အခန်း (၁၅၅၁-၁၅၅၅)
Vol. 63 Ch. 1551-1555
အပိုင်း (၁၅၅၁)
ရန်ကိုင်သည် ကြယ်သင်္ဘောပေါ်ရှိ သူ့နေ့ရက်များကို ပုံမှန် အတိုင်းသာ ကုန်ဆုံးစေခဲ့သည်။
တစ်နေ့တွင် တပည့်တစ်ယောက် သူ့အခန်းတံခါးကို လာခေါက်၏ “ဂိုဏ်းချုပ်၊ ကျုပ်တို့ ရောက်ပြီ”
“ငါတို့ ရောက်ပြီလား” ရန်ကိုင် မျက်လုံးပွင့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့အခန်းထဲမှ ခန်းမထဲသို့ ပြေးထွက်သွားလေ၏။
ထိုစဉ် ကြယ်သင်္ဘောသည် ကျင့်ကြံရေး ကြယ်တစ်လုံးဆီမှ မိုင်သန်းပေါင်းများစွာအကွာ၌ ကျောက်ချနေခဲ့သည်။
ရန်ကိုင်၏ အမိန့်မရသေးသည့် အတွက် တပည့်များသည် ထိုနေရာတွင်သာ ကြယ်သင်္ဘောကို ရပ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့မြင်နေရသည့် ကျင့်ကြံရေး ကြယ်ကြီးသည် တကယ်ကြီး ဂိုဏ်းချုပ်၏ မွေးရပ်မြေလော၊ တကယ် ဖြစ်လျှင်လည်း ဘာကြောင့် ထိုမျှ ခြောက်ကပ်နေရသနည်း။
ထိုကြယ်ကြီးကိုကြည့်ရင်း တပည့်များအားလုံး ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။
သို့သော်လည်း ထုန်းရွှမ်လောကကြီးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ အနည်းငယ် ညိုးကျသွားခဲ့ရသည်။
အတိတ်အခါက သူ့ခွန်အားနိမ့်ကျနေသည့်အတွက် ထုန်းရွှမ် လောကကြီး၏ အခြေအနေကို သေချာ မမြင်နိုင်ခဲ့ပေ။ ထိုစဉ်က ထုန်းရွှမ်လောကကြီးသည် ကောင်းမွန်သည့် ကျင့်ကြံရေးကြယ်ကြီး တစ်လုံးဖြစ်သည်ဟုသာ ထင်ခဲ့သည်။
သို့သော်လည်း ကြယ်စီရင်စုထဲမှ ပြန်ရောက်လာပြီးနောက် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထုန်းရွှမ်လောကကြီးနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။
ထုန်းရွှမ်လောကကြီးသည် သက်တမ်းကျနေသည့် ကြယ်အိုကြီးတစ်လုံး ဖြစ်နေခဲ့လေပြီ။
ကြယ်ကြီးသည် သက်တမ်းရင့်၊ အိုမင်းနေခဲ့ပြီး ခြောက်ကပ်ကပ် ဖြစ်နေခဲ့ကာ ညို့မှိုင်းဖွယ်ရာ အငွေ့အသက်တို့သည်လည်း ကြယ်တစ်ဝိုက် ရစ်သိုင်းနေခဲ့သည်။ အရောင်အဝါမှာလည်း မီးခိုရောင်ဘက်သို့ ရောက်နေခဲ့လေရာ ကြယ်ကြီး တဖြည်းဖြည်း အားနည်းလာနေကြောင်း သိသာလှသည်။
သူ့မွေးရပ်မြေသည် ဤအခြေအနေသို့ ရောက်နေမှန်း ရန်ကိုင် ဘယ်တုန်းကမှ မသိခဲ့ချေ။ ဖြစ်နိုင်သည်မှာ ယခုအချိန် မတိုင်ခင် အထိ ထိုပြဿနာကို တစ်ခါမှ နားမလည်ခဲ့ခြင်း ဖြစ်လောက်၏။
ထုန်းရွှမ်လောကကြီးတွင် အားအကောင်းဆုံး ကျင့်ကြံသူဆို၍ သူတော်စင်အဆင့် ကျင့်ကြံသူများသာ ရှိနေရခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်လောက်သည်။
ထုန်းရွှမ်လောကကြီး၏ ပြဿနာသည် အရိပ်ကြယ်နှင့် မတူချေ။ အရိပ်ကြယ်တွင် ကျင့်ကြံသူများ နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ရန် လိုအပ်သော မိုးမြေစွမ်းအင် အလုံအလောက် ရှိ၏။ ပြဿနာမှာ အရိပ်ကြယ်၏ လောကနိယာမများဖြစ်သည်။ ထိုလောကနိယာမများသည် ကျင့်ကြံသူများအား တန်ခိုးရှင်ဘုရင် အဆင့်သို့ မတက်နိုင်အောင် တားဆီးထားသည်။
ထုန်းရွှမ်လောကကြီးတွင်မူ ကျင့်ကြံသူများအား ထိုကဲ့သို့ အဆင့်မတက်နိုင်အောင် တားဆီးထားသည့် လောကနိယာမများ မရှိပါချေ။ သို့သော်လည်း… ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ ကျဲပါးလွန်းသည့်အတွက် ကျင့်ကြံသူများ နောက်တစ်ဆင့်သို့ တက်နိုင်လောက်သည်အထိ မလုံလောက် ဖြစ်သွားခဲ့သည်။
သူတော်စင်အဆင့်သည် ဤကမ္ဘာကြီး၏ အကန့်အသတ် ဖြစ်သည်။
“ဂိုဏ်းချုပ်၊ ကျုပ်တို့…”
“အောက်ကိုသွားမယ်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
ရန်ကိုင်၏ အမိန့်ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် တပည့်များသည် ကြယ်သင်္ဘောကို ထိန်းချုပ်၍ ထုန်းရွှမ် လောကကြီးပေါ်သို့ စတင် ဆင်းသက်တော့လေသည်။
မီတာတစ်ရာ အရှည်ရှိသော ကြယ်သင်္ဘောကြီးသည် ထုန်းရွှမ်လောကကြီး၏ အပေါ်ယံ စွမ်းအင်ထုကြီးဖြစ်သော မီးခိုးရောင်အလွှာကို ဖြတ်ကျော်လာပြီးနောက်တွင် ကျင့်ကြံရေးကြယ်၏ အနောက်ဘက် အရပ်ဖြစ်ဟန် တူသော နေရာတစ်ခုတွင် ဆင်းသက်လိုက်လေသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ဒီရေလှိုင်းလုံးနှယ် တစ်မုဟုတ်ချည်း ကျယ်ပြန့်သွားခဲ့ပြီး ပတ်ပတ်လည် မီတာ တစ်ရာဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ဤနေရာရှိ အရှိန်အဝါမှာ အားနည်းနေသော်လည်း ထိုအရှိန်အဝါသည် နတ်ဆိုးချီ၏ အရှိန်အဝါ ဖြစ်ကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။
နတ်ဆိုးကုန်းမြေလား ရန်ကိုင် မျက်လုံးပင့်သွားခဲ့သည်။
ထုန်းရွှမ်လောကကြီးတွင် အပိုင်းသုံးပိုင်းရှိသည်။ လူသားပိုင်နက်၊ နတ်ဆိုးကုန်းမြေနှင့် မွန်းစတားနယ်မြေတို့ ဖြစ်ကြပြီ နယ်မြေ တစ်ခုစီကို မျိုးနွယ်စုကြီး သုံးခုအနက်မှ တစ်ခုက အုပ်ချုပ်ကြ၏။
ထိုနယ်မြေသုံးခုအနက်တွင် လူသားနယ်မြေသည် အကျယ်ဆုံး ဖြစ်ပြီး ထုန်းရွှမ်လောကကြီး၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကို အပိုင်ယူထားသည်။ ထို့နောက် နတ်ဆိုးကုန်းမြေသည် ဒုတိယ အကြီးဆုံးဖြစ်ပြီး မွန်းစတားနယ်မြေမှာတော့ အသေးဆုံး ဖြစ်သည်။
ထုန်းရွှမ်လောကကြီးသို့ ပြန်ရောက်လာသည့်အခါ မွန်းစတားနယ်မြေဆီသို့ တန်းရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်စဉ်က အသက်စွမ်းအင် များစွာကို အာရုံခံမိခဲ့သည်။ ထိုသက်ရှိများအနက် တစ်ယောက်မှာ သူတော်စင်တတိယအဆင့်ဖြစ်ပြီး ထိုသူတော်စင်တတိယအဆင့်ကို သူရင်းနှီးနေသလို ခံစားရသည်။ သို့သော် မည်သူမှန်း သေချာ မမှတ်မိတော့ချေ။
နတ်ဆိုးကုန်းမြေထဲတွင် သူတော်စင်တတိယအဆင့်သို့ ရောက်နေသည့်လူမှာ နတ်ဆိုးဗိုလ်ချုပ်များထဲမှ တစ်ယောက်ယောက် ဖြစ်လောက်သည်။
ပုံမှန်အားဖြင့် သူသိသလောက် နတ်ိဆိုးမျိုးနွယ်စုတွင် နတ်ဆိုးဗိုလ်ချုပ်လေးယောက် ရှိကြပြီး လေးယောက်စလုံးသည် သူတော်စင်တတိယအဆင့်များ ဖြစ်ကြသည်။
ထိုလူသည်လည်း ကြယ်သင်္ဘော ကုန်းမြေပေါ်သို့ ဆင်းသက်လာသည်ကို သတိပြုမိသည်။ ထို့ကြောင့် သူတို့၏ ကုန်းမြေပေါ်သို့ မည်သည့်အရာ ရောက်လာကြောင်း စုံစမ်းရန်အတွက် ဤနေရာသို့ အပြေးလာနေခဲ့သည်။
ထိုပြေးလာနေသည့် လူကိုသာ သူသိချင်နေသည့်အကြောင်း မေးလိုက်လျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးလျက် ရန်ကိုင်က အမိန့်ပေးလိုက်သည် “ဒီမှာစောင့်နေ၊ ငါသူတို့ကို သွားတွေ့မယ်”
ပြောပြီးသည့်နောက် ကြယ်သင်္ဘောထဲမှထွက်ကာ သူ့ဆီ လာနေသည့်လူကို စောင့်နေလိုက်လေသည်။
လေဟာနယ်တာအိုကို ကျင့်ကြံထားသော ရန်ကိုင်အဖို့ မိုင်တစ်ရာ အကွာလောက်ကို ဖြတ်ကျော်ဖို့ရာ မျက်စိတစ်မှိတ် အချိန်သာ လိုအပ်သော်လည်း သင့်လျော်ကောင်းမွန်သည့် ပျံသန်းရေး မှော်ရတနာ တစ်ခုပင် ပိုင်ဆိုင်ထားခြင်း မရှိသော သူတော်စင် တတိယအဆင့် နတ်ဆိုးဗိုလ်ချုပ်အတွက်မူ သူ့အနေဖြင့် အရှိန်ကုန်တင်ကာ ပျံသန်းလာမည်ဆိုလျှင်ပင် ထိုအကွာအဝေးကို ဖြတ်ကျော်ရန်အတွက် လက်ဖက်ရည်တစ်ခွက်စာလောက်သာ လိုအပ်ပေလိမ့်မည်။
မကြာမီတွင် ရန်ကိုင်ရှေ့၌ အနက်ရောင်ချီထုကြီး ပေါ်လာခဲ့၏။ ထိုချီထုကြီးတစ်ခုလုံး ပြင်းထန်သွေးဆာသည့် အရှိန်အဝါဖြင့် ပြည့်နေခဲ့ပြီး ထိုထဲအတွင် ပုံရိပ်ပေါင်းများစွာ ပုန်းအောင်း တည်ရှိနေခဲ့သည်။
အနက်ရောင်ချီသည် ရန်ကိုင်နှင့် မီတာတစ်ထောင်အကွာခန့်တွင် ရပ်တန့်သွားခဲ့သည်။
အနက်ရောင်ချီ ပျောက်ကွယ်သွားသည့်အခါ အထဲတွင် ရှိသော လူရိပ်များ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးကို ဦးဆောင်လာသည့် လူကား လှံတစ်ချောင်းကို ကိုင်ထားသည့် မျက်နှာထား တည်တည်နှင့် တောင့်တင်းကြံ့ခိုင်သည့် လူကြီးတစ်ဦး ဖြစ်သည်။
လက်ရှိတွင် ထိုလူကြီးသည် သူ့ရှေ့အား ထိတ်လန့်တုန်လှုပ်သည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်ကို ကြည့်နေခြင်းမဟုတ်၊ ရန်ကိုင်နောက်ရှိ ကြယ်သင်္ဘောကို ကြည့်နေခြင်း ဖြစ်သည်။ ထိုကြယ်သင်္ဘောကဲ့သို့ ကြယ်သင်္ဘောမျိုးတစ်စင်း နတ်ဆိုးမြို့တော်၏ အောက်ဘက်တွင် တည်ရှိပေသည်။
ထိုသင်္ဘောကြီးသည် အရိုးမျိုးနွယ်စု ထုန်းရွှမ်လောကကြီးကို ကျူးကျော်ရန်အတွက် အသုံးပြုခဲ့သည့် ပျံသန်းရေး မှော်ရတနာ တစ်ခုဖြစ်ကာ ထိုအရာကို ကြယ်သင်္ဘောဟု ခေါ်ပေသည်။
သို့သော် ထိုကြယ်သင်္ဘောကြီးသည် မဟာနတ်ဆိုးနတ်ဘုရား၏ ဖျက်စီးခြင်းခံလိုက်ရပြီး အသုံးမဝင်တော့သည့် သတ္တပုံကြီး တစ်ခု အဖြစ်သာ ကျန်ရစ်တော့သည်။ ထိုအရာကို နတ်ဆိုးမျိုးနွယ်စု၏ ထိပ်တန်းလျှို့ဝှက်ချက် အဖြစ် သတ်မှတ်ထားပြီး ပျက်စီးနေသော ကြယ်သင်္ဘောသည် နတ်ဆိုးမြို့တော်၏ အောက်ဘက် မီတာ သောင်းနှင့်ချီအကွာတွင် တည်ရှိပေသည်။
ထုန်းရွှမ်လောကကြီး၏ အပြင်ဘက်တွင် ရှိနေသော မျိုးနွယ်ခြား တစ်ခုခုမှ ထုန်းရွှမ်လောကကြီးဆီသို့ ထပ်ရောက်လာခြင်းလား။ ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် နတ်ဆိုးဗိုလ်ချုပ် အံ့ဩသွား၏။
ယခင်တစ်ကြိမ် ထိုကဲ့သို့ ကြယ်သင်္ဘောတစ်စင်း ရောက်လာစဉ်က မဟာနတ်ဆိုးနတ်ဘုရားသည် သူ့ကိုယ်သူ စတေး၍ ထုန်းရွှမ်လောကကြီးကို ကယ်တင်ခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင်မူ မည်သူကများ ထုန်းရွှမ်လောကကြီးကို ကယ်တင်ပေးတော့မည်နည်း။
လူသားမျိုးနွယ်စုမှ ထိုကောင်လေးဆိုလျှင် လုပ်နိုင်လောက်၏။ ယခင်တစ်ကြိမ် အရိုးမျိုးနွယ် ပြန်ပေါ်လာစဉ်က သူ့ဦးဆောင်မှုဖြင့် မျိုးနွယ်စုသုံးခု အတူပူးပေါင်းပြီး အရိုးမျိုးနွယ်စုများကို အနိုင်ယူခဲ့ခြင်းပင် မဟုတ်လေလော။
သို့သော်လည်း ထိုကောင်လေးသည် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ထုန်းရွှမ်လောကကြီးမှ ထွက်သွားခဲ့ပြီး ယခု သူဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်း မည်သူမှ မသိတော့ချေ။ သူသေလား၊ ရှင်လားကိုပင် မသိရတော့ချေ။
နတ်ဆိုးဗိုလ်ချုပ်၏ စိတ်ထဲ အတော်လေး ထိတ်လန့်နေသော်ငြား လောကဓံမုန်တိုင်းအသွယ်သွယ်ကို ဖြတ်ကျော်လာသူတစ်ဦးပီပီ ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်သည်။ ထို့နောက် ကြယ်သင်္ဘောရှေ့တွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်၏။
သို့သော်လည်း လူငယ်လေးကို မြင်လိုက်သည်နှင့် ထိုလူကြီး မှင်သက်သွားလေတော့သည်။ တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်သည့်နှယ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရန်ကိုင်အား လက်ညိုးတထိုးထိုးဖြင့် “မင်း… မင်း…”
သူ့မျက်လုံးပင် သူမယုံနိုင်တော့ချေ။
“နတ်ဆိုးဗိုလ်ချုပ်မန်ကဲပါလား… ဟားဟား၊ မတွေ့ရတာ နှစ်တွေတောင် အတော်ကြာသွားပြီ။ အစ်ကိုမန်ကဲ အခုနောက်ပိုင်း ဘာတွေ လုပ်နေလဲ” ရန်ကိုင်က ပြုံးလျက် မေးလိုက်သည်။
“မင်းက တော်ဝင်သခင်ရန်လား” မန်ကဲ မျက်လုံးကျွတ်ထွက်လု မတတ် ဖြစ်နေခဲ့သည်။ ဤကြယ်သင်္ဘောနှင့်အတူ ဤနေရာသို့ ရောက်လာသည့်လူသည် ဘုံးကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုကောင်လေးသည် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က လူသားမျိုးနွယ်စုမှ ထုန်းရွှမ်လောကကြီး အပြင်ဘက်သို့ ထွက်သွားသည့် လူငယ်လေးသာ ဖြစ်လေသည်။
အရိုးမျိုးနွယ်စု ပြန်ပေါ်လာစဉ်က မန်ကဲသည် ရန်ကိုင်နှင့်အတူ ရင်ဘောင်တန်းလျက် တိုက်ခိုက်ခဲ့ရသဖြင့် သူ့မျက်နှာကို သေချာ မှတ်မိနေခဲ့သည်။ ယခု ရန်ကိုင်၏ အသံကို ကြားပြီးနောက် သူ့ခန်မှန်းချက် လုံးဝ မှန်ကန်သွားပြီမှန်း မန်ကဲ သိလိုက်၏။
လက်ရှိ သူ့ရှေ့တွင် ရပ်နေသည့် လူငယ်လေးသည် ထိုကောင်လေးမှ လွဲ၍ အခြားမဟုတ်ချေ။
ဤသတင်းသည် တကယ်ကို ထိတ်လန့်စရာ သတင်းတစ်ခုပင်။ ထိုကောင်လေးသည် နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် သတင်း အစအနမရဘဲ ပျောက်နေခဲ့ပြီးနောက် ယနေ့တွင် ကြယ်သင်္ဘောကြီး တစ်စင်းဖြင့် ထုန်းရွှမ်လောကကြီးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထိုနှစ်များအတွင်း မည်သည့်နေရာသို့ သူရောက်နေခဲ့သနည်း။ ထုန်းရွှမ်လောကကြီးမှ ထွက်သွားပြီး ကြယ်စီရင်စုထဲသို့ ဝင်သွားသည်ဟု ပြောကြသည်။ သူအောင်မြင်သွားခဲ့ခြင်းလား။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် မန်ကဲ အံ့ဩလွန်းသဖြင့် တုန်တုန်ရီရီပင် ဖြစ်သွားခဲ့ရလေသည်။
“ဟုတ်တယ်။ ဒီရန်ပဲ။ အစ်ကိုမန်ကဲ ကျုပ်ကို မမှတ်မိတော့ဘူးလား” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မန်ကဲက ခေါင်းခါလျက် “ငါတို့ အချင်းချင်း မတွေ့တာကြာပြီဆိုပေမယ့် တော်ဝင်သခင်ရန်ရဲ့ မျက်နှာကို ငါဘယ်လိုမှ မမေ့ဘူး”
“ကျန်းယွမ်ကော အခုနောက်ပိုင်း ဘာတွေလုပ်နေလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။
“နတ်ဆိုးဗိုလ်ချုပ်ကြီးကို ပြောတာလား” မန်ကဲ မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။ ကျန်းယွမ်သည် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်ပြီး ထုန်းရွှမ်လောကကြီး၏ ထိပ်တန်း ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ရန်ကိုင်သည် အားကောင်းပြီး ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်သော်လည်း သူ့အဆင့်အတန်းသည် နတ်ဆိုးဗိုလ်ချုပ်ကြီးအဆင့် အဆင့်တူသာ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ကျန်းယွမ်ဟု နာမည် တပ်မခေါ်ဘဲ အနည်းငယ် လေးလေးစားစားဖြင့် ဗိုလ်ချုပ်ကြီးကျန်း စသဖြင့် သုံးနှုန်းသင့်ပေသည်။
ထိုကောင်လေးသည် တကယ်ကို ရမ်းကားပေသည်။ မသိသူသာ ဆိုလျှင် ကျန်းယွမ်ကို သူ့ဂျူနီယာတစ်ယောက်ဟု ထင်သွားနိုင်၏။ ထို့ကြောင့် မန်ကဲ အနည်းငယ် မကျေမနပ် ဖြစ်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် ခပ်ပြတ်ပြတ်လေသံဖြင့် “ဂိုဏ်းချုပ်ရန် စိုးရိမ်နေစရာ မလိုပါဘူး။ နတ်ဆိုးဗိုလ်ချုပ်ကြီးက နတ်ဆိုးမြို့တော်မှာ ကောင်းကောင်းမွန်မွန်နဲ့ နေနေပါတယ်”
ပြောပြီးသည်နှင့် ရန်ကိုင်၏ ကျင့်ကြံခြင်း မည်သည့်အဆင့်ထိ တိုးတက်လာသလဲ သိရအောင် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။
သူမှတ်မိသလောက်ဆို ရန်ကိုင် ထုန်းရွှမ်လောကကြီးမှ ထွက်သွားစဉ်က သူ့ကျင့်ကြံခြင်းသည် သူတော်စင်ပထမအဆင့်သာ ရှိပေသေးသည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူ့ကျင့်ကြံခြင်းသည် သူတော်စင် ဒုတိယအဆင့်သို့ ရောက်နေလောက်ပေပြီ။
သို့သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် မန်ကဲ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။
ထိုကောင်လေး ရန်ကိုင်၏ ကျင့်ကြံခြင်းကို သူစစ်ဆေး၍ မရတော့ချေ။ ထိုကောင်လေးကို သူ့ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ထဲသို့ ကျောက်တုံး တစ်တုံး ပစ်ချလိုက်သလို ခံစားလိုက်ရသည်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ မန်ကဲ ထပ်မံ အံ့ဩသွားရပြန်သည်။
သူတော်စင်တတိယအဆင့်သို့ ရောက်နေသော သူ့ကျင့်ကြံခြင်းအရ ရန်ကိုင်သည်လည်း သူတော်စင် တတိယအဆင့်သို့ ရောက်နေလျှင်ပင် သူ့ကျင့်ကြံခြင်းကို သူ့ကောင်းကင်စိတ်အာရုံ၏ ထောက်လှမ်းမှုမှ ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။
မဟာနတ်ဆိုးနတ်ဘုရား ရောက်ရှိခဲ့သော သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူပင် ထိုကဲ့သို့ မလုပ်နိုင်ချေ။
ထိုကောင်လေး… မဟာနတ်ဆိုးနတ်ဘုရား ရောက်ရှိခဲ့သည့် အဆင့်ထက် ပိုမို မြင့်မားသော အဆင့်သို့ ရောက်သွားခြင်းလား။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် မန်ကဲ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြား စိုက်ကြည့်ရင်း ခြောက်ကပ်ကပ်လေသံဖြင့် မေးလိုက်လေသည် “တော်ဝင်သခင်ရန်… အခု ဘယ်အဆင့် ရောက်နေပြီလဲ”
“အဆင့်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ မန်ကဲ သူ့ကျင့်ကြံခြင်းအား စစ်ဆေးနေသည်ကို ရန်ကိုင် သတိပြုမိပေသည်။ လျစ်လျုရှုထားလိုက်ခြင်းသာ။ နတ်ဆိုးမျိုးနွယ်စု အားလုံးသည် ဤသို့ချည်းသာ။ အကုန်လုံးသည် တည့်တိုးဆန်ပြီး တစ်ဖက်လူအပေါ် ယဉ်ကျေးရမှန်း မသိကြပေ။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျုပ်ဘယ်အဆင့်ရောက်နေလဲ အစ်ကိုမန်ကဲ သိစရာ မလိုသေးဘူး။ အချိန်တန်ရင် သိလာလိမ့်မယ်။ အခုလောလောဆယ်တော့ နတ်ဆိုးမြို့တော်ဆီ ပြန်သွားပြီး ကျန်းယွမ်ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ လာခဲ့ဖို့ ပြန်သွားပြောပေးပါဦး။ ကျုပ်က အခုမှ ပြန်ရောက်တာဆိုတော့ ဘုံးကိုခုးထွတ်မြတ်နယ်မြေဆီ အမြန် ပြန်သွားရဦးမယ်”
မန်ကဲ တံတွေးတစ်လု မျိုချလိုက်သည်။ သူ့မျက်နှာထက်ရှိ စိတ်ရှုပ်မှု၊ ကြောက်လန့်မှုတို့သည် လက်လျှော့လိုက်သော သားရဲ တစ်ကောင်နှယ် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
ယခုတစ်ကြိမ် ရန်ကိုင်၏ လေသံကို သူဂရုမစိုက်တော့ချေ။ ရန်ကိုင်သည် သူမခန့်မှန်းနိုင်သည့် အဆင့်သို့ ရောက်နေပြီမှန်း သိနေပြီ ဖြစ်သည့်အတွက် သူဘာများ ပြောနိုင်တော့မည်နည်း။ ရန်ကိုင် သူ့ခန်မှန်းချက် ကျော်လွန်သည့် အဆင့်သို့ ရောက်နေသည် ဆိုသောအတွေးသည် သူ့အား ထိတ်လန့်မိစေသလို ကြောက်လည်း ကြောက်သွားစေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း စိတ်လှုပ်ရှားမိသွားစေသည်။
“တော်ဝင်သခင်ရန် စိတ်ချထားလိုက်ပါ။ ကျုပ်ဒီအကြောင်းကို နတ်ဆိုးဗိုလ်ချုပ်ကြီးဆီ ချက်ချင်း ပြန်အကြောင်းကြားလိုက်ပါမယ်” မန်ကဲက အလျင်အမြန် ပြန်ပြောလိုက်သည်။
“အင်း၊ နောက်တစ်ခု ရှိသေးတယ်” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်လျက် “ဘုံကိုးခုထွတ်မြတ်နယ်မြေက ဘယ်ဘက်မှာ ရှိတာလဲ”
ထိုမေးခွန်းကို ကြားကြားချင်း မန်ကဲ ကြောင်သွားခဲ့သော်ငြား ချက်ချင်းပဲ လမ်းကြောင်းကို ညွှန်ပြလိုက်လေသည်။
“ကျေးဇူးပဲ” ရန်ကိုင်က ပြုံးလိုက်ပြီးနောက် ရုတ်တရက် သူ့ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။ ခဏအကြာတွင် ကြယ်သင်္ဘော တစ်စင်းလုံး တုန်ခါလာပြီး လျှပ်စီးတမျှ မြန်ဆန်သည့် အမြန်နှုန်းဖြင့် မန်ကဲ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
“ဆရာ၊ အဲ့ကောင် ဘယ်သူလဲ။ ဒီကောင် သောက်ရမ်း မောက်မာလွန်းတယ်… ဆရာ့ကိုတောင် မျက်လုံးထဲ မထည့်ဘူး” မန်ကဲနောက်တွင် ရှိနေသော နတ်ဆိုး မျိုးနွယ်စုဝင် တစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၂)
ပြန်လည်ရှင်သန်လာသော အရိုးမျိုးနွယ်စုကို ပူးပေါင်း အနိုင်ယူပြီးနောက်တွင် မျိုးနွယ်စုသုံးခုကြားရှိ ဆက်ဆံရေးသည် ယခင်ထက်ပို၍ ချောမွေ့ပြေပြစ်လာသော်လည်း သူတို့ကြား မည်သည့် မကျေနပ်ချက်မှ မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ချေ။
သို့သော်လည်း ယခင်ကကဲ့သို့ မျိုးနွယ်စု အချင်းချင်း တွေ့လိုက်သည်နှင့် သူသေကိုယ်သေ တိုက်ပွဲများ မဖြစ်တော့ချေ။
သို့တိုင် လူသားမျိုးနွယ်စုထဲမှ မည်သူမှ နတ်ဆိုးကုန်းမြေထဲသို့ စိတ်ရှိသလို မထွက်ရဲကြသေးချေ။
သို့သော် ယနေ့တွင် လူသားကောင်လေး တစ်ယောက်သည် ဤနေရာတွင် ပေါ်လာပြီး သူတို့၏ခေါင်းဆောင် မန်ကဲကိုပင် အရေးမစိုက်သလို ပြုမူသွားခဲ့သည်။ ထိုမျှတင် မဟုတ်သေးဘဲ အကြောက်အလန့်မရှိ နတ်ဆိုးဗိုလ်ချုပ်ကြီးကိုပင် နာမည်တပ်ကာ ခေါ်သွားခဲ့သေး၏။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်စုဝင်များ ရန်ကိုင်ကို အတော်လေး မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်သည်။
မန်ကဲ တာထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုနတ်ဆိုးမျိုးနွယ်စုဝင်များ ရန်ကိုင်အား သင်ခန်းစာကောင်းကောင်း ပေးလိုက်ပြီးနေလေပြီ။
“မင်းတို့ ပါးစပ်တွေပိတ်ထား” မန်ကဲက အော်ပြောလိုက်သည်။ “အဲ့လူက… မင်းတို့ ရန်စနိုင်တဲ့လူ မဟုတ်ဘူး။ ငါရန်စနိုင်တဲ့ လူလည်း မဟုတ်ဘူး။ ငါမပြောနဲ့၊ နတ်ဆိုးဗိုလ်ချုပ်ကြီးတောင် ရန်စနိုင်တဲ့ လူမျိုး မဟုတ်ဘူး။ သူ့အကြောင်းကို နောက်တစ်ခါ အခုလိုမျိုးတွေ လျှောက်မပြောနဲ့”
“ဘယ်လို၊ နတ်ဆိုးဗိုလ်ချပ်ကြီးတောင် သူ့ကို ရန်သွားစမိလို့ မဖြစ်ဘူးဟုတ်လား” နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည် “သူဘယ်သူမို့လို့လဲ”
“သူ့နာမည်ကို မင်းတို့ ကြားဖူးပြီးသား” မန်ကဲက မျက်မှောင်ကြုတ်၍ “သူက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ရန်ကိုင်ပဲ”
ထိုစကားကို ကြားသည့်အခါ နတ်ဆိုးမျိုးနွယ်စုဝင်များ၏ မျက်နှာ မဲ့သွားခဲ့ပြီး ချက်ချင်းပဲ သူတို့၏ ပါးစပ်ကို ပိတ်လိုက်ကြ၏။
ယနေ့တွင် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် မျိုးနွယ်စုကြီး သုံးခုတွင် အားအကောင်းဆုံး အင်အားတစ်ခု ဖြစ်နေခဲ့ပြီး ထုန်းရွှမ်လောကကြီး၏ ထိပ်ဆုံးတွင် ရပ်နေခဲ့သည်။ သူတို့တွင် မရေမတွက်နိုင်သော သူတော်စင်အဆင့် ကျင့်ကြံသူများစွာ ရှိနေခဲ့ကာ မည်သည့် အင်အားစုမှ သူတို့နှင့် သွားမယှဉ်နိုင်ချေ။
သို့ရာတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ယနေ့ အခြေအနေထိ ရောက်ရှိလာခဲ့သော်လည်း သူတို့၏ တော်ဝင်သခင်မှာမူ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။
သူတို့ ယနေ့တွေ့လိုက်သော လူငယ်လေးသည် မမျှော်လင့်ဘဲ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်နေခဲ့သည်။
“ဒီလောကကြီး အကြီးအကျယ် ပြောင်းလဲတော့မယ်” မန်ကဲက ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် မီးခိုရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် နတ်ဆိုးမြို့တော်ဘက်သို့ အလျင်အမြန် ပြန်လှည့်သွားလေသည်။
ရန်ကိုင် ပြန်ရောက်လာသည့် အကြောင်းကို နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ဆီ မြန်နိုင်သမျှ မြန်မြန် သတင်းပို့ရပေမည်။
……
ဘုံကိုးခုထွတ်မြတ်နယ်မြေသည် တောင်ထွတ်ကိုးလုံး အတူတကွ ပေါင်းစု၍ အစီအရင်တစ်ခုအဖြစ် ဖန်တီးထားသော တောင်ကိုးလုံး အပေါ်တွင် တည်ရှိနေခဲ့သည်။ တော်ဝင်နယ်မြေတွင် မရေမတွက် နိုင်အောင် များပြားလှသော ပညာရှင်များ ရှိပေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း တော်ဝင်နယ်မြေသည် မည်သည့် တပည့်သစ်ကိုမှ မခေါ်ယူခဲ့သော်လည်း တော်ဝင်နယ်မြေ၏ အဖွဲ့သား အရေအတွက်မှာ အတော်လေးကိုမှ များပြားလှပေသည်။ ထို့အပြင် တော်ဝင်နယ်မြေသည် အတော်လေးကို ကြွယ်ဝချမ်းသာသည့် နေရာတစ်ခုလည်း ဖြစ်နေသေးသည်။
အကြောင်းမှာ ဘုံကိုးခုထွတ်မြတ်နယ်မြေက အားကောင်းသည့် အတွက်ကြောင့် ဖြစ်သလို လူသားမျိုးနွယ်စုနှင့် ရင်းနှီးသည့် အတွက်ကြောင့် ဖြစ်ရုံမက ကျော်ကြားလှသည့် ဆေးပညာရှင် အားလုံးသည် ထိုနေရာတွင် အခြေချနေသောကြောင့် ဖြစ်သည်။
မရေမတွက်နိုင်သော ဆေးပညာရှင်များသည် ဤနေရာတွင် တစ်နှစ်ပတ်လုံး နေနေကြခြင်း ဖြစ်သည်။
ဆေးလုံးလိုချင်သည့် ကျင့်ကြံသူများသည် အခကြေးငွေနှင့် လိုအပ်သည့် ဆေးအမယ်များကို ပြင်ဆင်လာနိုင်သရွေ့ သူတို့ လိုအပ်သည့် ဆေးလုံးများကို ရက်အနည်းငယ်အတွင်း ရနိုင်၏။
ဆေးဖော်စပ်ခြင်းမှ ရသည့် ဝင်ငွေတစ်ခုတည်းဖြင့်ပင်လျှင် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ကျင့်ကြံရေး အရင်းအမြစ်များ မလုံလောက်မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။
ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် မိုင်ပေါင်းများစွာ ရှည်လျားသော လူတန်းရှည်ကြီးတစ်တန်း ရှိနေခဲ့သည်။ ထိုလူများသည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ဆေးပညာရှင်ဆီ ဆေးဖော်စပ်ပေးရန် အကူအညီ တောင်းဖို့ရာ ရောက်လာကြခြင်း ဖြစ်သည်။
ယနေ့တွင် လူငယ်လေးတစ်ယောက် ဘုံကိုးခုထွတ်မြတ် နယ်မြေဆီသို့ ရုတ်တရက် ရောက်လာခဲ့သည်။ လူငယ်လေးမှာ ရုပ်သန့်၊ ရုပ်ခန့်လှသော်လည်း ဟိုကြည့်ဒီကြည့် လုပ်နေသော လုပ်နေသော သူ့ပုံစံမှာ တောသားတစ်ယောက် မြို့ရောက်သည့် ပုံစံနှင့် အတော်လေး တူနေခဲ့သည်။
လူတန်းရှည်ကြီး မြင်ပြီးနောက် လူငယ်လေး၏ မျက်ဝန်းထဲ အတိတ်အား လွမ်းဆွတ်တတ်သသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
“ကြည့်ရတာ အချို့ကတော့ လုံးဝ မပြောင်းလဲသွားသေးဘူးပဲ” ရန်ကိုင်က ပြုံးလိုက်သည်။ လျှောက်သွားနေရင်း ဆေးဖော်စပ်ရန် လာရောက်တောင်းဆိုသော လူများကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
သူဘုံကိုးခုထွတ်မြတ်နယ်မြေတွင် နေစဉ်က ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် ဖြစ်ပျက်နေကျ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်တိုင် ထိုအဖြစ်အပျက်သည် ယနေ့တိုင် ဤကဲ့သို့ ဆက်ဖြစ်နေသေးသည်။
“ကောင်လေး၊ မင်းဘာလုပ်တာလဲကွ” ရုတ်တရက် လူအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် လှည့်ကြည့်လိုက်ရာ လူထွားကြီးတစ်ယောက် သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းဘယ်က ရောက်လာတာလဲ။ နေရာ ဖြတ်ဝင်လို့ ရတယ်လို့ မင်းကို ဘယ်သူ သင်ပေးထားတာလဲ”
“ကောင်လေး၊ မင်းအသက်ရှင်ချင်ရင် နောက်ပြန်သွားပြီး ငြိမ်ငြိမ်လေး စောင့်နေလိုက်။ မင်းဘာသာမင်း ဘယ်သူဖြစ်ဖြစ်၊ ဒီကိုလာတဲ့လူတိုင်း စည်းကမ်းအတိုင်း လိုက်နာရမှာပဲ”
“ဟန့်၊ သူသာ နေရာဖြတ်ဝင်ရဲ ဖြတ်ဝင်ကြည့်ပါလား။ ငါသူ့လည်ပင်းကို လိမ်ချိုးပစ်မှာ”
“ကောင်လေး၊ နောက်ပြန်သွားပြီး တန်စီးနေလိုက်။ မင်းကို တော်ဝင်နယ်မြေက တစ်ယောက်ယောက် တွေ့သွားရင် သင်ခန်းစာ ပေးလိမ့်မယ်။ အဲ့လူတွေကို သွားရန်စမိရင် မင်းအတွက် နောင်ရေးကောင်းမှာ မဟုတ်ဘူးနော်”
ရန်ကိုင် ဘာမှမပြောရသေးခင်မှာပဲ လူအုပ်ကြီးထဲမှ တစ်ယောက် တစ်ပေါက် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အချို့သည် သူ့အား နောက်ပြန်သွားရန် ပြောနေသလို အချို့ကမူ သူ့အား ပြစ်တင် ပြောဆိုနေခဲ့သည်။
“ကျုပ်ဒီကို ဆေးဖော်စပ်ခိုင်းဖို့ လာခဲ့တာ မဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“နေရာ ဖြတ်ကျော်ချင်တဲ့လူတိုင်း အဲ့အတိုင်း ပြောသွားတာချည်းပဲ။ မင်းကြည့်ရတာ အခေါင်း မမြင်ရသေးသရွေ့ နောင်တရမယ့်ပုံ မပေါ်ဘူး။ ဒီအဖေကိုယ်တိုင် မင်းကို သင်ခန်းစာ ပေးစေချင်နေတာလား” လူထွားကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဆွဲတော့ဖြဲတော့မည့် ပုံစံဖြင့် လက်ဆစ်ချိုးလိုက်လေသည်။
“ကျုပ်ဒီကို တကယ် ဆေးဖော်စပ်ခိင်းဖို့ လာတာ မဟုတ်ဘူးဆို” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို မင်းဒီကို ဘာလာလုပ်တာလဲ” လူထွားကြီးက ပြန်မေးလိုက်သည်။
“အိမ်ပြန်လာတာလေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေက ကျုပ်အိမ်ပဲဟာကို” ရန်ကိုင်က ပြန်ပြောလိုက်၏။
“ဘယ်လိုဘယ်လို” လူထွားကြီးသည် ရန်ကိုင်အား မယုံကြည်ဟန်ဖြင့် အထက်အောက် အစုံအဆန် ကြည့်လိုက်၏။ ထို့နောက် ရုတ်တရက် လက်ဝှေ့ရမ်း၍ ဘေးဘက်သို့ လှမ်းအော်ပြောလိုက်လေသည် “အစ်ကိုတို့၊ ကျေးဇူးပြုပြီး ဒီကို တစ်ချက်လောက် လာကြည့်ပေးပါလား”
လူထွားကြီး ခေါ်လိုက်သည့်လူမှာ တာဝန်ကျ ကင်းလှည့်နေသည့် အစောင့်ကို ဖြစ်သည်။ သူ့အော်သံကိုကြားသော် ထိုအစောင့်သည် လူထွားကြီးဆီသို့ အလျင်အမြန် ပြေးလာပြီး မျက်မှောင်ကြုတ်၍ မေးလိုက်လေသည် “ဘာလဲ၊ ဘယ်သူ စည်းကမ်းတွေကို ထပ်ပြီး ဖောက်ဖျက်ဖို့ လုပ်နေတာလဲ”
“ဟဲဟဲ၊ ရောင်းရင်း၊ ဒီကောင်လေးက သူ့ကိုယ်သူ တော်ဝင်နယ်မြေကလို့ ပြောနေတယ်။ ဒါပေမယ် ကျုပ်ကတော့ သူနေရာကျော်ပြီး တန်းစီချင်နေတာလို့ပဲ ထင်တယ်။ ဒါကြောင့် သူလိမ်နေတာ ဟုတ်မဟုတ် သိရအောင် အစ်ကို့ကို လှမ်းခေါ်လိုက်တာ” လူထွားကြီးက ရန်ကိုင်အား လက်ညိုးထို၍ တော်ဝင်နယ်မြေမှ တပည့်ကို ပြောလိုက်သည်။
လူထွားကြီး ပြောသည်ကို နားထောင်ပြီးနောက် အစောင့်က ခေါင်းညိတ်၍ ရန်ကိုင်အား သေချာ ကြည့်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလျက် “ငါဒီလူကို တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ သူ့က ငါတို့ တော်ဝင်နယ်မြေရဲ့ အဝတ်အစားကိုလည်း မဝတ်ထားဘူး။ ငါတို့မှာရှိတဲ့ တံဆိပ်လည်း သူ့မှာ မရှိပြန်ဘူး”
ပြောပြီးသည်နှင့် သူ့ဝတ်ရုံပေါ်ရှိ တံဆိပ်ကို လက်ညိုးထိုးပြလိုက်၏။
“ကျုပ်ထင်သားပဲ။ ဒီကောင်လေး မဟုတ်တာတွေ လျှောက်ပြောနေတာပါလို့” လူထွားကြီးက ရန်ကိုင်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လျက် “တော်ဝင်နယ်မြေရဲ့ တပည့် အယောင်ဆောင်တာ မင်းတော့ သေပြီသာမှတ်ပေတော့”
“မင်းငါ့ကို မသိဘူးလား” ရန်ကိုင်က ထိုတပည့်အား မေးလိုက်သည်။
“ငါဘာလို့ မင်းကို သိရမှာလဲ” ထိုတပည့်က နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် “မင်းကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတာဆိုတော့ တော်ဝင်နယ်မြေထဲ ဝင်ထားတာ သိပ်မကြာလောက်သေးဘူး။ ဒါကြောင့် မင်းငါ့ကို မသိတာ။ မင်းမသိလည်း ကိစ္စမရှိဘူး။ ဒီနေ့ ဘယ်အကြီးအကဲ တာဝန်ကျတာလဲ”
ရန်ကိုင်စကားကို ကြားသော် ထိုတပည့် မယုံသင်္ကာ ဖြစ်သွားခဲ့သည်။
သူသည် တော်ဝင်နယ်မြေတွင် ငယ်စဉ်ကတည်းက ကြီးခဲ့သော်ငြား ယခုမှသာ အသက်နှစ်ဆယ်ပြည့်ရုံ ရှိသေးသည်။ ရန်ကိုင် တော်ဝင်နယ်မြေတွင် ရှိစဉ်က သူ့ကို မွေးပင် မမွေးသေးချေ။ ထို့ကြောင့် ရန်ကိုင်ကို သူမသိသည်မှာ သဘာဝသာ ဖြစ်သည်။
အံ့အားသင့်သွားခဲ့သော်လည်း မပေါ့ဆရဲသည့်အတွက် ထိုတပည့်က တု့န်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်လေသည် “အကြီးအကဲရှီပဲ”
“အကြီးအကဲရှီ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ သို့သော် မကြာမီ အကြီးအကဲရှီ မည်သူမှန်း မှတ်မိသွားခဲ့လေသည် “ရှီခွန်းလား”
“ဟုတ်တယ်” ထိုတပည့် ထိတ်လန့်သွားခဲ့သည်။ ရန်ကိုင် ဘာတွေ တွေးနေမှန်း သူတကယ် နားမလည်တော့ချေ။ အကြီးအကဲရှီကိုပင် နာမည် တပ်ခေါ်ရဲသည်။ သူ့ပြောနေသည့် လေသံကလည်း အကြီးအကဲရှီနှင့် အတော်လေး ရင်းနှီးနေသည့် ပုံစံမျိုးပင်။
“ငါ့ကို သူ့ဆီ ခေါ်သွားပေး။ သူငါ့ကို မှတ်မိလိမ့်မယ်” ရန်ကိုင်က ပြောလိုက်သည်။ သို့သော် ချက်ချင်းပဲ စိတ်ပြောင်းသွားပြီး “ထားလိုက်တော့၊ ငါ့ဘာသာပဲ သွားတွေ့လိုက်တော့မယ်”
ပြောပြီးသည်နှင့် သူ့ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွား၏။
ရန်ကိုင် အနားတစ်ဝိုက်တွင် ရှိနေသော လူအားလုံး မျက်လုံးပြူး ကျန်ခဲ့လေသည်။
“ဘယ်လို၊ အဲ့ကောင် ဘယ်ရောက်သွားတာလဲ” လူထွားကြီးသည် သူ့ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်ကိုင်ကို ရှာမတွေ့သဖြင့် ကမန်းကတန်း ကောက်မေးလိုက်၏။ ချွေးသီးတို့သည်လည်း သူ့နဖူးထက် ဝေ့သီလာခဲ့လေသည်။
ပညာရှင်တစ်ယောက်ကို သူသွားရန်စလိုက်ပြီဟု လူထွားကြီး၏ စိတ်ထဲ တွေးမိသွားခြင်း ဖြစ်သည်။
အကုန်လုံးသည်လည်း လူထွားကြီးကဲ့သို့ ထိတ်လန့်နေကြ၏။ ရန်ကိုင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။
မလှမ်းမကမ်းတွင် ရှိနေသော စံအိမ်ထဲတွင် ရှီခွန်းသည် တင်ပလင်ခွေထိုင်လျက် ကျင့်ကြံနေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို အာရုံခံမိလိုက်သည့်နှယ် မျက်လုံးပွင့်လာခဲ့ပြီး အော်ပြောလိုက်လေသည် “ရဲတင်းလိုက်တာ”
တစ်ယောက်ယောက် သူ့စံအိမ်ထဲသို့ ကျူးကျော်လာသည်ကို ရှီခွန်း သတိပြုမိလိုက်သည်။
တော်ဝင်နယ်မြေ၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ သူ့အလုပ်သည် ဤနေရာကို စောင့်ကြပ်ရန် ဖြစ်သည်။ သို့သော် အစောင့်ကျနေသော တပည့်များသည်ပင် သူ့စံအိမ်ထဲသို့ ခွင့်ပြုချက် မရဘဲ ဝင်မလာရဲသော်လည်း မိုက်ရူးရဲဆန်သည့် အရူးတစ်ယောက်သည် သူနေနေသည့် စံအိမ်ထဲသို့ သူ့ခွင့်ပြုချက် မရဘဲ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် ရှီခွန်း ဒေါသထွက်သွားခဲ့ခြင်း ဖြစ်သည်။
သူကျင့်ကြံနေသည့် ကျင့်စဉ် အရေးကြီးသည့် အခြေအနေသို့ ရောက်မနေသည်မှာ ကံကောင်းသွားခဲ့သည်။ ထို့သို့သာ မဟုတ်လျှင် အရေးကြီးသည့် အချိန်တွင် နှောင့်ယှတ်ခံလိုက်ရသည့် အတွက်ကြောင့် ကျင့်ကြံခြင်း သွေဖွယ်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပေသည်။
လူမမြင်ရသေးခင် လှမ်းအော်နေသော်ငြား အထဲဝင်လာသည့် လူကို မြင်ပြီးနောက် ရှီခွန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နေရာတွင် ကြောင်ပြီး ရပ်နေမိလေသည်။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည် “မတွေ့ရတာ ကြာတာနဲ့ အကြီးအကဲရှီက ပိုပြီး ဒေါသကြီးလာတာပဲ”
“တော်ဝင်… တော်ဝင်သခင်လား” ရှီခွန်းက အလန့်တကြား ပြန်မေးလိုက်သည်။ သူ့စံအိမ်ထဲသို့ ချိုးဖျက်ဝင်လာသည့် လူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထွက်သွားခဲ့သော တော်ဝင်သခင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူများ အမြင်မှားနေသလားဟု တွေးလျက် ရှီခွန်းသည် သူ့မျက်လုံးကို ပွတ်သပ်၍ နောက်တစ်ကြိမ် ထပ်ကြည့်သည်။ သို့သော် သူ့ရှေ့ရှိလူသည် တော်ဝင်သခင်သာ ဖြစ်နေလေသည်။
တော်ဝင်သခင် ထွက်သွားသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သော်လည်း တော်ဝင်သခင်မှာမူ ရုပ်သိပ်ပြောင်းလဲသွားခြင်း မရှိချေ။ အချိန်၏ တိုက်စားမှုသည် သူ့အပေါ် အကျိုး သက်ရောက်မှု မရှိသည့်နှယ်။
ရှီခွန်းမှား စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ခန္ဓာကိုယ်ပင် တဆတ်ဆတ် တုန်ခါလာခဲ့လေသည်။
“မဆိုးဘူး။ မဆိုဘူး။ ခင်ဗျားလည်း သူတော်စင်ဒုတိယအဆင့် ရောက်နေပြီပဲ” ရန်ကိုင်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။
“လက်အောက်ငယ်သား တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်။ တော်ဝင်သခင် ပြန်ရောက်လာတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” ရှီခွန်က ဒူးတစ်ချောင်းထောက်လျက် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ထတော့” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်၏။
ရှီခွန်းသည် ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း အလျင်အမြန် ထလိုက်သည်။ ထို့နောက် နှုတ်ခမ်းကွေးလျက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “တော်ဝင်သခင် တကယ် ပြန်လာတာလား”
“
“ဟုတ်တယ်။ အခု တော်ဝင်နယ်မြေ အခြေအနေ ဘယ်လိုရှိလဲ”
“အကုန်လုံး အဆင်ပြေပြေပဲ။ တော်ဝင်သခင် စိတ်ပူစရာ မလိုပါဘူး” ရှီခွန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ကောင်းတယ်”
“တော်ဝင်သခင် တော်ဝင်နယ်မြေဆီ မြန်မြန် ပြန်သွားရင် ကောင်းလိမ့်မယ်။ တော်ဝင်သခင် ထွက်သွားကတည်းက အကြီးအကဲချုပ်နဲ့ အခြားသူတွေ တော်ဝင်သခင်ကို နေ့တိုင်း စိတ်ပူနေခဲ့တာ။ တော်ဝင်သခင် လုံလုံခြုံခြုံနဲ့ ပြန်လာတဲ့ အကြောင်း သိရင် သူတို့ ကျိန်းသေ ပျော်သွားကြမှာ”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကျုပ်နဲ့လိုက်ခဲ့”
ပြောပြီးနောက် ရှီခွန်းအား သူ၏ သူတော်စင်ချီဖြင့် ရစ်ပတ်လိုက်၏။
ချက်ချင်းဆိုသလို သူတို့ နှစ်ယောက်စလုံး စံအိမ်ထဲမှ ပျောက်ကွယ်သွားခဲ့လေ၏။ ရှီခွန်း သူ့ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သည့် အချိန်တွင် တောင်ထွတ်ကိုးလုံး၏ အတွင်းပိုင်းထဲသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၃)
“ကောင်းတယ်။ ဘာမှမပြောင်းလဲသွားသေးဘူးပဲ” ရန်ကိုင်က လေထဲတွင် ဝဲလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း ပြောလိုက်သည်။
ရှီခွန်းမှာမူ အထဲသို့ သူမည်ကဲ့သို့ ရောက်လာခဲ့လဲ ဆိုသည်နှင့် ပက်သက်၍ ကြောင်တောင်တောင် ဖြစ်နေခဲ့၏။ သို့သော် မကြာမီ ရန်ကိုင်မှ သူ့ကို ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း နားလည်လိုက်၏။
သို့သော်လည်း ရန်ကိုင် မည်ကဲ့သို့ လုပ်လိုက်သနည်း။ ရှီခွန်း ရန်ကိုင်၏ စွမ်းအားအပေါ် လေးစားမိသလို အံ့လည်း အံ့ဩရ၏။
ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် အသံအကျယ်ကြီး အော်ပြောလိုက်လေသည် “တော်ဝင်သခင် ပြန်လာပြီ”
သူ့အော်သံသည် တောင်ထွတ်ကိုးလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ထိုအော်သံနှင့်အတူ တောင်ထွတ်ကိုးလုံးထဲရှိ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့ပြီး အသံအားလုံးလည်း တိတ်ကျသွားခဲ့ကာ ထွတ်မြတ်နယ်မြေ နယ်မြေတစ်ခုလုံး ပကတိ တိတ်ဆိတ်သွားခဲ့၏။
သို့သော်လည်း ခဏအကြာတွင် တောင်ထွတ်ကိုလုံးစလုံး ဝရုန်းသုန်းကား ဖြစ်သွားကုန်ကြပြီး အလင်းတန်းများ တစ်ခုပြီး တစ်ခု တောင်ထွတ်များဆီမှ ပျံသန်းထွက်ပေါ်လာကြလေ၏။
ဆေဖော်စပ်ခန်းတစ်ခန်းထဲတွင်၊ သူတော်စင်အဆင့် ဆေးပညာရှင် ဖြစ်သော တုဝမ်သည် သူတော်စင်အဆင့်နိမ့် ဆေးတစ်လုံး ဖြစ်သော နှင်းသန့်ဆေးလုံးကို ဖော်စပ်နေခဲ့သည်။ ယခုတစ်ကြိမ် ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသည့်လူသည် အတော်လေး အဆင့်မြင့်သည့်အတွက် တုဝမ်ကိုယ်တိုင် ဖော်စပ်ပေးခြင်း ဖြစ်သည်။
တုဝမ် ဆေးစဖော်စပ်နေခဲ့သည်မှာ တစ်ရက် ရှိသွားခဲ့လေပြီ။ လက်ရှိတွင် ဆေးဖော်စပ်ခန်း တစ်ခုလုံး သင်းပျံ့မွှေးထုံသော ဆေးရနံ့များဖြင့် ပြည့်နေခဲ့ပြီး အခန်းမှာလည်း အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့သည်။
တုဝမ်သည် အပူချိန်ကို သေချာထိန်းညှိရင်း နောက်ဆုံး အဆင့်ကို စတင်ရန် ပြင်ဆင်နေခဲ့သည်။
ဝတုတ်ကြီးဖြစ်သော ချန်ပေါင်သည် သူ့ဘေးနားတွင် ထိုင်လျက် တုဝမ် ဆေးဖော်စပ်နေသည်ကို သေချာ လေ့လာနေခဲ့သည်။
ဆေးပညာရှင် နှစ်ယောက်စလုံး ဆေးမီးဖိုကို သေချာ အာရုံစိုက်နေကြသည်။
သူတို့နှစ်ယောက်သည် ယခင်က ကျောက်တုံးမြို့တော်နှင့် အလင်းလျှပ်စီးမြို့တော်ရှိ ဆေးဖော်စပ်ခန်းမများ၏ ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း တော်ဝင်နယ်မြေ၌ ဆေးပညာကို လာရောက်လေ့လာပြီးနောက် နှစ်ယောက်စလုံး သူတော်စင်အဆင့် ဆေးပညာရှင်များ ဖြစ်လာခဲ့ကြသည်။ ထို့နောက်တွင် နှစ်ဦးစလုံးသည် ယခင်ရာထူးမှ နှုတ်ထွက်၍ တော်ဝင်နယ်မြေသို့ ဝင်ရောက်ခဲ့ကြလေသည်။
သူတို့ နှစ်ယောက်အပြင်၊ ဟုန်ဖန်း၊ ဟဲဖုန်းနှင့် ခုန်းရို့ယုတို့လည်း သူတော်စင်အဆင့် ဆေးပညာရှင်များ ဖြစ်နေကုန်ကြလေပြီ။
ရန်ကိုင် ထွက်သွားသည့်နောက်ပိုင်း ထုန်းရွှမ်လောကကြီး၏ ဆေးပညာသည် အရှိန်အဟုန်မြင့်မြင့်ဖြင့် တိုးတက်လာခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ထျန်းဇျန်လူအိုကြီး၏ သင်ကြားပေးမှုနှင့် ရှနင်းချန် ညွှန်ကြားပြသမှုတို့ကြောင့် ဖြစ်ပေသည်။
ယခင်က ထျန်းဇျန် လူအိုကြီးတစ်ယောက်သည် သူတော်စင် အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။
သူတို့ လက်ရှိဖော်စပ်နေသည့် ဆေးလုံးသည် အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်နေခဲ့လေပြီ။ ချန်ပေါင်း၏ မျက်လုံး သေးသေးလေးများသည် မှေးစဉ်းသည်ထက် မှေးစည်းလာပြီး သူ့နဖူးထက်တွင်လည်း တုဝမ်ကဲ့သို့ ချွေးသီးများ ဝေ့သီလာခဲ့၏။
သူတို့ပင်လျှင် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို တစ်ရာ ရာခိုင်နှုန်း အောင်အောင်မြင်မြင် ဖော်စပ်နိုင်လိမ့်မည်ဟု အာမမခံရဲချေ။ တုဝမ်၏ ဆေးဖော်စပ်ပုံသည် အမှားအယွင်းမရှိ ပြေပြစ်လှသည်။
ယခုအချိန်တွင် အမှားအယွင်း နည်းနည်းလေးမှ အဖြစ်ခံ၍ မရတော့ချေ။
သို့သော်လည်း ထိုအချိန်မှာမှ အပြင်ဘက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံသည် ဆေးဖော်စပ်ခန်း ပတ်လည်၌ ကာရံထားသော အကာအရံများကိုပင် ဖြတ်ကျော်ပြီး အထဲထိတိုင် ရောက်ရှိလာခဲ့လေသည်။
တုဝမ်လက် တုန်သွားပြီး ဆေးမီးဖိုထဲသို့ သူပို့လွှတ်နေသည့် သူတော်စင်ချီလည်း ကမောက်မက ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလို ဆေးမီးဆီမှ ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုပေါက်ကွဲသံနှင့်အတူ မီးကျွမ်းနှံ့တို့ ထွက်ပေါ်လာခဲ့သည်။
တုဝမ်မျက်နှာကြီး ဆေးခါးကြီး စားလိုက်ရသည့်နှယ် အရုပ်ဆိုးသွားခဲ့သည်။
ချန်ပေါင်လည်း မျက်မှောင်ကြုတ်သွားသည်။
ဆေးလုံးကို ဖော်စပ်နိုင်ခါနီးနေမှ ရုတ်တရက် ထွက်ပေါ်လာသော အော်သံကြောင့် ကျရှုံးသွားခဲ့ရသည်။
အရူးကောင်ရှီခွန်တော့ သွားပြီ။ ဒီတစ်ကြိမ် တုဝမ် သူ့ကို ကျိန်းသေ တာဝန်ခံခိုင်းတော့မယ် ချန်ပေါင်သည် ရှီခွန် ဒုက္ခရောက်မည့် အဖြစ်ကို တွေးပြီး ကြိတ်ရီနေခဲ့သည်။
“ချန်အိုကြီး၊ အဲ့ကောင်လေး ရှီခွန် ခဏတုန်းက ဘာပြောလိုက်တာလဲ” သို့သော်လည်း တုဝမ်သည် ချန်ပေါင် ထင်ထားသလို ဒေါသထွက်သွားခြင်း မရှိဘဲ ဇဝေဇဝါ အမူအရာဖြင့်သာ သူ့ဘက်သို့ လှည့်မေးလာခဲ့လေသည်။
“ငါလည်း သေချာ မကြားလိုက်ဘူး” ချန်ပေါင်း ခေါင်းခါလိုက်၏။
နှစ်ယောက်စလုံး ရှီခွန်၏ အော်သံကို ကြားလိုက်ကြသော်ငြား ဆေးလုံးအပေါ်တွင်သာ အာရုံစိုက်နေသည့် အတွက် သေချာ မကြားလိုက်ရချေ။
“သူတော်ဝင်သခင်နဲ့ ပက်သက်ပြီး တစ်ခုခု ပြောတာ ကြားလိုက်သလိုပဲ” တုဝမ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“တော်ဝင်သခင်လား” ချန်ပေါင် ကြောင်သွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီးနောက် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ထခုန်လျက် အော်မေးလိုက်လေသည် “တော်ဝင်သခင်လို့ မင်းပြောလိုက်တာလား”
ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် တော်ဝင်သခင် တစ်ယောက်သာ ရှိပြီး ထိုတော်ဝင်သခင်မှာ ရန်ကိုင် ဖြစ်ပေသည်။
ရန်ကိုင် ထွက်သွားကတည်းက တော်ဝင်သခင်ရာထူးမှာ လစ်လပ်နေခဲ့သည်။ သို့သော်လည်း ဘုံကိုးခုထွတ်မြတ် နယ်မြေသည် ရန်ကိုင်ကိုသာ သူတို့၏ တော်ဝင်သခင်အဖြစ် အမြဲတစေ မှတ်ယူထားခဲ့သည်။
“တော်ဝင်သခင် ပြန်လာပြီလို့ ရှီခွန်း ပြောလိုက်တာ ငါကြားလိုက်တယ်” တုဝမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“မင်းသေချာလား” ချန်ပေါင်က တုဝမ်ကို စိုက်ကြည့်၍ မေးလိုက်သည်။
“သိပ်တော့ မသေချာဘူး”
နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဆေးဖော်စပ်ခန်းထဲမှ ပြေးထွက်သွားကြလေသည်။ သို့သော် ဆေးဖော်စပ်ခန်းတံခါးကို ဖွင့်လိုက်ချိန် ပျာယာခတ်နေသော ဟဲဖုန်း၊ ဟုန်ဖန်းနှင့် ခုန်ရို့ယုတို့ကို တွေ့လိုက်ကြရလေသည်။ အကုန်လုံး သူတို့၏ ဆေးဖော်စပ်ခန်းထဲမှ ပြေးထွက်လာကြခြင်း ဖြစ်သည်။
“တစ္ဆေအိုကြီးတွေ၊ ဒီလူအိုကြီးကို စောင့်ဦးဟ” ချန်ပေါင်က နောက်ဆုံးနေရာမှ ဝတုတ်တုတ် သူ့ခန္ဓာကိုယ်ကြီးကို သယ်မရင်း လှမ်းအော်ပြောလိုက်သည်။ သို့သော်လည်း သူ့စကားကို မည်သူမှ ပြန်မဖြေကြ။ အကုန်လုံးသည် သူ့ထက်ငါ မြန်အောင်သာ သွားနေခဲ့ကြသည်။
တောင်ထွတ်ကိုးလုံး၏ တောင်တစ်ထောင်ပေါ်ရှိ လျှို့ဝှက်ခန်း တစ်ခန်းထဲတွင် နတ်ဆိုးချီများဖြင့် ပြည့်နေခဲ့သည်။
ထိုအခန်းထဲတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ဦးနှင့် အေးစက်စက် အမူအရာနှင့် အမျိုးသမီးနှစ်ဦး မျက်လုံးပိတ်လျက် တင်ပလင်ခွေထိုင် ကျင့်ကြံနေကြသည်။
ပထမတစ်ယောက်သည် သူတော်စင် တတိယအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ကျန်တစ်ဦးမှာတော့ သူတော်စင်ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။ နှစ်ယောက်စလုံးကို သိပ်သည်းလှသော နတ်ဆိုးချီတို့က ဝိုင်ရံနေခဲ့ကြလေသည်။
ရှီခွန်း၏ အသံကို ကြားလိုက်ချိန် အမျိုးသမီးနှစ်ဦးစလုံး အလိုလို မျက်လုံပွင့်လာခဲ့ကြသည်။ ကျော့ရှင်းသိမ်မွေ့ဟန်ရသည့် အမျိုးသမီးက သူ့အဖော်ဘက်သို့လှည့်၍ မျက်မှောင်ကြုတ်လျက် “ဟန်ဖေး၊ နင်ရှီခွန်း ပြောလိုက်တာ ကြားလိုက်လား… တော်ဝင်သခင် ပြန်လာပြီလို့ သူပြောလိုက်သလိုပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ အေးစက်စက် အမျိုးသမီး၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ သေချာစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
နှစ်ယောက်သား အကြည့်ချင်း ဆုံသွားပြီး ခဏကြာအောင် အပြန်အလှန် စိုက်ကြည့်နေပြီးနောက် နှစ်ဦးစလုံး သူတို့ လက်ရှိ ကျင့်ကြံနေသည် ပညာရပ်ကိုပင် ဂရုမစိုက်တော့ဘဲ ချက်ချင်း လျှို့ဝှက်ခန်းထဲမှ ပြေးထွက်သွားလေသည်။
ထိုကဲ့သို့ မြင်ကွင်းများ နေရာအနှံ့တွင် ဖြစ်ပျက်နေခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းမှ ယခုအချိန်အတွင်း လက်ရှိ အချိန်သည် တောင်ထွတ်ကိုးလုံးအတွက် အစည်ကားဆုံးအချိန် ဖြစ်ပေသည်။ လက်ရှိတွင် ထုန်းရွှမ်လောကကြီး၏ မရေမတွက်နိုင်သော ကျင့်ကြံသူများမှ လေးစားအားကျရသည့် ပညာရှင်များသည် သွေးဆူလွယ်သော လူငယ်လေးများအသွင်သို့ ပြောင်းလဲကုန်ကြလေသည်။
အကြီးအကဲချုပ် ရှုဟွေသည်လည်း ပြေးထွက်လာခဲ့သည်။ ရိုးရိုးလေး တံခါးဖွင့်ပြီး ထွက်လာခြင်းမဟုတ်ဘဲ နန်းတော်နံရံကို ဖျက်စီးပြီး တိုက်ရိုက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲယုယင်သည်လည်း ထိုအသံကို ကြားလိုက်ချိန် စိတ်မတည်မငြိမ် ဖြစ်သွားသဖြင့် စားပွဲပေါ်တွင် အလှတင်ထားသော ပန်းအိုးအချို့ကို သွားရိုက်ချမိလိုက်ရာ ပန်းအိုးအချို့ ကျကွဲသွားခဲ့ရလေသည်။
သူတော်စင်မ အန်လင်းအာသည်လည်း ရေချိုးကန်ထဲမှ အလျင်စလို ခုန်ထွက်လာပြီး ရေခြောက်အောင်ပင် မသုတ်တော့ဘဲ အဝတ်အစားကို ကပျာကယာကောက်ဝတ်၍ ပြေးထွက်လာခဲ့၏။
……
ထိုသတင်း မှန်မမှန် အကုန်လုံး သိချင်နေကြသည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်လုံးလုံး သူတို့ မမြင်ခဲ့ရသည့် လူငယ်လေး ရုပ်များ ပြောင်းသွားလေသလား သူတို့ သိချင်နေမိကြသည်။ ထို့ကြောင့် အသံကြားရာဆီသို့ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
အလင်းတန်းတစ်ခုပြီးတစ်ခု ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့ကြသည်။
ရန်ကိုင် မျက်နှာကို မြင်ပြီးနောက် အကုန်လုံး အံ့အားသင့်သွားကြ၏။ အချို့မှာ ပျော်သွားကြချိန် အချို့မှာတော့ တရှုံ့ရှုံ့နှင့် ငိုနေကြလေသည်။ လက်ရှိတွင် ရန်ကိုင်ရှေ့၌ သူတော်စင် ဆယ်ယောက်မက ရှိနေကြသည်။
ထိုအရေအတွက်သည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို အုပ်စိုးပစ်နိုင်သည်အထိ အားကောင်းပေသည်။ ထို့ကြောင့်ပဲ ဘုံးကိုးခုထွတ်မြတ်နယ်မြေသည် ထုန်းရွှမ်လောကကြီးတွင် အလွန် ကျော်ကြားလာခဲ့ရခြင်း ဖြစ်သည်။
ရင်းနှီးနေသည့် မျက်နှာများကို ဝေ့ကြည့်ပြီးနောက် ရန်ကိုင်ရင်ထဲ နွေးထွေးမိသွားသလို ဝမ်းလည်း ဝမ်းသာမိသည်။
နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြသော်လည်း သူ့မိတ်ဆွေများမှာ အကောင်းအတိုင်း ရှိနေကြဆဲပင်။ လောလောဆယ် ထို့ထက် ပိုကောင်းသည့် သတင်း မရှိတော့ချေ။
“တကယ်ကြီး တော်ဝင်သခင်ပဲ”
“တော်ဝင်သခင် ပြန်လာပြီ. တော်ဝင်သခင် တကယ် ပြန်လာပြီ”
လူအုပ်ထဲမှ စိတ်လှုပ်ရှားတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
“လက်အောက်ငယ်သား ရှုဟွေ၊ တော်ဝင်နယ်မြေရဲ့ အကြီးအကဲတွေနဲ့ အတူ တော်ဝင်သခင်ကို နှုန်ဆက်ပါတယ်။ ဂိုဏ်းဆီ ပြန်ရောက်လာတဲ့ တော်ဝင်သခင်အတွက် ဂုဏ်ယူပါတယ်” ရှုဟွေသည် စိတ်လှုပ်ရှားနေသော်လည်း သမားရိုးကျ နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်ရန် မမေ့ခဲ့ချေ။
အခြား တော်ဝင်အကြီးအကဲများလည်း အလျင်စလို နှုတ်ဆက်လိုက်ကြသည်။
“ဒါမျိုးတွေ လုပ်နေစရာ မလိုပါဘူးဗျာ။ ကျုပ်ဒီအတိုင်း အိမ်ပြန်လာတာလေးပဲကို” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။
“သခင်…” ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင်ဖြစ်သော လီရုန်သည် မျက်ရည်ရွဲလဲဖြင့် လှမ်းအော်ခေါ်လိုက်သည်။
သူမဘေးတွင် ရပ်နေသော ဟန်ဖေး၏ မျက်လုံးများမှာလည်း မို့အစ်နေခဲ့လေသည်။
ရန်ကိုင်၏ မျက်နှာကို ကြည့်ရင်း လီရုန်၏ နှလုံးသာ တုန်ရီသွားခဲ့ရသည်။
ရန်ကိုင် ထွက်မထွက်သွားစဉ်က လီရုန်သည် သူ့နောက်သို့လိုက်ပြီး သူ့ကို သူမအသက်နှင့် ကာကွယ်ပေးလိုကြောင်း ပြောခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် သူ့အနာဂတ်နှင့် ပက်သက်၍ပင် မသေချာသည့်အတွက် သူမကို မခေါ်သွားခဲ့ဘဲ သူတစ်ယောက်တည်းသာ ထွက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း လီရုန်မှာ နေ့စဉ်နှင့်အမျှ ရန်ကိုင်ကို စိတ်ပူနေခဲ့ရသည်။ ကြယ်စီရင်စုထဲ တစ်ယောက်တည်း ဖြစ်နေမည့် ရန်ကိုင်၏ အကြောင်းကို တွေးလိုက်တိုင်း သူမမှာ စားမဝင် အိပ်မပျော် ဖြစ်ရသည်။ ခေါင်းမာမာနှင့် သူမ၏ သခင်နောက် လိုက်မသွားမိသည့် အပေါ်ကိုလည်း နောင်တရနေမိသည်။
ယခု ရန်ကိုင် အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်လာသည့်အခါ သူမစိတ်ထဲ မပျော်ဘဲ ဘယ်နေမည်နည်း။ ပျော်လွန်းသဖြင့် ဝမ်းသာမျက်ရည်များပင် ကျလာခဲ့ရလေသည်။
“မငိုနဲ့လေ။ ဒီလို ပျော်စရာအချိန်မှာ ငိုတာ မကောင်းဘူး။ ကျုပ်ပြန်လာပြီပဲကို၊ မဟုတ်ဘူးလား” ရန်ကိုင်က ရယ်ရယ်မောမောနှင့် နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်ကဲ့” လီရုန်သည် သူမ၏ နှုတ်ခမ်းနီလေးများကို တွန့်ကွေး၍ ခေါင်းညိတ်လိုက်သည်။
“ကောင်လေး၊ မင်းပြန်လာပြီပေါ့ ဟုတ်လား” ထိုစဉ် ဘေးဘက်ဆီမှ အံ့အားသင့်နေသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်လည်း အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ပျံသန်းလာနေသော မန်ဝူရကို တွေ့လိုက်ရလေသည်။
မတွေ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်သည့်တိုင် မန်ဝူရမှာ အရင်အတိုင်းပင်။ ရိုးရှင်းသော အဝတ်အစာများကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွှေးနှင့် ဆံပင်တို့မှာလည်း ဗရပြစ် ဖြစ်နေသည်။ သူသာ လူအုပ်ထဲ လမ်းလျှောက်သွားလျှင် ညစ်ပတ်သည့် လူအိုကြီးတစ်ယောက် အထင်ခံရနိုင်ပြီး မည်သူမှ သူ့အား သူတော်စင်တတိယအဆင့် တစ်ယောက်ဟု ထင်ကြလိမ့်မည် မဟုတ်ချေ။
“ဘဏ္ဏာထိန်းမန်၊ ခင်ဗျားလည်း ဒီနှစ်အတောအတွင်း အဆင်ပြေတယ်မလား” ရန်ကိုင်က ပြုံးလျက် မေးလိုက်သည်။
“ပြေတာပေါ့။ ဘာလို့ မပြေရမှာလဲ။ မင်းကြည့်ရတာလည်း ကောင်းကောင်းနေ၊ ကောင်းကောင်းစားနေရတဲ့ပုံပဲ ကောင်လေး။ အခုမှပဲ ငါစိတ်အေးနိုင်တော့တယ်” မန်ဝူက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
မန်ဝူရသည် ရန်ကိုင်၏ တိုးတက်လာပုံ အဆင့်ဆင့်ကို မြင်တွေ့လာခဲ့ရသူ ဖြစ်သည်။ ကောင်းကင်စံအိမ်တွင် သရုပ်မှန်ကို ပုန်းကွယ်၍ နေစဉ်က ထောက်ပံ့ရေးခန်မတွင် ဘဏ္ဏာထိန်း တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်ကတည်းက ရန်ကိုင်ကို တွေ့ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူ့တပည့်မလေး ဖြစ်သော ရှနင်းချန်ကြောင့် ရန်ကိုင်နှင့် ပို၍ ရင်းနှီးလာခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရန်ကိုင် ပြန်လာသည်ကို မြင်လိုက်သည့်အခါ သူအမှန်တကယ်ကို ဝမ်းသာမိသွားခဲ့ခြင်း ဖြစ်သည်။ သူ့ရင်ထဲ အနှစ်နှစ်အလလ ခဲဆွဲသလို ဖြစ်နေသော ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချနိုင်လေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၄)
ရန်ကိုင် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်နေသည်ကို မြင်သော် မန်ဝူရသည် ရန်ကိုင် ဘာကိုရှာနေလဲ ဆိုသည်ကို နားလည်သည့်အလား အဓိပ္ပါယ်ပါပါ ပြုံးလျက် “နင်းချန်က ကျင့်စဉ်မှာ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေတော့ မင်းကို လာတွေ့လို့ အဆင်မပြေသေးဘူး။ ဒါပေမယ့် သူထွက်လာရင်တော့ မင်းကို ကျိန်းသေ လာတွေ့လိမ့်မယ်။ မင်းရဲ့ ဆရာဖိုးဖိုးကတော့ ဒီမှာမနေဘူး။ မင်တို့ ရန်မိသားစုဝင်တွေနဲ့ တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော် ရှိခဲ့တဲ့ နေရာမှာပဲ နေနေတယ်”
“အင်း၊ နောက်ကျရင် ကျုပ်သူတို့ကို သွားတွေ့လိုက်မယ်” ရန်ကိုင်က အသက်ပြင်းပြင်း ရှူသွင်းလျက် ပြောလိုက်သည်။
ယခင်က ဟန်မင်းဆက်မှ သူ့မိသားစုဝင်များနှင့် မိတ်ဆွေများကို ထုန်းရွှမ်လောကကြီးသို့ ခေါ်လာရန် စိတ်ကူးခဲ့ဖူးသည်။ သို့သော် တော်ဝင်နယ်မြေတွင် သူတို့အားလုံး နေရန်အတွက် နေရာ အလုံအလောက် မရှိသဖြင့် သူတို့ကို တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော် တည်ရှိခဲ့သည့် နေရာတွင်သာ နေစေခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဟန်မင်းဆက်မှ သူ့မိသားစုဝင်များနှင့် မိတ်ဆွေများသည်လည်း ထိုနေရာတွင် အခြေကျကုန်ကြလေပြီ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ကာကွယ်ပေးမှုကြောင့် သူတို့၏ ဘဝကြီးမှာ အတော်လေးကို ငြိမ်းချမ်းနေခဲ့သည်။
အသိအကျွမ်းများစွာနှင့် ပြန်တွေ့ရသည်မှာ တကယ်ကို ပျော်စရာ ကောင်းပေသည်။
တော်ဝင်သခင် ဂိုဏ်းသို့ ပြန်ရောက်လာခြင်းသည် ဘုံကိုးခု ထွတ်မြတ်နယ်မြေအတွက် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ကို ကြိုဆိုပြီးနောက်တွင် အကြီးအကဲချုပ် ရှုဟွေသည် စားပွဲသောက်ပွဲကြီးတစ်ခု ပြင်ဆင်ပေးရန် အားလုံးကို အမိန့်ပေးလိုက်လေသည်။
လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင် မည်သည့် နေရာသို့ ရောက်နေသလဲ၊ ဘာလုပ်နေခဲ့သလဲ ဆိုသည်ကို မည်သူမှ မမေးကြချေ။ ရန်ကိုင် ပြန်ရောက်လာသည်နှင့်ပင် သူတို့ ပျော်နေလေပြီ။
စားသောက်ပွဲကြီးတစ်ခုလုံး ခွက်မြှောက် ဂုဏ်ပြုသံများ၊ စကားပြောသံများဖြင့် ဆူညံနေခဲ့သည်။
ယနေ့ညသည် အကုန်လုံးအတွက် အအိပ်ပျက်ရမည့် ညတစ်ည ဖြစ်ပေတော့မည်။
စားသောက်ပွဲသည် နေဝင်ချိန်တွင် စတင်ခဲ့သော်ငြား မနက်မိုးလင်းသည့်တိုင် မပြီးသေးချေ။
သောက်ပါများလွန်းသဖြင့် အကုန်လုံးမှာ မူးဝေနေကြပြီ ဖြစ်သော်ငြား ရှုဟွေကမူ အကောင်းအတိုင်း ရှိနေသေးသည်။
အချိန်တစ်ခုသို့ အရောက်တွင် ရန်ကိုင်က ရှုဟွေကို လှမ်းခေါ်လိုက်သည်။
“တော်ဝင်သခင် ဘာများ အမိန့်ပေးစရာ ရှိလို့လဲ” ရှုဟွေက လေးလေးစားစားဖြင့် မေးလိုက်သည်။
“ဟူညီအစ်မနှစ်ယောက် အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်သည် နေထွက်လာသည်ကို ကြည့်နေရင်း မေးလိုက်သည်။
“ဟူညီအစ်မနှစ်ယောက်၊ ဒီနှစ်တွေအတွင်း အဆင်ပြေပြေနဲ့ ရှိနေပါတယ် တော်ဝင်သခင်။ ဝူဖ၊ ဝူထျန်းတို့ရဲ့ လက်အောက်မှာ ညီအစ်မနှစ်ယောက်စလုံး ကြိုးကြိုးစား လေ့ကျင့်နေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နှစ်ယောက်စလုံး သူတော်စင် အဆင့်ကို ချိုးဖျက်သွားလို့ ထုန်းရွှမ်လောကကြီးရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေတောင် ဖြစ်လာခဲ့ပါသေးတယ်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ထိုညီအစ်မနှစ်ယောက် ထုန်းရွှမ်လောကကြီးတွင် ကျင့်ကြံနေရသည့် အတွက်ကြောင့်သာ ထိုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်ပြီး အခြားတစ်နေရာသို့သာ ရောက်နေမည်ဆိုပါက ယခုထက် ပို၍ တိုးတက်နေပေလိမ့်မည်။
သူတို့သာ အခြားကြယ်တစ်လုံးတွင်ဆိုပါက ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုန်ကဲ့သို့သော လူငယ်များနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
“ဟူကျောင်းနဲ့ ဟူမေးအာကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ လာဖို့ သတင်းသွားပို့လိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
“အခုပဲ သွားလိုက်ပါမယ်” ထို့နောက် ရှုဟွေက ဆက်၍ ပြောလိုက်သည် “တော်ဝင်သခင် ပြန်လာတဲ့သတင်းသာ ကြားရင် သွားမဖိတ်ခေါ်ရင်တောင် သူတို့ဘာသာ အပြေးလာကြမှာ”
ရန်ကိုင်က စောင်းငဲ့ကြည့်လိုက်ရာ ရှုဟွေ ခြောက်ကပ်ကပ် ပြုံးမိသွားလေသည်။
“မွန်းစတားမျိုးနွယ်စုက စီနီယာကြီးတွေကိုပါ ဘုံကိုးခုထွတ်မြတ် နယ်မြေဆီလာဖို့ သတင်းပို့လိုက်။ ကျုပ်သူတို့နဲ့ ဆွေးနွေးချင်တာ ရှိတယ်”
“ဟုတ်ကဲ့။ လက်အောက်ငယ်သား တော်ဝင်သခင်ရဲ့ အမိန့်အတိုင်း ချက်ချင်း လုပ်လိုက်ပါမယ်။ တော်ဝင်သခင် အခြား ညွှန်ကြားချင်တာများ ထပ်ရှိသေးလား”
“မရှိတော့ဘူး။ အခု သွားလို့ရပြီ”
ရှုဟွေ ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားလေသည်။
ရှုပ်ပွနေသော နန်းတော်ကြီးကို ကြည့်ရင်း ရန်ကိုင် မဲ့ပြုံးပြုံးလိုက်ပြီး ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အခြား တစ်နေရာဆီသို့ ပျောက်ကွယ်သွားလေသည်။
သူသွားသည့် နေရာသည် သူ့စီနီယာမမလေး၏ အခန်းမှလွဲ၍ အခြားမဟုတ်ချေ။ သူ့စီနီယာမမလေး တံခါးပိတ်ကျင့်ကြံနေသည့် အခန်းအပြင်ဘက်တွင် ရပ်လျက် ရန်ကိုင်သည် ရှနင်းချန်၏ ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ကြည့်မိလိုက်သည်။
ရှနင်းချန် မည်သည့်အရာကို ကျင့်ကြံနေလဲ သူမသိသော်လည်း သူမအား သွားမနှောင့်ယှတ်ချင်သည့်အတွက် အပြင်ဘက်တွင် ရပ်လျက်သာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်၏။
သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် ရှနင်းချန် မသိအောင် သူမအား စစ်ဆေးကြည့်နိုင်ပေသည်။
သူ့စီနီယာမမလေး အဆင်ပြေပြေ ရှိနေသလား ဆိုသည်ကိုသာ သိချင်မိခြင်း ဖြစ်သည်။ သို့သော်လည်း ရှနင်းချန်ကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးမိလိုက်သည့်အခိုက် ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့ပြီး အံ့လည်း အံ့ဩသွားခဲ့လေသည်။
ရှနင်းချန်သည်… သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ တကယ်ကြီး ရောက်နေခဲ့သည်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ရန်ကိုင် လုံးဝကို မှင်သက်နေသည်။
သူများ အထင်မှားသွားသလားဟု တွေးလျက် နောက်တစ်ကြိမ် သေချာအောင် ထပ်စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူမည်သို့ပင် စစ်ဆေးစေကာမူ ရှနင်းချန်၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ဒုတိယအဆင့်တွင်သာ ရှိနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းသည် ရှနင်းချန်ထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်သော်လည်း ထိုကဲ့သို့ မြင်မားနေရခြင်းမှာ လွန်ခဲ့သော နှစ်များအတွင်း သူသည် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသော ကြယ်ပေါ်တွင် ရောက်ရှိနေခဲ့ပြီး အခွင့်အလမ်း အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့် အတွက်ကြောင့် ဖြစ်သည်။
သူ့စီနီယာမမလေး၏ ပါရမီသည် အလွန်ကိုမှ မြင့်မားသည် ဆိုလျှင်ပင် သူမသည် မိုးမြေစွမ်းအင် အလွန်ကျဲပါးသော ထုန်းရွှမ်လောကကြီးတွင် တည်ရှိနေခြင်း ဖြစ်သည်။ ဤနေရာတွင် နေပြီး ကျင့်ကြံရုံဖြင့် သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ မည်သို့မှ ရောက်စရာ အကြောင်းမရှိချေ။
သူမ၏ လက်ရှိခွန်အားသည် ထုန်းရွှမ်လောကကြီး၏ အထွဋ်အထိပ်၌ တည်ရှိနေပြီဟု ပြော၍ရသည်။ သူမသာ ဆန္ဒရှိလျှင် သူမ၏ ခွန်အားဖြင့် ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို သူမ လက်အောက်သို့ သိမ်းသွင်းပစ်နိုင်ပေသည်။
အတိတ်တွင် မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင် ပထမအဆင့်သို့ ရောက်ခဲ့သည်။ သို့သော် သူ့စီနီယာမမလေးမှာမူ သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နိုင်ခဲ့ပေသည်။
သို့ရာတွင် ထိုအဆင့်သို့ ရောက်အောင် သူမ မည်ကဲ့သို့ ကျင့်ကြံခဲ့သနည်း။
ရန်ကိုင် ထိတ်လန့်သွားခဲ့သလို နားမလည်နိုင်အောင်လည်း ဖြစ်သွားခဲ့သည်။
ထိုသို့ဖြင့် ရန်ကိုင်သည် ရှနင်းချန်၏ အခြေအနေကို သေချာ ထပ်မံ စစ်ဆေးကြည့်တော့လေသည်။
သို့သော်လည်း ထိုစဉ် ရှနင်းချန်၏ ကိုယ်တွင်းရှိ သူတော်စင်ချီသည် ရုတ်တရက် ကမောက်မက ဖြစ်သွားခဲ့လေသည်။ ရှနင်းချန် တစ်ချက် ညည်းလိုက်မိပြီး သူမ မျက်နှာဟာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့လေသည်။
“ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားတာလား” ရန်ကိုင် မျက်နှာသွားပြီး ချက်ချင်း ရှနင်းချန်ဘေးသို့ ပြေးသွားလေ၏။
ထို့နောက် သူ့လက်ကို သူမ၏ ကျောပေါ်ကပ်လျက် သူ့သူတော်စင်ချီကို သူမ၏ ကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားခြင်းသည် အလွန်ကိုမှ အန္တရာယ်များသည့် ကိစ္စတစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သာ သူတော်စင်ဘုရင် အဆင့်တွင် ရှိနေလျှင် သူမအား ဘာအကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သူတော်စင်ဘုရင်အဆင့် ခွန်အားဖြင့် သူမအား သွားကူညီခြင်းသည် သူမ၏ အခြေအနေကို ပိုမို ဆိုးရွားသွားအောင် လုပ်သလိုသာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း လက်ရှိ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ရှနင်းချန်၏ ကျင့်ကြံခြင်းထက် အဆင့်ကြီးတစ်ဆင့်ပင် ပိုမြင့်နေသည့်အတွက် သူမအား ကူညီပေးဖို့ရာ ပြဿနာ မရှိချေ။
ရန်ကိုင်၏ အကူအညီဖြင့် ရှနင်းချန်၏ ကိုယ်တွင်းရှိ သူတော်စင်ချီတို့ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့၏။ သူမ မျက်နှာထက်ရှိ နာကျင်နေသည့် အမူအရာသည်လည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့လေသည်။
ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။
ကမောက်ကမ ဖြစ်နေသော သူတော်စင်ချီတို့ တည်ငြိမ်သွားပြီးနောက် ရှနင်းချန်၏ မျက်တောင်လေးများ လှုပ်ခတ်လှုပ်ခတ် ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ မျက်လုံးလေးများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။
မျက်လုံးပွင့်လာပြီးနောက် သူမ ဘေးနားရှိ မြင်ကွင်းကို ကြောင်ပြီး ကြည့်နေမိတော့လေသည်။
ထို့နောက် ချိုသာစွာပြုံးလျက် သူမ၏ လက်သွယ်သွယ်လေးဖြင့် ရန်ကိုင်၏ ပါးလေးကို ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်၏ “ဂျူနီယာမောင်လေးကို အိမ်မက်ထဲမှာပဲ မြင်ရတော့တယ်။ အိမ်မက်တွေက အကြာကြီးဖြစ်ရင် ဘယ်လောက် ကောင်းမလဲ။ ဒီအိမ်မက်ထဲမှာပဲ ဂျူနီယာမောင်လေးနဲ့ အတူတူ အမြဲတမ်း နေလိုက်ချင်တော့တယ်”
သူမ အိမ်မက်မက်နေသည်ဟု ထင်နေခြင်းပင်။
ရှနင်းချန်ကိုကြည့်ရင်း ရန်ကိုင်ရင်ထဲ နာကျင်မိသွားသည်။ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်လည်း မည်သည့် စကားမှ ထွက်မလာခဲ့ချေ။
ယခုက သွေးဆူလွယ်လွယ်ဖြင့် ထုန်းရွှမ်လောကကြီးမှ ထွက်သွားခဲ့သည်။ သူ့ရည်ရွယ်ချက်သည် စုယန်ကို ရှာရန်အတွက် ဖြစ်သော်လည်း သူ့လုပ်ရပ်ကြောင့် ရှနင်းချန် မည်မျှပင် နာကျင်ခဲ့ရမည်နည်း။
သူမရင်ထဲ နာကျင်နေရသည့်တိုင် သူ့အား နည်းနည်းလေးမှ တားဆီရန် မကြိုးစားခဲ့ဘဲ အားပေးပြီးတော့ပင် ထောက်ခံ့ခဲ့၏။
စုယန်ကို ရှာပြီး အိမ်ပြန်ခေါ်လာဖို့ကိုပင် အပြုံးလေးဖြင့် ပြောခဲ့သည်။
နှစ်သုံးဆယ်ကျော် ကြာသွားခဲ့သော်လည်း စုယန်ကို ရှာမတွေ့ခဲ့ဘဲ သူ့စီနီယာမမလေးကိုသာ တစ်ကိုယ်တည်း အထီးကျန်ရစ်စွာ နေရစ်မိစေခဲ့သည်။
သူ့လုပ်ရပ်ကြောင့် ရိုးသားအပြစ်ကင်းသော သူ့စီနီယာမမလေး နာကျင်နေရသည်ကို ကြည့်ရင်း ရန်ကိုင်ရင်ထဲ အပြစ်မကင်းသလို ခံစားမိသလို သူ့ကိုယ်သူလည်း ရှက်မိသည်။
“နားနေလိုက်၊ အခုကစပြီး အားလုံး အဆင်ပြေသွားလိမ့်မယ်” ရန်ကိုင်က ရှနင်းချန်ကို ပွေ့ဖက်လိုက်ပြီး သူမ၏ ကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းပေးလိုက်ရာ ရှနင်းချန် တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။
ရှနင်းချန်းသည် အိပ်ချင်စိတ်ကို တောင့်ခံရင်း သူမရှေ့ရှိ လူကိုသာ ဆက်ကြည့်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံး အိပ်ချင်စိတ်ကို မတွန်းလှန်နိုင်တော့သည့်အဆုံး သူမ၏ မျက်ခွံလေးများ တဖြည်းဖြည်း လေးလံလာပြီး အိပ်စက်သွားလေတော့သည်။
ရန်ကိုင်သည် ရှနင်းချန်အား အလွန်ကိုမှ သိမ်မွေ့သည့် အကြည့်ဖြင့် ပြုံးလျက် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမအား အသာအယာ ပွေ့ဖက်လျက် သူ့ကောင်းကင်စိတ်အာရုံဖြင့် ရှနင်းချန်၏ ခန္ဓာကိုယ်ထဲရှိ တစ်နေရာကို ချိန်လိုက်သည်။
သူ့မျက်နှာ ရုတ်ချည်း ခက်ထန်လာခဲ့ပြီး အော်လိုက်လေ၏ “ထွက်လာစမ်း”
တစ်ချိန်တည်းတွင် သူ့လက်ဖြင့် ရှနင်းချန်၏ ဝမ်ဗိုက်ကို ဖိ၍ သူတော်စင်ချီကို သူမကိုယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
ပြီးသည်နှင့် သူမ၏ ကိုယ်ထဲမှ မီးခိုရောင် စွမ်းအင်စုလေး တစ်ခုကို ဆွဲထုတ်ယူလိုက်လေသည်။
ထိုမီးခိုရောင်အလုံးလေသည် ရှနင်းချန်၏ ကိုယ်ထဲမှ အပြင်သို့ ရောက်သည်နှင့် အသိစိတ်ရှိနေသည့်နှယ် စူးစူးဝါးဝါး အော်ဟစ်ရင်း အတင်းရုန်းကာ ရန်ကိုင်၏ လက်ထဲမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားလေသည်။
ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူတော်စင်ချီ ပမာဏကို ထပ်တိုးမြှင့်တင်လိုက်သည်။ တစ်ချိန်တည်းတွင် ရွှေရောင်သွေးမျှင်များ ထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းကာ မီးခိုးရောင်စွမ်းအင်လုံးကို ချုပ်နှောင်ရန် ကြိုးစားလိုက်၏။
ရန်ကိုင်သည် ထိုမီးခိုရောင်စွမ်းအင်လုံးလေးကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လေသည်။
ရှနင်းချန်၏ သွေးကြောများကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရင် ဤမီးခိုရောင်ချီသည် သူမ၏ ခန္ဓာကိုယ်ထဲ၌ ပုန်းအောင်းနေသည်ကို အမှတ်မထင် တွေ့ရှိခဲ့ရသည်။
သို့သော် ချက်ချင်း မလှုပ်ရှားသေးဘဲ သူ့စီနီယာမမလေးကို အရင် အိပ်ငွေ့ချလိုက်သည်။ ပြီးမှသာ လှုပ်ရှားခဲ့၏။
ရှနင်းချန်၏ ကျင့်ကြံခြင်း သွေဖယ်သွားရခြင်းမှာ ဤမီးခိုရောင် စွမ်းအင်လုံးကြောင့် ဟုတ်မဟုတ် ဆိုသည်ကို သူမသိသော်ငြား ဤအရာသည် သူမကိုယ်တိုင် ကျင့်ကြံယူထားသည့် အရာတစ်ခု မဟုတ်သည်မှာတော့ သေချာပေသည်။ ရန်ကိုင် နားမလည်သည်ကား ဤအရာသည် သူမ၏ ကိုယ်ပေါ်တွင် ဘာကြောင့် တွယ်ကပ်နေသလဲ ဆိုသည်ကိုပင်။
ဝိဥာဉ်တစ်ခုလည်း မဟုတ်ချေ။ ဝိဥာဉ် တစ်ခုခုသာ ဆိုလျှင် ရှနင်းချန်၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် ကြိုးစားပေလိမ့်မည်။
ဒါဆို ဒါဘာကြီးလဲ ရန်ကိုင် မျက်မှောင်ကြီးကြုတ်လျက် အတွေး နက်သွားခဲ့သည်။
မီးခိုးရောင်အလုံးလေးသည် ရွှေရောင်ပိုက်ကွန်ကြီးကို အဆက်မပြတ် ဝင်ဝင်တိုက်နေကာ ထိုထဲမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း ထိုအရာ မည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင် ဖန်တီးထားသည့် ပိုက်ကွန်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရုတ်တရက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့၏။
မီးခိုရောင်အလုံးလေးထဲတွင် ရှနင်းချန်၏ ဝိဥာဉ်စွမ်းအင် အမှတ်အသားကို သူအာရုံခံမိလိုက်သည်။
ဆိုလိုသည်ကား ရှနင်းချန်သည် ထိုအရာ၏ တည်ရှိမှုကို သိထားပြီး ထိုအရာကို သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအရာသည် ကောင်းသည့်အရာ မဟုတ်ချေ။ ဤမီးခိုရောင်အလုံးလေးနှင့် ရှနင်းချန်ကြားတွင် မမြင်နိုင်သော ဆက်သွယ်မှုတစ်ခုခု ရှိနေခဲ့သည်။ ထိုအချက်ကြောင့်ပဲ သူ့စီနီယာမမလေး၏ အသက်စွမ်းအင် အရှိန်အဝါသည်လည်း မီးခိုးရောင်ဘက်သို့ သန်းနေခဲ့ရလေသည်။
ထိုအချက်ကို ရှာတွေ့လိုက်သည့်နောက်တွင် ရန်ကိုင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားလေသည်။
သူ့အထင်သာ မမှားလျှင် ဤမီးခိုးရောင်စွမ်းအင်လုံးလေးနှင့် ရှနင်းချန်ကြားတွင် အသက်ဆက်သွယ်ချက် တစ်ခု ရှိနေပေလိမ့်မည်။ ဆိုလိုသည်ကား တစ်ယောက် ထိခိုက်သွားလျှင် အခြား တစ်ယောက်လည်း ထိခိုက်ရပေလိမ့်မည်။ တစ်ယောက် တိုးတက်သွားလျှင် အခြားတစ်ယောက်လည်း အလိုလို တိုးတက်လာပေလိမ့်မည်။ သူသာ ထိုအရာကို ဖျက်စီးလိုက်လျှင် သူ့စီနီယာမမလေးလည်း သေသွားရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၅)
ထိုမီးခိုးရောင်အရှိန်အဝါသည် အလွန်ကိုမှ မသက်မသာ ဖြစ်စရာ ကောင်းလှပြီး သေခါနီး အဖိုးကြီးတစ်ယောက် ကဲ့သို့သော အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။
ထိုကဲ့သို့သော အရာမျိုးနှင့် သေခြင်းရှင်ခြင်း ဆက်သွယ်ချက် ရှိနေသော ရှနင်းချန်အဖို့ သူမ၏ နောင်ရေး မည်ကဲ့သို့ ကောင်းမွန်နိုင်မည်နည်း။
ရန်ကိုင် ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားလေသည်။
ဤမီးခိုရောင်စွမ်းအင်စုကို သူ့စီနီယာမမလေးဆီမှ ဖယ်ထုတ်ချင်သည် ဆိုလျှင်ပင် ထိုအရာအကြောင်းကို သေချာ နားမလည်သေးသည့်အတွက် လုပ်ချင်တိုင်း လုပ်လိုက်၍ မဖြစ်ချေ။
ထိုမီးခိုရောင်စွမ်းအင်စုကို သူလုံးဝ နားမလည်နိုင်သလို ခံစားရ၏။ ထိုအရာကို စမ်းသပ်လေ့လာကြည့်လိုက်သည့်အခါ သူ့နှလုံးသား တွင်းရှိ တစ်ခုခုကို နားလည်သွားတော့မည်ဟု ခံစားရခဲ့သော်ငြား တကယ်တမ်း ဘာကိုမှ နားမလည်သွားခဲ့ချေ။
ထပ်မံ စစ်ဆေးကြည့်လိုက်သည့်တိုင် ဘာမှမထူးခဲ့ချေ။
ဤကဲ့သို့သော နေရာမျိုးတွင် နေသော်လည်း ရှနင်းချန် အနေဖြင့် သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းမှာ ထိုစွမ်းအင် အစုအဝေးလေးနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေပေလိမ့်မည်။
ထိုအရာလေးဆီမှ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် လိုအပ်သော စွမ်းအင်၊ သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အပေါ် ထိုးထွင်း သိမြင်နားလည်မှုတို့ကို ရရှိခဲ့ခြင်း ဖြစ်လောက်သည်။
သို့သော်လည်း ထိုအရာသည် သူမအတွက် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား ဆိုသည်ကိုမူ ရန်ကိုင် မသိပေ။
ရန်ကိုင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်တွင် မီးခိုရောင် စွမ်းအင်စုသည် ပို၍ ပြင်းပြင်းထန်ထန် ရုန်းကန်လာခဲ့သည်။ သို့သော် ယခင်ကကဲ့သို့ အကျိုးမဲ့ ရုန်းကန်မှုမျိုး လုပ်မနေတော့ဘဲ သန်းပေါင်းများစွာသော မီးခိုးရောင် အမှုန်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပိုက်ကွန်၏ အပေါက်များကြားမှ အပြင်သို့ လျှောထွက်သွားခဲ့လေသည်။
ရန်ကိုင် မတုန့်ပြန်နိုင်သေးခင်မှာပင် ထိုအမှုန်လေးများသည် မြေကြီးထဲသို့ အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်ဖြင့် တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း ထိုအရာကို ဘယ်လိုမှဆက်၍ အာရုံခံမရတော့ချေ။
ရန်ကိုင် မျက်မှောင်ကြီးကြုတ်လျက် အတွေးနက်သွားခဲ့သည်။
သူသိချင်နေသည့် အဖြေကို သိရဖို့ရာ သူ့စီနီယာမမလေး နိုးလာမည့်အချိန်ကို စောင့်ပြီး မေးရတော့မည့်ပုံပင်။
ထိုအရာ ဘာဖြစ်သလဲ ဆိုသည်နှင့် ပက်သက်၍ သူ့စိတ်ထဲ တွေးထားပြီးသား ရှိသော်ငြား အတည်ပြုရန် လိုနေသေးသည်။
ငြိမ်းချမ်းစွာ အိပ်စက်နေသော သူ့စီနီယာမမလေးကို ကြည့်ရင်း ရန်ကိုင်သည် သူမအား ခါးမချီလျက် ကုတင်ပေါ် ချပေးလိုက်၏။ ထို့နောက် သူမ၏ နဖူးကိုတစ်ချက်နမ်းကာ မျက်နှာပေါ် ဝဲကနေသော ဆံပင်အား ဘေးသို့ သပ်ချပေးပြီးနောက် ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။
ခဏအကြာတွင် ဘုံကိုးခုထွတ်မြတ်နန်းတော်မှ မိုင်တစ်ထောင်ခန့် ဝေးကွာသော တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် ပိုင်မြေအထက်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။
လေထဲတွင်ရပ်လျက် ရှိနေသော ရန်ကိုင်ဆီမှ ကောင်းကင် စိတ်အာရုံလှိုင်းလုံးတို့ အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့သည်။
ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါများသည် ညအချိန် လင်းလက် တောက်ပနေသော ကြယ်များနှယ် သူ့စစ်ဆေးမှုအောက်တွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့လေသည်။
ထို့နောက် အပြုံးကြီးပြုံးလျက် ကောင်းကင်စိတ်အာရုံဖြင့် ထိုလူအားလုံးကို ‘ငါပြန်လာပြီ’ဟူသော သတင်း ပို့ပေးလိုက်၏။
တော်ဝင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်မျိုး ဤနေရာတွင် ထပ်ဖြစ်လာခဲ့လေသည်။
ယခင်က ဆူပူလှုပ်ရှားခြင်း သိပ်မရှိသော တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော်နယ်မြေကြီး တစ်ခုလုံးဆီမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု လေထဲသို့ ပျံဝဲတက်လာခဲ့သည်။
လမ်းတစ်ဝက်တွင် တွေ့သူများကြသည် တစ်ယောက်ကို တစ်ယောက် သူတို့ ကြားလိုက်ရသည့် သတင်းအကြောင်း မေးကြည့်ကြသည်။ အမှန် ဟုတ်မဟုတ် သိချင်နေကြခြင်းပင်။
လေထဲသို့ ရောက်လာပြီး ရန်ကိုင် ရပ်နေသည်ကို မြင်လိုက်သည့် အခါမှပဲ သူတို့ ကြားလိုက်ရသည့် သတင်းကို ယုံနိုင်တော့သည်။
တဖုန်း၊ တန်ယုရှန်း၊ ချူကောင်းရီ၊ ရင်းကျု… အမွေခံတိုက်ပွဲ၌ ရန်ကိုင်နှင့် ရင်ဘောင်တန်း တိုက်ခိုက်ခဲ့သော သွေးစစ်သည်တော် အားလုံးသည် ရန်ကိုင်အား မြင်လိုက်သည်နှင့် အလွန်ကိုမှ စိတ်လှုပ်ရှားသွားကြပြီး သခင်လေးဟု ခေါ်လျက် လေးနက်စွာ ဦးညွှတ်လိုက်ကြလေသည်။
ရန်မိသားစု၏ ပထမသခင်လေး ရန်ဝေ၊ ဒုတိယသခင်လေး ရန်ကျောင်း၊ တတိယသခင်လေး ရန်တျယ်၊ စတုတ္တသခင်လေး ရန်ရှင်းဝူ… ညီအစ်ကိုအားလုံးသည်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံးအကြိမ် ပွေ့ဆက်နှုတ်ဆက်ခဲ့ကြသည်။
“ဟားဟား၊ ခွေးသားလေး၊ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။ ငါသေတဲ့အထိ မင်းပြန်မလာတော့ဘူးလို့ ငါထင်နေတာ” ဟော့မိသားစု ခေါင်းဆောင် ဟော့ရှင်းချန်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဗဟိုမြို့တော်၏ နာမည်ကျော် သခင်လေးသည် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်လာခဲ့လေပြီ။ အသက်ကြီးလာသည်ဟု မပြောဘဲ ရင့်ကျက်သွားသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ဟော့ရှင်းချန် ဘေးတွင်မူ မျက်ရည်ရွဲလဲဖြင့် ချူရီမန်သည် သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ ရပ်နေခဲ့သည်။
“အစ်ကိုဟော့၊ အစ်မချူ” ရန်ကိုင်က ထိုနှစ်ယောက်ကို ပြန်၍ နှုတ်ဆက်လိုက်သည်။
ဟော့ရှင်းချန်သည် ရယ်သွမ်းသွေးလိုက်ပြီး သူ့ဘေးနား၌ ရပ်နေသော ချူရီမန်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ရန်ကိုင် ချူရီမန်အား နှုန်ဆက်သွားသည့်ပုံကို သူသတိပြုမိလိုက်၏။ ရန်ကိုင်သည် သူမအား အစ်မချူဟုသာ သုံးနှုန်းသွားခဲ့သည်။
တုန်ချင်းဟန်နှင့် တုန်ချင်းယန်တို့လည်း ရောက်လာခဲ့လေသည်။
ရန်ကိုင်သည် သူ့ဆီသို့ အပြေးလာနေသော အလင်းတန်း သုံးခုကိုလည်း သတိပြုမိလိုက်သည်။
ထိုအလင်းတန်း သုံးခု ပျောက်ကွယ်သွားချိန်၊ လူသုံးယောက် ပေါ်လာခဲ့လေသည်။
တစ်ယောက်သည် သူ၏ ဆရာဖိုးဖိုးဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ သူ၏ မိဘများ ဖြစ်ကြသည်။
ရန်ကိုင်က အသာအယာ ဦးညွှတ်၍ “ဆရာဖိုးဖိုး”
လင်းတိုင်ရှုကလည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး ရယ်မောလျက် “ကောင်းတယ်၊ ကောင်းတယ်၊ မင်းပြန်လာတာ ကောင်းတယ်”
“အဖေ၊ အမေ” ရန်ကိုင်သည် လင်းတိုင်ရှုနောက်တွင် ရပ်နေသော လူနှစ်ဦးဘက်သို့လှည့်၍ ဦးညွှတ်လိုက်သည်။
ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးသည် စိတ်ဓါတ် ခိုင်မာသော ယောကျာ်းတစ်ဦး ဖြစ်သော်လည်း မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ့သားနှင့် ပြန်တွေ့ချိန် ဘာစကားမှ သေချာ ပြောမထွက်နိုင်တော့ဘဲ မျက်လုံးကို လက်ဖြင့် ပွတ်၍သာ “မင်းအမေ… မင်းကို အရမ်း လွမ်းနေတာ”
ပြောနေစရာပင် မလိုတော့ချေ။ ရောက်သည်နှင့် တုန်စုကျုသည် ရန်ကိုင်အား ပြေးဖက်ပြီး အငိုသန်သော ကောင်မလေး တစ်ယောက်နှယ် အဆက်မပြတ် ငိုကြွေးနေတော့လေသည်။
သူ့အမေပုံစံကို ကြည့်ရင်း ရန်ကိုင် ပြုံးရုံသာပြုံးနိုင်တော့သည်။
နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူ့အမေ၏ ဤကလေးဆန်သော အပြုအမူသည် နည်းနည်းလေးမှ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။
“ဒါနဲ့ မင်းကျင့်ကြံခြင်း ဘယ်အဆင့် ရောက်သွားတာလဲ။ ငါဘာလို့ မင်းဆီကနေ ဘာမှ အာရုံခံလို့ မရတော့တာလဲ” ဟော့ရှင်းချန်းသည် ရန်ကိုင်ဆီသို့ လျှောက်သွားပြီး သူ့အား ဝိုင်းကြီးပတ်ပတ် ပတ်လျက် အတွေးနက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
အကုန်လုံး အံ့ဩသွားပြီး သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်အား စစ်ဆေးကြည့်လိုက်သည်။
သို့သော် ဘာမှမထူးခဲ့။ သူတို့ ထုတ်လွှတ်လိုက်သည့် ကောင်းကင်စိတ်အာရုံ အားလုံးသည် ပင်လယ်ထဲသို့ ကျသွားပြီး မည်သည့် လှိုင်းကြပ်ခွပ်ကိုမှ ဖန်တီးနိုင်ခြင်း မရှိသည့် ကျောက်တုံးလေး တစ်တုံးကဲ့သို့သာ ဖြစ်သွားခဲ့ရသည်။
“တန်ခိုးရှင်အဆင့်လေ” ရန်ကိုင်က တုန်စုကျုကို လွှတ်ပေးလိုက်ပြီး သူမအ၏ ပခုံးကို ပုတ်ရင်း နှစ်သိမ့်ပေးလိုက်၏။ သူ့လက်ရှိ ကျင့်ကြံခြင်းကို ထိုလူများအား မည်ကဲ့သို့ ရှင်းပြရန်မှန်း မသိသည့်အတွက် အရိုးရှင်းဆုံး နည်းလမ်းဖြင့်သာ ပြောလိုက်၏ “သူတော်စင်အဆင့်ထက် အဆင့်ကြီးနှစ်ဆင့် ပိုမြင့်တဲ့ အဆင့်”
သက်ပြင်းရှိုက်သံများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
သူတော်စင်အဆင့်သည် ထုန်းရွှမ်လောကကြီး၏ အထွဋ်အထိပ် အဆင့် ဖြစ်သည်။ သူတော်စင်အဆင့်အထက်၌ ရှိနေသော သူတော်စင်ဘုရင် အဆင့်ကိုမူ နှစ်ပေါင်းများစွာအတွင်း မဟာနတ်ဆိုး နတ်ဘုရား တစ်ယောက်သာ ရောက်ရှိနိုင်ခဲ့သည်။
သို့သော်လည်း ရန်ကိုင်သည် ထိုဒဏ္ဏာရီ အဆင့်ကို ဖြတ်ကျော်၍ သိုင်းတာအိုလမ်းစဉ်တွင် ပိုမို မြင့်မားသော နောက်တစ်ဆင့်သို့ ခြေချလိုက်နိုင်ခဲ့လေပြီ။
ချူရီမန်၏ မျက်ဝန်းလေးများ မှိန်ကျသွားခဲ့ပြီး သူမရင်ထဲ အလွန်ကိုမှ ခါးသက်စွာ ခံစားလိုက်ရသည်။
သူမနှင့် ရန်ကိုင်ကား မြစ်ချောင်းတောင်အသွယ်သွယ်များစွာ စီးခြားသွားသလို ခံစားလိုက်ရသည်။ ရန်ကိုင်သည် တိမ်ယံထက်၌ ရပ်နေသော်လည်း သူမမှာမူ တောင်အောက်တွင်သာ ရှိနေသေးပြီး သူရှိနေသည့် နေရာသို့ မရောက်ရှိနိုင် ဖြစ်နေခဲ့သည်။
ဟော့ရှင်းချန်သည်လည်း ချူရီမန်ကို ကြည့်ရင်း သူမအား မည်ကဲ့သို့ နှစ်သိမ့်ပေးရမှန်း မသိသည့်အတွက် ခြောက်ကပ်ကပ်သာ ပြုံးလိုက်လေသည်။
ချူမိသားစု၏ ခေါင်းဆောင်ဖြစ်သော သူမသည် ပါရမီကောင်း၏။ ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်များ အတွက်ကလည်း ထုန်းရွှမ်လောကကြီးသို့ ရောက်လာပြီးသည့် အချိန်မှစ၍ စိတ်ပူစရာ မလိုတော့။ သို့တိုင် သူမ၏ ကျင့်ကြံခြင်းသည် ယခုမှ မသေမျိုးအဆင့်တွင်သာ ရှိနေသေးပြီး သူတော်စင်အဆင့်သို့ပင် မရောက်သေးချေ။
ကွာခြားချက်သည်ကား ကြီးမားလွန်းလှပေသည်။
“အပြင်လောကကြီးမှာ ခန့်မှန်းလို့မရတဲ့ အရာတွေ အများကြီးပဲ၊ စိတ်လှုပ်ရှားစရာတွေလည်း အများကြီး။ ပြန်ရောက်မှ ဒီအကြောင်းကို ပြောပြမယ်။ အခုတော့ အရင် ပြန်ကြရအောင်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
“ဟုတ်တယ်။ အရင် ပြန်ကြမယ်” ရန်ရင်ဖုန်းက ခေါင်းညိတ်၍ တက်ကြွစွာ အော်ပြောလိုက်သည်။
ဤသို့ဖြင့် ထိုလူအုပ်ကြီးသည် တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် ပိုင်မြေပေါ်သို့ အသီးသီး ပြန်ဆင်းသွားကြလေသည်။
အကုန်လုံးသည် အောက်သို့ ပြန်ရောက်ပြီးနောက် ခန်းမကြီးထဲ၌ ထိုင်ကာ ကြယ်စီရင်စု၏ အံ့ဩဖွယ်ရာများအကြောင်း ရန်ကိုင် ရှင်းပြသည်ကို ထိုင်နားထောင်နေခဲ့လေသည်။
“ကိုင်အာ၊ အပြင်ဘက်မှာ တကယ်ကြီး ကျင့်ကြံရေးကြယ်တွေ အများကြီး ရှိတာလား” လင်တိုင်ရှုက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်တော်ကတော့ ခြောက်လုံး၊ ခုနှစ်လုံးလောက်ပဲ ရောက်ဖူးတယ်။ ပြီးတော့ ဆေးပင်စိုက်ဖို့၊ သတ္တုတူးဖို့ သင့်တော်တဲ့ သတ္တုကြယ်၊ ဆေးပင်ကြယ်တွေဆိုတာလည်း ရှိသေးတယ်”
“အံ့ဩစရာကြီး” ဟော့ရှင်းချန်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ကြယ်စီရင်စုထဲမှာ သူတော်စင်တွေက အားနည်းကြလား” တုန်ချင်းဟန်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးလိုက်၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ထိုဖက်တီးသည် ပို၍ ဝလာခဲ့လေသည်။
“အရမ်းကို အားနည်းတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်၍ “ကြယ်စီရင်စုထဲမှာ အများစုက သူတော်စင်အဆင့်ကို ရောက်နေကြတဲ့ လူတွေပဲ။ ပါရမီကောင်းတဲ့ လူတွေဆို အသက်နှစ်ဆယ်၊ သုံးဆယ်လောက်နဲ့တင် ရောက်တယ်”
အကုန်လုံး တစ်ယောက်ကို တစ်ယောက်ကို ရှက်ရှက်ဖြင့် ကြည့်လိုက်ကြလေသည်။
ဤနေရာတွင် ရှိနေသူများအနက် သူတော်စင်အဆင့်ဆို၍ လင်းတိုင်ရှု တစ်ယောက်သာ ရှိသည်။ ပါရမီကောင်းသည့် ချူရီမန် ကဲ့သို့သော လူမျိုးပင်လျှင်ပင် မသေမျိုး တတိယအဆင့်သို့သာ ရောက်သေးပြီး ဖက်တီးတုန်နှင့် ဟော့ရှင်းချန်တို့မှာမူ မသေမျိုး အဆင့်သို့ ချိုးဖျက်ပြီးကာစလူများ ဖြစ်ကြသည်။
“ရေတွင်းထဲက ဖားသူငယ်က ကောင်းကင်ကြီး ဘယ်လောက် ကျယ်လဲဆိုတာကို နားမလည်ဘူးဆိုတာ တကယ်ပါပဲလား” လင်းတိုင်ရှုက သက်ပြင်းချလိုက်ည်။
“ဆရာဖိုးဖိုး စိတ်ဓါတ်ကျမနေနဲ့။ ဆရာဖိုးဖိုးတို့ အခုလိုမျိုး ဖြစ်နေရတယ်ဆိုတာ ထုန်းရွှမ်လောကကြီးမှာ ဖြစ်နေလို့၊ အခြားကြယ်တွေမှာဆို အဲ့က လူတွေလိုမျိုး သူတော်စင်အဆင့်ကို အသာလေးရောက်တယ်။ ကြယ်စီရင်စုထဲကလူတွေ သူတော်စင် အဆင့်ကို ရောက်နိုင်ကြတယ်ဆိုတာ အဲ့က မိုးမြေစွမ်းအင်က ဒီနေရာထက် အများကြီး ပိုသိပ်သည်းလို့ပဲ။ ရှင်းရှင်းပြောရရင် ထုန်းရွှမ်လောကကြီးက မိုးမြေစွမ်းအင်က အရမ်းကို ပါးလျလွန်းနေပြီ။ နေဖို့ သင့်တော်တဲ့ နေရာလို့တောင် ပြောလို့ မရတော့ဘူး” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။
“အဲ့လိုဆိုရင်တောင် ကြယ်စီရင်ထဲ သွားဖို့က လွယ်တာက မဟုတ်တာ” လင်းတိုင်ရှုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ရယ်မောရင်း “တကယ်တမ်း ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါနဲ့အစ်ကိုမန် ပေါင်းပြီး ကြယ်စီရင်စုထဲသွားဖို့ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မိုင်တစ်ရာလောက်ပဲ ရောက်သေးတယ်၊ အဲ့က ဖိအားကို မခံနိုင်လို့ ပြန်ဆင်းပြေးလာရတယ်။ အဲ့ရောက်သွားတာနဲ့ ဘယ်က ဖိအားတွေမှန်းမသိဘူး။ ငါတို့ ခန္ဓာကိုယ်ကို အဘက်ဘက်ကနေ ဖိအားပေးလာတာ၊ အားကောင်းတဲ့ ခန္ဓာကိုယ် မရှိရင် ကြယ်စီရင်စုထဲ လျှောက်သွားဖို့ မပြောနဲ့၊ မင်းပြောတဲ့ ကျင့်ကြံရေး ကြယ်တွေဆီ ရောက်ဖို့တောင် မဖြစ်နိုင်ဘူး”
“အဲ့ဒါ ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအားပဲ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံးလျက် ဆက်ပြောလိုက်လေသည် “ဆရာဖိုးဖိုး စိတ်ပူနေစရာ မလိုဘူး။ ဒီတစ်ကြိမ် ကျွန်တော် ပြန်လာတယ်ဆိုတာ အကုန်လုံးကို ပိုကောင်းတဲ့ ကျင့်ကြံရေး ကြယ်တစ်လုံးဆီ ခေါ်သွားဖို့ လာခဲ့တာ”
ရန်ကိုင်ဆီမှ ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထဲတွင် ရှိနေသော လူအားလုံး၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားကုန်ကြလေသည်။
“တကယ်လား”
“မင်းဘယ်လို ငါတို့ကို ခေါ်သွားပေးမှာလဲ”
“ဒီလောက် လူအများကြီးကို မင်းခေါ်သွားပေးနိုင်တာ သေချာလား”
အကုန်လုံးသည် သူတို့ သိချင်နေသည့် မေးခွန်းများကို တစ်ယောက်တစ်ပေါက် ထမေးကြတော့လေသည်။ သူ့တို့စိတ်ထဲ အလွန်ကိုမှ စိတ်လှုပ်ရှားမိနေလေပြီ။ အခြား ကြယ်တစ်လုံးသို့သာ ရောက်သွားလျှင် သိုင်းတာအို ခရီးလမ်းတွင် ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် ဖြစ်လေရာ သူတို့ မပျော်ဘဲ ဘယ်နေမည်နည်း။