← Chapters

အခန်း (၁၅၈၁-၁၅၈၅)

Vol. 64 Ch. 1581-1585

အခန်း (၁၅၈၁-၁၅၈၅)

Vol. 64 Ch. 1581-1585

အပိုင်း (၁၅၈၁)

“အစ်ကိုရွှယ့်လျန်၊ သတိထားနော်။ သူက ကျုပ်ပြောခဲ့ဖူးတဲ့ လူသားပဲ” မီထျန်သည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

ရွှယ့်လျန်ဆိုသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး အပြုံးကြီး ပြုံးလျက် “ဒီတော့ မင်းရဲ့ မိုးကြိုးမီးတောက်သားရဲ နှစ်ကောင်ကို သတ်ခဲ့တဲ့ကောင်က ဒီလူသားပေါ့။ သူ့ကြည့်ရတာလည်း ဘာမှ သိပ်ဟုတ်တဲ့ပုံ မပေါ်ပါဘူး”

သူ၏ အထင်တသေး အမူအရာအရ ရန်ကိုင်ကို မျက်လုံးထဲ မထည့်သည်မှာ သေချာသလောက်ရှိသည်။

မီထျန်းက ရယ်သွမ်းသွေးလိုက်ပြီး “သူ့ကို လူသားတစ်ယောက် ဖြစ်လို့ အထင်သေးနေတာ ဆိုရင်တော့ အစ်ကိုရွှယ့်လျန် အမှားကြီး မှားသွားလိမ့်မယ်နော်။ သူက မွန်းစတားဧကရာဇ်ကြယ်က အခြား လူသားတွေနဲ့ မတူဘူးနော်…”

“ဟန့်၊ မတွေ့ရတာ ဆယ်နှစ်လောက် ကြာသွားတာနဲ့ မင်းသတ္တိတွေ ပျောက်သွားကုန်တာပဲ၊ မီထျန်း၊ ဟန်။ လူသား တစ်ယောက်ကိုတောင် ကြောက်နေတဲ့ဘဝ ရောက်သွားတယ် ဆိုတော့။ ငါ့လှည်းကိုဆွဲတဲ့ သားရဲတွေသာ အသတ်ခံရမယ်ဆိုရင် ဒီကောင် နောက်နေ့ နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး။ မီထျန်း၊ မင်းအကန့်အသတ်က ဒီလောက်ပဲ၊ အခုကနေစပြီး မွန်းစတားဧကရာဇ်ကြယ်က ငါရွှယ့်လျန်ရဲ့ လောကကြီးပဲ” ရွှယ့်လျန်သည် မီထျန်းပြောသည့်စကားကို အလေးအနက် မထားဘဲ သူ့ကိုပင် ပြန်၍ လှောင်ပြောင်နေလိုက်သေးသည်။

သို့သော်လည်း မီထျန်းသည် ဒေါသထွက်သွားခြင်းမရှိဘဲ ပြုံး၍သာ “ငါမင်းကို အကြံပေးနေရုံပဲ၊ မင်းဘာသာ နားထောင်ထောင်၊ မထောင်ထောင် ကိစ္စမရှိဘူး… ဟဲဟဲ”

သူတို့ နှစ်ယောက်စလုံးသည် တိုးတိုးလေး ပြောနေခြင်း မဟုတ်သည့် အတွက် သူတို့ ပြောနေသည့်စကား အကုန်လုံးကို ရန်ကိုင် ကြားနေရသည်။

ရန်ကိုင်သည် ရွှယ့်လျန်ဆိုသော ကျင့်ကြံသူအား စိတ်ဝင်တစား လှမ်းကြည့်နေခဲ့သည်။

ဤရွှယ့်လျန်တွင် အားကောင်းသော နောက်ခံတစ်ခုခု ရှိရပေလိမ့်မည်။ မဟုတ်လျှင် မီထျန်အား ယခုကဲ့သို့ ပြောရဲလိမ့်မည် မဟုတ်ချေ။ မီထျန်းသည် မွန်းစတားဧကရာဇ် ကြယ်ပေါ်တွင် နာမည်ကျော်ကြားသော မျက်လုံးတစ်ထောင် တန်ခိုးရှင်ဘုရင်အဆင့် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို ဝေဖန်လှောင်ပြောင်ရဲရအောင် ရွှယ့်လျန်သည် မည်သူများ ဖြစ်လေသနည်း။

ထို့အပြင် ရွှယ့်လျန်ဆိုသောလူသည် မီထျန်းထက် အားနည်းခြင်း မရှိဘဲ သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင် တတိယအဆင့်သို့ ရောက်ရှိနေခဲ့သည်။

“မင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ” ရန်ကိုင်၏ ပြုံးလျက် ထိုနှစ်ယောက်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။

“ရှိတာပေါ့” ရွှယ့်လျန်က သွားပေါ်အောင်ပြုံးလျက် ရန်ကိုင်အား အထင်တသေး စိုက်ကြည့်ရင်း “ဒါပေမယ့် ဒီသခင်မလေးနဲ့ စကားပြောဖို့ မင်းအဆင့်မမှီသေးဘူး။ မျိုးရိုးနာမည်ရှဲ့နဲ့ လူသားမိန်းကလေးကို အပြင်ထွက်လာပြီး လာတွေ့ခိုင်းလိုက်”

“စီနီယာမမလေးကို မြင်ချင်သေးတာလား” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ခေါင်းခါ၍ “အဲ့လို မဖြစ်နိုင်လောက်မှာ စိုးရိမ်စရာကြီး။ စီနီယာမမလေးက အခု ဆေးဖော်စပ်နေတုန်း တန်းလန်းကြီးဆိုတော့ ဘယ်သူ့ကိုမှ တွေ့နိုင်မှာ မဟုတ်ဘူး”

“မတွေ့ဘူးလား” ရွှယ့်လျန်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “အဲ့ဒါ သူဆုံးဖြတ်ရမှာမဟုတ်ဘူး။ ဒီသခင်လေး ကိုယ်တိုင် ရောက်လာပြီဆိုမှတော့ သူလာတွေ့ကို တွေ့ရမှာ။ သူ့မှာ ဘာပြောပိုင်ခွင့်မှမရှိဘူး”

ရွှယ့်လျန်နောက်တွင် ရပ်နေသော မီထျန်းက ပြုံးလျက် ထပ်ပေါင်းပြောလိုက်သည် “အစ်ကိုရွှယ့်လျန်က မိန်းကလေးကို ဆေးဖော်စပ်ခိုင်းဖို့ လာခဲ့တာ။ သူ့ဆေးပညာမှာ တော်တော်လေး တော်တယ်လို့ ငါတို့ သတင်းကြားလို့ ရောက်လာတာ။ လိုအပ်တဲ့ ဆေးအမယ်တွေ အကုန်လုံးကို အစ်ကိုရွှယ့်လျန် ပြင်ပြီးသွားပြီ။ ဆေးဖော်စပ်ပေးဖို့ပဲ လိုတော့တာ”

“ဆေးဖော်စပ်ခိုင်းဖို့လား” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒီလောက်လေးနဲ့ စီနီယာမမလေးကို သွားနှောင့်ယှတ်ဖို့ မသင့်တော်ဘူး။ ဆေးပင်တွေ ထားခဲ့လိုက်။ သူ့အစား ငါယူထားလိုက်မယ်”

မီထျန်း မျက်ခုံးပင့်သွားခဲ့သော်ငြား ရွှယ့်လျန်က နှာခေါင်းရှုံ့၍ “မင်းဆီမှာ ဆေးပင်တွေ ထားခဲ့ရမှာ၊ မင်းက ဘာမို့လို့လဲ။ မင်းလို မိန်းမအားကိုးနေတဲ့ကောင်က ဘာလုပ်တတ်မှာ မို့လို့လဲ။ ဟိုမိန်းမကိုသာ အပြင်ထွက်လာခိုင်းလိုက်။ ဟန့်၊ ဘာမဟုတ်တဲ့ လူသားမိန်းမပျက် တစ်ယောက်ကများ ငါ့ရှေ့မှာ လာပြီး မောက်မာချင်သေးတယ်။ ငါ့သူခြေလက်တွေ အကုန် ဆွဲဖြုတ်ပစ်လိုက်ရလို့ မကောင်းရှိတော့မယ်”

ရန်ကိုင် မျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့ပြီး မျက်လုံး မှေးစဉ်းလျက် အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “မင်းငါ့စီနီယာမမလေးကို စော်ကားလိုက်တာလား”

“မင်းသောက်နားပင်နေတာလား။ ငါသူ့ကို စော်ကားတော့ရော ဘာဖြစ်လဲ”

“အဲ့ဒါဆို ပြန်ပေးဆပ်ဖို့ ပြင်ဆင်ထားပေတော့”

ပြောပြီးသည်နှင့် သူ့ပုံရိပ် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရွှယ့်လျန်ရှေ့၌ ဆန်းကြယ်စွာ ပြန်ပေါ်လာခဲ့၏။ လက်သီးကို တင်းတင်းဆုပ်လျက် ရွှယ့်လျန်၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်လေသည်။

ရွှယ့်လျန်သည် ဤနေရာကို ပြဿနာရှာရန် သက်သက်ဖြင့် ရောက်လာခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း သူ့အား ပြဿနာ လာရှာသည့်လူနှင့် စကားဆက်ပြောချင်စိတ် မရှိတော့ချေ။

ရွှယ့်လျန် ထိတ်လန့်သွားခဲ့သည်။ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားလိုက်သလဲ သူမမြင်လိုက်ချေ။ သတ်ဖြတ်လိုစိတ် အပြည့်နှင့် သူ့ဆီ တိုးဝင်လာနေသော လက်သီးကို မြင်သော် မာန်သွင်းအော်ဟစ်လိုက်ပြီး ရန်ကိုင်၏ လက်သီးကို သူ့လက်သီးဖြင့် တန်ပြန်ထိုးလိုက်လေသည်။

သူ့မျက်လုံးထဲ ဒေါသရိပ်တို့ဖြင့် ပြည့်နေခဲ့သလို တစ်ချိန်တည်းတွင် အထင်သေးသည့် အရိပ်အယောင်တို့ဖြင့်လည်း ပြည့်နေခဲ့သည်။

ရန်ကိုင် ရုတ်တရက် တိုက်ခိုက်လိုက်သည့်အခိုက် အံ့အားသင့်သွားမိ၏။ မည်သူ့ လူသားမှ သူ့အား ဤကဲ့သို့ မတိုက်ခိုက်ခဲ့ဖူးသည်ကိုး။

သို့သော်လည်း ဤလူသားကောင်လေးသည် တကယ်ကို သွေးနားထင် ရောက်နေသည့် လူတစ်ဦးဖြစ်သည်။ သူနှင့်များ လာပြီး ကာယခွန်အားချင်း ယှဉ်ပြိုင်ချင်နေသည်။ မွန်းစတား ဧကရာဇ်ကြယ် တစ်ခုလုံးကို ထည့်သွင်းစဉ်းစားကြည့်မည် ဆိုလျှင်ပင် ရွှယ့်လျန်၏ သွေးမျိုးဆက်သည် ကာယခွန်အား အားကောင်းသည့် သွေးမျိုးဆက်ထဲ ပါဝင်ကာ အနည်းငယ်သာ မွန်းစတားမျိုးနွယ်စုဝင်များသည် သူတို့နှင့် ယှဉ်ပြိုင်နိုင်သည်။ လူသားတစ်ယောက်နှင့် ယှဉ်ရမည် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ရွှယ့်လျန်သည် အားကုန်သုံး၍ ပြန်ထိုးချလိုက်သည်။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သွားချိန် မမြင်နိုင်သော စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့ပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် မော့ကြည့်မိလိုက်၏။

ရွှယ့်လျန်မှာမူ လက်ရှိ ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင်သည့် အလား ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်လိုက်၏။

လက်သီးချင်း ထိပ်တိုက်တွေ့သွားချိန် တစ်ဖက်လူ၏ လက်သီး မည်မျှ အားကောင်းသလဲ ဆိုသည်ကို နှစ်ယောက်စလုံး သတိပြု နားလည်လိုက်ကြသည်။

တန်ပြန်အားကြောင့် နှစ်ယောက်စလုံး နောက်သို့ ခြေလှမ်း အနည်းငယ် အသီးသီး ဆုတ်သွားခဲ့ကြရသည်။

“ကြမ်းလိုက်တာ” မီထျန်းသည် တုန့်ဆိုင်းမနေခြင်းမရှိဘဲ ချီးကျူးလိုက်သည်။ ရန်ကိုင် လှုပ်ရှားလိုက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူပါအဆစ်မပါသွားစေရန် အလျင်အမြန် အနောက်ဆုတ်နေလိုက်သည်။ တိုက်ပွဲရလဒ်ကို မြင်လိုက်ရသည့် အခိုက် မီထျန်း အတော်လေး အံ့အားသင့်သွားခဲ့သည်။

ဘက်ပေါင်းစုံကို ထည့်သွင်းတွက်ချက်၍ ခွန်အားချင်းကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူ့ခွန်အားသည် ရွှယ့်လျန်အောက် နိမ့်ကျခြင်း မရှိသော်လည်း ကာယခွန်အားချင်း ယှဉ်ပြိုင်မည် ဆိုလျှင်တော့ ရွှယ့်လျန်ကို သူမနိုင်ချေ။ ရွှယ့်လျန်၏ သွေးမျိုးဆက်သည် ကာယခွန်အားကြောင့် ကျော်ကြားသည့် သွေးမျိုးဆက်တစ်ခု ဖြစ်သည် မဟုတ်ပေလော။

ရွှယ့်လျန်နှင့်သာ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် မီထျန်း အနေဖြင့် သူနှင့် ထိပ်တိုက်မတွေ့မိအောင် အတတ်နိုင်ဆုံး ရှောင်ပေမည်။

သို့သော်လည်း ရန်ကိုင်ဆိုသော ထိုလူသားသည် ရွှယ့်လျန်နှင့် လက်သီးချင်း ယှဉ်ထိုးခဲ့ပြီး ပထမတစ်ကြိမ် ထိုးပြီးနောက်တွင် နှစ်ဖက်စလုံး မည်သည့်ဘက်မှ အသာစီး မရခဲ့ချေ။

မီထျန်း၏ အမူအရာ လေးနက်သွားခဲ့ပြီး ရန်ကိုင် သူ့မွန်းစတား သားရဲနှစ်ကောင်ကို သတ်နိုင်ခြင်းမှာ သူ့ခွန်အားကို ရုတ်တရက် ဖောက်ခွဲထုတ်၍ တိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ သူ့အစစ်အမှန် ခွန်အား သက်သက်ကြောင့်သာ ဖြစ်မှန်း နားလည်သွားတော့၏။

ပွဲတော့ ကြည့်ကောင်းပေပြီ။ မီထျန်း ရုတ်တရက် စိတ်လှုပ်ရှားလာပြီး မီတာထောင်နှင့်ချီ ဝေးကွာသော တစ်နေရာဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်လေသည်။

ထိုနေရာ၌ ယုရှုန်းသည် လက်ပိုင်လျက် အထက်စီးမှ ထူးမခြားနားဟန်ဖြင့် ငုံ့ကြည့်နေခဲ့သည်။ မီထျန်း၏ အကြည့်ကို သတိပြုမိသော် လက်မြှောက်ပြလိုက်ပြီး တိုက်ပွဲကိုသာ ပြန်ကြည့်နေတော့သည်။

“စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာပဲ” ရွှယ့်လျန်သည် ရန်ကိုင်အား အထက်အောက် အစုံအဆန် ကြည့်လျက် အော်ပြောလိုက်လေသည် “နောက်တစ်ကြိမ်”

သူ့စကာသံ ဆုံးသွားသည်နှင့် သူ့တစ်ကိုယ်လုံး သွေးရောင် အရှိန်အဝါတို့ဖြင့် တောက်ပလာခဲ့လေသည်။ ပြီးသည်နှင့် ခြေဆောင့်လျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။

သူ့ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေရာတစ်ခု ကျန်ရစ်ခဲ့၏။ ကျန်ရစ်ခဲ့သည့် ခြေရာများနေရာရှိ မြေထုသည် ပင့်ကူအိမ်ကဲသို့ ရုတ်တရက် အက်ကွဲသွားလေတော့သည်။ ရန်ကိုင် တစ်ကိုယ်လုံးကို သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့က ရုတ်တရက် လွှမ်းခြုံလာခဲ့သည်။

ထိုသတ်ဖြတ်လိုစိတ်သည် အလွန်ကိုမှ သိပ်သည်းလှကာ အေးစက်စက် ဓါးတစ်စင်းနှယ် ရန်ကိုင်၏ အရေပြားကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် ပြန်ဆုတ်သွားမည့် အရိပ်အယောင် နည်းနည်းလေးမှ မပြချေ။

ဒေါသထွက်နေသော သားရဲတစ်ကောင်နှယ် အော်ဟစ် မာန်သွင်းလိုက်သည့်နောက် ရန်ကိုင်၏ ကြွက်သားများ ဖောင်းတက်လာပြီး အရိုးချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်း၌ သူ့အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ့အပေါ် ဖိနှိပ်နေသော သတ်ဖြတ်လိုစိတ်ကို တစ်စစီ ဖျက်စီးပစ်လိုက်လေသည်။

ထိုစဉ် ရွှယ့်လျန်သည် ရန်ကိုင်ရှေ့သို့ ရောက်လာပြီး ရန်ကိုင် မျက်နှာတည့်တည့်အား အရှိန်အဟုန် ပြင်းထန်လှသော လက်သီးချက်များ တရစပ် ပစ်ကျွေးတော့သည်။

ရန်ကိုင်သည် ထိုလက်သီးချက်များကို နည်းနည်းလေးမှ ရှောင်ရန် မကြိုးစားဘဲ စီးခံလျက် ရွှယ့်လျန်၏ သွေကွင်းသွေကွက် နေရာများဆီ ပြန်ထိုးလေသည်။

ဖုန်း… ဘုန်း… ခွပ်…

ရန်ကိုင်သည် ရှုံးနိမ့်သွားမည့် အရိပ်အယောင် နည်းနည်းလေးမှ မပြဘဲ ရွှယ့်လျန်ကိုပင် လက်သီးချင်း ယှဉ်ထိုးနေလိုက်သေး၏။

ထိုမြင်ကွင်းကြည့်ရင်း မီထျန်း ကြောင်သွားခဲ့ပြီး ယုရှုန်းမှာမူ ပါးစပ်အဟောင်းသား ဖြစ်နေတော့လေသည်။ အစိမ်းရောင် ဝတ်ဆင်ထားသည့် အစေခံမလေးသည်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ရင်း တုန်ရီနေခဲ့သည်။

ရန်ကိုင်သည် အသက်ရှင်နေထိုင်နိုင်ရန်အတွက် မိန်းမအပေါ် အားကိုးနေသည့် အရှက်မရှိသည့် အမှိုက်ကောင်တစ်ကောင် ဖြစ်သည်ဟုသာ ထင်ခဲ့သည်။ ရန်ကိုင်ကဲ့သို့ လူတစ်ယောက်ကို ရွေးချယ်ခဲ့သည့် ရှနင်းချန်၏ ဘဝကိုပင် သနားနေလိုက်သေး၏။ ဤလောကကြီးတွင် လူတော်များစွာ ရှိလျက်နှင့် ထိုကဲ့သို့သော ယောကျာ်းမျိုးကိုမှ သွားရွေးရသည်ဟု တွေးလျက်…

သို့သော်လည်း ယခု မြင်ကွင်းကို မြင်ပြီးနောက်တွင် သူမ၏ အထင်အမြင်အားလုံး လုံးဝ မှားယွင်းနေမှန်း သိလိုက်ရတော့သည်။

သခင်လေးရွှယ့်လျန်ကိုပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲသည့် လူသားတစ်ယောက်သည် မည်ကဲ့သို့ သာမန်လူသားတစ်ယောက် ဖြစ်နိုင်မည်နည်း။

လက်ရှိ ရန်ကိုင်သည် သူမ အမြင်ထဲ ယခင်ထက် ပို၍ ရုပ်ချောလာသလိုလို…

ရွှယ့်လျန် အလွန်ဂုဏ်ယူရသော ကာယခွန်အားသည် ရန်ကိုင်နှင့် အတွေ့တွင် လုံးဝ အသုံးမဝင် ဖြစ်သွားရတော့လေသည်။

ရန်ကိုင်နှင့် ရွှယ့်လျန်သည် ဒေါသထွက် သွေးဆာနေသော သားရဲရိုင်းနှစ်ကောင်ပမာ အပြန်အလှန် ထိုးကြိတ်သတ်ပုတ်နေကြ၏။

မီထျန်းနှင့် ယုရှုန်းတို့ကမူ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို သေချာ မမြင်နိုင်တော့ဘဲ တလက်လက် တောက်ပနေသော ပုံရိပ် နှစ်ခုကိုသာ မြင်ရတော့သည်။ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းတို့သည်လည်း အဘက်ဘက်သို့ တောက်လျှောက် ဖြာထွက်လာနေခဲ့သည်။

နှစ်ယောက်စလုံးသည် ယခုမှ စတွေ့ကြခြင်း ဖြစ်ကြသော်လည်း ကမ္ဘာမကျေရန်သူများနှယ် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။

ရန်ကိုက်နှင့် တိုက်ခိုက်နေရင်း ရွှယ့်လျန် ပိုပို၍ ထိတ်လန့်လာခဲ့ရသည်။

ဤလောကကြီးတွင် သူနှင့် ကာယခွန်အားချင်း ယှဉ်ပြိုင်နိုင်သော လူသားတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ကိုယ်ပေါ်သို့ သူ့လက်သီး ရောက်သွားတိုင် ကျောက်တုံး ကျောက်ဆောင်ကြီးကို ထိုးလိုက်ရသလို ခံစားလိုက်ရသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်သည် အသွေးအသားနှင့် ဖွဲ့စည်းမထားဘဲ အလွန်ကိုမှ မာကျောလှသော သတ္တုတစ်ခုခုဖြင့်များ ထုလုပ်ထားလေသလားဟုပင် ရွှယ့်လျန် အထင်ရောက်မိသွား၏။

ထို့သို့ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ကယာခွန်အားကြောင့် နာမည်ကျော်ကြားသော မွန်းစတားမျိုးနွယ်စုဝင် အများစုပင်လျှင် သူနှင့် ကာယခွန်အားချင်း မယှဉ်ပြိုင်နိုင်သည်ကို လူသား တစ်ယောက်က သူနှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်နေရသနည်း။

ထိုကောင် လူသားကော ဟုတ်မှဟုတ်ပါလေစွ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၂)

ပို၍ ထိတ်လန့်စရာကောင်းသည်ကား တိုက်ပွဲချိန် ကြာလာသည်နှင့် အမျှ ရန်ကိုင်၏ ခွန်အားသည် နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိသည့်အပြင် သူ့လက်သီးချက်တိုင်းသည် ပိုပို၍ အားကောင်းလာနေခဲ့သည်။ တိုက်ခိုက်ရင်း တိုက်ခိုက်ရင် ရွှယ့်လျန်ပင်လျှင် တဖြည်းဖြည်း အောက်စည်းသို့ ရောက်လာရ၏။

အစပိုင်းတွင် လက်ရည်ချင်း ညီနေသော်လည်း လက်ဖက်ရည် တစ်ခွက်စာကြာအောင် တိုက်ခိုက်နေပြီးနောက်တွင် ရွှယ့်လျန် တဖြည်းဖြည်း ဖိနှိပ်ခံလာခဲ့ရသည်။

ဘာတွေဖြစ်နေတာလဲ။ အခုထိ ဒီလူသား အားကုန် ထုတ်မသုံးသေးတာလား

ရွှယ့်လျန်၏ အမူအရာ ပိုပို၍ လေးနက်လာခဲ့သလို သူ့ရင်ထဲ ဒေါသလည်း ထွက်မိသွားခဲ့သည်။

သူ့သည် မွန်းစတားဧကရာဇ်ကြယ်၏ အနာဂတ် ကြယ်တစ်ပွင့် ဖြစ်သော ကောင်းချီးပေး ပါရမီရှင်တစ်ယောက် ဖြစ်သည်။ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည်ကို သူမကြောက်၊ ထိုကဲ့သို့သော ရန်သူများနှင့် တိုက်ခိုက်ရသည်ကိုပင် ပို၍ နှစ်သက်သည်။ အားကောင်းသော ပညာရှင်များကို သတ်ဖြတ်နိုင်မှသာလျှင် သူ့ခွန်အားကို သက်သေပြနိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် ရန်ကိုင်ကို သူစိတ်ဝင်စားမိလာခဲ့သည်။

“ယုရှုန်း၊ ဘာတွေ ဖြစ်နေတာလဲ” ယုရှုန်းဘေးတွင် ရှန်ချင်းလော့ ရုတ်တရက် ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ တိုက်ပွဲကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။

ဤမျှ တိုက်ပွဲသံများ ဆူညံနေလေရာ သူမ သတိမပြုမိဘဲ ဘယ်နေမည်နည်း။ စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်မှာ ရှနင်းချန်၏ နန်းတော်မှဖြစ်ကြောင်း သတိပြုမိလိုက်သည့်နောက် ဤနေရာသို့ ချက်ချင်း အပြေးလာခဲ့လေသည်။ သူမအား ဆီးကြိုနေသည်ကား ရန်ကိုင်နှင့် ရွှယ့်လျန်တို့ တိုက်ခိုက်နေသည့် မြင်ကွင်းပင် ဖြစ်လေသည်။

“ရန်ကိုင် ရွှယ့်လျန်နဲ့ ဘာလို့ တိုက်ခိုက်နေတာလဲ။ ရွှယ့်လျန် ဟိုရက်ပိုင်းလောက်ကမှ ဒီကို ရောက်လာတာ မဟုတ်ဘူးလား” ရှန်ချင်းလော့က မယုံသင်္ကာဖြင့် မေးလိုက်သည်။ ရန်ကိုင်သာ မီထျန်းနှင့် တိုက်ခိုက်နေရလျှင် ရှန်ချင်းလော့ နားလည်နိုင်သေး၏။

တကယ်တော့ ရန်ကိုင်နှင့် မီထျန်းကြားတွင် ရန်ငြိုးရန်စ ရှိနေသည် မဟုတ်ပေလော။ ရန်ကိုင်သည် မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်လိုက်သည့်အတွက် မီထျန်း၏ စရိုက်အရ ထိုကိစ္စကို မည်သို့မှ မေ့လိုက်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ရန်ကိုင်နှင့် ရွှယ့်လျန်နှင့် တစ်ခါမှ မတွေ့ဖူးသလို သူတို့ကြား မည်သည့် ရန်ငြိုးရန်စမှလည်း မရှိချေ။ ထိုသို့ဆိုလျှင် ရန်ကိုင်သည် ရွှယ့်လျန်နှင့် ဘာကြောင့် တိုက်ခိုက်နေရသနည်း။

“ငါမသိဘူး” ယုရှုန်း ခေါင်းကျုံ့သွားခဲ့ပြီဂ အလျင်အမြန် လက်ဝှေ့ရမ်းပြလိုက်လေသည်။ သို့သော်လည်း သူမနှင့် မျက်လုံးချင် မဆုံမိအောင် သတိထားနေသော ယုရှုန်း၏ အပြုအမူကို ရှန်ချင်းလော့ သတိပြုမိလိုက်လေသည်။

“နင်တကယ် ဘာမှမသိတာလား” ရှန်ချင်းလော့သည် မျက်လုံး မှေးစဉ်းလျက် ယုရှုန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“အင်း၊ ဟုတ်တယ်.. ငါတကယ် မသိတာ…”

“နောက်ဆုံးအကြိမ် ထပ်မေးမယ်။ ဒါဘာတွေ ဖြစ်နေတာလဲ” ရှန်ချင်းလော့က အံကြိတ်၍ အော်မေးလိုက်သည်။

ယုရှုန်းသည် ပါးစပ်ကို တင်းတင်းစေ့ပြီး ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ရှန်ချင်းလော့အား ခါးသက်သက် အမူအရာဖြင့်သာ ကြည့်နေလိုက်၏။

“တကယ်ကြီး နင့်လက်ချက်ပေါ့” ရှန်ချင်းလော့ ဒေါသပုန် ထသွားခဲ့၏။ ဒေါသထွက်လွန်းသည့်အတွက် သူမ၏ ရင်မို့မို့သည်ပင် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့ရလေသည်။ ရွှယ့်လျန်သည် သာမန် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး မဟုတ်ချေ။ ရန်ကိုင်အဖို့ ရွှယ့်လျန်အား နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ့အတွက် ဘာကောင်းကျိုးမှ မရှိပေ။

ယခုကဲ့သို့ဖြစ်အောင် ယုရှုန်းမှ စီစဉ်းထားခဲ့ကြောင်း သိလိုက်ရသည့်နောက်တွင် ရှန်ချင်းလော့ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် ယုရှုန်းအား တစ်စစီဖြစ်အောင် လုပ်ပစ်ချင်စိတ်တို့ သူမရင်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

“ငါလည်း ဘာမှမှ မတတ်နိုင်တာ…” ယုရှုန်းက ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကိုကုတ်၍ “ရွှယ့်လျန်က လွန်ခဲ့တဲ့ သုံးရက်တုန်းက နန်းတော်ကို ရောက်လာခဲ့တယ်။ ငါက သူနဲ့ မီထျန်းကို ဆေးဝိဇ္ဇာရှ ဘယ်လောက်တော်ကြောင်း ပြောပြ၊ သူကလည်း ဆေးလုံးကို ဖော်စပ်ချင်နေတာနဲ့ သွားကွက်တိတိုး…”

ရှန်ချင်းလော့သည် ဘာမှပြန်မပြောဘဲ အံကြိတ်၍သာ ယုရှုန်းကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

“အစ်ကိုကြီးရဲ့ အပြစ်မဟုတ်ဘူးလေ။ အစ်ကိုကြီးက မီထျန်းကို လှုပ်ရှားစေချင်တာ။ ဒါပေမယ့် အဲ့မုန်းစရာကောင်းတဲ့ကောင်က အရမ်း ဥာဏ်များလွန်းတယ်။ ဘယ်လိုလုပ်လိုက်လဲ မသိဘူး၊ သူမတိုက်ခိုက်ဘဲ ရွှယ့်လျန်ကို သွားတိုက်ခိုက်ခိုင်းတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ဒါတွေအားလုံးက ညီမလေးရဲ့ အပြစ်ပဲ”

“ငါ့အပြစ်” ရှန်ချင်းလော့က ဒေါသတကြီး အော်ပြောလိုက်၏။

ပင်အပ်ပေါ် ဖင်ခုထိုင်နေသလို ယုရှုန်း ခံစားလိုက်ရသည်။ ချက်ချင်းပဲ ပြန်ပြောလိုက်သည် “အစ်ကိုကြီးကို ကိုယ်တိုင် မလှုပ်ရှားဖို့ နင်ပဲ ပြောတလေ။ ဒါပေမယ့် ဒီကောင်လေးကို စမ်းသပ်ရမယ်ဆိုပြီး မွေးစားအမေက အမိန့်ပေးထားသေးတယ်။ အစ်ကိုကြီး ကိုယ်တိုင်လည်း မလုပ်ရတော့ ဒီလို အကြံ ထွက်လာဖို့ကို သုံးရက်သုံးညလောက် ထိုစဉ်းစားလိုက်ရတာ။ ညီမလေးသာ အစ်ကိုကြီးကို လှုပ်ရှားခိုင်းလိက် အစ်ကိုကြီး သူ့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး”

“ဒီတော့ ငါ့အပြစ်ပေါ့” ရှန်ချင်းလော့က အပြုံးမဟုတ်သော အပြုံးပြုံးလျက် ပြန်မေးလိုက်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ညီမလေးအပြစ် မဟုတ်ဘူး။ အစ်ကိုကြီး အပြစ်” ယုရှုန်းက ချက်ချင်း သူ့အပြစ်ကို ဝန်ခံလိုက်သည်။ သူသာ ဆက်ငြင်းနေလျှင် အဆုံးသတ် ကောင်းမည်မဟုတ်မှန်း သိနေသည်။ ထို့ကြောင့် သူကိုယ်တိုင်သာ အနစ်နာခံရန် ဆုံးဖြတ်လိုက်လေသည်။

“သူတစ်ခုခု ဖြစ်သွားရဲဖြစ်သွားကြည့်၊ အစ်ကိုကြီး သေပြီသာမှတ်” ရှန်ချင်းလော့က အံကြိတ်၍ အော်ပြောလိုက်သည်။

“စိုးရိမ်နေစရာ မလိုဘူး သခင်မလေးချင်းလော့” ထိုစဉ် အသံတစ်သံ သူတို့ဘေးဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။

ရှန်ချင်းလော့နှင့် ယုရှုန်းတို့ နှစ်ဦးစလုံး အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ မည်သည့် အချိန်ကတည်းကမှန်းမသိ သူတို့ ဘေးနားသို့‌ ရောက်နေသော ဘဟဲကို တွေ့လိုက်ရလေသည်။

တန်ခိုးရှင်အဆင့်အောက် အားအကောင်းဆုံး ပညာရှင် ဆိုသည့်အတိုင်းပင်၊ သူ့ကျင့်ကြံခြင်းသည် နှစ်နှစ်ရာ ကြာသွားသည့်တိုင် တိုးတက်လာခြင်း မရှိသော်လည်း သူ့ခွန်အားမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

ယုရှုန်းနှင့် ရှန်ချင်းလော့တို့ နှစ်ဦးစလုံး အံ့ဩလျက်သား အမူအရာဖြင့် အလျင်စလို ဦးညွှတ်လိုက်ကြလေသည်။

“စီနီယာ… ပြောချင်တာက ရန်ကိုင် အခြေအနေ ကောင်းတယ်ပေါ့” ရှန်ချင်းလော့သည် ဘဟဲအား စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

သူမသည်လည်း တန်ခိုးရှင် တတိယအဆင့်သို့ ရောက်ထားသော်ငြား အတွေ့အကြုံပိုင်းအရ၊ ဘဟဲကို သူမ မယှဉ်နိုင်ချေ။ ဘဟဲ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည်မှာ နှစ်ပေါင်း နှစ်ရာကျော်နေခဲ့လေပြီ။

ဘဟဲက ရယ်သွမ်းသွေးလျက် ခေါင်းခါ၍ “အဲ့လိုမျိုး ပြောတာ မဟုတ်ဘူး… ဒါပေမယ့် သူကလည်း ရင်ဆိုင်ရလွယ်ကူတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ရွှယ့်လျန် သူ့ကို အနိုင်ယဓနိုင်မှာ မဟုတ်ဘူး။ အခု လက်ရှိပုံစံအတိုင်းပဲ တိုက်ခိုက်မယ် ဆိုရင်ပေါ့”

ပြောပြီးသည့်နောက် ဘဟဲက သက်ပြင်းတစ်ချက်ချလျက် “တကယ်ကို မယုံကြည်နိုင်စရာပဲ။ အခုခေတ် လူငယ်တွေ တကယ်ကို အံ့အားသင့်စရာ ကောင်းတာပဲ။ ဒီကောင်လေးက အခုမှ တန်ခိုးရှင်ဒုတိယအဆင်ပဲ ရှိသေးတယ်။ ဒါတောင် ရွှယ့်လျန်ကို လက်ရည်တူ တိုက်ခိုက်နိုင်နေပြီ။ သူသာ တန်ခိုးရှင် တတိယအဆင့်ကို ရောက်သွားရင် ရွှယ့်လျန် ဘယ်လိုမှ သူ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”

ရှန်ချင်းလော့ ချက်ချင်း ဂုဏ်ယူမိသွားခဲ့လေသည်။

ဤလူသည် သူမ ရွေးချယ်ထားသည့် လူတစ်ယောက် ဖြစ်သည်။

ဗဟိုမြို့တော်တွင် ရှိစဉ်က ကျင့်ကြံခြင်း အဆင့်နိမ့်သည့်တိုင် ထိုမြို့တော်တစ်ခုလုံးကို မုန်တိုင်းထန်အောင် လုပ်နိုင်ခဲ့သည်။ လူအများ မထင်မှတ်ထားသည့် အရာများကိုလည်း ပဥ္စလက်ဆန်ဆန် လုပ်ပြသွားခဲ့သေးသည်။ ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက်တွင် သူမ ရွေးချယ်ထားသည့်လူသည် ပို၍ အံ့ဩစရာ ကောင်းလာခဲ့သည်။

ရွှယ့်လျန်သည် သာမန် မွန်းစတားမျိုးနွယ်စု တစ်ယောက် မဟုတ်ချေ။ အားကောင်းသော တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ဦး ဖြစ်သည်။

ရန်ကိုင် မလုပ်နိုင်သည့်အရာ ဘာမှမရှိသည့်အလား ရှန်ချင်းလော့၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။

“လက်ရှိပုံစံနဲ့ ရွှယ့်လျန် သူ့ကို မနိုင်နိုင်ဘူးလို စီနီယာ ပြောလိုက်တာလား” ယုရှုန်းကမူ အစောပိုင်းက ဘဟဲ ပြောသွားသည့် စကားကို ပို၍ အာရုံစိုက်မိနေသည်။

“ဟုတ်တယ်။ ရွှယ့်လျန်က ခွန်အားကုန် မသုံးရသေးဘူး။ အခုထိ သူ့ရေနဂါးသွေးမျိုးဆက်ကို အသက်မသွင်းရသေးတာကို ကြည့်လေ” ဘဟဲက ပြုံးလျက် ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရှန်ချင်းလော့၏ ပြုံးနေသော မျက်နှာလေး ရှုံ့မဲ့သွားခဲ့လေသည်။

ယုရှုန်းသည် ရှန်ချင်းလော့အား သတိထားကြည့်လျက် မေးလိုက်၏ “အဲ့လိုဆို ရွှယ့်လျန် အားကုန်ထုတ်သုံးမယ်ဆိုရင် ကျုပ်ယောက်ဖ ရှုံးမယ်ပေါ့၊ ဟုတ်လား”

“အဲ့ဒါတော့ ငါမသိဘူး” ဘဟဲက ယဲ့ယဲ့လေးပြုံးလျက် “အဲ့ကောင်လေးအကြောင်း ငါသေချာမသိဘူး။ သူ့ခွန်အားက ဒီလောက်ပဲဆိုရင် ရွှယ့်လျန်ကို သူနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ ဝှက်ဖဲတွေ ရှိနေသေးတယ် ဆိုရင်တောင့် နောက်ဆုံး တိုက်ပွဲရလဒ်က တစ်မျိုးတစ်ဖုံ ပြောင်သွားနိုင်တယ်။ ငါ့အထင်အရ ပြောရမယ်ဆိုရင်တော့ ကာယခွန်အားသက်သက် တိုက်ပွဲဆိုရင် ရွှယ့်လျန်ကို သူမနိုင်လောက်ဘူး”

“အဲ့ဒါတော့ ဂျူနီယာလည်း သဘောတူတယ်” ယုရှုန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

သို့သော်လည်း အဆင့်သေးတစ်ဆင့် နိမ့်နေသည့် လူသား တစ်ယောက် ဖြစ်လျက်နှင့် ရွှယ့်လျန်နှင့် ဤကဲ့သို့ ယှဉ်ပြိုင်နိုင်သည်နှင့်ပင် ဂုဏ်ယူစရာကောင်းနေလေပြီ။

ဤမျှလောက်ဆိုလျှင် သူတို့၏ မွေးစားအမေ ပေးခဲ့တာ တာဝန်ကို ကျေသွားပြီဟု ပြော၍ရသည်။ ဤခွန်အားလောက်ဆိုလျှင် ချီယွဲ့လည်း ရန်ကိုင်ကို လက်မခံစရာအကြောင်း မရှိလောက်ပေ။ သို့သော်လည်း ထိုကောင်လေးတွင် အခြားမိန်းမတစ်ယောက် ရှိနေသေးသည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို မွေးစားအမေ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

“ညီမလေး၊ စိတ်ချထားလိုက်။ အန္တရာယ်များလာပြီဆိုရင် အစ်ကိုကြီး ဝင်တားလိုက်မယ်” ယုရှုန်းက ပြောလိုက်သည်။

သို့သော်လည်း ရှန်ချင်းလော့သည့် သူ့အား စူးရဲစွာသာ ပြန်၍ စိုက်ကြည့်လာသဖြင့် ယုရှုန်း ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေ၏။

“ဟန်၊ ရွှေရောင်သွေးပါလား” ဘဟဲက ရုတ်တရက် အလန့်တကြား အော်ပြောရင်း ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။

ရန်ကိုင်၏ ဒဏ်ရာမှ စီးထွက်နေသော သွေးများသည် အနီရောင် ဖြစ်မနေဘဲ ရွှေရောင်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

ထိုသွေးအရောင်သည် လူသားတစ်ယောက်၏ သွေးအရောင်မျိုး မဟုတ်ချေ။ ဆိုလိုသည်ကား ထိုရွှေရောင်သွေးမျိုးဆက်ဖြစ်သည့် ထူးခြားသော သွေးမျိုးဆက်ကြောင့် ရွှယ့်လျန်နှင့် ကာယ ခွန်အားချင်း ယှဉ်ပြိုင်နိုင်နေခြင်းများလား။

ဒါပေမယ့်… မည်သို့သော သွေးမျိုးဆက်ကများ ရွှေရောင်သွေးကို ထုတ်ပေးနိုင်လေသနည်း။

ထိုရွှေရောင်တောက်နေသည့် သွေးများသည် အလွန်ကိုမှ သိပ်သည်းလှသော အသက်ဓါတ်များကို ဘဟဲ ခံစားနေမိ၏။ ထိုရွှေရောင်သွေးစက်များ၏ ကုစားမှုအောက်တွင် ရန်ကိုင်၏ ဒဏ်ရာဒဏ်ချက်များသည် အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဘဟဲ မှင်သက်နေခဲ့သည်။

ရန်ကိုင် တစ်ကိုယ်လုံး ရွှေရောင်တောက်နေချိန် ရွှယ့်လျန် တစ်ကိုယ်လုံးမှာတော့ အနီရောင် တောက်နေခဲ့လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ပြင်းထန်သော တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ရုတ်တရက် နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်လိုက်ပြီးနောက် နှစ်ယောက်စလုံး နောက်သို့ အသီးသီး ပြန်ဆုတ်လိုက်ကြသည်။

သို့သော်ငြား နှစ်ဦးစလုံးသည် သူတို့၏ ဒဏ်ရာများကို လုံးဝ ဂရုစိုက်ခြင်းမရှိဘဲ တစ်ယောက်ကို တစ်ယောက်သာ အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။

“လူသား၊ မင်းတကယ် ထူးခြားတာပဲ။ ငါပြောခဲ့တဲ့စကားကို ပြန်ရုတ်သိမ်းတယ်။ မင်းတကယ် ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ” ရွှယ့်လျန်က အသက်ပြင်းပြင်း ရှူသွင်းလျက် အသံအက်အက်ဖြင့် အော်ပြောလိုက်သည်။

“သေချာတာပေါ့” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလျက် “ဒါပေမယ့် မင်းကတော့ ဘာမှလည်း သိပ်မဟုတ်ပါလား”

ရွှယ့်လျန်က ရယ်မောလျက် “မင်းတကယ် မောက်မာတာပဲ။ ငါမင်းကို ပြောမနေတော့ဘူး။ မင်းလို့ လူသားတစ်ယောက်ကို မတွေ့ရတာတောင် အတော်လေး ကြာသွားပြီ။ နောက်ဆုံး ငါ့ကို အဲ့လို ပြောခဲ့တဲ့ လူတစ်ယောက်ကို သူ့ခြေလက် နှစ်ဖက်စလုံး ငါဆွဲဖြုတ်ပစ်လိုက်တာ။ မင်းထပ်ပြီး တောင့်ခံနိုင်ဦးမယ်လို့ ငါမျှော်လင့်တယ်။ ဒါမှ ငါကြာကြာ ပျော်လို့ရမှာ

ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရွှယ့်လျန်၏ အသားပေါ်မှ အနီရောင်သွေးစက်များ တစ်စက်ပြီးတစ်စက် ထွက်ပေါ်လာ၏။ ပေါ်လာပြီးသည်နှင့် ချက်ချင်းဆိုသလို ထိုသွေးစက်များအားလုံး ပေါက်ကွဲထွက်သွားပြီး ရွှယ့်လျန် တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့လေသည်။

အစကတည်းက အတော်လေး ပြင်းထန်နေပြီဖြစ်သည့် ရွှယ်လျန်၏ အရှိန်အဝါသည် ယခုအခါ ပို၍ ပြင်းထန်လာခဲ့လေသည်။

ရုတ်တရက်ဆိုသလို ရွှယ့်လျန်သည် သွေးလူသား တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသလားပင် ထင်မှတ်ရသည်။ သူ့တစ်ကိုယ်လုံး သွေးနီရောင်တောက်နေပြီး သူ့ပုံစံမှာလည်း အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ထို့နောက်တွင် သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားသော သွေးမြူများသည် အကြေးခွံများအဖြစ်သို့ ပြောင်းလဲသွားကုန်လေ၏။

တစ်ချိန်တည်းတွင် ရွှယ့်လျန်၏ နဖူးထက်မှ ကြက်သွေးရောင် ဦးချိုနှစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

“သွေးနဂါးအသွင်ပြောင်းလဲခြင်း” ထိုအခြင်းအရာကို ကြည့်ရင်း ဘဟဲက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ရှန်ချင်းလော့ မျက်နှာပျက်သွားခဲ့သလို့ ယုရှုန်း၏ အမူအရာလည်း လေးနက်သွားခဲ့သည်။

ရွှယ့်လျန်သည် သွေးနဂါးမျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်ပြီး သွေးနဂါးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။ ထိုသွေးမျိုးဆက်သည် မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံးတွင် အားအကောင်းဆုံး သွေးမျိုးဆက်များထဲ တစ်ခုအပါအဝင် ဖြစ်၏။

သွေးနဂါးအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည့်နောက်တွင် ရွှယ့်လျန်၏ ခွန်အားသည် ယခင်ထက် သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမို မြင့်တက်လာခဲ့သည်။

ဤကဲ့သို့သော လျှို့ဝှက်နည်းစနစ်မျိုးကို အားကောင်းသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်တိုင်းလိုလို ပိုင်ဆိုင်ထားကြ၏။ သို့သော်ငြား သူတို့ ခွန်အားကို မြင့်တင်နိုင်သော ပမာဏသည် သူတို့၏ မျိုးဆက်သွေးပေါ်တွင် မူတည်နေပေသည်။

လက်ရှိရွှယ့်လျန်သည် ယခင်ရွှယ့်လျန်နှင့် မတူတော့ချေ။ လက်ရှိ ရွှယ့်လျန်သည် ပို၍ ကြမ်းကြုတ်လာသလို ပို၍လည်း အားကောင်းလာ၏။ သူ့တစ်ကိုယ်လုံးရှိ သွေးများအားလုံး ဆူပွက်လောင်ကျွမ်းနေသည့်အလား၊ ရွှယ့်လျန် တစ်ကိုယ်လုံး အနီရောင်တောက်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၃)

“ဒီကောင်လေး သွေးနဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ပြီးပြည့်စုံခြင်း အဆင့်ထိတောင် ကျင့်ပြီသွားပြီပဲ” နားနေဆောင်မှ နေ၍ ရန်ကိုင်နှင့် ရွှယ့်လျန်တို့ကြား တိုက်ပွဲအား စောင့်ကြည့်နေသော ချီယွဲ့က သူမကိုယ်သူမ ရေရွတ်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် လူငယ် နှစ်ယောက်ကြားမှ တိုက်ပွဲကို အပြေးသွားကြည့်မနေသင့်ပေ။ ထိုကဲ့သို့ အပြုအမူမျိုးသည် သူမ၏ အဆင့်အတန်းနှင့် သိပ်ပြီး မသင့်တော်လှ။ သို့သော် ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ ကြည့်ခြင်းကမူ ကိစ္စမရှိပါချေ။

ရိုးရိုးသားသားပြောရလျှင် ရွှယ့်လျန်နှင့် ရန်ကိုင်ကြား တိုက်ပွဲသည် သူမအတွက်ပင် အတော်လေး ကြည့်ကောင်းသည်ဟု ပြော၍ရ၏။

ရွှယ်လျန်သည် သွေးနဂါးမျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့် အပြင်ကိုမှ တန်ခိုးရှင်တတိယအဆင့်သို့လည်း ရောက်ထားသော်ငြား ရန်ကိုင်ကို အနိုင်မယူနိုင်ခဲ့ချေ။

ရန်ကိုင် ရင်ဆိုင်နေရသည့်လူသာ သာမန် တန်ခိုးရှင်တစ်ယောက် ဖြစ်နေခဲ့လျှင် သူ့အတွက် ကိစ္စမရှိသော်လည်း သူရင်ဆိုင်ရသည့် လူမှာ ရွှယ့်လျန် ဖြစ်နေခဲ့သည်။

လူသားတစ်ယောက် ဖြစ်လျက်နှင့် ရန်ကိုင်သည် ရွှယ့်လျန်ကို နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အား အသုံးပြုလာသည်အထိ တွန်းအားပေးနိုင်လိမ့်မည်ဟု ချီယွဲ့ မထင်ထားခဲ့ချေ။

မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များထဲတွင်ပင် အနည်းငယ်သာ ရွှယ့်လျန်အား နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုအောင် ဖိအားပေးနိုင်သည်။

သို့သော်လည်း ရန်ကိုင်သာ လူသားတစ်ယောက် အနေဖြင့် ရွှယ့်လျန်နှင့် ကာယစွမ်းအားချင်း ယှဉ်ပြိုင်ပြီး တိုက်ပြသွားခဲ့၏။

မွန်းစတားဧကရာဇ်ကြယ် သမိုင်း၌ ဤကဲ့သို့သောလူမျိုး တစ်ခါမှ ပေါ်မလာခဲ့ဖူးချေ။ မွန်းစတားဧကရာဇ်ကြယ်တွင် နေကြသည့် လူသားမျိုးနွယ်စုဝင်များသည် မွန်းစတားမျိုးနွယ်စုဝင်များ၏ အမြဲတစေ ဖိနှိပ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သွေးနဂါးမျိုးနွယ်စု ခေါင်းဆောင်၏ အချစ်တော်သားကို ယှဉ်တိုက်ရန် မဆိုထားနှင့် တန်ခိုးရှင်အဆင့်သို့ ရောက်သည့် လူသားပင် မွန်းစတားဧကရာဇ် ကြယ်၌ ခပ်ရှားရှား ဖြစ်နေရခြင်းပင်။

သူမ ရန်ကိုင်၏ ခွန်အားကို တကယ် မမြင်နိုင်ခဲ့သည်ကိုလည်း ယခုမှသာ နားလည်သွားတော့လေသည်။

ကျန်တော့သည်ကား… သူသည် ကာယခွန်အားအပြင် အခြား မည်သည့်နေရာတွင်များ ထူးချွန်နေသေးသလဲ ဆိုသည်ကိုပင်။ သူ့ယေဘုယျခွန်အားသည် တကယ်ကို အထင်ကြီးစရာ ကောင်းနေပြီဆိုပါက သူနှင့် ရှန်ချင်းလော့ကြား ဆက်ဆံရေးကို ချီယွဲ့ ကန်ကွက်တော့မည် မဟုတ်ချေ။

အကြောင်းမှာ ရှန်ချင်းလော့သည် သူ့အား ကြိုက်နှစ်သက်သလို သူ့တွင်လည်း ရှန်ချင်းလော့အား ကာကွယ်ပေးနိုင်သည့် အရည်အချင်း ရှိသည်။ ထို့အပြင် ရန်ကိုင်ကို လက်ခံလိုက်ခြင်းသည် သူမအတွက် အားကောင်းသော အကူအညီ တစ်ယောက်ကို ရလိုက်သည်နှင့် တူပေသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

ဘဟဲကိစ္စနောက်ပိုင်း ထိုကဲ့သို့ လူနှစ်ဦးကြား ချစ်ကြိုက်မှုကို ချီယွဲ့ အတင်းအကြပ် မတားဆီးရဲတော့ချေ။ ရှန်ချင်းလော့အား တွန်းအားပေးခဲ့လျှင် ဘဟဲကဲ့သို့ အဖြစ်အပျက်မျိုး တစ်ပတ် ပြန်လည်မည်ကို ချီယွဲ့ စိုးရိမ်နေမိသည်။

“ဒီဘုရင်မကို စိတ်မပျက်စေနဲ့ ကောင်လေး”

ထိုကဲ့သို့ တွေးရင်း ချီယွဲ့သည့် တိုက်ပွဲ အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် ဆက်လက် စောင့်ကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ ရွှယ့်လျန်အား အထူးအဆန်း အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရွှယ့်လျန်၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလာသလောက် သူ့အမူအရာမှာ ပို၍ ကြောက်စရာကောင်းနေခဲ့သည်။ တစ်ကိုယ်လုံး သွေးရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အနီရောင်တောက်နေသော သူ့ခန္ဓာကိုယ်မှာ တကယ်ကို ကြည့်ရဆိုးလှ၏။ ယုံကြည်ချက် ပြန်ရလာသည့်နောက်တွင် ရွှယ့်လျန်သည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ရယ်မောရင်း အထက်စီး လေသံဖြင့် “လူသား၊ မင်းကြောက်နေပြီလား။ ကြောက်နေရင်၊ ဒူးထောက်တောင်းပန်ဖို့ နောက်မကျသေးဘူးနော်”

“မင်းတကယ် လေးကြီးလေကျယ် ပြောတဲ့ကောင်ပဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ရွှယ့်လျန်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

ရွှယ့်လျန် သွေးနဂါးအသွင်ပြောင်းလဲခြင်းကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ထဲမှ စွမ်းအားတစ်မျိုးသည် ရုန်းကြွသောင်းကျန်းလာပြီး အပြင်သို့ အတင်းပြေးထွက်ရန် ကြိုးစားနေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။

ထို့အတွက်ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်မိသွား၏။

သူ့ကိုယ်ထဲတွင် ဂနာမငြိမ်ဖြစ်နေသည့်အရာ မည်သည့်အရာမှန်း သိရှိသွားသည့် နောက်မှသာ ရန်ကိုင် စိတ်အေးသွားခဲ့ရလေသည်။

သို့သော်လည်း ထိုစွမ်းအားကို ပေါက်ကွဲထွက်ခွင့် မပေးဘဲ ပြန်ဖိနှိပ်ထားလိုက်ကာ ငါးရောင်ခြယ်အလင်းတန်းကိုသာ ထုတ်လွှတ်လိုက်လေသည်။

ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ရုတ်တရက် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။

“ဘာကြီးလဲ” ဘဟဲသည် အထိတ်တလန့်ဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ငါ့လခွမ်း၊ ဒီကောင် အခုထိ အားကုန် မသုံးသေးတာလားဟ” ယုရှုန်းလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးပြူးနေခဲ့သည်။

ထိုမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော မီထျန်းသည်လည်း မျက်လုံးပြူးနေခဲ့သည်။ ရွှယ့်လျန် သွေးနဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလိုက်သည်နှင့် ပွဲပြတ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ရန်ကိုင်တွင်လည်း ဝှက်ဖဲရှိနေဦးမည်ဟု မထင်ထားခဲ့ချေ။

လူသားမျိုးနွယ်စုရဲ့ ပညာရပ်တွေက တကယ်ကို ဆန်းကြယ်တာပဲ မီထျန်း စိတ်ထဲကြိတ်၍ တွေးလိုက်သည်။ တစ်ချိန်တည်းတွင် စိတ်လည်း လှုပ်ရှားလာမိပြီး ရန်ကိုင် ထုတ်သုံးနေသည့် ပညာရပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေ၏။

အဝါရောင်၊ အပြာရောင်၊ အဖြူရောင်၊ အနီရောင်နှင့် ရွှေရောင် အလင်းတန်းတို့သည် ရန်ကိုင်၏ အနီးတစ်ဝိုက်တွင် စုဝေးလာခဲ့ကြသည်။ ထိုအရှိန်အဝါငါးမျိုးသည် တစ်ခုနှင့်တစ်ခု လုံးဝ မတူညီကြသော်လည်း အချင်းချင်း ပဋိပက္ခဖြစ်ခြင်းမရှိဘဲ ပြီးပြည့်စုံစွာ ပေါင်းစပ်တည်ရှိနေကြလေသည်။

ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီပင်…

ရန်ကိုင်၏ ခန္ဓာကိုယ်သည် သာမန် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက် အားကောင်းနေရခြင်းမှာ သိုင်းပညာလမ်းစဉ်သို့ စတင် ခြေချစဉ်ကတည်းက ခန္ဓာသန့်စင်ခြင်း ပညာရပ်ကို လေ့ကျင့်ခဲ့သည့် အတွက်ကြောင့်ဖြစ်သလို အသက်ရေစင်ကို သုံး၍ သူ့ကိုယ်တွင်ရှိ သွေးအများစုကို ရွှေရောင်သွေးများများ အစားထိုးခဲ့သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ထိုမျှသာမကသေး၊ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်ကိုပါ ထပ်မံ လေ့ကျင့်လိုက်သည့်အတွက် သူ့ခန္ဓာကိုယ်သည် ယခင်ထက် အဆများစွာ ပိုမို အားကောင်းလာခဲ့ရလေသည်။

ရောင်စဉ်ငါးဖြာဖြင့် လွှမ်းခြုံနေသော ရန်ကိုင်ကို မြင်မြင်ခြင်း ရွှယ့်လျန် တစ်ချက် ကြောင်သွားခဲ့သော်လည်း မကြာမီ ပြုံးဖြဲ၍ “အံ့ဩစရာပဲ။ မင်းမှာလည်း ဝှက်ဖဲရှိသေးတာကိုး။ ဘယ်သူ့ဝှက်ဖဲ ပိုအားကောင်းလဲ ကြည့်ရသေးတာပေါ့”

ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် သွေးနီရောင် အလင်းတန်း အဖြစ်သို့ ရိပ်ခနဲ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။

အနီရောင်အလင်းတန်းသည် သွေးတိမ်တိုက်တစ်ခုနှယ် ရန်ကိုင်ပေါ်သို့ သက်ဆင်းလာပြီး ရန်ကိုင်အား ဝါးမြိုရန် ကြိုးစားနေသည့် ပါးစပ်ပေါက်ကြီးတစ်ခုနှယ် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ပြင်းထန်လှသော သွေးနှံ့နှင့် ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတို့ကြောင့် ရန်ကိုင်၏ မျက်လုံးများ နီရဲလာခဲ့ပြီး သူ့စိတ် မတည်မငြိမ် ဖြစ်လာရသည်။

ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ငါးရောင်ခြယ် အလင်းတန်းကို သံကြပ်ကာအင်္ကျီတစ်ခုအဖြစ် အသွင်ပြောင်းလဲ၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်းကို သူ့လက်သီးထိပ်တွင် စုဝေးစေလျက် တိုးဝင်လာနေသော သွေးနီရောင်မြူခိုးထုကြီးဆီ လက်သီးချက်များ တရစပ် ပစ်လွှတ်လိုက်လေတော့သည်။

ဒြပ်ကြီးငါးပါးအနက် သတ္တုဓါတ်သည် အထက်ရှဆုံးနှင့် ထိုးဖောက်အား အကောင်းဆုံး ဖြစ်သည်။

ရွှယ့်လျန်ကိုယ်ပေါ်ရှိ သွေးနီရောင် အကြေးခွံများကို ကြည့်ရသည်မှာ အတော်လေး အားကောင်းပုံ ပေါ်သည့်အတွက် ထိုအကြေးခွံများကို ထိုးဖောက်နိုင်ရန်အတွက် သတ္တုဓါတ်ကို အသုံးပြုရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲအား စောင့်ကြည့်နေသည့် လူများသည် အသက်ပင် မရှူနိုင်တော့ဘဲ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် နှစ်ဦးသား ထိပ်တိုက် တွေ့မည့် အခိုက်အတန်ကို စောင့်မျှော်ကြည့်ရှုနေကြလေသည်။

ယခင်ကမူ နှစ်ဦးသားတိုက်ခိုက်ရာတွင် သူတင်ကိုယ်တင် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ ရွှယ့်လျန် အောက်စည်းသို့ ရောက်သွားခဲ့သည်။

သွေးနီရောင်အလင်းတန်းတွင်းမှ ရွှယ့်လျန်၏ ကြမ်းကြုတ်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာနေသော်လည်း ရန်ကိုင်ကမူ အသံတစ်ချက်ပင် မထွက်ဘဲ သွေးနီရောင် မြူခိုးထုထဲသို့သာ လက်သီးချက်များ အဆက်မပြတ် ပစ်လွှတ်နေ၏။

သွေးစိမ်းရှင်ရှင် ပန်းထွက်လာပြီး ကျိုးကြေနေသော အကြေးခွံများ လွင့်ပျံထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်ပြီးနောက် ဘဟဲ မျက်လုံးမှေးစဉ်းသွားခဲ့လေသည်။

ယခုမှပဲ ရန်ကိုင်၏ ခန္ဓာကိုယ် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ဘဟဲ နားလည်သွားရတော့သည်။ ရန်ကိုင်၏ ခန္ဓာကိုယ်ခွန်အားသည် သွေးနဂါးအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသော ရွှယ့်လျန်ကိုပင် ဖိနှိပ်နိုင်နေခဲ့သည်။

ထို့နောက် ဘဟဲသည် သူသာ ရွှယ့်လျန်ဖြစ်ခဲ့လျှင် ယခုအခြေအနေမှ မည်ကဲ့သို့ ရုန်းထွက်မလဲ စဉ်းစားကြည့်လိုက်၏။

သို့သော် လုံးဝ မစဉ်းစားတတ်ခဲ့ချေ။

တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေး၏ ခွန်အားသည် မည်သည့် တန်ခိုးရှင်တတိယအဆင့်ထက်မဆို နိမ့်ကျခြင်း မရှိချေ။ ထိုလူသားကောင်လေး၏ ခန္ဓာကိုယ်သည် တန်ခိုးရှင်တတိယအဆင့် အများစုထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။ သူသာ ထိုလူငယ်လေးနှင့် ယှဉ်တိုက်ရမည်ဆိုလျှင်ပင် ရှုံးနိမ့်သွားမည့်လူသည် သူသာ ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားရင်း ဘဟဲနဖူးထက် ချွေးသီးအချို့ ဝေ့သီလာခဲ့လေသည်။ လူသားတစ်ယောက်ဖြစ်၍ တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည့်တိုင် ဤမျှ အားကောင်းနေရအောင် ထိုလူသား မည်သည့်နေရာမှ ရောက်လာခဲ့လေသနည်း။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ရှာကြည့်လိုက်မည် ဆိုလျှင်ပင် သူ့ကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ရန်မှာ အလွန်ကိုမှ ခဲယဉ်းလှသည်။

“ညီမလေး၊ ငါ့ယောက်ဖ ဘယ်ကျင့်ကြံရေးကြယ်က လာတယ်လို့ နင်ပြောခဲ့တာလဲ” ယုရှုန်းက မေးလိုက်သည်။

“အဆင့်နိမ့် ကြယ်တစ်လုံးကလေ” ရှန်ချင်းလော့က ပြုံးလျက် “ငါပြောရင်တောင် နင်သိမှာမဟုတ်ဘူး”

အဆင့်နိမ့်ကြယ်… ယုရှုန် လုံးဝ မစဉ်းစားတတ်တော့အောင် ဖြစ်သွားခဲ့သည်။

အဆင့်နိမ့်ကြယ်မှ လူသားတစ်ယောက်သည် ဤမျှပင် ကြောက်မက်ဖွယ်ကောင်းလေသလော။ ထိုမွန်းစတားကောင်၏ အရည်အချင်းသည် ကြယ်စီရင်စုထဲ သူတို့ကိုယ်သူတို့ ပါရမီရှင်ဟု ခေါ်နေကြသော လူအားလုံးကို ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကို သက်သေသွားရလောက်အောင် ကြောက်စရာကောင်းလွန်းနေ၏။

“ဟုတ်တယ်။ အခု မွေးစားအမေကို သွားတင်ပြပေးလို့ ရပြီလား။ ဒီလောက်ဆို မွေးစားအမေ ကျေနပ်လိမ့်မယ်လို့ ငါထင်တယ်” ရှန်ချင်းလော့က ယုရှုန်းအား ပြုံးလျက်ကြည့်ကာ ပြောလိုက်၏။

“ငါပြန်တင်ပြလိုက်မယ်…” ယုရှုန်း ခေါင်းညိတ်လိုက်သည်။ ဤအရည်အချင်းကိုပင် မကျေနပ်နိုင်သေးလျှင်လည်း မွေးစားအမေကို စိတ်တိုင်းကျစေနိုင်မည့် ပါရမီရှင် ဤလောကကြီး၌ ရှိတော့လိမ့်မည် မဟုတ်ချေ။

ရှန်ချင်းလော့သည် စကားဆက်ပြောမနေတော့ဘဲ တိုက်ပွဲကိုသာ ပြန်အာရုံစိုက်လိုက်သည်။ အထက်စီးမှ တိုက်ခိုက်နေသော ရန်ကိုင်၏ အံ့ဩမှင်သက်ဖွယ်ရာ ခွန်အားကိုကြည့်ရင်း သူမရင်ထဲ အလွန်ကိုမှ စိတ်လှုပ်ရှားနေမိသည်။ ရန်ကိုင် နိုင်နေမှန်း သိသွားသည့် နောက်တွင် တိုက်ပွဲအား နည်းနည်းလေးမှ ဆက်၍ စိတ်ပူမနေတော့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆက်ကြည့်တော့၏။

ရုတ်တရက် ရွှယ့်လျန်သည် မာန်သွင်းအော်ဟစ်လျက် တိုက်ပွဲမှ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ ရန်ကိုင်အား ကြည့်နေသည့် သူ့အကြည့်တို့မှာလည်း ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ရီနေခဲ့လေသည်။

သူ့အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေပြီး သူ့ကိုယ်ပေါ်ရှိ သွေးအကြေးခွံများစွာမှာလည်း ဖျက်စီးခံထားရလေပြီ။ ခေါင်းပေါ်ရှိ ချိုနှစ်ချောင်း၏ အရောင်အဝါသည်ပင် ယခင်ကကဲ့သို့ တောက်ပခြင်း မရှိတော့ဘဲ အနည်းငယ် မှေးမှိန်နေခဲ့သည်။

ရှက်စရာကောင်းလိုက်လေခြင်း… အများရှေ့ သူအရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့လေပြီ။

သူ့ထက် အဆင့်တစ်ဆင့်ပင် နိမ့်ကျနေသော လူသား တစ်ယောက်ကြောင့် ဤကဲ့သို့ အရှက်တကွဲ အကျိုးနည်း အခြေအနေသို့ ရောက်ခဲ့ရသည့် အဖြစ်သည် ဖျောက်ဖျက်မရသည့် အစွန်းအထင်းတစ်ခုနှယ် ရွှယ့်လျန်၏ ဘဝတစ်လျောက်လုံး တောက်လျောက် ကပ်ပါနေတော့ပေမည်။

ဤကဲ့သို့သော ရလဒ်မျိုးကို သူလက်မခံနိုင်ပေ။

မွန်းစတားကြယ်ဧကရာဇ်ကြယ်ပေါ်၌ တန်ခိုးရှင်ဘုရင်အဆင့်အောက် မည်သူ့ကိုမှ သူမကြောက်ချေ။ သူသည် မီထန်းကိုပင် အရှင်းဂရုမစိုက်သည့်လူ ဖြစ်သော်လည်း ယခုမူ မည်သည့်နေရာမှ ရောက်လာမှန်း မသိရသော လူသား တစ်ယောက်ကြောင့် လူအများရှေ့ အရှက်ကွဲခဲ့ရသည်။ သူ့သွေးမျိုးဆက်သည်လည်း အများရယ်စရာ ဖြစ်သွားခဲ့ရသည်။

ဤသို့သော ရလဒ်မျိုးကို သူလက်မခံနိုင်ချေ။

“လူသား မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ” စိတ်ပိုင်းဖြတ်ပြီးနောက်တွင် ရွှယ့်လျန်သည် ရန်ကိုင်အား ဒေါသတကြီး ဒေါသတကြီး လှမ်းအော်ပြောလိုက်ပြီး သူ့ပါးစပ်ထဲမှ ဝိုင်စက်နေသော သွေးနီရောင် အလုံးလေး တစ်လုံးကို ထွေးထုတ်လိုက်လေသည်။

ထိုအလုံးလေးသည် ကလေးလက်သီးဆုပ် အရွယ်လောက်သာ ရှိသော်လည်း ထိုအရာလေးဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတို့ ဖြာထွက်နေခဲ့သည်။ သေချာကြည့်လိုက်မည် ဆိုလျှင် ထိုအလုံးလေးထဲ ကူးခတ်သွားလာနေသော မြွေပုံစံ အရိပ်လေး တစ်ခုကို မြင်တွေ့နိုင်ပေလိမ့်သည်။

“ရွှယ့်လျန် ရူးသွားတာလား” ထိုမြင်ကွင်းကို မြင်ပြီးနောက်၌ ယုရှုန်းသည် မယုံကြည်နိုင်စွာဖြင့် အလန့်တကြား ထအော်တော့၏ “ဘာလို့ သူ့မွန်းစတားအမြူတေကို အပြင်ထုတ်လိုက်တာလဲ”

“မကောင်းတော့ဘူး။ ဒီကောင် စိတ်လွတ်နေပြီ” ဘဟဲလည်း ထိတ်လန့်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေသည် “သူ့ကို မြန်မြန်တား”

ပြောပြီးသည်နှင့် တိုက်ပွဲဆီသို့ အလျင်စလို ပြေးဝင်သွား၏။

ရှန်ချင်းလော့သည်လည်း ယခုမှ အသိပြန်ဝင်လာဟန်ရကာ ဘဟဲနောက်မှ အလျင်စလို ပြေးလိုက်သွားလေသည်။

မွန်းစတားသားရဲ အသွင်ဖြင့် မွေးဖွားလာသော မွန်းစတား မျိုးနွယ်စု ဖြစ်စေ၊ လူသားအသွင်ဖြင့် မွေးဖွားလာသော မွန်းစတား မျိုးနွယ်စုဝင် ဖြစ်စေ၊ အကုန်လုံးတွင် မွန်းစတားအမြူတေတစ်ခု ရှိကြသည်။ ထိုမွန်းစတားအမြူတေသည် မွန်းစတားမျိုးနွယ်စုဝင် တစ်ဦး၏ အဖိုးအတန်ဆုံး အရာဖြစ်ပြီး သူတို့၏ အသက်ဟုလည်း ပြော၍ရသည်။

တိုက်ပွဲတစ်ပွဲ တိုက်ခိုက်သည့်အခါ၊ မဖြစ်မနေ အခြေအနေမျိုး မရောက်သရွေ့ မွန်းစတားမျိုးနွယ်စုဝင်များသည် သူတို့၏ မွန်းစတား အမြူတေကို ထုတ်သုံးလေ့ မရှိချေ။ မွန်းစတား အမြူတေသည် အနည်းငယ်လေး ထိခိုက်သွားခြင်း ခံရလျှင်ပင် ပိုင်ရှင်ဖြစ်သူ အနေဖြင့် ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရနိုင်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၄)

မွန်းစတားအမြူတေကို ထုတ်သုံးလိုက်ခြင်းသည် မွန်းစတား မျိုးနွယ်စုဝင် တစ်ဦး၏ ခွန်အားကို အကြီးအကျယ် တိုးတက်လာစေနိုင်သည်။

ရွှယ့်လျန် မွန်းစတားအမြူတေကိုပင် ထုတ်သုံးလိုက်ပုံကို ကြည့်လျှင် ဒေါသကြောင့် သူစုံလုံးကန်းသွားပြီး မည်သည့် အကျိုးဆက်ကိုမှ မစဉ်းစားနိုင်တော့မှန်း မြင်တွေ့နိုင်၏။ ထို့ကြောင့် ဘဟဲတို့ ထိတ်လန့်တုန်လှုပ်သွားခြင်း ဖြစ်သည်။

ရွှယ့်လျန်သည် သာမန် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး မဟုတ်ချေ။ အနိုင်ရနိုင်ရန်အတွက် မွန်းစတားအမြူတေကိ ထုတ်သုံးသော်ငြား ရှုံးနေသေးခဲ့လျှင် သွေးနဂါးမျိုးနွယ်စုခေါင်းဆောင်အတွက် မျက်နှာ ပျက်စရာဖြစ်မည် ဖြစ်ကာ သူကိုယ်တိုင်လည်း ရန်ကိုင်အား မည်သို့မှ အလွတ်ပေးတော့မည် မဟုတ်ချေ။ မွန်းစတားဧကရာဇ် ကြယ်တွင် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအား ဒေါသထွက်အောင် လုပ်ခြင်းသည် အလွန်ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပေသည်။

ရွှယ့်လျန်သာ နိုင်သွားခဲ့မည်ဆိုလျှင်လည်း ဒေါသကြောင့် စုံးလုံးကန်းနေပြီ ဖြစ်လေရာ ရန်ကိုင်အား မည်ကဲ့သို့ အလွတ် ပေးမည်နည်း။ ထို့ကြောင့် ဘဟဲ၊ ယုရှုန်းနှင့် ရှန်ချင်းလော့တို့ ရပ်ကြည့်မနေနိုင်ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်ပါစေ မွန်းစတားအမြူတေထဲတွင် ရှိနေသော စွမ်းအားကို ရွှယ့်လျန် ထုတ်မသုံးနိုင်ခင် သူ့အား အချိန်မှီ တားဆီးရပေမည်။ ထိုသို့လုပ်မှပဲ ယခုကိစ္စကို ဖြေရှင်းနိုင်ပေလိမ့်မည်။

သူတို့ သုံးယောက်၏ တုန့်ပြန်နှုန်းမှာလည်း အလွန်မြန်သည်။ သူတို့ ရပ်ကြည့်နေသည့် နေရာသည် တိုက်ပွဲကွင်းပြင်နှင့် အလွန် ဝေးကွာခြင်း မရှိသည့်အတွက် မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။

ဘဟဲသည် ပါစပ်ဟပြီး ဖျန်ဖြေသူ တစ်ယောက် အနေဖြင့် တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား သူဘာမှ မပြောနိုင်သေးခင်မှာပင် ရန်ကိုင်၏ ခန္ဓာကိုယ်တွင်းမှ နားပင်မတတတ် နဂါးဟိန်းသံကြီး ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းတွင်လည်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လှသော အားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

သူ့ခွန်အားနှင့်ပင်လျှင် ထိုစွမ်းအားနှင့် ဟိန်းသံကို ခံစားမိလိုက်သည့် အခိုက် ဘဟဲတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့သည်။ သူ့အထင်သာ မမှားလျှင် အစောပိုင်းက ဟိန်းသံသည်…

“နဂါးဟိန်းသံ” နားနေဆောင်မှနေ၍ တိုက်ပွဲအား စောင့်ကြည့်နေသော ချီယွဲ့၏ မျက်နှာသည်လည်း ဖြူလျော်သွားခဲ့၏။ ထို့နောက် အလွန်ကိုမှ ထူးခြားသော အရာတစ်ခုကို ရှာတွေ့လိုက်သည့်အလား တလက်လက် တောက်ပနေသော မျက်ဝန်းအစုံဖြင့် ထိုင်ရာမှ ထရပ်လိုက်၏။

တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည့်တိုင် ထိုဟိန်းသံကို ကြားလိုက်သည့်အခိုက် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

ချီယွဲ့သည် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ သွေးမျိုးဆက် အနည်းငယ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အတွက်ကြောင့်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အကြောင့်ကြောင့်ပင် ရှနင်းချန်ကို သူမ၏ မွေးစားသမီး အဖြစ် မွေးစားခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ကောင်းကင်လနတ်ဆိုးပင့်ကူ၏ စွမ်းအား အပြည့်အဝကို ရှန်ချင်းလော့မှ ထုတ်ဖော်လာပြီး ကောင်းကင်လနတ်ဆိုးပင့်ကူ၏ ဂုဏ်သရေအား ပြန်လည်ယူဆောင်လာမည့်နေ့ကို ချီယွဲ့ မျှော်လင့်စောင့်စားနေမိလေသည်။

ကောင်းကင်လနတ်ဆိုးပင့်ကူသည် မျိုးကွဲရှေးနတ်ဘုရားဝိဥာဉ်(ရှေးနတ်ဘုရားမျိုးစိတ်) တစ်မျိုးဖြစ်ပြီး ကြောက်မက်ဖွယ်အကောင်းဆုံး မွန်းစတားသားရဲများ အနက် တစ်ကောင် အပါအဝင် ဖြစ်သည်။

သို့သော်ငြား ဒဏ္ဏာရီလာ အစစ်အမှန် ရှေးနတ်ဘုရားဝိဥာဉ်များနှင့် နှိုင်းယှဉ်လိုက်ပါက အနည်းငယ် နိမ့်ကျနေပေသေးသည်။

ရှေးနတ်ဘုရားဝိဥာဉ်များထဲ၌ နဂါးနှင့် ဖီးနစ်တို့သည် နတ်ဘုရား ဝိဥာဉ်အားလုံး၏ အရှင်သခင်များ ဖြစ်သည်ဟု ဆိုကြသည်။

ကံမကောင်းစွာဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ထိုအားကောင်းသော ရှေးနတ်ဘုရားဝိဥာဉ်အားလုံး ပျောက်ကွယ်သွားခဲ့ကြပြီး ထိုအရာများ တည်ရှိခဲ့သည့် အကြောင်းကို ရှေးဟောင်းစာအုပ်များထဲတွင်သာ ရှာတွေ့နိုင်တော့သည်။

ရှေးနတ်ဘုရားဝိဥာဉ်များသည် ဒဏ္ဏာရီထဲတွင် တည်ရှိကြသည့် သက်ရှိမျိုးစိတ်များ ဖြစ်ကြပြီး မွန်းစတားမျိုးနွယ်စုဝင်များအနက် တစ်မျိုးအပါအဝင် ဖြစ်ပါသော်ငြား… ထိုသက်ရှိမျိုးစိတ်များသည် ဧကရာဇ်များအဖြစ် မွေးဖွားလာကြသည့် သက်ရှိများဖြစ်ပြီး မွန်းစတားမျိုးနွယ်စုဝင်အားလုံး ဦးညွတ်ရိုသေကြရသည့် သက်ရှိများလည်း ဖြစ်ပေသည်။

ရှေးနတ်ဘုရားဝိဥာဉ်များသည် မျိုးတုန်းပျောက်ကွယ်သွားပြီဟု ချီယွဲ့လည်း ထင်ခဲ့ဖူးသည်။

သို့သော်လည်း ယနေ့တွင် အစစ်အမှန် နဂါးဟိန်းသံကို သူမ၏ နန်းတော်ဆောင်ထဲ ကြားလိုက်ရလေသည်။

ထိုနဂါးဟိန်းသံ ထွက်ပေါ်လာချိန် သူမ၏ သွေးကြောထဲရှိ ကောင်းကင်လနတ်ဆိုး‌ပင့်ကူ၏ သွေးအချို့ပင် တုန်ရီသွားခဲ့၏။

တုန့်ဆိုင်းမနေရဲတော့သည်နှင့် ချီယွဲ့သည် နားနေဆောင်မှ ထွက်၍ တိုက်ပွဲကွင်းပြင်ဆီသို့ အလျင်စလို ပြေးထွက်သွားလေသည်။

ရွှယ့်လျန် လုံးဝ ပြဿနာတက်ပြီမှန်း သူမ သိနေခဲ့သည်။

ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် မတ်တပ်ရပ်ရင်း အသက်ပြင်းပြင်း ရှူသွင်းလျက် သူ့ကိုယ်ထဲ ရုန်းကြွနေသော ဆန်းကြယ်သည့် စွမ်းအင်များကို ပေါက်ကွဲထွက်ခွင့် ပေးလိုက်တော့သည်။

နဂါးဟိန်းသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ ရွှေရောင် အလင်းတန်းတို့ ဖြာထွက်လာခဲ့ပြီး ဧရာမ ရွှေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ကိုယ်ထည်တစ်ခုလုံးသာ‌ ရွှေရောင် တောက်နေခြင်း မဟုတ်ဘဲ အိမ်တစ်အိမ်စာမျှ ကြီးမားသော ၎င်း၏ မျက်လုံးများမှာလည်း ရွှေရောင်တောက်နေခဲ့သည်။

ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ခေါင်းကိုခါ၊ အမြီးကို လှုပ်ရမ်းလျက် ရွှယ့်လျန်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ရွှယ့်လျန် မှင်သက်နေခဲ့သည်။ အစောပိုင်းက တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက် တစ်ခုနှယ် ဝုန်းဒိုင်းကြဲနေသော သူ့အရှိန်အဝါသည် ယခုမူ ရေအေး တစ်ခွက်ဖြင့် လောင်းချခံလိုက်ရသည့်နှယ် လုံးဝကို ငြိမ်သက် တိတ်ဆိတ်သွဦးခဲ့သည်။

ထိုအခိုက်သည် ရွှယ့်လျန်သည် အသိစိတ်မရှိတော့သည့် လူတစ်ယောက်နှယ် ရွှေနဂါးမှ သူ့ဆီ ပြေးဝင်လာပြီး သူ့မွန်းစတား အမြူတေအား ပါးစပ်ဟ၍ ဝါးမြိုသွားကာ ရန်ကိုင်ဆီသို့ ချက်ချင်း ပြန်သွားသည်ကို ဤအတိုင်းသာ ရပ်ကြည့်နေခဲ့လေသည်။

“မဖြစ်နိုင်ဘူး” ရွှေနဂါးကို မြင်လိုက်သည့်နောက်တွင် မီထျန်းကမူ သွေးရူးသွေးတန်း ထအော်လေသည်။

“နဂါးကြီးလား” ယုရှုန် သူ့လျှာသူပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။

ဘဟဲသည်လည်း သူ့ရှေ့ရှိ မှင်သက်ဖွယ်ရာ မြင်ကွင်းကို ပါးဟပ်အဟောင်းသားဖြင့် ရပ်ကြည့်နေမိလေသည်။

ရှန်ချင်းလော့မှာမူ အများနှင့်မတူဘဲ သူမ၏ မျက်ဝန်းအစုံမှာ တဖျက်ဖျက် တောက်ပနေခဲ့သည်။ လက်ရှိတွင် သူမ၏ ဦးခေါင်းထက်တွင် ဧကရာမပင့်ကူကြီးတစ်ခေါင် ရှိနေပြီး ရွှေနဂါးမှ ထုတ်လွှတ်သော ဖိအားကို ခုခံနေခဲ့သည်။ ထိုပင့်ကူသည် အိမ်တစ်လုံးထက်ပင် ပိုပြီးမားပြီး အလွန်ကိုမှ အသက်ဝင်လှရာ တကယ့် ပင့်ကူတစ်ကောင်လားဟုပင် အထင်မှားစရာ ရှိသည်။

ထိုပင့်ကူသည် ကောင်းကင်လနတ်ဆိုးပင့်ကူ ဖြစ်ပေသည်။

ရှိနေသည့် လူအားလုံးထဲတွင် ရှန်ချင်းလော့ တစ်ယောက်သာ အဆင်ပြေနေခြင်း ဖြစ်သည်။

အကြောင်းအရင်းသည်ကား သူမသည် လူသား တစ်ယောက်အဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ လူသား တစ်ယောက် ဖြစ်သည့်အတွက် သူမခံစားရသည့် ဖိအားသည် အခြား မွန်းစတားသားရဲ မျိုးနွယ်စုဝင်များ ခံစားရသည့် ဖိအားနှင့် ယှဉ်လျှင် ပိုနည်းပါးသည်။ ဒုတိယအချက် အနေဖြင့် သူမသည် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်ကို စုပ်ယူထားခဲ့သည်။ ထို့ကြောင့် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ စွမ်းအားကိုသုံး၍ နဂါးဖိအား တစ်စိတ်တစ်ပိုင်းကို ခုခံနိုင်၏။

ထိုသို့ဆိုလျှင်ပင် ရန်ကိုင်ကိုယ်ထဲမှ ထွက်ပေါ်လာသော နဂါးကြီးကိုကြည့်ရင်း သူမအလွန် ထိတ်လန့်တုန်လှုပ်မိနေသည်။

ထိုရွှေနဂါးပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲကွင်းပြင်ကြီး တစ်ခုလုံး သုဿန်တစပြင်နှယ် ရုတ်ချည်း တိတ်ဆိတ်သွားခဲ့၏။

ရန်ကိုင်သည် အပေါ်သို့ တစ်ချက် မော့ကြည့်လိုက်ပြီး အနည်းငယ် ထူးဆန်းသည့် အမူအရာတစ်ခု သူ့မျက်နှာထက် ဖြတ်ပြေးသွား၏။ ထို့နောက် ရွှယ့်လျန်ဘက်သို့ လှည့်၍ “ဒီကောင့်ကြည့်ရတာ မင်းရဲ့ မွန်းစတားအမြူတေကို အရမ်း စိတ်ဝင့်စားနေတဲ့ပုံပဲ။ ငါသူ့ကို ဆက်ပြီး ဖိနှိပ်မထားနိုင်တော့ဘူး”

ရွှယ့်လျန် အလွန်ကိုမှ စိတ်ဓါတ်ကျသွားခဲ့သည်။ တစ်ချိန်က မာနရိပ်တို့ဖြင့် လွှမ်းနေခဲ့သော သူ့မျက်ဝန်းအစုံသည် လုံးဝကို အသက်မဲ့သလို ဖြစ်နေခဲ့လေပြီ။

စတင် တိုက်ခိုက်သည့်အချိန်မှစ၍ ယခုအချိန်သည် ရန်ကိုင်သည် သူ၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့ရုံမက သူ့စိတ် အခြေအနေကိုလည်း ချုံးချုံးကျသွားအောင် လုပ်ပစ်နိုင်ခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းလှသည့် နဂါးဖိအားအောက်ဝယ် မွန်းစတားအမြူတေကို ပြန်ယူရန်ကိုပင် ရွှယ့်လျန် မေ့လျော့နေတော့။

“တော်လောက်ပြီ” အော်သံတစ်သံနှင့်အတူ အမျိုးသမီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးကို စူးရဲစွာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရွှေနဂါးဆီ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူမ၏ မို့မောက်သော ရင်အစုံပင် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။

“မွေးစားအမေ” ရှန်ချင်းလော့နှင့် ယုရှုန်းတို့ နှစ်ဦးစလုံး အလျင်အမြန် အော်ခေါ်လိုက်သည်။

“သခင်မ” ဘဟဲက လေးလေးစားစား ဦးညွှတ်လိုက်သည်။

ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ထိုအမျိုးသမီးကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ရာ မည်သို့မှ စူးစမ်း၍ မရသည်ကို တွေ့ရှိလိုက်ရသည်။

တန်ခိုးရှင်ဘုရင်အဆင့်…

ယခုပေါ်လာသည့် အမျိုးသမီးသည် လနီမျိုးနွယ်စုခေါင်းဆောင် ချီယွဲ့ပင် ဖြစ်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို ယခုမှသာ မြင်ဖူးခြင်း မဟုတ်ဘဲ ယခင်ကလည်း မြင်ခဲ့ဖူးပေသည်။ သူသည် တန်ခိုးရှင် ဘုရင်အဆင့်ဖြစ်သော ကွေ့ဇူအနားတွင် အတော်ကြာအောင် နေခဲ့ရဖူးသည်။ သို့သော် ကွေ့ဇူဆီမှ ခံစားရသော ဖိအားသည် ချီယွဲ့ဆီမှ ခံစားရသည့် ဖိအားလောက် ပြင်းထန်ခြင်း မရှိပေ။

ကွေ့ဇူသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိသေးပြီး ချီယွဲ့သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူတို့ဆီမှ ခံစားရသည့် ဖိအား မတူညီခြင်းမှာ အထူးအဆန်းတော့ မဟုတ်။

အဆင့်သေးတစ်ဆင့်သာ ဆိုသော်လည်း ထိုအဆင့်သေး တစ်ဆင့်သည် မခန့်မှန်းနိုင်လောက်အောင် များပြားလှသော ခွန်အား ကွာခြားချက်ကို ဖြစ်ပေါ်စေနိုင်ပေသည်။

“ဂျူနီယာရန်ကိုင် စီနီယာချီယွဲ့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ အော်နှုတ်ဆက်လိုက်သည်။

ယခုမှသာ ချီယွဲ့ ရန်ကိုင်အား လှည့်ကြည့်မိလာပြီး ခေါင်းညိတ်၍ “နင်က ဧည့်သည့်တစ်ယောက်ပဲဆိုတော့ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုဘူး”

ရန်ကိုင်ကပြုံး၍ “စီနီယာရဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဂုဏ်သတင်း အကြောင်း ဂျူနီယာ ကြားဖူးနေတာ ကြာခဲ့ပြီ။ စီနီယာဆီ လာလည်ချင်ခဲ့ပေမယ့် ဒီဂျူနီယာရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကြောင့် စီနိယာနဲ့ မျက်နှာချင်းဆိုင်ဖို့ မဝံ့ရဲခဲ့ဘူး။ အဲ့အချက်နဲ့ ပက်သက်ပြီး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ၊ ဂျူနီယာ စီနီယာကို မလေးမစားလုပ်ချင်လို့ မဟုတ်ပါဘူး”

“ကိစ္စမရှိဘူး။ ဒီဘုရင်မကလည်း နင့်ကို တွေ့ဖို့ စီစဉ်ထားတာ မဟုတ်ဘူး” ချီယွဲ့က ပြန်ပြောလိုက်သည်။

“မွေးစားအမေ၊ ဒီတစ်ကြိမ်…” ချီယွဲ့၏ ရန်ကိုင်အပေါ် ဆက်ဆံပုံသည် ဟက်ဟက်ပက်ပက် မရှိသည်ကို မြင်သော် ရှန်ချင်းလော့ ထိတ်လန့်သွားခဲ့လေသည်။

“ပြောနေစရာမလိုဘူး၊ ငါသိတယ်” ချီယွဲ့က လက်ဝှေ့ရမ်း၍ ကြားဖြတ်ပြောလိုက်သည်။ သူမ၏ ဖီးနစ်မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား မျက်လုံးမှေးစဉ်းကာ ငုံ့ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်လေသည် “တိုက်ပွဲက ပြီသွားပြီဆိုတော့ မွန်းစတား အမြူတေကို ပြန်ပေးသင့်ပြီလို့ မထင်ဘူးလား”

“ပြန်ပေးရဖို့” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

“နင့်သူ့ကို သတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်” ချီယွဲ့က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “နင်က လူတော် တစ်ယောက်ပဲ၊ နင်အဲ့လိုလုပ်လိုက်ရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲ သိမှာပေါ့”

“ဂျူနီယာတကယ် မသိလို့ စီနီယာ အလင်းဖွင့်ပေးဖို့ တောင်းဆိုပါတယ်” ရန်ကိုင်သည် ချီယွဲ့အား အကြောက်အလန့် ကင်းကင်းဖြင့် ကြည့်၍ ပြန်ပြောလိုက်လေသည်။

ချီယွဲ့နှင့် မျက်နှာချင်းဆိုင် စကားပြောနေသည့် ရန်ကိုင်မှာ ဘာမှမဖြစ်သော်လည်း ဘေးမှ ရပ်ကြည့်နေသည့် ဘဟဲမှာမူ နဖူးတစ်ပြင်လုံး ချွေးအေးများဖြင့် စိုရွှဲနေပြီး မီထျန်းမှာမူ ခြေမခိုင်ချင်၊ လက်မခိုင်ချင် ဖြစ်နေခဲ့သည်။ ယုရှုန်းဆိုလျှင်လည်း တဆတ်ဆတ်ကို တုန်ရီနေခဲ့လေသည်။

ထိုကောင်လေးသည် ကောင်းကင်နှင့်မြေပြင် မည်မျှ ကွာခြားလဲ ဆိုသည်ကို မသိသည့် လူတစ်ယောက်လော… သခင်မ ချီယွဲ့ကိုပင် ထိုကဲ့သို့ ပြောရဲသည်။

မွန်းစတားမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက်ကို ဒေါသ ထွက်အောင် လုပ်၍များ ဘာအကျိုးရှိမည်နည်း။ ရန်မစသင့်သည့် လူတစ်ယောက်ကို သွားရန်မစသင့်ဟူသော ဆောင်ပုဒ်ကို သူနားမလည်လေသလော။

“ကောင်စုတ်လေး” ချီယွဲ့သည် အတော်လေး သည်းခံနိုင်စွမ်းရှိပုံ ရ၏။ ထို့ကြောင့် ချက်ချင်း ဒေါသထွက်သွားခြင်း မရှိဘဲ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည် “ဒီဘုရင်မက နင့်ကို မျက်နှာသာပေးနေတာ၊ နင်ကလည်း ဒီဘုရင်မကို ပြန်ပြီး မျက်နှာသာပေးသင့်တယ်။ ပြောရရင် ငါက နင့်ထက် အသက် အများကြီးပိုကြီးတယ်၊ စကားအများကြီး ပြောရတာ ငါ့အတွက် ပင်ပန်းလွန်းတယ်”

“စီနီယာက အသက်ကြီးတာလား၊ ဂျူနီယာ အမြင်မှာတော့ စီနီယာက အလှက အပျိုစင်မိန်းကလေး တစ်ယောက်ရဲ့ အလှအောက် မနိမ့်ကျသလိုပဲ” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်ပြောသည်ကို ကြားပြီးနောက် မွန်းစတားမျိုးနွယ်စုဝင် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

အကုန်လုံးသည် ရန်ကိုင်အား အရူး တစ်ယောက်နှယ် ကြည့်လိုက်ကြသည်။

ထိုကောင့် မျိုးနွယ်စုခေါင်းဆောင်ကို လိင်ပိုင်းဆိုင်ရာအားဖြင့် စော်ကားလိုက်လေသလား… သူတကယ် စော်ကားလိုက်သည်၊ ဟုတ်သည်မလား။ ဤလောကကြီးတွင် မျိုးနွယ်စုခေါင်းဆောင်အား ဤကဲသို့ စော်ကားရဲသည့် လူတစ်ယောက် ရှိနေခဲ့သည်။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် နည်းနည်းလေးမှ ဒေါသ ထွက်သွားခြင်းမ ရှိသည့်အတွက်ကြောင့် အကုန်လုံး အံ့ဩနေကြ၏။ မျိုးနွယ်စုခေါင်းဆောင်သည် ဒေါသထွက်သွားခြင်း မရှိသည့်အပြင် ရန်ကိုင်၏ စကားကြောင့် အနည်းငယ် ကျေနပ်သွားသည့်ပုံပင်။

သို့သော်လည်း ခဏအကြာ၌ အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံံ၍ “နင်က တကယ်ကို လျှာစောင်းထက်တာပဲ၊ ချင်းလော့ နင့်ကို တမ်းတမ်းစွဲ ဖြစ်နေတာလည်း ဒါကြောင့်ကိုး။ နင်သူ့ကို ဒါမျိုး လှည့်စားခဲ့တာမလား”

“စီနီယာမှားနေပြီ။ ဂျူနီယာက ချင်းလော့ကို ကိုယ့်အရည်အချင်းနဲ့ ဆွဲဆောင်ခဲ့တာ။ စကားချိုချိုလေးတွေ ပြောပြီး ဖြာယောင်းခဲ့တာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါ၍ အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ဟင့်” ချီယွဲ့ သူမ၏ နှုတ်ခမ်းလေးကိုကွေး၍ ပြုံးလိုက်သည်။ သို့သော် ချက်ချင်းပဲ သူမစိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “ဘာပဲဖြစ်ဖြစ်၊ ငါ့နန်းတော်လာပြီး နင်လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ရွှယ့်လျန်သာ ဒီမှာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီဘုရင်မ ရွှယ်ကျောက်ကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။ မွန်းစတားအမြူတေကို ပြန်ပေးလိုက်၊ ဒီဘုရင်မ နင့်ကို အကြွေးတစ်ခု တင်တယ်လို့ မှတ်ထားလိုက်မယ်”

ရန်ကိုင်သည် မျက်လုံးမှေးစဉ်းလျက် ရွှယ့်လျန်အား အနည်းငယ် တုန့်ဆိုင်းနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

“သူဘာမှလုပ်စရာ မလိုဘူး” ရွှယ့်လျန်က ရုတ်တရက် အော်ပြောလာခဲ့သည် “ဘာမှမဟုတ်တဲ့ နဂါးပုံရိပ်လေးနဲ့ ဒီသခင်လေးနဲ့ မွန်းစတားအမြူတေကို ချုပ်နှောင်ထားလို့ ရရိုးလား”

ပြောပြီးသည်နှင့် ပါးစပ်ဟ၍ သက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူ့ဆီမှ နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် ရွှေရောင်နဂါးဆီမှ အနီရောင်အလင်းတန်း တစ်ခု ဖြာထွက်လာခဲ့ကာ ရွှယ့်လျန်ဆီသို့ တိုးဝင်သွားခဲ့၏။

သူ့မွန်းစတားအမြူတေကို အလွယ်တကူ ပြန်ယူလိုက်နိုင်၏။

သူ့အစာ ပြန်ယူသွားခံလိုက်ရသည့်အတွက် ရွှေရောင်နဂါး ဒေါသထွက်သွားပြီး ရွှယ့်လျန်ဘက်သို့ မာန်ဖီဟိန်းဟောက်တော့၏။

“လူသား၊ ဒီသခင်လေး သတိတစ်ချက် လွတ်သွားလို့ ငါ့မွန်းစတား အမြူတေကို မင်းယူသွားနိုင်တာ။ ဒီနဂါးပုံရိပ်လေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းတကယ်ကြီး ထင်နေတာလား” ရွှယ့်လျန်သည် အောက်ကျမခံ ပြန်ပြောလိုက်သည်။ သို့သော်ငြား ရန်ကိုင်ကို ကြည့်သည့် သူ့အကြည့်သည် ယခင်ကကဲ့သို့ အထင်သေး နှိမ့်ချသည့် အကြည့်မျိုး မဟုတ်တော့ဘဲ ထိတ်လန့်မှုတို့ အနည်းငယ် ရောစွက်နေသည့် အကြည့်မျိုး ဖြစ်နေခဲ့လေပြီ။

သူဝန်ခံခံ၊ မခံခံ၊ ရန်ကိုင်၏ ခွန်အားသည် သူ့အောက် လုံးဝ နိမ့်ကျခြင်း မရှိချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၅)

“တော်လောက်ပြီ ရွှယ့်လျန်၊ နင်ရောက်နေတာ ဒီဘုရင်မ နန်းတော်၊ နင့်နေရာ မဟုတ်ဘူး။ နင့်ကိုယ်နင် သွေးနဂါး ပိုင်နက်ထဲမှာ ရှိနေတယ်လို့ ထင်တုန်းလား။ နင်ဒီကိုမလာခင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ရွှယ်ကျောက် နင့်ကို မသင်ပေးလိုက်ဘူးလား” ချီယွဲ့က ဆူပူကြိမ်းမောင်းတော့သည် “ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ဒါမျိုးထပ်ဖြစ်မယ်ဆိုရင်တော့ ငါနဲ့ တွေ့ပြီသာမှတ်”

ရွှယ့်လျန်သည် လက်မလျှော့ချင်သေးသော်လည်း ချီယွဲ့ ကိုယ်တိုင်က သတိပေးနေပြီ ဖြစ်သဖြင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ရွှယ့်လျန် မလေးမစား လုပ်မိသလို ဖြစ်သွားပါတယ်။ စီနီယာချီယွဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

“မီထျန်း၊ သူ့ကို နားဖို့ ပြန်ပေါ်သွားလိုက်တော့။ နင်တို့ သွားဖို့က ရက်သိပ်ကျန်တော့တာ မဟုတ်ဘူး။ နင့်သူ့ကို သေချာ စောင့်ကြည့်ထားနော်။ ဒီတစ်ကြိမ် သူပြဿနာ ထပ်ရှာရင် နင့်တာဝန်လည်း မကင်းဘူးမှတ်” ချီယွဲ့က မီထျန်းဘက်သို့ လှည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ” မီထျန်းသည် နာနာခံခံဖြင့် ပြန်ပြောလိုက်သည်။ သူမည်မျှပင် မောက်မာနေပါစေ၊ ချီယွဲ့ကဲ့သို့ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်‌ ရှေ့တွင်တော့ သွား၍ မောက်မာနေ၍ ရမည်မဟုတ်မှန်း သူကိုယ်သူ သိသည်။

မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ မည်သည့် မျိုးနွယ်စု ခေါင်းဆောင်ကိုမှ အလွယ်တကူ သွားရန်စ၍ မဖြစ်ချေ။ မျိုးနွယ်စု ခေါင်းဆောင်များထဲ ထိပ်ဆုံးအဆင့်၌ ရပ်တည်နေသော ချီယွဲ့ဆိုလျှင် ပို၍ပင် ရန်စ၍ မဖြစ်ချေ။

ချီယွဲ့မှ အမိန့်ပေးလာသည်နှင့် ရွှယ့်လျန်ကို ခေါ်ပြီး ထိုနေရာမှ အလျင်အမြန် ထွက်သွားလေသည်။

“လူသား၊ မင်းသေချာမှတ်ထားလိုက်။ ဒီတစ်ကြိမ်ကိစ္စက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး” ရွှယ့်လျန်သည် မထွက်သွားခင် ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်၍ ခြိမ်းခြောက်စကား ပြောသွားခဲ့သေးသည်။

ရန်ကိုင်မူ ထီမထင်ဟန်ဖြင့်သာ ထိုနှစ်ယောက် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး နောက်မှသာ ရွှေနဂါးကို ပြန်သိမ်းလိုက်လေ၏။

“နင်တို့လည်း ပြန်တော့” ချီယွဲ့သည့် ယုရှုန်းနှင့် အခြားသူများကို အမိန့်ပေးလိုက်ပြီးနောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ “နင်ကတော့ ဒီဘုရင်မနဲ့ လိုက်ခဲ့”

ပြောပြီးသည်နှင့် ရန်ကိုင်အား သူမ၏ သူတော်စင်ချီဖြင့် ရစ်ပတ်လိုက်လေ၏။ ရန်ကိုင်လည်း ချီယွဲ့၏စွမ်းအား သူ့အား လာရောက်ရစ်ပတ်သည်ကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

“မွေးစားအမေ” ရှန်ချင်းလော့က အလန့်တကြား လှမ်းအော်ခေါ်လိုက်သည်။

“စိတ်ပူမနေနဲ့။ မွေးစားအမေ သူ့ကို ဘာမှမလုပ်လောက်ဘူး။ မွေးစားအမေရဲ့ ခွန်အားနဲ့ဆို သူသာ တကယ်လုပ်ချင်ရင် ယောက်ဖ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး” ယုရှုန်းက ပြောလိုက်သည်။

ရှန်ချင်းလော့သည် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် အံကြိတ်၍ ချီယွဲ့၏ နန်းတော်ဆောင်ဆီသို့ ပျံသန်းသွားလေသည်။

ချီယွဲ့၏ နန်းတော်ဆောင်ထဲ ရန်ကိုင်နှင့် ချီယွဲ့တို့ ပေါ်လာခဲ့သည်။

အခန်းတစ်ခန်းလုံးသည် ထူးထူးခြားခြား ပြင်ဆင်ထားခြင်း မရှိဘဲ အတော်လေးကို ရိုးရှင်းလှသော်လည်း အခန်းတစ်ခန်းလုံးသည် မြင့်မြတ်ထည်ဝါသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဒါချီယွဲ့နေတဲ့ နေရာ ဖြစ်လောက်တယ် ရန်ကိုင် စိတ်ထဲ ခန့်မှန်းလိုက်သည်။

ရန်ကိုင်၏ နန်းတော်ဆောင်ဆီသို့ ခေါ်လာပြီးနောက်တွင် ချီယွဲ့သည် အခြားဘာမှ ထပ်မလုပ်ဘဲ ရန်ကိုင်ကိုသာ သူမ၏ ဖီးနစ်မျက်ဝန်းအစုံဖြင့် မမှိတ်မသုံ စိုက်ကြည့်နေလေသည်။

ရန်ကိုင်ကမူ မကြောက်မလန့်ဖြင့် သူမအား ပြန်၍ စိုက်ကြည့်လိုက်လေသည်။

ခဏအကြာတွင် ချီယွဲ့သည် အသာအယာ ခေါင်းညိတ်လျက် လှောင်ပြောင်သံလား၊ ချီးကျူးသံလား မသဲကွဲသော လေသံဖြင့် ပြောလိုက်လေသည် “နင့်သတ္တိက မသေးပါလား။ ဒီဘုရင်မကို ဘယ်လူသားကမှ နင့်လို စိုက်မကြည့်ရဲဘူး။ ဒီဘုရင်မ နင့်ကို ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား”

“မဟုတ်ပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “စီနီယာက အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ လူတစ်ယောက်နဲ့ မတူဘူး”

“နင်အဲ့လို ထင်နေတဲ့ နင့်ရွှေနဂါးအရင်းအမြစ်ကို အရမ်း အထင်သေးရာ ကျသွားတာပေါ့” ချီယွဲ့က အသက်ပြင်းပြင်း ရှူသွင်းလျက် အလေးအနက် အမူအရာဖြင့် “အမှန်အတိုင်း ပြောရင် ငါလည်း နင့်ကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကို အတော်လေး စိတ်ဝင်စားတယ်။ နင့်ကို သတ်ပြီး အဲ့ဒါကို လုယူလိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေတာ။ အဲ့ဒါနဲ့ဆို ဒီဘုရင်မှ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နိုင်ချေ ပိုများသွားပြီ။ အဲ့လို အခွင့်အရေးမျိုးကို ရဖို့ကို ဒီဘုရင်မ နှစ်တွေ ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရလဲဆိုတာ နင်သိလား။ အခု ငါ့စိတ်ကိုငါ မနည်း ထိန်းနေရတယ်”

ထိုစကားကို ကြားပြီးသွားသည့်တိုင် ရန်ကိုင်ကမူ ကြောက်ရွံ့သည့် အရိပ်အယောင် အရှင်းမပြဘဲ ခေါင်းညိတ်လျက်သာ ပြန်၍ ပြောလိုက်လေသည် “စီနီယာက အဲ့လို ပြောမှတော့ ကျုပ်ကို မသတ်ချင်လို့ပေါ့။ သတ်ချင်နေရင် သတ်ပစ်လိုက်တာ ကြာနေပြီ။ ဒါနဲ့ ဘာလို့ အဲ့လိုမလုပ်လဲ ကျုပ်သိလို့ရမလား”

“နင်လုံးဝ မတုံးသေးဘူးပဲ” ချီယွဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုင်ခုံတစ်ခုံ ယူထိုင်လျက် အကြောင်းအရင်းကို ရှင်းပြလိုက်လေသည် “သုံးချက်ရှိတယ်။ ပထမတစ်ချက်က နင့်ကို သတ်လိုက်ရင်တောင် နင့်ကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကို ရနိုင်မလားဆိုတာ မသေချာလို့ပဲ။ အဲ့ဒါက နင့်ကို ရွေးချယ်ထားတာ နင့်ကို အသိအမှတ်ပြုလို့၊ ဒါပေမယ့် ဒီဘုရင်မကို အသိအမှတ်ပြုမပြု မသေချာဘူး။ ဒုတိယ အနေနဲ့ အဲ့ဒါ ငါ့ကို အသိအမှတ်ပြုမယ် ဆိုရင်တောင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ငါမချိုးဖျက်နိုင်တာလည်း ဖြစ်နိုင်တာပဲ”

ရန်ကိုင်က ခေါင်းညိတ်၍ “တတိယ အချက်ကကော”

“နင်က ချင်းလော့ချစ်တဲ့လူ၊ ဒီဘုရင်မ နင့်ကို သတ်လိုက်ရင် ချင်းလော့ကို ဆုံးရှုံးရလိမ့်မယ်။ ရမယ့် အကျိုးအမြတ်က ဆုံးရှုံးရမှာထက်ကို ဘယ်လိုမှ သာမနေဘူး။ ချင်းလော့၏ အနာဂတ်က ဒီဘုရင်မထက် အများကြီး ပိုမြင့်မားတယ်”

“စီနီယာ အခုလို ပွင့်ပွင့်လင်းလင်း ပြောတာကို ကြားရတာ ဂျူနီယာ တကယ်ကို လေးစားမိပါတယ်” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

“ဖားယားနေတာတွေ တော်လိုက်တော့။ ဒီဘုရင်မ အဲ့ဒါတွေကို ဂရုမစိုက်ဘူး” ချင်းယွဲ့က အလေးအနက် အမူအရာဖြင့် “ဒီဘုရင်မ နင့်ကို မသတ်ချင်ပေမယ့် ဒီတစ်ကြိမ် နင်ဘာပြဿနာ ရှာလိုက်လဲ နင်သိလား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီးနောက် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ရွှယ့်လျန်ကို ပြောချင်တာလား”

“သူက ဘာမို့လို့လဲ” ချီယွဲ့က နှာခေါင်းရှုံ့လျက် “ဒီဘုရင်မ ပြောနေတဲ့ ပြဿနာက မွန်းစတားဧကရာဇ်ကြယ်က အခြား မျိုးနွယ်စုခေါင်းဆောင်တွေကို ပြောနေတာ”

ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သော်လည်း မကြာမီ ချီယွဲ့ ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သွားခဲ့လေသည်။

“နင့်ရွှေနဂါးအရင်းအမြစ်ကို အရမ်း အထင်သေးနေတာပဲ။ လူသား ဘုရင်တစ်ယောက်သာ နင်ရွှေနဂါးအရင်းအမြစ် ပိုင်ဆိုင်ထားတာကို သိရင် အံ့ဩသွားလောက်ရုံပဲ။ အများဆုံး ဆိုရင်တောင် နင်အားမကောင်းလာခင် နင့်ကို သတ်ပစ်ဖို့ ကြိုးစားရုံပဲ။ ဒါပေမယ့် ငါတို့ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူတွေ အတွက်တော့ နဂါးဆိုတာ… အစစ်အမှန် အရှင်သခင် တစ်းပါးပဲ။ သန်းနဲ့ချီတဲ့ မွန်းစတားမျိုးနွယ်စုဝင်တွေ ရိုသေလေးစားရတဲ့ တည်ရှိမှုတစ်ခုပဲ။ ဘယ်သူကများ အဲ့လို ဘဝမျိုးကို မလိုချင်ဘဲ နေမှာလဲ” ချီယွဲ့က ရှင်ပြလိုက်သည် “နင့်မှာ ရွှေနဂါးအရင်းအမြစ် ရှိတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားခဲ့ရင် အခြားမျိုးနွယ်စုခေါင်းဆောင် ကိုးယောက် ဘာလုပ်မယ်ထင်လဲ။ အကုန်လုံး လနီပိုင်နက်ကို အပြေးလာပြီး နင့်ကို ဝိုင်းသတ်ကြမှာ။ အဲ့အခါကျ ဒီဘုရင်မ နင့်ကို ကာကွယ်ပေးမယ် ထင်နေလား။ ဒီဘုရင်မ ကိုယ့်ကိုယ်ကို အထင်သေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် ငါတစ်ယောက်တည်းနဲ့ အဲ့ကိုးယောက်ကို ဘယ်လိုမှ မထိန်းနိုင်ဘူး။ အခု ဒီဘုရင်မကို ဘယ်လောက် ပြဿနာပေးလိုက်လဲ နင်သိပြီလား”

“အင်း…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည် “ဒီကိစ္စကို ဂျူနီယာ တစ်ခါမှ မစဉ်းစားမိလိုက်ဘူး။ ဒါပေမယ့် စီနီယာ၊ အခုကိစ္စက တကယ်ကော ဂျူနီယာရဲ့ အမှား ဟုတ်လို့လား။ တကယ်တမ်း ပြောရရင် အခုလို ဖြစ်သွားရတာ စီနီယာရဲ့ အပြစ်လည်း မကင်ဘူးလေ”

သူနှင့် ရွှယ့်လျန် တိုက်ခိုက်နေသည်မှာ အတော်လေး ကြာပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား တိုက်ပွဲကို ချီယွဲ့ သတိမပြုမိစရာ အကြောင်းမရှိချေ။ သို့တိုင် ဝင်မပါဘဲ ရပ်ကြည့်နေသဖြင့် ချီယွဲ့ကိုယ်တိုင်က သူတို့ နှစ်ယောက်ကို တိုက်ခိုက်စေချင်သည့် အတွက်ကြောင့် ဖြစ်ရပေမည်။ သူတို့ နှစ်ယောက် ယခုကဲ့သို့ တိုက်ခိုက်လာအောင် နောက်ကွယ်မှ ကြိုးဆွဲထိန်းချုပ်ခဲ့သည့်သူမှာ သူမကိုယ်တိုင်ပင်လျှင် ဖြစ်နေနိုင်ပေသေးသည်။

ချီယွဲ့သည် ဝန်လည်းမခံသလို ငြင်းလည်း မငြင်းခဲ့ဘဲ ရန်ကိုင်ကိုသာ စူးရဲစွာ စိုက်ကြည့်နေလိုက်သည်။

“ရှင်းရှင်းပြောရရင် ဒီဘုရင်မနဲ့ နင်နဲ့ ဘာမှမပက်သက်ဘူး။ နင်ရှာတဲ့ ပြဿနာအားလုံးကို နင်ပဲ ရှင်းရမှာ။ ဒီဘုရင်မ ဝင်ပါမှာ မဟုတ်ဘူး” ချီယွဲ့က အပြတ်ပြောချလိုက်သည်။

“ဟဲဟ၊ ဂျူနီယာလည်း စီနီယာဆီက အကူအညီ မတောင်းပါဘူး” ရန်ကိုင်က သူ့နှာခေါင်းကိုပွတ်၍ “သူတို့ ကျုပ်ဆီက ရွှေနဂါး အရင်းအမြစ်ကို လိုချင်ရင် လာယူပါစေပေါ့။ ဒါပေမယ့် လွယ်လွယ်နဲ့ ရရိုးလား”

ချီယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ရန်ကိုင်အား ခဏကြာမျှ ကြောင်ကြည့်မိသွားသည်။ ထို့နောက် မဲ့ပြုံးပြုံးလျက် လှောင်ပြောင်လိုက်လေသည် “မောက်မာချက်ကတော့ မျိုးနွယ်စုခေါင်းဆောင်တွေကိုတောင် ဂရုမစိုက်တဲ့ အထိပါလား။ နင်တို့ လူသားတွေ မောက်မာမှန်း ဒီဘုရင်မသိတယ်။ ဒါပေမယ့် နင့်လောက် မောက်မာလွန်းတဲ့လူကိုတော့ ဒီဘုရင်မ တစ်ခါမှ မတွေ့ဖူးဘူး”

“တကယ် အစွမ်းအစရှိရင် လုပ်ချင်တာ လုပ်လို့ရတယ်လေ။ အဓိကက အစွမ်းအစရှိဖို့ပဲ” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “ဂျူနီယာ ပြောတာနဲ့ ပက်သက်ပြီး စီနီယာ မကျေနပ်မှန်း ဂျူနီယာ သိတယ်။ ဒါပေမယ့် စီနီယာ ဂျူနီယာကို သတ်ချင်တယ် ဆိုရင်တောင် သတ်နိုင်မှာ မဟုတ်ဘူး”

ချီယွဲ့ မျက်လုံးမှေးစည်းသွားပြီး ရန်ကိုင်အား အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်လေသည် “နင်ဒီဘုရင်မကို ရန်စနေတာလား”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ရန်စနေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောနေတာ”

ချီယွဲ့သည် ရန်ကိုင် လိမ်ညာနေသလား သိရလေအောင် ရန်ကိုင်အား မမှတ်မသုံ စိုက်ကြည့်လိုက်သည်။ သို့သော်ငြား ရန်ကိုင်၏ အမူအရာမှာမူ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူ့မျက်နှာကို ကြည့်ရသည်မှာ လိမ်နေသည့်ပုံလည်း မပေါ်။ ထိုသို့ဆိုလျှင် သူ့ယုံကြည်ချက်သည် မည်သည့်နေရာမှ‌ ရောက်လာသနည်း။

ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော်လည်း သူမသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်သည်။ သူတို့ နှစ်ဦးကြား အဆင့်ကြီးတစ်ဆင့် ကွာခြားနေသည်။ ထို့ကြောင့် ရန်ကိုင်သည် ရွှယ့်လျန်ကို လက်ရည်တူ ယှဉ်နိုင်ခဲ့လျှင်ပင် သူမအဖို့ ရန်ကိုင်ကိုသတ်ရန် တစ်ချက်သာ လိုသည်ဟု ချီယွဲ့ ယုံကြည်နေဆဲ။

နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာသည့် သက်တမ်း တစ်လျှောက် ရန်ကိုင်ကဲ့သို့ ကမ်းကုန်အောင် မောက်မာပြီး ယုံကြည်ချက် မိုးထိုးနေသည့် လူငယ်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သို့သော်လည်း ရန်ကိုင်သည် မောက်မာသော်လည်း သူ့တွင် တစ်မူထူးခြားသော ဆွဲဆောင်မှုမျိုး ရှိနေသည်မှာတော့ ငြင်း၍ မရသည့် အချက်တစ်ချက် ဖြစ်သည်။ ချင်းလော့သူ့အား တမ်းတမ်းစွဲ ချစ်မိသွားသည်မှာလည်း မထူးဆန်းတော့။

“နင့်မှာ ဝှက်ဖဲရှိသေးတယ်ပေါ့” ချီယွဲ့က အံ့အားသင့်သွားသည့် လေသံဖြင့် ရန်ကိုင်အား ကြည့်လိုက်သည်။

ရွှယ့်လျန်နှင့် တိုက်ခိုက်ရာတွင် ရန်ကိုင် အားကုန်ထုတ်သုံးခဲ့သည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ယခု ရန်ကိုင် ပြောသည်ကို ကြားပြီးနောက်တွင် ရွှယ့်လျန်နှင့် တိုက်ပွဲ၌ ရန်ကိုင် အားကုန်ထုတ်မသုံးခဲ့မှန်း သူမ နားလည်သွားခဲ့သည်။

ရွှယ့်လျန် ရှုံးသည်မှာလည်း ရှုံးသင့်စရာပင်။

ဤလူသားကောင်လေးနှင့် ယှဉ်လိုက်လျှင် မွန်းစတားဧကရာဇ် ကြယ်ပေါ်ရှိ တက်သစ်စ လူငယ်ကြယ်ပွင့်အားလုံး ရွက်ကြမ်းရေကျို ဖြစ်သွားကုန်ကြရလေသည်။

“ဟုတ်တယ်” ရန်ကိုင်က အမှန်အတိုင်း ဝန်ခံလိုက်သည်။

ချီယွဲ့သည် အသာအယာ သက်ပြင်းချလျက် ရန်ကိုင်အား မွန်းစတား တစ်ကောင်ကို ကြည့်သည့်နှယ် စိုက်ကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူမလက်ကို ဝှေ့ရမ်း၍ “မေ့လိုက်တော့။ အခုမှ အဲ့အကြောင်းတွေ ပြောနေလို့လည်း ဘာမှ မထူးတော့ဘူး။ အခုနင်က မွန်းစတားမျိုးနွယ်တစ်ပိုင်းလို့ ပြောလို့ရတယ်။ ဒါကြောင့် အကြီးအကဲတစ်ယောက် ဖြစ်တဲ့ငါက နင့်ကို အရမ်း အရှက်ရအောင် လုပ်နေမှာ မဟုတ်ဘူး။ နင်နဲ့ ချင်းလော့ကြားက ကိစ္စကို ငါဝင်မရှုပ်တော့ဘူး…”

“ဂျူနီယာ ဘယ်တုန်းက မွန်းစတားမျိုးနွယ်တစ်ပိုင်း ဖြစ်သွားတာလဲ” ရန်ကိုင်က မှင်သက်နေသည့် အမူအရာဖြင့် ပြနမေးလိုက်လေသည်။

သူသည် ရေမရောသည့် လူသားစစ်စစ်တစ်ယောက် ဖြစ်သည်။

“ဟန့်၊ မွန်းစတားမျိုးနွယ် တစ်ပိုင်းလို့ ပြောခံလိုက်ရတာ နင့်ကို စော်ကားလိုက်တယ်လို့ ထင်နေတယ်ပေါ့” ချီယွဲ့က ရန်ကိုင်ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လျက် “ဒီလို အခွင့်အရေးမျိုးကို အခြားသူတွေ အိမ်မက်မက်လို့တောင် ရနိုင်တဲ့ အခွင့်အရေးမျိုးမဟုတ်ဘူး ကောင်လေး၊ အခုလို အခွင့်အရေးမျိုး ရတာကို နင်အရမ်း ကျေနပ်နေသင့်တာ”

“အခွင့်အရေး…” ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ရွှေနဂါးအရင်းအမြစ်ကို စီနီယာ ပြောချင်နေတာလား”

“အမှန်ပဲ။ နင့်လက်ရှိပုံစံက ချင်းလော့နဲ့ ခပ်ဆင်ဆင်ပဲ။ လူသား တစ်ယောက်ဖြစ်ပြီး အားကောင်းတဲ့ မွန်းစတားမျိုးနွယ်စုဝင် တစ်ဦးရဲ့ အရင်းအမြစ်ကို စုပ်ယူထားတာမို့လို့ မွန်းစတားမျိုးနွယ် တစ်ပိုင်းလို့ ပြောလို့ရတယ်”

“ရွှေနဂါးအရင်းအမြစ်အကြောင်း စီနီယာ အသေးစိတ်လေး ရှင်းပြပေးလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။

“နင်ဘာသိချင်နေတာလဲ” ချီယွဲ့က ပြန်မေးလိုက်သည်။

“အဲ့ဒါနဲ့ ပက်သက်ပြီး အကုန်သိချင်တယ်” ရန်ကိုင်က စပ်ဖြဲဖြဲပြုံးလျက် ပြန်ပြောလိုက်သည်။

ချီယွဲ့ မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ဒေါသတော့ ထွက်မသွားခဲ့။ ထို့အစား စိတ်ရှည်ရှည်ဖြင့်သာ ရှင်းပြလိုက်၏ “ရှေးနတ်ဘုရားဝိဥာဉ်တွေ အကြောင်းကို နင်လည်း ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား။ ရှေးနတ်ဘုရားဝိဥာဉ်တွေက ကောင်းကင်နဲ့ မြေပြင် စတင်ပြီး ဖြစ်ပေါ်လာတုန်းက မွေးဖွားလာခဲ့တဲ့ သက်ရှိတွေပဲ။ သူတို့တွေက ငါတို့ မွန်းစတားမျိုးနွယ်ရဲ့ ဘိုးဘေးတွေပဲ၊ မွန်းစတားမျိုးနွယ်စု တစ်ခုလုံးရဲ့ အားအကောင်းဆုံး တည်ရှိမှုတွေဆိုရင်လည်း မမှားဘူး။ အခုလက်ရှိ မွန်းစတားမျိုးနွယ်စုဝင်တွေက အဲ့ရှေးနတ်ဘုရား ဝိဥာဉ်တွေရဲ့ သွေးမျိုးဆက်တွေကနေ ဆင်းသက်လာတာ။ သူတို့ရဲ့ သွေးမျိုးဆက်ကနေပြီး မျိုးနွယ်စုပေါင်း သန်းနဲ့ချီပြီး ကွဲထွက်သွားတယ်။ အဲ့တော့ နောက်မျိုးဆက်တွေရဲ့ သွေးမျိုးဆက်တွေက မသန့်စင်တော့ဘူး။ ဒါကြောင့်ပဲ အရင် မျိုးဆက်တွေနဲ့ ယှဉ်လိုက်ရင် လက်ရှိမျိုးဆက်တွေက အရမ်း အားနည်းနေကြတာ။ နင်နဲ့တိုက်ခိုက်ခဲ့တဲ့ ရွှယ့်လျန်ကို ပြောရရင် သူက အစစ်အမှန်နဂါးတစ်ကောင်ရဲ့ မျိုးဆက်ဖြစ်တဲ့ သွေးနဂါးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်။ သူ့သွေးမျိုးဆက်ကလည်း အတော်လေး အားကောင်းတယ်။ ဒါပေမယ့် ရွှေနဂါးအရင်းအမြစ်နဲ့ ယှဉ်လိုက်ရင်တော့ အကွာကြီး ကျန်သေးတယ်။ ဒါကြောင့်ပဲ ရွှေနဂါးအရင်းအမြစ် ပေါ်လာတာနဲ့ သူချက်ချင်း ဖိနှိပ်ခံလိုက်ရတာပဲ။ ရွှေနဂါးအရင်းအမြစ်ကကော ဘာလို့ သူ့မွန်းစတားအမြူတေကို စိတ်ဝင်စားရတာလဲ။ ဘာလို့လဲဆိုတော့ သူ့မွန်းစတားအမြူတေကို ဝါးမြိုလိုက်မယ် ဆိုရင် ရွှေနဂါးအရင်းအမြစ်က ပိုပြီး အားကောင်းလာမှာ မို့လို့ပဲ”

ရန်ကိုင်သည် ချီယွဲ့ ရှင်းပြသည်ကို သေချာ နားထောင်နေခဲ့၏။

All Chapters