← Chapters

အခန်း (၁၅၁၁-၁၅၁၅)

Vol. 61 Ch. 1511-1515

အခန်း (၁၅၁၁-၁၅၁၅)

Vol. 61 Ch. 1511-1515

အပိုင်း (၁၅၁၁)

ထိုလူဆယ်ယောက်ကို ဦးဆောင်လာသည့်လူသည် နှာခေါင်းကောက်ကောက်၊ မျက်လုံးကွေးကွေး၊ ရှုပ်ပွေနေသော ဆံပင်ရှိသည့် မျက်နှာနီနီနှင့် လူအိုကြီး တစ်ဦး ဖြစ်သည်။ ထိုလူအိုကြီးသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။

“အဲ့ဒါ ကောင်းကင်တိုက်ပွဲအစည်းအရုံးရဲ့ ဒုတိယအကြီးအကဲ လူဖုန်းပဲ”

“သူတောင် ရောက်လာတာလား။ သူ့နဲ့အတူ ပါလာတဲ့လူအားလုံးက ကောင်းကင် တိုက်ပွဲအစည်းအရုံးရဲ့ လက်ရွေးစင်တွေချည်းပဲ။ ပွဲကတော့ ကြည့်ကောင်းပြီ”

“အထက်စကြာဝဠာဂိုဏ်းက ဘယ်ကဂိုဏ်းလဲ။ ဒီကောင်တွေ သတ္တိက မသေးပါလား”

“သူတို့ ဘယ်သူပဲဖြစ်ဖြစ်၊ ဒီစိတ်ဆတ်တဲ့ လူဖုန်းနဲ့ လာတွေ့မှတော့ သူတို့ သွားပြီလို့ပဲ သတ်မှတ်ရတော့မယ်။ ကြည့်နေ၊ လူဖုန်း သူတို့ကို ကောင်းကောင်း သမပြလိမ့်မယ်”

လူဖုန်း ရောက်ရှိလာသည်နှင့် မြို့တစ်ခုလုံး အမျိုးမျိုးသော စကားသံများဖြင့် ညံ့သွားခဲ့သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးတွင် ပညာရှင် မြောက်မြားစွာ ရှိကြပြီး တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသည့်လူ ဆယ်ယောက်ထက်မနည်း ရှိပေသည်။ ထိုလူများအနက် ဒုတိယအကြီးအကဲ လူဖုန်းသည် အတော်လေး ကျော်ကြားသည့် လူတစ်ယောက် ဖြစ်သည်။

အကြီးအကဲချုပ် မိုရှောင်ရှန်း၊ တတိယအကြိးအကဲ လျန်ရုန်တို့နှင့် တွေ့ဖူးထားသူ တစ်ယောက် ဖြစ်သဖြင့် ထိုလူများ၏ ခွန်အားကို ရန်ကိုင် ကောင်းကောင်း နားလည်ထားသည်။ သို့သော်လည်း လူဖုန်းသည် အားကောင်းရုံမက ထိုနှစ်ယောက်ထက်လည်း ပိုရက်စက်ပေသည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ခေါင်းဆောင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တာဝန်သည် အမှားများကျူးလွန်သည့် တပည့်များကို အပြစ်ပေးရန် ဖြစ်သည်။ သူလက်ထဲ ရောက်သွားသည့်လူအားလုံး ဒုက္ခတိဘဝဖြင့်သာ အဆုံး သတ်သွားလေ့ ရှိကြသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးတွင် အများစု ကြောက်သည့် လူကို ပြောပါဆိုလျှင် လူဖုန်းကိုသာ ပြောရပေလိမ့်မည်။

တစ်စစီ ပျက်စီးပြိုကျနေသည့် ရာပေါင်းများစွာသော အဆောက်အဦးများကို ကြည့်ရင်း လူဖုန်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် နှစ်ပေါင်းများစွာတိုင်တိုင် လူပေါင်းများစွာ၏ လေးစားအားကျခြင်း ခံခဲ့ရသည်။ မည်သူမှ သူတို့အား ဤကဲ့သို့ လာရန်စမရဲချေ။

မီတာတစ်ရာ ရှည်လျားသော ကြယ်သင်္ဘောအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း လူဖုန်းက အော်မေးလိုက်သည် “ခွေးကောင်၊ ငါတို့ ကောင်းကင်တိုက်ပွဲအစည်းအရုံးကိုများ ရာရာစစ လာရန်စရဲတယ်။ အခုချက်ချင်း ထွက်လာပြီး အသေခံစမ်း”

မိုးချိန်းသံမတတ် ကျယ်လောင်လှသော သူ့အော်သံသည် ကောင်းကင်တိုက်ပွဲ မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ သို့သော်လည်း ကြယ်သင်္ဘောဆီမှ မည်သည့် အသံ၊ မည်သည့် အဖြေမှ၊ ထွက်လာခြင်းမရှိခဲ့။ မည်သည့် လှုပ်ရှားမှုမှလည်း ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ လေထဲတွင်သာ ငြိမ်သက်စွာ ဝဲနေခဲ့သည်။ မသိလျှင် ကြယ်သင်္ဘောထဲတွင် လူတစ်ယောက်မှ မရှိသည့်နှယ်။

သို့သော်လည်း ၎င်းဆီမှ ဖြာထွက်နေသော ရှင်းပြမရသည့် အရှိန်အဝါသည် မြင်လိုက်သည့် လူတိုင်းအား တန်တစ်သောင်း အလေးချိန်ရှိသည့် ကျောက်တုံးကြီးအား ထမ်းပိုးထားရသလို ခံစားသွားရစေပေလိမ့်မည်။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်းတို့က ငါ့ကိုတောင် သောက်ဖက်မလုပ်ဘူးပေါ့။ အဲ့သောက်လိပ်ခွံထဲမှာ ပုန်းနေရုံနဲ့ ငါမင်းတို့ကို ဘာမှလုပ်လို့ မရတော့ဘူးလို့ ထင်နေတာလား။ အဲ့လိုဆိုမှတော့ မင်တို့မြင်အောင် ဒီလူအိုကြီး ပြပေးရတာပေါ့”

ပြောပြီးသည်နှင့် လူဖုန်းဆီမှ သူတော်စင်ချီ စွမ်းအင်လှိုင်းတို့ တရိပ်ရိပ် ထွက်ပေါ်လာပြီး ဧရာမပုဆိန်တစ်လက် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုပုဆိန်သည် နှစ်မီတာ အရှည်ရှိပြီး အသွားများသည် နှင်းဖြူရောင်တောက်နေသည်။

လူဖုန်းသည် ပုဆိန်ထဲသို့ သူတော်စင်ချီများကို အရူးအမူ ထည့်သွင်းလျက် လက်နှစ်ဖက်ဖြင့် စွဲကိုင်ကာ ခေါင်းပေါ်သို့ မြှောလိုက်သည်။ သူထိုသို့ လုပ်လိုက်သည်နှင့် သန့်စင်သော စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသော ဧရာပပုဆိန် ပုံရိပ်ကြီးတစ်ခု သူ့ခေါင်းထက်တွင် ပေါ်လာခဲ့လေသည်။

မူရင်းပုဆိန်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည့် ပုဆိန်ပုံရိပ်ကြီးကို ကြည့်ရင်း အကုန်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

လူဖုန်းဆိုသည့် အတိုင်း၊ သူ့ခွန်အားကို သာမန် တန်ခိုးရှင်တတိယအဆင့် တစ်ယောက်၏ ခွန်အားနှင့် သွားယှဉ်၍မရပေ။

လူဖုန်းမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူနှင့်အတူ ပါလာသော လူများသည်လည်း သူတို့၏ မှော်ရတနာ အသီးသီးကိုထုတ်ကာ တိုက်ကွက်အသီးသီးကို ထုတ်ဖော်ကြလေသည်။

လူဖုန်း၏ ထိန်းချုပ်မိအောက်တွင် ဧရာမပုဆိန်ပုံရိပ်ကြီးသည် ကြယ်သင်္ဘောပေါ်သို့ တည့်တည့်မတ်မတ် ကျဆင်းလာခဲ့သည်။ အခြားသူများ၏ တိုက်ခိုက်မှုသည်လည်း တစ်ပြိုင်တည်း စုပြုံရောက်ရှိလာခဲ့သည်။

ဘုန်း… ဘုန်း… ဘုန်း…

တရစပ် ပေါက်ကွဲသံများနှင့်အတူ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်းများသည် ကြယ်သင်္ဘောကို ဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့သည်။

သို့သော်လည်း ကြယ်သင်္ဘောသည် တစ်ချက်လေးပင် လှုပ်မသွားဘဲ ပါးလျသော အကာအရံ တစ်ခုကို ဖန်တီး၍သာ ကျရောက်လာသော တိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်သည်။ တိုက်ခိုက်မှု အားလုံးသည် အကာအရံလေးနှင့် အတွေ့တွင် ကျောက်တောင်အား လာမှန်သည့် ကြက်ဥများနှယ် ချွင်းချက်မရှိ ပျက်စီးပျောက်ကွယ်သွားကုန်ကြရသည်။

ကြည့်နေသူများလည်း ထိုအဖြစ်အပျက်ကို မြင်ပြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြလေသည်။ လေကြီးမိုးကြီး ပြောနေသော လူဖုန်းပင်လျှင် ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

သူတိုက်ခိုက်မှုထဲ အားမည်မျှ သုံးလိုက်သလဲ ဆိုသည်ကို သူအသိဆုံးဖြစ်သည်။ သူ့တိုက်ခိုက်မှုသည် အနည်းငယ် အလျင်စလို လိုနေဟန် ထင်ရသော်လည်း သူ့စွမ်းအား အကုန်သုံး၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့ပင်လျှင် သူ့တိုက်ခိုက်မှုသည် ကြယ်သင်္ဘာအား တုတ်တုတ်မျှပင် လှုပ်မသွားစေခဲ့ချေ။

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ဆိုလျှင်ပင် ဤမျှအထိတော့ အားမကောင်းသင့်ပေ။

အကုန်လုံး မှင်သက်နေစဉ် ကြယ်သင်္ဘောဆီမှ တဝှီဝှီမြည်သံတစ်ချို့ မြည်ဟည်းလာခဲ့သည်။ ထိုအသံများနှင့်အတူ ကြယ်သင်္ဘောကိုယ်ထည်တစ်ခုလုံး အစီအရင်ကွက်များဖြင့် တောက်ပလာခဲ့သည်။

ထိုအစီအရင်ကွက်များသည် တစ်ခဏအတွင်း သင်္ဘော၏ကိုယ်ထဲမှ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဧရာမအစီအရင်ကြီး တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။

အစီအရင် ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက်သည် ထိုအစီအရင်သည် အနီးအနား၌ ရှိနေသော မိုးမြေစွမ်းအင်များကို အငမ်းမရ စုပ်ယူတော့သည်။ တတိတိ စုဝေးလာသော မိုးမြေစွမ်းအင်များနှင့်အတူ အစီအရင်၏ အလယ်ဗဟိုတွင် ပစ္စည်းလေးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။ ခဏအကြာတွင် အားလုံး၏ မြင်ကွင်းရှေ့ တစ်မူထူးခြားသော ဖိအားကို ထုတ်လွှတ်နေသည့် သန့်စင်သော စွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားသည့် ကလေး လက်မောင်လေးအရွယ် လှံလေးတစ်ချောင်း ဖြစ်ပေါ်လာခဲ့သည်။

ထိုလှံ ဖြစ်ပေါ်လာသည်နှင့် တစ်ချက် တုန်တက်သွားပြီး ချက်ချင်းဆိုသလို လူဖုန်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ပညာရှင်များဆီ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တရဟော တိုးဝင်သွားလေသည်။

“မကောင်းတော့ဘူး” လူဖုန်း အမူအရာ ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏။

သူလှုပ်ရှားလိုက်သည့် အချိန်နှင့် ကြယ်သင်္ဘော တိုက်ခိုက်လိုက်သည့် အချိန်ကြား အသက်တစ်ရှိုက်လောက်သာ ကွာခြားသည်။ တစ်ဖက်လူသည် စကားလေး နည်းနည်းပါးပါးပင် မပြောတော့ဘဲ စတင် တိုက်ခိုက်သည်အထိ ပြတ်သွားလိမ့်မည်ဟု လူဖုန်း မထင်ထားခဲ့ချေ။ တစ်ခုခု မှားယွင်းနေမှန်း သူနားလည်လိုက်သည့် အချိန်တွင် ရှောင်တိမ်းရန် နောက်ကျလွန်းနေလေပြီ။

ထို့ကြောင့် သူ့အကာအကွယ် မှော်ရတနာကို ထုတ်၍သာ တိုးဝင်လာနေသော တိုက်ခိုက်မှုကို ကမန်းကတန်း ခုခံလိုက်ရသည်။ သို့သော်လည်း ထိုအကာအရံသည် လှံရှည်အား တစ်စက္ကန့်ပင် ထိန်းထားနိုင်စွမ်း မရှိဘဲ တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့ရ၏။

အကာအကွယ် မှော်ရတနာအား ချိုးဖျက်ပြီးနောက် လှံရှည်သည် ရပ်တန့်သွားခြင်း မရှိဘဲ လူဖုန်းနှင့် သူတို့ အဖွဲ့ကိုပါ ဆက်လက် ဖြတ်ကျော်သွားရုံမက ကောင်းကင်တိုက်ပွဲမြို့တော်၏ အတွင်းမြို့တော်အထိပါ တိုးဝင်သွားခဲ့လေသည်။ အသက်တစ်ရှိုက်စာ ကြာပြီးနောက် အတွင်းမြို့တော်၏ အပြင်ဖျားဆီမှ ပေါက်ကွဲသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံး လူဖုန်းနှင့် အခြားသူများ ရပ်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက်၊ တစ်ယောက်ကိုမှ မတွေ့ရတော့ဘဲ ကောင်းကင်ထက်မှ ကျဆင်းလာနေသော မှိန်ဖျော့ဖျော့ သွေးမြူများကိုသာ တွေ့ရတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကြည့်နေသူအားလုံး ဒူးမခိုင်ချင် ဖြစ်ကုန်ကြသည်။ ယခု တိုက်ကွက်သည် သလင်းအမြှောက်ထက်ပင် ပိုကြောက်ဖို့ကောင်းနေသေးသည်။

အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး တုန်တုန်ရီရီဖြင့် ကြယ်သင်္ဘောဆီ တစ်ချက် လှမ်းကြည့်မိလိုက်ကြသည်။ ဤကြယ်သင်္ဘော မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သူတို့အားလုံး နားလည်သွားခဲ့ကြလေပြီ။

အစောပိုင်းက ကြယ်သင်္ဘောဆီမှ ထွက်ပေါ်လာခဲ့သော အသံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့သည် “အချိန်ပြည့်ဖို့ သိပ်မလိုတော့ဘူးနော်။ ကျေးဇူးပြုပြီး အချိန်မကုန်ခင် အားလုံး မြန်မြန် ထွက်သွားပေးကြပါ။ အချိန်ပြည့်သွားတာနဲ့ ကျွန်မတို့က တိုက်ခိုက်တော့မှာ။ အဲ့အချိန်ကျမှ တစ်ခုခု ဖြစ်သွားရင်တော့ ကျွန်မတို့ကို လာအပြစ်မတင်နဲ့”

ကောင်းကင်တိုက်ပွဲ မြို့တော်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး ချက်ချင်း ဝရုန်းသုန်းကား ဖြစ်ကုန်တော့လေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူ့ထက် ကိုယ်အလျင် မြို့ထဲမှ အသည်းအသန် ထွက်ပြေးကုန်ကြတော့သည်။

ထိုကြယ်သင်္ဘောလေးကို ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အလွယ်တကူ ဖျက်စီးနိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ဖူးသည်။ သို့သော်လည်း လူဖုန်း၏ သေဆုံးမှုသည် သူတို့ အားလုံးကို ပုံရိပ်ယောင်အိမ်မက်မှ ပြန်လည် နိုးထလာအောင် လုပ်ပေးသွားခဲ့သည်။

လူဖုန်းကဲ့သို့သော ပညာရှင်မျိုးပင် ကြယ်သင်္ဘောအား ဘာမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့သလို့ ကြယ်သင်္ဘောဆီမှ တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့လေရာ သူတို့ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ သူတို့သာ ဤနေရာတွင် ဆက်နေလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။ ယခုတစ်ကြိမ် ကောင်းကင်တိုက်ပွဲအစည်းအရုံး တကယ်ကို ကပ်ဘေးဆိုက်ပေပြီ။

မည်သူမှ အလကားသက်သက် မသေချင်ကြသည့်အတွက် အကုန်လုံး ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးကုန်ကြလေသည်။ ထိုထွက်ပြေးနေသော ကျင့်ကြံသူများကို ကြည့်ရင်း ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသိထားသလောက် ကောင်းကင်တိုက်ပွဲ မြို့တော်ထဲ၌ ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိသည်။ သို့သော်လည်း ထိုသန်းပေါင်းများစွာအနက် တစ်ရာခိုင်နှုန်းပင် မရှိတတ်သော အရေအတွက်သည်သာ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ လူများဖြစ်သည်။ ရန်ကိုင် အနေဖြင့် အပြစ်မဲ့ ကျင့်ကြံသူများကို သတ်ဖြတ်ပြီး လူထု၏ ဘုံရန်သူ ဖြစ်လာရမည့် အဖြစ်မျိုးနှင့် မကြုံချင်ချေ။

ထို့အပြင် ကြယ်သင်္ဘောသည် သန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ကြယ်သင်္ဘော၏ အကာအကွယ်သည် အလွန် အားကောင်းသည် ဆိုသော်လည်း အကာအကွယ်တိုင်းတွင် အကန့်အသတ်ဆိုသည်မှာ ရှိပေသည်။ ထို့ကြောင့် လက်ရှိ အဖြစ်အပျက်နှင့် ပက်သက်၍ သူအတော်လေး ကျေနပ်မိသွားခြင်း ဖြစ်သည်။

ကူညီပေးရန် လိုက်လာကြသော ချင်းတုန်နှင့် ဖေးကျီတုသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေခဲ့ကာ အချိန်အတော်ကြာမှ အသိပြန်ဝင်လာခဲ့ကြလေသည်။

သူတို့ နှစ်ယောက်ပင်လျှင် ကြယ်သင်္ဘော၏ စွမ်းအားကို မြင်ပြီး ကြောက်ဒူးတုန်မိသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲ ဆိုသည့်အကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးခဲ့။ သို့သော် လက်ရှိ မြင်ရသလောက် ဤကြယ်သင်္ဘောသည် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများထဲတွင် အတော်လေးကိုမှ အဆင့်မြင့်လောက်ပေသည်။

“ဂိုစ်းချုပ်၊ ဒီကောင်းကင်အပြစ်ပေးလှံတံ အစီအရင်က တော့်တော့်ကို အားကောင်းတယ်” ရီရှီယွင်က ပြောလိုက်သည် “ဒီဘုရင်မ ကိုယ်တိုင်တောင် အဲ့လှံစာမိသွားရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာ”

“ယန်ယန် ဖန်တီးထားတဲ့ဟာပဲ၊ အားမကောင်းဘဲ ဘယ်နေပါ့မလဲ” ရန်ကိုင်က ပြုံးလိုက်သည်။

နဂါးလိုဏ်ဂူတောင် တိုက်ပွဲပြီးနောက်တွင်၊ အရိပ်ကြယ်ပေါ်ရှိ အင်အားစုများသည် အထက်စကြာဝဠာဂိုဏ်းတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ သလင်းအမြောက်များ မည်မျှ အားကောင်းကြောင်းကို သိသွားခဲ့သော်လည်း ထိုကြယ်သင်္ဘော၌ အခြား မည်သို့သော တိုက်ခိုက်ရေးအကွက်များ ရှိနေသလဲ ဆိုသည်ကို သိမသွားခဲ့ချေ။

ကောင်းကင်အပြစ်ပေးလှံတံ အစီအရင်နှင့် အကာအကွယ်ဒိုင်းသည် ရေခဲတုံး၏ အဖျားပိုင်းလောက်သာ ရှိသေးပြီး သူတို့ မသိသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေပေသေးသည်။

ဤကြယ်သင်္ဘောနှင့် ဆိုပါက ကောင်းကင်တိုက်ပွဲအစည်းအရုံးတစ်ခုလုံးကို ပြာချပစ်နိုင်မည်ဟု ရန်ကိုင် အပြည့်အဝ ယုံကြည်ပေသည်။ မဟုတ်လျှင် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း လာတိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

“ဒါပေမယ့် သူတော်စင်ချီ စားတဲ့နှုန်းကတော့ အရမ်း များလွန်းတယ်။ အဲ့အစီအရင် တစ်ကြိမ်သုံးတာ သလင်းအမြှောက် ငါးကြိမ်သုံးစာလောက် ရှိတယ်”

“ဘာမှမဖြစ်ဘူး။ ကျုပ်တို့မှာ သူတော်စင်ခဲတွေ ရှားပါးနေတာမှ မဟုတ်တာ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

ကြယ်သင်္ဘောမှ ထုတ်လွှတ်သည့် စွမ်းအားသည် သူတော်စင်ခဲများနှင့် တိုက်ရိုက် ပက်သက်နေပေသည်။ သူတော်စင်ခဲများအစား၊ သူတော်စင်သလင်းကျောက်ကို သုံး၍သာ အကာအကွယ်နှင့် ကောင်းကင်အပြစ်ပေးလှံတံ အစီအရင်ကို အသက်သွင်းခဲ့မည် ဆိုလျှင် ၎င်းတို့ ထုတ်ဖော်နိုင်သည့် စွမ်းအားသည် တစ်ဝက်ခန့် လျော့ကျသွားပေလိမ့်မည်။

သူတို့တွင် သူတော်စင်ခဲများကို ထုတ်ပေးနိုင်သည့် ကျောက်တုံးရုပ်သေးရုပ် ရှိနေသည့် အတွက် သူတော်စင်ခဲ မလောက်မည်ကို စိတ်ပူနေစရာ မလိုချေ။ ယခင်က ကျောက်တုံး ရုပ်သေးရုပ် တစ်ရုပ်သာ ရှိခဲ့သော်လည်း ယခုမူ နှစ်ရုပ်ပင် ရှိနေခဲ့လေပြီ။ သူတို့တွင် သူတော်စင် သလင်းကျောက်သာ ရှိနေသရွေ့ သူတော်စင်သလင်းခဲများ မရှိမည်ကို စိုးရိမ်စရာမလိုချေ။

“ရန်ကိုင်၊ အဲ့သူတော်စင်သလင်းခဲတွေက…” အနားတွင် ရှိနေသော ချင်းတုန်က အသာအယာ ချောင်းဟန့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည်။

“အကြီးအကဲချင်း လိုချင်တယ်ဆိုရင်၊ ဒီကိစ္စလေး ပြီးသွားတဲ့အထိ ခဏလောက် စောင့်ပေး။ ပြန်ရောက်တာနဲ့ အကြီးအကဲချင်းနဲ့ မြို့သခင်ဆီ ကျုပ်ပို့ပေးလိုက်မယ်။ ဒါတွေကို သုံးပြီး ကျင့်ကြံတာက သူတော်စင်သလင်းကျောက်တွေ သုံးပြီး ကျင့်ကြံတာထက် အများကြီး ပိုထိရောက်တယ်” ရန်ကိုင်က ပြောလိုက်သည်။

“မင်းဘက်က ပေးနေမှတော့ ဒီလူအိုကြီး ငြင်းနေရင် မယဉ်ကျေးရာ ကျသွားမှာပေါ့” ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ယောက် တပြုံးပြုံးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ကြယ်သင်္ဘောထဲသို့ ရောက်လာသည့် အချိန်မှစ၍ သူတို့ မြင်လိုက်သည့်၊ ကြားလိုက်သည့် အရာများကြောင့် နှစ်ယောက်စလုံး ဟင်ခနဲ၊ ဟာခနဲ ဖြစ်ခဲ့ရသည်။ ဤကြယ်သင်္ဘောသည် အပြင်ပိုင်းသာ သေးသော်ငြား အတွင်းပိုင်းသည် အလွန်ကိုမှ ကျယ်ပေသည်။ ထို့အပြင် ကြယ်သင်္ဘောထဲတွင် ရှိသည့် ပစ္စည်းများကို မြင်ပြီးနောက် သူတို့စိတ်ထဲ လိုချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာရသည်။ အထူးသဖြင့် သူတော်စင်သလင်းခဲများပင် ဖြစ်သည်။

ထိုကဲ့သို့အရာမျိုးကို သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၁)

သူတို့ဂိုဏ်းကို အထက်စကြာဝဠာဂိုဏ်းမှ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောဖြင့် လာတိုက်သည့်အကြောင်းကို ကောင်းကင်တိုက်ပွဲ အစည်းအရုံးလည်း သိသွားခဲ့သည်။

လက်ရှိတွင် အတွင်းမြို့တော်ထဲရှိ အဓိကနန်းတော်ထဲတွင် ထိုင်နေသော ချူကျန်းသည် သူ့လက်အောက်ငယ်သား တစ်ယောက်မှ လာရောက်တင်ပြသည့် အကြောင်းကို သိပြီးနောက် စားပွဲခုံအား လက်ဖြင့်ရိုက်ကာ ဒေါသတကြီး ထအော်တော့လေသည် “ဒီကောင်တွေ အရမ်း လွန်သွားပြီ။ အဲ့ကြယ်သင်္ဘော ရှိရုံနဲ့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရနေပြီ ထင်နေလားမသိဘူး။ အဲ့ခွေကောင် ငါ့ကောင်းကင်တိုက်ပွဲမြို့တော်ကို ဘယ်လိုသိမ်းမလဲ ငါမြင်ချင်သေးတယ်”

ပြောပြီးသည်နှင့် ရန်ကိုင်တို့နှင့် ထိပ်တိုက်တွေ့ရန်အတွက် အပြင်သို့ ထွက်သွားရန် လုပ်သည်။

ရန်ကိုင် လက်ချက်ကြောင့် သူ့သား သေသွားခဲ့ရသည့်အတွက် ရန်ကိုင်အား အစကတည်းက အခဲမကြေဖြစ်နေခဲ့သည်ကိုမှ ရန်ကိုင်အား သူ့တံခါးကိုပါ လာရောက်နေခဲ့သည်အခါ ချူကျန်း မည်ကဲ့သို့ သည်းခံနိုင်တော့မည်နည်း။

မိုရှောင်ရှန်းကမူ မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ချူကျန်းအားတားရန် မကြိုးစားခဲ့ပေ။ သူတို့အိမ်ရှေ့လာပြီး တံခါးလာရောက်နေသည်ကို သူတို့ဘက်က မတုန့်ပြန်ဘဲ နေရင် အများ၏ လှောင်ပြောင်ရယ်မောခြင်း ခံရပေလိမ့်မည်။

သို့သော်လည်း ချူကျန်းနှင့် မိုရှောင်ရှန်းတို့ နန်းတော်ထဲမှ မထွက်သွားရသေးခင်မှာပဲ နန်းတော်ထဲသို့ တပည့်တစ်ယောက် ထိတ်လန့်တကြားဖြင့် ပြေးဝင်လာခဲ့သည်။ ချူကျန်နှင့် မိုရှောင်ရှန်းတို့ကို မြင်သည့်အခါ အလျင်စလို ဒူးထောက်လိုက်ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် အော်ပြောလေသည် “ဂိုဏ်းချုပ်၊ အကြီးအကြချုပ် မကောင်းတော့ဘူး”

“ဘာတွေ ဖြစ်လာပြန်တာတုန်း။ အဲ့အထက်စကြာဝဠာဂိုဏ်း တစ်ခုခု ထပ်လုပ်လိုက်တာလား” ချူကျန်းက ဒေါသတကြီး အော်မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ဂိုဏ်းချုပ်။ ဒုတိယအကြီးအကဲ သေသွားခဲ့ပါပြီ”

“ဘယ်လို” ချူကျန်းနှင့် မိုရှောင်ရှန်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့သည်။ ကြယ်သင်္ဘော သူတို့ဂိုဏ်းရှေ့ ရောက်လာသည့်အကြောင်း သတင်းကြားထားရသည်မှာ အသက် ဆယ်ရှိုက်စာလောက်သာ ရှိပေသေးသည်။ သို့ပင် ဒုတိယအကြီးအကဲလူဖုန်းသည် ထိုမျှ တိုးတောင်းသော အချိန်အတွင်း အသတ်ခံလိုက်ရသည်လား။ မြန်လွန်းပေသည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ဒုတိယအကြီးအကဲ ဆိုသော ဂုဏ်ပုဒ်သည် လူဖုန်း မည်မျှအားကောင်းကြောင်းကို ထောက်ပြနေသည်။ မိုရှောင်ရှန်းသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် လူဖုန်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ လူဖုန်းအား ထိုမျှ အချိန်တိုအတွင်း သတ်နိုင်ရလေအောင် တစ်ဖက်လူ မည်သို့သော လှည့်ကွက်မျိုးကိုများ အသုံးပြုသွားခဲ့သနည်း။

“ဒုတိယအကြီးအကဲ ဘယ်လိုသေသွားလဲဆိုတာ အသေးစိတ်ပြောစမ်း” လက်ရှိ ကိစ္စသည် အတော်လေးကိုမှ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည့်အတွက် မိုရှောင်ရှန်းက ချက်ချင်းပဲ အသေးစိတ် မေးမြန်းလိုက်လေသည်။

ထိုတပည့်လည်း ချက်ချင်းပဲ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ ထိုတပည့်ပြောသည့် အကြောင်းအရာကို ကြားပြီးနောက် ချူကျန်းနှင့် မိုရှောင်ရှန်းတို့ နှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့် လူဖုန်းနှင့် လက်ရွေးစင်တပည့် ဆယ်ယောက်ကျော်ကို အငွေ့ပျံသွားအောင် လုပ်နိုင်လောက်အောင် ထိုတိုက်ကွက် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်လေသနည်း။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် ထိုမျှထိပင် အားကောင်းလေသလော။

လက်ရှိ အဖြစ်အပျက်သည် ချူကျန်းနှင့် မိုရှောင်ရှန်းတို့ နားလည်ထားသည့် ကြယ်သင်္ဘောများနှင့် ပက်သက်သော အကြောင်းအရာကို ကျော်လွန်နေခဲ့သည်။

သူတို့ သိထားသည်မှာ ကြယ်သင်္ဘောများသည် အလွန်ကိုမှ ကြီးမားပြီး လေလံသည့် အတွက် တိုက်ပွဲတွင်အသုံးပြုရန် မသင့်လျော်ချေ။ သူတို့ သိထားသည့် ကြယ်သင်္ဘောများသည် ကုန်ပစ္စည်းများ သယ်ပို့ခြင်းနှင့် အနီးအနားတွင် ရှိသော ဂြိုလ်များဆီသို့ သွားကာ သတ္တုများ တူးဖော်ရန် အတွက်လောက်သာ အသုံးဝင်ပေသည်။

ထို့အပြင် ကြယ်သင်္ဘောများကို တည်ဆောက်ရန် အလွန်ကိုမှ အကုန်အကျများပြီး ထိန်းချုပ်မောင်းနှင်ရန်လည်း ခက်ခဲသည်။ အခပ်မသင့်လျှင် ကြယ်သင်္ဘောတစ်စင်းလုံး ပေါက်ကွဲသွားနိုင်၏။

ထို့ကြောင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် အရိပ်ကြယ်၏ မဟာအင်အားစုကြီး နှစ်ခုအနက်မှ တစ်ခုဖြစ်နေလျှင်ပင် သူတို့တွင် စုစုပေါင်းမှ ကြယ်သင်္ဘောငါးစင်းသာ ရှိသည်။ လွန်ခဲ့သော နှစ်များတွင် ထိုကြယ်သင်္ဘောငါးစင်းကို အနားရှိ ဂြိုလ်များဆီသို့ သတ္တုတူးခိုင်းရန် စေလွှတ်ရုံမှအပ အခြား မည်သည့်နေရာတွင်မှ အသုံးမပြုခဲ့ချေ။

သို့သော်လည်း ယနေ့တွင် အထက်စကြာဝဠာဂိုဏ်းသည် သူတို့၏ ကြယ်သင်္ဘောဖြင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးအား လာရောက်တိုက်ခိုက်ခဲ့ကာ သူတို့၏ ဒုတိယ အကြီးအကဲနှင့် လက်ရွေးစင်များကို အသက်ဆယ်ရှိုက်စာဆိုသော အချိန်အတွင်း သတ်ပစ်ပြသွားခဲ့သည်။

တန်ခိုးရှင်အဆင့်နိမ့် ကြယ်သင်္ဘောနှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော နှစ်စင်းသည် ထိုမျှ ကွာခြားချက် ကြီးမားလေသလား။

လူဖုန်းပင် ကြယ်သင်္ဘော၏ တိုက်ကွက်တစ်ကွက်ကို မခုခံနိုင်လေလျှင် သူတို့ကကော မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

“ဂိုဏ်းချုပ်။ ဒီတပည့် ပြောတဲ့အတိုင်းသာဆို ကျုပ်တို့ သူတို့ကို အပြင်ထွက်ပြီး သွားရင်ဆိုင်လို့ မဖြစ်ဘူး။ အတွင်းမြို့တော်ထဲက ထိုင်ခုခံနေမှပဲ အဆင်ပြေလိမ့်မယ်” မိုရှောင်ရှန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“အကြီးအကဲချုပ် ဘာပြောချင်လဲ ငါနားလည်တယ်။ ဒါပေမယ့် ငါတို့သာ သွားထွက်မတွေ့ရင် အများလှောင်စရာ ဖြစ်သွားလိမ့်မယ်။ ငါတို့အားလုံးကို ငကြောက်တွေဆိုပြီး လှောင်ကြတော့မှာ” ချူကျန်းက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ် အလျင်စလို လုပ်လို့မဖြစ်ဘူးနော်။ အပြင်လူတွေ ပြောချင်ရာပြောပါစေ၊ ဂရုစိုက်နေစရာ မလိုဘူး။ သူတို့ပြောမှာကြောက်လို့ သွားထွက်တွေ့မယ်ဆိုရင် ကျုပ်တို့ပဲ ပြန်ဒုက္ခရောက်သွားမှာ။ အခု အထက်စကြာဝဠာဂိုဏ်းက သူတို့ရဲ့ ကြယ်သင်္ဘောကို မှီခိုနေတာ။ အဲ့ကြယ်သင်္ဘော မရှိတော့တာနဲ့ ဒီကောင်တွေကို ဘာမှ ကြောက်စရာ မလိုတော့ဘူး။ ဒါပေမယ့် အဲ့ကြယ်သင်္ဘောကို ဖျက်စီးပစ်ဖိုကျတော့လည်း ကျုပ်တို့မှာရှိတဲ့ လူအင်အားလောက်နဲ့ ဘယ်လိုမှ မရဘူး။ အစီအရင်ကို အားကိုးမှပဲ ရလိမ့်မယ်”

“အကြီးအကဲချုပ် ပြောချင်တာ..” ချူကျန်း ချက်ချင်း နားလည်သွားခဲ့သည်။

“ဟုတ်တယ်” မိုရှောင်ရှန်းက ပြုံးဖြီးလျက် “အထက်စကြဝဠာဂိုဏ်းက ကျုပ်တို့ကို တိုက်ခိုက်ဖို့ လာခဲ့တာ။ ကျုပ်တို့ဘက်က ခုခံနေမယ်ဆိုရင်တောင် သူတို့က တိုက်ခိုက်မှာ။ အပြင်လူတွေ ပြောနေမှာကို ဂိုဏ်းချုပ် ဂရုစိုက်နေစရာ မလိုဘူး။ သမိုင်းဆိုတာ အောင်နိုင်သူတွေပဲ ရေးတာ။ ဒီတိုက်ပွဲကိုသာ ကျုပ်တို့ နိုင်သွားခဲ့ရင် သူတို့ ဘာပြောရဲမှာလဲ။ အဓိကက နိုင်ဖို့ပဲ”

ချူကျန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ သူ့ရင်ထဲ၌ သောင်းကျန်းနေသော ဒေါသမီးတောက်များကို အတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။ စိတ်ငြိမ်အောင် လုပ်ပြီးနောက်၌ ခေါင်းညိတ်၍ “အကြီးအကဲချုပ် ပြောတာမှန်တယ်။ သမိုင်းဆိုတာ အောင်နိုင်သူတွေပဲ ရေးတာ။ ဘယ်လိုပဲတိုက်တိုက် အနိုင်ရဖို့က အဓိကပဲဆိုတော့၊ သူတို့ရဲ့ ကြယ်သင်္ဘောကပဲ အားကောင်းလား၊ ကျုပ်တို့ရဲ့ ရေခဲဝိဥာဉ်ချိတ်တံဆိပ် အစီအရင်ကြီးက ပိုအားကောင်းလား ကြည့်ရသေးတာပေါ့”

…………

ရန်ကိုင်နှင့် အခြားသူများသည် ကြယ်သင်္ဘောထဲတွင် နေရင်း ဆယ့်ငါးမိနစ် ပြည့်အောင် ထိုင်စောင့်နေခဲ့သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကောင်းကင်တိုက်ပွဲမြို့တော်၏ အပြင်မြို့တော် တစ်ခုလုံး ဗလာကျင်းသွားခဲ့သည်။ ယခင်က လူသူများစွာဖြင့် စည်းကားသိုက်မြိုက်နေခဲ့သော လမ်းများမှာလည်း သုဿန်တစပြင်နှယ် တိတ်ဆိတ်။ ကုန်ပစ္စည်းများစွာဖြင့် ဝေဆာနေသော ဆိုင်ခန်းတို့မှာလည်း ပြောင်ရှင်းနေကုန်ခဲ့လေပြီ။ လက်ရှိ အပြင်မြို့တော်သည် စွန့်ပစ်ထားခံရသည့် မြို့တစ်မြို့နှင့်ပင် တူနေခဲ့သည်။

သို့သော်လည်း မြို့ထဲမှ ထွက်သွားသော ကျင့်ကြံသူအားလုံးသည် အဝေးကြီးသို့ ထွက်မပြေးသွားကြဘဲ မလှမ်းကမ်း နေရာများဆီမှ စောင့်ကြည့်နေကြသည်။ ကြယ်သင်္ဘောသည် လူဖုန်းအား တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည့်အတွက် အထက်စကြာဝဠာဂိုဏ်းတွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် ယှဉ်တိုက်နိုင်သည့် စွမ်းအား ရှိသည်ဟု အားလုံး ယုံကြည်သွားခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံး တိုက်ပွဲရလဒ် မည်ကဲ့သို့ ဖြစ်မည်လဲ ဆိုသည်ကို မည်သူမှ မသိကြချေ။

အထက်စကြာဝဠာဂိုဏ်း နိုင်သွားခဲ့လျှင် သူတို့ မြို့ထဲမှ ထွက်လာပြီးပြီ ဖြစ်သည့်အတွက် သူတို့အား ပြဿနာ လာရှာလိမ့်မည် မဟုတ်ချေ။ အပြစ်မဲ့သူများကို ဘာမှမလုပ်ဟု သူတို့ပင် ပြောထားခဲ့သည် မဟုတ်ပေလော။ ထိုသို့လုပ်လျှင် အရိပ်ကြယ်၏ ဘုံရန်သူ ဖြစ်သွားပေလိမ့်မည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး နိုင်သွားခဲ့လျှင်လည်း သူတို့ ဆိုင်ခန်းများဆီသို့ ပြန်ပြီး လုပ်လက်စ အလုပ်ကို ဆက်လုပ်ရုံပင်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဤတိုက်ပွဲတွင် မည်သူနိုင်နိုင် မည်သူရှုံးရှုံး သူတို့ ဘာမှမဖြစ်ပါချေ။

ထို့အပြင် ဤကဲ့သို့သော တိုက်ပွဲမျိုးသည် ကြုံတောင့်ကြုံခဲလှကာ အလွန်ကိုမှလည်း စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ လူတိုင်းသည် တိုက်ပွဲကောင်းများအား ကြည့်ရသည်ကို ကြိုက်နှစ်သက်သူများ ဖြစ်သည့်အလျောက် အထက်စကြာဝဠာဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးကြားမှ တိုက်ပွဲကိုလည်း ရင်ခုန်စွာဖြင့် စောင့်မျှော်နေမိကြသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် နှစ်ပေါင်းများစွာကြာအောင်တိုင်အောင် အားလုံး၏ အထက်စီးတွင် နေလာခဲ့သည့် အင်အားစုတစ်ခု ဖြစ်သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အဖွဲ့သားတိုင်းသည် အလွန်ကိုမှ ဂုဏ်မောက်ကြကာ အခြားသူများကို အထင်တသေးဖြင့် နှိမ့်ချ ဆက်ဆံသည်။ ထို့ကြောင့် ယခုတစ်ကြိမ် အထက်စကြာဝဠာဂိုဏ်းမှ ရန်လာစသည်ကို ငြိမ်မခံဘဲ ပြန်ချလိမ့်မည်ဟု အတော်များများ ထင်ထားခဲ့ကြသော်လည်း ကြယ်သင်္ဘောမှ အတွင်းမြို့တော်သို့ ဖြည်းဖြည်းချင်း ရွေ့လျားလာနေသည့်တိုင် ကောင်းကင်တိုက်ပွဲအစည်းအရုံး တစ်ခုလုံး အကြွင်းမဲ့ ငြိမ်သက်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်ပြီးနောက် အဝေးမှ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေသူများထဲမှ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ဖိနှိပ်ခြင်း ခံခဲ့ရသည့် လူများသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို စတင် လှောင်ပြကြတော့သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် ရင်းနှီးသော လူများမှာမူ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ပြန်ခံပြောသည်။ ဤသို့ဖြင့် အဖွဲ့နှစ်ဖွဲ့ကွဲကာ ထစကားများကြတော့သည်။ စကားများရင်းနှင့်မှ အဆုံးတွင် လက်ပါလာခဲ့သည်။

အစပိုင်းတွင် တိုက်ပွဲ အသေးစားလေးသာ ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲသည် တစ်စထက်တစ်စ ပိုမိုကြီးမားလာခဲ့သည်။

အထက်စကြာဝဠာဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးကြားမှ တိုက်ပွဲသည် စပင် မစရသေးသော်လည်း အပြင်မြို့တော်မှ ထွက်ပြေးလာသော ကျင့်ကြံသူများမှာမူ အချင်းချင်း ထသတ်နေကြကုန်လေပြီ။

သူတို့ အချင်းချင်း သတ်နေကြချိန် ကြယ်သင်္ဘောမှာမူ အတွင်းမြို့တော်ဆီသို့ ရောက်နေခဲ့လေပြီ။

လမ်းတစ်လျှောက်တွင် မည်သည့် အတားအဆီးနှင့်မှ မကြုံခဲ့ရသော်လည်း ရန်ကိုင်သည် အပြင်မြို့တော်အား ဖျက်စီးခြင်းမျိုး မလုပ်ခဲ့ချေ။ ဘာမှမရှိတော့သည့် အဆောက်အဦးအခွံများကို သွားဖျက်စီးနေ၍ ဘာအကျိုးရှိမည်နည်း။

“ဂိုဏ်းချုပ်၊ သူတို့ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်ပြီးနဲ့ တူတယ်” ရီရှီယွင်က ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်အား တင်ပြလိုက်၏။

“ကျုပ်လည်း သတိထားမိတယ်” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလျက် “ရေခဲဝိဥာဉ် ချိတ်တံဆိပ် အစီအရင်ကြီး ဆိုတဲ့အတိုင်းပါပဲလား။ တကယ်ကို ချီးကျူးစရာပဲ”

“ဂိုဏ်းချုပ် ဘာဆက်လုပ်ချင်လဲ”

“ဘာလုပ်ရမလဲ၊ ဆက်သွားမှာပေါ့” ရန်ကိုင်က အေးစက်စက် ပြုံးလျက် ပြန်ပြောလိုက်သည်။

ကြယ်သင်္ဘောသည် တစ်ချက်သာ ရပ်သွားပြီး အတွင်းမြို့တော်ဆီသို့ ဆက်လက် ပျံသန်းသွားလေသည်။

လက်ရှိတွင် အတွင်းမြို့တော်တစ်ခုလုံးကို မြူခိုးများဖြင့် လွှမ်းခြုံထားခဲ့သည်။ သေချာ အနီးကပ်ကြည့်မည်ဆိုပါက ထိုမြူခိုးများသည် အလွန်အမင်း အေးစက်သော လေအေးများဖြင့် ဖွဲ့စည်းထားကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

ရေခဲဝိဥာဉ် ချိတ်တံဆိပ် အစီအရင်ကြီးသည် ရေခဲကျောက်စိမ်းစမ်းချောင်း သုံးခုတိတိကို အစီအရင် အမြူအတေအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။ နှစ်ပေါင်းထောင်နှင့်ချီ ကြာပြီးနောက် ထိုရေခဲကျောက်စိမ်းစမ်းချောင်းထဲတွင် အလွန်အမင်း အားကောင်းသော အအေးဓါတ်များ စုဝေးလာခဲ့သည်။ ထိုအအေးဓါတ်သည် စမ်းချောင်းထဲသို့ ကျသွားသည့် မည်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူကိုမဆို ရေခဲရုပ်အဖြစ်သို့ တန်းပြောင်းပစ်နိုင်ပေသည်။

ရေခဲဝိဥာဉ်ချိတ်တံဆိပ် အစီအရင်သည် ထိုအအေးစွမ်းအင်များကို အပြင်သို့ ဆွဲယူကာ အတွင်းမြို့တော်တစ်ခုလုံးအား ကာရံပေးထားသည့် အကာအရံ တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ ကြယ်သင်္ဘော ထိုမြူခိုးထဲသို့ ဝင်သွားပြီးနောက်တွင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“ရေခဲဝိဥာဉ်ချိတ်တံဆိပ် အစီအရင်ဆိုတဲ့ အတိုင်းပါလား။ ဒီအအေးဓါတ်က ကောင်းကင်စိတ်အာရုံကိုတောင် ခဲပစ်နိုင်တာပဲ” ချင်းတုန်က ပြောလိုက်သည်။ ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရန် ကြိုးစားကြည့်လိုက်သော်ငြား သူ့ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ပြီးသည်နှင့် ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ရသည်။ မဟုတ်လျှင် သူ့ကောင်းကင်စိတ်အာရုံ တစ်ခုလုံး အေးခဲသွားပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်တော့သည့်အတွက် ကြယ်သင်္ဘောထဲတွင် ရှိနေသည့် လူအားလုံး မျက်မမြင်များသဖွယ် ဖြစ်ကုန်ကြလေသည်။ သို့သော်လည်း ယန်ယန် ဖန်တီးထားသည့် ကြယ်သင်္ဘောအား ဤမျှလောက်ဖြင့် လမ်းပျောက်အောင် လုပ်နိုင်မည်ဟု ထင်လျှင် မှားသွားပေလိမ့်မည်။ ကြယ်သင်္ဘောထဲတွင် အပြင်ဘက်အား စစ်ဆေးကြည့်နိုင်သည့် အစီအရင်များ ခင်းကျင်းထားပေသေးသည်။ ထိုအစီအရင်ကို အသုံးပြု၍ ကြယ်သင်္ဘောထဲ၌ ရှိနေသော လူများသည် ပြင်ပပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးကြည့်နိုင်ပေသည်။

“ဂိုဏ်းချုပ်၊ ကျုပ်တို့ဆီကု လူအယောက်နှစ်ဆယ်ကျော် အဖွဲ့တစ်ဖွဲ့ ဘယ်ဘက် ဆယ်မိုင်အကွာကနေ ချဉ်းကပ်လာနေတယ်”

“အသက်ဆယ်ရှိုက် ကြာတာနဲ့ အဲ့ဘက်ကို သလင်းအမြှောက်သုံးလုံး ပစ်လိုက်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

ထိုအခြင်းအရာကို ကြည့်ရင်း ချင်းတုန်နှင့် အခြားသူများသည် ချဉ်းကပ်လာနေသော အယောက်နှစ်ဆယ်ကျော် အဖွဲ့ကား ကြိတ်၍ ဆုတောင်းပေးလိုက်ကြလေသည်။

အသက်ဆယ်ရှိုက်စာ ကြာသွားပြီးနောက် ကြယ်သင်္ဘောဆီမှ ရောင်ခြည်တန်းသုံးခု ထွက်ပေါ်လာခဲ့သည်။ ထိုရောင်ခြည်တန်းသုံးခုသည် အယောက်နှစ်ဆယ်ကျော်သော ရန်သူ အားလုံးကို တစ်ယောက်မကျန် ရှင်းထုတ်ပစ်သွားခဲ့သည်။

“ဘဝခိုက်နေတဲ့ အရူးကောင်တွေ” ရီရှီယွင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။ အရိပ်ကြယ်ပေါ်ရှိ လူများသည် ဤတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို အလွန်အမင်း အထင်သေးလွန်းပေသည်။ သို့သော် ထိုအရာမှာ သူတို့၏ အပြစ်မဟုတ်။ သူမကိုယ်တိုင်လည်း ဤကြယ်သင်္ဘောအကြောင်းကို မသိထားခဲ့လျှင် ကျိန်းသေ အထင်သေးမိမည်သာ။ တကယ်တော့ အရိပ်ကြယ်ပေါ်တွင် မည်သူကများ ကြယ်သင်္ဘောကို တိုက်ပွဲကို အသုံးပြုဖူးလေသနည်း။ မည်သည့် အင်အားစုကများ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ပိုင်ဆိုင်ဖူးခဲ့လေသနည်း။

“ဂိုဏ်းချုပ် နောက်တစ်ဖွဲ့ လာနေတယ်” နောက်တပည့်တစ်ယောက်က ထပ်ပြောသည်။

“အရင်အတိုင်းပဲ လုပ်လိုက်”

ဤမျှ လွယ်ကူအေးဆေးသည့် တိုက်ပွဲမျိုး သူတစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ချေ။ ကြယ်သင်္ဘော၏ အားကိုးဖြင့် လက်တစ်ချောင်းပင် မြှောက်စရာမလိုဘဲ ရန်သူများအား အမြစ်ပြတ် သုတ်သင်ပစ်နေနိုင်သည်။ ဤကဲ့သို့ ရန်သူ၏ ကံကြမ္မာကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားရသည့် ခံစားချက်မျိုးသည် တကယ်ကို ခံစားလို့ကောင်းလှပေသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် အဖွဲ့သုံးဖွဲ့ကို သုံးသုတ်ခွဲကာ စေလွှတ်လိုက်သော်ငြား ထိုအဖွဲ့သုံးဖွဲ့စလုံး ကြယ်သင်္ဘော၏ တစ်မိုင်အတွင်းသို့ မရောက်ခင်မှာပဲ အသက်ပျောက်ကာ မရဏလမ်းသို့ စံမြန်းတော် မူသွားခဲ့ရသည်။

လူသုံးသုတ်၊ အယောက် ခြောက်ဆယ်ကျော်၊ ထိုထဲတွင် တန်ခိုးရှင်အဆင့် ပညာရှင်များစွာ ပါဝင်ပေသည်။ ထိုမျှ ပညာရှင်များကို ဆုံးရှုံးလိုက်ရပြီးနောက် ချူကျန်း မည်သို့ ခံစားနေရမည်နည်း။ ဒေါသထွက်လွန်းသဖြင့် သွေးအန်နေမည်လား။

လွှတ်လိုက်သည့် အဖွဲ့သုံးဖွဲ့စလုံး အသတ်ခံလိုက်ရပြီးနောက်တွင် ကောင်းကင် တိုက်ပွဲအစည်းအရုံးသည် နောက်ထပ် တစ်ဖွဲ့ကိုမှ ထပ်မစေလွှတ်တော့ချေ။

“သူတို့ ဆက်မတိုက်တော့ဘူးနဲ့ တူတယ် ဂိုဏ်းချုပ်” ရီရှီယွင် မျက်မှောင်ကြုတ်သွားခဲ့၏။

“သူတို့ မတိုက်ရင် ကျုပ်တို့တိုက်မှာပေါ့… ဘာခက်လို့။ ကျုပ်တို့သာ သလင်း အမြှောက်တွေနဲ့ အဆက်မပြတ် ထိုင်ပစ်နေရင် ဒီအစီအရင်လည်း မကြာဘူး။ ပျက်စီးသွားလိမ့်မယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

အစီအရင် အမြူတေများသာ ပျက်စီးသွားလျှင် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ် ဖြစ်သွားပေလိမ့်မည်။

တစ်ခဏအကြာတွင် ကြယ်သင်္ဘော၏ ကိုယ်ထည်တစ်ခုလုံး တောက်ပလာပြီး ရောင်ခြည်တန်းများ တစ်ခုပြီးတစ်ခုကို အဘက်ဘက်သို့ ပစ်လွှတ်တော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၃)

အေးစက်စက် မြူခိုးထုတွင်းဆီမှ တဝုန်းဝုန်းမြည်သံများ ညံမစဲအောင်ထွက်ပေါ် နေခဲ့သည်။ စဉ်ဆက်မပြတ် ထွက်ပေါ်လာနေသော ရောင်ခြည်တန်းများကြောင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အတွင်းမြို့တော်တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေကုန်လေပြီ။ အမွှေးတိုင်တစ်ဝက်စာပင် မရှိတတ်သေးချိန်အတွင်း၌ပင် ကောင်းကင် တိုက်ပွဲအစည်းအရုံး၏ ဘိုးဘေးအစဉ်အဆက် နှစ်ပေါင်းထောင်နှင့်ချီတိုင်တိုင် တည်ဆောက်လာခဲ့ရသော အခြေခံအုတ်မြစ်၏ နှစ်ဆယ်ရာခိုင်နှုန်း ပြာပုံဘဝသို့ ကူးပြောင်းသွားခဲ့ရသည်။ နေရာအနှံ့ အဆောက်အဦးများစွာ ပြိုကျပျက်စီးနေရုံမက လူပေါင်းများစွာလည်း သေဆုံးနေခဲ့သည်။

သေဆုံးသွားသော ကျင့်ကြံသူများ၏ မသေခင်အချိန်အတွင်း အော်ဟစ်ခဲ့သော ကြောက်လန့်တကြား အော်သံများကြောင့် အသက်ရှင်ကျန်ရစ်နေသူများမှာ တုန်လှုပ် ချောက်ခြားနေခဲ့ကြသော်လည်း မည်သူမှအပြင်သို့ ထွက်ပြီးမတိုက်ခိုက်ရဲခဲ့ကြပေ။ ထိုအခြင်းအရာကို မြင်သောိ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ချူချန်းနှင့် ကောင်းကင်းတိုက်ပွဲ အစည်းအရုံးမှ အခြားအကြီးအကဲများ၏ သည်းခံနိုင်စွမ်းကို အထင်သေးလိုက်မိပြီမှန်း နားလည်လိုက်၏။ သလင်းအမြောက်များ အားကောင်းသည်မှာ မှန်သည်။ သလင်းအမြှောက်များကို ပစ်လွှတ်ရန်အတွက် လိုအပ်သော သူတော်စင်သလင်းခဲများ သူတို့တွင် အလုံအလောက် ရှိသည်မှာလည်း မှန်ပေသည်။ သို့သော်ငြား ဤနည်းအတိုင်းသာ သလင်းအမြောက်များကို အဆက်မပြတ် ပစ်လွှတ်နေမည်ဆိုလျှင် အကြိမ်အကန့်အသတ် တစ်ခုသို့ရောက်သော် သလင်းအမြောက်များကို အချိန်အနည်းငယ် ကြာသည်အထ ဆက်လက်၍ ပစ်လွှတ်နိုင်တော့မည် မဟုတ်ချေ။ သလင်းအမြောက်များကို ယန်ယန်မှ ဖန်တီးခဲ့သည်မှာ မှန်သော်လည်း အရာရာတွင် သူ့အကန့်အသတ်နှင့်သူ ရှိစမြဲပင်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် ထိုအချိန်အခါကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သလင်းအမြောက်များ အလုပ်မလုပ်နိုင်တော့သည့် အခါမှသာ တန်ပြန်တိုက်စစ်စရန် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်လှောင်ပြုံးပြုံးမိသွား၏။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

အပြင်ဘက်ရှိ အအေးဓါတ်သည် သာမန် ကောင်းကင်စိတ်အာရုံများကို အေးခဲနိင်သည်ဆိုသော်လည်း ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သာမန်ကောင်းကင်စိတ်အာရုံမှ မဟုတ်လေဘဲ။ သူ့ကောင်းကင်စိတ်အာရုံသည် တစ်မူထူးခြားသော အပူဓါတ်ကို ပိုင်ဆိုင်ထားသောတေဇောဓါတ် အသိစိတ်ပင်လယ်မှ ဆင်းသက်လာခြင်း ဖြစ်သည့်အလျောက် အအေးဓါတ်ကို ကောင်းမွန်စွာ ခုခံနိုင်စွမ်း ရှိပေသည်။

ထို့အတွက်ကြောင့် အပြင်ဘက်ရှိအအေးဓါတ်သည် ရန်ကိုင်၏ကောင်းကင်စိတ် အာရုံအား အခြား ကောင်းကင်စိတ်အာရုံများနည်းတူ ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိတော့ပေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီးသည်နှင့်အလျောက် ရန်ကိုင်သည် ရေခဲမြူထု အတွင်းပိုင်းကို သေချာ စတင်စစ်ဆေးတော့သည်။

ထိုသို့ စစ်ဆေးနေရင်းမှ ရုတ်တရက် သူ့မျက်ဝန်းအစုံကို လင်းလက်သွားခဲ့ပြီး အေးစက်စက်အပြုံးတစ်ပွင့် သူ့မျက်နှာထက် ဝေ့သီလာခဲ့သည်။ ထို့နောက် ကြယ်သင်္ဘောထဲရှိ တပည့်ကို အမိန့်ပေးလိုက်လေသည် “ဘယ်ဘက်မိုင်သုံးဆယ် အကွာလောက်ကို သလင်းအမြောက်ကို နည်းနည်းလောက်ထောင်ပြီး ပစ်လိုက်”

ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့အမိန့်မျိုး ပေးသည်ကို ထိုတပည့်နားမလည်သော်ငြား ရန်ကိုင်ပြောသည့်အတိုင်းသာ သလင်းအမြှောက်အား ဘယ်ဘက် မိုင်သုံးဆယ်အကွာဆီ လှမ်းပစ်လိုက်လေသည်။ ရန်ကိုင်သည် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် သေချာ စစ်ဆေးစောင့်ကြည့်နေခဲ့သည်။ ပထမတကြိမ်ပစ်ပြီးသော် ထိုတပည့်အား နောက်တစ်ကြိမ် ထပ်ပြောလိုက်၏ “အဲ့ဘက်ကိုပဲ နောက်တစ်ကြိမ် ထပ်ပစ်။ ဒါပေမယ့် ဒီတစ်ကြိမ် ဘယ်ဘက်ကို နည်းနည်းစောင်းမယ်။ အောက်ကိုနည်းနည်းလေး ထပ်နှိမ့်မယ်”

“ဟုတ်ကဲ့”

တစ်ချိန်ထဲတွင် ကြယ်သင်္ဘောမှ ဆယ်မိုင်ခန့် ကွာဝေးသော သလင်းအမြောက် ချိန်ထားရာအရပ်တွင် ထူးခြားသောအစီအရင်များစွာဖြင့် လွှမ်းခြုံထားသော ရေခဲစမ်းချောင်း တစ်ခု ရှိနေခဲ့သည်။ ရေခဲစမ်းချောင်းအား လွှမ်းခြုံထားသော အစီအရင်များသည် ရေခဲစမ်းချောင်းကို အခြားသူများမမြင်နိုင်အောင် ဖုံးကွယ်ပေးထားရုံမက အမျိုးမျိုးသော တိုက်ခိုက်မှုများမှလည်း ရေခဲစမ်းချောင်းကို ကာကွယ်ပေးပေသည်။

ထိုရေခဲစမ်းချောင်းဝဆီမှ ရေခဲစွမ်းအင်များ အဆက်မပြတ် စီးထွက်နေပြီး ရေခဲဝိဥာဉ် ချိတ်တံဆိပ် အစီအရင်ကြီးထဲသို့ တတိတိ စီးဝင်နေခဲ့သည်။

ထိုအရာသည် ရေခဲကျောက်စိမ်း စမ်းချောင်းပင် ဖြစ်လေသည်။ တစ်နည်းဆိုရသော် ဤအရာသည် ရေခဲဝိဥာဉ် ချိတ်တံဆိပ်အစီအရင်ကြီး၏ အစီအရင်အမြုတေများ အနက်မှ တစ်ခုဖြစ်လေသည်။ လက်ရှိတွင် ဤနေရာကို တန်ခိုးရှင်အဆင့် (၃)ယောက်မှ စောင့်ကြပ်နေပြီး သုံးယောက်စလုံးသည် ရင်တထိတ်ထိတ်ဖြင့် သူတို့အရှေ့ဘက်သို့ လှမ်းလှမ်း၍ ကြည့်နေကြသည်။ အထက်စကြာဝဠာဂိုဏ်း၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော အတွင်းမြို့တော်ထဲသို့ စဝင်လာသည့်အချိန်မှစ၍ ကောင်းကင်တိုက်ပွဲအစည်းအရုံး ၏ အဖွဲ့သားအားလုံး ကြောက်ဒူးတုန်နေကြခြင်းဖြစ်သည်။

ဒုတိယအကြီးအကဲဖြစ်သော လူဖုန်းကိုပင် တိုက်ကွက်တစ်ကွက်ထဲဖြင့် သေလမ်း ပို့ပေးလိုက်နိုင်သော ကြယ်သင်္ဘော၏စွမ်းအားကို မည်သူကများ မကြောက်ဘဲနေမည်နည်း။ အကုန်လုံးကြောက်ကြပေသည်။ ကြောက်ကြသည့်အတွက် ထိပ်တိုက်မရင်ဆိုင်ရဲကြဘဲ ရေခဲဝိဥာဉ် ချိတ်တံဆိပ်အစီအရင်ကြီး၏ စွမ်းအားကို မှီခို၍သာ ခုခံရန် ကြိုစားကြရတော့သည်။

ရုတ်တရက်အဖြူရောင်အလင်းတန်းတစ်ခု သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားသဖြင့် တန်ခိုးရှင်အဆင့် သုံးယောက်စလုံး ရင်တထိတ်ထိတ် ဖြစ်သွားကြရသည်။ အချိန်မှီ ခုခံနိင်ရန်အတွက်လည်း သူတို့သူတော်စင်ချီကို အလျှင်အမြန်စုစည်း လိုက်ကြလေသည်။ ထိုအလင်းတန်းများသည် ရန်သူ၏ သလင်းအမြောက်မှလာခြင်း ဖြစ်သည်။ သူတို့စောင့်ကြပ်နေသည့် နေရာတွင် အကာအကွယ် အစီအရင်များနှင့် ကိုယ်ပျောက် အစီအရင်များစွာရှိသော်လည်း ထိုအစီအရင်များသည် အဖြူရောင်အလင်းတန်းများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ချက်မရှိပါချေ။

သူတို့သာမခုခံနိုင်ခဲ့ပါက ဒုတိယအကြီးအကဲ လူဖုန်းသွားသည့် လမ်းစဉ်နောက်သို့ လိုက်သွားရပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူတို့အစိုးရိမ်လွန်နေခြင်းသာ ဖြစ်သွားခဲ့သည်။ အဖြူရောင် အလင်းတန်းသည် သူတို့နားမှ ဖြတ်သန်းသွားခဲ့သော်လည်း သူတို့အား လာရောက်ထိမှန်ခြင်း မရှိသွားဘဲ အခြားတစ်နေရာသို့သာ သွားရောက်ထိမှန်ခဲ့သည်။

တန်ခိုးရှင်အဆင့် သုံးယောက်စလုံး သူတို့နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်ကြပြီး သက်ပြင်းအမောကြီးချလိုက်ကြသည်။

“ဘာမှမဖြစ်ဘူး။ ဒါတိုက်ဆိုင်သွားရုံပဲ။ ဒီမြို့တစ်ခုလုံးကို ရေခဲမြူတွေ ဖုံးနေတာ အဲ့အရူးတွေ အစီအရင်အမြုတေ ဘယ်မှာရှိလဲဆိုတာကို ရှာတွေ့မှာ မဟုတ်ဘူး။ ခေါင်းဆောင်က ပြောထားပြီးသား… သူတို့သလင်းအမြောက်တွေသာ ဆက်မပစ်နိုင်တော့ဘူး ဆိုတာနဲ့ ငါတို့ဘက်က တန်ပြန်တိုက်စစ် စမယ်တဲ့” တန်ခိုးရှင်သုံးယောက်အနက်မှ မုတ်ဆိပ်မွှေး ထူလပြစ်နှင့် လူကြီးတစ်ဦးက ပြောလိုက်သည်။

“ဒါပေမယ့်သူတို့တွေ ပစ်နေတဲ့ပုံစံက မပြင်ဆင်လာတဲ့ပုံ ပေါက်နေလို့လား။ အစီအရင်သာ သူတို့ကို အချိန်မဆွဲထားနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ” ကျော့ရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးက စိုးရိမ်နေသည့် လေသံဖြင့် ပြန်မေးလိုက်သည်။

“ဟန့်၊ ဘာကြောက်စရာရှိတာမှတ်လို့။ အဲ့သလင်းအမြောက်တွေက အားကောင်းချင် အားကောင်းလိမ့်မယ်။ သလင်းအမြောက် တစ်ခါပစ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကနည်းတာမဟုတ်ဘူး။ ကြည့်နေ… သိပ်မကြာဘူး။ သူတို့သလင်းအမြှောက် ထပ်ပစ်ဖို့ အရင်းအမြစ် မလောက်ဘဲ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ သလင်းအမြောက်တွေ ပစ်နိုင်တဲ့အရေအတွက်က အကန့်အသတ်ရှိတယ်။ တောက်လျှောက်ကြီး ပစ်လို့ရတာမျိုး မဟုတ်ဘူး။ ငါတို့အဲ့အချိန်ထိဘဲ စောင့်နေဖို့ပဲ လိုတာ။ အဲ့အချိန်ရောက်တာနဲ့ အဲ့အထက်စကြာဝဠာဂိုဏ်းက ကောင်တွေ ခေါင်းမပါတဲ့ ယင်ကောင်တွေ ဖြစ်သွားပြီ။ အဲ့လိုသာဆို အဲ့သူတောင်းစားတွေကိုလည်း သတ်လို့ရ၊ သူတို့ရဲ့တန်ခိုးရှင်ဘုရင်အဆင့်ကြယ်သင်္ဘောကိုလဲ အပိုင်သိမ်းလို့ရ၊ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကွက်လဲ။ စဉ်းစားကြည့်စမ်း” တန်ခိုးရှင်အဆင့်သုံးယောက်အနက် အသက်အကြီးဆုံး ဖြစ်သည့် လူအိုကြီးက ဝင်ပြောလိုက်သည်။

ထိုလူအိုကြီးပြောသည်ကို ကြားသော် ကျန်နှစ်ယောက်၏ မျက်ဝန်းအစုံတောက်ပသွားခဲ့ပြီး ကောင်းကင်တိုက်ပွဲအစည်း အရုံးမှ အထက်စကြာဝဠာဂိုဏ်း၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအား အပိုင်ရသွားပုံကို စတင် မြင်ယောင်ကြည့်ကုန်ကြတော့လေသည်။

သူတို့ထိုသို့ စိတ်ကူးယဉ်ကောင်းနေစဉ်မှာပင် နောက်ထပ်အလင်းတန်းတစ်ခု သူတို့အနားမှ ထပ်မံ ဖြတ်သန်းသွားခဲ့သည်။ ထိုအလင်းတန်းကို မြင်သော် မုတ်ဆိတ်မွှေး ထူဗလပြစ်နှင့် လူကြီး၏ နဖူးထက်မှ ချွေးအေးများ ထပ်မံ စီးကျလာခဲ့လေသည်။ ယခုတစ်ကြိမ် အလင်းတန်းသည် ပထတစ်မကြိမ် အလင်းတန်းနှင့် ယှဉ်လိုက်လျှင် သူတို့နှင့် ပိုနီးပေသည်။

သူတို့စိတ်မအေးနိုင်သေးမှာပင် နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့ဆီသို့ တည့်တည့် တိုးဝင်လာခဲ့သည်။

“မကောင်းတော့ဘူး” လူအိုကြီးက အလန့်တကြား ထအော်လေသည် “အစီအရင်ကို မြန်မြန်အသက်သွင်းတော့”

လူအိုကြီးအော်သံနှင့်အတူ သုံးယောက်စလုံး သူတို့၏ သူတော်စင် ချီကို ကမန်းကတန်းလှည့်ပတ်၍ အစီအရင်များကို အသက်သွင်းလိုက်ကြသည်။ တစ်ခဏအတွင်း အလင်းအကာအရံတစ်ခု ထွက်ပေါ်လာပြီး သူတို့သုံးယောက်နှင့်တကွ ရေခဲစမ်းချောင်း ကျောက်စိမ်းကို လွှမ်းခြုံသွားခဲ့သည်။ သို့သော်လည်း ထိုအကာအရံသည် အဖြူရောင် အလင်းတန်း၏တိုက်ခိုက်မှုကို အသက်သုံးရှိုက်စာသာ ခုခံနိုင်ပြီးနောက် တစ်စစီ ပျက်စီးသွားခဲ့လေသည်။

အကာအရံပျက်စီးသွားသည်ကို မြင်သော် တန်ခိုးရှင်အဆင့်သုံး‌ယောက်စလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့သော်လည်း တိုက်ပွဲအလီလီကို ဖြတ်ကျော်လာခဲ့ဖူးသည့် ဝါရင့်သမ္ဘာရင့်များ ပီပီ သူတို့၏ အကာအကွယ် မှော်ရတနာများကို အလျင်အမြန်ထုတ်ကာ ခုခံလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သလင်းအမြောက်၏ စွမ်းအားအများစုကို အကာအရံမှ တားဆီးခဲ့ပြီးပြီ ဖြစ်သည့်အတွက် လက်ကျန်စွမ်းအားကို သုံးယောက်ပေါင်းပြီး ခုခံလိုက်နိုင်ခဲ့သည်။

သို့သော်လည်း ထိုလက်ကျန်စွမ်းအားကို ခုခံနိုင်ပြီးနောက်တွင် သုံးယောက်စလုံး ဒယီးဒယိုင် ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်ကုန်ကြလေသည်။ တန်ခိုးရှင်အဆင့်အမျိုးသမီးဆိုလျှင် သွေးပင်အန်နေခဲ့သည်။ ထိုမျှသာ မဟုတ်သေး။ သလင်းအမြောက်၏ လက်ကျန်စွမ်းအားကို ခုခံနိုင်ပြီးနောက်တွင် သူတို့ အသုံးပြုနေသည့် အကာအကွယ် မှော်ရတနာအားလုံး ပျက်စီးသွားကုန်ကြလေသည်။

“မင်းတို့ ကြည့်ကြည့်၊ ဟိုမှာ နောက်ထပ် ထပ်လာနေပြန်ပြီ။ ဒီတစ်ခါ တစ်ခုတောင် မဟုတ်တော့ဘူး။ သုံးခုတောင် ဖြစ်သွားပြီ” မုတ်ဆိပ်မွှေး ထူလပြစ်နှင့်လူကြီးက ကြောက်လန့်တကြား အော်ဟစ်လေသည်။ အမျိုးသမီးနှင့် လူအိုကြီးလည်း သူတို့ဆီ တိုးဝင်လာသော အဖြူရောင် အလင်းတန်းသုံးခုအား အသိစိတ် လွှတ်နေသည့် အမူအရာဖြင့် ငေးကြောင် ကြည့်နေခဲ့ကြသည်။

သူတို့ရှိနေသည့်နေရာဆီသို့ အဖြူရောင်အလင်းတန်းများ တောက်လျှောက် ဖြတ်သန်းသွားနေသည့် အဖြစ်ကို ထောက်ရှုကြည့်လျှင် ရန်သူသည် အစီအရင်အမြုတေ၏ နေရာကို တွေ့ရှိသွားပြီဟု ကောက်ချချနိုင်ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် အလင်းတန်းများသည် ဘာကြောင့် သူတို့နားဆီမှချည်း တောက်လျှောက် ဖြတ်သွားပြီး နောက်ဆုံးတွင် သူတို့ တည့်တည့်ဆီသို့ ရောက်လာမည်နည်း။ သို့သော် အစီအရင် အမြူတေကို သူတို့ မည်ကဲ့သို့ ရှာတွေ့သွားခဲ့သနည်း။

သလင်းအမြောက် တစ်ခု၏ လက်ကျန် စွမ်းအားကို ခုခံရန်အတွက်ပင် သုံးယောက်စလုံး အားကုန်သွားခဲ့ကြရရာ တစ်ပြိုင်တည်း တိုးဝင်လာနေသော သလင်းအမြောက် သုံးခု၏စွမ်းအားကို သူတို့ မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

ဝုန်… အဖြူရောင် အလင်းတန်းသုံးခု သူတို့အား လာရောက် ထိမှန်လေသည်။ လာရောက်ထိမှန်သော အဖြူရောင်အလင်းတန်းကြောင့် ရေခဲကျောက်စိမ်းစမ်းချောင်း တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး တန်ခိုးရှင်အဆင့်သုံးယောက်သည်လည်း ဤလောကကြီးမှ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရသည်။ ဖုန်များအားလုံးရှင်းသွားချိန် ဘာဆိုဘာမှ မရှိတော့ဘဲ မီတာပေါင်းများစွာ အကျယ်ရှိသော အက်ကြောင်းကြီးတစ်ခုသာ ကျန်ရှိတော့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက်တပည့်များအား အခြား တစ်နေရာသို့ ထပ်ပစ်ရန် အမိန့်ပေးလိုက်လေသည်။ အစီအရင် အမြုတေတစ်ခု ပျက်စီးသွားသည်နှင့် တပြိုင်နက် အဓိကခန်းမထဲတွင် ရှိနေသော မိုရှောင်ရှန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ခန်းမအလယ်တွင် ထိုင်နေသော ချူချန်းဘက်သို့ လှည့်၍ အလျင်အမြန် တင်ပြလိုက်သည် “ဂိုဏ်းချုပ် အစီအရင်အမြုတေ တစ်ခုပျက်စီးသွားပြီ”

“ဘယ်လို” ချူချန်း ထိုင်ရာမှ ထရပ်လိုက်ပြီး မိုရှောင်ရှန်းအား မယုံကြည်နိုင်စွာ ကြည့်လျက် “ဘယ်လိုလုပ်ပြီး ပျက်စီးသွားတာလဲ… ဟိုကောင်တွေ မတော်တဆ ရှာတွေ့သွားတာလား”

မိုရှောင်ရှန်းက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “သူတို့ မတော်တဆ ရှာတွေ့သွားတာ ဟုတ်လား၊ မဟုတ်လား မပြောတတ်ပေမယ့် အစီအရင်အမြုတေကို စောင့်ကြပ်နေတဲ့ တန်ခိုးရှင် သုံးယောက်လုံးကတော့ သေသွားပြီ။ အစီအရင်အမြုတေလဲ ပျက်စီးသွားပြီ။ အခုကိစ္စကို ကျုပ်တို့ ဒီအတိုင်းစောင့်ကြည့်နေလို့ မဖြစ်တော့ဘူး ထင်တယ် ဂိုဏ်းချုပ်။ အစီအရင်စွမ်းအားကို အမြင့်ဆုံးတင်ပြီး အဲ့ကြယ်သင်္ဘောကို ခဲပစ်မှပဲ အဆင်ပြေလောက်လိမ့်မယ်” မိုရှောင်ရှန်းက ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ချူချန်းသည် တစ်ခုခုကို စိုးရိမ်သွားသည့်အလား အနည်းငယ် တုန့်ဆိုင်းတွေဝေကာ မျက်မှောင်ကြုတ်သွားခဲ့လေသည် “ဂိုဏ်းချုပ် ဒီတိုက်ပွဲက အထက်စကြာဝဠာဂိုဏ်း ပျက်စီးရင်ပျက်စီး၊ မပျက်စီးရင် ကျုပ်တို့ ကောင်းကင်တိုက်ပွဲအစည်းအရုံး ပျက်စီးမှပဲ ရပ်သွားမယ့် တိုက်ပွဲမျိုးနော်။ အခု အစီအရင်အမြုတေ တစ်ခုပျက်စီးသွားပြီ။ ကျုပ်တို့သာ ဆက်ပြီး တုန့်ဆိုင်းတွေဝေနေဦးမယဆိုရင် နောက်ထပ်အစီအရင်အမြုတေ နှစ်ခုလည်း ပျက်စီးသွားလိမ့်မယ်။ အဲ့အစီအရင် အမြူတေ နှစ်ခုပါ ပျက်စီးသွားရင်တော့ ကျုပ်တို့လုံးဝသွားပြီပဲ ဂိုစ်းချုပ်။ အစီအရင်ကို စွမ်းအားကုန်ထိ သုံးလိုက်တာက ကုန်ကျစရိတ်များတယ် ဆိုပေမယ့် အဲ့လိုမျိုး လုပ်သင့်တယ်လို့တော့ ကျုပ်ထင်တယ်”

“အကြီးအကဲချုပ် ပြောတာ ဟုတ်တယ်” ချူချန်း အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ အစီအရင်ကို စွမ်းအားကုန်ထိ မြှင့်တင်ဖို့ အမိန့်ပေးလိုက်တော့။ အစီအရင်အုတ်မြစ် ပျက်စီးသွားရမယ် ဆိုရင်တောင် အထက်စကြာဝဠာဂိုဏ်းကို လုံးဝအနိုင်ပေးလို့မဖြစ်ဘူး”

မိုရှောင်ရှန်းက ချက်ချင်းခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်း၍ အစီအရင်အား ထိန်းချုပ်လှည်ပတ်နေသည့် တပည့်အသီးသီးကို အမိန့်ပေးလိုက်လေသည်။ အစီအရင်ကို စွမ်းအားကုန် မြှင့်တင်လိုက်သည်နှင့် တပြိုင်နက် မြူထုထဲရှိ အအေးဓါတ်သည် အဆမတန် ပြင်းထန်လာခဲ့သည်။ အလွန်ကိုမှ အေးစက်လာသည့် အတွက် ကြယ်သင်္ဘောကိုယ်ထည်ကိုပင် ရေခဲလွှာများ စတင်ဖုံးလွှမ်းလာခဲ့လေသည်။

ယခင်က ကြယ်သင်္ဘောအတွင်းပိုင်းထဲသို့ မဝင်ရောက်နိုင်ခဲ့သော အအေးဓါတ်သည် ယခုအခါ ကြယ်သင်္ဘော၏ အတွင်းပိုင်းထဲသို့တိုင်အောင် စိမ့်ဝင်လာခဲ့သည်။ စိမ့်ဝင်လာသော အအေးဓါတ်ကြောင့် ကြယ်သင်္ဘောထဲတွင် ရှိနေသော တပည့်များနှင့် ကျင့်ကြံသူများ သူတို့၏ စိတ်ဝိဥာဉ်များ အေးခဲလုမတတ် ခံစားလာကြရကုန်သည်။

“ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် အေးလာရတာလဲ” ချင်းတုန်က မှုန်တေတေ အမူအရာဖြင့် မေးလိုက်သည်။

“ကျုပ်တို့အကြံအစည်ကို ဟိုလူတွေ သတိပြုမိသွားပြီနဲ့ တူတယ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားသည့်အတွက် လက်ကျန် အစီအရင်အမြုတေ နှစ်ခုဆီမှ အအေးဓါတ်များ အတောမသတ်နိုင်အောင် စီးထွက်လာနေသည်ကို သတိပြုမိသည်။ အစီအရင်အမြုတေကို စောင့်ကြပ်နေသောအစောင့်များသည်ပင် အစီအရင် အမြုတေနား၌ မနေရဲကြတော့ဘဲ ခပ်ဝေးဝေးသို့ တိမ်းရှောင် သွားကုန်ကြလေပြီ။

ခရက်… ကြယ်သင်္ဘော၏ကိုယ်ထည်ကို ရေခဲစများ စတင်ဖုံးလွှမ်းလာခဲ့သည်။ လက်ရှိတွင် မြူခိုးထုထဲရှိ အအေးဓါတ်သာ အလွန်အမင်း အားကောင်းလာခြင်းမျိုး မဟုတ်ဘဲ ထိုသိပ်သည်းလှသော အအေးစွမ်းအင်များသည် အမျိုးမျိုးသော သားရဲများသို့ အဖြစ်သို့ပါ အသွင် ပြောင်းလဲလာကြကုန်လေသည်။ သားရဲ တစ်ကောင်းချင်းစီသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အားကောင်းသော စွမ်းအင်လှိုင်းများလည်း ဖြာထွက်နေခဲ့သည်။ မကြာမှီ ကြယ်သင်္ဘောတစ်ခုလုံးကို ရေခဲသားရဲများဖြင့် ဝိုင်းအုံသွားခဲ့သည်။

ထိုအခြင်းအရာကိုမြင်သော် ကြယ်သင်္ဘောထဲတွင်ရှိနေသူအားလုံး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုရေခဲသားရဲများသည် ကြယ်သင်္ဘောအား သူတို့၏ အစွယ်၊ လက်သည်းများဖြင့် ကိုက်ဖဲ့ကုတ်ခြစ် တိုက်ခိုက်ကြတော့သည်။ ထိုအခြင်းအရာကို သတိပြုမိသော် ကြယ်သင်္ဘောထဲတွင် ရှိနေသူများသည် ကြယ်သင်္ဘော ဖျက်စီးခံရတော့မည်လားဟု တွေးတောရင်း စိုးရိမ်စိတ် ဝင်လာခဲ့ကြသည်။ ရန်ကိုင်သည်လည်း နောက်ဆုံးတွင် အေးအေးဆေးဆေး ထိုင်မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ အော်ဟစ်အမိန့်ပေးတော့လေသည်။

“အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်တော့။ အဲ့သားရဲတွေကို ဂရုစိုက်မနေနဲ့။ ကျန်တဲ့ အစီအရင် အမြူတေနှစ်ခုကို ဖျက်စီးဖို့ပဲ အာရုံစိုက်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၄)

မကြာမှီ ကြယ်သင်္ဘောတစ်ခုလုံးကို အကာအရံပါးပါးလေး တစ်ခုမှ လွှမ်းခြုံသွားခဲ့သည်။ ထိုအကာအရံသည် အတော်လေးကိုမှ ပါးလွှာလှသော်လည်း ရေခဲသားရဲများ မည်သို့ပင် တိုက်ခိုက်နေစေကာမူ ၎င်းအပေါ်တွင် ခြစ်ရာလေး တစ်ခုပင် ထင်အောင် မပြုလုပ်နိုင်ခဲ့ပေ။ သို့သော်ငြား ထောင်ပေါင်းများစွာသော သားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက် မှုကြောင့် အကာအရံ၏ အရောင်အဝါမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

ပုရွက်ဆိတ် တစ်ကောင်ဖြင့် ဆင်တစ်ကောင်ကို မသတ်နိုင်သော်လည်း ပုရွက်ဆိတ်ထောင်ပေါင်းများစွာက စုဝေးလာသည့်အခါ ဆင်တစ်ကောင်ကို သတ်နိုင်သကဲ့သို့ ကြယ်သင်္ဘောသည် တန်ခိုးရှင် ဘုရင်အဆင့်ဖြစ်သော်လည်း ရေခဲသားရဲမြောက်များစွာ၏ တိုက်ခိုက်မှုကို အဆက်မပြတ်ခံ နေရပြီဆိုပါက အနှေးနှင့်အမြန် ပျက်စီးသွားရပေလိမ့်မည်။ ထိုစဉ် ကြယ်သင်္ဘော၏ ကိုယ်ထည်တစ်ခုလုံး တောက်ပလာပြီး အဖြူရောင် အလင်းတန်း ဆယ်ခု ထွက်ပေါ်လာခဲ့သည်။

သေးရေးရှင်ရေးအခြေအနေနှင့်ရင်ဆိုင်ရနေပြီမို့ ရန်ကိုင်လည်း စိတ်အေးလက်အေး မနေနိုင်တော့ဘဲ ထပြီး အမိန့်များကို တရစပ်ပေးတော့လေသည်။ ရောင်ခြည်တန်းများစွာ အတူတူ ပူးပေါင်း ထွက်ပေါ်လာသည့် မြင်ကွင်းသည် တကယ်ကို မျက်စိဖမ်းစားစရာ ကောင်းလှသည်။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် ဒုတိယ အစီအရင် အမြုတေ ထပ်မံပျက်စီးသွားခဲ့ရလေသည်။ ဒုတိယအစီအရင် အမြုတေ ပျက်စီးသွားပြီး မကြာခင်မှာပင် တတိယအစီအရင် အမြူတေလည်း ထပ်မံပျက်စီးသွားခဲ့ရလေသည်။

အစီအရင်အမြုတေ သုံးခုစလုံး ပျက်စီးသွားပြီးနောက်တွင် အတွင်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော ရေခဲဝိဥာဉ်ချိတ်တံဆိပ် အစီအရင်ကြီး ရပ်တန့်သွားခဲ့လေသည်။ အစီအရင်ကြီး ရပ်တန့်သွားခြင်း နှင့်အတူ ရေခဲစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ရေခဲသားရဲများသည်လည်း ရေခဲမှုန်လေးများအဖြစ်သို့ လွှင့်စင်ပျောက်ကွယ်ကုန်ကြသည်။

အတွင်းမြို့တော်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည့် ရေခဲထုမြူကြီးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ နောက်ဆုံးတွင် သူတို့ရင်ဆိုင်နေရသည့် အခက်အခဲကြီးကို ဖြေရှင်းလိုက်နိုင်ခဲ့သည်။ သို့သော်လည်း ကြယ်သင်္ဘောထဲတွင် ရှိနေသော သူများမှာ ချွေးစေးများပျံနေခဲ့ သည်။ စဉ်ဆက်မပြတ် ထောက်ပံ့ပေးမည့် အအေးစွမ်းအင်များ မရှိတော့သည့် နောက်တွင် အတွင်းမြို့တော်ကြီးတစ်ခုလုံး ရန်ကိုင်တို့ရှေ့ တဖြည်းဖြည်း မျက်ဝါးထင်ထင် ထွက်ပေါ်လာခဲ့သည်။

“ဟဲဟဲ အဲ့ခွေးအိုကြီး ချူချန်းတော့သွေးအန်နေတော့မှာဘဲ” ဖေးကျီတု သည်းလိုက်အူလိုက် ရယ်မောတော့လေသည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့၏ ပူးပေါင်းအကွက်ချ ကြံစည်မှုကြောင့် ကြယ်ဧကရာဇ်တောင်တွင် သူ့အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။

ရန်ကိုင်သည် နောက်ဆုံးအချိန်တွင် သူ့အသက်ကို ကယ်တင်လိုက်နိုင် သော်လည်း သူ့ကျင့်ကြံခြင်းမှာမူ တန်ခိုးရှင်ဒုတိယအဆင့်သို့ ကျသွားခဲ့ရတော့သည်။ ထို့ကြောင့် ဖေးကျီတု၊ ချူကျန်းတို့ကို အလွန်အမင်း မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။ ယခု တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ စွမ်းအားအောက်၌ ချူကျန်း အလွန်အမင်း အားကိုးရသော သူတို့ဂိုဏ်း၏ ရေခဲဝိဉာဉ် ချိတ်တံဆိပ်အစီအရင်ကြီး ရပ်တန့်သွားသည် ကိုမြင်သော် ဖေးကျီတု ကျေနပ်ပီတိ ဖြစ်သွားခဲ့သည်။

ဖေးကျီတု ထင်သကဲ့သို့ပင် ချူကျန်း ဒေါသ အမျက်ချောင်းချောင်းကို ထွက်နေခဲ့လေသည်။ သူတို့ကောင်းကင်တိုက်ပွဲ အစည်းအရုံး အလွန်ကိုမှ ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် ဒီမှမြန်မြန်ပျက်စီးသွားရလိမ့်မည်ဟု မည်ကဲ့သို့ထင်ထားခဲ့ပါ မည်နည်း။ ယခုအချိန်ထိတိုင် သူ့ရန်သူများသည် ကြယ်သင်္ဘောအတွင်းမှ ထွက်လာခြင်း မရှိသေးဘဲ သလင်းအမြောက်များကိုသာ အဆက်မပြတ် ပစ်လွှတ်နေခဲ့သည်။ သူအသက်ရှင် လာခဲ့သည့် သက်တမ်းတစ်လျှောက်လုံး ဤမျှ စွမ်းအားမဲ့သည့် အခြေအနေမျိုးနှင့်မျှ တစ်ခါမှ မရင်ဆိုင်ဖူးပါချေ။

“အဲ့ကောင်တွေနဲ့ ငါသွားထွက်တွေ့တော့မယ်။ ငါသေရမယ်ဆိုရင်တောင် အဲ့ကြယ် သင်္ဘောကို မရရအောင်ဖျက်ဆီးသွားမယ်” ချူချန်းသည် ဒေါသတကြီးဖြင့် အသားကုန် ထအော်လေသည်။ ယခု သူတို့အား ကာကွယ်ပေးထားသော ရေခဲဝိဉာဉ်ချိတ်တံဆိပ် အစီအရင်ကြီး ပျက်စီးသွားပြီ ဖြစ်သဖြင့် သူတို့အနေဖြင့် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့သာ ရှိတော့သည်။ အထက်စကြာဝဠာဂိုဏ်းသာ သူတို့၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ဆုံးရှုံးသွားခဲ့လျှင် ကောင်းကင်တိုက်ပွဲ အစည်းအရုံးအနေဖြင့် တိုက်ပွဲအခြေအနေအား အထက်အောက် ပြောင်းပြန် လှန်ကောင်းလှန်နိုင်ပေလိမ့်မည်။ ချူကျန်းမှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပုန်းအောင်းနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် တန်ခိုးရှင်ဘုရင် အဆင့်ကြယ်သင်္ဘောဆီသို့ ပြေးဝင်သွားကုန်ကြလေသည်။

သို့တိုင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောမှာမူ တုတ်တုတ်မျှ မလှုပ်သေးဘဲ ၎င်းအား မရေမတွက်နိုင်သော ကျင့်ကြံသူများမှ ဝန်းရံနေသည်ကို ဒီအတိုင်း ကြည့်နေခဲ့သည်။ ကြယ်သင်္ဘောအား ဝိုင်းထားသည့် ကျင့်ကြံသူ အရေအတွက်မှာ အနည်းဆုံး ထောင်နှင့်ချီကာ ထိုအရေ အတွက်သည် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းသော အဖွဲ့သားများကို ကိုယ်စားပြုပေသည်။

လက်ကျန်နှစ်ဆယ်ရာခိုင်နှုန်းသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ ထို့ထက်နှိမ့်ကျနေခဲ့ပြီး တိုက်ပွဲအတွင်းဝင်ပါ၍ မဖြစ်နိုင်ခဲ့သည့် အတွက်ကြောင့် ပါဝင်မလာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ်ဖြင့် ကြယ်သင်္ဘောဆီသို့ တဖြေးဖြေးချည်းကပ်လာနေကြသည်။

ရုတ်တရက် မလှုပ်မယှက်ရှိနေသော ကြယ်သင်္ဘော၏ ကိုယ်ထည်မှ ရောင်စုံအလင်းတန်းများ ဖြာထွက် လာလေသည်။ မိုင်ထောင်ပေါင်းများစွာကို တမဟုတ်ခြင်း လွှမ်းခြုံသွားသည့် ရောင်စုံအလင်းတန်းများနှင့် ထိမှန်ခြင်းခံလိုက်ရသည့်နှင့်တပြိုင်နက် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ကျင့်ကြံသူများစိတ်အစုံ မှုန်မှိုင်းထုံထိုင်းကုန်လေသည်။ အားနည်းသော ကျင့်ကြံသူများဆိုလျှင် တောင့်တောင့်ကြီး ဖြစ်ကုန်ကြပြီး သူတို့၏ သူတော်စင်ချီကိုလည်း လှည့်ပတ်၍မရ ဖြစ်ကုန်ကြလေသည်။

မရေမတွက်နိုင်သော အော်သံများနှင့်အတူ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ အောက်သို့ပြုတ်ကျလာကုန်ကြသည်။

အနည်းငယ်အားကောင်းသော ကျင့်ကြံသူများပင်လျှင် ထိုရောင်စုံအလင်းတန်းကို အပြည့်အဝမခုခံနိုင်ခဲ့ပေ။ “ပုံရိပ်တစ်ထောင်ဖန်အလင်း မဖြစ်နိုင်ဘူး ပုံရိပ်တစ်ထောင်ဖန် အလင်းသူတို့ဆီမှာ ဘာဖြစ်လို့ရှိနေရတာလဲ”

ရောင်စုံအလင်းတန်းအကြောင်း နည်းနည်းပါးပါး သိကျွမ်းထားသည့် ကျင့်ကြံသူများက အလန့်တကြားထအော်ကြလေသည်။ အရိပ်ကြယ်၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ ပုံရိပ်တစ်ထောင်ဖန်အလင်းကို သူတို့ မသိဘဲ နေမည်လား။

သို့သော်လည်း ပုံရိပ်တစ်ထောင်ဖန်အလင်း ဆိုသည်မှာ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းတွင်သာ ရှိသည့်အရာဖြစ်ပြီး မျိုးစဉ်တစ်ခုအတွင်းတွင် တစ်ယောက် နှစ်ယောက်လောက်သာ ထုတ်လုပ်ပေးနိုင်သော အရာမျိုးလည်းဖြစ်သည်။ သို့သော်လည်း တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောသည် ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းကသာ ပိုင်ဆိုင်သည်ဟု အများမှ မှတ်ယူထားသော ပုံရိပ် တစ်ထောင်ဖန်အလင်းကို အသုံးပြုနေခဲ့သည်။

သေချာအနီးကပ် ကြည့်ကြည့်မည် ဆိုလျှင်လည်း ကြယ်သင်္ဘော၏ ကိုယ်ထည်တစ်ခုလုံးကို ပုံရိပ်တစ်ထောင်ဖန်များဖြင့် ပြုလုပ်ထားကြောင်း မြင်တွေ့နိုင်ပေသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူများပင်မဟုတ် ကြယ်သင်္ဘောအတွင်းတွင် ရှိနေသော ဖေးကျီတုနှင့် ချင်းတုန်တို့သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေကြကုန်လေသည်။

“ရန်ကိုင် ဒါတကယ်ကြီး ပုံရိပ်တစ်ထောင် ဖန်အလင်းလား” ချင်းတုန်က မဝံ့မရဲဖြင့် မေးလိုက်သည်။ သူအံ့ဩသည်မှာလည်း အံ့ဩချင်စရာပင် ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းသည် ပုံရိပ်တစ်ထောင်ဖန်တောင် အနီးအနားသို့ မည်သည့်အပြင်လူကို ချဉ်းကပ်ခွင့် မပေးချေ။ ရှင်းရှင်း ဆိုရသော် သူတို့ဂိုဏ်းသားအများစုကိုပင် ပုံရိပ်တစ်ထောင်ဖန်တောင် အနားသို့ ချဉ်းကပ်ခွင့် မပေးချေ။ ထိုသို့ဆိုလျှင် ထိုမှ များပြားလှသော ပုံရိပ်တစ်ထောင်ဖန်များကို ရန်ကိုင်သည် မည်သည့်နေရာမှ ရရှိလာခဲ့လေသနည်း။

ကြယ်သင်္ဘောတစ်ခုလုံးကိုပင် လွှမ်းခြုံလိုက်နိုင်သော များပြားလှသောပုံရိပ် တစ်ထောင်ဖန်များကို သူတစ်ကယ်မည်ကဲ့သို့ ရယူခဲ့သလဲဆိုသည်နှင့် ပတ်သက်၍ ချင်းတုန် တကယ်ကို မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။

“ဟုတ်တယ် ဒါက ပုံရိပ်တစ်ထောင် ဖန်အလင်းဘဲ”ရန်ကိုင်က ပြောလိုက်သည်။ “အရိပ်ကြယ်ပေါ်မှာ ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်လုပ်နိုင်တာ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်း တစ်ခုထဲမှ မဟုတ်တာ” ချင်းတုန် မယုံချင်ယုံချင်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်စကားကို ယုံချင်မိသော်ငြား ပုံရိပ်တစ်ထောင်ဖန်ရှိသည့် ဂိုဏ်းဆို၍ အရိပ်ကြယ်ပေါ်၌ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းသာ ရှိသည်။ မည်သည့်ဂိုဏ်းတွင်မှ ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်လုပ်ပေးနိုင်သည့် ပုံရိပ်တစ်ထောင်ဖန်တောင် မရှိပါချေ။ သူပြောတာကို ဘယ်သူယုံမှာလဲ။ “ဒီကောင် မဟုတ်တရုတ်တွေ တကယ် ပြောတတ်တဲ့ ကောင်ဘဲ။ ဒါနဲ့ ဒီလောက်များတဲ့ ပုံရိပ်တစ်ထောင်ဖန်တွေကို ဘယ်လို ရလာတာလဲ”

ရန်ကိုင် ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းဆီသို့ ဧည့်သည်အဖြစ် တစ်ကြိမ်သွားရောက် လည်ပတ်ခဲ့သည့် အကြောင်းကို ချင်းတုန် ပြန်သတိရမိလိုက်သည်။ ထိုအချိန်ကများ ဖြစ်နေလေမလား။ တကယ်သာ အမှန်ဖြစ်မည်ဆိုလျှင် ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းသည် ရန်ကိုင်အား မည်သို့မျှ အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။

မီတာထောင်ပေါင်းများစွာမှ ပြုတ်ကျသောအားသည် သေးမှမသေးလေဘဲ သာမန် ကျင့်ကြံသူဆိုလျှင်ပင် မီတာထောင်ပေါင်းများစွာအမြင့်မှ ပြုတ်ကျမည်ဆိုပါက တခါတည်း တန်းအသက်ပျောက်သွားနိုင်ပေသည်။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများမှာမူ ထိုကိစ္စနှင့် ပတ်သက်၍ တွေးပူနေစရာမလိုချေ။ သူတို့၏ ခန္ဓာကိုယ်သည် မီတာထောင်ပေါင်းများစွာ အမြင့်မှ ပြုတ်ကျသွားလျှင်ပင် မည်သည့်ဒဏ်ရာမှ မရနိုင်သည် အထိကို အားကောင်းလွန်းလှသည်။ သို့သော် သူတော်စင်များမှာမူ ထိုကဲ့သို့မဟုတ်တော့ချေ။ သူတို့၏ ခန္ဓာကိုယ်သည် သူတော်စင်ဘုရင်များနှင့် ယှဉ်လိုက်လျှင် အတော်လေးကို အားနည်းလွန်းလှသည်။ ထို့ကြောင့် မီတာထောင်ပေါင်းများစွာ အမြင့်မှ ပြုတ်ကျလာပြီးနောက် ခြေကျိုးသူကကျိုး၊ လက်ကျိုးသူကကျိုး၊ အသက်ပျောက် သူကပျောက်ဖြင့် ဖြစ်ကုန်ကြလေသည်။ ရောင်စုံအလင်းတန်း၏ စွမ်းအားအောက်ဝယ် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအား ဝန်ရံထားသော ကျင့်ကြံသူ၏ ခုနှစ်ဆယ်ရာခိုင်နှုန်း တမဟုတ်ချည်း လျော့ကျသွားခဲ့ရသည်။

သို့သော်လည်း ဤကိစ္စသည် ဤမျှနှင့်သာ အဆုံးသတ်မသွားသေးဘဲ ရောင်စုံအလင်းတန်းများကြောင့် သူတို့၏ဝိဉာဉ်များ မသက်မသာဖြစ်နေစဉ် ကြယ်သင်္ဘော၏ ကိုယ်ထည်ပေါ်ထက် သလင်းကျောက်တစ်လုံး ထွက်ပေါ်ထွက်လာခဲ့သည်။

ထိုသလင်းကျောက်တုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှုပ်ထွေးနက်နဲသော အစီအရင်တစ်ခုသည်လည်း ထွက်ပေါ်လာခဲ့သည်။ သလင်းကျောက်ဆီမှ အလင်း စွမ်းအင်လှိုင်းများ ဖြာထွက်လာချိန် ၎င်းနှင့်အတူဖြာထွက်လာသောအစီအရင်သည် ထိုစွမ်းအင်လှိုင်းများကို ပိုမိုအားကောင်းသွားအောင် မြှင့်တင်ပေးလိုက်လေသည်။

ထိုစွမ်းအင်လှိုင်းများ အဖက်ဖက်သို့ ပျံ့နှံ့လာသည့်နောက် စွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသော ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ကျင့်ကြံသူများအားလုံး မျက်လုံးများ ရီဝေဝေဖြစ်ကုန်ကျကာ အသိစိတ်လွှတ်သွားသည့် လူများနှယ် ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် သူတို့ကိုယ်သူတို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသော ပုံရိပ်ရောင်တစ်ခုထဲသို့ ကျရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရုတ်တရက်ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ဘာကြောင့်မှန်းမသိ ထငိုကြကုန်တော့သည်။ ယန်ယန်သည် ဤကြယ်သင်္ဘောကို ဖန်တီးနိုင်ရန် အတွက် အရင်းအမြစ်များကို အသုံးပြုခဲ့သည်။

ရန်ကိုင် အရိပ်ကြယ်ပေါ်သို့ စရောက်သည့် အချိန်မှစ၍ နှစ်ပေါင်းများစွာအတွင်း ရရှိခဲ့သော အရင်းအမြစ်အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဤကြယ်သင်္ဘောပေါ်တွင် အသုံးပြုထားခဲ့သည်။ ကြယ်သင်္ဘောကိုယ်ထည်အား လွှမ်းခြုံထားသည့် ပုံရိပ်တစ်ထောင်ဖန်များကိုမူ တိုက်ယွမ်နှင့်အတူ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်း သို့ အလည်အပတ်သွားရင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ဆောင်ရလာခဲ့ခြင်းတော့ မဟုတ်ဘဲ ရှောင်ရှောင်ကို အလစ်သုတ်ခိုင်းခြင်းမှ ရလာခဲ့ခြင်း ဖြစ်သည်။ သာမန်လူများသည် ပုံရိပ်တစ်ထောင် ဖန်တောင်အနီးသို့ မချဉ်းကပ်နိုင်သော်လည်း ရှောင်ရှောင်ကမူ ထိုကဲ့သို့မဟုတ်ချေ။ သတ္တုများကို ဝါးမြိုနိုင်သည့် အရည်အချင်းသည် ရှောင်ရှောင်၏ မွေးရာပါ စွမ်းရည်တစ်ခု ဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများပင်လျှင် ပုံရိပ်တစ်ထောင်ဖန်တောင်မှ ဖန်တစ်စကိုဖဲ့ထုတ်နိုင်ရန် ခေါင်းကိုက်ရမည် ဖြစ်သော်လည်း ရှောင်ရှောင်အတွက်မူ ပုံရိပ်တစ်ထောင် ဖန်တောင်သည် အရသာရှိသည့် အစားအစာတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။

ယခုလက်ရှိ ကြယ်သင်္ဘောပေါ်တွင် လွင့်မျောနေသော လက်သီးဆုပ်အရွယ် သလင်းကျောက်လေးသည် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်မှ ရန်ကိုင် ရလာခဲ့သော ပုံရိပ်ရောင် ကျောက်တုံး ဖြစ်ပေသည်။ ယခင်ကတည်းက ပုံရိပ်ရောင်များကို ထုတ်လုပ်နိုင်ခဲ့သော သလင်းကျောက်တုံးအား ယန်ယန်မှ အစီအရင်ဖြင့် စွမ်းအား မြှင့်တင်ပေးသည့်အခါ ထိုသလင်းကျောက်တုံးမှ ထုတ်လွှတ်နိုင်သည့် ပုံရိပ်ယောင်များမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့ရသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများပင်လျှင် ပုံရိပ်ယောင်အတွင်းမှ မလွှတ်မြောက်နိုင်လေရာ ကြယ်သင်္ဘောအား ဝန်းရံထားသည့် ကျင့်ကြံသူအားလုံးသည် တမဟုတ်ချင်းဆိုသလို ပုံရိပ်ယောင်ထောင်ချောက်များ အတွင်းသို့ သက်ဆင်း သွားကြလေကုန်သည်။

“အခု ငါတို့ လှုပ်ရှားရမယ့်အချိန်ပဲ” ရန်ကိုင်၏ စကားကို ကြားသည့်အခါ အခြားသူများအား စိတ်အားတက်ကြွလာခဲ့ကြလေသည်။

“အတွင်းတံခါးကို ဖွင့်လိုက်တော့” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

“ဝုန်း”ဆိုသော မြည်သံနှင့်အတူ ကြယ်သင်္ဘော၏ ဝမ်းတွင်းတံခါး ပွင့်လာခဲ့လေသည်။ ထိုပွင့်လာခဲ့သော တံခါးမှတစ်ဆင့် ရန်ကိုင်သည် ရီရှီယွင်၊ ချင်းတုန်၊ ဖေးကျီတု၊ ချန်ချီနှင့် အခြားသော တန်ခိုးရှင်အဆင့် ပညာရှင်အဆင့်များကို ဦးဆောင်လျက် အပြင်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း အပြင်သို့ ရောက်လာခဲ့ပြီး သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး ထိတ်လန့် တုန်လှုပ်သွားကုန်ကြရတော့သည်။

မည်သည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါစေ၊ အကုန်လုံး၏ မျက်လုံးများသည် ရီဝေဝေ ဖြစ်နေခဲ့ကြသည်။ သူတို့၏ အမူအရာများမှာလည်း စဉ်ဆက်မပြတ် ပြောင်းလဲနေကြပြီး အချို့ဆိုလျှင် မမြင်နိုင်သော ရန်သူများကို တိုက်ခိုက်နေကြရသည့် အလား ခုခံဟန်များ ပြုလုပ်နေကြသည်။ အချို့မှာမူ ဘာမှန်းမသိရသော ဆန်းကြယ်နက်နဲသည့် သဘောတရားများကို နားလည်းဆင်ခြင်နေသည့် အလား တည်ငြိမ်စွာ ဖြင့်ရပ်နေခဲ့သည်။

သို့သော်ငြား မည်သူပင်ဖြစ်ပါစေ အကုန်လုံးသည် သူတို့ထံသို့ ချဉ်းကပ်လာနေသော ကံကြမ္မာဆိုးကြီး အကြောင်းကို သိထားခြင်းမရှိကြပေ။

“သတ်” ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးငှက်သည် ရန်ကိုင်၏ ကိုယ်ထဲမှ ထွက်လာပြီး ဧရာမ မီးဘောလုံးအသွင်သို့ ပြောင်းကာ ရန်သူများဆီသို့ တိုးဝင်သွားလေသည်။ အခြား ကျင့်ကြံသူများသည်လည်း သူတို့၏ မှော်ရတနာ အသီးသီးကိုထုတ်ကာ အမဲဖျက်ပွဲကြီးကို စတင်တော့သည်။ ရန်ကိုင် ကိုယ်တိုင်ကလည်း ရွှေရောင်သွေးမျှင်များကို ထိန်းချုပ်ရင်း ငေးငိုင်နေသော ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ဘဝနိဂုံးချုပ်ပေးတော့သည်။

ရန်ကိုင်ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်တွင် ရှိနေသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားနေကြရသည့် အလား သူတို့၏ခေါင်းများကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ နာကျင်စွာ အော်ဟစ်နေခဲ့ကြသည်။ ထိုသို့ အော်ဟစ်နေပြီး မကြာမီတွင် သူတို့၏ ဝိဉာဉ်များ ပျောက်ကွယ်သွားခဲ့ရလေသည်။

ထိုအဖြစ်အပျက်ကို အလွန်အားကောင်းသော ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်မည်ဆိုလျှင် ထိုကျင့်ကြံသူများ သေသွားရသည့် အကြောင်းအရင်းမှာ အလွန်ကိုမှ သေးငယ်သော အင်းဆက်လေးများကြောင့်မှန်း သိနိုင်ပေလိမ့်မည်။ ထိုအင်းဆက်လေးများသည် ရန်ကိုင် ပြုစုမွေးမြူထားသော ဝိဉာဉ်ဝါးမြိုအင်းဆက်များသာ ဖြစ်ကြပေသည်။ ရန်ကိုင်၏ ခွန်အား တဖြေးဖြေး မြှင့်မားလာသည့်အလျောက် သူရင်ဆိုင်ရသည့် ရန်သူများမှာလည်း ပိုပို၍ အားကောင်းလာခဲ့သည်။ ထိုကဲ့သို့ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ဝိဉာဉ်ဝါးမြိုအင်းဆက်များသည် အရေးပါသောအခန်းကဏ္ဍမှ မပါဝင်နိုင်တော့ပေ။ သို့ရာတွင် အားနည်းသော ရန်သူများကို သတ်ဖြတ်ရာ၌မူ ဝိဉာဉ်ဝါးမြို အင်းဆက်များသည် အလွန်အသုံးဝင်သည့် အင်းဆက်ကောင်လေးများ ဖြစ်ကြပေသည်။

ဝိဉာဉ်ဝါးမြိုအင်းဆက်ဆိုသည့်အတိုင်း ထိုအင်းဆက်များသည် ကျင့်ကြံသူ တစ်ယောက်၏ စိတ်စွမ်းအင်ကို စားသုံးကြသည်။ ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားပြီးပြီ ဆိုသည်နှင့် ထိုလူ၏ အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များကို မကုန်မချင်း ထိုင်၍ ဝါးမြိုနေပေလိမ့်မည်။ ၏

တိုက်ပွဲကွင်းပြင်ထဲဝယ် ရန်ကိုင် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်လုံး အလောင်းများသာ ကျန်ရစ်ခဲ့ကြရသည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများမှာ ပုံရိပ်ယောင်ထဲသို့ ရောက်နေသည့်အတွက်ကြောင့် ချန်ချီနှင့် အခြားသူများအတွက် လွယ်ကူသော ပစ်မှတ်များ ဖြစ်လာခဲ့ကြရသည်။

ထိုမြင်ကွင်းကိုစောင့်ကြည့်နေသည့် ချူကျန်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အခြားအကြီးအကဲများ အားလုံး ကြောက်လန့် တုန်လှုပ်သွားကုန်ကြရသည်။ သူတို့အထင်သေးခဲ့သော တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောပေါ်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်လက်နက်များ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုလက်နက်များ၏ စွမ်းအားအောက်တွင် သူတို့ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူများမှာ လူကြီးရှေ့သို့ ရောက်သည့် သုံးနှစ်သား ကလေးများနှယ် ဖြစ်ကုန်ကြရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၅)

နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဘိုးဘေးအစဉ်အဆက် တည်ဆောက်လာခဲ့ရသော ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အခြေခံအုတ်မြစ် သူ့လက်ထက်ကျမှ ပျက်စီးရတော့မည့် အကြောင်းကိုတွေးရင်း ချူကျန်း နှလုံးသွေးယိုစီးကျလာခဲ့ရသည်။ လက်ရှိတွင် ရန်ကိုင်အား သွားရန်စမိသည်ကိုပင် နောင်တရနေခဲ့လေပြီ။

ကြယ်ဧကရာဇ်တာင်၏ အမိန့်ကို လွန်ဆန်ခဲ့လျှင်ပင် ဤမျှ အဖြစ်ဆိုးလိမ့်မည်မထင်။ သို့သော်ငြား ယခုမူ ပျက်စီးခြင်းတရားသည် သူ့အတွက် ရှောင်တိမ်းမရသည့် အရာတစ်ခု ဖြစ်လာခဲ့လေပြီ။ ရေခဲဝိဉာဉ် ချိတ်တံဆိပ် အစီအရင်ကြီး ပျက်စီးသွားလိုက်သည့်အချိန်မှစ၍ တိုက်ပွဲ ပြီးဆုံးသွားပြီမှန်း မည်သူ့ထက်မဆို ချူကျန်းပိုသိသည်။

သူအလွန်ကိုမှ ဂုဏ်ယူဝင့်ကြွား အားကိုးရသည့် အစီအရင်ကြီးကို ရန်သူမှ တစ်ခဏအတွင်း လွယ်ကူစွာဖြင့် ဖျက်ဆီးပြသွားခဲ့သည်။ ယခုအချိန်တွင် ရန်ကိုင်ကို သတ်နိုင်မည်ဆိုလျှင်ပင် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ဆုံးရှုံးမှုများကို ကာမိတော့မည် မဟုတ်ချေ။

ထို့အပြင် ရန်ကိုင်ကလည်း သတ်ရလွယ်သည့် လူတစ်ယောက် မဟုတ်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူတစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု ချူချန်း ယုံကြည်ချက်မရှိ။

“ဂိုဏ်းချုပ်” မိုရှောင်ရှန်းက ဘေးမှ လှမ်းအော်ခေါ်လိုက်သည်။ လက်ရှိတွင် အဖြစ်အပျက်ကြောင့် နဂိုကတည်းက အိုမင်းရင့်ရော်နေသော သူ့မျက်နှာသည် ပိုမို၍ အိုမင်းပုံ ပေါက်နေခဲ့သည် “ကျုပ်တို့သွားသင့်ပြီနော်”

“မသွားဘူး” ချူကျန်းက မိုရှောင်ရှန်းဘက်သို့ လှည့်၍ ဖြေးဖြေးချင်းခေါင်းခါရင်း “ဘယ်ကိုသွားရမှာလဲ။ ငါက ကောင်းကင်တိုက်ပွဲအစည်းအရုံးရဲ့ ဂိုဏ်းချုပ်လေ။ ဒီဂိုဏ်းနှင့် သေအတူ ရှင်မကွာ ရှိမယ်လို့ ကျမ်းကျိန်ထားပြီးသား။ ဒီချူ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး”

“ဂိုဏ်းချုပ် အဲ့ဒါတွေကို ဂရစိုက်နေရမယ့်အချိန် မဟုတ်ဘူးနော်။ ဒီတစ်ကြိမ် ရန်သူ့စွမ်းအားကို အထင်သေးမိလို့ ကျုပ်တို့ရှုံးသွားတာမှန်တယ်။ ဒါပေမယ့် ဂိုဏ်းချုပ်သာ အသက်ရှင်နေသေးသရွေ့ သေဆုံးသွားတဲ့ ကျုပ်တို့အဖွဲ့ဝင်တွေ အတွက် ပြန်လက်စားချေလို့ရသေးတယ်။ ဂိုဏ်းချုပ်သာ သေသွားမယ် ဆိုရင်တော့ ဘယ်သူမှ ပြန်လက်စားချေပေးနိုင်တော့မှာ မဟုတ်ဘူး” မိုရှောင်ရှန်းသည် ချူကျန်းအား စည်းရုံးနိုင်သမျှ စည်းရုံးတော့လေသည်။

ချူချန်းက မိုရှောင်ရှန်းအား ကြည့်ကာ လေသံမာမာဖြင့် ပြန်ပြောလိုက်သည် “အဲ့လိုဆိုရင်တော့ ငါတို့ဘယ်သွားရမှာလဲ။ ငါတိုက်နိုင်သေးတယ်ကွ။ ငါဘာမှ မဖြစ်သေးဘူး။ ငါသေသွားမယ် ဆိုရင်တောင် အဲ့သူတောင်းစားလေးကို ငါနဲ့အတူဆွဲခေါ်သွားမှာ”

“ဘာလို့ အခုလိုတွေ ဖြစ်လာရလဲဆိုတာ ဂိုဏ်းချုပ် မမှတ်မိတော့တာလား။ ကျုပ်တို့ အဲ့ကိုသွားမယ်ဆိုရင် သွားလို့ရလောက်တယ်။ ဒီကိစ္စကို သူတို့ဘက်ကအရင်စခဲ့တာ ဆိုတော့ သူတို့ပဲ တာဝန်ယူပေးရမှာပေါ့” မိုရှောင်ရှန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။

မိုရှောင်ရှန်း၏ စကားကို ကြားပြီးနောက် ချူကျန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး သေချာစတင်စဉ်းစားတော့လေသည်။ ဘေးနားတွင်ရပ်နေသော လျန်ရုန်ကလဲ အလျင်အမြန် ဝင်ပြောလိုက်သည်။ “အကြီးအကဲချုပ်ပြောတာ အမှန်ပဲ ဂိုဏ်းချုပ်။ အခုအချိန် ကျုပ်တို့ အထက်စကြာဝဠာဂိုဏ်းနှင့် သွားရင်ဆိုင်လို့ မဖြစ်ဘူး။ အဲ့လိုသွားရင်ဆိုင်ရင် ကိုယ့်သေတွင်း ကိုယ့်သွားတူးသလိုပဲ ဖြစ်မှာ။ ကျုပ်တို့သာ ကြယ်ဧကရာဇ်တောင်ဆီ သွားမယ်ဆိုရင်တော့ သူတို့တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောကို ကျုပ်တို့မရင်ဆိုင်နိုင်ဘူးဆိုပေမယ့် ကြယ်ဧရာဇ်တောင်ကိုတော့ ရင်ဆိုင်ရင် ရင်ဆိုင်နိုင်လိမ့်မယ်” အကြီးအကဲချုပ်နှင့် တတိယအကြီးအကဲ ချူကျန်းအား တတ်နိုင်သမျှ စည်းရုံး နေသည်ကိုမြင်သော် အခြားသူများလည်း ချူကျန်းအား လိုက်လံစည်းရုံးကြတော့လေသည်။

အသက်သာရှင်နိုင်မည်ဆိုလျှင် မည်သူကများ သေချင်မည်နည်း။ တစ်ဖက်ရန်သူ၏ ကြယ်သင်္ဘောသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ သူတို့သွားရင်ဆိုင် နိုင်သည့် အရာမျိုးမဟုတ်ချေ။ ချူကျန်း ဒေါသထွက်ထွက်ဖြင့် သူတို့အားလုံးကို ရန်သူနှင့် ထိပ်တိုက်သွားရင်ဆိုင်ရန် အမိန့်ပေးမည်ကို အကုန်လုံး လန့်နေကြသည်။ ထို့ကြောင့် ဤနေရာမှ မြန်နိုင်သမျှမြန်မြန်ထွက်သွားချင်နေကြ၏။

အကုန်လုံးက ဝိုင်းပြောလာကြသည့်အခါ ချူကျန်းလည်း ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် အသာအယာခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည် “ကောင်းပြီလေ ဒါဆိုငါတို့ ကြယ်ဧရာဇ်တောင်ဆီ ခဏလောက် ဆုတ်ထားနှင့်ကြတာပေါ့”

“ဂိုဏ်းချုပ်ပြောတာ အမှန်ဘဲ” ယခုမှဘဲအကုန်လုံး စိတ်သက်သာရာ ရနိုင်ကြတော့သည်။ အတွင်းမြို့တော်ထဲတွင်မူ အော်ဟစ်သံများ ယခုအချိန်ထိတိုင် ရပ်တန့် သွားခြင်းမရှိသေးပေ။ ပုံရိပ်တစ်ထောင်ဖန်အလင်း၏ သက်ရောက်ခြင်းခံလိုက်ရသူ အားလုံးသည် ပုံရိပ်ယောင်အစီအရင်ထဲသို့ ကျရောက်သွားပြီးနောက် အထက်စကြာဝဠာဂိုဏ်းမှ အင်အားစုများ၏ လက်အောက်၌ အသက်ပျောက်ကုန်ကြသည်။

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများအနက်တွင် ကိုးဆယ်ရာခိုင်နှုန်းသော ကျင့်ကြံသူများမှာ မရဏလမ်းသို့ စံမြန်း သွားကုန်ကြလေပြီ။

၏အချိန်ကြာလာသည့်နောက်တွင် ပုံရိပ်ယောင်ကျောက်တုံး၏ စွမ်းအားမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ ပုံရိပ်ယောက်ကျောက်တုံး အားနည်းလာသည့် အတွက် အချို့ကျင့်ကြံသူများမှလည်း ပုံရိပ်ယောင်ထဲမှ လွတ်မြောက်လာကြကုန်တော့၏။

ပုံရိပ်ယောင်ထဲမှ လွှတ်မြောက်လာရုံတင် ရှိသေး၊ သူတို့ မျက်စိရှေ့ရှိ ပရမ်းပတာ ဖြစ်နေသော မြင်ကွင်းအဖုံဖုံကို မြင်တွေ့ပြီးနောက် အကုန်လုံးကြောက်သေးပါမတတ် ထိတ်လန့်ကုန်ကြသည်။ ထိုနေရာတွင် ခဏလေးပင် ဆက်မနေရဲကြတော့ဘဲ လှုပ်ရှားမှုပညာရပ် အသီးသီးနှင့် အကာအကွယ်မှော်ရတနာမျိုးစုံကို အသက်သွင်းကာ ခြေကုန်သုတ်၍ ထွက်ပြေးကြကုန်လေသည်။ ယနေ့တိုက်ပွဲတွင် သူတို့ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ပိုးစိုးပက်စက် ကို ရှုံးနိမ့်သွားခဲ့ရလေပြီ။

အတွင်းမြို့တော်တစ်ခုလုံး သွေးရောင်ရဲနေခဲ့သည်။ မြေပြင်တစ်ခုလုံးလည်း ခြေပြတ်၊ လက်ပြတ်များ အသားစများဖြင့် ပြည့်နေခဲ့သည်။ မြို့တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထောင်းထနေသည့် သွေးနံ့တို့မှာလည်း အသက်ရှုမိသည့် လူတိုင်းအား အော့အန်သွားစေနိုင်သည် အထိကို ဆိုးရွားလွန်းလှသည်။ တစ်ရက်သော အချိန်လေး အတွင်း၌ပင် ယခင်က နေချင်စရာ ကောင်းသောနေရာလေးသည် ဤကဲ့သို့သော ချောက်ခြားဖွယ်ရာကောင်းသည့် နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ မှန်းရခက်သော ကံကြမ္မာပင်ပါလေတကား။

ရန်ကိုင်မှာမူ အပြောင်းအလဲမရှိသော အမူအရာဖြင့်သာ ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်၍ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေခဲ့သည်။

ရန်သူအုပ်ထဲဝင်ပြီး ရန်သူများကို စဉ်ဆက်မပြတ်သတ်ဖြတ်နေခဲ့သော်လည်း သူ့အဝတ်အစားများမှာမူ သွေးတစ်စက်မျှပင် စွန်းထင်းထားခြင်းမရှိဘဲ အကောင်းပကတိအတိုင်း သန့်ရှင်း တောက်ပြောင်နေသေးသည်။

ရုတ်တရက် ရန်ကိုင်ခေါင်းမော့လိုက်ပြီး တစ်နေရာဆီသို့ လှမ်းကြည့်လိုက် လေသည်။ သူလှမ်းကြည့်လိုက်သော နေရာမှ ရင်းနှီးနေသောစွမ်းအင်လှိုင်းတစ်မျိုးကို ခံစားမိလိုက်၏။ ထိုစွမ်းအင်လှိုင်းမှာ လေဟာနယ်စွမ်းအင်လှိုင်ပင် ဖြစ်လေသည်။

ချက်ခြင်းဆိုသလို ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို နားလည်သွားသည့်နောက် ရန်ကိုင်၏ မျက်နှာထက် အေးစက်စက်အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့သည်။ ထို့နောက် သူ့ရှေ့ရှလေဟာနယ်ကို ဆုတ်ဖြဲ၍ ထိုအပေါက်ထဲသို့ ခုန်ဝင် သွားလိုက်လေသည်။ လက်ရှိတွင် ကောင်းကင်တိုက်ပွဲအစည်း၏ အတွင်းမြို့တော်ထဲရှိ မြေအောက်ခန်း တစ်ခုထဲတွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အကြီးအကဲနှင့် ကာကွယ်သူများ စုဝေးနေကြပြီး အားလုံးသည် သူတို့ရှေ့ရှိ ဟင်းလင်းပြင်အစီအရင်ကို မျှော်လင့်တစ်ဝက်၊ စိုးရိမ်တစ်ဝက်ဖြင့် ငေးကြည့်နေခဲ့ကြသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် တစ်နေ့ ဂိုဏ်းမှ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရသော် ထွက်ပြေးနိုင်ရန်အတွက် အရေးပေါ်ထွက်ပြေးနိုင်မည့် လမ်းကြောင်းများကို ကြိုတင် စီစဉ်ထားခဲ့သည်။

ယခု သူတို့ရှေ့တွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်သည် ထိုလမ်းကြောင်းများ အနက်မှ တစ်ခုဖြစ်ပေသည်။ ဤဟင်းလင်းပြင်အစီအရင်ကို တည်ဆောက်ထားခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီကာ ကြာခဲ့ပြီဖြစ်သော်ငြား သူတို့တစ်ခါမှ အသုံးမပြုခဲ့ကြဘူးချေ။ မည်သူကမှ သူတို့အား ဤဟင်းလင်းပြင်အစီအရင်ကို သုံးလာအောင် တွန်းအားမပေးနိုင်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ သို့သော်လည်းယနေ့တွင် ဖုန်တက်နေပြီဖြစ်သော ဤတားမြစ်နေရာကို ‌နောက်ဆုံးတွင် ပြန်ဖွင့်လိုက်ရလေပြီ။

ချူကျန်းတို့ အဖွဲ့သည် ဤဟင်းလင်းပြင်အစီအရင်ကို သုံး၍ ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုင်သန်းနှင့်ချီကွာ ဝေးကွာသော နေရာတစ်ခုဆီသို့ ထွက်ပြေးရန် ကြံနေကြခြင်း ဖြစ်သည်။

ဤဟင်းလင်းပြင်အစီအရင်ကို မသုံးသည်မှာကြာပြီဖြစ်သော်ငြား ဟင်းလင်းပြင် အစီအရင်သည် အကောင်းတိုင်းရှိနေဆဲ။ သူတော်စင်သလင်းကျောက် ထည့်သွင်းလိုက်ရုံဖြင့် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ “ဒီချူနဲ့ အကြီးအကဲချုပ် အရင်သွားမယ်။ တတိယအကြီးအကဲချုပ်၊ မင်းနောက်ဆုံးကနေလိုက်လာခဲ့လိုက်” ချူချန်းသည် မိုရှောင်ရှန်း နှင့်အတူ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ ခြေချလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

လျန်ရုန်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း ပြောချင်သည့် စကားများကို ပြန်မျိုချလိုက်ပြီးတော့သာ အလျင်စလို ခေါင်းငြိမ့်လိုက်၏ “ဟုတ်ကဲ့ပါ”

သူရန်ကိုင်ကို တကယ်ကြောက်ပေသည်။ ဧကရာဇ်တောင်တွင် ကံကောင်းထောက်မစွာဖြင့် ရန်ကိုင်လက်မှ လွတ်လာခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် သူ့ကတိအတိုင်း သူ့အား မသတ်ခဲ့သော်လည်း ထိုအချိန်မှစ၍ ရန်ကိုင်သည် သူ့အတွက် အိမ်မက်ဆိုးသဖွယ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ရန် ထွက်သွားလိုနေခြင်း ဖြစ်သည်။ သို့သော်လည်း ဂိုဏ်းချုပ်မှ သူ့အား ဤကဲ့သို့ အမိန့်ပေးလာခဲ့သဖြင့် လျန်ရုန် အနေဖြင့် နောက်ဆုံးမှ မသွားချင်လျှင်ပင် သွားရတော့ပေမည်။

ဟင်းလင်းပြင်အစီအရင်သည် တစ်ကြိမ်တွင် လူငါးယောက်ကိုသာ ပို့ဆောင်နိုင်သည့် အတွက် အဖွဲ့လိုက် အဖွဲ့လိုက် ထွက်ခွာမှသာ အဆင်ပြေပေလိမ့်မည်။ ချူကျန်းနှင့် အခြားသူ လေးယောက်အစီအရင်ပေါ်သို့ တက်ပြီးနောက် ဟင်းလင်းပြင်အစီအရင် တစ်ခုလုံး ပြိုးပြိုးပျက်ပျက် လင်းလက်လာခဲ့လေသည်။ သူတို့အားလုံး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်လု မတတ်ဖြစ်နေစဉ် ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အစီအရင်နှင့် မလှမ်းမကမ်း နေရာတစ်ခုဆီမှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး အနီးနားဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံး စတင်တွန့်လိမ်လာခဲ့သည်။ မကြာမှီ ပိန်းပိန်းပိတ်မည်းမှောင် နေသော အက်ကြောင်းတစ်ခု လဟာပြင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ မြေအောက်ခန်းထဲတွင် ရှိနေသော လူအားလုံး ထိုအနက်ရောင် အက်ကြောင်း ဘာမှန်းမသိကြသဖြင့် ငေးကြောင်၍သာ ကြည့်နေကြလေသည်။

“ဟင်းလင်းပြင်အက်ကွဲကြောင်း” ချူချန်းက ထအော်လိုက်သည်။ ကြယ်ဧကရာဇ်တောင်တွင် တစ်ကြိမ်မြင်ဖူးပြီးသား ဖြစ်သဖြင့် ယခုပြန်မြင်လိုက်ရသည့်အခါ ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။ သူ့အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်အက်ကြောင်းထဲမှ လူရိပ် တစ်ခုထွက်ပေါ်လာပြီး အပြင်သို့ရောက်သည်နှင့် တစ်ချက်ထဲ သူ့လက်အား ဟင်းလင်းပြင် အစီအရင်ရှိရာ လှမ်းဆွဲကုတ်လိုက်သည်။ တလက်လက်တောက်ပနေသော ဟင်းလင်းပြင် အစီအရင်သည် ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။

All Chapters