျောက်စိမ်းစမ်းကို အစီအရင် အမြူတေအဖြစ် အသုံးပြု၍ မဟာရေခဲဝိဥာဉ် စည်းတံဆိပ် အစီအရင်ကြီးကို ခင်းကျင်းခဲ့ကြသည်ဟု ဆိုကြသည်။
ထိုတိုက်ပွဲကြီးနောက် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ မဟာရေခဲဝိဥာဉ် စည်းတံဆိပ် အစီအရင်အကြောင်း အရိပ်ကြယ်တွင် မသိသူ မရှိလောက်အောင် ဖြစ်လာခဲ့ရသည်။ နောက်ပိုင်း၌ ရှေးဟောင်းယန်ဂိုဏ်းသည် ကြယ်ဧကရာဇ်တောင်ကို ရန်စမိလိုက်ပြီး အလုံးစုံ သုတ်သင်ခြင်း ကပ်ဘေးနှင့် ရင်ဆိုင်လိုက်ရကာ အရိပ်ကြယ်ပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရသည်။ ယခု ရှေးဟောင်းယန်ဂိုဏ်း တည်ရှိခဲ့ဖူးသော နေရာသည် သင်္ချိုင်းတောင်ကြား အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ရှေးဟောင်းယန်ဂိုဏ်း မရှိတော့သည့်နောက်ပိုင်းတွင် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၍သည် ပိုပို၍ အားကောင်းလာခဲ့လေသည်။ ယခု အရိပ်ကြယ်၏ မဟာအင်အားစု နှစ်ခု ဖြစ်လာပြီးနောက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ကြယ်ဧကရာဇ်တောင်မှ အပ မည်သည့် အင်အားစုကိုမှ မျက်လုံးထဲ မထည့်တော့ချေ။
သို့သော် လွန်ခဲ့သော နှစ်လခန်းမက ကောင်းကင်တိုက်ပွဲ မြို့တော်၏ အပြင်မြို့တော်အတွင်း ကောလဟာလအချို့ ပျံ့နှံ့လာခဲ့သည်။
ထိုကောလဟာလသည်ကား ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် သူတို့ ရန်စမသင့်သည့် အင်အားစုတစ်ခုကို သွားရန်စမိလိုက်သည့်အတွက် ဓါးသွားပေါ် လမ်းလျှောက်နေရသည့် အဖြစ်နှင့် ကြုံနေရသည်ဟူသော သတင်းပင်။ ထိုသတင်းကို ကြားလိုက်သည့်အခါ လူဆယ်ယောက်အနက် ကိုးယောက်လောက်က မယုံကြည်ကြချေ။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို မည်သူကများ ကြောက်အောင် လုပ်နိုင်လို့သနည်း။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို လာရန်စဖို့ရာ မဆိုထားနှင့်၊ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ သွားရန်မစလျှင်ပင် ကျေးဇူးတင်သင့်နေလေပြီ။ အရိပ်ကြယ်ပေါ်တွင် ကြယ်ဧကရာဇ်တောင်မှ လွဲ၍ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို မည်သူမှ မဖိနှိပ်နိုင်ချေ။ မိုးကြိုးမုန်တိုင်းဂိုဏ်းပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ပေ။
သို့သော်လည်း မီးခိုးရှိလျှင် မီးဆိုသည်မှာ ရှိစမြဲပင်။ မီးမရှိဘဲ မီးခိုးထွက်လိမ့်မည် မဟုတ်လေရာ၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ပြင်ပတွင် ရှိနေသော သူတို့လူများကို ပြန်ခေါ်သည့် အပြုအမူ၊ တပည့်များအား အတွင်းမြို့တော်မှ ထွက်ခွင့်မပြုသော အပြူအမူတို့သည့် ကျင့်ကြံသူများကြား အမျိုးမျိုးသော အထင်အမြင်များကို ဖြစ်ပေါ်လာစေခဲ့သည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် အရိပ်ကြယ်ပေါ်တွင် သူတို့ စိတ်ရှိသလို ပြုမူလှုပ်ရှားနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ သူတို့၏ အမိန့်ကို လွန်ဆန်သည့် အင်အားစုတိုင်း ဖျက်စီးခံရသည်။
အချို့ဆိုလျှင် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ကြယ်ဧကရာဇ်တောင်ကို ရန်စမိပြီး ရှေးဟောင်းယန်ဂိုဏ်း၏ လမ်းစဉ်အတိုင်း လိုက်ရတော့လေမလားဟုပင် တွေးတောမိကြသည်။ ထိုသို့သာဆိုလျှင် အတော်လေးတော့ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ကောင်းကင်တိုက်ပွဲမြို့တော်၏ အခြေအနေသည် ယခင်နှင့် မတူဘဲ အတော်လေးကိုမှ ကွဲပြားနေခဲ့သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ တပည့်များသည်လည်း တိုက်ပွဲအတွက် ပြင်ဆင်နေသည့်အလား အရင်းအမြစ်များကို အစုလိုက်အပြုံလိုက် ဝယ်ယူနေကြ၏။
လက်ရှိတွင် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူနှစ်ယောက်သည် မြို့ပေါ်တွင် ဖြည်းဖြည်းချင်း ပျံသန်းနေကြသည်။ ထိုနှစ်ယောက်သည် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သာမန် တပည့်များနှင့် မတူသည်ကား သူတို့ ဝတ်ထားသည့် ဝတ်စုံပေါ်တွင် နှစ်ခုစုံထပ်နေသော ဓါးအမှတ်အသား ရှိနေခြင်းပင်။ ထိုအမှတ်အသားအရ… ထိုနှစ်ဦးသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားများ ဖြစ်ကြပေသည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် မြို့ကို စောင့်ကြပ်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားများ ထားထားရသည်။ တစ်ယောက်ယောက်မှ ကောင်းကင်တိုက်ပွဲအစည်းအရုံးက ချမှတ်ထားသော စည်းကမ်းများကို ချိုးဖျက်နေသည်ဟု တွေ့ရှိသွားလျှင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားများ၏ အပြစ်ပေး အရေးယူခြင်း ခံရပေလိမ့်မည်။
သာမန် မပြောပလောက်သော ကိစ္စမျိုးဆိုလျှင် သူတော်စင်သလင်းကျောက် အချို့ဖြင့် ပြီးဆုံးသွားနိုင်သော်လည်း ပြင်းထန်သော စည်းကမ်း ချိုးဖောက်မှုမျိုး ဆိုလျှင်တော့ ကွပ်မျက်မိန့်ထိ ချခံရနိုင်ပေသည်။ လက်ရှိတွင် ထိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အသားနှစ်ယောက် စိုးရိမ်ပူပန်နေခဲ့ကြသည်။
“ဘာတွေဖြစ်နေလဲ အစ်ကိုဟွမ်သိလား။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ် ပြန်ရောက်လာကတည်းက အမိန့်တွေ တောက်လျှောက် စွတ်ပေးနေတာ။ အခုဆိုရင်လည်း အရင်းအမြစ်တွေ ဝယ်ဖို့ တပည့်တွေကို အမိန့် ထပ်ပေးနေပြန်ပြီ။ ကျုပ်တို့ ကောင်းကင် တိုက်ပွဲအစည်းအရုံး အခြား အင်အားစုတစ်ခုနဲ့ တကယ်ကြီး စစ်ဖြစ်ရတော့မှာလား” ဘယ်ဘက်တွင် ရှိနေသော ဆံပင်တိုတိုနှင့် လူကြီးက မယုံသင်္ကာလေသံဖြင့် မေးလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၁၀)
“အစ်ကိုချူ လူမှားမေးနေတာပဲ။ ကျုပ်တို့နှစ်ယောက်က အဆင့်အတူတူပဲကို၊ အစ်ကိုချူတောင် မသိတာကို ဒီဟွမ်က ဘယ်လိုလုပ်ပြီး သိမှာတုန်း” ညာဘက်တွင် ရှိနေသော လူကြီးက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြန်ပြောလိုက်သည်။
ဆံပင်တိုတိုနှင့် လူအိုကြီးက ရယ်သွမ်းသွေးလျက် “အစ်ကိုဟွမ်က အရမ်း နှိမ့်ချနေတာပဲ။ ကျုပ်တို့ နှစ်ယောက်စလုံးက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားတွေ ဆိုပေမယ့် အစ်ကိုဟွမ်က အဖွဲ့ထဲကို အပြင်ကနေ ဝင်လာခဲ့တာလေ။ အစ်ကိုဟွမ် အကြီးအကဲချုပ်မိုနဲ့ သိတယ်ဆိုတာကို ကျုပ်အစောကြီးကတည်းက ကြားထားပြီးသား။ အကြီးအကဲချုပ်နဲ့ သိနေတာကို ဘယ်လိုလုပ်ပြီး ဒီအကြောင်း မသိတာ ဖြစ်နိုင်ပါ့မလဲ”
ထိုစကားကို ကြားသည့်အခါ ညာဘက်တွင် ရှိနေသော လူကြီးက ဂုဏ်ယူစွာဖြင့် “ကျုပ် အကြီးအကဲချုပ်မိုနဲ့ သိတယ်ဆိုရင်တောင် ကျုပ်တို့နှစ်ယောက်က သွေးဝေးတဲ့ ဆွေမျိုးတွေပဲ။ ကျုပ်တို့သာ တကယ်ရင်းနှီးတယ်ဆိုရင် အခုလို အပြင်မြို့တော်ဆီလာပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သား လာလုပ်နေရမှာ မဟုတ်ဘူး။ အတွင်းမြို့တော်မှာ အကြီးအကဲရာထူး ရနေလောက်ပြီ”
“အဲ့လိုဆိုပေမယ့် အစ်ကိုဟွမ်မှာ အတွင်းမြို့တော်ဆီသွားဖို့ ပိုအခွင့်အရေး များတယ်လေ။ အစ်ကိုဟွမ်ရဲ့ အရည်အချင်းနဲ့ဆို အတွင်းမြို့တော်မှာ နောက်ထပ် နည်းနည်းလောက် နေလိုက်တာနဲ့ တန်ခိုးရှင်ဒုတိယအဆင့်ကို ကျိန်းသေ ချိုးဖျက်မှာ။ ပြောရင်းနဲ့တောင် အစ်ကိုဟွမ်ကို မနာလိုချင်လာပြီ။ တစ်နေ့ အစ်ကိုဟွမ် ရာထူးတိုးသွားခဲ့ရင် ဒီချူကိုလည်း မေ့မထားနဲ့ဦးနော်”
“ဘယ်လိုလုပ်ပြီး မေ့လို့ ဖြစ်ပါ့မလဲ။ ကျုပ်တို့ ခင်လာတာ ဒီလောက် ကြာနေပြီကို၊ အစ်ကိုချူလည်း ကျုပ်အပေါ် ကောင်းပေးတာပဲ။ ကျုပ်လည်း အစ်ကိုချူအပေါ် ပြန်ကောင်းပေးရမှာပေါ့” ထိုလူကြီး စိတ်ကောင်း ဝင်နေသည့်ပုံပင်။ ဘေးပတ်ပတ်လည်သို့ တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး အနီးအနားတွင် မည်သူမှ မရှိမှန်း သေချာသွားသည့်နောက် လေသံတိုးတိုးဖြင့် “ဘာတွေ ဖြစ်နေလဲဆိုတာတော့ ကျုပ်လည်း သေချာမသိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အကြီးအကဲချုပ်ကို တစ်ခုခု သွားမေးမလို့လုပ်တုန်း သူနဲ့ ဂိုဏ်းချုပ် ရန်ကိုင်ဆိုတဲ့ ကောင်လေးအကြောင်း ပြောနေတာ ကြားလိုက်တယ်”
“ရန်ကိုင်လား” ဆံပင်တိုတိုနှင့် လူအိုကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုနာမည်ကို ရင်းနှီးနေသလိုပင်။ သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် မှတ်မိသွားခဲ့ပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် “အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ပြောနေတာလား”
“ဟုတ်တယ်။ အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ” လူအကြီးက ခေါင်းညိတ်ပြလိုက်သည်။
“အို။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ် ဘာလို့ သူ့အကြောင်း ပြောနေတာလဲ။ ဖြစ်နိုင်တာက ဒီကိစ္စက သူနဲ့များ ပက်သက်နေတာလား”
“အရင်တစ်ခေါက်တုန်းက ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ် သူ့ကိုဖမ်းဖို့ လူတွေခေါ်ပြီး ထွက်သွားသေးတယ်။ ဒါပေမယ့် ဖမ်းမလာနိုင်ခဲ့ဘူး။ မိမသွားတာကိုတောင် ကံကောင်းတယ်လို့ မမှတ်ဘဲ အဲ့ကောင်က ထွက်မပြေးသွားခင် ကျုပ်တို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကိုပါ ခြိမ်းခြောက်သွားသေးတယ်။ တစ်နေ့ကျရင် ကျိန်းသေ ပြန်လက်စားလာချေမယ် ဆိုပြီးတော့”
“ဘယ်လို၊ ဘယ်လို၊ ကျုပ်ကို ကောင်းကင်တိုက်ပွဲအစည်းအရုံးကို ပြန်လက်စားချေမယ်၊ ဟုတ်လား။ အဲ့ကောင် ရူးနေတာလား” ဆံပင်တိုတိုနှင့် လူကြီးက လှောင်ရယ်ရယ်လျက် “သူလို ဘာမဟုတ်တဲ့ ဂျူနီယာတစ်ယောက်က ကျုပ်တို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို လက်စားချေချင်တယ်ပေါ့။ သူသေချင်နေတာလား”
“ကျုပ်လည်းမသိဘူး”
“ဒါပေမယ့်… သူလက်စားလာချေမယ်ဆိုရင်တောင် ဘာမှ ကြောက်စရာ မရှိတာကို ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ် ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ။ ကျုပ်တို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးက သူ့ကို တကယ်ကြီး ကြောက်နေတာလား”
“အခုအခြေအနေကို ပေါ့သေးသေး သွားမတွက်နဲ့ အစ်ကိုချူရဲ့” ဟွမ်မျိုးရိုးနှင့်လူက အလေးအနက် အမူအရာဖြင့် “အဲ့ကောင်က တန်ခိုးရှင်ပထမအဆင့်ပဲ ရှိသေးတာ မှန်တယ်။ တကယ်ဆို သူက ဘာမှကြောက်စရာရှိတာ မဟုတ်ဘူး။ ကျုပ်တို့တောင် အဲ့ကောင်ကို အသာလေး အနိုင်ယူလို့ရတယ်။ ဒါပေမယ့် သူ့အထက်စကြာဝဠာဂိုဏ်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောရှိတာကို မေ့မထားနဲ့ဦးလေ”
ထိုစကားကို ကြားလိုက်သည့်အခါ ဆံပင်တိုတိုနှင့် လူကြီး မျက်နှာပျက်သွားပြီး ခေါင်းညိတ်၍ “ငါလည်း အဲ့တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအကြောင်း ကြားဖူးတယ်။ ဒါပေမယ့် သူတို့မှာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ရှိတော့ကော ဘာဖြစ်လဲ။ ငါတို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးက အားနည်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းမှ မဟုတ်တာ။ သူ့ကြယ်သင်္ဘောနဲ့ လာတိုက်မယ်ဆိုရင်တောင် ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်သလိုပဲ ဖြစ်နေမှာ။ ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး။ သူလာတိုက်တာကို ကျုပ်တို့ ဂိုဏ်းရဲ့ သန်းနဲ့ချီတဲ့ လက်ရွေးစင်တပည့်တွေက ထိုင်ကြည့်နေမှာမှ မဟုတ်တာ”
“အစ်ကိုချူ ပြောတာလည်း ဟုတ်သား။ ကြယ်သင်္ဘောဆိုရင်တောင် သူတို့ ကြယ်သင်္ဘောက သေးသေးလေး၊ ဘာမှကြောက်စရာ ရှိတာ မဟုတ်ဘူး။ အကြီးအကဲချုပ်နဲ့ ဂိုဏ်းချုပ်ကကို အရမ်း သတိကြီးလွန်းနေတာပဲ ဖြစ်ရမယ်” မျိုးရိုးနာမည်ဟွမ်နှင့် လူကြီးက ထောက်ခံဟန်ဖြင့် ရယ်မောလိုက်သည်။
သို့သော်လည်း ထိုသို့ ရယ်မောစဉ် သူ့ရယ်သံတို့ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ အစ်ကိုဟွမ်” ဆံပင်တိုတိုနှင့် လူအိုကြီးက မျိုးရိုးနာမည်ဟွမ်နှင့် လူကြီးကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအကြီးအကဲသည် ပြန်မဖြေသေးဘဲ မိုးကုတ်စက်ဝိုင်းဆီသို့သာ စိုက်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ “အစ်ကိုချူ။ ကြည့်ကြည့်လိုက်။ ကျုပ်တို့ဆီ တစ်ခုခု လာနေတယ်”
“ဘာလာနေတာလဲ” ဆံပင်တိုတိုနှင့် လူအိုကြီးသည်လည်း သူ့မိတ်ဆွေ ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်တိုက်ပွဲ အစည်းအရုံးဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသော အနက်ရောင် အစက်လေးတစ်စက်ကို တွေ့လိုက်ရလေသည်။
အနက်ရောင် အစက်လေးသည် အစပိုင်းတွင် သေးသေးလေး ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့် တဖြည်းဖြည်း ကြီးမားလာခဲ့ကာ မကြာခင်တွင် ၎င်း၏ အနားသတ် ပုံရိပ်တို့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအရာသည် မည်းနက်နေသော ရှည်မျောမျော ကြယ်သင်္ဘောတစ်စင်းသာ ဖြစ်ပေသည်။
မျက်တောင်တစ်ခတ်အတွဝင်း ကြယ်သင်္ဘောသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုင်ငါးဆယ်အကွာသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် ရပ်တန့်သွားခဲ့သည်။
“ကြယ်သင်္ဘော” ဟွမ်နှင့် ချူလူကြီး နှစ်ယောက်စလုံး တစ်ပြိုင်တည်း ဆိုလိုက်ကြသည်။
ထိုကြယ်သင်္ဘောသည် မီတာတစ်ရာလောက်သာ အရှည်ရှိသော်လည်း ထိုကြယ်သင်္ဘောရှေ့ ရပ်နေရသည်မှာ ကြောက်မက်ဖွယ် သားရဲတစ်ကောင်ရှေ့ ရပ်နေရသလို နှစ်ဦးစလုံး ခံစားလိုက်ရ၏။
“တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော” ဆံပင်တိုတိုနှင့် လူအိုကြီး အလန့်တကြား ထပ်ဆိုလိုက်ပြန်သည် “ဖြစ်နိုင်တာက…”
သူနှင့် သူအဖော်သည် ယခုလေးတင် အထက်စကြာဝဠာဂိုဏ်း၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအကြောင်း ပေါက်ပေါက်ဖောက်နေကြခြင်း ဖြစ်သည်။ လက်ရှိ သူတို့ ရှေ့တွင် ရှိနေသည့် ကြယ်သင်္ဘောသည် သူတို့ ပြောနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများ ဖြစ်နေမလား။ တကယ်တော့ အရိပ်ကြယ်၏ ပန်းပဲပညာရှင်များသည် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကိုမှ မပြုနိုင်ကြလေဘဲ။ တန်ခိုးရှင်ဘုရင်အဆင့် မဆိုထားနှင့် တန်ခိုးရှင် အလယ်အလတ်အဆင့် ကြယ်သင်္ဘောများကိုပင် မပြုလုပ်နိုင်ကြချေ။
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းဆို၍ အထက်စကြာဝဠာဂိုဏ်း တစ်ဂိုဏ်းသာ ရှိပေသည်။
ထိုကြယ်သင်္ဘောသည် ကောင်းကင်တိုက်ပွဲမြို့တော်နှင့် ယှဉ်လိုက်လျှင် အတော့်ကိုမှ သေးကွေးနေသော်လည်း ၎င်း၏ ရောက်ရှိလာမှုသည် မြို့တစ်ခုလုံးကို ဂယက်ထသွားစေခဲ့၏။
မရေမတွက်နိုင်သော မျက်ဝန်းအစုံတို့သည် ထိုကြယ်သင်္ဘောဆီသို့ စုပြုံ ရောက်ရှိလာခဲ့သည်။ ထိုကြယ်သင်္ဘော ဤနေရာတွင် ဘာလာလုပ်နေသနည်း။ မကြာခင် အချိန်အတွင်းမှာပဲ သူတို့ သိချင်နေသည့် အဖြေကို သိသွားခဲ့ရသည်။
ရုတ်တရက် ကြယ်သင်္ဘော၏ ကိုယ်ထည်တစ်ခုလုံး နေနှယ်လနှယ် ထွန်းတက် တောက်ပလာခဲ့သည်။ အလင်းပြင်းအား များလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ရပ်သည်လည်း ကြယ်သင်္ဘောဆီမှ ဖြာထွက်လာခဲ့လေသည်။
“သလင်းအမြှောက်လား” ထိုမြင်ကွင်းကို ကြည့်ရင်း ချူနှင့် ဟွမ်လူကြီးနှစ်ဦး မှင်သက်နေခဲ့သည်။ တရိရိနှင့် စုဝေးလာနေသော စွမ်းအင်အောက်ဝယ်၊ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ လေလံလာခဲ့ရပြီး သူတော်စင်ချီကိုပင် ကောင်းကောင်း မလှည်ပတ်နိုင်တော့ချေ။
ထိုသလင်းအမြှောက်ထဲ မည်မျှများပြားသော စွမ်းအင်များ စုဝေးနေမှန်း သူတို့ သတိပြုမိသည်။ ထိုစွမ်းအင်ပမာဏသည် သူတို့ကို ထိဖို့ပင် မလိုအပ်ဘဲ ပွတ်သွားရုံဖြင့် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိဥာဉ် အလုံးစုံကို အငွေ့ပျံသွားအောင် လုပ်ပစ်နိုင်ပေသည်။
သို့သော်လည်း… သမိုင်းတစ်လျှောက်တွင် ကြယ်သင်္ဘောကိုသုံး၍ အခြား ဂိုဏ်းတစ်ဂိုဏ်းအား တိုက်ခိုက်သည့် အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးပါချေ။
အရိပ်ကြယ်ပေါ်ရှိ ကြယ်သင်္ဘောများသည် တန်ခိုးရှင်အဆင့်နိမ့် ကြယ်သင်္ဘောများသာ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြယ်သင်္ဘောများသည် တိုက်ခိုက်ရေးစွမ်းအား မမြင့်မားသလို အားကောင်းသော ခုခံရေးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားခြင်း မရှိပါချေ။ ထိုအဆင့်နိမ့် ကြယ်သင်္ဘောများသည် တိုက်ပွဲဖြစ်လာလျှင် ဘာမှ အသုံးမဝင်တော့ချေ။ ကြီးမားလှသော ကိုယ်ထည်ကြောင့် ထိုကြယ်သင်္ဘောများကိုသာ တိုက်ပွဲတွင် အသုံးပြုမည် ဆိုပါက ရန်သူများ၏ အလွယ်တကူ ဖျက်စီးခံလိုက်ရရုံအပြင် အခြား မည်သည့် အကျိုးကျေးဇူးမှ ရရှိလိမ့်မည် မဟုတ်ချေ။
ယနေ့တွင်၊ ကောင်းကင်တိုက်ပွဲမြို့တော်အတွင်း၌ နေထိုင်နေသည့် သန်းပေါင်းများစွာသော ကျင့်ကြံသူတို့သည် ဤသမိုင်းဝင် အဖြစ်အပျက်ကြီးကို မြင်တွေ့ရတော့ပေမည်။ ကြယ်သင်္ဘော တစ်စင်း ကောင်းကင်တိုက်ပွဲမြို့တော် အပြင်ဘက်သို့ ရောက်လာပြီး ၎င်း၏ သလင်းအမြောက်ဖြင့် မြို့အား ချိန်ရွယ်လာခဲ့သည်။
အကုန်လုံး မှင်သက်နေစဉ်တွင်၊ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်ခု သင်္ဘောကိုယ်ထည်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းသည် လေဆာတန်းတစ်ခုနှယ် ကောင်းကင်တိုက်ပွဲမြို့တော်ဆီသို့ ကြောက်မခန်းလိလိ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။ အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော အဆောက်အဦးအားလုံး တစ်စစီ ပျက်စီးကုန်ကြရလေသည်။ တရစပ် ပေါက်ကွဲသံများ ပျောက်ကွယ်သွားပြီးနောက် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ဘာဆိုဘာမှ မကျန်ရစ်တော့ဘဲ စွတ်ကြောင်းရာကြီး တစ်ခုသာ ကျန်ရစ်တော့သည်။
သို့သော်ငြား အသေအပျောက် တစ်ယောက်တစ်လေပင် မရှိခဲ့ချေ။ သလင်းအမြောက်သည် ကောင်းကင်တိုက်ပွဲမြို့တော်တွင်း၌ ရှိနေသော အဆောက်အဦးများကိုသာ ဖျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
“မကောင်းတော့ဘူး။ ငါတို့ မြန်မြန်ပြန်ပြီး ဒီအကြောင်းကို အကြီးအကဲတွေဆီ သတင်းပို့ရမယ်” ချူနှင့်ဟွမ်လူကြီး နှစ်စလုံး၏ ကျောပြင်များ ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ နှစ်ယောက်စလုံး ဤနေရာတွင် တစ်ခဏလေးပင် ဆက်မနေရဲကြတော့ဘဲ အတွင်းမြို့တော်သို့သာ ခြေကုန်သုတ် ပြေးကြတော့လေသည်။
သူတို့ ယခုလေးတင် ပြောခဲ့သည့် အရှက်မရှိ၊ မော်ကြွားဝံ့ကြွားစကားများ အားလုံးသည်လည်း ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်း မသိရ။ အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ လုပ်နိုင်သည့်အရာ တစ်ခုသာ ရှိတော့သည်။ ပြေးဖို့ပင်။
လက်ရှိ အဖြစ်အပျက်နှင့် ပက်သက်၍ သူတို့နှစ်ဦး အနေဖြင့် အခြားသူများကို ထွေထွေထူးထူး လိုက်သတိပေးနေစရာ မလိုတော့ချေ။ သလင်းအမြောက်ကို မြင်လိုက်သည့် အချိန်မှစ၍ အကုန်လုံး ဘာဖြစ်နေမှန်း နားလည်လိုက်ကြလေပြီ။
ထိုစဉ် ကြယ်သင်္ဘောတွင် ကြည်လင်ချိုသာသော အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။ ထိုအသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း အကုန်လုံး ပီပီပြင်ပြင် ကြားလိုက်ရသည်။
“ဒီဘုရင်မက အခု အထက်စကြာဝဠာဂိုဏ်းမှာ အကြီးအကဲချုပ် တာဝန်ကို ယူထားတဲ့ ရီရှီယွင်ပဲ။ ဂိုဏ်းချုပ်အမိန့်အရ ကောင်းကင်တိုက်ပွဲမြို့တော်ထဲမှ ရှိနေတဲ့ လူတွေကို ငါကြေညာချင်တာ တစ်ခုရှိတယ်။ ငါတို့ ဂိုဏ်းက ဘယ်သူနဲ့မှ ပြဿနာ မဖြစ်ချင်ဘူး၊ အေးအေးဆေးဆေးပဲ နေချင်တာ။ ဒါပေမယ့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးက ငါတို့ကို အကြောင်းမရှိ ပြဿနာ လာရှာခဲ့တယ်။ ဒါကြောင့် ငါတို့ကြားက အကြွေးတွေကို ရှင်းဖို့ ဒီနေ့ ရောက်လာခဲ့တာ။ အခု ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက အရှုပ်အရှင်းထဲမှာ မဆိုင်တဲ့သူတွေ မထိခိုက်ရအောင် ဆိုပြီး ဂိုဏ်းချုပ်က အားလုံးကို အခွင့်အရေးတစ်ခု ပေးလိုက်တယ်။ အခု ကိစ္စနဲ့ မဆိုင်တဲ့လူအားလုံး ကောင်းကင်တိုက်ပွဲမြို့တော်ကနေ ထွက်သွားဖို့ ဆယ်ငါးမိနစ် အချိန်ရမယ်။ ဆယ်ငါးမိနစ် ပြီးတာနဲ့ ငါတို့ဘက်က တိုက်ပွဲစပြီ။ အဲ့အချိန်ထိ မြို့ထဲမှာ ရှိနေတဲ့ လူတွေ အားလုံးကို ငါတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်မယ်”
ထိုစကားသံ ဆုံးသွားသည်နှင့် မြို့တစ်မြို့လုံး ပွတ်လောရိုက်သွားခဲ့သည်။
ယေဘုယျအားဖြင့် ရီရှီယွင်အကြောင်း မည်သူမှ မကြားဖူးချေ။ သက်တော်ရှည် တန်ခိုးရှင်အဆင့် ပညာရှင်ကြီးများသာ သူမ မည်မျှ အားကောင်းကြောင်း သိထားကြသည်။
သို့သော် သူမ မည်မျှပင် ဖြစ်စေကာမူ အရေးမကြီး၊ တကယ် အရေးကြီးသည့် ကိစ္စသည်ကား တစ်ယောက်ယောက်မှ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို တိုက်ခိုက်မည်ဟု စိန်ခေါ်လိုက်ခြင်းပင်။
ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် လူတိုင်း တိုက်ခိုက်နိုင်သည့် အင်အားစုတစ်ခုလား။ ကြယ်သင်္ဘောတစ်စင်း သယ်လာပြီး ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို စိန်ခေါ်ရဲရအောင် အထက်စကြာဝဠာဂိုဏ်းမှ လူများ ရူးသွားခြင်းလား။
လူရှေ့သူရှေ့ အရှက်မရှိ ကြွားဝါရဲသည်မှာ တကယ်ကို ရယ်စရာကောင်းလွန်းလှသည်။
မသိနားမလည်သည့် လူများမှာတော့ အထက်စကြာဝဠာဂိုဏ်း အရှက်မရှိ ကြွားဝါနေသည်ဟု ထင်ကြသည်။
သို့သော်လည်း အတတ်သိ၊ အကြောင်းသိ၊ ကြယ်သင်္ဘော မည်မျှ အားကောင်းကြောင်း သိထားသည့် လူများမှာမူ မြို့ထဲတွင် ဆက်မနေရဲတော့ဘဲ အထုပ်အပိုးပြင်ကာ မြို့ထဲမှ အမြန် ဆုတ်ခွာကြတော့လေသည်။
အထက်စကြာဝဠာဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးကြား ရန်ငြိုးရှိရှိ၊ မရှိရှိ၊ သူတို့သာ တိုက်ခိုက်ကြလျှင် မြို့တစ်ခုလုံး ဗြောင်းသတ်သွားပေလိမ့်မည်။ မြို့တစ်ခုလုံး စစ်မီးလောင်နေချိန် မြို့ထဲနေ နေကျန်ရစ်ခဲ့လျှင် ကျွဲနှစ်ခတ်သည့်ကြား မြေစာပင် ဖြစ်သွားရပေလိမ့်မည်။
ချက်ချင်းဆိုသလို ကောင်းကင်တိုက်ပွဲမြို့တော်ထဲမှ ကျင့်ကြံသူများစွာတို့ အပြင်ဘက်သို့ ပျံသန်းထွက်ပြေးလာကြကုန်သည်။
အချို့မှာ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသော်လည်း အများစုမှာ နေခဲ့ရန်သာ ရွေးချယ်ခဲ့သည်။ တကယ်တော့ သူတို့၏ အဖိုးတန်ပစ္စည်းများကို ထုတ်ပိုးရမည်မှာ လွယ်သည့်ကိစ္စမဟုတ်။ ရောင်းရန် ပြင်ဆင်လာသည့် အရင်းအမြစ်မြောက်မြားစွာအား ဤနေရာတွင် ထားခဲ့ရမည့် အလုပ်မျိးကို သူတို့ မည်ကဲ့သို့ လုပ်ချင်ပါ့မည်နည်း။
ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် ယခုကိစ္စကို ထိုင်ကြည့်နေလိမ့်မည် မဟုတ်ဘဲ ထိုလူများ ထင်နေခဲ့ကြသည်။ ထို့ကြောင့် နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကို စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းသာ လေလုံးထွားနေခြင်း သက်သက်သာ ဆိုလျှင်တော့ ဘာမှ စိုးရိမ်နေစရာ မလိုချေ။ အကယ်၌ သူတို့ဘက်မှ ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် ပြိုင်ဆိုင်နိုင်သော စွမ်းအားကို ထုတ်ပြနိုင်ခဲ့လျှင်မူ ထိုအချိန်ကမှ ဆုတ်ခွာလျှင်လည်း အရမ်းကြီး နောက်မကျသေးချေ။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် တကယ်ကို ထိုင်ကြည့်မနေပါချေ။ အထက်စကြာဝဠာဂိုဏ်းမှ သူတို့၏ ဂိတ်ပေါက်အား လာရောက် ဖျက်စီးသွားသည်ကို ပြန်မတိုက်ဘဲ ငြိမ်ခံနေလျှင် သူတို့ဂိုဏ်း၏ ဂုဏ်သတင်း အများ၏ တံတွေးခွက်ထဲ ရောက်သွားရပေလိမ့်မည်။
ထို့ကြောင့် သူတို့ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း သိလိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းမြို့တော်မှ အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ယခုလေးတင် ရောက်ရှိလာသော ကြယ်သင်္ဘောနှင့် မီတာတစ်ထောင်အကွာခန့်တွင် ရပ်တန့်လိုက်ကြလေသည်။