အခန်း (၁၆၁၁-၁၆၁၅)
Vol. 65 Ch. 1611-1615
အပိုင်း (၁၆၁၁)
အရူးမိချောင်းဘုရင်သည် အစကတည်းက ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို လိုချင်ခဲ့သူမဟုတ်။ သူလိုချင်နေသည်မှာ ရန်ကိုင်၏ ခန္ဓာကိုယ် ဖြစ်သည်။
ထို့ကြောင့် ရန်ကိုင်နားသို့ ကပ်လာနိုင်ရန် အတွက် ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်တို့အား မနိုင်တော့ဘဲ ရန်ကိုင်ကိုသာ သတ်ရန်ရွေးချယ်စရာ ရှိတော့သည့် ပုံစံမျိုးဖြင့် တဒင်္ဂသော အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်အား သတ်ဖြတ်ရန် သူ့ဆီ ပြေးလာသည့် ပုံစံမျိုး လုပ်ခဲ့သည်။
ရန်ကိုင်နားသို့ ရောက်သည်နှင့် သူ့နာမ်ဝိဥာဉ်ကိုသုံး၍ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ချိုးဖျက်မည်ပေါ့။
သူ့အစီအစဉ် အမှန်တကယ်ကို အောင်မြင်ခဲ့ပေသည်။
သူစီစဉ်ထားသည့်အတွက် သူ့နာမ်ဝိဥာဉ်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ချောချောမွေ့မွေ့ ရောက်လာနိုင်ခဲ့၏။ လက်ရှိ သူလုပ်စရာရှိတော့သည်ကား ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဝင်စီးရန်သာ ရှိတော့သည်။ ရန်ကိုင်၏ နာမ်ဝိဥာဉ်ကို ဝါးမြိုလိုက်ပြီးသည်နှင့် ရန်ကိုင် ပိုင်ဆိုင်သည့် ရတနာအားလုံး သူ့အပိုင် ဖြစ်လာပေတော့မည်။
နောက်ဆုံး အပိုင်းကို လုပ်နိုင်လိမ့်မည်ဟု အရူးမိကျောင်း အပြည့်အဝ ယုံကြည်နေသည်။ သူ့စိတ်စွမ်းအင်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်အတွင်း သူ့ဝိဥာဉ်ပင် ပျောက်ကွယ်လုတော့မတတ် ဖြစ်သည်အထိ တောက်လျှောက် အားနည်းလာနေခဲ့သော်ငြား ဆင်ပိန်ကျွဲလောက် ရှိသည်ဆိုသည့် အတိုင်း သူ့စိတ်စွမ်းအင်သည် တန်ခိုးရှင်အဆင့်တစ်ဦး ယှဉ်ပြိုင်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။
ထို့ကြောင့်သာ မဟုတ်လျှင် ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း သူမည်ကဲ့သို့ ဝင်စီးနိုင်မည်နည်း။ ရွှယ့်လျန်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများထဲတွင် လက်ရွေးစင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင် မဟုတ်လေလော။
သို့သော်ငြား ချစ်ချစ်တောက် ပူလောင်သော အသိစိတ် ပင်လယ်ထဲသို့ ဝင်လာမိသည့်အခါ အရူးမိကျောင်း၏စိတ်ထဲ မကောင်းသည့် ခံစားချက်အချို့ ရလိုက်ရသည်။
“မင်းမှာ အသွင်ပြောင်း အသိစိတ်ပင်လယ်ကြီး ရှိနေတာပဲ” အရူးမိကျောင်းဘုရင်က အလန့်တကြား ဆိုလိုက်သည်။
“ဟုတ်တယ်” ရန်ကိုင်က ချက်ချင်းကြီး မလှုပ်ရှားသေးဘဲ မိတ်ဆွေတစ်ယောက်နှင့် စကားပြောနေသည့်နှယ် လက်ပိုက်၍သာ အရူးမိကျောင်း ဘာလုပ်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေ၏။
ဘေးပတ်ပတ်လည်ကို လှည့်ကြည့်ရင်း အရူးမိကျောင်း မျက်မှောင်ကြုတ်မိသွားသည်။ မကြာမီ သူ့အကြည့်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ တစ်ခုသော နေရာဆီသို့ ရောက်သွားခဲ့သည်။ ထို့နောက် မျက်လုံးပြူး၊ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ထိုအရပ်ဆီသို့ လက်ညိုးထိုးလျက် တုန်တုန်ရီရီဖြင့် မေးလိုက်သည် “ဒါဒဏ္ဏာရီလာ ဝိဥာဉ်ကြာပန်းကြီးလား”
“စီနီယာက ဝိဥာဉ်ကြာပန်းကို သိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
အရူးမိကျောင်း မျက်နှာ မဲ့သွားခဲ့ပြီး “ဒီဘုရင် မင်းမြင်ခဲ့တာတွေထက် အများကြီး ပိုမြင်ဖူးတယ်။ ဝိဥာဉ်ကြာပန်းလို မဟာရတနာတစ်ပါးကို ဒီဘုရင် ဘာလို့ မသိရမှာလဲ”
ဤကောင်းလေးသည် ဝိဥာဉ်ကြာပန်းကိုပင် ပိုင်ဆိုင်ထားသည်။ ထို့အပြင် ရိုးရိုးဝိဥာဉ်ကြာပန်းကိုပင် ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ဤကောင်လေး၏ ဝိဥာဉ်နှင့် စိတ်စွမ်းအင် ဤမျှ အားကောင်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့တွင် ဤကဲ့သို့သော ရတနာကြီးတစ်ပါး ရှိနေသည်ကိုး။
အရူးမိကျောင်း အသက်ရှင်နေစဉ် ဝိဥာဉ်ကြာပန်းအကြောင်းကို ကြားခဲ့ဖူးသော်လည်း တစ်ခါမှတော့ မမြင်ဖူးခဲ့ချေ။ ယခုမူ ကံကောင်းစွာဖြင့် ထိုရတနာကို ရန်ကိုင်၏ ကိုယ်ထဲတွင် သူ့ကိုယ်ပိုင် မျက်လုံးအစုံဖြင့် မြင်ဖူးခဲ့လေပြီ။
တစ်ခုတည်းသော မေးစရာရှိသည်ကား ထိုကောင်လေးသည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို တိုက်ရိုက်ရခဲ့ခြင်းလား၊ ထိုသို့မဟုတ်ဘဲ ဝိဥာဉ်ကြာပန်းကို ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဆင့်သို့ ရောက်အောင် သူ့ဘာသာ အဆင့်ဆင့် ပြုစုပျိုးထောင်လာခဲ့ခြင်းပေလား ဆိုသည်ပင်။
ပထမ တစ်ချက်သည် ပို၍ ဖြစ်နိုင်ချေရှိသည်။ ဝိဥာဉ်ကြာပန်းကို ပြုစုပျိုးထောင်ရသည်မှာ အလွန်ကိုမှ ခက်ခဲလှသည်။ သူ့ကဲ့သို့ လူငယ်လေးတစ်ယောက်က ဝိဥာဉ်ကြာပန်းကို နောက်ဆုံး အဆင့်သို့ ရောက်အောင် မည်ကဲ့သို့များ ပျိုးထောင်နိုင်ပါ့မည်နည်း။
ဒီကောင့်ကံက ကြောက်စရာကြီး အရူးမိကျောင်း သူ့ဘာသာ တွေးလိုက်သည်။
အရူးမိကျောင်းသည် မွန်းစတားဘုရင်တစ်ဦး ဖြစ်သည့်အတွက် သူ့အရည်အချင်းနှင့် သွေးမျိုးဆက်သည် အလွန်ကိုမှ ကောင်းမွန်မည်မှာ မေးခွန်းထုတ်စရာ မလိုချေ။ ထို့အပြင် သူ့သက်တမ်း တစ်လျှောက်တွင် ကံကောင်းမှုများစွာကို ကြုံတွေ့ခဲ့ရပြီး မွန်းစတားဘုရင်တစ်ဦး ဖြစ်လာရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော်လည်း သူ့ကိုယ်သူ ရန်ကိုင်နှင့် ယှဉ်ကြည့်လိုက်သည့်အခါ သူကြုံတွေ့ခဲ့ရသည့် အခွင့်အလမ်း အားလုံးသည် အမှိုက်တစ်စနှယ် ဖြစ်သွားကုန်ကြရလေသည်။
ခုနှစ်ရောင်ခြယ်ကျွန်းကို စိုက်ကြည့်နေပြီးနောက် စိတ်ငြိမ်သွားအောင် လုပ်လိုက်သည့်အလား အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်ပြီး အလေးအနက် အမူအရာဖြင့် အော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီဘုရင် မင်းကို တကယ် အထင်သေးမိလိုက်တာပဲ။ အခုငါတောင် နောက်ဆုံးရလဒ်နဲ့ ပက်သက်ပြီး မသေချာချင် ဖြစ်သွားပြီ”
ထိုကောင်လေး၏ ဝိဥာဉ်သည် သူ့အောက် မနိမ့်ကျတော့ချေ။ ယခု ဝိဥာဉ်ကြာပန်း၏ အကူအညီပါ ထပ်ရှိနေသဖြင့် ထိုကောင်လေးကို နိုင်မနိုင် သိပ်ပြီးတော့ပင် မသေချာတော့ပေ။
“ကျုပ်ကတော့ ကျုပ်နိုင်မယ်လို့ ပိုထင်တယ်” ရန်ကိုင်က အေးအေးဆေးဆေး အမူအရာဖြင့် ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။
“သိပ်ပြီး သွေးနားထင်ရောက်မနေနဲ့ ကောင်လေး။ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာကို ငါမင်းကို သင်ပေးရတော့မယ်နဲ့ တူတယ်”
“ကျုပ်ပြောတာကို မယုံတာလား” ရန်ကိုင်က အရူးမိကျောင်းအား ပြုံးကြည်လျက် “ထားလိုက်တော့။ သေရတော့မယ့် ခင်ဗျားလို လူတစ်ယောက်ကို ရှင်းပြနေလည်း လေကုန်တာပဲရှိမှာ”
ပြောပြီးသည်နှင့် ကောင်းကင်ပေါ်သို့ လက်ညိုးထိုးလိုက်၏။
အရူးမိကျောင်းလည်း ရန်ကိုင် လက်ညိုးထိုးသည့်အတိုင်း အပေါ်သို့ မော့ကြည့်မိလိုက်သည်။
ရန်ကိုင် ညွှန်ပြရာအရပ်တွင် ပိတ်နေသည့် မျက်လုံးတစ်လုံးနှင့် ဆင်တူသည့် အလယ်တွင် ဖြတ်ကြောင်းရာ တစ်ခုရှိနေသော ဘဲဥပုံစံပစ္စည်းတစ်ခု ရှိနေခဲ့သည်။
သို့သော်ငြား ရန်ကိုင်မှ လက်ဖျောက်တီးလိုက်သည်နှင့် ထိုဖြတ်ကြောင်းရာသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေသည်။
မကြာမီ ထိုအရာဆီမှ ရွှေရောင်အလင်းတန်းတို့ ဖြာထွက်လာခဲ့၏။
ရွှေရောင်အလင်းသည် တဖြည်းဖြည်း သိပ်သည်းသည်ထက် သိပ်သည်းလာနေခဲ့ပြီး နောက်ဆုံးတွင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလဲသွားကာ အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ကို လွှမ်းခြုံသွားခဲ့လေသည်။
ထိုရွှေရောင်အလင်းတန်းထဲတွင် ရွှေရောင်အလင်း သက်သက်သာတင် မဟုတ်ဘဲ ရောင်စုံ အလင်းရောင်များလည်း ရောနှောပါဝင်နေခဲ့လေသည်။
ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံခြင်း ခံလိုက်ရချိန်တွင် အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်တစ်ခုလုံး အေးခဲသွားသည့်နှယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။
“ဘာကြီးလဲ” အရူးမိကျောင်း ကြောက်လန့်တကြား ထအော်တော့သည်။
ရွှေရောင်အလင်းတန်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ သေမင်းခေါင်းလောင်းသံတို့ တဒေါင်ဒေါင် မြည်ဟည်းသွားခဲ့သည်။ ထို့နောက်တွင် သူ့အသိစိတ်သည် နေရောင်အောက်သို့ ရောက်သွားသည့် နှင်းပွင့်တစ်ပွင့်နှယ် စတင် အရည်ပျော်ကျလာနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် အရူးမိကျောင်းဘုရင်သည် ရွှေရောင် အလင်းတန်းအောက်မှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားရုန်းကန်တော့လေသည်။
ရွှေရောင်နှင့် ရောင်စုံအလင်းတို့သည် အရူးမိကျောင်း မွန်းစတားဘုရင် အတင်းရုန်းကန်နေသည်ကို မထိန်းချုပ်နိုင်သည့် အလား စတင် လွင့်ပျယ်လာကုန်ကြလေသည်။
ထိုအခြင်းအရာကို မြင်သည့်နောက် ရန်ကိုင် မျက်ခုံး ပင့်မိသွားခဲ့၏။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းရည်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ဖက်ရန်သူ၏ ဝိဥာဉ်ကို အမြစ်ပြတ် ရှင်းပစ်နိုင်စွမ်းရှိသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပေးနိုင်သည်။ ထိုနည်းလမ်းကို သုံးပြီး မရေမတွက်နိုင်သော ရန်သူများ၏ ဝိဥာဉ်များကို ရန်ကိုင် ရှင်းပစ်ခဲ့ပြီး မည်သည့်အခါမှလည်း ပြဿနာနှင့် ကြုံတွေ့ရခဲ့ခြင်း မရှိချေ။
မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင်အဆင့်သို့သာ ရောက်ခဲ့သော်ငြား သူသည် အလွန်တော်သည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူဖန်တီးခဲ့သည့် စွမ်းရည်သည် ကျင့်ကြံသူ အဆင့်တက်လျှင် စွမ်းအား လိုက်အားကောင်းလာနိုင်သည့်အတွက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားသည် ရန်ကိုင်၏ ကျင့်ကြံခြင်း မြင့်လာသည့်အလျောက် ပို၍ အားကောင်းလာခဲ့၏။
ထို့အပြင် လက်ရှိ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ အလင်းတန်းသည် ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် ရောထားသည့် အလင်းတန်တစ်ခု ဖြစ်သည်။
ပုံရိပ်တစ်ထောင်ဖန်အလင်းသည် ကျင့်ကြံသူများ၏ ဝိဥာဉ်ကို ဖိနှိပ်နိုင်သည့်အတွက် ရွှေရောင်အလင်းတန်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ရွှေရောင်အလင်းတန်း၏ စွမ်းအားမှာ ပို၍ အစွမ်းထက်သွားရတော့သည်။
သို့ပင်လျှင် ထိုစွမ်းအင်နှစ်မျိုး ပေါင်းစပ်ထားသည့် ရွှေရောင် အလင်းတန်းသည် အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ကို တစ်ချက်တည်း မရှင်းပစ်နိုင်ခဲ့ဘဲ ဖြည်းဖြည်းချင်း အားနည်းလာအောင်သာ လုပ်နိုင်ခဲ့သည်။
ထိုသို့ဖြစ်သည်မှာလည်း သိပ်ပြီးတော့ အထူးအဆန်း မဟုတ်ပေ။ အရူးမိကျောင်းသည် မွန်းစတားဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ သူအလွယ်တကူ အသတ်ခံရမှာသာ ထူးဆန်းနေမှာ ဖြစ်သည်။
ထိုအချက်ကို တွေးလိုက်မိသည့်နောက် ရန်ကိုင် ညစ်ကျယ်ကျယ် ပြုံးလိုက်မိသည်။ သူ့အတွေးတစ်ချက်နှင့် အောက်ဘက်ရှိ မီးတောက်များ အပေါ်ဘက်သို့ မြင့်တက်လာပြီး ဧရာမ မီးတောက်လှိုင်းကြီး အသွင်သို့ ပြောင်းလျက် အရူးမိကျောင်း၏ ဝိဥာဉ်ကို အဘက်ဘက်မှ ရိုက်ချတော့လေသည်။
ချက်ချင်းဆိုသလို အရူးမိကျောင်း ရှိနေသည့် နေရာတစ်ခုလုံးကို ပူပြင်းတောက်လောင်သည့် စိတ်စွမ်းအင်များက လွှမ်းခြုံသွားခဲ့လေသည်။
“မဟုတ်ဘူး” အရူးမိကျောင်းသည် မသေစေရန် အလို့ငှာ ရူးသွပ်စွာ အော်ဟစ်ရင်း ဝိဥာဉ်ပညာရပ်များကို တစ်ခုပြီး တစ်ခု ထုတ်သုံးတော့လေသည်။
“အပြင်မှာဆိုရင် ပိုအဆင်ပြေဦးမှာကို ဒီလာပြီး သေချင်နေမှတော့ ဘာလို့ ရုန်းကန်နေသေးတာလဲ အရူးမိကျောင်း၊ ခင်ဗျား ဘယ်လောက်ပဲရုန်းရုန်း၊ ဘာမှထူးသွားမှာ မဟုတ်ဘူး။ ဒီနေရာမှာ ကျုပ်က သခင်ပဲ” အော်ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့စိတ်စွမ်းအင်ကို ထပ်မံ မြှင့်တင်လိုက်လေသည်။
ရွှေရောင်အလင်းတန်း၊ ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် တေဇောဓါတ်အသိစိတ်ပင်လယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူ့အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်လာခဲ့လေသည်။
အရူးမိကျောင်းမှာ အဆက်မပြတ် ရုန်းကန်အော်ဟစ်နေသော်ငြား သူမည်မျှ ကြိုးစားရုန်းကန်နေစေကာမူ ရွှေရောင်အလင်းတန်း အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ရွှေရောင်အလင်းတန်း၏ စွမ်းအားအောက်တွင် သူ့ဝိဥာဉ်သည် အလွန်ကိုမှ မြန်ဆန်သော အရှိန်ဖြင့် အရည်ပျော်ကျလာနေပြီး သူ့အရှိန်အဝါသည်လည်း လျင်မြန်စွာ အားပျော့လာနေခဲ့လေသည်။
မကြာမီ အရူးမိကျောင်း၏ အော်သံများ တိုးညင်းလာပြီး ရုန်းကန်မှုများမှာလည်း အားပျော့လာခဲ့လေ၏။
ခဏအကြာတွင် အရာအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။ ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်း၍ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားကို ပြန်သိမ်းလိုက်ပြီးနောက် လှိုင်းထန်နေသော အသိစိတ်ပင်လယ်တစ်ခုလုံး ပြန်လည် ငြိမ်သက်သွားခဲ့၏။ အရူးမိကျောင်း ရပ်နေခဲ့သည့် နေရာတွင်မူကား သိပ်သည်းသော စိတ်စွမ်းအင်ထုကြီး တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ထိုစိတ်စွမ်းအင်ထုကြီးကို ကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။ ထိုနေရာတွင် ရှိနေသည်မှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများ ဖြစ်သည်။
ထိုအရာ မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ပြောပြနေစရာပင် မလိုချေ။
သူသာ ထိုအရာကြီးကို စုပ်ယူလိုက်မည်ဆိုပါက ကျင့်ကြံရာတွင် နှစ်ပေါင်းများစွာ ပိုသက်သာသွားပေလိမ့်မည်။
ထိုကဲ့သို့ တွေးပြီးနောက်တွင် သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လိုက်သည်။ ရွှယ့်လျန်အလောင်းနှင့် အခြားသော မွန်းစတားမျိုးနွယ် တက်သစ်စကြယ်ပွင့် နှစ်ဦးဆီသို့ လျှောက်သွားလိုက်ပြီး သူတို့၏ မွန်းစတားအမြူတေနှင့် သိုလှောင်လက်စွပ်များကို ကောက်ယူလိုက်ပြီးနောက် သူတို့၏ အလောင်းများကို ပြာချပစ်လိုက်သည်။ ထို့နောက် အနက်ရောင်လိုဏ်ဂူထဲသို့ ပြန်ဝင်သွားလိုက်လေသည်။
ရွှယ့်လျန်၊ မီထျန်းနှင့် လဲ့ဖုန်းတိုသည့် တန်ခိုးရှင်အဆင့်တွင် လက်ရွေးစင်ဟု ခေါ်ထိုက်သူများ ဖြစ်ကြသဖြင့် သူတို့၏ မွန်းစတားအမြူတေ အလွန်အဖိုးတန်မည်ကို မေးနေစရာပင် မလိုချေ။
လက်ရှိ သူ့စွမ်းအားအရ ရန်သူများကို သွေးသားရဲများသုံး၍ ရင်ဆိုင်နေစရာ မလိုသဖြင့် ရန်ကိုင်သည် ထိုသုံးယောက်၏ အလောင်းများကို သွေးသားရဲများအဖြစ်သို့ မသန့်စင်ခဲ့ချေ။
သူတို့၏ မွန်းစတားအမြူတေများကမူ အဆင့်ကိုး အထွဋ်အထိပ် မွန်းစတားသားရဲများ၏ အမြူတေများ ဖြစ်ကြသည့်အတွက် ဆေးဖော်စပ်ရာတွင်သာ အသုံးပြုလိုက်ပါက ရန်ကိုင် အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံး သုံးလုံးကို ကျိန်းသေ ဖော်စပ်နိုင်ပေလိမ့်မည်။
ထိုအဆင့်ရှိသော မွန်းစတားအမြူတေများသည် အတော့်ကိုမှ အဖိုးတန်လှသဖြင့် သူ့အနေဖြင့် ထိုမွန်းစတားအမြူတေ သုံးခုကို အဖိုးတန်သည့် ဆေးလုံးများကို ဖော်စပ်ရာတွင် အသုံးပြုရပေမည်။
လှိုင်ဂူထဲတွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် တိုက်ပွဲမှ ရလာသော အကျိုးအမြတ် အသီးအပွင့်များကို ကောင်းကောင်း မြည်းစမ်းနေခဲ့သည်။
သွေးအကျဉ်းထောင် အပြင်ဘက်ရှိ ကျောက်တံးစံအိမ်ထဲတွင် လော့ဟိုင်သည် မျက်လုံးပိတ်လျက် မလှုပ်မယှတ် ထိုင်နေခဲ့၏။
သူ့ကောင်းကင်စိတ်အာရုံကမူ သွေးအကျဉ်းထောင် တစ်ခုလုံးကို လွှမ်းခြုံထားခဲ့လေသည်။ သွေးအကျဉ်းထောင်ထဲတွင် ဖြစ်ပျက်နေသည်များကို အသေးစိတ် မမြင်ရသော်လည်း အကြမ်းဖျင်း ဘာဖြစ်နေသလဲ ဆိုသည်ကိုမူ မြင်နိုင်ပေသည်။
လက်ရှိတွင် သူ့စိတ်အာရုံ အလုံးစုံသည် မွန်းစတားတောင်ဆီသို့ ရောက်ရှိနေခဲ့သည်။
လွန်ခဲ့သော နာရီဝက်ခန့်က အလွန်ကိုမှ အံ့အားသင့်စရာ တစ်ခုခု ရှာတွေ့ခဲ့သဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးပင် မသိသာမလေး တုန်ရီသွားခဲ့ပြီး သူ့ရင်အစုံကမူ ကုလားဘုရားလှည့်သလို တဒိန်းဒိန်း ခုန်သွားခဲ့ရသည်။
မျိုးရိုးနာမည်လဲ့ အမျိုးသမီးနှင့် အခြားသူများ၏ တောင်းဆိုချက်ကြောင့် လဲ့ဟိုင်သည် ရန်ကိုင်ကို အထူးတလည် အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့် ရန်ကိုင် မွန်းစတားတောင်ဆီသို့ သွားသည်ကိုလည်း သူသတိပြုမိပေသည်။
အထူးသဖြင့် မွန်းစတားဧကရာဇ်တောင်တွင် ရှိနေသော မူလအဆီအနှစ် ကျောက်တုံး ပျောက်ကွယ်သွားသည်ကို သေချာ သတိပြုမိလိုက်၏။
မူလအဆီအနှစ်ကျောက်တုံး ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ သို့သော် တောင်ထဲသို့ ရန်ကိုင် ဝင်သွားသည်နှင့် ထိုကျောက်တုံး၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့၏။ ဆိုလိုသည်ကား မူလအဆီအနှစ် ကျောက်တုံးကို ရန်ကိုင်မှ ယူသွားခဲ့လေပြီ။
ထိုရတနာသည် လော့ဟိုင်ပင်လျှင် အလွန်လိုချင်သည့် ရတနာတစ်ခု ဖြစ်သည်။ အလွန် စိတ်လှုပ်ရှားနေမိသော်ငြား အခြားသူများ သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် ဘာမှ မဖြစ်ဟန်သာ ဆောင်နေခဲ့သည်။ ။
ထိုမူလအဆီအနှစ်ကျောက်တုံးသည် သူ့အား တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သဖြင့် လော့ဟိုင် အနေဖြင့် ထိုမူလ အဆီအနှစ်ကျောက်တုံးကို မည်သို့မှ လက်လွှတ်မခံနိုင်ချေ။
သွေးအကျဉ်းထောင်ထဲတွင် အခြားသေသွားခဲ့သည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် နှစ်ဦးလည်း ရှိပေသေးသည်။ သို့သော်ငြား ထိုနှစ်ဦး၏ မူလအဆီအနှစ်ကျောက်တုံးမှာ ယူသွားခံရပြီးနေပြီ ဖြစ်သည့်အတွက် ယူရန် ခက်ခဲသော မွန်းစတားဘုရင်၏ မူလအဆီအနှစ်ကျောက်တုံးသာ ကျန်ရစ်တော့သည်။
တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် သိပ်သည်းသော မွန်းစတားချီကြောင့် မည်သည့် လူသား တန်ခိုးရှင်အဆင့် ကျင့်ကြံသူမှ ဤနေရာသို့ အလွယ်တကူ မလာရဲကြခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ တစ်ယောက်ယောက် အောင်မြင်သွားခဲ့လေပြီ။ လော့ဟိုင် အနေဖြင့် သူ့အား မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၂)
လော့ဟိုင်သည် မူလအဆီအနှစ်ကျောက်တုံးကို သူ့အပိုင်အဖြစ် မှတ်ယူထားလိုက်လေပြီ။
သူထိုသို့ တွေးနေလည်း တွေးချင်စရာပင်။ သူသည် ဤကြယ်၏ ကြယ်သခင် ဖြစ်နေသည်ကိုး။ ရန်ကိုင်သာ တောင်စိမ်းကြယ်၌ ရှိနေသရွေ့ သူ့လက်မှ မည်သို့မှ ပြေးလွတ်နိုင်လိမ့်မည် မဟုတ်ပေ။
သွေးအကျဉ်းထောင် ပွင့်လာသည့်အခါ၊ ထိုကောင်လေးအား ရှာပြီး မူလအဆီအနှစ်ကျောက်တုံးကို တောင်းကာ အကျိုးအမြတ် နည်းနည်းပါးပါး ပြန်ပေးလိုက်ရုံပင်။ ထိုကောင်လေးသာ ဆန္ဒရှိလျှင် သူ့တပည့်အဖြစ် လက်ခံရန်ပင် ဆုံးဖြတ်ထား၏။
လော့ဟိုင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် စိတ်ကို မနည်း တည်ငြိမ်အောင် လုပ်နေခဲ့ရသည်။ စံအိမ်ထဲတွင် အခြားသော တန်ခိုးရှင်အဆင့်များလည်း ရှိနေသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဝါးလုံးကွဲ အော်ဟစ်ရယ်မောနေလောက်ပေပြီ။
“လူကြီးမင်းလော့ဟိုင်၊ နောက်ဆယ်ရက်လောက်ဆို သွေးအကျဉ်းထောင် ပိတ်တော့မှာမလား” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ်” လော့ဟိုင်က ခေါင်းညိတ်၍ “ဆယ်ရက်ပဲ ကျန်တော့တယ်။ ဆယ်ရက် ပြည့်သွားတာနဲ့ အထဲက နယ်ပယ်စွမ်းအင် ပေါက်ကွဲထွက်လာပြီး အဲ့ကောင်လေးတွေကို အပြင်ကို တွန်းထုတ်မှာ”
“ဒီတစ်ကြိမ် သူတို့တွေ ဘာတွေရလာမလဲ ငါတကယ် သိချင်လိုက်တာ။ ဒါနဲ့၊ ဟိုတန်ခိုးရှင် ဒုတိယအဆင့် ကောင်လေးကော အခြေအနေ ဘယ်လိုရှိလဲ”
ရန်ကိုင် အကြောင်း မေးလိုက်သည့် အခိုက်တွင်၊ အကုန်လုံး၏ အကြည့်သည် လော့ဟိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။
“သူဘာမှမဖြစ်ဘူး။ အသက်ရှင်နေသေးတယ်”
“ကောင်းတယ်။ သူအပြင်ထွက်လာရင် ဓါးအဖွဲ့အစည်းထဲဝင်ဖို့ ဒီအဘွာကြီးကိုယ်တိုင် သွားဖိတ်ခေါ်မယ်” အဘွားအိုကြီးက ပြောလိုက်သည်။
“ဒီကောင်လေးရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ။ သွေးအကျဉ်းထောင်ထဲကို တန်ခိုးရှင်ဒုတိယအဆင့်နဲ့ ဝင်သွားပြီး ပြန်ထွက်လာနိုင်တယ်ဆိုတာ နည်းတဲ့ အရည်အချင်းလား။ သူသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်ဆိုရင် သူ့အနာဂတ်က လုံးဝက တောက်ပသွားပြီ”
“ဒီကောင်လေးမှာ ဘယ်လိုနောက်ခံရှိလဲ ဒီလူအိုကြီးတောင် သိချင်သွားပြီ”
“အခု သူ့စွမ်းရည်ကို ကြည့်ရသလောက်တော့ ဒီကောင်လေး နောက်ပိုင်း ကျိန်းသေ အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လာလောက်တယ်”
အကုန်လုံးသည် ရန်ကိုင်အကြောင်း ချီးကျူးပြောဆိုနေကြသော်ငြား လော့ဟိုင်ကမူ ဝင်မပြောဘဲ ပြုံးသာ ပြုံးနေခဲ့သည်။ သူတစ်ယောက်သာ ရန်ကိုင် မည်မျှ ထူးခြားကြောင်းကို နားလည်ထားသည်။
ရန်ကိုင်သည် လှိုင်ဂူထဲတွင် ထိုင်လျက် အရူးမိကျောင်း၏ စိတ်စွမ်းအင်ထုကြီးကို စုပ်ယူနေလိုက်ရာ အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားတော့လေသည်။
အချိန်တစ်ခုသို့ ရောက်မှပဲ မျက်မှောင်ကြုတ်လျက် မျက်လုံး ပြန်ပွင့်လာခဲ့သည်။
သွေးအကျဉ်းထောင်ထဲရှိ အခြေအနေ အနည်းငယ် ပြောင်းလဲနေသည်ကို သူသတိပြုမိလိုက်သည်။ နယ်ပယ်စွမ်းအင် တစ်စွန်းတစ်စသည်လည်း သူရှိနေသည့် မွန်းစတားတောင်တွင် ရုတ်တရက် ပေါ်လာနေခဲ့သည်။
သွေးအကျဉ်းထောင်ထဲရှိ အရှိန်အဝါ ပြောင်းလဲသွားသည်နှင့် အထဲမှ ချက်ချင်း ထွက်သွားရမည်ဟု ဤနေရာသို့ မလာခင် ချီယွဲ့မှ သူ့အား ပြောခဲ့သည်။ မဟုတ်လျှင် အလောင်းမြုပ်စရာပင် မရှိဘဲ သေသွားရပေလိမ့်မည်။
ထိုသို့ စဖြစ်ပြီးနောက် ငါးရက်အတွင်း သွေးအကျဉ်းထောင်သည် ပရမ်းပတာ နယ်ပယ်များဖြင့် ပြည့်နှက်နေသော မည်သူမှ ခြေမချရဲသည့် တားမြစ်နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။
ထွက်သွားဖို့ အချိန်ကျလာပြီပဲ
လှိုင်ဂူထဲမှ ထွက်လာပြီး လမ်းကြောင်းရှာပြီးနောက်တွင် ထိုအရပ်သို့ ပြေးထွက်သွားလေသည်။
“ကောင်လေး၊ မင်းက ဒီရောက်နေတာကိုး” ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့အား အပြုံးဖြင့် ကြည့်လိုက်သည်။
“စီနီယာဘဟဲ” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။
“မင်းအကြောင်း ဘာမှမကြားရတော့ မင်းသေသွားပြီလို့တောင် ငါမှတ်နေတာ” ယုရှန်းသည်လည်း ဘဟဲ ဘေးနားတွင် ပေါ်လာပြီး ရန်ကိုင်အား အထက်အောက် အစုံအဆန် ငုံကြည့်လိုက်၏။
“ရန်ကိုင်” ရှန်ချင်းလော့ကလည်း နှစ်လိုဖွယ်ကောင်းစွာ ပြုံးလျက် ရန်ကိုင်၏ ဘေးနားတွင် ရပ်လိုက်ပြီး သူ့လက်မောင်းကို ဆွဲဖက်လိုက်၏။
ရွှယ်စွန်းလည်း ပါလာခဲ့သည်။ သို့သော် ဘာစကားမှ ပြောမနေဘဲ ရန်ကိုင်အား ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။
“လူတွေစုံနေကြတာပဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“မွေးစားအမေပေးတဲ့ တာဝန် မင်းပြီးသွားပြီလား” ယုရှုန်းက ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်ထဲမှ သလင်းကျောက်ပုံစံ ခပ်ဝိုင်းဝိုင်းပစ္စည်းတစ်ခုကို ထုတ်ပြီး ယုရှုန်းဆီသို့ ပစ်ပေးလိုက်၏။
ယုရှုန်းလည်း ထိုအရာကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။
ချက်ချင်းဆိုသလို ထိုသလင်းကျောက်လုံးလေးကို ကြည့်နေသည့် အကုန်လုံး၏ အကြည့်သည် မီးတောက်မတတ် ပူပြင်းလာခဲ့လေ၏။
“ဒါ… ဒါ မူလအဆီအနှစ်ကျောက်တုံးလား” မူလအဆီအနှစ် ကျောက်တုံးကို ကြည့်ရင်း ဘဟဲ တံတွေးတစ်လုတ် မျိုချလိုက်၏။ ထူးမခြားနားဟန်ဖြင့် ရပ်နေသော ရွှယ့်စွန်းသည်ပင် ထိုမူလ အဆီအနှစ်ကျောက်တုံးကို ကြည့်ရင်း တဖြည်းဖြည်း အသက်ရှူနှုန်း မြန်ဆန်လာခဲ့သည်။
“အတုတော့ မဟုတ်ပါဘူးနော်” ယုရှုန်းက ရန်ကိုင်အား မော့ကြည့်၍ မေးလိုက်သည်။
“မင်းဘယ်လိုထင်လဲ” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်မေးလိုက်သည်။
“အတုနဲ့တော့ မတူပါဘူး” ယုရှုန်းက ခေါင်းခါလျက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်၍ မူလအဆီအနှစ်ကျောက်တုံးကို ထိုထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ပြန်ထည့်သိမ်းထားလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား အနည်းငယ် ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်၍ “ကောင်လေး၊ မင်းက တကယ်ကို ပြတ်သားတဲ့ကောင်ပဲကွ။ ရော့၊ ဒီမှာ၊ မွေးစားအမေ ပေးခိုင်းလိုက်တဲ့ ဒုတိယအပိုင်း”
ပြောပြီးသည်နှင့် ရှေးဟောင်းစာအုပ်နှင့် တူသည့်အရာတစ်ခုကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ရန်ကိုင်သည် ထိုစာအုပ်ကို ရလိုက်သည်နှင့် ချက်ချင်း လှန်ကြည့်တော့သည်။ စာအုပ်နှင့် ပက်သက်၍ ဘာမှ ပြဿနာ မရှိမှန်း သိလိုက်သည့်နောက်တွင် ခေါင်းညိတ်၍ “မူလအဆီအနှစ် ကျောက်တုံးက မင်းတို့ဆီ ရောက်သွားပြီဆိုတော့ အဲ့ဒါ တစ်ခုခု ဖြစ်သွားရင် ငါ့နဲ့ ဘာမှမဆိုင်တော့ဘူးနော်”
“စိတ်မပူနဲ့” ယုရှုန်းက ပြုံးဖြီးလျက် “ဒီလောက် လူအများကြီး ရှိနေတာ ဘာမှမဖြစ်လောက်ပါဘူး”
ရန်ကိုင်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ရှန်ချင်းလော့ဘက်သို့ လှည့်၍ တိုးတိုးလေး ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့။ ငါနင့်ကို ပြောစရာရှိတယ်”
“ကောင်းပြီ” ရှန်ချင်းလော့သည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့် ခပ်လှမ်းလှမ်း တစ်နေရာဆီသို့ လျှောက်သွားလိုက်၏။
နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကို သိလိုက်သည့်နောက်၊ ရှန်ချင်းလော့ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်လာခဲ့သည်။ သူမ ပတ်လည်ရှိ အရာအာလုံး အရောင်အဆင်း ကင်းမဲ့သွားသည့်နှယ်။
ရန်ကိုင်နှင့် ရှန်ချင်းလော့သည် တစ်ယောက်ကို တစ်ယောက် မခွဲနိုင်မခွာရက် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
အချိန်အတော်ကြာအောင် အချင်းချင်း စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က သက်ပြင်းချလျက် မေးလိုက်၏ “နင်ကို တိုက်ခိုက်ခဲ့တဲ့ လူအချို့ကို ငါတွေ့ခဲ့တယ်။ သူတို့ထဲက တစ်ယောက် ပြောတာကတော့ နင်ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့တယ်တဲ့။ နင်အဆင်ပြေရဲ့လား”
“ဘာမှမဖြစ်ဘူး။ သူတိုက်ခိုက်လို့ ငါ့သူတော်စင်ချီ နည်းနည်း ကယောက်ကယက် ဖြစ်သွားရုံပဲ။ ဘာဒဏ်ရာမှ မရသွားဘူး” ရှန်ချင်းလော့က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “သူတို့ သေသွားပြီလား”
ရန်ကိုင်ကို တွေ့ပြီးနောက်မှ ထိုအဖွဲ့ အသက်ရှင်နေမှသာ ထူးဆန်းနေပေလိမ့်မည်။
“အင်း”
“အခု နင်က ငါ့ထက် အများကြီး ပိုသန်မာနေပြီ။ တိမ်မိစ္ဆာနယ်မြေမှာတုန်းက ငါကပဲ နင့်ကို ကာကွယ်ပေးခဲ့ရတာ” ရှန်ချင်းလော့က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်ခုစာလောက်သာ ရှိသေးသော်ငြား တစ်ချိန်က သူမကာကွယ်ပေးခဲ့ရသည့် ကောင်လေးသည် သူမထက် ပို၍ အားကောင်းနေခဲ့လေပြီ။ ကောင်းလနတ်ဆိုး ပင့်ကူ၏ အရင်းအမြစ်ကို ရထားသည့်တိုင် ထိုကောင်လေးသည် သူမအား ကျော်တက်သွားခဲ့သေးသည်။
“အဲ့တုန်းက… တကယ်ကို ပျော်စရာကောင်းခဲ့တာ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် အတိတ်ကို လွမ်းဆွတ်ဟန်ဖြင့် ပြောလိုက်သည်။
ရန်ကိုင် ဘာပြောချင်နေမှန်း သိသဖြင့် ရှန်ချင်းလော့သည် ရန်ကိုင်အား မျက်စောင်းလေးသာ ထိုးလိုက်၏။
“နင် မွန်းစတားကြယ်ကို ပြန်သွားမှာလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။
“မွေးစားအမေက ငါ့အပေါ် အရမ်းကောင်းတာ။ ငါ့သူ့ကို ဒီအတိုင်း မထားခဲ့ရက်ဘူး” ရှန်ချင်းလော့က ဝမ်းနည်းနေသည့် အမူအရာဖြင့် “ပြီးတော့ နင့်အပေါ်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ အခု ငါက လူတစ်ပိုင်း၊ မွန်းစတားတစ်ပိုင်း ဖြစ်နေပြီ။ မွန်းစတားကြယ်က ငါကျင့်ကြံဖို့ အသင့်တော်ဆုံး နေရာတစ်ခုပဲ။ ငါသာနင့်နောက် လိုက်ခဲ့ရင် နင့်ကိုပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ။ ငါအဲ့လိုမျိုး မဖြစ်ချင်ဘူး”
ရန်ကိုင်ဆီမှ ဖိအားအကြီးကြီးကို သူမ ခံစားနေရသည်။ သူမသာ ရန်ကိုင်ဘေးနားတွင် ထာဝရ နေလိုလျှင် ခဏတာလေး ပျော်နေရတာလေးဖြင့် ကျေနပ်နေ၍ မဖြစ်ချေ။ ထိုအချက်ကို ရှန်ချင်းလော့ ကောင်းကောင်း နားလည်ထားသည်။
ရန်ကိုင်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။
အစကတည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု တွေးထားပြီးသား ဖြစ်သည့်အတွက် ရှန်ချင်းလော့ ပြောလာခဲ့ချိန် သိပ်ပြီး အံ့အားသင့်မနေခဲ့ချေ။
“နင်ကော ဘာလုပ်မှာလဲ၊ ထွက်သွားတော့မှာလား”
“အင်း” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဗဟိုမြို့တော်နဲ့ ထုန်းရွှမ်လောကကြီးက လူတွေကို ငါခေါ်လာတယ်။ သူတို့ကို အရိပ်ကြယ်လို့ ခေါ်တဲ့ ကြယ်တစ်လုံးဆီ ခေါ်သွားမလို့၊ အဲ့နေရာ ဒီနေရာနဲ့ တော်တော်လေး ဝေးတာဆိုတော့ နောက်ပိုင်း အခွင့်အရေးရရင်တော့ နင့်ကို တွေ့ဖို့ မွန်းစတားကြယ်ဆီ ထပ်လာခဲ့မယ်”
ထိုစကားကို ကြားလိုက်သည့်အခိုက်တွင် ရှန်ချင်းလော့သည် နှုတ်ခမ်းကိုကိုက်လျက် လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ ထို့နောက် အနည်းငယ် မျက်ရည်ဝဲချင်နေသည့် အကြည့်ဖြင့် တိုးတိုးလေး ပြန်ပြောလိုက်၏ “အရင်တစ်ကြိမ် တွေ့တုန်းက နှုတ်ဆက်စကားတောင် ပြောချိန် မရလိုက်ဘူး။ အဲ့တစ်ကြိမ် ပြီးသွားတော့ ပြန်တွေ့ဖို့ နှစ်သုံးဆယ်လောက် အချိန်ယူလိုက်ရတယ်။ အခုတစ်ကြိမ် ထပ်ခွဲပြီးရင် နောက်တစ်ခါ ပြန်တွေ့ဖို့ ဘယ်လောက်တောင် ကြာဦးမလဲ မသိဘူး”
ရန်ကိုင်သည် ရှန်ချင်းလော့၏ လက်သွယ်သွယ်လေးကို ကိုင်လျက် သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်ပြီး သူမအား သူရင်ခွင်ထဲသို့ ဆွဲသွင်း၊ ပွေ့ဖက်လိုက်လေသည်။
ရှန်ချင်းလော့သည့် တလက်လက် တောက်ပနေသေည့် မျက်ဝန်းအစုံဖြင့် မော့ကြည့်လာခဲ့သည်။
ရှက်ရှက်ဖြင့် ရန်ကိုင်၏လက်ကိုလည်း သူမ၏ ရင်ဘတ်ပေါ် တင်ပေးလိုက်လေသည်။
‘ငါ့ရင်ထဲမှာ နင်အမြဲရှိနေမှာပါ’ ထိုစကားသည် ပြောစရာ မလိုဘဲ အချင်းချင်းကြား သိနေသည့် စကားတစ်ခွန်း ဖြစ်သည်။
ရှန်ချင်းလော့သည် ခြေဖျားထောက်၍ မျက်လုံးကို တင်းတင်းစေ့လျေက် ရန်ကိုင်အား နှုတ်ခမ်းချင်း ဖိကပ် နမ်းလိုက်သည်။
“ဟူး… လူငယ်ဘဝ.. လူငယ်ဘဝ…” ထိုမြင်ကွင်းကို မြင်ပြီးနောက် ဘဟဲသည် အတိတ်ကို လွမ်းဆွတ်သွားဟန်ဖြင့် လက်ပိုက်၍ ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေတော့လေသည်။
“ငါ့ယောက်ဖက ဆုံးဖြတ်ပြီးသွားပြီပဲ” ယုရှုန်းက ပြုံးဖြီးလျက် ရွှယ်စွန်းအား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
ရွှယ်စွန်း၏ မျက်နှာနှင့် လည်တိုင်တစ်လျှောက် နီတက်လာပြီး ချက်ချင်း ခေါင်းငုံ့သွားခဲ့လေသည်။
ရှန်ချင်းလော့၏ အလှတရားနှင့် ချိုမြိန်မှုကို မြည်စမ်းနေရင်း ရန်ကိုင် သွေးများဆူပွက်လာပြီး သူအသက်ရှူနှုန်းမှာလည်း တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ ရှန်ချင်းလော့သည်လည်း တိမ်စိုင်တိမ်များထက်သို့ ရောက်နေပြီး သူမကိုယ်သူမ မပိုင်တော့သလိုပင် ခံစားလာရသည်။
ရုတ်တရက် ရန်ကိုင် ရုတ်တရက် ထအော်လိုက်ပြီး ချက်ချင်း နောက်သို့ ဆုတ်လိုက်၏။
ရှန်ချင်းလော့သည်လည်း ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နောက်သို့ ဆုတ်သွားလိုက်ကာ အံကိုကြိတ်ထား၍ ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။
“ဘာလို့ ငါ့ကိုကိုက်တာလဲ”
“နင်ငါ့ကို အမှတ်တရ ဖြစ်နေအောင်လို့လေ” ရှန်ချင်းလော့က ရယ်သွမ်းသွေး၍ ပြောလိုက်သည်။ ငိုချင်စိတ်ကို ရယ်မောရင်း ဖုံးကွယ်ချင်မိသော်ငြား မည်သို့မှ မဖုံးဖိနိုင်တော့သဖြင့် မျက်ရည်စများ တာတမံကျိုးပေါက်သည့်နှယ် သူမ၏ မျက်ဝန်းများဆီမှ တရစပ် စီးကျလာတော့လေသည်။ ငိုကြွေးနေရင်းနှင့်မှ ရန်ကိုင်အား ပြောလိုက်၏ “နင်မြန်မြန် သွားပေတော့။ မသွားရင်… ငါနင့်ကို အတင်း ဆွဲခေါ်ထားမိတော့လိမ့်မယ်”
အလွန်ကိုမှ လုပ်ချင်နေသည့် အရာတစ်ခုကို မလုပ်ရဲဘဲ ချုပ်တည်းနေရသည့်အလား ရှန်ချင်းလော့၏ ခန္ဓာကိုယ်လေးသည် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။
ရန်ကိုင်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ခေါင်းညိတ်၍ “နင်ကိုယ်နင်လည်း ဂရုစိုက်ဦးနော်”
ပြောပြီးသည်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ရှန်ချင်းလော့ဆီ ပေးလိုက်လေ၏ “ဒါကိုလည်း ယူထားလိုက်။ အထဲက ဟာတွေကို သူများ လျှောက်မပြနဲ့နော်”
“ဘာတွေရှိလို့လဲ” ရှန်ချင်းလောသည် ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လိုက်၏။
“နောက်ကျရင် သိလိမ့်မယ်” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး ရှင်းပြမနေတော့ဘဲ ဘဟဲနှင့် အခြားသူများဘက်သို့ လှည့်၍သာ အော်ပြောလိုက်လေသည် “ခင်ဗျားတို့ အခု သွားသင့်နေပြီ။ ရွှယ့်လျန်နဲ့ အခြားသူတွေကို စောင့်နေစရာ မလိုတော့ဘူး”
ပြောပြီးသည်နှင့် လေဟာနယ်စွမ်းအင်တို့သည် ရန်ကိုင်အား ရစ်ပတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ရှန်ချင်းလော့သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင်တော့ ဘာမှ မပြောဖြစ်ခဲ့လိုက်ပါချေ။
ဤသို့ဖြင့် သူတို့နှစ်ဦး တွေ့ချိန်ပင် သိပ်မရှိလိုက်ပါဘဲ နောက်တစ်ကြိမ် ထပ်မံ ခွဲခွာခဲ့ရပြန်လေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၃)
ဘဟဲတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ရှန်ချင်းလော့သည် ယခုအချိန်ထိ အသိပြန်ဝင်မလာသေးသည့် ပုံစံဖြင့် ရန်ကိုင်ပေးခဲ့သည့် သိုလှောင်လက်စွပ်ကို သူမလက်ထဲ တင်းတင်းဆုပ်ကိုင်၍ ကြောင်ရပ်နေခဲ့သည်။
ကောင်းကင်စိတ်အာရုံဖြင့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရှန်ချင်းလော့ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရသည်။ သိုလှောင်လက်စွပ်ထဲတွင် နယ်ပယ်ကျောက်တုံး အနည်းဆုံး အတုံးနှစ်ရာခန့် ရှိနေခဲ့သည်။
သူမ အမြင်တွေများ မှားနေသလားဟုတွေးလျက် နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်လိုက်ပေသေးသည်။ သို့ရာတွင် နယ်ပယ်ကျောက်တုံး အတုံးနှစ်ရာခန့်မှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပါချေ။ သူမ ထင်ယောင်ထင်မှား မြင်နေခြင်း မဟုတ်ဘဲ သိုလှောင်လက်စွပ်ထဲတွင်ကို နယ်ပယ်ကျောက်တုံးများစွာ ရှိနေခြင်း ဖြစ်သည်။
အများကြီးပဲ ရှန်ချင်းလော့ အလွန်ကိုမှ အံ့ဩနေရလေပြီ။
သူမပင်လျှင် သွေးအကျဉ်းထောင်ထဲ တစ်ချိန်လုံး အချိန်ဖြုန်းပြီးမှ စုစုပေါင်း နယ်ပယ်ကျောက်တုံး သုံးတုံးသာ ရခဲ့သည်။ ထိုနယ်ပယ်ကျောက်တုံးကို သုံးတုံးကိုလည်း ကျားကုတ်ကျားခဲ ကြိုးစားပြီးမှ ရလာခဲ့ခြင်း ဖြစ်သည်။
ယုရှုန်းဆိုလျှင် တစ်တုံးသာ ရခဲ့ပြီး ဘဟဲဆိုလျှင်လည်း နှစ်တုံးသာ ရခဲ့သည်။
သို့သော်လည်း ရန်ကိုင်ကမူ သူအား နယ်ပယ်ကျောက်တုံး အတုံးနှစ်ရာ တစ်ထိုင်တည်း ပေးလာခဲ့သည်။ ဤပမာဏသည် လူတိုင်းအား ရူးသွပ်သွားအောင် လုပ်ရန် လိုအပ်ပေသည်။
သို့ရာတွင် ထိုနယ်ပယ်ကျောက်တုံးကို သူမည်သည့်နေရာမှ ရလာခဲ့သနည်း။
အသိပြန်ဝင်လာပြီးသည့်အခါ ရှန်ချင်းလော့သည် ချိုသာစွာ ရယ်မောလျက် သိုလှောင်လက်စွပ်ကို ပို၍ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်လေသည်။
ထိုနယ်ပယ်ကျောက်တုံးများနှင့် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်ကို အချိန်တိုအတွင်း ရောက်နိုင်ပေလိမ့်မည်။ ထိုအခါ ရန်ကိုင် အတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာတော့မည် မဟုတ်ချေ။
“ရွှယ့်လျန်တို့ကို စောင့်ဖို့မလိုတော့ဘူးဆိုတာ ဘာကို ပြောတာလဲ” ယုရှုန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
တစ်ခုခုကို နားလည်သွားသည့်အလား ဘဟဲ၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ “သွားကြမယ်။ သူတို့ကို ဆက်စောင့်နေစရာ မလိုတော့ဘူး”
ရွှယ့်လျန်သည် ရှန်ချင်းလော့ဆီသို့ ပျံသန်းသွားပြီး သူမအား အနီးအနား၌ ဖုံးကွယ်တည်ရှိနေသော ဟင်းလင်းပြင်လိုဏ်ခေါင်း တစ်ခုဆီသို့ ခေါ်သွားလေသည်။
ဤဟင်းလင်ပြင်လိုဏ်ခေါင်း ထိုနေရာတွင် တည်ရှိနေသည်မှာ အလွန်ကိုမှ ကြာမြင့်နေခဲ့လေပြီ။ ဤဟင်းလင်းပြင်လိုဏ်ခေါင်းသည် တောင်စိမ်းကြယ်မှ မိုင်တစ်သန်းအကွာဆီသို့ ဦးတည်ထားသော ဟင်းလင်းပြင်လိုဏ်ခေါင်း တစ်ခုဖြစ်သည်။ သွေးအကျဉ်းထောင်သို့ ယခင်က ဝင်လာခဲ့ကြသူများလည်း ဤဟင်းလင်းပြင်လိုဏ်ခေါင်းမှ တစ်ဆင့် ပြန်ထွက်သွားကြခြင်း ဖြစ်သည်။
ဘဟဲတို့၏အဖွဲ့၏ ကျင့်ကြံခြင်းအရ ဤဟင်းလင်းပြင်လိုဏ်ခေါင်းနှင့် သွားပြီးလျှင် ကြယ်စီရင်စုထဲ နောက်ထပ် သုံးလလောက်ခန့် ထပ်သွားပြီးမှသာ မွန်းစတားကြယ်သို့ ပြန်ရောက်ပေလိမ့်မည်။
သို့သော်လည်း ထိုသုံးလခန့် ခရီးတွင် မည်သည့် အန္တရာယ်များသည့် နေရာကိုမှ ဖြတ်စရာ မလိုသည့်အတွက် သိပ်စိုးရိမ်စရာ မလိုချေ။
နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲမှ အပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။
သူနှင့်အတူ အခြားသော ကျင့်ကြံသူများစွာလည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အကုန်လုံးသည် ပျော်နေကြသလို ဝမ်းလည်း ဝမ်းနည်းနေကြ၏။
ပျော်နေကြသည်မှာ သွေးအကျဉ်းထောင်ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည့် အတွက်ကြောင့် ဖြစ်သလို အကျိုးအမြတ် များစွာကိုလည်း ရရှိခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။
သွေးအကျဉ်းထောင်ထဲမှ ပြန်ထွက်လာနိုင်ပြီး နောက်ပိုင်းတွင် သူတို့အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး မဖြစ်လာနိုင်လျှင်ပင် ထိပ်တန်းအဆင့် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦးတော့ ဖြစ်လာနိုင်ပေသေးသည်။
သူတို့ ဝမ်းနည်းနေရသည်မှာတော့ သူတို့၏ အပေါင်းအပါများ သေသွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။
အချို့ ကံဆိုးသည့် အင်အားစုကြီးများဆိုလျှင် သူတို့ စေလွှတ်လိုက်သည့် လူတစ်ယောက်မှ ပြန်မထွက်လာနိုင်ခဲ့ချေ။ ဥပမာပြရသော် လှိုင်းနီကြယ်မှ မီးတောက်ဂိုဏ်းပင်…
တောအုပ်ကြီးပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ အပေါင်းအပါများကို စောင့်ကြိုနေခဲ့ကြသည်။ သူတို့၏ အပေါင်းအပါများ ပြန်ထွက်လာသည်ကို မြင်သည်နှင့် ဝမ်းသာစွာ ပြုံးလျက် မျှော်လင့်ချက်အပြည့်ဖြင့် သွားနှုတ်ဆက်ကြလေသည်။
ရန်ကိုင်ကိုတော့ လာနှုတ်ဆက်မည့်သူ တစ်ယောက်မှ မရှိပေ။
အပြင်သို့ ရောက်သည်နှင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ချင်းတုန်တို့အား ရှာကြည့်လိုက်သည်။
မကြာမီ ရင်းနှီးသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည့် အတါက် ထိုနေရာဆီသို့ ပျံသန်းသွားလေသည်။
သူရှိနေခဲ့သည့် နေရာမှ မနီးမဝေးတစ်နေရာတွင်၊ အဖွဲ့တစ်ဖွဲ့သည့် အမျိုးသမီးတစ်ဦးကို ဝိုင်းလျက် သူတို့ဂိုဏ်းထဲသို့ ဝင်ရန် အမျိုးမျိုးဆွဲဆောင် စည်းရုံးနေကြလေသည်။
“မဒမ် စိတ်ထဲ ဘယ်သွားရသေးမှန်း မသိဘူးဆိုရင် ကျုပ်တို့ မုန်လာဥပြာဂိုဏ်းကို လာခဲ့ပါလား။ မဒမ်ရဲ့ ခွန်အားအရဆို ဂိုဏ်းထဲဝင်တာနဲ့ အပြင်စည်းအကြီးအကဲ ရာထူးကို တန်းရမှာ ကျိန်းသေတယ်။ အပြင်စည်း အကြီးအကဲ ဖြစ်သွားပြီ ဆိုတာနဲ့ သူတော်စင် သလင်းကျောက်တွေလည်း အများကြီးရမယ်။ ဆေးလုံးတွေလည်း လတိုင်းရမယ်။ ကိုယ်ပိုင်တောင်ထွတ် တစ်ခုလည်း ရဦးမယ်။ ကျုပ်တို့ မုန်လာဥပြာဂိုဏ်းမှာ တောင်ထွတ် (၇၂)ခုရှိတာ။ တစ်ခုက အခုထိ လွတ်နေသေးတော့ မဒမ်သာ ကျုပ်တို့ဂိုဏ်းကို ဝင်လိုက်ရင် ကွက်တိပဲ”
“မင်းတို့ မုန်လာဥပြာဂိုဏ်းက ဘာမို့လို့လဲ။ သူတို့ဂိုဏ်းကို ဂရုစိုက်မနေနဲ့ မဒမ်၊ ကျုပ်တို့ ကောင်းကင်အိမ်မက်နန်းတော် ဆီကိုသာ လာခဲ့။ ကျုပ်တို့ဂိုဏ်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ရှိတယ်။ မဒမ်သာ ကျုပ်တို့ဂိုဏ်းကို လာခဲ့မယ်ဆိုရင် သုံးနှစ်ကြာတိုင်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ဆီကနေ နယ်ပယ်နဲ့ ပက်သက်တဲ့ သင်ကြားပို့ချချက်တွေကို နားထောင်ခွင့်ရလိမ့်မယ်”
“မဒမ်သာ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်ဆီ လာမယ်ဆိုရင် အတွင်းစည်းအကြီးအကဲ ရာထူးကို ရစေရမယ်လို့ ဒီလူအိုကြီး အာမခံတယ်။ ပြီးတော့ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်နန်းတော်က မဒမ် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်အောင်လည်း အတတ်နိုင်ဆုံး ကူညီပေးဦးမှာ”
အမျိုးသမီကမူ သူတို့ပြောသမျှကို မကြားချင်ယောင် ဆောင်လျက် မျက်မှောင်ကြုတ်ရင်း ရုပ်တည်တည်ဖြင့်သာ ရပ်နေခဲ့သည်။ သို့သော် နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံးတွင် ပြန်၍သာ ငြင်းထုတ်ရတော့လေသည် “အခုလို ဖိတ်ခေါ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဂိုဏ်းရှိပြီးသာ ဖြစ်နေလို့ ဘယ်ဂိုဏ်းဆီကိုမှ မဝင်နိုင်တာ ခွင့်လွှတ်ပေးကြပါ”
“ဂိုဏ်းရှိတော့ရော ဘာဖြစ်လို့လဲ” အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်မှ လူအိုကြီးက ရယ်သွမ်းသွေးလျက် “အဲ့ဂိုဏ်းထဲက ထွက်ရမယ်လို့မှ မဒမ်ကို မပြောတာ။ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်ဆီ ဝင်ဖို့ပဲ ပြောတာလေ”
လူအိုကြီးသည် အမျိုးသမီးအား သူတို့ဂိုဏ်းထဲသို့ ခေါ်နိုင်ရန်အတွက် ထိုအမျိုးသမီးတွင် ဝင်ပြီးသား ဂိုဏ်းတစ်ဂိုဏ်း ရှိနေသည်ကိုပင် ဂရုမစိုက်တော့ချေ။
“ဒါပေမယ့် ကျွန်မ အဲ့လိုမလုပ်ချင်ပါဘူး” အမျိုးသမီးက ခေါင်းခါနေခဲ့သည်။
“အကြီးအကဲလင်း” ရန်ကိုင်က ရုတ်တရက် လမ်းလျှောက်လာပြီး လှမ်းအော်ခေါ်လိုက်သည်။
ရန်ကိုင်၏ ခေါ်သံကို ကြားသည့်အခါ ကယ်တင်ရှင်ကို တွေ့လိုက်သည့်အလား လင်းယုရောင်၏ မျက်ဝန်းအစုံ တောက်ပလာခဲ့ပြီး အသံကြားသည့်ဘက်သို့ လှည့်၍ ဝမ်းသာစွာဖြင့် လှမ်းအော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်၊ ထွက်လာပြီလား”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လင်းယုရောင် ပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် “ခင်ဗျားဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ချင်းတုန်နဲ့ အခြားသူတွေကော”
လင်းယုရောင်၏ မျက်နှာထက် ရှုပ်ထွေးသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏ “ဒီမှာ ပြောလို့ အဆင်မပြေဘူး။ လမ်းလျှောက်ရင်း ပြောတာပေါ့ ဂိုဏ်းချုပ်”
“ကောင်းပြီလေ”
“ရောင်းရင်း၊ နေပါဦး” ရန်ကိုင် လင်းယုရောင်အား ခေါ်သွားတော့မည်ကို မြင်သော် လင်းယုရောင်အား သူတို့ ဂိုဏ်းထဲသို့ ဆွဲခေါ်ချင်နေသည့် လူအားလုံး ရန်ကိုင်လမ်းအား ပိတ်ရပ်လိုက်ကြလေသည်။
“ခင်ဗျားတို့ ဘာပြောချင်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။
အင်ပါယာစိတ်ဝိဥာဉ်နန်းတော်မှ လူအိုကြီးက “ရောင်းရင်းက ဒီအမျိုးသမီးရဲ့ ဂိုဏ်းချုပ်လား”
“ဟုတ်တယ်။ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး။ ဒီလူအိုကြီးက အင်ပါယာစိတ်ဝိဥာဉ် အိမ်တော်ရဲ့ အကြီးအကဲချုပ်ပါ။ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော် ကိုယ်စား ဒီအမျိုးသမီးကို အတွင်းအစည်း အကြီးအကဲအဖြစ် ဖိတ်ခေါ်ချင်လို့ပါ” ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်ကို မြင်သော် လူအိုကြီး ရန်ကိုင်ကို အထင်သေးသွား၏။ မဟုတ်လျှင် ဂိုဏ်းချုပ်တစ်ယောက်လုံး ရှိနေလျက်နှင့် ထိုဂိုဏ်းချုပ်၏ လက်အောက်ငယ်သား တစ်ဦးကို သူတို့ဂိုဏ်းထဲသို့ ဝင်ရန် မည်ကဲ့သို့ ပေါ်တင်ကြီး စည်းရုံးရဲမည်နည်း။
ထိုသို့လုပ်ခြင်းသည် တစ်ဖက်လူအား ရန်စခြင်း မည်ပေသည်။
“ခင်ဗျားတို့ အားလုံးလဲ သူ့လိုပဲလား” ရန်ကိုင်က ကျန်လူအုပ်ကြီးကို ကြည့်၍ မေးလိုက်သည်။
“ဟုတ်တယ်”
“ခင်ဗျား ဘာလုပ်ချင်လဲ” ရန်ကိုင်က လင်းယုရောင်ဘက်သို့ လှည့်၍ မေးလိုက်သည်။
“ဒီလို မေးခွန်းကို ဘာလို့ လာမေးနေသေးတာလဲ ဂိုဏ်းချုပ်။ ကျွန်မ အထက်စကြာဝဠာဂိုဏ်းက ထွက်သွားမှာ မဟုတ်ဘူး” လင်းယုရောင်က ဆံပင်အား သူမ၏ နားသယ်နောက်သို့ သပ်တင်၍ ပြန်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်လျက် “ခင်ဗျားတို့ အားလုံး ကြားတယ်နော်။ သူဘယ်ဂိုဏ်းကိုမှ မဝင်ချင်ဘူးတဲ့။ ခင်ဗျားတို့အားလုံး ထွက်သွားလိုက်ပေတော့”
ပြောပြီးသည်နှင့် ရန်ကိုင်သည် လင်းယုရောင်နှင့်အတူ ထွက်သွားရန် လုပ်လိုက်လေသည်။
“မဒမ်၊ ကျုပ်တို့ဂိုဏ်းထဲ မဝင်ချင်တာ သေချာလား။ ဒီလူအိုကြီး ကမ်းလှမ်းတာကို သိပ်မကျေနပ်ဘူးဆိုရင် ထပ်ဆွေးနွေးလို့ ရတယ်နော်။ အကုန်လုံးက ပွင့်ပွင့်လင်းလင်းပဲ” လူအိုကြီးသည် ထွက်သွားခြင်း မရှိသေးဘဲ လင်းယုရောင်နောက်မှ လိုက်ကာ ဆက်၍ စည်းရုံးနေလေသည်။
“ခင်ဗျားကို ထွက်သွားလို့ ပြောနေတာ မကြာဘူးလား” ရန်ကိုင်က လူအိုကြီးကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်၏။
ထိုလူများသည် သူ့အား ဖော်ဖော်ရွေရွေဖြင့် နှုတ်ဆက်သည့်အတွက် ရန်ကိုင်လည်း လင်းယုရောင်၏ အထင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လင်းယုရောင်က သူတို့ ဂိုဏ်းထဲသို့ မဝင်ပါဘူးဟု ပြောပြီး ဂိုဏ်းချုပ်ဖြစ်သည့် သူတစ်ယောက်လုံး ရှိနေသည်ကိုပင် အတင်း လိုက်ခေါ်နေသေးသည်မှာ နည်းနည်းတော့ များသွားလေပြီ။
ဤကဲ့သို့ လာရန်စနေသည်ကိုတော့ ရန်ကိုင်လည်း ငြိမ်ခံနေတော့မည် မဟုတ်ချေ။
လူအိုကြီး ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ဒေါသထွက်နေသည့် လေသံဖြင့် “ကောင်လေး၊ ဒါမင်းကိစ္စမဟုတ်ဘူး။ မင်းပါးစပ်ကို အေးအေးဆေးဆေး ပိတ်ထားလိုက်ရင် ကောင်းမယ်။ မဟုတ်ရင်…”
“မဟုတ်ရင် ဘာဖြစ်လဲ” ရန်ကိုင်ကလည်း အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်သည်။
“မဟုတ်ရင် မင်းနောင်တရသွားလိမ့်မယ်။ ဂိုဏ်းချုပ်ဖြစ်တိုင်း လုပ်ချင်တိုင်း လုပ်လို့ရမယ် လာမထင်နဲ့။ မင်းက ဘာကောင်မှ မဟုတ်သေးဘူး။ ဂိုဏ်းချုပ် ဖြစ်ပြီးတော့ ကျင့်ကြံခြင်းက ကိုယ့်ဂိုဏ်းက အကြီးအကဲထက် နိမ့်ကျရတယ်လို့။ မင်းကိုယ်မင်း မရှက်ဘူးလား။ ရှက်တတ်ရင် မင်းအပေါက်ကို အေးအေးဆေးဆေးလေး ပိတ်ထားလိုက်။ မင်းလိုလူ လက်အောက်မှာ နေရတာ မဒမ်ရဲ့တက်လမ်း ပိတ်တယ်။ ငါတို့ ဂိုဏ်းကိုလာတာမှ မင်းလက်အောက်မှာ နေရတာထက် အဆတစ်ရာမက ပိုသာဦးမယ်”
လူအိုကြီးမှ စပြောလိုက်သည်နှင့် တစ်ပြိုင်နက် လင်းယုရောင်ကို ဖိတ်ခေါ်ချင်နေသည့် အခြားသူများသည်လည်း ငြိမ်မနေတော့ဘဲ လင်းယုရောင်ကို သူတို့ဂိုဏ်းသို့ လာရန် စည်းရုံးကြတော့လေ၏။
“ခင်ဗျားတို့ ဘာတွေ လာအော်နေတာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် “ခင်ဗျားတို့ဂိုဏ်း မဝင်ပါဘူးလို့ အကြီးအကဲလင်းက ပြောထားတာကို ခင်ဗျားက ဆက်ပြီး ဆက်ခေါ်နေသေးတယ်ဆိုတော့ ဘာလဲ ကျုပ်ကို မျက်လုံးထဲ မထည့်တာလား”
“မင်းကို မျက်လုံးထဲထည့်ရအောင် မင်းက ဘာကောင်မို့လို့လဲ” လူအိုကြီးက အထင်အမြင် တသေးဖြင့် ပြန်ပြောလိုက်သည်။
အခြားသူများသည်လည်း လူအိုကြီး ပြောသည်ကို ထောက်ခံသည့် အလား ရန်ကိုင်အား အထင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။
ရန်ကိုင်တို့၏ ရုတ်ရုတ်ရုတ်ရုတ် အဖြစ်အပျက်ကို လူများစွာ အာရုံစိုက်မိသွားခဲ့ကြသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယ အဆင့်လေးဖြင့် လူများစွာအား ရန်စလိုက်သည်ကို မြင်သော် အတော်များများသည် သူ့အား ဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လာကြတော့လေသည်။
“လူအိုကြီး၊ ခင်ဗျား မသေချင်ရင် သူ့ကို ဆက်ရန်မစတော့ဖို့ ကျုပ်ပြောချင်တယ်။ သူ့ကျင့်ကြံခြင်းက ခင်ဗျားထက် နိမ့်ရင် နိမ့်မယ်။ ဒါပေမယ့် သူက ခင်ဗျား ကိုင်တွယ်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး” ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် လူအိုကြီးနှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်လျက် အသံကြားရာဆီသို့ လှည်ကြည့်မိလိုက်ကြသည်။
လူအိုကြီးကို စကားလှမ်းပြောလိုက်သည့်လူမှာ လက်ပိုက်လျက် သူတို့အား လှောင်ပြုံးပြုံးကာ ကြည့်နေသည့် သာမန်ပုံစံ ဝတ်စားထားသော လူငယ်လေး တစ်ဦး ဖြစ်သည်။
လူငယ်လေး တစ်ဦး၏ အထင်သေးခြင်း ခံလိုက်ရသည့်အတွက် ဒေါသထွက်ထွက်နှင့် ပြန်ပြောတော့မည်အပြု လူငယ်လေး၏ ရင်ဘတ်တွင် ပွင့်ချပ်သုံးခုပါသည့် တံဆိပ်တစ်ခု ထိုးထွင်းထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုတံဆိပ်ကို မြင်လိုက်သည့်နောက် လူအိုကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး လက်သီးဆုပ်လျက် ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေသည် “စီနီယာ ဝူတောက်နဲ့ ဒီကရောင်းရင်း ဘယ်လိုပက်သက်လဲ သိလို့ရမလား”
“စီနီယာဝူတောက်က ကျုပ်ဆရာပဲ”
လူအုပ်ကြီးဆီမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာပြီး အကုန်လုံးသည် လူငယ်လေး အံ့အားသင့်၊ အားကျနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြလေ၏။
“ဘယ်လိုတောင်လား။ သူက တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်လား”
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်တုန်းက စီနီယာဝူတောက် တပည့် တစ်ယောက် လက်ခံလိုက်တယ်လို့ ကြားတယ်။ ဘယ်သူလဲလို့ မှတ်နေတာ လတ်စသတ်တော့ သူဖြစ်နေတာကိုး”
“သူလည်း သွေးအကျဉ်းထောင်မှာ လာဝင်ပြိုင်တာလား”
“ခုဏတုန်းက သူပြောလိုက်တဲ့စကားက ဘာကို ပြောချင်တာလဲ။ အဲ့လူငယ်လေးရဲ့ နောက်မှာ နောက်ခံကြီးတစ်ခုခု ရှိတယ်လို့ ပြောချင်တာလား”
အင်ပါယာစိတ်ဝိဥာဉ် နန်းတော်မှ လူအိုကြီးသည် ထိုလူငယ်လေး၏ သတိပေးချက်ကို လျစ်လျူမရှုဲသည့်အတွက် “ရောင်းရင်း ခဏတုန်းက ပြောလိုက်တာက…”
လူငယ်လေးက ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ကျုပ်ပြောတာကို ခင်ဗျား ကြားလိုက်တာပဲ။ ဘာတွေ ထပ်မေးချင်နေသေးတာလဲ။ ခင်ဗျား သေချင်ရင် သူ့ကို သွားထပ်ရန်စနေလိုက်”
လူအိုကြီး၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်လေသည်။ အစောပိုင်းက လင်းယုရောင်ကို သူတို့ဂိုဏ်းသို့ လာပါဟု အတင်းလိုက်ခေါ်နေကြသည့် လူအားလုံးသည်လည်း ချက်ချင်း ပါးစပ်ပိတ်သွားကုန်ကြလေသည်။ မည်သူမှ ရန်ကိုင်အား အထင်မသေးရဲကြတော့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၄)
ရန်ကိုင်လည်း ထိုလူငယ်လေးအား အနည်းငယ် ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
အခြားသူများ ကြည့်နေသည့်ပုံစံအရ ထိုလူငယ်လေး၏ ဆရာဖြစ်သည့် စီနီယာဝူတောက် ဆိုသည့်လူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်မည်မှန်း ရန်ကိုင် နားလည်လိုက်သည်။
ထို့ကြောင့်သာ မဟုတ်လျှင် စီနီယာဝူတောက်၏ တပည့်ဟု ကြားလိုက်ရချိန် လူအုပ်ကြီးတစ်ခုလုံး ဘာကြောင့်များ တအံ့တဩ ဖြစ်နေရမည်နည်း။
သို့သော်လည်း ထိုလူ ဘာကြောင့် သူ့အား ကူညီချင်နေရသနည်း။ ထိုလူငယ်လေးကို တစ်နေရာရာတွင် တွေ့ဖူးနေသလိုလို ခံစားနေရသည်။
“ရောင်းရင်း၊ သွေးအကျဉ်းထောင်ထဲမှ တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်လိုက်ပြီနော်။ အခုကစပြီး ကျုပ်တို့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး” လူငယ်လေးက ပြုံးဖြီးလျက် ပြောလိုက်၏။
ထိုစကားကို ကြားလိုက်သည့်အခါမှပဲ ရန်ကိုင် မှတ်မိသွားတော့၏။
ထိုလူငယ်လေးသည် နယ်ပယ်ကျောက်တုံးတောင် မပေါက်ကွဲခင် ပြန်ဆုတ်ခဲ့သည့် လူငယ်လေး ဖြစ်သည်။ သူထွက်မသွားခင် ရန်ကိုင်အား ခေါင်းညိတ်ပြသွားခဲ့သေးသည်။
သူ့အား ခေါင်းညိတ်ပြသွားသည့်လူ အများကြီး ရှိသဖြင့် ရန်ကိုင် အာရုံမစိုက်မိခဲ့ချေ။
သို့သော်ငြား သွေးအကျဉ်းထောင်ထဲတွင် တင်ခဲ့သည့် အကြွေးကိုတော့ ရန်ကိုင် နားလည်ပေသည်။
ဒီကောင်က စိတ်ဝင်စားစရာတော့ ကောင်းသား ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ သူ့နာမည်ကို မိတ်ဆက်ပေးလိုက်၏ “ရန်ကိုင်”
“ရှုပင်းပိုင်” လူငယ်လေးက ပြန်ပြောလိုက်သည်။
လင်းယုရောင်နှင့် ထွက်သွားတော့မည်အပြု သူတို့ အနီးပတ်လည်ရှိ မိုးမြေစွမ်းအင်များ ရုတ်တရက် တုန်ခါလာခဲ့သဖြင့် အကုန်လုံး အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည်။
မကြာမီ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်လည်း ထိုစွမ်းအား ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရှုပင်းပိုင်သည်လည်း ထိုစွမ်းအားကို ခံစားမိမိချင်း အံ့အားသင့်နေသော်ငြား ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည့်အလား သူ့အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
“တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ လုပ်နေတာပဲ”
အကုန်လုံး၏ အကြည့်သည် စကားပြောလိုက်သည့် လူဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။
“ခင်ဗျား တကယ် ပြောနေတာလား”
“တကယ်ပြောနေတာပေါ့ဟ၊ ငါဘာလို့ မင်းတို့ကို လိမ်ရမှာလဲ။ အရင်တုန်းက လူတစ်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားတာ ဒီလူအိုကြီးကိုယ်တိုင် မြင်ဖူးတယ်။ အဲ့ဒါကြောင့်ပဲ ငါပြောနိုင်တာ”
“သွေးအကျဉ်းထောင်ထဲက ထွက်လာတဲ့ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်။ ဆက်ပြီး မထိန်းထားနိုင်လို့ အပြင် ရောက်ရောက်ချင်း တန်းအဆင့်တက်လိုက်တာ ဖြစ်လိမ့်မယ်”
“သွေးအကျဉ်းထောင်က တကယ် အံ့ဩစရာပဲ။ အဲ့လူ ကံကလည်း တော်တော်လေး ကောင်းတယ်လို့လည်း ပြောရမယ်”
“မင်းတို့ ဘာလုပ်ရပ်နေသေးတာလဲ။ သွားမကြည့်ဘူးလား။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တဲ့ ဖြစ်စဉ်ဆိုတာ မြင်ချင်တိုင်း မြင်လို့ရတာမျိုး မဟုတ်ဘူးနော်။ ကံပါမှ မြင်လို့ရတာ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ လုပ်နေတာ ဘယ်သူများ ဖြစ်မလဲ မသိဘူး”
တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည် ဆိုလျှင် သေချာ ပြင်ဆင်လေ့ရှိကြသည်။ အဆင့်ချိုးဖျက်နေစဉ် အတောအတွင်း အနှောင့်အယှတ် မခံရစေရန်အတွက် အဆင့် မချိုးဖျက်မီ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းပြီး တပည့်သူ တပည့်သား များစွာကိုလည်း အစောင့်ချထားကြသည်။
ဂိုဏ်းမရှိသူများကတော့ သူတို့ ရင်းနှီးသည့် မိတ်ဆွေနှင့် မိသားစုဝင်များကို ဖိတ်ခေါ်ပြီး လုံခြုံသည့် နေရာ တစ်ခုခုတွင် သွားအဆင့်တက်လေ့ ရှိ၏။
လူအနည်းငယ်လောက်သာ သေချာ မပြင်ဆင်ဘဲ အဆင့်တက်ကြခြင်း ဖြစ်သည်။
သို့ပင်လျှင် တန်ခိုးရှင်ဘုရင်သို့ ရောက်နိုင်သည့်လူ အတော့်ကိုမှ နည်းပါးပေသည်။
ယခု တစ်ယောက်ယောက်သည် ဘာမှ မပြင်ဆင်ဘဲ သွေးအကျဉ်းထောင်ထဲမှ ထွက်လာသည်နှင့် တန်းအဆင့်တက်ရန် လုပ်နေလေပြီ။
ဤကဲ့သို့ အခွင့်အရေးကောင်းကြီးကို သူတို့ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။
ထိုလူ အဆင့်တက်နေသည်ကို စောင့်ကြည့်ရင်း ကံကောင်းလျှင် နယ်ပယ်နှင့် ပက်သက်သည့် ဥာဏ်အလင်းအချို့ပင် သူတို့ ရကောင်း ရသွားနိုင်၏။
ထိုအချက်ကို နားလည်ထားသည့်အတွက် သွေးအကျဉ်းထောင် အပြင်ဘက်တွင် စုဝေးနေကြသော ကျင့်ကြံသူများသည် သူတို့၏ ကြယ်လွန်းပျံများကို ထုတ်၍ တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်ရန် ကြံနေသော ကျင့်ကြံသူဆီသို့ အပြေးအလွှား သွားကြလေ၏။
“ဂိုဏ်းချုပ်” ထိုအခြင်းအရာကို မြင်သော် လင်းယုရောင်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။
“ဘာဖြစ်လို့လဲ”
“ကျွန်မ ထင်တာသာ မမှားရင် အခု အဆင့်ချိုးဖျက်ဖို့ လုပ်နေတဲ့လူက… ချင်းတုန် ဖြစ်လိမ့်မယ်” လင်းယုရောင်က အမြန် ပြန်ပြောလိုက်၏။
“ဘယ်လို” ထိုစကားကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ရုတ်ချည်းလေးနက်သွားပြီး “အကြီးအကဲချင်းဆိုတာ သေချာလား”
“ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာတယ်” လင်းယုရောင်က နှုတ်ခမ်းကိုက်လျက် “အကြီးအကဲချင်း ဂိုဏ်းချုပ်ကို စောင့်မနေရတဲ့ အကြောင်းအရင်းက သူအဆင့်တက်တော့မယ်လို့ ခံစားနေရလို့ပဲ။ အဲ့ဒါကြောင့်ပဲ လုံခြုံတဲ့နေရာတစ်ခုရှာဖို့ အမြန် ထွက်သွားတာ။ ဒါပေမယ့် သူအချိန်မမှီလိုက်ဘူးနဲ့ တူတယ်”
သွေးအကျဉ်းထောင် အပြင်ဘက်တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ထောင့်နှင့်ချီကာ ရှိနေသည်။ ထိုထဲမှ အနည်းဆုံး ခုနှစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ချင်းတုန် ရှိရာဆီသို့ စုပြုံ သွားကြနေသည်။ သူတို့သာ ချင်းတုန်အား တစ်မျိုးတစ်ဖုံ နှောင့်ယှတ်မိသွားခဲ့လျှင် ချင်းတုန် အဆင့်တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သက်သာလျှင် ဒဏ်ရာအပြင်းအထန်လောက်သာ ရမည် ဖြစ်သော်ငြား ကံဆိုးသွားလျှင်တော့ နေရာတွင်ပင် ပွဲချင်းပြီး သေသွားနိုင်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် မည်ကဲ့သို့သော မြင်ကွင်းမျိုး ပေါ်လာမလဲဆိုသည်ကို ရန်ကိုင် မသိသော်ငြား တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်စဉ်က အဖြစ်အပျက်ကို ပြန်စဉ်းစားမိရသလောက် ရိုးရှင်းလိမ့်မည်တော့ မဟုတ်ပေ။ မိုးမြေကောင်းချီးသည် ချင်းတုန် တစ်ယောက်တည်းသာ ရင်ဆိုင်ရမည့် စမ်းသပ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။
သူတို့ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် အတားအဆီးကို ဦးဆုံး ချိုးဖျက်သွားသူမှာ ချင်းတုန် ဖြစ်နေသည့်အတွက် ရန်ကိုင် အနည်းငယ် အံ့အားသင့်မိနေခဲ့သည်။
နယ်ပယ်ကျောက်တုံးတောင်တွင် ရှိနေစဉ် တစ်လျှောက်လုံး ချင်းတုန်သည် အဆင့်တက်မည့် အရိပ်အယောင် နည်းနည်းမှ မပြခဲ့ပေ။ သူတို့ လမ်းခွဲသွားသည့်နောက်ပိုင်း ချင်းတုန် အခွင့်အလမ်းကောင်း တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည့်ပုံပင်။
ရန်ကိုင်သည် လေမိုးကြိုးတောင်ပံကို ထုတ်သုံးလျက် ချင်းတုန် ရှိရာဆီသို့ အမြန် ပြေးသွားလေသည်။
ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သဖြင့် ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။
မလှမ်းမကမ်း တစ်နေရာ၌ လူတစ်ယောက်သည် သူ့ကဲ့သို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။ ရန်ကိုင် သူ့အား ကြည့်နေသည်ကို သတိပြုမိသော် ထိုလူသည်လည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာပြီး သူ့အား ပြုံးပြလိုက်၏။
ရှုပင်းပိုင်ပင်… ဤကောင် မရိုးရှင်းပေ။ သူနောက်သို့ နောက်ပြတ်ကျမကျန်စတမ်း လိုက်လာနိုင်သည်မှာ နည်းသည့် အရည်အချင်းတော့ မဟုတ်။ ထို့အပြင် သူ့ကြည့်ရသလောက် အစွမ်းကုန်သုံးပြီး ပျံသန်းနေပုံလည်းမရ။ အေးအေးဆေးဆေး ပျံသန်းနေခြင်း ဖြစ်သည်။
“ရောင်းရင်းရင်၊ မင်းရဲ့ တောင်ပံတွေက တော်တော်လန်းတာပဲကွ” ရှုပင်းပိုင်သည် ရန်ကိုင်၏ ကျောဘက်ရှိ လေမိုးကြိုးတောင်ပံကို ကြည့်ပြီး ပြောလိုက်သည်။
“ရောင်းရင်းပိုင်လည်း အတူတူပဲလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“ကိုယ့်အားသာချက်နဲ့ ကိုယ်ပေါ့” ရှုပင်းပိုင်က ပြုံးလိုက်ပြီး “ရောင်းရင်းရန်ကို ကြည့်ရတာ အရမ်း လောနေတဲ့ပုံပဲ။ အခု အဆင့်ချိုးဖျက်ဖို့ လုပ်နေတဲ့လူက ရောင်းရင်းရန်တို့ အဖွဲ့ထဲကလား”
“ဟုတ်တယ်” အပိုစကားပြောရန် အချိန်မရှိသည့်အတွက် ရန်ကိုင်လည်း လိုတိုရှင်းသာ ပြန်ပြောလိုက်သည်။
“အို၊ ဒါဆိုရင်တော့ ရောင်းရင်းရန်ကို ကြိုဂုဏ်ပြုရတော့မှာပေါ့။ တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် တိုးလာတယ်ဆိုတာ တကယ် ဂုဏ်ယူစရာ အဖြစ်အပျက်ပဲ။ ရောင်းရင်ရန် အကူအညီ တစ်ခုခုကို လိုရင် ဒီရှုကို လှမ်းပြောလိုက်လေ”
ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အလျင်အမြန် လက်သီးဆုပ်၍ “အဲ့လိုဆိုရင်တော့ ရောင်းရင်းရှုကို ကြိုပြီး ကျေးဇူးတင်ထားရတော့မှာပေါ့”
တစ်ဖက်လူ သူ့အား လိုလိုလားလားဖြင့် ကူညီချင်နေသည်မှာ ရန်ကိုင်အတွက် ကံကောင်းမှုတစ်ခု ဖြစ်သည်။ တန်ခိုးရှင်ဘုရင် ဝူတောက် မည်မျှ အားကောင်းသလဲ သူမသိသော်ငြား၊ အခြားသူများ အလွန်အံ့အားသင့်နေပုံ ထောက်လျှင်တော့ ဝူတောက်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များထဲတွင်ပင် အလွန်အားကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။
ထိုကဲ့သို့ နောက်ခံရှိသည့် လူတစ်ယောက်၏ နာမည်နှင့်ဆိုပါက ကိစ္စတော်တော်များများ အတော်လေး အဆင်ပြေသွားလေပြီ။
သူတို့ စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သွားချင်နေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။
“ဂိုဏ်းချုပ်ရန်လည်း ရောက်လာတာလား” ရန်ကိုင် ရောက်လာသည်ကို မြင်သော် ရန်ရှုကျုနှင့် ချူဟန်းရှီတို့ နှစ်ဦးစလုံး ဝမ်းသာသွားခဲ့ပြီး အလျင်အမြန် ဦးညွှတ်လိုက်၏။
ဝမ်းယုသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းထျန်ကျဲကမှ ရှေ့တက်၍ နှုတ်ဆက်လိုက်လေသည်။
အခြားလူအားလုံး အန္တရာယ်ကင်းကင်းနှင့် ရှိနေသည်ကို မြင်သည့်အအခါ ရန်ကိုင်က သက်ပြင်းချလျက် “အကြီးအကဲချင်းလား”
“ဟုတ်တယ်” ချူဟန်းရီက မျက်မှောင်ကြုတ်လျက် “ဒါပေမယ့် ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်လိုက်ဘူး”
ယခုတစ်ကြိမ် ပြဿနာ မည်မျှ ကြီးကြောင်း သူတို့ နားလည်ထား၏။ ဤနေရာတွင် အဆင့်ချိုးဖျက်ခြင်းသည် ပျော်ရွှင်စရာ အဖြစ်အပျက်တစ်ခုကို ပြဿနာများသည့် အဖြစ်အပျက်တစ်ခုသို့ ပြောင်းလဲသွားစေနိုင်ပေသည်။
ကျောင်းထျန်ကျဲက ခါးသက်စွာပြုံးလျက် “အစကတော့ ဒီလူအိုကြီးလည်း အကြီးအကဲချင်းကို ဒီကနေ မိုင်းငါးသိန်းလောက် ဝေးတဲ့ လွင်တီးခေါင်ပြင်တစ်ခုဆီ ခေါ်သွားပေးမလို့ပဲ။ အဲ့ဘက်မှာက လူလည်းနည်း၊ မိုးမြေစွမ်းအင်ကလည်း သိပ်သည်းတယ်လေ။ ဒါပေမယ့်…”
“ခင်ဗျားအပြစ် မဟုတ်ပါဘူး” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “ဒါနဲ့ မြိုသခင်ကျောင်း၊ အကြီးအကဲချင်း ဘယ်လို အခွင့်အရေးနဲ့ သွားကြုံလို့ အခုလို ရုတ်တရက်ကြီး အဆင့်တက်ဖို့ လုပ်ရတာလဲ”
“ဘာမှ ထူးထူးခြားခြားကြီး မဟုတ်ဘူး။ သူ့ဘာသာ နယ်ပယ်ဝဲကတော့ အချို့ထဲ ဝင်ပြီး အကျိုးအမြတ်တွေ ရသွားခဲ့ရုံပဲ” ကျောင်းထျန်ကျဲက ပြန်ပြောလိုက်သည်။
“ကျုပ်သိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်တို့ စကားပြောနေစဉ်အတွင်း ဤနေရာသို့ ကျင့်ကြံသူများ ပိုပို၍ ရောက်လာကြပြီး မိုးမြေစွမ်းအင်သည်လည်း ပိုပို၍ ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ ဆန်းကြယ်သော စွမ်းအား တစ်ရပ်သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံလာခဲ့၏။ အစပိုင်းတွင် ထိုစွမ်းအားစက်ကွင်းသည် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာနေခြင်း ဖြစ်သော်ငြား မျက်တောင်တစ်ခတ်အတွင်း ရုတ်တရက်ကြီး အရှိန်အဟုန်ပြင်းစွာ ကျယ်ပြန့်သွားခဲ့လေသည်။
ထိုစွမ်းအားသည် ချင်းတုန်၏ ရှီပင် ဖြစ်သည်။
မီတာထောင်ပေါင်းများစွာ ကျယ်ပြန့်သော စက်ကွင်းအတွင်း လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်လာပြီး မုန်တိုင်းငယ်လေးများ စတင် ဖြစ်ပေါ်လာခဲ့သည်။
ချင်းတုန်၏ ရှီသည် တကယ်ကြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သူ့ကိုယ်ပိုင် စွမ်းအားကိုပင် ရှီစွမ်းအင်ထဲသို့ ပေါင်းစပ်ထားနိုင်သေး၏။
“ငါထင်တဲ့ အတိုင်းပါပဲလား။ တကယ်ကြီး တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နေတာပဲကွ” ရောက်လာသည့် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။
လူအချိုသည့် ထွက်ပေါ်လာသော ဆန်းကြယ်မှုများကို သေချာ သုံးသပ်နိုင်ရန်အတွက် ရန်ကိုင်အား ဖြတ်ကျော်၍ ချင်းတုန်နှင့် အနီးကပ်ဆီသို့ တိုးကပ်သွားကြလေသည်။
ထိုအရာများသည် တန်ခိုးရှင်ဘုရင်အဆင့်နှင့် ပက်သက်၍ ချင်းတုန် နားလည်သိမြင်ထားသည့် ဥာဏ်အလင်းများ ဖြစ်သည်။ သူတန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သည့်အခါ ထိုဥာဏ်အလင်းများသည် အပြင်ဘက်သို့ အတားအဆီးမရှိ ပျံ့ထွက်လာပေလိမ့်မည်။ တန်ခိုးရှင်အဆင့်များအတွက် ထိုပြန့်ထွက်လာသည့် ဥာဏ်အလင်းများသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းသည့် အရာများ ဖြစ်ကြသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားပြီး ချက်ချင်း လေပေါ်သို့ ပျံတက်၍ လက်သီးဆုပ်ကာ အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “အားလုံး ကျေးဇူးပြုပြီး အရှေ့ အရမ်းမတိုးလို့ရမလား။ ကျုပ်စီနီယာ အနှောင့်အယှတ် မဖြစ်ရအောင်လို့ပါ”
သို့သော်လည်း ရှေ့တိုးသွားသည့် ကျင့်ကြံသူကမူ ရန်ကိုင် ဖုတ်လေငပိ ရှိသည်ဟုပင် ထင်ပုံမရ။ နှာခေါင်းရှုံ့၍သာ ရှေ့သို့ ဆက်တိုးသွားနေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၅)
တန်ခိုးရှင်ဘုရင်အဆင့်သို့ အဆင့်တက်သည့် အဖြစ်အပျက်မျိုးသည် နှစ်တစ်သောင်းအတွင်းပင် မြင်ရခဲသော ရှားမှရှားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လေရာ ရန်ကိုင်မှ တောင်းဆိုလိုက်ရုံဖြင့် ထိုလူများက ဤအခွင့်အရေးကို မည်သို့များ လက်လျှော့လိမ့်မည်နည်း။
အကုန်လုံးသည် အနီးသို့ တိုးကပ်သွားချင်နေကြသည်။
“အကုန်လုံး ဒီရန်ကို နည်းနည်းလောက် မျက်နှာသာပေးမယ်ဆိုရင် ဒီရန် တကယ် ကျေးဇူးတင်မိမှာပါ” ရန်ကိုင်စိတ်ထဲ စကားဖြင့် ပြောမနေဘဲ လက်သာ ပါလိုက်ချင်သော်ငြား ချင်းတုန် အဆင့် ချိုးဖျက်နေခြင်း ဖြစ်သဖြင့် ထိုသို့ မလုပ်မိအောင် သူ့စိတ်ကို မနည်းထိန်းနေရသည်။
“မင်းက ဘာကောင်မို့လို့လဲ။ ငါတို့ ဒီမှာပဲ ရပ်နေတာ၊ ဘာပြဿနာမှတောင် ရှာနေတာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာက မင်းအိမ်လည်း မဟုတ်ဘူး။ မင်းမှာ ငါ့တို့ကို လာပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ” တစ်ယောက်ယောက် မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။
“ဟုတ်တယ်။ တန်ခိုးရှင်ဒုတိယအဆင့်လေးကများ ငါတို့ကို လာတားရဲသေးတယ်။ ငါလုပ်လိုက်ရ၊ မကောင်းရှိလို့”
“ကောင်လေး၊ မင်းပါးစပ်ကို ကြည့်ကြပ်ပြီးပြော။ ဒီနေရာက မင်းပြောချင်တိုင်း ပြောလို့ရတဲ့နေရာ မဟုတ်ဘူး”
ထိုလူများ၏ စကားကိုကြားသည့်အခါ ရန်ကိုင် မျက်နှာအမူအရာ ပျက်ယွင်းသွားလေသည်။
“အကုန်လုံး၊ အခြားလူတစ်ယောက် အဆင့်ချိုးဖျက်နေတာ သွားနှောင့်ယှတ်လို့ မသင့်တော်ဘူးလေ။ တစ်နေ့ ခင်ဗျားတို့ အဆင့်ချိုးဖျက်နေလို့၊ ဒီရှု ခင်ဗျားတို့ဆီ ပြေးဝင်လာမယ်ဆို ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ၊ ကိုယ်ချင်းစာတတ်စမ်းပါ” ရှုပင်းပိုင်က ပြုံးဖြီးဖြီးဖြင့် ဝင်ပြောလိုက်လေသည်။
“ကောင်လေး၊ မင်းကိုယ်မင်း ဘာမှတ်နေတာလဲ”
“ဒီခေတ် လူငယ်တွေကို အကြီးတွေကို ဘယ်လို လေးစားရမှန်း တကယ် မသိကြတဲ့ ကောင်တွေပါလား။ အခုလို မဆင်မခြင် ပြောလိုက်လို့ ဒုက္ခရောက်နိုင်တယ် ဆိုတာလည်း မသိကြဘူး”
“မင်းသေချင်နေတာလား။ အဲ့ကောင်က စီနီယာဝူတောက်ရဲ့ တပည့်ကွ”
အကုန်လုံးသည် ရှုပင်းပိုင်၏ နောက်ခံအကြောင်း သိကြသည့် လူများ မဟုတ်ကြသော်ငြား အချို့ကမူ သူ့နှင့် အင်ပါယာ စိတ်ိဥာဉ်အိမ်တော်မှ အကြီးအကဲ ပြောနေသည်ကို ကြားခဲ့ဖ၏။ ထို့ကြောင့် ရှုပင်းပိုင် မည်သူမှန်း သိသွားပြီး သူတို့ အဖော်ကို လေသံတိုးတိုးဖြင့် အမြန် သတိပေးလိုက်ကြလေသည်။
“ဘယ်လို၊ စီနီယာဝူတောက်ရဲ့ တပည့်လား၊ မင်းနောက်နေတာ မဟုတ်ပါဘူးနော်”
“ဖြစ်နိုင်လို့လား။ စီနီယာဝူတောက် ပေါ်မလာတာ နှစ်ပေါင်း ရာနဲ့ချီနေ မဟုတ်ဘူး။ သူဘယ်တုန်းက တပည့် လက်ခံလိုက်တာလဲ”
“မင်းဘာသာ ယုံချင်ယုံ မယုံချင်နေ။ ပြီးတော့မှ ငါ့ကို သတိ မပေးလို့ဆိုပြီး လာအပြစ်မတင်နဲ့”
“တကယ်ကြီး ဟုတ်တယ်ကွ။ သူ့ရင်ဘတ်က တံဆိပ်ကိုကြည့်၊ အဲ့ဒါ စီနီယာဝူတောက်ရဲ့ ပွင့်ချပ်သုံးခု တံဆိပ်ပဲ။ စီနီယာ ဝူတောက်နဲ့ အနီးကပ်ဆုံး လူတွေပဲ အဲ့တံဆိပ်ပါတဲ့ အင်္ကျီကို ဝတ်ခွင့်ရှိတာ”
“ဘုရားရေ၊ တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်ဟ”
“အတုကြီးများ ဖြစ်နေမလား”
“မင်းကြီးတော်အတု၊ အတုဝတ်ရင် ကိုယ်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာပေါ့ကွ”
“ဒီတော့ သူက တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်ပေါ့…”
ရှုပင်းပိုင် မည်သူမှန်း သိသွားကြသည့်နောက်တွင် အစောပိုင်းက မောက်မာတကြီး ပြုမူနေကြသည့် လူအားလုံး၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။ သူတို့ပြိုင်ဘက်၏ နောက်ခံကို မသိဘဲ ရိုင်းချင်သလို သွားရိုင်းမိသည်ကိုလည်း အတော်လေး နောင်တ ရနေမိ၏။
ရှုပင်ပိုင်ကမူ ရယ်သွမ်းသွေးလျက် “ပြီးတော့ ဒီရောင်းရင်းက မကြာခင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မှာ။ ခင်ဗျားတို့ သူ့ကို သွားနှောင့်ယှတ်လို့ သူခင်ဗျားတို့ကို လာပြန်ပြဿနာရှာရင် အဲ့ဒဏ်ကို ခင်ဗျားတို့ ခံနိုင်မှာလား”
ထိုစကားထွက်လာသည်နှင့် အကုန်လုံး၏မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။
ရှုပင်းပိုင်၏ နောက်ခံကို သူတို့ လန့်သော်ငြား ယခုစကားကူမ သူတို့အား အမှန်တကယ်ကို ကြောက်လန့်သွားစေခဲ့သည်။
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်တစ်ခုကို အနီးကပ် ကြည့်ချင်မသလို အကျိုးအမြတ် နည်းနည်းပါးပါးကိုလည်း လိုချင်မိသည့်အတွက် ရှေ့တိုးသွားမိခဲ့ကြသည်။ သို့သော် ရှုပင်းပိုင် ပြောသည့်အချက်ကိုမူ လုံးလုံး မေ့လျော့နေမိခဲ့သည်။
ထိုလူသာ တန်ခိုးရှင်ဘုရင်အဆင့်ကို မတက်နိုင်ခဲ့ဘူး ဆိုလျှင်တော့ ကိစ္စမရှိချေ။ သူမှ အသက်ရှင်တော့လိမ့်မည် မဟုတ်လေဘဲ။ မိုးမြေကောင်းချီး၏ စွမ်းအားအောက်၌ တစ်ခါတည်း အသက် ပျောက်သွားပေလိမ့်မည်။ သို့သော် အောင်မြင်သွားခဲ့ပြီး တန်ခိုးရှင်ဘုရင်တစ်ပါး ဖြစ်လာခဲ့လျှင်တော့ ဒုက္ခ ရောက်မည့်လူသည် သူတို့သာ ဖြစ်သွားပေလိမ့်မည်။
ထိုအခါမှပဲ ရန်ကိုင်အား ကျိန်ဆဲနေကြသည့် လူများသည် ရှုပင်းပိုင်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ “အခုလို သတိပေးတဲ့ အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတဝယ်”
ပြောပြီးသည်နှင့် အလျင်အမြန် ပြန်ဆုတ်ရင်း ကိုးယိုးကားယား အပြုံးများပြုံးလျက် ရန်ကိုင်အား ခေါင်းညိတ်ပြကာ “ညီလေး၊ အစောတုန်းက သွေးပူပြီး ပြောလိုက်မိတာတွေကို ကျေးဇူးပြုပြီး စိတ်ထဲမထားနဲ့ကွာ။ ငါတကယ် ပြောချင်တာ မဟုတ်ဘူး၊ မရည်ရွယ်ဘဲ ပြောမိလိုက်သလို ဖြစ်သွားတာ”
အခြားသူများလည်း ရယ်ရယ်မောမောဖြင့် တောင်းပန်လိုက်ကြ၏။
ထိုအခါမှပဲ ရန်ကိုင်၏ မျက်နှာအမူအရာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး “အကုန်လုံး ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီရန်လည်း နည်းနည်း ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ အကုန်လုံးသာ နည်းနည်း ခပ်ဝေးဝေးကနေ နေပေးသရွေ့ ဒီရန် ဝင်မရှုပ်ပါဘူး”
“ကောင်းတယ်၊ ကောင်းတယ်၊ ကျေးဇူးပဲကွာ ညီလေး”
တင်းမာနေသော အခြေအနေသည် ရုတ်ချည်း လျော့ကျသွားခဲ့လေသည်။
ယခုမှပဲ ရန်ရှုကျို၊ ချူဟန်းရီနှင့် အခြားသူများလည်း သူတို နဖူးထက် ဝေ့သီနေသော ချွေးများကို သုတ်နိုင်တော့သည်။
ရန်ကိုင်က ရှုပင်းပိုင်အနားသို့ ဆင်းလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည် “ကူညီပေးတဲ့အတွက် ကျေးဇူးပဲ ရောင်းရှင်းရှု၊ ဒီရန် ဒီကျေးဇူးကို မမေ့ပါဘူး”
“ဒီလောက်က ဘာမှမဟုတ်ဘူး။ ရောင်းရင်းရန် စိတ်ထဲ ထားနေစရာ မလိုဘူး” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြော၏။
ထိုစဉ် လူအုပ်ကြီး ဝရုန်းသုန်းကာ ထဖြစ်လေသည်။
“ဘုရားရေ၊ ဆရာလော့ဟိုင် ရောက်လာတယ်ဟ”
“အခြား တန်ခိုးရှင်ဘုရင်အဆင့်တွေပါ ပါတယ်ကွ။ အဲ့ဒါ ဓါးအဖွဲ့အစည်းက စီနီယာလဲ့ မဟုတ်ဘူးလား”
“ကြည့်ကြည့်၊ အဲ့ဒါ ခရမ်းကြယ်က စီနီယာလီဝမ်နင်းပဲ”
“အဲ့ဒါ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူအိုကြီးကျိုမလား”
ပေါ်လာသည့် တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ယောက်ကို အကုန်လုံးကို ချက်ချင်း မျက်မှန်းတန်းမိလိုက်ကြသည်။ ထိုရှစ်ယောက်သည် ဝူတောက်ကဲ့သို့ လူရှေ့သူရှေ့ မပေါ်လာသည့် လူများ မဟုတ်ကြ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လူရှေ့ ထွက်ခဲသော်ငြား ထိုလူများသည် ရံဖန်ရံခါ လူရှေ့တော့ ထွက်လာကြသေး၏။
ထိုရှစ်ဦး ပေါ်လာသည်နှင့် သူတို့အနားတွင် ရှိနေသူအားလုံး အလိုလို နောက်ဆုတ်သွားကုန်ကြလေရာ မကြာမီ သူတို့ ပတ်လည်၌ မီတာသုံးရာကျယ်ပြန့်သော မြေကွပ်လပ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
“အို၊ တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် ပေါ်လာတော့မှာပါလား။ ကြည့်ရသလောက် ဒီလူ နယ်ပယ်အစွန်းအဖျားကို ဖမ်းဆုပ်မိနေပြီ။ သူသာ ကံကောင်းရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်” ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူအိုကြီးကျိုက မှတ်ချက်ပေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် “ငါဒီလူကို တစ်ခါမှ မမြင်ဖူးဘူး။ သူဘယ်က ရောက်လာတာလဲ မသိဘူး”
ခရမ်းကြယ်မှ အမျိုးသမီး လီဝမ်နင်က ရယ်မောလျက် “သူ့ကို ခေါ်ချင်တယ်ဆိုရင်လည်း ခေါ်ချင်တယ်ပေါ့ လူအိုကြီးကျိုရယ်၊ ဘာတွေ ကွေ့ပတ်ပြောနေရတာလဲ”
“ငါဘာတွေ ကွေ့ပတ်ပြောလို့လဲ။ နင်တို့အားလုံးလည်း သူ့ကို ခေါ်ချင်နေကြတာ မဟုတ်ဘူးလား” လူအိုကြီးကျိုက ပြန်၍ ပြောလိုက်သည်။
အခြားသူများသည် ရယ်သာရယ်မောလိုက်ကြပြီး ဘာမှတော့ ပြန်မပြောခဲ့ကြချေ။
“သူ့ကိုတော့ ခေါ်ကိုခေါ်ရမယ်။ ဒါပေမယ့် ဟိုကောင်လေးကို ဒီအဘွားကြီး ပိုစိတ်ဝင်စားတယ်။ လူကြီးမင်းလော့ဟိုင်၊ ဟိုကောင်လေး အခုဘယ်မှာလဲ။ သူဒီမှာ ရှိလား” ဓါးအဖွဲ့စည်းမှ အဘွားကြီးက သူမ၏ တုတ်ကောက်ကို ဆုပ်ကိုင်ရင်း မေးလိုက်၏။
လော့ဟိုင်၏ မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ဘာကိုမှ ဖုန်းကွယ်မနေဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်၏ “ရှိတယ်။ သူဘယ်သူလဲ ဆိုတာကိုတော့ ကျုပ်ပြောနေစရာ လိုမယ်မထင်ဘူး”
“စီနီယာလော့ဟိုင်က အဲ့လို ပြောမှတော့ ဒီလူအိုကြီး လုပ်ပြီနော်” လူထွားကြီးတစ်ဦးက အဓိပ္ပါယ်ပါပါပြုံးလျက် သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။
အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ထိုအတိုင်း လိုက်လုပ်ကြသည်။
ရုတ်ချည်းဆိုသလို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ရှစ်ဦး၏ ကောင်းကင်စိတ်အာရုံ သူတို့အား လွှမ်းခြုံလာသဖြင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။
“တွေ့ပြီ” လူအိုကြီးက ရုတ်တရက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ အခြားသူများလည်း ရန်ကိုင်ကို တွေ့သွားခဲ့ကြ၏။
ဤနေရာတွင် လူတစ်ထောင်မက ရှိနေသော်ငြား တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသည့် လူအရေအတွက်မှာ အနည်းအကျဉ်းလောက်သာ ရှိသည်။ တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူများထဲတွင် ရန်ကိုင်၏ သူတော်စင်ချီနှင့် အသက်စွမ်းအင်သည် အားအကော်ငးဆုံး ဖြစ်ပေသည်။
“ဒီကောင်က တကယ် ထူးခြားတဲ့ကောင်ပဲကွ။ ဒီအဆင့်မှာတောင် သူ့သူတော်စင်ချီက သာမန် တန်ခိုးရှင်တတိယအဆင့် တစ်ဦးရဲ့ သူတော်စင်ရဲ့ နှစ်ဆလောက်ရှိနေပြီ။ ဒီကောင် သွေးအကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်တာ အထူးအဆန်း မဟုတ်တော့ဘူး” လူအိုကြီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။
“ဒီအဘွာကြီးလည်း အဲ့ကောင်လေး ဘယ်လို ခန္ဓာသန့်စင်ခြင်း ပညာရပ်တွေ ကျင့်ကြံထားလဲ သိချင်နေတာ။ သူ့အသက် စွမ်းအင်က သာမန်ထက် အများကြီး ပိုအားကောင်းလွန်းနေတယ်”
“ဘာတွေ ရပ်ပြီး အချိန်ဖြုန်းနေကြတာလဲ။ သူ့ကို တိုက်ရိုက် သွားပြောလိုက်ရင်ပဲ ပြီးနေပြီကို။ အဲ့ကောင်လေး ရှင်တို့ကို ကိုက်စားမှာ ကြောက်နေကြတာလား” လီဝမ်နင်ဆိုသည့် အမျိုးသမီးက ပြုံးလျက် ချက်ချင်း အောက်သို့ ဆင်းလိုက်ပြီး ရန်ကိုင်ဆီသို့ လမ်းလျှောက်သွားလေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
တန်ခိုးရှင်ဘုရင်အဆင့်များ ရောက်လာသည်မှာ ချင်းတုန်ကြောင့် ဖြစ်သည်ဟု သူထင်မိခဲ့သည်။ သို့သော် ထိုအမျိုးသမီး ရုတ်တရက်ကြီး သူ့ဆီ လမ်းလျှောက်လာနေသည်ကို မြင်သော် ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ထိုအမျိုးသမီးပင် မဟုတ်၊ အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း သူ့ဆီသို့ လမ်းလျှောက်လာနေခဲ့ကြ၏။
သူတို့ ဘာလုပ်ချင်နေကြသနည်း။
ရန်ကိုင်သည် သူ့သူတော်စင်ချီကို ချက်ချင်း လှည့်ပတ်ထားလိုက်၏။
သူ့လက်ရှိ ခွန်အားအရ တန်ခိုးရှင်ဘုရင်အဆင့်အောက်၌ မည်သူ့ကိုမှ မကြောက်ချေ။ သို့သော်လည်း တန်ခိုးရှင်ဘုရင် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရာတွင်မူ ထွက်ပြေးရုံသာ ရှိသည်။ သူဘက်မှ တစ်ချက်လေး မှားသွားရုံဖြင့် လုံးဝကို ချွင်းချက်မရှိ သေသွားရပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်သည် အလွန်ကိုမှ ခြားနားသည့် အဆင့်နှစ်ခုဖြစ်သည်။ မဟုတ်ရင် ကြယ်စီရင်စုထဲ တန်ခိုးရှင်တတိယအဆင့်များ ဖွတ်သပ်၍ မကုန်နိုင်အောင် ရှိနေချိန် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ဤမျှ ရှားပါးနေလိမ့်မည် မဟုတ်ချေ။
“ရောင်းရင်းရန် စိုးရိမ်မနေနဲ့” ရှုပင်းပိုင်က ရုတ်တရက် ပြောလိုက်၏ “သူတို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်လောက်ဘူး”
“မင်းဘယ်လို သိတာလဲ”
“သွေးအကျဉ်းထောင် စမ်းသပ်ပွဲ ပြီးသွားတိုင်း အင်အားစု အသီးသီးက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ လူငယ် ပါရမီရှင်တွေကို ရွေးခေါ်လေ့ရှိတယ်။ ဒီတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ဘူး။ သူတို့ ရောင်းရင်းရန်ကို ခေါ်ချင်လို့နဲ့တူတယ်”
“ကျုပ်ကို ခေါ်ဖို့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည် “သွေးအကျဉ်းထောင်ထဲက ထွက်လာတာ ကျုပ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး အကုန်လုံး ကျုပ်ကိုပဲ ခေါ်ချင်နေရတာလဲ”
ရှုပင်းပိုင်းက ပြုံးလျက် “သွေးအကျဉ်းထောင်ထဲမှ ရောင်းရင်းရန် အရည်အချင်းပြသွားတာကို မြင်လိုက်လို့ပဲပေါ့။ ရှင်းရှင်းပြောရရင် ငါတောင် ရောင်းရင်းရန်ဆီကနေ ဖိအား ခံစားရတယ်”
“ငါ့စွမ်းဆောင်ရည်… ငါက သွေးအကျဉ်းထောင်ထဲမှာ ရှိနေတာလေ။ သူတို့ ဘယ်လိုသိတာလဲ” ရန်ကိုင် မျက်နှာပျက်သွား၏။
“သူတို့ မသိပေမယ့် စီနီယာလော့ဟိုင်ကတော့ သိတယ်လေ။ သူက တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲဟာကို” ရှုပင်းပိုင်က ရှင်းပြလိုက်၏။
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။