အခန်း (၁၆၁၆-၁၆၂၀)
Vol. 65 Ch. 1616-1620
အပိုင်း (၁၆၁၆)
ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက် ကြယ်ပေါ်တွင် ဖြစ်နေသည့် အကြောင်းအရာများကို သိသည်မှာ သဘာဝသာ ဖြစ်သည်။
သို့သော်လည်း ထိုသို့လုပ်ခြင်းသည် အရမ်း စွမ်းအားကုန်သည့် အတွက် မည်သည့် ကြယ်သခင်မှ အားအားယားယား ထိုကဲ့သို့ လုပ်မနေကြဘဲ အားသည့်အချိန်အတွင်း ကျင့်ကြံနေလေ့သာ ရှိသည်။
ရှနင်းချန်သည် ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက် ရန်ကိုင် ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။ ရှနင်းချန်သည် တန်ခိုးရှင်အဆင့်သာ ရှိသေးသော်လည်း ထုန်ရွှမ်လောကကြီး၌ ဖြစ်ပျက်နေသည့် အကြောင်းအရာအားလုံးကို သိနိုင်ပေသည်။
တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြစ်သော လော့ဟိုင်သည် ရှနင်းချန်ထက် အဆများစွာ ပိုအားကောင်းလေရာ သွေးအကျဉ်းထောင်ထဲ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိနိုင်သည်မှာ သဘာဝသာ ဖြစ်သည်။
ရန်ကိုင် မျက်စိပျက် မျက်နှာပျက် ဖြစ်နေသည်ကို မြင်သော် ရန်ကိုင် ဘာကို စိုးရိမ်နေမှန်း ရှုပင်းပိုင် ချက်ချင်း နားလည်သွား၏။ ထို့ကြောင့် ရယ်သွမ်းသွေးလျက် “ရောင်းရင်းရန် ဒီလောက် စိုးရိမ်နေစရာ မလိုဘူး။ သွေးအကျဉ်းထောင်ထဲမှာ ဖြစ်ပျက်နေတာကို စီနီယာလော့ဟိုင် သိတယ်ဆိုပေမယ့် ပရမ်းပတာ ဖြစ်နေတဲ့ နယ်ပယ်တွေရဲ့ စွမ်းအားက ခံနေတော့ အသေးစိတ်တော့ သိမှာ မဟုတ်ဘူး”
“အသေးစိတ် မသိဘူးလား” ရန်ကိုင် မျက်ခုံးပင့်သွား၏။
“ဟုတ်တယ်။ အရင်ကြယ်သခင် လက်ထက်တုန်းက ကြယ်အမြူတေရဲ့ စွမ်းအားကိုသုံးပြီး သွေးအကျဉ်းထောင် ပတ်လည်မှာ အကာအရံတစ်ခု ဖန်တီးခဲ့တယ်တဲ့။ အရင် ကြယ်သခင်က တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဆိုတော့ စီနီယာလော့ဟိုင် အားကောင်းတယ် ဆိုရင်တောင်မှ အဲ့အကာအရံကို လုံးဝ ဖြတ်ကျော်နိုင်ဦးမှာ မဟုတ်ဘူး” ရှုပင်းပိုင်က ရှင်းပြလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ စိတ်တော့ မအေးနိုင်သေးပေ။
ရှုပင်းပိုင် အမှန်ကို ပြောနေသည်ဆိုလျှင် ရန်ကိုင်စိတ်ထဲ စိုးရိမ်မိနေသေးသည်။
ကျောက်တုံးရုပ်သေးရုပ်မှ တိတ်တဆိတ် လှုပ်ရှားသွားသည်မို့ နယ်ပယ်ကျောက်တုံးတောင်နှင့် ပက်သက်သည့် အဖြစ်အပျက်ကို လော့ဟိုင် မသိနိုင်လောက်။ သို့ရာတွင် မွန်းစတားတောင်၌ ဖြစ်ပျက်သွားသည်ကိုရော သူမသိဘဲ နေမည်လား။
တန်ခိုးရှင်အဆီအနှစ် ကျောက်တုံး ရှိနေသည့် အကြောင်းကို ချီယွဲ့နှင့် အခြား မျိုးနွယ်စုခေါင်းဆောင်များပင် သိနေလေရာ ကြယ်သခင်ဖြစ်သည့် လော့ဟိုင်ကကော မသိဘဲ ဘယ်နေမည်နည်း။
လော့ဟိုင် အဲ့အကြောင်းများ သိနေလား ရန်ကိုင် ရမ်းသန်းပြီး ဇွတ်မခန့်မှန်းရဲချေ။ သို့သော်လည်း တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးသည် ချီယွဲ့ပင် လိုချင်သည့် ရတနာတစ်ခု ဖြစ်သည်။
ချီယွဲ့နှင့် လော့ဟိုင်တို့ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ချီယွဲ့ပင် လိုချင်နေသည့် ရတနာတစ်ခုကို လော့ဟိုင်ကကော မလိုချင်ဘဲ နေမည်လား။
ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်လုပ်လျက် ရွှေရောင်သရဖူကို ဝတ်ဆင်ထားသည့် လော့ဟိုင်ဆီ လှမ်းကြည့်လိုက်သည်။
လော့ဟိုင်သည်လည်း ရန်ကိုင်ကို ကြည့်နေခဲ့သည်။ အကြည့်ချင်း ဆုံသွားသည့် အခိုက်တွင် လော့ဟိုင် မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။
သူသိနေခဲ့သည်။ ဒုက္ခတော့ ရောက်လေပြီ။
“အို… ကောင်လေး၊ နင်နဲ့ စီနီယာဝူတောက် ဘယ်လိုပက်သက်လဲ’ ရန်ကိုင်ဆီသို့ လမ်းလျှောက်လာသည့် အမျိုးသမီးက ရန်ကိုင် ဘေးတွင် ရပ်နေသော ရှုပင်းပိုင် ရင်ဘတ်၌ ပွင့်ချပ်သုံးခုက တံဆိပ်တစ်ခု ထိုးထွင်းထားသည်ကို မြင်သော် အံ့အားသင့်သွားပြီး မေးကြည့်လိုက်လေသည်။
“ကျုပ်ဆရာပဲ” ရှုပင်းပိုင်က နှိမ့်ချခြင်း၊ မောက်မာခြင်း မရှိသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“စီနီယာဝူတောက်က နင့်ဆရာလား” လီဝမ်နင်က သူမ၏ ပါးစပ်ကို အလန့်တကြား အုပ်မိလိုက်သည်။
“ဘယ်လို၊ ဒီကောင်လေးက စီနီယာဝူတောက်ရဲ့ တပည့်လား” အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း အံ့ဩကုန်ကြပြီး ရှုပင်းပိုင်ကို စိုက်ကြည့်လာကြတော့လေသည်။
ဤနေရာတွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်သည့် တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသော လော့ဟိုင်ပင်လျှင် ထိတ်လန့် အံ့အားသင့်သွားခဲ့သည်။ ထိုကဲ့သို့ နောက်ခံ ကြီးမားသည့် လူတစ်ယောက် ဤပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့သည့်ပုံပင်။
“ရှုပင်းပိုင် စီနီယာတို့ကို နှုတ်ဆက်ပါတယ်” ရှုပင်းပိုင်သည် ဝူတောက်၏ တပည့်တစ်ဦး ဖြစ်သော်ငြား သူသည် ဂျူနီယာ တစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များစွာနှင့် ရင်ဆိုင်နေရသည့်အခါ မောက်မာတကြီး ပြုမူမနေရဲဘဲ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်လေသည်။
“မောင်လေး ယဉ်ကျေးနေစရာ မလိုပါဘူး”
“ဟုတ်တယ်။ အပြင်လူတွေမှ မဟုတ်တာ။ ဒီလိုတွေ လုပ်နေစရာ မလိုဘူး။ လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တုန်းက ဒီကျိုး စီနီယာ ဝူတောက်နဲ့ မတော်တဆတွေ့ပြီး စီနီယာဝူတောက်ရဲ့ သင်ကြားပြသပေးမှုကြောင့် ဥာဏ်အလင်းပွင့်ခဲ့ရတယ်။ အဲ့တော့မှပဲ ဒီကျိုး တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တာ။ ရှင်းရှင်းပြောရရင် စီနီယာဝူတောက် ဒီကျိုးရဲ့ ဆရာတစ်ပိုင်းလို့တောင် ပြောလို့ရတယ်။ ဒီတော့ မင်းနဲ့ငါက ဆရာတူညီအစ်ကိုတွေပေါ့” လူထွားကြီးက ပြုံးလျက် ပြောလိုက်လေသည်။
“စီနီယာကျိုး မနောက်ပါနဲ့ဗျာ။ စီနီယာကျိုးကို ညီအစ်ကို ရောင်းရင်း ခေါ်ရလောက်တဲ့ အရည်အချင်းမျိုး ဒီဂျူနီယာမှာ မရှိသေးပါဘူး” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဟားဟားဟား။ စီနီယာဝူတောက် အလားအလာကောင်းတဲ့ တပည့်တစ်ယောက် တွေ့ထားတာပဲကွ။ ကောင်လေး၊ ကြိုးစားနော်၊ စီနီယာဝူတောက်ကို မျက်နှာ မပျက်စေနဲ့”
“စီနီယာ ပြောတာကို ဂျူနီယာ သေချာ မှတ်ထားပါ့မယ်” ရှုပင်းပိုင်က ပြန်ပြောလိုက်သည်။
“မင်း စီနီယာဝူတောက်နဲ့ ပြန်တွေ့ရင် ဒီလော့ နှုတ်ဆက်တယ်လို့လည်း ပြောလိုက်ဦး” လော့ဟိုင်က ဝင်ပြောလိုက်သည်။
“စီနီယာလော့ရဲ့ ပြောတာကို ဒီဂျူနီယာ ကျိန်းသေ ပြန်ပြောလိုက်ပါမယ်” ရှုပင်းပိုင်က ခေါင်းညိတ်၍ “ဆရာ တစ်ခါက ပြောဖူးတယ်။ ဘာမမျှော်လင့်ထားတာမှ မဖြစ်လာဘူးဆိုရင် ဒီကြယ်စီရင်စုထဲမှာ နောက်ထပ် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ချိုးဖျက်မယ့်လူက စီနီယာလော့ဟိုင်ပဲတဲ့”
ထိုစကားကို ကြားလိုက်ချိန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံဿူအားလုံး လော့ဟိုင်အား လေးစားတကြီး ကြည့်လိုက်ကြသည်။
“တကြယ်လား” လော့ဟိုင် မျက်ခုံးပင့်သွားခဲ့ပြီး ဂုဏ်ယူသွားသည့် အမူအရာဖြင့် အကျယ်ကြီး အော်ရယ်လျက် “အဲ့လိုဆိုမှတော့ ဒီလော့လည်း စီနီယာဝူတောက် မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားရတာပေါ့”
“စီနီယာ မြန်မြန် အောင်မြင်ပါစေလို့ ဒီဂျူနီယာ ဆုတောင်း ပေးပါတယ်”
“အင်း၊ မင်းတို့လည်း အပိုတွေ ပြောမနေဘဲ လုပ်စရာရှိတာ လုပ်ပေတော့” လော့ဟိုင်က ပြုံးလျက် ရန်ကိုင်အား စိတ်ဝင်တစား ကြည့်လိုက်သည်။
“ဒီက မောင်လေးကို ဘယ်လိုခေါ်ရမလဲ” လီဝမ်နင်က ပြုံးလျက် ရန်ကိုင်အား မေးလိုက်သည်။
အခြားသူများသည်လည်း ရန်ကိုင်အား ပြန်စိုက်ကြည့်လာခဲ့၏။
“ရန်ကိုင်”
“ရန်ကိုင်လား” ထိုနာမည်ကို ကြားလိုက်သည့်အခိုက် အကုန်လုံး မျက်မှောင်ကြုတ်သွားကြသည်။ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခေါင်းခါလိုက်ကြလေသည်။ ထိုနာမည်ကို သူတို့ တ်စခါမှ မကြားဖူးပေ။
ယေဘုယျကျကျ ပြောရသော် လူငယ်ပါရမီရှင်တိုင်း လိုလိုသည် ကြယ်စီရင်စုထဲ အနည်းနှင့်အများတော့ ကျော်ကြားကြ၏။ သို့သော် ရန်ကိုင်ဆိုသည့် နာမည်ကိုတော့ သူတို့ တစ်ခါမှ မကြားဖူးပေ။
“မင်းနာမည်ကို တစ်ယောက်ယောက် ပြောတာ ကြားဖူးတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ” လူအိုကြီးကျို တစ်ယောက်သာ အတွေး နက်နေခဲ့သည်။
“စီနီယာက….”
“သူက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူအိုကြီးကျိုပဲ” အမျိုးသမီးက မိတ်ဆက်ပေးလိုက်သည်။
“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့၏ “စီနီယာ ကျုပ်နာမည်ကို ရွှယ့်ယွယ်ဆီက ကြားဖူးတာ ဖြစ်လိမ့်မယ်”
ထိုအခါမှ လူအိုကြီးသည် သူစဉ်းစားနေသည့် အကြောင်းအရာကို ပြန်စဉ်းစားမိသွားသည့်အလား ခေါင်းညိတ်၍ “ဟုတ်တယ်၊ ဟုတ်တယ်။ ငါမင်းအကြောင်းကို တတိယသခင်လေး ဆီကနေ ကြားဖူးတာ။ အခုပဲမှ ငါပြန်မှတ်မိတော့တယ်။ တတိယသခင်လေး ဧကရာဇ်ဥယျာဉ်ထဲက ပြန်ရောက်လာကတည်းက မင်းနာမည်ကို တဖွဖွပြောနေတာ။ ညီလေး၊ မင်းတတိယသခင်လေးနဲ့ ရင်းနှီးလား”
“ဆိုပါတော့” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ ရင်းနှီးသည်ဟု ပြောမည့်အစား ထိုအမျိုးသမီးသည် သူ့အား အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ထစ်ပစ်ချင်နေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
“တကယ်ကို ကံတရားပဲ” လူအိုကြီးကျိုက ဝမ်းသာစွာ ပြုံးလျက် “တတိယသခင်လေး လူတစ်ယောက်ကီု ဒီလို မမေ့တာ တကယ် ရှားတယ်။ မင်းအရည်အချင်းနဲ့ဆို မင်းသာ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် ကျိန်းသေ ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ။ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ဘယ်လို လွှမ်းမိုးနိုင်စွမ်း ကြီးမားလဲ မင်းလည်း သိမှာပေါ့၊ ဟုတ်တယ်မလား”
“လူအိုကြီးကျို၊ ကျွန်မ အရင်ရောက်တာနော်။ ဒီလို ကြားဖြတ်ပြီး လုတာတော့ မကောင်းဘူးလားလို့” လူအိုကြီးကျိုမှ သူမအား ကျော်ပြီး ရန်ကိုင်အား သူ့တို့အဖွဲ့ထဲ ခေါ်နေသည်ကို မြင်သော် လီဝမ်နင် မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။
“အရင်လာမှ အရင်ပြောရမယ်လို့ ဘယ်သူပြောလဲ။ ပြောချင်တဲ့ ပြောလို့ရတာပဲ မဟုတ်ဘူးလား” လူအိုကြီးကျိုက ရယ်မောလျက် ရန်ကိုင်အား ဆက်၍ စည်းရုံးလိုက်လေသည် “ညီလေး၊ တတိယ သခင်လေး ရွှယ့်လျန် လူငယ်ပါရမီရှင်တွေကို ဂရုစိုက်တယ် ဆိုတာ ရှားရှားပါးပါပါးပဲ။ မင်းအရည်အချင်း၊ ခွန်အားနဲ့ဆို၊ မင်းသာ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်မယ်ဆို ဒီအချက်ကို ဒီလူအိုကြီး အာမခံပေးနိုင်တယ်…”
လူအိုကြီးကျိုမှ ရန်ကိုင်အား မက်လုံးပေးပြီး စည်းရုံး သိမ်းသွင်နေသည်ကို ကြည့်ရင်း အနီးအနား၌ ရှိနေသော ကျင့်ကြံသူများအားလုံး ရန်ကိုင်အား မနာလိုအားကျသည့် အကြည့်များဖြင့် ကြည့်လာကြလေကုန်သည်။ ရန်ကိုင် နေရာတွင် သူတို့သာ ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။
“သူပြောတာကို နားထောင်မနေနဲ့။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ဘာမှဒီလောက်ကောင်းတာ မဟုတ်ဘူး” လီဝမ်နင်က လှောင်ပြောင်ပြောဆိုလိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ “ငါတို့ ခရမ်းကြယ်ဆီကိုသာလာခဲ့၊ မောင်လေးသာ ငါတို့ ခရမ်းကြယ်ထဲ ဝင်မယ်ဆိုရင် လူအိုကြီးကျို ပြောသွားတဲ့ဟာတွေ အကုန်လုံး ဖြစ်စေရမယ်။ အဲ့ဒါအပြင်ကိုမှ မောင်လေးအတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆရာတစ်ဦးလည်း ထပ်ရှာပေးမယ်။ မောင်လေးသာ ဆန္ဒရှိရင် ဒီဘုရင်ကမကိုယ်တိုင် မောင်လေးကို သင်ကြားပြသပေးလို့ရတယ်။ ဘယ်လိုြလဲ”
“ကိုယ့်စကားကိုယ် တာဝန်မခံနိုင်ဘဲ ဇွတ်ပြောမနေနဲ့” မျိုးရိုးနာမည်လဲ့ ဆိုသည့် အဘွားကြီးက ဝင်ပြောလိုက်သည်။ သူမ၏ တုတ်ကောက်အား မြေကြီးပေါ်သို့ ထောက်လျက် ရန်ကိုင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “ကောင်လေး၊ သူတို့ ဂိုဏ်းတွေထဲ ဝင်နေမယ့်အစား ငါတို့ ဓါးအဖွဲ့အစည်းထဲပဲ နင်ဝင်သင့်တယ်။ ငါတို့ ဓါးအဖွဲ့အစည်းက လူငယ်သွေးသစ်တွေကို အမြဲတမ်း ကြိုဆိုတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ နင်သာ ငါတို့ ဓါးအဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် ဒီတံဆိပ်ပြားက နင့်အပိုင်ပဲ”
ပြောပြီးသည်နှင့် မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးသည် တံဆိပ်ပြား တစ်ခုကိုထုတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ထိုတံဆိပ်ပြားကို သတ္တုမဟုတ်၊ ကျောက်စိမ်းမဟုတ်သော ပစ္စည်းတစ်ခုခုဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ပေါ်တွင် ဓါးပုံစံ တံဆိပ်တစ်ခု ထိုးထွင်းထားလေသည်။
“ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲ တံဆိပ်ပြားလား”
“တကယ်ကြီး အကြီးအကဲ တံဆိပ်ပြာလား။ တန်ခိုးရှင် ဒုတိယအဆင့်လေးနဲ့ တကယ်ကြီး ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်လာနိုင်တာလား”
“စီနီယာလဲ့က တကယ် ရဲတာပဲ။ ဓါးအဖွဲ့အစည်း တစ်ခုလုံးမှာမှ အကြီးအကဲချုပ် ဆယ်ယောက်ပဲရှိတာ။ တစ်ယောက်ချင်းစီ တိုင်းကလည်း ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တွေချည်းပဲ”
“ကျွတ်ကျွတ်၊ အဲ့တံဆိပ်ပြားနဲ့ဆို ဓါးအဖွဲ့အစည်းက လူတော်တော်များများနဲ့ အရင်းအမြစ် တော်တော်များများကို ထိန်းချုပ်လို့ရတယ်။ ကျင့်ကြံဖို့အတွက်လည်း ဘာမှ ပူနေစရာ မလိုတော့ဘူး”
“အဲ့ကောင်လေး ဘာတွေများ ထူးခြားနေလို့ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ အများကြီး သူ့ကို လိုချင်နေကြတာလဲ”
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် တန်ခိုးရှင်တတိယ အဆင့် ပညာရှင်များကို လျစ်လျုရှုပြီး ထိုတန်ခိုးရှင် ဒုတိယ အဆင့်လေးကို ဘာကြောင့် သွားစည်းရုံးသိမ်းသွင်းနေကြမှန်းကို အကုန်လုံး နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သူတို့လည်း ထိုကောင်လေးအောက် မနိမ့်ကျပါဘူးမလား… ဘာကြောင့် သူတို့ကိုကျ မခေါ်ဘဲ ထိုကောင်လေးကိုမှ ရွေးပြီး ခေါ်နေကြရသနည်း။
လူအိုကြီးကျို၊ လီဝမ်နင်နဲ့ အဘွားကြီးလဲ့ဆို စလှုပ်ရှားနေသည်ကို မြင်သော် အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်အား စတင် ကမ်းလှမ်းကြတော့လေသည်။
ရန်ကိုင်အား လာမစည်းရုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ဦးသာရှိသည်။ ထိုလူသည် နယ်ပယ်ကျောက်တုံးဝယ်ရန် ဤနေရာသို့ ရောက်လာသည့် ပညာရှင် ဖြစ်ပေသည်။
“စီနီယာတို့ရဲ့ ရည်ရွယ်ချက်ကို ဒီဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်သည် အကုန်လုံး စကားပြောပြီးမှ ခေါင်းညိတ်၍ စပြောလေသည်။
သွေးအကျဉ်းထောင်မှ ထွက်လာပြီးပြီးချင်း ယခုကဲ့သို့ အာရုံစိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အကုန်လုံးသည် သူ့အား ဖော်ဖော်ရွေရွေဖြင့် ကမ်းလှမ်းနေကြခြင်း ဖြစ်သည်။
သို့သော်ငြား သူတို့ ပို၍ စိတ်အားထက်သန်နေလေ ရန်ကိုင် ပို၍ စိတ်ညစ်လာလေပင်။ ထိုလူအားလုံး သူ့အား ဤမျှ အားတက်သရော ဖိတ်ခေါ်နေကြခြင်းမှာ သွေးအကျဉ်းထောင်ထဲရှိ သူ့စွမ်းဆောင်ရည်ကို သိထားသည့် အတွက်ကြောင့် ဖြစ်သည်။
ထိုသို့ သိထားရခြင်းမှာလည်း လော့ဟိုင်ကြောင့် ဖြစ်၏။
ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး ချင်းတုန် အဆင့် တက်ပြီးသွားသည်နှင့် ချက်ချင်း ထွက်သွားရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။
“အဲ့ဒါဆို မောင်လေး ဘယ်လိုသဘောရလဲ” လီဝမ်နင်က မေးလိုက်၏။
လော့ဟိုင်ဆီမှတစ်ဆင့် ရန်ကိုင်မည်မျှ ထူးခြားကြောင့် သူတို့ သိခဲ့ရသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း သွေးအကျဉ်းထောင်ထဲသို့ တန်ခိုးရှင်ဒုတိယအဆင့်ဖြင့် ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည့်လူ တစ်ဦးမှ မရှိခဲ့ပေ။ ရန်ကိုင်သည် ပထမဆုံး ဖြစ်သည်။
ထိုတစ်ချက်တည်းနှင့်ပင် ရန်ကိုင်ကို သူတို့ အဖွဲ့ထဲသို့ခေါ်ရန် ထိုက်တန်နေလေပြီ။ ထို့အပြင် သူတို့ မြင်သလောက် ရန်ကိုင်သည် အလွန်ထူးခြားသည့် လူငယ်လေး တစ်ဦးဖြစ်သည်။
သူသည် ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ဦး ဖြစ်လေရာ မည်ကဲ့သို့ သူ့အား အလွယ်တကူ လက်လွတ်ခံနိုင်မည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၇)
တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ဦးသည် ရန်ကိုင် ပြန်ပြောမည်ကို ရပ်စောင့်နားထောင်နေခဲ့သည်။
အခြားသော ကျင့်ကြံသူများသည်လည်း ရန်ကိုင်အား အာရုံစိုက်နေခဲ့သည်။ ထိုအခိုက်တွင် အကုန်လုံးသည် ချင်းတုန် အဆင့်တက်နေသည်ကို သတိမထားမိကုန် ဖြစ်နေကြလေသည်။
ရှုပင်းပိုင်ကမူ ရန်ကိုင်ကို ပြုံး၍သာ ကြည့်နေခဲ့သည်။ သူ့အတွက်တော့ ရန်ကိုင်အား တန်ခိုးရှင်ဘုရင်အဆင့် အားလုံးမှ စိတ်ဝင်စားနေသည်မှာ အထူးအဆန်း မဟုတ်ချေ။
“စီနီယာတို့ရဲ့ ရည်ရွယ်ချက်ကို ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ဂျူနီယာကို အားလုံးထဲက ရွေးပြီး အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် ဂျူနီယာ တကယ်ကို ဂုဏ်ယူ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် စီနီယာတို့ရဲ့ ကြင်နာမှုကို ရရှိဖို့ ဂျူနီယာ ရေစက်မဆုံသေးဘူးနဲ့ တူတယ်”
“အို…” လူအိုကြီးကျို အံ့အားသင့်သွားခဲ့သည်။ တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်အားလုံး၏ ကမ်းလှမ်းမှုကို ရန်ကိုင် ငြင်းလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
“မောင်လေး၊ ဒီကိစ္စကို သေချာ ထပ်မစဉ်းစားချင်တော့တာ သေချာလား” လီဝမ်နင်လည်း အတော်လေး အံ့ဩနေ၏။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး ရန်ကိုင်သည် သူတို့၏ တောင်းဆိုချက်ကို မငြင်းဆိုဘဲ အားလုံးထဲမှ တစ်ယောက်၏ ကမ်းလှမ်းချက်ကို အနည်းဆုံး လက်ခံလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ရန်ကိုင်သည် သူတို့ အကုန်လုံး ငြင်းပစ်လိုက်၏။
ရပ်ကြည့်နေသည့် လူများလည်း အံ့အားသင့်ကုန်ကြသည်။
“ဒီကောင် ရူးနေတာလား။ ဒီလောက်ကောင်းတဲ့ အခွင့်အလမ်းတွေ သူ့ရှေ့ရောက်နေတာတောင် မယူတာ နှမြောဖို့ကောင်းလိုက်တာ”
“ဒီကောင့်ခေါင်း ထိထားတာ ဖြစ်လိမ့်မယ်။ ဒီကို လာတဲ့ အကုန်လုံးက အခွင့်အလမ်းတွေ အရင်းအမြစ်တွေအတွက် လာခဲ့တာ။ အခု အဲ့ဒါတွေ အကုန်လုံးကို သူ့ရှေ့ရောက်နေတာကို မယူဘဲ ငြင်းပစ်လိုက်တယ်ဆိုတော့ ငါဒီကောင့်ကို တကယ် နားမလည်နိုင်တော့ဘူး”
“စီနီယာကျိုး၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ကျုပ်ဝင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို ခေါ်ပါ”
“စီနီယာလဲ့၊ ကျုပ် ဓါးအဖွဲ့အစည်းကို လေးစားနေတာ ကြာပါပြီ။ ကျေးဇူးပြုပြီး ကျုပ်ကို လက်ခံပေးပါ”
“စီနိယာလီ…”
ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေသည်။ အငြင်းခံလိုက်ရသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ဦးစလုံး အတော်လေး စိတ်ကသိကအောက် ဖြစ်သွားကြသည်။ ထိုသို့သော အချိန်မျိုးတွင်မှ အခြားသူများ ရုတ်တရက် ထအော်ဟစ်နေကြသည်ကို မြင်သော် အကုန်လုံး ဒေါသထွက်သွားကြပြီး သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြလေတော့သည်။
ထိုအခါမှပဲ ပွစိညံနေသော လူအုပ်ကြီး ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
“မောင်လေး၊ နင်သေချာလား” လီဝမ်နင်က ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာလို့ သူတို့၏ ကမ်းလှမ်းချက်ကို နည်းနည်းမှ စိတ်မဝင်စားမှန်း သူမ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူတို့၏ ကမ်းလှမ်ချက်မှာလည်း အတော်လေးကို ကောင်းမွန်လှသည်ဟု ပြော၍ရသည်။ ထို့အပြင် သူသာ ဆန္ဒရှိလျှင် သူမကိုယ်တိုင် သူ့အား သင်ကြားပေးမည်ဟုပင် ပြောခဲ့သေးသည် မဟုတ်လော။
တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ သင်ကြားပြသခံရခြင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး မျှော်လင့်နေသည့် အရာတစ်ခု ဖြစ်ပေသည်။
သူလုံးဝ စိတ်မဝင်စားလေခြင်းလား။
ရန်ကိုင်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါလိုက်ပြီး “စီနိယာတို့ရဲ့ ကမ်းလှမ်းချက်ကို ဂျူနီယာ ငြင်းပယ်ပါရစေ။ အခုလောလောဆယ် ဂျူနီယာ ဘယ်အဖွဲ့အစည်းထဲကိုမှ မဝင်ချင်သေးလို့ပါ”
ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး နှမြောတသ ဖြစ်သွားကြသည်။ ရန်ကိုင်ကဲ့သို့ ပါရမီရှင်တစ်ဦးကို တွေ့ဖို့ရန်မှာ အလွန်ကိုမှ ခက်ခဲလှရာ နောက်တစ်ကြိမ် ဘယ်လောက်ကြာမှ ပြန်တွေ့နိုင်မလဲ ဆိုသည်ကို ပြောရခက်လှပေသည်။
“ဒီက ညီငယ်လေးက မင်းတို့ကို ငြင်းလိုက်ပြီဆိုတော့ ဒီကိစ္စကို ဆက်ပြောနေစရာ မလိုတော့ဘူး။ သူ့အပြင် အခြား ရွေးလို့ရတဲ့ လူတွေ အများကြီးလည်း ရှိနေသေးတာပဲ” လော့ဟိုင်က ပြုံးလျက် ပြောလိုက်၏။
“အင်း။ အတင်းခူးတဲ့ ဖရဲသီးက မချိုဘူးတဲ့။ ဒီလူအိုကြီး မင်းကို ဆက်တွန်းအားမပေးတော့ဘူး။ ဒါပေမယ့် မင်းစိတ်ပြောင်းသွားလို့ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်ချင်တယ်ဆိုရင် ရေလကြယ်ကိုလာပြီး ဒီလူအိုကြီးကိုသာ လာရှာလိုက်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်။ ဒီလူအိုကြီး ပြောတဲ့ အခြေအနေတွေကလည်း လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူး” လူအိုကြီးကျိုက ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။
“ဓါးအဖွဲ့အစည်းလည်း အတူတူပဲ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက ချက်ချင်း ပြောလိုက်သည်။
အခြားတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်သာ စိတ်ပြောင်းသွားခဲ့လျှင် သူတို့ဆီ အချိန်မရွေး လာနိုင်ကြောင်း အသီးသီး ပြောသွားကြလေသည်။
…
ထို့နောက် အကုန်လုံး ပြန်ထွက်သွားကြပြီး ထူးချွန်သည့် လက်ရွေးစင် ပါရမီရှင်များကို လိုက်ရှာကြတော့လေသည်။
သူတို့ တောင်စိမ်းကြယ်သို့ လာရခြင်းမှာ သွေးအကျဉ်းထောင်၌ လာရောက်ယှဉ်ပြိုင်သည့် သူတို့၏ တပည့်များကို လာပို့ပေးခြင်း ဖြစ်သလို ပါရမီရှင်အသစ်များကို လာရောက် စုဆောင်းခြင်းလည်း ဖြစ်ပေသည်။
ရန်ကိုင်၏ စွမ်းဆောင်ရည်သည် အလွန်ကိုမှ မျက်စိဖမ်းစားစရာ ဖြစ်နေသဖြင့် အကုန်လုံး၏ ပထမပစ်မှတ် ဖြစ်လာခဲ့ရခြင်း ဖြစ်၏။ သို့သော် ရန်ကိုင် သူတို့အဖွဲ့အစည်းများထဲသို့ ဝင်ရန် စိတ်မဝင်စားသေးသည့် အတွက်ကြောင့် အခြားသူများကို လိုက်ရှာရတော့ပေသည်။
လော့ဟိုင်ကမူ မလှုပ်ရှားချေ။
ရန်ကိုင်က လော့ဟိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ “အခုလို ကူညီပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”
လော့ဟိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဘာမှမဖြစ်ဘူး။ ဒီဘုရင်က တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲ။ ဒီဘုရင် လုပ်သင့်တာကို ဒီဘုရင်လုပ်တာ။ ဘာမှ ကျေးဇူးတင်နေစရာ မလိုဘူး။ မင်းစိတ်ပူနေတဲ့ပုံကို ကြည့်ရတာ အခု အဆင့်တက်နေတဲ့လူက မင်းရဲ့ မိတ်ဆွေလား”
ရန်ကိုင်ကလည်း ငြင်းမနေခဲ့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်၏ “ဟုတ်ပါတယ်။ သူက ကျုပ်ရဲ့ အကြီးအကဲတစ်ဦးပါ”
“အခြားသူတွေ ကမ်းလှမ်းတာကို မင်းစိတ်မဝင်စားတာ မထူးဆန်းတော့ပါဘူးလေ။ လတ်စသတ်တော့ သူက မင်းရဲ့ အကြီးအကဲတစ်ဦး ဖြစ်နေတာကိုး” လော့ဟိုင်သည် တစ်ခုခုကို နားလည်သွားသည့်အလား ရယ်သွမ်းသွေးလျက် “ဒီဘုရင် သိချင်နေတာလေး တစ်ခုရှိတယ်။ မင်းတို့ ဘယ်က လာကြတာလဲ။ မင်းတို့ အကုန်လုံးက သာမန်လူတွေထက်ကို ထူးချွန်နေလို့ တစ်ချက် မေးကြည့်တာ”
ပြောနေရင်း ယန်ရှုကျို၊ ချူဟန်းရီနှင့် လင်းယုရောင်တို့ဆီ လှမ်း၍ ကြည့်လိုက်သည်။ ထိုသုံးယောက်စလုံးသည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်အဆင့်ထိသို့ရောက်အောင် ကျင့်ကြံထားကြသူများ ဖြစ်ကြသည်။ သူတို့အနေဖြင့် ရှီစွမ်းအင်ကို ပို၍ နက်နက်နဲနဲ နားလည်ပြီး နယ်ပယ်၏ စွမ်းအားကို ဖမ်းဆုပ်နိုင်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။
တစ်နည်းဆိုရသော် ထိုသုံးယောက်သည် တန်ခိုးရှင်တတိယ အဆင့်ထဲတွင်မှ ထိပ်ဆုံးအဆင့်များ ဖြစ်ကြသည်။
ရန်ကိုင် မျက်ခုံးကြုံ့သွားခဲ့သည်။ သူ့စိတ်ထဲ အနည်းငယ် တုန့်ဆိုင်းနေမိသော်ငြား ပြန်၍တော့ ပြောလိုက်ပေသေးသည် “အရိပ်ကြယ်ကပါ”
“အရိပ်ကြယ်…” လော့ဟိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုကြယ်အကြောင်း သူတစ်ခါမှ မကြားဖူးချေ။ ရန်ကိုင်အား တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် အဓိပ္ပါယ်ပါပါပြုံးလျက် ပြောလိုက်၏ “ကြယ်ကောင်းတစ်လုံး ဖြစ်လောက်တယ်”
ရန်ကိုင်သည် ပါးစပ်ထဲရှိရာ နာမည်တစ်လုံးကို လုပ်ကြံ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အခြားဘက်သို့ ကြည့်၍သာ အတွေးနက်သွားတော့သည်။
ရန်ကိုင်ကမူ ချင်းတုန်ကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။
ချင်းတုန်၏ ရှီစွမ်းအင်သည် အဆက်မပြတ် ကျယ်ပြန့်လာနေရာ ယခုဆိုလျှင် မီတာတစ်ချောင် အချင်းဝက်သို့ပင် ရောက်ရှိနေခဲ့လေပြီ။ ရှီစက်ကွင်းအတွင်းရှိ လေပြင်းများမှာလည်း ပို၍ ပြင်းထန်းလာနေခဲ့ပြီး မုန်တိုင်းငယ်များသည် အတူတကွ ပေါင်းစပ်၍ မုန်းတိုင်းကြီးများ ဖြစ်သွားနေကုန်ကြသလို မုန်းတိုင်းကြီးများသည်လည်း မြောက်များစွာသော မုန်းတိုင်ငယ်များ အဖြစ်သို့ အဆက်မပြတ် ကွဲထွက်နေကြ၏။
ထို့အပြင် အဆက်မပြတ် စုဝေးလာနေသော မိုးမြေစွမ်းအင်များကြောင့် ချင်းတုန်ရှိရာ ကောင်းကင်ပြင် တစ်ခုလုံး မည်းမှောင်အုံ့ဆိုင်းနေခဲ့လေပြီ။
ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် ထိတ်လန့်မိသွားခဲ့သည်။
ထိုအနက်ရောင် တိမ်တိုက်များထဲတွင် ရှိနေသော မိုးမြေစွမ်းအင် ပမာဏသည် သူကိုယ်တိုင်ပင် ကြောက်ရလောက်အောင်ကို သိပ်သည်းများပြားလွန်းလှပေသည်။
မိုးမြေစွမ်းအင်များသည် ထိုမျှလောက်နှင့် အဆုံးမသတ်သေးဘဲ တဖြည်းဖြည်း ဆက်လက်၍ များပြားလာနေသေးသည်။
အချိန်ကြာလာသည်နှင့်အမျှ ဆူညံ့ပွတ်လောက်ရိုက်နေသော ပတ်ဝန်းကျင်ကြီး တစ်ခုလုံး တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ ပါရမီရှင်များကို သွားစုဆောင်းနေကြသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများလည်း ပြန်ရောက်လာကုန်ကြလေပြီ။ အကုန်လုံးသည် ပါရမီရှင်အသီးသီး ရှာတွေ့လာကြသည်။ သို့သော် ထိုပါရမီရှင်များအပေါ် သူတို့၏ ကမ်းလှမ်းချက်များသည် ရန်ကိုင်အား ကမ်းလှမ်းခဲ့သည်နှင့် ယှဉ်လျှင် အလွန်ကိုမှ ကွာခြားလွန်းလှပေသည်။
အသစ် စုဆောင်းမိလာခဲ့သော ပါရမီရှင်များသည် စမ်းသပ်ချက်များကို ဖြတ်ကျော်ရုံမက၊ ထိုစမ်းသပ်ချက်များကို ဖြတ်ကျော်နိုင်လျှင်ပင် ရန်ကိုင်ကဲ့သို့ ရက်ရက်ရောရော ကမ်းလှမ်းခြင်း မခံခဲ့ရပေ။
သို့သော်ငြား မည်သူမှ အထွန့်မတက်ရဲခဲ့။
လက်ရှိတွင် အကုန်လုံး၏ အကြည့်သည် ချင်းတုန် ရှိနေသည့် နေရာဆီသို့သာ စုပြုံရောက်ရှိနေခဲ့လေသည်။
မကြာမီ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် လော့ဟိုင်ဆီမှ တစ်ခုခု သိလိုက်ရသည့်အလား ရန်ကိုင်အား အံ့အားသင့်နေသည့် အကြည့်များဖြင့် ကြည့်လျက် “ညီလေး၊ အခု အဆင့်တက်နေတဲ့ လူက မင်းရဲ့ အကြီးအကဲလား”
“ဟုတ်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“သူ့စိတ်နေစရိုက်ကလည်း မင်းနဲ့ အတူတူပဲလား” လူအိုကြီးကျိုက မေးလိုက်သည်။
ရန်ကိုင်အား မခေါ်နိုင်ခဲ့သည်ကို နောင်တရမိသော်လည်း ချင်းတုန်ကိုသာ ခေါ်နိုင်လျှင် ကိစ္စမရှိတော့ချေ။ ချင်းတုန်သည် ရန်ကိုင်ထက် ပို၍ တန်ဖိုးရှိပေသည်။
ရန်ကိုင်သည် ပါရမီရှင်ကောင်းတစ်ဦး ဖြစ်သော်ငြား သူ့အနာဂတ်မှာ မသေချာသေးချေ။
ကြယ်စီရင်စုထဲတွင် မရေမတွက်နိုင်သော ပါရမီရှင်ပေါင်းများစွာ ရှိသော်ငြား သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့သည့် ပါရမီရှင်အရေအတွက် ဘယ်လောက်များ ရှိပါသနည်း။ သို့သော် အချို့ ပါရမီမြင့်မားခြင်း မရှိလှသည့် လူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေသွားကြဘဲ အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် အဆုံးတွင် ရယ်မောနိုင်သည့်လူများ ဖြစ်လာကြသလို ပါရမီရှင်များ မော့ကြည့်ရသည့် လူများလည်း ဖြစ်လာကြလေသည်။
လက်ရှိ ရှိနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များထဲတွင် ထိပ်တန်းအဆင့် ပါရမီရှင်များ တစ်ဦးမှ မပါဝင်ကြချေ။ သို့သော် ယခုမူ သူတို့အားလုံးသည် ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်နေကြလေပြီ။
ထို့ကြောင့် ချင်းတုန်သည် ရန်ကိုင်ထက် ပိုအဖိုးတန်နေရခြင်း ဖြစ်သည်။ ရန်ကိုင်၏ အနာဂတ်မှာ ပြော၍ မရသေးသော်ငြား ချင်းတုန်သာ ဤကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်လျှင် အစစ်အမှန် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦးသည် အင်အားစုကြီး တစ်ခု၏ ခွန်အားကို သိသိသာသာ တိုးတက်သွားစေနိုင်သည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး ချင်းတုန်ကို သူတို့ အဖွဲ့ထဲသို့ ခေါ်ယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားမည်မှာ သေချာသလောက် ရှိသည်။
သို့သော် ဤအရာအားလုံး ချင်းတုန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်၊မနိုင်ပေါ် မူတည်နေပေသည်။
“စီနီယာတို့ သူ့ကို ခေါ်ချင်လို့လား”
“ဟုတ်တယ်” လူအိုကြီးကျိုက ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုရင် စီနီယာတို့ သူနဲ့ စကားပြောကြည့်လိုက်လေ။ သူလက်ခံရင်တော့ ဂျူနီယာ ဘာမှ ပြောမှာ မဟုတ်ဘူး”
“ဘာလို့မင်း…” လူအိုကြီးကျို ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
ထိုကိစ္စ ယာယီ ရပ်တန့်သွားပြီးနောက် အကုန်လုံး ချင်းတုန်ကို တစ်ဖန်ပြန်အာရုံစိုက်လိုက်ကြသည်။
အချိန်တစ်ခုသို့ရောက်သော် ရန်ကိုင် ရုတ်တရက် မျက်မှောင် ကြုတ်သွားပြီး ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်တိုက်များကို မော့ကြည့်လိုက်၏။
အနက်ရောင်တိမ်တိုက်များသည် အနီးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်များကို အဆက်မပြတ် ဆွဲယူနေသော်လည်း ချင်းတုန်၏ အဆင့်တက်ခြင်းဖြစ်စဉ် ဘာကြောင့် အစမပြုသေးသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
အဆင့်ကြီးတစ်ဆင့်သို့ တက်ရာတွင် မိုးမြေကောင်းချီနှင့် ကြုံရလေ့ရှိသည်။ မိုးမြေကောင်းချီနှင့် ကြုံပြီးမှသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုကိစ္စတွင်မူ မိုးမြေကောင်းချီးသည် အချိန် အတော်ကြာပြီးသည့်တိုင် မစတင်သေးခဲ့ပေ။
“ရောင်းရင်းရန်၊ ဒီမိုးမြေစွမ်းအင်ပမာဏက မလုံလောက်ဘူး” ရှုပင်းပိုင်းက ရန်ကိုင်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။
“မလုံလောက်တာ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်။ ငါကလည်း တန်ခိုးရှင်အထွဋ်အထိပ်အဆင့်မှာ ဆိုတော့ တန်ခိုးရှင်ဘုရင်အဆင့်ကို ကြိုက်တဲ့အချိန် ချိုးဖျက်လို့ ရတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ခင် မိုးမြေစွမ်းအင် သိပ်သည်းတဲ့ နေရာတစ်ခုကို သေချာရှာဖို့ ဆရာက ငါ့ကို သတိပေးထားတယ်” ရှုပင်းပိုင်က ရှင်းပြလိုက်သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
တောင်စိမ်းကြယ်သည် မိုးမြေစွမ်းအင် ကြွယ်ဝသော်ငြား အခြား ပိုကောင်းသည့် နေရာများ ရှိပေသေးသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်လေး ကြွယ်ဝသော်ငြား ချင်းတုန် အဆင့်တက်ခြင်း ဖြစ်စဉ်ကို ထောက်ပံ့ပေးနိုင်သည့် လုံလောက်သော ပမာဏ ရှိမနေခဲ့ပေ။
“အဲ့ဒါကို ဖြေရှင်းလို့ရတဲ့ နည်းလမ်း ရှိလား” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်သည်။
“ရှိတာပေါ့” ရှုပင်းပိုင် ပြန်မဖြေခင် လူအိုကြီးကျိုက ရယ်ရယ်မောမောဖြင့် ဝင်ပြောလိုက်သည် “မိုးမြေစွမ်းအင် မလုံလောက်ဘူး ဆိုမှတော့ ကိုယ်ဘက်က ထောက်ပံ့ပေးရမှာပေါ့။ ဒီလို အခြေအနေမျိုးမှာ သူတော်စင် သလင်းကျောက်က အကောင်းဆုံး အဖြေပဲ။ ညီငယ်လေး၊ မင်းမှာ သူတော်စင် သလင်းကျောက် အများကြီး မရှိရင် ဒီလူအိုကြီးဆီက ချေးလို့ ရတယ်နော်။ ဒီလူအိုကြီးမှာ သူတော်စင်သလင်းကျောက် အများကြီး မရှိပေမယ့် အခုကိစ္စကို ဖြေရှင်းဖို့ လုံလောက်တဲ့ ပမာဏတော့ ရှိပြီးသား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၈)
“ဒီဘုရင်မမှာလည်း သူတော်စင်သလင်းကျောက်တွေ ရှိတယ်နော်” လီဝမ်နင်က နှုတ်ခမ်းကွေးလျက် ပြုံးကာ ပြောလိုက်သည်။
ရန်ကိုင်ကမူ သူတို့ကိုသာ လျစ်လျူရှုထားလိုက်သည်။ ထိုလူများ ဘာကြံနေလဲ သူမသိဘဲ နေမည်လား။
ယခုအချိန်တွင် သူသာ ထိုလူများဆီမှ သူတော်စင်သလင်းကျောက် ချေးယူလိုက်ပါက၊ ချင်းတုန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့လျှင် ချင်းတုန် အနေဖြင့် သူတို့အပေါ် အကြွေးတင်သွားပေလိမ့်မည်။
“ခင်ဗျားတို့မှာ သူတော်စင်သလင်းကျောက် ဘယ်လောက်ကျန်သေးလဲ” ရန်ကိုင်က ရန်ရှုကျုနှင့် အခြားသူများ ဘက်သို့လှည့်၍ မေးလိုက်သည်။
ရန်ရှုကျုနှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လျက် သူတို့၏ သူတော်စင်သလင်းကျောက်များကို ထုတ်၍ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။
“ဒါအကုန်ပဲလား” သူတော်စင်သလင်းကျောက် အရေအတွက်ကို အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့တွင် စုစုပေါင်းမှ သူတော်စင်သလင်းကျောက် ငါးသန်းသာ ရှိသည်။
ဤပမာဏသည် မနည်းလှချေ။ တစ်ယောက်ချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်ထက်ပင် ပိုသေး၏။ ထို့အပြင် အရိပ်ကြယ်မှ ထွက်လာစဉ်က သူကိုယ်တိုင်လည်း သူတော်စင် သလင်းကျောက်များကိုလည်း ယူလာခဲ့သေးသည်။
သို့သော် ထိုသူတော်စင်သလင်းကျောက်များကို ထုန်းရွှမ်လောကကြီးတွင် သူ့စီနီယာမမလေး ကြယ်အမြူတေကို သန့်စင်နေစဉ် အသုံးပြုလိုက်သည့်အတွက် အကုန်လုံးနီးပါး ကုန်သွားခဲ့လေပြီ။
ထို့ကြောင့် လောလောဆယ် ရန်ကိုင် လက်ထဲတွင် သူတော်စင် သလင်းကျောက် အများကြီး ရှိမနေတော့ချေ။
သိုလှောင်လက်စွပ် တစ်ခုလုံးကို နေရာလပ်မကျန်အောင် လိုက်ပတ်ရှာကြည့်လိုက်သော်လည်း မီထျန်း၊ ရွှယ့်လျန်၊ လဲ့ဖုန်းနှင့် အခြားသူများ၏ သိုလှောင်လက်စွပ်များများထဲမှ သူတော်စင် သလင်းကျောက်များပါ ပါမှ နောက်ထပ် သူတော်စင်သလင်းကျောက် ငါးသန်းလောက်သာ ထပ်ရ၏။
သွေးအကျဉ်းထောင်ထဲတွင် လာရောက်ယှဉ်ပြိုင်လေရာ ဘာကြောင့်များ သူတော်စင်သလင်းကျောက်များ အများကြီး ယူလာခဲ့မည်နည်း။
“မင်းမှာမလောက်ရင် ငါနည်းနည်းလောက် ချေးပေးလို့ရတယ်” ရန်ကိုင်၏ အမူအရာကို မြင်သော် ရှုပင်းပိုင်က ပြောလိုက်၏။
“ငါမင်းဆီက ဘယ်လိုတောင်းနိုင်မှာလဲ” ရန်ကိုင် သက်ပြင်း ချလိုက်၏။ သူ့တွင် သူတော်စင်သလင်းကျောက် ရှားပါးသည့် တစ်နေ့ ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အတိတ်တွင် သူသည် သူတော်စင်သလင်းကျောက်များကို ရေလို သုံးဖြုန်းပစ်ခဲ့သည်။
“ဘာလို့ မတောင်းနိုင်ရမှာလဲ။ သူတော်စင် သလင်းကျောက်ပဲကို” ရှုပင်းပိုင်က ပြုံးဖြီးလျက် “ဒါပေမယ့် ငါ့မှာလည်း အများကြီးတော့ မရှိဘူး။ သန်းနှစ်ဆယ်လောက်ပဲ ရှိတယ်”
“အဲ့လောက်ဆို လုံလောက်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ကျေးဇူးပဲကွာ ရောင်းရင်းရှုရာ”
“မလိုပါဘူး။ တစ်နေ့နေ့ကျရင် ငါမင်းဆီက ပြန်အကူအညီ လိုအပ်လာတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲ့အခါကျရင်တော့ ရောင်းရင်းရန် မငြင်းနဲ့နော်” ရှုပင်းပိုင်က ပြုံးလျက် သိုလှောင်လက်စွပ်တစ်ကွင်းကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်၏။
ရန်ကိုင်က သိုလှောင်လက်စွပ်ကို ယူလိုက်ရင်း ခေါင်းညိတ်၍ “ရောင်းရင်းရှုရဲ့ အကြွေးကို ဒီရန် သေချာ မှတ်ထားမှာပါ။ ရောင်းရင်းရန် ငါ့အကူအညီလိုတဲ့ တစ်နေ့၊ ပြောသာပြောလိုက်”
“တစ်နေ့ကျရင် လိုကောင်းလိုလာမှာပေါ့” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။
သန်းသုံးဆယ်သည် အလွန် များပြားခြင်း မရှိသော်လည်း နည်းလည်းမနည်းချေ။
သို့သော်လည်း ဤမာဏသည် ချင်းတုန် အဆင့်ချိုးဖျက်ရန်အတွက် လိုအပ်လောက်ပေသည်။ ဤနေရာရှိ မိုးမြေစွမ်းအင် ပမာဏသည် အရမ်းကြီး ကျဲပါးနေခြင်းမျိုး မဟုတ်ဘဲ နည်းနည်းလောက်သာ လျော့ပါးနေခြင်း ဖြစ်သည်။
ရန်ကိုင် ရှုပင်းပိုင်ဆီမှသာ အကူအညီတောင်းသည်ကို မြင်သော် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ကူကယ်ရာမဲ့စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထိုလူများ ဘာတွေးနေမှန်း သူသိသလို သူဘာတွေးနေလဲ ဆိုသည်ကိုလည်း ထိုလူအားလုံး ကောင်းစွာ သိမည်မှန်း ရန်ကိုင် နားလည်ထားသည်။
သို့သော်ငြား ရေးကြီးခွင်ကျယ် လုပ်မနေခဲ့ဘဲ လူအိုကြီးကျိုက သတိပေးလိုက်လေသည် “ကောင်လေး၊ ပို့မယ်ဆိုရင် မြန်မြန် သွားပို့လိုက်တော့။ နှောင့်နှေးနေရင် ပြဿနာတွေ များလာလိမ့်မယ်”
“အခုလို သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်၍ အသက်ပြင်းပြင်း ရှူသွင်းလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ထို့နောက် ရန်ကိုင်၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပရမ်းပတာ ဖြစ်နေသော မုန်တိုင်းထဲသို့ တိုးဝင်သွားလေသည်။
အကုန်လုံးသည် ရန်ကိုင်ကို အာရုံစိုက်နေခဲ့ကြသည်။
မရေမတွက်နိုင်သော မုန်တိုင်းများသည် ဟိုမှသည်သို့ ကူးကလန်ခတ် တိုက်ခတ်နေသော်ငြား ရန်ကိုင်၏ ပုံရိပ်သည် ထိုလေမုန်တိုင်းများကြား ပေါ်လိုက်ပျောက်လိုက်ပြီး မုန်တိုင်း၏ အလယ်ဗဟိုဆီသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်သွားနေခဲ့လေသည်။
ချင်းတုန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရှီစွမ်းအင်သည် ရန်ကိုင်အား ချင်းတုန်ဆီသို့ မရောက်နိုင်အောင် တားဆီးနေသော အတားအဆီး တစ်ခု ဖြစ်ပေသည်။
ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသောရှီသည် နယ်ပယ်နှင့် ယှဉ်နိုင်လောက်အောင် အားကောင်း၏။ သို့သော်လည်း နယ်ပယ်ဝဲကတော့များစွာကို ဖြတ်ကျော်လာသည့် လူတစ်ယောက် ဖြစ်သည့်အတွက် ချင်းတုန်၏ ရှီသည် ရန်ကိုင်အတွက် အလွန် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်မနေခဲ့ချေ။ သူ့ရှီစွမ်းအင်ကို ချင်းတုန်၏ ရှီစွမ်းအင်ထဲ ပေါင်းစပ်ပြီး ချင်းတုန်ရှိရာဆီသို့ အလျင်အမြန် ပြေးထွက်သွားလေသည်။
ဤနည်းဖြင့် ချင်းတုန် အဆင့်တက်နေသည်ကို နှောင့်ယှတ်ရာလည်း မကျတော့ချေ။
“ဒီကောင်လေးက တကယ် မဆိုဘူးပဲကွ” လူအိုကြီးကျို၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။
“အခြားတစ်ယောက်ရဲ့ ရှီစွမ်းအင်ထဲ သူ့ရှီကို ရောယှတ်လိုက်နိုင်တာ ဆိုတော့ ဒီကောင်လေးရဲ့ ရှီက သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေရဲ့ရှီထက် အများကြီး ပိုအားနေတာပဲ”
“အချိန်သာပေးလိုက်ရင် ဒီကောင်လေး ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မယ်”
အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် ချင်းတုန် အနီးသို့ ရန်ကိုင် ရောက်လာခဲ့သည်။
လက်ရှိတွင် ချင်းတုန်သည် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ရန်ကိုင် ရောက်လာသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်၏။ ရန်ကိုင် ဖြစ်နေမှန်း သိလိုက်သည့်နောက် မျက်လုံး ပြန်ပိတ်သွားခဲ့လေ၏။
ရန်ကိုင်သည် နည်းနည်းလေးမှ နှောင့်နှေးမနေရဲဘဲ သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက် အားလုံးကို ထုတ်ယူလိုက်ပြီး ချင်းတုန်ရှေ့ ပုံချပေးလိုက်သည်။
“အကြီးအကဲချင်း၊ ဒါတွေကို ယူထားလိုက်။ အရေးကြုံရင် အသုံးဝင်လာလိမ့်မယ်” ရန်ကိုင်က ရုတ်တရက် ချင်းတုန်ဆီ ကျောက်စိမ်းပုလင်း တစ်ပုလင်း ပစ်ပေးလိုက်၏။
ပေးစရာရှိသည့်အရာ အားလုံးကို ပြန်ပေးလိုက်ပြီးနောက် ချင်းတုန်ဆီမှ ပြန်ထွက်လာခဲ့လေသည်။
ခဏအကြာတွင် မူလနေရာသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။
သူအပြင်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချင်းတုန် ရှိရာဆီမှ ထိတ်လန့်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ရုတ်တရက် ဖြာထွက်လာခဲ့၏။
ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခု ထောင်တက်လာခဲ့လေ၏။ ထိုအလင်းတန်းနှင့်အတူ ရန်ကိုင် ချင်းတုန်အား ပေးခဲ့သည် သူတော်စင်သလင်းကျောက် သန်းသုံးဆယ်စလုံး တစ်စစီ အမှုန်များ ဖြစ်သွားကုန်ကြလေသည်။ ထိုသူတော်စင်သလင်းကျောက် အားလုံးထဲတွင် ရှိနေသော စွမ်းအင် အားလုံးကို ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များမှ ဆွဲယူသွားခဲ့ခြင်း ဖြစ်သည်။
သူတော်စင် သလင်းကျောက်များထဲရှိ စွမ်းအင်များကို စုပ်ယူပြီးနောက် ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်ကြီးသည် ရုတ်တရက် သိပ်သည်း ထူထည်းလာခဲ့လေသည်။
ထိတ်လန့်ဖွယ်ရာ မိုးချုန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“စနေပြီ” လော့ဟိုင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
နောက်ဆုံးတွင် ချင်းတုန်၏ အဆင့်တက်ခြင်းဖြစ်စဉ် စတင်ခဲ့လေပြီ။
တစ်ချိန်တည်းတွင် ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့၏။ အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ထိုစွမ်းအင်ကို ခံစားမိလိုက်သည့်အခိုက် အတွေးနက်သွားကုန်ကြလေသည်။ အကုန်လုံးသည် ထိုဆန်းကြယ်သော စွမ်းအင်ကို နားလည်သဘောပေါက်ဆောင် စတင် ဆင်ခြင်သုံးသပ်တော့လေသည်။
ဤအရာသည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး အဆင့်တက်ရာမှ ထွက်ပေါ်လာသော နယ်ပယ်စွမ်းအား ဖြစ်သည့်အတွက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်ပေ၏။
မိုးမြေကောင်းချီ ပထမတစ်လှိုင်း ကျဆင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေ၏။ ထိုလှိုင်းကြောင့် မိုင်တစ်သောင်းပတ်လည် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရ၏။ ထိုအဖြစ်အပျက်ကို ကြည့်ရင်း တန်ခိုးရှင်အဆင့် ပညာရှင်များစွာ မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။
ထိုလူများသည် သူတို့ကိုယ်သူတို့ ချင်းတုန်နေရာတွင် ဝင်ခံစားကြည့်နေခြင်း ဖြစ်သည်။ သူတို့ လက်ရှိခွန်အားဖြင့် ထိုစွမ်းအားကို မည်သို့မှ တောင့်ခံနိုင်လိမ့်မည် မဟုတ်မှန်းလည်း နားလည်ထားကြသည်။ ချင်းတုန်နေရာတွင် သူတို့သာဆိုပါက ထိုမိုးမြေစွမ်းအင်စွမ်းအင်အောက်တွင် စိစိညက်ညက်သာ ကြေသွားရပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ အဆင့်တက်ခြင်းသည် ဤမျှပင် ကြောက်မက်ဖွယ်ကောင်းသည်လား…
ချင်းတုန် အဆင့်တက်နေသည်ကို ကြည့်ရင်း လူအချို့မှာ ယုံကြည်ချက် ပျောက်ချင်သလိုလို ဖြစ်လာကြသလို အချို့မှာမူ ပို၍ စိတ်အားထက်သန်လာကြ၏။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ချင်းတုန်ကို အာရုံစိုက်နေသလို ပတ်ပတ်လည်ရှိ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများကိုလည်း အာရုံစိုက်နေခဲ့သည်။ မည်သူကများ ပျိုးထောင်ပေးရန် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်မလဲ ဆိုသည်ကို စူးစမ်း
ပထမတစ်လှိုင်း ကျဆင်းလာပြီးနောက် မကြာခင်မှာပဲ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း စသဖြင့် တစ်လှိုင်းပြီးတစ်လှိုင်း ကျဆင်းလာခဲ့လေသည်။
မကြာမီ ကြောက်မက်ဖွယ်ရာ မိုမြေစွမ်းအင်များသည် ရပ်တန့်ခြင်းမရှိဘဲ ချင်းတုန်အပေါ်သို့ တောက်လျှောက် ကျဆင်းလာလေတော့သည်။
ချင်းတုန်၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူ့အော်သံအရ မည်မျှပြင်းထန်သော ဖိအားကို သူခံစားနေရသလဲ ခန့်မှန်းကြည့်နိုင်၏။
ချင်းတုန်၏ ရှီစွမ်းအင်သည်လည်း တဖျက်ဖျက် လှုပ်ခါနေပြီး တဖြည်းဖြည်းနှင့် အခြားသော စွမ်းအင်တစ်မျိုး အဖြစ်သို့ စတင် ပြောင်းလဲနေခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်တို့ ပို၍ စိတ်ပူလာခဲ့ရလေသည်။
ချင်းတုန်၏ အော်သံသည် တဖြည်းဖြည်း တိုးညင်းလာသလို သူအရှိန်အဝါမှာလည်း အားပျော့သည်ထက် အားပျော့လာနေ၏။ သူ့အသက်စွမ်းအင် ဆိုလျှင်လည်း အတော်လေးကိုမှ အားနည်းနေခဲ့လေပြီ။
လက်ရှိ ချင်းတုန်သည် မုန်တိုင်းအလယ်ထဲ ရောက်နေသော လှေငယ်လေး တစ်စင်းနှင့်ပင် တူနေသည်။
“အခြေအနေ သိပ်မကောင်းဘူး” လူအိုကြီးကျိုက ရေရွတ်လိုက်၏။
“ဟုတ်တယ်။ ဒီမိုးမြေကောင်းချီက ကျွန်မကြုံခဲ့တာထက်တောင် အများကြီး ပိုအားကောင်းနေတယ်” လီဝမ်နင်းလည်း မျက်မှောင် ကြုတ်သွားခဲ့သည်။
“မိုးမြေစွမ်းအင် ပိုအားကောင်းလေ ရတဲ့ စွမ်းအားကလည်း ပိုမြင့်လေပဲ။ အဆင့်ချိုးဖျက်တိုင်း ရောက်လာမယ့် မိုးမြေကောင်းချီက တူမှာမဟုတ်ဘူး။ မိုးမြေကောင်းချီကို ကျော်ဖြတ်နိုင်ရင် မတူညီတဲ့ အဆင့်တစ်ခုကို ရောက်နိုင်မယ် ဆိုပေမယ့် မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ အဆင့်တက်ရင်း တစ်ခါတည်း သေသွားရလိမ့်မယ်” လော့ဟိုင်က သက်ပြင်းချ၍ “ဟိုအချိန်ကတည်းက ပြန်ရေတွက်လိုက်မယ်ဆိုရင် ဒီအဆင့်မှာ ရပ်တန်သွားတဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ။ အရှေ့ပိုင်း အဆင့်ကြီးတွေက အဆင့်တက်ရ လွယ်ပေမယ့် သူတော်စင်ဘုရင်အဆင့်ကို ရောက်လာပြီဆိုတာနဲ့ နောက်ထပ် အဆင့်ကြီးတစ်ဆင့်ကို ဘယ်လိုမှ အလွယ်တကူ တက်လို့ မရတော့ဘူး။ အဆင့်တက် ဖြစ်စဉ်တိုင်းက သေခြင်းရှင်ခြင်း မျဉ်းကြောင်းပေါ်မှာ လမ်းလျှောက်ရသလိုပဲ”
အကုန်လုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
အကုန်လုံးသည် ထိုအဆင့်များကို ဖြတ်ကျော်လာဖူးသူများ ဖြစ်သည့်အတွက်ကြောင့် ထိုအချက်ကို ကောင်းကောင်း နားလည်ထားကြသည်။
လော့ဟိုင် ပြောသည်မှာ မှန်ပေသည်။ သူတော်စင်ဘုရင်အဆင့် ပညာရှင်တစ်ဦး တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သည့်အခါ သေခြင်းရှင်ခြင်း စိန်ခေါ်မှုကို ရင်ဆိုင်ရလေသည်။ ထိုစိန်ခေါ်မှုကို မကျော်ဖြတ်နိုင်ပါက မုချ သေရပေလိမ့်မည်။
အခြား ဖြစ်နိုင်ချေ မရှိချေ။
မိုးမြေစွမ်းအင်များ စုဝေးလာပြီ ဆိုသည်နှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလေမလား၊ ကြိုးစားရင်းပဲ သေသွားလေမလား ဟူ၍သာရှိသည်။ အခြား ဖြစ်နိုင်ချေ မရှိပါချေ။
လူအိုကြီးကျိုသည် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်၏ “ကောင်လေး၊ မင်းစိတ်ခိုင်ခိုင်သာ ထားပေတော့။ မင်းအကြီးအကဲရဲ့ အခြေအနေက သိပ်မကောင်းဘူး”
ရန်ကိုင်ကမူ ရယ်သွမ်းသွေး၍သာ “အကြီးအကဲချင်း ကျိန်းသေ အောင်မြင်လိမ့်မယ်”
လူအိုကြီးကျိုကမူ ခေါင်းခါ၍ “ဒီလောကကြီးမှာ တစ်ခါတစ်လေကျ ဇွဲကောင်းရုံ၊ စိတ်ဓါတ်မာကျောရုံလောက်နဲ့ ဖြစ်မလာနိုင်တာတွေ အများကြီးရှိတယ်ကွ။ အဲ့လူအိုကြီးလည်း အဲ့လူ အောင်မြင်ဖို့ မျှော်လင့်နေတာပဲ။ ဒါပေမယ့်…”
သူဆက်မပြောတော့ချေ။ ရန်ရှုကျုနှင့် အခြားသူများလည်း စတင် စိုးရိမ်ပူပန်လာခဲ့ကြသည်။
သူတို့ငါးယောက်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ခွင့်ရလို ရငြား ရန်ကိုင်နောက်သို့ လိုက်လာခဲ့၏။ တောင်စိမ်းကြယ်သို့ ရောက်လာပြီးနောက် နှစ်တစ်သောင်းလောက်မှ တစ်ခါ ကြုံရသည့် သွေးအကျဉ်းထောင်စမ်းသပ်ပွဲနှင့် လာကြုံတွေ့ခဲ့၏။ ထိုစမ်းသပ်ပွဲ အတွင်း ချင်းတုန်သည် အခွင့်အရေးအချို့ရှိပြီး တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခွင့်ခဲ့ရသည်။ နောက်ဆုံး အခိုက်အတန့်သို့ ရောက်မှ သူကျရှုံးသွားမည်ကို မည်သူမှ မမြင်ချင်ကြပေ။
သူသာ အောင်မြင်သွားခဲ့လျှင် ချင်းတုန်သည် အရိပ်ကြယ်တွင် နှစ်တစ်သိန်းခန့်ကြာပြီးနောက် ပထမဆုံး တန်ခိုးရှင်ဘုရင် အဆင့်သို့ ပြန်ရောက်နိုင်ခဲ့သူ ဖြစ်လာပေလိမ့်မည်။
အခြားကြယ်တစ်လုံးပေါ်တွင် အဆင့်တက်နေခြင်း ဖြစ်သော်လည်း ချင်းတုန်သာ အောင်မြင်သွားခဲ့လျှင် ရန်ရှုကျုနှင့် အခြားသူများလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို သူပင်လျှင် ချိုးဖျက်နိုင်လေရာ ငါတို့ကော ဘာလို့ မချိုးဖျက်နိုင်ရမှာလဲ ဟူသည့် အတွေးမျိုး တွေးမိလာပေလိမ့်မည်။ သူသာ မအောင်မြင်သွားလျှင်တော့ အခြားသူများလည်း အတော်လေး စိတ်ဓါတ်ကျသွားနိုင်ပေသည်။
အဆက်မပြတ် ကျဆင်းလာနေသော မိုးမြေစွမ်းအား အောက်တွင် ချင်းတုန်၏ အော်ဟစ်သံများ တဖြည်းဖြည်း တိုးညင်းလာခဲ့၏။ မကြာမီ ချင်းတုန်၏ အသက်စွမ်းအင်သည် မုန်းတိုင်းထဲသို့ ရောက်နေသည့် ငြိမ်းတော့လုနီးနီး ဖြစ်နေသော ဆီမီးတိုင်နှယ် ဖြစ်လာခဲ့သည်။
“ကြည့်ရတာ သူမအောင်မြင်တော့ဘူးနဲ့ တူတယ်” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက နှမြောတသ အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“ဟုတ်တယ်။ ဒီအဆင့်ထိ ရောက်ပြီးမှ အခုလို ဖြစ်သွားတာ တကယ် နှမြောစရာပဲ” လူအိုကြီးကျိုကလည်း ခေါင်းညိတ်လိုက်၏။
ချင်းတုန်၏ အသက်စွမ်းအင်သည် လုံးဝ ရှင်နိုင်ချေ မရှိတော့သည်အထိ အားနည်းနေပြီမှန်း သူတို့ တွေ့ရှိလိုက်ရ၏။
မည်သည့် မမျှော်လင့်ထားသည့် အရာမှ ဖြစ်မလာခဲ့လျှင် ချင်းတုန် ကျိန်းသေ သေရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၉)
တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် အရာရာသည် ခွန်အားပေါ် မူတည်မနေဘဲ ကံတရားပေါ်သာ မူတည်နေတတ်၏။
ချင်းတုန်သည် တကယ်ကို ကံမကောင်းခဲ့ခြင်း ဖြစ်သည်။
သူ့ခွန်အားသည် သာမန် တန်ခိုးရှင်တတိယအဆင့်များထက် အများကြီး ပိုမြင့်ပြီး သွေးအကျဉ်းထောင်ထဲ အကျိုးအမြတ်များစွာ ရခဲ့သော်ငြား သူရင်ဆိုင်ရသည့် မိုးမြေကောင်းချီးသည် အလွန်ကိုမှ အားကောင်းလွန်းနေခဲ့သည်။
ဤအချိန်ထိရောက်အောင် တောင့်ခံနိုင်လာခဲ့သည်ကို ကြည့်လျှင်ပင် သူမည်မျှအားကောင်းကြောင်း မြင်တွေ့နိုင်၏။
သို့သော်လည်း နောက်ဆုံး အချိန်ထိသို့ ရောက်အောင် တောင့်ခံဖို့ရာတော့ မဖြစ်နိုင်တော့သည့်ပုံပင်။ ကောင်းကင်ပေါ်ရှိ အနက်ရောင် တိမ်တိုက်များသည် တစ်ဝက်လောက်သာ ပျောက်ကွယ်သေးပြီး ကျန်တစ်ဝက်မှာ ကျန်ရှိနေသေး၏။
လက်ရှိ ချင်းတုန်၏ အခြေအနေဖြင့် ကျန်တစ်ဝက်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ချင်းတုန် အောင်းမြင်လိမ့်မည်ဟု ပြောခဲ့သော်ငြား သူ့စိတ်ထဲတွင်တော့ ကြိတ်၍ စိုးရိမ်မိနေသေးသည်။
သူကိုယ်တိုင်လည်း ဤကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးသည့်အတွက် တပ်အပ် မပြောနိုင် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူပေးထားသည့် ရတနာကိုသာ သုံးလိုက်လျှင် ဤမိုးမြေကောင်းချီးကို ချင်းတုန် ဖြတ်ကျော်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေဆဲပင်။
အရိပ်ကြယ်ရှိ ကျင့်ကြံသူများ တန်ခိုးရှင်ဘုရင်အဆင့်သို့ မည်မျှ ရောက်ချင်ကြသလဲ ဆိုသည်ကို သာမန်လူများ နားမလည်ကြပေ။ နှစ်ပေါင်းများစွာ တန်ခိုးရှင်တတိယအဆင့်တွင် အမြဲတမ်း တစ်ဆို့နေခဲ့ရပြီးနောက်ပိုင်း အရိပ်ကြယ်မှ လူများသည် တန်ခိုးရှင် ဘုရင်အဆင့်သို့ အလွန်အမင်း ချိုးဖျက်ရောက်ရှိချင်လာကြ၏။
ဂျုန်း…
နောက်ထပ် အားကောင်းသည့် လှိုင်းတစ်လှိုင်း ချင်းတုန်ပေါ်သို့ ထပ်မံ ကျရောက်လာပြန်လေသည်။ ချင်းတုန်၏ အသက် စွမ်းအင်သည် လုံးဝကို ပျောက်ကွယ်သွားတော့မည့် အရေးနှင့် ကြုံနေရလေပြီ။
ထိုအခြင်းအရာကို ကြည့်နေရင်း လင်းယုရောင်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်လေသည်။
ရန်ရှုကျု၊ ချူဟန်းရီနှင့် မိုဟန်တို့လည်း မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။
“တကယ်ကို မရတော့တာပါလား” လူအိုကြီးက နောင်တရရဖြင့် ခေါင်းခါရမ်းလျက် “ဒီကောင့်ကံကကို ဆိုးလွန်းတာ။ မဟုတ်ရင် ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မှာ။ နှမြောစရာ ကောင်းလိုက်တာ… ဟန်၊ ဘာတွေဖြစ်နေတာလဲ”
ရုတ်တရက် လူအိုကြီးကျို မျက်လုံးပြူးသွားပြီး သူ့ရှေ့တည့်တည့်ကို သေချာ စိုက်ကြည့်လိုက်လေသည်။
အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း အံဩတကြီး ဖြစ်နေခဲ့ကြလေသည်။
“ဘယ်လိုဖြစ်ပြီး ဒီလူ အသက်စွမ်းအင် ရုတ်တရက်ကြီး ပြန်ကောင်းလာရတာလဲ”
“သူ့မှာ မှော်ဆန်ဆန် စိတ်ဝိဥာဉ်ဆေးလုံးများ ရှိနေတာလား။ ဒါပေမယ့် ဘယ်လို စိတ်ဝိဥာဉ်ဆေးလုံးကများ ဒါမျိုး လုပ်နိုင်တာလဲ”
“လျှောက်ပြောမနေနဲ့။ အဲ့လိုလုပ်နိုင်တဲ့ စိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးမှမရှိဘူး။ တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ် ဆေးလုံးတောင် ဒါမျိုး မလုပ်နိုင်ဘူး”
“ထူးဆန်းလိုက်တာ။ ဒါဆို သူဘာသောက်လိုက်တာလဲ”
ပျောက်ကွယ်ခါနီး ဖြစ်နေသော ချင်းတုန်၏ အသက်စွမ်းအင် ရုတ်တရက်ကြီး မည်ကဲ့သို့ ပြန်ကောင်းလာသလဲ ဆိုသည်ကို သူတို့အားလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။ ပြင်းထန်ပြီး ပရမ်းပတာ ဖြစ်နေသော စွမ်းအင်လှိုင်းများ ကာဆီးထားသည့်တိုင် လက်ရှိတွင် ထိုလူ၏ အသက်စွမ်းအင်ကို သေချာ ခံစားနေရ၏။
ရုတ်တရက် ချင်းတုန်၏ ရယ်သံနှင့်အတူ သူ့ပုံရိပ်သည် ထိုင်နေရာမှ ရုတ်တရက် ထရပ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ အော်ပြောလိုက်လေသည် “အသက်ပြည့်အောင်တောင် မနေရသေးတာ ငါ့လိုလူ တစ်ယောက် ဘယ်လိုလုပ်ပြီး နယ်ခြားမှ သေနိုင်မှာလဲ။ ကောင်းကင်၊ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလားကွ”
လူအိုကြီးကျိုနှင့် အခြားသူများအားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်လေကြသည်။
ထိုလူသည် အဆင့်တက်နေဆဲတွင် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကို သွားစိန်ခေါ်ရဲသည်။ ဤကဲ့သို့ ရူးမိုက်သည့် လူမျိုးကို သူထို့အားလုံး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူ့ရင်ဆိုင်နေရသော မိုးမြေကောင်းချီတွင် အသိစိတ် အတိုင်းအတာတစ်ခုအထိ ရှိနေသည် ဆိုသည်ကို သူမသိလေသလော။
ထိုသို့လုပ်လိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပင်။
သူတို့ ထင်ထားသည့်အတိုင်းပင်၊ ချင်းတုန်၏ အသံ ဆုံးသွားသည်နှင့် ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် စတင် လည်ပတ်လာလေတော့သည်။ နားပင်းမတတ် ကျယ်လောင်လှသော မိုးချိန်းသံတို့ဟာလည်း အဆက်မပြတ် ထွက်ပေါ်လာတော့လေ၏။
မျက်တောင်တစ်ခတ်အတွင်း ချင်းတုန်၏ ဦးခေါင်းထက် ဧရာမ ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် စွမ်းအင်အလင်းတန်းကြီး တစ်ခု ချင်းတုန်ဆီသို့ တည့်တည့် ကျဆင်းလာခဲ့လေသည်။
ချင်းတုန်၏ နာနာကျင်ကျင် အော်ဟစ်သံများ ပြန်ထွက်ပေါ်လာပြီး သူ့အသက်စွမ်းအင်မှာလည်း အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည် အားနည်းလာခဲ့ပြန်လေ၏။
“ဒီကောင်တော့” လူအိုကြီးကျို လုံးဝ ဆွံ့အနေမိလေပြီ။
မိုးမြေစွမ်းအင် မြောက်များစွာကို တစ်ပြိုင်တည်း အသုံးပြုလိုက်သည့် အတွက်ကြောင့်လားမသိရာ၊ ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များသည် အလွန် လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်လာနေခဲ့၏။
အသက်ဆယ်ရှိုက်စာအတွင်း ကောင်းကင်တစ်ခုလုံး ပြန်လည် ကြည်လင်သွားပြီး အကုန်လုံးပေါ် စီးမိုးနေသည့် ပြင်းထန်လှသော ကြောက်မက်ဖွယ်ရာ ဖိအားကြီးလည်း အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ချင်းတုန်ကမူ ခါးကိုဆန့်လျက် မလှုပ်မယှတ် ရပ်နေခဲ့သည်။ သို့သော် သူရပ်နေသည့်ပုံအရ အသက်ရှင်သေးလား၊ သေနေပြီလား ပြောရခက်လှသည်။
သို့ရာတွင် ချက်ချင်းဆိုသလို ချင်းတုန်ဆီမှ သိပ်သည်းလှသော ရှီစွမ်းအင်တစ်ရပ် လျင်မြန်စွာ ဖြာထွက်လာခဲ့ပြီး မိုင်ရာပေါင်းများစွာ အကျယ်အဝန်းကို တစ်မုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက်တွင် ထိုရှီစွမ်းအင်သည် ချင်းတုန်၏ ကိုယ်ထဲသို့ အလျင်အမြန် ပြန်လည် တိုးဝင်သွားခဲ့၏။
ပြန်ကျုံ့ဝင်နေစဉ်အတွင်း ထိုရှီစွမ်းအင်သည် ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကို တန်ခိုးရှင်အဆင့်များ နားမလည်ကြသော်ငြား တန်ခိုးရှင်ဘုရင်အဆင့်များကတော့ နားလည်ကြပေသည်။
“ရှီကို နယ်ပယ်အဖြစ် သိပ်သည်းတာ… ဒီလူ တကယ်ကြီး အောင်မြင်သွားတာပဲ” မျိုးရိုးနာမည်လဲ့ အဘွားကြီးက ရေရွတ်လိုက်၏။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့သော ရန်ကိုင် ရယ်မောလိုက်လေသည်။
ချင်းတုန် အဆင့်တက်နေသည်ကို ကြည့်နေ၍လည်း ဘာမှ သေချာမသိသည့် အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုသာ စောင့်ကြည့်နေရသည်။ ယခု မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီး ပြောသည်ကို ကြားပြီးနောက် သူစိတ်သက်သာရာ ရသွားခဲ့သည်။
ယနေ့တွင် ချင်းတုန်သည် အစစ်အမှန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခဲ့လေပြီ။
သို့သော်လည်း လော့ဟိုင်နှင့် အခြားသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများနှင့်တော့ ဘယ်ယှဉ်နိုင်ဦးမည်နည်း။ ရှီစွမ်းအင်ကို နယ်ပယ်အဖြစ် သိပ်သည်းခြင်းသည် တစ်ရက်နှစ်ရက်အတွင်း ပြီးမြောက်နိုင်သည့် အရာမျိုးမှ မဟုတ်လေဘဲ။
ဤနေရာရှိ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များအနက်တွင် အကုန်လုံးသည် ချင်းတုန်ထက် အနည်းဆုံး နှစ်ငါးရာခန့်စောပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေကြသူများ ဖြစ်ကြသည်။ ထိုလူများနှင့် ယခုနေ ယှဉ်တိုက်ရပါက ချင်းတုန် အနေဖြင့် အသက်သုံးရှိုက်စာပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ခဏမျှ စဉ်းစားပြီးနောက် ရန်ကိုင်က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လက်သီးဆုပ်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “အကုန်လုံး အကြီးအကဲချင်းက အခုမှ အဆင့်တက်ပြီးတာ ဆိုတော့ သူ့ကျင့်ကြံခြင်းကို ပြန်ပြီး တည်ငြိမ်သွားအောင် လုပ်ဖို့လိုနေသေးတယ်။ ဒါကြောင့် အားလုံး ထွက်သွားပေးကြလို့ ရမလား။ အခုလို တောင်းဆိုရတာ နည်းနည်းများတယ် ဆိုပေမယ့် အကုန်လုံး နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်”
သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် အားလုံးသည် ဘာမှ ပြောမနေဘဲ လှည့်ထွက်သွားကြလေသည်။ အချို့သည် ရန်ကိုင်အား လက်သီးဆုပ် နှုတ်ဆက်သွားပြီး အချို့ကမူ ဂုဏ်ယူကြောင်း ပြောသွားကြလေသည်။
ယခင်ကဆိုလျှင်တော့ ရန်ကိုင်၏ စကားကို လျစ်လျူရှုထားမိမည် ဖြစ်သော်ငြား လက်ရှိတွင် ချင်းတုန်သည် အစစ်အမှန် တန်ခိုးရှင် ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ သူတို့သာ ထိုလူကို သွားရန်စနေလျှင် ကိုယ့်သေတွင်းသာ ကိုယ်တူးနေရပေလိမ့်မည်။
မည်သူမှ မသေချင်ကြပေ။
“စီနီယာတို့…” ထို့နောက် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ငါသိတယ်။ မင်းငါ့ကို ပြောနေစရာမလိုဘူး။ ငါထွက်သွားပေးမယ် ဟုတ်ပြီလား” လူအိုကြီးကျိုက နှာခေါင်းရှုံ့လျက် “ဒါပေမယ့် မင်းအကြီးအကဲ ပြန်နိုးလာရင်တော့ သူ့ကိုခေါ်ပြီး အနားက မြို့မှာ ငါတို့ကို လာတွေ့ဦးနော်။ သူက အခုမှ အဆင့်ချိုးဖျက်ထားတာ ဆိုတော့ ငါတို့ကို မေးချင်နေတဲ့ မေးခွန်းတွေ အများကြီး ရှိမှာပဲ။ သူသာ ဆန္ဒရှိရင် ငါတို့နဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတယ်”
“ဟုတ်တယ်။ ငါတို့သာ သူ့ကို ကူညီပေးနိုင်ရင် ငါတို့ ကောင်းကောင်း ကူညီပေးမှာ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးကလည်း ပြောလိုက်၏။
“အဲ့လိုဆို အကြီးအကဲချင်းကိုယ်စား ဂျူနီယာကပဲ စီနီယာတို့ကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က လေးလေးစားစား ခေါင်းညိတ်လိုက်၏။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ပြန်လည် ထွက်ခွာသွားကုန်ကြလေသည်။
မထွက်သွားခင် လော့ဟိုင် တစ်ချက် ကြည့်သွားသည်ကို ရန်ကိုင် သေချာ သတိပြုမိလိုက်သည်။
ဤနေရာသည် အကြာကြီး နေလို့ကောင်းသည့် နေရာတစ်ခု လုံးဝ မဟုတ်ပါပေ။
“ရောင်းရင်းရန်၊ ငါလည်း သွားတော့မယ်နော်။ တစ်နေ့ကျ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့” ရှုပင်းပိုင်က ရန်ကိုင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်၏။
“ရောင်းရင်းလည်း ဂရုစိုက်သွားဦးနော်” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ရှုပင်းပိုင်းသည် မိတ်ဆွေဖွဲ့ထိုက်သည့် လူတစ်ယောက် ဖြစ်သော်လည်း လက်ရှိ အချိန်သည် ထိုအကြောင်း တွေးနေရမည့် အချိန် မဟုတ်သေးချေ။
မကြာမီ ရန်ကိုင်နှင့် သူတို့အဖွဲ့သားများသာ ကျန်ရစ်တော့သည်။
ကျောင်းထျန်ကျဲလည်း ထွက်မသွားသေးချေ။
“မြို့သခင်ကျောင်း” ရန်ကိုင်သည် ကျောင်းထျန်ကျဲဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။
“ဂိုဏ်းချုပ်ရန် ဘာများ ညွှန်ကြားချင်လို့လဲ” ကျောင်းထျန်ကျဲက ပြန်မေးလိုက်၏။
“ဘယ်လိုလုပ်ပြီး မြို့သခင်ကျောင်းကို ညွှန်ကြားရဲမှာလဲ… ကျုပ်မကြာခင် ထွက်သွားတော့မယ်လို့ ပြောမလို့”
“ထွက်သွားတော့ဖို့” ကျောင်းထျန်ကျဲ ကြောင်သွားခဲ့ပြီး “ဘယ်ကို သွားမှာလဲ”
“အရိပ်ကြယ်ကို ပြန်မှာလေ” ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဘာလို့ ဒီလောက် မြန်မြန်ကြီး ပြန်ဖို့ လုပ်နေတာလဲ” ကျောင်းထျန်ကျဲ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရန်ရှုကျုနှင့် အခြားသူများသည်လည်း ရန်ကိုင်အားကြည့်လိုက်ကြ၏။ “ဟိုစီနီယာတွေ အကြီးအကဲချင်းကို ခေါ်ပြီး သူတို့ဆီ လာဖို့ ဖိတ်ခေါ်ထားတယ် မလား။ ဘာလို့…”
ပြောရင်း တစ်ခုခုကို နားလည်သွားသည့်အလား ကျောင်းထျန်ကျဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
ရန်ကိုင်ကမူ အသေးစိတ် ရှင်းပြမနေဘဲ ပြန်၍သာ ပြောလိုက်၏ “အကြီးအကဲချင်း သူတို့ဂိုဏ်းထဲ ကျိန်းသေ ဝင်မှာ မဟုတ်ဘူး။ မဝင်မှတော့ သွားနေလည်း ဘာထူးမှာလည်း။ ပြီးတော့ ကျုပ်သူတို့ကို တစ်ကြိမ် ငြင်းထားပြီးပြီ။ အကြီးအကဲချင်းပါ ထပ်ငြင်းနေရင် သူတို့ ဒေါသထွက်သွားပြီး တစ်ခုခု မလုပ်နိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး”
“သူတို့ အဲ့လိုတော့ မလုပ်လောက်ပါဘူးမလား…” ကျောင်းထျန်ကျဲ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့သည်။
ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ထိုမျှ သဘောထား သေးသိမ်လိမ့်မည်ဟု သူမထင်သော်ငြား လူစိတ်သည် တကယ်ကို ခန့်မှန်းရ ခက်လှသည့်အတွက် ဘာကိုမှ အတပ်ပြောမရချေ။
“ဘာပဲဖြစ်ဖြစ်၊ သတိထားတာ အကောင်းဆုံးပဲ။ ဒါကြောင့် အကြီးအကဲချင်း နိုးတာနဲ့ ကျုပ်တို့ တောင်စိမ်းကြယ်က ချက်ချင်း ထွက်သွားတော့မယ်”
ကျောင်းထျန်ကျဲ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလျက် “ဆိုးလိုက်တာ။ ဒီကျောင်း ဂိုဏ်းချုပ်ရန်ကို ရေစိမ်းမြို့ဆီ ဖိတ်ခေါ်ပြီး ဧည့်ခံချင်နေတာ”
“နောက်ပိုင်း အခွင့်အရေး ရလာမှာပေါ့” ရန်ကိုင်က ရယ်မောလျက် “အခုလောလောဆယ်တော့ ဂျူနီယာ မြို့သခင်ကျောင်းကို အကူအညီတောင်းစရာ တစ်ခုရှိတယ်”
“ဂိုဏ်းချုပ်ရန် ပြောချင်တာရှိရင် ပြောလေ။ ဒီကျောင်း အတတ်နိုင်ဆုံး ကူညီပေးမယ်” ကျောင်းထျန်ကျဲက အလျင်အမြန် ပြန်ပြောလိုက်သည်။
“မြို့သခင်ကျောင်း ရေစိမ်းမြို့တော်ဆီ ပြန်သွားပြီး ချင်းယွဲ့ကို ဒီကို ပြန်ခေါ်လာပေးလို့ရမလား”
“ချင်းယွဲ့ကိုလား”
ချင်းယွဲ့ကို ကျောင်းထျန်ကျဲ သိပေသည်။ ရန်ကိုင်သည် တောင်စိမ်းကြယ်မှ ထွက်သွားစဉ် အခြားသူအားလုံး ရေစိမ်းမြို့၌ နေရစ်ခဲ့သည်။ ချင်းယွဲ့လည်း အပါအဝင် ဖြစ်သည်။
ယခု သူပြန်ရတော့မည် ဖြစ်လေရာ ချင်းယွဲ့ကိုလည်း ပြန်ခေါ်သွားရပေလိမ့်မည်။
“ကိစ္စမရှိဘူး။ ဒီကျောင်း ချက်ချင်း သွားခေါ်လိုက်မယ်။ ခုနှစ်ရက်အတွင်း ချင်းယွဲ့ကို ဒီကျောင်း ပြန်ခေါ်လာပေးမယ်” ပြောပြီးသည်နှင့် ရန်ရှုကျုနှင့် အခြားသူများကို နှုတ်ဆက်၍ ထွက်သွားလေသည်။
“ဂိုဏ်းချုပ် ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ” ရန်ရှုကျုသည် ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဤနေရာမှ ထွက်သွားရန် ဘာကြောင့် အလွန် စိတ်စောနေသလဲ ဆိုသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၂၀)
“အဲ့လူတွေကို ငြင်းရုံလောက်ပဲဆိုရင် ဂိုဏ်းချုပ် ဒီလောက် စိုးရိမ်နေမှာ မဟုတ်ဘူး။ သူတို့ ဖိတ်ခေါ်တိုင်း ကိုယ့်ဘက်က သွားစရာမလိုတာ။ ကိုယ်သွားချင်မှ သွားမှာပေါ့။ ဒီတော့ သူတို့ မကျေနပ်ရင်တောင် သူတို့ရဲ့ ဂုဏ်သတင်း အပျက်ခံပြီး ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး”
ရန်ကိုင်က ခေါင်းခါ၍ “ကျုပ်တို့ ငြင်းလိုက်လို့ သူတို့ ဒေါသထွက်သွားမှာကို စိုးရိမ်နေလို့ မဟုတ်ဘူး။ အခြားတစ်ခုကို ကျုပ်စိုးရိမ်နေတာ”
“ဘာကို စိုးရိမ်နေတာလဲ” လင်းယုရောင်က မေးလိုက်သည်။
“တစ်ယောက်ယောက် ကျုပ်တို့ကို စောင့်ကြည့်နေတယ်” ရန်ကိုင်က မျက်နှာ မသာမယာဖြင့် ပြန်ပြောလိုက်သည်။
တောင်စိမ်းကြယ်သခင် ဖြစ်သော လော့ဟိုင် သွေးအကျဉ်းထောင်ထဲတွင် ဖြစ်ပျက်သွားသည့် အကြာင်းအရာများကို သိထားသဖြင့် ရန်ကိုင် အနေဖြင့် လုံးဝကို မပေါ့ဆရဲပါချေ။ လော့ဟိုင်သည် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံး အကြောင်းကိုပင် သိထားနိုင်သည်။
တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးသာ သူ့လက်ထဲတွင် ရှိနေသေးလျှင် အကုန်လုံး အဆင်ပြေပေသေးသည်။ လော့ဟိုင် လိုချင်နေသည့် အရာကို ပေးလိုက်ရုံပင်။ သို့သော်လည်း လက်ရှိတွင် ထိုတန်ခိုးရှင်အဆီအနှစ်ကျောက်တုံးသည် သူ့လက်ထဲတွင်မှ ရှိမနေတော့လေဘဲ။ ယုရှုန်းဆီသို့ ရောက်နေခဲ့လေပြီ။
ထို့ကြောင့် ရန်ကိုင် မြန်မြန် ထွက်သွားလိုနေခြင်း ဖြစ်သည်။
ချင်းတုန် နိုးလာရန် အချိန်လိုနေသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ချက်ချင်း ထွက်သွားလောက်ပေပြီ။
ရန်ကိုင်သည် ဘာမှ အသေးစိတ် ရှင်းပြမနေခဲ့ပေ။ သို့သော် သူလေသံနှင့် အမူအရာ ယခုကိစ္စသည် အတော်လေး အရေးကြီးမှန်း ယန်ရှုကျုနှင့် အခြားသူများ နားလည်လိုက်ကြ၏။ ထို့ကြောင့် ဘာမှ မေးမနေတော့ဘဲ ရန်ကိုင် ပြောသည့် အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ချင်းတုန်သည် အဝေးတစ်နေရာတွင် မလှုပ်မယှတ်ဖြင့် မတ်တပ်ရပ်နေဆဲ။
ဘာမှလုပ်စရာ မရှိသေးသဖြင့် ယန်ရှုကျုနှင့် အခြားသူများသည် တင်ပလင်ခွေထိုင်ကာ သွေးအကျဉ်းထောင်ထဲမှ ရလာသည့် ဥာဏ်အလင်းများကို ပြန်လည် ဆင်ခြင်သုံးသပ်တော့လေသည်။
သူတို့အနေဖြင့် ချင်းတုန်ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချက်ချင်း မချိုးဖျက်နိုင်သေးသော်ငြား အခွင့်အရေးများနှင့်သာ ကြုံရလျှင် အနာဂတ်၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။
ရန်ကိုင်ကမူ လော့ဟိုင်လက်မှ မည်သို့ ထွက်ပြေးလျှင် ကောင်းမလဲ ဆိုသည်နှင့် ပက်သက်၍ တောက်လျှောက် အကြံထုတ်နေခဲ့သည်။
အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့ရာ သုံးရက် ကြာပြီးသည့်နောက်တွင် ကျောင်းထျန်ကျဲသည် ချင်းယွဲ့နှင့်အတူ ပြန်ရောက်လာခဲ့သည်။
ရန်ကိုင်ကို ပြန်မြင်လိုက်သည့်အခိုက် ချင်းယွဲ့ ပျော်မိသွားသွားသော်ငြား တောင်စိမ်းကြယ်တွင် နှစ်အတော်ကြာအောင် နေပြီး သတင်း လိုက်စုံစမ်းခဲ့သည့်တိုင် စုယန်၊ အခြားသူများနှင့် ပက်သက်သည့် အကြောင်းအရာ တစ်ခုတစ်လေမှ မရခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခိုက် စိတ်ဓါတ်ပြန်ကျသွားခဲ့သည်။
ကျောင်းထျန်ကျဲသည် ကြာကြာမနေခဲ့ဘဲ ချင်းယွဲ့ကို ပို့ပြီးသည်နှင့် ရေစိမ်းမြို့တော်ဆီသို့ အမြန် ပြန်သွားလေသည်။
သွေးအကျဉ်းထောင် ဖွင့်သည့်အချိန်တွင် ဒုမြို့သခင်နှင့် အတူတူ ဝင်သွားခဲ့သော်ငြား ကံမကောင်းစွာဖြင့် ဒုမြို့သခင်သည် သွေးအကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သည်။
ကျောင်းထျန်ကျဲ အနေဖြင့် နောက်ထပ် ဒုမြို့သခင်တစ်ဦးကို အမြန် ပြန်ရွေးချယ်ရန် လိုအပ်နေပေသည်။
အချိန်သည် တဖြည်းဖြည်းနှင့် ဆက်လက် ကုန်ဆုံးနေခဲ့ရာ မကြာမီ နောက်ထပ် ငါးရက် ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် ချင်းတုန်၏ အော်ဟစ်ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ချင်းတုန်သည် ရုတ်တရက် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး အားလုံးရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
“ဂုဏ်ယူပါတယ် အကြီးအကဲချင်း” ယန်ရှုကျုက လက်သီးဆုပ်၍ ဂုဏ်ပြုလိုက်သည်။
“အကြီးအကဲချင်း တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားတာ တကယ်ကို ဂုဏ်ယူစရာ အဖြစ်အပျက်တစ်ခုပဲ။ အခုအကြောင်းကိုသာ သိသွားရင် အရိပ်လခန်းမတင် မဟုတ်ဘူး၊ အရိပ်ကြယ်က အခြားကျင့်ကြံသူတွေလည်း စိတ်အားတက်သွားကြမှာ” မိုယုက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။
“မင်းတို့အားလုံးက အတည်ကြီး လုပ်နေတာပဲ” ချင်းတုန်က ခေါင်းခါ၍ “ဒီတစ်ကြိမ် ငါသေခါနီးပဲ။ ရန်ကိုင်ကြောင့်သာ မဟုတ်ရင် အဆင့်တက်ရင်း ငါသေသွားတာ ကြာပြီ”
ပြောပြီးသည်နှင့် ရန်ကိုင်အားကြည့်၍ “ရန်ကိုင်၊ ငါမင်းကို နောက်ထပ် အကြွေး ထပ်တင်သွားပြန်ပြီ”
ရန်ကိုင် ပေးခဲ့သည့် ကျောက်စိမ်းပုလင်းထဲရှိ အရာကြောင့်သာ မဟုတ်လျှင် ချင်းတုန်အနေဖြင့် သူ့အသက်စွမ်းအင်ကို အလွန် လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင် သူ့အား ပေးခဲ့သည်မှာ အသက်ရေစင်ဖြစ်မှန်း ချင်းတုန် သိသည်။ သူနှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး အသက်ရေစင်ကို မြင်ဖူးခဲ့သည် မဟုတ်ပေလော။
“အကြီးအကဲချင်း အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေး၍ “အခု အကြီးအကဲချင်းလည်း နိုးလာပြီဆိုတော့ မြန်မြန် ထွက်သွားကြတာပေါ့။ ဒီနေရာက နေလို့ကောင်းတဲ့ နေရာမဟုတ်ဘူး”
“အခု ထွက်သွားဖို့” ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့၏။
“ဟုတ်တယ်။ အခုပဲ”
“ကောင်းပြီလေ” ချင်းတုန်သည် ဘာအပိုမေးခွန်းမှ မေးမနေဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။
“လူတွေ အုံလိုက်ကြီးသွားရင် မကောင်ဘူး။ ဒီထဲ အရင် ဝင်နေလိုက်ကြ” ပြောပြီးသည်နှင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ဆင့်ခေါ်လိုက်၏။
ရန်ကိုင် ဘာလုပ်ချင်နေမှန်း သိသဖြင့် အကုန်လုံးသည် ခုခံနေခြင်း မဟုတ်ဘဲ ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်ကြလေသည်။
“ငါတော့ မဝင်တော့ဘူး” ချင်းတုန်က ယဲ့ယဲ့လေးပြုံးလျက် “ငါအခုမှ အဆင့်ချိုးဖျက်ထားတာဆိုတော့ ဒီလောကကြီးရဲ့ နိယာမတွေနဲ့ နည်းနည်း ထပ်ထိတွေ့ချင်သေးတယ်”
ချင်းတုန်က ထိုကဲ့သို့ ပြောသဖြင့် ရန်ကိုင်လည်း သူ့အား တွန်းအားပေးမနေဘဲ ခေါင်းညိတ်၍သာ သတိပေးလိုက်လေသည် “ဒါပေမယ့်… အန္တရာယ်တစ်ခုခု ဖြစ်လာခဲ့ရင်…”
“ငါအခု တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက် ဖြစ်နေပြီလေ။ ဘယ်လိုဟာကများ ငါ့ကို အန္တရာယ်ပေးနိုင်မှာ မို့လို့လဲ” ချင်းတုန်သည် ရန်ကိုင် သတိပေးသည်ကို ဂရုမစိုက်ဘဲ ရယ်သာရယ်မောလိုက်လေသည်။
ရန်ကိုင် စိတ်ထဲ အတော်လေးကို စိုးရိမ်နေခဲ့သည်။ သို့သော် ရှင်းပြမနေခဲ့ဘဲ ချင်းတုန်ကို အချက်ပြပြီးတော့သာ သူ့ကြယ်လွန်းပျံကိုထုတ်၍ ကြယ်တာရာကောင်းကင်ထဲသို့ ပျံတက်သွားခဲ့လေသည်။
တောင်စိမ်းကြယ်ပေါ်တွင်သာ ရှိနေသေးသည့် အတွက်ကြောင့် ကြယ်သင်္ဘောကိုတော့ ထုတ်မသုံးရဲခဲ့ပေ။ တန်ခိုးရှင်ဘုရင် အဆင့် ကြယ်သင်္ဘောကိုသာ ထုတ်သုံးလိုက်လျှင် လော့ဟိုင်ကို အချက်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
နှစ်ယောက်စလုံးသည် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် သွားနေကြသည်။ ရန်ကိုင်ကသာ စိုးရိမ်ပူပန်နေခြင်းဖြစ်ပြီး ချင်းတုန်မှာတော့ အတော်လေးကို လွတ်လွတ်လပ်လပ် စိတ်အားတက်ကြွနေခဲ့သည်။
သူတို့ ကြယ်တာရာကောင်းကင်ထဲသို့ ထွက်သွားချိန်တွင် မိုင်တစ်ထောင်အကွာရှိ မြို့သခင်စံအိမ်တွင်၊ လူအိုကြီးကျိုနှင့် အခြားတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် သူတို့၏ ကျင့်ကြံခြင်း အတွေ့အကြုံများကို ဖလှယ်ရင်း အချိန် ဖြုန်းနေခဲ့ကြသည်။
သူတို့အားလုံးသည် ချင်းတုန်နှင့် တွေ့ရန်အတွက် ဤနေရာ၌ စောင့်နေကြခြင်း ဖြစ်သည်။
ရန်ကိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်သွားလိမ့်မည်ဟုတော့ သူတို့ တစ်ဦးမှ ထင်မထားခဲ့ကြပေ။
လော့ဟိုင်သည် အခန်းထိပ်ပိုင်းတွင်သာ ထိုင်နေပြီး တစ်ခါတစ်လေမှ ဝင်ပြောလေ့ရှိ၏။
ရုတ်တရက် လော့ဟိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“လူကြီးမင်းလော့ဟိုင်၊ ဘာဖြစ်လို့လဲ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက မေးလိုက်သည်။
“ဒီဘုရင် လုပ်စရာတစ်ခုခုရှိလို့ တစ်ဆိတ်လောက် ခွင့်ပြုပါဦး” ပြောပြီးသည်နှင့် သူ့ပုံရိပ်သည် စံအိမ်ထဲမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
“အစ်ကိုလော့ဟိုင် ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ” လူအိုကြီးကျိုနှင့် အခြားသူများအားလုံး နားမလည်နိုင် ဖြစ်နေကြသည်။
“သူ့ပုံစံကို ကြည့်ရတာတော့ အရေးကြီးတာတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ။ ဒီမှာ မတော်တဆ တစ်ခုခု ဖြစ်သွားတာလား”
“မဖြစ်နိုင်လောက်ဘူး။ အစ်ကိုလော့ဟိုင်လို ကြယ်သခင်တစ်ပါး ရှိနေတာ ဘယ်သူက ဒီမှာ လာသောင်းကျန်းရဲမှာလဲ”
“အဲ့ဒါလည်း ဟုတ်တယ်။ ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါ။ ဒါနဲ့ ဟိုအဆင့်တက်ထားတဲ့ တန်ခိုးရှင်ဘုရင် ဘာလို့ အခုထိ မရောက်လာသေးတာလဲ။ ငါတို့ စောင့်နေတာ တော်တော်လေး ကြနေပြီ။ သူထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်”
“ဘာလို့ ထွက်ပြေးရမှာလဲ။ ငါတို့ သူ့ကို မကောင်းတာ တစ်ခုခု လုပ်မှာမှ မဟုတ်တာ။ သူသာ ဆန္ဒရှိရင် ငါတို့ရဲ့ အတွေ့အကြုံတွေကိုတောင် ပြောပြပေးဦးမှာ။ သူသာ အရူး မဟုတ်ရင် ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်မှာ မဟုတ်ဘူး”
“အဲ့ဒါဆို ဆက်စောင့်ကြတာပေါ့”
……
ရန်ကိုင်နှင့် ချင်းတုန်သည် လျင်မြန်စွာ ပျံသန်းနေရင်း တောင်စိမ်းကြယ်၏ စက်ကွင်းအတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့ကြသည်။
ရုတ်တရက် ချင်းတုန် မျက်မှောင်ကြုတ်သွားပြီး အော်ပြောလိုက်၏ “ရန်ကိုင်”
“ဘာဖြစ်လို့လဲ”
“ငါတို့ကို တစ်ယောက်ယောက် စောင့်ကြည့်နေတယ်” ချင်းတုန်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်ငြား မည်သူ့ကိုမှ ရှာမတွေ့သဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“မသိချင်ယောင်ဆောင်နေလိုက်” ရန်ကိုင်က သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ သတိပေးလိုက်သည်။
“ရန်ကိုင် မင်းတစ်ခုခု သိထားတာလား” ချင်းတုန်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်မေးလိုက်သည်။
“နည်းနည်းတော့ သိတယ်” ရန်ကိုင်မျက်နှာ အရုပ်ဆိုးသွားပြီး “ကျုပ်ထင်တာသာ မမှားရင် ကျုပ်တို့ကို စောင့်ကြည့်နေတာ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲ”
“သူလား” ချင်းတုန် မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး “သူဘာလို့ ငါတို့ကို စောင့်ကြည့်နေတာလဲ”
“ကျုပ်တို့ကို မဟုတ်ဘူး၊ ကျုပ်ကို စောင့်ကြည့်နေတာ” ရန်ကိုင်က ခါးသက်စွာပြုံးလျက် “သူလိုချင်တာ တစ်ခုခု ကျုပ်ဆီမှာ ရှိနေတယ်လို့ ထင်နေတာ”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” ချင်းတုန် ပျာယာခတ်သွား၏။
ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ စောင့်ကြည့်ခြင်း ခံရသည်ကို ချင်းတုန်ပင်လျှင် လန့်မိပေသည်။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းလောက်ကမှ အဆင့်တက်လာခဲ့သည့် တက်သစ်စ တန်ခိုးရှင်ဘုရင် တစ်ဦးသာ ဖြစ်ပြီး လော့ဟိုင်မှာတော့ ဝါရင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို တောင်စိမ်းကြယ်၏ ကြယ်သခင်လည်း ဖြစ်သည်။
ဤတောင်စိမ်းကြယ်ပေါ်တွင် လော့ဟိုင်သာ ချင်းတုန်၏ အသက်ကို လိုချင်လျှင်ကို သူ့လက်ကို ဝှေ့ရမ်းလိုက်ရုံဖြင့် အသာလေး လုပ်နိုင်ပေသည်။
“ဒီနေရာကြီးကနေ ကျုပ်တို့ မြန်မြန် ထွက်သွားမှဖြစ်မယ်။ ဒီကနေ ထွက်သွားနိုင်မှာပဲ လော့ဟိုင်လက်ကနေ လွတ်နိုင်ချေ ရှိလိမ့်မယ်။ မဟုတ်ရင်တော့ လုံးဝ လွတ်မှာမဟုတ်ဘူး” ရန်ကိုင်က ပြောလိုက်သည်။
ချင်းတုန်လည်း ခေါင်းညိတ်လိုက်သည်။
သူတို့သာ တောင်စိမ်းကြယ်၏ မိုးမြေစွမ်းအင်နိယာမများ လက်လှမ်းမမှီသည့် နေရာသို့သာ ရောက်သွားပါက လော့ဟိုင်သည် ထင်သလောက် ကြောက်ဖို့ကောင်းတော့လိမ့်မည် မဟုတ်ချေ။
ထိုသို့ တွေးလိုက်မိသည့်နောက် နှစ်ယောက်စလုံး အရှိန်တင်လိုက်ကြ၏။
“မင်းတို့ တောင်စိမ်းကြယ်ကနေ ထွက်သွားချင်နေတာလား” လော့ဟိုင်သည် သူတို့ ဘာကြံနေလဲဆိုသည်ကို သိသည့်အလား ယဲ့ယဲ့လေးပြုံးလျက် “အကြံကတော့ မဆိုပါဘူး။ ဒါပေမယ့် မင်းတို့ တုံးလွန်းနေသေးတယ်”
ပြောပြီးသည်နှင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ မိုင်တစ်ထောင် အကွာတွင် ရှိနေသော ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံး၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြပြီး မိုးကြိုး ပစ်ခံလိုက်ရသည့်နှယ် နှစ်ယောက်စလုံး တုန့်ခနဲ ရပ်သွားကြ၏။
ကြယ်တာရာကောင်းကင်ကြီးကို ကြည့်ရင်း ရန်ကိုင်သည် အံကိုကြိတ်၊ သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ မမြင်နိုင်သော အချုပ်အနှောင်များလက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်ငြား မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ပါချေ။
ဤအရာသည် ကြယ်သခင်တစ်ဦး၏ စွမ်းအားပေလော…
နည်းနည်းပဲ လိုတော့တာကိုကွာ…
သူတို့သာ နောက်ထပ် နည်းနည်းလောက် ဆက်သွားနိုင်လျှင် တောင်စိမ်းကြယ်၏ အချုပ်အနှောင်မှ လွတ်ပြီကို နောက်ဆုံး အခိုက်အတန့်ကျမှ တားဆီးခံလိုက်ရ၏။
ချင်းတုန်ကမူ ရန်ကိုင်ထက် နည်းနည်း ပိုအဆင်ပြေနေခဲ့သည်။ အနည်းဆုံး သူ့သူတော်စင်ချီကို ကောင်းကောင်းမွန်မွန် လှည့်ပတ်နိုင်နေခဲ့လေသည်။ ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်ရင်း ချင်းတုန်က အော်မေးလိုက်သည် “ဘယ်သူလဲ”
ရန်ကိုင်နှင့် ချင်းတုန်တို့နှင့် မနီးမဝေးတွင် ရွှေရောင်သရဖူ တစ်လုံးကို ဆောင်းထားပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး တိတ်တဆိတ် ပေါ်လာခဲ့သည်။
ထို့နောက် ချင်းတုန်အား အနည်းငယ် ချီးကျူးသည့် အမူအရာဖြင့် ကြည့်လိုက်၏။
တန်ခိုးရှင်ဘုရင်အဆင့်ကမှ မနေ့တစ်နေ့ကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်သော်ငြား ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်သေးလျက်နှင့် ယခုကဲ့သို့ လှုပ်ရှားနိုင်သည်မှာ အတော်လေး ချီးကျူးစရာပင်။ ချင်းတုန်ကိုသာ အချိန်လုံလုံလောက်လောက် ပေးလိုက်လျှင် ကျိန်းသေ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။
သို့သော်လည်း ချင်းတုန်ကို သိပ်အာရုံစိုက်မနေခဲ့ဘဲ ရန်ကိုင်ကိုသာ ပြန်အာရုံစိုက်လိုက်သည်။
သူ့အဓိက ရည်ရွယ်ချက်သည် ရန်ကိုင် ဖြစ်သည်။
တောင်အုပ်ကြီးတွင် ရှိစဉ်က လူအများကြီး ရှိနေသည့်အတွက် ရန်ကိုင်အပေါ် လှုပ်ရှားရန် အခွင့်မသာခဲ့ချေ။ ယခု ရန်ကိုင်သည် တောင်စိမ်းကြယ်မှ ထွက်ပြေးရန် ကြိုးစားနေသည့်အတွက် လော့ဟိုင်လည်း ငြိမ်မနေနိုင်တော့ဘဲ လှုပ်ရှားရတော့လေသည်။