← Chapters

အခန်း (၁၅၂၁-၁၅၂၅)

Vol. 61 Ch. 1521-1525

အခန်း (၁၅၂၁-၁၅၂၅)

Vol. 61 Ch. 1521-1525

အပိုင်း (၁၅၂၁)

ရန်ကိုင် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာသည်နှင့် ထိုမျက်နှာသစ် တန်ခိုးရှင်တတိယအဆင့် သုံးယောက်စလုံးသည် သူ့အား စေ့စေ့စပ်စပ် အကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။

သူတို့၏ စွမ်းအားကို တမင်တကာ ထုတ်လွှတ်ခြင်း မရှိသော်လည်း ထိုကဲ့သို့ အကြည့်ဖြင့် ရင်ဆိုင်ရသည့်အခါ ရန်ကိုင် မဟုတ်ဘဲ အခြား သာမန် တန်ခိုးရှင်အဆင့် တစ်ယောက်သာ ဖြစ်ပါက အတော်လေး ထိတ်လန့်သွားပေလိမ့်မည်။

ရန်ကိုင်၏ ခြေလှမ်းတို့ တစ်ချက် ရပ်တန့်သွားခဲ့သော်လည်း အေးအေးသက်သာ အမူအရာဖြင့်သာ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ထိုလူသုံးယောက်၏ မျက်ဝန်းထဲ အံ့ဩရိပ်တို့ အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။

မည်သူကများ ရီရှီယွင်၏ လေးစားမှုကို ရယူနိုင်သလဲ ဆိုသည်ကို သိလိုသိငြား သူမနှင့်အတူ လိုက်လာခဲ့သည်။ ရန်ကိုင်ကို မြင်လိုက်သည့် အခိုက်တွင် ရန်ကိုင်သည် သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သုံးယောက်စလုံး တန်းသိလိုက်ကြသည်။

ထိုကောင်လေးတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်ချေရှိသည်။ သို့သော် ထိုအကြောင်းပြချက် တစ်ချက်တည်းဖြင့် သူ့အား ထောက်ပံ့ပေးဖို့ရာ မဖြစ်နိုင်ချေ။ ပါရမီရှိပြီး အရည်အချင်းမြင့်သည့် လူငယ်မျိုးဆက်များသည် နေရာတိုင်းတွင် ရှိသော်လည်း လူတိုင်း ကြီးကျယ်ခမ်းနားသည့် လူတစ်ယောက် ဖြစ်လာနိုင်သည်တော့ မဟုတ်။

ရန်ကိုင်သည် အပြင်သို့ ရောက်လာသည့် နောက်တွင် ရီရှီယွင်အား မေးခွန်းထုတ်သည့် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“ထိုင်ကြပါ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် စားပွဲခေါင်းပိုင်းတွင် သွားရောက် နေရာယူ ထိုင်လိုက်ပြီးနောက် ပြောလိုက်သည် “စီနီယာတို့ သုံးယောက်ကို ဂျူနီယာ နှုတ်ဆက်ပါတယ်။ စီနီယာတို့ကို ဂျူနီယာ ဘယ်လို ခေါ်ရမလဲမသိဘူး”

“ဒီဘူအိုကြီးက ရန်ရှိုကျူ”

“ဒီသခင်မက လင်ယုရောင်”

“ဒီတစ်ယောက် ချူဟန်ရီ”

သုံးယောက်စလုံး သူတို့ နာမည်ကို နှုတ်ဆက်ပေးလိုက်သည်။

“ဒီသုံးယောက်က ဂိုဏ်းထဲမှာ ဂိုဏ်းရဲ့ ထောက်တိုင်တွေထဲက သုံးယောက်ပဲ။ သူ့တို့ အဆင့်အတန်းက အတော်လေးမြင့်ပြီး သူတို့မှာ ကိုယ်ပိုင် အဆက်အသွယ်တွေ အတော်များများ ရှိတယ်” ရီရှီယွင်က ထပ်ပေါင်းပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့အပြုံးမှာ ပိုပို၍ တောက်ပလာခဲ့လေသည်။

ဂုဏ်သတင်း မြင့်မားပြီး အဆက်အသွယ် အားကောင်းသည်ဟု ဆိုလိုက်ခြင်းသည် သူတို့အား ထောက်ခံ့အားပေးသည့် လူများစွာသည် ရှိသည်ဟု ဆိုလိုက်ခြင်းနှင့် အတူတူပင်။ ရီရှီယွင်သည် ထိုသုံးယောက် မည်ကဲ့သို့သောလူများ ဖြစ်သလဲ ဆိုသည်ကို ရန်ကိုင် နားမလည်အောင် အဓိပ္ပါယ်ပါပါ ပြောလိုက်ခြင်း ဖြစ်သည်။

“စီနီယာရန်ကို မြင်လိုက်ကတည်းက ရင်းနှီးသလို ခံစားနေရတာ။ အခုမှပဲ ဘာကြောင့်မှန်း သိတော့တယ်။ လတ်စသတ်တော့ ကျုပ်တို့ရဲ့ မျိုးရိုးနာမည်ချင်းက တူနေတာကိုး” ရန်ကိုင်က ပြုံးလျက် စကားလမ်းကြောင်း စလိုက်သည်။

သို့သော်လည်း ရန်ရှိုကျု၏ အမူအရာမှာမူ တစ်ချက်ကလေးပင် ပြောင်းလဲသွားခြင်း မရှိခဲ့။ လင်ယုရောင်နှင့် ချူဟန်ရီတို့သည်သာ ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်ကြသည်။

သူတို့၏ အပြုအမူကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် ရှက်ရွံ့သွားမိခဲ့သည်။

ချီးမွမ်းစကားများပြော၍ ထိုသုံးယောက်ကို လှုပ်ရှားလာအောင် လုပ်နိုင်မည် မဟုတ်မှန်း ထိုတစ်ချက်တည်းဖြင့် ရန်ကိုင် တန်းသိလိုက်သည်။ ထို့ကြောင့် အပိုစကားများ ပြောမနေတော့ဘဲ လိုရင်းကိုသာ တန်းသွားလိုက်သည်။ ရန်ကိုင်က အလေးအနက် အမူအရာဖြင့် စပြောလိုက်သည် “စီနီယာတို့သုံးယောက် အကြီးအကဲချုပ်နဲ့ လိုက်လာတာဆိုတော့ ဒီဂိုဏ်းချုပ် ဘာလုပ်ချင်နေလဲ ဆိုတာကို သိထားပြီးလောက်ရောပေါ့၊ ဟုတ်တယ်မလား”

“ဂိုဏ်းချုပ် ဘာဆက်လုပ်ချင်နေလဲ ဆိုတာကို ကျုပ်တို့သုံးယောက် ဂိုဏ်းချုပ်ရီဆီကနေ ကြားဖူးပြီးသွားပြီ။ ကျုပ်စကားက ဂိုဏ်းချုပ်ကို နှိမ်သလို ဖြစ်ရင် ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ဂိုဏ်းချုပ်မှာ ဒီတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ရှိတယ်ဆိုရင်တောင် ကြယ်ဧကရာဇ်တောင်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးရဲ့ တိုက်ခိုက်မှုကို ဒီကြယ်သင်္ဘော ခုခံနိုင်မယ်လို့ ဂိုဏ်းချုပ်ထင်လား” ယန်ရှိုကျုက ပြောလိုက်၏။

“မထင်ပါဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ထိုလူအိုကြီး၏ ပြောရဆိုရ လွယ်ကူသည့် လူတစ်ယောက် မဟုတ်သော်လည်း သူ့အမြင်အာရုံသည် အတော်လေးကိုမှ စူးရှလှသည်။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးသည် ရန်ကိုင် စိုးရိမ်နေသည့် ကိစ္စတစ်ခုဖြစ်သည်။ ထိုမိုးကြိုးဓါတ်လုံး၏ တိုက်ခိုက်မှုကို သူကိုယ်တိုင် ရှောင်ချင်လျှင် ရှောင်နိုင်သော်လည်း ကြယ်သင်္ဘောကတော့ ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။ ကြယ်သင်္ဘော၏ အရွယ်အစားသည် အလွန်ကိုမှ ကြီးလွန်းနေသည်။ ကြယ်သင်္ဘောသည် ထိုမိုးကြိုးဓါတ်လုံး၏ တိုက်ခိုက်ခြင်း ခံလိုက်ရလျှင် ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပြီး အခပ်မသင့်လျှင် တစ်ခါတည်း တန်းပြီး ပျက်စီးသွားနိုင်သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ကို ရန်ကိုင် အနိုင်ယူနိုင်ခဲ့ခြင်းမှာ ကြယ်သင်္ဘောကြောင့်သာ ဖြစ်သည်။ သို့သော်ငြား ကြယ်ဧကရာဇ်တောင်ကိုမူ ကြယ်သင်္ဘောသက်သက်ဖြင့် အနိုင်ယူနိုင်တော့မည် မဟုတ်ချေ။ သူ့အနေဖြင့် ယခင်လုပ်ပုံလုပ်နည်းအတိုင်း ကြယ်ဧကရာဇ်တောင်ကို တိုက်ခိုက်၍ မဖြစ်ချေ။

“ကြယ်ဧကရာဇ်တောင်က မိုးကြိုးဓါတ်လုံးရဲ့ တိုက်ခိုက်မှုကို မခံနိုင်မှတော့ ဂိုဏ်းချုပ်ရဲ့ လက်ရှိ လူအင်အားနဲ့ ကြယ်ဧကရာဇ်တောင်ကို တိုက်ခိုက်နိုင်မယ်လို့ကော ထင်လား။ ကြယ်ဧကရာဇ်တောင်က အရိပ်ကြယ်ပေါ်မှာ နှစ်ပေါင်းသောင်းနှင့်ချီအောင် ရပ်တည်လာခဲ့တာ ဆိုတော့ ဘယ်လိုမှ အားနည်းတဲ့ အင်အားစုတစ်ခု မဟုတ်ဘူး။ ဂိုဏ်းချုပ် ဒီကိစ္စကို ကောင်းကောင်း နားမလည်သေးတာလား” ယန်ရှိုကျုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဟားဟား…” သို့သော် ရန်ကိုင်သည် ဒေါသထွက်သွားခြင်း မ၇ှိဘဲ ရယ်မော၍သာ အေးအေးဆေးဆေး အမူအရာဖြင့် ပြောလိုက်သည် “စီနီယာက လိုရင်းကို တကယ် ပြောတတ်တာပဲ။ အဲ့လိုဆိုမှတော့ ကျုပ်လည်း လိုရင်ပဲ ပြောရတာပေါ့။ စီနီယာ အကြီးအကဲချုပ်ကို ဂိုဏ်းချုပ်ရီလို့ အခုလေးတင် ခေါ်လိုက်တာကို ကျုပ်ကြားတယ်။ ဒါပေမယ့် ကျုပ်သိသလောက်ဆို ကြယ်ဧကရာဇ်တောင်ရဲ့ ဂိုဏ်းချုပ်ကို အခြားတစ်ယောက်က ယူထားတာမလား။ စီနီယာတို့ရဲ့ ရင်ထဲမှာတော့ အကြီးအကဲရီကပဲ ဂိုဏ်းချုပ် ဖြစ်နေသေးတာလား”

ရန်ရှိုကျုက ခေါင်းညိတ်၍ “ဟုတ်တယ်။ အဲ့လူ ဂိုဏ်းချုပ်နေရာကို ယူပြီးကတည်းက သူ့ကို ဆန့်ကျင်ချင်တဲ့ လူတွေကို မတရား ဖိနှိပ်နေတာ။ ကျုပ်တို့ သုံးယောက်စလုံးကလည်း သူ့ကို ကြိုက်ကြတာ မဟုတ်ဘူး။ သူ့ကြောင့်ပဲ ကျုပ်တို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ကိုယ့်ဘာသာ ရှာရတတော့ အခု ကျုပ်တို့ ကျင့်ကြံခြင်းတွေ နှေင့်နှေးကုန်ပြီ။ ဂိုဏ်းချုပ်ရီ သေသွားပြီလို့ ထင်လို့သာ အဲ့လို အခြေအနေတွေကို ကျုပ်တို့ လက်ခံခဲ့တာ။ ဒါပေမယ့် ဂိုဏ်းချုပ်ရီ မသေသေးမှန်း သိလိုက်ရချိန်မှတော့ ကျုပ်တို့ သူ့ကို ပြန်လာစေချင်တယ်”

“စီနီယာတို့ရဲ့ သစ္စာရှိမှုအပေါ် ဂျူနီယာ တကယ် လေးစားမိပါတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အပိုတွေ ပြောနေစရာ မလိုဘူး။ ကျုပ်တို့သုံးယောက် ဒီနေ့ ရောက်လာရတာ ဂိုဏ်းချုပ်ရီရဲ့ တောင်းဆိုချက်ကြောင့်ပဲ၊ ဂိုဏ်းချုပ်ရန်ကြောင့် မဟုတ်ဘူး။ ကျုပ်ရှင်းရှင်း ပြောထားလိုက်မယ်၊ ဂိုဏ်းချုပ်ရန် ကျုပ်တို့ကို စည်းရုံးနိုင်မယ်ဆိုရင်တောင် ကျုပ်တို့ဆီက ဘာအကူအညီမှ ရမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အခုလက်ရှိ ကြယ်ဧကရာဇ်တောင်ရဲ့ အဖွဲ့သားတွေက ကျုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေပဲ။ ကျုပ်တို့ နှစ်ပေါင်းများစွာ အတူ လက်တွဲပြီး ရှင်သန်လာခဲ့ကြတာ။ ကျုပ်တို့လက်မှာ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ သွေးစွန်းမှာမျိုးကို မဖြစ်ချင်ဘူး”

လင်ယုရောင်နှင့် ချူဟန်ရီတို့ကလည်း ခေါင်းညိတ်လိုက်သည်။

“ဒါဆို ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ” ရန်ကိုင် အနည်းငယ် မပျောမရွှင် ဖြစ်သွားခဲ့သည်။

“ဂိုဏ်းချုပ်ရန်သာ ကျုပ်တို့သုံးယောက်ကို စည်းရုံးနိုင်မယ်ဆိုရင် ဂိုဏ်းချုပ်ရီကို လေးစားသမှုထားပြီးတော့ ကျုပ်တို့ တတ်စွမ်းအင်သလောက် ဂိုဏ်းချုပ်ရန်ကို ကူညီပေးမယ်”

“ခင်ဗျားတို့ တတ်စွမ်းသလောက်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘယ်လို ပြောရမလဲဆိုတော့… ဥပမာ၊ ကျုပ်တို့ ရောင်းရင်းညီအစ်ကို မောင်နှမတွေကို ဂိုဏ်းချုပ်ရန်ကို မတိုက်ခိုက်ဖို့ စည်းရုံးပေးနိုင်တယ်”

“ဘယ်နှစ်ယောက်လောက်ကို စည်းရုံးပေးနိုင်မှာလဲ”

“အနည်းဆုံး တစ်ဝက်လောက်ပေါ့”

“တော်တော်တော့ များသား…” ရန်ကိုင် စဉ်းစားခန်း ဝင်သွားလေပြီ။ ဂိုဏ်းသား စုစုပေါင်း၏ တစ်ဝက်လောက်သာ တိုက်ပွဲတွင် ဝင်မပါဘူး ဆိုပါက သူတို့နိုင်နိုင်ချေ အများကြီး ပိုများသွားပေလိမ့်မည်။ ထို့အပြင် တစ်ဝက်လောက်က တိုက်ပွဲတွင် ဝင်မပါသဖြင့် ကျန်လူများလည်း လှုပ်ရှားရန် အနည်းငယ် အခက်တွေ့နေပေလိမ့်မည်။

“ကျုပ်တို့ အားလုံးက မွေးကတည်းက ကြယ်ဧကရာဇ်တောင်မှာ အတူ ရှိလာခဲ့ကြတာမို့လို့ အချင်းချင်း တကယ့် ညီရင်းအစ်ကိုမောင်နှမတွေလို ရင်းနှီးတယ်။ ကျုပ်တို့ အများစုကတော့ ဂိုဏ်းချုပ်ရီလို ဘိုးဘေးတွေရဲ့ လမ်းစဉ်ကို လိုက်နာကြတယ် ဆိုပေမယ့် အချို့ကတော့ သိပ်ပြီး မကျေနပ်ကြတော့ဘူး။ ဒါကြောင့် ကျုပ်တို့သုံးယောက်ရယ်၊ ဂိုဏ်းချုပ်ရီရဲ့ ဂုဏ်သတင်းရယ် ပေါင်းလိုက်မယ်ဆို ဂိုဏ်းချုပ်ရန်ရဲ့ မျှော်လင့်ချက်ကို ဒီတစ်ကြိမ် အကောင်အထည် ဖော်နိုင်လောက်တယ်” ရန်ရှိုကျုက ထပ်ပြောလိုက်သည်။

“ကောင်းပြီလေ။ ခင်ဗျားတို့ ပြောတာ မှန်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ခင်ဗျားတို့ သုံးယောက်ကို ကျုပ်ဘက်ပါလာအောင် ကျုပ်ဘာလုပ်ပေးရမှာလဲ”

“အဲ့ဒါကတော့ ဂိုဏ်းချုပ်ရန် ကိုယ်တိုင်ပေါ်ပဲ မူတည်လိမ့်မယ်” လင်ယုရောင်က ပြောလိုက်သည်။

“ကျုပ်နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြီးကြုတ်ကာ စတင် စဉ်းစားတော့သည်။

ရီရှီယွင်နှင့် စကားပြောကတည်းက ကြယ်ဧကရာဇ်တောင်၏ အဖွဲ့သားများသည် ပြင်ပရေးရာကိစ္စများတွင် လုံးဝ စိတ်မဝင်စားမှန်း ရန်ကိုင် သိခဲ့သည်။ ကြယ်ဧကရာဇ်တောင်သည် ပြင်ပလောကကြီးနှင့် ထိတွေ့ဆက်ဆံမှု အလွန်ကိုမှ နည်းပါးလှသလို သူတို့ ကြီးထွားခဲ့သည့် နေရာပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် သူတို့တွင် ပြင်ပလောကမှ ကျင့်ကြံသူများကဲ့သို့ ရည်မှန်းချက်နှင့် လောဘတရားများ မရှိသလောက်လောက်ကို နည်းပါးလွန်းလှသည်။

ထို့ကြောင့် ရန်ကိုင် အနေဖြင့် ထိုသုံးယောက်ကို စည်းရုံးချင်သည် ဆိုပါက ရတနာများဖြင့် သွားစည်းရုံးနိုင်လိမ့်မည် မဟုတ်ဘဲ သူတို့ လိုချင်နေသည့် တစ်ခုခုဖြင့် စည်းရုံးမှသာ ရပေလိမ့်မည်။

ထို့အပြင် သူကမ်းလှမ်းလိုက်သည့် အရာတိုင်းသည် ကြယ်ဧကရာဇ်တောင်အား ထိခိုက်စေ၍ မရချေ။

ခဏလောက် စဉ်းစားပြီးနောက်တွင် ရန်ကိုင် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။

ရန်ကိုင်၏ အပြုံးကိုမြင်သော် ရန်ရှိုကျု၊နှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြ၏။

“စီနီယာတို့က တန်ခိုးရှင်တတိယအဆင့်ကို ရောက်နေကြပြီဆိုတော့ နောက်တစ်ဆင့်ကို ထပ်တက်ဖို့လေး ဘာလေးများ စိတ်ကူးမရှိကြဘူးလား” ရန်ကိုင်က အပြုံးဖြင့် မေးလိုက်သည်။

“နောက်တစ်ဆင့်” ယန်ရှိုကျုနှင့် အခြားသူများ၏ အမူအရာ ဝင်လက်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်ကာ မေးလိုက်သည် “ဂိုဏ်းချုပ်ရန်မှာ နည်းလမ်း ရှိလို့လား”

သိုင်းတာအို၏ အထွဋ်အထိပ်သို့ မတက်လှမ်းချင်သည့် ကျင့်ကြံသူ တစ်ယောက်မှ မရှိချေ။ သိုင်းလမ်းစဉ်ထဲ ခြေချရန် ဆုံးဖြတ်လိုက်မှဖြင့် တရွေ့ရွေ့ ရှေ့ဆက်တိုးနေခြင်းဖြင့်သာ သူတို့၏ ပန်းတိုင်ကို ရောက်နိုင်ပေလိမ့်မည်။ မည်သူမှ တစ်နေရာတည်းတွင် တောက်လျှောက် ရပ်နေရမည့် အဖြစ်မျိုးနှင့် မကြုံချင်ကြပေ။

“ဂျူနီယာမှာ အရိပ်ကြယ်ရဲ့ နိယာမတွေကို ချိုးဖောက်နိုင်တဲ့စွမ်းရည် ဘယ်လိုလုပ်ပြီး ရှိမှာလဲ။ ဒါပေမယ့် စီနီယာတို့လည်း မြင်တာပဲ၊ ဂျူနီယာမှာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ရှိတယ်လေ။ ရှင်းရှင်းပြောရင် ဒီတစ်ကြိမ် ကိစ္စတွေ ပြီးသွားတာနဲ့ ပြင်ပလောကကြီးဆီ ခရီးထွက်ဖို့ ဂျူနီယာ လုပ်နေတာ” ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

“ပြင်ပလောကကြီးဆီ ခရီးထွက်ဖို့” ရန်ရှိုကျုနှင့် ကျန်းနှစ်ယောက်၏ မျက်ဝန်းများ တောက်ပလာခဲ့သည်။ ရန်ကိုင် ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် သူတို့၏ မျက်နှာထက် မျှော်လင့်ချက် အရိပ်အယောင်တို့ ယှတ်သိုင်းလာခဲ့ပြီး “ဂိုဏ်းချုပ်ရန် ပြောချင်တာက…”

“ဟုတ်တယ်။ အရိပ်ကြယ်က ကျုပ်တို့ကို နောက်တစ်ဆင့် ထပ်တက်ခွင့် မပြုမှတော့ ဒီနေရာကနေ ထွက်သွားရရုံပေါ့။ ဂျူနီယာ ကြွားနေတာ မဟုတ်ဘူးနော်၊ တကယ် ပြောနေတာ။ ဒီတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောမှာ အဲ့လို လုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အင်း၊ ပြောရရင် အရိပ်လခန်းမက အကြီးအကဲချင်းတုန်နဲ့ မြို့သခင်ဖေးရယ်၊ ကြည်လင်ကောင်းကင်းဂိုဏ်းက အဖွဲ့သား အချို့ရယ်ကိုတောင် ကျုပ်ဖိတ်ပြီးသွားပြီ။ စီနီယာတို့ သုံးယောက် ဆန္ဒရှိတယ်ဆိုရင် လိုက်လို့ရတယ်နော်”

ရန်ရှိုကျုနှင့် အခြားသူအားလုံး စိတ်လှုပ်ရှားလာခဲ့လေသည်။

အောင်မြင်သွားပြီ ရန်ကိုင် ပြုံးလိုက်သည်။

သို့သော်လည်း မကြာမီ တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ စိတ်လှုပ်ရှားနေသည့် ရန်ရှိုကျုနှင့် အခြားသူများ၏ အမူအရာ အလျင်အမြန် တည်ငြိမ်သွားပြီး သုံးယောက်စလုံး မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒီကမ်းလှမ်းချက်ကို စီနီယာတို့ မကျေနပ်သေးလို့လား” ရန်ကိုင်က မေးလိုက်သည်။

ရန်ရှိုကျုက ရန်ကိုင်အား ကြည့်၍ ခါးသက်စွာပြုံးလျက် “ဘယ်ကသာ။ ဒီလောက် အခွင့်အလမ်းကောင်းကိုကြီး မလိုချင်တဲ့ တန်ခိုးရှင်တတိယအဆင့်ဆိုတာ ရှိမှာမဟုတ်ဘူး။ ကျုပ်တို့လည်း လိုချင်တာပေါ့… ဒါပေမယ့် ကျုပ်တို့သာ ဒီကမ်းလှမ်းချက်ကို သဘောတူလိုက်မယ် ဆိုရင် ကျုပ်တို့ သုံးယောက်စလုံး ကိုယ်အောင်မြင်ဖို့အတွက် ကိုယ့်ဂိုဏ်းကို အခြားသူတွေဆီ ရောင်းစားတဲ့ အပြစ်သားတွေ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်ရန်။ ဂိုဏ်းချုပ်ရဲ့ ကမ်းလှမ်းချက်ကို ကျုပ်တို့ သဘောမတူနိုင်ပါဘူး”

ကျွတ်… ခေါင်းမာလိုက်တဲ့ သက်ကြားအိုကြီးတွေကွာ ရန်ကိုင် စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

ဤအခြေအနေမျိုးတွင်ပင် ထိုသုံးယောက်သည် သူတို့၏ ညီအစ်ကိုမောင်နှမများအတွက် တွေးပေးနေဆဲ။ ရန်ကိုင်စိတ်ထဲ ထိုသုံးယောက်ကို လေးစားမိသော်လည်း သူတို့၏ သဘောထားသည် သူ့ရည်မှန်းချက် ပန်းတိုင်ကို ပိတ်ဆို့သလို ဖြစ်နေသဖြင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် ဒေါသထွက်မိလာခဲ့သည်။

ကံကောင်းစွာဖြင့် ရန်ကိုင်တွင် အခြား နည်းလမ်းများ မရှိနေပေသေးသည်။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရန်ကိုင်က အလျင်အမြန် ပြောလိုက်၏ “အကြီးအကဲချုပ်ရီကနေ ကျုပ်ကြားမိသလောက် ကြယ်ဧကရာဇ်တောင်က ဆန်းတော်ဝင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲဆို။ အခုလောလောဆယ် ကျုပ်တို့ အထက်စကြာဝဠာဂိုဏ်း ခြေကုပ်ယူထားတဲ့ နေရာက ဆန်းတော်ဝင်ဂိုဏ်း တည်ရှိခဲ့ဖူးတဲ့ နေရာဆိုတာကို စီနီယာတို့သုံးယောက် သိမှာပေါ့”

ထိုစကားကို ကြားသည့်အခါ ယန်ရှိုကျုသည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင်မူ ဘာမှမပြောဘဲ သက်ပြင်း အမောကြီးသာ ချလိုက်လေသည်။

သူ့ဘိုးဘေးတို့၏ အမွေအနှစ်ကို ပြန်ယူနိုင်ရုံမက ထိုအမွေအနှစ်ကို အပြင်လူများ လက်ထဲသို့ပင် ထည့်ပေးလိုက်ရလေရာ သူ့တွင် ဘာပြောစရာများ ကျန်နေဦးမည်နည်း။

“ဂိုဏ်းချုပ်ရန် ဘာလို့ ဒီအကြောင်း ပြောတာလဲ” ချူဟန်ရီ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒီကိစ္စတွေ ပြီးသွားခဲ့ရင် ခင်ဗျားတို့ ကြယ်ဧကရာဇ်တောင်က လူတွေကို ဆန်းတော်ဝင်ဂိုဏ်းဆီ ပြန်လာခွင့်ပေးမယ်လို့ ကျပ်ပြောမယ်ဆိုရင်ကော” ရန်ကိုင်က ပြုံးလျက် “ခင်ဗျားတို့ ဘိုးဘေးတွေရဲ့ လမ်းစဉ်ကို နှစ်ပေါင်းသောင်းနဲ့ချီတိုင်တိုင် လိုက်နာခဲ့ကြတာ ဆိုတော့ ခင်ဗျားတို့ စိတ်ထဲမှာ ဘိုးဘေးတွေ နေခဲ့ဖူးတဲ့ နေရာဆီ ပြန်လာချင်ကြမှာပဲ။ ခင်ဗျားတို့ရဲ့ ဆန္ဒတွေကို ကျုပ်ဖြည့်ဆည်းပေးနိုင်တယ်။ အဲ့ဒါတင် မဟုတ်သေးဘူး။ ခင်ဗျားတို့ကို ဒီမှာပါ နေခွင့်ပေးနိုင်တယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၂)

ရန်ကိုင်၏ အမူအရာမှာ တည်ငြိမ်နေကြသော်လည်း ရန်ရှိုကျုနှင့် အခြားသူများမှာမူ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။

လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက သူတို့၏ ဘိုးဘေးများသည် သဲမီးတောက် နယ်မြေကြောင့် ဆန်းတော်ဝင်ဂိုဏ်းကို စွန့်ခွာခဲ့ရသည်။ မျိုးဆက်တိုင်း မျိုးဆက်တိုင်းသည် ဆန်းတော်ဝင်ဂိုဏ်းဆီသို့ ပြန်လည် ခြေချချင်သော်လည်း ဖြတ်ကျော်မရသော သဲမီးတောက် နယ်မြေကြီးက တားဆီးနေခဲ့လေရာ သူတို့၏ အိမ်မက်ကို မည်ကဲ့သို့ အကောင်အထည် ဖော်နိုင်တော့မည်နည်း။

ရန်ကိုင်၏ ကမ်းလှမ်းချက်သည် ရန်ကျိုကျုနှင့် အခြားသူများ အမြဲတမ်း တောင့်တနေသည့် ဆန္ဒတစ်ခုကို သွားရောက်ရိုက်ခတ်ခဲ့သည်။

သူတို့သည်သာ အခြား အင်အားစုတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်ခဲ့လျှင် ရန်ကိုင်၏ ယခု ကမ်းလှမ်းချက်သည် ထင်သလောက် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ဘိုးဘေးများ၏ အမွေအနှစ်သည် ဘိုးဘေးများ၏ အပိုင်ဖြစ်ပြီး ယခု ဘိုးဘေးများ မရှိတော့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီနေခဲ့လေပြီ။ ထို့အပြင် လက်ရှိ သူတို့ဂိုဏ်းသည် အလွန်ကိုမှ တိုးတက်နေသည်။ သူတို့၏ နာမည် ပြောင်းသွားလျှင်ပင် ဘာကြောင့် ဘိုးဘေးပိုင်မြေကို ပြန်လည် ရယူရန် ကြိုးစားနေရဦးမည်နည်း။

သို့သော်လည်း ကြယ်ဧကရာဇ်တောင်အတွက်မူ မတူချေ။

သူတို့၏ ယုံကြည်မှု၊ ရည်မှန်းချက်သည် မဟာဧကရာဇ်ကို စောင့်ကြိုရန် ဖြစ်ပြီး ကြယ်ဧကရာဇ်ဂိုဏ်းသား အဖွဲ့ဝင်များသည် မဟာဧကရာဇ်ကို လွန်စွာမှ လေးစားကြည်ညိုကြ၏။

ဆန်းတော်ဝင်ဂိုဏ်းသည် မဟာဧကရာဇ်ကိုယ်တိုင် တည်ထောင်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး မဟာဧကရာဇ် နေခဲ့သော နေရာတစ်ခုလည်း ဖြစ်သည်။ ထိုကဲ့သို့သော နေရာတစ်ခုအား ဆန်းတော်ဝင်ဂိုဏ်း၏ အဖွဲ့သားအချို့မှ တည်ထောင်ထားသော ကြယ်ဧကရာဇ်တောင်သည် မည်သို့ ယှဉ်နိုင်ခြင်း ရှိမည်နည်း။

ထိုဘိုးဘေးပိုင်မြေသည် သူတို့ဘိုးဘေးများ၏ အမွေအနှစ်ကိုသာမက မဟာဧကရာဇ်အပေါ် ထားသည့် သူတို့၏ ယုံကြည်ကိုးစားမှုကိုလည်း ကိုယ်စားပြုသည်။

သူတို့၏ ဘိုးဘေးပိုင်မြေသို့ ပြန်ကာ မဟာဧကရာဇ်၏ နားနေရာအား သွားရောက် ဂါဝရ မပြုချင်သည့် ကြယ်ဧကရာဇ်တောင် အဖွဲ့သား တစ်ယောက်မှ မရျိချေ။

ရန်ကိုင်၏ ဒုတိယအကြိမ် ကမ်းလှမ်းမှုသည် ပထမတစ်ကြိမ် ကမ်းလှမ်းမှုထက် အများကြီး ပိုမို ဆွဲဆောင်မှုရှိနေခဲ့သည်။

ပထမတစ်ကြိမ် ကမ်းလှမ်းမှုသည် သူတို့ သုံးယောက်အတွက်သာ ဖြစ်သော်လည်း ဒုတိယအကြိမ် ကမ်းလှမ်းမှုသည် တစ်ဂိုဏ်းလုံးအတွက် ဖြစ်သည်။

သုံးယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“စီနီယာရီကလည်း အထက်စကြာဝဠာဂိုဏ်းရဲ့ အကြီးအကဲချုပ်ဖြစ်၊ ခင်ဗျားတို့ကလည်း ဆန်းတော်ဝင်ဂိုဏ်းရဲ့ မျိုးဆက်တွေလည်း ဖြစ်တာဆိုတော့ ခင်ဗျားတို့အနေနဲ့ ဆန်းတော်ဝင်ဂိုဏ်း တည်ရှိခဲ့ဖူးတဲ့ နေရာဆီ ပြောင်းလာဖို့က လုံးဝကို လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပဲ” ရန်ကိုင်သည် သံကို ပူတုန်း ထုပေးလိုက်သည်။

“ကျုပ်တို့ ပြောင်းလာပြီး ဂိုဏ်းချုပ်ရန်ရဲ့ နေရာကို အပိုင်သိမ်းသွားမှာ ဂိုဏ်းချုပ်ရန် မကြောက်ဘူးလား” ရန်ကျိုကျုက ရန်ကိုင်အား တောက်ပသည့် မျက်ဝန်းအစုံဖြင့် ကြည့်လျက် ပြောလိုက်သည်။

“အကြီးအကဲချုပ် ရှိနေတာကို ထည့်မပြောရင်တောင် စီနီယာတို့ရဲ့ စရိုက်အရ အဲ့လို မလုပ်လောက်ပါဘူး။ စီနီယာတို့ရဲ့ ကိုယ်ကျင့်သိက္ခာကို ကျုပ်ယုံကြည်တယ်”

“ဂိုဏ်းချုပ်ရန်က တကယ် ယုံတာပဲ” ရန်ကျိုကျုက ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ၊ ဂိုဏ်းချုပ်ရဲ့ အခုကမ်းလှမ်းချက်ကို ကျုပ်တို့ သဘောတူတယ်။ ဒါပေမယ့် ကျုပ်ကြိုပြောထားဦးမယ်၊ ကျုပ်တို့ ဂိုဏ်းသူဂိုဏ်းသားတွေ ဘိုးဘေးပိုင်မြေကို ပြန်လာတဲ့အခါကျ ဂိုဏ်းချုပ်အနေနဲ့ ကျုပ်တို့အတွက် သီးသန့်တစ်နေရာ ခွဲပေးရလိမ့်မယ်။ အထက်စကြာဝဠာဂိုဏ်းထဲ ကျုပ်တို့ ဝင်မှာမဟုတ်ဘူး။ အဲ့တစ်ချက်တော့ နားလည်ပေးပါ ဂိုဏ်းချုပ်ရန်”

“မဝင်ဘူးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့ဘက်မှ ထိုလူများကို စည်းရုံးနိုင်ရန်အတွက် တတ်စွမ်းသမျှ ကြိုးစားခဲ့သော်လည်း ထိုလူအိုကြီးများသည် တကယ်ကို ခေါင်းမားလွန်းလှသည်။

တောင်တစ်တောင်တည်း၌ ကျားနှစ်ကောင်အောင်းရိုး ထုံးစံမှမရှိလေပဲ။ ထိုလူများ အထက်စကြာဝဠာဂိုဏ်းအပေါ် တစ်ခုခု မကောင်းကြံမည်ကို ရန်ကိုင် စိတ်မပူသော်လည်း ကြယ်ဧကရာဇ်တောင်၏ တန်ခိုးရှင်အရေအတွက်သည် အလွန်ကိုမှ များလှကာ ထိုပမာဏကို သူမထိန်းချုပ်နိုင်ချေ။

ယခုအတိုင်းသာ ဆိုလျှင်တော့ တစ်နေရာတည်းတွင် သူတို့ဂိုဏ်းနှစ်ဂိုဏ်း အချင်းမများဘဲ အတူတူနေရန် အတော်လေး ခက်ပေလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားလိုက်သည့်အခါ ရန်ကိုင်က နောင်တရသွားဟန်ဖြင့် “အဲ့လိုဆိုလည်း ပြီးရောလေ။ စီနီယာတို့က အဲ့လို ဖြစ်ချင်မှတော့ ဒီဂျူနီယာလည်း စီနီယာတို့ တောင်းဆိုတာကို လိုက်လျောပေးရမှာပေါ့။ ဒါပေမယ့်… သနားစရာပဲ”

“ဘာသနားစရာပဲ” ရန်ကိုင် တစ်ခုခု ကြံနေသည်မှန်း ရန်ရှုကျို သိသော်လည်း ရန်ကိုင် ဘာကြံနေသလဲ ဆိုသည်ကို သိချင်မိသဖြင့် မေးကြည့်လိုက်လေသည်။

“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ်တွေးနေတာက ခင်ဗျားတို့သာ အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ရင် အချိန်တစ်ခု ရောက်တာနဲ့ မဟာဧကရာဇ်နဲ့ တွေ့ချင် တွေ့ခွင့်ရမှာလို့။ ဒါပေမယ့် ခင်ဗျားတို့က ကိုယ့်ဘာသာ နေချင်တယ် ဆိုတော့လည်း…”

“ဘယ်လို” ရန်ရှုကျို လုံးဝကို ထိတ်လန့်သွားခ့သည်။ လင်းယုရောင်နှင့် ချူဟန်ရီတို့လည်း အသီးသီး ထိတ်လန့်အံ့အားသင့်နေကြသည်။

“ဂိုဏ်းချုပ်ချုပ် ဘာပြောချင်နေတာလဲ” လင်းယုရောင်၏ ခန္ဓာကိုယ် မဆိုသလောက်ကလေး တုန်ရီနေခဲ့သည်။

“အကြီးအကဲချုပ် ခင်ဗျားတို့ကို ပြောပြမထားဘူးလား” ရန်ကိုင်က ရီရှီယွင်ဘက်သို့ လှည့်ရင်း ပြောလိုက်သည်။

ရီရှီယွင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ပြုံးလျက်သာ “ဒီကိစ္စက ထိပ်တန်း လျှို့ဝှက်ချက်ကြီး တစ်ခုဟာကို၊ ဒီဘုရင်မ လျှောက်မပြောရဲပါဘူး”

“အင်း၊ ဟုတ်တယ်။ ဒီလိုလျှို့ဝှက်ချက်မျိုးကို လျှောက်ပြောသင့်တဲ့ အရာမျိုး မဟုတ်ဘူး။ လူသိနည်းလေ ပိုကောင်းလေပဲ” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းချုပ်ရန်၊ ခဏက ပြောလိုက်တဲ့ စကားက… ဘာကို ဆိုလိုတာလဲ” ရန်ရှုကျိုက စိတ်စောနေသည့် အမူအရာဖြင့် မေးလိုက်သည် “ဂိုဏ်းချုပ်ရန် ပြောနေတဲ့ပုံက… မဟာဧကရာဇ်က… အထက်စကြာဝဠာဂိုဏ်းထဲမှာ ရှိနေတဲ့ပုံစံမျိုး ဘာလို့ ပေါက်နေတာလဲ”

ထိုစကားကို ပြောမိလိုက်ချိန် သူကိုယ်တိုင်ပင် ပြန်အံ့အားသင့်သွားရပြီး မယုံကြည်နိုင်ဟန်ဖြင့် အလျင်အမြန် ခေါင်းခါလိုက်လေသည်။

“စီနီယာ ပြောတာ မမှားဘူး။ အခုလောလောဆယ် မဟာဧကရာဇ်က တကယ်ပဲ အထက်စကြာဝဠာဂိုဏ်းမှာ ရှိနေတယ်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ရှုကျိုနှင့် ကျန်နှစ်ယောက် ထိုင်နေရာမှ အလန့်တကြား ထရပ်လိုက်ကြလေသည်။ ထိတ်လန့်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ရီနေခဲ့ကြ၏။

“ကျုပ် ခင်ဗျားတို့ကို လိမ်နေတာ မဟုတ်ဘူး။ မယုံရင် အကြီးအကဲချုပ်ကို မေးကြည့်လိုက်” ရန်ကိုင်က ပြန်ပြောလိုက်သည်။ သုံးယောက်စလုံး ချက်ချင်းဆိုသလို ရီရှီယွင်အား လှမ်းကြည့်လိုက်ရာ ရီရှီယွင်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။

ရန်ရှုကျို အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ပေါင်တစ်သောင်းတူ တစ်ချောင်းနှင့် ရိုက်ချ့လိုက်ရသည့်နှယ် ဟန်အမူအရာ လုံးဝ ပျက်သွားကာ အချိန်အတော် ကြာသည်အထိ မည်သည့် စကားမှ ပြန်မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

မဟာဧကရာဇ်သည် ရှေးခေတ်သမိုင်းကြောင်းမှာ ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦး သက်သက်ပင် မဟုတ်လေလော။ မဟာဧကရာဇ် အသက်ရှင်နေသေးပြီး တစ်နေရာရာတွင် အိပ်စက်နေမှန်း သိထားသော်လည်း ထိုအရာသည် သူတို့၏ ယုံကြည်မှု သက်သက်သာ ဖြစ်သည်။

ယုံကြည်မှုသက်သက်မှ အစစ်အမှန် ဖြစ်လာသည့်အခါ ထိုယုံကြည်မှုကို လက်ကိုင်ထားသူများပင် မယုံသင်္ကာ ဖြစ်ကုန်လေ့ရှိကြသည်။ မျှော်လင့်ချက်၊ ကြောက်ရွံ့မှုအားလုံး အစစ်အမှန် ဖြစ်လာသည့် အခါမျိုးနှင့် ကြုံတွေ့ရသည့်အခါ ဤကဲ့သို့ ဖြစ်လေ့ရှိသည်မှာ သဘာဝသာ ဖြစ်သည်။

“ဂိုဏ်းချုပ်ရန်မှာ သက်သေရှိလား” လင်ယုရောင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်၏ “ဂိုဏ်းချုပ်ရန် ပြောတာ မှန်ကြောင်း သက်သေသာဓက လုပ်ပေးနိုင်တဲ့ သက်သေ တစ်ခုခု ရှိလား။ အကြီးအကဲချုပ်က သက်သေခံပေးနိုင်တယ် ဆိုပေမယ့် ဒါက ကျွန်မတို့ အလွယ်တကူ ယုံနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေး။ ဒါကြောင့် ဂိုဏ်းချုပ်ရန်ကို သက်သေ တစ်ခုခု ပြပေးစေချင်တယ်”

ရန်ရှိုကျုနှင့် ချူဟန်ရီတို့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

“ဘယ်လိုသက်သေမျိုး ခင်ဗျားတို့ လိုချင်နေတာလဲ” ရန်ကိုင်က ရယ်မောလိုက်သည်။

“ဘာဖြစ်ဖြစ် အဆင်ပြေတယ်၊ ဂိုဏ်းချုပ်ရန် ပြောတာ မှန်ကြောင်း သက်သေပြနိုင်ရင် ပြီးရော…။ အဲ့လိုဆိုရင် ကျုပ်တို့အားလုံး ဘာမှပြောမနေတော့ဘူး၊ အထက်စကြာဝဠာဂိုဏ်းထဲ တစ်ခါတည်း တန်းဝင်လိုက်မယ်” ရန်ရှုကျိုက ပြောလိုက်သည်။

မဟာဧကရာဇ်သာ အထက်စကြာဝဠာဂိုဏ်းတွင် ရှိနေမည်ဆိုပါက သူတို့ကကော ဘာကြောင့် အထက်စကြာဝဠာဂိုဏ်းထဲ မဝင်ရမည်နည်း။

“ကျုပ်မှာ သက်သေရှိမရှိကို ထားပါဦး။ ကျုပ်မှာရှိလို့ အဲ့သက်သေကို ထုတ်ပြရင်တောင် ခင်ဗျားတို့က သိမှာမို့လို့လား” ရန်ကိုင်က အထင်တသေး ပြုံးလိုက်သည်။

“သိတာမသိတာက ကိစ္စမဟုတ်ဘူး။ ဂိုဏ်းချုပ်ရန် ထုတ်ပြနိုင်ဖို့ပဲ။ အဲ့ဒါကို ကြည့်ပြီးတော့မှ ကျုပ်တို့ ပြောမယ်။ ဒါပေမယ့် ဂိုဏ်းချုပ်ရန် မဟုတ်တရုတ်တွေ လျှောက်ပြောနေတယ် ဆိုရင်တော့ ကျုပ်တို့ ခွင့်လွှတ်မှာ မဟုတ်ဘူး”

ရန်ကိုင် ခေါင်းကိုက်ချင်သွားသည်။ အခြေအနေသည် ဤအတိုင်းအတာအထိ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း သူ့တွင် သက်သေပြစရာ မည်သည့် လက်ဆုပ်လက်ကိုင် ပစ္စည်းမှ ရှိမနေဖြင့် ရန်ကိုင် တဒင်္ဂတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

သို့သော်လည်း ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင်၏ ခေါင်းထဲ အကြံတစ်ခုကို စဉ်းစားမိလိုက်သည်။ ထို့နောက် ရယ်မောလျက် “အဲ့လိုဆိုမှတော့ ဒါနဲ့ဆိုရင် ခင်ဗျားတို့ ယုံလောက်မှာပါ”

ပြောပြီးသည်နှင့် တံဆိပ်ပြားတစ်ခု သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုတံဆိပ်ပြားဆီမှ အားကောင်းသော ဧကရာဇ်ဖိအားတို့ ဖြာထွက်နေပေသည်။

ထိုတံဆိပ်ပြားကို မြင်လိုက်ချိန် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက်တွင် ရန်ရှိုကျုက အလန့်တကြား‌ အော်ပြောလိုက်သည် “ကြယ်ဧကရာဇ် တံဆိပ်ပြား၊ တကယ့် ကြယ်ဧကရာဇ် တံဆိပ်ပြားပဲ”

ကြယ်ဧကရာဇ် တံဆိပ်ပြားကို သူတို့ တစ်ခါမှ မမြင်ဖူးသည်မဟုတ်၊ မြင်ဖူးပေသည်။ ကြယ်ဧကရာဇ်တောင်သည် အတိတ်တွင် ကြယ်ဧကရာဇ် တံဆိပ်ပြားများကို ပိုင်ဆိုင်ခဲ့ဖူး၏။ တံဆိပ်ပြားတစ်ခုကို ကြယ်ဧကရာဇ်တောင်မှ ကျင့်ကြံသူများ လေးစားမျှော်ကိုးရန်အတွက် မဟာဧကရာဇ်၏ အမှတ်သညာအနေဖြင့် ကြယ်ဧကရာဇ်တောင်၏ ခန်းမကြီးထဲတွင် ထိန်းသိမ်းထားခဲ့ပေသည်။

အခြား တံဆိပ်ပြား တစ်ခုမှာမူ ကြယ်ဧကရာဇ်တောင် ဂိုဏ်းချုပ်၏ ကိုယ်စားပြု အမှတ်တံဆိပ်ပြားအဖြစ် ဂိုဏ်းချုပ် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက် တစ်ခုဆီသို့ အသီးသီး လက်ဆင့်ကမ်းခဲ့ကြသည်။

သို့သော် နောက်ဆုံး ကြယ်ဧကရာဇ် တံဆိပ်ပြားကို ရီရှီယွင်မှ ယူသွားခဲ့သည်။ ယခု ထိုကြယ်ဧကရာဇ် တံဆိပ်ပြားသည် ရန်ကိုင်၏ လက်ထဲသို့ ရောက်နေခဲ့လေပြီ။

သို့သော်လည်း လက်ရှိ သူတို့ မြင်နေရသည့် ကြယ်ဧကရာဇ် တံဆိပ်ပြားသ် အကောင်းအတိုင်း ရှိနေသေးသည့် ကြယ်ဧကရာဇ် တံဆိပ်ပြားဖြစ်သည်။ သူမြင်ခဲ့ဖူးသည့် ကြယ်ဧကရာဇ် တံဆိပ်ပြား အားလုံးမှာမူ အသုံးပြုပြီးသာ တံဆိပ်ပြားများသာ ဖြစ်ကြ၏။

ထို့ကြောင့်သာ ရန်ရှုကျို အလွန်ကိုမှ တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။

ရီရှီယွင်သည်ပင် လေးနက်တည်ကြည်သွားခဲ့သည်။

ချင်းတုန်နှင့် ဖေးကျီတုတို့သည်လည်း ထိုကြယ်ဧကရာဇ် တံဆိပ်ပြားကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။

ရန်ကိုင်တွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

ထိုတံဆိပ်ပြားနှင့် ဆိုပါက ကြယ်ဧကရာဇ်တောင် တစ်ခုလုံးကို အသာလေး ရှင်းထုတ်ပစ်နိုင်ပေသည်။

ထိတ်လန်မှုနှင့်အတူ ကြောက်ရွံ့မှုတို့ပါ ရန်ရှုကျိုတို့ တစ်ပါးတည်း ခံစားမိလိုက်ကြသည်။ ရန်ကိုင်သာ ဤကြယ်ဧကရာဇ် တံဆိပ်ပြားကိုသုံးပြီး ကြယ်ဧကရာဇ်တောင်ကို တိုက်ခိုက်ခဲ့သည့် ကြုံတွေ့ရမည့် မြင်ကွင်းကို သူတို့ တွေးပင် မတွေးရဲတော့။ သူတို့ ကြယ်ဧကရာဇ်တောင်မှ အဖွဲ့သားအားလုံး သေသွားရမည်မှာ သေချာသလောက်တော့ ရှိသည်။

“ဒီကြယ်ဧကရာဇ် တံဆိပ်ပြားကို မဟာဧကရာဇ်ကိုယ်တိုင် ကျုပ်ကို ပေးခဲ့တာ၊ ခင်ဗျားတို့ ယုံတာ မယုံတာကတော့ ခင်ဗျားတို့ ကိုယ်တိုင်ပေါ်ပဲ မူတည်လိမ့်မယ်။ ဒါ့အပြင်ကိုမှ မဟာဧကရာဇ် ကျုပ်ကို ပြောပြသွားတဲ့ လျှို့ဝှက်ချက်အချို့လည်း ရှိသေးတယ်”

“ဆက်ပြောပါ ဂိုဏ်းချုပ်ရန်”

“မဟာဧကရာဇ် ပြောသွားတာက သဲမီးတောက်နယ်မြေဆိုတာ သူ့ရဲ့ ဧကရာဇ် မှော်ရတနာတွေထဲက တစ်ခုဖြစ်တဲ့ နေမီးလျှံသုံးစင်း လက်စွပ်ပဲတဲ့။ အကြီးအကဲတို့လည်း သဲမီးတောက်နယ်မြေဆီ ရောက်ထူးတော့ သဲမီးတောက်နယ်မြေအကြောင်းကို အသေးစိတ် သိထားမှာပေါ့ ဟုတ်တယ်မလား။ နေမီးလျှံလက်စွပ်က သုံးခုပေါင်းမှပဲ ဧကရာဇ်မှော်ရတနာ တစ်ခုဖြစ်တာ။ သဲမီးတောက်နယ်မြေရဲ့ ပထမအလွှာ ဘာလို့ ပျောက်ကွယ်ရသလဲလို့ ပြောရရင် မဟာဧကရာဇ်က လက်စွပ်သုံးကွင်းထဲက တစ်ကွင်းကို ပြန်ယူလိုက်လို့ပဲ”

အခန်းထဲတွင် ရှိနေသော လူအားလုံး ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။

ရီရှီယွင်ပင် သဲမီးတောက်နယ်မြေသည် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည် ဆိုသော အချက်ကို မသိထားခဲ့ချေ။

နေမီးလျှံသုံးစင် လက်စွပ်အကြောင်းကို ကြယ်ဧကရာဇ်တောင်၏ ရှေးမှတ်တမ်းများထဲ၌ ဖတ်ခဲ့ဖူးသည်။ သူမ ဖတ်ဖူးသလောက် ထိုမှော်ရတနာသည် မဟာဧကရာဇ် အားအကိုးရဆုံး မှော်ရတနာ တစ်ခု ဖြစ်ပေသည်။

မဟာဧကရာဇ်၏ စွမ်းအားဖြင့် သူမ၏ မှော်ရတနာတစ်ခုအား အရိပ်ကြယ်၏ တားမြစ်နယ်မြေကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်မှာ သိပ်တော့ မထူးဆန်းလှ။

“ဂိုဏ်းချုပ်ရန် ပြောချင်တာက… သဲမီးတောက်နယ်မြေ ပထမအလွှာ ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းက မဟာဧကရာဇ်ကိုယ်တိုင် အဲ့မီးလျှံလက်စွပ်ကို ပြန်ယူလိုက်လို့ပေါ့ ဟုတ်လား” ရန်ရှိုကျုက တုန်ရီနေသည့် လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ ဒီဂိုဏ်းချုပ်ကိုယ်တိုင် မျက်လုံးတပ်အပ် မြင်ခဲ့တာ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ခန်းမတစ်ခုလုံး ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။

သဲမီးတောက်နယ်မြေ၏ မီးတောက်နယ်မြေ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း အကုန်လုံး သိထားကြသည်။ သဲမီးတောက်နယ်မြေ ပိတ်သွားပြီ ဆိုသည်နှင့် ထိုထဲသို့ ခြေချရဲသည့် လူအားလုံး သေသွားရပေသည်။ တန်ခိုးရှင် တတိယအဆင့်များပင်လျှင် ချွင်းချက်မဟုတ်။

သဲမီးတောက်နယ်မြေ၏ ပထမအလွှာ ပျောက်ကွယ်သွားစဉ် အခါက အရိပ်ကြယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သေးသည်။ တစ်ချိန်တည်းတွင် တိုက်ဆိုင်စွာဖြင့် အထက်စကြာဝဠာဂိုဏ်းသည် သဲမီးတောက်နယ်မြေ၏ ပိုင်ရှင်တစ်ပါး ဖြစ်လာခဲ့သည်။

ယခု ထိုကိစ္စ၏ အမှန်တရားကို ရန်ကိုင်ဆီမှ သူတို့ ကြားသိလိုက်ရလေပြီ။

ယခုထိတိုင် မဟာဧကရာဇ် အသက်ရှင်နေသေးသည့် အကြောင်းနှင့် ပက်သက်၍ သူတို့စိတ်ထဲ မယုံကြည်နိုင် ဖြစ်နေသေးသည်။

သို့သော်လည်း ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် မဟာဧကရာဇ်မှ လွဲ၍ မည်သူ့တွင်များ ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိပါမည်နည်း။

လက်ရှိတွင်း ရန်ကိုင် အမှန်ကို ပြောနေခြင်းဖြစ်မှန်း ရန်ရှိုကျုတို့ ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေချာသွားလေပြီ. ကျန်သည့် နှစ်ဆယ်ရာခိုင်နှုန်းသည်ကား လိုလိုပိုလို လျှော့ပေါ့ထားခြင်း ဖြစ်၏။

“ဂိုဏ်းချုပ်ရန်နဲ့ မဟာဧကရာဇ် ဘယ်လို ပက်သက်လဲဆိုတာ… ကျွန်မ သိလို့ရမလား…” လင်းယုရောင်က မေးလိုက်သည်။

“သူက ကျုပ်ရဲ့ မိန်းကလေး သူငယ်ချင်း တစ်ယောက်လို့ ပြောရင် ခင်ဗျားတို့ ယုံမှာလား” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“ဟဲဟဲ…” ရန်ရှိုကျု၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ပြီး သူ့ဆီမှ အသက်မပါသည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၃)

ထိုလူများ၏ အမူအရာကို အကဲခတ်ကြည့်ပြီးနောက် သူ့ဘက်မှ လုပ်သင့်သလောက် လုပ်ပြီးသွားပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ ဆက်လက်၍ ထုတ်ပြနေခြင်းသည် ထိုလူများ၏ စိတ်လွတ်သွားစေရုံသာ အဖတ်တင်လိမ့်မည်မှန်း သိလိုက်သည့်အတွက် ကြယ်ဧကရာဇ် တံဆိပ်ပြားအား ပြန်သိမ်းလိုက်ပြီးနောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်လေသည် “စီနီယာတို့၊ ကျုပ်ဘက်က သက်သေတော့ ပြပြီးသွားပြီ။ အခု စီနီယာတို့ ရွေးချယ်ရမယ့် အချိန်ပဲ”

ရန်ရှုကျိုနှင့် ကျန်နှစ်ယောက်သည် အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ကြပြီးနောက် သုံးယောက်စလုံး ပြိုင်တူ လက်သီးဆုပ် ဦးညွှတ်လျက် ယဉ်ကျေးစွာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကို လက်အောက်ငယ်သားတို့ နှုတ်ဆက်ပါတယ်”

ရန်ကိုင်မှ သက်သေပြပြီးသွားပြီမှာ အမှန်ဖြစ်သည်။ ကြယ်ဧကရာဇ် တံဆိပ်ပြား ဖြစ်စေ၊ သဲမီးတောက်နယ်မြေ သို့မဟုတ် နေမီးလျှံသုံးစင် လက်စွပ်နှင့် ပက်သက်သည့် လျှို့ဝှက်ချက်များ ဖြစ်စေ၊ ထိုအရာအားလုံးသည် သာမန်လူများ သိနိုင်သည့် အရာမျိုး မဟုတ်ချေ။ မဟာဧကရာဇ် ကိုယ်တိုင်မှလွဲ၍ မည်သူကများ ထိုထိတ်လန့်အံ့အားသင့်ဖွယ်ရာ အရာများကို နားလည်နိုင်မည်နည်း။

ထို့အကြောင်းအရာများကို ရီရှီယွင်ပင်လျှင် မသိချေ။

ထို့အပြင် ရန်ရှုကျိုနှင့် ကျန်နှစ်ယောက်သည် ရီရှီယွင်၏ ကိုယ်ကျင့်စရိုက်အပေါ် အမှန်တကယ် ယုံကြည်လေးစားကြသည်။ သူမက ပြောလိုက်သည့်အခါ တစ်ဝက်လောက်ကို သူတို့ ယုံပြီးသွားပြီ။ ကျန်တစ်ဝက်မှာ စိတ်ထဲ မသေချာမချာ ဖြစ်ခြင်းသာ။ တကယ်တော့ မဟာဧကရာဇ် အသက်ရှင်နေသေးသည့် ပက်သက်သည့် ဤကိစ္စသည် အလွန်ကိုမှ အရေးကြီးသည် မဟုတ်လော။

ယခု မဟာဧကရာဇ် အထက်စကြာဝဠာဂိုဏ်းတွင် ရှိနေသည့် အကြောင်းကို ကြားပြီးနောက် မည်သည့် အတွက်ကြောင့်များ အထက်စကြာဝဠာဂိုဏ်းထဲသို့ မဝင်ရမည်နည်း။

မဟာဧကရာဇ် နေထိုင်နေသော ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခြင်းသည် သူတို့အတွက် အကြီးမြတ်ဆုံး ဂုဏ်ကျက်သရေ ဖြစ်သည်။ သူတို့အားလုံး ထို့ထက်ပို၍ ဘာမှ ထပ်မလိုချင်တော့။

“ကောင်းတယ်” ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ရမ်းလျက် လှမ်းအော်ပြောလိုက်သည် “ဘယ်သူ့မှာ ဝိုင်ကောင်းကောင်းရှိလဲ။ နည်းနည်းလောက် ထုတ်ပြီး ကန်းပေ့ လုပ်ကြရအောင်။ ဒီဂိုဏ်းချုပ် ဒီစီနီယာ သုံးယောက်အတွက် ဂုဏ်ပြုပေးရမယ်”

ရန်ရှုကျိုက အနည်းငယ် ကတိကအောက် ဖြစ်နေသည့် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလျက် “ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုကို ငြင်းဆိုရတော့မှာပဲ။ ကျုပ်တို့ သုံးယောက်စလုံးက ဝိုင်မသောက်နိုင်ကြဘူး ဂိုဏ်းချုပ်ရဲ့။ ပြီးတော့ ဒီကိစ္စက ပြီးဖို့ အဝေးကြီး လိုသေးတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် သောက်ဖို့ဆိုရင် အကုန်လုံး ပြီးသွားတဲ့အထိ စောင့်မှ ရလိမ့်မယ်”

“ဂိုဏ်းချုပ်၊ သူတို့ သုံးယောက်က အမြဲတမ်း တံခါးပိတ်ကျင့်စဉ် ဝင်နေကြတော့ ဝိုင်တကယ် မသောက်နိုင်ကြဘူး” ရီရှီယွင်က ဝင်ပြောလိုက်သည်။

ရန်ကိုင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “အဲ့လိုဆိုမှတော့ ထားလိုက်တော့ပေါ့”

“ဒီဂျူနီယာ စိတ်ထဲ နားမလည်တာလေး တစ်ခုရှိနေလို့ စီနီယာတို့ သုံးယောက်ကို မေးကြည့်လို့ရမလား” ရုတ်တရက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။

“ကျေးဇူးပြုပြီး မေးပါ ဂိုဏ်းချုပ်။ ကျုပ်တို့ သုံးယောက် သိထားရင် မဖုံးမကွယ်ပဲ ဖြေကြားပေးပါ့မယ်” ရန်ရှုကျိုက ပြန်ပြောလိုက်သည်။

“ကြယ်ဧကရာဇ်တောင် ဘာလို့ ရုတ်တရက်ကြီး ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားလဲ သိချင်တာ။ ကြယ်သင်္ဘောကြောင့်ပဲလား” ရန်ကိုင်က ထိုသုံးယောက်ကို စိုက်ကြည့်၍ “စီနီယာတို့ သုံးယောက်က ကြယ်ဧကရာဇ်တောင်က လူတွေဆိုတော့ ဒီကိစ္စနဲ့ ပက်သက်တဲ့ ကောလဟာလတွေ ဘာတွေ ကြားထားကြမှာပေါ့။ စီနီယာတို့ သိထားရင် ဒီဂျူနီယာကို တစ်ချက်လောက် ပြောပြပေးလို့ ရမလား”

ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ သူ့အား တိုက်ခိုက်သည့် ကိစ္စကို ရန်ကိုင် နားလည်ပေသေးသည်။ တကယ်တော့ သူတို့ ဂိုဏ်းများကြား၌ ရန်ငြိုးရန်စများ ရှိသည် မဟုတ်ပေလော။ ထို့အပြင် အလျင်အမြန် ကြီးထွားလာနေသော အထက်စကြာဝဠာဂိုဏ်းသည် သူတို့၏ တည်ရှိမှုအား ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေသည့် အတွက်ကြောင့်လည်း ပါပေသည်။

ထို့ကြောင့် သူတို့ သူ့အား တိုက်ခိုက်သည့် ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် နားလည်နိုင်သည်။ သို့သော် ကြယ်ဧကရာဇ်တောင်က သူ့အား အရင်စတိုက်ခိုက်သည့်အပေါ် ရန်ကိုင် တကယ်ကို နားမလည်နိုင်ခဲ့ပေ။ ရှင်းရှင်းပြောရလျှင် ကြယ်ဧကရာဇ်တောင်နှင့် သူတစ်ခါမှ မပက်သက်ဖူးခဲ့။ နောက်ဆုံး ‘သာမန် လူတစ်ယောက်သည် အပြစ်မရှိသော်လည်း ရတနာများစွာ ပိုင်ဆိုင်ထားသည့် အခါ လူအများအမြင်၌ အပြစ်ရှိသည့်လူတစ်ယောက် ဖြစ်လာသည်’ ဟူသော ဆိုရိုးစကားကိုသာ စဉ်းစားမိတော့သည်။

“ဂိုဏ်းချုပ် ထင်တာ အတော်များများမှန်တယ်။ ဒီတစ်ကြိမ် ပြဿနာရဲ့ အရင်းအမြစ်က ကြယ်သင်္ဘောပဲ။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောက တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နိုင်မယ့် မျှော်လင့်ချက်ကို ကိုယ်စားပြုတာဆိုတော့ လူတိုင်းက ဒီကြယ်သင်္ဘာကို ပိုင်ဆိုင်ချင်ကြမှာပဲ။ ကြယ်ဧကရာဇ်တောင်လည်း ချွင်းချက် မဟုတ်ဘူး” ထိုသို့ ပြောပြီးနောက် ရန်ရှုကျိုသည် ရီရှီယွင်အား ကြည့်ကာ ဆက်ပြောလိုက်သည် “ဂိုဏ်းချုပ်ရီသာ ဂိုဏ်းချုပ် ဖြစ်နေဦးမယ် ဆိုရင်တော့ အခုလိုမျိုးကိစ္စတွေ ဖြစ်မလာလောက်ဘူး။ ဒါပေမယ့် အခု ကြယ်ဧကရာဇ်တောင်ရဲ့ ဂိုဏ်းချုပ်ကတော့ မတူတော့ဘူး။ အဲ့လိုဆိုရင်တောင်…”

“အဲ့လိုဆိုရင်တောင် ဘာဖြစ်လဲ…” ရန်ကိုင် မျက်ခုံးပင့်သွားသည်။

“ကြယ်သင်္ဘောက အကြောင်းပြချက်တွေထဲက တစ်ခုပဲ ရှိသေးတယ်”

“အခြား အကြောင်းအရင်းတွေ ထပ်ရှိသေးတာလား”

“ဒီလူအိုကြီး သိသလောက်တော့ ဂိုဏ်းချုပ်ရန် တိုက်ခိုက်ခံရတဲ့ အကြောင်းအရင်းက ဘိုးဘေးပိုင်မြေထဲက မဟာဧကရာဇ်ရဲ့ အမွေအနှစ်တွေနဲ့ ပက်သက်နေတယ်” ရန်ရှုကျိုက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“ဘိုးဘေးပိုင်မြေထဲက မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ပြောချင်တာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်။ အထက်စကြာဝဠာဂိုဏ်း တည်ရှိနေတဲ့ အခုနေရာက အရင်က မဟာဧကရာဇ် နေခဲ့တဲ့‌ နေရာလေ။ ဂိုဏ်းချုပ် ပြောခဲ့သလိုပဲ၊ ဒီထဲမှာ အချို့ လျှို့ဝှက်ချက်တွေ ရှိကောင်း ရှိနေမှာပေါ့။ အခု ဟိုလူက အဲ့လျှို့ဝှက်ချက်တွေကို သိချင်နေတာ။ ဒါပေမယ့် သဲမီးတောက် နယ်မြေထဲကို ဘယ်လိုဝင်ရမလဲ သူမသိဘူး။ ဂိုဏ်းချုပ်ရန်က သဲမီးတောက်နယ်မြေထဲကို လွတ်လွတ်လပ်လပ် ဝင်နိုင်တာဆိုတော့ ဂိုဏ်းချုပ်မှာ သဲမီးတောက်နယ်မြေထဲ ဝင်လို့ရမယ့် နည်းလမ်းရှိတယ်ထင်ပြီး ဂိုဏ်းချုပ်ရန်ကို ဖမ်းဖို့ လုပ်တာပဲ”

“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် နားလည်သွားခဲ့လေပြီ။

ထိုလူများကို စည်းရုံးနိုင်ရေးအတွက် သူလျှောက်ပြောလိုက်သည့် စကားအချို့သည် ကြယ်ဧကရာဇ်တောင် သူ့အား တိုက်ခိုက်ရသည့် ကိစ္စ၏ အကြောင်းအရင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကံမကောင်းစွာဖြင့် ထိုလျှို့ဝှက်ချက်များကို သူတို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။

သဲမီးတောက်နယ်မြေထဲတွင် လျှို့ဝှက်ချက်အချို့ ရှိကောင်းရှိနေနိုင်မည် ဖြစ်သော်ငြား ထိုလျှို့ဝှက်ချက်များသည် မဟာဧကရာဇ် အိပ်စက်နေသည့် နေရာတွင်သာ ရှိနေလောက်သည်။ လက်ရှိတွင် ထိုနေရာသို့ ရန်ကိုင်နှင့် ရီရှီယွင်မှလွဲ၍ အခြား မည်သူမှ မချဉ်းကပ်နိုင်ပေ။

ကြယ်သင်္ဘောဖြစ်စေ၊ ဘိုးဘေးပိုင်မြေထဲတွင် ရှိနေသော လျှို့ဝှက်ချက်များ ဖြစ်စေ၊ အကျဉ်းချုံးလိုက်သော် နောက်ဆုံး အကြောင်းအရင်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လိုသည့် ဆန္ဒတစ်ခုကြောင့်သာ ဖြစ်သည်။

“အခု ဒီလူအိုကြီးတွေက ဂိုဏ်းချုပ်ကို ကူညီပေးနေလို့ အဲ့လူ သိပ်ပြီး ပြဿနာ မရှာနိုင်လောက်ပေမယ့် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကိုတော့ ဂိုဏ်းချုပ် သတိထားဖို့ လိုတယ်။ ဓါတ်လုံးနဲ့ ပက်သက်လာရင်တော့ ကျုပ်တို့ကို ထည့်မတွက်တော့နဲ့ ဂိုဏ်းချုပ်။ ကျုပ်တို့အဖွဲ့ထဲက ဘယ်သူ့ကိုမှ ဓါတ်လုံးနား ပေးကပ်တာ မဟုတ်ဘူး။ ကျုပ်တို့သာ ဓါတ်လုံးကို ရနိုင်မယ်ဆိုရင် ဂိုဏ်းချုပ်အနေနဲ့ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး” ရန်ရှုကျိုက ပြောလိုက်သည်။

“ဒီလောက်နဲ့ ရပါပြီ။ အဲ့ဓါတ်လုံးက မှော်ရတနာတစ်ခုပဲဟာကို၊ ဒီဂိုဏ်းချုပ်မှာပဲ တန်ပြန်နိုင်မယ့် နည်းလမ်းတွေ ရှိပြီးသား” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ရှုကျိုက အသာအယာ ခေါင်းညိတ်လိုက်၏။ ထို့နောက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် “ဟုတ်သားပဲ၊ ဂိုဏ်းချုပ်ကို သတိပေးစရာ တစ်ခု ထပ်ရှိသေးတယ်”

“ကျေးဇူးပြုပြီး ပြောပါ စီနီယာ”

“ဟိုလူက အခု ကျင့်စဉ်လား ဘာလားတေတာ့ မသိဘူး၊ ပညာရပ် တစ်ခုခုကို ကြိတ်ပြီး ကျင့်ကြံနေတယ်။ အဲ့ဒါကို သူကျင့်ကြံနေတာ နှစ်နဲ့ချီနေပြီ။ သူတစ်ချိန်လုံး ကြိုးစားပမ်းစား ကြိတ်ပြီး ကျင့်ကြံနေတဲ့ အရာဆိုတော့ သာမန် ပညာရပ် တစ်ခုခုတော့ မဟုတ်လောက်ဘူး။ ဒါကြောင့် ဂိုဏ်းချုပ် သူနဲ့တွေ့ရင် သတိကြီးကြီးထားဖို့ လိုတယ်လို့ ပြောတာ” ရန်ရှုကျိုက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“ကျုပ်သိပြီ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် သဘောတူလိုက်သည်။

“အခု လာရင်းကိစ္စ ပြီးသွားပြီဆိုတော့ ကျုပ်တိုသုံးယောက် ပြန်လိုက်ပါဦးမယ် ဂိုဏ်းချုပ်။ ကျုပ်တို့ဘက်မှ ပြင်ဆင်စရာလေးတွေ ရှိသေးတာဆိုတော့ ကျုပ်တို့ဘက်က သတင်းရမှ ဂိုဏ်းချုပ် လှုပ်ရှားရင် ပိုအဆင်ပြေလောက်တယ်”

“ဟုတ်ပြီ။ ကျုပ် စီနီယာတို့သုံးယောက်အပေါ် အားကိုးနေပါ့မယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။

ရန်ရှုကျိုနှင့် ကျန်နှစ်ယောက်လည်း ရန်ကိုင်အား ပြန်နှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွါသွားလေသည်။

ရန်ရှုကျိုနှင့် အခြားသူများဆီမှ အကူအညီ ရအောင် လုပ်လိုက်နိုင်သည့် အတွက် ရန်ကိုင် အတော်လေး ပျော်နေခဲ့သည်။ ထိုသုံးယောက်၏ အကူအညီနှင့် ဆိုပါက ကြယ်ဧကရာဇ်တောင်သို့ ခရီးသည် ထင်သည်ထက် ပို၍ ချောချောမွေ့မွေ့ ရှိပေလိမ့်မည်။ အောင်မြင်မှုသည် လက်ခုပ်ထဲရှိ ရေကဲ့သို့ ဖြစ်နေပြီ ဖြစ်သော်ငြား ကြယ်ဧကရာဇ်တောင်တွင် မည်သို့သော ဝှက်ဖဲများ ထပ်ရှိနေသေးမှန်း မသိသည့် အတွက်ကြောင့် ရန်ကိုင်လည်း အေးအေးဆေးဆေး မနေရဲချေ။

“ဂိုဏ်းချုပ်၊ ဒီဘုရင်မ ပြန်နားလိုက်ဦးမယ်” ရန်ကိုင်အား နှုတ်ဆက်စကား ပြောပြီးနောက် ရီရှီယွင် ထွက်ခွာသွားခဲ့သည်။

ယခု ခန်းမထဲတွင် ရန်ကိုင်၊ ချင်းတုန်နှင့် ဖေးကျီတုတို့သာ ကျန်တော့သည်။

အကြီးအကဲချင်းနှင့် မြို့သခင်ဖေးသည် ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေကြသည်။

“ခင်ဗျားတို့ ဘာပြောချင်လို့လဲ” ရန်ကိုင်က ထိုနှစ်ယောက်အား ကြည့်၍ မေးလိုက်သည်။

“အဟမ်း…” ချင်းတုန်က အသာအယာ ချောင်းဟန့်လျက် တက်ကြွစွာဖြင့် “ရန်ကိုင်… အခုလေးတင် မင်းပြောလိုက်တာလေ၊ မဟာဧကရာဇ်က… အထက်စကြာဝဠာဂိုဏ်းမှာ ရှိနေတယ်ဆိုတာ အမှန်ပဲလား”

ချင်းတုန် ယခုထိတိုင် ထိုအကြောင်းကို မယုံနိုင်သေးချေ။

သူရန်ကိုင်ကို မယုံချင်းမဟုတ်ဘဲ ထိုသတင်းကိုက လွန်စွာကိုမှ ထိတ်လန့်ဖွယ် ကောင်းနေသည့် အတွက်ကြောင့် ဖြစ်သည်။

“အကြီးအကဲချင်း ဘယ်လိုထင်လဲ” ရန်ကိုင်က ပြန်မဖြေဘဲ မေးခွန်းကို မေးခွန်းဖြင့်သာ တုန့်ပြန်လိုက်သည်။

“ငါသိမှတော့ မင်းကို မေးမလားကွ” ချင်းတုန် မကျေမနပ် ဖြစ်သွားသည်။

“ဟားဟားဟား” ရန်ကိုင် ထရယ်တော့သည်။

ထိုစဉ် ဖေးကျီတုက ဝင်ပြောလိုက်သည် “မင်းတကယ် ပြောနေတာဆိုရင် ငါလည်း အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ချင်တယ်”

“ဖေးအိုကြီး၊ မင်း…” ချင်းတုန် ဖေးကျီတုအား အံ့ဩတကြီး ကြည့်လိုက်သည်။

“ငါက ဘာဖြစ်လို့လဲ။ ဒီလူအိုကြီးက အရိပ်လခန်းမက မြို့သခင် ရာထူးကိုပဲ ယူထားတာ။ ငါမရှိတော့လို့ အရိပ်လခန်းမက ဘာမှဖြစ်သွားတာ မဟုတ်ဘူး။ ငါသာ မဟာဧကရာဇ်ရှိတဲ့ ဂိုဏ်းထဲ ဝင်နိုင်မယ်ဆိုရင်တော့ ငါ့ဘဝအတွက် အကြီးဆုံး ဂုဏ်ကျက်သရေ ဖြစ်မှာ”

“ဒီအကြောင်းကို ထပ်မပြောတော့နဲ့ မြို့သခင်ဖေး၊ မဟုတ်ရင် အရိပ်လခန်းမ ဂိုဏ်းချုပ်သာ ဒီအကြောင်းကို သိသွားခဲ့ရင် ကျုပ်နဲ့ သူသေကိုယ်သေ တိုက်နေမှာ” ရန်ကိုင်က အလျင်အမြန် လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။

ချင်းတုန် အတွေးနက်သွားသည်ကို မြင်သော် ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။

ရန်ကိုင်သည် ကြယ်ဧကရာဇ်တောင်မှ လူများကို သူ့ဘက် ဆွဲခေါ်ချင်သော်ငြား အရိပ်လခန်းမ လူများကို လုယူချင်စိတ်တော့ မရှိချေ။

အထက်စကြာဝဠာသည် တပည့်အင်အား နည်းပါးသော ဂိုဏ်းတစ်ခု ဖြစ်ရုံမက တပည့်များ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သိပ်မမြင့်မားလှချေ။

ဂိုဏ်းထဲတွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိကြပြီး အများစုသည် တန်ခိုးရှင် ပထမအဆင့်များ ဖြစ်ကြသည်။ ရန်ကိုင်ပင်လျှင် တန်ခိုးရှင် ပထမအဆင့်တွင်သာ ရှိနေသေးသည်။

ရီရှီယွင်သည်သာ ဂိုဏ်း၏ အဓိက ထောက်တိုင် တစ်ခုလိုလို ဖြစ်နေသည်။

သို့သော်လည်း ရန်ကိုင်သာ ကြယ်ဧကရာဇ်တောင်မှ လူအားလုံးကို အထက်စကြာဝဠာဂိုဏ်းထဲသို့ ဆွဲသွင်းနိုင်မည် ဆိုပါက အထက်စကြာဝဠာဂိုဏ်းသည် တစ်ရက်တည်းဖြင့် အရိပ်ကြယ်၏ နံပါတ်တစ် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပေလိမ့်မည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးတို့ မရှိတော့ပြီ ဖြစ်သည့်အတွက် လက်ရှိတွင် ကြယ်ဧကရာဇ်တောင်သာ အထက်စကြာဝဠာဂိုဏ်း အထက်တွင် ရှိတော့သည်။ ထို့ကြောင့် ကြယ်ဧကရာဇ်တောင်၏ အရေးအခင်းကို ဖြေရှင်းပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်၏ နံပါတ်တစ် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်ပင် ရန်ကိုင်သည် မဟာဧကရာဇ်၏ တည်ရှိမှု ထုတ်ဖော်ရန် ဝန်မလေးခဲ့ခြင်းပင်။

ရန်ရှုကျိုတို့သည် အလွန်ကိုမှ အားကောင်းလေရာ သူတို့သာ အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်လိုက်သည်နှင့် အထက်စကြာဝဠာဂိုဏ်း၏ အထောက်တိုင်များ ဖြစ်လာပေလိမ့်မည်။

ရန်ရှုကျိုနှင့် အခြားသူများ အလုပ်လုပ်သည်မှာ အလွန်ကိုမှ မြန်ပေသည်။

နှစ်ရက်အတွင်း သူတို့ဘက်မှ အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း ရန်ရှုကျိုဆီမှ ရီရှီယွင် သတင်းတစ်ခု ရလိုက်သည်။

ကြယ်ဧကရာဇ်တောင်သည် ကြီးကျယ်ခမ်းနားပြီး လှပသော တောင်စဉ်ထဲ၌ တည်ရှိနေခြင်း ဖြစ်သည်။ ထိုတောင်တန်းများသည် မိုးမြေစွမ်းအင် ကြွယ်ဝပြီး တစ်နှစ်ပတ်လုံး မြူများနှင့် အုံဆိုင်းနေတတ်သည်။ အဝေးမှ လှမ်းကြည့်လိုက်ပါက ဤလောကကြီးနှင့် မသက်ဆိုင်ဟန် ထင်ရသော သုခဘုံတစ်ခုနှင့်ပင် တူပေသည်။

ဆန်းတော်ဝင်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူများ ဤနေရာအား ရွေးသည်မှာလည်း ရွေးချင်စရာပင်။

ကြယ်ဧကရာဇ်တောင် အဖွဲ့သားများသည် တောင်စဉ်တောင်တန်းတွင်းမှ ထွက်ခဲလှပြီး ပြင်ပရေးရာကိစ္စများတွင် ဝင်ရောက် ပက်သက်ခဲလှသည်။ အကုန်လုံးသည် တစ်နှစ်ပတ်လုံး သူတို့ဘာသာ တံခါးပိတ် ကျင့်ကြံနေလေ့ ရှိကြ၏။ သို့တိုင် မည်သူမှ သူတို့အား သွားမထင်မသေးရဲချေ။

သာမန် ကျင့်ကြံသူများကြား၌ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်း၊ အရိပ်လခန်းမနှင့် အခြား ပထမအဆင့် အင်အားစုကြီးများသည် အလွန် နာမည်ကျော်ကြသည်။ ထိုအင်အားစုကြီးများသည်သာ အရိပ်ကြယ်၏ ထိပ်တန်း ဖြစ်သည်။

သို့သော်လည်း ပထမအဆင့် အင်အားစု အားလုံးကမူ ကြယ်ဧကရာဇ်တောင်ကိုသာ ပထမအဆင့် အင်အားစုတစ်ခုအဖြစ် မှတ်ယူထား၏။

နှစ်ပေါင်းတစ်သောင်းအတွင်း ကြယ်ဧကရာဇ်တောင်သည် အရိပ်ကြယ်၏ အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ မည်သည့် အပြင်လူမှ ၎င်း၏ ပိုင်နက် မိုင်တစ်သောင်း ပတ်လည်အတွင်းသို့ ခြေမချရဲခဲ့ပေ။

သို့သော်လည်း ယနေ့တွင်မူ အထက်စကြာဝဠာဂိုဏ်း၏ ကြယ်သင်္ဘောသည် ကြယ်ဧကရာဇ်တောင်၏ ပိုင်နက်ထဲသို့ အထင်အရှား ကျူးကျော်ဝင်ရောက်လာခဲ့၏။

တစ်ချိန်တည်းတွင် ကြယ်ဧကရာဇ်တောင်၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိသော ကျင့်ကြံသူများသည် ကြယ်ဧကရာဇ်တောင်၏ အဓိက မြေကွက်လပ်ကြီးတွင် စုဝေးနေခဲ့ကြသည်။

တံခါးပိတ်ကျင့်ကြံနေကြသူများ၊ ကျင့်ကြံခြင်း အဆက်တုခါနီးနီး အခြေအနေ၌ ရှိနေသူများမှလွဲ၍ ကျန်လူအားလုံးသည် ဤနေရာ၌ စုဝေးနေခဲ့ကြသည်။

စုဝေးနေသည့် လူအရေအတွက်မှာ များများစားစား မဟုတ်လှပဲ နှစ်ရာခန့်လောက်သာ ရှိသည်။ သို့သော် သေချာ အနီးကပ် ကြည့်လိုက်မည် ဆိုပါက ထိုနှစ်ရာသော လူအားလုံး၏ ခွန်အားသည် အတော့်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

လူနှစ်ရာအနက် တစ်ရာ့ငါးဆယ်ကျော်လောက်သည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး အယောက်လေးဆယ်သည် တန်ခိုးရှင်တတိယအဆင့် ဖြစ်သည်။ တန်ခိုးရှင် အဆင့်သို့ မရောက်သေးသော လူအရေအတွက်မှာမူ အနည်းငယ်သာ ရှိပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၄)

အရိပ်ကြယ်ပေါ်ရှိ မည်သည့် အင်အားစုကမှ ဤမျှ တောင့်တင်းသော လူအင်အားမျိုးကို မပိုင်ဆိုင်ထားကြချေ။ သိုင်းအဆင့်နိမ့်သော ကျင့်ကြံသူများသည် အားကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားခြင်း မရှိကြသော်လည်း ထိုလူများသည် ဂိုဏ်းတိုင်း၏ အနာဂတ်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းနှင့် အခြားသော ဂိုဏ်းကြီးများတွင် အဆင့်နိမ့်တပည့် များစွာရှိနေပြီး အဆင့်မြင့် ပညာရှင်များ နည်းပါးနေရခြင်း ဖြစ်သည်။

ကြယ်ဧကရာဇ်တောင်ကမူ ဆန့်ကျင်ဘက် ဖြစ်သည်။

အကြောင်းမှာ ကြယ်ဧကရာဇ်တောင်ထဲသို့ ဝင်ရန် လိုအပ်သည့် လိုအပ်ချက်များမှာ အလွန်ကိုမှ တင်းကြပ်သည့်အတွက် ဖြစ်ပေသည်။

ကြယ်ဧကရာဇ်တောင်ထဲသို့ ဝင်ရန် အလွန်ကိုမှ ခက်လှသည်။ ကြယ်ဧကရာဇ်တောင်သို့ ဝင်နိုင်ရန်အတွက် အရည်အချင်းမှာ အလွန်ကိုမှ မြင့်မားနေရန် လိုအပ်ပြီး အသက်မှာလည်း ငယ်ရမည်။ ကြယ်ဧကရာဇ်တောင်သို့ ခေါ်လာသည့် လူအများစုသည် ဆယ်နှစ်ပင် မပြည့်တတ်သေးချေ။ ထိုအသက်အရွယ်သည် ကျင့်ကြံခြင်း ခရီးလမ်းကို စတင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ မူဝါဒများ၊ လမ်းစဉ်များကို အကောင်းဆုံး သွတ်သင်းပေးနိုင်သည့် အချိန်လည်း ဖြစ်သည်။

ကြယ်ဧကရာဇ်တောင်တွင် ကြီးပြင်းလာသည့် လူတိုင်းသည် မဟာဧကရာဇ်၏ ခစားရန်အတွက် ဟူသော လမ်းစဉ်ဖြင့် ကြီးထွားလာကြရသည်။

သို့သော်လည်း ကြယ်ဧကရာဇ်တောင်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် အရိပ်ကြယ်ပေါ်၌ အကောင်းဆုံးဟူသော ကျင့်ကြံရေးနေရာများ၊ အရင်းအမြစ်များကို ရရှိပေလိမ့်မည်။

ကြယ်ဧကရာဇ်တောင်သည် တပည့်များ၏ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များကို ဖောဖောသီသီ အသုံးပြုပေးသည်။ အပြန်အလှန်အနေဖြင့် မည်သည့် တပည့်မဆို တန်ခိုးရှင်အဆင့်အား အသက်လေးဆယ် မတိုင်ခင် ဝင်ရောက်ပေးရမည်။

အသက်လေးဆယ်ပြည့်လို့မှ တန်ခိုးရှင်အဆင့်သို့ မဝင်ရောက်နိုင်ဘူးဆိုလျှင် ကြယ်ဧကရာဇ်တောင်မှ နှင်ထုတ်ခြင်း ခံရပေလိမ့်မည်။

ထိုစည်းကမ်းစည်းကမ်းများသည် တင်းကြပ်ပြီး ရက်စက်သော်လည်း တကယ်ကိုလည်း အကျိုးသက်ရောက်မှုရှိသည်။

ထိုနည်းလမ်းအတိုင်း သွားလိုက်ရာ ကြယ်ဧကရာဇ်တောင် အဖွဲ့သာများ၏ ကျင့်ကြံခြင်းမှာ အလွန်ကိုမှ လျင်မြန်လာရပြီး ကြယ်ဧကရာဇ်တောင်တွင် တန်ခိုးရှင် အဆင့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာရတော့သည်။

အရိပ်ကြယ်၏ တက်သစ်စ ကြယ်ပွင့်များ ဖြစ်ကြသော ချူချန်ဖုန်း၊ ဖန်ထျန်းဇုန်၊ ဝေကုချန်းနှင့် အခြားသော လူငယ်မျိုးဆက် ခေါင်းဆောင်များပင် ထိုအသက်အရွယ်လောက်၌သာ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ကြသည်။ ရန်ကိုင်လည်း ထိုနည်းတူပင်။

သို့သော်လည်း ကျင့်ကြံသူတစ်ယောက်၏ ခွန်အား မြင့်မားလာသည်နှင့်အမျှ အိုမင်းနှုန်းသည်လည်း တဖြည်းဖြည်း နှေးကွေးလာခဲ့ရသဖြင့် သူတို့၏ ငယ်ရွယ်ပျိုမြစ်သော ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ကြပေသည်။

ရန်ကိုင် ကောင်းကင်စံအိမ်သို့ အသက် တစ်ဆယ့်သုံးနှစ်အရွယ်က ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယခု ပြန်ရေတွက်ကြည့်လိုက်မည် ဆိုလျှင် နှစ်(၂၀)၊ (၃၀)ခန့် ရှိနေခဲ့လေပြီ။

ရန်ကိုင်သည်လည်း တန်ခိုးရှင်ပထမအဆင့် ဖြစ်သည်။

ကြယ်ဧကရာဇ်တောင်မှ ရွေးချယ်လိုက်သော ကျင့်ကြံသူတိုင်း၏ အရည်အချင်းသည် ချူချန်ဖုန်း၊ ဖန်ထျန်းဇုန်တို့နှင့် ယှဉ်၍ရသည်ဟု ပြောသည်မှာ ချဲ့ကားပြောနေခြင်း မဟုတ်ချေ။

ထို့အပြင် ကြယ်ဧကရာဇ်တောင်သည် ဟိုးရှေးခတ်အချိန်ကတည်းက တည်ရှိလာခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းတို့ဂိုဏ်းတွင် မရေမတွက်နိုင်သော ကျင့်စဉ်များ၊ လျှို့ဝှက်နည်းစနစ်များ၊ သိုင်းပညာရပ်များ ရှိနေမည်မှာ မလွဲမသွေပင်။ ထိုပညာရှင်များကို ကျင့်ကြံထားသည့် အတွက်ကြောင့် သူတို့ဂိုဏ်းသားများသည် အဆင့်တူ ကျင့်ကြံသူများထက် တိုက်ပွဲစွမ်းရည် ပိုမို မြင့်မားနေကြရ၏။

ကြယ်ဧကရာဇ်တောင် တပည့်တစ်ယောက်သည် အသက်လေးဆယ် မပြည့်ခင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက တောင်ပေါ်မှဆင်းကာ ဘဝ အတွေ့အကြုံခရီး ရှာထွက်နိုင်ပေသည်။ ထိုအရာကို တိတ်တဆိတ်သာ လုပ်ကြ၏။

ရှေးဟောင်းယန်ဂိုဏ်း ညတွင်းချင်း ဖျက်စီးခံလိုက်ရခြင်းမှာ ဤကဲ့သို့သော အတွေ့အကြုံရှာထွက်သည့် တပည့်တစ်ယောက်ကို သတ်မိလိုက်သည့် အတွက်ကြောင့် ဖြစ်သည်။

အမျိုးမျိုးသော အကြောင်းကြောင့် ကြယ်ဧကရာဇ်တောင်၏ အဆင့်မြင့် ကျင့်ကြံသူ အရေအတွက်သည် အဆင့်နိမ့် ကျင့်ကြံသူ အရေအတွက်နှင့် ယှဉ်လျှင် အများကြီး ပိုများနေခဲ့သည်။

အဆင့်နိမ့် တပည့်များ၏ ကျင့်ကြံခြင်းမှာလည်း အမျိုးမျိုးကွဲပြာကြပြီး အကုန်လုံးသည် အတော်လေး ငယ်ကာ ရင့်ကျက်ခြင်း မရှိကြချေ။ အငယ်ဆုံးသည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ကြယ်ဧကရာဇ်တောင်ထဲသို့ ဝင်လာသည့် လူတစ်ယောက် ဖြစ်ပြီး အသက်ဆယ့်တစ်နှစ်သာ ရှိသေးသည်။ သို့သော်လည်း ထိုလူငယ်လေးသည် ချီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

ရန်ကိုင် ထိုအသက်လောက်က သိုင်းလမ်းစဉ်သို့ ခြေပင် မချရသေးချေ။

ယနေ့တွင် နှစ်ရာသော ကျင့်ကြံသူတို့သည် ကြယ်ဧကရာဇ်တောင်၏ မြေကွက်လပ်တွင် စုဝေးနေကြသည်။ လူများစွာ စုဝေးနေသော်ငြား အသံ တစ်သံပင် မထွက်၊ အကုန်လုံးသည် တစ်ခုခုအား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည့်နှယ်။

ထိုလူအုပ်ကြီးကို ရန်ရှုကျို၊ လင်းယုရောင်နှင့် ချူဟန်ရီတို့မှ ဦးဆောင်ထား၏။ စောင့်ဆိုင်းနေစဉ် အတောအတွင်း သုံးယောက်သည် ကောင်းကင်စိတ်အာရုံဖြင့် အချင်းချင်း စကားဖလှယ်နေခဲ့ကြသည်။

အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် လူအုပ်ကြီးထဲမှ တစ်ယောက်က မေးလိုက်သည် “အစ်ကိုရန်၊ ဂိုဏ်းချုပ်မှာ အရေးကြီးတာတစ်ခုခု ကြေညာစရာ ရှိတယ်ဆို၊ ဒီလောက် စောင့်နေပြီးတာတောင် ဂိုဏ်းချုပ် အရိပ်အယောင်ကို ဘာလို့ အခုထိ မတွေ့ရသေးတာလဲ။ လှိုင်းဖြာပညာရပ်ကို ကျွမ်းကျင်သွားအောင်လို့ ဒီလူအိုကြီး သွားပြန်ကျင့်ကြံဖို့ လိုသေးတယ်။ ကျုပ်မှာ အချိန်သိပ်မရှိဘူး”

“ဟုတ်တယ် အစ်ကိုရန်၊ ဂိုဏ်းချုပ်မှာ ကြေညာစရာ ရှိတယ်လို့ အစ်ကိုရန် ပြောလို့ ကျွန်မလည်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တာ။ ဒီအဘွာကြီးရဲ့ နဂါးဖြူဆေးလုံးက နောက်ဆုံး သန့်စင်တဲ့ အဆင့်ကို ရောက်နေပြီ။ တစ်ခုခု ဖြစ်သွားခဲ့ရင် အစ်ကိုရန် ပြန်လျော်ပေးမှာလား” နောက်ထပ် အဘွားကြီး တစ်ဦးက စိတ်မရှည်ဟန်ဖြင့် လှမ်းအော်ပြောလိုက်သည်။

ထိုနှစ်ယောက် စပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်လူများသည်လည်း တစ်ယောက်တစ်ပေါက် အော်ဟစ်ကြကုန်လေသည်။

အများစုသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေကြခြင်း ဖြစ်ကာ ပုံမှန်အားဖြင့် အပြင်ထွက်လာလေ့ မရှိချေ။ ပုံမှန်အားဖြင့် ထိုလူများအားလုံးကို ဤကဲ့သို့ စုစုစည်းစည်း မြင်တွေ့ရရန်မှာ အလွန်ကိုမှ ခဲယဉ်းပေသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ရန်ရှုကျို၊ လင်းယုရောင်နှင့် ချူဟန်းရီတို့သည် ဂိုဏ်းချုပ်မှ ကြေညာစရာ တစ်ခုခုရှိသည်ဟု ပြောလျက် အားလုံးအား စုဝေးစေခဲ့သည်။

သူတို့ သုံးယောက်သည် လက်ရှိ ခေါင်းဆောင်၏ မျက်နှာသာပေးခြင်း မခံရသော်ငြား ယခင်က ဂုဏ်အရှိန်အဝါ ကြီးမားခဲ့သော လူများ ဖြစ်သည်နှင့်အညီ သူတို့ သုံးယောက်၏ စကားကို ကြားပြီးနောက် တစ်ယောက်ပြီး တစ်ယောက် တံခါးပိတ်ကျင့်စဉ် ဝင်နေရာမှ ထွက်လာခဲ့ကြသည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ဂိုဏ်းချုပ်၏ အရိပ်အယောင်ကို တစ်ချက်ကလေးပင် မတွေ့ရသည့်အတွက် အကုန်လုံး ယခုကဲ့သို့ စိတ်မရှည် ဖြစ်လာပြီး စောဒကတက်သည်မှာ အထူးအဆန်းတော့ မဟုတ်။

“အကုန်လုံး စိတ်ငြိမ်ငြိမ်ထားပြီး နည်းနည်းလောက် ဆင့်စောင့်ပေးကြပါ” လူအုပ်ကြီး စတင် အော်ဟစ်လာသည်ကို မြင်သော် ရှန်ရှုကျိုက အော်ပြောလိုက်၏။ ထို့နောက် မျက်ခုံးပင့်လျက် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သော်လည်း သူစောင့်မျှော်လင့်နေသည့် အရာကို မတွေ့ခဲ့ရပေ။

“ငါတို့ ဘယ်အချိန်အထိ စောင့်နေရမှာလဲ” အဘွားကြီးက စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်ပြီး အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့ရင်း မြေကြီးအား သူမ၏ တုတ်ကောက်ဖြင့် ခေါက်လျက် “ဒီအဘွာကြီး ပြောလိုက်မယ်။ နောက်ထပ် အမွှေးတိုင် တစ်ချောင်းစာ ကြာလို့မှ ဂိုဏ်းချုပ် မရောက်လာဘူးဆိုရင် အစ်ကိုရန် မျက်နှာသာ မပေးဘူးလို့ လာမပြောတော့နဲ့”

“ဟုတ်တယ်” တစ်ယောက်ယောက်ကလည်း ဝင်ပြောလိုက်သည်။ ထို့နောက် သင်္ကာမကင်း ဖြစ်နေသည့် လေသံဖြင့် “အစ်ကိုရန်၊ ဂိုဏ်းချုပ်နဲ့ ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားတာလဲ။ ပုံမှန်အားဖြင့် အခုလို ကြေညာချက်မျိုးကို အကြီးအကဲပိုင်ပဲ လုပ်တာ မဟုတ်ဘူးလား”

ဂိုဏ်းချုပ်နှင့် ရန်ရှုကျိုတို့ မျက်နှာကြော မတည့်သည်ကို သူသေချာ မှတ်မိပေသည်။

“ရန်ရှုကျို မင်းသတ္တိက မသေးပါလား” အဝေးတစ်နေရာဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအော်ဟစ်သံနှင့်အတူ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူအုပ်ကြီးရှေ့သို့ ဆင်းသက်လာခဲ့၏။ အနီရောင် အလင်းတန်း ပျောက်ကွယ်သွားသည့် နောက်တွင် လူသုံးယောက် ပေါ်လာခဲ့လေသည်။

“ပိုင်ရှီ” ရန်ရှုကျို မျက်လုံးမှေးစဉ်းသွားပြီး ထိုအဖွဲ့ခေါင်းဆောင်အား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ ကြောက်ရွံ့သည့် အရိပ်အယောင် အချို့လည်း ဖြတ်ပြေးသွားခဲ့၏။

ထိုမီးခိုရောင်ဆံပင်၊ အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ ထိုလူအိုကြီးသည် ရန်ရှုကျိုကဲ့သို့ပင် တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။

ရန်ကိုင်သာ ထိုလူအိုကြီးမြင်လျှင် ကျိန်းသေ မှတ်မိပေလိမ့်မည်။

ထိုလူအိုကြီးသည် ကျဆုံးဧကရာဇ်တောင်တွင် သူ့အား သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးဖြင့် တိုက်ခိုက်ခဲ့သည့် လူအိုကြီး ဖြစ်ပေသည်။

“အကြီးအကဲပိုင်” ထိုလူအိုကြီး ပေါ်လာသည်ကို မြင်သော် လူအုပ်ထဲရှိ လူများစွာ ဦးညွှတ်အလေးပြုလိုက်ကြသည်။

ပိုင်ရှီဿည် ကြယ်ဧကရာဇ်တောင်၏ အကြီးအကဲချုပ် ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများသည် သူနှင့် ကျင့်ကြံခြင်းအဆင့် တူလျှင်ပင် သူ့အား လေးစားသမှု ပြုရသည်မှာ သဘာဝသာ ဖြစ်သည်။

ထို့အပြင် ပိုင်ရှီသည် ဂိုဏ်းချုပ်၏ လက်ထောက်တစ်ယောက် ဖြစ်နေသဖြင့် သူ့အား မြင်သည်နှင့် အလေးပြုရခြင်း ဖြစ်သည်။

သို့သော်လည်း ပိုင်ရှီ၏ ဒေါသထွက်နေသော အမူအရာကြောင့် အကုန်လုံး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ကြလေသည်။ ပိုင်ရှီ ဘာကြောင့် ဒေါသထွက်နေရသနည်း။

“ရန်ရှုကျို၊ လနည်းနည်းလောက် မမြင်လိုက်ရတာနဲ့ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို အတုလုပ်ရဲလောက်တဲ့အထိ မင်းရဲတင်းလာတယ်ပေါ့။ ငါ့ကို ပြောစမ်းပါဦး၊ မင်းဘာတွေ ကြံစည်နေတာလဲ” ပိုင်ရှီသည် ရန်ရှုကျိုအား ဒေါသတကြီး စိုက်ကြည့်ရင်း အော်မေးလိုက်သည်။

“ဘာ၊ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို အတုလုပ်တယ် ဟုတ်လား” လူအုပ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော လူများစွာတို့သည် ထိတ်လန့်တုန်လှုပ်နေသည့်၊ မယုံသင်္ကာ ဖြစ်နေသည့် အကြည့်များဖြင့် ရန်ရှုကျိုနှင့် ကျန်နှစ်ယောက်ကို ကြည့်လိုက်ကြ၏။

ဤကဲ့သို့ အဖြစ်အပျက်မျိုး ကြယ်ဧကရာဇ်တောင်တွင် တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ ကြယ်ဧကရာဇ်တောင်တွင် လူအရေအတွက် နည်းသလို အကုန်လုံးကလည်း သွေးရင် ညီအစ်ကိုမောင်နှမများကဲ့သို့ ချစ်ခင်ရင်းနှီးကြသဖြင့် အချင်းချင်း ရန်ဖြစ်ကြလျှင်ပင် တကယ့် လူသတ်ပွဲတော့ တစ်ခါမှ မဖြစ်ခဲ့ကြပေ။

ရန်ရှုကျိုသည် ဘာကြောင့် စွန့်စားပြီး ဂိုဏ်းချုပ်၏ အမိန့်ကို အတုလုပ်ရသနည်း။ သူဘာကိုများ ကြံစည်နေသနည်း။

ပိုင်ရှီသည် ဂိုဏ်းချုပ်နှင့် အလွန်နီးကပ်သူ တစ်ယောက် ဖြစ်လေရာ သူက ထိုကဲ့သို့ ပြောလာမှဖြင့် ထိုကဲ့သို့ ကျိန်းသေ ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ငါဂိုဏ်းချုပ်ရဲ့ အမိန့်ကို အတုလုပ်တယ်လို့ မင်းယုံကြည့်နေတယ်ပေါ့” ရန်ရှုကျိုက ပိုင်ရှီအား ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုသည့် လေသံဖြင့် “ဂိုဏ်းချုပ် အမိန့်ကို အတုလုပ်ရလောက်တဲ့အထိ ငါမရဲတင်းသေးဘူး။ ကြယ်ဧကရာဇှ်တောင်က လူတွေအကုန်လုံး ဂိုဏ်းချုပ်ကို ခေါင်းဆောင်အဖြစ် လေးစားကြတာ၊ ဂိုဏ်းချုပ်အမိန့်ကို အတုလုပ်ရင် ဘယ်လို ပြစ်ဒဏ်မျိုးကို ရင်ဆိုင်ရမလဲ ဆိုတာကို ငါကောင်းကောင်းသိတယ်”

“ကောင်းတယ်” ပိုင်ရှီက လှောင်ပြုံးပြုံးလိုက်ပြီး “လွန်ခဲ့တဲ့ လက်ဖက်ရည် တစ်ခွက်စာလောက်ပဲ ငါဂိုဏ်းချုပ်နဲ့ တွေ့လာခဲ့တာ။ တွေ့ပြီးပြီးချင်းကို ဒီနေရာဆီ တန်းလာခဲ့တာ။ ဂိုဏ်းချုပ်သာ တစ်ခုခု ညွှန်ကြားချင်တယ်ဆိုရင် ငါဘာလို့ မသိဘဲ နေရမှာလဲ”

“ဘာလို့လဲဆိုတော့ နင်သိစရာ မလိုလိုပေါ့” ရန်ရှုကျို ပြန်မဖြေခင် သိမ့်မွေ့ပြီး ပြတ်သားသော လေသံတစ်သံက ပြန်ဖြေလိုက်သည်။

ချက်ချင်းဆိုသလို မြင့်မြတ်ကျော့ရှင်းသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လေထဲမှ ထူးထူးဆန်းဆန်း ထွက်ပေါ်လာပြီး ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် အောက်ဘက်သို့ စိုက်ကြည့်လိုက်လေသည်။

ပိုင်ရှီလည်း နောက်သို့ ပြန်လှည့်ကြည့်မိလိုက်သည်။ သို့သော် စကား ပြောလိုက်သူကို မြင်သည့်နောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ခြောက်ကပ်ကပ် လေသံဖြင့် “ဂိုဏ်းချုပ်ရီ”

“စီနီယာအစ်မ”

“စီနီယာအစ်မပဲ။ မဖြစ်နိုင်ဘူး။ စီနီယာအစ်မ သေသွားပြီ မဟုတ်ဘူးလား။ ငါများ အသက်ကြီးလာလို့ အယောင်ယောင် အဝါးဝါးတွေ ဖြစ်နေတာလား”

“စီနီယာအစ်မရီလား၊ တကယ်ကြီးလား စီနီယာအစ်မရီ” ရန်ရှုကျိုနှင့် အစောပိုင်းက ရန်ဖြစ်နေသော အဘွားကြီးသည် တုန်တုန်ရီရီဖြင့် ရီရှီယွင်အား အံ့ဩတကြီး လှမ်းအော်ခေါ်လိုက်သည်။

ရီရှီယွင်က ထိုအဘွားကြီးဘက်သို့ လှည့်၍ ပြုံးကာ “မတွေ့ရတာ နှစ်တစ်ရာလောက် ရှိသွားတော့ ဂျူနီယာညီမလန်တောင် အတော်လေး ရင့်ကျက်လာခဲ့တာပဲ”

ရှုရှင်းလန် ထိတ်လန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် မျက်ရည်စများသည် သူမ၏ မျက်ခမ်းထက်မှ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီး ပျော်ရွှင်စွာ အော်ဟစ် ရယ်မောလျက် “စီနီယာအစ်မရီက ပိုပြိးတော့တောင် လှပကျော့ရှင်းလာသေးတယ်။ ဒီဘဝမှာ စီနီယာအစ်မရီကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး”

“အခုလို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါပဲ ဂျူနီယာညီမလေးလန်။ အချို့ ကောက်ကျစ်တဲ့ လူအချို့ကြောင့် စီနီယာအစ်မရီ လွန်ခဲ့တဲ့ နှစ်တစ်ရာလုံးလုံး တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့ရတာ” ရီရှီယွင်က အသာအယာ ပြောလိုက်သည်။

“တစ်ယောက်ယောက်က စီနီယာအစ်မရီကို အကောက်ကြံရဲတယ်လား။ ဘယ်သူ လုပ်ရဲတာလဲ” ရှုရှင်းလန်၏ အမူအရာ ရုတ်ကြမ်း ကြမ်းကြုတ်သွားခဲ့၏. ထို့နောက် တစ်ခုခုကို တွေးမိသွားသည့်အလား မှုန်ကုတ်ကုတ် အမူအရာဖြင့် “ဖြစ်နိုင်တာက…”

“ဟုတ်တယ်” ရီရှီယွင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒီဘုရင်မက ဒီနေ့ ပြန်လာတာ အဲ့အကြွေးတွေကို ရှင်းဖို့ရယ်၊ ဂိုဏ်းကို ရှင်းလင်းဖို့ရယ်”

“ကောင်းတယ်” ရှုရှင်းလန်က အံကြိတ်၍ အော်ပြောလိုက်သည် “ဂျူနီယာ ညီမပါ ကူညီပေးမယ်။ ဂျူနီယာညီမ သေရမယ် ဆိုရင်တောင် အဲ့တိရစ္ဆာန်ကောင်ကို အလွတ်မပေးဘူး”

ထိုနှစ်ယောက် ပြောသည်ကို ကြားပြီးနောက် စုဝေးနေသည့် လူနှစ်ရာ ဖြစ်ပျက်သည့် အကြောင်းအရင်းကို နားလည်သွားခဲ့ကြလေသည်။

လက်ရှိ ဤနေရာ၌ စုဝေးနေကြသည့် လူများအစုသည် တစ်နှစ်ပတ်လုံးလိုလို တံခါးပိတ်ကျင့်စဉ် ဝင်နေကြသဖြင့် အပြင်ဘက်တွင် ရီရှီယွင် ပြန်ပေါ်လာသည့် အကြောင်း၊ နဂါးလိုဏ်ဂူတိုက်ပွဲတွင် ပါဝင်ခဲ့သည့်အကြောင်း၊ အထက်စကြာဝဠာဂိုဏ် ထဲသို့ ဝင်ပြီး အကြီးအကဲချုပ် ဖြစ်လာသည့် အကြောင်းများကို မသိသော်လည်း သူမ ပြောလိုက်သည့် စကားအချို့ကြောင့် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို နားလည်သွားခဲ့ကြသည်။

အသေးစိတ်ကို မသိလျှင်ပင် အကြမ်းဖျင်းတော့ နားလည်သွားလေပြီ။

ဂိုဏ်းချုပ်ကို အကောက်ကြံ၊ ဂိုဏ်းမှနှင်ထုတ်၊ ဂိုဏ်းချုပ်ရာထူးကို ဝင်ရောက်ဆက်ခံ၊ ဂိုဏ်းအား ပုန်ကန်ခြင်း၊ စသော ပြစ်မှုများသည် မည်သို့မှ ခွင့်လွှတ်၍ မရသည့် ပြစ်မှုများ ဖြစ်ကြသည်။

ထို့အပြင် လူနှစ်ရာထဲ၌ တော်တော်များများကို ရန်ရှုကျိုမှ ကြိုတင် အသိပေးထားသဖြင့် ယနေ ပွဲကြီးပွဲကောင်းတစ်ခုကို ကြုံတွေ့ရမည်မှန်း ကြိုတင် သိထားကြသည်။ ယခု ရီရှီယွင် ပြန်လာသည့်အခါ ဖြစ်လေရာ ထိုလူများ အလွန်ကိုမှ ပျော်သွားခဲ့ကြလေသည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်အခါက ရီရှီယွင်သည် အရိပ်ကြယ်၏ အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ ယခု နှစ်တစ်ရာ ကြာသွားပြီးနောက်တွင် သူမ၏ ခွန်အားသည် ပိုပြီး မြင့်မားလာလောက်၏။ ထို့သို့ဆိုလျှင် မည်သူကများ ဂိုဏ်းချုပ်ရာထူးနှင့် ပိုထိုက်တန်မည်နည်း။

ရန်ရှုကျိုနှင့် အခြား တန်ခိုးရှင်တတိယအဆင့် ပညာရှင်များပင်လျှင် ရီရှီယွင်ထက် အသက်ရော၊ ခွန်အားပိုင်းတွင်ပါ နိမ့်ကျကြပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၅)

လေးထောင့်ကွက်လပ် နေရာတွင် ရီရှီယွင်သည် လေထဲတွင်ရပ်လျက် အောက်ဘက်ရှိ ကြယ်ဧကရာဇ်တောင်ဂိုဏ်းသား နှစ်ရာကျော်ကို ငုံ့ကြည့်နေခဲ့၏။

ရန်ရှုကျိုနှင့် ကျန်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အလျင်အမြန် ဦးညွှတ်လျက် အော်ပြောလိုက်သည် “လက်အောက်ငယ်သားတို့ ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်”

“လက်အောက်ငယ်သားတို့ ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်” ရန်ရှုကျိုနှင့် ကြိုတင် တိုင်ပင်ထားသည့် လူများကလည်း သူတို့ကဲ့သို့ လိုက်လုပ်ကြ၏။

ဘာမှမသိသေးသော လူများကလည်း အခြေအနေကို နားလည်သည့် အလျောက် သူတို့အတိုင်း လိုက်လုပ်လိုက်ကြသည်။

ဤနေရာတွင် စုဝေးနေသည့် လူအများစုသည် ကြားနေဝါဒီသမားများ ဖြစ်ကြသည်။ သူတို့သည် ရီရှီယွင်ကို ထောက်ခံသလို လက်ရှိ ဂိုဏ်းချုပ်ကိုလည်း ထောက်ခံသည်။ မည်သူမှသာလျှင် ဂိုဏ်းချုပ် ဖြစ်ရမည်ဟူသော အယူအဆမျိုး သူတို့တွင် မရှိချေ။

ပိုင်ရှီ ဦးဆောင်လာသည့် သုံးယောက်မှာမူ ထိတ်လန့်တုန်လှုပ်နေခဲ့လေပြီ. သူတို့ မျက်နှာများသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် နီရာမှပင် ပြာလာခဲ့၏။

“ပိုင်ရှီ” ရန်ရှုကျိုက အော်ပြောလိုက်သည် “ဂိုဏ်းချုပ် မင်းရှ့မှာ ရပ်နေတာကို ဘာလို့ ဦးမညွှတ်သေးတာလဲ”

“သူက ဂိုဏ်းချုပ်မှ မဟုတ်တာ။ ဂိုဏ်းချုပ်က အခြားတစ်ယောက် ဖြစ်နေပြီ။ ငါဘာလို့ သူ့ကို ဦးညွှတ်ရမှာလဲ” ပိုင်ရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မြေခွေးအိုကြီး ဖြစ်သည်နှင်အညီ အခြေအနေသည် သူ့အတွက် မျှော်လင့်ချက် မရှိတော့မှန်း နားလည်သည်။ သို့သော်လည်း နှစ်တစ်ရာကြာအောင် ကြိုးစားလာသည့်တိုင်တိုင် လက်ရှိ ဂိုဏ်းချုပ်သည် လူထု၏ အပြည့်အဝ ထောက်ခံမှုကို မရရှိသေးချေ။ အပြန်အလှန် အနေဖြင့် ရီရှီယွင်သည် ပြန်ပေါ်လာလာခြင်းသာ ဖြစ်သော်ငြား လက်ရှိ ဂိုဏ်းချုပ် တည်ထောက်ထားရသည့် အခြေခံ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရသည်။

လောလောဆယ်တွင် လက်ရှိ ဂိုဏ်းချုပ်၏ အဆင့်အတန်းသည် အတော့်ကိုမှပင် ရယ်စရာကောင်းနေခဲ့သည်။

ရီရှီယွင်ကဲ့သို့ မြင့်မြတ်ပြီး ရိုးသားဖြောင့်မတ်သည့် လူတစ်ယောက်အတွက် လူအများ၏ လေးစားခံရသည်မှာ အထူးအဆန်းမဟုတ်သလို ဂိုဏ်းချုပ်ရာထူးအား ဥာဏ်နီဥာဏ်နက်သုံး၍ ရယူထားသည့် လက်ရှိ ဂိုဏ်းချုပ်အဖို့ လူထု၏ အပြည့်အဝ ထောက်ခံခြင်း မရရှိသည်မှာလည်း အထူးအဆန်း မဟုတ်ချေ။

သူသာ ယခုနေ လက်လျှော့လိုက်လျှင် သူ့အား မည်သည့် အကူအညီမှ ဖြစ်စေလိမ့်မည် မဟုတ်မှန်း ပိုင်ရှီ သိသည်။ ရီရှီယွင် လက်ရှိ ဂိုဏ်းချုပ်နှင့် စာရင်း ရှင်းပြီးနောက်တွင် နောက်ထပ် အသတ်ခံရမည့်လူသည် သူဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လက်မလျှော့ဘဲ ငြင်းဆန်နေခြင်း ဖြစ်သည်။

“ရိုင်းလိုက်တာ” ရန်ရှုကျိုက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပိုင်ရှီအား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

လင်းယုရောင်နှင့် ချူဟန်ရီတို့လည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြ၏။ လှုပ်ရှားမှု ပညာရပ် အသီးသီးကိုသုံး၍ ပိုင်ရှီ၏ ဘယ်နှင့်ညာတွင် ပြန်ပေါ်လာကာ သူ၏ လွတ်လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်လေသည်။

“ပိုင်ရှီ၊ ဂိုဏ်းသား အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သတ်ခွင့် မရှိဘူးလို့ ဘိုးဘေးတွေက ပြောထားလို့ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ညီအစ်ကို သံယောဇဉ်ကို ထောက်ထားပြီး ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိက်မယ်။ မင်းကျင့်ကြံခြင်းကို ဖျက်စီးပြီး ကိုယ့်ကိုယ်ကို သက်သေလိုက်” ရန်ရှုကျိုက ပိုင်ရှီအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

“ဒီပိုင်ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးချင်တယ် ဟုတ်လား” ပိုင်ရှီက ရယ်မောလျက် “ရန်ရှုကျို၊ မင်းအိပ်နေရင်း ယောင်ရမ်းနေတာတော့ မဟုတ်ပါဘူးနော်။ ငါတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သတ်လို့ မရဘူးလို့ ဘိုးဘေးတွေက ပြောထားတာကို မင်းဘယ်လို ငါ့ကို သတ်ချင်လဲ ငါကြည့်ဦးမယ်”

မမျှော်လင့်စွာပင် ပိုင်ရှီသည် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ရှုကျို မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဂိုဏ်းသား အချင်းချင်း တိုက်ခိုက်ရာတွင် ဝင်မပါဘူးဟု ပြောခဲ့ခြင်းမှာ ဘိုးဘေးများ ချမှတ်ထားခဲ့စည် စည်းမျဉ်းများကြောင့် ဖြစ်ပေသည်။ ယခု ပိုင်ရှီသည် ထိုစည်းမျဉ်းများကို အရှက်မရှိ အခွင့်ကောင်း ယူလာသဖြင့် ရန်ရှုကျို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

“ကြယ်ဧကရာဇ်တောင်က တပည့်တွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သတ်လို့မရတာ မှန်တယ်။ ဒါပေမယ့် ဒီဘုရင်မက အခု အထက် စကြာဝဠာဂိုဏ်းရဲ့ အကြီးအကဲချုပ် ဖြစ်နေပြီ။ ဒါကြောင့် ဒီဘုရင်မ နင့်ကို သတ်ရင် ဘာမှ မဖြစ်ဘူးမလား” ရီရှီယွင်က နှာခေါင်းရှုံ့လျက် သူမလက်အား ပိုင်ရှီပေါ်သို့ အသာအယာ ဖိချလိုက်သည်။

သူမဘက်မှ အသာအယာလေး ဖိချလိုက်ခြင်းသာ ဖြစ်သော်လည်း ပိုင်ရှီမှာမူ အထိတ်ထိတ် အလန့်လန့် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လာလျှင် သူ့ဆီမှ သူတော်စင်ချီနှင့် ရှီစွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး လက်နှစ်ဖက်ကို ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်လေသည်။

ခရက်…

ပိုင်ရှီ၏ ဝိဥာဉ် အတွင်းပိုင်းမှ တိုးလျသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ပိုင်ရှီ တစ်ကိုယ်လုံး တုန်ရီလာပြီး ဒယီးဒယိုင် ဖြစ်သွားကာ သွေးတစ်ပွက် အန်လိုက်ရလေသည်။ ထို့နောက် ရီရှီယွင်အား မယုံကြည်နိုင်စွာ ကြည့်လျက် “ခင်ဗျားရဲ့ရှီက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီးပြီလား”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး မျက်လုံးပြူးသွားပြီး ရီရှီယွင်အား အလန့်တကြား လှမ်းကြည့်လိုက်ကြလေသည်။

ကျင့်ကြံသူတစ်ယောက် တန်ခိုးရှင်အဆင့်သို့ ရောက်သွားသည့် အခါမှပဲ ရှီအား စတင် နားလည်ဆင်ခြင်နိုင်ပြီး ရှီအား နားလည်မှုသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်သွားမှသာလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အရည်အချင်း ပြည့်မှီသည်ဟု ပြော၍ရသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် ရှီအား နားလည်မှုသည် ပြီးပြည့်စံခြင်း အဆင့်သို့ ရောက်ထားရပေလိမ့်မည်။ မဟုတ်လျှင် မည်မျှပင် ကျင့်ကြံနေစေကာမူ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် ပညာရှင်များသည် မိုးတွင်းတွင် ပေါက်သည့်မှိုနှယ် ပေါများလှသည်။ လက်ရှိ ဤမြေကွက်လပ်ကြီးတွင်ပင် တန်ခိုးရှင် အဆင့် အယောက် တစ်ရာငါးဆယ်ကျော် ရှိနေခဲ့သည်။ သို့သော်လည်း လက်ရှိ ဤနေရာ၌ ရှိနေသည့် လူထဲ၌ မည်သူမှ ရှီအား ပြီးပြည့်စုံခြင်း အဆင့်ထိသို့ ရောက်အောင် မကျင့်ကြံနိုင်ကြသေးချေ။

ထိုအဆင့်သည် သူတို့ မရောက်နိုင်သည့် အဆင့်ဖြစ်သည်။

သို့သော်လည်း ယခုမူ ရှီအား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေသည့် လူတစ်ယောက်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ဖူးသွားခဲ့လေပြီ။

ရီရှီယွင်၏ တိုက်ခိုက်မှုသည် တိတ်ဆိတ်ပြီး မမြင်နိုင်သော်လည်း သူမ၏ ရှီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းမှာမူ သိသာလှသည်။ သူမ၏ ရှီစွမ်းအားသည် ပိုင်ရှီၑ အကာအကွယ်ကို တိုက်ရိုက် ချိုးဖျက်ပြီး သူ့အား ဒဏ်ရာရစေခဲ့သည်ကို အကုန်လုံး အသေအချာ ခံစားမိလိုက်သည်။

တန်ခိုးရှင်တတိယအဆင့်များသာ ဖြစ်သော်လည်း ရီရှီယွင်နှင့် ပိုင်ရှီကြား ခွန်အား ကွာခြားချက်သည် ကြီးမားလွန်းလှသည်။

သို့သော်လည်း ရီရှီယွင်၏ ရှီသည် သူတို့ ကျင့်ကြံထားသည့် ရှီနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ရှုကျိုနှင့် အခြားသူများ ခံစားမိလိုက်သည်။

“အရူးကောင်၊ ဒီဘုရင် ရှီကို သုံးနေတယ်လို့ နင့်ကို ဘယ်သူပြောလဲ” ရီရှီယွင်က နှာခေါင်းရှုံ့လိုက်သည်။ တစ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်တော့ဘဲ လှောင်ပြောင်လိုဟန်ဖြင့်သာ ပိုင်ရှီအား စိုက်ကြည့်နေလိုက်သည်။

“ရှီမဟုတ်ဘူးလား၊ မဟုတ်ရင်…” ပိုင်ရှီ အနည်းငယ် ခေါင်းစားသွား၏။ သို့သော် ရုတ်တရက် တစ်ခုခုကို တွေးမိသွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး သွေး မရှိတော့သည့်နှယ် ဖြူလျော်သွားလျက် ရီရှီယွင်အား ကြောက်လန့်တကြား ကြည့်ရင်း “ဖြစ်နိုင်တာက ခင်ဗျား…”

“နယ်ပယ်လား” ရန်ရှုကျိုလည်း သက်ပြင်းရှိုက်လိုက်သည်။ သူ့မျက်ဝန်းထဲ ထိတ်လန့်မှုတို့ ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့သည်။

ရီရှီယွင်၏ ရှီသည် သူတို့ ကျင့်ကြံထားသည့် ရှီနှင့် ဘာကြောင့် ကွဲပြားမှန်းကို ယခုမှပဲ သူနားလည်သွားတော့သည်။

ရှေးဟောင်းသမိုင်းကြောင်းထဲတွင် ရေးသားထားသည့် လျှို့ဝှက်ချက်အချို့ကို သူပြန်စဉ်းစားမိလိုက်သည်။

ရှီအား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်မည်ဆိုပါက နယ်ပယ်တစ်ခု၏ ဆန်းကြယ်မှုများအား နားလည်ဆင်ခြင်နိုင်လိမ့်မည်ဟု ဆိုထား၏။ ထိုနယ်ပယ်ဆိုသော စွမ်းအားသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသာ နားလည်နိုင်သည့်အရာ ဖြစ်ပြီး ရှီထက် အဆများစွာ ပိုအားကောင်းပေသည်။

နယ်ပယ်…

ထိုအဆင့်သည် အရိပ်ကြယ်၏ ကျင့်ကြံသူများ ဘယ်သောအခါမှ မရောက်ရှိနိုင်သည့် အဆင့်တစ်ခု ဖြစ်သည်။

သူတို့၏ ဂိုဏ်းချုပ် ထိုအဆင့်သို့ ရောက်နေခြင်းများလား။ သို့သော် သေချာ ပြန်ကြည့်လိုက်ပြန်လျှင်လည်း ရီရှီယွင်သည် တန်ခိုးရှင် တတိယအဆင့်သာ ရှိသေးသည်။ ထိုသို့ဆိုလျှင် ဘာကြောင့်နည်း။ ရှင်းပြချက်တစ်ခုသာ ရှိတော့၏။

ရီရှီယွင်သည် တန်ခိုးရှင်အဆင့်၏ အကန့်အသတ်ကို ရောက်သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ လောလောဆယ်၌ သူမတွင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ရန် အရည်အချင်း ရှိသွားခဲ့လေပြီ။ သို့သော်ငြား အရိပ်ကြယ်၏ ဖိနှိပ်မှုကြောင့် မချိုးဖျက်နိုင်ဘဲ ဖြစ်နေရသည်။

သူတို့သည် လူသူအရောက်အပေါက် ကင်းမဲ့သော အရိပ်ကြယ်ပေါ်တွင် နေနေရသော်လည်း ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ အလွန်ရှားမှန်း ရန်ရှုကျို ပြောနိုင်သည်။ တန်ခိုးရှင်အဆင့်၏ အကန့်အသတ်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်သည်ကို ကြည့်ရင် သူတို့၏ ဂိုဏ်းချုပ် မည်မျှ ပါရမီရှိကြောင်း ဖော်ပြနေသည်။ သူမ နေရာမှားပြီး မွေးဖွားလာခဲ့ခြင်းသာ။ အရိပ်ကြယ်သည် သူမ၏ တောင်ပံများကို ဖြန့်ကျက်ပြီး အထက်ကောင်းကင်ယံသို့ မပျံနိုင်အောင် တားဆီးထားသည့် လှောင်အိမ်တစ်ခု ဖြစ်ပေသည်။

“ဂိုဏ်းချုပ်ဟောင်း ဆိုတဲ့အတိုင်းပါပဲလား။ ဒီပိုင် တကယ်ကို အထင်ကြီးမိသွားပြီ’ ပိုင်ရှီက လက်သီးတင်းတင်းဆုပ် အံတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်သည် “အဲ့တော့ ဘာဖြစ်လဲ။ ဒီပိုင်ရဲ့ ခွန်အားက ခင်ဗျားထက် နိမ့်ကျချင် နိမ့်ကျမယ်။ ဒါပေမယ့် ဒီပိုင်ကို အလွယ်တကူ သတ်လို့ရမယ် မထင်နဲ့။ ကျုပ်ကို သတ်ချင်ရင် ခင်ဗျားလည်း တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် သူ့လက်ထဲ အလုံးလေးတစ်လုံး ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသို ပတ်ဝန်းကျင်တစ်ခုလုံး ဧကရာဇ်ဖိအားဖြင့် ပြည့်သွားခဲ့၏။

ထိုအလုံးလေးကို မြင်လိုက်သည့်အခိုက် အကုန်လုံး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။

“သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး” ရီရှီယွင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “နင်ဒါကို အားကိုးချင်နေတာလား”

“အားကိုးချင်တော့ ဘာဖြစ်လဲ” ပိုင်ရှီက ရယ်မောလျက် “ဂိုဏ်းချုပ်ဟောင်း ဘယ်လောက် အားကောင်းမှန်း ဒီပိုင်သိတယ်။ ဒါပေမယ့် ဧကရာဇ်မှော်ရတနာနဲ့ စွမ်းအားကို ဂိုဏ်းချုပ်ဟောင်း တားနိုင်မှာ မို့လို့လား။ ဒီပိုင် ဒီနေ့ သေရမယ်ဆိုရင်တောင် ခင်ဗျားကိုပါ အတူ ဆွဲခေါ်သွားမှာ။ အခု ဘာလို့ အေးအေးဆေးဆေး ထိုင်ပြီး ဒီပြဿနာကို မဖြေရှင်းချင်ရတာလဲ”

“ဘာလို့ ဖြေရှင်းရမှာလဲ”

ထူးမခြားနားသံ တစ်သံသည် မလှမ်းမကမ်းနေရာမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် အတော်လေးကို ထူးဆန်းလှပြီး မြေကွပ်လပ်တွင် စုဝေးနေသည့် လူတော်တော်များများ ထိုအသံကို တစ်ခါမှ မကြားဖူးကြချေ။ အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သည့်အခါ မနှေးမမြန်ဖြင့် သူတို့ဆီသို့ လမ်းလျှောက်လာနေသော လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

“ရန်ကိုင်” ပိုင်ရှီ မျက်လုံးမှေးစဉ်းသွားပြီး အော်ဟစ်လိုက်သည်။

ကြယ်ဧကရာဇ်တောင်မှ ကျင့်ကြံသူများစွာတို့၏ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားကြကုန်လေသည်။

ရန်ကိုင် မည်သူမှ သူတို့ မသိကြ။ တကယ်တော့ ရီရှီယွင် ပြန်ပေါ်လာသည့် အကြောင်းပင် မသိထားကြသူများ ဖြစ်လေရာ ရန်ကိုင်ကို မသိသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ချေ။

တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော်လည်း ကြယ်ဧကရာဇ်တောင်ထဲသို့ မဆင်မခြင် ဝင်လာရဲသည့် ထိုလူငယ်လေးကို မြင်ပြီးနောက် အတော်များများ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

သို့သော်လည်း အကုန်လုံးသည် ရန်ကိုင်အား ရီရှီယွင်၏ နောက်လိုက် တစ်ယောက် ဖြစ်သည်ဟုသာ ယူဆလိုက်ကြပြီး သူ့အား သေချာ စူးစမ်း လေ့လာကြတော့သည်။ ဧကရာဇ်မှော်ရတနာကို ရန်ကိုင် ဘာကြောင့် မကြောက်သလဲ ဆိုသည်နှင့် ပက်သက်၍လည်း သူတို့ အနည်းငယ် ခေါင်းစားမိကြ၏။

လက်ရှိ ပိုင်ရှီ ကိုင်ထားသည့် မှော်ရတနာသည် ရီရှီယွင်ပင် ထိပ်တိုက် မရင်ဆိုင်ရဲသည့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။

“အဲ့ဒါကြီး ထုတ်ပြီး ထပ်ခြောက်ဖို့ လုပ်နေတာလား” ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားပြီး “ခင်ဗျား သေဖို့ အဆင်သင့် ဖြစ်ပြီဆို အဲ့ဒါကို သုံးလိုက်တော့။ ခင်ဗျား ကျုပ်ဖြစ်ဖြစ်၊ အကြီးအကဲချုပ်ကို ဖြစ်ဖြစ်၊ သတ်ကောင်း သတ်နိုင်လိမ့်မယ်။ ဒါပေမယ့်… ခင်ဗျား သေဖို့ ပြင်ဆင်ပြီးသွားပြီလား”

ပိုင်ရှီ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အော်ပြောလိုက်သည် “ကောင်စုတ်လေး၊ မင်းလွန်မလာနဲ့”

“ကျုပ်လွန်တာလား” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “ခွေးအိုကြီး၊ ခင်ဗျားက ကိုယ့်အခြေအနေကိုယ် တကယ် နားမလည်တာပဲ။ ဒီဂိုဏ်းချုပ် ခင်ဗျား ရှေ့မှာ ရပ်နေပြီ။ ခင်ဗျား လုပ်စရာရှိတာဆိုလို့ အဲ့မိုးကြိုးဓါတ်လုံးကို သုံးလိုက်ရုံပဲ။ ကျုပ်မရှောင်နိုင်ရင် ကျုပ်သေမယ်။ ဒါပေမယ့် ခင်ဗျားလည်း သေရမယ်။ ကျုပ်ရှောင်နိုင်ခဲ့ရင်တော့ ကျုပ်အသက်ရှင်မယ်။ ဒါပေမယ့် ခင်ဗျား သေရဦးမှာပဲ။ ဒီတော့ ခင်ဗျား ဘာလုပ်ချင်လဲ”

ပိုင်ရှီ မျက်နှာ ပြာနှမ်းနေရာမှ ဖြူလျော်သွားခဲ့ပြီး သူ့လက်ထဲရှိ ဧကရာဇ် မှော်ရတနာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။

မည်သည့်လမ်းကို ရွေးရွေး သေရမည် ဖြစ်သဖြင့် ပိုင်ရှီ တုန့်ဆိုင်းနေမိသည်။

“ဒါပေမယ့် တတိယတစ်ခုလည်း ရှိတာပေါ့” ရန်ကိုင်က တောက်ပစွာ ပြုံးလိုက်သည်။

“ဘာလဲ” ပိုင်ရှီ ချက်ချင်း စိတ်ဝင်စားမိသွားသည်။

“ဧကရာဇ်မှော်ရတနာကို ကျုပ်ဆီပေးလိုက်။ ခင်ဗျား အသက်ကို ချမ်းသာပေးမယ်”

“အိမ်မက်မက်နေလိုက်” ပိုင်ရှီက ပြန်ပြောလိုက်သည်။

အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် အလွန်ကိုမှ ရှားပါးကြရာ တစ်ခုတွေ့ရန်ပင် ခဲယဉ်းလှသည်။ တန်ခိုးရှင်ဘုရင်အဆင့်ထက် ပိုမြင့်သော ဧကရာဇ်မှော်ရတနာများ ဆိုလျှင်တော့ မေးနေစရာပင် မလိုတော့ချေ။ ဧကရာဇ်မှော်ရတနာ၏ စွမ်းအားကို သိနေသည့်နောက်တွင် ပိုင်ရှီ အနေဖြင့် ထိုမှော်ရတနာကို မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်နိုင်မည်နည်း။

ထို့အပြင် ရန်ကိုင် စကားကိုလည်း မယုံပါချေ။ ရန်ကိုင် လက်ထဲသို့သာ ဧကရာဇ်မှော်ရတနာကို ထည့်ပေးလိုက်ပါက စဉ်းတီတုံးပေါ်ရောက်သည် ငါးဘဝသို့ ရောက်သွားပေလိမ့်မည်။

“အဲ့လိုဆိုမှတော့ ဒီဂိုဏ်းချုပ်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် အော်ပြောလိုက်လေသည် “ထွက်လာခဲ့တော့”

သူ့အော်သံနှင့်အတူ ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်တိုင်များ ရုတ်တရက် ခွဲထွက်သွားပြီး မီတာတစ်ရာ အရှည်ရှိသော အနက်ရောင် ကြယ်သင်္ဘောတစ်စင်း ထူးထူးဆန်းဆန်း ပေါ်လာခဲ့လေသည်။

ထိုကြယ်သင်္ဘောကြီးကို မြင်လိုက်သည့်အခိုက် အောက်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဤနေရာတွင် ကျင့်ကြံသူများစွာ ရှိကြပြီး အများစုသည် တန်ခိုးရှင်အဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း ထိုကြယ်သင်္ဘော ရောက်နေသည်ကို မည်သူမှ သတိမထားမိခဲ့ကြချေ။ ကြယ်သင်္ဘောသာ ကိုယ်ထင်ပြမလာခဲ့လျှင် အကုန်လုံး ထိုကြယ်သင်္ဘော ရှိနေသည့် အကြောင်းကို သိလိမ့်ဦးမည် မဟုတ်ပေ။

ထို့အပြင် ထိုကြယ်သင်္ဘောသည် ပုံမှန် ကြယ်သင်္ဘောများနှင့် မတူဘဲ သူတို့ မြင်ခဲ့ဖူးသည့် ကြယ်သင်္ဘောအားလုံးထက် ပိုအားကောင်းပေသည်။ ထိုကြယ်သင်္ဘောကို ကြည့်ရင်း လူအုပ်ကြီး မှင်သက်သွားခဲ့သည်။ ထိုအရာသည် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောပေလော။

All Chapters