အဖွဲ့ခေါင်းဆောင်လုပ်ရမည့်အဆင့်ပင်ရောက်ခဲ့ပြီ
Vol. 13 Ch. 177
အခန်း (၁၇၇) အဖွဲ့ခေါင်းဆောင်လုပ်ရမည့်အဆင့်ပင်ရောက်ခဲ့ပြီ
ဆရာဖြစ်သူထံမှ ပြန်လာပြီးနောက် ကျန်းလန် သူနေထိုင်ရာ ခြံဝန်းဆီသို့ ရောက်လာခဲ့သည်။
ဝိညာဉ်သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို စစ်ဆေးကြည့်လိုက်သည်။ ရေသဖန်းပင်လေးက အတော်လေးညှိုးခြောက်နေပြီး သားရဲဥလေးကတော့ အရင်အတိုင်းပင် ငြိမ်သက်နေဆဲ ဖြစ်၏။
သို့သော် သားရဲဥလေးသည်လည်း အသက်ဓာတ်စွမ်းအားများ အားနည်းနေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုအရာလေး (၂)ခုက အသက်ပြင်းဟန်ရှိသော်လည်း အချိန်ကြာမြင့်စွာ လျစ်လျူရှုထားမိပါက သေဆုံးသွားနိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။
ယခုအချိန်ထိ သူတို့အသက်ရှင်နေသေးသည်ကို ကြည့်ခြင်းအားဖြင့် ရှောင်ယွိလာရောက်ပြီး ဝိညာဉ်ဆေးရည်များ လောင်းပေးထားဟန် ရှိသည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေး၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ကျန်းလန် ပန်းပင်များရှိရာသို့ ထွက်ခွာလာခဲ့သည်။
ပန်းပင်များနေရာတွင် သေးငယ်သည့် ကွက်လပ်လေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အရင်ကလည်း ထိုအကြောင်းကို ရှောင်ယွိ သူ့ကို ပြောခဲ့ဖူးလေရာ အရေးကြီးသည့်ကိစ္စတော့ မဟုတ်ပေ။
ထို့နောက် သူက နဝမတောင်ထွတ်တစ်ခုလုံးကို ဟိုဟိုဒီဒီ လျှောက်ကြည့်လေ့လာလိုက်သည်။ သူပြုလုပ်ထားသည့် အစီအရင်များ ခိုင်မာမှု ရှိ မရှိကိုလည်း စစ်ဆေးလိုက်သည်။
သူ ခရီးထွက်သွားသဖြင့် တောင်ထွတ်တစ်ခုလုံး ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသည်မှအပ အခြားပြဿနာ ကြီးကြီးမားမား မတွေ့ရပေ။
အစီအရင်များ၏ ဗဟိုမဏ္ဍိုင်က အရင်ကထက်ပင်ပိုပြီး အားကောင်းလာသေးသည်။ ရည်ရှည်စွမ်းအားများ စုစည်းထားခြင်း၏ ရလဒ်ဖြစ်၏။
နဝမတောင်ထွတ်တစ်ခုလုံးကို စစ်ဆေးပြီးနောက် ကျန်းလန် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းသည့်အလုပ်ကို ခပ်မြန်မြန်ပင် စတင်လုပ်ဆောင်လိုက်သည်။
မကြာမီ နဝမတောင်ထွတ်တစ်ခုလုံး သန့်ရှင်းလေးပြုလုပ်ပြီးသွားလေသည်။
ထိုအခါမှ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ယူဆောင်ကာ ကျန်းလန် မရဏဂူသို့ ထွက်ခွာလာခဲ့သည်။
အချိန် (၄)နှစ်အတွင်း မရဏဂူကတော့ များများစားစား ပြောင်းလဲခဲ့ခြင်း မရှိပေ။
သူနေထိုင်သည့်နေရာသည်လည်း အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။
ကျန်းလန်က ငရဲတံခါးကို တစ်ချက်အကဲခတ်လိုက်သည်။
သူ အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင် ငရဲတံခါးအတွင်းသို့ ကြည့်မြင်နိုင်လိမ့်မည်ဟု ဆရာဖြစ်သူက ပြောခဲ့ဖူးသည်။
ယခု သူက လူသားအင်မော်တယ်တစ်ပါးဖြစ်လာပြီ ဖြစ်သည်။ ထို့ကြောင့် ငရဲတံခါးအတွင်းသို့ ကြည့်နိုင်စွမ်း ရှိလောက်ပေပြီ။
သို့သော် ကျန်းလန် ခေါင်းခါရမ်းလိုက်ရင်း…
"လောစရာမလိုပါဘူး… နောက်မှ ကြည့်တာပေါ့…"
တည်ငြိမ်သည့်အခြေခံမရှိဘဲ အင်မော်တယ်အဆင့်တက်လာသည့် ကျင့်ကြံသူတစ်ယောက်ကသာ ငရဲတံခါးကို ကြည့်ရှုရန် စိတ်လှုပ်ရှားနေမည် ဖြစ်သည်။
ကျန်းလန်ကတော့ အစကတည်းက စိတ်တည်ငြိမ်သူဖြစ်သောကြောင့် အလျင်လိုခြင်း မရှိပေ။
ထို့ပြင် ဆရာဖြစ်သူက ငရဲတံခါးအဝင်ဝတွင် ထောင်ချောက်တစ်ခု တပ်ဆင်ထားသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
ယခင်က ထိုထောင်ချောက်ရှိနေသည်ကို အာရုံမခံမိသော်လည်း ယခုတော့ အာရုံခံနိုင်ခဲ့သည်။
ကျန်းလန် လူသားအင်မော်တယ်တစ်ပါးဖြစ်လာသည့်တိုင် ဆရာဖြစ်သူ၏ တန်ခိုးစွမ်းအားကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။
"အင်မော်တယ်အဆင့်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို အရင်လေ့လာရင်ကောင်းမလား… ၊ ဒါမှမဟုတ် ငါ့ရဲ့တည်ရှိမှုကို မိုးကောင်းကင်ကနေ ဖုံးကွယ်ပေးထားနိုင်တဲ့ အစီအရင်တစ်ခုကို အရင်ဆုံး တည်ဆောက်သင့်သလား…"
ကျန်းလန် ချီတုံချတုံဖြင့် တစ်ခဏမျှ စဉ်းစားနေမိသည်။
ထို့နောက် အစီအရင်ကို အရင်ဆုံး ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက် ကောင်းကင်လွှမ်းတန်ခိုးစွမ်းအားကို သင်ယူနိုင်ရန်က ပိုမိုအရေးကြီးသည် မဟုတ်ပါလား။
သို့သော် အစီအရင်ကို ပြုလုပ်ရန် အတော်လေး အချိန်ယူရလေသည်။
နွေဦးကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးရာသီသို့တိုင် ရောက်ရှိလာခဲ့သည်။
အချိန် (၁)နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
(၁)နှစ်အတွင်း…
မရဏဂူပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျန်းလန် တွင်းငယ်များတူးထားပြီး အစီအရင်များ ပြုလုပ်ထားသည်။
မရဏဂူတစ်ခုလုံး၏တည်ရှိမှုကို မိုးကောင်းကင်မှ မသိမြင်စေရန် ဖုံးကွယ်ပေးထားသည့် အစီအရင်များပင် ဖြစ်၏။
အစီအရင်များက တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေကြပြီး သက်ရောက်မှုက ထိပ်ဆုံးအဆင့် ဖြစ်သည်။
လွန်ခဲ့သည့်နှစ်များက ကျန်းလန် အစီအရင်ပညာအကြောင်း များစွာလေ့လာခဲ့ပြီး တစ်စုံတစ်ခု၏တည်ရှိမှုကို မိုးကောင်းကင်မှ ဖုံးကွယ်ပေးထားသည့် အစီအရင်များအကြောင်း များစွာ ဖတ်ရှုခဲ့ဖူးသည်။
ထိုသို့သောအစီအရင်ကို ပြုလုပ်ရန် ကျန်းလန် တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရသည်။
"ကဲ… အခု စမ်းသပ်ကြည့်လို့ရပြီ…"
ပြုလုပ်ထားသည့် အစီအရင်တွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးသည့်နောက် ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် သူ၏ စိတ်အာရုံထဲမှ "ကောင်းကင်လွှမ်းသစ်ရွက်" တန်ခိုးစွမ်းအား စာအုပ်ကို ထုတ်ဖော်ကြည့်ရှုလိုက်သည်။
ကျန်းလန် အာရုံစူးစိုက်လိုက်သည်နှင့် စာအုပ်က အလိုလိုပွင့်သွားသည်။
"ဖလပ်…"
ချက်ချင်းပင် စာအုပ်အတွင်းမှ မရေမတွက်နိုင်သည့် စကားလုံးများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါင်းစပ်လာသည်။
ထိုအချိန် မမြင်ရသည့် တည်ရှိမှုတစ်ခုက သူ့ကို စူးစိုက်ကြည့်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည်။ သို့သော် သူပြုလုပ်ထားသည့် အစီအရင်များကြောင့် ထိုခံစာချက်က ခဏအတွင်း ပျောက်ကွယ်သွားသည်။
ထိုအကြည့်က မဟာတာအို၏ အကြည့်ဖြစ်သည်။
ကောင်းကင်လွှမ်းတန်ခိုးစွမ်းအားကို ကျင့်ကြံရန်အတွက် အစီအရင်၏ အရေးပါမှုက မြင့်မားကြောင်း ကျန်းလန် သဘောပေါက်သွားသည်။
ထို့နောက် ကျန်းလန်၏ စိတ်အာရုံထဲမှ စာအုပ်နှင့် စကားလုံးများ သဲလွန်စမကျန် ပျောက်ကွယ်သွားပြီး ကျန်းလန်၏ခန္ဓာကိုယ်အစိတ်အပိုင်းအဖြစ် စီးဝင်ပေါင်းစပ်သွားသည်။
အဆုံးမရှိသည့် မြူခိုးပင်လယ်ကြီးထဲတွင် ထိုင်နေရသည့်အလား ကျန်းလန် စတင်ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်ထက်မှ မရေမတွက်နိုင်အောင်များပြားသည့် သေးမျှင်သောမျဉ်းကြောင်းများ ထွက်ပေါ်လာသည်။
မျဉ်းကြောင်းတစ်ခုစီတိုင်းက တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုနှင့်ချိတ်ဆက်ထားသည့် သူ၏ ကံကြမ္မာကို ကိုယ်စားပြုသည်။
မျဉ်းကြောင်းများက တောက်ပလာလေ ကံတရားကနက်ရှိုင်းလာလေ ဖြစ်သည်။
ကံကြမ္မာမျဉ်းကြောင်းများ ကျန်းလန်၏ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ပိုမိုထူထပ်လာကာ ကံကြမ္မာမျဉ်းကြောင်းများအားလုံးကို ဖုံးအုပ်ပစ်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်မှ မြူခိုးများက ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကျန်းလန်က မြူခိုးများကြားတွင်ထိုင်ရင်း အဆုံးမရှိသည့် ဗလာနယ်အာကာသအတွင်းသို့ လှမ်းကြည့်လိုက်သည်။
သူ့ကို မည်သူမှ သတိမထားမိကြတော့ပေ။
သူ ကောင်းကင်လွှမ်းသစ်ရွက် တန်ခိုးစွမ်းအားကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ကျန်းလန်က မျက်လုံးများဖွင့်လိုက်ပြီး လက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ကြည့်လိုက်သည်။
သူ့လက်ပေါ်တွင် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအား တည်ရှိနေသည်ကို ခံစားလိုက်ရပြီး ကျန်းလန် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။
ဤတန်ခိုးစွမ်းအားက လိုအပ်မှ ထုတ်ဖော်အသုံးပြုရသည့် တန်ခိုးစွမ်းအားမျိုးမဟုတ်ဘဲ တည်ငြိမ်စွာ အစဉ်အမြဲတည်ရှိနေသည့် တန်ခိုးစွမ်းအားမျိုး ဖြစ်သည်။ အမြဲတမ်း အသက်ဝင်နေမည် ဖြစ်၏။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးမပြုလျှင်တောင်မှ ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားက သူ့ကို အလိုအလျှောက် ကာကွယ်ပေးထားမည် ဖြစ်သည်။
"ဒါ အတော်လေး အဆင်ပြေတာပဲ…"
သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။
ယခု အသစ်ရရှိသည့် တန်ခိုးစွမ်းအားက ထုတ်ဖော်အသုံးပြုစရာမလိုဘဲ အလိုလိုအသက်ဝင်နေမည် ဖြစ်လေရာ သူ့အတွက် ပိုမိုကောင်းမွန် အဆင်ပြေသည်။
ဤနည်းအားဖြင့် ဖုံးကွယ်ထားသည့် သူ၏တန်ခိုးစွမ်းအားအတွင်းသို့ တစ်စုံတစ်ယောက် ထိုးဖောက်ဝင်ရောက်လာမည်ဆိုလျှင်လည်း ချက်ချင်းသိရှိမည် ဖြစ်သည်။
ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင်သွားတော့မှ ကျန်းလန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ယခု အများကြီးပိုပြီး အန္တရယ်ကင်းသွားပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများက သူ့ကို သိပ်ပြီး အရေးမစိုက်ကြသည့်တိုင် နတ်လူသားမျိုးနွယ်များကတော့ သူ့နောက် အသဲအသန်လိုက်လျှက် ရှိသည်။
နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများက သူ့ကို လုံးဝအရှင်မထားချင်သည့် နတ်လူသားမျိုးနွယ်များလောက်တော့ မဆိုးရွားကြပေ။
ဤသည်က တော်သေးသည်ဟု ပြောရမည်။
မဟုတ်ပါက ရန်သူများအားလုံးသာ သူ့နောက် ဝိုင်းလိုက်နေလျှင်လည်း အားလုံးကို တစ်ပြိုင်တည်းရင်ဆိုင်ရန် ကျန်းလန်အတွက် အနည်းငယ် ခက်ခဲနိုင်သည်။
နတ်မိစ္ဆာများက အလွန်ကြီးမားသည့် မျိုးနွယ်ကြီးတစ်ခုဖြစ်ပြီး စွမ်းအားလည်း မြင့်မားသည်။
နတ်လူသားမျိုးနွယ်များက နတ်မိစ္ဆာများလောက် အင်အားကြီးမားခြင်း မရှိပေ။ သို့သော် နတ်လူသားမျိုးနွယ်များက ဇာမဏီမျိုးနွယ်များကို သွားရောက်စိန်ခေါ်သည်ကို ကြည့်ခြင်းအားဖြင် သူတို့၏အင်အား နည်းပါးခြင်း မရှိကြောင်း သက်သေပြနေသည်။
ဇာမဏီမျိုးနွယ်ဆိုသည်က နဂါးမျိုးနွယ်များကဲ့သို့ပင် ကျော်ကြားသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။
သို့သော် မျိုနွယ် (၂)ခု၏ အင်အားချင်းတော့ မတူညီကြပေ။
နဂါးမျိုးနွယ်များက ပင်လယ် (၄)ခုကို လွှမ်းမိုးအုပ်စိုးထားပြီး ဇာမဏိမျိုးနွယ်များကတော့ ဝူထုန်တောင်တွင်သာ နေထိုင်ကြကာ လောကအရေးများတွင် သိပ်ပြီး ပါဝင်ပတ်သက်ခြင်း မရှိကြပေ။
အင်အားအရဆိုလျှင် နဂါးမျိုးနွယ်များက ပိုမိုအင်အားကြီးမားဟန် ရှိသည်။
သို့သော် ဤအချက်များအားလုံးက လူအများပြောနေကြသည့် ကောလဟလခန့်မှန်းချက်များသာဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ကျန်းလန်လည်း သိရှိခြင်း မရှိပေ။ နောက်မှ ဆရာဖြစ်သူထံ သွားရောက်မေးမြန်းကြည့်သည်က အကောင်းဆုံး ဖြစ်၏။
ရုတ်တရက်ကြီး ထိုအကြောင်းများကို သွားမေးခြင်းက မသင့်တော်လေရာ အချိန်တော့ ယူရဦးမည် ဖြစ်သည်။
ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းချပေးပြီးနောက် မရဏဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။
ယခုတော့ ရေသဖန်းပင်လေးရော သားရဲဥလေးပါ သူ ခရီးမထွက်ခင်အချိန်ကအတိုင်း အခြေအနေကောင်းမွန်သွားကြပြီ ဖြစ်သည်။
ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလိုက်သည်နှင့် ဆရာဖြစ်သူပို့လိုက်သည့်စာတစ်စောင်က ချက်ချင်းရောက်ရှိလာသည်။
သူက စာကိုချက်ချင်းပင် ဖတ်ကြည့်လိုက်သည်။
"ပဉ္စမတောင်ထွတ်က မှော်ရုံနယ်မြေ ဖွင့်လှစ်မယ်တဲ့…"
ကျန်းလန်က စာကို သေသေချာချာ ဖတ်လိုက်သည့်အခါ ရွှေပြဒါးအမြုတေကျင့်ကြံသူများ မှော်ရုံနယ်မြေအတွင်းသို့ ဝင်ရောက်ရမည် ဖြစ်လေသည်။
သူက အတွေ့အကြုံရှာရန်အတွက် မှော်ရုံနယ်မြေသို့ သွားရမည် မဟုတ်ပေ။
ရွှေပြဒါးအမြုတေအဆင့် တပည့်များကို ဦးဆောင်ရသည့် အဖွဲ့ခေါင်းဆောင်အနေဖြင့် သွားရမည် ဖြစ်သည်။
"ဂုဏ်သိက္ခာအတွက် အဖွဲ့ခေါင်းဆောင်လုပ်ရမှာလား…"
ကျန်းလန် တွေးလိုက်မိသည်။ သို့သော် ထိုအချက်က သူလိုချင်သည့်အရာ မဟုတ်ပေ။
ယခုအချိန်တွင် ကျန်းလန်က တပည့်များအမြင်တွင် မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ မူလဝိညာဉ် ၊ အလယ်ဆင့် ကျင့်ကြံသူဟု သိရှိထားကြသည်။
ထို့ကြောင့် သူက အဖွဲ့တစ်ခုကို ဦးဆောင်ရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်ရာ မှော်ရုံနယ်မြေသို့ သွားရောက်ရမည့်ခရီးစဉ်က သူ့အတွက် ပြဿနာ မရှိလှပေ။
သို့ရာတွင် အဖွဲ့ခေါင်းဆောင်ဖြစ်ခြင်းကြောင့် သူ့ကို အာရုံစိုက်ခံရခြင်းက ပြန်လည် မြင့်တက်လာနိုင်သည်။
ထိုသို့ဖြစ်လာလျှင်လည်း သူက နှစ်အနည်းငယ် နဝမတောင်ထွတ်တွင် ဂူအောင်းရန်သာ ရှိသည်။
ထိုကိစ္စများနှင့်ပတ်သက်ပြီး ကျန်းလန်အများကြီး မစဉ်းစားတော့ပေ။
"မှော်ရုံနယ်မြေထဲမှာ မတော်တဆမှုတွေတော့ မဖြစ်လောက်ဘူး ထင်ရတာပဲ… ၊ ဘောင်မကျော်ဘဲ ကိုယ့်အလုပ်ကိုယ် သေသေချာချာလုပ်မယ်ဆိုရင် ငါ့ကို ဘယ်သူမှ အာရုံမစိုက်မိလောက်ပါဘူးလေ…"
အမှန်တော့ ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေသို့သွားရောက်ရန် အချိန်လိုသေးသည်။ ဆရာဖြစ်သူက သူ့ကို ကြိုပြီး အကြောင်းကြားထားခြင်း ဖြစ်၏။
ကျန်းလန် သိပ်အတွေးလွန်မနေတော့ပေ။ ဤသို့သောကိစ္စလေးများက ရှောင်လွှဲမရသည့် ကိစ္စလေးများ ဖြစ်သည်။
သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုယ့်တာဝန်ကိုယ် ဆက်လုပ်သွားရန်သာ ရှိသည်။
ရွှေပြဒါးအမြုတေအဆင့် တပည့်များ။
တပည့်အများစုမှာ လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ခန့်က ဂိုဏ်းထဲသို့ ဝင်ရောက်လာကြသည့် တပည့်များ ဖြစ်ပေလိမ့်မည်။ ထိုတပည့်များအနေဖြင့် သူ့အကြောင်းကို အနည်းနှင့်အများ သိရှိနိုင်သည်။
သို့သော် ထိုတပည့်များအနေဖြင့် သူ့ကိုတော့ မှတ်မိတော့မည် မဟုတ်ပေ။
သူနှင့် လုန်ယွိ စေ့စပ်ပွဲကျင်းပချိန်တွင် ထိုတပည့်များက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကြဦးမည် ဖြစ်လေရာ အဝေးမှသာ ကြည့်ရှုခွင့်ရကြမည် ဖြစ်သည်။
ယခု နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ သူ့ကို မှတ်မိချင်မှ မှတ်မိကြပေတော့မည်။
တွေးရင်းဖြင့်ပင် ကျန်းလန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ထွက်ခွာလာခဲ့သည်။
အင်မော်တယ်အဆင့်နှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာရဦးမည် ဖြစ်သည်။
ကိုယ်ရောက်ရှိနေသည့်အဆင့်ကို အကြမ်းဖျင်းသိရှိနားလည်ထားမှသာ ရှေ့ဆက်ဘာလုပ်ရမည်ကို အစီအစဉ်ဆွဲနိုင်မည် ဖြစ်သည်။
ထို့ပြင် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူ့အနေအထား မည်သည့်နေရာတွင်ရှိမည်ကို တိုင်းတာနိုင်မည် ဖြစ်သည်။
လူသားအင်မော်တယ်အဆင့်က အမှန်တကယ်တန်ခိုးစွမ်းအားမြင့်မားသည့် အဆင့်ဖြစ်သော်လည်း လုံးလုံးလျားလျား အန္တရယ်မကင်းသေးဟု ကျန်းလန် ခံစားရသည်။
သူ့မျက်စိရှေ့တွင်ပင် လူသားအင်မော်တယ်များဖြစ်သည့် မီးမိစ္ဆာ ၊ နွားရိုင်းမိစ္ဆာနှင့် သစ်ပင်မိစ္ဆာတို့ အသက်ပျောက်သွားကြသည် မဟုတ်ပါလား။
ထို့ပြင် အရှေ့တံတားတွင်လည်း လူသားအင်မော်တယ်တစ်ပါးဖြစ်သည့် မြောက်ချင်းဟယ် ထပ်ပြီး အသတ်ခံရပြန်သည်။
သူနှင့်အဆင့်တူသူများ သေဆုံးရသည်ဆိုလျှင် သူသည်လည်း သေဆုံးနိုင်ချေ ရှိနေလေသည်။
စာကြည့်တိုက်ထဲတွင် နေ့ဝက်ခန့်စာဖတ်ပြီးနောက် ကျန်းလန် ရပ်တန့်လိုက်သည်။
နဝမတောင်ထွတ်တွင် စာအုပ်များစွာရှိလေရာ အင်မော်တယ်အဆင့်နှင့်ပတ်သက်ပြီး ကျန်းလန် အကြမ်းဖျင်း ဖတ်ရှုလေ့လာနိုင်သည်။
အင်မော်တယ်ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်းများကို ပြုလုပ်သည်နှင့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ပြီးလျှင် အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သည်။
လူသားအင်မော်တယ်ဆိုသည်က အင်မော်တယ်များကြားတွင် အဆင့်အနိမ့်ဆုံးဖြစ်သလို သာမန်အဆင့်မျှသာ ဖြစ်သည်။
လူသားအင်မော်တယ်အဆင့်တွင် အင်မော်တယ်စွမ်းအားနှင့် အင်မော်တယ်ဘဝကို စတင်ရရှိသော်လည်း သူတို့၏ခန္ဓာကိုယ်ကတော့ သေနိုင်သေးသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် အင်မော်တယ်စွမ်းအားများ ပေါင်းစပ်နိုင်မှသာ အစစ်အမှန်အင်မော်တယ်ဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် မဖြစ်သေးဘဲ လူသားအင်မော်တယ်ဆိုလျှင်တော့ သတ်ဖြတ်ရလွယ်ကူမည်ဖြစ်သည်။
စာအုပ်များတွင် ရေးသားထားချက်များအရဆိုလျှင် စစ်ပွဲများတွင် လူသားအင်မော်တယ်တစ်ယောက်ကို ရှေ့တန်းပင် မထွက်ခိုင်းဘဲ ထောက်ပို့အဆင့်တွင်သာ ထားလေ့ရှိသည်။
"ငါ့အတွက် ပြင်ပလောကမှာ အန္တရယ်ရှိနေသေးတာပဲ…"
ကျန်းလန် စာအုပ်များကို ပိတ်လိုက်ရင်း သက်ပြင်းချကာ တွေးလိုက်မိလေသည်။