← Chapters

အခန်း (၁၅၆၆-၁၅၇၀)

Vol. 63 Ch. 1566-1570

အခန်း (၁၅၆၆-၁၅၇၀)

Vol. 63 Ch. 1566-1570

အပိုင်း (၁၅၆၆)

လစန္ဒာမြို့တော်ထဲသို့ ဝင်လိုလျှင် မွန်းစတားမျိုးနွယ်စုဝင်များ အနေဖြင့် အလယ်အလတ်အဆင့် သူတော်စင်သလင်းကျောက် သုံးတုံးသာ ပေးရသော်လည်း လူသားများကမူ အဆင့်မြင့် သူတော်စင် သလင်းကျောက် တစ်တုံး ပေးရပေသည်။

ထိုအချက်နှင့် ပက်သက်၍ ရန်ကိုင် စောဒက တက်မနေခဲ့။ အဆင့်မြင့် သူတော်စင် သလင်းကျောက် နှစ်တုံးပေးပြီးနောက် ရှနင်းချန်နှင့်အတူ မြို့ထဲသို့ ဝင်လာခဲ့လိုက်လေသည်။

ဤမြို့ထဲရှိ လမ်းများသည် လှည်းလေးငါးစီးလောက် ဘေးချင်းယှဉ် သွားနိုင်လောက်သည်အထိကို ကျယ်ပေသည်။ လမ်းဘေးတွင်လည်း အမျိုးမျိုးသော အဆင်တန်ဆာ၊ ပစ္စည်းများကို ရောင်းချနေသည့် ဆိုင်များ ရှိနေခဲ့လေသည်။

ဆိုင်ပိုင်ရှင်များမှာလည်း သူတို့ဆိုင်တွင် ဈေးလာဝယ်ရန် ဈေးဝယ်သူများကို အတတ်နိုင်ဆုံး ဆွယ်နေကြသည်။

လမ်းတစ်လျှောက် လိုက်ပတ်ကြည့်ပြီးနောက် မကြာမီ ဤလမ်းထဲရှိ ဆိုင်အများစုသည် လူသားမျိုးနွယ်မှ ဖွင့်ထားသည့် ဆိုင်များဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ မွန်းစတား မျိုးနွယ်စုမှ ဖွင့်ထားသည့် ဆိုင်အရေအတွက်မှာ အနည်းငယ်သာ ရှိ၏။

စီးပွားရေး လုပ်သည့်အပိုင်းတွင် လူသားများသည် မွန်းစတား မျိုးနွယ်စုဝင်များထက် ပိုတော်ပေသည်။

ဆိုင်ပေါ်တွင် ရောင်းချနေသည့် ပစ္စည်းများကိုကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပလာခဲ့သည်။

အရိပ်ကြယ်ပေါ်တွင် မရနိုင်သည့် ကျင့်ကြံရေး ပစ္စည်းများကို ဤမွန်းစတားကြယ်ပေါ်တွင် တွေ့လိုက်ရသည်။ ဤသည်မှာ သဘာဝသာဖြစ်၏။ ကြယ်တိုင်းတွင်း သူ့တွင်းထွက်နှင့်သူ ရှိသည် မဟုတ်ပေလော။ တစ်နည်းဆိုရသော် ဒေသထွက်ကုန်နှင့် အတူတူပင် ဖြစ်သည်။

မွန်းစတားဧကရာဇ်ကြယ်သည် မွန်းစတားမျိုးနွယ်စုဝင်များ ကြီးစိုးသော ကြယ်တစ်လုံး ဖြစ်သည့်အတွက် ဤနေရာတွင် တွေ့ရသည့် ပစ္စည်းအများစုမှာ မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများနှင့် မွန်းစတားအမြူတေများ ဖြစ်ကြလေသည်။

ထိုအချက်ကို သိလိုက်ရစဉ်က ရန်ကိုင် အတော်လေး ထိတ်လန့်မိသွားခဲ့သည်။

လူတိုင်းသည် မွန်းစတားမျိုးနွယ်စုဝင်များ အုပ်ချုပ်သည့် မြို့ထဲတွင် မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများကို ပွင့်ပွင့်လင်းလင်း ရောင်းချနေကြလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းပေသည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် မွန်းစတားသားရဲများ အဖြစ် မွေးဖွားလာခြင်း ဖြစ်လေရာ သူတို့သည် ဤလုပ်ရပ်ကို မရွံရှာလေသလော။

ဤလုပ်ရပ်သည် ဥပမာပြရသော် အရိပ်ကြယ်ပေါ်တွင် လူသားတစ်ယောက်မှ လူတစ်ယောက်၏ ခြေပြတ်၊ လက်ပြတ်များကို ဆိုင်တင်ပြီး ရောင်းနေခြင်းနှင့် တူပေသည်… မည်သူမှ ထိုကဲ့သို့ လုပ်ရပ်မျိုးကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သေချာစဉ်းစားပြီးနောက်တွင် ထိုကိစ္စသည် အရမ်းကြီး ထူးဆန်းသည်ဟု မထင်တော့ချေ။ မွန်းစတားသားရဲ၏ အစိတ်အပိုင်းများကို ရောင်းချနေသည်မှာ လူတိုင်းလိုလို ဖြစ်ကြသဖြင့် အကုန်လုံးသည် ဤကိစ္စနှင့် အသားကျကုန်ကြပြီ။ ထို့အပြင် မွန်းစတားသားရဲ မျိုးနွယ်စုဝင် အားလုံးသည် မွန်းစတားသားရဲများမှ အသွင်ပြောင်းလာကြသူများ မဟုတ်ကြပေ။ အသွင်ပြောင်းလာသူများပင်လျှင် သူတို့ မွန်းစတားသားရဲ ဖြစ်စဉ်က သူတို့ကိုယ်သူတို့ အားကောင်းအောင် လုပ်ရန်အတွက် အားနည်းသော မွန်းစတားသားရဲများ၏ အသွေးအသားများနှင့် အမြူတေများကို ဝါးမြိုခဲ့ဖူးကြသည်။

ရန်ကိုင်သည် ဆိုင်များကို စိတ်ဝင်တစား လိုက်ကြည့်ကြတော့၏။

“ဂျူနီယာမောင်လေး၊ ဒီမှာ အဆင့်မြင့် ပစ္စည်းတွေ အများကြီးပဲ” ရှနင်းချန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပနေခဲ့သည်။

ထုန်းရွှမ်လောကကြီးတွင် သူမရနိုင်သည့် ပစ္စည်းအမယ်များ၏ အဆင့်ကြောင့် အဆင့်မြင့် ဆေးလုံးများကို မသန့်စင်နိုင်ခဲ့ချေ။ သို့သော်လည်း ဤနေရာသို့ ရောက်လာပြီးနောက် ဧရာမ ရတနာ ဂိုဒေါင်ကြီးတစ်ခုထဲသို့ ရောက်လာသလို ခံစားလိုက်ရသည်။ တလက်လက် တောက်ပနေသော အဆင့်မြင့် ပစ္စည်းများသည် သူမအား ထိုပစ္စည်းများကို ဝယ်ချင်လာအောင် လှုံ့ဆော်နေခဲ့သည်။

ယခု သူမသည် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေကို သန့်စင်ထားသည့်အတွက် သူမ၏ ထုန်းရွှမ်လောကကြီး၏ တိုးတက်ရေးသည် သူမ၏ ကျင့်ကြံခြင်းနှင့် တိုက်ရိုက် ဆက်စပ်လာခဲ့လေပြီ။ သူမ အားကောင်းလာသည်နှင့် ထုန်းရွှမ်လောကကြီးလည်း ပို၍ တိုးတက်လာပေလိမ့်မည်။

သူမအတွက် ဆေးဖော်စပ်ခြင်းသည် ကျင့်ကြံခြင်းနှင့် အတူတူပင်။ ဆေးဖော်စပ်ခြင်းသည် သူမ၏ ခွန်အားကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်ဆောင်နိုင်ပေသည်။

“အင်း၊ ဒါပေမယ့် ကျွန်တော်တို့မှာ သူတော်စင် သလင်းကျောက် အများကြီး မကျန်တော့တာ ဆိုးတာပဲ” ရန်ကိုင် စိတ်ညစ်သွား၏။

ရှနင်းချန် ထိုပစ္စည်းများကို ကြိုက်နှစ်သက်သလို သူလည်း ကြိုက်နှစ်သက်ပေသည်။ သို့သော်လည်း သူ့တွင် ပါလာသော သူတော်စင်သလင်းကျောက် အများစုသည် ရှနင်းချန် ကြယ်အရင်းအမြစ်ကို သန့်စင်ရာတွင် အသုံးပြုလိုက်သည့် အတွက် ကုန်သွားခဲ့လေပြီ။ သူ့တွင် ကျန်သည့် သူတော်စင် သလင်းကျောက်များဖြင့် ထိုမျှ များပြားလှသော ပစ္စည်းများကို ဝယ်ရန် မလုံလောက်ချေ။

ရှနင်းချန်၏ စိတ်ပျက်သွားသည့် မျက်ဝန်းအစုံကို မြင်သော် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည် “ဒါပေမယ့် ဆေးအမယ် နည်းနည်းလောက် ဝယ်ဖို့ကတော့ ပြဿနာ မရှိလောက်ဘူး ထင်တာပဲ”

ထိုစကားကို ကြားသည့်အခါ ရှနင်းချန်သည် မျက်ဝန်းလေးများ လခြမ်းကွေး အဖြစ်သို့ ပြောင်းသွားသည်အထိ ပြုံးတော့၏။

ဤသို့ဖြင့် နှစ်ယောက်သား တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် ပစ္စည်းများကို လျှောက်ကြည့်ဝယ်တော့သည်။

နေ့တစ်ဝက် ကြာပြီးနောက်တွင် ရှနင်းချန်၏ သိုလှောင်လက်စွပ် တစ်ကွင်းလုံး ဆေးအမယ်အမျိုးမျိုးဖြင့် ပြည့်နှက်သွားတော့သည်။

ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲတွင်လည်း အဖိုးတန် ရတနာများစွာ ရှိနေခဲ့လေသည်။ လွင့်မျောတိုက်ကြီးမှ ရရှိခဲ့သော၊ ဆေးပင်များ၊ ဧကရာဇ်ဥယျာဉ်ထဲတွင် ရရှိခဲ့သော ဆေးပင်များ၊ အရိပ်ကြယ်မှ ဝယ်ယူခဲ့သော ဆေးပင်များတို့ ဖြစ်ကြသည်။

ထိုဆေးပင်များကိုသာ သင့်လျော်သော မွန်းစတားသားရဲ၏ အစိတ်အပိုင်း၊ အမြူတေများနှင့် တွဲစပ်လိုက်မည် ဆိုပါက ရန်ကိုင် အနေဖြင့် အစစ်အမှန် ဆေးပညာကျမ်းထဲရှိ အဆင့်မြင့် ဆေးညွှန်းများကို စတင် ဖော်စပ်နိုင်ပေလိမ့်မည်။

အရိပ်ကြယ်ပေါ်တွင် အားကောင်းသော မွန်းစတားသားရဲများ ရှားပါးသည့်အတွက် ရန်ကိုင် အနေဖြင့် အစစ်အမှန် ဆေးပညာ ကျမ်းထဲရှိ ဆေးညွှန်းအချို့ကို မဖော်စပ်နိုင်ခဲ့ချေ။ အတော်ဆုံး စားဖိုမှူးပင်လျှင် ဆန်မရှိဘဲနှင့် ထမင်းမချက်နိုင်လေဘဲ။

သို့သော်လည်း မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် သူမရနိုင်သည့် ပစ္စည်းများစွာကို ရလိုက်သည်။ အခြား ဘာမှမဟုတ်လျှင်ပင် ဤနေရာတွင် မွန်းစတားသားရဲ အစိတ်အပိုင်းများစွာကို ရှာဖွေ တွေ့ရှိနိုင်ပေသည်။

ဤနေရာတွင် ခဏနေပြီး လိုအပ်သည့် ပစ္စည်းများကို လိုက်လံ ရှာဖွေလျှင် ကောင်းမလားဟုပင် ရန်ကိုင် စဉ်းစာ‌ေးနမိသည်။

ဆေးဖော်စပ်ခြင်းအပြင်၊ သွေးသားရဲများနှင့် တန်ခိုးရှင်ဘုရင် အဆင့် စိတ်ဝိဥာဉ်ဆေးလုံးများကို သန့်စင်ခြင်းတွင် မွန်းစတား သားရဲများကို လိုအပ်ပေသည်။

သို့သော်လည်း… သူတော်စင်သလင်းကျောက် လုံလုံလောက်လောက် မရှိခြင်းသည် အဓိက ပြဿနာ ဖြစ်နေသည်။

ထိုပစ္စည်းများကို ဝယ်ပြီးနောက် ရန်ကိုင်သည် ရှနင်းချန်နှင့်အတူ အနီးဆုံး တည်းခိုခန်းတစ်ခုသို့သွားကာ ခြံဝန်းတစ်ခု ငှားလိုက်၏။

အဆောက်အဦးမှာ အကြမ်းထည် ဖြစ်သော်လည်း ခြံဝန်းထဲရှိ အခန်းများမှာ အတော်လေး သပ်ရပ်လှသည်။ ကောင်းမွန်သော ပတ်ဝန်းကျင် ရှိသည့်အပြင် ခြံဝန်းထဲရှိ အခန်းတိုင်းအား ကောင်းကင်စိတ်အာရုံကို တားဆီးပေးနိုင်သော အစီအရင်များဖြင့် ကာကွယ်ပေးထား၏။

ဆိုင်ပိုင်ရှင်သည် မွန်းစတားမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သော်လည်း အခြား မွန်းစတားမျိုးနွယ်စုဝင်များကဲ့သို့ မောက်မာခြင်းမရှိဘဲ အလွန်ကိုမှ ဖော်ရွေလှသည်။

အခန်းငှားပြီးနောက် ရန်ကိုင်သည် တည်းခိုးခန်းမှ တစ်ယောက်တည်း ထွက်ကာ သတင်း လိုက်စုံစမ်းတော့သည်။

သူဤနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရှန်ချင်းလော့ကို ရှာရန်ဖြစ်သည်။ လက်ရှိ သူရင်ဆိုင်ရနေသည့် အကြီးဆုံး ပြဿနာမှာ လနီမျိုးနွယ်စုခေါင်းဆောင် နေသည့် နန်းတော်ဆီသို့ မည်ကဲ့သို့ ချဉ်းကပ်ရမလဲ ဆိုသည်ကို မသိခြင်းပင်။

လနီမြို့တော်တွင် ရက်အတော်ကြာအောင် နေပြီးသည့်တိုင် ရန်ကိုင်သည် လနီနန်းတော်ဆီသို့ သွားနိုင်သည့် နည်းလမ်းကို ရှာမတွေ့သေးချေ။

ထိုရက်များအတွင်း၌ လက်ကျန် သူတော်စင် သလင်းကျောက်များကို သုံး၍ အဖိုးတန် မွန်းစတားသားရဲ အစိတ်အပိုင်းအချို့ ဝယ်ယူလိုက်လေသည်။

“ကောင်လေး၊ မင်းကြည့်ရတာ ခေါင်းရှုပ်နေသလိုပဲ”

တစ်နေ့တွင် တည်းခိုးခန်းထဲ ထိုင်သောက်ရင်း အတွေးထဲ နစ်မြောနေတုန်း ဆိုင်ပိုင်ရှင်သည် ရန်ကိုင်ဆီသို့ လမ်းလျှောက်လာပြီး အချိုတည်းစရာ အချို့ကိုချလျက် သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်လေသည်။

“ဒီရက်ပိုင်း လနီနန်းတော်ဆီ ဘယ်လိုသွားရမလဲချည်းပဲ မင်းလိုက်မေးနေတယ်။ မင်းဘာလို့ လနီမျိုးနွယ်စု‌ခေါင်းဆောင်ကို တွေ့ချင်နေရတာလဲ”အသက် ခြောက်ဆယ်လောက် ရှိမည်ထင်ရသော မွန်းစတားမျိုးနွယ်စုဝင် လူအိုကြီးက ပြုံးလျက် ရန်ကိုင်ကို မေးလိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “အမှန်အတိုင်း ပြောရရင် လနီမျိုးနွယ်စုခေါင်းဆောင် နေတဲ့ နန်းတော်ဆီ သွားချင်နေတယ်ဆိုတာ သူ့ကို တွေ့ချင်လို့ မဟုတ်ဘူးဗျ”

“အို” ဆိုင်ပိုင်ရှင်က ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လျက် “အဲ့ဒါဆို မင်းဘာလုပ်ချင်တာလဲ။ မင်းလျှောက်မေးနေလို့ လူတော်တော်များများက မင်းကို အာရုံစိုက်နေကြပြီဆိုတာ မင်းသိလား။ မွန်းစတားမျိုးနွယ်စုဝင်တွေက လူသားမျိုးနွယ်တွေကို သိပ်ပြီး ကြည်ဖြူတာ မဟုတ်ဘူးနော်”

“ကျုပ်သိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူလည်း သတိထားမိပေသည်။ ယခင်ရက်ပိုင်းအတွင်း ထိုမေးခွန်းကို လိုက်မေးတိုင်း မွန်းစတားမျိုးနွယ်စုများသည် သူ့အား အထင်တသေး ကြည့်လျှင်ကြည့်၊ မကြည်လျှင် မောင်းထုတ်ကြ၏။ သူ့အား ခြိမ်းခြောက်လိုက်သူများပင် ရှိသေးသည်။

ချီယွဲ့ သတ်မှတ်ထားသည့် စည်းမျဉ်းများကြောင့်သာ မဟုတ်လျှင် ထိုမွန်းစတားမျိုးနွယ်စုဝင်များ သူ့အား တိုက်ခိုက်ပြီးလောက်ပေပြီ။

လူသားမျိုးနွယ်စုဝင် တစ်ယောက်သည် သူတို့ သခင်မအကြောင်း လာမေးရဲသည်။

“မျိုးနွယ်စုခေါင်းဆောင် သခင်မကို တွေ့ချင်တာ မဟုတ်ဘူးဆိုရင် မင်းဘာလုပ်ချင်တာလဲ” ဆိုင်ပိုင်ရှင်က မေးလိုက်၏။

“တကယ်တမ်း ပြောရရင် မျိုးနွယ်စုခေါင်းဆောင် သခင်မဆီမှာ အလုပ်လုပ်နေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် ရှိတယ်။ ကျုပ်တို့ အချင်းချင်း မတွေ့ရတာ အတော်လေး ကြာနေပြီ။ အရင်တစ်ကြိမ် တွေ့တုန်းကလည်း စကားတောင် ကောင်းကောင်း မပြောလိုက်ရဘူး။ ဒါကြောင့် ဒီတစ်ကြိမ် သူ့ကို လာတွေ့ပြီး စကားလေးဘာလေး ကောင်းကောင်း ထိုင်ပြောမလားလို့” ရန်ကိုင်က အမှန်အတိုင်း ပြောပြလိုက်လေသည်။

“မိတ်ဆွေ၊ ဟုတ်လား… ဟဲဟဲ၊ မိန်းကလေးမလား” ဆိုင်ပိုင်ရှင်က အဓိပ္ပါယ်ပါပါပြုံးလျက် ရန်ကိုင်အား ကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ ခြောက်ကပ်ကပ်သာ ရယ်လိုက်သည်။

“အဲ့မိန်းကလေးက မင်းကိုကြိုက်လား” ဆိုင်ပိုင်ရှင်က ထပ်မေးလိုက်သည်။

“အဖိုးက အတင်းပြောရတာ ကြိုက်တယ်နဲ့တူတယ်” ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့သည်။

လူအိုကြီးသည် ပြုံးသာပြုံးလိုက်ပြီး ထိုအကြောင်းကို ထပ်၍ မမေးတော့ဘဲ ပြန်၍သာ ပြောလိုက်သည် “ကောင်လေး၊ မင်းက အတော်လေး ကံကောင်းတာပဲကွ။ မင်းနဲ့အတူ ပါလာတဲ့ မိန်းကလေးကလည်း အတော်လေးချော။ အပြင်မှာကလည်း အခြားမိန်းကလေး တစ်ယောက် ထပ်ရှိသေး။ ငါတောင် မင်းကို မနာလိုချင်သွားပြီ”

ထို့နောက် ခေါင်းစဉ်ပြောင်းလျက် လူအိုကြီးက ဆက်ပြောလိုက်၏ “တကယ်တော့ နန်းတော်ထဲမှာ ဘာတွေဖြစ်နေလဲ သိဖို့က ဘာမှ သိပ်ခက်တာ မဟုတ်ဘူး”

“အို၊ ကျုပ်ကို ရှင်းပြပေးပါဦး” ရန်ကိုင် ချက်ချင်း တက်တက်ကြွကြွ ဖြစ်သွားခဲ့သည်။

“လတိုင်းလတိုင်း နန်းတော်ကနေ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး လူတစ်အုပ် လွှတ်လိမ့်မယ်။ လစန္ဒာမြို့တော်က နန်းတော်ကနေ သိပ်မဝေးသလို တော်တော်လေးလည်း စည်ကားတာဆိုတော့ ဒီနေရာမှာ သူတို့ ဈေးလာဝယ်လေ့ ရှိတယ်။ နန်းတော်က အစေခံမလေးတွေကို တွေ့ဖို့ဆို မင်းနောက်ထပ် ရက်နည်းနည်းလောက်ပဲ ထပ်စောင့်ရမှာ။ ကံကောင်းရင် မင်းတွေ့ချင်နေတဲ့ မိန်းကလေးကို တွေ့နိုင်လိမ့်မယ်”

ရန်ကိုင် ပြောနေသည့် မိန်းကလေးသည် နန်းတော်ထဲတွင် အစေခံ တစ်ဦး ဖြစ်သည်ဟု ဆိုင်ပိုင်ရှင် ထင်နေခြင်းပင်။

တကယ်တော့ နန်းတော်ထဲသို့ ဝင်နိုင်သည့် လူသားမိန်းကလေး အားလုံးလိုလိုသည် အစေခံများသာ ဖြစ်သွားကြသည် မဟုတ်လော။

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ဆိုင်ပိုင်ရှင်သည် ရှန်ချင်းလော့ မည်သူမည်ဝါဆိုသည်ကို နားလည်မှု လွဲသွားသော်လည်း ထိုအရာမှာ ပြဿနာ မဟုတ်ပေ။

နန်းတော်ထဲမှ ထွက်လာသော အစေခံမလေး တစ်ယောက်သာ ရှန်ချင်းလော့ဆီ သတင်းပို့ပေးနိုင်မည်ဆိုလျှင် အားလုံး အဆင်ပြေသွားလေပြီ။

“အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ အဖိုး” ရန်ကိုင်က လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒါလေး ပြောပြရုံပဲကို”

“ဒါနဲ့အဖိုး၊ အဖိုး လူသားတွေကို မမုန်းဖူးလား” ရန်ကိုင်က ဆိုင်ပိုင်ရှင်ကို စိတ်ဝင်တစားကြည့်၍ မေးလိုက်သည်။

“ဘာလို့ မုန်းရမှာလဲ” ဆိုင်ပိုင်ရှင်က ရန်ကိုင်အား အပြုံးဖြင့် ကြည့်လျက် “မင်းတို့ လူသားတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ကောင်းတာပဲလေ။ ငါငယ်ငယ်တုန်းကဆို အရမ်းကို ထူးခြားနဲ့ လူသားတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်…”

ထိုစကားကို ပြောလိုက်ချိန် လူအိုကြီး၏ မျက်လုံးထဲ ကြင်နာရိပ်တို့ ဖြတ်ပြေးသွားသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။

တစ်ခုခုကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

“ထားလိုက်တော့။ ငါမပြောဘူးလို့ပဲ သဘောထားလိုက်။ မင်းလည်း မင်းလုပ်စရာရှိတာတွေ လုပ်ဦး။ ဒီလူအိုကြီးက အသက်ရလာပြီ ဆိုတော့ နည်းနည်းလောက် လှဲလိုက်ဦးမယ်” ဆိုင်ပိုင်ရှင်သည် ရုတ်တရက် ရန်ကိုင်နှင့် စကားဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ ကောက်ကာငင်ကာနှင့် ထွက်သွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် သက်ပြင်းသာ ချလိုက်သည်။

ဆိုင်ပိုင်ရှင် ငယ်ရွယ်စဉ်က လူသား မိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့ဖူးသည့်ပုံပင်။

မျိုးနွယ်စုမတူဘဲ ချစ်ကြိုက်ခြင်းကို အတော်များများ မကြိုက်ကြချေ။ ဤနေရာသည် မွန်းစတားမျိုးနွယ်စုဝင်များ ကြီးစိုးသည့် နေရာတစ်ခုဖြစ်သည့်အတွက် လူသားများသည် အလွန်ကိုမှ အဆင့်အတန်း နိမ့်ကျကြသည်။

ထို့ကြောင့် ထိုကဲ့သို့သော ချစ်ကြိုက်ခြင်းမျိုးကို နေရာ တော်တော်များများ၌ တားမြစ်ထားလေ့ ရှိသည်။ ထိုကဲ့သို့သော ချစ်ကြိုက်ကြသူ အများစုမှာ အများအားဖြင့် ကွဲကွာရလေ့ရှိပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သက်သေသွားကြသူများလည်း ရှိကြသည်။

ရန်ကိုင်သည် ထိုအကြောင်းကို ထိုင်တွေးမနေတော့ဘဲ တစ်ခွက်၊ နှစ်ခွက်လောက် သောက်ပြီးနောက် သူ့ခြံဝန်းထဲ ပြန်သွားလေ၏။ ဆေးဖော်စပ်နေသည့် ရှနင်းချန်ကို အသိပေးပြီးနောက် မြို့ဂိတ်ပေါက်ဆီသို့ တည့်တည့် တန်းသွားလေသည်။

နန်းတော်မှ အစေခံမလေးများ ရောက်လာရန် ရက်အနည်းငယ် လိုသေးသော်လည်း ရန်ကိုင်အနေဖြင့် ထိုနေရာသို့ ကြိုရောက်အောင် သွားထားပြီး ရှနင်းချန်ဆီ သတင်းပို့နိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာထားရပေမည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၆၇)

လစန္ဒာမြို့မှ မလှမ်းမကမ်းတွင် တည်ရှိသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲတွင်…

ဤဆိုင်သည် အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ ဆိုင်ထဲသို့ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက် သွားလာနေကြသည်။ ရန်ကိုင် ဤဆိုင်တွင် လာစောင့်နေသည်မှာ ရက်အတော် ကြာနေခဲ့လေပြီ။ သို့သော် နန်းတော်မှ အစေခံမလေးများ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။

ယနေ့တွင်၊ လက်ဖက်ရည်သောက်ပြီး အချိန်ဖြုန်းရန် လုပ်နေစဉ် လူအုပ်ကြီးတစ်ခုလုံး ရုတ်တရက် အုံ့အုံ့ကျက်ကျက် ဖြစ်လာခဲ့၏။

မြို့ထဲသို့ဝင်ရန် ရပ်စောင့်နေကြသော ကျင့်ကြံသူများသည် ချက်ချင်းဘေးသို့ ဖယ်ပေးလိုက်ကြသည်။ “သူတို့ရောက်လာပြီ” ဟူသော လူအုပ်ထဲမှ လှမ်းအော်နေသည့် လူအချို့၏ အသံကိုလည်း ကြားလိုက်ရသေးသည်။

အစေခံတွေ ရောက်လာတာလား ရန်ကိုင် ချက်ချင်း ထိုကဲ့သို့ တွေးမိလိုက်သည်။

မြို့အဝင်ဝရှိ အုံ့အုံ့ကျက်ကျက်ကြောင့် လက်ဖက်ရည်ကြမ်း ဆိုင်ထဲတွင် ရှိနေသော လူများလည်း ချက်ချင်း အပြင်သို့ ထွက်ကြည့်ကြကုန်လေသည်။ တစ်ခဏအတွင်းမှာပင် လမ်းမကျယ်ကြီးတစ်ခုလုံး လူများဖြင့် ပြည့်နှက်ကုန်တော့သည်။

လူအများကြီး ရှိနေသော်လည်း ဆူညံ့နေခြင်း မရှိဘဲ အကုန်လုံး တိတ်ဆိတ်နေကြသည်။

ရန်ကိုင်သည်လည်း လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ကာ လူအုပ်ကြီးနှင့် ရောဝင်လျက် မြို့အဝင်ဝဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

စစ်သည်တော်ပေါင်းများစွာ စစ်ချီလာနေသည့်နှယ် မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့သည်။

သူထင်ထားသည်နှင့် မတူမှန်း သတိပြုမိလိုက်သည့် နောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယခုလာနေသည့် လူသည် ကုန်ပစ္စည်းများ ဝယ်ယူရန် ရောက်လာသော အစေခံ တစ်အုပ်သာ ဖြစ်လျှင် ဤမျှ အုံ့အုံ့ကျက်ကျက် ဖြစ်နေစရာ မလိုချေ။

ထို့အပြင် အစေခံများသည် တစ်လတစ်ကြိမ် လာနေခြင်း ဖြစ်သည့်အတွက် လစန္ဒာမြို့သူမြို့သာများသည် သူမတို့ ရောက်လာသည့်အပေါ် ယခုကဲ့သို့ အံ့အားသင့်နေကြလိမ့်မည် မဟုတ်ကြပေ။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့လေသည်။ ယခုလာနေသည်မှာ အစေခံအဖွဲ့ မဟုတ်ချေ။

သို့သော်လည်း လစန္ဒာမြို့တော်ဆီသို့ မည်သူလာနေသလဲ ဆိုသည်နှင့် ပက်သက်၍ အတော်လေး သိချင်မိပေသေးသည်။

ခဏအကြာတွင် ကိန်းကြီးခန်းကြီးနိုင်လှသော ဝံပုလွေကြီးပုံစံ မွန်းစတားသားရဲတစ်ကောင် ပေါ်လာခဲ့သည်။ ထိုမွန်းစတားသားရဲပေါ်တွင် ရန်ကိုင် ရင်းနှီးနေသော မွန်းစတား မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

“လမ်းဖယ်… လမ်းဖယ်…” ထိုမွန်းစတားမျိုးနွယ်စုဝင်သည် ကြာပွတ်ကို လမ်းမထက်သို့ ဝှေ့ရမ်း၍ လူအုပ်ကြီးအား လမ်းဖယ်ရန် အော်ပြောနေခဲ့သည်။

သူ့နောက်တွင် ဝံပုလွေကဲ့သို့ မွန်းစတားသားရဲများကို စီးနင်းထားသည့် ကျင့်ကြံသူ တစ်ရာကျော် ပါလာပြီး ထိုကျင့်ကြံသူ အားလုံးသည် သူတို့၏ ခေါင်းဆောင်ကဲ့သို့ လူအုပ်ကြီးကို လမ်းဖယ်ပေးရန် ပြောနေခဲ့ကြသည်။

ဒီကောင်တွေက ဟိုနေ့က ငါလမ်းမေးခဲ့တဲ့လူတွေ မဟုတ်ဘူးဘူးလား ဦးဆောင်လာသည့် ခေါင်းကို ရန်ကိုင် အလျင်အမြန် မှတ်မိသွားလိုက်သည်။

“ရောင်းရင်း၊ လစန္ဒာမြို့ကို ဘယ်သူလာနေလို့ အခုလိုမျိုးတွေ ဖြစ်နေရတာလဲ” ဘေးဘက်ဆီမှ မေးခွန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကျုပ်လည်းမသိဘူး” အမေးခံလိုက်ရသည့်သူလည်း သိမနေခဲ့ပေ။

“ဘယ်သူလာမယ်မသိဘဲနဲ့ ထွက်ကြည့်နေတာလား” မေးခွန်းထုတ်သူက ပြန်မေးလိုက်သည်။

“ကျုပ်က ဒီအတိုင်းပဲ လာကြည့်ကြည့်တာ။ ခင်ဗျားလည် အတူတူပဲ မဟုတ်ဘူးလား”

“အန်၊အင်း..”

အကုန်လုံး စိတ်ရှုပ်နားမလည်နိုင် ဖြစ်နေကြစဉ်မှာပဲ ခေါင်းအကြီးကြီး နှစ်လုံး မြို့ဝင်ပေါက်ဆီသို့ ရုတ်တရက် ဝင်လာခဲ့သည်။ ခေါင်းတစ်ခုလုံးကို အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အလယ်တွင် ဦးချိုတစ်ချောင်းစီ ရှိနေခဲ့သည်။ မြွေမျက်လုံးနှင့် တူသော အေးစက်စက် မျက်လုံးများဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည့်အခိုက် လူများစွာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေသည်။

“အဲ့ဒါတွေက…” ထိုမွန်းစတားသားရဲ နှစ်ကောင်ကို မြင်သည်နှင့် လူတစ်ယောက်က ချက်ချင်း အလန့်တကြား ဆိုလိုက်သည်။

မကြာမီ မွန်းစတားသားရဲနှစ်ကောင်လုံး အားလုံး၏ မြင်ကွင်းထဲ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။ ခေါင်းသာကြီးရုံတင် မဟုတ်ဘဲ ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံများ ရှိနေသေးပြီး နောက်ဆုံးတွင် ကျာပွတ်ကဲ့သို့ အမြီးတစ်ချောင်း ရှိနေခဲ့သည်။

“အဆင့်ကိုး မိုးကြိုးမီးတောက်ဖွတ်ကြီးတွေလား”

မွန်စတားသားရဲအားလုံးသည် လူအသွင် မပြောင်းနိုင်ကြပေ။ အချို့ မွန်းစတားသားရဲများသည် တစ်ဘဝလုံး မွန်းစတားသားရဲ အသွင်ဖြင့်သာ နေနိုင်သွားကြသည်။ ဤအဆင့်ကိုး မိုးကြိုးမီးတောက်ဖွတ်သည်လည်း ထိုနည်းတူပင်။ ထိုမွန်းစတား သားရဲသည် မိုးကြိုးနှင့် မီးတောက်ကို ကျွမ်းကျင်ကြပြီး တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ပင်လျှင် ထိုမွန်းစတားသားရဲနှင့် ရင်ဆိုင်တွေ့ပါက ထွက်ပြေးရနိုင်ပေသည်။

ဤကဲ့သို့သော မွန်းစတားသားရဲမျိုးကို စီးတော်သားရဲအဖြစ် အသုံးပြုနိုင်သည့် လူများစွာ မရှိချေ။

သို့သော်လည်း ယခုမှ မိုးကြိုးမီးတောက်ဖွတ်နှစ်ကောင်ကို စီးတော် သားရဲအဖြစ် အသုံးပြုနေသည့် လူတစ်ယောက် ရှိနေခဲ့သည်။ ထိုသားရဲများ၏ နောက်မှ ၎င်းတို့မှ ဆွဲလာသည့် သားနားသော လှည်းယာဉ်တစ်စီး ရှိနေခဲ့သည်။

လှည်းယာဉ်တွင် မည်သည့် တံခါးပေါက်၊ ပြတင်းပေါက်မှ မရှိဘဲ ပွင့်နေသည့် အမိုးပေါက်တစ်ခုသာ ရှိသည်။ ထို့အပြင် လှည်းယာဉ်၏ ပတ်ပတ်လည်ကို ပန်းရောင် လိုက်ကာများဖြင့် ကာထားလေသည်။

လှည်းယာဉ်ထဲတွင် လူသုံးယောက် ရှိနေခဲ့သော်လည်း အကုန်လုံး၏ အကြည့်သည် တစ်ယောက်စီသို့သာ ရောက်နေခဲ့သည်။

ထိုလူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း ကျောက်သားကဲ့သို့ ချောမွတ်သည့် မျက်နှာကို ပိုင်ဆိုင်ထားကာ လှည်းယာဉ်ပေါ်ရှိ ကူရှင်ပေါ်တွင် ထိုင်နေခဲ့သည်။

သူ့ကို ကြည့်ကြည့်ချင်း ချောသည်ဟုသာ ထင်မိကြလိမ့်မည်။ သို့သော် ပို၍ စိုက်ကြည့်လာသည်နှင့် ထိုလူ၏အကြည့်ထဲ နစ်မြောသွားရပေလိမ့်မည်။

ထိုလူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသည့် အလင်းရောင်တစ်မျိုးမျိုး ရှိနေသည့်နှယ်၊ သူနှင့် အကြည့်ချင်းဆိုင်သွားသည့် မည်သည့် မိန်းကလေးမဆို ပိုးဖလံ မီးထဲ တိုးဝင်သလို ဘာမှမသိတော့ဘဲ သူမတို့ကိုယ်သူမ သူ့ဆီသို့ ပုံအောပစ်ဝင်ကြပေလိမ့်မည်။

ချောမောလှပသည့် အမျိုးသမီးတစ်ဦးသည် ထိုလူ၏ ပေါင်ထက်တွင် လဲလျောင်းနေပြီး ထိုလူသည် သူ့လက်ဖြင့် ထိုအမျိုးသမီး၏ အနက်ရောင် ဆံကေသာကို ပွတ်သပ်ပေးနေခဲ့သည်။ အမျိုးသမီးမှာ သခင်၏ ပွတ်သပ်ပေးခြင်း ခံရသည့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှယ် မျက်လုံးလေးမှေးလျက် ကျေနပ်နေခဲ့သည်။

သူ့လက်မောင်းထဲတွင် လဲလျောင်းနေသည့် နောက်ထပ် အမျိုးသမီးတစ်ဦး ရှိနေသေးသည်။ သူမ၏ ပါးပြင်လေးသည် ပန်းနုရောင်သန်းနေခဲ့ပြီး နှုတ်ခမ်းအစုံမှာလည်း ပြေးနမ်းချင်စရာ ကောင်းလှအောင် အရည်ရွှန်းစိုနေခဲ့သည်။

လူပေါင်းများစွာ၏ စိုက်ကြည့်ခြင်း ခံနေရသော်လည်း ထိုလူသည် ယဲ့ယဲ့လေး ပြုံးလိုက်နိုင်သေးသည်။ သူ့အကြည့်သည် မည်သည့် မိန်းကလေး၏ နှလုံးသားကိုမဆို လှုပ်ခတ်မီးတောက်သွားအောင် လုပ်နိုင်သည့် အငွေ့အသက်တို့ဖြင့် ပြည့်နေခဲ့သည်။

“သူဘယ်သူလဲ ငါသိပြီ။ သူက မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့သား ညစ်မျက်လုံးသခင်လေး မီထျန်းပဲ” လူအုပ်ထဲမှ အလန့်တကြား ပြောဆိုသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလူ မည်သူမှ လူပေါင်းများစွာ ချက်ချင်း မှတ်မိလိုက်သည်။

ထိုလူမည်သူမှန်း သိလိုက်သည့်နောက် လူပေါင်းများစွာ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ မီထျန်းအား စိတ်ဝင်တစားဖြင့် ကြည့်နေသူအားလုံး၏ မျက်စိပျက် မျက်နှာပျက်ဖြစ်ကုန်ကြလေသည်။

သခင်လေးမီထျန်း ဆိုသူသည် မွန်းစတားဧကရာဇ်ကြယ်တွင် မကောင်းသတင်းဖြင့် ကျော်ကြားသော သခင်လေးတစ်ယောက် ဖြစ်သည်။ သူ့လက်ချက်ကြောင့် သေသွားသည့် မိန်းကလေး အရေအတွက်မှာ တစ်ထောင် မရှိလျှင် အနည်းဆုံး ရှစ်ရာလောက် ရှိသည်ဟု ပြောသည်။ ပိုဆိုးသည်ကား ထိုမိန်းကလေးသည် မတရားသိမ်းပိုက်ခံရခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင်က လိုလိုလားလားဖြင့် ထိုသခင်၏ လက်တွင်းသို့ ခုန်ဆင်းသွားကြခြင်း ဖြစ်သည်။

မီထျန်းသည် ယင်ကို စုဆောင်းပြီး ယန်ကို အားဖြည့်ပေးသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသည်ဟု ဆိုကြသည်။ မည်မျှ ထူးချွန်သော မိန်းကလေးဖြစ်ပါစေ သူနှင့် တစ်ညတာ ကုန်ဆုံးလိုက်သည်နှင့် နောက်တစ်နေ့ မနက်တွင် သေသွားကြရစမြဲပင်။

ထို့သို့ဆိုလျှင် မီထျန်း လက်တွင်းသို့ ခုန်ဆင်းချင်နေသည့် မိန်းကလေးများမှာ နည်းနည်းလေးမှ ရှားပါးသွားခြင်း မရှိချေ။

မုန်းစရာအကောင်းဆုံးသည်ကား မီထျန်းသည် မွန်းစတားမျိုးနွယ်စုမှ မိန်းကလေးကို ဖြစ်စေ၊ လူသားမျိုးနွယ်စုမှ မိန်းကလေးကို ဖြစ်စေ မိန်းကလေးအားလုံးကို လက်ခံခြင်းပင်။

မီထျန်း၏ ဂုဏ်သတင်းကြောင့် သူရောက်သွားသည့် နေရာတိုင်း၌ ရှိနေသော ယောကျာ်းသားများသည် သူတို့၏ အမျိုးသမီးများကို အပြင်သို့ ထွက်ခွင့်မပြုကြတော့ဘဲ သူတို့ ချစ်ရသူများနှင့် ဆွေမျိုးများကို မီထျန်းနှင့် မတွေ့မိအောင် အတတ်နိုင်ဆုံး ကာကွယ်ကြတော့လေသည်။

မီထျန်း လစန္ဒာမြို့ဆီသို့ လာမှန်း မည်သူမှ မသိကြသဖြင့် မည်သူမှလည်း မပြင်ဆင်ထားခဲ့ကြချေ။ သူတို့သာ ကြိုသိခဲ့လျှင် ဤနေရာတွင် စုဝေးနေကြမည့်အစား မီထျန်းအား မြွေပွေး တစ်ကောင်နှယ် ရှောင်တိမ်းနေပေလိမ့်မည်။

သို့သော်လည်း မီထျန်း သူတို့ရှေ့ ရောက်နေပြီ ဖြစ်သဖြင့် မည်သို့များ ပြင်ဆင်ရတော့မည်နည်း။

ပြီးသွားပေပြီ။ ကျင့်ကြံသူပေါင်းများစွာသည် မီထျန်းအား လေးစားမှု၊ တပ်မက်မှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည့် သူတို့၏ အမျိုးသမီးများကို မြင်သော် သူတို့ရင်ထဲ ထိုမီးထျန်ဆီသို့ ပြေးဝင်သွားပြီး ထိုသကောင့်သားအား အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။

သို့သော်လည်း ထိုအရာများမှာ သူတို့ရင်ထဲရှိ အတွေးများသာ ဖြစ်ကြပြီး မည်သူမှ ထိုကဲ့သို့ မလုပ်ရဲကြချေ။

လုပ်ချင်သည်ဆိုလျှင်ပင် မီထျန်း ကိုယ်တိုင်သည် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် လူအနည်းငယ်သာ သူ့ပြိုင်ဘက် ဖြစ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူစီးတော်သားရဲနှစ်ကောင် ဖြစ်သော အဆင့်ကိုး မွန်းစတားသားရဲ နှစ်ကောင်သည်လည်း ရန်စလို့ကောင်းသည့် သားရဲများ မဟုတ်ကြချေ။

အရေးအကြီးဆုံးမှာ မီထျန်း၏ ကျောထောက်နောက်ခံဖြစ်သော မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်ပင်….

တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော အဖေတစ်ယောက် ရှိနေလေရာ မည်သူကများ မီထျန်းကို ရန်စရဲတော့မည်နည်း။ မျက်လုံးတစ်ထောင် မျိုးနွယ်စုခေါင်းဆောင်သည် သူ့သားကို အလွန်ချစ်မြတ်နိုးမှန်း သိသာသည်။ မဟုတ်လျှင် မိုးကြိုးမီးတောက် ဖွတ်နှစ်ကောင်းကို သူ့သားစီးသည့် လှည်းအား ဆွဲရန် ထည့်ပေးလိုက်လိမ့်မည် မဟုတ်ချေ။

သူ့ဘေးနားမှ လူများကို ပြောနေသည်ကို နားထောင်ရင်း ထိုလူ မည်သူမှန်း ရန်ကိုင် သိသွားခဲ့သည်။ သို့သော်လည်း လက်ရှိ အခြေအနေသည် အနည်းငယ် ထူးဆန်းနေသလို သူ့ရင်ထဲ ခံစားလိုက်ရသည်။

မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်၏ သားသည် ဘာကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

ရန်ကိုင် သိသလောက် မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်သည် အချင်းချင်း သိပ်တည့်ကြသည်မဟုတ်။

သို့သော် ရန်ကိုင် ထိုအချက်ကို အနည်းငယ် စိတ်ဝင်စားမိခြင်းသာ ဖြစ်ပြီး အလေးအနက်ကြီးတော့ ဖြစ်မနေခဲ့ချေ။ ထိုလူ မည်သူမှန်း သိပြီးနောက်၊ ရောက်လာသည့် အဖွဲ့မှာ နန်းတော်မှ အစေခံမလေးများ မဟုတ်မှန်း သိပြီးနောက်တွင် ရန်ကိုင် ဆက်ကြည့်နေရမည်ကို စိတ်လုံးဝ မဝင်စားတော့ချေ။

ထို့အပြင် ထိုညစ်မျက်လုံး သခင်လေး၏ အကြည့်ကိုလည်း သူအတော်လေး ကြည့်မရချေ။ သူ့အကြည့်သည် တစ်လောကလုံးတွင် ရှိသော မိန်းမအားလုံးကို ငါပိုင်သည်ဟု ပြောနေသည့် အကြည့်မျိုးပင်။

ရန်ကိုင်သည် လှည့်ထွက်သွားချင်သော်လည်း သူ့အတွေးကမ္ဘာထဲမှ နိုးထလာချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင်း လုံးဝကို မှင်သက်သွားခဲ့ရလေသည်။

ယခင်က သူ့ဘေးနားတွင် မတ်တပ်ရပ်နေကြသော ကျင့်ကြံသူအားလုံး မြေကြီးပေါ်တွင် ဝပ်စဉ်းလျက် မီထျန်းအား လေးလေးစားစား ဦးညွှတ်နေကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

လက်ရှိတွင် သူသည် ကြက်အုပ်ထဲ ရောက်နေသည့် ဗျိုင်း တစ်ကောင်ကဲ့သို့ ထီးထီးကြီး ဖြစ်နေသည်။

လူအားလုံးသည် မြေကြီးပေါ် ဒူးထောက်နေကြသော်လည်း ရန်ကိုင် တစ်ယောက်တည်းသာ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။

မီထျန်းသည်လည်း သူ့အား လှည့်ကြည့်လာခဲ့သည်။ မီထျန်းသည် လှည်းပေါ်တွင်ထိုင်လျက် ရန်ကိုင်အား ဖိနှိပ်လိုသည့် အကြည့်ဖြင့် အထင်တသေး စိုက်ကြည့်လာခဲ့သည်။

“ရဲတင်းလိုက်တာ” မီထျန်းအား မြို့ထဲသို့ ဦးဆောင်ခေါ်လာသည့် ဝံပုလွေနှင့် ဆင်တူသော မွန်းစတားသားရဲကို စီးနင်းထားသည့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက သူ့ကြာပွတ်ကို ဝှေ့ရမ်းရင်း ပြောလိုက်လေသည် “မင်းဘာလို့ ဒူးမထောက်သေးတာလဲ”

ပြောပြီးသည်နှင့် ရန်ကိုင်အား သင်ခန်းစား ပေးချင်နေသည့်အလား ရန်ကိုင်ဆီသို့ တိုးကပ်လာခဲ့သည်။

ရန်ကိုင်ကမူ ထိုမွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူအား ထူးမခြားနားဟန်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်သည်။

ရန်ကိုင်မျက်နှာကို မြင်ပြီးနောက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူ ကြောင်သွားခဲ့သည်။ ဒါငါ့ဆီ လမ်းလာမေးတဲ့ လူသားကောင်လေးမလား

ထိုစဉ်က ဤလူသားကောင်လေးသည် အတော်လေး အားကောင်းသည်ဟု သူထင်ခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၆၈)

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူသည် သူ့ကြာပွတ်ဖြင့် ရန်ကိုင်ကို လှမ်း၍ ရိုက်လိုက်သော်လည်း အနည်းငယ်လေး ချော်သွားအောင် ရိုက်လိုက်လေသည်။

ရန်ကိုင် မည်သည့် အတိုင်းအတာအထိ အားကောင်းမှန်း မသိသဖြင့် အလျင်စလို မလှုပ်ရှားရဲချေ။ သို့သော်လည်း သခင်လေး မီထျန်း၏ မျက်နှာကို ထောက်ရပေဦးမည်။ သခင်လေးမီထျန်းကို အလေးပြုရန် မွန်းစတားမျိုးနွယ်စုဝင်အားလုံး ဒူးထောက်နေသော်ငြား လူသားမျိုးနွယ်မှ ကောင်လေး တစ်ယောက်သည် တကယ်ကြီး မတ်တပ်ရပ်နေရဲသည်။ သူ့လုပ်ရပ်သည် လက်မခံနိုင်စရာ လုပ်ရပ်တစ်ခု ဖြစ်သည်။

သူ့လုပ်ရပ်သည် မီထျန်းကို အထင်သေးလိုက်ခြင်း ဖြစ်သလို မွန်းစတားမျိုးနွယ်စု တစ်ခုလုံးကို စော်ကားလိုက်ခြင်းလည်း မည်၏။

ထို့ကြောင့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့ရလေရာ မီထျန်းဘက်သို့ လှည့်၍ အကူအညီ တောင်းရတော့သည်။

“လူသား၊ မင်းတကယ် ရဲတင်းတာပဲ။ ဒီသခင်လေး ရှေ့မှာ ရောက်နေတာတောင် ဒူးထောက်ဖို့ ငြင်းဆန်ရဲတယ်ပေါ့” မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။ သို့သော် သူ့လေသံထဲ အထင်သေးသည့် အရိပ်အယောင်တို့ ပြည့်နေသည်ကို သတိပြုမိနိုင်ပေသည်။

ထိုလူသားကောင်လေးတော့ သွားပေပြီ. ကျင့်ကြံသူ အကုန်လုံးလိုလို ထိုကဲ့သို့ တွေးလိုက်ကြသည်။ အချို့ဆိုလျှင် ရန်ကိုင်အား ဂရုဏာသက်နေသည့် အကြည့်များဖြင့်ပင်လျှင် ကြည့်လာကြသည်။

သို့သော်လည်း အများစုမှာမူ ရန်ကိုင် ဒုက္ခရောက်နေသည်ကို ကြည့်ရင်း ကြိတ်ပျော်နေကြသည်။ ရန်ကိုင်သည် မီထျန်း၏ အာရုံစိုက်စရာဖြစ်အောင် လုပ်လိုက်သည့်အတွက် သခင်လေး မီထျန်းသည် လစန္ဒာမြို့တော်မှ အမျိုးမျိုးသော မိန်းမလှလေးများ ဘက်သို့ အကြည့်လှည့်ရန် အာရုံစိုက်လိမ့်ဦးမည်း မဟုတ်လောက်ချေ။

ထိုကဲ့သို့ တွေးလိုက်မိသည့်အခါ လူတော်တော်များများ ရန်ကိုင်ကိုပင် ကြိတ်၍ ကျေးဇူးတင်မိသွားကြလေသည်။

“ဒူးထောက်ရဖို့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ထီမထင်ဟန်ဖြင့် “ဘာလို့ ဒူးထောက်ရမှာလဲ”

ဒီသောက်ရှက်မရှိတဲ့ကောင်က ငါ့ကို လာဒူးထောက်စေချင်တာလား ရန်ကိုင် ရယ်ပင် ရယ်ချင်သွားသည်။

တကယ်ဆိုရင် ရန်ကိုင်လည်း ပြဿနာ မရှာချင်ပါချေ။ မီထျန်းသာ သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ပေးလိုက်လျှင် အားလုံး အဆင်ပြေပေသည်။ သို့သော်လည်း ပြဿနာက ခြေထောက်ပေါက်ပြီး သူ့အား လာရှာနေပြီ ဖြစ်လေရာ ရန်ကိုင်လည်း ငြိမ်ခံနေ၍ မဖြစ်တော့ချေ။

“ဘာလို့လဲဆိုတော့ မင်းက လူသားတွေမို့လို့ပဲ” မီထျန်းက လှောင်ပြုံးပြုံးလျက် “လူသားတွေက ဒီသခင်လေးကို မြင်ရင် ဒူးထောက်ကို ထောက်ရတယ်”

သူတို့ သခင်၏ ဒေါသကို ခံစားမိသည့်အလား လှည်းယာဉ်ကို ဆွဲသော မွန်းစတားသားရဲ နှစ်ကောင်သည်လည်း အသံတိုးတိုး အော်မြည်ရင်း ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။

ရန်ကိုင် အနားတွင် ရှိနေသော လူအားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြသည်။ အကုန်လုံး ရန်ကိုင်နား၌ ဆက်မနေရဲတော့ဘဲ ချက်ချင်း ထပြေးကြတော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်ပတ်လည် မီတာတစ်ရာ ဝန်းကျင်တစ်ခုလုံး ပြောင်ရှင်သွားတော့လေသည်။

“လူသား၊ ဒါမွန်းစတားဧကရာဇ်ကြယ်၊ မင်းကိုယ်မင်း သွေးနားထင်ရောက်မနေနဲ့။ မဟုတ်ရင် တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်” မီထျန်းသည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ သူ့ပေါ် လဲမှီနေသော အမျိုးသမီး နှစ်ဦးသည်လည်း ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။

“မွန်းစတားဧကရာဇ်ကြယ်က ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်ပဲ။ မင်းတို့ လူသားတွေကတော့… ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို နှိမ့်နှိမ့်ချချနေရင် အကောင်းဆုံးပဲ။ ဒီသခင်လေးက သဘောထား သေးသိမ်တဲ့လူ မဟုတ်ဘူး။ ဒါမင်းရဲ့ ပထမဆုံးအကြိမ် ဖြစ်တာဆိုတော့ အခုချက်ချင်း ဒူးထောက်လိုက်၊ အဲ့ဒါဆို ငါမမြင်ချင်ယောင် ဆောင်ပေးလိုက်မယ်” မီထျန်းသည် ရန်ကိုင်အား လက်ညိုးထိုးရင်း ပြောလိုက်သည်။

“ငါမလုပ်ဘူးဆိုရင်ရော” ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

“မင်းမှာ ရွေးစရာမရှိဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မိုးကြိုးမီးတောက်ဖွတ်သည် ပါးစပ်ဟ၍ လျှပ်စီးတန်းတို့ ရောယှတ်ပါဝင်နေသော မီးဘေားလုံး တစ်လုံးကို ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ထိုမီးဘောလုံး၏ စွမ်းအားကို ခံစားမိလိုက်သော် ကျင့်ကြံသူများစွာ ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။

အများစုသည် မိုးကြိုးမီးတောက်ဖွတ်၏ စွမ်းအားကို ကြားဖူးသော်ငြား တစ်ခါမှတော့ ကိုယ်တွေ့ မမြင်ဖူးခဲ့ကြချေ။

တန်ခိုးရှင်ဒုတိယအဆင့်များပင်လျှင် ထိုမွန်းစတားသားရဲများနှင့် တွေ့သည့်အခါ ထွက်ပြေးရုံမှအပ ဘာမှ မလုပ်နိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ချေ။

မီးဘောလုံး သူ့ဆီ တိုးဝင်လာနေသည်ကို မြင်သော်လည်း ရန်ကိုင်သည် သေခြင်းတရား သူ့ဆီ ချဉ်းကပ်လာနေသည်ကို မသိသည့်အလား အေးအေးဆေးဆေးသာ ရပ်နေခဲ့သည်။ မီးဘောလုံး သူ့နားသို့ ရောက်လာသည့် အခါမှပဲ သူ့လက်ကို မြှောက်၍ ထိုမီးဘေားလုံးကို ဖမ်းကိုင်လိုက်သည်။

သေချင်နေတာ ထိုအခြင်းအရာကို မြင်သည့်အခါ ကျင့်ကြံသူ များစွာ၏ စိတ်ထဲ ထိုကဲ့သို့ တွေးမိလိုက်လေသည်။

သို့သော်လည်း မကြာမီ အားလုံး၏ မြင်ကွင်းရှေ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် မီးဘေားလုံးအား ဖမ်းကိုင်လိုက်သော်လည်း သူ့တစ်ကိုယ်လုံး ပြာချသွားရမည့်အစား မီးဘောလုံးသာ ရပ်တန့်သွားခဲ့ရလေသည်။

ထို့နောက်တွင် ရန်ကိုင်လက်ထဲ၌ ရှိနေသော မီးဘေားလုံးသည် အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်သွားခဲ့ပြီး နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်ကမူ မည်သည့် ဒဏ်ရာမှ ရသွားခြင်း မရှိခဲ့။

သက်ပြင်းရှိုက်သံများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

မီထျန်းသည်လည်း ထရပ်လိုက်သည်။ သူ့ပေါ်တွင် လဲခိုနေသော အမျိုးသမီးနှစ်ဦးကို ဘေးဘက်သို့ တွန်းထုတ်လိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။

“မဆိုးဘူး။ တန်ခိုးရှင်ဒုတိယအဆင့်တစ်ယောက်ပဲ” မီထျန်း သွားပေါ်အောင် ပြုံးလိုက်သည် “မင်းငါ့ရှေ့မှာ မောက်မာရဲနေတာ မဆန်းတော့ဘူး။ မင်မှာ အရည်အချင်းလေး နည်းနည်းပါးပါး ရှိနေတာကိုး”

ရန်ကိုင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ကျင့်ကြံခြင်းကို မီထျန်း သတိပြုမိလိုက်သည်။

တန်ခိုးရှင်ဒုတိယအဆင့်သည် မွန်းစတားဧကရာဇ်ကြယ်ပေါ်၌ အားနည်းသည့်အထဲ မပါချေ။ ထို့အပြင် ထိုကောင်လေးသည် လူသားတစ်ယောက် ဖြစ်သည်။

မွန်းစတားမျိုးနွယ်စုမှ အုပ်စိုးသော ကြယ်တစ်လုံးပေါ်တွင် တန်ခိုးရှင်အဆင့် လူသားပညာရှင်များ ထွက်ပေါ်လာခဲသည်။ အရင်းအမြစ်အားလုံးကို မွန်းစတားမျိုးနွယ်စုဝင်များချည်းသာ အုပ်စိုးထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

မွန်းစတားမျိုးနွယ်စုဝင်များသည် လူသားမျိုးနွယ်စုဝင်များကို အားကောင်းလာခွင့် မပေးချေ။ ထို့ကြောင့် ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်မှန်း သိလိုက်သည့်နောက် မီထျန်း အနည်းငယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ လှည်းပေါ်မှထ၍ သူ့လက်ကို ဝှေ့ရမ်းကာ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်လေသည် “သူ့ကိုသတ်”

အဆင့်ကိုး မွန်းစတားသားရဲနှစ်ကောင်သည် ချက်ချင်း သူတို့၏ ပါးစပ်ကိုဟ၍ မီးဘေားလုံးဖြင့် ပစ်လွှတ်ရန် ပြင်လိုက်သည်။

ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ မြို့ဂိတ်တွင် စုဝေးနေသော ကျင့်ကြံသူအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။

ရန်ကိုင်က ထီမထင်ဟန်ဖြင့် ရယ်မောလျက် “သားရဲ နှစ်ကောင်ကများ ငါ့ရှေ့မှာ လာရိုင်းကားချင်သေးတယ်”

သူ့လေသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ဆီမှ ရွှေရောင်အမျှင်တန်းနှစ်ခု ထွက်ပေါ်လာပြီး မြှားများသဖွယ် မွန်းစတားသားရဲနှစ်ကောင်ဆီသို့ တိုးဝင်သွားလေသည်။

မီးဘောလုံး နှစ်လုံးသည်လည်း တစ်ချိန်တည်း၌ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းနှစ်ခုနှင့် မီးဘေားလုံး နှစ်လုံးတို့ လေထဲ၌ ထိပ်တိုက်တွေ့သွားကြလေသည်။ သို့သော်လည်း မီးဘေားလုံး နှစ်လုံးသည် ရွှေရောင်အလင်းတန်း နှစ်ခုကို ရပ်တန့်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ အကုန်လုံးအား ကြောက်သွေးပါအောင် လုပ်နိုင်သော မီးဘေားလုံးနှစ်လုံးသည် ရွှေရောင်သွေးမျှင်များကို နည်းနည်းလေးပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်သွေးမျှင် နှစ်ချောင်းသည် မွန်းစတားသားရဲနှစ်ကောင်၏ ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင် မွန်းစတားသားရဲ နှစ်ကောင်စလုံး၏ ခန္ဓာကိုယ်များ ယိမ်းထိုးလာခဲ့ပြီး နာနာကျင်ကျင် အော်မြည်ရင်း အနီးအနားရှိ အဆောက်အဦးများကို ဝင်ဆောင့်မိကြကုန်လေသည်။

ရွှေရောင်သွေးမျှင် နှစ်ချောင်းသည် ရန်ကိုင်၏ ထိန်းချုပ်မှုအတိုင်း မွန်းစတားသားရဲ နှစ်ကောင်၏ ကိုယ်တွင်းအင်္ဂါများကို ဖြတ်တောက်နေသဖြင့် မွန်းစတားသားရဲနှစ်ကောင် အလွန်ကိုမှ နာကျင်စွာ အော်မြည်နေကြခြင်း ဖြစ်သည်။

ရန်ကိုင်သည် ထိုအတိုင်း ရပ်မနေခဲ့ချေ။ ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး မွန်းစတားသားရဲတစ်ကောင်၏ ခေါင်းထက်၌ ပြန်ပေါ်လာကာ ခေါင်းတည့်တည့်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်သည် မည်သည့် ဆန်းကြယ်မှုမှ မပါဝင်သည့် သာမန် လက်သီးချက်တစ်ချက်သာ ဖြစ်သည်။

သို့သော်လည်း လက်သီးနှင့် ထိုးခြင်း ခံလိုက်ရသည့်အခိုက်၊ ဆယ်တန်တူကြီးနှင့် ရိုက်ချခံလိုက်ရသည့်နှယ် မွန်းစတား သားရဲ၏ ဦးခေါင်း ချိုင်ဝင့်သွားခဲ့ပြီး ဥက္ကာခဲတစ်လုံးနှယ် မြေပြင်ထဲသို့ ဝုန်းခနဲ ကျွံဝင်သွားခဲ့လေသည်။

ထိုဂယက်ကြောင့် မြို့တစ်ခုလုံး တုန်ခါသွားခဲ့သည်။

မွန်းစတားသားရဲ၏ခေါင်း မြေကြီးထဲသို့ ကျွံဝင်သွားသည့် နေရာ၌ ဧရာမ အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင် ဆိုသည့်အတိုင်းပင်။ ရွှေရောင်သွေးမျှင်၏ ပိုင်းဖြတ်ခြင်းခံရပြီး ရန်ကိုင်၏ လက်သီးစာ မိသွားသည့်တိုင် သေဆုံးသွားခြင်း မရှိသေးဘဲ ပို၍ပင် ကြမ်းကြုတ်လာခဲ့လေသည်။ မိုးချိန်သံမတတ် ကျယ်လောင်သော အသံဖြင့် ဟိန်းဟောက်လျက် တောင်ပံနှစ်ဖက်ကို ခတ်ရင်း ရန်ကိုင်ဆီမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရန်ကိုင်၏ ခန္ဓာကိုယ် နောက်တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး မွန်းစတားသားရဲရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် မွန်းစတားသားရဲ၏ အောက်မေးရိုးပေါ် ခြေတစ်ဖက်ချလျက် သူ့လက်နှစ်ဖြင့် မွန်းစတားသားရဲ၏ အာခေါင်ကို မလိုက်၏။

“သူဘာလုပ်နေတာလဲ” ကြည့်နေသူအားလုံး ရန်ကိုင်၏ လုပ်ရပ်ကြောင့် မှင်သက်သွားခဲ့ကြသည်။

ရန်ကိုင် လုပ်နေသည့်ပုံစံသည် မွန်းစတားသားရဲကို ပါးစပ်မှနေ၍ နှစ်ပိုင်းဆွဲဖြဲရန် ကြိုးစားနေသည့် ပုံစံမျိုးဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်သေးသေးလေသည် မွန်းစတားသားရဲကြီးနှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ သေးငယ်နေသည်။

မိုးကြိုးမီးတောက်ဖွတ် ထိုလူသားကောင်လေးအား အကောင်လိုက် မြိုချနိုင်သည့်အပေါ် မည်သူမှ သံသယမရှိချေ။

ရန်ကိုင်၏ ခန္ဓာကိုယ်သည် ပုဇွန်တစ်ကောင်နှယ် ကွေးတက်သွားပြီး ကြွက်သားများ အမြောင်းလိုက် အမြောင်းလိုက် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်နှင့် မွန်းစတားသားရဲတို့သည် ကာယခွန်အားချက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

ရန်ကိုင် ရူးနေသလားဟုပင် အကုန်လုံး တွေးမိကုန်ကြသည်။

မွန်းစတားသားရဲများသည် မွေးလာကတည်းက အလွန်ကိုမှ အားကောင်းသော ကာယစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် မျိုးနွယ်စုများ ဖြစ်ကြသည်။ မိုးကြိုးမီးတောက်ဖွတ် ကဲ့သို့သော အဆင့်ကို သားရဲတစ်ကောင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ထိုကောင်လေး၏ ခေါင်းနှင့်ပက်သက်၍ တစ်ခုခုများ မှားယွင်းနေသလော။

သို့သော်လည်း ပြိုင်ပွဲရလဒ်သည် တစ်ခဏအတွင်း အဖြေထွက်လာခဲ့သည်။

ရန်ကိုင် ခေါင်းများ ထိထားသလားဟု လူအုပ်ကြီး တွေးနေစဉ်မှာပဲ ရန်ကိုင်၏ ကွေးနေသော ခန္ဓာကိုယ် ရုတ်ချည်း ဖြောင့်တက်လာခဲ့သည်။

ဝုန်းဆိုသော မြည်သံနှင့်အတူ မွန်းစတားသားရဲ၏ အပေါ်မေးရိုး ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အောက်တစ်ဝက်မှာမူ မြေကြီးထဲသို့ ကျွံဝင်သွားခဲ့လေသည်။

နှစ်ပိုင်းပြတ်ထွက်သွားသော မွန်းစတားသားရဲ၏ ဦးခေါင်းမှနေ၍ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြလေသည်။ သူတို့၏ ဦးနှောက်များသည် လက်ရှိမြင်နေရသည်များကို အမှီ မလိုက်နိုင်အောင် ဖြစ်နေကြလေပြီ။

ရန်ကိုင်သည် ကာယခွန်အား အားကောင်းသော မွန်းစတား မျိုးနွယ်စုဝင် တစ်ဦး ဖြစ်လျှင် သူတို့ နားလည်နိုင်သေးသည်။ သို့သော် သူသည် လူသားတစ်ဦး ဖြစ်နေသည်။

လူသားများသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ကာယစွမ်းအားကို ပိုင်ဆိုင်ထားကြသလော။

ဘုန်း… မွန်းစတားသားရဲ၏ ပေါ်ပိုင်း မြေကြီးပေါ် ပြန်ပြုတ်ကျလာသည့်အခိုက် ဖုန်အလိမ်းလိမ်း ထသွားလေသည်။

ရန်ကိုင်မှာမူ လေထဲတွင် ဝဲနေခဲ့သည်။ သွေးသံတရဲရဲ ဖြစ်နေသော သူ့ပုံစံသည် ရှေးဟောင်းခေတ်များမှ သတ်ဖြတ်ခြင်း နတ်ဘုရား တစ်ဦးနှင့်ပင် တူနေသေးသည်။

ထို့နောက် သူ့ဆီ ပြေးဝင်လာနေသော လက်ကျန် မွန်းစတားသားရဲ ဘက်သို့ လှည့်၍ သွားပေါ်အောင် ပြုံးလိုက်သည်။

ထိုမွန်းစတားသားရဲသည် လူအသွင် မယဓနိုင်သော်လည်း ၎င်း၏ အသိဥာဏ်မှာ နိမ့်ကျခြင်းမရှိချေ။ သူအဖော် ထိုလူငယ်လေး၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်သော် သူမည်သို့ ဆက်တိုက်ရဲတော့မည်နည်း။

ခပ်တိုးတိုး အော်မြည်လျက် ၎င်း၏ တောင်ပံများကို မီးကုန်ယမ်းကုန် ခတ်ကာ ပြန်လှည့်ပြေးရန် ကြိုးစားတော့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၆၉)

ယခုမှ ထွက်ပြေးရန် နောက်ကျလွန်းနေခဲ့လေပြီ။ ရန်ကိုင်သည် ဒုတိယ မိုးကြိုးမီးတောက်ဖွတ်သားရဲရှေ့သို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ကျုံ့ကာ မွန်းစတားသားရဲ၏ ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ခဏအကြာတွင် မွန်းစတားသားရဲ၏ ကိုယ်တွင်းမှ ကြောက်မက်ဖွယ်ရာ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့အပြင် အဖုကြီးတစ်ဖုသည် မွန်းစတားသားရဲ၏ လည်ချောင်းမှ နေ၍ ဝမ်းဗိုက်ဆီသို့ လျှောဆင်းသွားခဲ့သည်။

ဘုန်း…

မိုးကြိုးမီးတောက်ဖွတ်၏ ဝမ်းဗိုက်နေရာတွင် အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့ပြီး ထိုအပေါက်ထဲမှ ရန်ကိုင် ထွက်လာခဲ့သည်။

ဒုတိယမိုးကြိုးမီးတောက်ဖွတ်လည်း သေသွားခဲ့လေပြီ။

အကုန်လုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်မီ မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားသည်မှာ အသက်သုံးရှိုက်စာသာ ကြာခဲ့သည်။

ဖြစ်ပျက်သွားသည်မှာ အလွန်မြန်လွန်းသည့်အတွက် လူအုပ်ကြီးလည်း ဘာတွေဖြစ်နေလဲ ဆိုသည်နှင့် ပက်သက်၍ အလျင်မမှီနိုင်တော့အောင် ဖြစ်နေခဲ့သည်။

ဒုတိယမွန်းစတားသားရဲ၏ ဝမ်းဗိုက်ထဲမှ ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်သည့်အခါမှပဲ အကုန်လုံး မိန်းမောကြောင်အမ်းအမ်း ဖြစ်နေရာမှ အသိပြန်ဝင်လာကြ၏။

အလွန်ကိုမှ အားကောင်းသော အဆင့်ကိုး မွန်းစတားသားရဲ နှစ်ကောင်သည်… ထိုကဲ့သို့ သေသွားခဲ့ရလေသည်။

ဒါမိုးကြိုးမီးတောက်ဖွတ်တွေ မဟုတ်ဘူးလား။ ဘာလို့ အရမ်း အားနည်းနေရတာလဲ။ မိုးကြိုးမီးတောက်ဖွတ်နဲ့ ပုံစံတူတဲ့ အားနည်းတဲ့ မွန်းစတားသားရဲတွေတော့ မဟုတ်ပါဘူးနော် အကုန်လုံးလိုလို၏ စိတ်ထဲ ထိုကဲ့သို့ အတွေမျိုး ဖြတ်ပြေးသွား၏။

ကြမ်းကြုတ်ရက်စက်သည့် တိုက်ခိုက်ရေးပုံစံကြောင့် အကုန်လုံး ထိတ်လန့်နေကြသည်။

မွန်စတားမျိုးနွယ်စုဝင်များကြားမှ တိုက်ပွဲသည် အရိုင်းဆန်ပြီး ကြမ်းတမ်းခြင်းကြောင့် နာမည်ကျော်ကြားသည်။ မွန်းစတား မျိုးနွယ်စုဝင်များသည် သူတို့၏ ထိုကဲ့သို့ တိုက်ပွဲဝင်ပုံစံအပေါ် အလွန်ကိုမှ ဂုဏ်ယူကြသည်။

မွန်းစတားမျိုးနွယ်စုဝင်များကြားမှ တိုက်ပွဲသည်သာ အစစ်အမှန် တိုက်ပွဲများ ဖြစ်ကြပြီး လူသားမျိုးနွယ်များကြားမှ တိုက်ပွဲသည် အလှပွဲသက်သက်များသာ ဖြစ်သည်ဟု ထင်နေကြသည်။

သို့သော်လည်း သူတို့ရှေ့တွင် ရှိနေသော သခင်လေး မီထျန်းကို ရင်ဆိုင်အံတုနေသည့် လူငယ်လေး၏ ရက်စက်ကြမ်းတမ်းမှုကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကုန်လေပြီ။

မီထျန်းပင်လျှင် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လာရပြီ။

ထိုလူငယ်လေးသည် ယှဉ်ပြိုင်ရလွယ်မည့် လူတစ်ယောက် မဟုတ်မှန်း သူသိလိုက်လေပြီ။

သူ့လှည်းကိုဆွဲသော မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင်သည် ငယ်စဉ်ကတည်းက မွေးမြူပျိုးထောင်လာခဲ့ခြင်း ဖြစ်သည့်အတွက် တောရိုင်းထဲတွင်ရှိသော မိုးကြိုးမီးတောက်ဖွတ်များကဲ့သို့ ကြမ်းကြုတ်ခက်ထန်းခြင်း မရှိသော်လည်း ထိုကောင်များသည် တန်ခိုးရှင်ဒုတိယအဆင့်တစ်ယောက် အလွယ်တကူ သတ်နိုင်သည့် အကောင်များ မဟုတ်ချေ။

သူ့ရှေ့တည့်တည့်တွင်ပင် သူ့လှည်းကိုဆွဲသော မွန်းစတားသားရဲ နှစ်ကောင်သည် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ဘဲ သေသွားခဲ့ရသည်။

သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်လောက်သော်လည်း ထိုလူငယ်လေးက လုပ်ပြသွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဒုတိယအဆင့်များ ဟုတ်မှဟုတ်ပါလေစ ဟူသော အတွေးဖြင့် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်အား နောက်တစ်ဖန် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယအဆင့်သာ ဖြစ်နေသေးသည်။

မီထျန်း မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သူ့သွေဂများ စတင် ဆူပွဥ◌်လာခဲ့လေပြီ။

မွန်းစတားသားရဲများ၏ မွေးရာပါစရိုက်မှာ သွေးဆာပြီး ရက်စက် ကြမ်းကြုတ်ကြသည်။ မီထျန်းသည် မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်၏သား ဖြစ်သည့်အတွက် ဂုဏ်သရေ မပျက်စေရန် အခြားသူများနှင့်ယှဉ်လျှင် သူ့ကိုယ်သူပို၍ ထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း ယနေ့တွင် သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်ခြင်းမရှိဘဲ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်ကောင်း တစ်ဦးကို ကြုံတွေ့ခဲ့လေပြီ။

ခရက်…

မီထျန်း၏ ခန္ဓာကိုယ်ဆီမှ အသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အလွန်ကိုမှ တိုးညင်းသော်လည်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးလိုလိုက တုန်ခါနေသလိုလို။

သူအလွန် စိတ်လှုပ်ရှားနေခဲ့လေပြီ။

“ဘာတွေဖြစ်နေတာလဲ” ထိုစဉ် ခပ်လှမ်းလှမ်းဆီမှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်သံနှင့်အတူ လူပေါင်းများစွာ ရောက်လာခဲ့သည်။

သို့သော်လည်း မြို့ဂိတ်ပေါက်ဝရှိ မြင်ကွင်းကို မြင်ပြီးနောက်တွင် အသစ်ရောက်လာသူအားလုံး ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားကုန်ကြလေသည်။

“ဆရာမာကဲန” ဝံပုလွေနှင့် ဆင်တူသော မွန်းစတားသားရဲကို စီးနင်ထားသည့် မွန်းစတားမျိုးနွယ်စုဝင်က သားရဲပေါ်မှ အလျင်စလို ဆင်း၍ လေးလေးစားစား ဦးညွှတ်လိုက်သည်။

ယခု ရောက်လာသည့်လူသည် လန္စာမြို့၏ မြို့သခင်ဖြစ်သည့် မွန်းစတားမျိုးနွယ်စုဝင် မာကဲန ဖြစ်ပေသည်။ ဤကဲ့သို့သော မြို့တစ်မြို့၏ မြို့သခင်တစ်ယောက် ဖြစ်သည်နှင့်အညီ မာကဲနသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

သို့သော်ငြား သူသည် မြို့သခင်တစ်ယောက် ဖြစ်နေသည့်တိုင် ဤနေရာတွင် ဖြစ်ပျက်သွားသည့် ဖြစ်ကြောင်းကုန်စဉ်ကို တစ်လုံး တစ်ဗျာဒမှ မသိပါချေ။

မာကဲနသည် သူ့အနီးအနားတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို မသိခြင်းမဟုတ်ဘဲ မီထျန်းကကို အကျိုးသင့်အကြောင်းသင့် မလုပ်တတ်သောကြောင့် ဖြစ်သည်။ မူလအစီအစဉ်အရ ဝံပုလွေမွန်းစတားသားရဲများကို စီးနင်းထားသော ကျင့်ကြံသူများသည် မီထျန်း၏ တည်နေရာကို စုံစမ်းပြီး ပြန်သတင်းပို့ရန် ဖြစ်သည်။ ထို့နောက် မီထျန်းအား မြို့သခင်အိမ်သို့ ပို့ဆောင်ရန်အတွက် သင့်လျော်သော အစောင့်အကြပ်များ ပို့ပေးပေမည်။

သို့သော်လည်း မီထျန်းသည် ထိုဝံပုလွေမွန်းစတားသားရဲ စီးထားသည့် ကျင့်ကြံသူအုပ်ကို ပြန်သတင်းပို့ခွင့်မပေးဘဲ သူ့ကိုသာ တစ်ခါတည်း ခေါ်သွားစေခဲ့သည်။

သူ့မကောင်းသတင်းအကြောင်း သူသိသည့်အတွက် သူလာမည်ကို အခြားသူများ ကြိုသိလျှင် ရှောင်တိမ်းနေကြမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ပြန်သတင်းပို့ခွင့်မပေးခြင်း ဖြစ်လောက်သည်။ မဟုတ်လျှင် လစန္ဒာမြို့တွင် ရှိသော မိန်းမလှလေးအားလုံး အခြား နေရာသို့ ထွက်ပြေးတိမ်းရှောင်ကုန်ကြပေလိမ့်မည်။

မီထျန်းသည် လစန္ဒာမြို့တွင် အလှလေး နည်းနည်းပါးပါးလောက် ရှာယူပြီးမှ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်ဆီသို့သွားရန် စဉ်းစားထားခြင်း ဖြစ်သည်။

သူ့အစီအစဉ်မှာ အတော်လေး ကောင်းပေသည်။ သို့သော် မမျှော်လင့်ဘဲ ရန်ကိုင်နှင့် သွားတိုးခဲ့ပြီး သူ့အဆင့်ကိုးသားရဲ နှစ်ကောင် အသတ်ခံလိုက်ရလေသည်။

“သခင်လေးမီထျန်းလား” မာကဲန ချက်ချင်း မီထျန်းကို သတိပြုမိလိုက်သည်။ သူ့မျက်နှာကြီးလည်း မှုတ်ကုတ်သွားလေ၏။ မီထျန်း သူ့မြို့ထဲတွင် ပြဿနာရှာမည်စိုးသဖြင့် မီထျန်း၏ တည်နေရာကို သူ့ဆီ အရင် လာအကြောင်းကြားခိုင်းခြင်း ဖြစ်သည်။

“ဟားဟား။ မီထျန်း စီနီယာမာကြနကို နှုတ်ဆက်ပါတယ်။ အခုလို မပြောမဆိုဘဲ ရောက်လာလို့ စီနီယာမာကဲန စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်” မီထျန်းက လက်သီးဆုပ်၍ ပြောလိုက်လေသည်။

“ဘာတွေဖြစ်နေတာလဲ” ဝံပုလေမွန်းစတားသားရဲအား စီးနင်းထားသည့် မွန်းစတားမျိုးနွယ်စုဝင်ကို မာကဲန လှည့်မေးလိုက်၏။

မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ၏ နဖူးထက် ချွေးစေးများ ထွက်လာပြီး ဘာမှမဖုံးမကွယ်ဘဲ ဖြစ်ကြောင်းကုန်စဉ်ကို အစအဆုံး ပြန်ပြောပြလိုက်လေသည်။

“ရိုင်းလိုက်တာ” ရန်ကိုင်သည် မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်အား သတ်လိုက်သည့် အကြောင်းကို ကြားသော် မာကဲန ချက်ချင်း ဒေါသထွက်သွားပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာတော့လေသည်။

သူ့ပိုင်နက်ထဲတွင် မီထျန်းမိန်းမရှုပ်သည်ကို သူမကြိုက်သော်ငြား လူသားတစ်ယောက်မှ မွန်းစတားမျိုးနွယ်စု၏ မြင့်မြတ်သော မျိုးနွယ်စု တစ်ယောက်အား စိန်ခေါ်ခြင်းသည် သည်းခံ၍မရသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ကိစ္စနှစ်ခုကို ယှဉ်ကြည့်လိုက်သော် မီထျန်း မဖိတ်ခေါ်ဘဲ ရောက်လာသည့် ကိစ္စသည် ဘာမှ မဟုတ်တော့ချေ။

သို့သော်လည်း အဆင့်ကိုး မွန်းစတားသားရဲနှစ်ကောင်ကို အချိန်တိုအတွင်း သတ်နိုင်ရလောက်အောင် ထိုလူငယ်လေး မည်သူနည်း။ ထိုကဲ့သို့ လုပ်နိုင်သည်ကို ကြည့်လျှင် ထိုလူငယ်လေး၏ ခွန်အားသည် သာမန် မဟုတ်လောက်ချေ။

ရန်ကိုင်အား သေချာကြည့်ကြည့်လိုက်ပြန်သည့် အခါတွင်လည်း သူမြင်ဖူးသည့် လူတစ်ယောက်နှင့်မှ မတူပြန်။

ရန်ကိုင်သည် မြို့သခင်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ နေရာတွင် ရပ်နေခဲ့သည်။ ထို့နောက် သေဆုံးသွားသော မိုးကြိုးမီးတောက်ဖွတ် မွန်းစတားသားရဲဆီမှ သူ၏‌ ရွှေရောင်သွေးမျှင် နှစ်ချောင်းကို ပြန်သိမ်းလိုက်လေသည်။ ထိုရွှေရောင်သွေးမျှင် နှစ်ချောင်သည် သူ့လက်ထဲသို့ ပြန်ရောက်သည်နှင့် အသိစိတ်ရှိနေသည့်နှယ် သူ့လက်ထဲ ကခုန်နေခဲ့သည်။

အနီရောင်သန်းနေသော ရွှေရောင်သွေးမျှင်နှစ်ချောင်းကို ကြည့်ရင်း ရန်ကိုင် ကျေနပ်စွာ ပြုံးလိုက်လေသည်။

သွေးသားရဲ ဖန်တီးရန်အတွက် သင့်လျော်သော မွန်းစတားသားရဲ ရှာမတွေ့ ဖြစ်နေသော်လည်း ရုတ်တရက်ကြီး လုံးဝကွက်တိ အဆင်ပြေသော သားကောင်နှစ်ကောင် လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့အား ပြဿနာ လာရှာသော မီထျန်းကိုပင် ကျေးဇူးတင်ရမလိုလို ဖြစ်နေလေပြီ။

အဆင့်ကိုးမွန်းစတားသားရဲ၏ အဆီအနှစ်မှ ဖန်တီးထားသော သွေးသားရဲသည် အတော်လေး ကောင်းမွန်သည်ဟု ပြော၍ရသည်။

ရွှေရောင်သွေးမျျင်များကို ပြန်သိမ်းလိုက်သည့်နောက်တွင် မိုးကြိုးမီးတောက်ဖွတ်သားရဲ နှစ်ကောင်၏ အလောင်းကောင် ရုတ်ချည်း ညိုးလျော်ခြောက်သွေ့လာခဲ့လေသည်။

“အန်” မီထျန်း၏ မျက်ဝန်းအစုံ ဝင်းလက်သွားပြီး “အဲ့ဒါ ဘာနည်းစနစ်လဲ”

ထိုနည်းစနစ်ကို မီထျန်း အတော်လေး စိတ်ဝင်စားသည့်အတွက် ရန်ကိုင်လက်ထဲတွင် ကခုန်နေသော ရွှေရောင်သွေးမျှင် နှစ်ချောင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေ၏။

သူသည် မွန်းစတားမျိုးနွယ်စုဝင်များကြားတွင် တော်ဝင် အဆင့်အတန်း ရှိသူတစ်ဦး ဖြစ်သော်လည်း မီထျန်းသည် လူသားများ အသုံးပြုသည့် နည်းစနစ်များကို အတော်လေး စိတ်ဝင်စားပေသည်။ လူသားများသည် မွန်းစတားမျိုးနွယ်စုဝင်များကို ခွန်အားပိုင်းတွင် မယှဉ်နိုင်သော်ငြား သူတို့သည် မွန်းစတားမျိုးနွယ်စုထက် ကျင့်စဉ်များကို ဖန်တီးခြင်းနှင့် အသုံးချသည့်အပိုင်းတွင် ပိုသာပေသည်။

မျိုးနွယ်စု နှစ်ခုစလုံးတွင် သူ့အားသာချက်နှင့်သူ ရှိကြသည်။

မီထျန်းသည်လည်း ထိုအချက်ကို နားလည်ထားသည်။ ထို့ကြောင့် လူသားမျိုးနွယ်စုမှ အသုံးပြုသည့် နည်းစနစ်များကိုလည်း စိတ်ဝင်တစား လေ့လာကြည့်ခြင်း ဖြစ်သည်။

သူ့တွင် မွန်းစတားမျိုးနွယ်စု၏ အားကောင်းသော ခန္ဓာကိုယ် ရှိသည်။ လူသားမျိုးနွယ်စု၏ နည်းစနစ်များကိုသာ ထပ်မံ တတ်ကျွမ်းသွားမည်ဆိုပါက တစ်နေ့တွင် သူ့ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းလမ်းကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။ ထို့အပြင် သူ့အဖေ ချန်ယန် ရောက်သည့် အဆင့်ထက် ပိုမိုသာလွန်သော အဆင့်ကို ရောက်နိုင်မည်ဟုလည်း ယုံကြည်နေမိသေးသည်။ ထိုသို့သာ ဖြစ်သွားခဲ့မည်ဆိုလျှင် မွန်းစတားဧကရာဇ်ရှိ မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်စလုံး၏ ခေါင်းဆောင် ဖြစ်လာနိုင်ပေလိမ့်မည်။

ထိုနေရာ လစ်လပ်နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

ယခု ရန်ကိုင်၏ နည်းစနစ်ကို သူအတော်လေး စိတ်ဝင်စားနေမိ၏။

လူသားမျိုးနွယ်စု၏ နည်းနစ်များစွာကို လေ့လာဖူးသည့်အတွက် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်နှစ်ချောင်း မည်မျှ ထူးခြားသလဲ ဆိုသည်ကို သူပြောနိုင်ပေသည်။ ထိုအပြင် ထိုသွေးမျှင် နှစ်ချောင်းသည်… မိုးကြိုးမီးတောက်ဖွတ်၏ အလောင်းထဲမှ ထွက်ပေါ်လာပြီးနောက် အသိစိတ်ရရှိလာသည့်ပုံပင်။

ငါအဲ့ဒါကို ရအောင်ယူရမယ် မီထျန်း၏ စိတ်ထဲ ထိုကဲ့သို့သော အတွေးမျိုး ဖြတ်ပြေးသွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်လက်ထဲရှိ အရာကို လက်ညိုးထိုး၍ ပြောလိုက်သည် “လူသား၊ မင်းလက်ထဲကဟာကို ဒီသခင်လေးဆီ ပေးလိုက်။ အဲ့ဒါဆို ဒီသခင်လေး မင်းရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးလိုက်မယ်”

ရန်ကိုင်က မီထျန်အား လှောင်ပြုံးပြုံးလျက် ပြန်ကြည့်လိုက်ပြီး ရွှေရောင်သွေးမျှင်နှစ်ချောင်းကို သိမ်းကာ ထီမထင်ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ဘာလို့ ပေးရမှာလဲ။ မပေးဘူး”

မီထျန်း မျက်မျောင်ကြုတ်သွားပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်း ကြည့်လျက် ရယ်သွမ်းသွေးကာ “လူသား၊ မင်းဦးနှောက် တစ်ခုခု ဖြစ်နေတာလား။ ဒီသခင်လေးရဲ့ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်ပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား။ မင်းအသက်ရှင်ချင်တယ်ဆိုရင် ငါပြောတဲ့အတိုင်း လုပ်လိုက်၊ အဲ့ဒါဆို မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်”

သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် လစန္ဒာမြို့၏ မြို့သခင် မာကဲနနှင့် တန်ခိုးရှင်အဆင့် ပညာရှင်များစွာတို့သည် ရန်ကိုင်အား တစ်ချိန်တည်း စိုက်ကြည့်လာခဲ့ကြလေသည်။

မာကဲနသည် ရန်ကိုင်အား မနှစ်မြို့ဟန်ဖြင့် ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ကောင်လေး၊ ငါတို့ဘက်က သဘောကောင်းနေတုန်း မင်းလက်ခံလိုက်ရင်ကောင်းမယ်။ ငါ့လစန္ဒာမြို့မှာ မင်းလုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူးကွ”

“လုပ်ချင်တိုင်းလုပ်တယ်” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး မြို့သခင်ဖြစ်သူအား နည်းနည်းလေးပင် မျက်နှာမထောက်တော့ဘဲ အထက်စီးဖြင့် ပြန်ပြောလိုက်လေသည် “အဲ့တော့ ဘာဖြစ်လဲ။ ခင်ဗျား ကျုပ်ကို ကိုက်မှာလား”

“ရဲတင်းလိုက်တာ” မာကဲန ဒေါသပုန်ထသွားလေသည်။ သူအသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် မည်သည့် လူသားကမှ သူ့အား ဤကဲ့သို့ မစော်ကပါးရဲခဲ့ချေ။ ဤမွန်းစတား မျိုးနွယ်စုဝင်များ အုပ်စိုးသည့် နေရာမျိုးတွင် လူသားများသည် မည်မျှပင် အားကောင်းနေစေကာမူ မွန်းစတားမျိုးနွယ်စုဝင်များကို မျက်နှာသာပေးရသည်။ သူကဲ့သို့ မြို့သခင် တစ်ယောက်ကို ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

မာကဲသည် မီထျန်းကို လှည့်ကြည့်လိုက်သည်။ မီထျန်းသည်လည်း မာကဲနကိုလည်း ပြန်လှည့်ကြည့်လိုက်သည်၊။ ထိုလူသားကို သတ်ရန်၊ သို့မဟုတ် ဖမ်းဆီးနိုင်ရန်အတွက် သူတို့နှစ်ဦး အတူတူ ပူးပေါင်းရန် လိုအပ်ပေသည်။ မဟုတ်လျှင် မွန်းစတားမျိုးနွယ်စု တစ်ခုလုံး မျက်နှာပျက်ရပေလိမ့်မည်။

သို့သော် သူတို့ မလှုပ်ရှားရသေးခင်မှာပဲ လစန္ဒာမြို့တွင်းရှိ တစ်နေရာမှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ရပ် ပေါက်ကွဲထွက်လာခဲ့သည်။ မီထျန်းနှင့် မာကဲနတို့သည်လည်း ထိုထူးဆန်းသော စွမ်းအင်လှိုင်းကို သတိပြုမိလိုက်ကြ၏။ သို့သော် ထိုစွမ်းအင်လှိုင်း ဘာကြောင့် ထွက်ပေါ်လာမှန်း မပြောနိုင်ခဲ့ပေ။

ရန်ကိုင်ကမူ မျက်လုံးမှေးစဉ်းပြီး စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ခဏမျှ စဉ်းစားနေပြီးနောက်တ တစ်ခုခု စဉ်းစားမိဟန်ဖြင့် အလျင်စလို ပြေးထွက်သွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၀)

“အဲ့မှာရပ်နေစမ်း” မာကဲနက ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

ရန်ကိုင်ဆီမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်သီးချက်ကို အလွယ်တကူ ကာကွယ်သွားခဲ့ကာ ရန်ကိုင်ကမူ နည်းနည်းလေးပင် အရှိန်နှေးသွားခြင်း မရှိဘဲ ပြေးထွက်သွားခဲ့လေသည်။

ယခု ပေါ်လာသည့် စွမ်းအင်လှိုင်းနှင့် ပက်သက်၍ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရနေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်မှ လေဟာနယ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

မာကဲနနှင့် မီထျန်းတို့ ကြောင်အသွားခဲ့သည်။

ရန်ကိုင် မည်ကဲ့သို့ ထွက်သွားလဲဆိုသည်ကို သူတို့ လုံးဝ မမြင်လိုက်ချေ။ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် သေချာအာရုံစိုက်ထားခဲ့သော်လည်း သူမည်ကဲ့သို့ ထွက်သွားလဲ ဆိုသည်ကို နှစ်ဦးစလုံး မသိလိုက်ကြချေ။

မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးစလုံး၏ အမူအရာ လေးနက်တည်ကြည်သွားကြ၏။ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ထူးဆန်းသော စွမ်းအင်လှိုင်း ရှိရာဆီသို့ ချက်ချင်း ပြေးထွက်သွားကြလေတော့သည်။

ဘာကြောင့် ထိုကဲ့သို့ ထူးဆန်းသော ဖြစ်စဉ် ပေါ်လာသလဲ ဆိုသည်ကို သူတို့လည်း သိချင်နေမိကြသည်။

လစန္ဒာမြို့ထဲရှိ တည်းခိုခန်းတစ်ခုရှေ့တွင် ကျင့်ကြံသူများစွာ စုဝေးနေခဲ့ကြသည်။ ထိုလူအုပ်ကြီးထဲတွင် လူသားမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စု နှစ်ခုစလုံးမှ ကျင့်ကြံသူများ ရှိနေကြသည်။ အကုန်လုံးသည် လမ်းမထက်တွင် စုဝေးလျက် အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။

ရန်ကိုင် ထိုနေရာသို့ ရောက်လာပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီးသည့်နောက် သူ့မျက်နှာထက် ကူကယ်ရာ မဲ့နေသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့အထင် မှန်နေခဲ့လေပြီ။

ဆိုင်ပိုင်ရှင်သည်လည်း တည်းခိုခန်းရှေ့တွင် ရပ်လျက် အခြားသူများကဲ့သို့ ကောင်းကင်ပေါ်သို့ ရှုပ်ထွေးသော အမူအရာဖြင့် မော့ကြည့်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို ဆိုင်ရှင်လူအိုကြီး ချက်ချင်း သတိပြုမိလိုက်သည်။ ချက်ချင်းပဲ လက်ယပ်ခေါ်လိုက်ပြီး “ဒီကိုလာဦး လူငယ်လေး”

ရန်ကိုင်လည်း လူအိုကြီးအား ကြည့်လျက် အလျင်အမြန် သူ့ဆီသို့ ပြေးသွားလေသည်။ ထို့နောက် တောင်းတောင်းပန်ပန်ဖြင့် “ကြည့်ရတာ အဖိုးကို ပြဿနာဖြစ်အောင် လုပ်လိုက်မိပြီနဲ့ တူတယ်”

လူအိုကြီးက ရယ်သွမ်းသွေးလျက် ခေါင်းခါ၍ “ဒီလူအိုကြီးရဲ့ ပြဿနာက ဘာမှမဟုတ်သေးဘူး။ မင်းရဲ့ ပြဿနာကမှ တကယ့် ပြဿနာ”

ပြောပြီးသည်နှင့် လူအိုကြီးသည် ပြိုင်တူ ရောက်ရှိလာကြလေသာ မာကဲနနှင့် မီထျန်းတို့အား လှမ်းကြည့်လိုက်လေသည်။ လူအိုကြီး၏ နှုတ်ခမ်းအစုံ တွန့်ကွေးခဲ့ပြီး ထပ်၍ ပြောလိုက်သည် “မင်းပြဿနာက ဆိုင်ထဲက ပြဿနာနဲ့တင် မပြီးသေးဘူးနဲ့ တူတယ်”

“ဟဲဟဲ…” ရန်ကိုင် ခြောက်ကပ်ကပ်သာ ရယ်လိုက်လေသည်။

သူ့အား ပြဿနာ ရှာနေသည့်လူသည် မာကဲနနှင့် မီထျန်းတို့သာ ဖြစ်လျှင် ရန်ကိုင် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သူ့စီနီယာ မမလေးကို ခေါ်၍ လေဟာနယ်ဆုတ်ဖြဲပြီး ထွက်ပြေးသွားရုံသာ။ မွန်းစတားဧကရာဇ်ကြယ်သည် အကျယ်ကြီးဖြစ်သည့်အတွက် ကြုံသည့် နေရာတစ်ခုခုတွင် ဝင်ပုန်းနေလိုက်ရုံပင်။

ထို့ပြင် တန်ခိုးရှင်ဘုရင်အဆင့်အောက် ဘယ်သူ့ကိုမှ ရန်ကိုင် မကြောက်ချေ။ တကယ်သာ တိုက်ခိုက်ရမည်ဆိုလျှင် လစန္ဒာ မြို့တစ်ခုလုံးကို အထက်အောက်ပြောင်းပြန် ဖြစ်သွားအောင် လုပ်ဖို့လည်း ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းကြောင်း ရန်ကိုင် ခေါင်းကိုက်ချင်နေလေပြီ။

ဤနေရာသို့ ရောက်လာပြီးနောက် ထူးဆန်းသော စွမ်းအင်လှိုင်း ပေါ်လာရခြင်းမှာ သူ့စီနီယာမမလေးကြောင့်မှန်း သေချာ အတည်ပြုလိုက်နိုင်သည်။

ရှနင်းချန်းသည် တည်းခိုတန်းတွင် နေလျက် တစ်နေကုန် ဆေးထိုင်ဖော်စပ်နေခဲ့သည်။ ရန်ကိုင် သူမအား သွား၍ မနှောင့်ယှတ်ခဲ့ချေ။

သို့သော်လည်း ဤကဲ့သို့သော နေရာမျိုး၌ သူ့စီနီယာမမလေးသည် အလွန်ကိုမှ အံ့ဩဖွယ်ကောင်းသည့် ဆေးလုံးကို ဖော်စပ်လိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

သူကိုယ်တိုင်လည်း ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်ဖူးသည့် အတွက် ဤထူးဆန်းသော စွမ်းအင်လှိုင်း ပေါ်လာသည်နှင့် ထိုစွမ်းအင်လှိုင်း ဘာကြောင့် ပေါ်လာရသလဲ ဆိုသည်ကို ချက်ချင်း သိလိုက်ခြင်း ဖြစ်သည်။ ဤဖြစ်စဉ် ပေါ်လာရခြင်းမှာ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်သန့်စင်လိုက်နိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

မိုးရေစင်ကြယ်ပေါ်တွင် ရှိစဉ်က ရန်ကိုင်သည် ရွှယ့်ယွယ်၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ဆေးတိမ်တိုက်ပါသော မီးဓါတ်အခြေပြု ဆေးလုံးတစ်လုံးကို သန့်စင်ခဲ့ဖူးသည်။

ရန်ကိုင် ဖော်စပ်ခဲ့သည့် ဆေးလုံးများအနက်တွင် ထိုဆေးလုံး တစ်လုံးသည်သာ ဆေးတိမ်တိုက် ဖြစ်ပေါ်ဖူးသည်။ ဆေးတိမ်တိုက် ပါသည့် ဆေးလုံးများသည် သန့်စင်ချင်တိုင်း သန့်စင်၍ရသည့် ဆေးလုံးများ မဟုတ်ဘဲ ကံကောင်းမှသာ သန့်စင်နိုင်သည့် ဆေးလုံးမျိုး ဖြစ်သည်။ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရသည်မှာ ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်ရသည်နှင့် ကွာခြားပေသည်။ ဆေးသွေးကြောပါသော ဆေးလုံးများကို ရန်ကိုင် အလွယ်တကူ ဖော်စပ်နိုင်ပေသည်။

သို့သော်လည်း ယခုအချိန်ထိတိုင် ဆေးတိမ်တိုက်ပါသော ဆေးလုံးအား မည်ကဲ့သို့ ဖော်စပ်ရမည်လဲ ဆိုသည်ကို ရန်ကိုင် မသိသေးချေ။

တော်ဝင်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ့စီနီယာ မမလေးအနေဖြင့် ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

သို့သော်လည်း ဤနေရာသည် မွန်းစတားကြယ်ဖြစ်သည်။ သူမသာ ထိုဆေးလုံးကို သန့်စင်ပြီးသွားလျှင် ပညာရှင်များစွာ၏ အာရုံစိုက်ခြင်း ခံရလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် မာကဲနနှင့် မီထျန်းတို့ပင်။ ထိုနှစ်ယောက်သည် ထိုဆေးလုံးကို ကျိန်းသေ လက်လွှတ်လိမ့်မည် မဟုတ်သလို ရှနင်းချန်ကိုလည်း အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ဆေးတိမ်တိုက်ပါသော ဆေးလုံးအား သန့်စင်နိုင်သူ တစ်ယောက်သည် ဆေးပညာလမ်းစဉ်တွင် အလွန်ကိုမှ အဆင့်မြင့်မားနေသူ တစ်ဦးဟု ပြော၍ရသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် ‘ဆေးဝိဇ္ဇာ’ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ထိုကဲ့သို့သော လူတစ်ဦးကို မွန်းစတား မျိုးနွယ်စုဝင်များ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

ထိုအကြောင်းများကို တွေးရင်း ရန်ကိုင် အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။

လက်ရှိအချိန်မှ ရှနင်းချန်ကို သွားတား၍လည်း မဖြစ်ချေ။ ဆေးပညာတွင် အခွင့်အရေးနှင့် အခွင့်အလမ်းတို့သည် အလွန်ကိုမှ အရေးပါပေသည်။ သူ့စီနီယာမမလေးသာ ဤဆေးလုံးကို ဖော်စပ်လိုက်နိုင်မည်ဆိုလျှင် သူမ၏ ဆေးပညာစွမ်းရည်ကို အကြီးအကျယ် တိုးတက်လာစေပေလိမ့်မည်။ သူသာ သူမအား လမ်းတစ်ဝက်နေမှ ဖြတ်တားလိုက်လျှင် သူမ၏ အနာဂတ် အောင်မြင်မှုများကို နှောင့်ယှတ်လိုက်သလို ဖြစ်သွားနိုင်ပေ၏။

မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ သူ့အနေဖြင့် သူမအား ဤဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်အောင် ကူညီပေးရပေမည်။

ဆုံးဖြတ်ပြီးသည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ အေးစက်သွားခဲ့သည်။

မာကဲနနှင့် မီထျန်းသည် တည်းခိုခန်းပေါ်ရှိ ကောင်းကင်အား ကြောင်ကြည့်နေကြသည်။ ထိုနေရာဆီသို့ မြောက်မြားလှသော မိုးမြေစွမ်းအင်များ အဆက်မပြတ် စုဝေးလာနေခဲ့ကြလေသည်။ မကြာမီတွင် ဝဲကတော့လေးတစ်ခု ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်ရင်း ပိုပို၍ များပြားသော မိုးမြေစွမ်းအင်များကို စတင် စုပ်ယူတော့သည်။

“စီနီယာမန်ကဲ၊ အဲ့ဒါ ဘာဖြစ်နေတာလဲ။ ရှားပါးရတနာ တစ်ခုခု ပေါ်လာနေတာလား” မီထျန်းသည် အတော်လေး အတွေ့အကြုံ ကြွယ်ဝသည်ဟု ပြော၍ရသော်လည်း သူ့တစ်သက်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်း သူမပြောနိုင် ဖြစ်နေခဲ့သည်။

မာကဲနသည် ထိုအရာဘာလဲ သိရလေအောင် မျက်မှောင်ကြုတ်၍ သေချာ စိုက်ကြည့်နေလိုက်သည်။ သို့သော် ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒီမြို့သခင်လည်း မသိဘူး”

“စီနီယာတောင် ဘာတွေဖြစ်နေလဲ မသိဘူးလား” မီထျန်း အံ့အားသင့်သွားသည်။

“လောကကြီးက အကျယ်ကြီးပဲဟာကို၊ ဒီလောကကြီးထဲမှာ ငါမသိတဲ့ ဖြစ်စဉ်တွေ အများကြီးပဲ။ မြို့သခင် ဒီတစ်ခုကို မသိတာလည်း အံ့အားသင့်စရာ မဟုတ်ဘူးလေ။ အင်း။ ဒါဘာလဲ သိတဲ့လူ တစ်ယောက်ယောက်များ ရှိကြလား” မာကဲနသည် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များဘက်သို့ လှည့်၍ မေးလိုက်သည်။

အကုန်လုံး ခေါင်းခါလိုက်ကြသည်။ မည်သူမှ ဘာတွေဖြစ်နေမှန်း မသိကြချေ။

“စိတ်ဝင်စားစရာပဲ” မီထျန်းက တောက်ပစွာပြုံးလျက် “ကြည့်ရသလောက်တော့ တစ်ယောက်ယောက် ကျင့်ကြံရင်း အဆင့်ချိုးဖျက်နေတာနဲ့ မတူဘူး။ ရှားပါးရတနာတစ်ခုခု ဖြစ်ပေါ်လာတာနဲ့လည်း မတူပြန်ဘူး။ ဒါဘာဖြစ်နေတာလဲ”

“ရှင်းပါတယ်။ တစ်ချက်ကြည့်ကြည့်လိုက်ရုံပေါ့” မာကဲနနှင့်အတူ လိုက်ပါလာသော တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဝင်ပြောလိုက်ပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို တည်းခိုခန်းဆီသို့ ဖြန့်ကျက်လိုက်လေသည်။

သို့သော်လည်း တည်းခိုခန်းဆီသို့ မရောက်နိုင်သေးခင်မှာပင် အန္တရာယ်များသည့် အရှိန်အဝါတစ်ခု သူ့ဆီ တိုးဝင်လာနေသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် သူ့ကောင်းကင် စိတ်အာရုံကို တစ်ခုခုမှ လောင်ကျွမ်းပစ်သွားသလို ခံစားလိုက်ရလေသည်။

ကောင်းကင်စိတ်အာရုံ လောင်ကျွမ်းခံလိုက်ရသည့်အတွက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူ သူ့ခေါင်းကို ကိုင်လျက် နာနာကျင်ကျင် အော်ဟစ်တော့လေသည်။

ချက်ချင်းဆိုသလို အားလုံး၏ မျက်ဝန်းအစုံသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုလူကို ဤကဲ့သို့ ဖြစ်အောင် လုပ်လိုက်သူမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံဖြစ်မှန်း အကုန်လုံး သတိပြုမိလိုက်၏။

မာကဲနဲ၏ မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့ပြီး မီထျန်းကမူ ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။

“ဒါသတိပေးတာပဲ။ အထဲမှာ ဘာဖြစ်နေလဲဆိုတာကို ချောင်းကြည့်ဖို့ ကြိုးစားမယ်ဆို ကျုပ်ကို ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့” ရန်ကိုင်သည် လူအုပ်ကြီးဘက်သို့ လှည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

လက်ရှိ အခိုက်အတန့်သည် သူ့စီနီယာ မမလေးအတွက် အလွန် အရေးကြီးနေလေရာ သူမအား တစ်ယောက်ယောက်မှ ကောင်းကင်စိတ်အာရုံသုံး၍ စူးစမ်းမည်ကို ရန်ကိုင် မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ မတော်တဆ သူမအား သွားနှောင့်ယှတ်မိလျှင် သူ့စီနီယာမမလေး ဖော်စပ်နေသည့်ဆေးလုံး မအောင်မမြင် ဖြစ်သွားနိုင်ပေသည်။

ရန်ကိုင်နှင့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူတို့ နှစ်ဦးစလုံးသည် တန်ခိုးရှင် ဒုတိယအဆင့်များသာ ဖြစ်ကြသော်လည်း ကောင်းကင်စိတ်အာရုံချင်း ပြိုင်ဆိုင်သည့်အခါ ထိုလူသည် ရန်ကိုင်ထက် အများကြီး နိမ့်ကျနေခဲ့သည်။ ထိုအချက်ကို နားလည်လိုက်သော် မာကဲနနှင့် မီထျန်းတို့ ရန်ကိုင်၏ ခွန်အားကို တစ်ဖန်ပြန်လည် ဆန်းစစ်ရတော့ပြန်သည်။

“ကောင်လေး” မာကဲနက ခပ်အက်အက် လေသံဖြင့် “မင်းငါတို့ မွန်းစတားမျိုးနွယ်စုကို တကယ်ကြီး ဆန့်ကျင်ချင်နေတာလား”

“မင်းသတ္တိရှိတာဟုတ်တယ်။ မင်းမှာ ခွန်အားလည်း ရှိတာ ဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို သိပ်ပြီး သွေးနားထင် မရောက်ဖို့ ငါမင်းကို အကြံပေးချင်တယ်” မီထျန်းက ရယ်သွမ်းသွေး၍ ပြောလိုက်လေသည်။

ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ထိုနှစ်ယောက်ကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။ အစောပိုင်းက ဖြစ်ပျက်သွားသည့် တစ်ယောက်ကို ကြည့်ပြီး တည်းခိုခန်းထဲတွင် ဖြစ်ပျက်နေသည်များကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းချင်သည့် လူအားလုံး ထိုအကြံကို ချက်ချင်း ပယ်ဖျက်လိုက်ကြလေသည်။

ရန်ကိုင် တစ်ယောက်တည်းသာ ထိုနေရာတွင် ရပ်နေခြင်း ဖြစ်ကြသော်လည်း မည်သူမှ ရှေ့တက်မသွားရဲကြပေ။

အချို့မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်ကို ကြောက်နေကြချိန် အချို့မှာတော့ သူ့ကို လေးစားနေကြသည်။

လူသားတိုင်းသည် သူ့ကဲ့သို့ သတ္တိရှိကြသည့် လူများ မဟုတ်ကြ။ မွန်းစတားမျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်ရနေသည့်တိုင် ရန်ကိုင်သည် နည်းနည်းလေးမှ အောက်ကျို့ခံခြင်း မရှိခဲ့ပေ။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်လေး၊ မင်းက ဒီမြို့သခင်နဲ့ မွန်းစတားမျိုးနွယ်စုကို မျက်လုံးထဲ မထည့်ဘူးပေါ့။ သခင်လေး မီထျန်းကိုတောင် ရန်စရဲတယ်ဆိုတော့ မင်းဒီနေ့ ဒီနေရာက ထွက်သွားဖို့ မစဉ်းစားတော့နဲ့” မာကဲန ဆက်ပြီး သည်းမခံနိုင်တော့ချေ။ အစကတည်းက ရန်ကိုင်ကို သိပ်ကြည့်ရခြင်းမဟုတ်၊ ယခု ရန်ကိုင်က သူ့အား လုံးဝ အရေးမစိုက်သလို လုပ်လာသည်ကို မြင်သော် မာကဲနဲ ဒေါသအိုး ပေါက်ကွဲတော့လေသည်။

လောလောဆယ်တွင် သူ့ဦးစားပေးသည် ထိုလူသားကို သတ်ရန် ဖြစ်သည်။ အထဲတွင် ရှိနေသည့် အရာနှင့် ပက်သက်၍မူ ထိုလူသားကို သတ်ပြီးမှ စုံစမ်း၍လည်း နောက်မကျသေးချေ။

“ကောင်လေး၊ မင်းသေဖို့ ပြင်ထားပေတော့” မီထျန်းသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

မီထျန်းသည် အပေါ်ယံတွင်သာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ မီးတောက်နေခဲ့သည်။ ရန်ကိုင် သူ့မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားပြီး သူ့အား မလေးမစားဖြင့် ဆက်ဆံသည်ကို မီထျန်း မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ယခု သူ့တွင် အားကိုးစရာ မာကဲနပါ ရှိနေသည့်အတွက် သူလည်း သည်းခံနေတော့မည် မဟုတ်ချေ။

အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည်လည်း သူတို့၏ သူတော်စင်ချီကို စတင် စုစည်းကြတော့လေသည်။

“ကျုပ်အသက်ကို လိုချင်တာလား။ ခင်ဗျားတို့ လုပ်နိုင်ရင် လုပ်လိုက်လေ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူ့ဆီမှ မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ထိုစွမ်းအားအောက် ရောက်သွားသည့်လူတိုင်း သူတို့၏ ခန္ဓာကိုယ် ဖိနှိပ်ခံလိုက်ရပြီး နွံအိုင်တစ်ခုထဲ ရောက်သွားသည့်နှယ် လှုပ်ရှားရ ခက်ခဲလာသလို ခံစားလိုက်ကြရသည်။ သူတို့ ကိုယ်ထဲရှိ သူတော်စင်ချီပင် ကောင်းကောင်း မစီးဆင်းနိုင်ကြတော့ချေ။

ရှီပင်…

ရန်ကိုင်မှ သူ့ရှီကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် မာကဲနနှင့် မီထျန်းတို့မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့၏။ တစ်ဖက်လူ၏ ရှီသည် သူတို့ထက် အများကြီး ပိုမြင့်နေကြောင်း တွေ့ရှိလိုက်ရသည်။

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

သူသည် တန်ခိုးရှင်တတိယအဆင့် ဖြစ်ပြီး ထိုလူငယ်လေးသည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်။ အဆင့်လေး တစ်ဆင့် ကွာခြားခြင်းသာ ဖြစ်သော်လည်း ထိုအဆင့်လေး တစ်ဆင့်သည် အလွန်ကိုမှ ခြားနားသော ခွန်အားကို ကိုယ်စားပြုပေသည်။ ထိုသို့ဆိုလျှင် ထိုလူငယ်လေး၏ ရှီသည် ဘာကြောင့် သူတို့၏ရှီထက် ပို၍ အားကောင်းနေရသနည်း။

မွန်းစတားမျိုးနွယ်စုဝင်မှ ကျင့်ကြံသူများသည် သူတို့၏ ရှီဖြင့် ရန်ကိုင်၏ ရှီကို တန်ပြန်ရန် လုပ်လိုက်သော်လည်း ရန်ကိုင်၏ရှီကို အပြည့်အဝ တန်ပြန်နိုင်ခဲ့ခြင်း မရှိချေ။

ထို့အပြင် ထိုလူသားကောင်လေး၏ ရှီစွမ်းအင်ထဲ ထူးဆန်းသော စွမ်းအားတစ်ရပ် ပါဝင်နေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ သတိပြုမိလိုက်ကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် ထိုစွမ်းအားသည် သူတို့အား ဖြတ်တောက်သွားလိမ့်မည်ဟု သူတို့အားလုံး ခံစားနေကြရ၏။

All Chapters