အခန်း (၁၀၅၄-၁၀၅၆)
Vol. 71 Ch. 1054-1056
အခန်း(၁၀၅၄)
အေးစက်စက် ကြုံးဝါးလိုက်သည့်အသံသည် လေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ထိုအသံကိုကြားလျှင် ကျန်းချန်တို့လူစု၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့က အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူသုံးဦးသည် သူတို့နှင့် မီတာတစ်ရာ အကွာကနေ ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုသုံးဦးထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်သည် ရုပ်ရည်ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။
သူက အထွတ်အထိပ် ဧကရာဇ်တစ်ပါး ကဲ့သို့ ကျန်းချန်တို့လူစုကို အထင်သေးစွာ ကြည့်နေခဲ့၏။
သူ၏ ခန္ဓာကိုယ်မှလည်း ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
"ဖုန်းချင်းရီ မင်းကိုး"
ဦးဆောင်လာသော လူငယ်ကိုမြင်လျှင် ရှောင်ပိုင်ရီတို့ လူစု၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့လူစု ရှေ့တွင် ပေါ်လာသော လူငယ်သည် အခြားသူ မဟုတ်ပေ။
သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည့် ရှန်းဖုန်းမြို့မှ အင်ပါယာအဆင့် ပါရမီရှင် ဖုန်းချင်းရီ ဖြစ်သည်။
"ရှောင်ပိုင်ရီ.. မင်းမှာ ငါနဲ့ ဝိညာဥ်သတ္တုမိုင်းတွင်းကို ယှဥ်လုဖို့အရည်အချင်းမရှိဘူး.. မင်းရဲ့လူတွေကို ခေါ်ပြီး ဒီနေရာကနေ ခုချက်ချင်း ထွက်သွားလိုက်တော့"
ဖုန်းချင်းရီက ရှောင်ပိုင်ရီကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏အသံတွင် အမိန့်ပေးသော လေသံများ ပါဝင်နေခဲ့သည်။
"ဖုန်းချင်းရီ.. မင်းငါ့ကို ထွက်သွားလို့ပြောတိုင်း ငါက ဘာလို့ထွက်သွားပေးရမှာလဲ.. ငါတို့က ဒီဝိညာဥ်သတ္တုသွေးကြောကို အရင်ဆုံး ရှာတွေ့တာပဲ.. ဘာအကြောင်းနဲ့ မင်းကို လက်လွှဲပေးရမှာလဲ"
ရှောင်ပိုင်ရီက အေးစက်စက်ပင် တုံ့ပြန် ပြောဆိုလိုက်သည်။
သူ့တွင် လုံးဝ လက်လျှော့ရန် ရည်ရွယ်ချက်မရှိပေ။
သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီသည် လွန်ခဲ့သောနှစ်များကတည်းကပင် ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင် ဖြစ်လာခဲ့သူ ဖြစ်သည်။
သူက အင်ပါယာအဆင့် အမွေအနှစ် နယ်မြေ ထဲသို့ ဝင်ရောက်ခွင့်ရရန်အတွက် နတ်ဝိညာဥ်ဘုရင်အဆင့်ကို မတက်လှမ်းဘဲ သိုင်းသခင်နယ်ပယ် အဆင့်တွင်သာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခြင်း ဆိုလည်းမမှားပေ။
ထို့ကြောင့် ဖုန်းချင်းရီ၏ အင်အားကို ခန့်မှန်းရ ခက်ခဲသည်ဟု ဆိုနိုင်၏။
ဆိုရလျှင် ရှောင်ကျင့်ယွင်နှင့် မုန့်ရွှယ်ရွှယ်တို့ ကဲ့သို့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်များသည် ဖုန်းချင်းရီကို လုံးဝ ယှဥ်နိုင်မည် မဟုတ်ပေ။
သာမန်အချိန်တွင် ရှောင်ပိုင်ရီသည် ဖုန်းချင်းရီနှင့် ရင်ဆိုင်ရန် ရွေးချယ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤနေရာသည် ကျင့်ကြံသူများ၏ အသက်စွမ်းအင်ကို ဖိနှိပ်နိုင်သည့် ဆန်းကြယ်သောစွမ်းအား ရှိနေခဲ့သည်။
ဖုန်းချင်းရီတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော စွမ်းရည်ရှိနေခဲ့လျှင်ပင် ဤနေရာတွင် အသက်စွမ်းအင်ကို အသုံးပြုရန် နည်းလမ်း မရှိပေ။
သို့သော်လည်း သူတို့ဘက်တွင်မူ ကျန်းချန်ကဲ့သို့ ဆဋ္ဌမအဆင့် နှောင်းပိုင်းသားရဲကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာကို အထူးပြု ကျင့်ကြံထားသော ပါရမီရှင်တစ်ဦး ရှိနေခဲ့သည်။
ရှင်းလင်းစွာ ဆိုရလျှင် ဖုန်းချင်းရီသည် ဤနေရာတွင် သွားမရှိသော ကျားတစ်ကောင်နှင့် မခြားနား၍ သူတို့ကို များစွာ ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
သို့ဖြစ်ရာ ဝိညာဥ် သတ္တုမိုင်းတွင်းကို အဘယ်ကြောင့် ဖုန်းချင်းရီ၏ လက်သို့ ပေးအပ်နိုင်ပါမည်နည်း။
"မင်းတို့အရင်ဆုံး ရှာတွေ့တယ် ဟုတ်လား.. ဒီဝိညာဥ်သတ္တုမိုင်းတွင်းကို ရှန်းဖုန်းမြို့ရဲ့ အင်ပါယာအဆင့် ပါရမီရှင် ဖြစ်တဲ့ ဖုန်းလင်းက အရင်ရှာတွေ့ခဲ့တာပဲ.. အကယ်၍ မင်းတို့က ဒီဝိညာဥ်သတ္တု မိုင်းတွင်းကို အရင်ဆုံး ရှာတွေ့ခဲ့တယ် ဆိုရင်တောင် ငါလိုချင်တယ် ဆိုရင် မင်းတို့ ဘာတတ်နိုင်မှာမို့လဲ"
ဖုန်းချင်းရီက အေးစက်စက်ပြုံး၍ ကြုံးဝါးလိုက်သည်။
"ဖုန်းလင်း.. မင်းငါ့ကို ဒီနေရာဆီလာဖို့ စာပို့ခဲ့တယ် မဟုတ်လား.. ဘာလို့အခုထိ ထွက်မလာသေးတာလဲ"
ဖုန်းချင်းရီသည် မကြာသေးမီက ရှေးဟောင်း ဆေးဥယျာဥ်သို့ သွားရန် ရည်ရွယ်ခဲ့သည်။
သို့သော်လည်း ဖုန်းလင်းထံမှ ဒဏ္ဍာရီလာ ဝိညာဥ်သတ္တုမိုင်းတွင်း၏ သတင်းကို ကြားသိရပြီးနောက်တွင် ဤနေရာသို့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ဖုန်းချင်းရီ မင်းမျက်စိကန်းနေလား.. မင်းရှာနေတဲ့လူက ဒီမှာလဲကျနေတာ မတွေ့ဘူးလား"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ဖုန်းလင်းကို လက်ညှိုးထိုးပြလိုက်သည်။
ဖုန်းချင်းရီက ကျန်းချန် ညွှန်ပြသည့် နေရာကို လှမ်းကြည့်ကာ မှင်တက်သွားခဲ့၏။
"ဖုန်းလင်းက သေသွားပြီလား"
ဖုန်းချင်းရီ၏ မျက်လုံးများက ချက်ချင်းဆိုသလို ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကျန်းချန်တို့ လူစုကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
"ဖုန်းလင်းကို မင်းတို့ သတ်လိုက်တာလား"
"သတ်ပစ်လိုက်တယ် ဆိုရင်ရော မင်းဘာလုပ်ချင်လဲ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ကောင်းတယ်.. သိပ်ကောင်းတယ် မင်း ဖုန်းလင်းကို သတ်လိုက်တယ် ဆိုမှတော့ သူ့ရဲ့ နောက်ကို လိုက်ဖို့သာ ပြင်ထားပေတော့"
ဖုန်းချင်းရီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"မင်းက ငါ့ကို သတ်ရအောင် ထိုက်တန်မှုရှိလို့လား"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ဖုန်းချင်းရီ၏ အသက်စွမ်းအားက ဤနေရာတွင် ပိတ်ပင်မခံထားရလျှင်ပင် သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ကြောက်နေစရာ မရှိပေ။
သို့ဖြစ်ရာ ဤနေရာတွင် ဖုန်းချင်းရီသည် သူ၏ ရှေ့၌ မာနထောင်လွှားရန် အရည်အချင်းမရှိချေ။
အခန်း(၁၀၅၄)ပြီး၏။
အခန်း(၁၀၅၅)
"ကောင်လေး ငါ့ဘဝတစ်လျှောက်လုံး ဘယ်သူမှ ငါ့ရှေ့မှာ ဒီလောက်ထိ မမိုက်ရိုင်းရဲဘူး"
"ဘယ်သူမှ မမိုက်ရိုင်းရဲရင် ငါမိုက်ရိုင်းရဲတယ်ကွာ.. မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
ကျန်းချန်၏ မထီမဲ့မြင် စကားများကို ကြားလျှင် ဖုန်းချင်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များထွက်ပေါ်လာခဲ့သည်။
"ဒီလောက်ထိ သေချင်နေမှတော့ ငါမင်းဆန္ဒကို ကျိန်းသေဖြည့်ဆည်းပေးမယ်"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်သည်။
ထိုခဏမှာပင် ဖုန်းချင်းရီသည် ကျန်းချန်တို့ လူစုကို ခနဲ့တဲ့တဲ့ကြည့်လိုက်ပြီး ကြောက်မက်ဖွယ် အစွမ်းထက်သည့် ဘုရင့်စိတ်ဆန္ဒဖြင့် ဖိနှိပ်လိုက်သည်။
သူက သူတော်စင်မြို့တော် ငါးမြို့၏ အသန်မာဆုံး ပါရမီရှင်ဖြစ်ပြီး ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ဤနေရာက ကျင့်ကြံသူ၏ အသက်စွမ်းအားကို ပိတ်ပင်ထားလျှင်ပင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်၏ ဘုရင့်စိတ်ဆန္ဒကို မကန့်သတ်နိုင်ပေ။
သို့ဖြစ်ရာ သူ၏ အသက်စွမ်းအားကို အသုံးမပြုနိုင်လျှင်ပင် ဤဘုရင့်စိတ်ဆန္ဒအောက်တွင် ယန်ဒီမြို့တော်မှ တပည့်များသည် ပုရွတ်ဆိတ်များနှင့် မခြားပေ။
"ဘုရင့်စိတ်ဆန္ဒပါလား"
ဖုန်းချင်းရီ၏ကြောက်မက်ဖွယ်ကောင်းသော ဘုရင့်စိတ်ဆန္ဒကို ခံစားမိလျှင် ရှောင်ပိုင်ရီ၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။
ယန်ဒီမြို့မှ ကျန်တပည့်များသည် သူ့ထက်ပင် ပို၍ အခြေအနေ ဆိုးနေခဲ့သည်။
သူတို့လူစုထဲတွင် အားအနည်းဆုံး ဖြစ်သည့် တပည့်နှစ်ယောက်သည် ဘုရင့်စိတ်ဆန္ဒ၏ ဖိအားကို တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
"ဟမ့်.. ဘုရင့်စိတ်ဆန္ဒနဲ့ ငါတို့ကို ဖိနှိပ်ချင်တာလား.. စိတ်မကောင်းပါဘူး.. မင်းတစ်ယောက်တည်း ဘုရင့်စိတ်ဆန္ဒကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူး"
ဖုန်းချင်းရီ၏ ဘုရင့်စိတ်ဆန္ဒဖြင့် ဖိနှိပ်မှုကို ရင်ဆိုင်ရင်း ကျန်းချန်က ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်က သူ၏ ဘုရင့်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ပြီး ဖုန်းချင်းရီ၏ ဘုရင့်စိတ်ဆန္ဒကို ဖယ်ရှားပစ်လိုက်သည်။
"ဘုရင့်စိတ်ဆန္ဒကို စုစည်းနိုင်ပြီ ဆိုတော့ မင်းလည်းခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် တစ်ယောက်လား"
ဖုန်းချင်းရီ၏ မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဖုန်းချင်းရီသည် အကြောင်းကိစ္စတချို့ကြောင့် နောက်ကျနေခဲ့၍ ရွှယ်မင်ကျောင်းဆောင် အပြင်ဘက်ရှိ မြင်ကွင်းကို မမြင်ခဲ့ရပေ။
ထို့ကြောင့် ကျန်းချန်က ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်မှန်း မသိခဲ့ချေ။
ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဆိုသည်မှာ ပါရမီအလားအလာ၏ အဆင့်အတန်း ဖြစ်သည်။
ဆိုရလျှင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းသည် ကျုံးကျိုးကုန်းမြေတွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ ဖြစ်လာကြလေ့ ရှိသည်။
သိုင်းသခင်နယ်ပယ် အဆင့်မှာပင် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူသာ ပိုင်ဆိုင်သည့် ဘုရင့်စိတ်ဆန္ဒကို စုစည်းရန်မှာ တကယ်တမ်းတွင် အလွန်ခက်ခဲ၏။
သူတော်စင်မြို့တော် ငါးမြို့ထဲတွင် သူ့အပြင် မုန့်ရွှယ်ရွှယ်နှင့်ရှောင်ကျင့်ယွင် တို့သာ ဘုရင့်စိတ်ဆန္ဒကို စုစည်းနိုင်ခဲ့သည်။
ထို့ကြောင့် အချိန်တိုင်းတွင် ဖုန်းချင်းရီသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်များ ဖြစ်ကြသည့် မုန့်ရွှယ်ရွှယ်နှင့် ရှောင်ကျင့်ယွင်ကိုသာ သူ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့သည်။
သို့သော် သူတော်စင်မြို့တော် ငါးမြို့ထဲတွင် သူတို့အပြင် စတုတ္ထမြောက် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေလိမ့်မည်ဟု ဖုန်းချင်းရီ မမျှော်လင့်ထားခဲ့ပေ။
သူပို၍ မထင်ထားသည်မှာ ဤခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ကောင်လေးသည် မထင်မရှား လူငယ်တစ်ယောက် ဖြစ်နေခြင်းပင်။
"တကယ်ကို အံ့သြစရာပဲ"
ဖုန်းချင်းရီက ကျန်းချန်ကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်းတို့ ယန်ဒီမြို့က အတော်လေး လျှို့ဝှက်ထားတာပဲ.. ရှောင်ကျင့်ယွင်အပြင် မင်းလို ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"
လွန်ခဲ့သည့် ရာစုနှစ်များတွင် ယန်ဒီမြို့မှ မျိုးဆက်များသည် မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ပို၍ နိမ့်ကျလာခဲ့ပြီး ထူးချွန်သော ပုဂ္ဂိုလ်များ နည်းပါးလာခဲ့သည်။
ထို့ကြောင့်ပင် ယန်ဒီမြို့သည် သူတော်စင်မြို့တော် ငါးမြို့၏ အောက်ဆုံးနေရာသို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့၏။
လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် ယန်ဒီမြို့၌ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင် ရှောင်တုလီ ထွက်ပေါ်လာခဲ့ပြီး မျိုးဆက်တူ ပါရမီရှင်များကို တစ်ယောက်တည်းဖြင့် ဖိနှိပ်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ယန်ဒီမြို့သည် ပြန်လည် နာလန်ထူလာသည့် လက္ခဏာများကို ပြသလာခဲ့၏။
ယခုအချိန်တွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်ပင် ထွက်ပေါ်လာခဲ့ချေပြီ။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာ တိုးတက်လာမှုပင် မဟုတ်ပါလား။
"မင်းမထင်ထားခဲ့တဲ့ အရာတွေက အခုဖြစ်လာခဲ့ပြီ မဟုတ်လား.. ဖုန်းချင်းရီ ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. မသေချင်ဘူးဆိုရင် ဒီနေရာက ထွက်သွားလိုက်စမ်း"
ကျန်းချန်၏ ပြင်းထန်သော ကြုံးဝါးသံက ဖုန်းချင်းရီ၏ နားထဲကို တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့သည်။
အခန်း(၁၀၅၅)ပြီး၏။
အခန်း(၁၀၅၆)
ကျန်းချန်၏ ရူးသွပ်လောက်ဖွယ် ကြုံးဝါးသံသည် ဖုန်းချင်းရီ အတွက် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုလို ဖြစ်နေခဲ့သည်။
သူ ဖုန်းချင်းရီက မည်သူနည်း။
သူက သူတော်စင်မြို့တော် ငါးမြို့၏ လူငယ် မျိုးဆက်ထဲတွင် နံပါတ်တစ် ဖြစ်ပြီး ကြယ်ကိုးပွင့် အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
ရှန်းဖုန်းမြို့တော်တွင် နှစ်သုံးရာအတွင်း ကြယ်ကိုးပွင့် အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောသူ ဆိုလည်း မမှားပေ။
ထို့ကြောင့် မွေးဖွားလာကတည်းကပင် သူ၏ ပါရမီသည် ရှန်းဖုန်းမြို့တော်တွင် ပြိုင်ဘက်ကင်းရုံသာမက သူတော်စင်မြို့တော် ငါးမြို့တွင်လည်း ပြိုင်ဘက်ကင်းခဲ့သည်။
ယခုအခါတွင် သူသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့သူ ဖြစ်၏။
သူနှင့်အတူ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရသော မုန့်ရွှယ်ရွှယ်နှင့် ရှောင်ကျင့်ယွင် တို့ပင်လျှင် တကယ်တမ်းတွင် သူ၏ ပြိုင်ဘက်များ အဖြစ် သတ်မှတ်ရန် မလွယ်ကူပေ။
ထို့ကြောင့် ဤကောင်လေး အနေဖြင့် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာသည်ကို ဖုန်းချင်းရီသည် အနည်းငယ် အံ့အားသင့်နေခဲ့သည်။
သို့သော်လည်း ထိုမျှလောက်သည် ဖုန်းချင်းရီ၏ ရှေ့တွင် မောက်မာရန် မလုံလောက်သေးပေ။
"ကောင်လေး.. မင်းက တကယ်ကို မာနထောင်လွှားတာပဲ.. ဒီနှစ်တွေ အတွင်း သူတော်စင်မြို့တော် ငါးမြို့မှာ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတာ မင်းတစ်ယောက်ပဲ ရှိတယ်"
ဖုန်းချင်းရီ၏ မျက်နှာအမူအရာက အေးစက်ခက်ထန်နေခဲ့သည်။
"ဘာလို့လဲဆိုတော့ ငါ့ရှေ့မှာ မာနထောင်လွှားတဲ့သူတွေအားလုံးက အသက်မရှိတော့လို့ပဲ"
"ဟားဟား.. သူတို့တွေ မင်းလက်ထဲမှာ သေသွားရတာက အမှိုက်ကောင်တွေ မို့လို့ပဲ.. ဖုန်းချင်းရီ တခြားသူတွေရဲ့အမြင်မှာ မင်းက သူတော်စင်မြို့တော် ငါးမြို့ရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ကောင်းဖြစ်မယ်.. ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းက ဒီလောက် မဟုတ်ဘူး.. မင်းရဲ့အသက်စွမ်းအင် ပိတ်ပင်မခံထားရဘူး ဆိုရင်တော့ ငါအနည်းငယ်အားထုတ်ရလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက ငါ့ရဲ့ မျက်စိထဲမှာ ပုရွတ်ဆိတ်နဲ့ မခြားတော့ဘူး"
ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့သည်။
သူ၏ မျက်နှာအမူအရာသည် အလွန်ပင် အေးဆေးတည်ငြိမ်နေခဲ့၏။
ကျန်းချန်၏ စကားကိုကြားလျှင် ဖုန်းချင်းရီသည် ဒေါသထွက်လာခဲ့ပြီး မျက်လုံးထဲကနေ အေးစက်သော အလင်းတန်းများပင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ်ပါရမီရှင် အနေဖြင့် ဖုန်းချင်းရီသည် အမြဲတစေ လူအများ၏ ချီးကျူးမှုကိုသာ ခံယူခဲ့ရ၏။
ဤကဲ့သို့ အရှက်ရဖွယ် လှောင်ပြောင်မှုမျိုးကို သူ ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ။
ကျင့်ကြံသူ၏ စွမ်းအားကို ပိတ်ပင်ထားသည့် နေရာ ဖြစ်တော့ရော ဘာအရေးနည်း။
ထိုကဲ့သို့ အသက်စွမ်းအင်ကို ပိတ်ပင်ထားလျှင်ပင် သူသည် သူတော်စင်မြို့တော် ငါးမြို့၏ တပည့်အားလုံးကို သူ့ခြေဖဝါးအောက်တွင် ဖိနှိပ်ထားနိုင်သည့် အသန်မာဆုံး ပါရမီရှင် ဖြစ်နေဆဲပင် မဟုတ်ပါလား။
"ကျန်းချန်.. ငါက အသက်စွမ်းအင် ပိတ်ပင်ခံထားရလို့ မင်းငါ့အရှေ့မှာ လုပ်ချင်တိုင်း လုပ်လို့ရမယ် မထင်နဲ့.. ငါဖုန်းချင်းရီက အသက်စွမ်းအင်ကို အသုံးမပြုရင်တောင် မင်းကိုအလွယ်တကူ သတ်နိုင်ပါသေးတယ်"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်သည်။
စကားဆုံးသည်နှင့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်သည် လေထဲတွင် ပျံ့နှံ့သွားခဲ့သည်။
မကြာမီမှာပင် ဖုန်းချင်းရီ၏ ဦးခေါင်း အထက်တွင် ကြီးမားသော အပြာရောင်ပုံရိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ထိုအပြာရောင်ပုံရိပ်က ကျန်းချန်ကို အထက်စီးကနေ ငုံ့ကြည့်လိုက်၏။
၎င်း၏ ဟန်ပန်အမူအရာကြောင့် ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခိုက်လာခဲ့ပြီး လေထုကိုပင် လှုပ်ခတ်သွားစေခဲ့သည်။
"ကောင်လေး.. မင်းလို မလောက်လေးမလောက်စားက ငါဖုန်းချင်းရီကို ယှဥ်နိုင်မယ် ထင်နေလား.. ငါ့ရဲ့ မဟာအဆင့်စိတ်ဆန္ဒနဲ့ ဆိုရင် မင်းကို သတ်ဖြတ်ဖို့က ဘာမှမခက်ခဲဘူး"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ခေါင်းအထက်ရှိ အပြာရောင်ပုံရိပ်ကို အားကိုး၍ ကျန်းချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
"ဟားဟား.. မဟာအဆင့်စိတ်ဆန္ဒလား ဒီလောက်နဲ့ ငါ့ကို သတ်ချင်ရင်တော့ မင်းမှာ အရည်အချင်းမရှိသေးဘူး"
ကျန်းချန်က ဖုန်းချင်းရီ၏ မဟာအဆင့် လေဆန္ဒဖြင့် စုစည်းထားသော အပြာရောင်ပုံရိပ်ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။
"မင်းက ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ်နှင့် ယှဥ်ပြိုင်နေတော့လည်း ငါမင်းနဲ့ ကစားပေးရတာပေါ့"
စကားဆုံးသည်နှင့် ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့ ခြေလှမ်းလိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းဆိုသလို ထက်မြက်သော ဓားတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ပြင်းထန်သော ဓားစိတ်ဆန္ဒသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လေထဲတွင် အပြာရောင်ပုံရိပ်တစ်ခု အဖြစ် စုစည်းသွားခဲ့သည်။
ထိုအပြာရောင် ပုံရိပ်သည် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အဝတ်များက လေထဲတွင် တဖျပ်ဖျပ် လူးလွန့်နေ၏။
၎င်း၏ပုံစံက ဓားနတ်ဆိုး တစ်ပါးနှင့်ပင် ဆင်တူနေသည်။
အခန်း(၁၀၅၆)ပြီး၏။