အခန်း (၁၅၆၁-၁၅၆၅)
Vol. 63 Ch. 1561-1665
အပိုင်း (၁၅၆၁)
ထိုကောင်လေး ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စည်းရုံးသိမ်းသွင်းရန် ကြံစည်နေခြင်းလော။
ထိုအကြောင်း စဉ်းစားမိလိုက်သည့်အခိုက် ကျန်းယွမ်၏ အမူအရာ ခက်ထန်သွားခဲ့ရသည်။
သူ စိတ်သဘောထား သေးသိမ်ခြင်းမဟုတ်။ သို့သော်လည်း သူသည် မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အတွက် ထိုဖြစ်နိုင်ချေကို ထည့်သွင်း စဉ်းစားရပေမည်။
မိုးကြိုးနဂါးစီနီယာကြီးသည်လည်း ထိုကဲ့သို့ စဉ်းစားနေသည်။ ထိုသို့သာဆိုလျှင် သူတို့ နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စု နှစ်ခု အတူပူးပေါင်းပြီး ခုခံမည်ဆိုလျှင် ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ သူတို့သာ ဒုက္ခရောက်သွားပေလိမ့်မည်။
ထိုမေးခွန်းကိုကြားသော် ရန်ကိုင်က ကျန်းယွမ်ဘက်သို့ လှည့်၍ ပြုံးလျက် “နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ် စိတ်ပူနေစရာ မလိုဘူး။ ကျုပ်ဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ မကြာခင် ကျုပ်ပြန်သွားတော့မှာ”
“မင်းပြန်ထွက်သွားတော့မှာ” ကျန်းယွမ် အံ့အားသင့်သွားခဲ့ပြီး မိုးကြိုးနဂါးနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။
“ဟုတ်တယ်။ ကြယ်စီရင်စုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်။ ဒါကြောင့် ကျုပ်ဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
မိုးကြိုးနဂါး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး အလျင်အမြန်ပဲ မေးလိုက်လေသည် “ကြယ်စီရင်စုကြီးက အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား။ ဖြစ်နိုင်ရင် တော်ဝင်သခင် ငါတို့ကို နည်းနည်းပါးပါးလောက် ပြောပြပေးလို့ရမလား”
မျိုးနွယ်စုကြီး သုံးခုမှ အခြားပညာရှင်များသည်လည်း ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်လျက် နားစွင့်ထားလိုက်ကြလေသည်။
“ဟုတ်တယ်။ ဟုတ်တယ် ငါလည်း သိချင်နေတာ” ချူလင်းရှောင်က ပြုံးကာ ပြောလိုက်သည်။ လင်းတိုင်ရှုဆီမှ ကြားပြီးပြီ ဖြစ်သော်ငြား ဒုတိယလူဆီမှ ကြားသိရခြင်းသာ ဖြစ်သည့်အတွက် အနည်းငယ် မပြည့်စုံသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကြယ်စီရင်စုထဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးသော ရန်ကိုင် ပြောပြသည်ကို နားထောင်ချင်နေမိသည်။
“ဘိုးဘေးလည်း မေးလာမှတော့ တပည့် ပြောရတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် စတင် ပြောပြလေသည် “ကြယ်စီရင်စုထဲမှာ ကျုပ်တို့ အိမ်မက်တောင် မမက်ဖူးတဲ့ အရာတွေ အများကြီးပဲ…”
အကုန်လုံးသည် ရန်ကိုင် ပြောပြသည်ကို သေချာ နားစိုက်ထောင်နေကြသည်။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေသော်လည်း မည်သူမှ အချိန်မည်မျှ ကုန်သွားသည်ကို စိတ်ဝင်စားနေခြင်း မရှိဘဲ ရန်ကိုင် ပြောပြသည်ကိုသာ သေချာ နားစိုက်ထောင်နေခဲ့သည်။
ကျယ်ပြောလှသော ကြယ်စီရင်စုကြီးသည် သူတို့အား ထပ်တလဲလဲ အံ့အားသင့်စေခဲ့သည်။ အံ့ဩဖွယ်ရာ မြင်ကွင်းများအကြောင်း၊ ပေါများလှသော ကျင့်ကြံရေး အရင်းအမြစ်များ အကြောင်း ကြာပြီး သူတို့ကိုယ်တိုင် ကြယ်စီရင်စုထဲသို့ သွားချင်မိလာသည်။ သူတော်စင်အဆင့် အထက်တွင် သူတော်စင်ဘုရင်အဆင့် ရှိပြီး သူတော်စင်ဘုရင်အဆင့် အထက်၌ တန်ခိုးရှင်အဆင့် ရှိကာ ထိပ်ဆုံးတွင် တန်ခိုးရှင်ဘုရင်အဆင့် တည်ရှိနေပေသည်။
နောက်ဆုံးတွင် ရေတွင်းထဲမှ ဖားသူငယ်သည် ကောင်းကင်ကြီး မည်မျှ ကျယ်ကြောင်းမသိ ဟူသော စကားကို သူတို့ နားလည်သွားခဲ့လေပြီ။
ရန်ကိုင် ပြောပြသွားသလောက် ကြယ်စီရင်စုထဲတွင် ရှိနေသော ကျင့်ကြံရေးကြယ် အများစု၏ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းပေသည်။ ကြယ်စီရင်စုထဲတွင် သူတော်စင်များသည် ဘာမှမဟုတ်ကြဘဲ တန်ခိုးရှင်အဆင့်လောက် ရောက်မှ အနည်းငယ် လူရာဝင်နိုင်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်မှသာလျှင် လူအများ၏ လေးစားခြင်း ခံရနိုင်ပြီး ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။
ထိုအကြောင်းအရာများကို နားထောင်ရင်း အကုန်လုံး၏ သွေးများ ဆူပွက်လာခဲ့ပြီး မျက်လုံးများသည် မျှော်လင့်ချက်၊ တောင့်တမှုတို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။
သူတို့သည်လည်း ထိုကဲ့သို့သော ကောင်းမွန်သော နေရာများတွင် ကျင့်ကြံချင်ပေသည်။ သိုင်းတာအို၏ ပိုမို မြင့်မားသော နေရာသို့ လျှောက်လှမ်းချင်ပြီး ဒဏ္ဏာရီလာ သူတော်စင်ဘုရင်များ၊ တန်ခိုးရှင်အဆင့် ပညာရှင်များနှင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင် ဖြစ်ချင်သည်။
ရန်ကိုင်သည် နည်းနည်းလေး ချဲ့ကားပြောသွားခြင်း မရှိဘဲ သူသိထားသမျှ၊ ကြုံခဲ့ရသမျှကို အရှိအရှိအတိုင်းသာ ပြောသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုမျှနှင့်ပင် လုံလောက်နေလေပြီ။ သူပြောပြီးနောက်တွင်ပင် အကုန်လုံးသည် စိတ်မငြိမ်နိုင်သေးဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
ရန်ကိုင်သည် အမျိုးမျိုးသော အံ့ဩဖွယ်ရာများကို မြင်တွေ့ခဲ့သော်ငြား သူတို့ကမူ ကြယ်စီရင်စုထဲရှိ ကျင့်ကြံသူ အများစု မနေချင်သည့် နေရာတွင်သာ တွယ်ကပ်နေနေကြပြီး ထိုလူများ အမှိုက်ဟု သတ်မှတ်ထားသည့် ပစ္စည်းများကို အပြိုင်အဆိုင် လုယက်နေကြသည်။
ထိုအကြောင်းကို သိလိုက်ရသည့်နောက်တွင် အကုန်လုံး အတော်လေး စိတ်ဓါတ်ကျမိသွားသလို ရှက်လည်း ရှက်မိသွား၏။
ယခုလေးတင် အမြင်မကြည်ဖြစ်ကာ ထသတ်နေခဲ့ကြသော ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့သည် ရန်ကိုင် ပြောပြသည်ကို ကြားပြီးနောက်တွင် အချင်းချင်း အကြည့်ချင်း ဖလှယ်လျက် ခါးသက်စွာ ရယ်မောလိုက်ကြလေသည်။
“ကြယ်စီရင်စုကြီးက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတပဲ။ ဒီလူအိုကြီးတောင် သွားကြည့်ချင်လာပြီ။ အဲ့လို အံ့ဩစရာတွေကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစားနိုင်မယ်ဆိုရင် ပျော်ပျော်ကြီး သေလိုက်လို့တောင် ရသွားပြီ” ချူလင်းရှောင်က အသက်ပြင်းပြင်း ရှူသွင်းလျက် ပြောလိုက်လေသည်။
မိုးကြိုးနဂါးနှင့် ကျန်းယွမ်သည်လည်း တစ်ခုခု ပြောချင်နေသည့် အလား ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် မည်သည့် စကားမှ ထွက်မလာခဲ့ချေ။
ရန်ကိုင် စကားပြောပြီးနောက် ခန်းမကြီးတစ်ခုလုံး အချိန် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းယွမ်သည် သက်ပြင်းချ၍ စိတ်ဓါတ်ကျနေသည့် လေသံဖြင့် မေးလိုက်လေသည် “အဲ့ဒါဆို တော်ဝင်သခင် မျိုးနွယ်စုကြီး သုံးခုစလုံးကို ဘာလို့ ခေါ်လိုက်လဲ သိလို့ရမလား မသိဘူး”
သူ့မေးခွန်းကို ကြားသည့်အခါ မိုးကြိုးနဂါးလည်း ရန်ကိုင်ဘက်သို့ လှည့်လာခဲ့လေသည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည် “ခင်ဗျားတို့ကို ကြယ်စီရင်စုထဲ ခေါ်သွားပေးမလို့လေ”
ရန်ကိုင်၏ စကားတစ်ခွန်းကြောင့် လူတိုင်း၏ရင်ထဲ လှိုင်းထန်သွားခဲ့ရသည်။ အကုန်လုံး စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီလာခဲ့ပြီး ရန်ကိုင်အား မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် အကြည့်များဖြင့် ကြည့်လာခဲ့ကြသည်။
ရန်ကိုင် ပြောပြသည်ကို ကြားပြီးနောက်တွင် သူတို့လည်း ကြယ်စီရင်စုထဲသို့ သွားချင်လာမိခဲ့သည်။
သို့သော်လည်း ကြယ်စီရင်စုထဲသွားရန် ထိုမျှ လွယ်ပါ့မလား။ သူတို့ အနေဖြင့် ကြယ်စီရင်စုထဲသို့ သွားမှမသွားနိုင်လေရာ ဤနေရာတွင် နေ၍ ကြယ်စီရင်စုကြီးအကြောင်း ထိုင်အိမ်မက်မက်နေရုံသာ တတ်နိုင်တော့လေသည်။
ယခု ရန်ကိုင်သည် သူတို့အား ကြယ်စီရင်စုထဲသို့ ခေါ်သွားပေးမည်ဟု ပြောလာခဲ့သည်။ သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေမိလေပြီ။
“ခင်ဗျားတို့ မလိုက်ချင်လည်း ကိစ္စမရှိဘူးနော်။ ကျုပ်တွန်းအားမပေးဘူး။ မလိုက်ချင်တဲ့လူတွေ နေခဲ့လို့ရတယ်။ လိုက်ချင်တဲ့လူတွေပဲ ကျုပ်ခေါ်သွားမှာ။ ကျုပ်အခု ပြန်လာတယ် ဆိုတာကလည်း ဒီအချက်ကြောင့်ပဲ ပြန်လာခဲ့တာ” ရန်ကိုင်က ထပ်ပြောလိုက်သည်။
“မင်းတကယ် ပြောနေတာလား” ကျန်းယွမ်က ရုတ်တရက် ထရပ်လိုက်ပြီး ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“တော်ဝင်သခင်ရန်၊ မင်းနောက်နေတာတော့ မဟုတ်ပါဘူးနော်” မိုးကြိုးနဂါးကလည်း မယုံတယုံဖြင့် မေးလိုက်သည်။
ကြယ်စီရင်စုထဲသို့ တစ်ယောက်ယောက်ကို ခေါ်သွားရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူတို့ မသိသော်လည်း လွယ်ကူလိမ့်မည် မဟုတ်မှန်းတော့ သိပေသည်။ ရန်ကိုင်သာ ကြယ်စီရင်စုထဲသို့ အခြားသူများကို ခေါ်သွားနိုင်မည်ဆိုလျှင် သူမိသားစုဝင်များနှင့် လူသားမျိုးနွယ်စုမှ မိတ်ဆွေများကိုသာ ဦးစားပေး ခေါ်သွားပေလိမ့်မည်။ ယခု သူသည် ထိုသို့ မလုပ်ဘဲ နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုဝင်များကို ဖိတ်ခေါ်နေခဲ့သည်။ သူတို့ စိတ်ထဲ သိပ်မယုံချင် ဖြစ်နေမိသလို စိတ်လည်း အလွန်ကိုမှ လှုပ်ရှားနေမိသည်။
“ကျုပ်နောက်နေတာ မဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ မှင်သက်သွားကုန်ကြလေပြီ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျန်းယွမ်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။ “လိုက်ချင်တယ်ဆိုရင် ငါတို့ဘက်က တော်ဝင်သခင်ကို ဘာပြန်ပေးရမှာလဲ။ တော်ဝင်သခင်ရဲ့ လက်အောက်ခံ လုပ်ရမှာလား”
“ဟားဟား…” ရန်ကိုင်က ပြုံးလျက် အထင်တသေး အမူအရာဖြင့် “ကျုပ်လက်တစ်ချောင်း မြှောက်လိုက်ရုံနဲ့တင် ထုန်းရွှမ် လောကကြီး တစ်ခုလုံးကို ဒူးထောက်သွားအောင် လုပ်နိုင်တာကို အခုလို အလုပ်ရှုပ်ခံပြီး ခင်ဗျားတို့ကို ကျုပ်လက်အောက်ခံ လုပ်ခိုင်းစရာလား။ ကျုပ်သာ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်တယ်ဆို ဘာအပိုစကားမှ ပြောမနေဘူး။ ကျုပ်ခွန်အားကိုပဲ တိုက်ရိုက်သုံးလိုက်မှာ”
ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ ချွေးပျံ့လာခဲ့ကြသည်။
ရန်ကိုင် လေလုံးထွားသည်ဟု သူတို့ မထင်ကြချေ။ ရန်ကိုင် ရှင်းပြသွားသည့်ပုံအရ၊ သူ့လက်ရှိ ကျင့်ကြံခြင်းသည် သူတို့ လုံးဝ မခုခံနိုင်သည့် အဆင့်သို့ ရောက်နေခဲ့လေပြီ။
ထိုလူငယ်လေးသည် နတ်ဆိုးမျိုးနွယ်စု၏ ဒဏ္ဏာရီလာ နတ်ဆိုးနတ်ဘုရား ရောက်ရှိခဲ့သည့် အဆင့်ကိုပင် ကျော်လွန်သွားခဲ့လေပြီ။ မဟာနတ်ဆိုးနတ်ဘုရား ပြန်ရှင်လာလျှင်ပင် ထိုလူငယ်လေးကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
“ဒါဆိုရင် ဘာလို့ တော်ဝင်သခင်ရန်…” မိုးကြိုးနဂါးက ရန်ကိုင်ကို တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ကြည့်၍ မေးလိုက်သည်။
“လူတိုင်းက မိတ်ဆွေဟောင်းတွေပဲလေ။ ကျုပ်ဘက်က ကူညီပေးနိုင်တာ ရှိမှတော့ ဘာလို့ မကူညီရမှာလဲ” ရန်ကိုင်က ပြောလိုက်သည်။
ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ နှစ်ဦးစလုံး ရှက်သွားခဲ့ကြသည်။ တွင်းတစ်တွင်း တူပြီးတော့သာ ပြေးပုန်းလိုက်ချင်တော့သည်။
ကျန်းယွမ်သည် အလျင်အမြန် လက်သီးဆုပ်၍ အလေးအနက် လေသံဖြင့် “တော်ဝင်သခင်က ဂုဏ်သရေရှိတဲ့ လူတစ်ယောက်ပဲ။ မယုံသင်္ကာ ဖြစ်မိသွားတာ ဒီကျန်း အမှားပါ။ တော်ဝင်သခင်ကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
မိုးကြိုးနဂါးလည်း အလျင်အမြန် တောင်းပန်လိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး။ ခင်ဗျားတို့က ခင်ဗျားတို့ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေဆိုတော့ အခြား ဖြစ်နိုင်ချေတွေကိုလည်း ထည့်တွက်ကြည့်ရတာ သဘာဝပါပဲ” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။ သူသာ ထိုလူများ နေရာတွင် ဆိုပါကလည်း ထိုကဲ့သို့သာ ပြုမူမိပေလိမ့်မည်။
ထိုစကားကို ကြားမှပဲ ပညာရှင်နှစ်ဦးစလုံး စိတ်သက်သာရာ ရသွာခဲ့ကြသည်။
“ကြယ်စီရင်စုကြီးထဲမှာ အံ့ဩစရာတွေ အများကြီး ရှိတယ်ဆိုပေမယ့် အန္တရာယ်တွေလည်း အများကြီးပဲ။ ကျုပ်တို့ အားလုံးကို ခေါ်သွားမယ်ဆိုရင် တော်ဝင်သခင် ကျုပ်တို့ကို ဘယ်လို ကာကွယ်ပေးမှာလဲ” မိုးကြိုးနဂါးက စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။
“အန္တရာယ်တွေ တကယ်ရှိတယ်။ ဒါကြောင့် ကျုပ်နောက်ကို လိုက်မယ် မလိုက်ဘူးဆိုတာက ခင်ဗျားတို့ အပေါ်ပဲ မူတည်လိမ့်မယ်။ ခင်ဗျားတို့ နေချင်တယ်ဆိုလည်း နေခဲ့လို့ရတယ်။ ထုန်းရွှမ်လောကကြီးက တစ်နေ့ကျရင် အခြားကြယ်တွေလို ပြန်ဖြစ်လာရင် ဖြစ်လာနိုင်မှာ။ အဲ့အခါကျ ခင်ဗျားတို့ ပိုမြင့်တဲ့ အဆင့်တွေဆီ တက်လို့ရပြီ။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့ ဘယ်လောက်ကြာမလဲတော့ ကျုပ်လည်း မသိဘူး” ရန်ကိုင်က ရှနင်းချန်အား အဓိပ္ပါယ်ပါပါကြည့်ရင်း ပြောလိုက်၏။
ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင် ဖြစ်လာပြီးနောက် ရှနင်းချန်သည် တန်ခိုးရှင်အဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့သည်။ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သွားပြီးနောက်၌ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ ရစ်သိုင်းနေသည့် မီးခိုးရောင် အရှိန်အဝါမှာလည်း အတော်လေး ဖျော့သွားခဲ့လေသည်။
သူမသာ ထိုအမြန်နှုန်းအတိုင်း ဆက်၍ အဆင့်ချိုးဖျက်နေမည် ဆိုပါက တစ်နေ့တွင် ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ်၌ ရပ်တည်လာနိုင်လိမ့်မည် ဖြစ်ပြီး ထုန်းရွှမ်လောကကြီးလည်း တစ်ဖန်ပြန်လည်း အားကောင်းလာနိုင်ပေလိမ့်မည်။
“ဒီကိစ္စက အတော်လေး အရေးကြီးတာဆိုတော့ ကျုပ်ကလန်းသားတွေနဲ့ ပြန်တိုင်ပင်ဖို့ ရက်နည်းနည်းလောက် ပေးပါ တော်ဝင်သခင်” ကျန်းယွမ်က ပြောလိုက်တယ်။
“ရတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပြ ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတား မျိုးနွယ်စုဝင်များအား သူတို့ နေထိုင်မည့် နေရာများကို လိုက်ပြပေးရန် တပည့်အချို့ကို အမိန့်ပေးလိုက်လေသည်။
လူသားမျိုးနွယ်စုဘက်တွင်မူ ဘာမှ ဆွေးနွေးနေစရာ မရှိချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၊ ရန်ကိုင်၏ ဆွေမျိုးများနှင့် ဟန်မင်းဆက်မှ သူ့မိတ်ဆွေအားလုံး၊ တော်ဝင်ဂိုဏ်းတော်မှ လူများ အပါအဝင် လိုက်ပါကြပေလိမ့်မည်။ အချို့ တပည့်များမှာမူ ဤနေရာကို မခွဲရက်သည့်အတွက် နေရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ရန်ကိုင်ကလည်း သူတို့ကို အတင်း ခေါ်မနေခဲ့ဘဲ နေရစ်ခွင့် ပေးလိုက်လေသည်။
လူတိုင်းသည် အကြောက်အရွံ့ကင်းပြီး စွန့်စားမှုကို ဆာလောင်သည့် လူများ မဟုတ်ကြချေ။ မမြင်နိုင်သော အံ့ဩဖွယ်ရာများအတွက် အသက်ကို အလောင်းအစား လုပ်နိုင်ဖို့ရာ အတော်လေး သတ္တိကောင်းရန်၊ အလွန်ကိုမှ အားကောင်းချင်လိုစိတ်ကို ပိုင်ဆိုင်ထားနိုင်ရန် လိုအပ်ပေသည်။
သို့သော်လည်း ငြင်းသည့်လူမှာ သိပ်မရှိချေ။ သုံးဆယ် ရာခိုင်နှုန်းလောက်သာ နေရစ်ခဲ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် ဆွေးနွေးစရာ မရှိတော့သဖြင့် အစည်းအဝေးပွဲကို ထိုမျှနှင့် ရပ်တန့်လိုက်လေသည်။
မကြာမီ ခန်းမတစ်ခုလုံး လူရှင်းသွားခဲ့သည်။ ရန်ကိုင်သည် ပြုံးလျက် အမွှာဖြစ်ဟန်တူသော မိန်းကလေး နှစ်ဦးဆီ ပြုံးလျက် လမ်းလျှောက်သွားလေသည်။
ရန်ကိုင် ချဉ်းကပ်လာသည်နှင့် အမျိုးသမီးနှစ်ဦး၏ အသက်ရှူသံ အနည်းငယ် မြန်ဆန်လာခဲ့လေသည်။
“ကျောင်းအာ၊ မေးအာ၊ မတွေ့ရတာတောင် ကြာပြီနော်” ရန်ကိုင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
အစောပိုင်းက လူအများကြီး ရှိနေသည့်အတွက် ဟူညီအစ်မ နှစ်ယောက်ကို လာနှုတ်ဆက်ရန် အချိန်မရှိခဲ့ချေ။ ယခု အချိန်ရသည့် အခါမှ လာနှုတ်ဆက်ခြင်း ဖြစ်သည်။
ထို့အပြင် ထိုနှစ်ယောက်သည်လည်း သူ့အား ထိုအတွက်ကြောင့် စောင့်နေခဲ့ခြင် းဖြစ်သည်။
မိန်းကလေး နှစ်ဦးစလုံးက ပြိုင်တူ ပြုံးကာ ပြန်ပြောလိုက်လေ၏ “ဟုတ်တယ်။ မတွေ့ရတာ ကြာနေပြီ၊ နင်အဆင်ပြေလား”
“ပြေတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကိုးယိုးကားယား အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
ထိုနှစ်ယောက်ကို သေချာကြည့်နေသော်လည်း မည်သူသည် ဟူကျောင်းအာဖြစ်ပြီး မည်သူသည် ဟူမေးအာဖြစ်မှန်း မခွဲနိုင် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်ရတော့လေသည်။
နှစ်ယောက်စလုံးကို ကြည့်ရသည်မှာ တစ်ယောက်တည်းကို ကြည့်နေရသလိုပင်။
ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းသည် အကြီးအကဲ ရှုဟွေ ပြောခဲ့သလို့ သူတော်စင် ပထမအဆင့် မဟုတ်ဘဲ သူတော်စင် ဒုတိယအဆင့် ဖြစ်နေခဲ့သည်။
ထိုအမြန်နှုန်းသည် တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။ ရန်ကိုင်ပင်လျှင် ဆွံ့အချင်နေမိသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၂)
သူ့စီနီယာမမလေးသည် ဟူညီအစ်မနှစ်ယောက်ထက် ကျင့်ကြံခြင်း ပိုမြင့်ပြီး တန်ခိုးရှင်အဆင့်သို့ ရောက်နေခဲ့သော်လည်း သူမသည် ကြယ်အမြူတေကို သန့်စင်ပြီးမှ ထိုအဆင့်သို့ ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဟူညီအစ်မ နှစ်ယောက်သည် ထိုကဲ့သို့သော အခွင့်အရေးမျိုး မရရှိခဲ့သော်လည်း ဤမိုးမြေစွမ်းအင်ခြောက်သွေ့သော နေရာတွင် ကိုယ့်အားကိုယ်ကိုးပြီး သူတော်စင်ဒုတိယအဆင့်သို့ ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။ ထိုအချက်သည် သူတို့၏ ပါရမီ မည်မျှ မြင့်မားကြောင်း ဖော်ပြနေခဲ့လေသည်။
ရန်ကိုင် ခေါင်းရှုပ်နေသည်ကို မြင်သော် ဘယ်ဘက်တွင် ရှိသော အမျိုးသမီးက ပြုံး၍ “ငါကကျောင်းအာပဲ”
“ငါက မေးအာ” ညာဘက်တွင် ရှိနေသော မိန်းကလေးက ပြောလိုက်သည်။
နှစ်ယောက်စလုံး၏ အသံလေးများသည် အလွန်ကိုမှ နားဝင်ချိုလှသည်။ နှစ်ယောက်စလုံး၏ စရိုက်လက္ခာများသည်လည်း ယခင်ကကဲ့သို့ တစ်သီးတစ်ခြား မဟုတ်တော့ဘဲ အတူပေါင်းစပ်သွားဟန်တူကာ တစ်ယောက်တည်းတွင် အကြီးမကြီး၏ ခပ်ရဲရဲစရိုက်၊ အငယ်မလေး၏ ရှက်ကြောက်ကြောက် စရိုက်နှစ်မျိုးစလုံး ပေါင်းစပ်တည်ရှိနေခဲ့လေရာ နှစ်ယောက်စလုံးမှာ ယခင်ထက်ပို၍ ဆွဲဆောင်မှုရှိနေခဲ့လေသည်။
“နင်တို့သာ ငါ့ကိုမပြောရင် ဘယ်သူက ဘယ်သူမှန်း ငါသိမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းကုတ်လိုက်သည်။
ရန်ကိုင်ပုံစံကို ကြည့်ရင်း အမျိုးသမီးနှစ်ဦးစလုံး ရယ်မောလိုက်ကြ၏။
“လူနည်းနည်းလောက်ပဲ ငါတို့ကို ခွဲနိုင်တယ်” ဟူကျောင်းအာက နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ ပြောလိုက်လေသည် “အဖေတောင် ငါတို့ကို မခွဲနိုင်ဘူး”
“အင်း” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ဟူမန် ကိုယ့်သမီးနှစ်ယောက်ကို မခွဲနိုင်လေရာ ရန်ကိုင် မခွဲနိုင်သည်မှာလည်း အထူးအဆန်းတော့ မဟုတ်လှ။ “ဒါနဲ့ ခုဏတုန်းက ပြောနေတာကို နင်တို့လည်း ကြားလိုက်တယ်မလား။ နင်တို့ နေခဲ့မှာလား ဒါမှမဟုတ်…”
“ငါတို့လိုက်မှာ” ရန်ကိုင် ပြောလို့မပြီးသေးခင်မှာဘဲ အမျိုးသမီး နှစ်ဦးစလုံး ပြိုင်တူ ပြန်ပြောလိုက်သည်။ နှစ်ယောက်စလုံးသည် စိတ်ချင်းဆက်နေကြသည့် အတွက် တစ်ယောက်ပြောချင်သည့် အကြောင်းအရာကို တစ်ယောက် သိပြီးသား ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် ဘာမှ တိုင်ပင်နေစရာ မလိုတော့ချေ။
“အဲ့လိုဆို နင်တို့ မြန်မြန် ပြင်ဆင်ထားသင့်တယ်။ ငါဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ လဝက်နေရင် သွားတော့မှာ”
“ကောင်းပြီ။ ဒါဆို ငါတို့အဖေနဲ့ စံအိမ်သခင် နှစ်ယောက်ဆီ အရင် အကြောင်းကြားလိုက်ဦးမယ်” ဟူကျောင်းအာက ချက်ချင်း ပြန်ပြောလိုက်ပြီး ဟူမေးအာနှင့်အတူ ထွက်သွားလေသည်။
သို့သော်လည်း နှစ်ယောက်သားကို ကြည့်ရသည်မှာ သိပ်ပြီး မပြန်ချင်သေးသည့်ပုံပင်။
မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက် ရန်ကိုင်နှင့် အတူထိုင်ကာ စကားဖောင်ဖွဲ့ချင်နေမိသည်။ သို့သော်လည်း နောက်ပိုင်း ရန်ကိုင်နှင့် မကြာခဏ တွေ့နိုင်တော့မည့် အကြောင်း စဉ်းစားမိလိုက်ပြီး သူမတို့စိတ်ထဲ ဆက်ပြီး တုန့်ဆိုင်းမနေတော့ချေ။
ရှနင်းချန်နား ဖြတ်သွားသည့်အခါ အမျိုးသမီးနှစ်ဦးစလုံး ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင် သူမတို့၏ မျက်ဝန်းထဲ အားကျသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။
ရှနင်းချန်သည် ရန်ကိုင်အား အဖော်ပြုပေးနိုင်သော်လည်း သူတို့ကမူ ထိုကဲ့သို့ မလုပ်နိုင်ချေ။
“ဒီလဝက်အတွင်း စီနီယာမမလေးကို ကျွန်တော် သင်ပေးစရာ တစ်ခုရှိတယ်” အားလုံး ထွက်သွားပြီးနောက် ရန်ကိုင်သည် ရှနင်းချန်အား သူမ၏ ကျင့်ကြံရေးအခန်ဆီသို့ ဆွဲခေါ်သွားလေ၏။
ရှနင်းချန်အား ရှီဖွဲ့စည်းမည့် နည်းလမ်းကို သင်ပေးလိုခြင်း ဖြစ်သည်။
သူသည် ရှီအား ဧကရာဇ်ဥယျာဉ်မှ ဧကရာဇ်ဖိအားကို သုံး၍ ဖွဲ့စည်းခဲ့သည်။ ထိုနည်းလမ်းသည် သူ့အတွက် အတော်လေး အလုပ်ဖြစ်ခဲ့သော်လည်း ရှနင်းချန်အတွက်မူ သင့်လျော်သည့် နည်းလမ်းတစ်ခု မဟုတ်ချေ။
သို့သော်လည်း ရှီအား ဖွဲ့စည်းရမည့် အခြေခံ နည်းလမ်းသည် ကျင့်ကြံသူအားလုံးတိုင်းအတွက် အတူတူသာ ဖြစ်လေသည်။ ထို့အပြင် ရှီအား ဖွဲ့စည်းပုံ ဖွဲ့စည်းနည်းနှင့် ပက်သက်၍ သူနှင့် နီးကပ်သော တန်ခိုးရှင်အဆင့်သို့ ရောက်ပြီးသား ကျင့်ကြံသူများ ဆီမှလည်း သိခဲ့ရသေးသည်။
ယခု သူသိထားသည့် အကြောင်းအရာ အားလုံးကို ရှနင်းချန်ကို ပြန်ပြောရန် လုပ်နေခြင်း ဖြစ်သည်။
ထို့အပြင် ရန်ကိုင်သည် သူ့စီနီယာမမလေး၏ အစစ်အမှန် ဆေးပညာကျမ်းမှ သူလေ့လာခဲ့ရသည့် အကြောင်းအရာများကို ပြန်လည် သင်ကြားပေးလိုက်သေးသည်။
ရှနင်းချန်သည် ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဆေးပညာအရာတွင် ဆရာ မလိုသော်ငြား အစစ်အမှန် ဆေးပညာကျမ်း၏ အကူအညီနှင့် ဆိုပါက သူမ၏ ဆေးပညာစွမ်းရည် ပို၍ လျင်လျင်မြန်မြန် တိုးတက်လာနိုင်ပေ၏။
လဝက်ဆိုသော အချိန်သည် ကြာလည်းမကြာသလို မြန်လည်း မမြန်ချေ။
ရန်ကိုင်နှင့် ရှနင်းချန်သည် ထိုလဝက်အတောအတွင်း သူတို့၏ ကျင့်ကြံရေး အခန်းထဲတွင်သာ အချိန်ဖြုန်းခဲ့သည်။
သို့သော်လည်း တစ်ခါတစ်ရံ နှစ်ယောက်သား အပြင်ထွက်ပြီး လျှောက်လည်ပတ်ရင်း အချိန်ဖြုန်းလေ့ရှိသည်။ စိတ်လာ၍ အတူတူ ချစ်ကြည်နူးသည့် အခါလည်း ရှိပေသည်။
ကြယ်စီရင်စုထဲသို့ ရောက်ခဲ့ပြီးသည့်နောက်ပိုင်း မည်သည့် မိန်းကလေးနှင့်မှ သူမထိတွေ့ခဲ့ရချေ။ ယခု သူ့စီနီယာမမလေးနှင့် ပြန်တွေ့သည့်အခါ သူစိတ်ထဲ ကိန်းအောင်းနေခဲ့သော ရာဂ မီးတောက်များကို မထိန်းချုပ်ထားနိုင်တော့ဘဲ အစွမ်းကုန် ဖွင့်ထုတ်နေတော့လေသည်။
ရှနင်းချန်၏ အသားအရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ ရွှန်းစိုတောက်ပလာခဲ့သည်။
လဝက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်သည် သူတို့၏ ကျင့်ကြံရေး ခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
ထိုလဝက်အတွင်းတွင်တော့ ရှနင်းချန်သည် သူမ၏ရှီကို မသိပ်သည်းနိုင်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင်၏ ပြောပြမှုကြောင့် ရှီအား မည်ကဲ့သို့ ဖွဲ့စည်းရမည်လဲနှင့် ရှီဆိုသည်မှာ ဘာလဲ ဆိုသည်ကို နားလည်သွားခဲ့လေပြီ။ လုပ်ရန် ကျန်တော့သည်ဆို၍ အချိန်ပေး ကျင့်ကြံရန်သာ ရှိတော့သည်။ ထိုသို့ဆိုလျှင် သူမ၏ ရှီကို သိပ်သည်းနိုင်ပေလိမ့်မည်။
အစစ်အမှန်ဆေးပညာကျမ်းကိုတော့ အလွယ်လေး တတ်မြောက်သွားခဲ့သည်။ ထိုထဲတွင် ရေးမှတ်ထားသည့် အမျိုးမျိုးသော နည်းစနစ်များနှင့် စိတ်ဝိဥာဉ်အစီအရင်များကို မြင်ပြီးနောက် သူမ၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက် တောက်ပသွားခဲ့သည်။
လက်ရှိတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေ တစ်ခုလုံး လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူများဖြင့် ပြည့်ကြပ်သိပ်နေခဲ့သည်။
ထိုလူပင်လယ်ကြီးထဲ၊ နှစ်ထောင်ခန့်သည် တော်ဝင်နယ်မြေမှ ဖြစ်ကြပြီး လေးထောင်ကျော်သည် ဟန်မင်းဆက်မှဖြစ်ကာ လက်ကျန် တစ်ထောင်နှင့် နှစ်ထောင်ကျော်သည် မွန်းစတား မျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့မှ အသီးသီး ဖြစ်ကြသည်။
လူပေါင်း မြောက်မြားစွာ ရှိနေသည့်တိုင် ပတ်ဝန်းကျင်းတစ်ခုလုံး ဆူညံပွတ်လောရိုက်နေခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အကုန်လုံးသည် ရန်ကိုင် ရောက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ရန်ကိုင် မည်သည့် နည်းလမ်းသုံး၍ သူတို့အား ကြယ်စီရင်စုထဲသို့ ခေါ်သွားမလဲ ဆိုသည်နှင့် ပက်သက်၍ အကုန်လုံး သိချင်နေကြ၏။
ဖျက်ခနဲ အလင်းတစ်ချက်နှင့် ရန်ကိုင် ပေါ်လာခဲ့လေသည်။ သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ထောင်နှင့်ချီသော မျက်လုံးများသည် သူ့ပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။
လူအုပ်ကြီးကို ဝေ့ကြည့်ပြီးနောက် ရန်ကိုင်က ခေါင်းညိတ်လျက် “လူစုံပြီဆိုတော့ စကြတာပေါ့”
“ရန်ကိုင်၊ ငါတို့ ဘာလုပ်ရမှာလဲ” မိုးကြိုးနဂါးက ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ ဘာလုပ်ပေးရမှာလဲ” ကျန်းယွမ်ကလည်း ဝင်ပြောလိုက်သည်။
“ခင်ဗျားတို့ ဘာမှလုပ်စရာ မလိုဘူး။ စိတ်ကိုသာ ဖြေလျော့ထား၊ ဘာဖြစ်ဖြစ် မခုခံနဲ့” ပြုံး၍ ပြောလိုက်ပြီးနောက် ရန်ကိုင်သည် အလုံးလေးတစ်လုံးကို ထုတ်လိုက်လေသည်။
ထို့နောက် ရန်ကိုင်သည် ထိုအလုံးလေးကို လူထောင်ပေါင်းများစွာ စုဝေးနေသည့် ကောင်းကင်ပေါ်သို့ ပစ်လိုက်လေသည်။
ဖောက်ဟူသော မြည်သံနှင့်အတူ အလုံးလေးဆီမှ မှော်ဆန်သော စွမ်းအင်တစ်ရပ် ထွက်ပေါ်လာပြီး လူအုပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလို အကုန်လုံးသည် သူတို့အား ထူးဆန်းသော စွမ်းအားတစ်ရပ်မှ ဆွဲယူနေသလို ခံစားလိုက်ရလေသည်။
ရန်ကိုင် ပြောထားသည့် အတွက်ကြောင့် မည်သူမှ သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ ခုခံခြင်းမျိုး မလုပ်ခဲ့ကြပေ။
ပေါက်ကွဲထွက်လာသော အလင်းတန်းများနှင့်အတူ သူတို့၏ မြင်ကွင်းတစ်ခုလုံး တွန့်လိမ်လာခဲ့သည်။ မြင်ကွင်း တစ်ဖန် ပြန်ကြည်သွားချိန် သူတို့အားလုံး ထူးဆန်းသည့် နေရာသစ်ဆီ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ထိုနေရာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ မဟုတ်ဘဲ အလွန်ကိုမှ လှပသည့် နေရာတစ်ခု ဖြစ်သည်။
ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် ထုန်းရွှမ်လောကကြီးရှိ မိုးမြေစွမ်းအင်ထက် အဆတစ်ရာမက ပိုမို သိပ်သည်းပေသည်။
“ဟန်၊ ဒါဘာကြီးလဲ” နတ်ဆိုးမျိုးနွယ်စုသည် ရုတ်တရက် တစ်ခုခုကို ရှာတွေ့သွားပြီး လက်ညိုးထိုးလျက် အော်ပြောလိုက်၏။
အကုန်လုံးသည် သူညွှန်ပြနေသည့် နေရာသို့ လိုက်ကြည့်လိုက်ရာ မီတာတစ်ရာ အရှည်ရှိသော မည်းနက်နေသည့် သင်္ဘောတစ်စင်းကို တွေ့လိုက်ရလေသည်။
“ကြယ်သင်္ဘောလား” နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်က အလန့်တကြား ဆိုလိုက်သည်။
ရန်ကိုင်တွင် အားကောင်းသော ကြယ်သင်္ဘောတစ်စင်း ရှိကြောင်း နတ်ဆိုးဗိုလ်ချုပ်မန်ကဲဆီမှ ကြားသိခဲ့ရသော်လည်း သူကိုယ်တိုင် မြင်တွေ့ရခြင်း မဟုတ်သည့်အတွက် သိပ်မယုံချင်ခဲ့ချေ။ ယခု ဤကြယ်သင်္ဘောကို မြင်တွေ့ပြီးနောက် နတ်ဆိုးဗိုလ်ချုပ်မန်ကဲ ညာပြောနေခြင်း မဟုတ်မှန်း သူနားလည်သွားခဲ့ရတောသည်။
နတ်ဆိုးမြို့တော်၏ အောက်ခြေတွင်လည်း ကြယ်သင်္ဘောတစ်စင်း ရှိပေသည်။ သို့သော်လည်း ထိုကြယ်သင်္ဘောမှာ ပျက်စီးနေခဲ့လေပြီ။ ထို့အပြင် ထိုကြယ်သင်္ဘောသည် သူတို့ရှေ့၌ ရှိနေသော ကြယ်သင်္ဘော၏ ခြေဖျားကိုပင် မှီဟန်မတူ။
သူတို့အား ပို၍ အံ့အားသင့်သွားစေသည်ကား ကြယ်သင်္ဘော အနီးတစ်ဝိုက်တွင် ရပ်နေသော လူများပင် ဖြစ်လေသည်။ ထောင်နှင့်ချီသော လူများ ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်လိုက်သည်အခါ ထိုလူအားလုံး လူအုပ်ကြီးဘက်သို့ စူးစမ်းလိုဟန်ဖြင့် စိုက်ကြည့်လာခဲ့လေသည်။
သိချင်စိတ်ဖြစ်မိသည့် အတွက် ကျန်းယွမ်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုလူများကို စစ်ဆေးကြည့်လိုက်ရာ သူ့အမူအရာ တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့ရလေသည်။
ထိုလူများဆီမှ ရန်ကိုင်ကဲ့သို့ အားကောင်းသည့် ဖိအားမျိုး မခံစားရသော်လည်း ထိုလူ တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုမို မြင့်မားနေကြောင်း ကျန်းယွမ် တွေ့ရှိလိုက်ရသည်။ ထိုလူအားလုံးသည် ဒဏ္ဏာရီလာ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်မှန်း ကျန်းယွမ် သိလိုက်သည်။
သူတို့ ကြယ်စီရင်စုထဲသို့ ရောက်လာခြင်းပေလော။
ထိုလူများသည် ကြယ်စီရင်စုထဲမှ ကျင့်ကြံသူများပေလား။
ကျန်းယွမ်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ အခြားသူများလည်း အတူတူပင်။
“စိုးရိမ်မနေနဲ့” ရုတ်တရက် တစ်ခုသောနေရာဆီမှ ရန်ကိုင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတော်စင် တပည့်များ၏ ရှေ့၍ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှင်းပြလိုက်လေသည် “ဒီလူတွေက ကျုပ်ဂိုဏ်းရဲ့ တပည့်တွေပဲ”
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင် ပေါ်လာသည်ကို မြင်သော် ထိုလူအားလုံး ရန်ကိုင်အား ချက်ချင်း ဦးညွှတ်လိုက်ကြလေသည်။
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်လေသည် “လျူပင်၊ ဒီလူတွေက ငါ့မွေးရပ်မြေက မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေပဲ။ သူတို့ကို အရိပ်ကြယ်ဆီ ခေါ်သွားမှာတော့ဆိုတော့ ဒီထဲမှာ ခဏလောက် နေခိုင်းရလိမ့်မယ်။ မင်းသူတို့ကို စောင့်ရှောက်ထားလိုက်”
“ဟုတ်ကဲ့” လျူပင်ဆိုသော တပည့်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရန်ကိုင်သည် ချူလင်းရှောင်နှင့် လင်းတိုင်ရှုတို့ဆီသို့ သွား၍ ဦးညွှတ်ကာ “ဘိုးဘေးနဲ့ ဆရာဖိုးဖိုး၊ ဒါက ကမ္ဘာငယ်လေး တစ်ခုလေ။ သိပ်မကြီးဘူး ဆိုပေမယ့် လူတစ်သောင်းလောက်တော့ အသာလေး ထည့်ထားလို့ရတယ်။ ဒီထဲမှာ ဘာအန္တရာယ်မှလည်း မရှိဘူး။ တပည့်က အခုလောလောဆယ် အရိပ်ကြယ်လို့ ခေါ်တဲ့ ကြယ်မှာ အထက်စကြာဝဠာဂိုဏ်းကို တည်ထောင်ထားတယ်။ အရိပ်ကြယ်ကို သွားဖို့က အနည်းဆုံး နှစ်နဲ့ချီလိမ့်မယ်။ ဘိုးဘေးတို့၊ ဆရာဖိုးဖိုးတို့ မေးချင်တဲ့ မေးခွန်းတွေ ရှိနေရင် အဲ့တပည့်တွေကို မေးလို့ရတယ်။ သူတို့ ဖြေပေးကြလိမ့်မယ်”
“အင်း၊ ငါတို့ကို စိုးရိမ်မနေနဲ့။ မင်းလုပ်စရာရှိတာသာ သွားလုပ်” ချူလင်းရှောင်က ပြုံးလျက် ပြောလိုက်သည်။
ဤကမ္ဘာငယ်လေးနှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော မည်မျှ အဖိုးတန်ကြောင်း ချူလင်းရှောင် မသိချေ။ သိသာသိလျှင် သူယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မည် မဟုတ်ချေ။
“အဲ့ဒါဆို တပည့် အရင် ပြန်ထွက်သွားတော့မယ်နော်။ တပည့် အားတဲ့အခါကျရင် ဆရာဖိုးဖိုးနဲ့ ဘိုးဘေးတို့ဆီ လာလည်ပါ့မယ်” ပြောပြီးနောက် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ပြန်ထွက်သွားလိုက်လေသည်။
ရန်ကိုင် ထွက်သွားပြီးနောက် လျူပင်ဆိုသော တပည့်သည် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့ဆီ ချက်ချင်း ပြေးလာပြီး နှုတ်ဆက်လိုက်လေသည်။
ရန်ကိုင် ထိုနှစ်ဦးအား မည်ကဲ့သို့ ခေါ်ဝေါ်သွားသလဲ ဆိုသည်ကို သူသေချာ ကြားလိုက်ရသည်။ သူ့ကျင့်ကြံခြင်းသည် ထိုနှစ်ယောက်ထက် ပိုမြင့်သော်လည်း ထိုနှစ်ဦးရှေ့ နည်းနည်းမှ မမောက်ရဲဘဲ သူ့ကိုယ်သူ ဂျူနီယာတစ်ယောက်သဖွယ် သဘောထားလျက် လေးလေးစားစား ဦးညွှတ်လိုက်လေသည်။
ထိုတပည့် သူတို့ဆီ ရောက်လာသည်ကို မြင်သော် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့သည် အရိပ်ကြယ်နှင့် အထက်စကြဝဠာဂိုဏ်း အကြောင်း ချက်ချင်း မေးကြည့်ကြတော့လေသည်။ အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်တစ်ခုလုံးတွင် အလွှမ်းမိုးနိုင်ဆုံးနှင့် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကြောင်း သိလိုက်ရပြီးသည့် နောက်တွင် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့ နှစ်ဦးစလုံး ဂုဏ်ယူမိသွားကြလေသည်။
နှစ်သုံးဆယ်အတွင်း ရန်ကိုင်သည် သူ့အားသူကိုးကာ ကျင့်ကြံရေး ကြယ်ကြီးတစ်ခုလုံးကို သူ့လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ထိုအရာသည် သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
အရိပ်ကြယ်နှင့် စကြာဝဠာဂိုဏ်းအကြောင်း သိလိုက်ရပြီးနောက် အခြားမေးခွန်းများကို ထပ်မေးတော့လေသည်။
ကမ္ဘာငယ်လေးအတွင်းရှိ ကိစ္စများ ပြီးသွားပြီးနောက် အလုံးလေးကို ပြန်သိမ်းထားလိုက်ပြီး ဘုံကိုးခုထွတ်မြတ် နယ်မြေကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ဤနေရာကြီးအား ခဏကြာမျှ စိုက်ကြည့်နေပြီးနောက် သူ့နားတွင် စိတ်ရှည်ရှည်ဖြင့် ရပ်နေသော ရှနင်းချန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “စီနီယာမမလေး၊ ကျွန်တော့်ကို လူတစ်ယောက် ရှာပေးလို့ရမလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၃)
ရှနင်းချန်သည် အခြားသူများကဲ့သို့ ကမ္ဘာငယ်လေးထဲသို့ လိုက်မဝင်သွားခဲ့ချေ။ သူမသည် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက် ရန်ကိုင်၏ ကိစ္စများကို သိပ်ပြီး နှောင့်နှေးစေတော့မည် မဟုတ်ချေ။ ထို့အပြင် သူမသည် မကြာသေးခင်ကမှ အဆင့်ချိုးဖျက်ထားခြင်း ဖြစ်သည့်အတွက် သူ့တွင် သူမအား သင်ပေးစရာများစွာ ရှိနေပေသေးသည်။
ထို့အပြင် မိန်းမလှလေးတစ်ယောက်နှင့် အတူ ခရီးသွားရခြင်းသည် အလွန်ကိုမှ ကျေနပ်စရာ ကောင်းလှပေသည်။
ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ရှနင်းချန်က ချက်ချင်း ပြန်မေးလိုက်လေသည် “ဘယ်သူ့ကို ရှာချင်တာလဲ”
“လူအိုကြီးလီ” ရန်ကိုင်က သူမကို ကြည့်ကာ ပြောလိုက်သည်။
ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးပိတ်ကာ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စတင် အာရုံခံတော့လေသည်။
သူမသည် ထုန်ရွှမ်းလောကကြီး၏ ကြယ်သခင် ဖြစ်လာပြီ ဖြစ်သဖြင့် ထုန်းရွှမ်လောကကြီးအနှံ့ ဖြစ်ပျက်နေသည့် အရာအားလုံးကို သိမြင်နိုင်ပေသည်။ အတွေးတစ်ချက်နှင့် သူမသွားချင်သည့် နေရာတိုင်းကို သွားနိုင်ပေသည်။
လူတစ်ယောက်ကို ရှာရန်မှာလည်း သူမအတွက် သာမန် ကိစ္စတစ်ခုသာ ဖြစ်လေသည်။
နေ့တစ်ဝက်ကြာပြီးနောက် ရှနင်းချန် မျက်လုံး ပြန်ပွင့်လာခဲ့သည် “တွေ့ပြီ”
ရန်ကိုင်သည် ချက်ချင်းပဲ ရှနင်းချန်၏ လက်ကလေးကို ကိုင်၍ မေးလိုက်လေသည် “ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေးပါလား”
ရှနင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး သူမရှေ့တည့်တည့်ရှိ လေဟာနယ်ကို ညွှန်လိုက်ရာ အနက်ရောင် ဝဲကတော့တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝဲကတော့ ပေါ်လာသည်နှင့် နှစ်ယောက်စလုံး ထိုထဲသို့ ဝင်သွားလိုက်ကြသည်။
အမည်မသိရသော ခြောက်ကပ်လူသူခေါင်ပါးသည့် တောင်တစ်တောင်ထက်တွင်သူတို့ ပြန်ပေါ်လာခဲ့သည်။
ဤနေရာသည် ထျန်းဇျန်လူအိုကြီး နေနေသည့် နေရာ ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ချေ။
ထျန်းဇျန်လူအိုကြီးသည် မျိုးနွယ်စုသုံးခုစလုံးမှ လေးစားရသည့် လူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သလို သူ့အား ရက်ရက်ရောရာ သင်ကြားပြသပေးခဲ့သည့် အတွက်ကြောင့်လည်း ရန်ကိုင်သည် ထျန်းဇျန်လူအိုကြီးကို အမှန်တကယ် လေးစားမိပေသည်။
ထျန်းဇျန်လူအိုကြီးသည် တစ်ခါက ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ လာပြီး ရန်ကိုင်အား အကြီးအကျယ် ကူညီပေးခဲ့သည်။ ထိုစဉ်က သူ့အကူအညီဖြင့် အရိုးမျိုးနွယ်စုကို တန်ပြန်တိုက်ခိုက်ရန်အတွက် လူသားမျိုးနွယ်စု တစ်ခုလုံးကို စုစည်းနိုင်ခဲ့သည်။
ယခုတစ်ကြိမ် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ပြန်ရောက်သည့်အခါ ထျန်းဇျန်လူအိုကြီးနှင့် သူ့တပည့် တိယောင်ကို မတွေ့ရတော့ချေ။
ထျန်းဇျန်လူအိုကြီး၏ စရိုက်အရ ဤကဲ့သို့သော နေရာမျိုး၌ အချိန်ကြာကြာ နေလိမ့်မည် မဟုတ်ချေ။ ယခု သူပြန်ရောက်ပြီး ကြယ်စီရင်စုထဲ ပြန်သွားမည့် အချိန်တွင် သူနှင့်အတူ ထျန်းဇျန် လူအိုကြီးကိုပါ တစ်ခါတည်း အတူခေါ်သွားလိုခြင်း ဖြစ်သည်။
“ဒီမှာလား” သူ့ရှေ့ရှိ မီတာတစ်ထောင် အမြင့်ပင် မရှိတတ်သော တောင်ရိုင်းကြီးကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။
“ဟုတ်တယ်” ရှနင်းချန်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် လူအိုကြီး၏ အရှိန်အဝါကိုတော့ ငါအာရုံမခံမိဘူး။ စီနီယာအစ်ကိုတိရဲ့ အရှိန်အဝါကိုပဲ ရတယ်”
သူမပြောသည်ကို ကြားပြီးနောက် ရန်ကိုင်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ရိုးရှင်းသော သစ်သားအိမ်လေးအား လှမ်းကြည့်လိုက်လေသည်။ ထိုသစ်သားအိမ်လေးရှေ့တွင် ဆေးဥယျာဉ်အချို့ ရှိနေခဲ့သည်။ သို့သော်လည်း ဆေးဥယျာဉ်ထဲ စိုက်ပျိုးထားသည်မှာ ကျင့်ကြံရေး အတွက် အသုံးပြုသော ဆေးပင်များ မဟုတ်ဘဲ သာမန် ဆေးပင်များသာ ဖြစ်လေသည်။
ထိုဆေးပင်များသည် သာမန်လူများကို ကုသရာတွင် အသုံးဝင်သော်လည်း ကျင့်ကြံသူများအတွက်မူ အသုံးမဝင်ချေ။
ထိုနေရာတွင် ဆေးပင်များကို ရေလောင်းနေသည့် လူတစ်ယောက် ရှိနေခဲ့သည်။
ရန်ကိုင် ရှေ့တက်သွားလိုက်သည်။
“သမားတော် လာရှာတာလား” ထိုလူက ခေါင်းပင်မမော့ဘဲ ရေလောင်းနေရင်း မေးလိုက်သည်။
“အစ်ကိုတိ၊ မတွေ့ရတာ ကြာပြီနော်” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်လေသည်။
တိယောင်၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ပြီး ခါးကို ဖြည်းဖြည်းချင်း မော့လျက် ပြန်လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင်ကို မြင်ပြီးနောက် တိယောင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့လေသည်။
ပြစ်ချက်ကင်းစင်သော သွားဖြူလေးများ ပေါ်လွင်အောင် ပြုံးနေသော အပြုံးနှင့် ပေါင်းစပ်ထားသည့် အလွန်ကိုမှ ချောမောလှသော တိယောင်၏ မျက်နှာသည် မိန်းမသားများပင် မနာလိုရလောက်အောင် ချောမောလွန်းလှပေသည်။ အနောက်ဘက်သို့ ခိုဝင်လုလု ဖြစ်နေသော နေရောင်နှင့် ပေါင်းစပ်လိုက်သည့်အခါ တိယောင်မှာ တစ်မျိုးတစ်မည် ထူးထူးခြားခြား ကြည့်ကောင်းနေလေသည်။
ဒီကောင် အရင်အတိုင်း ချောနေတုန်းပါပဲလား…
တိယောင်သည် ရှေ့သို့ တိုးလိုက်ပြီး ရန်ကိုင်အား ပွေ့ဖက်လိုက်သည်။
“အစ်ကိုရန်၊ မင်းဘယ်တုန်းက ပြန်လာတာလဲ” တိယောင်သည် ရန်ကိုင် အန္တရာယ်ကင်းကင်းနှင့် ပြန်လာမည်ကို ကြိုသိထားသည့် အလား နည်းနည်းလေးမှ အံ့အားသင့်သွားခြင်းမရှိဘဲ သာမန်ပုံစံဖြင့်သာ ပြန်နှုတ်ဆက်လိုက်လေသည်။
“နှစ်လလောက်ရှိပြီ”
တိယောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မြေကြီးများဖြင့် ညစ်ပေနေသော သူ့လက်ကို ခါ၍ “လာ၊ အထဲသွားပြီး သောက်ကြရအောင်”
“အင်း”
ရန်ကိုင်နှင့် တိယောင်သည် သစ်သားအိမ်လေးရှေ့ရှိ ဘာမှ မရှိသော မြေပြင်တွင်ထိုင်လျက် သောက်နေကြလေသည်။ သူတို့တွင် မည်သည့် အမြည်းမှမရှိဘဲ သောက်စရာဝိုင်သာ ရှိသည်။ ရှနင်းချန်သည် ဘေးနားတွင်ထိုင်လျက် ဝိုင်ကရားကိုကိုင်ကာ ရန်ကိုင်နှင့် တိယောင်တို့အတွက် ငှဲ့ပေးနေခဲ့သည်။
ကြယ်စင်တို့ တလက်လက် လင်းလက်တောက်ပနေသော အာကာယံအောက်ဝယ် နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့ရသော မိတ်ဆွေနှစ်ဦး အတူတကွ ပြန်ဆုံတွေ့ခဲ့လေပြီ။
“ဆရာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက ကွယ်လွန်သွားပြီ” တိယောင်က ရုတ်တရက် ပြောလိုက်သည်။
ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုတွေးထားပြီး ဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရချိန် ဝိုင်ခွက်ကိုင်ထားသည့် သူ့လက် အနည်းငယ် တုန်ရီသွားခဲ့လေသည်။
တိယောင်က ပြုံးလျက် ပြောလိုက်သည် “သူ့နောက်ဆုံး အချိန်တွေကို ပျော်ပျော်နဲ့ ဖြတ်သန်းသွားရတော့ အရမ်းကြီး မဆိုးဘူးလို့ ပြောလို့ရတယ်။ တကယ်တော့ ဆရာက အရမ်း အသက်ကြီးလွန်းနေပြီလေ။ သူ့အတွက် အချိန်လည်း တန်လာတာကိုး”
သူတော်စင်အဆင့်ဖြင့် နှစ်ပေါင်းထောင်နှင့်ချီအောင် နေဖို့သည် သာမန်ကျင့်ကြံသူများ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ထျန်းဇျန်လူအိုကြီးသည် အမျိုးမျိုးသော ဆေးဝါးများကို သုံးကာ သူ့အသက်ကို ဆွဲဆန့်ထားခဲ့ခြင်း ဖြစ်သည်။
“အစ်ကိုတိ” ရန်ကိုင် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
တိယောင်ကပြုံးလျက် “ဆရာဒီမှာ မရှိတော့ပေမယ့် ငါ့နှလုံးသားထဲမှာတော့ အမြဲရှိနေတုန်းပဲ”
သူ့စကားကို ကြားပြီး ရန်ကိုင် ပြုံးမိသွားခဲ့သည်။
“အစ်ကိုရန်၊ ဒီအထိတောင် ရောက်လာတယ်ဆိုတော့ တစ်ခုခု ပြောချင်တာ ရှိလို့လား။ ဒါမှမဟုတ် ဆရာဆီ တစ်ခုခု တောင်းဆိုချင်တာ ရှိလို့လား” တိယောင်က မေးလိုက်သည်။
“ဘာမှမဟုတ်။ ငါပြန်ထွက်သွားတော့မှာဆိုတော့ လူအိုကြီးလီနဲ့ အစ်ကိုတိကိုပါ လိုက်မလားလို့ လာခေါ်တာ”
“ကြယ်စီရင်စုထဲကိုလား” တိယောင် မျက်လုံးမှေးစဉ်းသွားသည်။
“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် တိယောင်က ခေါင်းခါ၍ ပြန်ပြောလိုက်လေသည် “ဆရာက ငါ့ကို ပျိုးထောင်ပြီး သင်ကြားပေးခဲ့တာ။ သူ့ကျေးဇူးက ငါ့အပေါ် မကုန်နိုင်အောင်ပဲ။ ငါဆရာ့ကို ဒီမှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး”
ရန်ကိုင်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား သူဘာမှ မပြောရသေးခင်မှာပဲ တိယောင်က ပြုံး၍ ဆက်ပြောလိုက်၏ “အစ်ကိုရန် ပြောမနေတော့နဲ့။ ငါဆုံးဖြတ်ပြီးသွားပြီ”
တိယောင် မလိုက်ချင်နေသည်ကို မြင်သော် ရန်ကိုင်လည်း သက်ပြင်းသာ ချလိုက်တော့လေသည်။
ဤသို့ဖြင့် သူတို့ နှစ်ယောက်စလုံး မူးသည်အထိ ဆက်၍ သောက်နေခဲ့သည်။
ရောင်နီပျိုးလာသည့်အချိန်တွင် တိယောင်မှာမူ မြေကြီးပေါ် အိပ်ပျော်နေခဲ့လေပြီ။ ရန်ကိုင်နှင့် ရှနင်းချန်ကမူ တောင်ပေါ်တွင် ရှိနေသော အုတ်ဂူလေးတစ်ခုကို သွားရောက် ကန်တော့သည်။ တိယောင်အတွက် ကျင့်ကြံရေး အရင်းအမြစ်အချို့ ချန်ထားရစ်ခဲ့ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားလေသည်။
“နင် စီနီယာအစ်ကိုတိကို တစ်ယောက်တည်း တကယ်ကြီး ထားခဲ့တော့မှာလား” ရှနင်းချန်က မေးလိုက်သည်။
“သူ့ဆုံးဖြတ်ချက်ပဲကို” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ဒါပေမယ့်…” ရှနင်းချန် တစ်ခုခု ပြောချင်နေခဲ့သည်။
“အဲ့ဒါကလည်း မဆိုပါဘူးလေ။ စီနီယာမမလေးရဲ့ ကျင့်ကြံခြင်းသာ အဆင့်တစ်ခုကို ရောက်သွားရင် ဒီထုန်းရွှမ်လောကကြီးကို ပြန်အားကောင်းလာအောင် လုပ်နိုင်မှာပဲ။ အဲ့အခါကျ အစ်ကိုတိလည်း ပိုမြင့်မားတဲ့အဆင့်ရောက် ကျင့်ကြံလို့ရပြီ။ သူမလိုက်လာတာလည်း သိပ်တော့ မဆိုးပါဘူး”
ရှနင်းချန် ခေါင်းညိတ်လိုက်သည်။ ခဏလောက် စဉ်းစားနေပြီးနောက် မေးလိုက်လေသည် “ငါတို့ အခု ဘယ်သွားမှာလဲ”
“ကျွန်တော်တို့ မူလလောကကြီးကနေ ကြယ်စီရင်စုထဲကို မြန်မြန် သွားလို့ရတဲ့ ဖြတ်လမ်းတစ်ခုရှိတယ်။ အခု ကျွန်တော်တို့ နှစ်ယောက်စလုံး သိတဲ့ လူတစ်ယောက်ကို လိုက်ရှာနေတာ” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။
ခဏအကြာတွင် သူတို့နှစ်ဦး အနှောင်အဖွဲ့ကင်းကျောင်းတော် ဆီသို့ ရောက်လာခဲ့ပြီး လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် ကောင်းကင်စံအိမ်နှင့် မနီးမဝေးနေရာသို့ ရောက်လာခဲ့သည်။
မဟာနတ်ဆိုးနတ်ဘုရား ခတ်ထားသည့် ချိတ်စည်း ပြေသွားချိန် ထုန်းရွှမ်လောကကြီးနှင့် သူတို့နေခဲ့သည့် မူလ လောကကြီး ချိတ်ဆက်သွားခဲ့သည်။
ဤနေရာသည် သိုင်းခရီးလမ်းကို သူစတင် လျှောက်လှမ်းရာနေရာ ဖြစ်ပေသည်။
ထိုနေရာသို့ ရောက်လာပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် ကောင်းကင်စံအိမ်တွင် လူများစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ မည်သည့် မိသားစု သို့မဟုတ် ဂိုဏ်းတစ်ခုခုက ထိုနေရာကို အပိုင်သိမ်းထားလဲ ဆိုသည်ကိုတော့ သူမသိချေ။ သို့သော်လည်း ဂိုဏ်းမှာ အတော်လေးကို စည်ကား သက်ဝင်နေခဲ့သည်။
သို့ရာတွင် ရန်ကိုင်သည် ထိုလူများကို သွားမနှောင့်ယှတ်ခဲ့ချေ။ ဤနေရာရှိ ကျင့်ကြံသူများသည် သူ့အတွက် အလွန်ကိုမှ အားနည်းလှပေသည်။
ဗဟိုမြို့တော်ဆီသို့လည်း မသွားခဲ့ချေ။ ယခင်က ဗဟိုမြို့တော်ကို မိသားစုကြီး ရှစ်ခုမှ အုပ်စိုးခဲ့သည်။ သူနှင့်ရင်းနှီးသော မိသားစု သုံးခုသည် ကမ္ဘာငယ်လေးထဲသို့ ရောက်နေခဲ့လေပြီ။ ကျန်လက်ကျန် မိသားစုငါးခု၏ အရှုပ်အရှင်းကြားထဲ ဝင်ပါရန် သူစိတ်မဝင်စားချေ။
စီနီယာမမလေးကို အတူခေါ်၍ ရန်ကိုင်သည် တိမ်မိစ္ဆာ နယ်မြေဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။
သူ့စီနီယာမမလေးသည် ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်သော်ငြား ဤနေရာသည် သူ့ဘာသာ ကွဲထွက်နေသည့် လောကငယ်လေး တစ်ခုဖြစ်သည့်အတွက် သူမအနေဖြင့် မိုင်တစ်ထောင်ကို မျက်တောင်တစ်ခတ်အတွင်း မသွားနိုင်တော့ချေ။
ဤလောက မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲဆိုသည်ကို သူမသိသော်ငြား ထုန်းရွှမ်လောကကြီး ဖြစ်ပေါ်လာပုံကို မြင်ပြီးနောက်တွင် ဤလောကသည် အားကောင်းသော ရှေးဟောင်း ကျင့်ကြံသူတစ်ယောက်နှင့် ဆက်စပ်နေမည်ဟု တွေးမိသွားသည်။
ဤနေရာကို အလွန်ကိုမှ အားကောင်းသော ကျင့်ကြံသူ တစ်ယောက်မှ ဖန်တီးခဲ့ခြင်း ဖြစ်လောက်သည်။
တိမ်မိစ္ဆာနယ်မြေသည် ယခင်ကကဲ့သို့ ပရမ်းပတာ ဖြစ်နေဆဲ။ ယခင်က မိစ္ဆာဘုရင် ခုနှစ်ယောက်မှ အုပ်ချုပ်ခဲ့သည့်အတွက် အရမ်းကြီး ပရမ်းပတာ ဖြစ်ခဲ့ခြင်း မရှိခဲ့ချေ။ မိစ္ဆာဘုရင် ခုနှစ်ယောက်၏ လက်အောက်တွင် တိမ်မိစ္ဆာနယ်မြေသည် ရက်စက်ကြမ်းကြုတ်သည့် နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း သူ့စည်းသူ့ကမ်းနှင့် ရှိသည်ဟုတော့ ပြော၍ရသည်။
သို့သော်လည်း မိစ္ဆာဘုရင်ခုနှစ်ယောက် မရှိတော့သည့်နောက်ပိုင်း တိမ်မိစ္ဆာနယ်မြေသည် ပို၍ ပရမ်းပတာ ဖြစ်လာခဲ့လေသည်။ ဤနေရာတွင် လက်သီးကြီးသူသည်သာ လုပ်ချင်းတိုင်း လုပ်၍ရသည့် နေရာတစ်ခု ဖြစ်သည်။
နှစ်ယောက်စလုံးသည် မရပ်ဘဲ ဆက်လျှောက်သွားနေခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် စိတ်ညစ်စရာ ကိစ္စများစွာကို မြင်တွေ့ခဲ့ရသည်။
ရန်ကိုင်သည် ထိုကိစ္စများကို လျစ်လျုရှုထားနိုင်သော်လည်း သူ့စီနီယာမမလေးကမူ ထိုကဲသို့ မနေနိုင်ချေ။ လမ်းကြုံရင် အားနည်းသူအား အနိုင်ကျင့်နေသည့် ဗိုလ်ကျသူများကို မြင်သော် သင်ခန်းစာ ကောင်းကောင်း ပေးပစ်ခဲ့လိုက်လေသည်။
ယခင် ရှန်ချင်းလော့ အုပ်ချင်စဉ်က ဝေဝေဆာဆာနှင့် ရှိခဲ့သော သင်းရနံ့မြို့တော်သည် သူမ မရှိတော့သည့်နောက်ပိုင်း အခြား နယ်မြေများကဲ့သို့ ပရမ်းပတာ ဖြစ်လာခဲ့သည်။
သူယခုသွားရန် လုပ်နေသည့် နေရာသည် ပင့်ကူအမေကြီး၏ အသိုက် ဖြစ်ပေသည်။ ရှန်ချင်းလော့၏ အစေခံမလေး ပီလော့ ပြောသွားသည့်ပုံအရ ရှန်ချင်းလော့သည် ပင့်ကူအမေကြီး၏ အသိုက်ထဲတွင် ရှိနေသော ယဇ်ပုလ္လင်ကို မတော်တဆ အသက်သွင်းမိပြီး မွန်းစတားဧကရာဇ်ကြယ်ဟု ခေါ်သည့် ကြယ်တစ်လုံးဆီသို့ ရောက်သွားခဲ့သည်။
ရန်ကိုင်သည် ထိုယဇ်ပုလ္လင်ကို သုံးရန် ကြံနေခြင်း ဖြစ်သည်။ သူသာ အောင်မြင်သွားခဲ့ရင် ရှန်ချင်းလော့ကို ထပ်တွေ့နိုင်ရုံမက အချိန်လည်း အတော်လေး သက်သာသွားပေလိမ့်မည်။
ကြယ်သင်္ဘောထဲတွင် နှစ်ပေါင်းများစွာ အချိန် ထိုင်မဖြုန်းချင်ချေ။ မြန်မြန်သာ သွားချင်နေမိသည်။
ပင့်ကူအမေကြီး၏ အသိုက်သည် သင်းရနံ့မြို့တော်မှ သိပ်မဝေးလှဘဲ မိုင်တစ်သောင်းလောက်သာ ဝေးကွာပေသည်။ ရန်ကိုင်၏ လက်ရှိ အမြန်နှုန်းအရ ထိုနေရာသို့ ရောက်ရန် လက်ဖက်ရည် ခွက်တစ်ဝက်စာလောက်သာ အချိန်ယူခဲ့ရသည်။
ပင့်ကူအမေကြီး၏ အသိုက်မှာမူ ပြိုကျ ပျက်စီးနေခဲ့လေပြီ။
ထို့နေရာသို့ ရောက်၍ ပင့်ကူရုပ်ကြီးတစ်ခုထဲသို့ လမ်းလျှောက် ဝင်ဿွားပြီးနောက် ထူးဆန်းသော ယဇ်ပုလ္လင်တစ်ခုကို တွေ့လိုက်ရသည်။
ထိုယဇ်ပုလ္လင်သည် လူတစ်ယောက်စာ အရွယ်အစားလောက်သာ ရှိပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သော အစီအရင်များ၊ အမှတ်အက္ခရာများ ရှိနေခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သော် ပုံမှန်မဟုတ်သည့် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
ယဇ်ပုလ္လင်ပေါ်တွင် အနီနက်ရောင်အကွက်အချို့ ရှိနေခဲ့သည်။ ထို့အကွက်များသည် ရှန်ချင်းလော့၏ သွေးကွက်များ ဖြစ်လောက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၄)
“ဂျူနီယာမောင်လေး၊ ဒါဘာကြီးလဲ” ရှနင်းချန်က ခေါင်းလေးစောင်းပြီး မေးလိုက်သည်။
“ဖြတ်လမ်းလေ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အသေးစိတ် ရှင်းပြလိုက်သည်။
ရှနင်းချန်လော့နှင့် ပီလော့သည် ဤနေရာမှတစ်ဆင့် ကြယ်စီရင်စုထဲသို့ ရောက်သွားကြောင်း သိလိုက်ရသည့်အခါ ရှနင်းချန် ထိုအရာကို ချက်ချင်း စိတ်ဝင်စားလာတော့သည်။
ရန်ကိုင် သွားတွေ့မည်ဟု ပြောနေသည့် လူကိုလည်း နောက်ဆုံး သူမ သိသွားခဲ့လေပြီ။ ထိုအခါ တခစ်ခစ် ရယ်မောလျက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။
“စီနီယာမမလေး ထင်သလို မဟုတ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည် “ထားလိုက်တော့၊ ကျွန်တော် ဒါကို တစ်ချက် လေ့လာကြည့်လိုက်ဦးမယ်။ စီနီယာမမလေး လုပ်ချင်တာလုပ်နှင့်”
“အင်း” ရှနင်းချန် ခေါင်းညိတ်လိုက်ပြီး နေရာတစ်ခုရှာကာ အစစ်အမှန်ဆေးပညာကျမ်းကို စတင် လေ့လာတော့လေသည်။
ရန်ကိုင်သည်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ရှေ့ရှိ ယဇ်ပုလ္လင်ကို သေချာ လေ့လာတော့လေသည်။
ရှန်ချင်းလော့နှင့် ပီလော့သည် မွန်းစတားဧကရာဇ်ကြယ်သို့ ဤနေရာမှ သွားနိုင်သဖြင့် ဆိုလိုသည်ကား ဤယဇ်ပုလ္လင်နှင့် ထိုကြယ်ကြားတွင် လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိနေရပေလိမ့်မည်။ တစ်နည်းဆိုရသော် လိုအပ်သည့် အခြေအနေကိုသာ ပြီးပြည့်စုံအောင် လုပ်နိုင်မည် ဆိုပါက သူ့အနေဖြင့် ထိုကြယ်ဆီသို့ သွားနိုင်ပေလိမ့်မည်။
ဤယဇ်ပုလ္လင်သည် သူမြင်ခဲ့ဖူးသည့် ဟင်းလင်းပြင် အစီအရင်များထက် အများကြီး ပိုရှုပ်ထွေးပေသည်။
ကြယ်စီရင်စုထဲတွင် ကျင့်ကြံသူများအား ကြယ်တစ်လုံးမှ အခြားကြယ်တစ်လုံးဆီသို့ ပို့ဆောင်ပေးနိုင်သော ဟင်းလင်းပြင် အစီအရင်များရှိမှန်း ရန်ကိုင်သိသည်။ သို့သော် ထိုကဲ့သို့သော ဟင်းလင်းပြင် အစီအရင်များသည် အလွန်ကိုမှ ရှားပါလှပြီး ထိခိုက်ပျက်စီးနေသည်မှာ များသည့်အတွက် ထိုအစီအရင်များကို အသုံးပြုခြင်းသည် အလွန်ကိုမှ အန္တရာယ်များပေသည်။
ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ မိုးရှောင်ရှန်းကဲ့သို့ လေဟာနယ် စွမ်းအင်ကို အနည်းအကျဉ်း နားလည်ထားသည့် လူမျိုးဆိုလျှင် သာမန် ဟင်းလင်းပြင် အစီအရင်များကို ပြင်ဆင်နိုင်လိမ့်မည် ဖြစ်သော်လည်း အလွန်ဝေးကွာသော နေရာများကို ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင် အစီအရင်များကိုမူ ပြင်ဆင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ဤယဇ်ပုလ္လင်အား ရှန်ချင်းလော့သည် သူမ၏ သွေးမျိုးဆက်ကို သုံး၍ အသက်သွင်းခဲ့သည်။
သို့သော်လည်း ရန်ကိုင်ကမူ ထိုနည်းလမ်းကို မသုံးနိုင်ချေ။ သူ့တွင် ရှန်ချင်းလော့၏ သွေးမျိုးဆက်မှ မရှိလေဘဲ။ ထို့ကြောင့် သူနားလည်ထားသည့် ဟင်းလင်းပြင်စွမ်းအင်ကို အသုံးချန်ရန်သာ ရှိတော့သည်။
ရန်ကိုင်သည် ယဇ်ပုလ္လင်ပေါ်ရှိ အမှတ်အသားများကို တစ်ဆင့်ချင်း အသေးစိတ် လေ့လာနေခဲ့သည်။
ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။ ရှနင်းချန်သည် သူမဘာသာ လေ့လာနေပြီး ရန်ကိုင်အား လုံးဝ သွားမနှောင့်ယှတ်ခဲ့ချေ။ သူမဘာသာ ရှီအား သိပ်သည်းရန်နှင့် အစစ်အမှန် ဆေးပညာကျမ်းကို လေ့လာရန်သာ ကြိုးစားနေခဲ့၏။
တစ်နေ့တွင်၊ ရန်ကိုင် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက် ယဇ်ပုလ္လင်ထဲသို့ လေဟာနယ်စွမ်းအင် ထည့်သွင်း၍ ရှုပ်ထွေးသော အကွက်များနှင့် အမှတ်အက္ခများကို သီးသန့် အစဉ်အတိုင်း လိုက်ဆက်တော့သည်။
သူ့ဟင်းလင်းပြင်စွမ်းအင် နောက်ဆုံး အမှတ်အသားဆီသို့ ရောက်သွားသည့်အချိန်တွင် ယဇ်ပုလ္လင်တစ်ခုလုံး တလက်လက် လင်းလက်တောက်လာကာ လေထဲသို့ ဝဲတက်လာခဲ့လေသည်။
အင်းကွက်များနှင့် အမှတ်အက္ခရာများသည် သူ့ဘာသာ အလိုလို ပြန်စီကြကုန်ပြီး နောက်ဆုံး၌ ပေါင်းစပ်သွားခဲ့ရာ ရန်ကိုင်တို့ ရှေ့၌ ပုံရိပ်ယောင်ဂိတ်ပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
“စီနီယာမမလေး” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။
ရှနင်းချန် မျက်လုံးပွင့်လာပြီး ချက်ချင်း ရန်ကိုင် ဘေးနားသို့ ရောက်လာခဲ့လေသည်။
နောက်ဆုံးတွင် ဤအချိန်သို့ ရောက်ရှိလာခဲ့သည်။
ရန်ကိုင်သည် သူ့ရှေ့ရှိ ပုံရိပ်ယောင်ဂိတ်ပေါက်ကို အလွန်ကိုမှ လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
လေဟာနယ်စွမ်းအားအပေါ် တတ်သိနားလည်မှုများကို အသုံးချ၍ ဟင်းလင်းပြင်ဂိတ်ပေါက်ကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သော်လည်း ထိုဂိတ်ပေါက်အား ဖွင့်ရန်သော့ သူ့တွင် မရှိချေ။
သို့သော် သူ့တွင် သူနည်းသူ့ဟန် ရှိပေသည်။
ရန်ကိုင်သည် သူ့လက်ချောင်းထိပ်တွင် လေဟာနယ်စွမ်းအားကို စုစည်း၍ ရှေ့တည့်တည့်သို့ ထိုးထည့်ကာ ပိုင်းချလိုက်သည်။
ဟင်းလင်းပြင် တုန်ခါသွားခဲ့ပြီး မကြာမီ ပိတ်နေသော တံခါးပေါက်ပေါ်တွင် အက်ကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းလေးသည် အလွန်ကိုမှ သေးငယ်သော်ငြား အလွန်ကိုမှ လျင်မြန်သောနှုန်းဖြင့် ကျယ်ပြန့်ကြီးမားလာခဲ့၏။
မျက်တောင်တစ်ခတ်အတွင်း ထိုအရာသည် ဂိတ်ပေါက်ကြီး တစ်ခုလုံးကို ဝါးမြိုသွားခဲ့ကာ ရန်ကိုင်တို့ရှေ့တွင် မည်းနက်နေသော အနက်ရောင်လမ်းကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် အပြည့်အဝ ဖြစ်ပေါ်လာသော လေဟာနယ် လိုဏ်ခေါင်းတစ်ခု ဖြစ်ပေသည်။
ထိုအနက်ရောင် အပေါက်ကြီးကိုကြည့်ရင်း ရှနင်းချန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။ ရန်ကိုင်၏ လက်ကိုလည်း ခပ်တင်းတင်း ဆုပ်ကိုင်လိုက်လေသည်။
ရန်ကိုင်သည် တုန့်ဆိုင်းမနေဘဲ ရှနင်းချန်လက်ကို ကိုင်၍ ထိုအပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။ သူဝင်သွားသည်နှင့် ထိုအနက်ရောင် အပေါက်ကြီးသည်လည်း ပြန်ပိတ်သွားခဲ့၏။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်မည်းမှောင်နေခဲ့သည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့၏ ရှေ့ရော၊ နောက်ရော၊ ပတ်ပတ်လည် တစ်ခုလုံးတွင် အမှောင်ထုကြီးသာ ကြီးစိုးနေခဲ့သည်။
သို့သော်လည်း ထိုအမှောင်ထုထဲရှိ စွမ်းအင်တစ်မျိုးသည် သူမအား အောက်ဘက်သို့ ဆွဲချရန် ကြိုးစားနေသည်ကို ရှနင်းချန် ခံစားမိနေသည်။ ရန်ကိုင် သူမအား အလျင်အမြန် ကာကွယ်ပေးလိုက်၏။
သူတို့သာ ဤအရာထဲ လမ်းပျောက်သွားခဲ့လျှင် အမှောင်ထု၏ ဝါးမြိုခြင်း ခံလိုက်ရမည်ဖြစ်ကာ အပြင်ဘက်သို့ ဘယ်တော့မှ ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။
ရန်ကိုင်ပင်လျှင် ဤနေရာထဲတွင် သတိကို မြှင့်နိုင်သမျှမြှင့်ကာ သွားလာနေခဲ့ရသည်။ ရှနင်းချန်ကို သူ့ဘေးနား ဆွဲခေါ်၍ သူမအား ကြောက်မက်ဖွယ် ကောင်းလှဟော ဟင်းလင်းပြင် စီးကြောင်းများမှ ကာကွယ်ပေးထားခဲ့ရသည်။
ထို့အပြင် ဤနေရာသို့ ရောက်လာပြီးနောက်တွင် အချိန် မည်မျှ ကုန်လို့ ကုန်သွားမှန်း သူတို့ သတိမပြုမိတော့ချေ။
ရှန်ချင်းလော့နှင့် ပီလောတို့ ဤအရာကိုသုံးပြီး မွန်းစတား ဧကရာဇ်ကြယ်သို့ ထွက်သွားစဉ်က ဤမျှ အန္တရာယ်များခဲ့မည် မဟုတ်လောက်ချေ။ သူမသည် သမားရိုးကျ ယဇ်ပုလ္လင်မှ လိုအပ်သည့် သွေးမျိုးဆက်ကို အသုံးပြုပြီး လေဟာနယ် လိုဏ်ခေါင်းကို ဖွင့်လှစ်ခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ရန်ကိုင်ကမူ ထိုကဲ့သို့ မဟုတ်ဘဲ လေဟာနယ်လိုဏ်ခေါင်းကို အတင်းအကြပ် ဆွဲဖွင့်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသွားနေရသည့် လမ်းကြောင်းသည် ပို၍ အန္တရာယ်များသည်ဟု ပြော၍ရသည်။
ကံကောင်းစွာဖြင့် လေဟာနယ်တာအိုကို အတော်လေး ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားသည့်အတွက် ကြိုးတန်ပေါ် လမ်းလျှောက်နေသည်ဟု ခံစားနေရလျှင်ပင် ဆက်၍ လျှောက်သွားနိုင်ပေသေးသည်။
အချိန်မည်မျှ ကုန်လို့ကုန်သွားမှန်းမသိလေရာ၊ အချိန် တစ်ခုသို့ ရောက်သည့်နောက်တွင် တစ်ခုသော နေရာဆီသို့ ရန်ကိုင်နှင့် ရှနင်းချန်တို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်ပြီးနောက် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ပိုင်းချလိုက်ပြီး ရှနင်းချန်နှင့်အတူ ဟင်းလင်းပြင်ထဲမှ အမည်မသိသော နေရာ တစ်ခုဆီသို့ ခုန်ထွက်ခဲ့လိုက်သည်။
သူ့စီနီယာမမလေးသည် ထိုအချိန်ထိတိုင် အသိပြန်မဝင်သေးချေ။ နောက်ဆုံးကျမှပဲ သူမမျက်ဝန်းအစုံ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့သည်။
သူမစိတ်ထဲ ခဏလောက်သာ ကုန်သွားသည်ဟု ခံစားခဲ့ရသော်ငြား တကယ်တမ်းတွင်မူ ရန်ကိုင်သည် ထိုထဲမှ လွတ်မြောက်ရန်အတွက် ရက်ပေါင်းများစွာ ကြိုးစားရုန်းကန်ခဲ့ရပေသည်။
ထိုဆန်းကြယ်သော နေရာထဲဝယ် ရှနင်းချန်သည် အချိန် စီးဆင်းမှုကိုပင် လုံးဝ သတိမပြုမိနိုင် ဖြစ်သွားခဲ့ရသည်။
လက်ရှိတွင် သူတို့ နှစ်ဦးသည် အရိုးဖြူများ ပြန့်ကျဲတည်ရှိနေသော မည်းမှောင်နေသည့် စိုစွတ်စွတ် မြေအောက်လိုဏ်ခေါင်းတစ်ခုသို့ ရောက်ရှိနေခဲ့သည်။
“ဒါက…” ရှနင်းချန်သည် သူ့ပတ်ပတ်လည်ကို စိတ်ဝင်တစား လိုက်ပတ်ကြည့်သည်။
ရန်ကိုင်က ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားလိုက်ပြီး အရိုးဖြူ တစ်ချောင်းကို ကောက်ယူ စစ်ဆေးကြည့်ပြီးသည့်နောက် ပြုံး၍ “ကျွန်တော်တို့ ရောက်ပြီ။ ဒါက မွန်းစတားဧကရာဇ်ကြယ်ပဲ”
“မွန်းစတားဧကရာဇ်ကြယ်” ရှနင်းချန်က ရေရွတ်လိုက်သည် “အစ်မချင်းလော့ နေနေတဲ့ ကြယ်လား”
“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူအထင်သာ မှန်လျှင် ထိုအရိုးဖြူများသည် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရိုးများ ဖြစ်လောက်သည်။
ရှနင်းချန်နှင့် ပီလော့တို့ ဤနေရာသို့ ရောက်လာစဉ်က သူတို့ ပထမဆုံး တွေ့ခဲ့သည့် အရာသည် ကောင်းကင်လနတ်ဆိုး ပင့်ကူ၏ အလောင်းကြီး ဖြစ်သည်။ ရှနင်းချန်သည် ထိုအလောင်းဆီမှ စွမ်းအင် အရင်းအမြစ်ကို စုပ်ယူလိုက်ပြီးနောက် လနီမျိုးနွယ်စု ခေါင်းဆောင်၏ မွေးစားသမီးအဖြစ် ခေါ်ယူ မွေးစားခြင်း ခံခဲ့ရလေသည်။
ထို့ကြောင့်သာ မဟုတ်လျှင် လူသား ဖြစ်နေလျက်နှင့် ရှနင်းချန် အနေဖြင့် မွန်းစတားဧကရာဇ်ကြယ်တွင် မည်ကဲ့သို့ ခြေကုပ် ရယူနိုင်မည်နည်း။ ထိုကဲ့သို့ ကျောထောက်နောက်ခံမရှိဘဲ နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ရန်မှာ ပို၍ပင် မဖြစ်နိုင်သေး၏။
ကောင်းကင်လနတ်ဆိုးပင့်ကူ၏ စွမ်းအင်အရင်းအမြစ်သည် ရှနင်းချန်အား ကြီးကြီးမားမား အကူအညီ ပေးခဲ့ပေသည်။ သူမ၏ သွေးမျိုးဆက်ထဲတွင် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ သွေမျိုးဆက် အနည်းငယ် ရှိနေခဲ့သည့်အတွက် ယဇ်ပုလ္လင်ကို အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။
ဤကဲ့သို့သော အခွင့်အရေးများသည် အမှန်တကယ်ကို ဆန်းကြယ်လွန်းလှပေသည်။ ရန်ကိုင်လည်း လွန်ခဲ့သော နှစ်များအတွင်း ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး အခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့သည်။ သို့သော်လည်း သူသည် တန်ခိုးရှင် ဒုတိယအဆင့်သို့သာ ချိုးဖျက်နိုင်သေးပြီး ရှန်ချင်းလော့ထက် တစ်ဆင့်နိမ့်နေပေသေးသည်။
ရန်ကိုင်သည် ထိုနေရာတွင်ရပ်၍ ပီလော့ ပြောပြသွားသည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်လိုက်သည်။
မွန်းစတားဧကရာဇ်ကြယ်သည် မွန်းစတားမျိုးနွယ်စုမှ ကြီးစိုးသော ကြယ်တစ်လုံးဖြစ်သည် ဆိုသောအချက်မှလွဲ၍ ဤကြယ်အကြောင်း သူဘာမှ သိပ်မသိချေ။ ဤကြယ်ပေါ်တွင် လူသားမျိုးနွယ်အချို့ ရှိသော်လည်း ထိုလူအားလုံးသည် မွန်းစတားမျိုးနွယ်စု၏ အမိန့်ကိုသာ နာခံရသည်။
လူသားမျိုးနွယ်စုတွင် သူ့အားသာချက်နှင့် အသုံးဝင်ပုံများ ရှိသည့်အတွက် မွန်းစတားမျိုးနွယ်စုသည် လူသားမျိုးနွယ်စုဝင်များကို မျိုးတုန်း သတ်ဖြတ်ခြင်းမပြုဘဲ အသက်ရှင်ခွင့် ပေးထားခဲ့သည်။ လူသားမျိုးနွယ်စုမှ မွန်းစတားမျိုးနွယ်စု၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သည့် ပညာရှင်များ ထွက်ပေါ်လာသည့် အခါမှသာ သတ်ပစ်လေ့ ရှိပေသည်။
မွန်းစတားဧကရာဇ်ကြယ်ကို မွန်းစတားမျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်မှ အုပ်ချုပ်ကြပြီး အကုန်လုံးသည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်ရှိနေကြသည့် ပညာရှင်များ ဖြစ်ကြသည်။
ရှနင်းချန်ကို မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားခဲ့သည် လနီမျိုးနွယ်စု ခေါင်းဆောင်သည်လည်း ခေါင်းဆောင် ဆယ်ယောက်အနက်မှ တစ်ယောက် ဖြစ်ပေသည်။
ခဏလောက် စဉ်းစားပြီးနောက် ထိုမျှလောက်သာ သူသိမှန်း ရန်ကိုင် နားလည်လိုက်သည်။
“အပြင်ကို အရင်သွားကြရအောင်” ရန်ကိုင်က ရှနင်းချန်ကို ပြောလိုက်ပြီးနောက် မြေအောက်လိုဏ်ဂူထဲမှ ထွက်သွားလိုက်၏။
အပြင်ထွက်လာပြီးနောက်တွင် မိုးမြေစွမ်းအင်သိပ်သည်းသည့် တောင်တစ်လုံးဆီသို့ ရောက်နေကြောင်း ရန်ကိုင် တွေ့လိုက်ရ၏။ လေထုထဲတွင် မိုးမြေစွမ်းအင်အပြင် သိပ်သည်းလှသော မွန်းစတားချီများပါ ရောယှတ်ပါဝင်နေခဲ့သည်။
ဘေးပတ်ပတ်လည် တောင်များဆီမှ ကြမ်းကြုတ်သော မွန်းစတားသားရဲများ၏ ဟိန်းသံများကိုလည်း အချိန်နှင့်အမျှ ကြားနေခဲ့ရသည်။
ရှန်ချင်းလော့ ဤနေရာမှ မည်ကဲ့သို့ ထွက်သွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင် တွေးလိုက်မိသည်။ အတွေးများကို ပြန်စုစည်းလိုက်ပြီး ရန်ကိုင်သည် ကြယ်လွန်းပျံကိုထုတ်၍ ရှနင်းချန်နှင့်အတူ တောအုပ်ထဲမှ အလျင်အမြန် ထွက်လာလိုက်လေသည်။
ဤနေရာသည် အခြားသူများအတွက် အလွန်ကိုမှ အန္တရာယ်များချင် များလိမ့်မည် ဖြစ်သော်လည်း ရန်ကိုင်အတွက်မူ ဘာမှမဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် မည်သူ့ကိုမှ ရန်ကိုင် မကြောက်ချေ။ သာမန် တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကိုပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်သည်အထိ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည်။
လေဟာနယ်တာအိုကို ကျင့်ကြံထားသည့်အတွက်ကြောင့် မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်သည်။
ကြယ်ဧကရာဇ်တောင်မှ ချီထျန်ချဲသည် ရန်ကိုင်၏ လေဟာနယ် တာအိုကို တန်ပြန်ရန်အတွက် ကမ္ဘာငယ်လေးကို အသုံးပြုခဲ့၏။ သူ့အထင်အတိုင်း ထိုနည်းလမ်းသည် လုံးဝကို အလုပ်ဖြစ်ခဲ့သည်။
သို့သော်လည်း ရန်ကိုင်အား ပိတ်လှောင်ထားနိုင်ရုံဖြင့် မပြီးသေးချေ။ သူ့အား အနိုင်ယူနိုင်ရန်လည်း လိုပေသေးသည်။
ချီထျန်ချဲတွင် ထိုကဲ့သို့သော ခွန်အားမျိုး မရှိခဲ့သည့်အတွက် ရန်ကိုင်အား ထွက်မပြေးနိုင်အောင် ပိတ်လှောင်ရင်း သူသာ သေဆုံးသွားခဲ့ရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၅)
လက်ရှိတွင် ရန်ကိုင် အလိုအပ်ဆုံးသည် အချက်အလက် ဖြစ်သည်။
ရှန်ချင်းလော့ မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို ရှာရန် လွယ်ကူပေသည်။ သူမသည် လနီမျိုးနွယ်စုခေါင်းဆောင်၏ မွေးစားသမီး ဖြစ်သည့်အတွက် လနီမျိုးနွယ်စုခေါင်းဆောင် ရှိနေသည့် နေရာတွင် သူမ ရှိနေပေလိမ့်မည်။
ဧကရာဇ်ဥယျာဉ် ပိတ်သွားစဉ်က အလန့်တကြား အော်ဟစ်ခဲ့သော ရှနင်းချန်၏ အော်ဟစ်သံများကို ရန်ကိုင် ယခုထိတိုင် မမေ့သေးချေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်တို့သည် တောအုပ်များအတွင်းမှ ထွက်လာနိုင်ခဲ့သည်။ လမ်းတွင် မွန်းစတားသားရဲ များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ထိုကောင်များသည် စကားပြောရကောင်းသည့်ကောင်များ မဟုတ်သည့်အတွက် သူသိချင်နေသည့် သတင်း နည်းနည်းလေးကိုမှ မရရှိနိုင်ခဲ့ချေ။
ထို့ကြောင့် သူမေးချင်နေသည့် မေးခွန်များကို ဖြေပေးမည့် တစ်ယောက်ယောက်နှင့် ကြုံတွေ့ရန်သာ မျှော်လင့်နေရတော့၏။
ဦးတည်ချက်မဲ့ လျှောက်ပတ်သွားနေရင်းနှင့်မှ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။
ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်ပြီး တစ်ခုသောဘက်သို့ လှည့်၍ မေးလိုက်လေသည် “အဲ့ဘက်ကို သွားကြည့်ရအောင်”
“အင်း” ရှနင်းချန်က ခေါင်းညိတ်လိုက်သည်။
မကြာမီ ရန်ကိုင် ညွှန်ပြသည့်အတိုင်း လမ်းလျှောက်လာလိုက်ရာ ရှနင်းချန်တို့နှစ်ယောက် ဆယ်ယောက်ကျော်မကရှိသော အဖွဲ့ တစ်ဖွဲ့နှင့် သွားတွေ့လေသည်။
ထိုကျင့်ကြံသူများဆီမှ လူသားကျင့်ကြံသူများ ပိုင်ဆိုင်ခြင်းမရှိသည့် အရိုင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်းတွင် မွန်းစတားသားရဲတစ်ကောင်နှင့် ဆင်တူသော ခန္ဓာကိုယ် လက္ခဏာများကို ပိုင်ဆိုင်ထားသေး၏။
ထိုဆယ်ကျော်မကသော ကျင့်ကြံသူအဖွဲ့သည် မွန်းစတား မျိုးနွယ်စုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
အကုန်လုံးသည် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်ကို စီးနင်ကြထားသည်။
ထိုအဖွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော် အားအကောင်းဆုံးသည် သူတော်စင်ဒုတိယအဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရသည်။ သူလုံးဝ ကြောက်နေစရာ မလိုချေ။
ရှနင်းချန်ကို ခေါ်လျက် ရန်ကိုင်သည် ထိုအဖွဲ့အား သွားရောက် နှုတ်ဆက်လေသည်။
“တစ်ဆိတ်လောက်ပါခင်ဗျ” ထိုအဖွဲ့အနီးသို့ ရောက်သော် ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသော မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူကို နှုတ်ဆက်လိုက်လေသည်။
တစ်ဖက်လူသည်လည်း သူ့အား သတိပြုမိဟန်တူသည်။ ထို့ကြောင့် သူတို့ ရှိရာဆီသို့ လာနေခြင်းဖြစ်သည်။ ရန်ကိုင်ရှေ့သို့ ရောက်သော် ရန်ကိုင်အား အထက်စီးပုံစံဖြင့် ကြည့်လိုက်သည်။
သူစီးနင်းထားသည့် မွန်းစတားသားရဲသည်လည်း ရန်ကိုင်အား တစ်စစီစုတ်ဖြဲ ဝါးစားပစ်ချင်နေသည့်အလား ကြုတ်ကြုတ်စွာ စိုက်ကြည့်လိုက်သည်။
ထိုအခြင်းအရာ အားလုံးကို ကြည့်ရင်း ရန်ကိုင်ကမူ ပြုံးသာ ပြုံးလိုက်သည်။
ဤကြယ်သည် မွန်းစတားဧကရာဇ်ကြယ် ဖြစ်သည့်အတွက် လူသားမျိုးနွယ်စုဝင်များနှင့် တွေ့ရသည့်အခါ မွန်းစတားသားရဲများ သူတို့ကိုယ်သူတို့ ပိုမိုအဆင့်တန်း မြင်သည်ဟု ထင်ကြသည်မှာ သဘာဝသာ ဖြစ်သည်။ မည်သည့် မျိုးနွယ်စုမှ သူတို့၏ မွန်းစတားမျိုးနွယ်စုကို မယှဉ်နိုင်ကြဘဲ သူတို့ မွန်းစတား မျိုးနွယ်စုသည်သာ အားအကောင်းဆုံး ဖြစ်သည်ဟု ထင်ကြသည်။ မွန်းစတားမျိုးနွယ်စု၏ ရှေ့မှောက်တွင် အခြားမျိုးနွယ်စုဝင်များ အနေဖြင့် ဦးညွှတ်နှိမ့်ချရုံသာ တတ်နိုင်သည်ဟု ထင်မြင်နေကြ၏။
“လူသားတွေလား” ခေါင်းဆောင်လာသော ကျင့်ကြံသူက ရန်ကိုင်အား မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်လိုက်သည်။
ဝံပုလွေပုံစံ မွန်းစတားသားရဲသည်လည်း သူ့သခင်မှ ထိုနှစ်ယောက်အား မကြည်ဖြူသည်ကို ခံစားမိလိုက်သည့်အလား အော်မြည်လျက် ရန်ကိုင်နှင့် ရှနင်းချန်တို့အား ကြမ်းကြုတ်စွာ စိုက်ကြည့်ရင်း သူတို့အား ဝိုင်းကြီးပတ်ပတ် ပတ်တော့၏။
တစ်ပတ်ပြည့်အောင် ပတ်ပြီးနောက် မွန်းစတားမျိုးနွယ်စုဝင်များကို ခေါင်းဆောင်လာသည့် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့လူသားနှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ”
“ဟဲဟဲ၊ ကျုပ်တို့ မတော်တဆ လမ်းပျောက်သွားလို့ပါ။ အဆင်ပြေရင် ဒီနေရာ ဘယ်နေရာလဲဆိုတာကို ကျုပ်တို့ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား”
“ဒီနေရာက လနီပိုင်နက်ပဲ” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက ဂုဏ်ယူမှုအပြည့်ဖြင့် “လနီမျိုးနွယ်စုခေါင်းဆောင်ရဲ့ စီမံကွပ်ကဲမှု အောက်မှာ ရှိနေတာ။ ဒါလေးတောင် မင်းမသိဘူးလား”
“အင်း။ လီနီပိုင်နက်ဆိုတာတော့ သိတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ်သိချင်နေတာက ဒီနေရာနဲ့ အနီးဆုံးမြို့က ဘယ်နားမှာလဲဆိုတာ။ အဆင်ပြေရင် လနီမျိုးနွယ်စု ခေါင်းဆောင်ရဲ့ နန်းတော် ဘယ်နားမှာရှိလဲ ဆိုတာကိုပါ တစ်ချက်လောက် ပြောပြပေးလို့ရမလား”
“လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော် တည်နေရာကို မင်းသိချင်နေတာလား” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက ရုတ်တရက် အေးစက်စက် ပြုံးလျက် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း “မင်းဘာလုပ်ချင်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး။ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်မှာ နေနေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် ရှိတယ်လေ။ ကျုပ်သူ့ကို သွားတွေ့မလို့” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မိတ်ဆွေလား…” မွန်းစတားမျိုးနွယ်စုဝင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် လှောင်ပြောင်လိုဟန်ဖြင့် ဝါးလုံးကွဲ အော်ရယ်မောတော့လေသည်။
“လူသား၊ ငါမင်းကို လက်လျှော့ဖို့ အကြံပေးလိုက်မယ်။ ခွင့်ပြုချက် မရဘဲ ဘယ်သူမှ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်ဆီကို ချဉ်းကပ်ခွင့်မရှိဘူးကွ။ ငါတို့ မွန်းစတားမျိုးနွယ်စုတွေတောင် မရတာ၊ မင်းလို လူသားက ရချင်နေတာလား။ ဒါပေမယ့် မင်းစိတ်ပူနေစရာ မလိုဘူး။ မျိုးနွယ်စုခေါင်းဆောင် သခင်မက လူသားတွေအပေါ် အမြဲကြင်နာတယ်။ မင်းမိတ်ဆွေက နန်းတော်မှ အစေခံတစ်ယောက် ဖြစ်နေတယ်ဆိုရင် သူ့ဘဝက ဘာမှ စိုးရိမ်စရာ မရှိဘူး”
ရန်ကိုင် ပြောနေသည့် မိတ်ဆွေဆိုသူမှာ နန်းတော်ထဲရှိ အစေခံ တစ်ယောက် ဖြစ်သည်ဟု ထင်နေခြင်းပင်။
ဤသည်မှာလည်း သဘာဝသာ ဖြစ်လေသည်။
မျိုးနွယ်စုခေါင်းဆောင် သခင်မ နန်းတော်တွင် အလုပ်လုပ်နေသည့် လူသားမျိုးနွယ်စုဝင်များသည် ရုပ်ချောချော မိန်းကလေး သို့မဟုတ် အမျိုးသားချည်းများ ဖြစ်ကြသော်လည်း ထိုလူအားလုံးသည် အစေခံများ သက်သက်သာ ဖြစ်ကြသည်။
မွန်းစတားမျိုးနွယ်စု ပိုင်နက်တွင် လူသားများ၏ အဆင့်အတန်းသည် အလွန်ကိုမှ နိမ့်ကျပေသည်။
“အင်း၊ အခုလို သတိပေးတဲ့အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတယဝ်။ ဒါပေမယ့် နန်းတော် ဘယ်နေရာမှာ ရှိလဲ ကျုပ်သိချင်သေးတယ်”
“လူသားတွေက တကယ်ကို မောက်မာတဲ့ကောင်တွေပဲ။ အဲ့ဒါကြောင့်ပဲ မင်းတို့ကို ငါကြည့်မရတာ” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် ဆိုလိုက်လေသည် “ပြောမယ်ဆိုရင်တော့ ပြောလို့ရတယ်။ ဒါပေမယ့် ငါဘာလို့ မင်းကို ပြောပြရမှာလဲ”
“ဒီမှာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူတော်စင်သလင်းကျောက် ထည့်ထားသည့် အိတ်တစ်အိတ်ကို လှမ်းပစ်ပေးလိုက်လေသည်။
မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ထိုအိတ်ကို ဖမ်းပြီး ဖွင့်ကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် ဝမ်းသာအားရဖြင့် အလန့်တကြား ဆိုလိုက်လေသည် “အဆင့်မြင့် သူတော်စင် သလင်းကျောက်တွေ”
ထိုအသံ ထွက်လာပြီးနောက် ကျန်မွန်းစတား မျိုးနွယ်စုဝင်များသည် ရန်ကိုင်နှင့် ရှနင်းချန်တို့အား လောဘတကြီး စိုက်ကြည့်လာကြတော့သည်။
သူတို့၏ အကြည့်ထဲ ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့လေသည်။
“ခင်ဗျား အခု ကျုပ်ကို ပြောပြလို့ရပြီလား” ရန်ကိုင်က တစ်ဖက်လူကို အပြုံးဖြင့်ကြည့်၍ မေးလိုက်သည်။
“ရတာပေါ့။ မင်းက တကယ် ပါးတဲ့ကောင်ဆိုတော့ ငါမင်းကို ပြောပြရတာပေါ့” မွန်စတားမျိုးနွယ်စုဝင် ခေါင်းဆောင်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင် သိချင်နေသည့် အကြောင်းအရာကို ပြောပြလိုက်လေသည်။
ခဏအကြာတွင် ရန်ကိုင်က လက်သီးဆုပ်နှုတ်ဆက်၍ ရှနင်းချန်ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။
“ခေါင်းဆောင်၊ အဲ့နှစ်ယောက် ကြည့်ရတာ တော်တော်လေး ချမ်းသာမဲ့ပုံပဲ။ ဘာလို့ သူတို့ကို သွားခွင့်ပြုလိုက်တာလဲ” မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက်က သူတို့ ခေါင်းဆောင်ဆီ ချဉ်းကပ်သွားပြီး မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် မေးလိုက်၏။
“ဟန့်၊ သူတို့ ဘယ်လောက်ချမ်းသာလဲ ငါမမြင်ဘူးလို့ မင်းထင်နေတာလား”
“အဲ့ဒါဆို သူတို့ကို ဘာလို့ ဒီမှာ တစ်ခါတည်း မြေမမြုပ်ပစ်လိုက်တာလဲ။ ဒီနေရာက ဘယ်သူမှ မရှိတဲ့ တောအုပ်ကြီး၊ သခင်မ ချီယွဲ့က ကျုပ်တို့ကို လူသားတွေကို သတ်ခွင့်မပေးဘူး ဆိုရင်တောင် သူတို့သာ ဒီမှာသေသွားခဲ့ရင် ဘယ်သူမှ သူတို့အကြောင်း သိမှာမဟုတ်ဘူး”
“အရူး။ ငါတို့ အဲ့လိုသွားလုပ်ရင် သေသွားမယ့်လူက သူတို့ မဟုတ်ဘူး၊ ငါတို့ပဲ ဖြစ်သွားမှာကွ”
“ဟန်… ဘာဖြစ်လို့လဲ” မွန်းစတားမျိုးနွယ်စုဝင် လူငယ်လေး ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။
“ဘာလို့လဲဆိုတော့ သူတို့ ချမ်းသာတယ်ဆိုပေမယ့် ဒီကောင်တွေ ပုံစံက ငါတို့ကို ကြောက်နေတဲ့ပုံ ပေါ်လို့လား။ ငါတို့က အများကြီးပဲ။ သူတို့ထက် လူအရေအတွက် အများကြီးသားတယ်။ ဒါပေမယ့် ဟိုကောင် ငါတို့ကို ကြည့်နေတဲ့ ပုံစံက အေးအေးဆေးဆေးပဲ။ ငါတို့ သူတို့ကို သတ်မှာကို မကြောက်တဲ့ ပုံစံမျိုးနဲ့ကို လုပ်နေတာ။ အဲ့ဒါ ဘာလဲမင်းသိလား။ အဲ့ဒါ မင်းတို့ သူတို့ကို သတ်မှာကို လုံးဝ မကြောက်တာကွ။ ရှင်းရှင်းပြောရရင် သူတို့ ခွန်အားက ငါတို့ထက် မြင့်တယ်လို့ ပြောတာကွ။ မင်းတို့ သောက်ရူးတွေက သူတို့ ဘယ်လောက် ချမ်းသာတာပဲ မြင်တယ်။ သူတို့ ဘယ်လောက် အားကောင်းတယ် ဆိုတာကျ မမြင်ဘူး။ ဒီနေရာက တောအုပ် ဖြစ်နေလို့ပေါ့။ မဟုတ်ရင်…”
ထိုစကားကို ကြားလိုက်သည့်အခါ မွန်းစတားမျိုးနွယ်စုဝင် လူငယ်လေး၏ နဖူးထက် ချွေးအေးများ ဝေ့သီလာပြီး ရန်ကိုင်တို့ ထွက်သွားသည့် လမ်းကြောင်းဆီ နှမြောတသဖြင့် လှမ်းကြည့်၍ သက်ပြင်းချလိုက်လေသည် “အဲ့အမျိုးသမီးရဲ့ အသားက တော်တော်လေးကို အရသာရှိမယ့်ပုံပဲ။ တစ်ကိုက်လောက် ကိုက်လိုက်ရရင်ကွာ…”
မွန်းစတားမျိုးနွယ်စုမှ အချို့ကျင့်ကြံသူများသည် မွန်းစတားများမှ အသွင်ပြောင်းထားခြင်း ဖြစ်သည့်အတွက် သူတို့တွင် မွန်းစတား သားရဲများ၏ ဗီဇစရိုက်များ ကျန်ရှိနေပေသေးသည်။
သို့သော်လည်း ယေဘုယျအားဖြင့် ထိုကဲ့သို့သော ကျင့်ကြံသူ များများစားစား မရှိချေ။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ အများစုသည် လူသားပုံစံဖြင့် မွေးဖွားလာကြပြီး သူတို့တွင် မွန်းစတားသားရဲများ၏ ဗီဇလက္ခဏာ အနည်းအကျဉ်းသာ ပါတတ်ကြသည်။
ဤမွန်းစတားမျိုးနွယ်စုဝင်သည် မွန်းစတားသားရဲမှ အသွင်ပြောင်းလာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်၏။ ထို့ကြောင့် ရှနင်းချန်၏ အသားကိုစားရန် တပ်မက်နေခြင်း ဖြစ်သည်။
နူးညံ့ပြီးသိမ်မွေ့သည့် အသားများသည် အမြဲတမ်းကို အရသာရှိ၏။ အထူးသဖြင့် လူသားမျိုးနွယ် မိန်းမငယ်လေးများ၏ အသားပင်…
“မဟုတ်တာတွေ မပြောနဲ့တော့။ မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားက လမ်းမှာရောက်နေပြီ။ ငါတို့ သူရှိနေတဲ့နေရာကို မြန်မြန်ရှာပြီး မျိုးနွယ်စုခေါင်းဆောင် သခင်မဆီ အစောင့်အရှောက်တွေ လွှတ်ပေးဖို့ မြန်မြန် ပြန်သတင်းပို့ရမယ်။ ဒီတစ်ကြိမ် ဘာပြဿနာမှာ ဖြစ်လို့ မဖြစ်ဘူးနော်” ခေါင်းဆောင် မွန်းစတားမျိုးနွယ်စုဝင်က ထိုကဲ့သို့ ပြောလိုက်ပြီးနောက် စိတ်ညစ်ညစ်ဖြင့် အံကြိတ်၍ “ဒီတစ်ကြိမ် အဲ့သခင်လေးကြောင့် ငါတို့ ပိုင်နက်က မိန်းကလေး ဘယ်လောက်များများ ထပ်ပြီး ဒုက္ခရောက်ကြရဦးမလဲ မသိဘူး”
မျိုးနွယ်စုခေါင်းဆောင် ချန်းယန်၏ သားအကြောင်း ပြောသည်ကို ကြားသော် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ တိတ်ဆိတ်သွားခဲ့ကြလေသည်။
……
“ဂျူနီယာမောင်လေး၊ အခုဘာလုပ်ကြမလဲ” ရှနင်းချန်က ရန်ကိုင်နောက်မှ လိုက်လာရင်း မေးလိုက်သည်။
“အနီးဆုံးမြို့ဆီ အရင်သွားကြတာပေါ့” ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူဆီမှ လနီမျိုးနွယ်စုခေါင်းဆောင်နေသည့် နန်းတော် အကြောင်း သိလိုက်ရသော်လည်း ထိုနေရာသို့ ချက်ချင်းသွားရန် မဖြစ်နိုင်ချေ။
မဆင့်ခေါ်ဘဲနှင့် မျိုးနွယ်စုခေါင်းဆောင်နေသည့် နန်းတော်ဆီသို့ မည်သူမှ ချဉ်းကပ်ခွင့် မရှိဟု မွန်းစတားမျိုးနွယ်စုမှလူက ပြောသွားခဲ့သည်။
မွန်းစတားမျိုးနွယ်စုဝင်များပင် မဆင့်ခေါ်ဘဲ သွားခွင့်မရှိလေရာ သူ့ကဲ့သို့ လူသားတစ်ယောက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ချီယွဲ့သည် မွန်းစတားဧကရာဇ်ကြယ်၏ ခေါင်းဆောင် ဆယ်ယောက် အနက်မှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိသည့်တိုင် သူမကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူ သွားမရှုပ်ရဲချေ။ ထို့အပြင် ပီလော့ ပြောပြသွားသည့် ပုံအရ ချီယွဲ့သည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်။
သူသာ အတင်းအကြပ် ဝင်သွားခဲ့လျှင် သေပင်သေသွားနိုင်သည်။
အခြား ပိုကောင်းသည့် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။ ရှန်ချင်းလော့ကို သတင်းပို့ပြီး သူမကို အပြင် ထွက်လာခိုင်းနိုင်လျှင် အကောင်းဆုံးပင်။
ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့သည်။
တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်တို့သည် မွန်းစတားမြိုးနွယ်စုများ နေထိုင်သည့် မြို့တစ်မြို့ရှေ့သို့ ရောက်လာခဲ့သည်။
လစန္ဒာမြို့တော်သည် ရန်ကိုင် ရောက်ခဲ့ဖူးသည့် မြို့များနှင့် အနည်းငယ် ကွာခြားပေသည်။ ဤမြို့ထဲရှိ အဆောက်အဦးများသည် ချောမွေ့ပြေပြစ်ခြင်း မရှိကြဘဲ အကြမ်းထည်များ ဖြစ်ကြသည်။ သို့သော် သူ့နည်းသူ့ဟန်နှင့် ဆွဲဆောင်မှုရှိနေဆဲ။
မြို့ထဲတွင် နေသူများမှာ မွန်းစတားမျိုးနွယ်စုဝင်များသာ မဟုတ်ကြဘဲ လူသားများလည်း ရှိကြပေသည်။
ဤအပိုင်းနှင့် ပက်သက်လျှင် လနီမျိုးနွယ်စုခေါင်းဆောင်သည် အခြား ခေါင်းဆောင်များထက် ပိုကောင်းသည်ဟု ပြော၍ရသည်။ လနီမျိုးနွယ်စုခေါင်းဆောင်၏ ပိုင်နက်ထဲတွင် အကြောင်းမရှိဘဲ လူသားများကို သတ်ခွင့်မရှိချေ။ လူသားအားလုံးသည် မွန်းစတား မျိုးနွယ်စုဝင်များနှင့် ယှဉ်လိုက်လျှင် အဆင့်အတန်း နိမ့်သော်ငြား သူတို့တွင် သူတို့အရည်အချင်းနှင့်သူတို့ ရှိကြသည်။ ချီယွဲ့သည် ထိုသို့သော ပါရမီရှင်များကို နှစ်သက်၏။ ထို့ကြောင့် လူသားများ အသက်ရှင်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။
အခြားမျိုးနွယ်စုခေါင်းဆောင် ကိုးယောက်မှာမူ ချီယွဲ့ကဲ့သို့ မဟုတ်ကြချေ။
အထူးသဖြင့် သတ်ဖြတ်ခြင်းကို အလွန် နှစ်ခြိုက်သည့် ခြင်္သေ့ရိုင်း မျိုးနွယ်စုခေါင်းဆောင်ပင်။ ထိုလူ၏ ပိုင်နက်ထဲတွင် လူသား တစ်ယောက်ယောက် ပေါ်လာသည်နှင့် ထိုလူသားကို လိုက်လံ၍ သတ်ဖြတ်ကြသည်။
ထို့ကြောင့် မူလက သူ့ပိုင်နက်အတွင်း နေကြသော လူသားများသည် အခြားပိုင်နက်များသို့ ထွက်ပြေးကုန်ကြသည်။ ပိုင်နက်များအားလုံးထဲတွင် လနီပိုင်နက်သည် မွန်းစတား ဧကရာဇ်ကြယ်တွင် လူသားများအတွက် အတော်လေးကိုမှ လုံခြုံသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။