← Chapters

အခန်း (၁၅၂၆-၁၅၃၀)

Vol. 62 Ch. 1526

အခန်း (၁၅၂၆-၁၅၃၀)

Vol. 62 Ch. 1526

အပိုင်း (၁၅၂၆)

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး မှင်သက်သွားခဲ့သည်။

ပေါ်လာပြီးပြီးချင်မှာပင် ကြယ်သင်္ဘောသည် သလင်းအမြှောက်ကို အသက်သွင်းကာ ပိုင်ရှီဆီ လှမ်းပစ်လိုက်လေသည်။

“ရန်ကိုင်၊ မင်းလုပ်ရဲတယ်လား” ပိုင်ရှီမျက်နှာ ထိတ်လန့်မှုကြောင့် သွေးဆုတ်ဖြူလျော်သွဦးခဲ့သည်။ ရန်ကိုင် ထိုမျှ ရက်စက်ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူနှင့် နည်းနည်းလေးမျှပင် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ရောက်သည်နှင့် သူ့အား တန်းသတ်ရန် ကြိုးစားတော့သည်။

ထိုကောင်လေးသည် သူနှင့်အတူ တစ်ခါတည်း ပျောက်ကွယ်သွားခြင်းပေလော။

“သူ့ကိုသတ်” ရန်ကိုင်က အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။

သလင်းအမြှောက်နှင့် ချိန်ထားခံရသည်ကို မြင်သော် ပိုင်ရှီ ခေါင်းနပန်းကြီးသွား၏။ သလင်းအမြှောက်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ တဖြည်းဖြည်း အားကောင်းလာပြီး အဖြူရောင်အလင်းတန်း ပစ်လွှတ်ရန် အဆင်သင့် ဖြစ်နေသည်ကို မြင်သော် ပိုင်ရှီ သူ့ကိုယ်သူ ဆက်မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ပြောလိုက်လေသည် “ကောင်လေး၊ မင်းငါ့ကို တွန်းအားပေးတာပဲ။ ငါသေမယ် ဆိုရင်တောင် မင်းကိုလည်း အပါခေါ်သွားမယ်”

ပြောပြီးသည်နှင့် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးထဲသို့ သူတော်စင်ချီကို အရူးအမူး ထည့်သွင်းလိုက်သည်။

ဓါတ်လုံးဆီမှ ထွက်ပေါ်နေသော ဧကရာဇ်ဖိအားကြောင့် အကုန်လုံး တုန်ရီသွားခဲ့သည်။

ရန်ကိုင်နှင့် ရီရှီယွင်တို့၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ နှစ်ယောက်စလုံးသည် ပိုင်ရှီ လက်ထဲရှိ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကိုသာ စိုက်ကြည့်နေခဲ့လေသည်။

ပိုင်ရှီမှ သူတော်စင်ချီကို အဆက်မပြတ် ထည့်သွင်းနေသည် နှင့်အမျှ ဆန်စေ့အရွယ် ရုန်းအမှတ်အက္ခရာများ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးဆီမှ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဓါတ်လုံး၏ မျက်နှာပြင်ထက်ဆီမှ လျှပ်ပန်းလျှပ်နွယ်လေးများ စတင် ထွက်ပေါ်လာခဲ့သည်။

ထိုလျှပ်ပန်းလျှပ်နွယ်လေးများသည် သေးငယ်သော်ငြား ၎င်းတို့ဆီမှ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတို့ ဖြာထွက်နေခဲ့သည်။

ပြီးသည်နှင့် ချက်ချင်းဆိုသလို ပိုင်ရှီသည် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို မိုးပေါ်သို့ ပစ်တင်လိုက်ရာ ထိုဓါတ်လုံးသည် တစ်ခုမှနှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု… စသဖြင့် တောက်လျှောက် ခွဲထွက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်တစ်ခုလုံး လျှပ်စီးတန်းများ လက်နေသည့် မိုးကြိုးဓါတ်လုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထို့နောက် ထိုလျှပ်စီးတန်းများ အတူပေါင်းစု၍ ကြယ်သင်္ဘောဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်သည် လေဟာနယ်ကို ဆုတ်ဖြဲနိုင်သလို ရီရှီယွင်သည် အားကောင်းသော ခွန်အားနှင့် ကြွယ်ဝသော အတွေ့အကြုံကို ပိုင်ဆိုင်ထားသည်။္ ထို့ကြောင့် ပိုင်ရှီသည် တစ်ချက်တည်းဖြင့် ထိုနှစ်ယောက်ကို သတ်နိုင်မည်ဟု မထင်သဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကိုသာ ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။

ကြယ်သင်္ဘောကိုသာ ဖျက်စီးလိုက်နိုင်လျှင် သူ့ရည်ရွယ်ချက် ပြီးမြောက်သွားလေပြီ။ ထိုအခါ ရန်ကိုင် အသည်းထိတ်အောင် ငိုကြွေးရပေလိမ့်မည်။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို အသုံးပြုပြီးနောက်တွင် ပိုင်ရှီ၏ အရှိန်အဝါ အလွန်အမင်း အားနည်းသွားခဲ့သည်။

သူသေရတော့မည်မှန်း သိသော်လည်း စိတ်လွတ်ကိုယ်လွတ် ရယ်မောနေခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်နှင့် ရီရှီယွင်တို့ နှစ်ယောက်စလုံး သူ့အား သနားစဖွယ် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် ပိုင်ရှီ၏ ရယ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ နှစ်ယောက်စလုံးသည် သူတို့၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ဖျက်စီးခံရမည့် အရေးကို နည်းနည်းလေးမှ စိတ်မပူကြပေ။

ဘာတွေ ဖြစ်နေတာလဲ ပိုင်ရှီ စိတ်တင်းကြပ်သွားခဲ့သည်။ တစ်ခုခု မှားယွင်းနေမှန်းကိုလည်း ချက်ချင်း နားလည်သွားခဲ့ပြီး တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောဆီ မသိစိတ်အရ လှမ်းကြည့်မိလိုက်သည်။

လျှပ်စီးတန်းများသည် လွန်စွာကိုမှ ပြင်းထန်လှသော အဖျက်စွမ်းအားဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို သွားရောက်ထိမှန်လေရာ ကြယ်သင်္ဘော တစ်စင်းလုံး တစ်မုဟုတ်ချည်း ပျက်စီးပျောက်ကွယ်သွားခဲ့လေသည်။

တိတ်တဆိတ် ပေါ်လာခဲ့ပြီး တိတ်တဆိတ်ပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာသို့ တစ်ခါမှ မရောက်လာခဲ့ဖူးသည့်အလား။

ထိုမြင်ကွင်းကို ကြည့်ရင်း ပိုင်ရှီ မှင်သက်နေခဲ့သည်။ ရုတ်တရက် သူ့မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး အက်ရှရှလေသံဖြင့် “ပုံရိပ်ယောင်လား”

“လူအိုကြီးက လုံးဝ မတုံးသေးဘူးပဲ” ရန်ကိုင် ရယ်မောတော့လေသည်။

သူ့ရယ်သံနှင့်အတူ နောက်ထပ် ကြယ်သင်္ဘောတစ်စင်း ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ယခုတစ်စင်းသည် ယခင်တစ်ကြိမ် ပေါ်လာသည့် တစ်စင်းနှင့် လုံးဝ ထပ်တူပင် ဖြစ်သော်လည်း ထိခိုက်ထားခြင်း အရှင်းမရှိဘဲ အကောင်းအတိုင်း ရှိနေသေးသည်။ သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးသည် ကြယ်သင်္ဘောကိုယ်ထည်အား ခြစ်ရာတစ်ခု ထင်အောင်ပင် မလုပ်နိုင်သည့်နှယ်။

ပိုင်ရှီ ရှက်သွားခဲ့သည်။ တစ်ဖက်လူ၏ လှည့်ကွက်ထဲ အရူး လုပ်ခံလိုက်ရပြီမှန်း သူမသိဘဲ မနေတော့ချေ။

သူ့မျှော်လင့်ချက် အားလုံးကို ပုံအောထားသော တိုက်ခိုက်မှုသည် ပုံရိပ်ယောင် ကြယ်သင်္ဘောကိုသာ သွားရောက်ထိမှန်ခဲ့ပြီး တစ်ဖက်အဖွဲ့သားများအား မည်သည့် အထိအခိုက် အကျအဆုံးကိုမှ မဖြစ်စေနိုင်ခဲ့ချေ။

ရန်ကိုင်နှင့် ရီရှီယွင်၏ ဖိအားပေးမှုအောက်တွင် ပိုင်ရှီ၏ စဉ်းစားဆင်ခြင်နိုင်စွမ်း တိမ်ဖုံးသွားခဲ့ပြီး ပုံရိပ်ယောင်နှင့် အစစ်အမှန်ကိုပင် သေချာ မခွဲခြားနိုင်သည်အထိ ဖြစ်သွားခဲ့သည်။

သို့သော် ပုံရိပ်ယောင်သင်္ဘောကို သူတို့ မည်ကဲ့သို့ ဖန်တီးခဲ့သနည်း။ ထို့အပြင် ထိုပုံရိပ်ယောင် သင်္ဘောသည် အလွန်ကိုမှ အသက်ဝင်လှကာ သူ့ကောင်းကင် စိတ်အာရုံကိုပင် လှည့်ဖြားနိုင်ပေသည်။

“ခွေးအိုကြီး၊ ခင်ဗျား သေလမ်းသွားဖို့ အချိန်ကျပြီ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီးနောက် ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်၍ ရွှေရောင် မြှားတစ်ချောင်း အသွင်သို့ ပြောင်းလဲလိုက်သည်။

“ငါလုပ်လိုက်မယ်။ ဂိုဏ်းကို ရှင်းလင်းဖို့ဆိုတာ ဒီဘုရင်မရဲ့ တာဝန်ပဲ” ရီရှီယွင်က ရုတ်တရက် ပြောလိုက်သည်။

ရန်ကိုင် သူမအား ခေါင်းတစ်ချက် စောင်းကြည့်လိုက်ပြီးနောက် သူ့တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ရီရှီယွင် သူ့အတွက် လုပ်ပေးနေမှန်း ရန်ကိုင် သိသည်။ ပိုင်ရှီသည် မကောင်းသည့်လူကို ကူညီဖြစ်စေ၊ မကူညီဖြစ်စေ၊ သူသည် ကြယ်ဧကရာဇ်တောင်၏ အဖွဲ့သားတစ်ယောက် ဖြစ်နေသည်။ အပြင်လူ တစ်ယောက်သာ သူ့အား သတ်လိုက်ပါက ကြယ်ဧကရာဇ်တောင် အဖွဲ့သားများဆီမှ မကျေနပ်သံတို့ ထွက်ပေါ်လာနိုင်ပေသည်။

ရီရှီယွင် ဆိုလျှင်မူ မတူတော့ချေ။

သူမသည် ဂိုဏ်းအား ရှင်းလင်းရေး လုပ်နေခြင်းသာ။

သူတော်စင်ချီ မရှိတော့သည့်နောက် ပိုင်ရှီသည် အစွယ်မရှိတော့သည့် မြွေတစ်ကောင်နှယ် ဖြစ်သွားခဲ့ပြီး သာမန် မှော်ရတနာများကိုပင် မသုံးနိုင်တော့ရာ ရီရှီယွင်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်တော့မည်နည်း။

ခဏအကြာတွင် ပိုင်ရှီသည် ရီရှီယွင်၏ လက်ထဲ၌ သေဆုံးသွားခဲ့လေသည်။

“နင်တို့ ကျင့်ကြံခြင်းကို ကိုယ့်ဘာသာ ဖျက်စီးမှာလား။ ဒီဘုရင်မက ကိုယ်တိုင် လုပ်ပေးရမလား” ရီရှီယွင်သည် ပိုင်ရှီနှင့်အတူ ရောက်လာသော လူနှစ်ယောက်ကို ကြည့်၍ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

နှစ်ယောက်စလုံးသည် နည်းနည်းလေးမှ ပြန်မခုခံရဲသည့်အတွက် ချက်ချင်း ပြန်ပြောလိုက်လေသည် “ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါဗျာ။ ဂိုဏ်းချုပ် အသက်ရှင်နေမှန်း မသိလို့ ကျုပ်တို့ အဲ့လူ ခိုင်းတဲ့အတိုင်း လုပ်မိတာပါ။ ကျေးဇူးပြုပြီး ညှာတာပေးပါ ဂိုဏ်းချုပ်”

“ဒီအထိ ရောက်လာပြီးတာတောင် ငါ့ကို လာညာချင်သေးတာလား။ နင်တို့ ပြောတာကို ငါယုံမယ် ထင်နေတာလား” ရီရှီယွင်သည် သူတို့၏ စကားကြောင့် နည်းနည်းလေးမှ နောက်တွန့်သွားခြင်း မရှိခဲ့။

ထိုနှစ်ယောက်သည် ပိုင်ရှီနှင့်အတူ ဤနေရာသို့ ရောက်လာသဖြင့် အပြင်လောကကြီးတွင် ဖြစ်ပျက်နေသည့် အကြောင်းအရများကို သိထားလောက်၏။ ဆိုလိုသည်ကား သူမ အသက်ရှင်နေမှန်း သိသည့်တိုင် သူမအား ဆန့်ကျင်ရန် ရွေးချယ်ခဲ့မှဖြင့် သူတို့ ပြန်ပေးဆပ်ရပေမည်။

သို့ရာတွင် ပိုင်ရှီကို သတ်လိုက်သော်ငြား ထိုလူများကိုလည်း ပိုင်ရှီကဲ့သို့ သတ်လိမ့်မည် မဆိုလိုချေ။ တစ်ဂိုဏ်းသားတည်းချင်း ဖြစ်သည့်အတွက် သူမ ထိုမျှ မရက်စက်ချင်ပေ။

“ကျုပ်တို့ အမှန်ကို ပြောနေတာပါ၊ ဂိုဏ်းချုပ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ” နှစ်ယောက်စလုံး ကြောက်လန့်တကြား အော်ပြောလိုက်သည်။

“ကောင်းပြီလေ။ နင်တို့က ခေါင်းမာနေမှတော့ ဒီဘုရင်မကိုယ်တိုင် နင်တို့ကို ပိုင်ရှီနောက် ပို့ပေးရတာပေါ့” ရီရှီယွင်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။

“ခဏ၊ ခဏ၊ ကျုပ်တို့ လုပ်ပါ့မယ်။ ကျုပ်တို့ဘာသာ ကျုပ်တို့ လုပ်ပါ့မယ်” ရီရှီယွင် သူတို့အား သတ်တော့မည်ကို မြင်သော် နှစ်ယောက်စလုံး အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။

မည်သို့ပင် ဆိုစေကာမူ သေရမည်နှင့်စာလျှင် အသက်ရှင်နေရသည်မှာ ပိုကောင်းပေသည်။ ကျင့်ကြံခြင်းကို ဖျက်စီးလိုက်သည့်အတွက် သူတို့၏ဘဝမှာ အတော်လေးကို ဆိုးရွားသွားမည် ဖြစ်သော်လည်း အသတ်ခံလိုက်သည်ထက်တော့ ပိုကောင်းပေသည်။

ရန်ရှုကျိုနှင့် အခြားသူများသည်လည်း ထိုလူများ သူတို့၏ ကျင့်ကြံခြင်းအား ဖျက်စီးလိုက်သလား၊ မဖျက်စီးဘူးလား ဆိုသည်ကို သေချာအောင် သေချာအနီးကပ် စောင့်ကြည့်နေကြသည်။

“ထွက်သွားစမ်း” ရီရှီယွင်က အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။

ထိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလျင်စလို ထူမပေးရင်း ထိုနေရာမှ ထွက်ပြေးသွားလေတော့သည်။

ထိုနှစ်ယောက် ထွက်သွားပြီးနောက်၌ ရီရှီယွင်သည် လူအုပ်ကြီးဘက်သို့ လှည့်၍ အသက်ပြင်းပြင်းရှုသွင်းလျက် ပြောလိုက်သည် “နင်တို့ထဲမှာ အရင်တုန်းက အဲ့လူနဲ့ ပူးပေါင်းခဲ့တဲ့ လူတွေရှိမှန်း ငါသိတယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မလုပ်ခဲ့တဲ့အတွက် နင်တို့ကို ဘာမှ မလုပ်တော့ဘူး။ အခု ဒီဘုရင်မက ဘိုးဘေးတွေကိုယ်စား ဂိုဏ်းကို ရှင်းလင်းဖို့ ပြန်လာခဲ့တာ။ ဒါကြောင့် ဒီဘုရင် အဲ့လူနဲ့ စားရင်းရှင်းပြီးတဲ့ အချိန်ထိ နင်တို့ ဒီမှာ စောင့်နေတာ။ ပြီးတော့မှ ပြောစရာရှိတာကို ဆက်ပြောမယ်”

“အခုလို သဘောထားကြီးပေးတဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဂိုဏ်းချပ်ရဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း မလွဲမသွေ ရရှိလာမှာပါ” ရန်ရှုကျိုက ဦးညွှတ်လိုက်သည်။

“ဂိုဏ်းချုပ်ရဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း မလွဲမသွေ ရရှိလာမှာပါ” ကျန်လူများသည်လည်း ရန်ရှုကျို ပြောသည့်အတိုင်း လိုက်ပြောလိုက်ကြပြီး ဦးညွှတ်လိုက်ကြလေသည်။ မည်သူမှ ကန့်ကွက်စကား မဆိုရဲကြ။ အချို့သည် ယခင်က လက်ရှိဂိုဏ်းချုပ်နှင့် ပူးပေါင်းခဲ့လျှင်ပင် ပိုင်ရှီ ကဲ့သို့တော့ ထိုဂိုဏ်းချုပ်ဘက် အပြည့်အဝ ရောက်သွားခြင်း မရှိခဲ့ကြပေ။

ရီရှီယွင်သည် အလွန်အမင်း လွန်လွန်ကဲကဲ မလုပ်ချင်သည့်အတွက် ထိုလူများကို လွှတ်ပေးလိုက်သည်။

“ဂိုဏ်းချုပ် သွားကြရအောင်” ရီရှီယွင်က ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်သည်။

“အင်း” ရန်ကိုင်လည်း အသာအယာ ခေါင်းညိတ်လိုက်ပြီး စုဝေးနေသော နှစ်ရာသော ကျင့်ကြံသူများကို ကြည့်ကာ အသာအယာ သက်ပြင်းချလိုက်သည်။

သူတို့သာ ကူညီချင်လျှင် ဤကိစ္စသည် ယခုလောက် ပြဿနာများတော့မည် မဟုတ်ချေ။ လက်ရှိ ဂိုဏ်းချုပ်အား အားကောင်းလျှင်ပင် ထိုမျှ များပြားသော ပညာရှင်များကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်။

သို့သော်လည်း ထိုလူများသည် ကြယ်ဧကရာဇ်တောင် အဖွဲ့သားများ ဖြစ်ကြသည့်အတွက် အချင်းချင်း သတ်ဖြတ်ခွင့် မရှိကြချေ။

ရန်ကိုင်နှင့် ရီရှီယွင်မှ ရှေ့မှဦးဆောင်သွားနေစဉ် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် နောက်မှ ဖြည်းဖြည်းချင်း လိုက်လာနေခဲ့သည်။

ကြယ်တက်လှမ်းခြင်းတောင်သည် ကြယ်ဧကရာဇ်တောင်တွင် ရှိသည့် တောင်များအနက် အမြင့်ဆုံးတောင်ထွတ်ဖြစ်သည်။

ဤနေရာသည် ကြယ်ဧကရာဇ်တောင်၏ မျိုးဆက်အစဉ်အဆက် မဟာဧကရာဇ်အား လေးစားသမှု၊ ဦးညွှတ်ဂါဝရပြုသည့် နေရာ ဖြစ်သည်။ တောင်ထိပ်ပေါ်တွင် မျိုးဆက်တိုင်း၏ ဂိုဏ်းချုပ်နာမည်များ ရေးထိုးထားသည် ယဇ်ပုလ္လင်တစ်လုံး ရှိပြီး ထိုယဇ်ပုလ္လင်ထက်တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ရှိပေသည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားထဲ ချိတ်ပိတ်ထားသော နတ်ဘုရားစွမ်းရည်ကိုမူ အသုံးပြုပြီးသွားလေပြီ။ ယခု ထိုတံဆိပ်ပြားသည် မဟာဧကရာဇ်၏ အမှတ်သညာ သက်သက်သာ ဖြစ်တော့သည်။

နှစ်စဉ်နှစ်တိုင်း၊ တစ်နေ့သောအခါသို့ ရောက်သော် ကြယ်ဧကရာဇ်တောင်တွင် ရှိနေသူအားလုံးသည် ဤနေရာသို့ လာရောက်ပြီး ဦးညွှတ်ဂါဝရ ပြုကြသည်။

လက်ရှိတွင် ကြယ်တက်လှမ်းခြင်း တောင်ထွတ်ပေါ်၌ လူနှစ်ယောက် ရပ်နေခဲ့သည်။

တစ်ယောက်သည် လူအိုကြီးတစ်ဦးဖြစ်ပြီး အခြား တစ်ယောက်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီး ဖြစ်သည်။

လက်ရှိတွင် အစိမ်းရောင်ဝတ်ရုံနှင့် လူမှာ စိတ်ဂနာမငြိမ် ဖြစ်နေပြီး လူအိုကြီးမှာမူ အေးအေးဆေးဆေးသာ ရှိနေသည်။ ထိုနှစ်ယောက်မှ မီတာများစွာ အကွာတွင် လူငယ်လေးတစ်ယောက်သည် ခေါင်းအနည်းငယ်ငုံ့လျက် ရပ်နေခဲ့သည်။

ရန်ကိုင်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ထိုလူသုံးယောက်အနက် နှစ်ယောက်ကို ကျိန်းသေ မှတ်မိပေလိမ့်မည်။ သက်လတ်ပိုင်းလူကြီးသည် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်ဖုန်းဖြစ်သည်။

လူငယ်လေးမှာမူ ရန်ကိုင်၏ အသိအကျွမ်းဖြစ်သည့် လန်ချင်း ဖြစ်သည်။

သဲမီးတောက်နယ်မြေ၏ လေးလွှာမြောက်တွင် ထိုလူငယ်လေးနှင့် ရန်ကိုင် တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ ထိုစဉ်က နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြပြီး လက်ရှိတွင်လည်း နှစ်ယောက်စလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြလေပြီ။

လက်ရှိတွင်သည် လူငယ်လေးသည် ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် မလှုပ်မယှတ် ရပ်နေခဲ့သည်။

မကြာမီ ဖန်ဖုန်း၏ စိုးရိမ်နေသည့် အသံ ထွက်ပေါ်လာခဲ့သည် “အစ်ကိုထျန်ချဲ၊ သူတို့ ကြယ်ဧကရာဇ်တောင်ကို ရောက်နေပြီနဲ့တူတယ်။ ကျုပ်တို့ တစ်ခုခု မလုပ်ကြဘူးလား”

လူအိုကြီးက ရယ်သွမ်းသွေးလျက် “ငါတို့ ဘာလုပ်သင့်တယ်လို့ အစ်ကိုဖုန်း ထင်လဲ”

ဖန်ဖုန်း မျက်မှောင်ကြုတ်သွားပြီး “အစ်ကိုထျန်ချဲ ဘာတွေ စီစဉ်ထားလဲတော့ ဒီဖန်ဖုန်းမသိဘူး။ ဒါပေမယ့် အခုနေ မလှုပ်ရှားဘူးဆိုရင် တိုက်ပွဲမစခင်မှာပင် ပွဲရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်သွားလောက်တယ်”

“ဟဲဟဲ၊ အစ်ကိုဖုန်းက အရမ်း စိုးရိမ်နေတာပဲ။ တိုက်ပွဲရလဒ်က ပွဲမပြီးသေးသရွေ့ မသိရသေးပါဘူး အစ်ကိုဖုန်းရာ ဒီလောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့”

“ဒီဖန် နားမလည်လို့ အစ်ကိုထျန်ချဲ ရှင်းပြပေးလို့ရမလား…”

“အစ်ကိုဖုန်းက တုံးအတဲ့လူတစ်ယောက်လည်း မဟုတ်ဘဲနဲ့… ဒီဘုရင်နဲ့ စီနီယာအစ်ရီ တိုက်ပွဲ အနိုင်အရှုံး မပေါ်သရွေ့ ဘယ်သူနိုင်မယ်ဆိုတာ ပြောလို့ မရဘူး။ တိုက်ပွဲရလဒ်ကို ဒီဘုရင်နဲ့ စီနီယာအစ်မရီ တိုက်ပွဲက အဆုံးအဖြတ် ပေးသွားမှာ။ ငါတို့ လုပ်စရာရှိတာဆိုလို့ ဒီဘုရင် စီနီယာအစ်မရီနဲ့ တိုက်ခိုက်ဖို့ပဲ”

ဖန်ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏလောက် စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက်၌ “အဲ့လိုဆို စီနီယာအစ်ကိုထျန်ချဲ နိုင်နိုင်ချေ ဘယ်လောက်ရှိတယ်လို့ ထင်လဲ”

လူအိုကြီးသည် ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

လူအိုကြီး၏ အမူအရာကို မြင်သော် ဖန်ဖုန်း၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ဂယောက်ဂယက် ဖြစ်နေသော သူ့စိတ်သည်လည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေသည်။ လူအိုကြီး ဘာကို အားကိုးနေမှန်း သူမသိသော်လည်း သူ့ကိုယ်သူ နိုင်လိမ့်မည်ဟု တွေးထားသည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၇)

ကြယ်တက်လှမ်းခြင်းတောင်သည် အလွန်ကိုမှ မြင့်မားပြီး အတားအဆီးများစွာသည် ၎င်းအား ဝန်းရံထားခဲ့သည်။ ဤတောင်သည် ကြယ်ဧကရာဇ်တောင်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ တောင်တစ်ဝှမ်း၌ ပျံသန်းခြင်း တားမြစ်သည့် အစီအရင်ကို ခင်းကျင်းထားသဖြင့် တောင်ပေါ်သို့ တက်လိုလျှင် ခြေကျင်သာ တက်နိုင်သည်။

တောင်ထွတ်များတစ်လျှောက် သွားလာရင်း ရန်ကိုင်နှင့် ရီရှီယွင်သည် တောင်ပေါ်သို့ အလျင်အမြန် တက်လာခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် အချိန်မရွေး လှုပ်ရှားနိုင်ရန် လမ်းတစ်ဝက်တွင် ရပ်ထားခဲ့သည်။

မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော အကွာအဝေးသည် ရန်ကိုင်နှင့် ရီရှီယွင်တို့အတွက် ဘာမှ မပြောပလောက်ချေ။ မပျံသန်းနိုင်လျှင်ပင် တောင်ပေါ်သို့ ရောက်ရန်အတွက် သူတို့နှစ်ယောက်အဖို့ နာရီဝက်လောက်သာ အချိန်ယူခဲ့ရသည်။

အလျင်မပြတ် တိုက်ခတ်နေသော လေအဝှေ့နှင့်အတူ ရန်ကိုင်နှင့် ရီရှီယွင်တို့၏ အဝတ်များမှာ တဖျတ်ဖျတ် လှုပ်ခါနေခဲ့သည်။

“အကြီးအကဲချုပ်၊ ကျုပ်တို့ကို တစ်ယောက်ယောက် လာကြိုတယ်နဲ့တူတယ်” ရန်ကိုင်သည် သူ့ရှေ့တွင် ရပ်နေသော လူအိုကြီးနှင့် သက်လတ်ပိုင်းလူကြီးကို ကြည့်ရင်း ပြောလိုက်သည်။

ရီရှီယွင်သည် သူမရှေ့ရှိ လူအိုကြီးအား အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ခေါ်လိုက်၏ “ချီထျန်ချဲ”

“စီနီယာအစ်မရီ” ထိုလူသည် သူနှင့် ရီရှီယွင်ကြား၌ မည်သည့် ရန်ငြိုးရန်စမှ မရှိသည့်အလား ယဲ့ယဲ့လေးပြုံးလျက် “စီနီယာအစ်မရီနဲ့ စိတ်ထားအရ ကြယ်ဧကရာဇ်တောင်ကို တစ်နေ့ ပြန်လာလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး”

“နင်မမျှော်လင့်ထားတာတွေ အများကြီးရှိတယ်။ ဂျူနီယာမောင်လေးချီ၊ နင်ပြင်ဆင်ပြီးသွားပြီလား”

“ဂျူနီယာမောင်လေးက ဘာကို ပြင်ဆင်ထားရမှာလဲ” ချီထျန်ချဲသည် ပြုံးမြဲပြုံးလျက် ပြန်မေးလိုက်သည်။

“ဒီမှာသေဖို့လေ။ အသုဘအတွက် ကောင်းကောင်း ပြင်ဆင်ထားမယ်လို့ ငါမျှော်လင့်တယ်” ရီရှီယွင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“စီနီယာအစ်မရီ စိတ်ပူစရာမလိုဘူး။ ဂျူနီယာမောင်လေးက လိုအပ်တာတွေ အားလုံးကို ပြင်ဆင်ပြီးသွားပြီ။ ဒီနေ့ စီနီယာအစ်မရီပဲသေသေ၊ ကျုပ်ပဲသေသေ၊ ဒီကောင်လေးက အသုဘ အခမ်းအနားအတွက် ပြင်ဆင်ပေးလိမ့်မယ်” ချီထျန်ချဲဿည် ဘေးဘက်တွင် ထူးမခြားနားဟန်ဖြင့် ရပ်နေသော လန်ချင်းအား ညွှန်ပြလိုက်သည်။

“အဲ့လိုဆိုမှတော့ စီနီယာအစ်မရီကိုယ်တိုင် ဂျူနီယာမောင်လေးကို နောက်ဘဝ ပို့ပေးရတာပေါ့” ရီရှီယွင်လည်း ခေါင်းညိတ်လိုက်သည်။

“စီနီယာအစ်မရီ ရှုံးနိုင်ချေ ပိုများတယ်လို့ ဂျူနီယာမောင်လေး ခံစားနေရသလိုပဲ”

နှစ်ယောက်စလုံးသည် သူတို့ကြားမှ တိုက်ပွဲအား မည်သည့် နည်းနှင့်မျှ ရှောင်လွှဲ၍ ရမည်မဟုတ်မှန်း သိထားကြသည်။ ထို့ကြောင့် တိုက်ပွဲ မစခင် တစ်ယောက်ကို တစ်ယောက် စကားလုံးများဖြင့် တိုက်ခိုက်ပြီး စိတ်ဓါတ် ပျက်ပြားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ စကားချင်း ထိပ်တိုက် တွေ့ပြီးနောက်၌ သူတို့ကြားရှိ အခြေအနေ တင်းမလာခဲ့သလို နှစ်ယောက်စလုံး၏ အမူအရာမှာလည်း လေးနက်တည်ကြည်လာခဲ့သည်။

ရုတ်တရက် နှစ်ယောက်စလုံး ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့ကြသည်။

ပြန်ပေါ်လာသည့် အချိန်နှင့် တစ်ယောက်နှင့် တစ်ယောက်ကြား အကွာအဝေးသည် မီတာ အနည်းငယ်မျှပင် မရှိတတ်တော့ချေ။

ရှင်းပြမရသည့် စွမ်းအားတစ်ရပ်သည် နှစ်ယောက်စလုံးဆီမှ ထွက်ပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် လွှမ်းခြုံသွားခဲ့သည်။

ချက်ချင်းဆိုသလို နှစ်ယောက်သားကြားရှိ ဟင်းလင်းပြင် တွန့်လိမ်သွား၏။ နှစ်ယောက်စလုံးသည် မမြင်နိုင်သော ထူးခြားဆန်းကြယ်သည့် စွမ်းအင်များဖြင့် တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးဖိနှိပ်ရန် ကြိုးစားနေကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်ခုံးကြော တွန့်ကွေးသွားသလို ဖန်ဖုန်းလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ တိုက်ပွဲအား အဝေးမှ စောင့်ကြည့်နေသည့် လန်ချင်းသည်လည်း မျက်လုံးပြူးသွားခဲ့သည်။

သုံးယောက်စလုံး ထိတ်လန့်နေကြလေပြီ။

ရီရှီယွင်၏ ရှီသည်သာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေခြင်း မဟုတ်ဘဲ ချီထျန်ချဲ၏ ရှီသည်လည်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ထို့အပြင် နှစ်ယောက်စလုံးသည် နယ်ပယ်၏ အစွန်ဖျားကို စတင် ထိတွေ့နေခဲ့လေပြီ။

ပထမတစ်ကြိမ် ထိပ်တိုက်တွေ့မှုနှင့် နှစ်ယောက်စလုံး လက်ရည်တူနေခဲ့သည်။

ရီရှီယွင်ဖြစ်စေ၊ ချီထျန်ချဲဖြစ်စေ၊ နှစ်ယေဦက်စလုံး အံ့အားသင့်နေကြသည်။ နှစ်ဦးစလုံး အခြားတစ်ယောက်သည် ရှီအား ပြီးပြည့်စုံခြင်း အဆင့်သို့ နားလည်ထားလိမ့်မည်ဟု မထင်ထားကြသည့်ပုံပင်။

သို့သော်လည်း သူတို့ နောက်တစ်ကြိမ် ထပ်လှုပ်ရှားကြပြန်သည်။ ရီရှီယွင်သည် အရိုးကြွေမီးတောက်ကို အဆင့်ခေါ်ပြီး သူမလက်အား မီးတောက်များဖြင့် ရစ်ပတ်လျက် လျှို့ဝှက်နည်းစနစ်များကို သုံးကာ ချီထျန်ချဲအား တိုက်ခိုက်လိုက်သည်။

ချီထျန်ချဲသည်လည်း နေအသေးစားလေးနှင့် တူသော ဘီးကဲ့သို့‌ မှော်ရတနာ တစ်ခုကို သူ့ခေါင်းထက် ဆင့်ခေါ်လိုက်သည်။ ထိုဘီး လည်ပတ်လာသည်နှင့် ဘီးဆီမှ အရိုးကြွေမီးအိမ်မှ ထွက်ပေါ်လာသော မီးတောက်များနှင့် စွမ်းအားချင်း ယှဉ်နိုင်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ဘာမှန်းမသိသော စကားလုံးများကို ရေရွတ်ရင်း လက်ကွက်များ ထုတ်ဖော်လျက် ရီရှီယွင်အား တန်ပြန် တိုက်ခိုက်လိုက်သည်။

နေလရွှေဘီးလား ချီထျန်ချဲ ဆင့်ခေါ်လိုက်သည့် မှော်ရတနာကို မြင်သည့်အခါ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ရီရှီယွင်သည် ကြယ်ဧကရာဇ်တောင်၏ မှော်ရတနာများအကြောင်း သူ့အား ရှင်းပြထားခဲ့ပေသည်။

ချီထျန်ချဲ လက်ရှိ အသုံးပြုနေသည့် မှော်ရတနာသည် ကြယ်ဧကရာဇ်တောင်၏ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသုံးခုအနက်မှ တစ်ခုဖြစ်ပြီး ထိုမှော်ရတနာကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နေလရွှေဘီးသည် နေနှင့်လ၏ စွမ်းအင် အဆီအနှစ်ကို အဆက်မပြတ် စုပ်ယူလျက် ရန်သူအား တိုက်ခိုက်နိုင်ပေသည်။

နေလရွှေဘီးတွင် ပုံစံနှစ်မျိုးရှိပြီး လက်ရှိ ချီထျန်ချဲ အသုံးပြုနေသည့် ပုံစံသည် ပထမပုံစံဖြစ်ကာ အသူရိန်နေမင်း၏ စွမ်းအားကို ထုတ်ဖော်နေခြင်း ဖြစ်သည်။

ဒုတိယပုံစံကို ပြောင်းလဲသည့်အခါ လခြမ်းကွေး ပုံစံအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး ၎င်းမှ ထုတ်လွှတ်သော အလင်းတန်းများသည် လူတစ်ယောက်၏ ဝိဥာဉ်ကို အေးခဲသွားစေနိုင်လောက်သည်အထိ အေးစက်လှသည်။

စွမ်းအား တစ်ခုတည်းအရဆိုလျှင် နေလရွှေဘီးသည် အရိုးကြွေမီးအိမ်ထက် ပိုအားကောင်းပေသည်။ သို့သော်ငြား မှော်ရတနာတစ်ခု ပိုအားကောင်းလေ အသုံးပြုရန်အတွက် သူတော်စင်ချီ ပို၍ လိုအပ်လေပင်။

ရီရှီယွင်နှင့် ချီထျန်ချဲသည် အရိပ်ကြယ်၏ အထွဋ်အထိပ်တွင် ရပ်တည်နေသည့် လူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ မှော်ရတနာ အသီးသီးကြား စွမ်းအား ကွားခြားချက် ရှိနေလျှင်ပင် နှစ်ယောက်သားကြား တိုက်ပွဲသည် အချိန်တိုအတွင်း ပြီးသွားလိမ့်မည် မဟုတ်ချေ။

တိုက်ပွဲအား ကြည့်နေစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ဘုန်း…

ပေါက်ကွဲသံကြီးနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့သည်။

လှမ်းကြည့်လိုက်သည့်အခါ သူ့အား လှောင်ပြုံးပြုံးလျက် ကြည့်နေသော ဖန်ဖုန်းကို တွေ့လိုက်ရသည်။

“ဒီလို အချိန်မျိုးမှာ အလစ်ချောင်းတိုက်တာ သိပ်မကောင်းဘူးနော် ဂိုဏ်းချုပ်ဖန်၊ တိုက်ချင်ရင်ပြောပေါ့၊ ဒီဂိုဏ်းချုပ် အဖော်ပြုပေးမှာပဲကို” ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

“အပိုတွေ ပြောမနေနဲ့ကောင်လေး။ မင်းလာရဲမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားတော့နဲ့။ ဒီနေ့ ဒီနေရာက မင်းသေရမယ့်နေရာပဲ” ဖန်ဖုန်းက ပြန်ပြော၏။

ရန်ကိုင်ကြောင့် မိုးကြိုးမုန်တိုင်းဂိုဏ်းကို စွန့်ခွာပြီး ထွက်ပြေးလာရသည့် အတွက် ဖန်ဖုန်းသည် ရန်ကိုင်အား အလွန်ကိုမှ မုန်းတီးနားကျည်းနေခဲ့သည်။ ယခု ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေသေးသည် ဖြစ်လေရာ သူစဉ်ထားခဲ့သည့် ထောင်ချောက် အသုံးမဝင်ဖြစ်သွားခဲ့သည်မှာ ထင်ရှားသည်။ သူ့ဂိုဏ်းအား ဖျက်စီးပစ်ခဲ့ရရုံမက၊ အကြီးအကဲချုပ်ဟောင်း ငါးဦး၏ အသက်ကိုပါ စတေးပစ်ခဲ့ရသော်လည်း ရန်ကိုင်ကို မသတ်နိုင်ခဲ့ချေ။

ယနေ့ ရန်ကိုင်သာ ဤနေရာ၌ မသေသွားခဲ့လျှင် မိုးကြိုးမုန်တိုင်းဂိုဏ်း ဘယ်သောအခါမှ ပြန်လည် ဦးမော့လာနိုင်တော့မည် မဟုတ်ချေ။

ရန်ကိုင်သာ သတ်ပစ်မှသာလျှင် မိုးကြိုးမုန်တိုင်းဂိုဏ်းအား တစ်ဖန် ပြန်လည် ထူထောင်နိုင်ပေလိမ့်မည်။

“အပြောကတော့ ရွှေမိုးပဲ။ ခွေးအိုကြီး၊ ကျုပ်အသက်ကို လိုချင်ရင် လာယူလိုက်လေ။ ခင်ဗျားမှာ အစွမ်းရှိရင်ပေါ့” ရန်ကိုင်သည် မီးငှက်မှော်ရတနာကို ဆင့်ခေါ်လိုက်ရင်း ဖန်ဖုန်းအား လှောင်ပြောင်လိုက်သည်။

နဂါးဟိန်းသံနှင့်အတူ တစ်ချိန်းတွင် ရန်ကိုင်လက်ထဲ၌ နဂါးစိမ်းဓါး ပေါ်လာခဲ့ပြီး အစိမ်းရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ သူ့ခေါင်းထက်၌ ဝဲနေခဲ့သည်။

ရွှစ်… ရွှစ်… ရွှစ်…

ရန်ကိုင် ဘေးဘက်ဆီမှ လေဟာနယ်ဓါးသွားများ ထွက်ပေါ်လာပြီး သူ့ကောင်းကင်စိတ်အာရုံ၏ ထိန်းချုပ်မှုအောက်၌ ဖန်ဖုန်းဆီသို့ တိုးဝင်သွားလေ၏။

ဖန်ဖုန်းအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းက လေကြီးလေကျယ် ပြောနေခဲ့သော်လည်း ရန်ကိုင်အား အထင်သေးရဲခြင်း မရှိချေ။ ရန်ကိုင်၏ နည်းလမ်းမြောက်မြားစွာကို မြင်တွေ့ပြီးသည့် နောက်ပိုင်းတွင် ရန်ကိုင်အား သာမန် တန်ခိုးရှင်ပထမအဆင့် ဂျူနီယာလေး တစ်ယောက်အဖြစ် မဆက်ဆံရဲတော့ပေ။

သူ့ခန္ဓာကိုယ် တလက်လက် တောက်ပလာပြီး ချပ်ဝတ်တစ်ခု သူ့ကိုယ်ထက် ထွက်ပေါ်လာခဲ့သည်။

တိုက်ပင်မတိုက်ရသေးဘဲ ခုခံနေသည်ကို ကြည့်လျှင် ဖန်ဖုန်း သူ့ကိုယ်သူ ယုံကြည်ချက် မရှိကြောင်း ဖော်ပြနေခဲ့သည်။

တစ်ချိန်တည်းတွင် သူ့လက်ကောက်ဝတ် လှုပ်ခါသွားပြီး ကြာပွတ်ရှည် တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများအရ ကြာပွတ်ရှည်သည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။

အရိပ်ကြယ်၏ မဟာအင်အားစုကြီး နှစ်ခုအနက် တစ်ခုဖြစ်သည်နှင့်အညီ မိုးကြိုးမုန်တိုင်းဂိုဏ်းတွင်လည်း တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုလောက် ရှိပေသည်။ ဤမိုးကြိုးမီးငှက်ခုနစ်ကောင် ကြာပွတ်သည် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ တစ်ခုတည်းသော တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ဖြစ်သည်။

ပုံမှန်အားဖြင့် ထိုမှော်ရတနာကို မည်သူမှ ထုတ်သုံးလေ့မရှိ။ ဖန်ဖုန်းသည် ဂိုဏ်းကို စွန့်ခွာပြီး ထွက်ပြေးလာခဲ့စဉ်က ထိုမှော်ရတနာကိုပါ သူနှင့်အတူ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူ့တစ်ဘဝလုံး တစ်ခါမှ အသုံးမပြုဖူးသော ဤတန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို ရန်ကိုင်နှင့် ရင်ဆိုင်ရာတွင် စတင် ထုတ်သုံးခဲ့ရလေပြီ။

ဤမှော်ရတနာကို မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဘိုးဘေးတစ်ယောက်မှ ဘဝအတွေ့အကြုံခရီး ရှာထွက်ရင်း ရှေးဟောင်းအပျက်အစီး နယ်မြေထဲတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုမှော်ရတနာကို ဖန်တီးရန်အတွက် မရေမတွက်နိုင်သော ကုန်ကြမ်းပစ္စည်းများနှင့် အားကောင်းသော ငှက်အမျိုးအစား မွန်းစတားသားရဲများ၏ ဝိဥာဉ်များကိုလည်း အသုံးပြုခဲ့ရသည်။ မှော်ရတနာထဲတွင် အမျိုးမျိုးသော ငှက်အမျိုးအစား မွန်းစတားသားရဲများ၏ ဝိဥာဉ်များကို ချိတ်ပိတ်ထားသဖြင့် ဤတန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသည် ထိုမွန်းစတားငှက်များ၏ အသွင်သို့ ပြောင်းလဲနိုင်ပေသည်။

နောက်ဆုံးတွင် ထိုကြာပွတ်အား နှစ်တစ်သောင်းမိုးကြိုးမီးတောက်ကန်ထဲ၌ စိမ်စေကာ မိုးကြိုးမီးတောက်၏ စွမ်းအားကို စုပ်ယူစေခဲ့သည်။

ထိုမှော်ရတနာမှ ထုတ်လွှတ်သော မိုးကြိုးမီးတောက်နှင့် ထိတွေ့ခြင်း ခံလိုက်ရသည့် တန်ခိုးရှင်ဘုရင်အဆင့်အောက် မှော်ရတနာအားလုံး၏ စွမ်းအား အကြီးအကျယ် ထိခိုက်သွားရပေလိမ့်မည်။

ကြာပွတ်ကို ရိုက်ချလိုက်သည်နှင့် တရွှစ်ရွှစ် မြည်သံများ ထွက်ပေါ်လာသည်။

ထိုစဉ် မီးငှက်သည် ဖန်ဖုန်းပေါင်းပေါ်သို့ ပျံတက်သွားပြီး ၎င်း၏ နှုတ်သီးကို ဟလျက် လက်ဆေးဇလုံအရွယ်ထက် ကြီးမားသော မီးတောက်ဘောလုံးကြီး တစ်လုံးကို မှုတ်ထုတ်လိုက်သည်။

ဖန်ဖုန်းသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်တရာကို ကိုင်စွဲလျက် မကြောက်မရွံဖြင့် မီးငှက်အား ပြန်ရိုက်ချလိုက်သည်။

မီးငှက်သည် အချိန်မှီ မရှောင်တိမ်းနိုင်လိုက်သည့် အတွက် ကြာပွတ်၏ ထိမှန်ခြင်း ခံလိုက်ရပြီး ၎င်းဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ရုတ်တရက် မှီန်ကျသွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သော်ငြား မကြာမီ တည်ငြိမ်သွားခဲ့သည်။

မီးငှက် ဒဏ်ရာရသွားခဲ့သော်ငြား ဒဏ်ရာ အကြီးစား ရလိုက်ခြင်း မဟုတ်သည့်အပြင် ထိုဒဏ်ရာကြောင့် မီးငှက် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

ထိုအခိုက်တွင် လေဟာနယ်ဓါသွားများစွာတို့သည် ဖန်ဖုန်းဆီသို့ ရောက်ရှိလာခဲ့သည်။ မီးငှက်အား ကြာပွတ်စွမ်းအားဖြင့် ပြန်လည် ထိပ်တိုက် ရင်ဆိုင်ရဲသော်လည်း လေဟာနယ်ဓါးသွားများကိုမူ ထိပ်တိုက် မရင်ဆိုင်ရဲသည့် အတွက် ရှောင်တိမ်းလိုက်သည်။ ဖန်ဖုန်း ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ရန်ကိုင် ရပ်နေရာမှ မီတာအနည်းငယ်ခန့် အကွာတွင် ပြန်ပေါ်လာလေသည်။

မိုးကြိုးမီးတောက်ငှက်ခုနှစ်ကောင် ကြာပွတ်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့သည်။

ရုတ်တရက် တိုးဝင်လာသော တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ရာ မဖြစ်နိုင်တော့သည့်အတွက် ရန်ကိုင်လည်း ခရမ်းရောင်ဒိုင်းကို သုံး၍သာ ရှောင်တိမ်းလိုက်ရသည်။

သို့သော်လည်း မိုးကြိုးမီးတောက်ငှက်ခုနစ်ကောင် ကြာပွတ်သည် အသိစိတ်ရှိနေသည့်နှယ် လေထဲတွင် ဦးတည်ချက်ပြောင်းကာ ခရမ်းရောင်ဒိုင်းကို ရှောင်တိမ်သွားသည်။ ဖန်ဖုန်းမှ သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ ကြာပွတ်ရှည်သည် ရုတ်တရက် ဖြောင့်တန်းသွားပြီး လှံတစ်ချောင်းအသွင်သို့ ပြောင်းလဲလျက် ရန်ကိုင်၏ နှလုံးတည့်တည့်သို့ တိုးဝင်သွားသည်။

ထိုစဉ် ကြာပွတ်ရှည်သည် နတ်ဆိုးငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ထိုငှက်သည် သိမ်းငှက်နှင့် ဆင်တူပြီး ထက်ရှသော ခြေသည်းများကို ပိုင်ဆိုင်ထားသည်။ တောင်ပံများသည် မီတာပေါင်းများစွာ ရှည်လျားကြီးမားကာ နေအလင်းရောင်ကိုပင် ဖုံးကွယ်နိုင်စွမ်း ရှိပေသည်။

ဖုန်းငှက်…

ရန်ကိုင်သည် မရဏဘေး သူ့ဆီ ချဉ်းကပ်လာနေသည်ကို မသိသည့်နှယ် ထိုတိုက်ခိုက်မှုအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ရန်ကိုင်၏ ခေါင်းထက်၍ ဝဲနေသော နဂါးစိမ်းသည် ၎င်း၏အမြီးဖြင့် ဖုန်းငှက်၏ တိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တားလိုက်သည်။ တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့သွားချိန် နဂါးဟိန်းသံနှင့် ဖုန်းငှက်အော်သံတို့ ထွက်ပေါ်လာပြီး အားကောင်းသော စွမ်းအင်လှိုင်းများကလည်း အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ဖုန်းငှက်၏ အရောင်အဝါမှာ အချိန်နှင့်အမျှ မှေးမှိန်လာနေသော်ငြား အစိမ်းရင့်ရောင်နဂါးမှာမူ ပိုပို၍ ကြမ်းကြုတ်လာနေခဲ့သည်။

“မဖြစ်နိုင်ဘူး” နဂါးစိမ်းကို ကြည့်ရင်း ဖန်ဖုန်း ထိတ်လန့်သွားခဲ့သည်။

ရန်ကိုင် လက်ထဲရှိ နဂါစိမ်းဓါးသည် အတော်လေးကိုမှ အားကောင်းမှန်း သိသော်လည်း ထိုအရာသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသာ မဟုတ်လျှင် ဖုန်းငှက်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ မဟုတ်ချေ ကြာပွတ်ထဲတွင် ကိန်းအောင်းနေသော မိုးကြိုးမီးတောက်သည် မှော်ရတနာတစ်ခု၏ စွမ်းအင်ကို ထိခိုက်အောင် လုပ်နိုင်သည်။ သို့သော်လည်း ထိုစွမ်းအားသည် နဂါးစိမ်းအပေါ် သက်ရောက်မှုမရှိချေ။

ရန်ကိုင်၏ နဂါးစိမ်းသည် အလွန်ကိုမှ အဆိပ်ပြင်းပြီး တိုက်စားနိုင်စွမ်း အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

အခြေအနေ မဟန်သည်ကို သတိပြုမိသော် ဖန်ဖုန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ကြာပွတ်ထဲသို့ သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကို အသည်းအသန် ထည့်သွင်းလိုက်သည်။

ဖုန်းငှက်သည် နဂါစိမ်းနှင့် တိုက်ခိုက်နေရာမှ ရုတ်တရက် ကြာပွတ်ရှည် တစ်ချောင်းအသွင်သို့ ပြန်ပြောင်းသွားကာ ဖန်ဖုန်းလက်ထဲသို့ ပြန်ရောက်သွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၈)

မိုးကြိုးမီးတောက်ငှက်ခုနှစ်ကောင် ကြာပွတ်သည် အဆင့်မြင့်မှော်ရတနာ တစ်ခု ဖြစ်သော်လည်း နဂါးစိမ်းဓါးကိုတော့ မမှီသေးချေ။

နဂါးစိမ်းဓါးသည် နဂါးဝိဥာဉ် ကိန်းအောင်းနေသော အစစ်အမှန် နဂါးဓါတ်လုံး၏ အားဖြည့်မှု ရရှိထားသည့် နဂါးအရိုးဖြင့် ဖန်တီးထားသည့် ဓါးတစ်ချောင်ဖြစ်သည်။ ထိုဓါးကို သန့်စင်ရန်အတွက် အကောင်းတကာ့ အကောင်းဆုံး ပစ္စည်းများကို အသုံးပြုထားသည်ဟု ပြောလျှင်ပင် မမှားချေ။ မိုးကြိုးမီးတောက်ငှက်ခုနစ်ကောင် ကြာပွတ်သည် အလွန်ကိုမှ အားကောင်းလျှင်ပင် နဂါးစိမ်းဓါးကိုတော့ မယှဉ်နိုင်သေးပေ။

နဂါးစိမ်းဓါး၏ စွမ်းအားကို ကန်သတ်နေသည်ကား ရန်ကိုင်၏ ကျင့်ကြံခြင်းပင် ဖြစ်သည်။

ထို့အပြင် နဂါးစိမ်းဓါးသည် ရန်သူများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီး သူ့ကိုယ်သူ အားကောင်းအောင် ပြုလုပ်နိုင်သည်။ ဆိုလိုသည်ကား ထိုဓါးသည် အချိန်နှင့်အမျှ ပိုပိုအားကောင်းလာနေမည့် မှော်ရတနာတစ်မျိုး ဖြစ်သည်။

ရန်ကိုင် ထိုဓါးကို အကြီးအကျယ် မျှော်လင့်ထားသည်။ ထို့ကြောင့် နဂါးစိမ်းဓါးသည် မိုးကြိုးမီးတောက်ငှက်ခုနှစ်ကောင် ကြာပွတ်ကိုမှ အနိုင်မယူနိုင်လျှင် တကယ်ကို လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

သူအားအကိုးရဆုံး မှော်ရတနာ ဖိနှိပ်ခံလိုက်ရသည်ကို မြင်သော် ဖန်ဖုန်း ကြောက်ရွံ့သွားခြင်း မရှိချေ။ မှော်ရတနာ၏ စွမ်းအားသည် တိုက်ပွဲတစ်ပွဲအပေါ် သက်ရောက်မှု ရှိသော်ငြား ကျင့်ကြံခြင်းအဆင့်နှင့် အသုံးပြုသော ပညာရပ်များသည် အခရာ အကျဆုံးဖြစ်သည်။

သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အဆင့်နှစ်ဆင့် ပိုမြင့်သည့်အပြင် နှစ်ပေါင်းများစွာ တိုက်ခိုက်လာသော အတွေ့အကြုံကြောင့် သူ့မှော်ရတနာသည် ရန်ကိုင်၏ မှော်ရတနာလောက် အားမကောင်းလျှင်ပင် သူသာလျှင် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေဆဲ။

ဖန်ဖုန်းသည် ကြာပွတ်အား အဆက်မပြတ် ဝှေ့ရမ်းလျက် မထင်မှတ်ထားသော ရှုထောင့်များမှ တိုက်ခိုက်နေခဲ့သည်။ ဖန်ဖုန်း၏ တိုက်ခိုက်မှုကြောင့် မီးငှက်နှင့် နဂါးစိမ်း နှစ်ကောင်စလုံး ဖန်ဖုန်း အနီးသို့ မချဉ်းကပ်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်၏ လေဟာနယ်ဓါးသွားများပင်လျှင် ကြာပွတ်ရိုက်ချက်များကြောင့် တစ်စစီ ဖြစ်ကုန်လေသည်။

ရုတ်တရက် ကြယ်တက်လှမ်းခြင်းတောင်ထက်တွင် တိုက်ပွဲကြီးနှစ်ခု ဖြစ်ပွားလာခဲ့သည်။

လန်ချင်းသည်သာ ထိုတိုက်ပွဲကြီးအား အဝေးမှ ရပ်ကြည့်နေနိုင်ခဲ့သည်။

ရီရှီယွင်နှင့် ချီထျန်ချဲကြားမှ တိုက်ပွဲသည် သူ့အတွက် အလွန် အဆင့်မြင့်လှသဖြင့် ထိုတိုက်ပွဲအား မကြည့်ဘဲ ရန်ကိုင်နှင့် ဖန်ဖုန်းကြားမှ တိုက်ပွဲကိုသာ အာရုံစိုက်လိုက်သည်။

ကြယ်ဧကရာဇ်တောင်၏ လူငယ်လက်ရွေးစင် တစ်ယောက် ဖြစ်သည်နှင့်အညီ လန်ချင်းသည် သူ့ကိုယ်သူ အားအကောင်းဆုံး၏ အမြဲမှတ်ယူထားသည်။ ချူချန်ဖုန်း ကဲ့သို့သော လူမျိုးကိုပင် မျက်လုံးထဲမထည့်ချေ။ သို့သော် ရန်ကိုင်ကိုမူ သူအထင်မသေးရဲ။

လေးလွှာမြောက်တွင် ရန်ကိုင်အား စတွေ့ပြီးသည့် အချိန်မှစ၍ လန်ချင်းသည် ရန်ကိုင်အား ပြိုင်ဘက်တစ်ယောက်အဖြစ် အမြဲ မှတ်ယူထားခဲ့သည်။ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်နိုင်မည့် နေ့တစ်နေ့ကိုလည်း အမြဲ စောင့်မျှော်နေမိသည်။

သို့သော်လည်း လက်ရှိ ရန်ကိုင်နှင့် ဖန်ဖုန်းကြားမှ တိုက်ပွဲကို မြင်ပြီးနောက် ရန်ကိုင်၏ ခွန်အားသည် သူထင်ထားသည်ထက် အများကြီး ပိုမြင့်မားမှန်း သိလိုက်ရ၏။

ရန်ကိုင်သည် ဖန်ဖုန်းကဲ့သို့သော လူတစ်ယောက်ကိုပင် လက်ရည်တူ ယှည်တိုက်နိုင်သည်။ အမျိုးမျိုးသော မှော်ရတနာများ၏ အားကိုးကြောင့် ထိုကဲ့သို့ တိက်ခိုက်နိုင်သည်ဟု ပြော၍ရသော်လည်း ဖန်ဖုန်အား ဖိနှိပ်ထားနိုင်သော သူ့စွမ်းအားသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်မှာ ငြင်း၍မရသော အမှန်တရားတစ်ခု ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လန်ချင်း အလွန်ကိုမှ ထိတ်လန့်နေခဲ့သည်။

တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်သည် ထိုအတိုင်းအတာထိကို အားကောင်းနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူသာဆိုလျှင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်။ လန်ချင်းသည် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ဖန်ဖုန်းကကော မဟုတ်၍လော။

ဂိုဏ်းအသီးအသီး၏ ဂိုဏ်းချုပ် ဖြစ်လာသည့် လူတိုင်းသည် ဂိုဏ်းထဲတွင် ပြိုင်ဘက်ကင်းသည့် လူများ ဖြစ်ကြသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ချွင်းချက် မဟုတ်ချေ။ သူ့စွမ်းအားသည် အရိပ်ကြယ်၏ အထွဋ်အထိပ်တွင် ရပ်နေသည့် လူများအောက် မနိမ့်ကျချေ။

သို့သော်လည်း သူကဲ့သို့ လူတစ်ယောက်သည်ပင် ရန်ကိုင်အား အထက်စီးမှ မတိုက်ခိုက်နိုင်ဘဲ ပြန်၍ပင် ဖိနှိပ်ခံနေခဲ့ရသည်။

သူသာ ရန်ကိုင်နေရာတွင် ဆိုပါက လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်အတွင်း ဖန်ဖုန်းကြောင့် အသက်ပျောက်သွားလောက်ပြီဟု လန်ချင်း ခန့်မှန်းကြည့်လိုက်သည်။

ထို့အကြောင်းကို စဉ်းစားကြည့်ရင်း လန်ချင်း စိတ်ဓါတ်ကျမိသော်လည်း ယခင်ထက်ပို၍ စိတ်လှုပ်ရှားလာမိခဲ့သည်။

သူပစ်မှတ်တစ်ခု တွေ့သွားခဲ့လေပြီ။ ပန်းတိုင်ကိုလည်း ရှာတွေ့သွားခဲ့လေပြီ။ လန်ချင်းသည် ရန်ကိုင်၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေသည်။

“ဖန်ဖုန်း၊ ခင်ဗျားသည် ခပ်ဝေးဝေးကို ထွက်ပြေးခဲ့ရင် ဒီနေ့ သေဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ကြယ်ဧကရာဇ်တောင်ကို လာဖို့ ဆုံးဖြတ်လိုက်မှတော့ ခင်ဗျားကံကြမ္မာက သေရမှာအပြင် အခြား မရှိတော့ဘူး” ရန်ကိုင်သည် နဂါးစိမ်းဓါး၊ မီးငှက်နှင့်အတူ ဖန်ဖုန်းအား တိုက်ခိုက်ရင်း ရယ်မောလိုက်သည်။

ဖန်ဖုန်းသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ အေးစက်စက် အမူအရာဖြင့်သာ ပြန်လည် တိုက်ခိုက်နေခဲ့သည်။

သူပြန်မပြောချင်သည် မဟုတ်ဘဲ အသည်းအသန် ခုခံနေရသည့်အတွက် ရန်ကိုင်နှင့် ငြင်းခုံရန် အချိန်မရှိသည့် အတွက်ကြောင့်သာ ဖြစ်သည်။

တိုက်ခိုက်နေရင်းနှင့်မျှ သူ့ခွန်အားသက်သက်ဖြင့် ရန်ကိုင်အား သတ်နိုင်လိမ့်မည် မဟုတ်မှန်း ဖန်ဖုန်း သိလိုက်သည်။ ထိုနည်းတူစွာပင် သူ့ပြိုင်ဘက် အနေဖြင့်လည်း သူ့အား အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် သူ့မျှော်လင့်ချက်အားလုံးကို ချီထျန်ချဲ အပေါ်သို့သာ ပုံအောထားလိုက်တော့သည်။

ချီထျန်ချဲတွင် ဝှက်ဖဲတစ်ခုခု ရှိနေလိမ့်မည်ဟု ဖန်ဖုန်း ခံစားမိသည်။ မဟုတ်လျှင် ရန်ကိုင်နှင့် ရီရှီယွင်တို့ ရောက်လာသည်ကို သိသည့်တိုင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေလိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို နားလည်လိုက်သော် ရီရှီယွင်နှင့် ချီထျန်ချဲကြား တိုက်ပွဲအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သို့သော် သူထင်ထားသလို မဟုတ်ခဲ့ဘဲ ထိုနှစ်ဦး တိုက်ပွဲသည် လက်ရည်ညီနေခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သော် ဖန်ဖုန်း နှလုံးခုန်သံမြန်သွားပြီး ရင်ထဲလည်း အေးစက်စက် ဖြစ်သွားခဲ့သည်။

ချီထျန်ချဲသာ ရီရှီယွင်ကို အနိုင်မယူနိုင်လျှင် သူဘာလုပ်ရမည်နည်း။

ချီထျန်ချဲ၏ ခွန်အားအရ သူဤနေရာမှ ထွက်ပြေးချင်လျှင် ထွက်ပြေးနိုင်၏။ သို့သော် သူကော။ ဟင်းလင်းပြင်စွမ်းအားကို ကျွမ်းကျင်ထားသည့် လူတစ်ယောက်၏ လက်မှ သူမည်ကဲ့သို့ ထွက်ပြေးနိုင်မည်နည်း။

ထိုကဲ့သို့ တွေးနေရင်းနှင့်မျှ ဖန်ဖုန်း၏ မျက်ဝန်းအစုံ မှေးစဉ်သွား၏။

ရီရှီယွင်နှင့် ချီထျန်ချဲကြား တိုက်ပွဲတွင် ချီထျန်ချဲသည် ရီရှီယွင်နှင့် တိုက်ခိုက်နေရာမှ ရုတ်တရက် ရုန်းထွက်၍ သူ့ဆီသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။

ပြေးလာနေရင်းနှင့်မှ ချီထျန်ချဲသည် သူ့ရှေ့တည့်တည့်အား ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

အစပိုင်း လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေသော ရန်ကိုင်၊ ရုတ်တရက် သအလွန် လှုပ်ရှားရခက်လာပြီး အားကောင်းလှသော ဖိအားတစ်ရပ် သူ့အပေါ် သက်ဆင်းလာသည်ကို ခံစားမိလိုက်သည်။

ချီထျန်ချဲ ဘာကြံနေလဲ ဆိုသည်ကို ဖန်ဖုန်း နားလည်သွားသည့်နောက် အလွန် ပျော်သွားခဲ့သည်။ ချီထျန်ချဲသည် ရီရှီယွင်နှင့် တိုက်ခိုက်နေသော်လည်း သူ၏ တကယ့် ပစ်မှတ်သည် ရန်ကိုင်သာ ဖြစ်သည်။

ရန်ကိုင်ကိုသာ ဖမ်းနိုင်လျှင် ရီရှီယွင် မည်မျှအားကောင်းကောင်း ကိစ္စမရှိတော့ချေ။

ချီထျန်ချဲ၏ အကြံအစည်ကို သိလိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ဖုန်းသည်လည်း ရန်ကိုင်အား ဝင်ရောက် ဖိနှိပ်လိုက်သည်။

“အတူ ပူပေါင်းလိုက်ရုံနဲ့ ကျုပ်ကို ဖိနှိပ်နိုင်မယ် ထင်တယ်ပေါ့” ရန်ကိုင်၏ မျက်ဝန်းအစုံ အေးစက်ထက်ရှသွားခဲ့ပြီး “ကြည့်ရတာ ခင်ဗျားတို့က အခေါင်း မမြင်သေးသရွေ့ နောင်တရမယ့်လူတွေ မဟုတ်ဘူးပဲ။ ခင်ဗျားတို့ ဖမ်းနိုင်ရင် လာဖမ်းစမ်း”

ပြောပြီးသည်နှင့် သူ့လက်ဝါးအား ဖြတ်ဆွဲချလိုက်ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်လေသည်။

“ဟင်းလင်းပြင်စွမ်းအားက ဆန်းကျယ်တာ မှန်တယ်။ ဒါပေမယ့် ဒီလူအိုကြီး ရှေ့မှာတော့ အသုံးမဝင်ဘူးကွ” ချီထျန်ချဲသည် ရယ်မောရင်း ရှေ့တည့်တည့်သို့ အလုံးလေးတစ်လုံးကို လှမ်းပစ်လိုက်သည်။

ထိုအလုံးလေးသည် သာမန်သာ ထင်ရပြီး ၎င်းဆီမှ မည်သည့် စွမ်းအားမှ ဖြာထွက်နေခြင်း မရှိခဲ့ချေ။ သို့သော်လည်း ထိုအလုံးလေးကို မြင်လိုက်သည်နှင့် ရီရှီယွင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား အလန့်တကြား လှမ်းသတိပေးလိုက်လေသည် “နင်တကယ်ကြီး အဲ့ဒါကို သန့်စင်လိုက်နိုင်တာလား။ ဂိုဏ်းချုပ် မြန်မြန် ရှောင်လိုက်”

ရန်ကိုင် စိတ်နှလုံး တင်းကြပ်သွားခဲ့သည်။

အလုံး ဘာအလုံးမှန်း မသိသော်လည်း ရီရှီယွင်အား ထိုမျှ ထိတ်လန့်စေပုံကို ထောက်ရှုကြည့်လျှင် သာမန်အလုံးတစ်လုံး လုံးဝ မဖြစ်နိုင်ချေ။

ထို့ကြောင့် ရန်ကိုင်လည်း ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ချက်ချင်း ထွက်ပြေးရန် လုပ်လိုက်သည်။

သို့သော်လည်း အလုံးလေးဆီမှ ထူးဆန်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သူဖန်တီးထားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ချက်ချင်း ပြန်ပိတ်သွားစေခဲ့သည်။

ရန်ကိုင်သည် ရှေ့သို့ တစ်လှမ်းသာ လှမ်းရသေးသော်လည်း ရုတ်တရက် ဆိုသလို သူ့ပတ်ဝန်းကျင်ရှိ မြင်ကွင်းအဖုံဖုံ ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင် အသိပြန်ဝင်လာသည့် အချိန်တွင် အခြားသော လေဟာနယ် တစ်ခုသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ဘာတွေဖြစ်နေမှန်း ရန်ကိုင် နားမလည်တော့။

သူပို၍ အံ့အားသင့်သွားရသည်ကား ဤနေရာရှိ လေဟာနယ်နှင့် ပက်သက်၍ပင်။ ဤနေရာရှိ လေဟာနယ်သည် မပြည့်အစုံ ဖြစ်နေခဲ့သည်။ ဤလေဟာနယ်၏ တစ်ဝက်တွင် သစ်ပင်ပန်းမန် အချို့ကို မြင်နိုင်သော်ငြား အခြားတစ်ဝက်ကိုမူ မမြင်တွေ့ရချေ.

မမြင်နိုင်သော အကာအရံ တစ်ခုသည် လေဟာနယ်ကို ပိုင်းခြားထားသည့်နှယ်။

သူနှင့် မလှမ်းမကမ်းတွင် ချီထျန်ချဲသည် ပြုံးလျက် ရပ်နေပြီး ဖန်ဖုန်းကမူ နားမလည်နိုင်ဟန်ဖြင့် သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေခဲ့သည်။ ရီရှီယွင်ကိုမူ မည်သည့် နေရာတွင်မှ မတွေ့ရချေ။

မီးငှက်သည် ရန်ကိုင်ခေါင်းထက်တွင် ဝဲလျက် စိုးရိမ်တကြီး အော်ဟစ်နေ၏။ နဂါးစိမ်းဓါးမှာမူ သူနှင့်အတူ ပါမလာခဲ့ချေ။ နဂါးစိမ်းဓါးအား ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်သော်လည်း ဆက်သွယ်၍ မရသည်ကို တွေ့ရှိလိုက်ရသည်။

ခဏအကြာတွင် ဖန်ဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “အစ်ကိုထျန်ချဲ၊ ဒီနေရာ ဘာနေရာလဲ”

“ချိတ်ပိတ်ထားတဲ့ ကမ္ဘာငယ်လေးလေ” ချီထျန်ချဲက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“ချိတ်ပိတ်ထားခံရတဲ့ ကမ္ဘာငယ်လား” ဖန်ဖုန်း မျက်လုံးပြူးသွားခဲ့သည်။ သူများ နားကြားမှာလေသလားဟုပင် ထင်မိသွားသည်။ ရန်ကိုင်သည်လည်း မှုန်ကုတ်ကုတ် အမူအရာဖြင့် ချီထျန်ချဲအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

“အစ်ကိုဖုန်း၊ ဒါမျိုးကို မမြင်ဖူးဘူးလား”

“တစ်ခါမှ မမြင်ဖူးဘူး” ဖန်ဖုန်းက ခေါင်းခါလျက် “ကျုပ်ကမ္ဘာငယ်လေးတွေ အများကြီးဆီ ရောက်ဖူးတယ်။ ဒါပေမယ့် အသေးဆုံး ကမ္ယာငယ်လေးတောင် ဒီထက် အများကြီး ပိုကြီးတယ်”

သူနားမလည်နိုင် ဖြစ်နေသည်ကား သူတို့သုံးယောက် ဤနေရာသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကိုပင်။

ကမ္ဘာငယ်လေးများဆီသို့ သွားချင်သည်ဆိုပါက လေဟာနယ်လိုဏ်ခေါင်းမှ တစ်ဆင့်သာ သွားနိုင်သည်။ သို့သော်လည်း ယခုမှ ချီထျန်ချဲသည် အလုံးလေး တစ်လုံးကို ပစ်လိုက်သည်။ ထိုအလုံးလေးဆီမှ ထူးဆန်းသော စွမ်းအင်များ ဖြာထွက်လာပြီး သူတို့သုံးယောက် ဤနေရာသို့ ရောက်လာခဲ့၏။

ဤကမ္ဘာငယ်လေးသည် ထိုအလုံးလေးနှင့်များ ပက်သက်နေလေသလား။ ဖန်ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်လည်း အံ့အားသင့်နေခဲ့သည်။

ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ချိတ်ပိတ်ထားခံရသော ကမ္ဘာငယ်လေးများကို တွေ့ခဲ့ရသော်ငြား ကြယ်စီရင်စုထဲသို့ ရောက်လာပြီးနောက်တွင် ထိုကဲ့သို့ နေရာမျိုး တစ်ခါမှ ထပ်မတွေ့ရတော့ချေ။

“ဂိုဏ်းချုပ်ရန်နော် ဟုတ်တယ်မလား” ချီထျန်ချဲသည် ရန်ကိုင်အား ပြုံးလျက် ကြည့်ရင်း “စဉ်းစားကြည့်ရင် ကျုပ်တို့ တွေ့ကတည်းက တစ်ခါမှ ကိုယ့်ကိုယ်ကို မိတ်မဆက်ရသေးဘူးနော်။ အဲ့ဒါဆို အခုပဲ မိတ်ဆက်လိုက်ကြတာပေါ့။ ဒီဘုရင်က ချီထျန်ချဲ၊ လက်ရှိ ကြယ်ဧကရာဇ်တောင်ရဲ့ ဂိုဏ်းချုပ်”

“ဂိုဏ်းချုပ်ချီရဲ့ ကျော်ကြားလှတဲ့ နာမည်ကို ဒီဂျူနီယာ ကြားဖူးနေတာ ကြာပါပြီ” ရန်ကိုင်သည် နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြဘဲ ပြုံး၍ပင် “ဒါပေမယ့် ဒီဂျူနီယာ မေးချင်တာရှိတယ်။ စီနီယာဘာလို့ ကျုပ်ကို ဒီနေရာဆီ ခေါ်လာတာလဲ။ ကျုပ်ကိုသုံးပြီး အကြီးအကဲချုပ်ကို ခြိမ်းခြောက်ချင်တာလား”

“ဂိုဏ်းချုပ်ရန် ဒါမျိုးစကားတွေ ပြောနေစရာ မလိုပါဘူး” ချီထျန်ချဲက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒီဘုရင် ဂိုဏ်းချုပ်ရန်ကို ဒီနေရာဆီ ခေါ်လာတယ် ဆိုတာက ဂိုဏ်းချုပ်ရန်ကို သုံးပြီး စီနီယာအစ်မရီကို ခြိမ်းခြောက်ချင်လို့ မဟုတ်ဘူး။ ဂိုဏ်းချုပ်ရန်နဲ့ မိတ်ဆွေဖွဲ့ချင်လို့”

“ဟဲဟဲ…” ရန်ကိုင်က ရယ်မောလျက် သူ့မေးစေ့ကိုပွတ်ရင်း “စီနီယာက ဒီလို အချိန်မျိုးမှာတောင် လာနောက်နေနိုင်သေးတယ်နော်”

ချီထျန်ချဲက ခေါင်းခါလိုက်ပြီး အလေးအနက် အမူအရာဖြင့် “ဒီဘုရင် နောက်နေတာ မဟုတ်ဘူး။ တကယ် ပြောနေတာ”

“ဒါပေမယ့် ဒီဂျူနီယာက စီနီယာနဲ့ မိတ်ဆွေမဖွဲ့ချင်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ချီထျန်ချဲက ရယ်မောလျက် “အဲ့ဒါဆိုရင် ဒီဂိုဏ်းချုပ်လည်း တွန်းအား မပေးတော့ပါဘူးလေ။ ဒါပေမယ့် ဒီဂိုဏ်းချုပ် ဂိုဏ်းချုပ်ရန်နဲ့ တစ်ခုခု ဆွေးနွေးချင်တယ်”

“ကျုပ်နဲ့ ဆွေးနွေးချင်တာ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်” ချီထျန်ချဲက ခေါင်းညိတ်လိုက်သည်။

“ဘာလဲ၊ ဂိုဏ်းချုပ်ရာထူးကို သုံးပြီး ခွန်အား တိုးတက်အောင် လုပ်တာလား။ ဆရာကို လိမ်ပြီး ဘိုးဘေးတွေကို မလေးမစား လုပ်တာမျိုးလား၊ အဲ့ဒါမျိုး ဒီဆိုရင်တော့ ဒီဂျူနီယာ စိတ်မဝင်စားဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

သို့သော်လည်း ချီထျန်ချဲသည် အပြုံးမပျက် ပြန်ပြောလိုက်လေသည် “ဘယ်လိုလုပ်ပြီး အဲ့အကြောင်းတွေ ဖြစ်ရမှာလဲ။ ဒီဘုရင် မေးချင်တာက… ဟင်းလင်းပြင်တာအို အကြောင်းပဲ”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၉)

“လေဟာနယ်တာအိုက အရမ်းကို ဆန်းကြယ်ပြီး ကျင့်ကြံဖို့ ခက်ခဲတယ်။ ဒီဘုရင်က ပါရမီ မပါတော့ နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့တာတောင် လေဟာနယ်တာအိုကို ဂိုဏ်းချုပ်ရန်လောက် မကျွမ်းကျင်သေးဘူး။ ဂိုဏ်းချုပ်ဆိုရင် လေဟာနယ် ဓါသွားတွေကို ဖန်တီးပြီး ဟင်းလင်းပြင်ကိုတောင် ဆုတ်ဖြဲနေနိုင်ပြီ။ ဂိုဏ်းချုပ်ရန်ရဲ့ နည်းလမ်းတွေနဲ့ ပက်သက်ပြီး ဒီဘုရင် တကယ်ကို လေးစားမိတယ်။ ဒါကြောင့် ဒီဘုရင် နှစ်ပေါင်းများစွာ အဖြေရှာမရတဲ့ ပုစ္ဆာတွေရဲ့ အဖြေကို ဂိုဏ်းချုပ်ရန်ဆီကနေ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂိုဏ်းချုပ်ရန်နဲ့ ဆွေးနွေးတိုင်ပင်ချင်တာ”

“ခင်ဗျား လေဟာနယ်တာအိုကို ကျင့်ကြံဖူးတာလား”

“မတောက်တခေါက်လေးပဲ တတ်ထားတာ” ချီထျန်ချဲက ခေါင်းညိတ်၍ “အဲ့လောက်လေး တတ်ဖို့တောင် နှစ်တွေအများကြီး အချိန်ယူလိုက်ရသေးတယ်”

ရန်ကိုင် ကြောင်သွားခဲ့သည်။

ထိုလူအိုကြီး နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်စဉ် ဝင်နေရခြင်းမှာ လေဟာနယ်တာအိုကို ကျင့်ကြံရန်အတွက် ဖြစ်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ချီထျန်ကျဲသည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်စဉ်ဝင်လျက် ကျင့်စဉ်ပညာရပ် တစ်ခုခုကို ကြိတ်၍ ကျင့်ကြံနေသည့် အတွက်ကြောင့် သူ့အား သတိထားရန် ရန်ရှုကျို သူ့အား သတိပေးခဲ့သည်။ သို့သော်လည်း အဖြစ်မှန်မူကား ချီထျန်ချဲသည် မည်သည့် ကျင့်စဉ်ပညာရပ်ကိုမှ ကြိတ်၍ ကျင့်ကြံနေခြင်း မဟုတ်ဘဲ လေဟာနယ်တာအိုကို ကြိုးစားကျင့်ကြံနေခြင်းသာ ဖြစ်သည်။

သို့သော်လည်း သူဘာကြောင့် လေဟာနယ်တာအိုကို ကျင့်ကြံချင်ရသနည်း။

သူ့ခေါင်းထဲ အဖြေတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည့်နောက် ချီထျန်ချဲဘက်သို့ လှည့်၍ “ဒီဂျူနီယာ အထင်မမှားရင် စီနီယဦ လေဟာနယ်တာအိုကို ကျင့်ကြံရတဲ့ အကြောင်းအရင်းက ဒီချိတ်ပိတ်ထားတဲ့ ကမ္ဘာငယ်လေးနဲ့ ပက်သက်နေတယ်မလား”

“အို၊ မင်းဘာလို့ အဲ့လိုထင်တာလဲ” ချီထျန်ချဲသည် မျက်ခုံးပင့်လျက် ရန်ကိုင်အား ပြန်မေးသည်။

“ဟဲဟဲ” ရန်ကိုင်က ရယ်မောလျက် “ကျုပ်ဒီကို လာတုန်းက ဘယ်လေဟာနယ် လိုဏ်ခေါင်းကိုမှ မမြင်လိုက်ဘူး။ ဒီတော့ တစ်ခုပဲ ရှိတော့တယ်။ ကျုပ်ဒီကို ရောက်လာတဲ့ အကြောင်းအရင်းက အဲ့အလုံးလေးနဲ့ ပက်သက်နေတာပဲ ဖြစ်ရလိမ့်မယ်။ ဒါပေမယ့် အဲ့အလုံးလေးကို အသုံးပြုဖို့အတွက် လေဟာနယ်စွမ်းအားကို တတ်ထားရမယ်။ ဒါကြောင့်ပဲ စီနီယာ လေဟာနယ်စွမ်းအားကို ကျင့်ကြံချင်နေမတာလား”

“အမှန်ပဲ” ချီထျန်ချဲက ရန်ကိုင်အား ကြည့်လျက် ခေါင်းညိတ်ပြရင်း “ဂိုဏ်းချုပ်ရန် အခြားဘာတွေ သိလိုက်သေးလဲ”

“ဒီကမ္ဘာငယ်လေးက မပြည့်စုံဘူး ဆိုတာကိုလည်း ကျုပ်သိတယ်။ အဲ့လို ဖြစ်ရတာက ခင်ဗျား လေဟာနယ်တာအိုကို သိပ်မကျွမ်းကျင်တာကြောင့် ဖြစ်လောက်တယ်။ ခင်ဗျား အနေနဲ့ ဒီကမ္ဘာငယ်လေးကို ပြီးပြည့်စုံအောင် လုပ်ချင်ရင် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သွားမှပဲ ရလိမ့်မယ်” ပြောနေရင်း ရန်ကိုင် ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့သည်။ ပြောရင်းပြောရင်း ချီထျန်ချဲ လေဟာနယ်တာအိုကို နားလည်ရသည့် အကြောင်းအရင်းနှင့် ကမ္ဘာငယ်လေးကြား မည်သည့် ဆက်သွယ်မှုကိုမှ မစဉ်းစားမိသဖြင့် ရန်ကိုင် ခေါင်းရှုပ်သွားခဲ့ရသည်။

ကမ္ဘာငယ်လေးသည် သူ့ဘာသာ အလိုအလျောက် တည်ရှိနေပြီး မည်သည့်အရာပေါ်မှ မှီခိုနေခြင်းမရှီသည့် ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်သည်။

“ဂိုဏ်းချုပ်က တကယ်ကို အမြင်စူးရှတာပဲ၊ ဒီလူအိုကြီး လေးစားသွားပြီ” ချီထျန်ချဲက အသာအယာ ခေါင်းညိတ်လျက် “ဂိုဏ်းချုပ်ရန် ပြောတာ မှန်တယ်ဆိုပေမယ့် အမှား အကြီးကြီးတစ်ခု ရှိနေတယ်”

“အို၊ ဘာများလဲ” ရန်ကိုင် ချီထျန်ချဲအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဒီအလုံးလေးက ကမ္ဘာငယ်လေးကို ဖွင့်ဖို့နဲ့ ဆက်စပ်နေတာ မဟုတ်ဘူး” ချီထျန်ချဲက အဓိပ္ပါယ်ပါပါပြုံးလျက် “ဒီအလုံးလေး ကိုယ်တိုင်ကကို ကမ္ဘာငယ်ဖြစ်နေတာ”

“ခင်ဗျား ပြောချင်တာက” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“အခြားတစ်နည်းနဲ့ ပြောရရင်တော့ ကမ္ဘာငယ်လေးက ဒီအလုံးလေးထဲမှာ ရှိနေတာ” ချီထျန်ချဲက ရှင်းပြလိုက်သည်။

“ဘယ်လို” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ ဖန်ဖုန်းသည်ပင်လျှင် မှင်သက်နေ၏။

“အလုံးလေးထဲမှာ ကမ္ဘာငယ်လေး ရှိနေတာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါလိုက်သည်။ ထို့နောက သူ့အမူအရာ တဖြည်းဖြည်း သုန်မှုန်လာခဲ့ပြီး ချီထျန်ချဲအား စိုက်ကြည့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “ဒီအလုံးလေးကလည်း… ဧကရာဇ်မှော်ရတနာ ဖြစ်နေတာလား”

ချီထျန်ချဲက ရယ်မောလျက် သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်သည် “ဂိုဏ်းချုပ်ရန်က တကယ် ဥာဏ်ပြေးတာပဲ။ ဂိုဏ်းချုပ်ရန် ပြောတာ အမှန်ပဲ။ ဒီအလုံးလေးက ကမ္ဘာငယ်လေးပဲ။ သာမန် မှော်ရတနာတွေမှာ အခုလို ဆန်းကြယ်တဲ့ လုပ်ဆောင်ချက်တွေ မရှိပေမယ့် ဧကရာဇ်မှော်ရတနာတွေကတော့ မတူဘူး။ ဧကရာဇ် မှော်ရတနာတွေရဲ့ လျှို့ဝှက်ချက်တွေက ကျင့်ကြံသူတွေ နားလည်နိုင်တဲ့ အလွန်ကို ရောက်နေပြီ။ ဒီဓါတ်လုံးလေးက ကြယ်ဧကရာဇ်တောင်ရဲ့ ဧကရာဇ်မှော်ရတနာတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာငယ်ဓါတ်လုံးပဲ”

“ဧကရာဇ်မှော်ရတနာနှစမခု” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “အဲ့ဒါဆို နောက်တစ်ခုက သုတ်င်ခြင်းမိုးကြိုးဓါတ်လုံးပေါ့”

“ဟုတ်တယ်။ အဲ့ဓါတ်လုံး နှစ်လုံးက မဟာဧကရာဇ်ရဲ့ အမွေအနှစ်တွေ။ ကြယ်ဧကရာဇ်တောင်ရဲ့ အဖိုးအတန်ဆုံး ရတနာတွေဆိုလည်း မမှားဘူး” ချီထျန်ချဲက ခေါင်းညိတ်လျက် “ဒီအကြောင်းကို ကြိုသတိမပေးထားလို့ဆိုပြီး ဂိုဏ်းချုပ်ရီကို သွားအပြစ်မတင်နေနဲ့ဦး၊ ဂိုဏ်းချုပ်ရန်။ စီနီယာအစ်မရီတောင် ဒီလူအိုကြီး ဒီကမ္ဘာငယ်လေးကို သန့်စင်နိုင်မှန်း သိတာမဟုတ်ဘူး။ ဒီဓါတ်လုံးလေးကို ကြယ်ဧကရာဇ်တောင်ရဲ့ မျိုးဆက်တစ်လျှောက်ကို လက်ဆင့်ကမ်းလာတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ မျိုးဆက်တိုင်းရဲ့ ဂိုဏ်းချုပ်က ဒါကို သန့်စင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မသန့်စင်နိုင်ခဲ့ဘူး။ အချိန်တွေကြာလာတော့ လူတော်တော် များများက ဒီကမ္ဘာငယ်လေးကိုတောင် မေ့လျော့ချင်လာကြတယ်။ ဒီလူအိုကြီး တစ်ယောက်ပဲ ဒီကမ္ဘာငယ်လေးကို သန့်စင်နိုင်ခဲ့တာ”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။

မပြီးပြည့်စုံသော ကမ္ဘာငယ်လေးထဲသို့ ရောက်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုဓါတ်လုံးလေးထဲတွင် ထူးဆန်းသော ကမ္ဘာငယ်လေးတစ်ခု ရှိနေသည် ဆိုသော အချက်ကို ဘယ်သောအခါမှ ယုံလိမ့်မည် မဟုတ်ချေ။

ယခု အထဲတွင် ပိတ်မိနေပြီး နဓါးအရိုးဓါးနှင့် ဆက်သွယ်၍ မရတော့လေရာ သူမည်ကဲ့သို့ တိုက်ခိုက်ရတော့မည်နည်း။ ထိုလူအိုကြီးတွင် သူ၏ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ဖြစ်သော နေလရွှေဘီး ရှိနေသေးသည်။

“လေဟာနယ်ကို ခွဲပြီး ထွက်ပြေးဖို့လည်း မစဉ်းစားနဲ့နော် ဂိုဏ်းချုပ်ရန်၊ ဒီကမ္ဘာငယ်လေးက တသီးတခြား လေဟာနယ်နဲ့ တည်ရှိနေတာ။ ဂိုဏ်းချုပ်ရန် လေဟာနယ်ကို ခွဲပြီး ထွက်ပြေးချင်တယ်ဆိုရင်တောင် အသုံးမဝင်ဘူး” ချီထျန်ချဲက သတိပေးလိုက်သည်။

“ကျုပ်ဘာသာ စမ်းကြည့်မှာပေါ့။ စီနီယာ သတိပေးစရာ မလိုဘူး” ရန်ကိုင်က ချီထျန်ချဲအား စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း စမ်းကြည့်ပေါ့။ ဒီဘုရင်လည်း ဂိုဏ်းချုပ်ရန် လေဟာနယ်စွမ်းအားကို ဘယ်လိုထိန်းချုပ်လဲ သိချင်နေတာ” ချီထျန်ချဲသည် သူ့လက်ကို အသာအယာ ဝှေ့ရမ်း၍ ပြောလိုက်သည်။

ရန်ကိုင်သည် အချိန်ဖြုန်းမနေဘဲ သူ့လက်ကို ဝှေ့ရမ်း၍ ဒေါင်လိုက် ဖြတ်ချလိုက်ရာ လေဟာနယ်အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့လေသည်။

သို့သော်လည်း ထိုအက်ကွဲကြောင်းထဲသို့ မဝင်ရသေးခင်မှာပင် ချီထျန်ချဲက သူ့လက်ကို ရုတ်တရက် ဝှေ့ရမ်းလိုက်ရာ လေဟာနယ်အက်ကွဲကြောင်း ပျောက်ကွယ်သွားရ၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် ချီထျန်ချဲအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ချီထျန်ချဲက ပြုံးလျက် “ဒီကမ္ဘာငယ်လေးရဲ့ လောကနိယာမတွေက ဒီလူအိုကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ။ ဂိုဏ်းချုပ်ရန် အလျှော့ပေးလိုက်ရင် ကောင်းမယ်”

“ခွေးအိုကြီး” ရန်ကိုင် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရန်က ငယ်သေးတော့ အခုလိုမျိုး ပြောတာကို ဒီလူအိုကြီး လျစ်လျုရှုထားလိုက်ပါမယ်လေ။ ဒီလူအိုကြီး ဘာလုပ်ချင်လဲ ဆိုတာကို ဂိုဏ်းချုပ်ရန်ကို ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ။ အခု ဂိုဏ်းချုပ်ရန် ဆုံးဖြတ်ရမယ့် အချိန်ပဲ။ ဒီလူအိုကြီးအတွက် အလုပ်လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် နောက်ပိုင်း ဂိုဏ်းချုပ်ရန်ကို မိတ်ဆွေတစ်ယောက်အဖြစ် ဒီလူအိုကြီး ဆက်ဆံပေးမယ်။ ဒါပေမယ့်… ဂိုဏ်းချုပ်ရန်က ခေါင်းမာနေဦးမယ် ဆိုရင်တော့ ဂိုဏ်းချုပ်ရန် ပူးပေါင်းလာအောင် လုပ်နိုင်မယ့် အခြားနည်းလမ်းတွေ ဒီလူအိုကြီးမှာ ရှိပြီးသား။ ဒီလူအိုကြီးပေးတဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်လား၊ မဆုပ်ကိုင်နိုင်ဘူးလာ ဆိုတာကတော့ ဂိုဏ်းချုပ်ရန် အပေါ်ပဲ မူတည်လိမ့်မယ်”

ရန်ကိုင်က ပြုံးလျက် “ကျုပ်ကို ဒီနေရာမှာ ပိတ်ထားလိုက်ရုံနဲ့ အရာရာ ခင်ဗျား ထိန်းချုပ်မှုအောက် ရောက်သွားပြီလို့ ထင်နေတာလား။ ခင်ဗျားနဲ့ ပူးပေါင်းရမယ်။ စီနီယာ အတွေးမလွန်စမ်းပါနဲ့ဗျာ။ လေဟာနယ်တာအိုကို ကျင့်ကြံဖိုကတော့ စီနီယာ နောက်ဘဝရောက်မှ ထပ်ကြိုးစားကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်”

ရန်ကိုင်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့ခေါင်းထက်တွင် ဝဲနေသော မီးငှက်သည် စူးရှစွာ အော်မြည်လျက် မီးဘောလုံးအသွင်သို့ ပြောင်းကာ ချီထျန်ချဲဆီ တိုးဝင်သွားလေသည်။

“အို” ချီထျန်ချဲက သက်ပြင်းချလျက် “ဂိုဏ်းချုပ်ရန်က တကယ်ကို ခေါင်းမာတာပဲ။ အဲ့လိုဆိုမှတော့ ဒီလူအိုကြီး အတင်းအကြပ်ပဲ လုပ်ရတော့မှာပေါ့။ ရိုင်းပြသလို ဖြစ်သွားရင် သဘောထားကြီးပေးပါ ဂိုဏ်းချုပ်ရန်”

ပြောပြီးသည့်နောက် သူ့ဆီ တိုးဝင်လာနေသော မီးငှက်သည် လက်ညိုး ညွှန်လိုက်သည်။

ထူးဆန်းသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။

ဝဲကတော့တစ်ခု မီးငှက် ပျံသန်းနေသည့်လမ်းတွင် ရုတ်တရက် ပေါ်လာပြီး မီးငှက်အား အတင်းဆွဲယူတော့သည်။ မီးငှက်သသည် အသည်းအသန် ရုန်းကန်သော်လည်း ထိုဝဲကတော့၏ ဆွဲအားအောက်မှ မည်သို့မှ မရုန်းထွက်နိုင်ခဲ့ဘဲ အသက် သုံးရှိုက်စာ အတွင်း ဝဲကတော့ထဲသို့ နစ်ဝင် ပျောက်ကွယ်သွားခဲ့လေသည်။

သူနှင့် မီးငှက်ကြားမှ ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို ခံစားမိလိုက်သဖြင့် ရန်ကိုင် မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။

“ဂိုဏ်းချုပ်ရန် စိုးရိမ်နေစရာ မလိုဘူး။ ဒီကောင် ဒီလူအိုကြီးတို့ တိုက်ပွဲဝင်မှာ ဝင်မရှုပ်နိုင်အောင် အပြင်ကို ပို့လိုက်တာ” ထိုသို့ ပြောလိုက်ပြီးနောက် ချီထျန်ချဲ၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး မာန်သွင်းအော်ဟစ်လျက် ခြေဆောင့်လိုက်၏။

မြေပြင် အနည်းငယ် တုန်ခါသွားခဲ့ပြီး အက်သံများနှင့်အတူ ချီထျန်ချဲ၏ အပေါ်ဝတ်ရုံလည်း တစ်စစီ ဖြစ်သွားခဲ့သည်။ ချီထျန်ချဲ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ထိုလူအိုကြီးသည် ပိန်ပိန်လှီလှီနှင့် အိုမင်းရင့်ရော်ဟန် ထင်ရသော်လည်း သူ့ခန္ဓာကိုယ်မှာမူ ကြွက်သား အမြောင်းမြောင်း ထနေခဲ့သည်။

လူငယ်တစ်ယောက် ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားလျှင် အထူးအဆန်း မဟုတ်သော်လည်း ယခု ပိုင်ဆိုင်ထားသည့်လူမှာ မုတ်ဆိတ်ရှည်ကြီးနှင့် ဆံဖြူ လူအိုကြီး တစ်ဦးဖြစ်သည်။

အားကောင်းလှသော သူတော်စင်ချီတို့သည် ချီထျန်ချဲ၏ ခန္ဓာကိုယ်မှ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေခဲ့သည်။ ထိုမြင်ကွင်းကို ရန်ကိုင်နှင့် ဖန်ဖုန်းတို့ နှစ်ဦးစလုံး ကြောင်ကြည့်နေမိကြသည်။

“ဂိုဏ်းချုပ်၊ ဒီလူအိုကြီး နောက်ဆုံး အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်။ အခုအချိန် သေချာစဉ်းစားလို့လည်း နောက်မကျသေးဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ကိုမှ ထပ်ပြီး ငြင်းနေဦးမယ် ဆိုရင်တော့ ဒီလူအိုကြီး လှုပ်ရှားရတော့မယ်။ တိုက်ခိုက်ရင်းနဲ့ ဂိုဏ်းချုပ်ရန် ဒဏ်ရာရသွားခဲ့ရင် ဒီလူအိုကြီး နောင်တရရမှာစိုးလို့ အခုလိုမျိုး သတိပေးနေတာ” ချီထျန်ချဲက ရန်ကိုင်အား အထက်စီးမှ စိုက်ကြည့်ရင်း ပြောလိုက်၏။

“အပိုတွေ ပြောမနေတော့နဲ့။ ကျုပ်ကို ဒီဟင်းလင်းပြင်ထဲ ခေါ်လာတယ်ဆိုတော ခင်ဗျား ခန္ဓာကိုယ်က ကျုပ်ထက် ပိုအားကောင်းတယ်လို့ ထင်နေလို့မလား။ ကာယစွမ်းအား အားကိုပြီး ကျုပ်ကို အနိုင်ယူချင်နေတာမလား” ရန်ကိုင်က ထူးထူးဆန်းဆန်း ပြုံးလျက် “အဲ့လိုဆိုမှတော့ ခင်ဗျားထင်တဲ့အတိုင်း ဟုတ်မဟုတ် စမ်းကြည့်ကြတာပေါ့”

ရန်ကိုင် ထပ်ငြင်းသည်ကို မြင်သော် ချီထျန်ချဲ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး ခေါင်းညိတ်လျက် “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီလူအိုကြီးကို ရိုင်းပြလို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့”

ပြောပြီးသည်နှင့် ချီထျန်ချဲ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး ရန်ကိုင် ခေါင်းထက်တွင် ပြန်ပေါ်လာခဲ့သည်။

မည်သည့် လျှို့ဝှက်နည်းစနစ်၊ မှော်ရတနာ သိုင်းပညာရပ်ကိုမှ အသုံးဘဲ သာမန် လက်သီးချက်ဖြင့်သာ ရန်ကိုင်ပေါ်သို့ ထိုးချလိုက်သည်။

ဤကဲ့သို့သော ကမ္ဘာငယ်လေးမျိုးတွင် မှော်ရတနာ သို့မဟုတ် သိုင်းပညာရပ်များ သုံးပြီး တိုက်ခိုက်ဖို့ရာ သိပ်အဆင်မပြေလှချေ။ အားကောင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် လူများသည် ဤနေရာတွင် အမှန်တကယ်ကို အသာစီးရကြသည်။

မည်သည့် အသံမှ ထွက်ပေါ်လာခြင်း မရှိသော်ငြား လက်သီးချက်ထဲတွင် ကိန်းအောင်းနေသော စွမ်းအားသည် တောင်တစ်လုံးကို အမှုန့်ချေပစ်နိုင်သည်အထိ အားကောင်းလှသည်။

ရန်ကိုင်သည် ချဉ်းကပ်လာနေသော အန္တရာယ်ကို သတိမပြုမိသည့်အလား ရပ်နေမြဲသာ ရပ်နေခဲ့သည်။

ရန်ကိုင်၏ ပုံစံကို မြင်သော် ချီထျန်ချဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

ချီထျန်ချဲလက်သီး သူ့နား ရောက်ခါနီးမှပဲ ရန်ကိုင်က ရုတ်တရက် ထအော်လိုက်သည် “ထွက်လာတော့”

ပုံရိပ်သေးသေးလေးတစ်ခု ရန်ကိုင်ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး မီတာပေါင်း များစွာ မြင့်မားသော ကျောက်ဘီလူးကြီးအဖြစ်သို့ ချက်ချင်း အသွင်ပြောင်းသွားခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ် ရှောင်ရှောင်ပင်…

နဂါးအရိုးဓါးသည် အပြင်တွင် ကျန်ခဲ့သည်။ မီးငှက်သည်လည်း အပြင်သို့ ဆွဲထုတ်သွားခံရသည်။ သို့သော်လည်း ရန်ကိုင်တွင် ရှောင်ရှောင် ရှိနေသေး၏။

ရှောင်ရှောင်၏ ခန္ဓာကိုယ် ကြီးထွားလာသည်နှင့် သူ့ပခုံးပေါ်တွင် ထမ်းထားသော အနက်ရောင် တုတ်ချောင်းသည်လည်း လိုက်၍ ကြီးထွားလာခဲ့သည်။

အနက်ရောင်တုတ်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အားအပြည့်နှင့် လွှဲချလိုက်သည်။

ထိုရိုက်ချက်ကို မြင်သော် ချီထျန်ချဲ ကြောက်လန့်တကြား ဖြစ်သွားပြီး အလျင်စလို ပြန်ဆုတ်တော့လေသည်။

ထိုရိုက်ချက်ဆီမှ ကြောက်မက်ဖွယ်ရာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။ အားကောင်းလှသော သူ့ခန္ဓာကိုယ်ဖြင့်ပင်လျှင် ထိုရိုက်ချက်အား မည်သို့မှ ထိပ်တိုက် ရင်ဆိုင်၍ မရချေ။

ဝုန်း…

လေဟာနယ်ပင်လျှင် အက်ကွဲပြိုကျသွားသည့်နှယ်၊ တိုက်ရိုက်ကြီး အရိုက်မခံလိုက်ရသည့်တိုင် ရိုက်ချက်မှ ထွက်ပေါ်လာသော အားလှိုင်းကြောင့် သူ့ဝမ်းဗိုက်တစ်ခုလုံး ထုံသွားခဲ့သည်။ သူ့သွေးများ ဆူပွက်လာရပြီး အသက်ရှူနှုန်း မတည်မငြိမ် ဖြစ်လာရသည်။ ထိုရိုက်မှ ထွက်ပေါ်လာသော လေအားလှိုင်းနှင့်ပင် ဤမျှ ဖြစ်နေပါက တိုက်ရိုက်သာ အရိုက်ခံလိုက်ရလျှင် မည်သို့သော ကံကြမ္မာ သူ့အား စောင့်ကြိုနေလိမ့်မည်လဲ ဆိုသည်ကို စဉ်းစားကြည့်နိုင်ပေသည်။

ချီထျန်ချဲ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်ပြီး ကျောက်တုံးရုပ်သေးရုပ်ဆီ လက်ညိုး ညွှန်လိုက်သည်၊။

မီးငှက်အား လုပ်သကဲ့သို့ ကျောက်တုံးရုပ်သေးရုပ်ကိုလည်း ဤကမ္ဘာငယ်လေးမှ နှင်ထုတ်ရန် လုပ်နေခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၃၀)

ရန်ကိုင်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ရန်အတွက် အတော်လေး အားစိုက်ခဲ့ရသလို သူနှင့် ပက်သက်သည့် သတင်းအချက်အလက် များစွာကိုလည်း စုဆောင်းခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်တွင် ကြောက်မက်ဖွယ်ရာ အကူအညီများစွာ ရှိနေသည်ကို သူကြိုသိထားခဲ့သည်။

သို့သော်လည်း ဤကမ္ဘာငယ်လေးထဲတွင်မူ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိပေသည်။

ကမ္ဘာငယ်လေးသည် ဧကရာဇ်မှော်ရတနာ နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ထိုအရာကို သန့်စင်ထားပြီးပြီ ဖြစ်သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများကို အတိုင်းအတာတစ်ခုအထိ သူထိန်းချုပ်နိုင်သည်။ ရန်ကိုင်ကိုသာ တစ်ယောက်တည်း ခွဲထုတ်ထားလိုက်နိုင်လျှင် သူ့ခွန်အားဖြင့် ဤတန်ခိုးရှင်ပထမအဆင့်လောက်ကို အနိုင်မယူနိုင်စရာအကြောင်း မရှိချေ။ ရန်ကိုင်ကိုသာ အသက်ရှင်လျက် ဖမ်းနိုင်လျှင် လေဟာနယ်တာအိုနှင့် ပက်သက်သည့် လျှို့ဝှက်ချက်များကို သိနိုင်ရုံမက ရီရှီယွင်ကိုပင်လျှင် ဖိအားပေးနိုင်ပေလိမ့်မည်။ ဘိုးဘေးပိုင်မြေဆီသို့ပင်လျှင် ပြန်သွားနိုင်လောက်သည်။

အစပိုင်းတွင် ရီရှီယွင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် စဉ်းစားထားသော်ငြား သူ၏ တကယ့် ပစ်မှတ်သည် ရန်ကိုင်သာ ဖြစ်သည်။

အစောပိုင်းက ပေါ်လာသော ဝဲကတော့သည် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ကျောက်တုံးရုပ်သေးရုပ်ကို စုပ်ယူရန် ကြိုးစားတော့သည်။

“ဒီနည်းပဲ ထပ်သုံးချင်နေတာလား။ အိမ်မက်မက်နေလိုက်” ပြောပြီးသည်နှင့် သူ့လက်ကို လှမ်းဖမ်းဆွဲလိုက်ရာ လေဟာနယ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာပြီး ကျောက်တုံးရုပ်သေးရုပ်အား ဆွဲယူရန် ကြိုးစားနေသော ဝဲကတော့လည်း ပျက်စီးသွားခဲ့ရလေသည်။

ရန်ကိုင်က ထီမထင်ဟန်ဖြင့် ရယ်မောလျက် “ခွေးအိုကြီး၊ လောကနိယာမတွေအပေါ် ခင်ဗျားရဲ့ ထိန်းချုပ်နိုင်စွမ်းက တော်တော်လေး အားနည်းပါလား၊ဟမ်”

ချီထျန်ချဲ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။

ဤနေရာတွင်ပင် ရန်ကိုင်၌ သူ့နည်းလမ်းများကို တန်ပြန်နိုင်မည့် နည်းလမ်း ရှိထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကမ္ဘာငယ်လေးကို သန့်စင်ထားသည့်တိုင် လေဟာနယ်စွမ်းအားချင်း ယှဉ်ပြိုင်လိုက်သည့်အခါ သူသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်သေးချေ။

ကျောက်တုံးရုပ်သေးရုပ်သည် ချီထျန်ချဲဆီသို့ ပြေးဝင်သွားကာ အနက်ရောင်တုတ်ဖြင့် ရိုက်ချလိုက်သည်။

ထိုရိုက်ချက်ကို ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် ချီထျန်ချဲလည်း အလျင်စလို ရှောင်တိမ်လိုက်ရလေသည်။

သို့သော်လည်း ထွက်ပေါ်လာသော အားလှိုင်ကြောင့် အဆစ်များ အတော့်ကိုမှ နာကျင်သွားရသည်။

အသက်ပင် မရှူနိုင်သေးခင်မှာပဲ ပြင်းထန်သော အားလှိုင်းတစ်ရပ် ထပ်မံ ထွက်ပေါ်လာသဖြင့် မော့ကြည့်လိုက်ပြီး သူ့ဆီသို့ တိုးဝင်လာနေသော ရန်ကိုင်၏ လက်သီးချက်ကို မြင်တွေ့လိုက်ရသည် “ခွေအိုကြီး၊ ကျုပ်လက်သီးကို မြည်းလိုက်စမ်း”

“ကောင်းတယ်” ချီထျန်ချဲ အံ့အားသင့်သွားသလို ပျော်လည်း ပျော်သွားခဲ့သည်။

မည်သည့် မှော်ရတနာ၊ သိုင်းပညာရပ်ကိုမှ အသုံးမပြုခြင်းသည် ရန်ကိုင်နှင့် လက်သီးချင်း ယှဉ်ထိုးချင်သည့် အတွက်ကြောင့် ဖြစ်သည်။ ရန်ကိုင်အား ဤနေရာသို့‌ ခေါ်လာရသည့် အကြောင်းအရင်းမှာလည်း သူ့ခွန်အားအပေါ် ယုံကြည်ချက် အပြည့် ရှိသည့်အတွက်ကြောင့် ဖြစ်သည်။ ယခု ရန်ကိုင်သည် သူနှင့် ကာယစွမ်းအားချင် ယှဉ်ပြိုင်ရန် လုပ်လာသည်ကို မြင်သော် ချီထျန်ချဲ ပျော်သွားသည်မှာ သဘာဝသာ ဖြစ်သည်။

ချီထျန်ချဲသည် ကျောက်တုံးရုပ်သေးရုပ်ကို ကြောက်သော်ငြား ရန်ကိုင်ကို ကြောက်သည်ဟုတော့ မဆိုလိုပေ။

တုန့်ဆိုင်းမနေဘဲ ရန်ကိုင်အား သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။

ရန်ကိုင်၏ ခန္ဓာကိုယ် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားပြီး ချီထျန်ချဲ၏ ခန္ဓာကိုယ် တစ်ဝက်လောက်မှာမူ မြေကြီးထဲသို့ ကျွံဝင်သွားခဲ့သည်။ ချက်ချင်းဆိုသလို ချီထျန်ချဲ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ထိုလက်သီးချက်မှ ရန်ကိုင်၏ ခန္ဓာကိုယ်ခွန်အား မည်မျှ အားကောင်းမှန်း ချီထျန်ချဲ နားလည်လိုက်သည်။ ဤတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် နှစ်ဖက်စလုံး မည်သည့် ဘက်မှ အသာစီး မရခဲ့ချေ။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ

ချီထျန်ချဲသည် နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် နေထိုင်လာခဲ့သူတစ်ဦး ဖြစ်သည်။ သိုင်းတာအိုလမ်းစဉ်ပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍ ခန္ဓာကိုယ် သန့်စင်ခြင်းကို အထူးအလေးပေး ကျင့်ကြံခဲ့သည်။ လက်ရှိ သူ့ခန္ဓာကိုယ်သည် အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုအားကောင်းပြီး ကြံခိုင်ခြင်းတွင် တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုနှင့် ယှဉ်နိုင်နေလေပြီ။

သို့သော်လည်း ထိုကောင်လေး အသက်မည်မျှ ရှိသေးလို့နည်း။ သူကျင့်ကြံထားသည်မှာ မည်မျှပင် ကြာသေးလို့နည်း။ သို့တိုင် သူ့ခန္ဓာကိုယ်သည် ဘာကြောင့် ထိုမျှ အားကောင်းနေရသနည်း။

သို့သော်လည်း သေချာ မစဉ်းစားနိုင်သေးခင်မှာပင် ကျောက်တုံးရုပ်သေးရုပ်၏ အနက်ရောင်တုတ်ချောင်းသည် သူ့ပေါ်သို့ စီးမိုးကျဆင်းလာခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ဝက် မြေကြီးထဲ နစ်ဝင်နေသဖြင့် ယခုတစ်ကြိမ်တော့ သူမရှောင်နိုင်တော့ချေ။ ထို့ကြောင့် အသက်ပြင်းပြင်း ရှူသွင်းလျက် သူတော်စင်ချီကို လှည့်ပတ်လိုက်ရာ သူ့တစ်ကိုယ်လုံး အနည်းငယ် လင်းလက်လာခဲ့၏။ ကာယစွမ်းအင်မှာလည်း ယခင်ထက် အဆပေါင်းများစွာ ပိုများလာခဲ့လေသည်။ ချက်ချင်းဆိုသလို ချီထျန်ချဲ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းခိုင်မာသော သတ္တုအရံအတားတစ်ခုဖြင့် ဖုံးအုပ်သွားသည့်နှယ် ဖြစ်သွားခဲ့သည်။

လက်သီးတင်းတင်းဆုပ်လျက် ချီထျန်ချက်သည် လက်နှစ်ဖက်ကို သူ့ရှေ့တည့်တည့်၌ ကြက်ခြေတ်သဏ္ဍာန် ချိတ်ကာလိုက်သည်။

ဘုန်း…

ထိုရိုက်ချက်ကြောင့် ချီထျန်ချဲတစ်ကိုယ်လုံး ကြိုးပြတ်သွားသော စွန်တစ်စင်းနှယ် ကမ္ဘာငယ်လေး၏ အစွန်ဖျားသို့ ရောက်သည်အထိ လွင့်ပျံထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်အား ကာရံထားသော အကာအရံနှင့် သွားရောက် ရိုက်ခတ်မှသာ ရပ်တန့်သွားခဲ့သည်။ သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရသည်။ ထို့နောက် ဒယီးဒယိုင်ဖြင့် ပြန်ထရပ်လျက် ကျောက်တုံးရုပ်သေးရုပ်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

ယခုတစ်ကြိမ် သူခံလိုက်ရလေပြီ။ ကျောက်တုံးရုပ်သေးရုပ် ကိုင်ထားသည့် တုတ်ကို တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အလွန်ကိုမှ မာကျောကာ လေးလံလှသည်။ ရန်ကိုင်ပင်လျှင် ထိုတုတ်ကို စိတ်လွတ်ကိုယ်လွတ် မဝှေ့ရမ်းနိုင်ဘဲ မရုံလေးသာ မနိုင်လေသည်။

ကျောက်တုံးရုပ်သေးရုပ်ကဲ့သို့သော ထူးဆန်းသည့် သတ္တဝါသည်သာ ထိုပုံမှန်မဟုတ်သည့် တုတ်ကို အသုံးပြုနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် ချီထျန်ချဲသည် ခန္ဓာသန့်စင်ခြင်း ပညာရပ်ကို နှစ်ရာပေါင်းများစွာ ကြာသည်အထိ ကျင့်ကြံထားသည့်တိုင်အောင် အနက်ရောင်တုတ်၏ ရိုက်ချက်ကို မခံနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုနေလဲ” ရန်ကိုင်က သူ့လက်ကောက်ဝတ်ကို လှုပ်ခါရင်း ချီထျန်ချဲအား စောင်းငဲ့ကြည့်လျက် မေးလိုက်သည်။ အစောပိုင်းက ချီထျန်ချဲနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည့်အတွက် သူ့လက် အနည်းငယ် ထုံသွားခဲ့သည်။

“မဆိုးပါဘူး” ချီထျန်ချဲသည် နည်းနည်းလေးမှ အောက်ကျမခံဘဲ အသာအယာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “အချိန်သာပေးလိုက်ရင် ဂိုဏ်းချုပ်ရန်က အရိပ်ကြယ်ရဲ့ တောက်ပတဲ့ကြယ်တစ်စင်း ဖြစ်လာမှာ မလွဲမသွေပဲ။ ဒါပေမယ့် ဂိုဏ်းချုပ်ရန် ဒီလူအိုကြီးနဲ့ လာတွေ့တာ ဆိုးသွားတယ်။ ဂိုဏ်းချုပ်ရန်မှာ အခု အဲ့လို အခွင့်အရေးမျိုး မရှိတော့ဘူး”

သူ့ခန္ဓာကိုယ်ရှိ သတ္တုရောင် ပို၍ တောက်ပြောင်လာခဲ့သည်။ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ ထိုသို့ ပြေးသွားနေစဉ်တွင် ဝိုင်းစက်သော နေတစ်စင်း သူ့ခေါင်းထက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချီထျန်ချဲ၏ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာဖြစ်သော နေလရွှေဘီးပင်။

ပူပြင်းတောက်လသော ယန်စွမ်းအင် အလင်းတန်းတို့ ရွှေရောင်နေမင်းမှ ဖြာထွက်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့သည်။

တစ်ချိန်တည်းတွင် ချီထျန်ချဲသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသည့် သူ၏ ရှီကို ဖြန့်ကျက်၍ ကမ္ဘာငယ်လေး တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ရုတ်ချည်းဆိုသလို ကမ္ဘာငယ်လေးအတွင်းရှိ လေဟာနယ်သည် အလွန်အမင်းကို ထူထည်းစေးပျစ်လာခဲ့ပြီး အထဲတွင် ရှိနေသူအားလုံးအား နွံအိုင်တစ်ခုအတွင်းသို့ နစ်သွားသလို ခံစားသွားခဲ့ရသည်။

ကျောက်တုံးရုပ်သေးရုပ်အား ရုပ်ခန္ဓာချင်း အနိုင်မယူနိုင်သဖြင့် ရန်ကိုင်အား ပစ်မှတ်ထားရန် ရွှေးချယ်လိုက်သည်။

ရန်ကိုင်လည်း သူ့ရှီကို တန်ပြန် ပြန်ဖြန့်ကျက်လိုက်သည်။

သူ့နားပတ်လည်ရှိ လေဟာနယ် ရုတ်တရက် တွန့်လိမ်လာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများစွာ သူ့ပတ်လည်၌ ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းလေးများသည် ဟိုရွေ့ဒီရွေ့ လုပ်နေပြီးနောက် ခဏအကြာ၌ ကမ္ဘာငယ်လေး၏ လောကနိယာမများ၏ ပြန်လည် ပြင်ဆင်ခြင်း ခံလိုက်ရ၏။

ရန်ကိုင်သည် သူ့ရှီကို ဧကရာဇ်ဥယျာဉ်မှ ထုတ်လွှတ်သော ဧကရာဇ်ဖိအားအောက်၌ သိပ်သည်းခဲ့ခြင်း ဖြစ်သည့်အတွက် သူ့ရှီသည် သာမန် ကျင့်ကြံသူများ၏ ရှီထက် အဆများစွာ ပိုမုအားကောင်းပေသည်။ ထို့ကြောင့် ရန်ကိုင်၏ရှီသည် သူ့ပတ်လည် လေဟာနယ်နယ်ကိုပင် လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိသည်။

သူ့ပတ်လည်ရှိ အဆက်မပြတ် ဖြစ်ပေါ်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေသော ဟင်းလင်းပြင် အက်ကြောင်းများသည် သူထုတ်လွှတ်လိုက်သည့် ရှီကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုရှီစွမ်းအင် တစ်ခုတည်းဖြင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေသော ချီထျန်ချဲ၏ ရှီစွမ်းအင်ကို သွားရောက် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

တရွှစ်ရွှစ် မြည်သံများနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်မှ ရွှေရောင်သွေးမျှင်များစွာ ထွက်ပေါ်လာပြီး ချီထျန်ချဲ၏ ရှီကို စတင် ပိုင်းဖြတ်တော့သည်။ ရွှေရောင်သွေးမျှင်သည် ရှီအား ဖြတ်တောက်နိုင်သည့် အထူးစွမ်းရည်ကို အထူးတလည် ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ရန်ကိုင်၏ တစ်ရာမကသော ရွှေရောင်သွေးမျှင်များ ပေါင်းစပ်လိုက်သည့်အခါ အတော်လေး အကျိုးသက်ရောက်မှုရှိသည်ဟု ပြော၍ရ၏။

ထိုနည်းလမ်းနှစ်မျိုးကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အပေါ်သို့ စီးမိုးကျဆင်းနေသည့် ဖိအား လျော့ပါးပျောက်ကွယ်သွားရပြီး ချီထျန်ချဲ၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသော ရှီစွမ်းအင်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်လာနိုင်ခဲ့လေသည်။

ရွှေရောင်သွေးမျှင်များအား ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်ရင်း ရန်ကိုင်သည် နေလရွှေဘီးမှ ထွက်ပေါ်လာနေသော ရွှေရောင် အလင်းတန်းများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ချီထျန်ချဲ အလွန်ကိုမှ ထိတ်လန့်သွားရသည်။

တိုက်ပွဲအခြေအနေသည် ဤအတိုင်းအတာအထိသို့ ရောက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူ့ဝှက်ဖဲများ၊ နည်းလမ်းများသည် ရန်ကိုင်အပေါ် လုံးဝကို အကျိုးသက်ရောက်မှု မရှိဖြစ်နေခဲ့သည်။

သူ့နည်းလမ်းများ အလုပ်မဖြစ်သည်ကို မြင်သော် ချီထျန်ချဲ စတင်စိုးရိမ် ပူပန်လာခဲ့သည်။

သို့သော်လည်း လက်ရှိသူသည် ကျားပေါ်ခွစီးမိလျက်သား ဖြစ်နေခဲ့လေပြီ။ ရန်ကိုင်နှင့် မတိုက်ချင်၍ အပြင်ပြန်ထွက်မည် ဆိုလျှင်လည်း သူ့အား စောင့်နေသော ရီရှီယွင် ရှိနေခဲ့သည်။ ဤနေရာတွင် ရန်ကိုင်ကို မနိုင်ယူနိုင်၍ အပြင်ဘက်သို့ ပြန်ထွက်ပြေးမည်ဆိုလျှင်ပင် အခြေအနေသည် ပိုဆိုးရွားသွားရုံသာ ရှိပေလိမ့်မည်။

ရန်ကိုင်ကို ဖမ်းနိုင်မှသာလျှင် အခြေအနေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သော် ချီထျန်ချဲသည် ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

ရန်ကိုင်သည် ချီထျန်ချဲ၏ လက်သီးချက်ကို မရှောင်တိမ်းဖြင့် သူ့လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

လက်ရှိ အခြေအနေတွင် မည်သည့် လှည့်ကွက်မှ အသုံးမဝင်တော့။ ပြိုင်ဘက်အား ခွန်အားသက်သက်ဖြင့် အနိုင်ယူခြင်းသာလျှင် နိုင်ပွဲကို ရယူနိုင်ပေတော့မည်။ နှစ်ယောက်စလုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲများနှယ် သူတို့၏ လက်သီးများကို ဝှေ့ရမ်း၍ အပြန်အလှန် တိုက်ခိုက်နေကြသည်။

လက်သီးချင်း လက်သီးချင်းထိုသည့် တိုက်ပွဲများသည် ရိုးရှင်း၊ တိုက်ရိုက်ဆန်ပြီး ကြမ်းတမ်းလှသည်။

မရေမတွက်နိုင်သော ပေါက်ကွဲသံများနှင့်အတူ ရွှေရောင်၊ ငွေရောင်တို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံ ညည်းသံများလည်း ထွက်ပေါ်လာလေ့ရှိ၏။

ခွန်အားချင်း ယှဉ်ပြိုင်သည့် တိုက်ပွဲဖြစ်သည့်အတွက် နှစ်ဖက်စလုံး လက်ရည်ညီနေခဲ့၏။

ထိုတိုက်ပွဲကို ကြည့်ရင်း ဖန်ဖုန်း မှင်သက်နေခဲ့လေသည်။

သူ့ကို ချီထျန်ချဲမှ သူ့အား ကူညီရန် ဤကမ္ဘာငယ်လေးထဲသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်ပူးပေါင်းပြီး ရန်ကိုင်အား အတူတိုက်ခိုက်ရန် အကြံအစည်ဖြင့် ဖန်ဖုန်းကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့လေရာ ဖန်ဖုန်းအနေဖြင့် တိုက်ပွဲတွင် ဝင်မပါနိုင်တော့ဘဲ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။

ရှောင်ရှောင်ပင်လျှင် တိုက်ပွဲထဲသို့ အလွယ်တကူ တိုးဝင်မလာရဲဘဲ ဝင်ရောက် တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခုခုကိုသာ ထိုင်စောင့်နေခဲ့ရသည်။

ဖုန်း… ဘုန်း… ဖုန်း… ဘုန်း…

ချီထျန်ချဲ၏ အလွန်ဂုဏ်ယူရသော သူ့ခန္ဓာကိုယ်သည် ရန်ကိုင်၏ လက်သီးချက်များကြောင့် အတော်လေးကိုမှ နာကျင်နေရသည်။ သတ္တုရောင်၏ အားဖြည့်ပေးမှု ရရှိထားသော သူ့ခန္ဓာကိုယ်သည် တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုနှင့် ယှဉ်ပြိုင်နိုင်သော်လည်း ရန်ကိုင်၏ အကြမ်းပတမ်း လက်သီးချက်များကို မခုခံနိုင်ခဲ့ချေ။ ရန်ကိုင်၏ လက်သီးချက်များအောက်ဝယ် သူ့သွေးကြောနှင့် အရိုးများ ထိခိုက်ကြကုန်လေရာ ချီထျန်ချဲ တစ်ကိုယ်လုံး အလွန်ကိုမှ နာကျင်နေရသည်။

ဒဏ်ရာကြီးကြီးမားမား မရသော်လည်း အဆက်မပြတ် အထိုးခံနေရသည့်အတွက် မကြာမီ သူ့နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာရတော့သည်။

ရန်ကိုင်လည်း သိပ်အခြေအနေ မကောင်းလှ။ သူလည်း ချီထျန်ချဲကဲ့သို့ပင် သွေးသံတရဲရဲ ဖြစ်နေခဲ့သည်။ ချီထျန်ချဲနှင့် မတူသည်ကား ချီထျန်ချဲ၏ သွေးရောင်မှာ အနီရောင် ဖြစ်နေချိန် သူ့သွေးရောင်မှာ ရွှေရောင်ဖြစ်နေခြင်းပင်။

ဤအရိုင်းဆန်သော တိုက်ပွဲသည် ရန်ကိုင်၏ ကိုယ်တွင်းရှိ ရက်စက်ကြမ်းကြုတ်မှုကို နိုးထလာစေလိုက်သည့်အလား ရန်ကိုင်၏ မျက်လုံးများသည် လှောင်အိမ်ထဲမှ လွတ်လာသော သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ သွေးဆာရက်စက်လာခဲ့၏။

ဤသို့ဖြင့် အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။

နှစ်ယောက်စလုံး သွေးသံတရဲရဲ ဖြစ်နေကြပြီ။ အရေပြားများဟာလည်း အက်ကွဲနေကုန်လေပြီ။ သို့သော်လည်း ရန်ကိုင်၏ လက်သီးချက်တိုင်းသည် အားနည်းသွားခြင်း မရှိရုံမက ပိုပို၍ ပြင်းထန်လာနေသဖြင့် သူ့လက်သီးချက် တစ်ချက်စီးတိုင်းသည် ချီထျန်ချဲ၏ ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန် တုန်ရီနေစေခဲ့လေသည်။

ရန်ကိုင်သည် တဖြည်းဖြည်း အားကောင်းလာနေချိန် ချီထျန်ချဲမှာမူ တဖြည်းဖြည်း အားနည်းလာနေခဲ့သည်။ ဤနှုန်းအတိုင်းအရ ဆက်မတိုက်တော့လျှင်ပင် မည်သူနိုင်မည် ရှုံးမည်ကို ပြောနိုင်လေပြီ။

နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်သည် အတူတူ အားကောင်းကြသော်လည်း ချီထျန်ချဲတွင် မရှိသည့်အရာတစ်ခု ရန်ကိုင်တွင် ရှိနေခဲ့သည်။ ရွှေရောင်သွေးစက်ပင်…

ရန်ကိုင် ရရှိလိုက်သော ဒဏ်ရာများသည် ရွှေရောင်သွေးစက်ကြောင့် အလျင်အမြန် ပြန်ကောင်းနိုင်သော်လည်း ချီထျန်ချဲတွင် သူ့ဒဏ်ရာများကို ပြန်လည် ကုသပေးမည့် မည်သည့်အရာမှ ရှိမနေခဲ့ချေ။ ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် တိုက်ပွဲ အခြေအနေသည် ရန်ကိုင်ဘက်သို့ တဖြည်းဖြည်း အလေးသာလာသည်မှာ သဘာဝသာ ဖြစ်သည်။

All Chapters