အခန်း (၁၅၄၆-၁၅၅၀)
Vol. 62 Ch. 1546-1550
အပိုင်း (၁၅၄၆)
ထိုနေရာတွင် စုယန်အား တွေ့နိုင်၊ မတွေ့နိုင်ကို သူသိချင်နေမိသည်။
ထိုကဲ့သို့တွေးရင်း ရန်ကိုင်သည် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲမှ ပြန်ရုတ်သိမ်းလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထိန်းချုပ်ရေး ယန္တရားထဲသို့ ထည့်သွင်းကာ လမ်းကြောင်းသတ်မှတ်လိုက်လေသည်။
ကြယ်သင်္ဘောသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သွားမည် ဖြစ်သဖြင့် သူ့အနေဖြင့် ထိုကိစ္စနှင့် ပက်သက်၍ ထပ်မံ စိုးရိမ်နေစရာ မလိုတော့ချေ။
အချိန်သည် ဤသို့ဖြင့် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့သည်။
ကြယ်သင်္ဘောသည် ကြယ်စီရင်စုထဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရွက်လွှင့်နေရင်း ရန်ကိုင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း အချော်အချွတ်မရှိ တည်တည်ငြိမ်ငြိမ်ဖြင့် သွားလာနေခဲ့သည်။
ရံဖန်ရံခါ ပုံစံထူးထူးဆန်းဆန်း ရှိသော ကြယ်သားရဲများသည် ကြယ်သေများမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကြယ်သင်္ဘောအား တိုက်ခိုက်ကြသော်လည်း ကြယ်သင်္ဘော၏ သလင်းအမြှောက်များကြောင့် ဘာမှမလုပ်နိုင်ဘဲ အသက်သာ ပျောက်ခဲ့ကြရလေသည်။
သူ့ကိုယ်ပိုင်ခန်းထဲတွင်၊ ရန်ကိုင်သည် ခရမ်းမူလမီးဖိုရှေ့တွင် ထိုင်လျက် ဆေးစဖော်စပ်ရန် လုပ်နေသည်။
ရန်ကိုင်သည် ဆေးပင်များကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ဆေးမီးဖိုထဲသို့ တစ်ပင်ပြီး တစ်ပင် ပစ်ထည့်လျက် တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံးကာ ဆေးပင်များမှ ဆေးအဆီအနှစ်များကို ထုတ်ယူ၊ စိတ်ဝိဥာဉ်အစီအရင်များကို ခင်းကျင်းပြီး ထိုအစီအရင်များ၏ အကူအညီဖြင့် ဆေးအဆီအနှစ်များကို အတူတကွ ပေါင်းစပ်နေ၏။
မီးအပူချိန်နှင့် အဆင့်တစ်ဆင့်စီတိုင်းအတွက် အချိန်လိုအပ်ချက်ကိုလည်း ကွက်တိကျအောင် လုပ်ဆောင်နေခဲ့သည်။
အဆင့်တိုင်းကို အသေးစိတ် သွားနေရသော်လည်း ရန်ကိုင့်စိတ်ထဲ အတော့်ကို ပျော်နေမိသည်။
အဆင့်တစ်ခုသို့ရောက်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး တေဇောဓါတ်စိတ်စွမ်းအင် ပို့လွှတ်နှုန်းကို မြှင့်တင်လိုက်လေသည်။
ချက်ချင်းဆို ဖောက်ဖောက်ဖောက် မြည်သံနှင့်အတူ ခရမ်းမူလ ဆေးမီးဖိုတွင်းမှ ညှော်နံ့တစ်မျိုး ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူထပ်မံ ကျရှုံးသွားပြန်လေပြီ။
သုန်သုန်မှုန်မှုန်ဖြင့် မီးဖိုအဖုံးကို ဖွင့်လိုက်ပြီး မီးကျွမ်းသွားသော ပြာမှုန်အချို့ကို သွန်ချလိုက်သည်။
သူ့နားတွင် ထိုကဲ့သို့ ပြာအမှိုက်များ စုပြုံနေခဲ့သည်။ တောက်လျှောက် မအောင်မြင်သည့်အတွက် ရန်ကိုင်လည်း ဆေးဆက်မဖော်စပ်တော့ဘဲ သေချာစပြီးတော့သာ စဉ်းစားတော့သည်။
ကြယ်သင်္ဘော အရိပ်ကြယ်ပေါ်မှ ထွက်ခွာလာခဲ့သည်မှာ နှစ်နှစ် ရှိနေခဲ့လေပြီ။ ထိုနှစ်နှစ်အတွင်း ရန်ကိုင်သည် သူနားလည်ထားသည့် ပညာရပ်များကို ပိုမို ကျွမ်းကျင်လာအောင် ကြိုးစားအားထုတ်ခဲ့သည်။
ဆေးပညာခရီးလမ်းသို့ သူခြေချလိုက်စဉ်ကတည်းက ဆေးလုံးများ သန့်စင်ရာတွင် ကျဆုံးခြင်းနှင့် ရန်ကိုင် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။ သူ့အောင်မြင်နှုန်းသည် ဆေးပညာရှင်အများစုအတွက် သာမန်ထက် ပိုမြင့်နေခဲ့ပြီး သူဖော်စပ်လိုက်သော ဆေးလုံးများသည်လည်း ထိပ်တန်းအဆင့်များချည်းသာ ဖြစ်ကြသည်။
ထိုကဲ့သို့ အောင်မြင်ရခြင်းမှာ သူကိုယ်တိုင်က တော်သည့် အတွက်ကြောင့် ဖြစ်သလို တေဇောဓါတ်အသိစိတ်ပင်လယ်ကြောင့်လည်း ပါပေသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်နှစ် ဆေးဖော်စပ်ခဲ့သည့် အချိန်အတွင်း ရန်ကိုင်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်မံ ကျရှုံးခဲ့ပြန်လေသည်။
တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ဆေးလုံးများကို သူဖော်စပ်နိုင်သော်လည်း ရန်ကိုင် ဖော်စပ်ချင်နေသည်ကား တန်ခိုးရှင်ဘုရင်အဆင့် ဝိဥာဉ်ဆေးလုံးဖြစ်သည်။
သို့သော်လည်း စဖော်စပ်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များစွာသာ အသုံးမဝင်ဖြစ်သွားခဲ့ရသော်ငြား သူကိုယ်တိုင်ကမူ တန်ခိုးရှင် ဘုရင်အဆင့် ဆေးလုံးတစ်လုံးကိုပင် မဖော်စပ်နိုင်သေးချေ။
ထို့ကြောင့် ရန်ကိုင်အတော်လေး ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ရသည်။
အလုပ်အကိုင် ဟူသမျှတွင် အထွဋ်အထိပ်သို့ ရောက်ရှိရန် အလွန် ခဲယဉ်းလှပြီး ကြယ်စီရင်စုထဲတွင် တန်ခိုးရှင်ဘုရင်အဆင့်သည် အထွဋ်အထိပ်အဆင့် ဖြစ်သည်။
ကြယ်စီရင်စုထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များစွာ မရှိသော်လည်း တန်ခိုးရှင် တတိယအဆင့်များမှာမူ ဖွတ်သပ်၍မကုန်နိုင်အောင် ရှိနေကြသည်။
ထိုနည်းတူစွာဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်နှင့် ပန်းပဲပညာရှင်များမှာ အတော်လေးကိုမှ ရှားပါးလှသည့်အပြင်ကိုမှ ကြယ်စီရင်စုထဲတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများထက်ပင် ပိုမို နည်းပါးနေခဲ့သည်။
ရန်ကိုင်၏ ဆေးပညာ အရည်အချင်းသည် လက်ရှိတွင် တန်ခိုးရှင် တတိယအဆင့်၌ တစ်ဆို့နေခဲ့လေပြီ။
အစစ်အမှန် ဆေးပညာကျမ်းဆီမှ အသိပညာများစွာကို ရရှိခဲ့သော်လည်း သူလိုချင်နေသည့် အဖြေကို ယခုထိတိုင် မရသေးချေ။
သူ့နည်းစနစ်နှင့် ထိန်းချုပ်မှုသည် လိုအပ်နေသေးသည်ဟု ခံစားနေရသည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို မဖော်စပ်နိုင်ခြင်းပင်။
စိတ်ဝိဥာဉ်ကို ရရှိသော ဆေးတစ်လုံးကိုသာလျှင် ဝိဥာဉ်ဆေးလုံးဟု ခေါ်ခွင့်ရှိသည်။ အစစ်အမှန်ဆေးပညာကျမ်းတွင် ထိုကဲ့သို့ ရေးသားခဲ့သည်။
ငါဘယ်လိုလုပ်ပြီး ဆေးလုံးကို စိတ်ဝိဥာဉ်ရှိလာအောင် လုပ်ရမှာလဲ။
သူ့တွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များစွာ ရှိသော်လည်း ဆေးပင်များကို ဤကဲ့သို့ ဖြုန်းတီးပစ်ရမည်မှာ အတော်လေးကို ရင်နာစရာ ကောင်းလှသည်။ ခဏလောက် စဉ်းစားပြီးနောက် ဆေးပင်များကို ပြန်သိမ်းထားလိုက်တော့သည်။ အစစ်အမှန် ဆေးပညာကျမ်းထဲတွင် ဖော်ပြထားသာ စာကြောင်း၏ အဓိပ္ပါယ်ကို နားမလည်သေးသရွေ့ သူမည်မျှပင် ကြိုးစားနေစေကာမူ ထူးခြားလိမ့်မည် မဟုတ်ပေ။
ထိုစာကြောင်း၏ အဓိပ္ပါယ်ကို သေချာအချိန်ပေး စဉ်းစားရန် လိုလာလေပြီ။
ဆေးဖော်စပ်၍ မဖြစ်တော့သဖြင့် နေမီးလျှံအမြူတေနှင့် အခြား ဒြပ်ကြီးငါးပါး ရတနာများကို ထုတ်ကာ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယ် စတင် ကျင့်ကြံတော့သည်။
နှစ်ဝက်ကြာပြီးနောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။
ကြယ်သင်္ဘော ရပ်တန့်နေခဲ့လေပြီ။
တစ်ခုခု ဖြစ်နေသည့်အလား၊ အပြင်ဘက်မှ ခြေသံတို့ ထွက်လာခဲ့သည်။
ရန်ကိုင်လည်း တံခါးကို လှမ်းဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော ချင်းယွဲ့ကို တွေ့လိုက်ရသည်။
“ငါတို့ရောက်ပြီ” ချင်းယွဲ့က စိတ်လှုပ်ရှားဏွာ ပြောလိုက်သည်။
“ငါတို့ရောက်ပြီလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း ချင်းယွဲ့၏ဘေးတွင် ပြန်ပေါ်လာခဲ့သည်။
ချင်းယွဲ့၏ခါးကို ကိုင်လျက် ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်ရာ ချက်ချင်းဆိုသလို ကြယ်သင်္ဘော၏ အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့လေသည်။
အေးစက်စက် ကြယ်စီရင်စုကြီးထဲဝယ်၊ ကြယ်သေလေးများ၊ ကြယ်သေးကြီးများ များစွာတို့ကို မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို ချင်းယွဲ့ အလွန် ရင်းနှီးနေခဲ့သည်။
ဂိုဏ်းချုပ်ချင်းယနှင့် အခြားအကြီးအကဲများနှင့် ကွဲကွာခံရပုံကို ပြန်တွေးလိုက်သည့် အချိန်တိုင်း ဤမြင်ကွင်းသည် သူမရှေ့တွင် ပေါ်ပေါ်လာလေ့ရှိသည်။
“ဒီမှာပဲ” ချင်းယွဲ့က ရေရွတ်လိုက်သည် “ဒီနားမှာ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိတယ်။ ငါတို့အဲ့ထဲကိုဝင်ပြီး လမ်းကွဲသွားတာ”
ထိုလေဟာနယ်လိုဏ်ခေါင်းကြောင့် ချင်းယွဲ့သည့် အရိပ်ကြယ်သို့ ရောက်လာပြီး ကျန်လူများမှာမူ အခြားနေရာများ အသီးသီးသို့ ရောက်ကုန်ကြလေသည်။
ရန်ကိုင်နှင့် မတော်တဆ သွားတွေ့ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမအား မည်ကဲ့သို့သော ကံကြမ္မာမှ စောင့်ကြိုနေမလဲ ဆိုသည်ကို ချင်းယွဲ့ မတွေးရဲတော့ချေ။
ကြယ်စီရင်စုထဲသို့ ဝင်လာပြီးနောက် သူမ မည်မျှ သေးနုပ်ပြီး အားနည်းမှန်း ချင်းယွဲ့ နားလည်သွားခဲ့သည်။
“လေဟာနယ်လိုဏ်ခေါင်း…” ရန်ကိုင် ရေရွတ်လိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။
ခဏအကြာတွင် မျက်လုံးပြန်ဖွင့်လိုက်ပြီး တစ်ခုသော နေရာဆီသို့ ချင်းယွဲ့နှင့်အတူ ထွက်သွားလေသည်။
အထက်စကြာဝဠာဂိုဏ်းမှ တပည့်များသည် ချက်ချင်း ကြယ်သင်္ဘောကို မောင်းနှင်၍ သူတို့ နှစ်ယောက်နောက်သို့ လိုက်သွားကြလေသည်။
ခဏအကြာတွင် ရန်ကိုင် ရပ်တန့်သွားပြီး သူ့ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်၏။
သူ့ရှေ့တွင် မည်သည့် ကောင်းကင်စိတ်အာရုံကိုမှ ဝါးမြိုပစ်နေသည့် လေဟာနယ် စွမ်းအားအချို့ ရှိနေခဲ့သည်။
သို့သော်လည်း လေဟာနယ်လိုဏ်ခေါင်းမှာမူ ပြိုကျနေပြီး ထပ်မံ အသုံးပြု၍ မရတော့ချေ။ မကြာခင် ထိုပျက်စီးနေသော လေဟာနယ်လိုဏ်ခေါင်းတစ်ခုလုံး အပြီးတိုင် ပျောက်ကွယ်သွားပေတော့မည်။ ရန်ကိုင်သာ လေဟာနယ်စွမ်းအားကို မကျင့်ကြံထားလျှင် ဤနေရာတွင် လေဟာနယ်လိုဏ်ခေါင်း တစ်ခု ရှိခဲ့ကြောင်း သိလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ထိုနေရာကို စစ်ဆေးနေချိန် ချင်းယွဲ့မှာမူ သူ့အား ဝင်မနှောင့်ယှတ်ဘဲ စိုးရိမ်တကြီးဖြင့်သာ ရပ်စောင့်နေသည်။
ခဏအကြာတွင် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘယ်လိုလဲ” ချင်းယွဲ့က အလျင်စလို မေးလိုက်သည်။
ရန်ကိုင်က ခေါင်းခါလျက် “ဒီလေဟာနယ်လိုဏ်ခေါင်း တစ်ခုတည်းနဲ့ စုယန်နဲ့ အခြားသူတွေ ဘယ်ရောက်သွားလဲ ငါမရှာနိုင်ဘူး”
မျှော်လင့်ချက်တို့ ပြည့်နေသော ချင်းယွဲ့၏ မျက်ဝန်းအစုံ ချက်ချင်း မှိန်ကျသွားခဲ့သည်။
“ဒါပေမယ့် ဒီလေဟာနယ်လိုဏ်ခေါင်းက သိပ်ပြီး အားမကောင်းတော့ ဒါနဲ့ ဆက်သွယ်ထားတဲ့ နေရာကလည်း သိပ်မဝေးလောက်ဘူး။ နင်အရိပ်ကြယ်ကို ရောက်လာတယ်ဆိုတာက မတော်တဆပဲ။ စုယန်နဲ့ အခြားသူတွေကတော့ အနီးအနားမှာပဲ ရှိနေလိမ့်မယ်။ ခဏနေဦး၊ ဒီနေရာနဲ့ အနီးဆုံး ကျင့်ကြံရေးကြယ်ကို ငါရှာကြည့်လိုက်မယ်။ ပြီးရင် အဲ့ကိုသွားမယ်”
ပြောပြီးသည်နှင့် မျက်လုံးပိတ်၍ သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲရှိ ကြယ်မြေပုံဆီသို့ ပို့လွှတ်လိုက်သည်။
ခဏအကြာတွင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး ချင်းယွဲ့နှင့်အတူ ကြယ်သင်္ဘောဆီသို့ ပြန်သွားလေသည်။ ကြယ်သင်္ဘောပေါ်သို့ ရောက်သည်နှင့် သူအာရုံခံမိသော ကျင့်ကြံရေးကြယ်ဆီသို့သွားရန် တပည့်များကို အမိန့်ပေးလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့ရှေ့တွင် အပြာရောင်ကြယ်တစ်လုံး ပေါ်လာခဲ့သည်။ ထိုကြယ်သည် အရိပ်ကြယ်ထက် အများကြီးပိုသေးပြီး အများဆုံးမှ အရိပ်ကြယ်၏ လေးပုံတစ်ပုံလောက်သာ ရှိပေသည်။
သို့သော် ကြယ်လေးမှာ အလွန်ကိုမှ လှပပြီး သိပ်သည်းလှသော မိုးမြေစွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားပေသည်။
ကြယ်သင်္ဘောအား ထိုနေရာရပ်လျက် ကြယ်သင်္ဘောကို ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းပြီးနောက် ထိုကြယ်ဆီသို့ ဦးတည်သွားလေသည်။
ကြယ်စီရင်စုကြီးအကြောင်း သူသိပ်မသိသော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများသည် အလွန်ကိုမှ အဖိုးတန်မှန်း သူသိသည်။
အလွန်ချမ်းသာကြွယ်ဝသော အင်အားစုများဖြစ်သည့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကဲ့သို့သော အင်အားစုမျိုးတွင်ပင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော အနည်းငယ်သာ ရှိကြသည်။
သူတို့သာ ထိုကြယ်သင်္ဘောကိုစီးပြီး ကြယ်ဆီသို့ ချဉ်းကပ်သွားလျှင် အခြားသူများ၏ အာရုံစိုက်စရာ ဖြစ်ကုန်ကြပေလိမ့်မည်။
ရန်ကိုင်သည် ဤနေရာဆီသို့ လူရှာရန် လာခြင်းဖြစ်သည့်အတွက် အခြားလူများ အာရုံစိုက်လာမည့် အဖြစ်မျိုး မလိုချင်ချေ။
အဆင့်နိမ့်တပည့်များသည်လည်း ကမ္ဘာငယ်လေးထဲသို့ ဝင်သွားကြသည်။ ကမ္ဘာငယ်လေး ရှိနေသည့်အတွက် ကိစ္စအဝဝသည် ရန်ကိုင်အတွက် အတော်လေး လွယ်ကူ အဆင်ပြေသွားခဲ့ရသည်။
တန်ခိုးရှင်တတိယအဆင့် ပညာရှင်များနှင့် ချင်းယွဲ့ကမူ အပြင်ဘက်တွင်သာ ကျန်ခဲ့ပြီး ကြယ်လွန်းပျံအသီးသီးကိုထုတ်၍ ရန်ကိုင်နှင့်အတူ ကြယ်ဆီသို့ ပျံသန်းသွားကြလေသည်။
နေ့ဝက်ကြာပြီးနောက် လူခုနှစ်ယောက်အဖွဲ့ လှပသော ကြယ်ပေါ်သို့ ခြေချလာခဲ့ကြသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် အရိပ်ကြယ်နှင့် ယှဉ်လိုက်လျှင် အတူတူသာ ဖြစ်သည်။ သို့သော်လည်း ချင်းတုန်နှင့် အခြားသူများသည် ဤနေရာသို့ ရောက်သည်နှင့် တစ်ခုခုကို အာရုံခံနေသည့်နှယ် လေကို အမောတကော ရှူရှိုက်ရင်း တစ်ခုခုအပေါ်တွင် အာရုံစိုက်နေခဲ့ကြသည်။
ရုတ်တရက် ချင်းတုန်သည် တောက်ပစွာပြုံးလျက် အကျယ်ကြီး အော်ရယ်လိုက်၏။
“ဒီမှာ ဘာဖိနှိပ်မှုမှ မရှိဘူး။ ငါကို ချုပ်နှောင်ထားတဲ့ အတားအဆီးတွေ အကုန် ပျောက်ကွယ်သွားကုန်ပြီ” မိုယုသည်လည်း စိတ်တက်ကြွနေခဲ့သည်။
ရန်ရှုကျိုနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ အခြား အကြီးအကဲများလည်း အတူတူပင်။ အကုန်လုံး ပျော်ရွှင်နေခဲ့ကြသည်။
ဤကျင့်ကြံရေးကြယ်ပေါ်တွင် အရိပ်ကြယ်မှာကဲ့သို့ သူတို့အပေါ် ဖိနှိပ်နေသည့် လောကနိယာမများ မရှိချေ။ ဆိုလိုသည်ကား သူတို့အနေဖြင့် သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အပေါ် ပိုမိုနားလည်လာအောင် လုပ်နိုင်လေပြီ။ သူတို့တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ရှိ သူတို့ငါးယောက် ခံစားနေရသည့် စိတ်လှုပ်ရှားမှုကို ဖော်ပြရန် ခဲယဉ်လွန်းလှသည်။
“ရန်ကိုင်၊ ဒီကျေးဇူးကို ဒီလူအိုကြီး ဘယ်တော့မှ မမေ့ဘူးကွာ” ချင်းတုန်သည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်သည်။
မိုယုသည်လည်း ရန်ကိုင်အား အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် အရိပ်ကြယ်မှ ထွက်ခွာလာနိုင်မည် မဟုတ်ဘဲ သူတို့၏ ဘိုးဘေးများကဲ့သို့ အရိပ်ကြယ်ပေါ်တွင် အရိုးဆွေးပြီးတော့သာ သေရပေလိမ့်မည်။
“မလိုပါဘူးဗျာ။ ထားလိုက်တော့။ နားစရာနေရာ အရင် ရှာကြရအောင်။ ကျုပ်တို့ ဒီမှာ ခဏလောက်ကြာအောင် နေရရင် နေရမှာ” ရန်ကိုင်က အဝေးတွင် ရှိသော မြို့အား စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အင်း။ ဒီနေရာမှာ ဘာလောကနိယာဖိနှိပ်မှုမှ မရှိပေမယ့် အရင်ဆုံး စစ်ဆေးကြည့်ဖို့တော့ လိုသေးတယ်” ချင်းတုန်က ထောက်ခံ သဘောတူလိုက်သည်။
အကုန်လုံးသည် အဝေးတွင် ရှိနေသော မြို့ဆီသို့ ချက်ချင်း ထွက်ခွာကြလေသည်။
ရေစိမ်းမြို့တော်၏ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲတွင် ရန်ကိုင်တို့ ဝင်နားလိုက်ကြ၏။
လက်ဖက်ရည် လာချပေးသော ဆိုင်ဝန်ထမ်းလေးသည် ပြန်ထွက်သွားတော့မည် အပြု ချင်းတုန်က လှမ်းတားလိုက်သည်။
“စီနီယာ ဘာများပြောချင်လို့လဲ” ဆိုင်ဝန်ထမ်းလေးက ချင်းတုန်ကို ဦးညွှတ်၍ ပြုံးလျက် မေးလိုက်သည်။
ဆိုင်ဝန်ထမ်း လုပ်လာသည်မှာ အတော်လေး ကြာနေပြီဖြစ်သဖြင့် ထိုကောင်လေးသည် အတော်လေး အမြင်စူးရှလာသည်ဟု ပြော၍ရသည်။ ထို့ကြောင့် ချင်းတုန်၏ ကျင့်ကြံခြင်းကို သူမသိသော်လည်း ထိုအဖွဲ့ထဲတွင် ပညာရှင်များစွာ ပါဝင်နေမှန်း သူသိသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၇)
ချင်းတုန်က ပြုံးလျက် “စိုးရိမ်မနေနဲ့ ကောင်လေး၊ ငါမင်းကို မေးချင်တာအချို့ရှိလို့ တားလိုက်တာ။ မင်းကောင်းကောင် ဖြေပေးမယ်ဆို ဒါတွေက မင်းအပိုင်ပဲ”
ပြောပြီးသည့်နောက် အဆင့်မြင့် သလင်းကျောက်အချို့ကို ထုတ်၍ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ထိုသလင်းကျောက်များကို မြင်သည်နှင့် ဆိုင်ဝန်ထမ်းလေး မျက်လုံးပြူးသွား၏။ ဝန်ထမ်းလုပ်ခြင်းအားဖြင့် တစ်လလောက်မှ အဆင့်နိမ့် သူတော်စင်သလင်းကျောက် တစ်တုံးနှစ်တုံးလောက်သာ ရှာနိုင်သည့်အတွက် လက်ရှိ စားပွဲခုံပေါ်တွင် ရှိနေသော အဆင့်မြင့် သလင်းကျောက် အနည်းငယ်သည် သူ့အတဝွက် အလွန်ကိုမှ များလွန်းနေခဲ့သည်။
ထိုပမာဏနှင့်ဆိုပါက သူ့လက်ကျန်တစ်ဘဝလုံး စားဝတ်နေရေးကို ပူပန်နေစရာ မလိုတော့ချေ။
အလျင်အမြန် ခေါင်းညိတ်ဦးညွှတ်၍ “ကျေးဇူးပြုပြီး မေးပါး စီနီယာ၊ ကျွန်တော် သိတာ အကုန်ပြောပြပါ့မယ်။ ကျွန်တော်က သာမန် လူတစ်ယောက်ပဲဆိုပေမယ့် ဒီနေရာရဲ့ ဒေသခံတစ်ယောက် ဖြစ်နေတာဆိုတော့ စီနီယာတို့ သိချင်တာရှိရင် ကျွန်တော် ပြောပြပေးနိုင်လောက်မှာပါ”
“ကောင်းတယ်” ချင်းတုန် ခေါင်းညိတ်လိုက်သည်။ ဆိုင်ဝန်ထမ်းလေး၏ အဖြေနှင့် ပက်သက်၍ ကျေနပ်သွားသည့်အလား တိုက်ရိုက်သာ မေးလိုက်လေသည် “ဒီကြယ်ပေါ်မှာ တန်ခိုးရှင်ဘုရင်အဆင့် ရှိလားလို့ ငါမေးချင်တာ”
“တန်ခိုးရှင်ဘုရင်အဆင့်” ဆိုင်ဝန်ထမ်းလေးသည် ရန်ကိုင်နှင့် အခြားသူများကို အံ့ဩတကြီး ကြည့်လျက် နားလည်သွားဟန်ဖြင့် ရယ်မောကာ “စီနီယာတို့က ဒီကြယ်ရဲ့ ဒေသခံတွေ မဟုတ်ဘူးနဲ့တူတယ်”
“ဟုတ်တယ်” ချင်းတုန်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် မည်သည့် ကျင့်ကြံရေးကြယ်တွင်မဆို အထွဋ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုကဲ့သို့သော ပညာရှင် တစ်ယောက်သာ တောင်စိမ်းကြယ်ပေါ်တွင် နေနေခဲ့လျှင် ထိုပညာရှင်သည် ဤကြယ်ပေါ်တွင် ကျိန်းသေ ကျော်ကြားပေလိမ့်မည်။
ဆိုင်ဝန်ထမ်းလေးက ခြောက်ကပ်ကပ် ရယ်မောလျက် “စီနီယာတို့ တောင်စိမ်းကြယ်ဆီ လာပြီး ဘာလို့ အဲ့ဒါကိုတောင် မသိကြရတာလဲ”
“ငါတို့ ဘာလို့ သိရမှာလဲ” ချင်းတုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဆိုင်ဝန်ထမ်းလေးသည် တုန်လှုပ်ချောက်ခြားသွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ် အမူအရာဖြင့်သာ “စီနီယာတို့ ဒီကိုရောက်လာတယ်ဆိုတော့ ဟိုပွဲအခမ်းအနားအတွက် လာတယ်လို့ပဲ ယူဆလိုက်တော့မယ်။ စီနီယာတို့ လာတာ နည်းနည်း စောသွားတယ်ဆိုပေမယ့် ကိစ္စမရှိပါဘူး။ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ စောသွားတာ။ ဒီမှာ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ရှိမရှိ ဆိုတာကတော့ တောင်စိမ်းကြယ်မှာ ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် မရှိရမှာလဲ”
ဆိုင်ဝန်ထမ်းလေသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို ဤတောင်စိမ်းကြယ် အနှံ့တွင် တွေ့နေရသည့်ပုံစံမျိုး လုပ်ပြနေခဲ့သည်။
အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“အမှန်အတိုင်း ပြောရရင် လောလောဆယ် တောင်စိမ်းကြယ်မှာ တန်ခိုးရှင်ဘုရင်အဆင့် နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ်။ အထွဋ်အထိပ် အချိန်မှာတုန်းကဆို တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေတဲ့ ပညာရှင် အပါအဝင် စုစုပေါင်း ဆယ်ယောက်ထက်မက ရှိတယ်”
“တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် နှစ်ယောက်” ချင်းတုန်နှင့် အခြားသူများ တုန်ရီသွားခဲ့ကြသည်။ မျက်လုံးပြူး မျက်ဆံပြူးလည်း ဖြစ်သွားကြသည်။
“အဲ့ဒါ အမှန်ပဲလား” မိုယုက အလေးအနက် လေသံဖြင့် မေးလိုက်၏။
“ကျွန်တော် မလိမ်ရဲပါဘူး။ ဒီအကြောင်းကို အကုန်လုံး သိတယ်။ ကျွန်တော် တစ်ယောက်တည်းတင် မဟုတ်ဘူး။ စီနီယာတို့ ကျွန်တော် လိမ်မလိမ် သိချင်ရင် အခြားသူတွေကို လိုက်မေးကြည့်လို့ ရတယ်”
“ဒီတော့ ဒီတောင်စိမ်းကြယ်က တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ အတော်လေး သင့်တော်တာပေါ့” ချင်းတုန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
ဤနေရာတွင် မည်သည့် လောကနိယာမ၏ ဖိနှိပ်မှုကိုမှ မခံစားရသော်လည်း ဤနေရာသည် အဆင့်ချိုးဖျက်ရန်နှင့် နေထိုင်ရန် သင့်လျော်မလျော် အရင် မေးကြည့်ရဦးပေမည်။
ယခု ဤနေရာသည် နေထိုင်ရန် သင့်လျော်သည့် နေရာတစ်ခု ဖြစ်မှန်း သိလိုက်ရသည့်နောက် သူပျော်သွားသည်မှာ သဘာဝသာ ဖြစ်သည်။
“သေချာတာပေါ့” ဆိုင်ဝန်ထမ်းလေးက ခေါင်းညိတ်လိုက်ပြီး “စီနီယာတို့ ဒီကို ဒီကိစ္စအတွက် လာတာ မဟုတ်ဘူးလား”
“မင်းအဲ့ဒါကိုတောင် သိတာလား” ချင်းတုန် အံ့အားသင့်သွား၏။
“စီနီယာတို့ကလည်းဗျာ၊ လာပြီး နောက်နေသေးတယ်။ ကျွန်တော်က သာမန် သေမျိုးတစ်ယောက်ဆိုပေမယ့် တစ်သက်တစ်ခါတောင် မြင်ရခဲလှတဲ့ အခမ်းအနားအကြောင်းက ဒီတောင်စိမ်းကြယ် အနှံ့ပျံနေတာ၊ ကျွန်တော် မသိဘဲ နေပါ့မလား။ ကျွန်တော်တင် မဟုတ်ဘူး၊ သုံးနှစ်သား ကလေးတွေတောင် သိတယ်” ဆိုင်ဝန်ထမ်းလေးက ပြန်ပြောလိုက်သည်။
“နေဦး၊ မင်းဘယ်တစ်သက်မှာ တစ်ခါပဲ မြင်ရတဲ့ အခမ်းအနား အကြောင်းကို ပြောနေတာလဲ” ရန်ကိုင်က ဆိုင်ဝန်ထမ်းလေးကို ကြည့်၍ မေးလိုက်သည်။ ဆိုင်ဝန်ထမ်းလေးသည် ထိုအကြောင်းကို ပထမတစ်ကြိမ် ပြောသွားခဲ့သော်ငြား ရန်ကိုင် သိပ်ဂရုမစိုက်ခဲ့။ ကျင့်ကြံရေးကြယ်တိုင်းတွင် သူတို့၏ ရိုးရာနှင့် ဓလေ့ထုံးတမ်းများ ရှိကြသည်။ အရိပ်ကြယ်တွင်ဆိုလျှင် သဲမီးတောက်နယ်မြေသည် နှစ်ရာပေါင်းများစွာကြာမှ တစ်ခါပွင့်သည့် နေရာတစ်ခု ဖြစ်သည်။
တောင်စိမ်းကြယ်တွင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်များ ရှိနေခြင်း ဖြစ်လောက်သည်။
သို့သော်လည်း ဆိုင်ဝန်ထမ်းလေး ပြောသည်ကို နားထောင်ပြီးနောက် ထိုအဖြစ်အပျက်သည် ချင်းတုန်နှင့် အခြားသူများ အဆင့်ချိုးဖျက်မည့် ကိစ္စနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေမှန်း နားလည်လိုက်၏။ ထို့ကြောင့် ရန်ကိုင် ချက်ချင်း ကောက်မေးလိုက်ခြင်း ဖြစ်ပေသည်။
ရန်ကိုင်၏ မေးခွန်းကို ကြားသော် ဆိုင်ဝန်ထမ်း ကြောင်သွားပြီး သူ့ခေါင်းကိုကုတ်၍ ပြန်မေးလိုက်သည် “ကျွန်တော် မှားသွားတာလား။ စီနီယာတို့ သွေးအကျဉ်းထောင်စမ်းသပ်ပွဲမှာ ယှဉ်ပြိုင်ဖို့ လာခဲ့ကြတာ မဟုတ်ဘူးလား”
“သွေးအကျဉ်းထောင်စမ်းသပ်ပွဲ” ချင်းတုန်နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် နားမလည်သည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။
“ငါတို့ကို အသေးစိတ်ပြောပြ၊ သွေးအကျဉ်းထောင် စမ်းသပ်ပွဲ ဆိုတာ ဘာလဲ” ရန်ကိုင်က စားပွဲပေါ်သို့ အဆင့်မြင့် သူတော်စင် သလင်းကျောက် နောက်ထပ် နည်းနည်း ပစ်တင်၍ မေးလိုက်၏။
ထိုအခြင်းအရာကို ကြည့်ရင်း ဆိုင်ဝန်ထမ်းလေး တံတွေးတစ်လုတ် မြိုချလိုက်ပြီး ဝမ်းသာစွာ ပြုံးလိုက်လေသည်။ အားကောင်းပြီး ချမ်းသာသော ပညာရှင်တစ်သိုက်နှင့် လာတွေ့ပြီးမှန်း သိလိုက်သည်နှင့် နည်းနည်းလေးမှ ပေါ့ပျက်ပျက် မလုပ်ရဲတော့ဘဲ လည်ချောင်းရှင်း၍ ရှင်းပြလိုက်လေသည် “သွေးအကျဉ်းထောင် စမ်းသပ်ပွဲဆိုတာ အားကောင်းတဲ့ ပညာရှင်တွေ၊ အထူးသဖြင့် စီနီယာတို့လို ပညာရှင်တွေကို ရည်ရွယ်ပြီး ကျင်းပတာ”
“ဘယ်လို ငါတို့တိုကို ရည်ရွယ်တာလဲ” ချင်းတုန် မျက်ခုံးပင့်သွားသည်။
“ဘာလို့လဲဆိုတော့ သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့လူတွေ အကုန်လုံးက တန်ခိုးရှင်တတိယအဆင့်မှာ ရောက်နေတဲ့ ထိပ်တန်းပညာရှင်တွေချည်း မို့လို့ပဲ။ သူတို့တွေ အဲ့လို ဝင်ရောက်ယှဉ်ပြိုင်တာက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ့် အခွင့်အရေး ရချင်လို့” ဆိုင်ဝန်ထမ်းလေးက ပြောလိုက်သည်။
“တကယ်လား” ချင်းတုန် ရုတ်တရက် ထရပ်လိုက်သည်။
ချင်းတုန်၏ အပြုအမူကြောင့် ဆိုင်ဝန်ထမ်းလေး အံ့အားသင့်သွားခဲ့သော်လည်း အလျင်အမြန် ခေါင်းညိတ်၍ “ကျွန်တော် လိမ်နေတာ မဟုတ်ဘူး။ သွေးအကျဉ်းထောင် စမ်းသပ်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော် ပြောသွားတာတွေ အကုန်လုံးက အမှန်တွေပဲ။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က သာမန် သေမျိုး တစ်ယောက်ပဲ ဆိုတော့ အသေးစိတ်နဲ့ ပက်သက်တဲ့ အကြောင်းတွေကိုတော့ မသိနိုင်တော့ဘူး”
“အဲ့လိုဆို မင်းဘာသိသေးလဲ” ရန်ကိုင်က ချင်းတုန်အား ပြန်ထိုင်ရန် အချက်ပြလိုက်ပြီး ဆိုင်ဝန်ထမ်းလေးဘက်သို့ လှည့်၍ မေးလိုက်လေသည်။
“ကျွန်တော် သိသလောက်၊ တောင်စိမ်းကြယ်က တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်တွေ အကုန်လုံး အဲ့သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖူးတယ်။ ဒီက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေတင် မဟုတ်ဘူး။ အခြားကြယ်တွေက အချို့ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ ဆိုရင်လည်း အဲ့သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ပြီး တန်ခိုးရှင်ဘုရင် အဆင့် ဖြစ်သွားကြတာ”
“အခြားကြယ်က ကျင့်ကြံသူတွေတောင် ဒီကို လာတယ်ပေါ့” ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အခြား ကျင့်ကြံရေးကြယ်တွေက ကျင့်ကြံသူအချို့ ဒီကို ရောက်လာတယ်။ သူတို့ အရေအတွက်ကတော့ သိပ်မများဘူး။ ဒါပေမယ့် သွေးအကျဉ်းထောင် စမ်းသပ်ပွဲ နီးလာပြီဆိုတာနဲ့ ကျင့်ကြံသူတွေ တစ်ပြုံတစ်ခေါင်းကြီး ရောက်လာကြကော။ ဒါကြောင့် စီနီယာတို့လည်း အဲ့ပွဲအတွက် ရောက်လာတာလို့ ကျွန်တော် ထင်သွားတာ…” ဆိုင်ဝန်ထမ်းလေးက ချင်းတုန်နှင့် အခြားသူများကို ကြည့်ရင်း ပြောလိုက်သည်။
“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ကောင်းပြီ။ သွေးအကျဉ်းထောင်စမ်းသပ်ပွဲအကြောင်း မင်းသိသလောက် ငါ့ကိုပြောပြ။ ကောလဟာလတွေ ဆိုရင်လည်း ကိစ္စမရှိဘူး။ မင်းသိသလောက်သာ ပြောပြ”
ချင်းတုန်နှင့် အခြားသူများသည်လည်း ဆိုင်ဝန်ထမ်းလေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ဆိုင်ဝန်ထမ်းလေးသည် အရင်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် စတင် ရှင်းပြလေတော့သည်။
သွေးအကျဉ်းထောင် စမ်းသပ်ပွဲသည် တောင်စိမ်းကြယ်ပေါ်၌ အကြီးကျယ်အခမ်းနားဆုံး ပွဲတစ်ပွဲ ဖြစ်သည်။ ထိုပွဲကို နှစ်တစ်ထောင်ကြာမှ တစ်ခါ ကျင်းပလေ့ရှိပြီး ထိုသို့ ကျင်းပတိုင်း တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသော ကျင့်ကြံသူများစွာ လာရောက် ပါဝင်ဆင်နွှဲကြသည်။ သို့သော်လည်း စမ်းသပ်ပွဲသည် အတော်လေးကို အန္တရာယ်များပြီး ကျင့်ကြံသူများစွာလည်း ထိုစမ်းသပ်ပွဲအတွင်း ကျဆုံးသွားလေ့ ရှိကြသည်။
အန္တရာယ်များရှိသလို အခွင့်အရေးများလည်း တည်ရှိပေသည်။
ထိုစမ်းသပ်ပွဲအတွင်းမှ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။
အချို့အခါများတွင်ဆိုလျှင် တစ်ယောက်မကပင် ပေါ်လာတတ်သေးသည်။
ထို့ကြောင့် ထိုပွဲအခမ်းအနားသည် အန္တရာယ်များသည် ဆိုလျှင်ပင် တန်ခိုးရှင်တတိယအဆင့်များစွာ ပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
ဤစမ်းသပ်ပွဲသည် ပျဉ်တစ်ချပ်တည်း ဖြတ်ခင်းထားသည့် တံတားတစ်စင်းပေါ်သို့ ပညာရှင်ပေါင်းများစွာအား ဖြတ်ကူးခိုင်းခြင်းနှင့် တူပေသည်။ ကြယ်စီရင်စုထဲတွင် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များ မရေမတွက်နိုင်အောင် ရှိသော်ငြား တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိနေသော ပညာရှင်များမှာမူ အလွန်ကိုမှ နည်းပါးလှပေသည်။ သွေးအကျဉ်းထောင်စမ်းသပ်ပွဲ အတွင်းတွင် အခွင့်အရေးများစွာ ရှိသော်လည်း အဆင့်ချိုးဖျက်ရန် အလွန်အမင်း ခက်ခဲနေဆဲ။
သွေးအကျဉ်းထောင်စမ်းသပ်ပွဲထဲ တန်ခိုးရှင်တတိယအဆင့် ပညာရှင်များစွာ သေဆုံးသွားလျှင်ပင်၊ တခါတရံ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်သွားသူ တစ်ယောက်မှ မရှိလျှင် တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်ပေါင်းများစွာက သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဤနေရာသို့ လာနေကြဆဲ။
သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ထိုကဲ့သို့ အကျိုးကျေးဇူး ရှိရခြင်းမှာ နယ်ပယ်၏ တည်ရှိမှုကြောင့် ဖြစ်ပေသည်။
သွေးအကျဉ်းစမ်းသပ်ပွဲအတွင်းတွင် မပြီးစုံသော နယ်ပယ်များစွာ တည်ရှိနေကြသည်။ တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ အနေဖြင့် ထိုနယ်ပယ်များကို စုပ်ယူပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားကြည့်နိုင်သည်။
“သွေးအကျဉ်းထောင်စမ်းသပ်ပွဲထဲမှာ ဘာလို့ နယ်ပယ်တွေ ရှိနေတာလဲ။ အဲ့နယ်ပယ်တွေကကော ဘာလို့ မပြည့်စုံတာလဲ”
“ဘာလို့လဲဆိုတော့ တိုက်ပွဲကြီးတစ်ခုကြောင့်ပဲ” ဆိုင်ဝန်ထမ်းလေးသည် မွေးရာပါ ပုံပြောသမားဟုပင် ထင်ရသည်။ သူ့ရှင်းပြချက်များသည် ရှင်းလင်းပြီး နားလည်ရ လွယ်ကူလှသည်။
သူပြောသွားသည့်ပုံအရ၊ သွေးကျဉ်းထောင်သည် ယခင်က တိုက်ပွဲကွင်းပြင်ကြီး ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း တန်ခိုးရှင်ဘုရင် အဆင့်ယောက်နှစ်ဆယ်ကျော်နှင့် သူတို့၏ လက်အောက်ငယ်သားများစွာ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
ရှေးဟောင်းခေတ်တွင် တောင်စိမ်းကြယ်၌ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်နှစ်ယောက် ရှိခဲ့၏။ ထိုနှစ်ယောက်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် အားအကောင်းဆုံးထဲ ပါဝင်ပေသည်။
ထိုတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် အင်အားစုကြီး တစ်ခုစီကို ဦးဆောင်သည့်လူများ ဖြစ်ကြပြီး တစ်ယောက်နှင့် တစ်ယောက်လည်း မတည့်ကြချေ။ သူတို့ အချင်းချင်းကြားတွင် ရန်ငြိုးရန်စများစွာ ရှိသဖြင့် တိုက်ပွဲများလည်း အသီးသီး ဖြစ်ပွားခဲ့ကြသည်။
မကျေနပ်ချက်များစွာ စုပြုံလာသည့်အခါ နောက်ဆုံးတွင် ထိုအင်အားစုနှစ်ခုကြား ထိပ်တန်းအဆင့် ပညာရှင်ကြီး နှစ်ဦးပင် ဝင်ပါရသည့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာခဲ့သည်။
ထိုမျှသာလျှင် မဟုတ်ကြဘဲ ထိုပညာရှင် နှစ်ယောက်သည် သူတို့၏ မိတ်ဆွေများကိုပါ လှမ်းအကူအညီတောင်းခဲ့သည်။
သူတို့၏ မိတ်ဆွေများသည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။
ထိုသို့ဖြင့် ကြယ်များကိုပင် ဖျက်စီးပစ်နိုင်သည့် တိုက်ပွဲတစ်ပွဲ တောင်စိမ်းကြယ်၏ နေရာတစ်ခုပေါ်တွင် စတင် ဖြစ်ပွားလေသည်။
ထိုတိုက်ပွဲတွင် အကျအဆုံး အသေအပျောက်များစွာ ရှိခဲ့သည်။
နောက်ဆုံးတိုက်ပွဲရလဒ် မည်ကဲ့သို့ ဖြစ်သွားသလဲ ဆိုသည်ကို မည်သူမှ မသိကြေသော်လည်း တိုက်ပွဲပြီးသွားသည့် အချိန်တွင် ထိုနေရာတစ်ခုလုံး အရိုးများ တောင်လိုပုံထပ်နေပြီး သွေးများ မြစ်တစ်စင်းအသွင် စီးဆင်းနေသည်ကို တွေ့ရှိလိုက်ရသည်။
တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များအနက် တစ်ယောက်မှ အသက်မရှင်ခဲ့ချေ။
ထိုအချိန်မှစ၍ ထိုနေရာကို သွေးအကျဉ်းထောင်ဟု တောင်စိမ်းကြယ်က ခေါ်ဆိုခဲ့သည်။ သွေးအကျဉ်းထောင် အတွင်းရှိ နေရာသည် နီရဲနေသေးပြီး ထိုထဲတွင် သေဆုံးသွားသော ကျင့်ကြံသူများ၏ သွေးများ ကျန်ရှိနေသေးသည်ဟု ကောလဟာလများ ရှိကြသည်။
ထိုအရာသည် သွေးအကျဉ်းထောင် မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သလဲ ဆိုသည်ပင်။
သွေးအကျဉ်းထောင်ထဲတွင် ပျက်စီးနေသော နယ်ပယ်အမျိုးမျိုး ရှိနေခဲ့သည်။ ထိုနယ်ပယ် အပျက်အစီးများသည် အလွန်လေးကိုမှ အန္တရာယ်များပေသည်။ တန်ခိုးရှင်တတိယအဆင့်သို့ မရောက်ဘဲ ထိုထဲသို့ ဝင်သွားမည်ဆိုပါက သေခြင်းကိုသာ ကြုံတွေ့ရပေလိမ့်မည်။ တန်ခိုးရှင် တတိယအဆင့်သို့ အချိန် အတိုင်းအတာ တစ်ခုထိ ရောက်နေသည့် လူများသာ သွေးအကျဉ်းထောင်ထဲသို့ ဝင်ပြီး ပျက်စီးနေသော နယ်ပယ်များမှ အကျိုးအမြတ် ရှာနိုင်ပေသည်။
ကံကောင်းလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်ပေလိမ့်မည်။
ထိုမျှလောက်သာဆိုလျှင် တန်ခိုးရှင်တတိယအဆင့် ပညာရှင် များစွာကို ဆွဲဆောင်နိုင်လိမ့်ဦးမည် မဟုတ်ချေ။
သို့သော်လည်း ထိုထဲတွင် ရှေးခေတ်တိုက်ပွဲ၌ ပါဝင်ခဲ့ကြသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ အသုံးပြုခဲ့သည့် မှော်ရတနာများ ရှိနေသေးသည်ဟူ၍ ကောလဟာလများစွာ ထွက်နေခဲ့သည်။ ထိုမှော်ရတနာ တစ်ခုချင်းစီတိုင်းသည် အပြင်လောကကြီးတွင် ရှာတွေ့ရန် ခက်ခဲလှသည့် တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာများ ဖြစ်ကြသည်။
တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်နှစ်ဦး၏ အမွေအနှစ်မှာမူ တစ်နေရာရာတွင် ပုန်းကွယ်နေသည့်ပုံပင်။
တစ်ယောက်ယောက်သာ ထိုအမွေအနှစ်ထဲမှ တစ်ခုကို တော်တဆ ရရှိသွားနိုင်ပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ ကျိန်းသေ ချိုးဖျက်နိုင်ပေလိမ့်မည်။ ထိုမျှတင် မဟုတ်ဘဲ ထိုပညာရှင်နှစ်ဦး တစ်ချိန်က ရောက်ရှိခဲ့သည့် တန်ခိုးရှင် တတိယအဆင့်သို့ပင် ရောက်ရှိကောင်း ရောက်ရှိနိုင်ပေသည်။
အမျိုးမျိုးသော မက်မောဖွယ်ရာ အကျိုးအမြတ်များကြောင့် သွေးအကျဉ်းထောင်သည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များစွာ လာချင်သည့် နေရာတစ်ခု ဖြစ်လာခဲ့ရသည်။
သွေးအကျဉ်းထောင်စမ်းသပ်ပွဲ ပွင့်တိုင်း၊ ကြယ်စီရင်စုကြီး အနှံ့တွင် ရှိနေသော တန်ခိုးရှင်အဆင့် ပညာရှင်များ လာရောက် ယှဉ်ပြိုင်ကြ၏။
ထိုအချိန်သည် တောင်စိမ်းကြယ်ပေါ်တွင် အစည်ကားဆုံး အချိန် ဖြစ်ပေသည်။
သွေးအကျဉ်းထောင် စမ်းသပ်ပွဲဖွင့်ရန် နှစ်နှစ်၊ သုံးနှစ်လောက် လိုပေသေးသည်။ ထို့ကြောင့် ဆိုင်ဝန်ထမ်းလေးသည် ချင်းတုန်၏ မေးခွန်းကို အထင်လွဲသွားခဲ့ခြင်း ဖြစ်သည်။
ချင်းတုန်နှင့် အခြားသူများသည် သတင်းကြားပြီး သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လာခဲ့ခြင်း ဖြစ်သည်ဟု အထင်မှားသွားခဲ့ခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၈)
လက်ဖက်ရည်ဆိုင်ထဲတွင်၊ လူခုနှစ်ယောက် ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည်။
ချင်းတုန်နှင့် အခြားသူများမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေသဖြင့် အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင် ဖြစ်နေခဲ့ကြသည်။
ဆိုင်ဝန်ထမ်းလေးဆီမှ ကြားသိလိုက်ရသည့် သတင်းကြောင့် သူတို့အားလုံး ပျော်မဆုံးနိုင်အောင် ဖြစ်နေကြသည်။
အရိပ်ကြယ်၏ အချုပ်အနှောင်များမှ ချိုးဖျက်နိုင်ရုံဖြင့် သူတို့ ကျေနပ်ပေပြီ။ သို့သော်လည်း တောင်စိမ်းကြယ်ပေါ်သို့ ရောက်လာပြီးနောက် ရွှေရောင်အခွင့်အရေးကြီးနှင့် လာပက်ပင်း တိုးလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ထားပါမည်နည်း။
အရိပ်ကြယ်ပေါ်တွင်နေရင်း သိုင်းတာအို၏ ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ရုန်းကန်နေရသူများအဖို့ ဤသတင်းထက် ပိုမိုချိုသာသော သတင်း မရှိပါချေ။
ဆက်ပြီးဆွေးနွေးနေစရာ မလိုတော့ချေ။ အကုန်လုံး စိတ်ပိုင်းဖြတ်ပြီးသွားကြလေပြီ။ သူတို့ ဤပြိုင်ပွဲတွင် ဝင်ပြိုင်ကြပေမည်။
“ခင်ဗျားတို့ ဒီလောက်ကြီးလည်း စိုးရိမ်မနေကြနဲ့။ ဆိုင်ဝန်ထမ်း ပြောသွားတဲ့ပုံအရဆို သွေးအကျဉ်းထောင်စမ်းသပ်ပွဲစဖို့ နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက် ကြာဦးမယ်။ ခင်ဗျားတို့ ဝင်ပြိုင်ချင်တယ်ဆိုရင် ဒီမှာနေပြီး အဲ့ပြိုင်ပွဲအကြောင်း လိုက်ပြီး စုံးစမ်ကြည့်လို့ရတယ်။ ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ချပေါ့” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်တယ်။ ဆိုင်ဝန်ထမ်းလေးက သေမျိုးတစ်ယောက်ပဲ ဆိုတော့ ဒီလို ပွဲအခမ်းအနားကြီး အကြောင်းကို အရမ်းကြီး အသေးစိတ် သိထားမှာ မဟုတ်ဘူး။ ဒီသတင်းအကြောင်းကို ငါတို့ အရင်သွားပြီး စစ်ဆေး အတည်ပြုကြည့်ရမယ်” ရန်ရှုကျိုက ခေါင်းညိတ်လိုက်၏။
“အဲ့လိုဆိုမှတော့၊ နေကြတာပေါ့။ ဘာပဲဖြစ်ဖြစ်၊ အခုအချိန်က အရမ်း စောလွန်းနေသေးတယ်။ ဒီနေရာသာ တကယ်နေလို့ ကောင်းတယ်ဆိုရင် ဒီမှာ ခဏနေကြတာပေါ့” ချင်းတုန်က ပြောလိုက်သည်။
“ကောင်းပြီလေ” မိုယု ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရေစိမ်းမြို့တော်ထဲ တည်းခိုခန်းတစ်ခန်းငှာပြီး အခန်းအချို့ကို အချိန်အတော်ကြာသည်အထိ ငှားထားလိုက်၏။
ရန်ကိုင်ကမူ ထိုနေရာတွင် မနေနေခဲ့ချေ။ ချင်းယွဲ့အား ချင်းတုန်နှင့် အခြားသူများဆီ အပ်ထားလိုက်ပြီးနောက် ကြယ်လွန်းပျံကိုထုတ်၍ ရေစိမ်းမြို့တော်မှ ထွက်လာကာ တစ်ယောက်တည်း ပတ်ကြည့်လေသည်။
စုယန် ဤတောင်စိမ်းကြယ်ပေါ်တွင် ရှိမရှိ သူသိချင်နေမိသည်။
စုယန်သာ ဤကြယ်ပေါ်တွင် နေနေလျှင် သူ့အနေဖြင့် သူမအား ရှာတွေ့ရန် မခက်ခဲပါချေ။ သူတို့ နှစ်ယောက်သာ သင့်လျော်သော အကွာအဝေးတစ်ခုအတွင်း ရှိနေလျှင် အချင်းချင်း အပြန်အလှန် အာရုံခံနိုင်ကြပေလိမ့်မည်။
ထို့အပြင် စုယန်၏ ရေခဲဝိဥာဉ်လုံးသည် သူ့လက်ထဲတွင် ရှိနေသေးသည်။ စုယန်သာ အနီးအနားတွင် ရှိနေလျှင် ထိုအရာ တုန့်ပြန်လာလောက်သည်။
ရန်ကိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကြယ်လွန်းပျံပေါ်တွင် ထိုင်လျက် တောင်စိမ်းကြယ်တစ်လျောက် ပျံသန်းနေခဲ့သည်။
တောင်စဉ်တောင်တန်းများ၊ ကျယ်ပြန်လှသော မြေပြန့်ကြီးများ၊ ကုန်မြေထုကြီးများကို ရန်ကိုင် ဖြတ်ကျော်လာခဲ့သည်။ အချိန် ကြာလာသည်နှင့်အမျှ ရန်ကိုင် တဖြည်းဖြည်း စိတ်ပျက်လာခဲ့ရ၏။
တောင်စိမ်းကြယ်သည် ချင်းယွဲ့နှင့် စုယန်တို့ လမ်းကွဲသွားသည့် နေရာနှင့် အနီးဆုံးတွင် ရှိနေသော ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်သည်။ ထို့ကြောင့် စုယန် ဤနေရာသို့ ရောက်လာနိုင်ချေ အတော်များသည်။
သို့တိုင် ထိုနေရာမှ ဤကျင့်ကြံရေးကြယ်သို့ ရောက်ရန်ပင်ကို လအနည်းငယ်လောက် အချိန်ယူရသေးသည်။
စုယန် ဒီထက် ပိုရောက်မသွားလောက်ဟု သူခံစားနေမိသည်။
သို့သော် အချိန်အကြာကြီး ပတ်ရှာနေခဲ့သည့်တိုင် စုယန်ကို အာရုံခံမရခဲ့သလို ရေခဲဝိဥာဉ်လုံးသည်လည်း လုံးဝ တု့န်ပြန်ခြင်း မရှိခဲ့ချေ။
ထို့ကြောင့် သေချာသွားသည့် တစ်ချက်သည်ကား စုယန် ဤနေရာတွင် ရှိမနေ ဟူသော အချက်ပင်။
ခြောက်လကြာပြီးနောက်တွင် တောင်စိမ်းကြယ်တစ်ခုလုံးနီးပါးကို ရန်ကိုင် ဖြတ်သန်းသွားခဲ့ပြီးလေပြီ။ သို့သော်ငြား စုယန်ကိုမူ ရှာမတွေ့ခဲ့ပေ။
တစ်သီးတည်း တည်ရှိနေသော တောင်တစ်တောင်ပေါ်တွင် ရပ်လျက် ရန်ကိုင်သည် အဝေးရှိ ရှုမျှော်ခင်များကို အထီးကျန် အဖော်မဲ့စွာ တစ်ယောက်တည်း ငေးကြည့်နေခဲ့သည်။
စုယန်ကို ရှာမတွေ့ခဲ့သည့်အတွက် သူအတော်လေးကို စိတ်ညစ်နေခဲ့သည်။
ရန်ကိုင်နောက်ဘက်ရှိ တောအုပ်တွင်မှ မျက်လုံးတစ်စုံသည် သူ့အား စိုက်ကြည့်နေရင်း ချုံပုတ်အား အကာအကွယ် ယူကာ သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့သည်။
ဤနေရာသည် အားကောင်းသော မွန်းစတားသားရဲ တစ်ကောင်၏ ပိုင်နက်ဖြစ်သည်။ ထိုမွန်စတားသားရဲ၏ ခွင့်ပြုချက်မရဘဲ မည်သည့် သက်ရှိမှ ဤနေရာထဲသို့ ခြေချခွင့်မရှိချေ။
ရုတ်တရက် ရန်ကိုင်သည် မွန်းစတားသားရဲ ပုန်းနေသည့် နေရာသို့ ပြန်လှည့်ကြည့်လိက်သည်။
“ဒီတစ်ကြိမ် မင်းကံက တော်တော် ဆိုးတာပဲ” ရန်ကိုင်က ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ ရန်ကိုင်၏ အပြုံးကို မြင်လိုက်သည်နှင့် မွန်းစတားသားရဲ ကြက်သီးမွေးညင်း ထသွားပြီး၏ ၎င်း၏စိတ်ထဲ အလွန်ကိုမှ အန္တရာယ်များသည့် ခံစားချက်တို့ ရလိုက်၏။
သို့သော်လည်း လှုပ်ပင်မလှုပ်နိုင်သေးခင်မှာပင် ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ မီးငှက်၊ ရှောင်ရှောင်နှင့် နဂါး အရိုးဓါးတို့ ထွက်ပေါ်လာခဲ့လေသည်။
အပြင်သို့ ရောက်သည်နှင့် ရှောင်ရှောင်သည် ကျောက်ဘီလူးကြီး အသွင်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ မီးငှက် မှော်ရတနာ စိတ်ဝိဥာဉ်သည်လည်း မီးငှက်ကြီးသွင်သို့ ပြောင်းလဲပစ်လိုက်၏။ အရိုးနဂါးကမူ ထိတ်လန့်ဖွယ်ရာ ဖိအားကို ထုတ်ဖော်ရင်း မီတာများစွာ ရှည်လျားသော အစိမ်းရောင်နဂါးအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။
မွန်းစတားသားရဲ၏ မျက်လုံးထဲ ကြောက်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း ခြေကုတ်သုတ် ထွက်ပြေးတော့လေသည်။
သူပစ်မှတ်မှားသွားပြီမှန်း မွန်းစတားသားရဲ နားလည်လိုက်၏။
“သူ့ကိုသတ်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
ရှောင်ရှောင်၏ ခြေလှမ်းများကြောင့် မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်ထက် ခြေရာကြီးများ ထင်ကျန်ရစ်သွားခဲ့ရသည်။
မီးငှက်သည်လည်း အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ထွက်ပြေးသွားသော မွန်းစတားသားရဲနောက်သို့ အလျင်အမြန် ပျံသန်းလျက် လိုက်သွားသည်။ နဂါးစိမ်းသည်လည်း မီးငှက်အတူ လိုက်သွားခဲ့လေသည်။
ရန်ကိုင်သည် သူ့စိတ်ထဲ ခံစားနေရသည့် စိတ်ညစ်မှုများကို ဖြေလျော့ပစ်နေသည့်အလား သက်ပြင်းတစ်ချက် ချလိုက်သည်။ မွန်းစတားသားရဲသည် ရန်ကိုင်ရင်ထဲ စုပုံနေသည့် စိတ်ညစ်မှုများကို ဖွင့်ထုတ်စရာ ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့ရ၏။
တောအုပ်တွင်းမှ မွန်းစတားသားရဲ၏ အော်ဟစ်သံများ၊ မီးငှက် အော်မြည်သံများနှင့် နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့သည်။
မီးငှက်သည် အဆင့်တစ်ဆယ်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သော အဆင့်ကိုး အထွဋ်အထိပ် မွန်းစတားသားရဲ တစ်ကောင် ဖြစ်သော်လည်း ကျောက်တုံးရုပ်သေးရုပ်၊ မီးငှက်နှင့် နဂါးအရိုးဓါး၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်မည်နည်း။
ခုခံနိုင်ရန် မဆိုထားနှင့် ထွက်ပင် မပြေးနိုင်ချေ။
တိုက်ပွဲ၏ ရလဒ်သည် အစကတည်းက သတ်မှတ်ထားပြီးသား ဖြစ်၏။ ရန်ကိုင် လမ်းလျှောက်သွားသည့် အချိန်တွင် သူ့အား ပစ်မှတ်အဖြစ် ယူဆခဲ့သော မွန်းစတားသားရဲ မြေကြီးပေါ်တွင် အသေကောင်အဖြစ် လဲလျောင်းနေခဲ့လေသည်။
ခါးရိုးကျိုးနေခဲ့ပြီး အရိုးစများသည် အသားထဲမှ ထိုးထွက်နေ၏။ အမွှေးများမှာလည်း မီးငှက်၏ မီးတောက်များကြောင့် မီးကျွမ်းနေခဲ့လေပြီ။
နဂါးစိမ်းမှာမူ မွန်းစတားသားရဲ၏ အလောင်းပေါ်တွင် ဝဲလျက် အသက်စွမ်းအင် အဆီအနှစ်များကို စုပ်ယူနေသည်။
ရန်ကိုင်သည် နဂါးစိမ်းအား တားလိုက်ပြီးနောက် မွန်းစတားသားရဲ၏ အလောင်းဆီသို့ လမ်းလျှောက်သွားကာ ရွှေရောင်သွေးမျှင်တစ်မျှင်ကို မွန်းစတားသားရဲ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်သည်။
ရန်ကိုင် ကောင်းကင်စိတ်အာရုံ၏ ထိန်းချုပ်မှုအောက်တွင် ရွှေရောင်သွေးမျှင်သည် မွန်းစတားသားရဲ၏ ကိုယ်ထဲ ငါးတစ်ကောင်ကဲ့သို့ ကူးခတ်သွားလာနေခဲ့သည်။
ထို့နောက် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ မွန်းစတားသားရဲ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအင်များသည် တစ်ခုခု၏ စုပ်ယူခြင်း ခံနေရသည့် အလား ၎င်း၏ ခန္ဓာကိုယ်သည် အလျင်အမြန် ပိန်ချုံးကျလာခဲ့၏။
ရန်ကိုင်သည် ထိုမြင်ကွင်းကို ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေခဲ့သည်။
ခဏအကြာတွင် မွန်းစတားသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးသား၊ အဆီအနှစ်အားလုံးကို ဆုံးရှုံးလိုက်ရပြီး အပေါ်ယံ အခွံသက်သက်သာ ကျန်ရစ်ခဲ့တော့သည်။ မွန်းစတားအမြူတေပင် ပျောက်ကွယ်သွားခဲ့လေပြီ။
ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ရွှေရောင်သွေးမျှင် တစ်ချောင်း အလောင်းထဲမှ ပျံသန်းထွက်လာပြီး သူ့လက်ချောင်းများကြား မြွေလေးတစ်ကောင်နှယ် ကူးခတ် သွားလာနေခဲ့လေသည်။
ထိုသွေးမျှင်လေးကို ကြည့်ရင်း ရန်ကိုင် အံ့အားသင့်မိသွားသလို ပျော်လည်း ပျော်မိလာခဲ့သည်။
သူ့အတွေးတစ်ချက်နှင့် ထိုရွှေရောင်သွေးမျှင်သည် မွန်းစတားသားရဲ တစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုမွန်းစတားသားရဲသည် သူ့ရှေ့တွင် လဲလျောင်းနေသော မွန်းစတားသားရဲနှင့် တစ်ပုံစံတည်းပင်။ သို့သော်လည်း ရန်ကိုင်၏ ရွှေရောင်သွေးမျှင်ဖြင့် ဖန်တီးထားသည့်အတွက် မွန်းစတား သားရဲ၏ ခန္ဓာကိုယ်သည် ရွှေရောင်တစ်ဝက်၊ အနီရောင်တစ်ဝက် ဖြစ်နေခဲ့သည်။
ဤအရာသည် ရွှေရောင်သွေးမျှင်၏ ဒုတိယ အသွင်ပြောင်းလဲပုံ ဖြစ်ပေသည်။
ထိုအသွင်ပြောင်းလဲပုံကို နတ်ဆိုးသွေးမျှင်ကျင့်စဉ်၏ ဒုတိယ အပိုင်းတွင် မှတ်တမ်းတင်ထားခဲ့သည်။ ရန်ကိုင် ထိုအပိုင်းကို လေ့လာပြီးသည်မှာလည်း အစောကြီးကတည်းက ဖြစ်၏။ လက်တွေ့စမ်းသပ်ရန် အခွင့်အရေး မရခဲ့ခြင်းသာ။
ပထမအဆင့်သည် ရွှေရောင်သွေးမျှင်များကို ပုံစံအမျိုးမျိုး အဖြစ်သို့ အသွင်ပြောင်းလဲ၍ တိုက်ခိုက်မှုပုံစံ အမျိုးမျိုး ထုတ်ဖော်ခြင်းပင်။
ဒုတိယတစ်ခုမူကာ မွန်းစတားသားရဲတစ်ကောင်၏ အသွေးအသား၊ အဆီအနှစ်နှင့် စိတ်ဝိဥာဉ်ကို ဝါးမြို၍ ရွှေရောင်သွေးမျှင်အား ပုံစံတူ မွန်းစတားသားရဲတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းလဲခိုင်းခြင်းပင်။
ဤအပိုင်းသည် ရွှေရောင်သွေးမျှင်နှင့် ပက်သက်၍ မှော်ဆန်သည့် အပိုင်းတစ်ပိုင်း ဖြစ်သည်။ ဤကျင့်စဉ်ကို ဖန်တီးခဲ့သည့် စီနီယာဟာလည်း အစစ်အမှန် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။
သွေးသားရဲများသည် မွန်းစတားသားရဲ အသက်ရှင်စဉ်က စွမ်းရည်များကို အသုံးပြုနိုင်သည်။ ဤသားရဲသည် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် သူ့ဝိဥာဉ်နှင့် တိုက်ရိုက်ချိတ်ဆက်နေလေရာ ရန်ကိုင်လည်း ထိုသားရဲကို သူစိတ်ရှိသလို ထိန်းချုပ်နိုင်ပေသည်။
အရိပ်ကြယ်ပေါ်တွင် ရှိစဉ်က သင့်တော်သည့် မွန်းစတားသားရဲ တစ်ကောင် ရှာမတွေ့သည့်အတွက် မည်သည့် သွေးသားရဲကိုမှ မပျိုးထောင်နိုင်ခဲ့ပေ။
ယခု သူ့တွင် စပ်သပ်းပစ္စည်းတစ်ခု ရလာပြီ ဖြစ်သည့်အတွက် ရန်ကိုင်လည်း ချက်ချင်း စမ်းသပ်လိုက်ခြင်း ဖြစ်သည်။
ထိုသွေးသားရဲကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွား၏။
သူခံစားမိရသည့် အရှိန်အဝါအရ ရွှေရောင်သွေးမျှင်မှ ဖြစ်ပေါ်လာသော မွန်းစတားသားရဲသည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ခွန်အားချင်း တူညီပေသည်။ သူဖန်တီးထားသည့် မွန်းစတားသားရဲသည် မူလထက် ပိုအားနည်းနေသော်လည်း သိပ်ကိစ္စမရှိချေ။
အရေးအကြီးဆုံးသည်ကား သူ့တွင် ရွှေရောင်သွေးမျှင် တစ်ခုထက်မက ရှိနေခြင်းပင်။
လုံလောက်သည့် မွန်းစတားသားရဲသာ ရှိနေသရွေ့ ရန်ကိုင်သည် သူ့တွင်ရှိနေသော ရွှေရောင်သွေးမျှင်အားလုံးကို သွေးသားရဲများ အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ သူ့တွင် ရွှေရောင်သွေးသားရဲ အများကြီး ရှိလာသည့်အခါ တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရသည့် အခါမျိုးတွင်ပင် ကူကယ်ရာ မဲ့ရတော့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လိုချင်သည့် မွန်းစတားသားရဲမျိုးကို ရှာတွေ့ရန် ခက်ခဲသည့် အတွက် ထိုအစီအစဉ်ကို ဖြည်းဖြည်းချင်း အကောင်အထည် ဖော်မှသာ ရပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားနေရင်း ရန်ကိုင်သည် သွေးသားရဲဆီ လက်လှမ်းလိုက်သည်။
သွေးသားရဲသည် ရုတ်ချည်း ကျုံ့ဝင်လာခဲ့ပြီး ခိုဥ အရွယ်အစား အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ရန်ကိုင်လက်ပေါ်သို့ ကျလာခဲ့၏။
ရန်ကိုင်သည် ထိုသွေးသားရဲကို သိမ်းထားလိုက်တော့မည်အပြု ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ထိုသွေးသားရဲကို ကြည့်၍ အတွေးနက်သွားခဲ့လေသည်။
အတွေးထဲနက်နေသည့်နယ် ရန်ကိုင်သည် အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့လေသည်။
အချိန်အတော်ကြာသွားသည့်အခါ ရန်ကိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါလာပြီး တစ်ခုခုကို နားလည်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်လေသည် “စိတ်ဝိဥာဉ်ရှိတဲ့ ဆေးလုံးကိုပဲ ဝိဥာဉ်ဆေးလုံးလို့ ခေါ်လို့ရတယ်… လတ်စသတ်တော့ ဒါကို ပြောချင်နေတာကိုး”
ယခု အစစ်အမှန် ဆေးပညာကျမ်းထဲတွင် ပြောထားသည့် စကားလုံး၏ အဓိပ္ပါယ်ကို သူနားလည်သွားခဲ့လေပြီ။
သူ့ခန့်မှန်းချက်သာ ဖြစ်သော်လည်း စမ်းကြည့်နိုင်ပေသည်။ အောင်မြင်သွားခဲ့လျှင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။
“မင်းတို့ နေရာခွဲပြီး ငါ့ကို စောင့်ပေးထား။ ငါတစ်ခုခု လုပ်စရာရှိလို့။ ဘယ်သူမှ ငါ့ကို လာမနှောင့်ယှတ်စေနဲ့” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။
ကျောက်တုံးရုပ်သေးရုပ်၊ မီးငှက်သည် နဂါးစိမ်းတို့သည် နေရာ အသီးသီးသို့ ဖြန့်ခွဲသွားပြီး နေရာအသီးသီး ယူလိုက်ကြလေသည်။
ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ခရမ်းမူလ မီးဖိုနှင့် ဆေးပင်အမျိုးမျိုးထည့်ထားသည့် ဆေးသေတ္တာများကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။
ထို့နောက် သေတ္တာထဲမှ ဆေးပင်များကို ထုတ်ယူလိုက်ပြီး ခရမ်းမူလဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
တစ်ချိန်တည်းတွင် တေဇောဓါတ်စိတ်စွမ်းအင်ကို သုံး၍ ဆေးမီးဖိုထဲရှိ ဆေးအဆီအနှစ်များကို စတင် ထုတ်ယူ ပေါင်းစပ်တော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၉)
ဤအဆင့်ကို ကြယ်သင်္ဘောပေါ်တွင် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ လုပ်ခဲ့ဖူးသဖြင့် တစ်ဆင့်ချင်းစီကို အသေးစိတ် သိနေခဲ့သည်။
ယခင်က အချိန်နှင့် ပက်သက်၍ အမှားမလုပ်ခဲ့၊ အပူချိန်နှင့် ပက်သက်၍လည်း အမှားမလုပ်ခဲ့သော်ငြား ဘာကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား မဖော်စပ်နိုင်ခဲ့သလဲ ဆိုသည်ကို သူနားမလည်ခဲ့ချေ။
ယခုမူ သူနားလည်သွားခဲ့လေပြီ။ သို့သော် သူစဉ်းစားမိလိုက်သည့် အဖြေ မှန်လား၊ မမှန်ဘူးလား ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။
သို့တိုင် တစ်ဆင့်ချင်းစီတိုင်းကို အလွန် သတိထားလျက် လုပ်ဆောင်နေခဲ့သည်။
ခရမ်းမူလ ဆေးမီးဖိုထဲသို့ ရောက်သွားသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များသည် ရန်ကိုင်၏ တေဇောဓါတ် စိတ်စွမ်းအင်၏ လောင်မြိုက်မှုအောက်တွင် ဆေးအရည်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကုန်ကြလေသည်။
ဆေးပင်ပမာဏ တဖြည်းဖြည်း များလာသည်နှင့်အမျှ ရန်ကိုင်လည်း ပိုပို၍ သတိထားလာခဲ့သည်။ စိတ်ဝိဥာဉ်အစီအရင် တစ်ခုချင်းစီအား တေဇောဓါတ်စိတ်စွမ်းအင်ကို သုံး၍ အတိအကျ ခင်းကျင်းထားပြီး ထိုအရာများကို ခရမ်းမူလ ဆေးမီဖိုထဲသို့ ထည့်သွင်းကာ ဆေးပင်များကို သန့်စင်လေ၏။
အကုန်လုံးသည် စနစ်တကျ မှန်မှန်ကန်ကန်နှင့် ချိန်ကိုက်သား သွားနေခဲ့သည်။
အချိန်အနည်းငယ် ကြာလာသော် ရန်ကိုင်၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို သန့်စင်ရသည်မှာ သူ့အတွက် အတော်လေးကို ဝန်ကြီးပေသည်။ ထိုဆေးလုံးကို ဖော်စပ်အတွက် စိတ်စွမ်းအင်များစွာ လိုအပ်သလို သူ့စိတ်ထဲလည်း အတော့်ကို ဖိအားများနေရသည်။
မကြာမီ ခရမ်းမူလ ဆေးမီးဖိုဆီမှ သင်းပျံ့သော ဆေးရနံ့များ စတင် ထွက်ပေါ်လာခဲ့သည်။ ထိုဆေးရနံ့သည် ဆေးအရည်များ စတင် ပေါင်းစပ်နေပြီဖြစ်ကြောင်း ပြသနေသော လက္ခာတစ်ရပ် ဖြစ်၏။ သို့သော် ရန်ကိုင် မပျော်နိုင်သေးချေ။
ကြယ်သင်္ဘောပေါ်တွင် ဆေးဖော်စပ်ခဲ့စဉ် အတောအတွင်း ထိုကဲ့သို့သော ဆေးရနံ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရခဲ့သည်။ သို့သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ချေ။
ထိုဆေးရနံ့များ ထွက်ပေါ်လာပြီး နောက်တစ်ဆင့်သည် အလွန်ကိုမှ အရေးကြီးသည့် အဆင့်ဖြစ်သည်။
ဆေးရနံ့သည် တဖြည်းဖြည်း သိပ်သည်းလာနေခဲ့ရာ မကြာမီ ပတ်ပတ်လည် မီတာတစ်ထောင်ပတ်လည်လုံး သင်းပျံ့လှသော ဆေးရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။
ဆေးရနံ့ အမြင့်ဆုံးသို့ ရောက်လာသည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့သည်။
အချိန် ရောက်လာခဲ့လေပြီ။
သူ့လက်ကို ဆန့်ထုတ်၍ ရွှေရောင်နှင့် အနီရောင် ရောယှတ်နေသော အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအလုံးလေးထဲတွင် အဆပေါင်း မရေမတွက်နိုင်အောင် အရွယ်ကျုံ့ထားသော မွန်းစတားသားရဲတစ်ကောင်၏ ပုံရိပ် ရှိနေခဲ့သည်။
သွေးသားရဲပင်…
ထိုအရာသည် ရန်ကိုင်မှ ရွှေရောင်သွေးမျှင်ကို သုံး၍ ပထမဆုံး ဖန်တီးခဲ့သည့် သွေးသားရဲ ဖြစ်ပေသည်။
ခရမ်းမူလမီးဖို အဖုံးကို ဖွင့်ပြီး သွေးသားရဲကို အထဲသို့ ပစ်ထည့်လိုက်သည်။
ရန်ကိုင့် တေဇောဓါတ်စိတ်စွမ်းအင်၏ လောင်မြိုက်မှုအောက်၌ သွေးသားရဲသည် ချက်ချင်း အရည်ပျော်ကျသွားပြီး မီးဖိုထဲရှိ ဆေးအရည်နှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့လေသည်။
ထိုသို့ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက် ဆေးသင်းရနံ့ထဲ သွေးနံ့ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထို့အတွက်ကြောင့် ဆေးရနံ့ ပျက်ပြားသွားခြင်း မရှိဘဲ ပို၍ပင် အားကောင်းလာခဲ့လေသည်။
ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ အဓိကအချက်ကို သူဆုပ်ကိုင်မိလိုက်ပြီဟု ရေးတေးတေးလေး ခံစားမိလိုက်၏။ သို့သော် လျစ်လျူတော့ မရှုရဲသေးချေ။ တေဇောဓါတ်စိတ်စွမ်းအင်ကို ထိန်းချုပ်၍ ဆေးအရည်များကို ဆက်လက် သန့်စင်လိုက်လေသည်။
အစစ်အမှန်ဆေးပညာကျမ်းမှ ရန်ကိုင် နားလည်ခဲ့သော အတတ်ပညာများသည် လက်ရှိ သူ့ဆေးပညာစွမ်းရည်၏ အခြေခံ အုတ်မြစ်ဖြစ်လာခဲ့ပြီး သူ့လှုပ်ရှားမှုများသည် တစ်ချက်လေးပင် နှောင့်နှေးနေခြင်း မရှိဘဲ တသွင်သွင် စီးဆင်းနေသော ရေအလျင်နှယ် ချောချောမွတ်မွတ် ဖြစ်နေခဲ့သည်။
ရွှေရောင်သွေးမျှင်နှင့် မွန်းစတားသားရဲ၏ အဆီအနှစ်မှ သိပ်သည်းထားသော သွေးသားရဲသည် ဆေးအရည်များထဲ အပြည့်အဝ ပေါင်းစပ်သွားခဲ့လေသည်။
ရုတ်တရက် ခရမ်းမူလမီဖိုအတွင်း တစ်ခုခု ဖြစ်နေသည့်အလား မီးဖိုတစ်ခုလုံး တုန်လာခဲ့သော်ငြား ရန်ကိုင်သည် သူ၏ တေဇောဓါတ်စိတ်စွမ်းအင်ကို သုံး၍ မီးဖိုအား အလျင်အမြန် ပြန်လည် ဖိနှိပ်လိုက်သည်။
ထွက်ပြေးရန် ကြိုးစားနေသည့် သက်ရှိတစ်ကောင်မှ နံရံများကို ပြေးဝင်တိုက်နေသည့်နှယ် ခရမ်းမူလ မီးဖိုတွင်းမှ တဒေါင်ဒေါင် မည်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် တစ်ချက်ကလေးပင် သတိပျက်ပြားသွားခြင်း မရှိဘဲ မီးဖိုအား ဖိနှိပ်ထားရေးတွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။
လက်ဖက်ရည် ခွက်တစ်ဝက်စာခန့် ကြာပြီးနောက်တွင် ဆေးမီးဖိုတွင်းရှိ လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့သည်။
ရန်ကိုင်သည် တေဇောဓါတ်စိတ်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလျက် သူ့ရှေ့ရှိ ဆေးမီးဖိုအား တည်ကြည် လေးနက် တုန့်ဆိုင်းနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
အဖုံးဖွင့်ကြည့်လိုက်သည်နှင့် သူအောင်မြင်လား၊ ကျရှုံးသွားသလား ဆိုသည်ကို သိရပေလိမ့်မည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ယခင်အကြိမ်များကကဲ့သို့ မီးကျွမ်းနှံ့ မရသဖြင့် အစကောင်းသည်ဟု ပြော၍ ရနေခဲ့သည်။
အချိန်အတော်ကြာ တုန့်ဆိုင်းနေမိပြီးနောက်တွင် ရန်ကိုင်သည် ခရမ်းမူလ ဆေးမီးဖို၏ အဖုံးကို ကောက်ဖွင့်လိုက်လေသည်။ တုန့်ဆိုင်းနေခြင်းထက် လှုပ်ရှားလိုက်ခြင်းက ပိုကောင်းပေသည်။
မီးဖိုအဖုံး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အထဲမှ အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့သည်။ ထိုအလင်းတန်းသည် စက်ဝိုင်းတစ်ပတ် ပတ်နေပြီးနောက် ချက်ချင်း ထွက်ပြေးရန် ကြိုးစားတော့လေသည်။
“ဘယ်ပြေးချင်နေတာလဲ” ရန်ကိုင်က အော်ပြောလိုက်ပြီး ထွက်ပြေးရန် ကြိုးစားနေသော အလင်းတန်းကို သူ့လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
အလင်းတန်းကို ဆတ်ခနဲ လှမ်းဖမ်းလိုက်သော်လည်း အလင်းတန်း အထဲရှိ အရာကို ညင်ညင်သာသာလေးသာ ကိုင်ခဲ့သည်။ သူ့လက်ထဲရှိ အရာသည် ဖမ်းခံလိုက်ရသည့်တိုင် အဆက်မပြတ် ရုန်းကန်နေသေးခဲ့ပြီး ခဏအကြာမှသာ ရုန်းကန်ခြင်း ရပ်တန့်သွားခဲ့လေသည်။ ဆက်လက် ရုန်းကန်နေ၍လည်း အကျိုး ထူးလိမ့်မည် မဟုတ်မှန်းကို သိသွားသည့်ပုံပင်။
ရန်ကိုင် သူ့လက်သီးဆုပ်ကို ဖြည်ကြည့်၍ လက်ဝါးပေါ်ကို သေချာ စိုက်ကြည့်လိုက်သည်။
သူ့လက်ထက်တွင် တောကြက်မောက် အရွယ်အစားရှိသော ငွေဖြူရောင် ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။ ဆေးရနံ့သည့် ဖော်စပ်နေစဉ်ကလောက် မပြင်းသော်လည်း ဆေးရနံ့ကို ရှူရှိုက်လိုက်သည့်အခါ သူရလိုက်သည့် ခံစားချက်သည် ယခင် ဆေးရနံ့ကို ရှူရှိုက်လိုက်သည့်အခါ ရလာသည့် ခံစားချက်နှင့် လုံးဝ ကွဲပြားနေသည်ကို တွေ့ရှိလိုက်ရသည်။
ဆေးရနံ့ကို ရှူရှိုက်လိုက်ပြီးနောက် သူ့စိတ်ထဲ ပို၍ လန်းဆန်းလာသလို ခံစားလိုက်ရသည်။
ဤဆေးလုံးသည် ဆေးဝိဥာဉ်ပါရှိသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ သေချာ စစ်ဆေးကြည့်ပြီးနောက် သူဖော်စပ်လိုက်သည့် ဆေးလုံးသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးသာ ဖြစ်သော်လည်း အဆင့်နိမ့် ဆေးလုံးထဲတွင် ထိပ်တန်း အရည်အသွေးရှိသည့် ဆေးလုံးတစ်လုံးဖြစ်ကြောင်း သိလိုက်ရ၏။
ဆေးလုံးကို တပြုံးပြုံးဖြင့် သေချာ လေ့လာကြည့်ပြီးနောက် ခဏ အကြာ၍ ရန်ကိုင် ထရယ်တော့လေသည်။
စိတ်ဝိဥာဉ်ရှိသော ဆေးလုံးကိုမှ စိတ်ဝိဥာဉ်ဆေးလုံးဟု ခေါ်ဆိုနိုင်သည် ဟူသော စာကြောင်း၏ အဓိပ္ပါယ်ကို သူနားလည်သွားခဲ့လေပြီ.
ဤတန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံးသည် အကောင်းဆုံး သက်သေ ဖြစ်သည်။
သူ့ရွှေရောင်သွေးမျှင်ထဲ စိတ်စွမ်းအားများ ပါဝင်ပေသည်။ ရွှေရောင်သွေးမျှင်ဖြင့် ဖန်တီးထားသော သွေးသားရဲတွင် စိတ်စွမ်းအင်များ ပို၍ပင် ပါဝင်သေးသည်။ ထို့ကြောင့် သွေးသားရဲကို သုံး၍ ဆေးဖော်စပ်လိုက်သည့် အခါ သူဖော်စပ်လိုက်သည့် ဆေးလုံးတွင် စိတ်ဝိဥာဉ် ရှိလာရခြင်း ဖြစ်သည်။
ဆေးလုံးကို မဖော်စပ်စဉ်က သူ့ခန့်မှန်းချက် အားလုံးသည် စိတ်ကူးသက်သက် ဖြစ်သော်ငြား ဆေးဖော်စပ်ပြီးနောက်တွင် အကုန်လုံးသည် အစစ်အမှန် ဖြစ်လာခဲ့လေပြီ။
ဆေးလုံးတစ်လုံးသည် အကြောင်းမရှိဘဲ စိတ်ဝိဥာဉ် ရှိလာလိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးပင်များပင် အသွင်ပြောင်းလဲပြီး လောကရတနာများ ဖြစ်မလာပါက အသိစိတ် ရှိလာနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်ရန်အတွက် အသိစိတ်ရှိသော အရာတစ်ခုခုကို လိုအပ်ပေသည်။
သူ့အနေဖြင့် ဆေးလုံး စိတ်ဝိဥာဉ်ကို ဖန်တီးရပေမည်။ ဆေးလုံး စိတ်ဝိဥာဉ်ကို ဖန်တီးနိုင်ပြီဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ် ဆေးလုံးကို ဖော်စပ်နိုင်လေပြီ။
ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် သွေးသားရဲကို ဆေးလုံး၏ စိတ်ဝိဥာဉ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
အခြားတန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များ သူတို့၏ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများအား မည်ကဲ့သို့ ဖော်စပ်သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း သူ့နည်းလမ်းကမူ တကယ်ကို အလုပ်ဖြစ်ပေသည်။ အစစ်အမှန် ဆေးပညာကျမ်းထဲတွင် စိတ်ဝိဥာဉ် ရှိသော ဆေးလုံးတစ်လုံးအား မည်ကဲ့သို့ ဖော်စပ်ရမလဲ ဆိုသည်ကို ဖော်ပြမထားခဲ့ချေ။ ဤနည်းလမ်းသည် ရန်ကိုင်ကိုယ်တိုင် ဖန်တီးခဲ့သော နည်းလမ်းတစ်ခု ဖြစ်သည်။
ဆေးပညာရှင် အယောက်တစ်ထောင်သာ အစစ်အမှန် ဆေးပညာကျမ်းကို လေ့လာခဲ့လျှင် မတူကြွပြားသော နည်းလမ်း တစ်ထောင် ထွက်ပေါ်လာပေလိမ့်မည်။
ရန်ကိုင်သည် အစစ်အမှန်ဆေးပညာကျမ်းထဲမှ သူ့ဆေးပညာ လမ်းစဉ်ကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။
သူ့လက်ထဲရှိ ဆေးလုံးသည် ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ရာတွင် အသုံးပြုသည် စိတ်ဝိဥာဉ်သုံးသွယ်ကြည်လင်ဆေး ဖြစ်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကြားတွင် ဤဆေးလုံးသည် သိပ်ပြီး အဆင့်မမြင့်လှချေ။ ဆေးလုံး၏ တန်ဖိုးမှာ အတော်လေး ကောင်းမွန်သော်လည်း ထိုဆေးလုံးသည် အလွန် အဖိုးတန်လှသည့် ရတနာတစ်ခု မဟုတ်ချေ။
အနည်းဆုံး ထိုကဲ့သို့သော ဆေးလုံးတစ်မျိုးကို ဖော်စပ်ရန်အတွက် ရွှေရောင်သွေးမျှင်ဖြင့် ဖန်တီးထားသော သွေးသားရဲ တစ်ကောင်ကို စတေးပစ်လိုက်ရသည်မှာ အနည်းငယ် နှမြောစရာ ကောင်းပေသည်။
ဤနည်းလမ်းသည် အလုပ်ဖြစ်သော်လည်း ရန်ကိုင် အနေဖြင့် ဤနည်းလမ်းကို သုံး၍ တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ် ဆေးလုံးကို ဖော်စပ်လိုလျှင် ရွှေရောင်သွေးမျှင်များစွာကို တောက်လျှောက် လိုအပ်ပေလိမ့်မည်။ ဆေးလုံးတစ်လုံးအတွက် ရွှေရောင်သွေးမျှင် တစ်မျှင်ကို ရန်ကိုင် မပေးနိုင်ချေ။ တတ်လည်း မတတ်နိုင်ချေ။
သို့သော်လည်း ဤရလဒ်ကို မည်ကဲ့သို့ တိုးတက်လာအောင် လုပ်ရမည်နည်း။ ရန်ကိုင် အတွေးနက်သွားခဲ့လေသည်။
မကြာမီ အကြံဥာဏ်သစ်တစ်ခု ရလာခဲ့သည်။
အသက်စွမ်းအား ပိုင်ဆိုင်ထားသော သွေးသားရဲပင်လျှင် ဆေးလုံး စိတ်ဝိဥာဉ် ဖြစ်လာနိုင်မှဖြင့် သန့်စင်သော ရွှေရောင်သွေးမျှင် သို့မဟုတ် ရွှေရောင်သွေးစက်တစ်စက်သည်လည်း ဆေးလုံးစိတ်ဝိဥာဉ်ပင် ဆေးလုံးဝိဥာဉ် ဖြစ်လာနိုင်ရပေမည်။
ထို့အပြင် ဆေးလုံးဝိဥာဉ်အဖြစ် မွန်းစတားသားရဲတစ်ကောင်၏ စိတ်ဝိဥာဉ်ကိုလည်း အသုံးပြုနိုင်ပေသည်။
ထိုအကြံကို စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့အကြံဥာဏ်ကို ချက်ချင်း အကောင်အထည် ဖော်တော့လေ၏။
နေ့တစ်ဝက်ကြာပြီးနောက်တွင် နောက်ထပ် စိတ်ဝိဥာဉ်သုံးသွယ် ကြည်လင်ဆေးလုံး တစ်လုံး ရန်ကိုင်လက်ထဲ၌ ပေါ်လာခဲ့သည်။
ထိုဆေးလုံးအား ရွှေရောင်သွေးစက်တစ်စက်ကို အသုံးပြုပြီး ဖော်စပ်ထားခြင်း ဖြစ်သည်။
ဆေးလုံးနှစ်လုံးကို ယှဉ်ကြည့်လိုက်သည့်အခါ ပထမအကြိမ် ဖော်စပ်လိုက်သည်နှင့် ဆေးလုံးသည် ဒုတိယအကြိမ် ဖော်စပ်ထားသည့် ဆေးလုံးထက် ပို၍ ဆေးအာနိသင် မြင့်မားသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအခါ ရန်ကိုင် ထပ်မံ စဉ်းစားရပြန်တော့သည်။
ဆေးဆက်မဖော်စပ်တော့ဘဲ ရန်ကိုင်သည် တောအုပ်ထဲတွင် သင့်တော်မည့် မွန်းစတားသားရဲ တစ်ကောင်လောက် သွားရောက် ရှာဖွေတော့လေသည်။
တစ်လကြာပြီးနောက်… ရန်ကိုင် လက်ထဲတွင် ဆေးပုလင်း တစ်ပုလင်း ရှိနေခဲ့သည်။ ထိုဆေးပုလင်း တစ်ပုလင်းလုံး ငွေဖြူရောင် ဆေးလုံးများ ဖြစ်ကြသော တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံးများဖြင့် ပြည့်နေခဲ့သည်။
ထိုဆေးပုလင်းထဲရှိ ဆေးလုံးများကို ဖော်စပ်နိုင်ရန်အတွက် ရန်ကိုင် အတော်လေး အားစိုက်ခဲ့ရသည်။ ဆေးဖော်စပ်ရန်အတွက် သူသတ်ခဲ့ရသော မွန်းစတားသားရဲ အရေအတွက်သည်ပင် အတော်လေးကို များပေသည်။
နည်းနည်းပါးပါး စမ်းသပ်ကြည့်ပြီးနောက်တွင် အကြောင်းအရာ တစ်ခုကို သူနားလည်သွားခဲ့ရသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် သူ့ရွှေရောင်သွေးကို ဆေးလုံးစိတ်ဝိဥာဉ်အဖြစ် အသုံးပြုစရာ မလိုချေ။ စိတ်စွမ်းအင် အသက်ဓါတ် ပိုင်ဆိုင်ထားပြီး ဆေးပင်များနှင့် ပဋိပက္ခ မဖြစ်သည့် မည်သည့် အရာမဆို ဆေးလုံး စိတ်ဝိဥာဉ် ဖြစ်လာနိုင်ပေသည်။
ဥပမာပြရသော် မွန်းစတားသားရဲတစ်ကောင်၏ စိတ်ဝိဥာဉ်ပင် ဖြစ်လေသည်။
ရန်ကိုင်တွင် ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် ပေါင်းစပ်ထားသော သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး ရှိသည့်အတွက် မွန်းစတားသားရဲ တစ်ကောင်၏ ဝိဥာဉ်ကို ဖိနှိပ်ပြီး စုဆောင်းဖို့ရာ အတော်လေး လွယ်ကူလှသည်။ ထိုမွန်းစတားသားရဲ၏ စိတ်ဝိဥာဉ်ကို လိုအပ်သော ဆေးပင်များနှင့် ပေါင်းစပ်ခြင်းဖြင့် စိတ်ဝိဥာဉ် ရှိသော ဆေးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေနိုင်ပေသည်။
သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများအတွက် ဆေးလုံးဝိဥာဉ်များကိုလည်း ၎င်းတို့နှင့် ကိုက်ညီမည့် အဆင့်များကို အသုံးပြုပေးရသည်။ အဆင့်ခုနှစ် မွန်းစတားသားရဲ တစ်ကောင်၏ စိတ်ဝိဥာဉ်သည် ဆေးလုံးဝိဥာဉ်ဖြစ်ရန် မလုံလောက်ချေ။ အဆင့်ရှစ် မွန်းစတားသားရဲတစ်ကောင်၏ စိတ်ဝိဥာဉ်မှာမူ လုံလောက်ရုံသာ ရှိပြီး အဆင့်ကိုးသားရဲ၏ စိတ်ဝိဥာဉ်ကတော့ အကောင်းဆုံး ဖြစ်ပေသည်။ အဆင့်တစ်ဆယ် မွန်းစတားသားရဲ တစ်ကောင်၏ စိတ်ဝိဥာဉ်ကို အသုံးပြုနိုင်မည်ဆိုလျှင် ဆေးသွေးကြောပါသည့် စိတ်ဝိဥာဉ်ဆေးလုံးကိုပင် ဖော်စပ်နိုင်လောက်လိမ့်မည်ဟု ရန်ကိုင် ထင်နေမိသည်။
မွန်းစတားသားရဲ၏ စိတ်ဝိဥာဉ်များအပြင် အသိစိတ် ရရှိထားသော လောကရတနာများကိုလည်း ဆေးလုံးစိတ်ဝိဥာဉ်အဖြစ် အသုံးပြုနိုင်ပေသည်။
အသုံးပြုသော ဆေးလုံးဝိဥာဉ်၏ အဆင့်သည် စိတ်ဝိဥာဉ် ဆေးလုံးတစ်လုံးအား ဖော်စပ်အောင်မြင်နိုင်ချေကို အဆုံးအဖြတ် ပေးနိုင်ပေသည်။ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက် စိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးကို ဖော်စပ်အောင်မြင်နိုင်ရန် အတွက် အကြမ်းဖျင်းလိုအပ်ချက်ကို ရန်ကိုင် တွက်ထုတ်နိုင်ခဲ့သည်။
ဆေးပုလင်းထဲရှိ ဆေးလုံးများသည် ရန်ကိုင်၏ တစ်လကြာအောင် ကြိုးစားအားထုတ်မှုများကို ဖော်ပြနေခဲ့သလို သူတန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်အဖြစ်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားကြောင်းကို ထောက်ပြနေသည့် အမှတ်အသား တစ်ခုလည်း ဖြစ်ပေသည်။
သူဖန်တီးထားသည့် နည်းလမ်းသည် သူ့အတွက်သာ သင့်လျော်ပြီး အခြားသူများ အသုံးပြုဖို့ရာ မသင့်တော်ချေ။
အခြားသူများ အတွက် သေဆုံးသွားပြီဖြစ်သော မွန်းစတားသားရဲ တစ်ကောင်၏ စိတ်ဝိဥာဉ်ကို ဖမ်းဆီးပြီး ဆေးလုံးထဲ ပေါင်းထည့်ဖို့ရာ အတော်လေး ခဲယဉ်းလှပေသည်။ ထို့ကြောင့် ရန်ကိုင် စိတ်ဝိဥာဉ်ဆေးလုံးအား ဖော်စပ်သည့်ပုံစံကို အခြားသူများ သိသွားလျှင်ပင် သူတို့သာ အထူးဝိဥာဉ်ကျင့်စဉ် တစ်ခုခုကိုသာ မကျင့်ကြံထားပါက အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်လာပြီးသည့်နောက်တွင် နောက်တစ်ဆင့်သည် ဆေးပညာနည်းစနစ်တစ်ခုကို လေ့လာရန် ဖြစ်ပေသည်။
ဆေးပင်တစ်သုတ်လျှင် ဆေးလုံးတစ်လုံးတည်းကို ဖော်စပ်နိုင်သည်ဟု သူထင်ခဲ့သည်။
ထိုအရာသည် သူဆေးဖော်စပ်စဉ်ကတည်းက လုပ်လာသည့် အရာတစ်ခု ဖြစ်ပေသည်။
သို့သော် အစစ်အမှန် ဆေးပညာကျမ်းသည် သူ့အား တစ်မူ ကွဲပြားသော လမ်းကြောင်းတစ်ခုကို ပြသခဲ့သည်။
ပြောရသော် ဆေးပင်တစ်သုတ်ကိသုံး၍ ဆေးလုံးတစ်လုံးမက ဖော်စပ်နိုင်ပေသည်။ ကံမကောင်းလျှင် ဆေးလုံး သုံးလုံးမှ ငါးလုံးခန့်အထိ ဖော်စပ်နိုင်တတ်ပြီး ကံကောင်းလျှင်တော့ ခုနှစ်လုံး၊ ရှစ်လုံးလောက် ဖော်စပ်နိုင်ကာ လုံးဝ ပြစ်ချက်မရှိသည့် ရလဒ်ကို ရနိုင်ခဲ့မည် ဆိုလျှင်တော့ ဆေးလုံးဆယ်လုံးကို ဖော်စပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုကဲ့သို့သော ရလဒ်မျိုး ရရှိနိုင်ရန်အတွက် ဆေးလုံး မဖြစ်ပေါ်ခင် အထူးနည်းစနစ်တစ်ခုကို ချိန်ကိုက်သား အသုံးပြုရန် လိုအပ်ပေသည်။ ထိုကဲ့သို့ လုပ်နိုင်ရန်အတွက် အတွေ့အကြုံနှင့် အရည်အချင်းများစွာ လိုအပ်လေရာ ဆေးပညာရှင်တိုင်း ထိုကဲ့သို့ မလုပ်နိုင်ကြချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၀)
ထိုဆေးပညာ နည်းစနစ်ကြောင့် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့သည်။
ယခင်က သူဖော်စပ်ခဲ့သည့် ဆေးလုံးများသည် အရမ်းကြီး အဆင့်မမြင့်ချေ။ ထို့ကြောင့် လိုအပ်သော ဆေးအမယ်များကို ရှာဖွေရလွယ်ကူသည်။ ထို့ကြောင့် ဆေးတစ်သုတ်စာမှ ဆေးလုံး တစ်လုံးလောက်ပဲ ဖော်စပ်နိုင်၍ ကိစ္စမရှိချေ။
အထက်စကြာဝဠာဂိုဏ်းတွင် ရှိစဉ်က ထိုကဲ့သို့ ပစ္စည်းများ မရှိမည်ကို စိုးရိမ်စရာ မလိုခဲ့ချေ။
သို့သော်လည်း လက်ရှိတွင် သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ။ စိတ်ဝိဥာဉ်ဆေးလုံးကို ဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များမှာ အလွန်ကိုမှ အဖိုးတန်သည်သာ မဟုတ်ဘဲ ရှာဖို့ရာလည်း အလွန် ခက်ခဲပေ၏။ အထက်စကြာဂိုဏ်းတွင်ပင် ထိုမျှ များပြားလှသည့် ပစ္စည်းများကို ရှာမတွေ့နိုင်ချေ။
သို့သော်လည်း သူသာ ဆေးတစ်သုတ်အတွင်းမှ စိတ်ဝိဥာဉ် ဆေးလုံး တစ်လုံးထက်မက ဖော်စပ်နိုင်ပါက သူရလာမည့် အကျိုးအမြတ်သည် အလွန်ကိုမှ များပြားပေလိမ့်မည်။
သို့သော် လက်ရှိ ကိစ္စနှင့် ပက်သက်၍ သူသိပ်အလျင်မလိုသေးချေ။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရုံသာ ရှိသေးသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေလုံးများကို ဖော်စပ်သန့်စင် အတွေ့အကြုံယူပြီးမှ နောက်ထပ် နည်းစနစ်သစ်များကို ထပ်မံ လေ့လာရပေမည်။
……
လဝက်ကြာပြီးနောက်တွင် ရေစိမ်းမြို့တော်ဆီသို့ ရန်ကိုင် ပြန်လာခဲ့သည်။
စုယန်ကို ဤနေရာတွင် ရှာမတွေ့သည့်အတွက် တောင်စိမ်းကြယ်၌ သူဆက်မနေလိုတော့။ သူ့တွင် တုန်းရွှမ်လောကကြီးမှ လူများကို သွားခေါ်ရန် ရှိသေးသည်။ သူမြန်မြန်သွားမှ ထိုလူများလည်း ပိုမို အဆင့်မြင့်သော အရိပ်ကြယ်ကဲ့သို့ နေရာမျိုးတွင် မြန်မြန် နေရပေလိမ့်မည်။
သူတို့ ငှားထားသည့် ဆိုင်သို့ ပြန်ရောက်သည့်အခိုက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ချင်းတုန်နှင့် အခြားသူများ ဆိုင်ထဲတွင် မရှိကြောင်း တွေ့လိုက်ရသဖြင့် ရန်ကိုင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူထွက်သွားစဉ်က ဤအချိန်လောက် ဤနေရာတွင် ပြန်တွေ့မည်ဟု ချိန်းဆိုထားခဲ့ကြသည်။
သူတို့ မည်သည့်နေရာသို့ သွားကြသနည်း။
ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ချင်းတုန်တို့အား ဆက်သွယ်ရေးမှော်ရတနာသုံး၍ ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သည်။
ခဏအကြာတွင် သူ့ဆက်သွယ်ရေး မှော်ရတနာမှ အကြောင်းပြန်စာ ရလာခဲ့သည်။ ချင်းတုန် ပို့လိုက်သည့် သတင်းကို ကြားပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။
ချင်းတုန်တို့ တစ်ခုခု ဖြစ်မနေခဲ့ဘဲ အကြောင်းအမျိုးမျိုးဖန်၍ သူတို့ အဖွဲ့သည် ရေစိမ်းမြို့တော်၏ အဆင့်မြင့် အကြီးအကဲများပင် ဖြစ်နေခဲ့ကြသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အတော်လေး အံ့ဩသွားခဲ့၏။
ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းထားလိုက်ပြီး ရေစိမ်းမြို့တော် အလယ်ဗဟိုရှိ အဆောက်အဦးဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။
သူထိုနေရာသို့ ရောက်သည့်အခါ သူ့အား စောင့်ကြိုနေသော ချင်းတုန်နှင့် အခြားသူများကို တွေ့လိုက်ရသည်။
သူတို့အချင်းချင်း လပေါင်းများစွာ မတွေ့လိုက်ရသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ရန်ကိုင်ရေ မင်းဘာလုပ်နေလဲဟု မမေးကြဘဲ သူ့ကိုသာ ဝမ်းပန်းတသာဖြင့် ကြိုဆိုကြသည်။ အစေခံအချို့မှာ လက်ဖက်ရည် လာချပေးသွားပြီးနောက် ချင်းတုန်တို့ ရန်ကိုင်အား အကြောင်းစုံကို ရှင်းပြလေတော့သည်။
ရန်ကိုင် ထွက်သွားပြီး သိပ်မကြာခင်မှာပင် ရေစိမ်းမြို့တော်၏ မြို့သခင် သူတို့ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။
သို့သော်လည်း ထိုအတွက်ကြောင့် အရမ်းကြီး အံ့အားသင့်နေစရာ မလိုခဲ့။ ချင်းတုန်တို့ အဖွဲ့ထဲတွင် တန်ခိုးရှင် တတိယအဆင့် ငါးယောက်ပင် ရှိနေခဲ့သည် မဟုတ်ပေလော။ ထိုပမာဏသည် တောင်စိမ်းကြယ်ကဲ့သို့ ကြယ်မျိုးတွင်ပင် လျစ်လျုမရှုနိုင်သည့် အထဲ ပါပေသည်။
ထို့အပြင် ရေစိမ်းမြို့သည့် မြို့သေးသေးလေး တစ်မြို့သာ ဖြစ်သည်။ ရေစိမ်းမြို့တော်၏ မြို့သခင်နှင့် ဒုမြို့သခင်မှလွဲ၍ ရေစိမ်းမြို့တော်ထဲ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့်လူ တစ်ဦးတစ်ယောက်မှ မရှိချေ။
ချင်းတုန်နှင့် အခြားသူများ၏ ရုတ်တရက် ရောက်ရှိလာမှုသည် မြို့သခင်အား ရင်တထိတ်ထိတ် ဖြစ်သွားစေခဲ့သည်။ ချင်းတုန်တို့ ဘာလုပ်ချင်နေမှန်းကိုလည်းမသိ၊ သူတို့၏ လူအင်အားကိုလည်း လန့်နေရသည့်အတွက် သူကိုယ်တိုင် လာရောက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ချင်းတုန်တို့ အဖွဲ့သည် တောင်စိမ်းကြယ်မှမဟုတ်ဘဲ ဤနေရာသို့ သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရောက်လာကြောင်း သိလိုက်ရသည့် အခါမှပဲ မြို့သခင် စိတ်အေးသွားခဲ့သည်။
ချက်ချင်းပဲ ချင်းတုန်နှင့် အခြားသူများကို ဖိတ်ခေါ်၍ ရေစိမ်းမြို့တော်၏ အကြီးအကဲရာထူးများ ပေးလိုက်ကြ၏။
အစကမူ ချင်းတုန်နှင့် အခြားသူများ လက်မခံခဲ့ချေ။ တောင်စိမ်းကြယ်သို့ လာခြင်းမှာ အဆင့်ချိုးဖျက်ရန် အတွက်သာ ဖြစ်ပြီး အနှေးနှင့်အမြန်ဆိုသလို အရိပ်ကြယ်သို့ ပြန်မည်သာ။
မြို့တစ်မြို့၏ အကြီးအကဲလုပ်ရန် အလျင်စလို သဘောတူလိုက်ခြင်းသည် သိပ်ပြီး မသင့်လျော်ပါချေ။
သို့သော်လည်း ရေစိမ်းမြို့သခင်၏ ကမ်းလှမ်းချက် ဖြစ်သည့် ရေစိမ်းမြို့သခင်သည် သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ထားပြီး အချို့သော သတင်းအချက်များအတွက် အလဲအလှယ်အနေဖြင့် သူ့အား ကူညီပေးစေချင်နေကြောင်း ကြားလိုက်ရသည့်အခါ ချင်းတုန်တို့လည်း ခဏလောက်စဉ်းစားပြီးနောက် လက်ခံ သဘောတူလိုက်လေသည်။
သို့သော်လည်း တရားဝင် အကြီးအကဲရာထူးကို လက်မခံခဲ့ဘဲ ဧည့်အကြီးအကဲ ရာထူးကိုသာ လက်ခံခဲ့လေသည်။
သွေးအကျဉ်းထောင်စမ်းသပ်ပွဲပြီးနောက်တွင် သူတို့အားလုံး ရေစိမ်းမြို့တော်မှ ထွက်သွားမည် ဆိုသည့် အကြောင်းကိုလည်း မြို့သခင်အား ကြိုတင် အသိပေးထားခဲ့သည်။
ရေစိမ်းမြို့သခင်ကလည်း သဘောတူခဲ့ပေသည်။
ထို့ကြောင့်ပဲ သူတို့အားလုံး တည်းခိုခန်းတွင် မနေကြတော့ဘဲ မြို့သခင်မှ စီစဉ်ပေးထားသည့် စံအိမ်များတွင် နေနေကြခြင်း ဖြစ်၏။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့က အပြင်လူတွေပဲလေ။ ဒီတော့ သူလို မြို့သခင်တစ်ယောက် ငါတို့ကို သတိထားနေတာ မထူးဆန်းဘူး။ သူ့ကို ကူညီပေးစေချင်တာနဲ့ ပက်သက်ပြီး ပြောရရင်တော့ သူက တောင်စိမ်းကြယ်ရဲ့ ဒေသခံတစ်ယောက်ဆိုတော့ အသွေးအကျဉ်းထောင်နဲ့ ပက်သက်ပြီး ငါတို့ထက် အများကြီး ပိုသိလိမ့်မယ်။ ဒါကြောင့် သူနဲ့ပေါင်းလိုက်တာ ငါတို့အတွက်လည်း အကျိုးရှိတယ်လို့ ပြောရမယ်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ဒေသခံတစ်ယောက် ကျုပ်တို့ဘက်မှာ ရှိနေတာ အဆင်ပြေတာပေါ့။ စီနီယာတို့ဘာသာ ကြည့်ကြပ်လုပ်ပေါ့… မြို့သခင် အသုံချခံရတာမျိုးလည်း မဖြစ်စေနဲ့ဦးနော်။ လူတွေရဲ့စိတ်ကို ရုပ်ကိုကြည့်ပြီး ဆုံးဖြတ်ဖို့ လွယ်တာ မဟုတ်ဘူး”
ချင်းတုန်နှင့် အခြားသူများ ရယ်မောလိုက်ကြသည်။
မိုယုက ခေါင်းညိတ်လိုက်သည် “ဂိုဏ်းချုပ်ရန် စိတ်ချထားလိုက်။ မြို့သခင်က ဥာဏ်နက်များပေမယ့် သူ့စရိုက်ကတော့ အရမ်းကြီး မဆိုးလောက်ဘူး။ အဲ့လိုမဟုတ်ဘဲ ငါတို့ကို တစ်ဖက်လှည့်နဲ့ အသုံးချဖို့ ကြံနေတာမျိုး ဆိုရင်တော့ ငါတို့ကလည်း ကြောက်နေမှာ မဟုတ်ဘူး”
“ဒီဂျူနီယာ အစိုးရိမ်လွန်နေတာပဲ ဖြစ်မှာပါ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ။ စီနီယာတို့ အဆင်ပြေပြေ ရှိနေတာ မြင်ရတော့ ကျုပ်စိတ်ချချနဲ့ သွားလို့ရပြီပေါ့”
“မင်းဘယ်လောက်ကြာအောင် သွားမှာလဲ” ချင်းတုန်က မေးလိုက်၏။
“မသေချာဘူး။ တစ်နှစ်၊ နှစ်နှစ်လောက်လောက် ဖြစ်နိုင်သလို သုံးနှစ်၊ လေးနှစ်လောက်လည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် သွေးအကျဉ်းထောင်စမ်းသပ်ပွဲ မစခင် အချိန်မှီ ပြန်လာနိုင်ဖို့ မျှော်လင့်ရတာပဲ။ အဲ့လိုဆို စီနီယာတို့နဲ့ပေါင်းပြီး အထဲမှာ ဘယ်လို ရှိလဲ ဝင်ကြည့်လို့ရပြီ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“အဲ့ဒါဆို အကောင်းဆုံးပဲ။ မင်းရှိနေရင် ဒီစမ်းသပ်ပွဲက ပိုပြီး လုံခြုံမှာ” ချင်းတုန် စိတ်အားတက်သွားခဲ့သည်။
အခြားသူများလည်း ရန်ကိုင်အား ကြည့်ကာ ပြုံးလိုက်ကြသည်။
ရန်ကိုင်က ပြုံးပြလိုက်ပြီး ချင်းယွဲ့ဘက်သို့ လှည့်၍ “နင်ကော ငါနဲ့ ထုန်းရွှမ်လောကကြီးဆီ ပြန်လိုက်ခဲ့ချင်လား။ ဒါမှမဟုတ်ဘဲ ဒီမှာပဲ နေကျန်ခဲ့မလား”
“ငါလား” ချင်းယွဲ့ တုန့်ဆိုင်းသွားခဲ့သည်။
သူမ မည်ကဲ့သို့ ဆုံးဖြတ်ရမှန်း မသိတော့ပေ။
ထုန်းရွှမ်လောကကြီးသည် သူမနှင့် ရန်ကိုင်တို့ကို မွေးခဲ့သည့် မွေးရပ်မြေကြီးဖြစ်သည်။ ထို့ကြောင့် သူမစိတ်ထဲ သူမ၏ မွေးရမ်မြေကို လွမ်းမိပေသည်။ ယခင်က ထုန်းရွှမ်လောကကြီးမှ ထွက်ပြေးလို့ မဖြစ်သည့်အတွက် ထွက်ပြေးလာခဲ့ရပြီးနောက် ယနေ့တွင် ထုန်းရွှမ်လောကကြီးဆီသို့ ပြန်နိုင်မည့် အခွင့်အရေး ရလာခဲ့လေပြီ။
သို့သော်လည်း..
ထုန်းရွှမ်လောကကြီးသည် ထုန်းရွှမ်လောကကြီး အတိုင်းသာ ရှိနေသေးချိန် သူမ မြင်ချင်နေသည့် လူများမှာမူ ထိုနေရာတွင် မရှိတော့ချေ။
ရေခဲဂိုဏ်းနှင့် ပက်သက်သည့် အရာမှန်သမျှ ထုန်းရွှမ်လောကကြီးမှ ပျောက်ကွယ်သွားခဲ့လေပြီ။ ထုန်းရွှမ်လောကကြီးမှ လူများ ရေခဲဂိုဏ်း တည်ရှိခဲ့သည် ဟူသော အချက်ကို သိပင် သိပါလေတော့မလား။
“ဒီမှာပဲ နေခဲ့မယ်” ခဏကြာအောင် စဉ်းစားနေပြီး နောက်ဆုံး၍ ဆုံးဖြတ်ချက် ချလိုက်လေသည် “ငါတွေ့ချင်နေတဲ့ လူတွေ အကုန်လုံးက ကြယ်စီရင်စုထဲ ရောက်ကုန်ပြီ။ အဲ့ကို ပြန်သွားလို့ ပိုဝမ်းနည်းသွားရတာပဲ ရှိမှာ။ ဒီမှာ နေရင်တောင် အနည်းဆုံး အသုံးဝင်လောက်မယ့် သတင်းလေးဘာလေး စုံစမ်းထားလို့ ရသေးတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆို ချင်းယွဲ့ကို စီနီယာတို့လက်ထဲ အပ်ခဲ့မယ်နော်” ရန်ကိုင်က ချင်းတုန်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။
“မင်းစိတ်ချပြီးတော့သာသွား။ ငါတို့ ဒီမှာ ရှိနေသရွေ့ သူဘာမှ မဖြစ်စေရဘူး။ တန်ခိုးရှင်ဘုရင်အဆင့်တွေဆိုတာ နေရာတိုင်းမှာ ရှားပါးနေတာပဲဟာကို” ချင်းတုန်က ရယ်မော၍ ပြောလိုက်၏။ တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် သူတို့သည် အားအကောင်းဆုံး ဖြစ်သည်။ သူတို့ငါးယောက်သာ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် မည်သူမှ သူတို့အား လာပြဿနာ မရှာရဲလောက်ချေ။
“ဒီမိုကတော့ စကားများမနေတော့ဘူး။ ဂိုဏ်းချုပ် ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ပဲ ဆုတောင်းပေးလိုက်တော့မယ်” မိုယုက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ် လမ်းမှာ သတိထားသွားဦးနော်” ရန်ရှုကျိုကလည်း ပြောလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
ချင်းတုန်နှင့် အခြားသူများ အဆင်ပြေပြေ ရှိနေကြောင်းကို ကြားသိပြီးနောက်တွင် ရန်ကိုင်သည် ဆက်လက် အချိန်ဖင့် နှောင့်နှေးမနေတော့ဘဲ ရေစိမ်းမြို့တော်ဆီမှ ချက်ချင်း ထွက်ခွာလာခဲ့လေသည်။
ကြယ်လွန်းပျံဖြင့် ရေစိမ်းမြို့တော်မှ ခပ်ဝေးဝေးသို့ ထွက်လာပြီးနောက် ကမ္ဘာငယ်လေးထြမှ ကြယ်သင်္ဘောကို ထုတ်ယူလိုက်သည်။ လမ်းကြောင်း သတ်မှတ်ပြီးနောက်တွင် ကြယ်သင်္ဘော စတင် ထွက်ခွာတော့လေသည်။
ယခင်က ရန်ကိုင်သည် သူတော်စင်အဆင့်လေးဖြင့် ကြယ်စီရင်စုထဲသို့ တစ်ယောက်တည်း ရဲတင်းစွာ ထွက်လာခဲ့သည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူ့မွေးရပ်မြေကြီး မည်ကဲ့သို့ ပြောင်းလဲနေမလဲဆိုသည်နှင့် ပက်သက်၍ စိတ်ကူးကြည့်မိ၏။
အတိတ်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် ရင်ခုန်သံ မြန်လာခဲ့ပြီး သူ့ရင်ထဲ မျှော်လင့်ချက်တို့ ပြည့်လာခဲ့သည်။ အတိတ်အကြောင်းကို ပြန်တွေးရင်း သူ့ရင်ထဲ ချိုမြိန်သလို ခံစားလိုက်ရသလို တစ်ချိန်တည်းတွင်လည်း ခါးသက်သက် ခံစားရလေ၏။
သူ့စိတ်အခြေအနေသည် မသိလိုက်မသိဘာမှာပင် တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေ၏။
လက်ရှိ သူသည် ယခင်က လူငယ်လေး မဟုတ်တော့။
လက်ရှိသူသည် တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော အားကောင်းသည့် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်နှင့် အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေခဲ့လေပြီ။ အရိပ်ကြယ်ပေါ်တွင် သူ၏ တည်ရှိမှုသည် အကုန်လုံးကို အထက်စီးမှ ငုံကြည့်နိုင်သည့် တစ်ဦးတည်းသာ ရှိသော တည်ရှိမှုမျိုးဖြစ်သည်။
ရန်ကိုင်သည် ခါးကို လှံတစ်စင်းနှယ် ဖြောင့်ဖြောင့်ရပ်လျက် ဂုဏ်ယူဝံ့ကြွား၊ ပြတ်သားသည့် အမူအရာဖြင့် ရှိနေခဲ့သည်။
ရုတ်တရက် တစ်ခုခုကို အာရုံခံမိလိုက်သည့်အတွက်၊ ရန်ကိုင်သည် တစ်ခုဘက်ဆီ လှမ်းကြည့်လိုက်ပြီး ထိုနေရာဆီသို့ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်လေသည်။
စစ်ဆေးကြည့်လိုက်ရာ လှပသော မြင်ကွင်းတစ်ရပ်ကို မြင်တွေ့လိုက်ရသည်။
အမျိုးမျိုးသော ဓါတ်စွမ်းအင်များကို ထုတ်လွှတ်နေသည့် ဧရာမ ကြယ်ကြီးများသည် ကြယ်စီရင်စု၏ တစ်ခုသော နေရာတွင် အတူတကွ စုဝေးကာ တည်ရှိနေခဲ့သည်။
ထိုကြယ်အစုအဝေးကြီး၏ အလယ်ဗဟိုမှ တစ်ခုခုသည် ရန်ကိုင်အား တိုးလျစွာ လှမ်းခေါ်နေခဲ့သည်။
မိုင်ပေါင်းသန်းနှင့်ချီ ဝေးကွာနေသည့်တိုင် ထိုတိုးလျလျ အချက်ပြမှုကို ရန်ကိုင် ခံစားမိနေသေးသည်။
ထိုနေရာသည်ကား ပရမ်းပတာချောက်နက်ကြီးပင် ဖြစ်သည်။
ထိုနေရာသို့ သူရောက်ဖူးပေသည်။ ရန်ကိုင် အလျင်အမြန် အသိပြန်ဝင်လာခဲ့၏။ ထိုအခါမှပဲ အတိတ်အကြောင်းများကို ပြန်စဉ်းစားနေရင်း အချိန်အတော်ကြာသွားခဲ့မှန်း နားလည်လိုက်၏။
ကြယ်စီရင်စုထဲသို့ ဝင်လာပြီးနောက်တွင် ရန်ကိုင် ပထမဆုံး ခြေချမိသည့် နေရာသည် ထိုနေရာဖြစ်သည်။
ထိုနေရာသည် ကြယ်စီရင်စုကြီး တစ်ခုလုံး၏ အန္တရာယ် အများဆုံးနှင့် ခန့်မှန်း၍မရသည့် နေရာတစ်ခု ဖြစ်သည်။ ထိုငြိမ်းချမ်းပြီး လှပသော နေရာတွင်၊ မည်သူမှ မခုခံနိုင်သော ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီးတစ်ရပ် ပုန်းကွယ် တည်ရှိနေ၏။
ထိုနေရာအတွင်းရှိ အာကာသမုန်တိုင်းများထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော နယ်ပယ် ပေါက်ကွဲခြင်းများသည် ကြယ်သင်္ဘောတစ်စင်းကို အသာအယာ ဖျက်စီးဝါးမြိုပစ်သွားနိုင်သည်။
ရန်ကိုင်လည်း နယ်ပယ်ပေါက်ကွဲသည့်အထဲ တစ်ခါပါသွားခဲ့ပြီး ထူးဆန်းသော လွင့်မျောတိုက်ကြီးဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် ကွေ့ဇူနှင့်တွေ့ပြီး အမျိုးမျိုးသော ပညာရှင်များမှ ကြယ်စီရင်စုကြီး၏ စိတ်လှုပ်ရှားစရာများနှင့် အန္တရာယ်များ အကြောင်းကို သိနားလည်ခဲ့ရသည်။
ထိုစဉ်က ဤကြယ်အစုအဝေးကြီး မည်မျှ အန္တရာယ်များကြောင်း နားမလည်ခဲ့ချေ။ ယခု သူ့ခွန်အား တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်လာပြီးနောက် ထိုနေရာ မည်မျှ အန္တရာယ်များသလဲ ဆိုသည်ကို ယခင်ထက်ပို၍ နားလည်လာခဲ့သည်။
ကြယ်အစုအဝေးကြီး၏ အလယ်ဗဟို လေဟာနယ်သည် သိပ်သည်းလှသော စွမ်းအင်များ၏ ဖိနှိပ်မှုကြောင့် သာမန် အခြေအနေမျိုး၌ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ မရနိုင်သည်အထိ ဖြစ်သွားရသည်။ သို့သော်လည်း နယ်ပယ်များ ပေါက်ကွဲသည့်အခါ ထိုဖိနှိပ်ထားသည့် လေဟာနယ်ထဲသို့ ဦးတည်နေသော တံခါးပေါက်တစ်ခု ပွင့်လာလေ့ရှိသည်။
ထိုပရမ်းပတာချောက်နက်ကြီး၏ အလယ်ဗဟိုတွင် ကမ္ဘာငယ်လေး တစ်ခု ပုန်းကွယ်တည်ရှိနေပေသည်။
ထိုကမ္ဘာငယ်လေးသည် လွင့်မျောတိုက်ကြီး ဖြစ်ပေသည်။
လွင့်မျောတိုက်ကြီးမှ ထွက်မလာခင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို လွင့်မျော တိုက်ကြီး၏ မြေအောက်လိုဏ်ဂူထဲတွင် ထားရစ်ခဲ့သည်။
ထိုလိုဏ်ဂူထဲတွင် ဧရာမစွမ်းအင်အစုအဝေးတစ်ခု တည်ရှိနေပြီး ရန်ကိုင် အထင်အရ ထိုအရာသည် လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေ ဖြစ်ပေသည်။
ထိုစဉ်က သူ့ခွန်အားသည် အလွန် နိမ့်ကျနေသည့်အတွက် ထိုစွမ်းအင်ကို မဆင်မခြင် သွားမထိရြခဲ့ချေ။
ဤနေရာနားသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသည့်အခါ သူချန်ထားရစ်ခဲ့သည့် ကောင်းကင်စိတ်အာရုံ အစိတ်အပိုင်းသည် သူ့ကောင်းကင်စိတ်အာရုံနှင့် လာရောက် ပဲ့တင်ထပ်လေသည်။
ရန်ကိုင်ကမူ ပြန်မတုန့်ပြန်ခဲ့ချေ။
သူ့လက်ရှိ ခွန်အားသည် ထိုအချိန်ကနှင့်စာလျှင် အလွန်ကိုမှ တိုးတက်လာခဲ့သော်လည်း လက်ရှိခွန်အားနှင့်ပင် ထိုစွမ်းအင် အစုအဝေးကို သန့်စင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် မရှိချေ။ ကြယ်အမြူများသည်သာ ထိုမျှ သန့်စင်ရ လွယ်နေလျှင် ကွေးဇူသည် ထိုနေရာတွင် နှစ်နှစ်ထောင်ခန့် ပိတ်မိနေခဲ့လိမ့်မည် မဟုတ်ချေ။
သူ့ခွန်အား ယခုထက် အများကြီး ပိုသန်မလာလှမှသာ ထိုကဲ့သို့ လုပ်ရန် စဉ်းစားထားသည်။
ကြယ်သင်္ဘောသည် အရှိန်နှေးသွားခြင်း မရှိဘဲ သွားနေခဲ့ရာ မကြာမီ ပရမ်းပတာ ချောက်နက်ကြီးကို ဖြတ်ကျော်သွားခဲ့လေ၏။