← Chapters

အခန်း (၁၅၇၁-၁၅၇၅)

Vol. 63 Ch. 1571-1575

အခန်း (၁၅၇၁-၁၅၇၅)

Vol. 63 Ch. 1571-1575

အပိုင်း (၁၅၇၁)

ရန်ကိုင်၏ ရှီသည် သူ၏ လေဟာနယ်စွမ်းအားနှင့် ပေါင်းစပ်ပြီးနေခဲ့လေပြီဖြစ်ကာ ထိုအရာသည် သူ၏ အားအကောင်းဆုံး ဝှက်ဖဲများအနက် တစ်ခု ဖြစ်ပေသည်။ မလိုအပ်လျှင် ထိုဝှက်ဖဲကို ထုတ်ဖော် မပြချင်သော်လည်း လုပ်ရမည် ဖြစ်သည့်အတွက်ကြောင့် လုပ်ရ်တော့သည်။

မာကဲန၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး မီထျန်းသည်လည်း လေးနက်တည်ကြည်သွားခဲ့သည်။

ရန်ကိုင်သည် ရှီအား ထိုအဆင့်ထိ နားလည်ထားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး မထင်ထားခဲ့ချေ။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံနှင့် ခန္ဓာကိုယ်ခွန်အားအကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခိုက် သူတို့ နှစ်ဦးစလုံး အလျင်စလို မလှုပ်ရှားရဲကြတော့ပေ။

အစကမူ အနည်းငယ် စိတ်ဓါတ်ကျနေဟန် ထင်ရသော် ဆိုင်ပိုင်ရှင်၏ မျက်ဝန်းအစုံသည် ရန်ကိုင်ကို ကြည့်နေရင်း တဖျက်ဖျက် လင်းလက်လာတော့သည်။

ထို့နောက် ခေါင်းမော့၍ ကောင်းကင်ပေါ်၌ ဖြစ်ပျက်နေသော ဖြစ်စဉ်ကို သေချာ ထပ်လေ့လာကြည့်သည်။

မကြာမီ တစ်ခုခုကို တွေ့ရှိသွားခဲ့ပြီး အံ့အားသင့်နေဟန်ဖြင့် “ရပ်လိုက်တော့” အော်ပြောလိုက်လေသည် “အကုန်လုံး စိတ်ငြိမ်ငြိမ်ထားကြ”

ရန်ကိုင်သည် ဆိုင်ပိုင်ရှင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

မာကဲနသည်လည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ထပ်မံ၍ ဒေါသ ထွက်လာပြန်တော့လေသည်။

သူသည် လစန္ဒာမြို့၏ မြို့သခင် ဖြစ်သည်။ ဤနေရာတွင် မည်သူမှ သူ့အား အမိန့်မပေးနိုင်ချေ။ တည်းခိုခန်း ဆိုင်ပိုင်ရှင် တစ်ယောက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

“လူအိုကြီး၊ ဒီနေရာက ခင်ဗျား ဝင်စကားပြောရမယ့် နေရာ မဟုတ်ဘူး။ ဘေးဖယ်နေလိုက်” မီထျန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“စားစား…” ဆိုင်ပိုင်ရှင်သည် နည်းနည်းလေးပင် ကြောက်ရွံ့သွားခြင်း မရှိဘဲ ရယ်မော၍သာ မီထျန်းအား ပြန်ကြည့်လိုက်လေသည်။

ဆိုင်ပိုင်ရှင်၏ အမူအရာကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို မီထျန်း ခံစားလိုက်ရသည်။ ဆိုင်ရှင်အား မယုံသင်္ကာဖြင့် ကြည့်ရင်း ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေသည် “ဒီသခင်လေး ခင်ဗျားကို အရင်က တွေ့ဖူးလား။ ခင်ဗျား မျက်နှာကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“လူကြီးမင်းချန်းယန်ရဲ့ သားဆိုတဲ့ အတိုင်းပါလား၊ ဒီလောက် မြန်မြန် ရှာတွေ့သွားတယ်၊ တကယ်ကို မဆိုးဘူး” “ဆိုင်ပိုင်ရှင်က ချီးကျူးလိုက်သည်။

ထိုအချက်ကြောင့် မီထျန်း မျက်နှာပျက်သွားပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည် “ခင်ဗျား ဘယ်သူလဲ”

မာကဲနသည်လည်း ကြောင်သွားခဲ့သည်။ မြို့ထဲရှိ တည်းခိုခန်း တစ်ခု၏ ပိုင်ရှင်သည် ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသော ကျောထောက်နောက်ခံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မဟုတ်လျှင် မီထျန်း အနေဖြင့် ထိုလူအိုကြီးကို ထိုကဲ့သို့ ခေါ်ဝေါ်လိမ့်မည် မဟုတ်ချေ။

အခြေအနေကို မြင်ပြီးနောက် ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်၏။

အကုန်လုံး လူအိုကြီးအား အာရုံစိုက်လာသည်အတွက် ရန်ကိုင် စိတ်ညစ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ကျေနပ်နေသေးသည်။ ရန်ကိုင်ကိုယ်တိုင်လည်း ထိုလူအိုကြီး မည်သူ ဖြစ်သလဲ ဆိုသည်ကို သိချင်နေမိသည်။ ထိုလူအိုကြီး၏ ခန္ဓာကိုယ်မှ မည်သည့် စွမ်းအင် အရိပ်အယောင်ကိုမှ သူအာရုံမခံမိချေ။ သို့သော်လည်း မီထျန်းနှင့် မာကဲနတို့ ရှေ့တွင် အကြောက်အလန့်ကင်းကင်းနှင့် ပြောဆိုရဲသဖြင့် ထိုလူအိုကြီးသည် နာမည်မရှိသူတစ်ဦး မဟုတ်လောက်ချေ။

လူအိုကြီးသည် ယဲ့ယဲ့လေးပြုံးနေရင်းမှ ပါးစပ်အဟောင်းသား ဖြစ်ဖွယ် အသွင်ပြောင်းလဲမှုကို စတင်တော့လေသည်။

ကိုင်းနေသော သူ့ခါးသည် ရုတ်ချည်း ဖောင့်တက်လာခဲ့သည်။ ပုကွကွ ခန္ဓာကိုယ်သည်လည်း ယခင်ထက် ပိုအရပ်ရှည်လာပြီး အသားအရေမှာ အနည်းငယ် နီမြန်းလာခဲ့ပြီး မျက်နှာထက်ရှိ အရေးအကြောင်းတို့မှာလည်း ပျောက်ကွယ်သွားကုန်ကြသည်။

လက်ရှိ ဆိုင်ပိုင်ရှင်သည် လူအိုကြီး တစ်ယောက်နှင့် မတူတော့ဘဲ သက်လတ်ပိုင်းလူကြီး တစ်ဦးနှင့်သာ တူတော့လေသည်။

သူ့ခန္ဓာကိုယ် ပြောင်းလဲသွားသည်နှင့် သူ့အရှိန်အဝါသည်လည်း အပြောင်းကြီး ပြောင်းလဲသွားလေတော့သည်။ တစ်ကြိမ်တစ်ခါမှ ကျင့်ကြံဖူးဟန် မထင်ရသော ထိုလူအိုကြီး၏ အရှိန်အဝါသည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်သည်အထိတိုင် တရွေ့ရွေ့ မြင့်တက်သွားလေသည်။

မာကဲန၊ မီထျန်းတို့နှင့် ယှဉ်လိုက်လျှင် ထိုလူအိုကြီးက ပို၍ အားကောင်းပေသည်။

ရန်ကိုင်သည် သူ့ရှေ့ရှိ ဆိုင်ပိုင်ရှင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

မာကဲနနှင့် မီထျန်းတို့သည်လည်း ကြောင်နေခဲ့သည်။ ဆိုင်ပိုင်ရှင်သည် ဤမျှ ကောင်းမွန်စွာ လျှို့ဝှက်ပုန်းကွယ်နေသော ပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆိုင်ရှင်သာ သူ့ကိုယ်သူ မထုတ်ဖော်ခဲ့လျှင် မည်သူမှ သူသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည် ဆိုသည်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

“ခင်ဗျား… ခင်ဗျားက ဆရာဘဟဲလား” မာကဲနသည် ဆိုင်ရှင်၏ မျက်နှာကို သေချာကြည့်နေပြီးနောက် အလန့်တကြား ထပြောလိုက်သည်။

ဆိုင်ရှင်၏ ပြောင်းလဲသွားသော မျက်နှာကို မြင်ပြီးနောက်တွင် ထိုလူ မည်သူမှန်း မာကဲန ချက်ချင်းဆိုသလို မှတ်မိလိုက်သည်။

“ဘယ်လို၊ သူက ဆရာဘဟဲလား”

“မဖြစ်နိုင်ဘူး။ ဆရာဘဟဲကို မျိုးနွယ်စုခေါင်းဆောင်သခင်မ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ မဟုတ်ဘူးလား။ သူဘာလို့ အသက် ရှင်နေသေးတာလဲ”

“မဟုတ်ဘူး။ သေချာတယ်။ သူက ဆရာဘဟဲပဲ။ မြို့သခင်နဲ့ ငါ မျိုးနွယ်စုခေါင်းဆောင်သခင်မကို တွေ့ဖို့ နန်းတော်ဆီ သွားတုန်းက သူ့ကို တစ်ခါ တွေ့ခဲ့ဖူးတယ်။ အဲ့တုန်းက သူက မျိုးနွယ်စု ခေါင်းဆောင် သခင်မရဲ့ နံပါတ်တစ်ဗိုလ်ချုပ်ပဲ”

“ဆရာဘဟဲ အသက်ရှင်နေသေးမယ်လို့ ငါတစ်ကယ် မထင်ထားဘူး။ စိတ်ဝင်စားစရာတော့ ကောင်းလာပြီ”

ဘေးဘက်ဆီမှ အမျိုးမျိုးသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ထိုအော်သံများကို နားထောင်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ဆိုင်ပိုင်ရှင်သည် အတော်လေးကို ဂုဏ်သတင်း ကြီးမားသည့် လူတစ်ဦးဖြစ်ပြီး မာကဲနပင်လျှင် သူ့အား လေးစားရသည်။

ထိုလူ မည်သူနည်း။ သူသည် လနီမျိုးနွယ်စု၏ အားအကောင်းဆုံး ဗိုလ်ချုပ်ဖြစ်သော်လည်း လနီမျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်က သတ်ပစ်လိုက်သည်ဟု ဘာကြောင့် ပြောနေကြသနည်း။

ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“လတ်စသတ်တော့ စီနီယာဘဟဲကိုး” မီထျန်းက အသက်ပြင်းပြင်း ရှူသွင်းလျက် “စီနီယာကို ကြည့်ရတာ ရင်းနှီးနေတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ပါဘူး။ မီထျန်း စီနီယာဘဟဲကို နှုတ်ဆက်ပါတယ်”

“ဟားဟား၊ သခင်လေးမီထျန်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ သခင်လေးက အနာဂတ်မှာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေရှိတဲ့ မွန်းစတားမျိုးနွယ်စုရဲ့ တက်သစ်စ ကြယ်တစ်ပွင့်ပဲဟာကို” ဘဟဲက ချီးကျူးလိုက်သည်။

မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည် “စီနီယာဘဟဲ ပြောတာနည်းနည်းမှား တယ်။ ဒီသခင်လေးက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေရှိတာ မဟုတ်ဘူး။ ကျိန်းသေ ချိုးဖျက်မှာ”

ဒီကောင်က တကယ် လေလုံးထွားတာပဲ ရန်ကိုင် မီထျန်းအား ကြည့်၍ တွေးလိုက်သည်။

သို့သော်လည် မီထျန်းတွင် ထိုကဲ့သို့ လုပ်နိုင်သည့် အရည်အချင်း ရှိသည်မှာ အမှန်အကန်သာ ဖြစ်သည်။

ဘဟဲက အသာအယာ ခေါင်းညိတ်၍ “အင်း၊ သခင်လေးရဲ့ ဆန္ဒတွေ ပြည့်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်”

“ဆရာဘဟဲ…” နှစ်ပေါင်းနှစ်ရာလောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော သူ့ရှေ့ရှိလူကြီးကို ကြည့်ရင်း မာကဲန၏ နဖူးထက် ချွေးစေးများ ဝေ့သီလာခဲ့သည်။ ထို့နောက် ကောင်းကင်ထက်တွင် ပေါ်နေသော ဖြစ်စဉ်ကို ကြည့်၍ “အထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ”

“ဘာတွေ ဖြစ်နေတာလဲ” ဘဟဲသည် တစ်ခဏတာ တုန့်ဆိုင်းပြီးနောက် “ငါလည်းမသိဘူး။ ဒါပေမယ့် အကုန်လုံး စိတ်ရှည်ရှည်နဲ့ ဘာအနှောင့်အယှတ်မှ မပေးဘဲ စောင့်နေရင်း အကောင်းဆုံးပဲ။ ဒီလူအိုကြီးက ဆိုင်ပိုင်ရှင်ဆိုတော့ ဆိုင်မှာ လာတည်းတဲ့ ဧည့်သည်တွေကို ကာကွယ်ပေးရမယ်။ ဒါကြောင့် ဒီလူအိုကြီးကို နည်းနည်းလောက် မျက်နှာသာပေးကြဖို့ တောင်းဆိုပါတယ်”

“အန်… ဆရာဘဟဲက ဒီလိုပြောမှတော့ စောင့်ကြတာပေါ့” မာကဲန ခေါင်းညိတ်လိုက်သည်။

ဘဟဲရှေ့မောက်တွင် သူလည်း မမောက်မာရဲတော့ချေ။

“ဒီလူသားကကော” မီထျန်းက ရုတ်တရက် ရန်ကိုင်ဘက်သို့ လှည့်၍ လှောင်ပြုံးပြုံးလျက် “စီနီယာဘဟဲက ဒီလူသားကိုကော ကာကွယ်ပေးချင်တာလား”

“ကာကွယ်ရမှာပေါ့။ ဒီလူငယ်လေးကလည်း ငါ့ရဲ့ဧည့်သည်ပဲဟာ” ဘဟဲက ပြန်ပြောလိုက်သည်။

“ဟဲဧဲ၊ အဲလိုဆိုရင် မီထျန်း စီနီယာဘဟဲကို မျက်နှာသာပေးရတာပေါ့။ ဒါပေမယ့် အဲ့ဒါက အခုအတွက်ပဲ။ ဒီကောင်က ကျုပ်ရဲ့ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားတာ။ သူ့နဲ့ကျုပ်ကြားက ရန်ကြွေး ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး” မီထျန်းက ရယ်မောလျက် ရန်ကိုင်အား စိုက်ကြည့်လျက် “လူသား၊ ဒီသခင်လေးကို အခွင့်အရေး မရစေနဲ့, မဟုတ်ရင်တော့…”

ရန်ကိုင်ကမူ အထင်တသေးဖြင့် နှာခေါင်းသာရှုံ့လိုက်သည်။ မီထျန်း မည်သို့ပင် ခြိမ်းခြောက်ပါစေ သူမကြောက်ချေ။ ရှနင်းချန်ကို မည်သူမှ လာမနှောင့်ယှတ်ရန်သာ အရေးကြီးပြီး အားလုံးသည် ဒုတိယဖြစ်သည်။

သို့သော်လည်း ဘဟဲဆိုသည့်လူ ဘာလုပ်ချင်နေသနည်း။

တွေးတောရင်း ရန်ကိုင်သည် ဆိုင်ရှင်ကို လှမ်းကြည့်လိုက်၏။ သူကြားခဲ့ရသလောက် ဘဟဲဆိုသူသည် လွန်ခဲ့သည့် နှစ်လလုံးလုံး ပုန်းအောင်းနေခဲ့ပြီး ယခုမှ သူမည်သူမည်ဝါ ဆိုသည်ကို ဖွင့်ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

သူဘာလုပ်ချင်နေသနည်း။

ဘဟဲသည် သူ့ဆိုင်တွင် လာတည်းသည့် ဧည့်သည်များကို ကာကွယ်ပေးချင်ရုံ သက်သက်ဖြင့် ထိုကဲ့သို့ လုပ်နေသည်ဟု ရန်ကိုင် မထင်။

လူအိုကြီးများသည် အသက်ကြီးလာလေလေ ပို၍ ဥာဏ်နီဥာဏ်နက်များလာလေပင်။ မည်သူမှ ယခုကဲ့သို့ အမှန်တရား ဘက်တော်သားတစ်ဦး လုပ်နေလိမ့်မည် မဟုတ်ချေ။

“ဘာနံ့လဲ” ရုတ်တရက် လူအုပ်ထဲမှ အလန့်တကြားဆိုသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အဲ့အနံ့ကို ရှုလိုက်တာနဲ့ လန်းဆန်းသွားတာပဲ။ ဆေးလုံး အနံ့လိုပဲ”

“အရမ်း အဆင့်မြင့်တဲ့ ဆေးလုံးကို သန့်စင်လိုက်လို့လား”

“တစ်ယောက်ယောက် ဆေးဖော်စပ်နေတာလား”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တစ်ခုလုံး ယောက်ယက်ခတ်သွားခဲ့သည်။

အစပိုင်းတွင် တည်းခိုခန်းတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ သို့သော် အချိန်ကြာလာသည်နှင့် လေထဲရှိ ဆေးရနံ့သည် ပိုပို၍ သင်းပျံ့လာခဲ့သည်။ ထိုအခါ လူများလည်း တည်းခိုခန်းထဲတွင် ဘာဖြစ်ပျက်နေသလဲ ဆိုသည်ကို စတင် သတိပြုမိလာကြ၏။

ဆေးရနံ့ အတော်လေး သင်းကြိုင်လာသည့်အခါ လူများစွာတို့သည့် တည်းခိုခန်းဆီသို့ မီးတောက်မတတ် အကြည့်များဖြင့် လှမ်း၍ ကြည့်လာကြတော့သည်။ ဆေးရနံ့ကို ရှိုရှိုက်ရုံဖြင့်ပင်လျှင် ဤမျှ အစွမ်းထက်နေခဲ့လျှင် ဆေးလုံးကိုသာ သောက်သုံးလိုက်ရမည် ဆိုပါက မည်မျှပင် အကျိုးကျေးဇူး များလိုက်မည်နည်း။

မည်သို့သော ဆေးလုံးမျိုးကလည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေရသနည်း။

ကျင့်ကြံသူပေါင်းများစွာတို့၏ မျက်ဝန်းအစုံသည် လောဘကြောင့် နီရဲတောက်လောင်လာခဲ့သည်။

ဘဟဲ၊ မာကဲနနှင့် အခြားပညာရှင်များ ဆိုင်ရှေ့တွင် ရပ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အကုန်လုံး ဆိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ ဆေးလုံးကို အပြိုင်အဆိုင် လုယူနေလောက်လေပြီ။

“သခင်လေးမီထျန်း…” သူတို့ရှေ့ရှိ ဖြစ်စဉ်သည် ဆေးလုံးကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်မှန်း သိလိုက်ရသည့်နောက်တွင် မာကဲနသည် မီထျန်းအားကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် တစ်ခုခု လှမ်းပြောလိုက်လေသည်။

“အဲ့ခွေးအိုကြီးဘဟဲ ဆေးလုံးကို မောင်ပိုင်သိမ်းချင်နေတဲ့ပုံပဲ။ ဒါကြောင့် ပုန်းနေတာကနေ လူလုံးထွက်လာပြတာ။ အဲ့ဒါကို ကြည့်တာနဲ့တင် ဒီဆေးလုံး လုံးဝ သာမန်မဟုတ်မှန်း သိသာနေပြီ။ ဒါပေမယ့် ဘယ်သူသားပညာရှင်ကများ အဲ့ဆေးလုံးကို ဖော်စပ်နေတာလည်း မသိဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“အဲ့ဒါဆို ကျုပ်တို့…”

“သူအဲ့ဆေးလုံးကို လိုချင်ရင် သူ့မှာ အရည်အချင်း ရှိဖို့တော့ လိုလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက သေသွားရမှာဆိုပေမယ့် မသေဘဲ ကံကောင်းပြီး လွတ်လာခဲ့တယ်။ အဲ့ဒါကို အေးအေးဆေးဆေး မနေဘဲ လူလုံးထွက်ပြဖို့ စဉ်းစားလိုက်တယ် ဆိုတော့ သူ့နေ့ရက်ကောင်းတွေ အဆုံးသတ်သွားပြီပဲ။ ကျုပ်တို့ သူ့ကို သတ်မယ်ဆိုရင်တောင် သခင်မချီယွဲ့ ကျုပ်တို့ကို အပြစ် မတင်လောက်ဘူး”

“အန်၊ ကောင်းပြီလေ၊ သခင်လေးမီထျန်းရဲ့ အကြံအတိုင်း လုပ်ကြတာပေါ့” မာကဲနက ပြန်ပြောလိုက်သည်။ မီထျန်း၏ ပုံစံကို သူမကြိုက်သော်လည်း လက်ရှိအချိန်တွင် မီထျန်းနှင့်အတူ ပူးပေါင်းခြင်းသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မှန်း သူသိသည်။

သူတစ်ယောက်ဆိုလျှင် ဘဟဲကို တိုက်ခိုက်ရဲမည် မဟုတ်ချေ။ နောက်ဆုံးတွင် ဆေးလုံးအား မည်သူရမည်လဲ ဆိုသည်နှင့် ပက်သက်၍မူကား၊ ဤနေရာသည် လစန္ဒာမြို့ဖြစ်သည်။ သူ့ပိုင်နက် ဖြစ်သည့်အတွက် မီထျန်းအနေဖြင့် သူ့ပိုင်နက်ထဲမှ ပစ္စည်းများကို မည်ကဲ့သို့ ယူသွားနိုင်မည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၂)

မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးသည် ဆေးလုံး သန့်စင်ပြီးသည့် အချိန်ထိ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ဘဟဲကဲ့သို့သော ပညာရှင်တစ်ယောက်ပင် လိုချင်သည့် ဆေးလုံးသည် အဖိုး မတန်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့ ထိုဆေးလုံးကို ရအောင် ယူရပေလိမ့်မည်။ ထိုဆေးလုံးကို သောက်ပြီးနောက်တွင် တန်ခိုးရှင်တတိယအဆင့်ကို ဖြတ်ကျော်ပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ပင် တစ်ခါတည်း တန်း၍ ချိုးဖျက်သွားနိုင်သည်။

တကယ်တော့ ဘဟဲ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည်မှာ ကြာနေပြီ မဟုတ်လေလော။ သူသည် ထိုအဆင့်သို့ လွန်ခဲ့သော နှစ်နှစ်ရာခန့်ကတည်းက ရောက်နေခြင်း ဖြစ်သည်။ မွန်းစတားဧကရာဇ်ကြယ်တွင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ပြီး မျိုးနွယ်စုခေါင်းဆောင် အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ရန် ရေပန်းအစားဆုံး လူတစ်ဦးလည်း ဖြစ်သည်။

မာကဲနနှင့် မီထျန်းတို့ တိတ်တဆိတ် ဆက်သွယ်နေစဉ် ဘဟဲသည် ထိုနှစ်ယောက်အား လှမ်းကြည့်၍ ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။

“ကောင်လေး၊ နန်းတော်ဆီသွားပြီး မင်းမိတ်ဆွေဆီ သွားမလည်ချင်ဘူးလား” ဘဟဲက ရုတ်တရက် ရန်ကိုင်ဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။

“အင်း၊ ခင်ဗျား.. စီနီယာဘဟဲမှာ အကြံရှိလို့လား” ရန်ကိုင်က ဘဟဲအား သင်္ကာမကင်း အမူအရာဖြင့် ပြန်စိုက်ကြည့်၍ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီလူအိုကြီးမှာ မင်းကို နန်းတော်ထဲ ဝင်နိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့ ပြောမလို့”

“တကယ်လား” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

“ဟုတ်တယ်။ ဒါပေမယ့် ဒီနည်းလမ်းက စွန့်စားဖို့လိုတယ်။ မင်းဒီလူအိုကြီးကို ယုံတယ်ဆိုရင် ဒီလူအိုကြီး ချက်ချင်း လှုပ်ရှားလိုက်မယ်။ မဟုတ်ရင် ငါဘာမှ မပြောလိုက်သလိုသာ သဘောထားလိုက်”

“ဟားဟား။ ဂျူနီယာနဲ့ စီနီယာက အခုမှ စတွေ့တာလေ၊ ယုံတယ် မယုံတယ် ပြောစရာမလိုသေးဘူးနဲ့ ထင်တယ်” ရန်ကိုင်သည် ကိုယ်နှင့် မရင်းနှီးသည့် သူစိမ်းလူတစ်ယောက်ကို အလွယ်တကူ ယုံရလောက်အောင် မရူးမိုက်ချေ။

“မင်းစိုးရိမ်တာလည်း သဘာဝပါပဲ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်… ဒီနည်းလမ်းက မင်းတင် မဟုတ်ဘူး။ ငါပါ စွန့်စားရမှာ။ မင်းသာ ငါနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် ငါအသက် ရှင်နေသရွေ့ မင်းဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏမျှ စဉ်းစားနေပြီးနောက် ပြောလိုက်လေသည် “စီနီယာ အရင် ရှင်းပြပေးလို့ရမလား”

“သေချာတာပေါ့” ဘဟဲက အလွယ်တကူ သဘောတူလိုက်ပြီး သူ့အကြံအစဉ်ကို ရှင်းပြလိုက်လေသည်။

သူရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင်ပို၍ မျက်မှောင် ကြုတ်သွားပြီး “တကယ်ကို စွန့်စားရမှာ… ဒါပေမယ့် စီနီယာ ဒီကိစ္စကို သေချာစဉ်းစားပြီးသွားပြီလို့ ထင်တယ်။ စီနီယာရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင် ကျုပ်နဲ့ ကျုပ်စီနီယာ မမလေး အရင်လို လွတ်လွတ်လပ်လပ် နေလို့ ရပါဦးမလား”

“ဒါဆို မင်းငြင်းတယ်ပေါ့” ဘဟဲ အနည်းငယ် စိတ်ပျက်သွား၏။

“မငြင်းပါဘူး။ လက်ခံတယ်” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ဘဟဲ ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။ ရန်ကိုင် ဤမျှ အလျင်စလို လက်ခံလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ငြင်းလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မမျှော်လင့်စွာပင် ရန်ကိုင်က သဘောတူခဲ့သည်။

ဘဟဲသည် ရန်ကိုင်အား ထူးထူးဆန်းဆန်း အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုလူသားကောင်လေးသည် အတော်လေး အကြောက်အလန့် ကင်းသည်ဟုလည်း တွေးနေမိသည်။ သို့သော်လည်း ရန်ကိုင်က သဘောတူလိုက်သဖြင့် သူ့အနေဖြင့် ဘာမှ စိုးရိမ်နေစရာ မလိုတော့ချေ။

ထိုကဲ့သို့ စဉ်းစားပြီးနောက်တွင် ဘဟဲက ပြုံးလျက် အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “ဒီဆေးလုံးက ဖော်စပ်နေတုန်းပဲ ဆိုပေမယ့် ဒီလို မြင်ကွင်းမျိုး ပေါ်လာအောင် လုပ်နိုင်တယ်ဆိုတော့ ဆေးလုံးက တကယ်ကို ကြီးကျယ်လို့ဖြစ်မယ်။ ပြီးတော့ ဆေးရနံ့ကို ကြည့်ရတာ ဒီဆေးလုံးက အနည်းဆုံး တန်ခိုးရှင်အဆင့်ပဲ”

“စီနီယာဘဟဲပြောတာ ယုတ္တိရှိတယ်” ဘဟဲ ဘာကြံနေစဉ်မှန်း မသိသော်လည်း မာကဲနသည် ဘဟဲပြောသည်ကို ထောက်ခံလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင် သခင်မပဲ ဒီလိုဆေးလုံးကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်လို့ ငါထင်တယ်။ မြို့သခင် မာကဲနကော ဘယ်လိုထင်လဲ” ဘဟဲက ပြုံးလျက် မေးလိုက်သည်။

“ဆရာဘဟဲပြောတာ အမှန်ပဲ” မာကဲနက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ သို့သော် ဘာမှားလို့မှားနေမှန်း သူမပြောနိုင်။

“ဒီလိုဆေးလုံးကို သန့်စင်နိုင်တဲ့ ဆေးပညာရှင်ကလည်း ဆေးဝိဇ္ဇာအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ရလိမ့်မယ်”

“အဲ့ဒါလဲ အမှန်ပဲ” မာကဲန ခေါင်းညိတ်လိုက်သည်။ ဘဟဲ ဘာကို ကြံနေမှန်း နားလည်လိုက်သည်နှင့် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရိပ်တက်လာခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင် သခင်မက ဒီလို ပါရမီရှင်တွေကို အရမ်း တန်ဖိုးထားတယ်။ အရင်နှစ်တွေတုန်းက ဒီလို ပညာရှင်တွေရဖို့ အသည်းအသန်း ကြိုးစားခဲ့သေးတယ်။ ကြည့်ရတာ မြို့သခင် မာကဲနတော့ ကံကောင်းပြီနဲ့တူတယ်။ ဒီလို ပါရမီရှင်တစ်ယောက် လစန္ဒာမြို့မှာ ပေါ်လာတာဆိုတော့ မြို့သခင် မာကဲန နောက်ဘာဆက်လုပ်ရမလဲ ပြောစရာ မလိုဘူးနဲ့တူတယ်” ဘဟဲသည် မာကဲနအား ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

မာကဲနက အလေးအနက် အမူအရာဖြင့် “အခုလို အကြံဥာဏ် ပေးတဲ့အတွက် ဆရာကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ဘာဆက်လုပ်ရမလဲ မာကဲန နားလည်ပါတယ်။ ဆေးဝိဇ္ဇာကြီး ဆေးဖော်စပ်ပြီးသွာတာနဲ့ သူ့ကို မျိုးနွယ်စု ခေါင်းဆောင် သခင်မဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်ပါမယ်”

“အင်း၊ မင်းသာ မျိုးနွယ်စုခေါင်းဆောင် သခင်မကို စိတ်ကျေနပ်စေတယ်ဆိုရင် သူကလည်း မင်းကို ဆုကောင်းကောင်း ပြန်ပေးလိမ့်မယ်” ဘဟဲက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ မာကဲန၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပြုံးလျက် အလျင်အမြန် လက်သီးဆုပ်ကာ “စီနီယာ သတိပေးတာ ကံကောင်းသွားတယ်။ ကျေးဇူးပါပဲ”

ပြောပြီးသည်နှင့် အသံအကျယ်ကြီး အော်ပြောလိုက်လေသည် “လာခဲ့ကြစမ်း”

မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်တစ်အုပ် ချက်ချင်း ရှေ့သို့ ပြေးထွက်လာခဲ့ကြသည်။

“မဆိုင်တဲ့သူတွေကို မောင်းထုတ်လိုက်တော့။ ဒီတည်းခိုခန်းရဲ့ မီတာတစ်ရာတစ်ပတ်လည်ကို ချဉ်းကပ်လာတဲ့လူတိုင်း ချွင်းချက်မရှိ မသတ်ခံရမယ်လို့ ကြေညာလိုက်။ မည်သူမှ တည်းခိုခန်းထဲက ဆေးဝိဇ္ဇာကြီးကို သွားနှောင့်ယှတ်လို့ မဖြစ်ဘူး”

“ဟုတ်ကဲ့”

ဘေးနားတွင် ရပ်နေသော မီထျန်းမှာမူ မှင်သက်နေခဲ့လေပြီ။

သူနှင့် မာကဲန ပြုလုပ်ထားခဲ့သော သဘောတူညီချက်သည် ဘဟဲ၏ စကားလေး အနည်းငယ်ကြောင့် ပျက်စီးသွားခဲ့သည်။ ထိုမျှတင် မဟုတ်သေးဘဲ မာကဲနသည် ဘဟဲဘက်သို့ပင် ကူးပြောင်းသွားခဲ့ပြီး တည်းခိုခန်းထဲတွင် ရှိနေသော ဆေးပညာရှင်အတွက် အစောင့်များပင် ပြင်ဆင်ထားလိုက်၏။

ဘဟဲသည် ဆေးလုံးကို မလိုချင်ဘဲ ဆေလုံးနှင့်တကွ ဆေးဝိဇ္ဖာကြီးကို နန်းတော်ဆီသို့ ပို့ဆောင်ရန်ပင် ကြံနေခဲ့သည်။

မွန်းစတားမျိုးနွယ်စု ဆေးပညာတွင် မကျွမ်းကျင်သည်မှာ ကြယ်စီရင်စုတစ်ခုလုံး သိသည့်အချက် ဖြစ်သည်။ သို့သော် မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် နေသော လူသားများသည် အဖိနှိပ်ခံဘဝတွင် နေရသော်လည်း ဤကြယ်တွင် ဆေးပညာရှင်များ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။ လနီမျိုးနွယ်စုခေါင်းဆောင်သည် သူမပိုင်နက်ထဲ၌ လူသားများကို ရှင်သန်ခွင့် ပေးထားခြင်းသည် ထိုကဲ့သို့သော ပါရမီရှင်များကို စုဆောင်းလိုသည့် အတွက်ကြောင့် ဖြစ်သည်။

ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များ…

ဆယ်နှစ်တိုင်း၊ ဆယ်နှစ်တိုင်း၊ ဆေးပြိုင်ပွဲနှင့် ပန်းပဲပြိုင်ပွဲကြီး ကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲတွင် ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်ပါက အနိမ့်ကျခံဘဝမှ လွတ်မြောက်၍ နန်းတော်သို့ သွားကာ မျိုးနွယ်စုခေါင်းဆောင် လက်အောက်တွင် အမှုထမ်းနိုင်ပေလိမ့်မည်။

ချီယွဲ့သည် လွန်ခဲ့သော နှစ်များအတွင်း ထိုကဲ့သို့သော ပညာရှင်များကို အဆက်မပြတ် စုဆောင်းခဲ့သည်။ ဤကဲ့သို့ ခမ်းနားကြီးကျယ်သော မြင်ကွင်းကိုပင် ဖြစ်ပေါ်စေနိုင်သည့် ဆေးလုံးအား ဖော်စပ်နိုင်သည့် ဆေးဝိဇ္ဇာအဆင့်ရှိ ဆေးပညာရှင်ကို မျိုးနွယ်စုခေါင်းဆောင် နှစ်သက်မည်မှာ မေးနေစရာပင် မလိုတော့ချေ။

တစ်နည်းဆိုရသော် တည်းခိုခန်းထဲရှိ ဆေးဝိဇ္ဇာကြီးသည် လနီ မျိုးနွယ်စုခေါင်းဆောင်၏ ကာကွယ်မှုကို ရရှိထားသည့် လူတစ်ယောက် ဖြစ်သည်ဟု ပြော၍ရလေပြီ။ မီထျန်းသည် သတ္တိရှိလျှင်ပင် လနီမျိုးနွယ်စု၏ ပိုင်နက်ထဲ၌ လနီမျိုးနွယ်စု ခေါင်းဆောင်ကို သွားမဆန့်ကျင်ရဲချေ။ ထိုကဲ့သို့ လုပ်ခြင်းသည် လနီမျိုးနွယ်စု ပိုင်နက်ထဲရှိ ပညာရှင်အားလုံးကို ရန်စလိုက်ခြင်း မည်ပေသည်။

ချက်ချင်းဆိုသလို သူသည် ပွဲကြည့်ပရိတ်သတ် တစ်ဦးဘဝသို့ ရောက်ရှိသွားခဲ့လေသည်။

သူ့ရှေ့ရှိ အဖြစ်အပျက်ကို ကြည့်ရင်း ယင်ကောင်တစ်ကောင်ကို မျိုချမိလိုက်သလို မီထျန်း ခံစားနေခဲ့ရသည်။

လစန္ဒာမြို့၏ မရေမတွက်နိုင်သော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ တည်းခိုခန်းအား ဝိုင်းထားသည်ကို မြင်သော် ရန်ကိုင် ရယ်သွမ်းသွေးလိုက်လေသည်။

နန်းတော်ထဲသို့ သွားရမည်ကို သူမကြောက်ချေ။ လနီမျိုးနွယ်စု ခေါင်းဆောင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင်၊ အခွင့်အရေးရသည်နှင့် လေဟာနယ်တာအိုကို အသုံးပြုပြီး ထွက်ပြေးလာနိုင်သည်။ ထို့အပြင် သူသည်လည်း ဆေးဝိဇ္ဇာတစ်ဦးပင် မဟုတ်လေလော။

သူ့လက်ရှိ ဆေးစွမ်းရည်သည် ရှနင်းချန်ကထပ်ပင် ပိုမြင့်ကာ တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံးများကိုပင် သန့်စင်နိုင်၏။ သူ့အရည်အချင်းကိုသာ ထုတ်ပြလိုက်လျှင် လနီမျိုးနွယ်စု ခေါင်းဆောင်သည် သူ့အား ဧည်သည့် တစ်ယောက် ဧကန်အမှန် ဆက်ဆံပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့်များသည် ကြယ်စီရင်စုထဲတွင်ပင် အလွန်ကိုမှ ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသည်။ မွန်းစတား ဧကရာဇ်ကြယ်ပေါ်တွင် ဆေးဝိဇ္ဇာကဲ့သို့ ဆေးပညာရှင်တစ်ဦး တစ်ခါမှ မပေါ်လာဖူးချေ။

“ကောင်လေး၊ ငါမင်းကို ဒီအထိပဲ ကူညီပေးလို့ ရတော့မယ်။ နန်းတော်ထဲမှာ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ မင်းတို့အပေါ် မူတည်သွားပြီ။ ဒါပေမယ့် ဒီလူအိုကြီး သတိပေးလိုက်ဦးမယ်။ မင်းနန်းတော်ထဲမှာ အသက်ရှင်ချင်တယ်ဆိုရင် အရမ်းကြီး မြောက်ကြွမြောက်ကြွ လုပ်လို့ မဖြစ်ဘူးနော်” ဟဘဲက ရန်ကိုင်ကို ကြည့်၍ သတိပေးလိုက်သည်။

ရန်ကိုင် ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည် “ကျုပ်တို့ကို ကူညီပေးဖို့ အတွက်နဲ့ စီနီယာဘဟဲ ကိုယ်ဘယ်သူလဲ ဆိုတာကိုတောင် ဖုံးကွယ်ဖို့ မကြိုးစားတော့တာ ဘာလို့လဲ ကျုပ်သိလို့ရမလား”

“မင်းကို ကူညီရုံတင်မဟုတ်ဘူး။ ငါလည်း ဒီအခွင့်အရေးကိုသုံးပြီး နန်းတော်ကို ပြန်သွားပြီး မျိုးနွယ်စုခေါင်းဆောင်ဆီ သွားပြီး တောင်းပန်မလို့”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ဘဟဲသည် လွန်ခဲ့သော နှစ်နှစ်ရာခန့်ကတည်းက မျိုးနွယ်စုခေါင်းဆောင်မှ သတ်လိုက်သည့် အတွက် သေသွားပြီဟု အခြားမျိုးနွယ်စုဝင်များ ပြောနေကြသော စကားကို ရန်ကိုင် ပြန်အမှတ်ရလိုက်သည်။

သို့သော်လည်း သူသည် အကောင်းအတိုင်း ရှိနေခဲ့သည်။

ထို့ကြောင့် သူနှင့် လနီမျိုးနွယ်စုခေါင်းဆောင်ကြား တစ်ခုခု ဖြစ်ခဲ့လောက်သည်။ ကောလဟာလများထဲကကဲ့သို့ ဘဟဲသည် အသတ်မခံလိုက်ရဘဲ ချီယွဲ့မှ သူ့အား လွှတ်ပေးခဲ့ခြင်း ဖြစ်လောက်၏။

သို့သော်လည်း အခြားသူများ၏ ဇာတ်လမ်းအကြောင်း ရန်ကိုင် စိတ်မဝင်စားချေ။ ထို့ကြောင့် ခေါင်းညိတ်၍သာ “အဲ့လိုဆိုမှတော့ ဒါက ယာယီပူးပေါင်းတာပေါ့”

“အင်… နန်းတော်ဆီ ပြန်ဖို့အပြင် ဒီလူအိုကြီး မင်းဆီကနေ နောက်ထပ် အကူအညီတောင်းစရာ တစ်ခု ရှိသေးတယ်” ဘဟဲက အနည်းငယ် ရှက်ရွံ့နေသည့် လေသံဖြင့် ရုတ်တရက် ပြောလိုက်၏။

“ဘာလဲ”

“မင်းစီနီယာအစ်မကို ငါ့အတါွက် ဆေးလုံး တစ်လုံးလောက် ဖော်စပ်ပေးဖို့ ပြောပေးလို့ရမလား” ဘဟဲက ပွင့်ပွင့်လင်းလင်း ပြောချလိုက်လေသည်။ ပြောပြီးသည်နှင့် အလျင်အမြန် ဆက်၍ ပြောလိုက်သည် “လိုအပ်တဲ့ ပစ္စည်းတွေကို ငါအကုန်လုံး စုဆောင်းပြီသွားပြီ။ ဆေးဖော်စပ်ဖို့လူပဲ လိုနေတာ။ ဆေးဖော်စပ်ခကိုလည်း ငါထိုက်ထိုက်တန်တန် ပေးမယ်ကွာ”

“အဲ့ဒါကို ကျွန်တော့် စီနီယာအစ်မ ထွက်လာမှ ပြောကြတာပေါ့။ စီနီယာ တောင်းဆိုတာကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကတော့ သူ့စိတ်အခြေအနေပေါ် မူတည်လိမ့်မယ်။ သူခင်ဗျားကို ကူညီချင်ရင်လည်း ကူညီမှာပေါ့” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ဒီကောင်… မြစ်ဖြတ်ပြီးတာနဲ့ တံတားကိုဖျက်ဖို့ လုပ်နေတာလား ဘဟဲစိတ်၍ တွေးလိုက်မိသည်။

တည်းခိုခန်းပေါ်ရှိ ဖြစ်စဉ်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ထင်ရှားလာခဲ့သည်။ မကြာမီ ဝဲကတော့ကြီးသည် ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်လုနီးပါး အရွယ်အစားအထိသို့ ကြီးထွားလာခဲ့လေသည်။

ဤထိုစွမ်းအားသည် ကျင့်ကြံသူတစ်ယောက် တန်ခိုးရှင်အဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သည့် အဆင့်သို့ ဖြတ်ကျော်သည့် အခါမှသာ ဖြစ်ပေါ်လာလေ့ရှိသော စွမ်းအားမျိုး ဖြစ်သည်။

ဆေးလုံးတစ်လုံးသည် ထိုကဲ့သို့ မြင်ကွင်းမျိုးကို ဖြစ်စေလိမ့်မည်ဟု မည်သူမှ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြလေသည်။

တည်းခိုခန်းထဲရှိ ဆေးဝိဇ္ဇာသည် မည်သို့သော ဆေးလုံးမျိုးအား ဖော်စပ်နေသလဲ ဆိုသည်ကို အကုန်လုံး သိချင်မိသွားကြသည်။

သို့သော်လည်း လေးထဲရှိ သင်းပျံ့လှသော ဆေးရနံ့မှာ ထိုဆေးလုံးသည် တန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံး ဖြစ်ကြောင်း သူတို့အား သိရှိလိုက်ကြသည်။

တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည် မွန်းစတားဧကရာဇ်ကြယ်၌ ဆယ်ယောက်ကျော်လောက်သာ ရှိကြပြီး အဆင့်အမြင့်ဆုံးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် ဖြစ်သည်။ မွန်းစတားဧကရာဇ်ကြယ်တွင်၊ ဤဆေးဝိဇ္ဇာသည် လူသားတစ်ယောက် ဖြစ်နေသည့်တိုင်၊ မည်သည့် မွန်းစတားမျိုးနွယ်စုဝင်မှ သူ့အား မလေးမစား မလုပ်ရဲချေ။

လူသားများသည် ဤကျင့်ကြံရေးကြယ်ပေါ်တွင် အဆင့်အတန်း နိမ့်သည့်လူများ ဖြစ်ကြသော်လည်း အရည်အချင်းရှိသည့် လူများကိုမူ အဆင့်အတန်းမြင့်မြင့် ထားပေသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ လနီမျိုးနွယ်စုခေါင်းဆောင်ကြောင့် ဖြစ်သည်။ သူမသာ လူသားမျိုးနွယ်စုမှ ပါရမီရှင်များအား ခေါ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ခဲ့လျှင် လနီမျိုးနွယ်စုသည် ယခုလောက် အင်အားကောင်းနေလိမ့်မည် မဟုတ်ချေ။ လနီမျိုးနွယ်စု၏ ခွန်အားသည် မွန်းစတားမျိုးနွယ်စုကြီး ဆယ်ခုအနက် ထိပ်ဆုံးသုံခုထဲ ပါပေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က လနီမျိုးနွယ်စုသည် မျိုးနွယ်စု ဆယ်ခုထဲတွင် အားအနည်းဆုံး ဖြစ်ခဲ့ပေသည်။

နှစ်တစ်ထောင်အတွင်း လနီမျိုးနွယ်စုသည် နောက်ဆုံးအဆင့်မှ ထိပ်သုံးမျိုးနွယ်စုသုံးခုထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။ လနီမျိုးနွယ်စုသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မွန်းစတား ဧကရာဇ်ကြယ်၏ အားအကောင်းဆုံး ပိုင်နက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရပ်ကြည့်နေကြသော မွန်းစတားမျိုးနွယ်စုဝင်များနှင့် မတူသည်မှာ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ ထွက်ပေါ်လာသော ဆေးရနံ့ကို ရှုရှိုက်ရင်းဖြင့် ရှနင်းချန်း ဆေးဖော်စပ်ရာတွင် မည်သည့်အဆင့်သို့ ရောက်နေပြီ ဖြစ်မှန်းကို ခန့်မှန်းနိုင်သည်။ လက်ရှိတွင် ရန်ကိုင်သည် ဝဲကတော့ကြီးထဲရှိ ပြောင်းလဲမှုများကို သေချာ အာရုံစိုက်ကြည့်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၃)

ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကို ရှနင်းချန် ဖော်စပ်ဖူးသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူမသာ ဤဆေးလုံးကို ဖော်စပ်လိုက်နိုင်မည် ဆိုလျှင် သူမ၏ ဆေးစွမ်းရည်သည် အဆင့်ပေါင်းများစွာ ခုန်တက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် တော်ဝင်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် သူမ၏ သိုင်းတာအို ခရီးလမ်းသည်လည်း ပို၍ တိုးတက်လာရပေလိမ့်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်…

ယခုတစ်ကြိမ် ဖော်စပ်သည့် ဆေးလုံးသည် သူ့စီနီယာမမလေး အတွက် အတော်လေးကို အရေးပါပေသည်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တည်းခိုခန်း တစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။

ကံကောင်းစွာဖြင့် ဘဟဲနှင့် မာကဲနကဲ့သို့သော ပညာရှင်များ ရှိနေသည့်အပြင် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူများစွာကလည်း စော်င့ကြပ်နေသည့်အတွက် မည်သူမှ လာပြနာမရှာရဲခဲ့ကြပေ။

“ဆေးနံ့က တော်တော်လေး သင်းလာနေပြီ။ ကြည့်ရတာ ပြီးတော့မယ်နဲ့ တူတယ်”

“ဘယ်လိုဆေးလုံးကို ဖော်စပ်နေတာလဲမသိဘူး။ အနံ့ရှုလိုက်ရုံနဲ့တင် ငါကြုံတွေ့နေရတဲ့ အဆစ်တစ်ဆို့ အတားအဆီးတွေ ပျက်စီးသွားသလိုပဲ”

အကုန်လုံးသည် အချင်းချင်းကြိတ်၍ ဆွေးနွေးနေကြသော်ငြား မည်သည့် ဆေးလုံး ဖော်စပ်နေသလဲ ဆိုသည်ကိုမူ မည်သူမှ မခန့်မှန်းနိုင်ခဲ့ချေ။

ရုတ်တရက် ကောင်းကင်ထက်တွင် လည်ပတ်နေသော ဝဲကတော့ကြီးသည် ရှင်းပြမရသော ဆွဲယူခြင်း၏ ခံလိုက်ရသည့်နှယ် တည်းခိုခန်းထဲသို့ အရူးအမူး စီးဝင်တော့၏။

ဝဲကတော့ကြီးသည် ဖန်ခေါင်းပြွန်ပုံစံအတိုင်း တည်းခိုဆောင်ထဲသို့ စီးဝင်တော့လေသည်။

လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာပြီးနောက်တွင် ဝဲကတော့ကြီး နှင့်အတူ အနီးအနားတွင် စုဝေးနေသော မိုးမြေစွမ်းအင်အားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့လေသည်။ လေထဲတွင် ဝဲပျံ့နေသော‌ ဆေးနံ့သည်ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့၏။

တည်းခိုဆောင်တစ်ခုလုံး တိတ်ဆိတ်သွားကုန်လေပြီ။

အောင်မြင်သွားခဲ့သလား… ကျရှုံးသွားခဲ့လေသလား။

လူတိုင်း သိချင်နေမိကြသည်။ အကုန်လုံးသည် လည်တိုင်ကို ရှည်နိုင်သမျှရှည်အောင် ဆန့်ရင်း တည်းခိုးခန်ပေါက်ဝဆီသို့ လှမ်းကြည့်နေခဲ့ကြသည်။

ဆေးဝိဇ္ဇာကြီးသည် လူငယ်လေးလား၊ လူအိုကြီးလား၊ အမျိုးသမီးလား၊ အမျိုးသားလား၊ ဆိုသည်ကို မည်သူမှ မသိကြ။ အကုန်လုံးသည် ဆေးဖော်စပ်ရသည့် လူများ မဟုတ်ကြသော်ငြား ဆေးလုံး အောင်မြင်သွားလား၊ မအောင်မြင်ဘူးလား ဆိုသည်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်စောင့်စားနေကြလေသည်။

သာမန်ကျင့်ကြံသူများသာ ထိုကဲ့သို့ ခံစားနေကြရရုံ မဟုတ်ဘဲ မာကဲန၊ ဘဟဲနှင့် မီထျန်းတို့သည်လည်း ထိုကဲ့သို့ ခံစားနေကြရ၏။ အပေါ်ယံ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း တလက်လက် တောက်ပနေသော မျက်ဝန်းအစုံသည် သူတို့ မည်မျှ ရင်ခုန် စိတ်လှုပ်ရှားနေသလဲ ဆိုသည်ကို ဖော်ပြနေခဲ့သည်။

ရန်ကိုင်သာလျှင် ယဲ့ယဲ့လေး ပြုံးနေခဲ့သည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သူ့စီနီယာမမလေး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပေသည်။

သူ့စီနီယာမမလေး၏ အရည်အချင်းနှင့် ပါရမီအရ၊ နှောင့်ယှတ်ခြင်းသာ မခံရလျှင် ဤကဲ့သို့ အောင်မြင်သည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော်လည်း ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ခြင်းမှ ရလာသည့် ထိုထွင်းသိမြင်မှုများ၊ နားလည်မှုများကို သေချာဆင်ခြင်သုံးသပ်ရန်အတွက် အချိန်ခဏတော့ ယူရပေလိမ့်ဦးမည်။

ရန်ကိုင်သည် လူအုပ်ကြီးအား ထိုအကြောင်းကို မပြောခဲ့ဘဲ ဝင်ပေါက်ဝတွင်သာ ရပ်စောင့်နေခဲ့လေသည်။

တစ်ရက်… နှစ်ရက်…

အပြင်ဘက်တွင် ရပ်စောင့်နေသူများအားလုံး ရင်တမမ၊ ဖင်တကြွကြွ ဖြစ်နေခဲ့ကြသော်လည်း စောင့်ရပါကြာလာသော် လူအချို့ တိတ်တဆိတ် ထွက်ခွာသွားကုန်ကြပြီး ဤကိစ္စကို အမှန်တကယ် စိတ်ဝင်စားသည့် ပညာရှင်အချို့သာ ကျန်ရစ်ခဲ့၏။

ဘဟဲသည် ရန်ကိုင်ဆီမှ သဲလွန်စလေးများ ရလိုရငြား ရန်ကိုင်အား လှမ်းလှမ်း၍ ကြည့်နေခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် မျက်နှာထား တည်တည်ဖြင့်သာ ရှိနေသဖြင့် သူဘာသဲလွန်စကိုမှ ဆွဲမထုတ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေရတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ငါးရက် ကုန်ဆုံးသွားခဲ့သည်။

သို့တိုင် တည်းခိုခန်းတစ်ခုလုံးသည် ငြိမ်သက်နေသေးသည်။

ထိုအမျှ အချိန်ကြာသည်အထိ စောင့်ရသည့်နောက်တွင် လူတိုင်း စိတ်မရှည် ဖြစ်လာခဲ့ကြလေသည်။

“ဒီလောက်ဆို လုံလောက်ပြီ” မီထျန်းက ရုတ်တရက် ပြောလိုက်၏ “တည်းခိုခန်းထဲက ဆေးပညာရှင် ဆေးဖော်စပ်တာ မအောင်မြင်ဘူးနဲ့ တူတယ်။ ဒါကြောင့် ကျုပ်တို့ကိုတွေ့ဖို့ အပြင်ကို ထွက်မလာရဲတာ။ စီနီယာမာကဲန၊ ခင်ဗျားလူတွေကို ဒီလူကို ဖမ်းဖို့ အမိန့်ပေးလိုက်တော့”

“ဖမ်းမှာ။ ဘယ်သူ့ကို ဖမ်းမှာလဲ” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ စူးရဲစွာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည် “ဘယ်သူလုပ်ရဲလဲ”

မီထျန်းက ပြန်၍သာ လှောင်ပြောင်ဆိုလိုက်လေသည် “လူသား၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ဒီနေရာက မင်းဆုံးဖြတ်လို့ ရတဲ့နေရာလို့ ထင်နေတာလား။ စီနီယာမာကဲန၊ ဒီကောင်က စီနီယာကိုတောင် မျက်လုံးထဲ မထည့်ဘူး။ စီနီယာ မလှုပ်ရှားရင်၊ ဒီသခင်လေး ကိုယ်တိုင်ပဲ လှုပ်ရှားလိုက်တော့မယ်။ ဒီကောင်နဲ့ ကျုပ်ကြားက ရန်ကြွေး ပြီးပြတ်သေးတာ မဟုတ်ဘူး”

မာကဲန မျက်မှောင်ကြုတ်သွားခဲ့ပြီး ဘာလုပ်ရ ဘာကိုရမှန်း မသိတော့ချေ။ ထို့ကြောင့် မသိလိုက်မသိဘာသာနဲ့ ဘဟဲဆီ လှမ်း၍ ကြည့်လိုက်မိသည်။

ထိုအခြင်းအရာကို မြင်သော် ဘဟဲက ယဲ့ယဲ့လေးပြုံးလျက် “ဆေးဝိဇ္ဇာကြီး ဆေးဖော်စပ်တာ မအောင်မြင်ဘူး ဆိုရင်တောင် ဆေးဖော်စပ်လိုက်ရုံနဲ့ ဒီလို မြင်ကွင်းမျိုးကို ဖြစ်သွားစေတယ် ဆိုကတည်းက သူဘယ်လောက်တော်ကြောင်း ပြပြီးသွားပြီ။ မျိုးနွယ်စုခေါင်းဆောင် သခင်မက ဒီလို ပါရမီရှင်တွေကို နှစ်သက်မှာ ကျိန်းသေပဲ”

ထိုစကားကို ကြားသော် မာကဲန ချက်ချင်း အသိဝင်လာပြီး ခေါင်းညိတ်၍ “ဆရာဘဟဲပြောတာ မှန်တယ်။ ဆေးဖော်စပ်ရုံနဲ့ ဒီလို မြင်ကွင်းမျိုးကို ဖြစ်စေနိုင်တဲ့ ဘယ်ဆေးပညာရှင်ကိုမှ ဒီမြို့သခင် မတွေ့ဖူးဘူး။ ဒီလို ပါရမီရှင်မျိုးကို မျိုးနွယ်စုခေါင်းဆောင် သခင်ဆီ ကျိန်းသေ ခေါ်သွားရမယ်”

သူတို့ ထိုကဲ့သို့ ပြောနေကြစဉ်၊ တည်းခိုခန်းတွင်းမှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားပြီး အသံကြားရာဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြလေသည်။

ရန်ကိုင်၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး တည်းခိုခန်းဆီသို့ အလျင်အမြန် လမ်းလျှောက်သွားလိုက်၏။

ခဏအကြာတွင် ကျော့ရှင်းတင့်တယ်သော မိန်းမလှလေးတစ်ဦး တည်းခိုခန်းထဲမှ ထွက်လာခဲ့သည်။

အစက ဆေးဝိဇ္ဇာဟုခေါ်သောလူအား ကြည့်မရ ဖြစ်နေသည့် မီထျန်းသည် ထိုအမျိုးသမီးကို မြင်ပြီးနောက်တွင် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း အမျိုးသမီး၏ အလှအပထဲ နစ်မြောသွားလေတော့သည်။

မျက်လုံးတစ်ထောင် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့် အတွက် မီထျန်းတွင် မိန်းမလှလေးများ မရှာပါးချေ။ သူလိုချင်လျှင် လူသားမျိုးနွယ်မှကော၊ မွန်းစတားမျိုးနွယ်စုမှ မိန်းမလှလေးများကို ရနိုင်သည်။

သို့သော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ချိန် သူ့ရင်အစုံ လှုပ်ရှားသွားခဲ့ရသည်။

သူမ၏ ခန္ဓာကိုယ် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသလောက် သူမ၏ မျက်နှာလေးလည်း မည်မျှ လှပမည်လဲ ဆိုသည်ကို မီထျန်း အလွန် သိချင်နေမိသည်။

သို့သော်လည်း အပေါ်ဘက်သို့ မော့ကြည့်လိုက်ချိန် မီထျန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ထိုအမျိုးသမီးသည် သူမ၏ မျက်နှာကို အနက်ရောင် ဇာပါဝါဖြင့် လွှမ်းခြုံထားခဲ့လေသည်။ သို့သော်လည်း သူမ၏ သလင်းကျောက် ကဲ့သို့ ကြည်လင်၍ ပြစ်မျိုးမှဲ့မထင် မျက်ဝန်လေးသည် မြင်သူတိုင်းကို မိန်းမောသွားအောင် လုပ်နိုင်သည်အထိ လှပလှ၏။

နဖူးထက်တွင် ဝတ်ဆင်ထားသော မြကျောက်လေးကြောင့် ထိုအမျိုးသမီးသည် ပုံမှန်ထက်ကို ပို၍ လှပနေခဲ့သည်။

ပြစ်မျိုးမှဲ့မထင်တဲ့ အလှဆိုတာကို ဒါမျိုးကိုပြောတာ ရှနင်းချန်ကို မြင်လိုက်သည်နှင့် ဤအတွေးသည် မီထျန်းစိတ်ထဲ ပထမဆုံး ပေါ်လာသည့် အတွေး ဖြစ်သည်။

ထိုခြောက်ပစ်ကင်းလဲ သန့်စင်သော အလှတရားကို ရှုစားရင်း ထိုသန့်စင်လှသည့် အညစ်တရားကို ညစ်ထေးအောင် လုပ်ပစ်ချင်သည့်စိတ်ထဲ မီထျန်း၏ ရင်ထဲ ထွက်ပေါ်လာခဲ့သည်။ ထပ်မံ မော့ကြည့်လိုက်ချိန် ထိုမျက်နှာကာနှင့် အလှတရားသည် ပို၍ နှစ်လိုဖွယ်ကောင်းသည်ကို တွေ့ရှိနေရသည်။

မျက်နှာကာကိုသာ ဖယ်လိုက်လျှင် သူမ ဤမျှ ဆွဲဆောင်မှု ကောင်းချင်မှ ကောင်းပေတော့မည်။ သို့သော် မျက်နှာကာ ရှိနေသည့်အတွက် သူမ၏ အလှတရားသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။

မီထျန်း၏ မျက်ဝန်းထဲ ညစ်ကျယ်ကျယ် အလင်းတို့ ထွက်ပေါ်လာပြီး သူ့နှုတ်ခမ်းထက် အပြုံးယဲ့ယဲ့လေးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

“တောင်းပန်ပါတယ်နော် ဂျူနီယာမောင်လေး” ရှနင်းချန်က အားတုံ့အားနာ အမူအရာဖြင့် ပြောလိုက်လေသည်။

ဆေးဖော်စပ်နေစဉ်က အပြင်က အပြင်အပျက်များကို သူမ သတိပြုမိသည်။ သို့သော် ဆေးဖော်စပ်ခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့်အတွက် ထိုအဖြစ်အပျက်များကို သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ ယခု ဆေးဖော်စပ်ပြီးတော့မှသာ အပြင်ဘက်ရှိ အကြောင်းအရာ အားလုံးကို သတိပြုမိသွားတော့သည်။

ဆေးလုံးကို ဖော်စပ်ရာတွင် အံ့ဩဖွယ်ရာ မြင်ကွင်းကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့လေရာ လူပေါင်းများစွာ ဤနေရာသို့ လာရောက် စုဝေးနေကြသည်မှာ သဘာဝသာ ဖြစ်သည်။

ယခု တည်းခိုခန်းဝင်တွင် ရပ်စောင့်နေသော ရန်ကိုင်နှင့် ခပ်လှမ်းလှမ်း နေရာမှ ရပ်ကြည့်နေသော လူများကို မြင်ပြီးနောက် ရန်ကိုင် ထိုလူများကို တားဆီးထားခဲ့မှန်း သူမ နားလည်လိုက်၏။

“ဘာမှတောင်းပန်နေစရာ မလိုဘူး။ စီနီယာမမလေး ကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ နန်းတော်ထဲကို ဝင်ခွင့်ရတော့မှာ” ရန်ကိုင်က ပြုံး၍ ရှနင်းချန်၏လက်ကို ကိုင်ကာ ဘဟဲဆီသို့ လမ်းလျှောက်သွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မီထျန်း၏မျက်နှာကြီး မဲ့သွားပြီး ရန်ကိုင်အား ပိုပို၍ အမြင်မကြည် ဖြစ်လာခဲ့သည်။ သူလိုချင်နေသည့် အရာတစ်ခုခုကို အခြားတစ်ယောက်မှ ဖြတ်လုသွားသလို သူ့ရင်ထဲ ခံစားလိုက်ရသည်။

“အမျိုးသမီးလား” မာကဲန မှင်သက်သွားခဲ့သည်။

ရှနင်းချန် ပေါ်လာသည်ကို မြင်သည့်အခါ မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူအားလုံး မှင်သက်သွားခဲ့ကြသည်။

တည်းခိုခန်းထဲတွင် ရှိနေသော ဆေးဝိဇ္ဇာကြီးသည် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ထို့အပြင် အလွန်ကိုမှ ချောမောလှပသည့် မိန်းကလေး တစ်ဦးလည်း ဖြစ်နေသေးသည်။

သူတို့ ထင်ထားသည့် ဆေးဝိဇ္ဇာကြီးမှာ ဆံပင်ဖြူဖြူနှင့် လူအိုကြီး တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြင်နေရသည့်လူနှင့် သူတို့ ထင်နေသည့်လူ အကြီးကြီး ကွဲလွဲနေသည်ကို မြင်သည့်အခါ သူတို့ အားလုံး ကြောင်သွားခဲ့ကြခြင်း ဖြစ်သည်။

မာကဲန သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေသဖြင့် ဘဟဲဆီသို့ လှမ်း၍ပင် ကြည့်လိုက်၏။

“ဘာမှသံသယ ဝင်နေစရာမလိုဘူး။ အဲ့ဒါ မင်းတို့ စောင့်နေတဲ့ ဆေးဝိဇ္ဇာကြီးပဲ။ သူဒီကို ဒီလူသားကောင်လေးနဲ့ အတူတူ လာခဲ့တာ” ဘဟဲက ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ မာကဲနသည် အလျင်အမြန် ရှေ့သို့ တက်သွားပြီး လက်သီးဆုပ်၍ “လစန္ဒာမြို့တော် မြို့သခင် မာကဲနက ဆေးဝိဇ္ဇာကြီးကို နှုတ်ဆက်ပါတယ်”

မာကဲနသည် အတတ်နိုင်ဆုံး ဖော်ရွေနိုင်သလောက်‌ ဖော်ရွေနေခဲ့သည်။

အစပိုင်း၌ ရှနင်းချန် အနည်းငယ် ပျာယာခတ်သွားသော်ငြား ချက်ချင်းပဲ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ကျော့ရှင်းစွာ ဦးညွှတ်၍ “မြို့သခင် ယဉ်ကျေးလွန်းနေပပါပြီ။ ဆေးဝိဇ္ဇာဆိုတဲ့ အဆင့်က ဒီအမျိုးသမီးလေးနဲ့ မထိုက်တန်သေးပါဘူးရှင့်”

သူမ၏ အသံသည် နွေဦးစမ်းချောင်းလေးနှယ် ကြည်လင်လာပြီး ပျားသကာကဲ့သို့ ချိုသာလှသည်။ သူမ၏ အသံလေးကို ကြားလိုက်သည့်အခိုက် မွန်းစတားမျိုးနွယ်စုဝင်များစွာ၏ ရင်ထဲ လှိုက်လှိုက်လှိုက်လှိုက် ဖြစ်သွားကုန်ကြလေသည်။

ပြစ်မျိုးမှဲ့မထင်အလှတရား… ရစ်မူးဖွယ်ရာ မျက်ဝန်း… ပျားသကာနှယ် ချိုသာလှသည့်အသံ… ထိုမျှသာ မဟုတ်သေးဘဲ ဆေးပညာတွင်လည်း တစ်ဖက်ကမ်းခတ် ထူးချွန်သေး၏။ မျိုးနွယ်စုချင်း မတူချင်လျှင် ထိုအမျိုးသမီးသည် လိုက်ပိုးပန်းသင့်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့်… သူမတွင် ပိုင်ရှင် ရှိနေခဲ့လေပြီ။ သူမနှင့် လက်ချင်းချိတ်ထားသော ရန်ကိုင်ကိုကြည့်ရင်း မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များ၏ရင်ထဲ မနာလို အားကျစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

ရှနင်းချန်၏ နှိမ့်ချမှုကြောင့် မာကဲန ရယ်ရယ်မောမော ဖြစ်သွားပြီး အလျင်စလို ပြန်ပြောလိုက်လေသည် “ဟုတ်သားပဲ၊ မိန်းကလေးကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျုပ်တို့ လနီမျိုးနွယ်စုရဲ့ တစ်ချိန်က နံပါတ်တစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ တန်ခိုးရှင်ဘုရင်အဆင့်အောက် ပြိုင်ဘက်ကင်း ဆရာဘဟဲပါပဲ”

“စီနီယာဘဟဲကိုလည်း နှုတ်ဆက်ပါတယ်” ရှနင်းချန်က နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်သည်။

ဘဟဲက ရယ်မောလျက် “မိန်းကလေး ဒီလောက်အထိ နှိမ့်ချနေစရာ မလိုပါဘူး။ အခုလို ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းကို မြင်ခွင့်ပေးတဲ့အတွက် ဒီလူအိုကြီးကတောင် ကျေးဇူးတင်ရဦးမှာ”

ရှနင်းချန်ဆီက အကူအညီ တောင်းရဦးမည် ဖြစ်သဖြင့် သူမရှေ့တွင် သွားမမောက်မာရဲခဲ့ချေ။

“ဒါကတော့ မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်ရဲ့ သခင်လေး မီထျန်းပါ” မာကဲက မီထျန်းကို လက်ညိုးထိုး၍ မိတ်ဆက်ပေးလိုက်သည်။

မီထျန်းသည် ရှေ့သို့ တစ်လှမ်းတိုး၍ ဖော်ရွေစွာ ပြုံးလျက် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည် “ဒီက မိန်းကလေးကို အခုလို မြင်တွေ့ခွင့်ရတာ ဒီသခင်လေးအတွက် ကောင်းကင်က ပေးတဲ့ ကံကောင်းခြင်းပါပဲ”

ယခုတစ်ကြိမ်တွင်တော့ ရှနင်းချန်သည် ခေါင်းညိတ်ရုံလေးသာ ပြန်ခေါင်းညိတ်ပြလိုက်ပြီး ယခင်လို ပြန်နှုတ်ဆက်မနေတော့ပေ။

ဘာကြောင့်မှန်းမသိ၊ မီထျန်းကို မြင်လိုက်ချိန် သူမရင်ထဲ သတိပေး မောင်းခတ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးသာပြုံးလိုက်သည်။

“မိန်းကလေး လွန်ခဲ့တဲ့ ရက်ပိုင်းက သန့်စင်ခဲ့တဲ့ ဆေးလုံးကလေ၊ အဲ့ဆေးလုံး ဖော်စပ်တာ…” မာကဲနသည် ရှနင်းချန်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်၍ မေးလိုက်လေသည်။

ဘဟဲသည်လည်း သူမ ပြန်ပြောမည့်စကားကို သေချာ အာရုံစိုက်နေခဲ့သည်။

ရှနင်းချန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ သူမ၏ ကြိုးစားအားထုတ်မှု ရလဒ်များကို အခြားသူများအား မပြချင်ချေ။

“ပြလိုက်၊ ကျွန်တော်တို့ နန်းတော်ထဲ ဝင်ရ၊ မဝင်ရက အဲ့အပေါ်မှာ မူနေတယ်” ရန်ကိုင်က ရှနင်းချန်၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်၏။ သူ့လုပ်ရပ်ကြောင့် ရှနင်းချန်၏ ခန္ဓာကိုယ်လေး တုန်ရီသွဦးခဲ့ပြီး လည်တိုင်တစ်လျှောက်လုံး ရဲတက်သွားခဲ့ရလေ၏။

သို့သော်လည်း ရန်ကိုင်က ထိုကဲ့သို့ ပြောလာသဖြင့် ရှနင်းချန်လည်း သူမ၏ ဆေးလုံးကို ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်သည် ထိုကျောက်စိမ်းသေတ္တာကို ယူ၍ ဖွင့်ပင်မကြည့်ဘဲ ဘဟဲဆီသို့ လှမ်းပစ်ပေးလိုက်သည် “ဆေးလုံးက အထဲမှာ၊ စီနီယာ တစ်ချက် ကြည့်ကြည့်လိုက်”

ဘဟဲ အမူအရာ လေးနက်သွားခဲ့ပြီး ကျောက်စိမ်းသေတ္တာကို သေချာကိုင်ရင် အဖုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ဆေးလုံး ပေါ်လာသည့်အခိုက် ဘဟန့် အလန့်တကြား အော်ပြောမိလိုက်လေသည် “ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၄)

ဘဟဲပြောသည်ကို ကြားလိုက်သည့်အခိုက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

မာကဲနဆိုလျှင် အံ့ဩလွန်းသဖြင့် မျက်လုံးနှစ်လုံးပင် အပြင်သို့ ထွက်ကျလုမတတ် ဖြစ်နေခဲ့လေသည်။

ဆေးလုံး မျက်နှာပြင်ပေါ်တွင် သိပ်သည်းလှသော စွမ်းအင် အရှိန်အဝါတို့ ဖြာထွက်နေသော တိမ်တိုက်တစ်လွှာ ရှိနေခဲ့သည်။

ထိုဆေးလုံး ဆေးတိမ်တိုက်ပါသော ဆေးလုံး ဖြစ်သည်မှာ ဘာမှ သံသယ ရှိနေစရာ မလိုချေ။ ဆေးတိမ်တိုက်ပါသော ဆေးလုံးအား သူတို့ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ထိုဆေးလုံးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံး ဖြစ်မည်မှန်း ချက်ချင်း တန်းသိလိုက်သည်။

အနီးအနားရှိ မိုးမြေစွမ်းအင်များသည် ထိုဆေးလုံးထဲသို့ ဖြည်းဖြည်းချင်း စီးဝင်နေခဲ့လေသည်။

အချိန်သာ အလုံအလောက်ပေးလိုက်လျှင် ထိုဆေးလုံး၏ အာနိသင်မှာ ကြောက်မက်ဖွယ်ရာ အဆင့်ထိ ရောက်သွားပေလိမ့်မည်။ သို့သော် ထိုသို့ ဖြစ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်မှာ မလွဲမသွေပင်။

ထိုသို့ဆိုလျှင် ထိုဆေးလုံး၏ တန်ဖိုးသည် တန်ဖိုးဖြတ်မရအောင်ကို မြင့်မားလွန်းလှသည်။

“ဆရာဘဟဲ၊ ဒါက တန်ခိုးရှင်အဆင့်ဆေးလုံးလား” မာကဲနသည် ရှေ့သို့တိုး၍ တုန်ရီနေသည့် လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ တန်ခိုးရှင်အဆင့်ဆေးလုံးပဲ” ဘဟဲက ခေါင်းညိတ်၍ ပြောလိုက်သည်။

ဆေးလုံးအဆင့်မြင့်လေ၊ ဆေးသွေးကြော၊ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရ ပိုခက်ခဲလေပင်။ အလွန်တော်သော ဆေးပညာရှင်များသည် ဆေးဖော်စပ်နေရင်း ကံကောင်းသွားခဲ့လျှင် ဆေးသွေးကြော သို့မဟုတ် ဆေးတိမ်တိုက်ပါသော ဆေးလုံးများ ဖြစ်ကြသည့် အဆင့်နိမ့်ဆေးလုံးများ၊ ဥပမာပြောရသော် မြေကမ္ဘာ အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်အဆင့်ဆေးလုံး မဆိုထားနှင့် ဆေးသွေးကြောပါသော တန်ခိုးရှင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးပညာရှင်အကြောင်းပင် သူတို့ တစ်ခါမှ မကြားဖူးကြချေ။

မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် ရှိနေသော အတော်ဆုံး ဆေးပညာရှင်ပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ချေ။ ထို့အပြင် ထိုဆေးဝိဇ္ဖာသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။

ဤအမျိုးသမီးသည် ဆေးပညာရှင် ဘယ်လောက်များ တော်နေသဖြင့် ဤကဲ့သို့ ဆေးတိမ်တိုက်ပါသော တန်ခိုးရှင် အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရသနည်း။ သူမ ကံကောင်းသွားခြင်း သက်သက်များ ဖြစ်နေမလား၊ သို့မဟုတ် သူမကိုယ်တိုင်က တကယ်ကို တော်နေခြင်းပေလား။

ဘဟဲ အလွန်ကိုမှ အံဩနေမိတော့သည်။

အစောပိုင်းက ဖြစ်ပေါ်လာသည့် မြင်ကွင်းသည်မှာလည်း အလွန် အဆင့်မြင့်သော ဆေးလုံးကို ဖော်စပ်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်မှန်း ယခုမှပဲ ဘဟဲ နားလည်သွားတော့သည်။ သို့သော်လည်း ဤဆေးလုံးသည် အဆင့်မြင့် ဆေးလုံးများထက်ပင် ပိုအဖိုးတန်ပေသည်။

သူမတွင် ဤသို့သော ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိသဖြင့် ဤလူသားသည် မွန်းစတားဧကရာဇ်ကြယ်တစ်ခုလုံးကို အထင်သေး နှိမ့်ချချင်လျှင်ပင် နှိမ့်ချနိုင်သည့် အရည်အချင်း ရှိပေသည်။

သူမသည် ဆေးဝိဇ္ဇာဟူသော ဂုဏ်ပုဒ်ထက် ပိုမို မြင့်မားသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်သည့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေသည်။

ဟဘဲသည် ရှနင်းချန်အား အံ့ဩတကြီး ကြည့်နေပြီးနောက် မာကဲနဘက်သို့ လှည့်၍ “ပြီးတော့ ဒါက တန်ခိုးရှင်အခြေတည် ဆေးလုံးပဲ”

မာကဲန သက်ပြင်းတစ်ရှိုက်တစ်ချက် ရှိုက်လိုက်သည်။

တန်ခိုးရှင်အခြေတည် ဆေးလုံးသည် တန်ခိုးရှင်အဆင့် ဆေးလုံး တစ်လုံးသာ ဖြစ်သော်လည်း ထိုဆေးလုံးသည် အချို့သော တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးများထက်ပင် ပို၍ ဖော်စပ်ရ ခက်ပေသည်။

ဤဆေးလုံးနှင့် ဆိုပါက မည်သည့် သူတော်စင်ဘုရင် တတိယအဆင့် မဆို တန်ခိုးရှင်အဆင့်သို့ အတားအဆီးမရှိ အဆင့် ချိုးဖျက်နိုင်ပေလိမ့်မည်။

“ဒီတော့ ဒီဆေးဝိဇ္ဇာက အနည်းဆုံး တန်ခိုးရှင်အလယ်အလတ် အဆင့် ရှိနေတဲ့ ဆေးဝိဇ္ဇာပေါ့” မာကဲနက မေးလိုက်သည်။

“မပြောတတ်ဘူး…” ဘဟဲလည်း တရားသေ ကောက်ချက် မချရဲချေ။ ဆေးလုံးကို ကျောက်စိမ်းသေတ္တာထဲသို့ သေသေချာချာ ထည့်သိမ်းလိုက်ပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် “ဘာပဲဖြစ်ဖြစ် ဒီဆေးဝိဇ္ဇာကို နန်းတော်ဆီ လုံလုံခြုံခြုံ လိုက်ပို့ပေးရမယ်။ မင်းဘာလုပ်ရမလဲ နားလည်တယ်မလား”

“ဆရာဘဟဲ စိတ်ချထားလိုက်တယ်။ ကျုပ်လုပ်ရမှာကို ကျုပ်ကောင်းကောင်း နားလည်တယ်” မာကဲနက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ဆေးလုံး မည်မျှ အဖိုးတန်ကြောင်း သိလိုက်ပြီးသည့်နောက်တွင် မာကဲန၏ ရှနင်းချန်အပေါ် ဆက်ဆံပုံသည် ယခင်ထက် ပို၍ လေးလေးစားစား ရှိလာခဲ့သည်။ သူမအား မြို့သခင်စံအိမ်တွင် နားနေမလားဟုပင် ဖိတ်ခေါ်လိုက်သေးသည်။

လက်ရှိတွင် ရှနင်းချန်စိတ်ထဲ အတော်လေး မကျေမနပ် ဖြစ်နေမိသည်။

သူမ ပထမဆုံး ဖော်စပ်ဖူးသည့် ဆေးတိမ်တိုက်ပါသော ဆေးလုံးသည် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ၏ ယူဆောင်သွားခြင်း ခံလိုက်ရသည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူမအား နှစ်သိမ့်ပေးရတော့၏။

မာကဲန သူတို့အား မြို့သခင်စံအိမ်ဆီသို့ ဘာကြောင့် ဖိတ်ခေါ်နေရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်ပေသည်။ ထို့ကြောင့် ရှနင်းချန်ကိုယ်စား ဝင်သဘောတူလိုက်လေသည်။

ရန်ကိုင်သည် အစောပိုင်းက ရှနင်းချန်အတွက် ပြောပေးနေမှန်း သိလိုက်သည့်အတွက် ရှနင်းချန်အပေါ် လေးစားသောအားဖြင့် လစန္ဒာမြို့ထဲတွင် ရန်ကိုင်ရှာခဲ့သည့် ပြဿနာအားလုံးကို ကျေအေးပေးလိုက်တော့လေသည်။ ထို့နောက် စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့ နှစ်ယောက်ကို မြို့သခင်စံအိမ်တွင် အနားယူရန် အားတက်သရော ဖိတ်ခေါ်တော့လေသည်။

မီထျန်းသည်လည်း သူတို့နှင့်အတူ မြို့သခင်စံအိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့်အတွက် သူသွားသည့်နေရာတိုင်း လူတိုင်း၏ အာရုံစိုက်မှု ရခံသင့်သည်။ သို့သော်လည်း လစန္ဒာမြို့ဆီသို့ လာသည့်ခရီးတွင် သူ့ကျော်ကြားမှုကို ရှနင်းချန်မှ အပြီးတိုင် လုယူသွားခဲ့လေသည်။

ထိုအချက်နှင့် ပက်သက်၍ မီထျန်း ဒေါသလည်း မထွက်မိသလို မနာလိုဝန်တိုခြင်းလည်း မဖြစ်မိချေ။ တကယ်တော့ ထိုအမျိုးသမီးသည် အနှေးနှင့်အမြန်ဆိုသလို သူ့အပိုင် ဖြစ်လာတော့မည် မဟုတ်လော။ ထို့ကြောင့် ထိုမျှလောက်ကို သူဂရုစိုက်မနေခဲ့ချေ။

ရှနင်းချန်သည် သူ့အပိုင် ဖြစ်လာရလိမ့်မည်ဟု သူ့စိတ်ထဲ တထစ်ချ မှတ်ယူနေခဲ့သည်။

ရန်ကိုင်နှင့် ရှနင်းချန်သည် မြို့သခင်စံအိမ်တွင် နှစ်ရက်ကြာအောင် အနားယူခဲ့သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ရန်ကိုင်နှင့် ရှနင်းချန်သည် သူတို့၏ ခြံဝန်းထဲတွင် နားနေရင်း အစစ်အမှန်ဆေးပညာကျမ်းအကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ပြီးသည့်နောက်တွင် ရှနင်းချန်၏ ဆေးပညာလမ်းစဉ်အပေါ် ထိုးထွင်းနားလည်မှုများမှာ အဆပေါင်းများစွာ ခုန်တက်မြင့်မားလာသည့်အတွက် သူမနှင့် စကားပြောဆွေးနွေးရင်းမှ ရန်ကိုင်ပင်လျှင် အတော်လေး အကျိုးအမြတ် ရရှိလိုက်ရလေသည်။

နှစ်ရက်အကြာတွင် မာကဲနသည် ရန်ကိုင်နှင့် ရှနင်းချန်တို့အား နန်းတော်ဆီသို့ သွားရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လူကိုယ်တိုင် လာရောက် အကြောင်းကြားခဲ့သည်။

ရန်ကိုင်နှင့် ရှနင်းချန်သည် နည်းနည်းလေးမှ အချိန်ဆွဲမနေဘဲ ချက်ချင်း မာကဲနနှင့်အတူ မြို့သခင်စံအိမ်အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

မြို့သခင်စံအိမ်တွင် စည်းစနစ်ကျကျဖြင့် တန်းစီစောင့်နေသော တန်ခိုးရှင်အဆင့် ပညာရှင် အယောက်သုံးဆယ်ကျော် ရှိနေခဲ့၏။ ထိုလူအားလုံးသည် ရှနင်းချန်အား နန်းတော်ဆီသို့ လိုက်ပါ စောင့်ရှောက်ပေးရမည့် အစောင့်များ ဖြစ်ကြသည်။

ရှနင်းချန်ကဲ့သို့ ပညာရှင်တစ်ဦးကို နန်းတော်ဆီသို့ မရောက်မချင်း မည်သည့် မတော်တဆ ဖြစ်သွားစေ၍ မဖြစ်ချေ။

ဘဟဲနှင့် မီထျန်းတို့ပါ ရှိနေသည့်အတွက် သူတို့အား ပြဿနာ ရှာရဲသည့်လူလည်း ရှိလောက်လိမ့်မည် မဟုတ်ချေ။

မာကဲနသည် ရှနင်းချန် စီးဖို့ရာအတွက် လှပသော လှည်းတစ်စီးကိုလည်း ပြင်ဆင်ပေးထားခဲ့လေသည်။ ထိုလှည်းကို ဆွဲသည့် မွန်းစတားသားရဲနှစ်ကောင်သည် မီထျန်း၏ မိုးကြိုးမီးတောက်ဖွတ်များနှင့် ယှဉ်၍မရသော်လည်း ထိုမွန်းစတားသားရဲများသည် အတော်လေး အားကောင်းသည့် အဆင့်ရှစ် မွန်းစတားသားရဲများ ဖြစ်နေကြပေသေးသည်။

မာကဲန၏ တောင်းဆိုချက်ကြောင့် ရှနင်းချန်လည်း လှည်းယာဉ်ပေါ် မတက်ချင်တက်ချင်ဖြင့် တက်လိုက်လေသည်။ ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲများ စီးနင်းထားသည့် ရှေ့ဆုံးမှ ဦးဆောင်သွားပြီး တန်ခိုးရှင်အဆင့်ပညာရှင် အယောက်သုံးဆယ်ကျော်သည် နောက်ဆုံးမှ လိုက်လာခဲ့သည်။ လက်ကျန် လူများမှာမူ ဘေးဘက်ဆီမှ အသီးသီး လိုက်လာခဲ့ကြလေသည်။

သူတို့၏ ကျင့်ကြံခြင်းအရ ကြယ်လွန်းပျံနှင့် သွားလိုက်ခြင်းသည် ပို၍ မြန်ဆန်မည် ဖြစ်သော်လည်း ရှနင်းချန်၏ အရေးပါမှုကို ပြသလိုသည့် အတွက် ယခုကဲ့သို့ ကိန်းကြီးခန်းကြီး ပုံစံနှင့် သွားခဲ့ရခြင်း ဖြစ်သည်။

ရန်ကိုင်သည်လည်း ရှနင်းချန်နှင့်အတူ လှည်းယာဉ်ထဲတွင် လိုက်ပါလာခဲ့လေသည်။

သူကိုယ်တိုင်က လှည်းယာဉ်ထဲ ထိုင်စီးချင်သည်မဟုတ်၊ သူ့စီနီယာမမလေးက တစ်ယောက်တည်း နေရသည်မှာ အနည်းငယ် မသက်မသာ ဖြစ်သည်ဟု ပြောနေသည့်အတွက် သူကိုယ်တိုင်လည်း သူမနှင့်အတူ လှည်းလိုက်စီးရခြင်း ဖြစ်သည်။

မီထျန်းသည် မီးတောက်မတတ် မျက်ဝန်းအစုံဖြင့် ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲကို စီး၍ လှည်းယာဉ်နောက်မှ လိုက်လာခဲ့သည်။

ထိုကဲ့သို့သော ထူးချွန်လှသည့် အမျိုးသမီးတစ်ဦးသည် သူနှင့်သာ လိုက်ဖက်သည်။ ထိုလူသားသည် အားကောင်းသော်လည်း သူသည် အဆင့်နိမ့် လူသားတစ်ဦးသာ ဖြစ်နေသေးသည်။

တရင်းတနှီး ပြုမူနေကြသော ထိုနှစ်ဦးကိုကြည်ရင်း မီထျန်း၏ ရင်ထဲ ဒေါသမီးတောက်တို့ တောက်လာခဲ့ရလေသည်။

မင့်စောင့်နေ၊ မကြာခင် ငါ့သားရဲနှစ်ကောင်အတွက် ဒီသခင်လေး မင်းနဲ့ စာရင်းလာရှင်းမယ် မီထျန်းက သူ့ရင်ထဲ ကြိတ်၍ ပြောလိုက်၏။

လမ်းခရီးတစ်လျှောက်လုံး မည်သည့် အန္တရာယ်နှင့်မှ သူတို့ မကြုံတွေ့ခဲ့ရချေ။ ဤနေရာသည် လနီပိုင်နက် ဖြစ်သည်။ ထို့အပြင် လစန္ဒာမြို့သခင်ကိုယ်တိုင်ကလည်း ပညာရှင်များစွာ နှင့်အတူ လိုက်ပါစောင့်ရှောက်နေသည့်အတွက် မည်သူမှ လာရောက် ပြဿနာ မရှာရဲသည်မှာ သဘာဝသာ ဖြစ်သည်။

ငါးရက်ခန့် သွားပြီးနောက်တွင် အားလုံးရှေ့တယ် ကြီးကျယ် ခမ်းနားသော အဆောက်အဦးများ ထွက်ပေါ်လာခဲ့သည်။

လနီမျိုးနွယ်စုခေါင်းဆောင် နေသည့် အဓိကနန်းတော်ထဲ၌ နန်းတော်များစွာနှင့် စံအိမ်များစွာ တည်ရှိပေသည်။ ထိုအရာ အားလုံးကို တောင်ကြီးတစ်တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ တောက်အောက်ခြေမှ တဖြည်းဖြည်း တက်သွားလိုက်ပါက လမ်းတစ်လျှောက် သေသပ်သပ်ရပ်စွာ တည်ဆောက်ထားသော နန်းတော်ငယ်လေးများကို မြင်တွေ့နိုင်ပေသည်။

ဤနေရာသည် လခြမ်းတောင်ဖြစ်ပြီး လနီမျိုးနွယ်စုခေါင်းဆောင် နေသည့်နေရာ ဖြစ်ပေသည်။

လနီမျိုးနွယ်စုပိုင်နက်ထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များ၏ အမြင်၌ ဤနေရာသည် သူတို့၏ ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုခေါင်းဆောင် သခင်မချီယွဲ့ နေသည့် တော်ဝင်နယ်မြေ တစ်ခု ဖြစ်ပေသည်။

ရန်ကိုင်သည် လှည်းပေါ်တွင် ရပ်လျက် သူ့ရှေ့တည့်တည့်သို့ လှမ်း၍ ကြည့်နေခဲ့သည်။

“အစ်မချင်းလော့က အဲ့မှာ ရှိနေတာလား” ရှနင်းချန်က မေးလိုက်သည်။

“ဟုတ်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“သူအခု ဘယ်လိုရှိနေမလဲ သိချင်လိုက်တာ။ အစ်မချင်းလော့က အရင်ထက် ပိုလှနေလောက်မှာပဲ” ရှနင်းချန်က ရေရွတ်လိုက်၏။

ဗဟိုမြို့တော်တွင် ရှိစဉ်က ရှန်ချင်းလော့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ ထိုအလွန်ကိုမှ ဆွဲဆောင်အားပြင်းသည့် အမျိုးသမီးကို သူမစိတ်ထဲ သေသေချာချာ မှတ်မိနေခဲ့သည်။

ထိုမျှ ဆွဲဆောင်အား ပြင်းလွန်းသည့် အမျိုးသမီးကို သူမတစ်သက် တစ်ခါမှ ရှနင်းချန် မတွေ့ခဲ့ဖူးချေ။ သူမကိုယ်တိုင်ပင်လျှင် ထိုအလှထဲ တဒင်္ဂတာခန့် မျောပါသွားရဖူးသည်။

ထိုအလှတရားသည် ရှန်ချင်းလော့၏ မွေးရာပါ ညို့ဓါတ်တစ်မျိုး ဖြစ်သည်။ ဤလောကကြီးတွင် ရှန်ချင်းလော့အား အလှတရားထဲ နစ်မျောသွားခြင်း မရှိသည့် ယောကျာ်းကော ရှိမှ ရှိပါလေပါ့မလားဟု ရှနင်းချန် တွေးလိုက်မိသည်။

“မကြာခင် သိရမှာပေါ့” ရန်ကိုင်က ရှနင်းချန်၏ လက်ကို ပုတ်ပေးလိုက်ရင်း သူမလက်ကို ဆွဲဖက်လျက် လှည်းယာဉ်ထဲ ထွက်လာလိုက်လေသည်။

“သခင်မချီယွဲ့ရဲ့ နန်းတော်က တကယ် ခမ်းနားတာပဲ။ ဒီသခင်လေး ကိုယ်တိုင် တွေ့ချင်နေခဲ့တာ ကြာပြီ” မီထျန်းသည် ရန်ကိုင်နှင့် ရှနင်းချန်တို့ အတွဲကို မကြည့်မိအောင် ထိန်းထားရင်း ပြောလိုက်၏။ ထိုနှစ်ယောက်ကို ကြည့်လိုက်တိုင် သူ့ရင်ထဲ ဒေါသ ထွက်လာရသည့်အတွက် မကြည့်မိအောင်သာ ရှောင်တော့သည်။

“သွားကြတာပေါ့။ ဒီကနေစပြီး လမ်းပဲ လျှောက်ရတော့မယ်။ မျိုးနွယ်စုခေါင်းဆောင်သခင်မလည်း ကျုပ်တို့ ရောက်နေတဲ့ အကြောင်း သိပြီးသားဆိုတော့ ကျုပ်တို့ကို ကြိုဆို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်” မာကဲနက လက်ဝှေ့ရမ်း၍ မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည် ထိုနေရာတွင် စောင့်နေရစ်ရန် အမိန့်ပေးလိုက်ပြီးနောက် ရန်ကိုင်နှင့် အခြားသူများအချို့ကို ဦးဆောင်ကာ ရှေ့တက်သွားလေ၏။

လနီမျိုးနွယ်စုခေါင်းဆောင်သည် သူတို့ အကြောင်းကို သတင်း ရပြီးသည်မှာ ကြာပြီဖြစ်သည့်အတွက် သူတို့ကို စောင့်ကြိုရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားခဲ့ပေသည်။

မာကဲနနှင့် အခြားသူများ ရောက်လာချိန် ထိုမွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူသည် ရှနင်းချန်အား တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ “ခင်ဗျား အလုပ်ကြိုးစားခဲ့ပြီးသွားပြီ။ ဒီဆေးဝိဇ္ဇာကို နန်းတော်ဆီ လိုက်ပါ ပို့ဆောင်ပေးတဲ့အတွက် မာကဲနကို ဆုကောင်းကောင်းပေးမယ်လို့ မျိုးနွယ်စုခေါင်းဆောင်က ပြောထားတယ်။ အခုလောလောဆယ်တော့ နန်းတော်ရဲ့ ဧည့်သည်ဆောင်နေရာမှ ခဏလောက် စောင့်နေပေးပါဦး”

မာကဲန အပြုံးကြီးပြုံးလိုက်ပြီး အလျင်အမြန် ကျေးဇူးတင်လိုက်၏။

ထို့နောက် ဦးဆောင်လာသည့် ကျင့်ကြံသူက ဘဟဲဘက်သို့ လှည့်၍ ပြောလိုက်သည် “သူ့ကိုဖမ်း”

ရုတ်တရက် အဘက်ဘက်မှ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ ပေါ်လာပြီး ဘဟဲဆီသို့ ပြေးဝင်လာခဲ့လေသည်။ ဘဟဲသည် နည်းနည်းလေးမှ မခုခံဘဲ ကြည်ကြည်ဖြူဖြူဖြင့် အဖမ်းခံလိုက်သည်။

“မတွေ့ရတာတောင် ကြာသွားပေမယ့် မင်းက အရင်ကလို ရက်စက်နေတုန်းပါလား တုန်းရှီ” ဘဟဲက ပြုံးလိုက်သည်။

“မင်းကတော့ ပိုပြီးတော့တောင် အရှက်မဲ့လာသေးတယ်။ ဒီတစ်ကြိမ်တော့ လခြမ်းတောင်ကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့” တုန်းရီဟုခေါ်သော မွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့်‌ ပြောလိုက်သည်။

“ငါသေမယ်၊ ရှင်တာကို မျိုးနွယ်စုခေါင်းဆောင် သခင်မကပဲ ဆုံးဖြတ်လိမ့်မယ်။ တုန်းရီ မင်းနဲ့ငါ သိလာတာ ကြာပြီဆိုတော့ သခင်မရှေ့ရောက်ရင် ငါ့ကောင်းကြောင်းလေးတွေ ပြောပေးဖို့ မင်းကို အားကိုးနေမယ်နော်”

“အိမ်မက်မက်နေလိုက်” တုန်းရီက နှာခေါင်းရှုံ့၍ “ဒါပေမယ့် စိတ်ချထားလိုက်။ သခင်မသာ သေမိန့်ပေးလိုက်ရင် မင်းကို ငါကိုယ်တိုင် မရဏလမ်းပို့ပေးမယ်”

“မင်းတကယ် ရက်စက်ပါလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၅)

ဘဟဲ ဖမ်းခံရသည်ကို မြင်လိုက်ချိန် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဘဟဲ၏ ယုံကြည်ချက်ရှိနေသည့် အမူအရာကို မြင်ပြီးနောက်တွင် ထိုသို့ ဖြစ်လာမည်ဟု ဘဟဲ ကြိုသိထားလိုက်ကြောင်း နားလည်လိုက်သည်။

မီထျန်းကိုလည်း တစ်ယောက်ယောက်မှ နွေးထွေးစွာ လာရောက် ကြိုဆိုလေသည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့ကို မွန်းစတား မျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးမှာ လာရောက် ခေါ်ဆောင်ခဲ့၏။

ထိုအမျိုးသမီးသည် အကောင်သာ သေးသော်လည်း သူမ၏ အသက်စွမ်းအင်မှာ အတော်လေး အားကောင်းသလို ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေခဲ့၏။ နားရွက်နှစ်ဖက်မှာတော့ ကြောင်နားရွက်နှင့် ခပ်ဆင်ဆင်ပင်။

ထိုအမျိုးသမီးအား တစ်ချက်ကြည့်ပြီးနောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်ရှုခင်းများကိုသာ လှည့်ပတ်ကြည့်နေတော့သည်။

“မိန်းကလေးခင်ဗျ။ ကျုပ်တို့အခု သခင်မချီယွဲ့ကို သွားတွေ့မှာပါလား” ခဏအကြာတွင် ရန်ကိုင်က မေးလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်မှာ အခြား အရေးကြီး ကိစ္စတွေ ရှိနေလို့ ရှင်တို့ကို အခုချက်ချင်း လာတွေ့နိုင်ဦးမှာ မဟုတ်သေးဘူး။ ရှင်တို့ကို ဧည့်ခံဖို့ အခြား တစ်ယောက်ယောက်ကို တာဝန် ပေးထားတယ်” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးသည် နောက်သို့ပင် ပြန်မကြည့်ဘဲ ပြောလိုက်သည်။

“ကျုပ်နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ဘာမေးခွန်းမှ ထပ်မေးမနေတော့ချေ။

ရှနင်းချန်သည် လန္စာမြို့တွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့သော်ငြား ချီယွဲ့သည် မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်အနက်မှ တစ်ဦး ဖြစ်သည့်အတွက် သူမအား သူကိုယ်တိုင် လာရောက် မကြိုဆိုသည်မှာ သဘာဝသာ ဖြစ်သည်။

သို့သော်လည်း ချီယွဲ့သည် ရှနင်းချန်အား မလေးမစား မလုပ်ခဲ့ပေ။ သူမကို ကြိုဆိုရန်အတွက် အဆင့်အတန်း မြင့်မားသည့် တစ်ယောက်ကို တာဝန်ပေးထားခဲ့ပေသည်။

ရန်ကိုင်သည် ရှန်ချင်းလော့ကိုသာ တွေချင်ခြင်း ဖြစ်ပြီး ချီယွဲ့ကို တွေ့ရရ၊ မတွေ့ရရ ကိစ္စမရှိပါချေ။ ချီယွဲ့ကို မတွေ့ရလျှင် ပို၍ပင် ကောင်းပေသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် မျက်နှာချင်းဆိုင်ရသည်မှာ သူ့အတွက်ပင် အတော်လေး ဖိအားများပေသည်။

အခြားတစ်ဦးတစ်ယောက်မှ သူတို့အား လာကြိုမည့်အကြောင်း ကြားသော် ရန်ကိုင် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ထိုအမျိုးသမီးနောက် လိုက်လာနေရင်းနှင့်မှ ရှနင်းချန်နှင့် မည်ကဲ့သို့ တွေ့အောင်လုပ်ရမည်လဲ ဆိုသည်နှင့်ပက်သက်၍ ကြိတ်ကာ အကြံထုတ်နေခဲ့လေသည်။

ဤနေရာတွင် သူ့ကောင်းကင်စိတ်အာရုံကို လက်လွတ်စပယ် မသုံးရဲချေ။ ထိုသို့သုံးလိုက်လျှင် ပြဿနာ အကြီးကြီး တက်နိုင်၏။

နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက်တွင် နန်းတော်ကြီး တစ်လုံးရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့ပြီး ထိုထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

နန်းတော် အတွင်းပိုင်းသည် အတော်လေး ကျယ်ဝန်းပြီး ခန်းမ တစ်ခုလုံး လင်းထိန်နေခဲ့သည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ များစွာသည် နန်းတော်၏ တစ်ဖက်တစ်ခြမ်းတွင် စီးတန် ရပ်နေကြပြီး တံခါးပေါက်ဆီသို့ စိတ်ဝင်တစား လှမ်းကြည့်နေကြ၏။

လစန္ဒာမြို့တွင် လူသားတစ်ဦးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံး တစ်လုံးအား ဖော်စပ်ခဲ့သည့်အကြောင်း သူတို့ ကြားသိခဲ့ရသည်။ မြို့သခင်မာသည် ထိုလူသားကို မျိုးနွယ်စု ခေါင်းဆောင်အတွက် အလုပ်အကျွေး ပြုနိုင်ရန်အတွက် နန်းတော်ဆီသို့ ခေါ်လာမည်ဖြစ်ကြောင်း သူတို့ သိထားကြ၏။

ထိုမျှ ဆေးပညာတွင် ထူးချွန်ထက်မြက်သည့်လူသည် မည်သို့သော လူသားမျိုး ဖြစ်မလဲဆိုသည်ကို အကုန်လုံး သိချင်နေမိကြသည်။

ခန်းမထိပ်ပိုင်းတွင် ထိုင်နေသည်မှာ တန်ခိုးရှင်တတိယအဆင့် ပညာရှင်နှစ်ဦး ဖြစ်သည်။

ဘယ်ဘက်ရှိ တစ်ယောက်သည် ကြောက်မက်ဖွယ်ရာ အကြည့်နှင့် လူထွားကြီးတစ်ဦး ဖြစ်ပြီး ညာဘက်တွင် ထိုင်နေသည်မှာ လှပသော ရုပ်ဆင်းရူပကာနှင့် ကျော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

အောက်ဘက်တွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် ထိုအမျိုးသမီးအား မကြာမကြာ လှမ်း၍ ကြည့်နေကြသော်လည်း သူမ၏ အလှထဲ နစ်မြောသွားပြီး အသိပြန်မဝင်မည်ကို စိုးရွံ့သည့်အလား ကြည့်ပြီးသည်နှင့် ချက်ချင်း အကြည့်ပြန်လွှဲသွားကြလေသည်။

လက်ရှိတွင် ဘယ်ဘက်တွင် ထိုင်နေသည့် လူထွားကြီးမှာ စောင့်ရသည်ကို အနည်းငယ် စိတ်မရှည် ဖြစ်နေသည့်ပုံပင်။

ညာဘက်ရှိ အမျိုးသမီးမှာမူ မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ခန်းမ အပြင်ဘက်ဆီသို့ လှမ်း၍ ကြည့်နေခဲ့သည်။

အချိန်ကြာလာသော်၊ အမျိုးသမီး၏ မျက်နှာထက် ဝမ်းသာ၊ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။ မူလက ပျင်းရိပျင်းတွဲ ထိုင်နေခဲ့သော်လည်း စိတ်လှုပ်ရှားစွာဖြင့် ခါးကို ကောက်ဆန့်လိုက်မိသည်။

တဖျက်ဖျက် တောက်ပနေသော မျက်ဝန်းအစုံဖြင့် နီစွေးစွေး နှုတ်ခမ်းအစုံကို ကိုက်လျက် ခန်းမအပြင်ဘက်ဆီသို့‌ ပြုံးလျက် မျှော်လင့်တကြီး လှမ်းကြည့်နေခဲ့သည်။

သူမ၏ အပြုအမူကြောင့် အောက်ဘက်ရှိ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ မသက်မသာ ဖြစ်လာကြသည်။ သူမ၏ ပုံစံကို ကြည့်ရင်း အကုန်လုံး နှလုံးခုန် မြန်လာခဲ့ပြီး အာခေါင်များ ခြောက်လာခဲ့သည်။

ထိုအမျိုးသမီး ထိုကဲ့သို့ ပြုမူသည်ကို သူတို့ တစ်ခါမှ မတွေ့ဖူးချေ။ အကုန်လုံးသည် သူမ၏ အပြုံးတစ်ချက်ကြောင့် ဖြစ်ပေါ်လာရသော သူတို့ရင်ထဲရှိ အရိုင်းစိတ်ဆန္ဒများကို မခုခံနိုင်ခဲ့ကြပေ။ ထို့ကြောင့် အဆုံးမဲ့ အမှောင်ထုကြီးထဲ ထာဝရကျဆင်းသွားပြီး အလင်းရောင်ကို နောက်တစ်ဖန် ပြန်မမြင်နိုင်ဘူး ဆိုလျှင်ပင် ထိုအဆုံးမဲ့ အမှောင်ထုကြီးထဲသို့သာ ကျဆင်းသွားချင်မိတော့၏။

ချက်ချင်းဆိုသလို ခန်းမထဲ နှာခေါင်းရှုံ့သံများ ထွက်ပေါ်လာခဲ့၏။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများစွာသည် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ပြီး သူတော်စင်ချီကို ချက်ချင်းပဲ လှည်ပတ်၍ ထိုစိတ်ဆန္ဒရိုင်းများကို အတင်းအကြပ် ချုပ်တည်းပစ်လိုက်ရသည်။

သူတို့သာ ထိုအမှောင်ထုထဲ ဆက်လက် နစ်မွန်းနေခဲ့လျှင် သူတို့ကိုယ်သူတို့ လုံးဝ ကယ်နိုင်တော့မည် မဟုတ်ချေ။

လမ်းလျှောက်နေသည့် ကပ်ဘေးကြီးပင်… မျိုးနွယ်စု ခေါင်းဆောင်၏ မွေးစားသမီးသည် တကယ့် ပြဿနာတုံးကြီး ဖြစ်သည်။ အလွန်ကျော်ကြားသော မြွေခွေးမျိုးနွယ်စုဝင်များပင် သူမလောက် စွဲမက်ဖွယ်မကောင်းလှချေ။

သူမသာ လူသားတစ်ယောက်သော် ဖြစ်သော်လည်း သူမ၏ ညို့ဓါတ်မှာ ဘာကြောင့် ထိုမျှ ပြင်းထန်နေရသနည်း။ သူတို့ မည်ကဲ့သို့ပင် စဉ်းစားစေကာမူ မွန်းစတားမျိုးနွယ်စုဝင်အားလုံး ထိုအချက်ကို လုံးဝ နားမလည်နိုင်ခဲ့ကြပေ။

မွန်းစတားမျိုးနွယ်စု၏ အတော်ဆုံး လူငယ်မျိုးဆက်ပင်လျှင် သူမနှင့် မထိုက်တန်ချေ။

“သူတို့ ဘာလို့ရောက်မလာသေးတာလဲ။ ဒီဦးလေး စောင့်နေရတာ စိတ်မရှည်တော့ဘူးနော်” နန်းတော်ထဲ မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသံကြောင့် အနည်းငယ် စိတ်နှင့်ကိုယ်နှင့်မကပ် ဖြစ်နေသည့် မွန်းစတားမျိုးနွယ်စုဝင်များ ချက်ချင်း အသိပြန်ဝင်လာကြပြီး ခေါင်းမော့ကြည့်လိုက်ရာ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီး ဘေးတွင် ရပ်နေသော လူထွားကြီးမှ အော်ဟစ်လိုက်ခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လူထွားကြီးသည် ပင်အပ်များပေါ် ဖင်ခုထိုင်နေရသည့်နှယ် လက်ဝါးနှစ်ဖက်ကို ပွတ်လျက် ဖားဖားယားယားပြုံးရင်း သူ့ဘေးနား၌ ထိုင်နေသော အမျိုးသမီးဘက်သို့ လှည့်ကာ မေးလိုက်လေသည် “ညီမလေး၊ အစ်ကိုကြီးမှာ အခြား လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ နင်ပဲ စောင့်နေလိုက်ပါလားဟင်”

အမျိုးသမီးအား လူထွားကြီးဘက်သို့ လှည့်လာပြီး ပြုံး၍ ရယ်သွမ်းသွေးကာ “ယုရှုန်း၊ ဒီတာဝန်ကို မွေးစားအမေက တိုက်ရိုက်ပေးထားတာနော်။ အခုလာမယ့်လူက ဆေးဝိဇ္ဇာ၊ ဒီတော့ ကျွန်မတို့ဘက်က နည်းနည်းလေးမှာ တာဝန်လစ်ဟင်းလို့ မရဘူး။ အစ်ကိုကြီးရေ၊ ရှင်သာထွက်သွားလို့ မွေးစားအမေ သိသွားခဲ့ရင် ညီမလေးလည်း ဘာမှကူပြောပေးမှာ မဟုတ်ဘူးနော်”

“အဟမ်း…” ယုရှုန်း ကသိကအောက် အမူအရာဖြင့် ပြုံးလိုက်၏။ သူ့မွေးစားအမေ ဒေါသထွက်သည့်အခါ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ကျော့ရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ချက်ချင်း လက်ဝှေ့ရမ်း၍ “ငါဒီအတိုင်းပဲ ပြောကြည့်လိုက်တာ၊ အတည်ယူစရာ မလိုဘူး”

ယူရှုန်း၏ စကားသံ ဆုံးသွားသည်နှင့် မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦး ခန်းမထဲသို့ လျှောက်ဝင်လာပြီး ကျော့ရှင်းစွာ ဦးညွှတ်၍ ပြောလိုက်လေသည် “ဧည့်သည်တွေကို ခေါ်လာခဲ့ပါပြီ ဆရာတို့”

“နောက်ဆုံးတော့ ရောက်လာပြီပေါ့” ရှုရှုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံးလျက် “ဆေးဝိဇ္ဇာဆိုတဲ့လူလည်း သူ့ဂုဏ်သတင်းအတိုင်း တော်လား ကြည့်ရသေးတာပေါ့။ လျှောက်ပြီးတော့ ချဲ့ကားပြောထားတာဆိုရင်တော့ ဒီအဖေ ကိုယ်တိုင် တစ်စစီ ဆွဲဖြဲပစ်မယ်”

ချီယွဲ့သည် လူသားမျိုးနွယ်စုဝင် ပညာရှင်များကို အလွန် တန်ဖိုးထားသည့်အတွက် လူသားများစွာသည် မျိုးနွယ်စု ခေါင်းဆောင်၏ နန်းတော်ထဲသို့ဝင်ကာ ထိုနေရာတွင် အလုပ်လုပ်ပြီး လခြမ်းတောင်တွင် နေထိုင်ချင်ကြသည်။

သို့သော် လူသားအများစုသည် သူတို့ စွမ်းရည်များကို ချဲ့ကားပြီးတော့သာ ပြောကြပြီး တကယ့် အရည်အချင်းမှာမူ အပြောနှင့် မလိုက်ဖက်နိုင်အောင် ဖြစ်ခဲ့သည်။ ထို့သို့ ဖြစ်လာသည့် လူအားလုံးသည် ယုရှုန်း၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံကြရလေသည်။

ထို့ကြောင့် မည်သည့် ပါရမီရှင်ကိုမဆို ယုရှုန်း အများကြီး မျှော်လင့်မထားခြင်း ဖြစ်ပြီး သူကိုယ်တိုင် တွေ့ရမှ ယုံ၏။ ယခုတစ်ကြိမ် လူသားတစ်ယောက်မှ ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်အဆင့် ဆေးလုံးအား ဖော်စပ်နိုင်ခဲ့သည် ဆိုသော အဖြစ်အပျက်ကိုလည်း သူမယုံသင်္ကာ မဖြစ်ခဲ့ချေ။ လစန္ဒာမြို့သခင် ဆုလာဒ်လိုချင်သည့်အတွက် ချဲ့ကားပြောဆိုခဲ့ခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေမိသည်။

“သူတို့ကို ဝင်လာခိုင်းလိုက်” ယုရှုန်းဘေးတွင် ရပ်နေသော အမျိုးသမီးသည် စိတ်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ဖိနှိပ်ရင်း အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးသည် ခေါင်းညိတ်၍ နောက်သို့လှည့်ကာ လက်ယပ်ခေါ်လိုက်သည်။

သူမ ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသားနှင့် အမျိုးသမီး တစ်ဦး နန်းတော်ထဲသို့‌ ဘေးချင်းယှဉ် လမ်းလျှောက်ဝင်လာခဲ့၏။ ဝင်လာပြီးသည်နှင့် မကြာခင်မှာပဲ နှစ်ယောက်စလုံး၏ အကြည့်သည် မိန်းမလှလေးပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပြုံးလိုက်ချိန် ရှနင်းချန်မှာမူ နှုတ်ခမ်းလေးကွေးလျက် တခစ်ခစ် ရယ်တော့သည်။

ခန်းမထိပ်ပိုင်းတွင် ရပ်နေသော အမျိုးသမီး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း ရီဝေဝေ ဖြစ်လာခဲ့လေသည်။ သို့သော်လည်း လူအုပ်ကြီးရှေ့၌ အသိစိတ်လွတ်မသွားအောင် သူမကိုယ်သူမ အချိန်မှီ ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် မေးလေးမော့လျက် ရန်ကိုင်အား အချစ်အမုန်းတို့ ရောယှတ်နေသည့် အကြည့်ဖြင့် အံကြိတ်ကာ လှမ်းကြည့်လိုက်၏။

“ဆရာတို့၊ သူတို့နှစ်ယောက်ပါပဲ” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးက တင်ပြလိုက်သည်။

“ဟေး၊ တစ်ယောက်ပဲ ဖြစ်ရမှာလေ။ ဘယ်လိုလုပ်ပြီး နှစ်ယောက် ဖြစ်နေရတာလဲ” ယုရှုန်းက ရန်ကိုင်အား ကြည့်၍ ပြောလိုက်၏။

မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးက ပြန်ပြောလိုက်သည် “သူတို့ နှစ်ယောက်က စီနီယာအစ်မနဲ့ ဂျူနီယာမောင်လေးတွေပါ။ ဒါကြောင့် အတူတူ ရောက်လာခဲ့တာပါ”

“ဒီတော့ မိန်းမအားကိုးနဲ့ သာယာနေတဲ့ကောင်ပေါ့” ယုရှုန်းက နှာခေါင်းရှုံ့လျက် “ဒီအဖေက အဲ့လိုကောင်တွေကို အမုန်းဆုံးပဲ”

ရန်ကိုင်သည် ယုရှုန်းသူ့အပေါ် ဘယ်လိုထင်ထင် ဂရုမစိုက်၊ သူ့စိတ်အာရုံ အလုံးစုံသည် သူ့ရှေ့ရှိ အလှလေး ဆီသို့သာ ရောက်ရှိနေခဲ့သည်။ ထိုအလှလေးကလည်း အောက်ကျမခံ အကြည့်ဖြင့် သူ့ဆီသို့ မမှိတ်မသုံ ပြန်စိုက်ကြည့်နေခဲ့သည်။

သူတို့ နှစ်ယောက်ကြားမှ အဖြစ်အပျက်ကို လူအုပ်ကြီး သတိပြုမိသွားခဲ့သည်။

“ရဲတင်းလိုက်တဲ့လူသား၊ မင်းဘာလို့ ဦးမညွှတ်တာလဲ” ခန်းမ၏ ဘေးနှစ်ဖက်နှစ်ချပ်တွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင်များ ဒေါသတကြီး လှမ်းအော်ပြောကြတော့လေသည်။

လနီမျိုးနွယ်စုသည် ထိုနှစ်ယောက်ကို ကြိုဆိုရန်အတွက် လူပေါင်း များစွာနှင့် အဆင့်မြင့် ပညာရှင်နှစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုအရေအတွက်သည် သက်သေ မပြရသေးသည့် ဆေးဝိဇ္ဇာ တစ်ဦးအတွက် လိုတာထက်ကို ပိုနေခဲ့လေပြီ။ သို့သော်လည်း တွေ့တွေ့ချင်းတွင် ထိုနှစ်ဦးသည် နည်းနည်းလေးမှ နှိမ့်ချခြင်း မရှိဘဲ မောက်မာတကြီး ပြုမူနေခဲ့သည်။

မျိုးနွယ်စုခေါင်း၏ အသိအမှတ်ပြုခြင်း မခံထားရသော လူသား အားလုံးသည် သူတို့အတွက် အမှိုက်သာသာ သာ ဖြစ်သည်။

မွန်းစတားမျိုးနွယ်စုဝင်များကို ပို၍ ဒေါသထွက်သွားစေသည်ကား ထိုမိန်းမအားကိုးပုဆိန်ရိုး လုပ်နေသည့် လူသားသည် သူတို့၏ သခင်မလေးကို အရှင်လတ်လတ် ဝါးစားချင်နေသည့်အလား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခြင်းပင်။

သူတို့ သခင်မလေးသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလျှင်ပင် နိမ့်ကျသည့် လူသားတစ်ယောက် အနေဖြင့် သူမအား ထိုကဲ့သို့ ကြည့်ခွင့်မရှိချေ။

မွန်းစတားမျိုးနွယ်စုဝင်များစွာသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့ကြလေသည်။

“ဟေး၊ အမှိုက်ထုတ်လေး၊ မင်းဘယ်ကို စိုက်ကြည့်နေတာလဲကွ” ယုရှုန်းသည်လည်း ချက်ချင်း ထရပ်လိုက်ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း “မင်းဆက်စိုက်ကြည့်နေရင်း ဒီအဖေ မင်းမျက်လုံးကို ဖောက်မထုတ်ပစ်ဘူးလို့ ထင်လား”

“လူသား၊ ဒီလောကကြီးမှာ မင်းမကြည့်သင့်တဲ့ အရာတွေ ရှိတယ်၊ အထူးသဖြင့် မိန်းမအားကိုးဘဝမှာ နေနေရတဲ့ အချိန်မှာပေါ့” ဘေးဘက်နားတွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား ဝိုင်းဝန်းလှောင်ပြောင်ကြလေတော့သည်။

ထိုလူသားကောင်လေးသည် တကယ်ကို လွန်လွန်းပေသည်။ သူဘေးနားတွင် ရပ်နေသော အမျိုးသမီးသည် သူမ၏ မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ အသားအရေကို ကြည့်လိုက်ရုံဖြင့် အလှဂဟေး တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း ထိုလူသားသည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ သူတို့၏ သခင်မလေးကိုပင် လာရောက် တပ်မက်နေခဲ့သည်။

လူသားမျိုးနွယ်စု အမျိုးသမီးသည်လည်း စုံလုံးကန်းနေသည့် လူတစ်ဦး ဖြစ်ရမည်။ ထိုကဲ့သို့ တဏှာကြီးသည့် ယောကျာ်း တစ်ဦးကိုမှ ရွေးချယ်ရသည်လို့။ သူမသာ လိုချင်လျှင် မွန်စတား မျိုးနွယ်စုမှ လူငယ်လက်ရွေးစင် အများကြီးကို ရွေးချယ်၍ ရပေသည်။

All Chapters