အခန်း (၁၀၆၃-၁၀၆၅)
Vol. 71 Ch. 1063-1065
အခန်း(၁၀၆၃)
"ဒါက ထိပ်တန်းအဆင့် သားရဲသခင်တွေ အသုံးပြုတဲ့ သားရဲကျွန်ပြုခြင်း လက်ဟန်ပါလား"
ကျန်းချန်၏ ဆန်းကြယ်သည့် လက်ဟန်များကို ကြည့်ကာ ဖုန်းဟဲ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒီကောင်လေးကလည်း သားရဲသခင် ဖြစ်နေတာကိုး"
ကျန်းချန်၏ ဆန်းကြယ်သည့် လက်ဟန်များသည် သူမြင်တွေ့ဖူးသည့် သားရဲကျွန်ပြုခြင်း လက်ဟန်များနှင့် အနည်းငယ်ကွဲပြားသော်လည်း ဆဋ္ဌမအဆင့် အထွတ်အထိပ် သားရဲသခင် တစ်ဦး အနေဖြင့် ဤသည်မှာ သားရဲသခင်တစ်ယောက် အသုံးပြုသည့် နည်းလမ်းမှန်း မြင်နိုင်ရန် မခက်ခဲပေ။
"ဒီကောင်က သားရဲသခင်လည်း ဖြစ်နေသေးတာလား"
ဖုန်းချင်းရီ၏ စိတ်နှလုံးတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာသည် လုံးဝကို မှောင်မိုက်သွားခဲ့သည်။
ဤကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာ နှစ်မျိုးလုံးကို ကျင့်ကြံထားရုံသာမက သားရဲထိန်းချုပ်သည့် ပညာရပ်ကိုပါ ကျွမ်းကျင်နေခဲ့သည်။
ဤကဲ့သို့ မွန်းစတား တစ်ကောင်သည် ယန်ဒီမြို့တွင် မည်သည့်အချိန်က ထွက်ပေါ်လာခဲ့မှန်း ဖုန်းချင်းရီ လုံးဝမသိခဲ့ပေ။
"ဖုန်းဟဲ.. ဒီကောင့်ရဲ့ သားရဲသခင်အဆင့်က ဘယ်အဆင့်မှာရှိလောက်လဲ"
ဖုန်းချင်းရီက အံ့သြထိတ်လန့်နေရင်း ဖုန်းဟဲကို ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။
"စီနီယာအစ်ကို စိတ်မပူပါနဲ့.. ကျွန်တော်က ဆဋ္ဌမအဆင့်အထွတ်အထိပ် သားရဲသခင်ပါ.. သတ္တမအဆင့်ဖြစ်တဲ့ ဘုရင်အဆင့်သားရဲသခင်က လွဲရင် ကျွန်တော့်ရဲ့ သားရဲထိန်းချုပ်ရေး စည်းတံဆိပ်ကို ဘယ်သူမှ မဖယ်ရှားနိုင်ပါဘူး"
ဖုန်းဟဲက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"သူက သားရဲသခင် ဖြစ်နေရင်တောင် အလွန်ဆုံး ကျွန်တော့်လို ဆဋ္ဌမအဆင့် အထွတ်အထိပ်သားရဲသခင်အဆင့်ပဲ ရှိမှာပါ.. သူက ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ"
ဖုန်းဟဲ၏ စကားကိုကြားလျှင် ဖုန်းချင်းရီသည် အနည်းငယ် စိတ်အေးသွားခဲ့ရသည်။
သူ့ရှေ့မှကောင်လေးသည် အသက်နှစ်ဆယ်ကျော်လေးသာ ရှိသေးသည်။
သို့သော်လည်း ကျင့်ကြံခြင်း အဆင့်သည် ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင် အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာတာအိုတွင်လည်း ဆဋ္ဌမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူတော်စင်မြို့တော် ငါးမြို့၏ သမိုင်းကို ကြည့်လိုက်လျှင်ပင် အသက်နှစ်ဆယ် အရွယ်ဖြင့် ဤကဲ့သို့ အောင်မြင်မှုမျိုး ရရှိထားသည့် ဒုတိယမြောက်လူကို ရှာဖွေရန် ခက်ခဲသည်။
ဤကောင်လေးက သားရဲပညာရပ်များကို တတ်ကျွမ်းပြီး သတ္တမအဆင့် သားရဲသခင်အဆင့်ကို ရောက်နေခဲ့သည်ဟု ဆိုလျှင် အရမ်းကို ချဲ့ကားရာ ရောက်သွားမည် မဟုတ်ပါလော။
ဤကမ္ဘာတွင် ဘက်စုံထူးချွန်သော မွန်းစတားများ အမှန်တကယ် ရှိနေလိမ့်မည်ဟု ဖုန်းချင်းရီ လုံးဝ မယုံကြည်ထားခဲ့ပေ။
ဖုန်းချင်းရီတို့ စကားပြောနေစဥ်တွင် အခြားတစ်ဖက်ရှိ ကျန်းချန်၏ လက်ဟန် အပြောင်းအလဲများသည် အရှိန်အဟုန် ပို၍ မြန်ဆန်လာခဲ့သည်။
သူ၏ ဆန်းကြယ်သော လက်ဟန်များနှင့်အတူ ဝိညာဥ်စွမ်းအားများသည် လျင်မြန်စွာ စုစည်းလာခဲ့၏။
ခဏအကြာတွင် ကျန်းချန်၏ လက်များကြားတွင် လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်အလင်းတန်းကို ထုတ်လွှတ်နေသည့် စည်းတံဆိပ် တစ်ခုသည် လုံးဝ ပုံပေါ်လာခဲ့သည်။
"ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးစည်းတံဆိပ် အသက်ဝင်"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ၏လက်များကို လှုပ်ရှားကာ သူ၏ ဝိညာဥ်ဆန္ဒ ပါဝင်သော အပြာရောင်စည်းတံဆိပ်ကို ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ၏ ဦးခေါင်းထက်တွင် ရုတ်တရက် ဖိချလိုက်သည်။
အပြာရောင် စည်းတံဆိပ်က ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ၏ စိတ်ဝိညာဥ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် ရုတ်တရက် တုန်ယင်သွားခဲ့သည်။
ထိုအချိန်မှာပင် တစ်ဖက်ရှိ ဖုန်းဟဲသည် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ၏ ခန္ဓာကိုယ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူနှင့် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံတို့အကြားရှိ ဆက်နွှယ်မှုအား ဖြတ်တောက်လိုက်သည်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။
ဖုန်းဟဲ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ၏ စိတ်ဝိညာဥ်ထဲတွင် ရိုက်နှိပ်ထားသည့် သူ၏ သားရဲထိန်းချုပ်ရေး နည်းစနစ်နှင့် ဆက်သွယ်ရန် အလျင်အမြန်ပင် ကြိုးစားခဲ့သည်။
သို့သော် သူအနေဖြင့် မည်သို့ပင် လုပ်ဆောင်စေကာမူ သူ၏ သားရဲထိန်းချုပ်ရေး စည်းတံဆိပ်သည် ပင်လယ်ထဲကို ပြုတ်ကျသွားသော ကျောက်တုံးတစ်တုံး ကဲ့သို့ စုန်းစုန်းမြှုပ်သွားသလို ဖြစ်နေခဲ့ပြီး လုံးဝ မခံစားရတော့ပေ။
"မင်း.. မင်းဘာလုပ်လိုက်တာလဲ"
ဖုန်းဟဲက ရုတ်တရက် ခေါင်းမော့ကာ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် အလွန်အမင်း ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ဤကောင်လေးသည် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံနှင့် သူ၏ ဆက်နွှယ်မှုကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်သည်။
ဤကဲ့သို့ စွမ်းဆောင်ရည်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ်သားရဲသခင် တစ်ယောက် လုပ်ဆောင်နိုင်သော စွမ်းရည်မျိုး မဟုတ်ပေ။
"ဒီကောင်လေးက တကယ်ပဲ သတ္တမအဆင့် ဘုရင်အဆင့်သားရဲသခင် ဖြစ်နေတာလား"
"ငါဘာမှမလုပ်ပါဘူး.. ကမ္ဘာမြေတုန်ဟီးရွှေလူဝံရဲ့ စိတ်ဝိညာဥ်ထဲက မင်းရဲ့ စည်းတံဆိပ် အမှတ်အသားကို ဖျက်ပစ်လိုက်ရုံပါပဲ.."
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး ချက်ချင်းဆိုသလို ဖုန်းချင်းရီတို့ သုံးဦးကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
"အခု ငါက ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ထိန်းချုပ်နိုင်တဲ့ အတွက် လောင်းကြေးမှာ အနိုင်ရသွားပြီ.. ကျေးဇူးပြုပြီး ကတိအတိုင်း မင်းတို့ ဒီကနေ ထွက်သွားပေးပါ"
"လူယုတ်မာလေး.. ငါ့ရဲ့ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ ပြန်ပေးစမ်း"
ထိုအချိန်တွင် ဖုန်းဟဲ၏ မျက်လုံးများသည် နီရဲလာခဲ့ပြီး မျက်လုံးကနေ မီးလျှံများ ထွက်လုမတတ် ဖြစ်နေခဲ့သည်။
အခန်း(၁၀၆၃)ပြီး၏။
အခန်း(၁၀၆၄)
ကျန်းချန်က ဖုန်းဟဲကို ဂရုမစိုက်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
"မင်းတို့ ရှန်းဖုန်းမြို့ရဲ့ ပါရမီရှင်တွေက ဒီလိုပဲ အရှုံးကို လက်မခံနိုင်တဲ့ သူတွေလား.. ငါအပိုစကားတွေ ထပ်မပြောချင်ဘူး.. မင်းတို့ ကိုယ့်ဘာသာကိုယ် ထွက်သွားမလား ဒါမှမဟုတ် ငါက မင်းတို့ကို ကန်ထုတ်ပေးရမလား"
"ကောင်လေး.. ဒီနေ့ ငါဖုန်းချင်းရီ အရှုံးကို ဝန်ခံတယ်.. သွားကြစို့"
ဖုန်းချင်းရီက မကျေမနပ် ရေရွတ်လိုက်သည်။
သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး အနေဖြင့် ဖုန်းချင်းရီသည် မာနအလွန်ကြီးသောသူ ဖြစ်သည်။
ထို့ကြောင့် ကတိမတည်သည့်သူ မဖြစ်ချင်သည်မှာ သဘာဝကျပေသည်။
ထို့အပြင် သူ့ရှေ့မှ ကောင်လေးသည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး နည်းလမ်း အမျိုးမျိုးကို အသုံးပြုတတ်သည်။
သူ၏ လက်ထဲတွင် ဝှက်ဖဲ ရှိနေသေးသော်လည်း အသက်စွမ်းအင်ကို ပိတ်လှောင်ထားသည့် ဤနေရာတွင် သူ၏ ဝှက်ဖဲများကို ထုတ်သုံးလျှင်ပင် ကျန်းချန်ကို ရင်ဆိုင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်မှုမရှိပေ။
"စီနီယာအစ်ကို."
ဖုန်းဟဲက မယုံကြည်နိုင်စွာဖြင့် ဖုန်းချင်းရီကို ကြည့်လိုက်သည်။
ဖုန်းချင်းရီက ကျန်းချန်တို့အဖွဲ့ကို အမှန်တကယ် အလျှော့ပေးဖို့ ရွေးချယ်လိမ့်မည်ဟု ဖုန်းဟဲ မထင်ထားခဲ့ပေ။
"အလောင်းအစားကို ငါ့ဘက်ကပဲ စတင်ခဲ့တယ် ငါတို့ရှန်းဖုန်းမြို့ရဲ့ တပည့်တွေက ကတိတည်တဲ့သူတွေပါ.. သွားကြရအောင်"
ဖုန်းချင်းရီက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်သို့ တစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ ကျန်းချန်တို့၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။
"စီနီယာအစ်ကို ကျွန်တော်တို့ တကယ်ပဲ ဒီလို လက်ဗလာနဲ့ထွက်သွားတော့မှာလား"
"မထွက်သွားတော့ မင်းက ဘာဆက်လုပ်ချင်လို့လဲ.. အဲဒီကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို မင်းလည်း မြင်တာပဲ.. အဲဒီနေရာမှာ သူ့ကို ရင်ဆိုင်ဖို့ ငါ့ကိုယ်ငါတောင် မသေချာဘူး.."
ဖုန်းချင်းရီက စိတ်ပျက်လက်ပျက် ညီးညူလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ဒီအတိုင်းပဲ ဒီကိစ္စကို မေ့ပစ်လိုက်ရမှာလား.."
ဖုန်းဟဲက အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။
ဤတစ်ကြိမ် ဖုန်းချင်းရီနှင့် အတူ ဝိညာဥ်သတ္တုမိုင်းတွင်းသို့ လိုက်လာသည်က မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့သည့်အပြင် သူ၏ ကမ္ဘာမြေတုန်ဟီးရွှေလူဝံကိုပါ ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ဖုန်းဟဲသည် သူ၏ နှလုံးသွေးများ ယိုစိမ့်နေသကဲ့သို့ ခံစားနေခဲ့ရ၏။
"ဘာလို့ လွယ်လွယ်ကူကူ မေ့ပစ်လိုက်ရမှာလဲ.. ဒီကောင်က ငါတို့ ရှန်းဖုန်းမြို့ရဲ့ တပည့်တွေကိုသတ်ပြီး ငါတို့ရဲ့အခွင့်အရေးတွေကို သိမ်းယူသွားခဲ့တာကို ငါက ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးနိုင်မှာလဲ"
ထိုအချိန်တွင် ဖုန်းချင်းရီ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ခု လင်းလက်နေခဲ့သည်။
သူက သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော်လည်း ယခုကဲ့သို့ ကြီးမားသော ရှုံးနိမ့်မှုကို မခံစားခဲ့ဖူးပေ။
ဖုန်းလင်း သူ့ကို ပေးခဲ့သည့် သတင်းအရ ထို့လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းတွင်းအောက်တွင် ဒဏ္ဍာရီလာ ဝိညာဥ်သတ္တုမိုင်းတွင်း တစ်ခုရှိနေခဲ့သည်။
သူသာ ဝိညာဥ်ကျောက်တုံးများကို လုံလောက်စွာ တူးဖော်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် အဆပေါင်းများစွာ တိုးမြှင့်လာမည် ဖြစ်၏။
အသက်သုံးဆယ် မတိုင်မီ နတ်သန္ဓေအင်ပါယာ ဖြစ်လာရန်ပင် မဖြစ်နိုင်သောကိစ္စ မဟုတ်တော့ပေ။
ထိုအတိုင်းသာ ဖြစ်လာလျှင် သူသည် နှစ်ပေါင်းတစ်ထောင်နီးပါး အတွင်း သူတော်စင်မြို့တော် ငါးမြို့မှ အသက်သုံးဆယ်မတိုင်မီ နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် ပထမဆုံးလူ ဖြစ်လာမည်ဟု ယုံကြည်ခဲ့သည်။
သို့ဖြစ်ရာ ဖုန်းချင်းရီသည် ဤကဲ့သို့ အထွတ်အထိပ် ရတနာကို တခြားသူ၏ လက်ထဲတွင် အဘယ်ကြောင့် ထည့်ပေးနိုင်ပါမည်နည်း။
ဖုန်းချင်းရီ၏ စကားကိုကြားလျှင် ဖုန်းဟဲက အနည်းငယ် အံ့အားသင့်သွားပြီး နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"စီနီယာအစ်ကိုရဲ့ စကားက ဘာကိုဆိုလိုတာလဲ"
"ဝိညာဥ်သတ္တုမိုင်းတွင်းရဲ့ နယ်မြေမှာ ကျင့်ကြံသူရဲ့ အသက်စွမ်းအင်ကို ပိတ်ပင်ထားတဲ့ အတွက် ငါ့ရဲ့ ခွန်အားကို အပြည့်အဝ အသုံးမပြုနိုင်ဘူး"
ထိုစကားကိုပြောရင်း ဖုန်းချင်းရီ၏ မျက်လုံးက လင်းလက်သွားခဲ့သည်။
ထို့နောက် သူက အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ထျန်းဝူမြို့တော်က ဝူကျန့်ယန်ကို ငါရှာနေတယ်လို့ ရှန်းဖုန်းမြို့တော်က တပည့်တွေကို အကြောင်းကြားလိုက်"
ဖုန်းချင်းရီသည် မသေချာသည့် တိုက်ပွဲကို ဘယ်သောအခါမှ တိုက်လေ့မရှိပေ။
ကျန်းချန်ကို ကိုင်တွယ်ဖို့ဆိုလျှင် သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ တာအိုပါရမီရှင် ဝူကျန့်ယန်နှင့် ပူးပေါင်းဆောင်ရွက်သည်က တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဝူကျန့်ယန်၏ စွမ်းအားကို အသုံးပြုပြီး ကျန်းချန်ဆီကနေ ဝိညာဥ်သတ္တုမိုင်းတွင်းကို သိမ်းယူနိုင်လျှင် အကောင်းဆုံးဖြစ်သည် မဟုတ်ပါလား။
အကယ်၍ ဝူကျန့်ယန်ကို ရှာမတွေ့ခဲ့လျှင် ဖုန်းချင်းရီသည် ဒုတိယ အစီအစဥ်ကိုသာ ဆက်လက် လုပ်ဆောင်ရတော့မည် ဖြစ်သည်။
ယင်းမှာ ကျန်းချန် တို့အဖွဲ့ ဝိညာဥ်သတ္တုမိုင်းတွင်းထဲက ထွက်လာသောအခါတွင် ကျန်းချန် တို့အဖွဲ့ ရရှိထားသည့် ဝိညာဥ်ကျောက်တုံးများကို လုယူရန် ဖြစ်သည်။
သူ့စီနီယာအစ်ကို၏ စကားကိုကြားလျှင် ဖုန်းဟဲ၏ မျက်လုံးများသည် အနည်းငယ် လင်းလက်လာခဲ့သည်။
"စိတ်ချပါ စီနီယာအစ်ကို.. ရှန်းဖုန်းမြို့တော်ရဲ့ တပည့်တွေအားလုံးဆီ သတင်းပို့ပြီး ဝူကျန့်ယန်ကို ရှာဖွေခိုင်းလိုက်ပါ့မယ်"
အခန်း(၁၀၆၄)ပြီး၏။
အခန်း(၁၀၆၅)
ဖုန်းဟဲသည် အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် ရှိသော ရှန်းဖုန်းမြို့၏ တပည့်အားလုံး ထံသို့ ကျောက်စိမ်းတံဆိပ်ပြားမှတဆင့် သတင်းပေးပို့ခဲ့သည်။
တစ်ခဏအတွင်းမှာပင် အင်ပါယာ အမွေအနှစ် နယ်မြေထဲရှိ ရှန်းဖုန်းမြို့တော်မှ တပည့်အားလုံးသည် ဖုန်းဟဲ ဆီသို့ ဆက်သွယ်ခဲ့ကြသည်။
"စီနီယာအစ်ကို ကျွန်တော်တို့ စုံစမ်းရသလောက် ဝူကျန့်ယန်ကို မြင်တဲ့သူ ရှိမနေဘူး ထျန်းဝူမြို့တော်က တပည့်တွေဆီ စုံစမ်းတာတောင် ဝူကျန့်ယန်ရဲ့ သတင်းကို မရရှိခဲ့ဘူး.."
ထိုကဲ့သို့သော စကားများကိုကြားလျှင် ဖုန်းဟဲ၏ မျက်နှာထားသည် အနည်းငယ် အကျည်းတန်လာခဲ့သည်။
"ကြည့်ရတာ ဝူကျန့်ယန်က ရတနာ နယ်မြေ တစ်ခုခုကို ဝင်သွားပုံရတယ်.. ဒါကြောင့် အပြင်ဘက်မှာ ရှိတဲ့ လူတွေက သူ့ရဲ့သတင်းအချက်အလက်ကို မရရှိနိုင်တာ ဖြစ်နိုင်တယ်"
ဖုန်းချင်းရီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး တွေးတွေးဆဆ ပြောလိုက်သည်။
"ဒါဆို ငါတို့တွေ ဒီကနေ ယာယီထွက်ခွာပြီး ဝူကျန့်ယန်နဲ့ အဆက်အသွယ်ရတဲ့ အထိ စောင့်ဆိုင်းကြတာပေါ့"
ဝူကျန့်ယန်ကို ဆက်သွယ်၍ မရသောကြောင့် ဤနေရာတွင် ဆက်နေလျှင်လည်း သူတို့အတွက် အဓိပ္ပါယ်မရှိတော့ပေ။
ထို့ကြောင့် ဤနေရာတွင် ဆက်နေမည့် အစား တခြားနေရာတွင် အခွင့်အလမ်းများကို ရှာဖွေသည်က ပိုကောင်းသည် မဟုတ်ပါလော။
ဝူကျန့်ယန်နှင့် အဆက်အသွယ် ရရှိသောအခါမှသာ သူက ဝူကျန့်ယန်နှင့် ပူးပေါင်းပြီး ကျန်းချန်တို့ ဆီမှ ဝိညာဥ်ကျောက်တုံးများကို လုယူမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
သို့သော် ကျန်းချန်ကို တိုက်ခိုက်ရန် အတွက် သူပူးပေါင်းရန် စီစဥ်နေသည့် ဝူကျန့်ယန်သည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားပြီ ဆိုသည်ကို ဖုန်းချင်းရီ ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။
ကျန်းချန်တို့ လူစုက ဖုန်းချင်းရီတို့ လူစု၏ အစီအစဥ်ကို လုံးဝ မသိခဲ့ကြချေ။
သူတို့က ဖုန်းချင်းရီတို့ ထွက်ခွာသွားပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းတွင်းကို အာရုံ စူးစိုက်လိုက်ကြပြီး ထိုတွင်းအောက်ခြေသို့ ဆင်းသက်ရန် ပြင်လိုက်ကြသည်။
ဤနေရာက အသက်စွမ်းအင်ကို ပိတ်လှောင်ထားသောကြောင့် အသက်စွမ်းအင်ကို အသုံးမပြုဘဲ ကျန်းချန်တို့သည် တွင်းအောက်ခြေသို့ ဆင်းရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် ရှောင်ပိုင်ရီက မီတာ တစ်ရာခန့် နောက်ဆုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင် အနည်းငယ်ကို ပြန်လည်ရရှိအောင် ပြုလုပ်လိုက်သည်။
အသက်စွမ်းအင် အနည်းငယ်ကို ပြန်လည်ရရှိခဲ့ပြီး နောက်တွင် ရှောင်ပိုင်ရီသည် သူ၏ သိုလှောင်လက်စွပ်မှ မီတာဆယ်ချီရှည်လျားသော သံကြိုးတစ်ကြိုးကို ထုတ်ယူကာ ကျန်းချန်တို့ဆီသို့ ပြန်လည် လျှောက်လာခဲ့သည်။
"အစ်ကိုပိုင်ရီ.. အပေါ်ကနေပဲ စောင့်နေပေးပါ ကျွန်တော်ပဲ အောက်ကို ဆင်းလိုက်တော့မယ်"
ကျန်းချန်က သံကြိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း ရှောင်ပိုင်ရီတို့ လူစုကို ပြောလိုက်သည်။
ဝိညာဥ် သတ္တုမိုင်းတွင်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား အဆီအနှစ် ဖြစ်သည်။
ဤဝိညာဥ်သတ္တုမိုင်းတွင်းသည် အနည်းဆုံး နှစ်တစ်ထောင်ခန့် တည်ရှိခဲ့ပြီး မည်သူမှ မထိတွေ့ရသေးပေ။
ထို့ကြောင့် ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ပုရွက်ဆိတ် သို့မဟုတ် ပင့်ကူပင် အစွမ်းထက်သော သားရဲတစ်ကောင် ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ရှောင်ပိုင်ရီတို့ လူစု အောက်ဘက်သို့ ဆင်းလာခဲ့လျှင် အလွန် အန္တရာယ်များမည် ဖြစ်၍ သူတစ်ယောက်တည်းဆင်းရန်သာ ဆုံးဖြတ်လိုက်သည်။
ရှောင်ပိုင်ရီက သူ၏ အဆိုကို သဘောတူသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ညီလေးကျန်း.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
"စိတ်ချပါ စီနီယာအစ်ကို"
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး သံကြိုးကို ဆုပ်ကိုင်ကာ ရှေးဟောင်းတွင်း ထဲသို့ ဆင်းသွားခဲ့သည်။
သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သတ္တမအဆင့်သားရဲဘုရင်ကို မတွေ့သရွေ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြဿနာမရှိပေ။
ကျန်းချန်သည် သံကြိုးကိုကိုင်ကာ အောက်သို့ ဆင်းသက်သွားခဲ့၏။
ပေနှစ်ဆယ်မျှ ဆင်းသက်ပြီးနောက်တွင် အဆုံးသတ်၌ ရှေးဟောင်းတွင်း၏ အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းချန်က ရှေးဟောင်းတွင်း၏ အောက်ခြေသို့ ခြေချရုံသာ ရှိသေးသော်လည်း ပြင်းထန်သော လေပြင်းတိုက်ခတ်မှုက သူ၏ အနောက်ကနေ ရုတ်တရက် ရိုက်ခတ်လာခဲ့၏။
ကျန်းချန်က တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို အမြင့်ဆုံး အဆင့်ထိ မြှင့်တင်လိုက်ရာ သူ၏ ခန္ဓာကိုယ် အပေါ်ယံ အလွှာတွင် ရွှေရောင်အလင်း အကာအကွယ် ဖြစ်ပေါ်လာခဲ့သည်။
"ရှဲ"
ထိုခဏမှာပင် လေထဲကနေ ရောက်ရှိလာသည့် အနီရောင် ပိုးချည်မျှင် တစ်ခုသည် သူ၏ ရွှေရောင်အလင်း အကာအကွယ်ကို ထိတွေ့မိကာ လောင်ကျွမ်းသွားခဲ့သည်။
ဤအနီရောင် ပိုးချည်မျှင်ထဲတွင် ပြင်းထန်စွာ တိုက်စားနိုင်သော အကျိုးသက်ရောက်မှု တစ်ခု ရှိနေပုံရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ရွှေရောင်အလင်းသည် ချက်ချင်းဆိုသလို မှိန်ဖျော့သွားသောကြောင့်ပင်။
"ဒါက ဘာကြီးလဲဟ"
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
သူယခု ထုတ်ဖော်ထားသော ကာကွယ်ရေးချီသည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်အောက်ရှိ ကျင့်ကြံသူများပင် ချိုးဖျက်ရန် ခက်ခဲသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ပတ်ဝန်းကျင်ကို ချက်ချင်းပင် အကဲခတ်လိုက်သည်။
ထိုအခါ ထောင့်တစ်နေရာတွင် မီးလျှံကဲ့သို့ နီရဲသော ဧရာမပင့်ကူတစ်ကောင် ခိုအောင်းနေသည်ကို တွေ့လိုက်ရသည်။
ထိုပင့်ကူက အေးစက်သော မျက်လုံးများဖြင့် သူ့ကို စူးစိုက်၍ ကြည့်နေခဲ့၏။
"ဒါက ဆဋ္ဌမအဆင့် သားရဲနဲ့ ယှဥ်နိုင်တဲ့ သန္ဓေပြောင်း မီးဝိညာဥ် အဆိပ်ပင့်ကူပဲ"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤဝိညာဥ်သတ္တုမိုင်းတွင်း ပေါ်ပေါက်ခဲ့သည့် အချိန်သည် သူထင်ထားသည်ထက်ပင် ပိုမို ကြာမြင့်ခဲ့ပုံရသည်။
အကြောင်းရင်းမှာ မီးဝိညာဥ် အဆိပ်ပင့်ကူ ကဲ့သို့ သတ္တဝါများပင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
အခန်း(၁၀၆၅)ပြီး၏။