အခန်း (၁၅၅၆-၁၅၆၀)
Vol. 63 Ch. 1556-1560
အပိုင်း (၁၅၅၆)
အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသော်လည်း ထုန်းရွှမ်လောကကြီးမှ ကြယ်စီရင်စုထဲသို့ သွားရန် လွယ်ကူမည် မဟုတ်ကြောင်းကို အကုန်လုံး သိနားလည်ထားကြသည်။
လင်းတိုင်ရှုနှင့် မန်ဝူရသည်ပင် မအောင်မြင်နိုင်ခဲ့လေရာ ကြယ်စီရင်စုထဲသို့ သွားရန် မည်မျှ ခက်ခဲကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။ သို့သော်လည်း ရန်ကိုင်သည် သူ့တို့ အားလုံးကို ခေါ်သွားပေမည်ဟု ပြောလာသဖြင့် အကုန်လုံး စိတ်လှုပ်ရှားသွားကုန်ကြလေသည်။
“အားလုံး၊ ငြိမ်ငြိမ်နေကြစမ်း” လင်းတိုင်ရှုက လက်ဝှေ့ရမ်း၍ အမိန့်ပေးလိုက်သည် “ရန်ကိုင်က ခေါ်သွားပေးမယ်ဆို့ ပြောမှတော့ သူ့မှာ အဖြေရှိလို့ပဲပေါ့၊ ဟုတ်တယ်မလား”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဆရာဖိုးဖိုးပြောတာ အမှန်ပဲ။ အမှန်က ခင်ဗျားတို့ အားလုံးတင် မဟုတ်ဘူး။ ခင်ဗျားတို့ ကလန်သားတွေရော၊ ဘုံကိုးခု ထွတ်မြတ်နယ်မြေက လူအားလုံးကိုရော ခေါ်သွားဖို့ လုပ်ထားတာ။ လူစုပြီးသွားတာနဲ့၊ စထွက်လို့ရပြီ။ အဓိကက လူစုဖို့ပဲ အချိန်လိုတာ”
“အကုန်လုံး တစ်ပြိုင်တည်းလား” ယခုတစ်ကြိမ်တော့ လင်းတိုင်ရှုပင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်နှင့် မြူနှင်းမှုန်နန်းတော်၌ စုစုပေါင်း လူသုံးထောင်မှ လေးထောင်ခန့်ရှိပြီး ဘုံကိုးခုထွတ်မြတ် နယ်မြေတွင် တပည့်ပေါင်း နှစ်ထောင်ကျော်ခန့် ရှိသည်။
ထိုလူခြောက်ထောင်နီးပါး လူအုပ်ကြီးကို ရန်ကိုင် မည်ကဲ့သို့ ခေါ်သွားမည်နည်း။ ကြယ်တာရာကောင်းကင်၏ စွမ်းအားသည် အလွန်ကိုမှ ပြင်းထန်လွန်းလှရာ ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေလျှင်ပင် ထိုမျှ လူအများကြီးကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“ကျွန်တော့်မှာ နည်းလမ်း ရှိပြီးသား။ အဓိကက သူတို့အားလုံး လိုက်ချင်လား၊ မလိုက်ချင်ဘူးလား ဆိုတာပဲ”
“လိုက်ချင်တာပေါ့၊ ဘာလို့ မလိုက်ချင်ရမှာလဲ” ဟော့ရှင်းချန်က ချက်ချင်း ထအော်လိုက်လေသည် “ငါတို့ ဘယ်အချိန် သွားကြမှာလဲ”
“ဟားဟား။ အစ်ကိုဟော် ဒီလောက် အလျင်လိုစနေရာ မလိုပါဘူး။ အစ်ကိုဟော်က မိသားစုခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီနော်။ မင်းကလန်သားတွေကို ပြန်မေးကြည့်လိုက်ဦး။ သူတို့ လိုက်ချင်လား၊ မလိုက်ချင်လားလို့။ ဒီနေရာကို မခွဲခွာချင်လို့ မလိုက်ချင်တဲ့ လူတွေလည်း ရှိရင် ရှိနေလောက်တယ်။ မင်းလိုက်ချင်မယ်ဆိုရင်တော့ ငါ့ဘက်က ကြိုဆိုပြီးသား။ မလိုက်ချင်ရင်တော့ ငါတွန်းအားပေးမှာ မဟုတ်ဘူး။ ချူမိသားစု၊ ရန်မိသားစု၊ တုန်မိသားစုနဲ့ အခြားမိသားစုတွေလည်း အတူတူပဲ။ အစ်မရီ၊ အစ်ကိုကြီး၊ ရောင်းရင်း၊ မင်းတို့ကလည်း မင်းတို့ မိသားစု အသီးသီးရဲ့ ခေါင်းဆောင်တွေ ဖြစ်နေပြီဆိုတော့ အိမ်ပြန်ပြီး မိသားစုက အကြီးအကဲတွေနဲ့ အရင် ပြန်ဆွေးနွေးကြည့်လိုက်ဦး”
“အင်း” ရန်ဝေနှင့် တုချင်းဟန်တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်၏။
ချူရီမန်သည်လည်း ခေါင်းညိတ်လိုက်သည်။ ယခင်က အနည်းငယ် ညိုးကျသွားသော သူမ၏ မျက်ဝန်းအစုံသည် ထိုသတင်းကို ကြားပြီးနောက်တွင် တစ်ဖန်ပြန်လည် တောက်ပလာခဲ့လေသည်။
သူမသာ ကြယ်စီရင်စုထဲသို့ ဝင်ရောက်နိုင်ပါက ရန်ကိုင်နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်လိမ့်မည်ဟု မထင်မိသော်လည်း ယခု ရောက်ရှိနေသည့် အဆင့်ထက် ပိုမို မြင့်မားသော အဆင့်သို့ ရောက်နိုင်လိမ့်မည် ယုံကြည်နေမိသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အား မှီသွားသည်မျိုးပင် ဖြစ်နိုင်သေးသည်။
သူမတွင် မျှော်လင့်ချက် ရေးတေးတေးလေး ရှိနေလေပြီ။ ထိုလောက်နှင့်ပင် သူမ၏ ယုံကြည်မှုတို့ တစ်ဖန်ပြန်လည် နိုးထလာနိုင်ရန် လုံလောက်ပေပြီ။
“ဒါဆို သားနဲ့အမေ နောက်တစ်ကြိမ် အကြာကြီး ထပ်ပြီး ခွဲစရာ မလိုတော့ဘူးပေါ့နော်” တုန်စုကျုသည် ရန်ကိုင်အား စိတ်လှုပ်ရှားတကြီးဖြင့် မေးလိုက်သည်။
ရန်ကိုင်သည် သူမ၏ ကလေးဖြစ်သော်လည်း ရန်ကိုင် အသက် ဆယ့်သုံးနှစ်အရွယ်မှစ၍ သူမနှင့် အတူမရှိနေနိုင်တော့ချေ။ ထိုစဉ်က သိပ်မဆိုးသေးချေ။ ရန်ကိုင်ကို မတွေ့ရသော်လည်း ရန်ကိုင် ကောင်းကင်စံအိမ်တွင် အဆင်ပြေပြေနှင့် ရှိနေကြောင်း သိနိုင်ခဲ့သည်။ အမွေခံတိုက်ပွဲ စတင်သည့်အခါ ရန်ကိုင်သည် သူမနှင့် မိုင်တစ်ရာလောက်သာ ဝေးကွာတော့သည်။
သို့သော် ရန်ကိုင် ထုန်းရွှမ်လောကကြီးသို့ ထွက်သွားသည့် အချိန်မှစ၍ ရန်ကိုင်ကို နှစ်သုံးဆယ်လုံးလုံး မမြင်တွေ့ခဲ့ရုံမက သူ့အကြောင်း သတင်းအစအနေလေးပင် မရခဲ့ချေ။
ရန်ရင်ဖုန်းမှ သူမအား နှစ်သိမ့်အားပေးနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သားကိုလွမ်းသည့်စိတ်၊ စိုးရိမ်လွန်းသည့်စိတ်ဖြင့် တုန်စုကျု ပြိုလဲသွားလောက်ပေပြီ။
ယနေ၊ သူမသားနှင့်အတူ ကြယ်စီရင်စုထဲသို့ လိုက်သွားနိုင်မည့် အကြောင်းကို သိလိုက်ရသည့်အခါ တုန်စုကျု မပျော်ဘဲ ဘယ်နေမည်နည်း။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ တုန်စုကျု ပြုံးမိသွားပြီး ပျော်ရွှင်စွာ ရယ်မောတော့လေသည်။
“ငါအခုပဲ ပြန်ပြီး အဲ့သက်ကြားအိုကြီးတွေကို သွားပြောတော့မယ်” ဟော့ရှင်းချန်သည် ချက်ချင်းပဲ ထကာ ထွက်သွားလေသည်။
“ငါလည်းအတူတူပဲ” ရန်ကျောင်းသည်လည်း ထိုင်ရာမှထလိုက်၏။
ချူရီမန်သည်လည်း ထွက်သွားခဲ့လေသည်။
မည်သူမှ ဆက်ပြီး အချိန်မဖြုန်းချင်ကြတော့ချေ။
အကုန်လုံးသည် သိုင်းတာအို၏ ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းလိုကြပြီး ကြယ်စီရင်စု၏ ဆန်းကြယ်မှုများကို မြင်တွေ့လိုသည်။
မကြာမီ ခန်းမထဲတွင်၊ လင်းတိုင်ရှုနှင့် ရန်ကိုင်၏ မိဘများသာ ကျန်ရစ်ခဲ့တော့လေသည်။ သူတို့မိသားစု နောက်ဆုံးတွင် ပြန်လည် ပေါင်းစုနိုင်ခဲ့လေပြီ။ သူတို့ကြား မရေမတွက်နိုင်အောင် များပြားလှသော ပြောစရာစကားများ ရှိနေခဲ့သည်။
စုယန်အား ရှာမတွေ့သေးသည့်အကြောင်း ရန်ကိုင် ပြောသည်ကို ကြားလိုက်ရသည့်နောက် တုန်စုကျု သက်ပြင်းချမိလိုက်ပြီး သူ့အား နှစ်သိမ့်ပေးလိုက်သည်။
“ကောင်လေး၊ စုယန်ကို မင်းစိတ်ပူနေတာကိုတော့ အပြစ် မပြောလိုဘူး။ ဒါပေမယ့် ဒီမှာ ကျန်ခဲ့တဲ့လူတွေကိုကော မင်းဘယ်လို လုပ်မှာလဲ” ရန်ရင်ဖုန်းက ရန်ကိုင်အား ကြည့်၍ မေးလိုက်သည်။
“စီနီယာမမလေးလား” ရန်ကိုင် ရယ်သွမ်းသွေးလိုက်သည် “သား သူ့ကို သွားတွေ့ပြီးသားပြီ။ ဒါပေမယ့် သူ့ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ။ ဒါကြောင့် သူနိုးလာရင် သူနဲ့ သေချာ စကားပြောကြည့်ရမယ်”
“ဟျောင့်၊ ထူတူတူ အတတ လုပ်မနေနဲ့” ရန်ရင်ဖုန်းက ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “ရှနင်းချန် တစ်ယောက်တည်းတင် ရှိတာ မဟုတ်ဘူး။ အခြားသူတွေလည်း ရှိသေးတယ်”
“ဘယ်တုန်းက ဒီလောက် အများကြီး ရှိသွားတာလဲ” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။
“တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်မှာ တစ်ယောက်၊ အမွှာစိတ်ဝိဥာဉ် စံအိမ်မှာ နှစ်ယောက်၊ ဒီအဖေ မျက်လုံးကန်းနေတယ်လို့ မင်းထင်နေတာလား” ရန်ရင်ဖုန်းက လှောင်ပြုံးပြုံးလျက် “မင်းကသာ ဘာမှမပြောတာ။ ဒါပေမယ့် ဒီအဖေက အကုန်လုံး သိထားပြီးသားကွ။ မင်းအဖေကွ၊ ဘာမှတ်လဲ”
ရန်ကိုင် ရှက်သွားခဲ့သည်။
တုန်စုကျုသည် ထိုမြင်ကွင်းကို ကြည့်ရင်း တခစ်ခစ် ရယ်မောလိုက်ပြီး ရန်ကိုင်အား လက်မ ထောင်ပြလိုက်လေသည်။ သူမနေဖြင့် ရန်ရင်ဖုန်းအား သူမ တစ်ယောက်တည်းကိုသာ ချစ်စေချင်သော်လည်း သူမသားကိုမူ မိန်းမများများ ရစေချင်၏။ သူအနေဖြင့် သူမအတွက် မြေလေး တစ်ယောက်၊ နှစ်ယောက်လောက် မြန်မြန် မွေးပေးနိုင်လျှင် အကောင်းဆုံးပင်… ဆယ်ယောက်လောက် ဆိုလျှင်တော့ သူမနှင့် သူမယောကျာ်း နောက်ပိုင်းကျ ပျင်းနေစရာ မလိုတော့ချေ။
ရန်ကိုင် မရှိလျှင်ပင် သူမတို့၏ မြေးလေးများကို ထိန်းကျောင်းရင်း အချိန်ဖြုန်းနိုင်ပေသည်။
“လူငယ်တွေကိစ္စ သူတို့ဘာသာပဲ ဖြေရှင်းကြစမ်းပါစေကွာ။ ရန်ကိုင်က ငယ်တော့တာမှ မဟုတ်တာ။ အဲ့မိန်းကလေးတွေကို ဘယ်လို ကောင်းကောင်း ဂရုစိုက်ရမယ်မှန်း သိမှာပေါ့” လင်းတိုင်ရှုက ဝင်ပြောလိုက်သည်။
သူ့ဆရာ ဝင်ပြောလာသည့်အတွက် ရန်ရင်ဖုန်းလည်း ဘာမှထပ်၍ မပြောတော့ချေ။
ရန်ကိုင်နှင့် ဆွေးနွေးပွဲ လုပ်ပြီးနောက်၌ တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော်နှင့် မြူနှင်းမှုန်နန်းတော် တစ်ခုလုံး အုံ့အုံ့ကျက်ကျက် ဖြစ်ကုန်ကြလေသည်။
မကြာမီ ရန်ကိုင် ပြန်လာသည့်အကြောင်း၊ ရန်ကိုင်မှ သူတို့အား ကြယ်စီရင်စုထဲသို့ ခေါ်သွားပေမည့်အကြောင်း အကုန်လုံး သိလိုက်ရသည်။ သို့သော် မည်သူ့ကိုမှ တွန်းအားပေး ခေါ်သွားမည် မဟုတ်ဘဲ လိုက်ချင်မှသာ လိုက်နိုင်ပေသည်။ မလိုက်ချင်ဘူး ဆိုလျှင်လည်း ခေါ်သွားလိမ့်မည် မဟုတ်ပေ။
ဘုံကိုးခုထွတ်မြတ်နယ်မြေသည်လည်း ရန်ကိုင်ဆီမှ သတင်းရပြီး စတင် ပြင်ဆင်တော့လေသည်။ ထို့အပြင် ရန်ကိုင်သည် ကောင်းကင်ဂိုဏ်းတော်ဆီသို့လည်း သတင်း ပို့လိုက်သေးသည်။
နှစ်ရက်ကြာပြီးနောက်တွင် ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ ရန်ကိုင် ပြန်လည် ရောက်ရှိလာခဲ့သည်။ ရောက်သည်နှင့် ရှနင်းချန် ရှိနေသည့် အခန်းဆီသို့ ချက်ချင်း တန်းသွားလိုက်လေသည်။
သူ့စီနီယာမမလေးသည် အိပ်ပျော်နေဆဲပင်။ ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားခြင်းသည် သူမအတွက် အတော်လေးကို အားကုန်သွားစေသည့်ပုံပင်။
ရန်ကိုင် သူမနားသို့ လျှောက်သွားလိုက်ပြီး သူမ၏ လက်လေးကို ကိုင်လျက် သူမကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းပေးလိုက်၏။
ခဏအကြာတွင် ရှနင်းချန်၏ မျက်တောင်လေးများ တဖျက်ဖျက် လှုပ်လာခဲ့သည်။ ရန်ကိုင်သည် သူမဘေးနားတွင် ထိုင်ကာ ပြုံးပြီး သူမအား ထိုင်ကြည့်နေခဲ့သည်။
မကြာမီ ရှနင်းချန် နိုးလာခဲ့လေသည်။ နိုးလာလာချင်း ရန်ကိုင်ကို မြင်သည်နှင့် သူ့ကိုသာ ကြောင်ကြည့်နေတော့သည်။
မကြာမီ ရှနင်းချန် ပြုံးလျက် တခစ်ခစ် ရယ်လိုက်လေသည်။
“ဘာလို့ ရယ်နေတာလဲ” ရန်ကိုင်က ပြုံးလျက် ပြန်မေးလိုက်၏။
“ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ် အိမ်မက်က အရမ်းကြာတာကိုး” ရှနင်းချန်က ရန်ကိုင်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
ရန်ကိုင် ပြုံးလိုက်ပြီး ခေါင်းငုံ့၍ သူမ၏ နီစွေးစွေး နှုတ်ခမ်းအစုံကို နမ်းရှိုက်လိုက်လေသည်။
ရှနင်းချန် အနည်းငယ် အသက်ရှုရ ခက်သွားခဲ့သည်။
နှုတ်ခမ်းချင်း ဆုံသွားသည့်နောက်တွင် သူမ၏ ကိုယ်အပူချိန် မြင့်မားလာခဲ့ပြီး မျက်ဝန်းများမှာလည်း ရီဝေဝေ ဖြစ်လာခဲ့သည်။
“အိမ်မက်ထဲမှာကော ဒါမျိုးတွေ လုပ်တာပဲလား” ရန်ကိုင်က ရှနင်းချန်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
ရှနင်းချန်၏ မျက်နှာလှလှလေး နီမြန်းသွားပြီး ချက်ချင်းပဲ ရန်ကိုင်၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားလေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပျော်ရွှင်စွာ ရယ်မောလိုက်၏။
ရုတ်တရက် ရှနင်းချန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး အလျင်စလို ထထိုင်လိုက်လေသည်။ ထို့နောက် ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်နေတော့လေသည်။
“ဂျူနီယာမောင်လေး၊နင်…” ရှနင်းချန်က မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်လေသည်။
“ကျွန်တော် ပြန်လာပြီလေ” ရန်ကိုင်က ပြန်ဖြေလိုက်သည်။
ရှနင်းချန်သည် ချက်ချင်း သူမ၏ပါးစပ်ကို လက်ဖြင့် ပိတ်လျက် ငိုချတော့မည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်၏။ မျက်ရည်စတော့သည် တလှိမ့်လှိမ့် စီးဆင်းလာနေသော စမ်းချောင်းနှယ် သူမ၏ ပါးပြင်ထက်သို့ တအိအိ ကျဆင်းလာခဲ့၏။
နောက်ဆုံးတွင် လက်ရှိ ဖြစ်ပျက်နေသည့် အရာအားလုံးသည် အိမ်မက်မဟုတ်ဘဲ အမှန်တကယ် ဖြစ်နေကြောင်း သိသွားခဲ့လေပြီ။
သူမ နေ့စဉ်နှင့်အမျှ လွမ်းဆွတ်တမ်းတ သတိရနေခဲ့ရသော ယောကျာ်းနှင့် နှစ်သုံးဆယ်ကြာပြီးနောက် ယနေ့တွင် ပြန်လည် ဆုံဆည်းနိုင်ခဲ့လေပြီ။ လက်ရှိ ဖြစ်ပျက်နေသည်များကို သူမ ယခုထိတိုင် မယုံကြည်နိုင်သေးချေ။
“ကျွန်တော် တကယ် ပြန်လာတာ” ရန်ကိုင်က ရှနင်းချန်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
ရှနင်းချန်သည် တရှုံ့ရှုံ့ ငိုကြွေးရင်း ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပြန်ဖက်လိုက်လေသည်။
ရှနင်းချန်၏ ငိုသံများကို နားထောင်ရင်း ရန်ကိုင့်ရင်ထဲ နာကျင်လာမိရသည်။
ချက်ချင်းပဲ ငိုသံများတိတ်သွားအောင် ရှနင်းချန်၏ ပါးစပ်လေးကို သူ့နှုတ်ခမ်းအစုံဖြင့် ပိတ်ချလိုက်လေသည်။
မကြာမီ အဝတ်များ လေထဲ လွင့်ပျံလာပြီး ရှိုက်မောဖွယ်ရာ အသံဗလံများ ထွက်ပေါ်လာခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဖွင့်ထုတ်ခြင်း မပြုနိုင်ခဲ့သော ချစ်ရမက်တို့ကို ယနေ့အချိန်တွင် နှစ်ဦးသား ဖွင့်ထုတ်နေခဲ့ကြလေပြီ။
တစ်နာရီခန့် ကြာပြီးနောက် ရန်ကိုင်သည် အားအင်အပြည့်ဖြင့် အခန်းထဲမှ ခြေလှမ်းကျဲကျဲလှမ်းလျက် လှမ်းထွက်လာခဲ့သည်။ ရှနင်းချန်ကမူ မျက်နှာထက် ဇာပဝါ ဝတ်ဆင်လျက် သူ့ဘေးမှ ရှက်ရှက်ဖြင့် ခေါင်းလေးငုံ့လျက် လိုက်ပါလာခဲ့သည်။
သူမ၏ နားသီးလေးများနှင့် လည်တိုင်းကျော့ကျော့လေးများသည် အနည်းငယ် နီမြန်းနေခဲ့လေသည်။
ခြောက်သွေ့သွားသော ပန်းတစ်ပွင့်၊ မိုးဦးသစ်မှ မိုးစက်မိုးပေါက်များ၏ ရေလောင်းပက်ဖြန်းပေးခြင်း ခံလိုက်ရသည့်နှယ်၊ ရှနင်းချန်၏ ခန္ဓာကိုယ်တစ်ဝိုက် ရှင်းပြရန် ခက်ခဲဆန်းကြယ်လှသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေခဲ့၏။ ထိုအရှိန်အဝါသည် ဈာရန်ပုဂ္ဂိုလ်ကြီးများကိုပင် ဈာန်လျှောအောင် လုပ်နိုင်သည်အထိ အားကောင်းလွန်းလှပေသည်။
ထိုစဉ် လူတစ်ယောက်သည် ရန်ကိုင်နှင့် ဆွေးနွေးချင်သည့်အရာ တစ်ခုခု ရှိ၍လားမသိ၊ သူ့ဆီသို့ အလျင်အမြန် လာနေခဲ့သည်။ သို့သော်လည်း သူ့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် ချက်ချင်း လှည့်ထွက်သွားလေသည်။
“ဆရာ…” ရှနင်းချန် တိုးတိုးလေး ခေါ်လိုက်သည်။ သူမစိတ်ထဲ တွင်းတစ်တွင်း တူပြီးတော့သာ ပြေးပုန်းလိုက်ချင်မိတော့သည်။
ယခု ပေါ်လာပြီး ပြန်ပျောက်သွားသည့် လူသည် သူမ၏ ဆရာမှလွဲ၍ အခြား မဟုတ်ချေ။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ထရယ်တော့သည်။ ရှနင်းချန်မှာမူ နှုတ်ခမ်းလေးကိုကိုက်လျက် ခြေဆောင့်လေ၏။
“ထားလိုက်တော့။ သူပြောမယ့်ကိစ္စ သိပ်အရေးမကြီးလောက်ဘူး။ မဟုတ်ရင် အခုလိုမျိုး ထွက်သွားမှာ မဟုတ်ဘူး” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည် “ဟုတ်သားပဲ။ စီနီယာမမလေးကို ကျွန်တော် မေးစရာတစ်ခု ရှိသေးတယ်”
“ဘာမေးဖို့လဲ” ရှနင်းချန်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်မေးလိုက်လေသည်။ ရန်ကိုင်နှင့် အကြည့်ချင်း ဆုံသွားသော် ချက်ချင်း ရှက်ရှက်ဖြင့် အကြည့်ပြန်လွှဲသွားခဲ့သည်။
ရှနင်းချန်၏ ရှက်ရွံ့နေသည့် ပုံစံလေးကို ကြည့်ရင်း ငြိမ်သက်သွားသော သွေးများ တစ်ဖန်ပြန်လည် ဆူပွက်လာရပြီး သူတို့ နှစ်ဦးသား ကျင့်ကြံသည့် အခန်းထဲသို့သာ ချက်ချင်း ခြေဦးပြန်လှည့်ချင်မိသွားသည်။
သို့သော်လည်း သူ့တွင် အရေးကြီးသည့် ကိစ္စ ရှိနေသေးသည့် အတွက် စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားလျက် အလေးအနက် အမူအရာဖြင့် မေးလိုက်လေသည် “စီနီယာမမလေး ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားတာကို ကူညီပေးတုန်းက စီနီယာမမလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ မီးခိုးရောင် စွမ်းအင်စုတစ်ခုကို တွေ့လိုက်တယ်။ အဲ့ဒါ ဘာကြီးလဲ”
“အဲ့ဒါလား” ရှနင်းချန် မျက်မှောင်ကြုတ်သွားခဲ့လေသည် “ငါလည်း မသိဘူး”
“မသိဘူးလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်။ အဲ့ဒါက သူ့ဘာသာ ငါ့နောက် လိုက်ခဲ့နေတာ။ အန်၊ အဲ့ဒါ ဘယ်ရောက်သွားတာလဲ” ရှနင်းချန် တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။ သူမ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သော မီးခိုရောင် စွမ်းအင်စုလေး ပျောက်ကွယ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၇)
သေချာမေးမြန်းကြည့်ပြီးသည့်နောက်တွင် ရှနင်းချန်မှ ထိုအရာကို မတော်တဆ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်သည်။
ရန်ကိုင် ထုန်းရွှမ်လောကကြီးမှ ထွက်သွားပြီးနောက်ပိုင်းတွင် သူမစိတ်ထဲ အထီးကျန်သလို ခံစားရသဖြင့် နေ့တိုင်းလိုလို ဆေးထိုင်ဖော်စပ်နေတတ်သည်။
သူမသည် ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဆေးဖော်စပ်ခြင်းသည် သူမအတွက် ကျင့်ကြံခြင်းတစ်မျိုးဟု ပြော၍ရသည်။
ထိုသို့ ဆေးတောက်လျှောက် ဖော်စပ်နေလိုက်ရာ သူမ၏ ကျင့်ကြံခြင်းသည်လည်း ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့ပြီး နှစ်အနည်းငယ်အတွင်း သူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
တစ်နေ့၊ ပျင်းပျင်းနှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ မည်သူမှ မသိအောင် အပြင်သို့ ထွက်လာခဲ့ပြီး ထုန်းရွှမ်လောကကြီးအနှံ့ လျှောက်ပတ်သွားခဲ့သည်။ ထိုသို့ လျှောက်ပတ်သွားရင်းနှင့်မှ မြေအောက်လိုဏ်ဂူတစ်ခုထဲတွင် ထိုမီးခိုးရောင်ချီ အစုအဝေးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို ရရှိပြီးသည့်နောက်ပိုင်းတွင် ရှနင်းချန်၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
ဆယ်နှစ်အတွင်း သူတော်စင်အဆင့်မှ သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့ပြီး နောက်ဆယ်နှစ်အတွင်း သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ ရောက်သွားခဲ့သည်။
ထိုအကြောင်းကို ကြားသော် ရန်ကိုင် မှင်သက်သွားခဲ့ရ၏။
ထိုအမြန်နှုန်းသည် အရိပ်ကြယ်မှ ထိပ်တန်းအင်အားစုကြီးများ၏ လက်ရွေးစင်တပည့်များပင် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သို့ရာတွင် သူ့စီနီယာမမလေးသည် ဤမိုးမြေစွမ်းအင် ကျဲပါး ခြောက်ကပ်သော နေရာမျိုးတွင် သူတော်စင်ဘုရင်အဆင့်သို့ ရောက်ရန်အတွက် ဆယ်နှစ်ကျော်သာ အချိန်ယူခဲ့သည်။
ရှနင်းချန်၏ ကျင့်ကြံခြင်း ထိုမျှ မြန်ဆန်ရခြင်းမှာ မီးခိုရောင် ချီစွမ်းအင် အစုအဝေးလေးကြောင့်လည်း ပါပေသည်။
“အဲ့ဒါနဲ့ ပက်သက်ပြီး စီနီယာမမလေး တစ်ခုခု မသက်မသာ ခံစားရလား” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။
“ဘယ်လိုမှ မခံစားရဘူး” ရှနင်းချန်က သေချာ စဉ်းစားလျက် “တစ်ခါတစ်လေတော့ ဘာကိုမှ မစဉ်းစားချင်တော့လောက်အောင် ပင်ပန်းနွမ်းနယ်ပြီး နုံးချိလာသလို ခံစားရတယ်။ ရုတ်တရက်ကြီး ငါအိုသွားသလိုပဲ”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါနဲ့ ပက်သက်ပြီး ပြဿနာရှိလို့လား ဂျူနီယာမောင်လေး” ရှနင်းချန်က ပြန်မေးလိုက်သည်။
“အဲ့ဒါကို ရလိုက်တာ ကောင်းတာလား၊ ဆိုတာလား ဆိုတောကိုတော့ သေချာ မပြောနိုင်သေးဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“အဲ့ဒါဘာလဲ”
“သိပ်တော့ မသေချာပေမယ့် ခန့်မှန်းမိတာတော့ ရှိတယ်… ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင် စီနီယာမမလေး တကယ်ကို ကံကောင်းပြီလို့ ပြောလို့ရတယ်” ရန်ကိုင် ရှနင်းချန်အား စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ထိုခန့်မှန်းချက်အကြောင်း စဉ်းစားမိလိုက်သည်နှင့် သူ့သွေးများ ဆူပွက်လာခဲ့ရသည်။
“ဟုတ်သားပဲ။ စီနီယာမမလေး အဲ့ဒါကို ဘယ်မှာ တွေ့ခဲ့လဲဆိုတာ မှတ်မိသေးလား”
“အင်း” ရှနင်းချန် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆို ကျွန်တော့်ကို အဲ့နေရာဆီ ခေါ်သွားပေးပါလား” ရန်ကိုင်က ရှနင်းချန်၏ ခါးကို ဖက်လျက် ကြယ်လွန်းပျံကို ထုတ်ကာ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လျှပ်စီးတန်းကဲ့သို့ ပျံသန်းထွက်သွားလေသည်။
ရန်ကိုင်သည် သူ့စီနီယာမမလေး ညွှန်ပြသည့် လမ်းအကြောင်း အတိုင်း ကြယ်လွန်းပျံကို မောင်းနှင်သွားခဲ့သည်။
တစ်ရက်ကြာပြီးနောက်တွင် မိုင်ပေါင်း သောင်းနှင့်ချီ ရှည်လျားသော တောင်စဉ်တောင်တန်းများ၏ တစ်နေရာသို့ ရန်ကိုင်တို့နှစ်ယောက် ရောက်လာခဲ့သည်။
ရှနင်းချန်သည် တကယ်ကို ဥာဏ်ကောင်းလွန်းပေသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာသွားသည့်တိုင် ထိုနေရာကို သေသေချာချာ မှတ်မိနေသေးသည်။
မကြာမီ၊ သီးခြား တောင်ကြားတစ်ခုအတွင်းသို့ ရောက်လာခဲ့သည်။ ရန်ကိုင်သည် ကြယ်လွန်းပျံကို သိမ်းလိုက်ပြီး ရှနင်းချန်ကို ဦးဆောင်စေလျက် ထိုတောင်ကြားထဲသို့ ဝင်သွားခဲ့လေသည်။
ခစအကြာတွင် သူတို့ရှေ့ မည်းမှောင်နေသော လိုဏ်ဂူတစ်လုံး ပေါ်လာခဲ့သည်။ ရှနင်းချန်က ထိုလိုဏ်ဂူကို ညွှန်ပြ၍ “အဲ့လိုဏ်ဂူထဲမှာ ရှာတွေ့ခဲ့တာ”
“အဲ့ဒါဆို တစ်ချက် သွားကြည့်ကြတာပေါ့” ရန်ကိုင် ပြုံးလိုက်သည်။
လိုဏ်ဂူအတွင်းပိုင်းသည် အလွန်ကိုမှ မည်းမှောင်နေခဲ့သည်။ သို့ရာတွင် အတွင်းပိုင်းသည် ပုံမှန်လိုဏ်ဂူများ၏ အတွင်းပိုင်းကဲ့သို့ စိုထိုင်းထိုင်း ဖြစ်မနေခဲ့ချေ။
လိုဏ်ဂူထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤလိုဏ်ဂူထဲရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သိပ်သည်းလွန်းနေသည်။
သို့သော် ထုန်းရွှမ်လောကကြီး၏ အခြားနေရာများနှင့် ယှဉ်လျှင်သာ ပိုသိပ်သည်းခြင်းဖြစ်ပြီး နာမည်ကျော် ကျင့်ကြံရေး ကြယ်များ ဖြစ်ကြသော အရိပ်ကြယ်ကဲ့သို့သော ကြယ်မျိုးနှင့်တော့ သွားယှဉ်၍မရချေ။
မည်သို့ပင် ဆိုစေကာမူ ထုန်းရွှမ်လောကကြီးတွင် ဤကဲ့သို့ မိုးမြေစွမ်းအင် သိပ်သည်းသည့် နေရာတစ်ခု ရှိနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ရှားရှားပါးပါး တွေ့ရှိမှုပင်။
ထို့အပြင် သူတို့ အတွင်းပိုင်းထဲသို့ ဝင်လာသည်နှင့် မိုးမြေစွမ်းအင်သည် ပိုပို၍ သိပ်သည်းလာနေခဲ့သည်။
ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင်၏ မျက်နှာ ပို၍ တောက်ပလာခဲ့သည်။ သူ့ခန့်မှန်းချက် မှန်ကန်လိမ့်မည်ဟု သူ့စိတ်ထဲ ပိုပို၍ ခံစားလာနေရသည်။ မဟုတ်လျှင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် ဘာကြောင့် သိပ်သည်းနေရမည်နည်း။
ဤအရာသည် ကောင်းကင်မှ သူ့စီနီယာမမလေးအတွက် ပြင်ဆင်ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ ထိုမီးခိုးရောင် ချီစွမ်းအင် အစုအဝေးကိုသာ ကောင်းမွန်စွာ ကိုင်တွယ်နိုင် မည်ဆိုပါက သူ့စီနီယာမမလေးသည် ပိုးအိမ်ထဲမှ ဖောက်ထွက်ပြီး လွတ်လွတ်လပ်လပ် ပျံဝဲနိုင်သော လိပ်ပြာတစ်ကောင် ဖြစ်လာနိုင်ပေလိမ့်မည်။
ဤသို့ဖြင့် နှစ်ယောက်သားသည် လက်ချင်းကိုင်လျက် အထဲသို့ ဆက်လျှောက်ဝင်သွားခဲ့သည်။
ရန်ကိုင်သည် တစ်ခုခုကို ခံစားမိလိုက်သည့်အလား ရုတ်တရက် ကောက်ရပ်လိုက်သည်။
တစ်ချိန်တည်းတွင် ရှနင်းချန်က ပျော်ရွှင်စွာ အော်ပြောလိုက်၏ “ဒီမှာပဲ၊ အဲ့ဒါကို ငါခံစားမိနေတယ်”
ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသည် သူ့စီနီယာမမလေးဆီသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေခဲ့သည်။ ရန်ကိုင်မှ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုအရာသည် ရှနင်းချန်၏ ကိုယ်ထဲမှ သူအတင်း ဆွဲထုတ်ခဲ့သည့် မီးခိုးရောင်ချီစွမ်းအင် အစုအဝေး ဖြစ်နေကြောင်း သိလိုက်ရသည်။
ထိုမီးခိုးရောင် ချီစွမ်းအင် အစုအဝေးသည် ရှနင်းချန်၏ ကိုယ်ထဲမှ အတင်းအကြပ် ဆွဲထုတ်ခံရပြီးနောက် သူမူလ နေထိုင်နေခဲ့သည့် နေရာဆီသို့ ပြန်လာခဲ့သည်။ ယခု ရှနင်းချန်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ၊ သူ့ဘာသာ ထွက်လာခဲ့လေသည်။
မကြာမီ ထိုမီးခိုးရောင်ချီစွမ်းအင် အစုအဝေး ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။
သို့သော် ရှနင်းချန်ဆီသို့ ခုန်ဝင်မသွားဘဲ ရန်ကိုင်နှင့် ဆယ်မီတာ အကွာခန့်တွင် ရပ်လိုက်သည်။
“ဂျူနီယာမောင်လေး…”
“လာခိုင်းလိုက်။ တကယ်က အဲ့နေ့တုန်းက အဲ့ဒါကို ကြောက်သွားအောင် လုပ်ချင်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒါ ဘာလဲ ဆိုတာကိုပဲ သိချင်ခဲ့တာ” ရန်ကိုင်က နောက်သို့ ဆုတ်လိုက်၏။
ရှနင်းချန်လည်း ချက်ချင်း ခေါ်လိုက်လေသည်။ ရှနင်းချန်၏ ခေါ်သံကို ကြားပြီးနောက်တွင် မီးခိုရောင်ချီစွမ်းအင်သည် ချက်ချင်းပဲ ရှနင်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးဆီမှ ရွှေရောင်အလင်းတို့ တောက်ပလာခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်…
ထိုမျက်လုံး၏ အကြည့်အောက်တွင် မီးခိုရောင် ချီစွမ်းအင် အစုအဝေးမှ ရှနင်းချန်၏ကိုယ်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူမ ကိုယ်ပတ်လည်တွင် သာမန် မျက်လုံးဖြင့် မမြင်နိုင်သော မီးခိုးရောင် အရှိန်အဝါပါးပါး တစ်ရပ် ထွက်ပေါ်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ထိုအရှိန်အဝါသည် သက်တော်ရှည် အကြီးအကဲများတွင်သာ ရှိတတ်ကြသည့် အရှိန်အဝါတစ်မျိုး ဖြစ်ပြီး ထိုအရာပေါ်လာခြင်းသည် ထိုအကြီးအကဲများ အသက်ရှည်ရှည် နေရတော့မည် မဟုတ်ဘဲ မကြာခင် သေတော့မည် ဖြစ်ကြောင်း ပြသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။
သူ့စီနီယာမမလေးသည် ငယ်ငယ်လေးသာ ရှိသေးသည့်အတွက် သူမတွင် ထိုကဲ့သို့ အရှိန်အဝါ ရှိနေရခြင်းမှာ ထိုမီးခိုးရောင် ချီစွမ်းအင် အစုအဝေးကြောင့်သာ ဖြစ်နိုင်ပေသည်။
ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်သည့်အတွက် ရန်ကိုင် အံ့ဩနေခြင်း မရှိခဲ့ချေ။ ယခင်ကကဲ့သို့ စိုးရိမ်နေခြင်း မရှိဘဲ သူ့စီနီယာမမလေးကို လှမ်းခေါ်လိုက်သည် “ကျွန်တော့်နောက် လိုက်ခဲ့”
ရှနင်းချန်လည်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နောက်သို့ လိုက်သွားလိုက်လေသည်။
ရန်ကိုင်နှင့် ရှနင်းချန်သည် အတွင်းပိုင်းသို့ ဆက်၍ လမ်းလျှောက်သွားနေခဲ့သည်။ အတွင်းပိုင်းသို့ ရောက်လေ ရောက်လေ မိုးမြေစွမ်းအင် ပို၍ သိပ်သည်းလာလေ ဖြစ်နေသည်ကို ရန်ကိုင် သတိထားမိသည်။ သို့တိုင် ရန်ကိုင် အနေဖြင့် နည်းနည်းလေးမှ စိတ်မသက်သာနိုင်သေးဘဲ အနည်းငယ်ပင် စိတ်ဓါတ်ကျနေမိသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်၏ သိပ်သည်းဆသည် အရိပ်ကြယ်မှ သာမန် မိုးမြေစွမ်းအင် သိပ်သည်းဆသို့ ရောက်သွားသည့် နောက်တွင် ဧရာမမြေအောက်လိုဏ်ခေါင်းကြီး တစ်လုံးကို ရန်ကိုင်နှင့် ရှနင်းချန် ရှေ့တွင် ပေါ်လာခဲ့လေသည်။
လိုဏ်ခေါင်း အတွင်းပိုင်းသည် မှိန်ဖျဖျ လင်းနေခဲ့ပြီး ထိုထဲမှ ဘာမှန်းမသိရသော အသံတစ်မျိုးမျိုးသည် သူတို့အား ရှေ့သို့ ဆက်တိုးလာရန် ခေါ်နေသလို ခံစားလိုက်ရသည်။
ထိုခေါ်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှနင်းချန်၏ မျက်ဝန်းအစုံ အသက်မဲ့သလို ဖြစ်သွားခဲ့ပြီး အသိစိတ်မရှိသည့် ရုပ်သေးရုပ် တစ်ရုပ်နှယ် ပိုးဖလံ မီးထဲ တိုးဝင်သလို ထိုထဲသို့ အလိုလို လျှောက်ဝင်သွားလေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားပြီး ရှနင်းချန်၏ အသိစိတ်ပင်လယ်ဆီသို့ ကောင်းကင်စိတ်အာရုံ လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်လေသည်။
ရှနင်းချန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူမ၏ မျက်နှာလည်း ဖြူလျော်သွားခဲ့သည်။ ထိုအခါမှသာ သူမ အသိပြန်ဝင်လာခဲ့၏။ အသိပြန်ဝင်လာသည့်နောက် သူမ၏ မျက်နှာတစ်ပြင်လုံး ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
“ဂျူနီယာမောင်လေး၊ ငါ…” ရှနင်းချန် ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိ ဖြစ်နေခဲ့သည်။
“အင်း။ အဲ့ကိုကြည့်လိုက်” ရန်ကိုင်သည် သူ့ရှေ့တည့်တည့်သို့ ညွှန်ပြလိုက်သည်။
ရန်ကိုင် ညွှန်ပြနေသည့် နေရာကို မြင်ပြီးနောက် ရှနင်းချန်၏ မျက်ဝန်းအစုံ တုန်ရီသွားခဲ့သည်။
သူမရှေ့တွင် အလောင်းပုံကြီး ရှိနေခဲ့သည်။ အလောင်းတိုင်းသည် ညိုးလျော်ခြောက်သွေ့သည့် အလောင်းများ ဖြစ်ကြပြီး အချို့ဆိုလျှင် ပြာမှုန်များပင် ဖြစ်နေကုန်ကြလေပြီ။ သို့သော်လည်း အရိုးဖြူအချို့မှ ရလိုက်သည့် သဲလွန်စအရ အလောင်းတိုင်းသည် သူတို့၏ ခွန်အားနှင့် အသက်စွမ်းအင်အားလုံး စုပ်ယူခံလိုက်ရပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
“အဲ့လူတွေက ဘယ်သူလဲ။ သူတို့အားလုံး ဘာလို့ ဒီနေရာမှာ သေသွားကြတာလဲ” ရှနင်းချန်က ရန်ကိုင်ဘေးနားသို့ တိုးကပ်သွားရင်း မေးလိုက်သည်။
“ကျွန်တော် ထင်တာသာ မမှားရင် သူတို့လည်း စီနီယာမမလေး ကြုံသလို ကြုံခဲ့တာ ဖြစ်လိမ့်မယ်”
“ငါလို့” ရှနင်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း ခဏမျှ စဉ်းစားပြီးနောက် “ဂျူနီယာမောင်လေး ပြောချင်တာက သူတို့လည်း ငါလိုပဲ မီးခိုးရောင် ချီစွမ်းအင် အစုအဝေးကို ရခဲ့တယ်လို့ ပြောချင်တာလား”
“ဟုတ်လောက်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ဘာလို့လဲ…” အစောပိုင်းက သူမ ဖြစ်သွားသည့် ပုံစံကို ပြန်စဉ်းစားမိလိုက်သည်နှင့် ရှနင်းချန်၏ ကျောပြင်တစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။ ရန်ကိုင် အချိန်မှီ နှိုးလိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမလည်း ထိုလူများကဲ့သို့ သေသွားရပေလိမ့်မည်။
“ဘာလို့လဲဆိုတော့ အဲ့မီးခိုးရောင်ချီရဲ့ အဓိက ခန္ဓာကိုယ်က သူ့ကိုယ်သူ အားပြန်ဖြည့်ချင်နေလို့ပဲ။ အဲ့ဒါကြောင့်ပဲ စီနီယာ မမလေးကို တိုးတက်အောင် လုပ်ပေးခဲ့တာ။ စီနီယာမမလေး ပိုအားကောင်းလာလေ သူ့အတွက် ပိုအကျိုးရှိလေပဲ”
“သူဘာလို့ အဲ့လိုလုပ်ချင်တာလဲ” ရှနင်းချန် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဘာလို့လဲဆိုတော့ သူသေရတော့မှာမို့လို့လေ” ရန်ကိုင်က ပခုံးတွန့်လျက် “ဒါတွေက ကျွန်တော် ထင်တာ သက်သက်ပဲ ရှိသေးတယ်။ ဟုတ်မဟုတ် မသေချာသေးဘူး။ ဒါပေမယ့် စိတ်မပူနဲ့၊ အဲ့ဒါတွေ အမှန်ဟုတ်မဟုတ် ကျွန်တော်တို့ မကြာခင် သိရတော့မှာ”
ပြောပြီးသည်နှင့် ရန်ကိုင်သည် ရှနင်းချန်လက်ကို ကိုင်၍ ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်လေသည်။
အရိုးများပေါ်သို့ နင်းလိုက်မိသည်နှင့် ကြက်သီးမွှေးညင်း ထဖွယ်ရာ တဖျောက်ဖျောက် မြည်သံများ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့လေသည်။
ရှေ့တည့်တည့်ရှိ မှိန်ဖျော့ဖျော့ အလင်းရောင်ကို ကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။
မကြာမီ ထိုအလင်းရောင်ရှေ့သို့ ရန်ကိုင်တို့ နှစ်ယောက် ရောက်လာခဲ့သည်။
အောက်ခြေကို မမြင်ရအောင် နက်စောသော ချောက်နက်ကြီး တစ်ခု ရန်ကိုင်တို့ရှေ့တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက ထိုချောက်နက်အတွင်း မီးခိုရောင်အလင်းတစ်ခု တောက်ပနေသည်ကို တွေ့ရပေလိမ့်မည်။
ထိုအလင်းမှာ အလွန်ကိုမှ မှိန်သော်လည်း ထိုအရာ၏ အရောင်သည် ရှနင်းချန် ရထားသည့် မီးခိုးရောင်ချီနှင့် အရောင် အတူတူပင် ဖြစ်လေသည်။
“ထင်ထားတဲ့အတိုင်းပဲ” ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဧရာမမီးအိမ်ကြီးနှင့် တူသည် ထိုအလင်းရောင် အစုအဝေးကြီးကို မြင်ပြီးနောက် သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ရန်ကိုင် အတည်ပြုလိုက်နိုင်ခဲ့သည်။
“ဂျူနီယာမောင်လေး၊ အဲ့ဒါ ဘာကြီးလဲ” ရှနင်းချန်သည် ထိုမီးခိုးရောင် အလင်းလုံးကြီးကို စိုက်ကြည့်ရင်း ရန်ကိုင်အား မေးလိုက်သည်။ ထိုမီးခိုးရောင်အလုံးကြီးသည် သူမ ကိုယ်ထဲရှိ မီးခိုးရောင် ချီစွမ်းအင် အစုအဝေးလေးနှင့် အတော့်ကို တူနေခဲ့သည်။
“ကြယ်အမြူတေလေ” ရန်ကိုင်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
“ကြယ်အရင်းအမြစ်” ရှနင်းချန် စိတ်ရှုပ်သွားခဲ့သည်။
“ကျင့်ကြံရေးကြယ်တိုင်းမှာ အဲ့ကြယ်ရဲ့ သက်တမ်းကို သတ်မှတ်ပေးနိုင်တဲ့ ကြယ်အမြူတေဆိုတဲ့ အရာမျိုး ရှိတယ်။ အဲ့ကြယ်အမြူတေက လူတွေအတွက်ဆိုရင် နှလုံးတစ်ခုလိုပဲ” ရန်ကိုင်က ရှင်းပြလိုက်သည် “ကြယ်အမြူတေ ရှိနေလို့ပဲ ကြယ်တစ်လုံးက အသက်ရှင်နေတယ်လို့ ပြောလို့ရတာ။ ကြယ်စီရင်စုထဲမှာ ဒီလိုကြယ်တွေ အများကြီးပဲ။ အဲ့ကြယ်တွေ အားလုံးမှာ အသက်စွမ်းအင် ရှိတယ်။ ဒါပေမယ့် အချိန် ကြာလာတာနဲ့ ကြယ်အမြူတေက တဖြည်းဖြည်း အားနည်းလာလိမ့်မယ်။ လူတွေ အသက်ကြီးလာပြီး သေသလိုမျိုးပေါ့။ ကြယ်တွေလည်း အဲ့လိုပဲ။ ကြယ်အမြူတေ ပျောက်ကွယ်သွားပြီ ဆိုတာနဲ့ အဲ့ကြယ်လည်း သေဆုံးသွားပြီး ကြယ်သေတစ်လုံး ဖြစ်သွားရော။ အခု စီနီယာမမလေး မြင်နေရတဲ့ ကြယ်အမြူတေ ပျောက်ကွယ်သွားမယ်ဆိုရင် ထုန်းရွှမ်လောကကြီး တစ်ခုလုံး သေဆုံးသွားပြီး ကြယ်သေတစ်ခု ဖြစ်သွားလိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၈)
ရှနင်းချန် ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
ကြယ်များပင် မွေးဖွား၊ အသက်ကြီး၊ အားနည်းပြီး နောက်ဆုံးတွင် သေသွားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်၏ စကားကြောင့် ရှနင်းချန် အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။
သို့သော်လည်း သူမ၏ ဂျူနီယာမောင်လေး ပြောခြင်းဖြစ်သဖြင့် သူမ ယုံပေသည်။
ထုန်းရွှမ်လောကကြီး သက်တမ်းကုန်သွားပြီး ပျက်စီးသွားမည့် အကြောင်း စဉ်းစားမိလိုက်သည့်အခါ ရှနင်းချန် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် လူမည်မျှများ သေကြေပျက်စီးလိုက်ကြမည်နည်း။
“ဂျူနီယာမောင်လေး၊ ဒီကြယ်ကြီးကို ပြန်အားကောင်းလာအောင် လုပ်လို့ရမယ့် နည်းလမ်း နင့်မှာရှိလား” ရှနင်းချန်က ရုတ်တရက် မေးလိုက်သည်။
ရန်ကိုင်က ရှနင်းချန်အားကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်လိုလုပ်မှာ၊ ငါ့ကို သင်ပေးလို့ရမလား” ရှနင်းချန်က သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
“စီနီယာမမလေးက အဓိကပဲ” ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး “ကြယ်အမြူတေမှာ သက်တမ်းရှိပေမယ့် အသိစိတ်တော့ မရှိဘူး။ စီနီယာမမလေးကို သူရွေးလိုက်တယ်ဆိုတာ စီနီယာမမလေးရဲ့ ခွန်အားနဲ့ အသက်စွမ်းအားကို စုပ်ယူပြီး သူ့ကိုယ်သူ အားပြန်ဖြည့်ချင်လို့ပဲ။ အဲ့လိုလုပ်လိုက်လို့ သူ့သေရမယ့် အချိန်ကို ကြန့်ကြာသွားအောင် လုပ်နိုင်ပေမယ့် သေရမယ့်အချိန်ကိုတော့ ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့သာ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် ထုန်းရွှမ်လောကကြီးကို ပြန်ပြီး အားကောင်းလာအောင် လုပ်နိုင်ရုံတင် မဟုတ်ဘူး၊ စီနီယာ မမလေးပါ အကျိုးအမြတ် အများကြီးရလိမ့်မယ်”
ရှနင်းချန် ထပ်မံ ထိတ်လန့်သွားခဲ့ရပြန်လေပြီ။
ရန်ကိုင်သည် အောက်ဘက်ရှိ မီးခိုးရောင် စွမ်းအင်စုကြီးကို ပြန်ငုံ့ကြည့်လိုက်သည်။
ကြယ်အမြူတေ… ကြယ်စီရင်စုထဲသို့ သူဝင်လာပြီးသည့် အချိန်မှစ၍ ကြယ်အမြူတေများအကြောင်း မကြာခဏဆိုသလို ကြားခဲ့ရသော်လည်း ကြယ်အမြူတေ တစ်ခုကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
လွင့်မျောတိုက်ကြီးထဲတွင် သူတွေ့ခဲ့ရသော စွမ်းအင်စုကြီးသည် ကြယ်အမြူတေ ဟုတ်မဟုတ် သိပ်မသေချာသေးချေ။
သို့သော် လက်ရှိသူ့ရှေ့တွင် ရှိနေသော မီးခိုးရောင် စွမ်းအင်စုကြီးမှာမူ လုံးဝကို ကြယ်အမြူတေ ဖြစ်ပေသည်။
ဤအရာသည် ကောင်းကင်မှ သူ့စီနီယာမမလေးအတွက် ဖန်တီးပေးလိုက်သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
ကြယ်အမြူတေ၏ စွမ်းအားသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေရာ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင်လျှင် ကြယ်အမြူတေနားသို့ စိတ်ရှိတိုင်း မချဉ်းကပ်ရဲချေ။
ကြယ်အမြူတေများကို သန့်စင်သည့် ကိစ္စသည် အလွန်ကိုမှ ခက်ခဲသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ သန့်စင်နေစဉ် အချိန်အတွင်း မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့လျှင် ကြယ်တစ်စင်းလုံးမှ စွမ်းအား၏ တန်ပြန်တိုက်ခိုက်မှုကို ခံရပြီး တစ်မုဟုတ်ချည်း တန်းသေသွားနိုင်ပေသည်။
နှစ်ပေါင်းအစဉ်အဆက်အတွင်း ကြယ်စီရင်စုကြီးထဲ တန်ခိုးရှင်ဘုရင်အဆင့်များစွာ မွေးဖွားလာခဲ့သည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများထဲ ကြယ်အမြူတေကို သန့်စင်ရန် ကြိုးစားရင်း သေဆုံးသွားသည့် အရေအတွက်မှာလည်း မနည်းလှချေ။
လက်ရှိ ကြယ်စီရင်စုထဲတွင် ကျင့်ကြံရေးကြယ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင် ဖြစ်လာသည့် ပညာရှင် အရေအတွက်မှာ လက်တစ်ဆုပ်စာ လောက်သာ ရှိသည်။
သေရမည့်ကို မကြောက်သည့် တန်ခိုးရှင်ဘုရင်အဆင့်ဟူ၍ မရှိချေ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းသည် သူတို့၏ အသက်ကို တန်ဖိုးထားကြသည်။ ထို့ကြောင့် ကိုယ့်အသက်ကို စွန့်စားပြီး ကြယ်အမြူတေအား သွားရောက်သန့်စင်ခြင်းမျိုး မပြုလုပ်ကြဘဲ သူတို့ဘာသာ အေးအေးဆေးဆေး ကျင့်ကြံနေကြလေ့ ရှိသည်။ ထို့ကြောင့်ပင် ကြယ်စီရင်စုကြီးထဲ ကြယ်သခင် အရေအတွက် အလွန်ကိုမှ နည်းပါးနေခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ ဤကဲ့သို့သော အခွင့်အရေး တစ်ခုသည် သူ့စီနီယာမမလေးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။
အခြား ကျင့်ကြံရေး ကြယ်အမြူတေများနှင့် ယှဉ်လိုက်လျှင် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေသည် အိုမင်းပြီး သေဆုံးခါနီးနေခဲ့လေပြီ။
ထိုအကြောင်းကြောင့် ရှနင်းချန်မှ မီးခိုးရောင်စွမ်အင်စုလေးကို ရရှိလိုက်စဉ်က တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်လာသလို ခံစားရခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ရခြင်းမှာ သူမ အသက်ကြီးလာသည့် အတွက်ကြောင့် မဟုတ်ဘဲ ကြယ်အမြူတေမှ သေရမည့်အချိန်နှင့် တဖြည်းဖြည်း နီးကပ်လာသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
ကြယ်အမြူတေသည် ၎င်း၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းအား ရှနင်းချန်အား သန့်စင်ခွင့် ပြုခဲ့သည်။
ရှနင်းချန်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသော်ငြား သူမသာ ဇွဲရှိရှိနှင့် ကြိုးစားလိုက်မည် ဆိုလျှင် ဤကြယ်အမြူတေ တစ်ခုလုံးကို သန့်စင်နိုင်လောက်ပေသည်။
ရန်ကိုင်ပင်လျှင် သူမ၏ အခွင့်အရေးကို အားကျမိသည်။
ကြယ်အမြူတေကို သန့်စင်ခြင်းသည် အန္တရာယ်များသော်ငြား ရှနင်းချန်သည် ကျားပေါ်ခွစီးလျက်သာ အခြေအနေသို့ ရောက်နေပြီ ဖြစ်လေရာ နောက်ပြန်လှည့်၍ မရတော့ချေ။
ကြယ်အမြူတေသည် ရှနင်းချန်နှင့် အသက်ချင်း ဆက်သွယ်နေသဖြင့် ဤကြယ်အမြူတေသာ သေဆုံးသွားလျှင် ရှနင်းချန်လည်း သေဆုံးသွားရပေလိမ့်မည်။ ဤကြယ်အမြူတေကို အပြည့်အဝ သန့်စင်လိုက်မှသာလျှင် ရှနင်းချန်အနေဖြင့် အသက်ရှင်နိုင်ချေ ရှိပေလိမ့်မည်။
နောက်ပိုင်း ရှနင်းချန် အားကောင်းလာသည့် အခါကျ၊ ဤကြယ်အမြူတေလည်း တစ်ဖန် ပြန်လည် အားကောင်းလာပြီး ထုန်းရွှမ်လောကကြီးသည်လည်း မိုးမြေစွမ်းအင်ဖြင့် သိပ်သည်း ကြွယ်ဝသော ကြယ်ကြီးတစ်လုံး ပြန်ဖြစ်လာနိုင်ပေသည်။
သို့သော် ထိုသို့ဖြစ်နိုင်ချေမှာ ရှနင်းချန် အလွန် အားကောင်းလာမှသာ ဖြစ်ပေသည်။
ထိုအကြောင်းကို ရန်ကိုင်မှ ရှင်းပြလိုက်ပြီးနောက် ရှနင်းချန်သည် နည်းနည်းလေးပင် တုန့်ဆိုင်းမနေခဲ့ဘဲ ချက်ချင်း ခေါင်းညိတ်၍ သဘောတူလိုက်သည် “ငါလုပ်မယ်”
ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော် ပြုံးလျက် ခေါင်းညိတ်လိုက်၏ “စီနီယာမမလေး သိပ်ပြီး စိတ်ပူနေစရာ မလိုဘူး။ သူစီနီယာမမလေးကို ရွေးလိုက်တယ် ဆိုကတည်းက သူနဲ့ စီနီယာမမလေးက သင့်တော်လို့ပဲ။ စီနီယာမမလေးက အဲ့ဒါကို အပြည့်အဝ လက်ခံလာအောင်လုပ်ဖို့ပဲ လိုတာ။ စီနီယာမမလေးသာ အောင်မြင်သွားမယ်ဆိုရင် စီနီယာမမလေး ဒီကြယ်တစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာနိုင်လိမ့်မယ်။ ဒီကြယ်ရဲ့ ကံကြမ္မာ၊ အောင်မြင်မှု၊ ဂုဏ်ကျက်သရေ အားလုံးကို စီနီယာမမလေးက ဆုံးဖြတ်နိုင်လာလိမ့်မယ်”
“အင်း” ရှနင်းချန် လေးလေးပင်ပင်နှင့် ခေါင်းညိတ်မိလိုက်သည် “ဒါနဲ့ ငါဒါကို ဘယ်လို သန့်စင်ရမှာလဲ”
“လာခဲ့။ စီနီယာမမလေးဆီ ကျင့်စဉ်တစ်ခု ကျွန်တော် လွှဲပေးမယ်။ အဲ့ကျင့်စဉ်ကိုသုံးပြီး ကြယ်အမြူတေကို သန့်စင်လိုက်” ရန်ကိုင်က ပြုံးလျက် ရှနင်းချန်ကို ထိုင်ချစေလိုက်သည်။
ရှနင်းချန်မှ သူမ၏ အသိစိတ်ပင်လယ်အကာအကွယ်ကို ပယ်ဖျက်လိုက်ပြီးနောက် ရန်ကိုင်သည် သူ့နာမ်ဝိဥာဉ်ကို ရှနင်းချန်၏ အသိစိတ်ပင်လယ်ထဲ ပို့လွှတ်၍ ဧကရာဇ်ဥယှာဉ်ထဲမှ ရခဲ့သည့် ကျင့်စဉ်ကို စတင် သင်ကြားပေးတော့လေသည်။
ကြယ်သန့်စင်ခြင်း ပညာရပ်ပင်…
ထိုပညာရပ်ကိုသုံးပြီး ကြယ်အမြူတေကို သန့်စင်ရန်အတွက် အချိန်အတော်ကြာအောင် စောင့်ရလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ထိုကျင့်စဉ်သည် မထင်မှတ်ဘဲ အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရှနင်းချန် အနေဖြင့် ဤကျင့်စဉ်ကိုသုံးပြီး ကြယ်အမြူတေကို သန့်စင်မည်ဆိုပါက အခြားနည်းလမ်းဖြင့် သန့်စင်ခြင်းထက် ပို၍ အောင်မြင်နိုင်ချေ များပေသည်။
ထိုကျင့်စဉ်ကို လွှဲပေးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခုသာ ဖြစ်သည့်အတွက် ရန်ကိုင်အဖို့ လက်ဖက်ရည် ခွက်တစ်ဝက်စာသာ အချိန်ယူခဲ့ရလေသည်။ ကျင့်စဉ်ကို လွှဲပြောင်းပေးလိုက်ရုံမက ထိုကျင့်စဉ်နှင့် ပက်သက်၍ သူနားလည်ထားသည့် အရာများ၊ အတွေ့အကြုံများကိုလည်း ရှင်းပြခဲ့ပေသေးသည်။
အားလုံး ပြီးသွားသည်နှင့် ရှနင်းချန်၏ အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာခဲ့ပြီး ငြိမ်သက်စွာ စောင့်နေလိုက်သည်။
ရှနင်းချန်အနေဖြင့် ထိုကြယ်သန့်စင်ခြင်း ပညာရပ်ကို နားလည်အောင် လုပ်ရန် လိုပေသေးသည်။
တဖြည်းဖြည်းနှင့် နေ့အချိန် ကုန်လွန်လာပြီး ညအချိန်သို့ ရောက်လာခဲ့သည်။
တစ်လကြာပြီးနောက်တွင် ရှနင်းချန် မျက်လုံးပွင့်လာခဲ့သည်။ သူမ၏ မျက်နှာထက် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်တို့ကို မြင်နေရသော်လည်း သူမ၏ မျက်ဝန်းအစုံမှာမူ တဖျက်ဖျက် လင်းလက်တောက်ပနေခဲ့သည်။
“ဂျူနီယာမောင်လေး၊ ငါအဆင်သင့်ဖြစ်ပြီ”
“အဲ့ဒါဆို စကြာတပေါ့” ရန်ကိုင်က သူမအား အပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
ရှနင်းချန်လည်း ခေါင်းညိတ်လိုက်ပြီး ထ၍ ချောက်နက်ကြီးဆီ လျှောက်သွားလိုက်လေသည်။
ချောက်နက်ကြီးဆီသို့ ရောက်သော် အောက်သို့ ငုံကြည့်ကာ ခုန်ချလိုက်လေသည်။ တစ်ချိန်တည်းတွင်း ပါးစပ်မှ ရေရွတ်လိုက်၏ “ငါ့အသက်ကို ပေးလိုက်လို့ နင့်ကို ပြန်ရှင်သန်လာအောင် လုပ်နိုင်မယ်ဆိုရင် ငါပေးလိုက်တယ်။ မဟုတ်ဘူးဆိုရင်တော့ ငါကို နင်နဲ့ပေါင်းစပ်ခွင့်ပေးပါ။ ငါတို့ အတူတူ အမြင့်ကို တက်လှမ်းကြမယ်။ ငါပိုပြီး သန်မာလာအောင် ကြိုးစားပြီး ကျင့်ကြံပြီး နင့်အသက်စွမ်းအင်ကို အားကောင်းလာအောင် ပြန်လုပ်ပေးမယ်”
သို့သော်လည်း အောက်ဘက်ရှိ မီးခိုးရောင်မီးတောက်သည် လှုပ်ရှားခြင်း မရှိဘဲ အပြည့်အဝ ငြိမ်သက်နေခဲ့လေသည်။
မကြာမီ တရှဲရှဲမြည်သံနှင့်အတူ မီးခိုးရောင်စွမ်းအင်စုကြီးသည် ဧရာမပန်းပွင့်ကြီးတစ်ပွင့် ပွင့်လန်းလာနေသည့်နှယ် ဘေးဘက်သို့ ယိမ်းထိုးလာခဲ့သည်။ ရှနင်းချန်လည်း အထဲသို့ ရောက်သွားခဲ့၏။
ရှနင်းချန် မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး အသာအယာ ပြောလိုက်လေသည် “ကျေးဇူးပဲ”
ရန်ကိုင်မျက်နှာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။
အခြေအနေသည် သူထင်ထားသည်ထက် ပိုမြန်နေခဲ့သည်။ သူ့စီနီယာမမလေး ဤမျှ အလောတကြီး လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူအသိဝင်လာသည့် အချိန်တွင် သူမအား တားရန် နောက်ကျလွန်းသွားခဲ့လေပြီ။
ချောက်ကမ်းပါးဆီသို့ အလျင်အမြန် ပြေးသွားပြီး ငုံကြည့်လိုက်ရာ မီးခိုးရောင်စွမ်းအင်စုတကြီး ပြန်ပိတ်သွားသည်ကို တွေ့လိုက်ရ၏။
ဖော်ပြမရနိုင်သော စွမ်းအားတစ်မျိုးသည် ထိုမီးခိုးရောင် စွမ်းအင်စုကြီးဆီမှ ဖြာထွက်လာပြီး ရန်ကိုင်အား လာရောက် ရိုက်ခတ်လေသည်။
ဤကြယ်အမြူတေသည် အလွန်အားနည်းနေသည် ဆိုလျှင်ပင် ရန်ကိုင် အလွယ်တကူ ချဉ်းကပ်သွားနိုင်သည့် အရာတော့ မဟုတ်သေးချေ။
ရန်ကိုင်လည်း မှုန်ကုတ်ကုတ် အမူအရာဖြင့် ထထိုင်လိုက်သည်။ ကံကောင်းစွာဖြင့် အောက်ဘက်ဆီမှ သူ့စီနီယာမမလေး၏ အရှိန်အဝါကို ခံစားမိနေသေး၏။
ဘာမှမတတ်နိုင်သဖြင့် စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်ရုံသာ ရှိတော့လေသည်။
ရုတ်တရက် မြေအောက်ထဲမှ ဆန်းကြယ်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင်၏ ဆူပွက်နေသော သွေးများကို တည်ငြိမ်သွားအောင် လာရောက် ဖြေသိမ့်ပေးလေသည်။
ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ထိုအရှိန်အဝါကို သေချာ ခံစားကြည့်နေလေသည်။ တဖြည်းဖြည်းနှင့် တစ်ခုခုကို သူနားလည်သွားသလို ခံစားလိုက်ရသည်။
ထိုကြောင့် အလျင်စလို မျက်လုံးပိတ်လျက် ထိုအရာကို သေချာ စတင် စစ်ဆေးတော့သည်။
ကျယ်ပြောလှသော ကြယ်စီရင်စုကြီးထဲ အဆုံးမဲ့ အမှောင်ထုကြီးထဲဝယ်၊ အရာအားလုံးသည် ဗလာနတ္ထိ၊ အလင်းရောင်သည်ပင် မရှိချေ။ ထိုခေတ်သည် ခြေရာခံရန် မဖြစ်နိုင်သော အလွန်ကိုမှ ရှေးကျလွန်းသည့် ခေတ်တစ်ခေတ် ဖြစ်သည်။
ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း သူကိုယ်တိုင်မှအပ မည်သူ့ကိုမှ မတွေ့ရ၊ ယုတ်စွဆုံး ဘာကိုမှ မမြင်ရချေ။
ထိုအမှောင်ထုကြီးထဲ သူတစ်ကိုယ်လုံး အထီကျန်အဖော်မဲ့စွာ ဖြတ်သန်းနေရသည်။ အချိန်သည် ဤသို့ဖြင့် တဖြည်းဖြည်း ကုန်ဆုံးလာနေခဲ့လေသည်။
နှစ်ပေါင်းမည်မျှ ကြာသွားခဲ့မှန်း သူမသိ၊ တစ်နေ့တွင် အကန့်အသတ်မဲ့ ကြယ်စီရင်စုထဲရှိ အဆုံးမဲ့ အမှောင်ထုထဲဝယ် အလင်းစလေးတစ်စ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းစလေးသည် အစပိုင်းတွင် သေးငယ်သော်လည်း မကြာမီ အလွန်ကိုမှ ကြီးမားသော မီးတောက်ကြီးတစ်ခု အဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့လေသည်။
ထိုစွမ်းအင်လှိုင်းများကြောင့် ကြယ်စီရင်စုကြီးတစ်ခုလုံး ကမောက်မကာ ဖြစ်လာခဲ့ရသည်။
သန်ပေါင်းများစွာသော အရွယ်အစား အမျိုးမျိုးရှိသည့် ဥက္ကာခဲများစွာတို့သည် အမည်ဖော်မရသော စွမ်းအားတစ်ရပ်၏ လွှမ်းမိုးမှုအောက်၌ မှော်ဆန်ဆန် ပေါင်းစပ်လာခဲ့ကြသည်။
သဲမှုန်လေး မြောက်မြားစွာ စုပေါင်းပြီး ကြယ်တစ်လုံး ဖြစ်လာသကဲ့သို့ ကြယ်စီရင်စုထဲ ကြယ်တစ်လုံး စတင် ပေါ်ပေါက်လာခဲ့သည်။
ထိုအရာလေးသည် မွေးကင်းစ ကြယ်လေးတစ်လုံး ဖြစ်ပြီး ၎င်းတွင် မည်သည့် စွမ်းအင်မှ မရှိသေးဘဲ အမှောင်ထုထဲတွင် ရှိနေသေး၏။ ထိုကြယ်လေးသည် ကျယ်ပြောလှသော ကြယ်စီရင်စုကြီးထဲ ကူကယ်ရာမဲ့နေသော ကလေးလေးတစ်ယောက်နှယ် လွင့်မျောနေ၏။
သန်းပေါင်းများစွာ ကြာပြီးနောက်တွင် ထိုလွင့်မျောနေသော ကြယ်လေးသည် ဧရာမနေကြယ်ကြီး တစ်စင်းနားသို့ ပထမဆုံး အကြိမ် ရောက်ရှိလာခဲ့သည်။
ထိုနားသို့ရောက်သော် ကြယ်လေးသည် ဆက်မသွားတော့ဘဲ နေကြယ်ကြီးကိုသာ စတင် လှည့်ပတ်တော့လေသည်။
တဖြည်းဖြည်းနှင့် ထိုကြယ်၏ မျက်နှာပြင်ထက် သစ်ပင်ပန်းပင်များ စတင် ပွင့်လန်းလာခဲ့သည်။
နှစ်သန်းပေါင်းများစွာကြာအောင် အဆင့်ဆင့် ပြောင်းလဲလာပြီးနောက် အသိစိတ်ရှိသော သက်ရှိများ ထိုကြယ်ထက် စတင် ပေါက်ဖွားလာခဲ့သည်။ ထိုသက်ရှိများသည် သက်တမ်းအရင့်ဆုံး မျိုးနွယ်စုများ ဖြစ်ကြပေသည်။
ထိုသက်ရှိများသည် အသစ်အသစ်များကို လေ့လာဆန်းသစ်ရင်းမှ တဖြည်းဖြည်း အားကောင်းသည်ထက် အားကောင်းလာခဲ့သည်။ အစပိုင်းတွင် မျိုးနွယ်စုတစ်ခုတည်း မွေးဖွားလာခဲ့ခြင်း ဖြစ်သော်ငြား ထိုမျိုးနွယ်စုမှတစ်ဆင့် မျိုးကွဲများစွာ အဆင့်ဆင့် ကွဲထွက်လာခဲ့သည်။
လူသားမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုနှင့် အခြားသော ထူးဆန်းသည့် မျိုးနွယ်စုများပင်…
မျိုးကွဲများ ဖြစ်ပေါ်လာပြီးနောက် ထိုမျိုးကွဲများပြား အရင်းအမြစ်များနှင့် ပက်သက်၍ တိုက်ပွဲများ စတင် ဖြစ်ပွားလာခဲ့ကြသည်။
အချို့မျိုးနွယ်စုများသည် တိုက်ပွဲမီးတောက်များကြားဝယ် ပျောက်ကွယ်သွားခဲ့ရချိန် အချို့မှာမူ ပို၍ အားကောင်းလာကြ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၅၉)
အချိန်ကြာလာသည်နှင့် အမျိုးမျိုးသော မျိုးနွယ်စုများသည် အဆင့်ဆင့် ပြောင်းလဲလာခဲ့၏။ ကြယ်ကီဲးသည်လည်း အမျိုးမျိုးသော ရောင်စုံစွမ်းအင်များဖြင့် ပြည့်နှက်လာခဲ့လေ၏။ အဓိကမျိုးနွယ်စုများ အားကောင်းလာသည်နှင့် ကြယ်သည်လည်း စည်းကားသက်ဝင်လာခဲ့သည်။
သက်ရှိအားလုံးသည် ကြယ်ကြီးဆီမှ စွမ်းအင်များကို အငမ်းမရ စုပ်ယူရင်း သူတို့အတွက် အကျိုးရှိမည့် အမျိုးမျိုးသော အရာများကို ထုတ်ယူကြသည်။
အချိန်တစ်ခုသို့ ရောက်သော် ကြယ်သည် စတင် အိုမင်းလာခဲ့၏။
သက်ရှိများ ကျင့်ကြံရန်အတွက် လိုအပ်သော စွမ်းအင်များစွာကို ထောက်ပံ့မပေးနိုင်တော့သလို အဖိုးတန်ပြီး ရှားပါးသော ကျင့်ကြံရေး အရင်းအမြစ်များကို ဖန်တီးပေးမည့် စွမ်းအင်အပိုလည်း မရှိတော့ပေ။
ဤသို့ဖြင့် ကြယ်ကြီးသည် တဖြည်းဖြည်း ခြောက်ကပ်လာခဲ့၏။ သာယာစည်ပင်ကဲ့သို့ ခေတ်ကြီးသည်လည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး မိုးမြေစွမ်းအင်တို့မှာလည်း တဖြည်းဖြည်း ကျဲပါးခြောက်သွေ့လာခဲ့ရသည်။ တစ်ချိန်တည်းတွင် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အဆင့်များမှာလည်း နိမ့်ကျသည်ထက် နိမ့်ကျလာခဲ့ရသည်။
မည်သူမှ သိုင်းတာအို၏ ပိုမို မြင့်မားသော အဆင့်များကို အာရုံခံနိုင်စွမ်း မရှိတော့ချေ။
ကြယ်ကြီးသည် သားသမီးများကို ပြုစုပျိုးထောင်ရန်အတွက် အနစ်နာခံခဲ့သော ကြင်နာသော မိဘတစ်ယောက်နှင့် တူ၏။ ကြယ်ကြီး တဖြည်းဖြည်း အိုမင်းလာသည်နှင့် သူ့သားသမီးများကို ဆက်လက် ပြုစုစောင့်ရှောက်ပေးနိုင်စွမ်း မရှိတော့ချေ။
တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့ပြီး အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေခဲ့သော ကြယ်ကြီးသည် ယခုမှ အသက်ရှင်ရေး အတွက်ပင် အသည်းအသန် ကြိုးစားရုန်းကန်နေရတော့၏။
သူ၏ သားသမီးများကတော့ ထိုကြယ်ကြီးကို ထုန်းရွှမ်လောကကြီးဟု ခေါ်ဆိုပေသည်။
……
ထိုဆန်းကြယ်သော အခြေအနေမှ ရန်ကိုင် ရုတ်တရက် ပြန်လည် နိုးထလာခဲ့သည်။
ကျင့်ကြံရေးကြယ်ကြီး တစ်လုံး၏ စတင် မွေးဖွားလာသည့် အချိန်မှစ၍ တဖြည်းဖြည်း အားကောင်းလာပြီး နောက်ဆုံး တဖြည်းဖြည်းနှင့် အားနည်းသွားသည့် အချိန်အထိ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အလုံးစုံကို သူမြင်တွေ့ခဲ့ရသည်။ ထိုဖြစ်စဉ်ကို ကြည့်နေရင်း သူ့ရင်ထဲ ရှင်းပြမရသည့် ခံစားချက်တစ်ခု ရလိုက်၏။
အရာအားလုံးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျောက်ကွယ်ကြရပေလိမ့်မည်။ ထာဝရတည်မြဲသော အရာဟူ၍ မရှိပါလေတကား။ ထိုအကြောင်းကို စဉ်းစားမိရင်း ရန်ကိုင်၏ စိတ်အစုံသည် သာမန်ထက် ပို၍ ရင့်ကျက် တည်ငြိမ်လာရသည်။
သံဿရာသဘောတရားကို မြင်တွေ့ပြီးနောက် လောကကြီးအပေါ် ရန်ကိုင်၏ နားလည်မှုသည် မယုံကြည်နိုင်ဖွယ်ရာ အမြင်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ နှစ်သန်းပေါင်းများစွာ ရှင်သန်လာသော အသိဥာဏ်ပညာတို့ဖြင့် ပြည့်နှက်နေသည် ဂုရုကြီးတစ်ယောက်နှယ် ရန်ကိုင်၏ မျက်ဝန်းအစုံတို့ဖြင့် ဥာဏ်ပညာအလင်းတို့ဖြင့် တဖျက်ဖျက် တောက်ပနေခဲ့သည်။
ယခုနေ သူတန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားလျှင်ပင် သူ့စိတ်အခြေအနေသည် လုံးဝကို ပကတိ ပြစ်ချက် ကင်းနေပေလိမ့်မည်။
သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်အပေါ် သူ့နားလည်မှုသည် သူ့ကျင့်ကြံခြင်းအရ ရှိသင့်ရှိထိုက်သည့် အဆင့်ထက် အဆများစွာ ကျော်လွန်သွားခဲ့သည်။
စိတ်အခြေအနေ တိုးတက်လာခြင်း၊ တစ်နည်းအားဖြင့် ရင့်ကျက်လာခြင်းသည် အတင်းလုပ်ယူ၍ရသည့် အရာမျိုး မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်လာနိုင်ရန်အတွက် အချိန်များစွာ လိုအပ်သလို အမျိုးမျိုးသော အတွေ့အကြုံများကိုလည်း ရင်ဆိုင်ကြုံတွေ့ဖူးရန် လိုအပ်ပေသည်။
စိတ်နှင့်နာမ်ကို ကျင့်ကြံခြင်းသည် အလွန်ကိုမှ ရှင်းပြရခက်သည့် နက်နဲလှသော ကျင့်ကြံခြင်းတစ်မျိုး ဖြစ်သည်။ သို့သော်လည်း သိုင်းတာအိုတွင် ပိုမိုမြင့်မားသော အဆင့်တစ်ခုခုသို့ လျှောက်လှမ်းလိုပါက မိမိ၏ စိတ်နှင့်ခန္ဓာကို မဖြစ်မနေ ကျင့်ကြံကြရသည်။ သူ့စီနီယာမမလေးအား ကြယ်အမြူတေကို သန့်စင်နိုင်ရန် ကူညီပေးလိုက်ခြင်းသည် သူ့အတွက်လည်း အကျိုးရှိသွားလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
ထိုရှုမောဖွယ်ရာ အတွေးထဲ နောက်တစ်ကြိမ် ထပ်မံ နစ်မြောလိုက်ချင်မိသော်လည်း သူမည်သို့ပင် ကြိုးစားစေကာမူ ထိုဆန်းကြယ်သည့် အခြေအနေဆီသို့ နောက်တစ်ကြိမ် မည်သို့မှ ထပ်မရောက်နိုင်ခဲ့တော့ပေ။
ထို့ကြောင့် ရန်ကိုင် သက်ပြင်းချမိလိုက်လေသည်။
ရုတ်တရက် ရန်ကိုင် တစ်ခုခုကို သတိပြုမိလိုက်ပြီး မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့သည်။ ချက်ချင်း ထိုင်ရာမှထ၍ ချောက်ကမ်းပါးဆီသို့ ပြေးထွက်သွားလေသည်။
အောက်ဘက်ဆီမှ သူ့စီနီယာမမလေး၏ နာနာကျင်ကျင် အော်ဟစ်သံများကို သူကြားနေခဲ့ရသည်။
အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ယိမ်းထိုးနေသော မီးခိုးရောင် စွမ်းအင်လှိုင်းများကို မြင်တွေ့လိုက်ရပြီး သူ့စီနီယာမမလေးကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ သို့သော်လည်း သူ့စီနီယာ မမလေးသည် ထိုမီးခိုးရောင် စွမ်းအင်များထဲရှိ တစ်နေရာရာတွင် ရှိနေသေးမှန်း သူသိနေသည်။
ပတ်ပတ်လည် မိုင်တစ်ရာဝန်းကျင် အတွင်းတွင် ရှိနေသော မိုးမြေစွမ်းအင်များသည် မြေအောက်လိုဏ်ဂူထဲသို့ အရူးအမူး စီးဝင်လာကြလေသည်။ အကျိုးဆက်အနေဖြင့် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင် အနည်းငယ် ကမောက်မက ဖြစ်လာခဲ့ရလေသည်။
သူ့စီနီယာမမလေး၏ ကျင့်ကြံခြင်းသည်လည်း အရှိန်အဟုန် ပြင်းပြင်းဖြင့် မြင့်တက်လာနေခဲ့သည်။
မူလက သူမသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိခဲ့သော်ငြား လက်ရှိ သူမ၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ဒုတိယ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ခဏအကြာတွင် သူတော်စင်ဘုရင် တတိယအဆင်သို့ ချိုးဖျက်သွားခဲ့သည်။
ဤသည်မှာ အစသာ ရှိသေးပြီး သူမ၏ ကျင့်ကြံခြင်းသည် တဖြည်းဖြည်း ဆက်လက် မြင့်တက်လာနေခဲ့သည်။
မကြာမီ သူတော်စင်ဘုရင် တတိယအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး တန်ခိုးရှင်အဆင့်၏ အနားသတ်အဆင့်ကို သွားရောက်ရိုက်ခတ်လေသည်။
ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်နေမိ၏။
ထိုကဲ့သို့ တရစပ်အဆင့်ချိုးဖျက်ခြင်းသည် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်အပေါ် အတော့်ကိုမှ ဝန်ပိစေပေ၏။ သို့သော်လည်း သူ့စီနီယာမမလေး၏ အရည်အချင်းအရ ထိုလောက်ကို ခံနိုင်လောက်ပေသည်။
ရန်ကိုင် စိတ်ပူနေသည်မှာ ထိုအချက်ကိုမဟုတ်၊ အနီးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်များ လိုဏ်ဂူထဲသို့ ဆက်လက် တိုးဝင်မလာတော့သည်ကိုပင်။
ဤအနီးပတ်ပတ်လည်တွင် စုဝေးနေသော မိုးမြေစွမ်းအင် အားလုံးသည် ရှနင်းချန် သူတော်စင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ရာတွင် အသုံးပြုလိုက်သဖြင့် ကုန်ဆုံးသွားခဲ့လေပြီ။
ယခု ရှနင်းချန်၏ အရှိန်အဝါကို ဝိုးတဝါးတား ခံစားနိုင်လေပြီ။ ဆိုလိုသည်ကား သူမနှင့် ကြယ်အမြူတေ၏ ပေါင်းစပ်မှုသည် ချောချောမွေ့မွေ့ ရှိနေခဲ့ပေသည်။ ထိုသို့ ချောချောမွေ့မွေ့ ဖြစ်နေသည့် အတွက်ကြောင့် အခက်အခဲများကို သူမ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
လက်ရှိတွင် သူမ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန်အတွက် လုံလောက်သော မိုးမြေစွမ်းအင် မရှိတော့ချေ။ ထိုအရာကမှ အဓိက ပြသနာပင်။
အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်နေခြင်း ဖြစ်သည့်အတွက် နည်းနည်းလေးမှ အမှားခံ၍ မရချေ။ တစ်ခုခု မှားယွင်းသွားသည်နှင့် ရှနင်းချန်၏ ကျင့်ကြံခြင်းသည် ဤအဆင့်တွင်သာ သောင်တင်နေပေတော့မည်။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် ကြယ်အမြူတေလည်း ပြန်လည် အားကောင်းလာနိုင်တော့မည် မဟုတ်ဘဲ သူမ၏ အဆုံးသတ်လည်း အလွန်ကိုမှ ဆိုးရွားသွားပေလိမ့်မည်။
ရန်ကိုင် စတင် စိုးရိမ်လာခဲ့လေသည်။
ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်သည်နှင့် သူ့မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
မိုးမြေစွမ်းအင် မလုံလောက်လျှင် သူတော်စင်သလင်းကျောက်ကို အသုံးပြုနိုင်ပေသည်။ ရန်ကိုင် အဆင့်ချိုးဖျက်စဉ်က သူတော်စင် သလင်းကျောက်များကို အသုံးမပြုခဲ့ခြင်းမှာ အရိပ်ကြယ်၏ မိုးမြေစွမ်းအင်သည် သူနောက်တစ်ဆင့်သို့ ချိုးဖျက်ရန်အတွက် လုံလောက်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်ပမာဏကမူ သူ့စီနီယာမမလေး တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန်အတွက် မလုံလောက် ဖြစ်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူတော်စင် သလင်းကျောက်ကို အစားထိုး အသုံးပြုလိုက်လျှင် အဆင်ပြေသွားလိမ့်မည် မဟုတ်ပေလော။
ချက်ချင်းပဲ ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက်များကို ချောက်နက်ကြီးထဲသို့ သွန်ချလေတော့သည်။
ထိုသူတော်စင်သလင်းကျောက်များသည် ချောက်နက် အောက်ခြေသို့ မရောက်နိုင်သေးခင်မှာပဲ တစ်စစီ ပေါက်ကွဲသွားကုန်ကြလေသည်။ ထိုအရာများ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသော စွမ်းအင်များသည် ရှနင်းချန် ရှိသည့် နေရာဆီသို့ စုပြုံစီးဝင်သွားကြလေသည်။
ရှနင်းချန်၏ ညည်းတွားသံများ တဖြည်းဖြည်း တိတ်သွားခဲ့ပြီး အောက်ဘက်ရှိ ပရမ်းပတာ ဖြစ်နေသော အရှိန်အဝါသည်လည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ယိမ်းထိုးနေသော မီးခိုးရောင် စွမ်းအင် အစုအဝေးကြီးသည်ပင် သိသိသာသာ တည်ငြိမ်သွားခဲ့၏။
ရန်ကိုင် ပျော်ရွှင်စွာပြုံးလိုက်မိပြီး သူတော်စင် သလင်းကျောက်များကို ဆက်လက် လောင်းချနေပေးလိုက်သည်။
ခရီးဝေးသွားရန်အတွက် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဠာနချုပ်မှ ရရှိခဲ့သော သူတော်စင်သလင်းကျောက်များနှင့်တကွ အခြားသော သူတော်စင်သလင်းကျောက်များစွာကို သူနှင့်အတူ သယ်လာခဲ့၏။
လက်ရှိတွင် ထိုသန်းရာနှင့်ချီသော သူတော်စင်သလင်းကျောက် အားလုံးသည် ချောက်နက်ထဲသို့ ရောက်သွားကုန်ကြလေပြီ။
မိုးမြေစွမ်းအင် တဖြည်းဖြည်း သိပ်းသည်းလာခဲ့ပြီး မီးခိုးရောင် စွမ်းအင်အစုအဝေးကြီး၏ အရှိန်အဝါမှာလည်း ယခင်ထက်ပို၍ အားကောင်းလာခဲ့လေသည်။ သူ့စီနီယာမမလေး၏ အရှိန်အဝါမှာလည်း တည်ငြိမ်သွားခဲ့ပြီး အကုန်လုံးသည် ကောင်းမွန်သည့် လမ်းကြောင်းအတိုင်း သွားနေခဲ့သည်။
ရှနင်းချန်၏ အရှိန်အဝါ တဖြည်းဖြည်း မြင့်တက်လာနေသည်ကို ရန်ကိုင် အာရုံခံနေမိသည်။ မကြာမီ ရှနင်းချန်သည် သူတော်စင်ဘုရင် တတိယအဆင့်ကို ချိုးဖျက်၍ တန်ခိုးရှင် အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ရန်ကိုင် လောင်းချပေးလိုက်သည့် သူတော်စင် သလင်းကျောက်များထဲမှ စွမ်းအင်များသည် အားကောင်းသော စွမ်းအင်လှိုင်းများအဖြစ်သို့ ပေါင်းစုစည်းသွားခဲ့ပြီး စီနီယာမမလေး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကုန်ကြလေသည်။
အဖြစ်အပျက် တစ်ခုလုံးသည် အတော်လေးကိုမှ ထိတ်လန့်ဖွယ် ကောင်းသော်လည်း မည်သည့် အန္တရာယ်မှ သိပ်မရှိခဲ့ချေ။
မိုးမြေစွမ်းအင်များ တည်ငြိမ်သွားသည့်နောက်တွင် ချောက်နက်ကြီးထဲ၌ ရှိနေသော မီးခိုးရောင်စွမ်းအင်စုကြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
လိုဏ်ဂူတစ်ခုလုံး မှောင်ကျသွားခဲ့လေသည်။
သို့သော်လည်း သူ့စီနီယာမမလေး၏ လက်ရှိ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါး၏ ခန္ဓာကိုယ်နှယ် မှိန်ရီဖျော့တော့စွာ တောက်ပနေခဲ့သည်။
ရန်ကိုင်သည် ချောက်နက်ကြီးပေါ်တွင် ရပ်လျက် သူမအား ကြောင်ကြည့်နေမိလေသည်။
သူ့စီနီယာမမလေးသည် လက်ရှိတွင် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ဦး ဖြစ်လာခဲ့လေပြီ။ လက်ရှိသူမသည် တန်ခိုးရှင်ပထမ အဆင့်သာ ရှိသေးသော်လည်း သူမတွင် အားကိုးစရာ ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေ ရှိနေသလို ထွတ်မြတ်ဆေးခန္ဓာကိုယ်လည်း ရှိနေသဖြင့် သူမ၏ အလားအလာသည် အကန့်အသတ်မဲ့သည်ဟု ပြော၍ရသည်။
သူမ၏ အလားအလာသည် လက်ရှိရန်ကိုင်ထက် ပိုမြင့်သည်ဟုပင် ပြော၍ရသည်။ သို့သော် ရန်ကိုင် စိတ်ဓါတ်ကျသွားခြင်း မရှိ။ သူ့အနေဖြင့် ပိုပြီး ကြိုးစားအားထုတ်ရန် လိုလာခြင်းသာ။ မဟုတ်လျှင် သူ့မိန်းကလေးများက သူ့ထက် ပိုအားကောင်းနေလျှင် သူ့အတွက် ရှက်စရာ ဖြစ်နေပေလိမ့်မည်။
စီနီယာမမလေးသည် မလှုပ်ရှားသေးဘဲ တစ်ခုခုကို နားလည် ဆင်ခြင်နေသည့်အလား မျက်လုံးစုံပိတ်လျက် လေထဲတွင် ဝဲနေခဲ့၏။
အချိန်အတော်ကြာသွားသည့် အခါမှသာ သူမ မျက်လုံး ပြန်ပွင့်လာခဲ့သည်။ မျက်လုံး ပွင့်လာသည်နှင့်နောက်တွင် ပျော်ရွှင်မြူးထူးနေသည့် အမူအရာဖြင့် ရန်ကိုင်ဆီသို့ ပျံဝဲဆင်းလာခဲ့သည်။
ရန်ကိုင်လည်း လက်လှမ်းပေးလိုက်ပြီး သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
“ဂျူနီယာမောင်လေး၊ ငါသူတော်စင်ဘုရင်အဆင့်ကို ကျော်ဖြတ်သွားပြီ” ရှနင်းချန်က ပြောလိုက်သည်။
“ဟုတ်တယ်။ ကျော်သွားပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“အခု ငါရောက်နေတဲ့ အဆင့်ကို ဘယ်လိုခေါ်လ”
“တန်ခိုးရှင်အဆင့်လို့ ခေါ်တယ်။ ကျွန်တော်လေး အဲ့အဆင့်ကိုပဲ ရောက်နေတာ။ အဲ့အဆင့်ကို ရောက်ပြီဆိုရင် ပထမဆုံးအနေနဲ့ ရှီကို စတင် ဖွဲစည်းရလိမ့်မယ်။ နောက်အချိန်ပိုရတော့မှပဲ စီနီယာမမလေးကို အဲ့အကြောင်း အသေးစိတ် ပြောပြမယ်”
“အင်း”
“အရင်ပြန်ကြတာပေါ့။ အချိန်တွေ ဘယ်လောက်တောင် ကုန်သွားလဲမသိဘူး။ အခုအချိန်လောက်ဆို တော်ဝင်နယ်မြေ တစ်ခုလုံး အုံ့အုံ့ကျက်ကျက် ဖြစ်နေလောက်ပြီ” ပြောရင်း ရန်ကိုင်သည် ရှနင်းချန်လက်ကို ကိုင်ကာ အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
“ဂျူနီယာမောင်လေး၊ ငါလုပ်မယ်” ရှနင်းချန်က စိတ်အားထက်သန်သည့် အမူအရာဖြင့် ရန်ကိုင်အား တားလိုက်၏။
ရန်ကိုင်လည်း သူမအား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ရှနင်းချန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ သူမရှေ့ရှိ လေဟာနယ်ကို ပုတ်လိုက်သည်။
ရုတ်တရက်ဆိုသလို သူမ ပုတ်လိုက်သော နေရာဆီမှ ဝဲကတော့တစ်ခု ပဥ္စလက်ဆန်ဆန် ပေါ်လာခဲ့လေသည်။
ရန်ကိုင်နှင့် ရှနင်းချန်တို့ နှစ်ယောက်စလုံး ထိုဝဲကတော့ထဲသို့ ခုန်ဝင်သွားကြသည်။
ဝဲကတော့မှ အပြင်သို့ ပြန်ရောက်လာသည့်အခါ ဘုံကိုးခု ထွတ်မြတ်နယ်မြေထဲရှိ ရှနင်းချန်၏ အခန်းရှေ့သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
ခြေတစ်လှမ်းတည်းဖြင့် မိုင်ပေါင်းသန်းနှင့်ချီကို ကျော်ဖြတ်လာခဲ့ခြင်း ဖြစ်သည်။
လေဟာနယ်တာအိုကို ကျင့်ကြံထားသော ရန်ကိုင်ပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ချေ။
“ဂျူနီယာမောင်လေး ပြောတာအမှန်ပဲ။ ကြယ်အမြူတေကို သန့်စင်ပြီးသွားတာနဲ့ ဒီကြယ်ကြီးရဲ့ အရှင်သခင် ဖြစ်လာရော။ အခုလို ငါအတွေးတစ်ချက်နဲ့ ဒီကြယ်ကြီးပေါ်က ကြိုက်တဲ့ နေရာဆီ သွားလို့ရပြီ။ ကြယ်ပေါ်မှာရှိတဲ့ စွမ်းအင်တွေကိုတောင် ငါကြိုက်သလို စီမံပစ်လိုက်ရပြီ” ရှနင်းချန်က ရှင်းပြလိုက်၏။
“ဒါက ကြယ်သခင်တစ်ယောက်ရဲ့ စွမ်းအားလေ” ရန်ကိုင်က ပြုံးလျက် “ဒါကြောင့်ပဲ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေက ကြယ်အမြူတွေကို သန့်စင်ချင်ကြတာ။ ကြယ်အမြူတေကို သန့်စင်နိုင်ရန် သူတို့အတွက် အကျိုးကျေးဇူး အများကြီး ရှိတာကိုး။ အခု ထုန်းရွှမ်လောကကြီးနဲ့ စီနီယာမမလေးက တစ်သားတည်း ဖြစ်သွားပြီ။ ပြီးတော့ စီနီယာမမလေးက သူတော်စင်ဘုရင် အဆင့်နဲ့ ကြယ်အမြူတေကို သန့်စင်နိုင်တဲ့ ပထမဆုံးသော ကျင့်ကြံသူပဲ။ နောက်ပိုင်း ထုန်းရွှမ်လောကကြီး တိုးတက်လာမလား၊ ဆုတ်ယုတ်သွားမလားဆိုတာ စီနီယာမမလေးအပေါ် မူတည်သွားပြီနော်”
ရန်ကိုင် စကားကို ကြားလိုက်သည့်အခါ ရှနင်းချန်စိတ်ထဲ ဖိအားတစ်ရပ် ခံစားလိုက်ရသည်။
မရေမတွက်နိုင်သော သန်းပေါင်းများစွာသော သက်ရှိများ၏ အနာဂတ်သည် သူမပခုံးပေါ်သို့ ရောက်ရှိနေသည့်နှယ်။
သို့သော်လည်း မကြာမီ ရှနင်းချန် ခေါင်းညိတ်လိုက်ပြီး “ငါကျိန်းသေ ကြိုးစားမယ်။ ဒီကြယ်ကို ဘယ်လိုမှ သေခွင့်မပြုဘူး”
“အင်း။ သွားကြတာပေါ့။ ကျုပ်တို့ကို လူတွေအများကြီး စောင့်နေကြကုန်ပြီ” ရန်ကိုင်က ပြုံးလျက် ရှနင်းချန်အား နန်းတော်ထဲရှိ တစ်ခုသော နေရာဆီသို့ ခေါ်သွားလေ၏။
နန်းတော်ထဲတွင် သူတို့လာမည်ကို စောင့်ကြိုနေဟန်ရသော မရေမတွက်နိုင်သည့် ရင်းနှီးနေသော အရှိန်အဝါများကို ရန်ကိုင် ခံစားမိပေသည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အကြီးဆုံး ခန်းမကြီးတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေခဲ့သည်။
လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စု၏ ကိုယ်စားပြု အသီးသီးတို့အားလုံး ဤနေရာ၌ စုဝေးနေကြ၏။
ကြယ်တစ်ခုလုံးပေါ်ရှိ အဆင့်အတန်း အမြင့်မားဆုံး လူအားလုံး ဤနေရာ၌ စုဝေးနေခဲ့ကြသည်။
လူအရေအတွက်မှာ သိပ်မများလှသော်လည်း အကုန်လုံးသည် ခန်းမဝင်ပေါက်သို့ ကြည့်ရင်း တစ်ယောက်ယောက် ရောက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။
မျိုးနွယ်စုသုံးခုမှ လူများကို ဤကဲ့သို့ စုဝေးစေနိုင်သည့် လူဆို၍ ထုန်းရွှမ်လောကကြီး၌ တစ်ယောက်တည်းသာ ရှိသည်။ ထိုလူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်ပင် ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၀)
“အရှက်မရှိလိုက်တာ” မန်ဝူရသည် အံကြိတ်ရင်း ထိုင်ခုံလက်ရန်းကို ဒေါသတကြီး ရိုက်ချလိုက်သည်။
လွန်ခဲ့သည့် လများအတွင်း ရန်ကိုင်နှင့် ရှနင်းချန်သည် နှစ်ယောက်သား အတူတူ ချစ်ကြည်နူးရင်း အချိန်ကုန်သည်ကိုပင် သတိမေ့လျော့နေခဲ့သည်ဟု မန်ဝူရ ထင်နေခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက် နောက်ဆုံး ပေါ်လာသည့် အချိန်မှစ၍ ယခု အချိန်ထိ တစ်လခန့်၊ နှစ်လခန့်လောက် ရှိနေခဲ့လေပြီ။ ထို့ကြောင့် လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်အားလုံး သူတို့အား ဤအတိုင်း ထိုင်စောင့်နေခဲ့ကြရရာ ရှနင်းချန်၏ အုပ်ထိန်းသူဖြစ်သော မန်ဝူရမှာ အတော်လေးကိုမှ မျက်နှာပူခဲ့ရပေသည်။
သူသည် ရှနင်းချန်ကို ငယ်စဉ်တောင်ကျေး အရွယ်မှစ၍ ပြုစုပျိုးထောင်ပေးခဲ့သည်။ သင်ကြားပြသပေးခဲ့သည်။ သူသည် ဤလောကကြီးထဲတွင် ရှနင်းချန်၏ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်ပေသည်။
သို့သော်လည်း ရန်ကိုင် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုသကောင့်သားသည် သူ့အဖိုးတန်ရတနာလေးကို သူ့လက်ထဲမှ လုယူပြီး ပျောက်သွားခဲ့သည်။
ယခုအချိန်မှစ၍ နောက်ပြန်လှည့်လို့ ရနိုင်တော့မည် မဟုတ်မှန်း မန်ဝူရ သိနေသည်။ ယခုအချိန်မှစ၍ ရှနင်းချန်၏ စိတ်ထဲတွင် သူသည် ဒုတိယနေရာတွင်သာ ရှိနေတော့မည်ဖြစ်ပြီး ပထမ နေရာမှာမူကား ရန်ကိုင်အတွက်သာ ဖြစ်ပေတော့မည်။ မန်ဝူရ၏ ရင်ထဲ အတော်လေးကို ခါးသက်သက် ဖြစ်နေခဲ့သည်။
သူအနည်းငယ် စိတ်သက်သာရာ ရမိသည်ဆို၍ သူ့ရတနာတုံးလေး စောင့်ခဲ့ရသည့် နှစ်သုံးဆယ်သည် အချည်းနှီး ဖြစ်မသွားခဲ့ခြင်းပင်။ နှစ်သုံးဆယ်ကျော် ကြာပြီးနောက်တွင် ထိုကောင်စုတ်လေး ပြန်ရောက်လာခဲ့ပေသည်။
ထိုအဖြစ်အပျက် တစ်ခုလုံးသည် အတော်လေးကို အံ့အားသင့်စရာ ကောင်းလှလေရာ မန်ဝူရသည် ခေါင်းတရမ်းရမ်းခါလျက် ထိုအကြောင်းများကို ပြန်စဉ်းစားသုံးသပ်တော့လေသည်။
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများနှင့် နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးဗိုလ်ချုပ်များမှာမူ ထိုအကြောင်းကို ထိုင်မစဉ်းစားနိုင်ကြဘဲ တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်တွင် ထိုင်လျက် အချင်းချင်း စူးရဲစွာ စိုက်ကြည့်နေခဲ့ကြလေသည်။ နှစ်ဖက်ကြားရှိ ခက်ထန်သော အကြည့်များကြောင့် အခြေအနေမှာ တဖြည်းဖြည်း တင်းမာလာနေခဲ့သည်။
မျိုးနွယ်စုသုံးခုသည် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က အတူတူ ပူးပေါင်းခဲ့ကြသော်လည်း ထိုပူးပေါင်းမှုသည် ယာယီသာ ဖြစ်ပြီး မျိုးနွယ်စုနှစ်ခုကြား အရင်းအမြစ်များနှင့် ပက်သက်၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
သို့သော်လည်း နှစ်ဖက်အင်အားစုများ၏ ခေါင်းဆောင်များသည် အခြေအနေကို နားလည်ကြသူများ ဖြစ်ကြသည့်အတွက် တိုက်ပွဲ၌ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခြင်း မပြုခဲ့ချေ။ သူတို့သာ ဝင်ပါခဲ့လျှင် နှစ်ဖက်စလုံး အသေအကျေ အလွန်များသွားနိုင်ပေသည်။
လူငယ်မျိုးဆက် အချင်းချင်းသာ ဖြစ်ကြသည့်အတွက် တိုက်ပွဲမှာ သိပ်ပြီး ပြင်းထန်ခြင်း မရှိခဲ့ချေ။
လူငယ်မျိုးဆက်များ တိုက်ပွဲဖြစ်စေရန် လူကြီးမျိုးဆက်များ အနေဖြင့် အတူတူ မရှိနေရန် လိုအပ်ပေသည်။ မဟုတ်လျှင် လူကြီးမျိုးဆက်များကြားပါ တိုက်ပွဲဖြစ်သွားနိုင်ပေသည်။
ယခု သူတို့အားလုံးသည် ဘုံကိုးခုထွတ်မြတ်နယ်မြေထဲ အတူတကွ စုဝေးတည်ရှိနေကြရသဖြင့် အကုန်လုံးသည် တစ်ယောက်ကို တစ်ယောက် စတင်၍ ကြည့်မရ ဖြစ်လာကြတော့သည်။ မန်ဝူရမှာလည်း ထိုနှစ်ဖက်အဖွဲ့အား ပြဿနာ မဖြစ်အောင် တားဆီးရင်း အလုပ်ရှုပ်ရတော့လေသည်။
လူသားမျိုးနွယ်စု၏ ထိပ်တန်းပညာရှင်များပါ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုမျိုးနွယ်စုနှစ်ခု အချင်းချင်း ထသတ်နေကြလောက်ပေပြီ။
စိတ်ညစ်ဖို့ကောင်းလိုက်တာကွာ။ ဟိုခွေးကောင်လေး ပျော်ဖို့ ငါတို့က သောက်လုပ်ရှုပ်နေရတယ်လို့
မန်ဝူရစိတ်ထဲ အတော့်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။
သူတို့ ထိန်းနေသည့် ကြားမှပင် မည်သည့် စီနီယာကြီးကများ၊ နတ်ဆိုးဗိုလ်ချုပ်ကများ တစ်ဖက်လူကို မခံမရပ်နိုင်ဖြစ်အောင် လုပ်လိုက်လဲမသိ၊ နောက်ဆုံးတွင် ရန်ပွဲ ထဖြစ်တော့လေသည်။ အစပိုင်းတွင် ရန်ဖြစ်နေသူမှာ နှစ်ယောက်သာ ဖြစ်သော်လည်း အခြေအနေ ပိုမို တင်းမာလာသည့်အခါ စီနီယာကြီးများနှင့် နတ်ဆိုးဗိုလ်ချုပ်ကြီးများပါ ပါဝင်လာတော့လေသည်။
အခြေအနေတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေသည်။
နောက်ဆုံးတွင် မိုးကြိုးနဂါးစီနီယာကြီးနှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်တို့သည်လည်း ဝင်ပါတော့လေသည်။
“မိုးကြိုးနဂါး။ ဒီစီနီယာက အခုနောက်ပိုင်း တောက်လျှောက် တံခါးပိတ်ကျင့်ကြံမှုချည်းပဲ လုပ်နေတာဆိုတော့ ဘယ်လောက် အားကောင်းလာမှန်းမသိဘူး။ အခု တွေ့တုန်းလေး ငါတို့ အချင်းချင်း လက်ရည်ဖလှယ်ကြရင် မကောင်းဘူးလား” ကျန်းယွမ်က မိုးကြိုးနဂါးစီနီယာကြီးအား တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။
“ဒီဘုရင်လည်း အဲ့လိုလုပ်ချင်နေတာ ကြာပြီ။ လက်ရည်စမ်းဖို့ ပြိုင်ဘက် မရှိနေတာနဲ့ မစမ်းဖြစ်တာ။ မင်းရဲ့ ကောင်းကင်ချိတ်စည်းက အရမ်း အားကောင်းတယ်ဆိုပြီး ငါသတင်းတွေ ကြားရတယ်၊ အဲ့ချိတ်စည်းကြောင့် အစ်ကိုမန်တောင် ဒဏ်ရာရသွားရတယ် ဆိုတော့ မင်းကောင်းကင်ချိတ်စည်း ဘယ်လောက်အားကောင်းလဲ ငါစမ်းကြည့်ရတာပေါ့” မိုးကြိုးနဂါးကလည်း ပြန်ပြောလိုက်သည်။
“ငါ့ကို လာဆွဲမထည့်နဲ့” မန်ဝူရက ရုတ်တရက် ဝင်ပြောလိုက်သည်။
နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်၏ ကောင်းကင်ချိတ်စည်းကြောင့် မန်ဝူရ၏ ကျင့်ကြံခြင်းအများစု ချိတ်ပိတ်သွားခဲ့ရပြီး ဒုက္ခဘေးမှ ရှောင်းရှားရန် ဟန်မင်းဆက်သို့ ထွက်ပြေးခဲ့ရသည်။ ထိုအဖြစ်အပျက်သည် သူ့ဘဝတွင် အရှက်ရစရာ အကောင်းဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပေသည်။
ချက်ချင်း မိုးကြိုးနဂါးစီနီယာကြီးနှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်တို့ စတင် တိုက်ခိုက်ကြလေသည်။ သို့သော် သူတော်စင်ချီကို မသုံးသေးဘဲ ကောင်းကင်စိတ်အာရုံကို သုံးပြီးတော့သာ တိုက်ခိုက်ကြလေသည်။
သို့သော်လည်း ကောင်းကင်စိတ်အာရုံသုံး၍ တိုက်ခိုက်ခြင်းသည် သူတော်စင်ချီသုံး၍ တိုက်ခိုက်ခြင်းထက် အများကြီး ပိုမို အန္တရာယ် များပေသည်။ စိတ်စွမ်းအားသုံးပြီး တိုက်ခိုက်သည့် တိုက်ပွဲတွင် တစ်ချက်ကလေး သတိလွတ်သွားရုံဖြင့် ဝိဥာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။
ခန်းမထဲတွင် ရှိနေသော လူအားလုံးသည် ထိုအချက်က်ို နားလည်လိုက်ပြီး တည်ကြည်လေးနက်သွားကုန်ကြလေသည်။ ဆူညံ့နေသော ခန်းမကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့၏။ အကုန်လုံးသည် မတိုက်ခိုက်ကြတော့ဘဲ ထိုနှစ်ယောက်ကိုသာ စိုးရိမ်တကြီး စိုက်ကြည့်နေကြတော့လေသည်။
ပညာရှင်နှစ်ယောက် အားပြိုင်နေရာမှ ကောင်းကင်စိတ်အာရုံ စွမ်းအင်လှိုင်းများ ခန်းမတစ်ခုလုံးအနှံ့ ဖြာထွက်လာခဲ့လေသည်။
မိုးကြိုးနဂါးစီနီယာကြီးနှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်ယွမ်တို့သည် အားကုန်ထုတ်သုံး၍ တိုက်ခိုက်နေကြသော်လည်း အချင်းချင်း အသာစီး မရနိုင်အောင် ဖြစ်နေခဲ့သည်။
မကြာမီ နှစ်ယောက်စလုံး မျက်နှာများ ဖြူလျော်လာခဲ့ပြီး ချွေးသီးချွေးပေါက်တို့သည့် သူတို့၏ နဖူးထက် ဝေ့သီလာကုန်ကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မန်ဝူရနှင့် အခြားပညာရှင်များ၏ အမူအရာ တည်ကြည်လေးနက်သွားကုန်ကြသည်။
မည်သူမှ ထိုနှစ်ယောက် တိုက်ပွဲတွင် ဝင်မရှုပ်ကြဘဲ တိုက်ပွဲ ရလဒ်ကိုသည် တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း လက်ရှိ မြင်ရသလောက် ရလဒ်အရ ဤတိုက်ပွဲသည် နှစ်ဖက်စလုံး အထိနာပြီးမှ အဆုံးသတ်နိုင်ချေ ပိုများပေသည်။
ထိုသို့သာ ဖြစ်သွားလျှင် မျိုးနွယ်စုနှစ်ခုကြား အခြေအနေ ပို၍ တင်းမာသွားနိုင်ပေသည်။
“ရန်ကိုင် ဘယ်မှာလဲ” လင်းတိုင်ရှုက စိုးရိမ်တကြီး မေးလိုက်၏။
မန်ဝူရ ခေါင်းခါပြလိုက်သည်။ လွန်ခဲ့သည့် ရက်ပိုင်းခန့်က ရှနင်းချန်၏ အခန်းဆီသို့ သွားကြည့်ပြီလေပြီ။ နှစ်ယောက်စလုံးကို မတွေ့ခဲ့ရချေ။
“အခြေအနေ သိပ်မကောင်းတော့ဘူး” ကောင်းကင်ဂိုဏ်းတော်၏ ဂိုဏ်းချုပ် လူချင်းရှောင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုစဉ် ဝင်ပေါက်ဆီမှ သည်းလှိုက်အူလှိုက် ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“စည်ကားနေလိုက်တာကွာ။ ဘယ်အချိန်ကတည်းက တိုက်ပွဲ စနေခဲ့တာလဲ”
ထိုအသံနှင့်အတူ ခန်းမဝင်ပေါက်ရှေ့တွင် ရန်ကိုင်နှင့် ရှနင်းချန်တို့ ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်း အသံကြားရာဆီသို့ လှမ်းကြည့်မိလိုက်ကြပြီး အတော်များများ ထိတ်လန့်သွားခဲ့သည်။
အကုန်လုံး ရန်ကိုင် ပြန်လာကြောင်း ကြားထားကြသော်လည်း ကိုယ်တိုင် မမြင်ရခင်အထိ အပြည့်အဝ မယုံကြည်နိုင်ကြသေးချေ။
မန်ဝူရ၏ အကြည့်သည် ချက်ချင်းဆိုသလို ရှနင်းချန်ဆီသို့ ရောက်ရှိသွားခဲ့ပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့တပည့်မလေး၏ အရှိန်အဝါ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသလို ခံစားနေရသည်။
“ဂိုဏ်းတူတူလေး” လူအုပ်ထဲမှ သိမ်မွေ့သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အရိပ်လှလှလေး တစ်ခုသည် ခန်းမ အပြင်ဘက်ဆီမှ ရန်ကိုင်ဆီသို့ ပြေးဝင်လာခဲ့သည်။ သူ့ရှေ့သို့ ရောက်သည်နှင့် ရန်ကိုင် တစ်ကိုယ်လုံးကို သေသေချာချာ စူးစမ်းလေ့လာကြည့်လိုက်ပြီး “မတွေ့ရလိုက်တာ ကြာသွားတာနဲ့ ဂိုဏ်းတူတူလေးက ပိုပြီးတော့တောင် ချောလာတာပဲ။ ဂိုဏ်းတူဒေါ်လေးတောင် ဂိုဏ်းတူတူလေးကို ကြိုက်ချင်မိလာပြီ”
ရန်ကိုင်မျက်နှာ မဲ့သွားပြီး သူ့ဘေးနားတွင် ရပ်နေသော ရှနင်းချန်ကို အလိုလို စောင်းကြည့်မိလိုက်သည်။ ထို့နောက် အသာအယာ ချောင်းဟန့်လျက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်၏ “ဂိုဏ်းတူတူလေ၊ နည်းနည်းလောက် တည်တည်တံ့တံ့ နေပေးလို့ မရဘူးလား”
လက်ရှိ သူ့ရှေ့တွင် ရပ်နေသည့်လူသည် သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုမှလွဲ၍ အခြားသူမဟုတ်ချေ။
ရန်ကိုင် ပြန်လာသည့်အကြောင်း ကြားပြီးနောက် ချူလင်းရှောင်နှင့် အတူ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်တွေ့ရုံလေးတင် ရှိသေးသော်လည်း ဖေးယုသည် သူ့အား စတင် နောက်ပြောင်နေလေပြီ။
သူမ၏ ပြုမူပုံကြောင့် အနည်းငယ် ကိုးယိုးကားယား ဖြစ်ရသော်ငြား သူ့ရင်ထဲ တကယ်ကို နွေးထွေးမိသွားသည်။ ကောင်းကင်ဂိုဏ်းတော်တွင် သူ့ဂိုဏ်းတူဒေါ်လေးနှင့် အတူတူ နေစဉ်က၊ သူမသည် မူးလာပြီဆိုသည်နှင့် အဝတ်အစား ကပိုကရိုနှင့် လှဲအိပ်ချင်တိုင်း အိပ်တော့လေသည်။ ပတ်ဝန်းကျင်ကို နည်းနည်းလေးမှ ဂရုမစိုက်တော့ချေ။
နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူ့ဂိုဏ်းတူဒေါ်လေး အရင်အတိုင်းသာ ရှိနေသည်ကို မြင်ရသည့်အခါ သူ့စိတ်ထဲ အရင်အချိန်များဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
“နင့်ဂိုဏ်းတူဒေါ်လေးက အလှဆုံး အချိန်မှာ ရှိနေသေးတဲ့ လူပါနော်၊ ဘာမှတ်လဲ ဟွန့်” ဖေးယုက နှာခေါင်းရှုံ့လိုက်ပြီးနောက် တောက်ပစွာပြုံးကာ ပြောလိုက်လေသည် “ချန်းရန်၊ လီဝမ်နဲ့ ဖေးကျန်တို့လည်း ဘိုးဘေးနဲ့ အတူတူ လိုက်လာတယ်”
ပြောပြီးသည်နှင့် ခန်းမဆီသို့ လပ်ယပ်ခေါ်လိုက်လေသည်။
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ချန်းယန်နှင့် အခြား သူ့ဂိုဏ်းတူ ဦးလေးများနှင့် စကားနည်းနည်းပါးပါးလောက် ပြောပြီးနောက် ချူလင်းရှောင်ရှေ့သို့ သွားကာ ဦးညွှတ်၍ “တပည့်ရန်ကိုင် ဂိုဏ်းတူဘိုးဘေးကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းတူဘိုးဘေးကို စောင့်နေမိစေလို့ တပည့် တောင်းပန်ပါတယ်”
“ဘာမဖြစ်ဘူး။ ဒါက တောင်းပန်စရာမှ မဟုတ်တာ” ချူလင်းရှောင်က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ အခြားသူများ ပြောသကဲ့သို့ ရန်ကိုင်၏ လက်ရှိ ကျင့်ကြံခြင်းသည် သူပင် အာရုံမခံနိုင်တော့သည့် အမြင့်သို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုအချက်ကို နားလည်လိုက်သော် ချူလင်းရှောင် ဝမ်းသာအားရစွာ ပြုံးလိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ မင်းတကယ်ကြီး ဒီလောကကြီးရဲ့ အကန့်အသတ်ကို ချိုးဖျက်သွားတာပဲ။ ငါမင်းအတွက် တကယ် ဂုဏ်ယူတယ်။ နောက်ပိုင်းကျရင် ဂိုဏ်းကို တိုးတက်အောင် လုပ်ရမယ့်ကိစ္စကို မင်းလက်ထဲပဲ လွှဲရတော့မယ်နဲ့ တူတယ်”
“ဂိုဏ်းတူဘိုးဘေး ချီးကျူးလွန်းနေပါပြီ။ တပည့်မှာ ဘိုးဘေးနဲ့ ဆရာဖိုးဖိုးဆီကနေ သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်”
“တော်တယ် ကောင်လေး” ချူလင်းရှောင်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး လင်းတိုင်ရှုနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့စိတ်ထဲ အတော်လေး ကျေနပ်နေမိကြသည်။
“ဂိုဏ်းတူဘိုးဘေး ခဏလောက် စောင့်ဦးနော်။ ကျုပ် မိတ်ဆွေ နှစ်ယောက် ရန်ဖြစ်နေကြလို့။ တပည့် သွားထိန်းလိုက်ဦးမယ်” ပြောပြီးသည်နှင့် ကောင်းကင်စိတ်အာရုံချင်း ပြိုင်ဆိုင်နေသည့် မိုးကြိုးနဂါးစီနီယာကြီးနှင့် နတ်ဆိုးဗိုလ်ချုပ်ကြီးဘက်သို့ လှည့်လိုက်လေသည်။
“သူတို့ကို ထိခိုက်သွားမိဦးမယ်နော်” လင်းတိုင်ရှုက အလျင်စလို သတိပေးလိုက်သည်။
“ဆရာဖိုးဖိုး စိတ်ချထားလိုက်။ သူတို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။
ခန်းမထဲတွင် ရှိနေသော အခြားသူများသည် ထိုနှစ်ယောက်၏ ကောင်းကင်စိတ်အာရုံချင်း ပြိုင်ဆိုင်သည့် ပြိုင်ပွဲ၌ ဝင်မပါရဲသော်ငြား သူကတော့ ဝင်ပါရဲပေသည်။ ထိုနှစ်ယောက် ကြားမှ တိုက်ပွဲသည် ရန်ကိုင်အတွက် ကလေး နှစ်ယောက် ရန်ဖြစ်နေသည်နှင့် ဘာမှမခြားချေ။
ဝှစ်ဆိုသော အသံနှင့်အတူ မိုးကြိုးနဂါးစီနီယာကြီးနှင့် ကျန်းယွမ်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ နှစ်ယောက်စလုံး သူတို့၏ ကောင်းကင်စိတ်အာရုံကို မမြင်နိုင်သော လက်ကြီးတစ်ဖက်မှ ဆွဲခွာလိုက်သလို ခံစားလိုက်ရသည်။
ထိုစွမ်းအားအောက်တွင် သူတို့ နှစ်ဦးစလုံး နည်းနည်းလေးမှ ပြန်၍ မခုခံနိုင်ခဲ့ချေ။
ဘုန်း…
အလင်းတန်းများ တဖျက်ဖျက် တောက်ပလာပြီး တစ်ချိန်တည်းတွင် မိုးကြိုးနဂါးနှင့် ကျန်းယွမ်တို့ နှစ်ဦးစလုံး နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ကြရလေသည်။ နှစ်ယောက်စလုံး ရန်ကိုင်အား ထိတ်လန့်တကြီး အမူအရာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
“ခင်ဗျားတို့ နှစ်ယောက်ကို စောင့်နေမိခိုင်းခဲ့တာ ကျုပ်အများ ဆိုပေမယ့်၊ အင်း၊ မမျှော်လင့်ထားတာလေး ကြုံသွားလို့ ထင်ထားတာလက် ကြာသွားတာ ဆိုပေမယ့် တွေ့တိုင်း ဒီလိုကြီး တိုက်ခိုက်နေကြဖို့တော့ မလိုဘူးလေ၊ ဟုတ်တယ်မလား” ရန်ကိုင်က ထိုနှစ်ယောက်အား အပြုံးဖြင့် ကြည့်လျက် မေးလိုက်၏။
မိုးကြိုးနဂါး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် လက်သီးနှစ်ဖက် ဆုပ်၍ “ခွင့်ပြုပါဦး”
ကျန်းယွမ်သည် သွေးဆူလွယ်သော လူငယ်လေးတစ်ယောက် မဟုတ်တော့ချေ။ မိုးကြိုးနဂါး ပြန်ဆုတ်သွားသည်ကို မြင်သော် ချက်ချင်း ရယ်မောလိုက်ပြီး လိုက်ပြောလိုက်လေသည် “ကျေးဇူးအများကြီး တင်ပါတယ် တော်ဝင်သခင်ရန်၊ တော်ဝင်သခင်ကို ရန်စသလို ဖြစ်သွားခဲ့ရင် တော်ဝင်သခင်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
“အဲ့လိုမှပေါ့။ ကျုပ်တို့အားလုံးက တစ်မိုးတည်းအောက်တည်းမှာ အတူတူ နေနေကြတာလို့ ဘာလို့ တွေ့တိုင်း အမြဲတမ်း တိုက်ခိုက်နေကြရမှာလဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့အား အထူးအဆန်း အမူအရာဖြင့် ကြည့်နေသော လူအုပ်ကြီးဘက်သို့ လှည့်၍ “ကျေးဇူးပြုပြီး အားလုံးထိုင်ကြပါ။ ကျုပ်ဒီနေ့ ခင်ဗျားတို့ အားလုံးကို ခေါ်လိုက်ရတာက ကျုပ်ခင်ဗျားတို့နဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ”
“ဟားဟား၊ တော်ဝင်သခင် ပြန်လာတဲ့အကြောင်း ကြားတာနဲ့ ဒီစီနီယာ နတ်ဆိုးမြို့တော်ကနေ တော်ဝင်မြို့တော်ကို ရောက်တဲ့ အထိ နေ့မအိပ်ညမအိပ် ခရီးနှင်လာခဲ့တာ။ တော်ဝင်သခင် ဘယ်လို အကြောင်းအရာမျိုး ဆွေးနွေးချင်တာလဲ မသိဘူး။ မျိုးနွယ်စုကြီး သုံးခုစလုံးကို ခေါ်လိုက်တာဆိုတော့ တော်ဝင်သခင် ပြောချင်တဲ့ အကြောင်းအရာက အတော်လေး အရေးကြီးမှာပေါ့ ဟုတ်တယ်မလား” ကျန်းယွမ်က မေးလိုက်သည်။
ယခုလေးတင် ရန်ကိုင်၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို သူတို့ မြင်တွေ့ခဲ့ရသည်။ ရန်ကိုင် မည်မျှ အားကောင်းသလဲ သူတို့ မသိသော်လည်း သူတို့ သွားယှဉ်နိုင်သည့် လူတစ်ယောက် မဟုတ်မှန်းတော့ သိပေသည်။