အခန်း (၁၀၅၁-၁၀၅၃)
Vol. 71 Ch. 1051-1053
အဆတစ်ရာစနစ် စာစဥ်(၇၁)
အခန်း(၁၀၅၁)
"ညီလေးကျန်းချန် ဒီရှေးဟောင်းတွင်းမှာ တကယ်ပဲ ဒဏ္ဍာရီလာ ဝိညာဥ်သတ္တုမိုင်းတွင်း ရှိနေတာလား"
ရှောင်ပိုင်ရီက ကျန်းချန်ကို တအံ့တသြ ကြည့်ကာ မေးလိုက်သည်။
သူ၏အသံက တုန်ယင်နေခဲ့၏။
ဝိညာဥ်သတ္တုမိုင်းတွင်း ဆိုသည်မှာ ဝိညာဥ်ကျောက်တုံးများကို မွေးထုတ်ပေးနိုင်သည့် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
ကျင့်ကြံသူများသည် ဝိညာဥ်ကျောက်တုံးမှ စွမ်းအားများကို စုပ်ယူပြီး သူတို့၏ ကျင့်ကြံမှု အမြန်နှုန်းကို အကြိိီးအကျယ် တိုးတက်အောင် ပြုလုပ်နိုင်ကြသည်။
ဒဏ္ဍာရီလာအရ ကျင့်ကြံသူများ အကြားတွင် ရှေးအခါက ဝိညာဥ်ကျောက်တုံးကို ငွေကြေးတစ်ရပ် အဖြစ် အသုံးပြုခဲ့ကြသည်။
သို့သော် ရှန်းဝူတိုက်ကို ကပ်ဘေး ကျရောက်လာပြီးနောက်တွင် ကျုံးကျိုးကုန်းမြေပေါ်ရှိ ဝိညာဥ်သတ္တုမိုင်းတွင်း အများအပြား ပျောက်ကွယ်သွားခဲ့သလို ဝိညာဥ်ကျောက်တုံး များသည်လည်း အလွန် ရှားပါးသွားခဲ့သည်။
ယခုခေတ်တွင် ဝိညာဥ်သတ္တုမိုင်းတွင်း ဆိုသည်မှာ ဒဏ္ဍာရီ တစ်ခုလိုပင် ဖြစ်နေခဲ့ချေပြီ။
လက်ရှိ ရှန်းဝူတိုက်မှ ကျင့်ကြံသူများ အကြားတွင် အသုံးပြုနေသည်မှာ ဝိညာ်ကျောက်တုံးထက် အဆင့် လုံးဝနိမ့်ကျသည့် ခရစ္စတယ် ကျောက်တုံးများ ဖြစ်သည်။
ကျင့်ကြံသူများသည် ခရစ္စတယ် ကျောက်တုံးထံမှလည်း စွမ်းအင်များကို စုပ်ယူပြီး ခန္ဓာကိုယ်၏ အရင်းအမြစ် စွမ်းအင် အဖြစ် ပြောင်းလဲနိုင်သည်။
သို့သော်လည်း ထိပ်တန်း ခရစ္စတယ် ကျောက်တုံးမှာပင် အညစ်အကြေးများ ပါဝင်နေပြိီး ဝိညာဥ်ကျောက်တုံးလောက် သန့်စင်ခြင်း မရှိပေ။
ဆိုရလျှင် ဝိညာဥ်ကျောက်တုံးနှင့် ခရစ္စတယ် ကျောက်တုံးတွင် ကြီးမားသော ကွာခြားချက် ရှိနေခဲ့သည်။
ဝိညာဥ်သတ္တုမိုင်းတွင်းများသည် ရှန်းဝူတိုက်ကြီး၏ သမိုင်းတွင်သာ ကျန်ရှိတော့သည်။
သူတောင်စင်မြို့တော် ငါးမြို့လို ကြယ်လေးပွင့်သူတော်စင် နယ်မြေများမှာပင် ထိပ်တန်း ဝိညာဥ်ခရစ္စတယ် မိုင်းတွင်းများကိုသာ ပိုင်ဆိုင်ကြသည်။
ထို့ကြောင့် ကျန်းချန် ပြောသလိုပင် ဤနေရာရှိ ဝိညာဥ်သတ္တုမိုင်းတွင်းသည် သူတော်စင်မြို့တော် ငါးမြို့ရှိ ပါရမီရှင်များကို လောဘတက်စေရန် လုံး၀ လုံလောက်သည်။
" အမှန်ပဲ "
ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ခရမ်းရောင် ခရစ္စတယ်သားရဲက ဝိညာဥ်သတ္တုမိုင်းတွင်းနဲ့အတူ မွေးဖွားလာတဲ့ ထူးဆန်းတဲ့ သားရဲတစ်မျိုးပဲ.. ဒီသားရဲရှိတဲ့ နေရာတိုင်းမှာ ဝိညာဥ်သတ္တုမိုင်းတွင်းက ကျိန်းသေ ရှိတတ်တယ်"
"ညီလေးကျန်းချန် ဒီခရမ်းရောင် ခရစ္စတယ်သားရဲရဲ့ ခွန်အားက အားမနည်းဘူးနော်.. ငါတို့က အခု အသက်စွမ်းအင် ပိတ်ပင်ခံထားရတဲ့ အတွက် အစွမ်းကုန် ကြိုးစားရင်တောင် သူ့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်လောက်ဘူး.. ညိိီလေးမှာ သူ့ကို ဖြေရှင်းဖို့ နည်းလမ်းရှိလား"
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်းရှူပြီး လေးနက်စွာ မေးလိုက်သည်။
သူက ကျန်းချန်၏ စိတ်သဘောထားကို ကောင်းစွာနားလည်သည်။
ဤနေရာတွင် ဆက်လက်နေရန် ရွေးချယ်ပုံထောက်လျှင် ကျန်းချန်ထံ၌ ခရမ်းရောင် ခရစ္စတယ်သားရဲကို ကိုင်တွယ်ရန် နည်းလမ်း ရှိလောက်သည်ဟု သူထင်ခဲ့သည်။
ဒဏ္ဍာရိီလာ ဝိညာဥ်သတ္တုမိုင်းတွင်းကို ရှာတွေ့ပြီးနောက်တွင် ရှောင်ပိုင်ရီသည်လည်း အလွယ်တကူ လက်မလွှတ်လိုခဲ့ပေ။
"နည်းလမ်းက အရမ်းရိုးရှင်းပါတယ်.. ဒီသားရဲကို သတ်ပစ်လိုက်ရုံပဲ.. ဒီခရမ်းရောင် ခရစ္စတယ်သားရဲက ဆဋ္ဌမအဆင့် နှောင်းပိုင်း သားရဲ ဆိုပေမယ့် တိုက်ပွဲဝင်စွမ်းရည် သိပ်မကောင်းဘူး.. သူ့ရဲ့တိုက်ပွဲဝင်စွမ်းရည်က ဆဋ္ဌမအဆင့် နှောင်းပိုင်းသားရဲတွေထက်ကို အားနည်းတယ်.. သူ့ကို သတ်ရမှာ ကျွန်တော့်အတွက် မခက်ပါဘူး.. အကိုတို့ ဒီမှာကျွန်တော့်ကို စောင့်နေ.. ကျွန်တော်ဖြေရှင်းလိုက်မယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီးနောက်တွင် ခရမ်းရောင်ခရစ္စတယ်သားရဲ ဆီသို့ ဦးတည်သွားခဲ့သည်။
"ညိိီလေးကျန်းချန် မင်း ခရမ်းရောင် ခရစ္စတယ်သားရဲကို တစ်ယောက်တည်း သွားသတ်မလို့လား "
ရှောင်ပိုင်ရိီက သူ၏နားတွင် ပြဿနာ ရှိနေသည်ဟုပင် ထင်သွားခဲ့သည်။
တစ်ခြားနေရာတွင်သာ ဆိုလျှင် ဆဋ္ဌမအဆင့် သားရဲတစ်ကောင်သည် သူတို့ အရှေ့တွင် ဘာမှမဟုတ်ပေ။
ကျန်းချန်မပြောနှင့်၊ သူတစ်ယောက်တည်းပင် သတ်ဖြတ်နိုင်ပေသည်။
သို့သော်လည်း သတ္တုမိုင်းတွင်းသည် ကျင့်ကြံသူ၏ အသက်စွမ်းအားကို ဖိနှိပ်နိုင်သည်အထိ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်နေ၏။
အထူးသဖြင့် ဤရှေးဟောင်းတွင်း၏ ပတ်ဝန်းကျင်တွင် သူတို့၏ စွမ်းအင်များသည် လုံး၀ ပိတ်ပင်ခံထားရသလို ဖြစ်နေခဲ့သည်။
သူတို့တွင် အသက်စွမ်းအင် မရှိလျှင် ပဥ္စမအဆင့် သားရဲကိုပင် မနည်း ရင်ဆိုင်ရမည်ဖြစ်ရာ ယခု ဆဋ္ဌမအဆင့် သားရဲကို မည်ကဲ့သို့ ရငိဆိုင်နိုင်ပါအံ့နည်း။
ခရမ်းရောင် ခရစ္စတယ် သားရဲကို ဤမျှလောက်အထိ အလွယ်တကူ ကိုင်တွယ်၍ ရမည်ဆိုလျှင် ရှန်းဖုန်းမြို့တော်မှ အင်ပါယာအဆင့် ပါရမီရှင်သည် ဆိုးဆိုးရွားရွား သေဆုံးလိမ့်မည် မဟုတ်ပေ။
"စိတ်မပူပါနဲ့.. ဒါက ဆဋ္ဌမအဆင့် သားရဲလေးတစ်ကောင်ပါပဲ.. ကျွန်တော် အသက်စွမ်းအင် အသုံးမပြုဘဲနဲ့တောင် သူ့ကိုသတ်နိုင်ပါတယ်"
စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ ခြေထောက်ကို မြေပြင်ပေါ် တစ်ချက် ဆောင့်နင်းလိုက်ပြီး လေးညှို့ကနေ ပစ်လွှတ်လိုက်သော မြှားတစ်စင်း ကဲ့သို့ လေထုကို ထိုးဖောက် ဖြတ်သန်းကာ ခရမ်းရောင်ခရစ္စတယ်သားရဲ ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
အခန်း(၁၀၅၁)ပြီး၏။
အခန်း(၁၀၅၂)
ကျန်းချန်က ရုတ်တရက် ဝင်ရောက်လာခဲ့ရာ ရှေးဟောင်းတွင်းထဲရှိ ခရမ်းရောင်ခရစ္စတယ်သားရဲကို လျင်မြန်စွာပင် သတိဝင်စေခဲ့သည်။
သူက သူ့ကို ရုတ်တရက် တိုက်ခိုက်လာသော ကျန်းချန်ကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုခဏမှာပင် ခရမ်းရောင် ခရစ္စတယ်သားရဲသည် ပါးစပ်ကို ဖွင့်လိုက်ပြီး ကျန်းချန် ဆီသို့ ခရမ်းရောင်စွမ်းအင် မုန်တိုင်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။
သူ့ဆီသို့ ဦးတည်လာသော ခရမ်းရောင်စွမ်းအင်မုန်တိုင်းကို မြင်သော်လည်း ကျန်းချန်၏ မျက်နှာ အမူအရာသည် လုံးဝ မပြောင်းလဲသွားခဲ့ပေ။
သူက လက်သီးကို ရုတ်တရက်ဆုပ်လိုက်ပြိိီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
"ဝုန်း"
လေထဲတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏအတွင်းမှာပင် ကျန်းချန်ဆီသို့ ဦးတည်လာသော ခရမ်းရောင် စွမ်းအင်မုန်တိုင်းသည် ပြိုပျက်သွားရပြီး ဘာမှ မကျန်ရှိတော့သလို ဖြစ်သွားခဲ့သည်။
"ဝိုး ညီလေးကျန်းချန်က အရမ်းသန်မာတာပဲ.. အသက်စွမ်းအင်ကို အသုံးမပြုဘဲနဲ့တောင် ဆဋ္ဌမအဆင့် သားရဲနဲ့ ယှဥ်ပြိုင်နိုင်တယ်"
"ညီလေးကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ တာအိုနဲ့ သိုင်းပညာတာအို နှစ်မျိုးလုံးကို ကျင့်ကြံထားတယ်လို့ ကြားဖူးထားတာ ကြာပြီ.. ဒီနေ့မှပဲ သူ့ရဲ့အစွမ်းကို မျက်မြင်တွေ့ရတော့တယ်"
"............."
ရှောင်ပိုင်ရီနှင့် တခြားသူများသည် ဤမြင်ကွင်းကို မြင်လျှင် တအံ့တသြဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ကျန်းချန်က သူတို့၏ ရှေ့မှ ခရမ်းရောင် ခရစ္စတယ်သားရဲကို အသက်စွမ်းအင် အသုံးမပြုဘဲ ဖြေရှင်းမည်ဟု ကြုံးဝါးရဲသည်မှာ အံ့သြစရာ မရှိတော့ပေ။
ဤနေရာက အလွန်ထူးဆန်းပြီး ကျင့်ကြံသူ၏ အသက်စွမ်းအင်ကို ပိတ်ပင်နိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အင်အားကိုမူ မပိတ်ပင်နိုင်ခဲ့ပေ။
ရှောင်ပိုင်ရီတို့ လူစုသည် အံ့သြထိတ်လန့်နေခဲ့ကြသည်။
သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။
ကျန်းချန်က ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ဤခရမ်းရောင် ခရစ္စတယ်သားရဲကို အမှန်တကယ် ဖြေရှင်းနိုင်မည် ဆိုလျှင် သူတို့သည် ဤတစ်ခါ အမှန်တကယ် အကျိုးအမြတ် ရရှိတော့မည် ဖြစ်သည်။
ဝိညာဥ်သတ္တုမိုင်းတွင်းကို ထည့်မတွက်လျှင်ပင် ထိုမိုင်းတွင်းထဲမှ ဝိညာဥ်ကျောက်တုံး အနည်းငယ်သည် သူတို့ကို အဆုံးမဲ့ အကျိုးပြုမည်မှာ သေချာသလောက်ပင် ဖြစ်၏။
"မင်းကို အခွင့်အရေးပေးမယ်.. မင်းက ဝိညာဥ်သတ္တုမိုင်းတွင်းကနေ မွေးဖွားလာတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးဆန်းတဲ့သားရဲ တစ်မျိုးဖြစ်တာကြောင့် ငါ့ကို အညံ့ခံမယ်ဆိုရင် မင်းကို မသတ်ဘဲ အသက်ချမ်းသာပေးမယ်"
ကျန်းချန်က ခရမ်းရောင် မုန်တိုင်း စွမ်းအင်ကို လက်သီးဖြင့် ဖြိုခွဲပြီးနောက်တွင် ခရမ်းရောင် ခရစ္စတယ်သားရဲကို ပေါ့ပါးစွာ ပြောလိုက်သည်။
ခရမ်းရောင် ခရစ္စတယ်သားရဲသည် သာမန်သားရဲ မဟုတ်ဘဲ ဝိညာဥ်သတ္တုမိုင်းတွင်း၏ အဆီအနှစ်များကို စုပ်ယူကာ မွေးဖွားလာသည့် ထူးဆန်းသော သားရဲတစ်မျိုး ဖြစ်သည်။
ဤခရမ်းရောင် ခရစ္စတယ်သားရဲသည် ဆဋ္ဌမအဆင့် ခွန်အားကို ပိုင်ဆိုင်နိုင်ပုံ ထောက်လျှင် အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိနေမည်ဟု ခန့်မှန်းရ၏။
ဤနှစ်ထောင်ပေါင်းများစွာ အတွင်း ခရမ်းရောင် ခရစ္စတယ်သားရဲသည် ဝိညာဥ်သတ္တုမိုင်းတွင်း၏ အဆီအနှစ်များကို နေ့ရောညပါ စုပ်ယူခဲ့သောကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းကိုယ်တိုင်သည် ရွေ့လျားနိုင်သော ဝိညာဥ်သတ္တုမိုင်းတွင်းနှင့်ပင် ညီမျှနေခဲ့သည်။
ဤခရမ်းရောင် ခရစ္စတယ်သားရဲကို ထိန်းချုပ်နိုင်လျှင် သူ၏ ဘေးနားတွင် ထားရုံမျှဖြင့် ကျင့်ကြံရာတွင် ထိရောက်မှု ရှိလာမည်မှာ သေချာ၏။
"ဝေါင်း"
ခရမ်းရောင် ခရစ္စတယ်သားရဲသည် ကျန်းချန်၏ စကားကိုကြားလျှင် ဒေါသထွက်သွားခဲ့သည်။
ထိုခဏတွင် သူ၏ တစ်ကိုယ်လုံးသည် ခရမ်းရောင်အလင်းများ တောက်ပလာခဲ့ပြီး သူ၏ ဦးခေါင်းထက်တွင် မျက်စိကျိန်းလောက်စရာ ခရမ်းရောင်အလင်းသည် အရှည်မီတာ အနည်းငယ်ရှိသည့် ခရမ်းရောင်လျှပ်စီးကြောင်း အဖြစ် စုစည်းသွားခဲ့ပြီး ကျန်းချန် ဆီသို့ သက်ဆင်းလာခဲ့သည်။
"အညံ့မခံချင်ဘူးလား.. ကောင်းပြီလေ မင်းလက်ခံလာတဲ့အထိ ငါမင်းကို တိုက်ခိုက်မယ်"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ထုတ်ဖော်ကာ ရွှေရောင်လက်သီးချက်ဖြင့် ခရမ်းရောင် ခရစ္စတယ်သားရဲကို မဆိုင်းမတွပင် တိုက်ရိုက် ထိုးချလိုက်သည်။
"ဝုန်း.. ဝုန်း"
ကျန်းချန်က သူ၏စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ၏ လက်သီးတွင် ပါဝင်နေသော စွမ်းအင်သည် ဆဋ္ဌမ အဆင့် နှောင်းပိုင်းသားရဲများကိုပင် အန်ိုင်ယူနိုင်လောက်သည်အထိ လုံလောက်၏။
ဤခရမ်းရောင် ခရစ္စတယ်သားရဲသည် ဆဋ္ဌမအဆင့်တွင်သာရှိပြီး တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ။
ထို့ကြောင့် ၎င်း၏ တိုက်ပွဲဝင်စွမ်းရည်က သာမန်ဆဋ္ဌမအဆင့် နှောင်းပိုင်းသားရဲထက်ပင် အနည်းငယ် အားနည်းနေခဲ့၏။
သို့ဖြစ်ရာ သူ၏ စွမ်းရည်ဖြင့် ကျန်းချန်၏ လက်သီးချက်ကို မည်ကဲ့သို့ ရပ်တန့်နိုင်ပါအံ့နည်း။
ကျန်းချန်က လက်သီးချက် အနည်းငယ်ကို ထုတ်ဖော်လိုက်သည်နှင့် ခရမ်းရောင် ခရစ္စတယ်သားရဲသည် ကျန်းချန်၏ လက်သီးအောက်တွင် ခုခံနိုင်စွမ်း လုံး၀ ဆုံးရှုံးသွားခဲ့သည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို သဲအိတ်တစ်လုံးကဲ့သို့ ကျန်းချန်၏ လက်သီးချက်များက ပစ်ဝင်သွားခဲ့သည်။
ရွှေရောင်လက်သီးချက်၏ တိုက်ခိုက်မှုအောက်တွင် ခရမ်း ရောင် ခရစ္စတယ်သားရဲသည် နာကျင်စွာဖြင့် ထပ်ခါတလဲလဲအော်ဟစ်နေခဲ့ရသည်။
ထိုအချိန်တွင် ခရမ်းရောင် ခရစ္စတယ်သားရဲသည် ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး သူ၏ ပါးစပ်ကနေ တောင်းပန် တိုးလျိုးသောလေသံ ထွက်ပေါ်လာခဲ့သည်။
"မ.. မတိုက်ပါနဲ့တော့.. ငါ အရှုံးပေးပါတယ်.. သခင့်ဆီမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်"
အခန်း(၁၀၅၂)ပြီး၏။
အခန်း(၁၀၅၃)
"အမ်.. မင်းက စကားပြောနိုင်တယ်လား"
ကျန်းချန်က သူ့ရှေ့မှ ခရမ်းရောင် ခရစ္စတယ်သားရဲကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ဤခရမ်းရောင် ခရစ္စတယ်သားရဲသည် ဆဋ္ဌမအဆင့် သားရဲနှင့် နှိုင်းယှဥ်နိုင်သော အဆင့်ထိ ကြီးထွားလာနိုင်သည်မှာ ဉာဏ်ရည်မနိိမ့်သောကြောင့် ဖြစ်၏။
သို့သော်လည်း စကားပြောနိုင်သောအဆင့် အထိ ကြီးထွားလာမည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။
သိထားရမည်မှာ ရှန်းဝူတိုက်ကြီးရှိ နတ်သားရဲသွေး ပါဝင်သော ရှေးဟောင်းသားရဲ များစွာပင်လျှင် ဆဋ္ဌမအဆင့်ဖြင့် စကားပြောဆိုနိုင်ခြင်း မရှိပေ။
ကျန်းချန်သည် ခရမ်းရောင် ခရစ္စတယ်သားရဲကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာသော် သူက တစ်စုံတစ်ရာကို ရုတ်တရက် စဥ်းစားမိလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါသဘောပေါက်သွားပြီ မင်းက ခရမ်းရောင် ခရစ္စတယ်သားရဲအစစ် မဟုတ်ဘူး"
"သခင်ခန့်မှန်းတာ မှန်ပါတယ် ငါက ခရမ်းရောင် ခရစ္စတယ်သားရဲ မဟုတ်ပါဘူး"
ခရမ်းရောင်ခရစ္စတယ်သားရဲက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး တိုးညင်းစွာ ပြန်ဖြေလိုက်၏။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ ခရမ်းရောင် ခရစ္စတယ်သားရဲသည် ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ် ဆိုသည်မှာ ဝိညာဥ်သတ္တုမိုင်းတွင်း ဖြစ်ပေါ်လာရသည့် အဓိကသော့ချက် ဖြစ်သည်။
ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် အစွမ်းထက်သော အရှိန်အဝါ ရှိ၏။
၎င်းက နေရာတစ်နေရာတွင် အချိန် လုံလောက်စွာ ရှိခဲ့လျှင် ၎င်းရှိနေသေည နေရာသည် ဝိညာဥ်သတ္တုမိုင်းတွင်းတစ်ခုကို ဖြစ်လာစေနိုင်သည်။
ကျန်းချန် ခန့်မှန်းတာမမှားခဲ့လျှင် သူတော်စင်ရွှယ်မင်သည် ဤပထမထပ်တွင် ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်ကိုစုဆောင်းထားခဲ့ပုံရသည်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် ထိုဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် ဤနေရာရှိ ဝိညာဥ်သတ္တုမိုင်းတွင်းကို သဘာဝအတိုင်း မွေးဖွားပေးခဲ့ပုံရ၏။
သူ၏ ရှေ့မှ ဝိညာဥ်သတ္တုမိုင်းတွင်းသည် အလွန်မြင့်မားသော ဝိညာဥ်ဉာဏ်ရည်ဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
၎င်းက မည်သည့်နည်းလမ်းကို အသုံးပြု၍ ခရမ်းရောင်ခရစ္စတယ် သားရဲ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့မှန်း သူမသိပေ။
ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် ခရမ်းရောင်ခရစ္စတယ်သားရဲ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက်တွင် သတ္တုမိုင်းတွင်း၏ အပြင်ဘက်ကို ထွက်ကာ လှည့်လည်သွားလာခဲ့သည်။
ဝိညာဥ်ဉာဏ်ရည်ရှိတဲ့ ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်ကို ဤမျှလောက်ထိ လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် ဝိညာဥ်သတ္တုမိုင်းတွင်း ထဲတွင် ပုန်းအောင်းနေခဲ့လျှင် ဝိညာဥ်သတ္တုမိုင်းတွင်းတစ်ခုလုံးကို သူ့အနေဖြင့် မတူးဖော်မချင်း ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်ကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။
ယခုအခါတွင်မူ ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် ခရမ်းရောင် ခရစ္စတယ်သားရဲ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မိုင်းတွင်း အပြင်ဘက်တွင် လှည့်လည်သွားလာနေခဲ့သည့်အတွက် သူ့ကို အတော်လေး သက်သာစေခဲ့၏။
ဝိညာဥ်သတ္တု အရင်းအမြစ် ဆိုသည်မှာ တစ်နည်းအားဖြင့် ဝိညာဥ် မိုင်းတွင်း သတ္တုကြော တစ်ခုနှင့်ပင် ညီမျှသည်။
ဆိုရလျှင် ကျန်းချန်သည် ဤ ဝိညာဥ်သတ္တု အရင်းအမြစ်ကို ယန်ဒီမြို့ဆီ ပြန်ယူလာခဲ့ပြီး ယန်ဒီမြို့၏ ထိပ်တန်း ဝိညာဥ် ခရစ္စတယ် မိုင်းတွင်း၌ ထားရှိခဲ့လျှင် မကြာမီ အချိန်အတွင်း ထိုခရစ္စတယ် မိုင်းတွင်းသည် ဝိညာဥ် သတ္တုမိုင်းတွင်း အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ရှင်းလင်းစွာဆိုရလျှင် ဝိညာဥ်သတ္တုမိုင်းတွင်း အရင်းအမြစ်သည် ရှန်းဝူတိုက်ကြီးရှိ အင်အားစု အားလုံးကို ရူးသွပ်စေရန် လုံလောက်သည့် ကောင်းကင်းကိုပင် ဆန့်ကျင်သော ရတနာတစ်ပါး ဖြစ်သည်။
"မင်း အညံ့ခံလိုက်ပြီ ဆိုတော့ ငါ့ရဲ့ သားရဲယဥ်ပါးခြင်းအိတ်ထဲကို အေးအေးဆေးဆေး ဝင်လိုက်တော့.. ငါ့ကိုထပ်ပြီး လှည့်စားဖို့ မကြိုးစားနဲ့.. မဟုတ်ရင် မင်းရဲ့ ဝိညာဥ်ဉာဏ်ရည်ကို ငါဖျက်ဆီးပစ်မယ်"
ကျန်းချန်က ခရမ်းရောင် ခရစ္စတယ် ဝိညာဥ်သားရဲကို စူးစိုက်၍ ကြည့်ကာ အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ သခင်"
ခရမ်းရောင် ခရစ္စတယ်သားရဲက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျန်းချန်၏ ခါးရှိ သားရဲယဥ်ပါးခြင်း အိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ညီလေးကျန်းချန်.. မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားမိဘူး "
ကျန်းချန်က ခရမ်းရောင် ခရစ္စတယ်သားရဲကို အလွယ်တကူ ထိန်းချုပ်လိုက်သည်ကို မြင်လျှင် ရှောင်ပိုင်တို့ လူစုသည် လျင်မြန်စွာ ရောက်ရှိလာကြသည်။
သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"ဒါက ကံကောင်းသွားလို့ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် ရှောင်ပိုင်ရီကို ပြောလိုက်သည်။
"အကိုပိုင်ရီ ကျွန်တော်တို့ ရှေးဟောင်းတွင်းရဲ့ အောက်ကို ဆင်းကြည့်ရအောင်"
"ကောင်းပြီ"
ရှောင်ပိုင်ရီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
သူက ဤလျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းတွင်း ထဲတွင် ကျန်းချန် ပြောသကဲ့သို့ ဒဏ္ဍာရီလာ ဝိညာဥ်ကျောက်တုံး ရှိမရှိ သိချင်နေခဲ့သည်။
"ဟမ့် မင်းတို့ကလည်း ငါနဲ့ ဝိညာဥ်သတ္တုမိုင်းတွင်းကို လုချင်တာလား.. မသေချင်ရင် ငါ့မျက်စိရှေ့ကနေ ချက်ချင်း ထွက်သွားလိုက်စမ်း"
ကျန်းချန်တို့အဖွဲ့က ရှေးဟောင်းတွင်း ထဲသို့ ဝင်ရောက်တော့မည့် အချိန်တွင် အေးစက်စက် အော်ငေါက်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
အခန်း(၁၀၅၃)ပြီး၏။